← Chapters

လေလံပွဲက နောက်ဆုံးတော့ပစ္စည်း အပေါစားတွေ မဟုတ်တော့ဘူးလား....

Vol. 11 Ch. 135

လေလံပွဲက နောက်ဆုံးတော့ပစ္စည်း အပေါစားတွေ မဟုတ်တော့ဘူးလား....

Vol. 11 Ch. 135

အလွန်အန္တရာယ်များသောပတ်ဝန်းကျင်တွင် ပေါက်ရောက်သည့်ဝါးများသာ ကျင့်ကြံသူများရဲ့ သွေးပမာဏများစွာဖြင့် အလောင်းခံရပြီးနောက် ဝါးကသွေးကဲ့သို့ နီရဲသွားတတ်သည်။ ထို့နောက် ထိုဝါးသည် အခွင့်အရေးရပါက စိတ်ဝိညာဉ်စွမ်းအားများကိုစုပ်ယူပြီး ဗီဇပြောင်းလဲသွားနိုင်ခြေရှိသည်။ သွေးဝါးကျောက်စိမ်းရိုးသည် ထိုကဲ့သို့သော သွေးနီရောင် ဝါးတစ်မျိုးဖြစ်သည်။ ထိုဝါးရဲ့ အံ့ဖွယ်အသုံးပြုပုံများသည် သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။

ဝါးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။ ဆေးလုံးဖော်စပ်ရန် အသုံးပြုသည်ဖြစ်စေ၊ တိုက်ရိုက်စားသုံးသည်ဖြစ်စေ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကြီးမားစွာအားဖြည့်ပေးနိုင်သည်။ ၎င်းကိုအရည်ကျိုပြီး လက်နက်အစိတ်အပိုင်းအဖြစ်လည်း အသုံးပြုနိုင်သည်။ အကယ်၍ အစိတ်အပိုင်းတချို့ကို ဓားတစ်လက်ထဲသို့ ပေါင်းစပ်ထည့်သွင်းနိုင်ပါက ဓားမာကျောမှုကို အဆင့်အနည်းငယ်လောက် မြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။

ကျန်းယီမင်က နောက်ဆုံးတွင် အလေးအနက်ထားလာသည်။ ဤအရာသည် လောလောဆယ် သူ့အတွက်အသုံးမဝင်သော်လည်း ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သောကြောင့် သူဝယ်ယူလိုက်လျှင် သေချာပေါက်ရှုံးမည်မဟုတ်ပေ။ လေလံခန်းမထဲမှ လေထုသည် ရုတ်တရက်တင်းမာသွားသည်။ လူအများအပြားက ဤရတနာကို လေလံဆွဲရန် စောင့်ဆိုင်းနေကြသည်။

"စဖွင့်ဈေး... အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သိန်း..."

စဖွင့်ဈေးက အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သိန်းအထိ ရောက်နေသည်။

'တစ်သိန်း...'

ထိုပမာဏက အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး ဆယ်သန်းနဲ့ ညီမျှသည်။ ကျန်းယီမင် ခုနကဝယ်ယူခဲ့သော အမှိုက်သရိုက်များသည် လက်ရှိရတနာရဲ့အစွန်းအစလေးလောက်ပင် တန်ဖိုးမရှိပေ။ ဂူလင်းဖေးသည် သူ့ဆရာကို ကြည့်လိုက်ရာ သူ့ဆရာသည် အရင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

"တစ်သိန်းခွဲ..."

လင်းယွင်ဂိုဏ်းသည် ရောက်နေသူအများစုရဲ့ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်သည်။ သူတို့က အစကတည်းက တစ်သိန်းခွဲအထိ ကမ်းလှမ်းလိုက်တာ နည်းနည်းပိုလွန်းနေသည်။ အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးသောင်းအထိ ရုတ်တရက်တိုးမြှင့်လိုက်ခြင်းက မိသားစုတချို့ကို လက်လျှော့သွားစေခဲ့သည်။

"တစ်သိန်းရှစ်သောင်း..."

သို့သော် ဤကဲ့သို့သောအရာမျိုးက ကျင့်ကြံရေးလောကတွင် အလွယ်တကူ ဝယ်ယူနိုင်တဲ့အရာ မဟုတ်ပေ။

"နှစ်သိန်း..."

