← Chapters

အရန်တာဝန်အသစ်တစ်ခု...

Vol. 11 Ch. 137

အရန်တာဝန်အသစ်တစ်ခု...

Vol. 11 Ch. 137

ထိုလူသုံးသပ်ချက်က မှန်ကန်သော်လည်း လင်းယွင်ဂိုဏ်းချုပ်က ဈေးနှုန်းကို လုံးဝဂရုမစိုက်ဘူးဆိုတဲ့ အချက်ကို သူထည့်မစဉ်းစားခဲ့မိပေ။ ကျန်းယီမင်မှာ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတာကြောင့် ကျန်းယီမင်ရဲ့အောက်ဆုံးစည်းကို သူမမြင်နိုင်တာက သေချာပေါက်ကိစ္စဖြစ်သည်။ တစ်ဖက်လူက ဈေးနှုန်းကို ၆၀,၀၀၀အထိ တိုက်ရိုက်မြှင့်တင်လိုက်ပြီဖြစ်ရာ ဒါကထိုလူ့စိတ်ထဲမှ သတ်မှတ်ထားသော ဈေးနှုန်းကန့်သတ်ချက်နားသို့ ကပ်နေသည်။

“ခြောက်သောင်းခွဲ...”

နောက်ဆုံးတွင် သူလောင်းကြေးထပ်ဖို့ ရွေးချယ်လိုက်သည်။ ဒီလူငယ်လေး ဘယ်အထိသွားနိုင်မလဲဆိုတာ သူကြည့်ချင်သည်။

“ခုနစ်သောင်း...”

လင်းယွင်ဂိုဏ်းဘက်မှ တည်ငြိမ်သောအသံသည် သူ့စိတ်ဓာတ်ခံစစ်ကို တိုက်ရိုက်ရိုက်ချိုးပစ်လိုက်သည်။

‘လင်းယွင်ဂိုဏ်းက ဘယ်သူတွေမို့လို့လဲ... သူတို့ဂိုဏ်းထဲက စိတ်ဝိညာဉ်ကျောက်တုံးတွေကို လေပြင်းမုန်တိုင်းက သယ်လာပေးထားတာများလား...’

ကျန်းယီမင်ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို လေပြင်းမုန်တိုင်း(စနစ်)က သယ်လာပေးထားတာ အမှန်ဖြစ်နေသည်။ ထိုလူသည် စိတ်ပျက်လက်ပျက်ဖြင့် ခါးကိုင်းကျသွားသည်။ သူ လက်နှစ်ဖက်ဆုပ် အရိုအသေပြုကာ စိတ်ဝိညာဉ်စုစည်းဆေးလုံး ကို လက်လျှော့လိုက်ရုံသာ တတ်နိုင်တော့သည်။ ကျန်းယီမင်သည် သူ့တပည့်များအကြည့်များကို လုံးဝ သတိမထားမိဘဲ ခေါင်းညိတ်လိုက်သည်။ ဒီဈေးနှုန်းက သူ့စိတ်ထဲမှာသက်သာတယ်လို့ ယူဆထားသည်။ သူ့အတွက်တော့ ဒါကရေတစ်ပုံးထဲက ရေတစ်စက်လောက်သာဖြစ်သည်။

“ကောင်းပါပြီ... လင်းယွင်ဂိုဏ်းက စိတ်ဝိညာဉ်စုစည်းဆေးလုံးကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းနဲ့ အောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပါပြီ...”

မခုအချိန်အထိ ကျန်းယီမင်သည် ပြသခဲ့သော ပစ္စည်းပေါင်းဒါဇင်များစွာကို အကုန်ဝယ်ယူခဲ့သည်။ ဖုန်းဟော်လေလံပွဲကို အကြိမ်ကြိမ်ကျင်းပခဲ့ဖူးသော်လည်း သူကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲသူမျိုးက သမိုင်းတစ်လျှောက်ပထမဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆက်တွဲ လေလံပစ္စည်းများမှာ လင်းယွင်ဂိုဏ်းအတွက် လောလောဆယ်မလိုအပ်သေးသော အခြေခံကျင့်စဉ်များဖြစ်သဖြင့် ကျန်းယီမင် ဆက်လက်လေလံမဆွဲတော့ပေ။

