ငါ့မှာ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ရှိတယ်...
Vol. 12 Ch. 143
"ဆရာ..."
အောက်ဖက်ရှိ လင်းယွင်ဂိုဏ်းသားများက သူတို့ဆရာတောင် ဒီကိစ္စကို အခုလိုအလေးထားနေမှတော့ ဒါရိုးရှင်းတဲ့ကိစ္စမဟုတ်မှန်း သိလိုက်ကြသည်။
ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးတပည့်တစ်ယောက်အနေနဲ့ ဂူလင်ဖေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းက တခြားသူတွေထက် သာလွန်သည်။ အခုအချိန်မှာ သူ့ဆရာကိုကူညီရမယ့်သူက သူပဲဖြစ်သည်။
ကျန်းယီမင် နောက်ကိုလိုက်လာတဲ့ လူတွေတော့ ဘာတွေဖြစ်နေမှန်း မသိကြပေ။ ဆန့်ကျင်ဘက်အနေနဲ့ ဒီလူငယ်လေးက သူတို့ထက်အခြေအနေကို ပိုသိမြင်နေသည်။ လေထဲကစိတ်ဝိညာဉ်ခန္ဓာကိုယ်က လူတိုင်းရဲ့စွမ်းအင်တွေကို စုပ်ယူနေတာတောင် အားရပုံမပေါ်သေးပေ။ ထိုအချိန်တွင် ကျန်းယီမင်မှာ ရွေးချယ်စရာ မရှိတော့ပေ။
တစ်ဖက်လူက ဒီလိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုသိပြီးသားဖြစ်လောက်သည်။ ဒါကြောင့်ပဲ လင်းယွင်ဂိုဏ်းကိုလိုက်ခဲ့ဖို့ ချက်ချင်း သဘောတူခဲ့တာ ဖြစ်နိုင်သည်။ သေမယ့်သူတွေက သူတို့ဂိုဏ်းသားတွေ မဟုတ်မှတော့ သူတို့အတွက် ဘာမှ အရေးမကြီးဘူးလေ...။
"စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ကြ..."
သူက နောက်ကလူတွေကို လှမ်းအော်လိုက်သည်။
"နေပါဦး ဂိုဏ်းချုပ်...၊ ခင်ဗျား တကယ်ကြီး ဖျက်ဆီးပစ်ချင်တာလား..."
တည်းခိုခန်းမှာ သူနဲ့လာတွေ့ခဲ့တဲ့ အဘိုးကြီးက ရုတ်တရက် မြေခွေးအပြုံးမျိုးနဲ့ ပြုံးလိုက်သည်။ ကျန်းယီမင်တောင်မှ ထိုအပြုံးထဲက အေးစက်မှုကို ခံစားလိုက်ရသည်။ အဘိုးကြီးနောက်က တပည့်အနည်းငယ်က အစကကျန်းယီမင်ကို ကူညီချင်ခဲ့ကြပေမယ့် သူတို့အကြီးအကဲရဲ့စကားကို ကြားလိုက်ရတဲ့အခါ နားမလည်နိုင်တဲ့မျက်နှာထားတွေနဲ့ ရပ်တန့်သွားကြသည်။
"ခင်ဗျားကျင့်ကြံတဲ့ ကျင့်စဉ်ကို ဘယ်ကရလဲမသိပေမယ့် အဆင့်အတန်းကတော့ ကျွန်တော်တို့ထက် သာတာသေချာတယ်။ ဒီကျင့်စဉ်ရဲ့အနှစ်သာရက ခင်ဗျားကျင့်ကြံနေတဲ့ကျင့်စဉ်ကို ပိုအားကောင်းလာစေဖို့ပဲ။ အခု သူက သူ့ကိုယ်သူအားဖြည့်နေပြီဆိုတော့ ကျွန်တော်ဘာကိုဆိုလိုလဲ ခင်ဗျားနားလည်မှာပါ"
ဒီစကားနဲ့တင် ကျန်းယီမင်က တစ်ဖက်လူရဲ့ ဆိုလိုရင်းကို နားလည်သွားသည်။ ဆိုလိုတာက သူ့ရှေ့က စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ ကျင့်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တခြားသူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူပြီး ပိုစွမ်းအားကြီးလာနိုင်တယ် ဆိုတာပဲဖြစ်သည်။ ထိုအကြီးအကဲရဲ့ ရည်ရွယ်ချက်က ကျန်းယီမင်ရဲ့ တပည့်အားလုံးကို စတေးပြီးရလာတဲ့ စွမ်းအင်တွေကို သူနဲ့ အညီအမျှခွဲယူဖို့ပင်ဖြစ်သည်။
"ခင်ဗျားရဲ့ ကျင့်စဉ်က ကျွန်တော်တို့ထက် ပိုအားကောင်းတယ်... ဒီလိုလုပ်လိုက်ရင် ခင်ဗျား သေချာပေါက် အကျိုးအမြတ်အများဆုံး ရမှာပဲ..."