ထို့ကြောင့် မိသားစုတချို့ကအံကြိတ်ပြီး ဆက်လက်လေလံဆွဲနေကြသည်။ သူတို့စိတ်ထဲတွင် ရတနာဈေးနှုန်းသည် ထိုပမာဏလောက်သာ ရှိသော်လည်း လင်းယွင်ဂိုဏ်းက ဈေးနှုန်းကို တစ်သိန်းခွဲအထိ တိုက်ရိုက်မြှင့်တင်လိုက်သည်။ ထိုအချက်က သူတို့ကို ညှိနှိုင်းစရာနေရာလွတ် အများကြီးဆုံးရှုံးစေခဲ့လိုက်သည်။ ကျန်းယီမင်က လက်ငါးချောင်းထပ်ဆန့်ထုတ်လိုက်ပြန်သည်။ သူက သူတို့နဲ့ကစားချင်လို့ မဟုတ်ပေ၊ သူက သူ့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ ပတ်သက်ပြီး အတိုင်းအဆမခွဲတတ်တာကြောင့် ဖြစ်နေသည်။

"နှစ်သိန်းခွဲ..."

ဟွမ်းချောင်ယုလည်း လေလံဆွဲရတဲ့ ပျော်စရာကောင်းတဲ့ခံစားချက်ကို ခံစားချင်တဲ့အတွက် မတ်တတ်ရပ်ပြီးပြောလိုက်သည်။

"သုံးသိန်း..."

အခုအချိန်အထိ ဘာမှမပြောဘဲနေနေသော ဂိုဏ်းအကြီးအကဲတစ်ဦးက ဖြည်းညှင်းစွာပြောလိုက်သည်။

"ဒါက ကျားရှင်းဂိုဏ်းက ဒီနေ့ပထမဆုံးအကြိမ် လေလံဆွဲတာပဲ... သုံးသိန်းတောင်..."

ဂိုဏ်းနာမည်ကိုကြည့်ရုံဖြင့် သူတို့သည် လွယ်လွယ်ကူကူရန်စလို့ရမည့်သူများ မဟုတ်ကြောင်း သိသာသည်။ ပြဿနာမှာ စင်ပေါ်ရှိလေလံပစ္စည်းသည် သူတို့ဂိုဏ်းကျင့်စဉ်ကို များစွာတိုးတက်စေနိုင်သည်။ အကြီးအကဲမျက်နှာသည်လည်း မည်းမှောင်နေသည်။ သူတို့သည် ဒီတစ်ခေါက် ဒီပစ္စည်းကိုရယူရန် ဆုံးဖြတ်ထားကြသည်။ သို့သော် လင်းယွင်ဂိုဏ်း ရုတ်တရက်ပေါ်လာခြင်းက သူတို့ကို အနည်းငယ်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

"လေးသိန်း..."

ကျန်းယီမင်ဆန့်ထုတ်လိုက်သော လက်လေးချောင်းကို မြင်သောအခါ ဟွမ်းချောင်ယုက ပိုပြီးယုံကြည်ချက် ရှိလာသည်။ သူမဆရာက ဒီလောက်ယုံကြည်ချက် ရှိနေမှတော့ သူ့မှာအစီအစဉ်ရှိမှာ သေချာတယ်လို့ ယူဆလိုက်သည်။ အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး လေးသိန်း....။ သူတို့ဆရာက ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေ ဘယ်ကရခဲ့လဲဆိုတာ မေးမြန်းနေဖို့ စိတ်မဝင်စားကြတော့ပေ။

"လင်းယွင်ဂိုဏ်းက ဈေးနှုန်းကို လေးသိန်းအထိ မြှင့်တင်လိုက်ပြီဟ..."

"လေးသိန်းခွဲ..."

ထိုအရာက ရိုးရှင်းတဲ့လေလံဆွဲခြင်း မဟုတ်တော့ပေ။ ဒါက တစ်ယောက်နဲ့တစ်ယောက် မရေမတွက်နိုင်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ ပစ်ပေါက်နေကြခြင်းဖြစ်လာသည်။

"ငါးသိန်း..."

အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၅၀၀,၀၀၀ဆိုတာ အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး ၅၀,၀၀၀,၀၀၀ နဲ့ ညီမျှသည်။ သို့သော် ကျန်းယီမင်ရဲ့အိတ်ထဲမှာ အဆင့်အမြင့်ဆုံးစိတ်ဝိညာဥ်ကျောက်တုံးတွေတောင် တစ်သန်းနီးပါး ရှိနေခဲ့သည်။ ကျန်းယီမင်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

'နှမြောစရာပဲ... အကယ်၍ သူသာ ဒီကမ္ဘာကို မကူးပြောင်းလာခဲ့ရင် တခြားသူတွေက အခွင့်အရေးနည်းနည်း ရှိနိုင်ကောင်းရှိနိုင်လိမ့်မည်။ အမှန်အတိုင်းပြောရရင် သူသာလိုချင်ရင် ဖူကျင်းကုန်သည်ကြီးများအသင်းတစ်ခုလုံးကိုတောင် ပြဿနာမရှိဘဲ တိုက်ရိုက် ဝယ်ယူနိုင်သည်။

"ဆရာ... ဟိုအဘိုးကြီးက တကယ်တုန်လှုပ်နေပြီး ဒီပစ္စည်းကိုရဖို့ ဆုံးဖြတ်ထားပုံရတယ်..."