မမျှော်လင့်ထားဆုံး အကြောင်းရင်းတစ်ခုဖြစ်သည့် လင်းယွင်ဂိုဏ်းက နောက်ဆုံးတွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ အဖွဲ့အစည်းအသီးသီးသည် သက်ပြင်းချနိုင်သွားကြသည်။ လင်းယွင်ဂိုဏ်းသည် သာမန်ပုံစံအတိုင်း လုံးဝမသွားသော ဂိုဏ်းတစ်ခုဟုပြောနိုင်သည်။ အခုချိန်တွင် လင်းယွင်ဂိုဏ်းက နောက်ဆုံးတွင်ရပ်တန့်သွားပြီဖြစ်၍ တခြားအင်အားစုများလည်း ပစ္စည်းများကိုလေလံဆွဲရန် အခွင့်အရေး ရရှိလာကြသည်။

[တင်း — တာဝန်စတင်ပါပြီ]

[အမျိုးအစား : အရန်တာဝန်]

[တာဝန်အမည် : လျှို့ဝှက်ချက်များ ပါဝင်နေသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် ကျင့်စဉ်တစ်ခု]

[တာဝန်လိုအပ်ချက် : ဖုန်းဟော်လေလံပွဲရှိ တိမ်တိုက်ဆုတောင်းလေနင်းသိုင်းကျင့်စဉ်ကို ဝယ်ယူပြီး ကျင့်စဥ်လျှို့ဝှက်ချက်များကို ဖော်ထုတ်ပါ]

[တာဝန်ဆုလာဘ် : ? (ပြီးစီးတဲ့နှုန်းနှင့် ပြီးစီးမှု အတိုင်းအတာအပေါ် မူတည်သည်)]

အစက ကျန်းယီမင်သည် တခြားအင်အားစုများ ပစ္စည်းများကို မည်သို့လုယူနေကြသည်ကို သူ့တပည့်များနှင့်အတူ ထိုင်ကြည့်နေရုံသာ ဖြစ်သည်။ သူ့တပည့်များက လင်းယွင်ဂိုဏ်းလေလံမဆွဲတော့သည့်အခါ လေလံပွဲကစိတ်လှုပ်ရှားဖွယ်ကောင်းမှုများ လုံးဝပျောက်ကွယ်သွားသလို ထူးဆန်းစွာခံစားနေကြရသည်။ သူ့ခေါင်းထဲမှ အသိပေးသံကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းယီမင်က ဝုန်း ခနဲမတ်မတ်ထရပ်လိုက်သည်။

‘အရန်တာဝန် အသစ်တစ်ခု... ဒီလို သာယာနာပျော်ဖွယ်ကောင်းတဲ့အသံကို မကြားရတာ ကြာပြီပဲ... ဒီတာဝန်က အရင်တစ်ခုတွေနဲ့ မတူဘူးပဲ...’

သူ့ရဲ့အရင်အရန်တာဝန်အားလုံးက သူ့တပည့်တွေနဲ့ ဆက်စပ်နေပေမယ့် ဒီတစ်ခေါက်အရန်တာဝန်ကတော့ လုံးဝကွဲပြားနေသည်။ ဒီတစ်ကြိမ်အရန်တာဝန်က ဖုန်းဟော်လေလံပွဲမှာ ပြသတော့မယ့် ကျင့်စဉ်တစ်ခုကို လေလံဆွဲဖို့ သူ့ကိုတောင်းဆိုထားတာဖြစ်သည်။ ပိုစိတ်ဝင်စားစရာကောင်းတာက သူ့တာဝန်ရဲ့ အသိပေးချက်ကို ကြည့်ရတာ ဒီကျင့်စဉ်က သာမန်ရိုးရိုးမဟုတ်ဘဲ ထူးဆန်းနေသည်။

‘အဲဒီအထဲမှာ ဖော်မပြနိုင်တဲ့ လျှို့ဝှက်ချက်တချို့ ပုန်းကွယ်နေပုံပဲ....’

အဲ့ဒီလျှို့ဝှက်ချက်က ဘာလဲဆိုတာကိုတော့ ကျန်းယီမင်နဲ့ သူ့တပည့်တွေပူးပေါင်းပြီး ဖော်ထုတ်ရလိမ့်မည်။ အထူးဆန်းဆုံးအရာကတော့ ဒီတစ်ခေါက်တာဝန်ဆုလာဘ်ကို သူ့အား တိုက်ရိုက်မပြောပြထားဘဲ အလွန်ထူးဆန်းသောနည်းလမ်းဖြင့် ပြသထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တာဝန်ပြီးမြောက်ခြင်းသည် တစ်ခါထဲနှင့် ပြီးသွားမှာမဟုတ်ပေ။ ထိုအစား တာဝန်ကို မတူညီသောအဆင့်များစွာဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ရလိမ့်မည်။

‘နောက်ဆုံးတော့ စိန်ခေါ်မှုရှိတာလေးတစ်ခု ရောက်လာပြီပဲ...’