ဘုရားသခင်သာ သိလိမ့်မည်... ဘယ်သူကများ ဒီလောက်ရက်စက်တဲ့အလုပ်ကို လုပ်ရက်မှာလဲဆိုတာကို...။ ဒါပေမဲ့ အနည်းဆုံးတော့ သူ ကျန်းယီမင်က ကိုယ့်ကိုယ်ကိုယ် အားကောင်းလာဖို့ ကိုယ့်တပည့်တွေရဲ့ ကျင့်ကြံခြင်းကို အသုံးချမယ့်သူ မဟုတ်ပေ။
"ပါးစပ်ပိတ်ထားစမ်း... ခင်ဗျား ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်ကိုနှိမ်နင်းဖို့ မကူညီချင်ရင် ကျုပ်ဂိုဏ်းထဲကနေ အခုပဲထွက်သွားလိုက်..."
ကျန်းယီမင်သည် အချိန်မရွေး ထိန်းချုပ်မှုလွတ်သွားနိုင်သည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေရသည်။
"ဟွန်း... ဂိုဏ်းချုပ်ကျန်း... ခင်ဗျားက အခြေအနေကို နားမလည်သေးဘူးထင်တယ်။ ခင်ဗျားတစ်ယောက်တည်းအင်အားနဲ့ အခြေအနေကို ပြောင်းလဲနိုင်မယ် ထင်နေတာလား... စိတ်ဝိညာဉ်ခန္ဓာကိုယ်ထဲက ကြမ်းတမ်းတဲ့စွမ်းအင်တွေကို ခင်ဗျား ထိန်းချုပ်နိုင်ဖို့မဖြစ်နိုင်ဘူး..."
ကျန်းယီမင်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူက သူ့ကို ကူညီဖို့ လုံးဝ စိတ်ကူးမရှိပုံရသည်။
"ဒါဆိုရင် ကျုပ်လမ်းကိုလာမပိတ်ဖို့ သတိပေးလိုက်မယ်..."
တစ်ဖက်လူက မကူညီချင်ရင်လည်း ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုတည်းကို ဖြေရှင်းဖို့က သူ့အတွက် ပြဿနာ မရှိပေ။ သိုသော် တစ်ဖက်လူကသာ အဲ့ဒီ စိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ပေါင်းပြီး သူ့ကိုတိုက်ခိုက်မယ်ဆိုရင်တော့ ကိစ္စက အဲ့ဒီလောက် ရိုးရှင်းမှာ မဟုတ်တော့ပေ။
"ဒါက ခင်ဗျားကို နောက်ဆုံးအကြိမ်သတိပေးတာပဲ... ဒီကိစ္စကို ခင်ဗျားဆုံးဖြတ်လို့မရဘူး... ခင်ဗျား ဘယ်လိုပဲ တွေးနေပါစေ... ဒီနေ့ကိစ္စအတွက် ခင်ဗျား ကျုပ်ပြောတာကိုပဲနားထောင်ရမယ်..."
အဘိုးကြီး စကားပြောလိုက်သည်နှင့် သူ့မျက်နှာတစ်ခုလုံး ရက်စက်ကြမ်းကြုတ်သည့် ပုံစံပြောင်းသွားသည်။ ကျန်းယီမင်ကတော့ နောင်တတွေ ရနေမိသည်။ ဒီအရန်တာဝန်က ဒီလောက်အထိ ပြဿနာများလိမ့်မယ်လို့ သူ တကယ်မထင်ထားခဲ့မိပေ။ သုံးလိုက်ရတဲ့ပိုက်ဆံတွေကို ထားလိုက်ပါတော့၊ အဲ့ဒါက ကိစ္စမကြီးပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြဿနာမီးခဲ ယူလာမိသလို ဖြစ်နေသည်။ အခုကိစ္စက မရိုးရှင်းတော့ပေ။
"ကျုပ်ကို လမ်းဖယ်ပေးဖို့ အကြံပေးလိုက်မယ်... မဟုတ်ရင်... ခင်ဗျား အကျိုးဆက်တွေကို ခံစားရလိမ့်မယ်..."