"သူတုန်လှုပ်နေတော့ ဘာဖြစ်လဲ... ငါတို့က သူတို့အောက်နိမ့်ကျလို့လား..."

လေလံဆွဲတာဆက်လုပ်နေစဉ် ဈေးနှုန်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး ၈၀၀,၀၀၀အထိ ရောက်လာသည်။ ကျားရှင်းဂိုဏ်းမှ အကြီးအကဲသည် အံကြိတ်ပြီးပြန်ထိုင်လိုက်သည်။ ဒါက ၁၂ ခုမြောက်လေလံပစ္စည်းဖြစ်ပြီး ၁၂ ခုစလုံးကို လင်းယွင်ဂိုဏ်းက ဝယ်ယူခဲ့သည်။ ထို့အပြင် လင်းယွင်ဂိုဏ်းသည် ရပ်တန့်မည့်အရိပ်အယောင် လုံးဝမပြပေ။ သူတို့သည် ဒီလေလံပွဲရှိ ပစ္စည်းအားလုံးကို ဝယ်ယူရန် ဆုံးဖြတ်ထားသကဲ့သို့ဖြစ်နေသည်။

လင်းယွင်ဂိုဏ်းက သွေးဝါးကျောက်စိမ်းရိုးကို အောင်မြင်စွာလေလံဆွဲနိုင်ခဲ့ကြောင်း ကြေညာပြီးနောက် လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များကို ရှေ့ဆုံးတန်းသို့ ဖိတ်ခေါ်လိုက်သည်။ တခြားမိသားစုများသည် ဒါက အနည်းငယ်မတရားဘူးဟု ခံစားနေကြရသည်။ ဒါကလေလံပွဲဖြစ်ပြီး အရာအားလုံးက အကျိုးအမြတ်အပေါ် အခြေခံထားတယ်ဆိုပေမယ့် လင်းယွင်ဂိုဏ်းက အဆင့်လေးဂိုဏ်းတစ်ခုသာ ဖြစ်သည်။

ယုတ္တိရှိရှိပြောရရင် သူတို့ ဘယ်နယ်မြေမှာပဲ ရှိနေပါစေ၊ သူတို့နဲ့ တန်းတူအခွင့်အရေးရဖို့ အရည်အချင်း မပြည့်မီဘူးလို့ ထင်ထားကြသည်။

သို့သော် ဒါက ကုန်သည်ကြီးများအသင်းရဲ့ စည်းမျဉ်းဖြစ်သည်။ အခုချိန်မှာ အရေးကြီးတာက လူတစ်ယောက်ရဲ့ ခွန်အားမဟုတ်ပေ၊ အိတ်ကပ်ထဲက စိတ်ဝိညာဥ်ကျောက်တုံးပမာဏသာ ဖြစ်သည်။ ထို့အပြင် ခွန်အားအရကြည့်ရင်တောင် ဒီလင်းယွင်ဂိုဏ်းက သေချာပေါက် တက်သစ်စကြယ်ပွင့်သာဖြစ်သည်။

'အနာဂတ်မှာ သူတို့နဲ့မဟာမိတ်ဖွဲ့သင့်လား... ဒါမှမဟုတ် ဆန့်ကျင်သင့်လား...'

ကျန်းယီမင်သည် သူ့တပည့်များနှင့်အတူ ထိုင်လိုက်ပြီးနောက် သူ့ဘေးနားကလူများကို ပြုံးပြုံးလေးဖြင့် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."