ကျန်းယီမင် အနည်းငယ်စိတ်လှုပ်ရှားနေပြီး သူ့တပည့်များလည်း ထိုအရာကို မြင်တွေ့လိုက်ရသည်။

“ဆရာ... ဘာဖြစ်လို့လဲ... ကောင်းတာ တစ်ခုခုရှိပြန်ပြီလား...”

“တိမ်တိုက်ဆုတောင်းလေနင်းသိုင်းကျင့်စဉ်...”

ကျန်းယီမင်က သူ့တာဝန်ထဲတွင် ရေးသားထားသော ကျင့်စဉ်နာမည်ကို စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။

“ဟင်...၊ အဲဒီကျင့်စဉ်ကို ခနကအပြင်မှာ လိုက်ကြည့်တုန်းက တပည့်တို့တစ်ခါမှမမြင်ဖူးပါဘူး...”

“ဟုတ်တယ် ဆရာ...။ ခဏနေရင် လေလံတင်မယ့် ပစ္စည်းအကြောင်း ပြောနေတာလား...”

“အတိအကျပဲ...”

ဖုန်းဟော်လေလံပွဲသည် အလွန်ဂုဏ်သတင်းကြီးသည်။ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းရန်အတွက် သူတို့က လေလံတင်မည့်ပစ္စည်းစာရင်း အပြည့်အစုံကို ထုတ်မပေးထားပေ။ လူတိုင်းကို ပြသထားတဲ့အရာတွေက အရင်တုန်းကရင်ပြင်မှာ ပြသထားတဲ့ ပစ္စည်းတွေလောက်သာဖြစ်သည်။ ကျန်တာတွေကတော့ လူအုပ်ကြီးကို စိတ်ဝင်စားမှုအမြဲရှိနေစေဖို့ လျှို့ဝှက်ချက်အဖြစ်ထားရှိထားသည်။

“ဆရာ... အဲဒါ ဖုန်းဟော်လေလံပွဲမှာ လေလံတင်မယ့်ပစ္စည်းဆိုတာ သေချာရဲ့လား... ဘာလို့ တပည့်တို့မကြားဖူးနေရတာလဲ...”

“ဟေး၊ စိတ်ပူစရာမလိုပါဘူးကွ...။ ငါ့ကိုသာစောင့်ကြည့်နေလိုက်...”

စနစ်က သူ့ကိုပေးအပ်ထားသောတာဝန်ဖြစ်သည့်အတွက် ထိုကျင့်စဉ်သည် ဖုန်းဟော်လေလံပွဲတွင် သေချာပေါက်ပါလာမည်ဟု ကျန်းယီမင်အလွန်သေချာနေသည်။ ကျင့်စဉ်နှစ်ခုကို ဆက်တိုက် လေလံတင်ပြီးနောက် လင်းယွင်ဂိုဏ်းသည် ထိုနှစ်ခုစလုံးအတွက် ဝင်မလုခဲ့ပေ။ လူတိုင်းက ခန့်မှန်းရုံသာတတ်နိုင်ကြသည်။

‘လင်းယွင်ဂိုဏ်းမှာ အခြေခံကျင့်စဉ်တွေ လုံလောက်တာထက် ပိုရှိနေလို့များလား...’

“အယ်... ငါလည်း အဲ့ဒီအကြောင်းကြားဖူးတယ်... လင်းယွင်ဂိုဏ်းက ကျင့်စဉ်တွေအကုန်လုံးက အရမ်းနက်နဲတယ်တဲ့... ဂိုဏ်းချုပ်က အခြေခံကျင့်စဉ်တွေကို မလိုချင်တော့ဘူးထင်တယ်...”