ကျန်းယီမင်က ဒေါသတကြီး အော်ဟောက်လိုက်သည်။ တစ်ဖက်လူက သူ့ကိုကြည့်လိုက်ပြီး ကျန်းယီမင်အနေနဲ့ အင်အားရဖို့ တပည့်တွေကိုစတေးမှာ မဟုတ်ကြောင်း သိလိုက်သည်။ သို့သော် သူတို့ကလည်း ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ပေ။
'ကျန်းယီမင်က သူတို့အကြံကို လက်မခံမှတော့ သူ့ကို အရင်သတ်ရုံပဲ ရှိတော့တာပေါ့...'
"လှုပ်ရှားကြ... ကျင့်စဉ်ကို အဖျက်ဆီးခံလို့ မဖြစ်ဘူး..."
ဟန်ကုန်းဂိုဏ်းက လူတွေက ဘာဖြစ်နေမှန်းမသိကြပေမယ့် စတင်လှုပ်ရှားလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့အကြီးအကဲရဲ့ အမိန့်ဖြစ်နေတော့ နာခံရုံပဲ ရှိတာပေါ့...။
"လင်ဖေး... တပည့်တွေကိုခေါ်ပြီး တိုက်ခိုက်ကြ... ဒီမွေးဖွားခြင်းအဆင့်ကျင့်ကြံသူကို ငါ့တာဝန်ထားလိုက်..."
"မောက်မာတဲ့ကောင်လေး... ဒီကျင့်စဉ်က မင်းကို ဘယ်လောက် အကျိုးအမြတ်တွေပေးနိုင်လဲ မင်းသိရဲ့လား..."
ကျန်းယီမင်က သူ့အကြံကိုနားမထောင်ဘဲ ပြန်တိုက်ခိုက်ဖို့ လုပ်နေတာကို မြင်တော့ အဘိုးကြီးက အရင်ပြိုင်ဘက်တွေလို ချက်ချင်းသတ်ဖြတ်ဖို့ မလုပ်သေးပေ။ အဲ့ဒီအစား ကျန်းယီမင်က သူ့မျှော်လင့်ချက်အတိုင်း ဖြစ်မလာတဲ့အတွက် မုန်းတီးနေတဲ့ ပုံစံမျိုးဖြစ်နေသည်။
"အပိုတွေ ပြောမနေနဲ့... ခင်ဗျားတပည့်တွေကို ခေါ်ပြီး အခုပဲထွက်သွားမလား... ဒါမှမဟုတ် ဒီမှာပဲသေမလား..."
ကျန်းယီမင်က ဖျက်စီးခြင်းကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီးသားဖြစ်သည်။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်ပုံဖော်လိုက်ရာ အဆုံးမရှိသောစိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုလူဆီသို့ တိုးဝင်သွားသည်။
"ဖျက်စီးခြင်းလက်ချောင်း..."
သူ့ရဲ့ လက်ရှိ ဖျက်စီးခြင်းလက်ချောင်းက အစောပိုင်းတုန်းက ထုတ်သုံးခဲ့တာနဲ့ မတူတော့ပေ။ အခု ဖျက်စီးခြင်းလက်ချောင်းရဲ့ စွမ်းအားက ပျက်သုဥ်းခြင်းလက်ဝါးထက် မလျော့နည်းတော့ပေ။ ထိုလူရဲ့ မျက်လုံးများက အေးစက်သွားသည်။
'ကြည့်ရတာ ကျန်းယီမင်က ဟန်ဆောင်နေတာ မဟုတ်ဘဲ တကယ်မွေးဖွားခြင်းအဆင့်ကို ရောက်နေတာပဲ...'