တခြားဂိုဏ်းက လူတွေကတော့ ကျန်းယီမင်က သူတို့ဘေးနားလာထိုင်တာကို မြင်တဲ့အခါ တကယ်မပြုံးနိုင်ကြတော့ပေ။ ဂိုဏ်းကြီးအားလုံးက ပစ္စည်းကောင်းတွေလိုချင်လို့ ဒီကိုရောက်လာကြဖြစ်ပြီး၊ ကျန်းယီမင်ရဲ့လုပ်ရပ်တွေကို ကြည့်ရတာ သူကသူတို့ကို လွယ်လွယ်ကူကူပေးမယ့်ပုံ မပေါ်ဖြစ်နေသည်။ လင်းယွင်ဂိုဏ်းဘေးတွင် ထိုင်နေသောအဖွဲ့အစည်းမှာ ဝူမိသားစုဖြစ်သည်။ အကြီးအကဲတစ်ဦးရောက်လာပြီး ကျန်းယီမင်ကိုပြုံးလျက် မေးလိုက်သည်။

"လင်းယွင်ဂိုဏ်းချုပ်...၊ ကျွန်တော်က ဝူမိသားစုရဲ့ အကြီးအကဲပါ...။ ဒီလေလံပွဲမှာ ခင်ဗျားဘာဝယ်ချင်လဲ သိခွင့်ရှိမလား...."

ထိုမေးခွန်းက ကျန်းယီမင်ကို အကြံအိုက်သွားစေသည်။ သူ့စနစ်ကို အားကိုးထားရသဖြင့် သူ့မှာရှိတဲ့ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေ အားလုံးက အရည်အသွေးမြင့်မားသည်။ ဥပမာအားဖြင့် စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်နှင့် ဖျက်စီးခြင်းကျင့်စဉ်တို့သည် ဒီကမ္ဘာရှိကျင့်စဉ်များနှင့် သိုင်းပညာရပ်များကြားတွင် ထိပ်တန်းအဆင့်ကျင့်စဥ်များဖြစ်သည်။ ထိုကျင့်စဥ်တို့ကို ဒီလေလံပွဲမှာဝယ်လို့တောင် မရေပ။ ထို့ကြောင့် လင်းယွင်ဂိုဏ်းမှာ ဘာမှမလိုအပ်ပေ။

'သြော်... အခုလေးတင်ဆောက်တာပြီးသွားတဲ့ သိုင်းကျင့်စဥ်ခန်းမမှာ စုဆောင်းထားတဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေက အတော်လေး နည်းနေသေးတာပဲ...'

"ကျွန်တော်တို့က ဗဟုသုတရအောင် လာကြည့်ရုံပါပဲ။ ကျွန်တော်တို့လိုချင်တာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ..." ကျန်းယီမင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဝူလီပါ။ ခင်ဗျားရဲ့ရက်ရောမှုကို မြင်ရလို့ စူးစမ်းချင်စိတ်ဖြစ်မိရုံပါ..."

ကျန်းယီမင်က လေလံတင်သမျှ အရာအားလုံးကို ရူးသွပ်နေသူတစ်ယောက်လို ဝယ်ယူခဲ့သည်။ ဘယ်သူက သူ့အကြောင်းကို စူးစမ်းချင်စိတ်မရှိဘဲ နေမှာလဲ...။ သို့သော်လူတွေ ပိုပြီးစူးစမ်းချင်စိတ် ဖြစ်စေသည့်အချက်မှာ ဒီလူကဒီလောက်များပြားတဲ့ ငွေပမာဏကို ဘယ်လိုလုပ်တတ်နိုင်ရတာလဲ ဆိုတာပင်ဖြစ်သည်။

"ရှန့်ကွမ်းမိသားစုက အရင်တုန်းက ဝူမိသားစုနဲ့ ပဋိပက္ခတချို့ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့မိသားစုခေါင်းဆောင်က ကျွန်တော်တို့ကို လာတောင်းပန်ခဲ့လို့ ကိစ္စပြီးသွားခဲ့တယ်။ ရှန့်ကွမ်းမိသားစုနဲ့ ခင်ဗျားတို့ဂိုဏ်းကြားမှာ ဘယ်လိုရန်ငြိုးမျိုးရှိခဲ့လို့ ဒီလိုကပ်ဘေးမျိုး ဖြစ်လာရတာလဲ သိချင်မိတယ်..."

"ကိစ္စကြီးတော့ မဟုတ်ပါဘူးဗျာ...။ သူတို့က ကျွန်တော့်တပည့်တွေကို ဒဏ်ရာရအောင်လုပ်ပြီး အသက်အန္တရာယ်ပေးဖို့ ကြိုးစားခဲ့လို့ ကျွန်တော်လှုပ်ရှားလိုက်တာပါ။ ခင်ဗျားလည်း မိသားစုရဲ့အကြီးအကဲတစ်ယောက်ပဲလေ...၊ ဒီလိုကိစ္စမျိုး ဖြစ်ပျက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးမလား..."

All Chapters