ကောင်းကင်ကြီး မှောင်မိုက်လာပြီး ကျန်းယီမင်သည် မတူညီသောသိုင်းကျင့်စဥ်အနည်းငယ်ကို လေလံဆွဲထားသည်။ ထိုသိုင်းကျင့်စဥ်တွေက စနစ်က သူ့ကိုပေးထားတာတွေနဲ့ယှဉ်ရင် ကောင်းတယ်လို့ မယူဆနိုင်ပေမယ့် ဂိုဏ်းပြန်ရောက်တဲ့အခါ သူ့တပည့်တွေကို သင်ပေးလိုက်ရင် ဂိုဏ်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြင့်စေတယ်လို့ ယူဆနိုင်သေးသည်။

နောက်ဆုံးတွင် ကောင်းကင်ကြီးက မည်းမှောင်သွားပြီး လေလံပွဲပထမနေ့အတွက် နောက်ဆုံးပစ္စည်းကို ပြသရန် အဆင်သင့်ဖြစ်နေသည်။ သူ့စနစ်က ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ တာဝန်ပေးလာတာဆိုတော့ ဒီနေ့လေလံပွဲအတွက် နောက်ဆုံးပစ္စည်းက အဲဒီကျင့်စဉ်ဖြစ်ဖို့ အလားအလာ အရမ်းများနေသည်။

“ဟီးဟီး... လူကြီးမင်းတို့... ဒီပစ္စည်းအတွက် လူတိုင်း အချိန်အကြာကြီးစောင့်မျှော်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်... ဟုတ်တယ်မလား...”

ကျန်းယီမင်စိတ်နှလုံးသည် ပိုပိုလှုပ်ရှားလာသည်။

“မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီကျင့်စဉ်ကတော့ ဒီနေ့ ဖုန်းဟော်လေလံပွဲရဲ့ နောက်ဆုံးပစ္စည်း ဖြစ်ပါတယ်... တိမ်တိုက်ဆုတောင်းလေနင်းသိုင်းကျင့်စဉ်...”

‘ဟုတ်တယ်... အဲ့ဒါအဲ့ဒီကျင့်စဉ်ပဲ...’

ထူးဆန်းပုံပေါက်နေသော ဟောင်းနွမ်းစုတ်ပြတ်သည့် ကျင့်စဉ်ကိုကြည့်ရင်း ကျန်းယီမင်လက်များမှာ အင်္ကျီလက်အတွင်း၌ လက်သီးဆုပ်မိလျက်သား ဖြစ်သွားသည်။ သူ တဖြည်းဖြည်း အနည်းငယ် စိုးရိမ်လာသည်။ အဘယ်ကြောင့်ဆိုသော် မိသားစုကြီးများနှင့် ဂိုဏ်းအသီးသီးကြားတွင် မျက်နှာသစ်တချို့ကို သူမြင်တွေ့နေရသောကြောင့်ဖြစ်သည်။

ဖြစ်နိုင်တာက ဒီလူတွေဟာ သူတို့အမြင်မှာ အရေးကြီးဆုံးလေလံပစ္စည်းအတွက် နောက်ဆုံးအခိုက်အတန့်မှသာ ပေါ်လာကြခြင်းဖြစ်လိမ့်မည်။ ကျန်းယီမင် အနည်းငယ်စိုးရိမ်ရခြင်းမှာ ထိုမျက်နှာများကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။

‘သူ့စနစ်ရဲ့ အရန်တာဝန်က မှန်သလိုပဲ... ဒီကျင့်စဉ်က သေချာပေါက် သာမန်မဟုတ်ဘူး... ဒါက ရိုးရှင်းတဲ့ကျင့်စဉ်တစ်ခု မဟုတ်ရုံသာမက... အဲဒီထဲမှာ မသိရှိရသေးတဲ့ လျှို့ဝှက်ချက်တချို့တောင် ပါနေနိုင်တယ်...’

“ဒီကျင့်စဉ်အတွက် စဖွင့်ဈေးမရှိပါဘူး။ သူ့ရဲ့ အမှန်တကယ်တန်ဖိုးကို လူကြီးမင်းတို့ပဲ ဆုံးဖြတ်ကြပါ...”

အစီအစဉ်မှူးကပြောပြီးသည်နှင့် တစ်ဖက်သို့ ဆုတ်ခွာပေးလိုက်ပြီး လူတိုင်းကို ကျင့်စဥ်အာ္ ခံစားခွင့်ပြုလိုက်သည်။

“ဆရာ... ဒါလား...”

တပည့်များက အနည်းငယ်နားမလည်နိုင် ဖြစ်နေကြသည်။ ထိုကျင့်စဉ်သည် တခြားသာမန်ကျင့်စဉ်တစ်ခုကဲ့သို့သာ ဖြစ်နေသည်။ ထို့အပြင် သူ့ဆီကနေထွက်ပေါ်နေသော စွမ်းအင်သည် သူတို့မှာရှိသော စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်ထက် များစွာနိမ့်ကျနေသည်။

All Chapters