လက်ချောင်းစွမ်းအင်က အလင်းတန်းအဖြစ်ပြောင်းကာ သူ့ဆီပြေးဝင်လာသည်။ တစ်ဖက်လူနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မွေးဖွားခြင်းအဆင့် တိုက်ခိုက်ရေးသမားဖြစ်တဲ့ သူတောင် ဒီလိုအဆင့်ရှိတဲ့ တိုက်ကွက်မျိုးကို ရင်ဆိုင်ရတဲ့အခါ သတိထားလိုက်ရသည်။ ကျန်းယီမင်က အလျင်စလိုမလုပ်ဘဲ ရွတ်ဆိုလိုက်ရာ သူ့ခန္ဓာကိုယ်က ရုတ်တရက်ဝေဝါးသွားသည်။ မွေးဖွားခြင်းအဆင့်ရဲ့ အင်အားနဲ့ သူက သူ့ရဲ့မူလစိတ်ဝိညာဉ်ကိုသုံးပြီး တိုက်ခိုက်နိုင်သည်။
"ဟွန်း...၊ ရှန့်ကွမ်းမိသားစုကို တစ်ယောက်တည်း ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ လင်းယွင်ဂိုဏ်းချုပ်ဆိုတာ ဒါမျိုးကိုး...။ ကျင့်ကြံရေးလောကထဲက မင်းအကြောင်း ကောလာဟလတွေက အမှန်တွေဖြစ်ပုံရတယ်..."
"ကျုပ်အကြောင်း ကောလာဟလတွေကို ကျုပ်မကြားဖူးဘူး...။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောရမယ်... ကျုပ်ဂိုဏ်းထဲလာပြီး ရိုင်းစိုင်းချင်တယ်ဆိုရင်တော့ ခင်ဗျားမှာ အရည်အချင်း မရှိသေးဘူး..."
ကျန်းယီမင်ဖန်တီးလိုက်တဲ့ မူလစိတ်ဝိညာဉ်က အဘိုးကြီးကို တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။ အဘိုးကြီးကလည်း မထိတ်လန့်သွားဘဲ လက်တစ်ဖက်ဝှေ့ယမ်းကာ မူလစိတ်ဝိညာဉ်တစ်ချို့ကို တိုက်ရိုက် ဖန်တီးလိုက်သည်။ ဒီလိုအဆင့်တိုက်ပွဲမျိုးကို လင်းယွင်ဂိုဏ်းသား အများစုက သူတို့ဘဝမှာ တစ်ခါမှမမြင်ဖူးခဲ့ကြပေ။
"လင်းယွင်ဂိုဏ်းက တကယ်ကို အစွမ်းထက်တာပဲ... သူတို့ဂိုဏ်းထဲမှာ ဒီလိုတိုက်ပွဲမျိုးတွေ ခနခနဖြစ်တတ်တယ်..."
လင်းယွင်ဂိုဏ်းအပြင်ဘက်တွင် တချို့လူများက လင်းယွင်ဂိုဏ်းမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါကို အာရုံခံမိနေကြသည်။ ဒါက အားနည်းတဲ့ စိတ်ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲ မဟုတ်တော့ပေ။ ဒါက မွေးဖွားခြင်းအဆင့်ရှိတဲ့ စစ်မှန်တဲ့ အင်အားကြီးကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ပွဲပင်ဖြစ်သည်။
"မဖြစ်နိုင်ဘူး... လင်းယွင်ဂိုဏ်းက အဆင့်လေး အင်အားစုကနေ အခုမှတက်လှမ်းလာတာ မဟုတ်လား... အဆင့်လေး အင်အားစုဖြစ်နေရက်နဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို ဖြစ်နိုင်တယ်ဆိုတော့ သူ့တို့ရဲ့အနာဂတ်ကို မှန်းဆဖို့ တကယ် ခက်ခဲလွန်းတယ်..."
"မသိတတ်တဲ့ကောင်... အခုရပ်လိုက်ရင်တောင် နောက်မကျသေးဘူးကွ... ငါတို့ စိတ်ဝိညာဉ်စွမ်းအင်တွေကို အတူတူစုပ်ယူလို့ ရသေးတယ်..."
'ဒီအဘိုးကြီးက ဘာလို့ သူ့ကိုနားချဖို့ ကြိုးစားနေသေးတာလဲ... သူ မသိသေးတဲ့ အရာတစ်ခုခုရှိနေလို့များလား...'