← Chapters

ဂိုဏ်းသို့ ပြန်ခြင်း....

Vol. 12 Ch. 145

ဂိုဏ်းသို့ ပြန်ခြင်း....

Vol. 12 Ch. 145

ကျန်းယီမင်က အဘိုးကြီးနောက်ကို ဆက်မလိုက်တော့ဘဲ သူ့ဂိုဏ်းဆီပြန်လာခဲ့သည်။ လင်းယွင်ဂိုဏ်းထဲမှာရှိနေသေးတဲ့ ဟန်ကုန်းဂိုဏ်းသားတွေကတော့ သူတို့ဂိုဏ်းချုပ်တောင် မယှဉ်နိုင်တဲ့ဒီလူကို ဘယ်လိုမှပြန်မတိုက်ခိုက်နိုင်မှန်း မသိတာကြောင့် သူတို့ဘဝတွေသွားပြီလို့ တွေးနေကြသည်။

“အခြေအနေတွေ ဒီလိုဖြစ်နေတာတောင် မင်းတို့က ငါ့ဂိုဏ်းထဲမှာ နေရဲကြသေးတာလား... ငါမင်းတို့ကို မသတ်မိခင် အခုချက်ချင်းထွက်သွားကြစမ်း...”

ကျန်းယီမင်က ဒီစွန့်ပစ်ခံတပည့်တွေကို အာရုံစိုက်မနေချင်တော့ပေ။ သူတို့ ဒီမှာဆက်နေရင် သေလမ်းပဲ ရှိမယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိကြသည်။ သူတို့ထဲမှာ ဘယ်တစ်ယောက်မှ မွေးဖွားခြင်းအဆင့်ကို မရောက်ကြသေးပေ။ သူတို့က စိတ်ဝိညာဥ်အခြေတည်အဆင့် ကျင့်ကြံသူတစ်စုသာဖြစ်သည်။ သူတို့ ဒီကိုရောက်လာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူတို့အကြီးအကဲရဲ့ လှည့်စားမှုကြောင့်ဖြစ်သည်။ ဒီကိုလာရင် သူတို့ရဲ့စွမ်းရည်တွေ အများကြီး တိုးတက်လာမယ်လို့ သူတို့အကြီးအကဲက လိမ်ပြောခဲ့သည်။

ကျန်းယီမင်က ခုနကစိတ်ဝိညာဉ်ခန္ဓာကိုယ်ကို လုံးဝ စုပ်ယူလိုက်တာကြောင့် လက်ရှိသူ့တစ်ကိုယ်လုံးမှာ သူ့အပိုင်မဟုတ်တဲ့စွမ်းအားတွေ ပြည့်နှက်နေသလို ခံစားနေရသည်။

“ဆရာ... အဆင်ပြေရဲ့လား..”

ဟွမ်ချောင်ယုက သူ့ဆရာ့ပုံစံကိုကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ သူတို့ဆရာကို ဒီလို ထူးထူးဆန်းဆန်းနဲ့ နေမထိထိုင်မသာပုံစံမျိုးနဲ့ မြင်ဖူးတာ ဒါပထမဆုံးဖြစ်သည်။ တုန်းမိတောင်မှ အရင်တစ်ခေါက် ငရဲကမ္ဘာကိုသွားတုန်းက သူ့ဆရာကို ဒီလိုပုံစံနဲ့မမြင်ခဲ့ပေ။ သူ့ဆရာက သေခြင်းမြစ်ထဲကိုဝင်ဖို့အတွက် အင်အားတိုးလာအောင် ဟွမ်ယွမ်ဆေးလုံးကို တိုက်ရိုက် သုံးစွဲခဲ့တုန်းကတောင် ဒီလောက်ထိ နေရခက်တဲ့ပုံ မပေါက်ခဲ့ပေ။

“ငါအဆင်ပြေတယ်... မင်းတို့ရဲ့ အခြေခံအုတ်မြစ်တွေ ထိခိုက်သွားသေးလား...”

ကျန်းယီမင်က သူ့အခြေအနေကို သိပ်ကိစ္စမရှိဘူးလို့ ယူဆထားသည်။ သူ့ရဲ့ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်က အလှကြည့်ဖို့ထားထားတာမှ မဟုတ်ပေ။ သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက ဘယ်သူမှ မှန်းဆလို့မရနိုင်အောင် အစွမ်းထက်သည်။

“လင်းဖေး... ဂိုဏ်းထဲကကိစ္စအဝဝကို ခဏလောက် ကူညီဖြေရှင်းပေးဦး...။ မင်းရဲ့ ညီငယ်ညီမငယ်တွေနဲ့အတူ ဂိုဏ်းဝင်ချင်တဲ့သူတွေကို ကြည့်ကြပ်ပြီးလက်ခံလိုက်...။ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး... အကျိုးအမြတ်သက်သက်အတွက် လာတာမျိုးမဟုတ်ဘူးဆိုရင် သူတို့ကိုလက်ခံလို့ရတယ်...”

ကျန်းယီမင်ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ အခုလောလောဆယ် ဒီလိုစွမ်းအားမျိုးကြောင့် သူဘာမှမဖြစ်ပေမယ့် အမြန်အဆန် ချေဖျက်မပစ်ဘူးဆိုရင် သူတောင်တောင့်ခံနိုင်မှာ မဟုတ်ပေ။ တပည့်တွေကိုမှာစရာရှိတာ မှာပြီးတာနဲ့ ကျန်းယီမင်က သူ့ခြံဝန်းကိုပြန်လာပြီး ဂိုဏ်းအစီအရင်ရဲ့အကူအညီနဲ့ စွမ်းအားတွေကို စတင်ချေဖျက်တော့သည်။

“ဒင်း...”

ကျန်းယီမင် အပျော်လွန်သွားသည်။ သူ ဒီအသံကို စောင့်နေတာ ကြာခဲ့ပြီဖြစ်သည်။

‘ဒါက တာဝန်အောင်မြင်ကြောင်း အသိပေးသံပဲ...’

စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်ရင်းနဲ့ သူတာဝန်ကို ပြီးမြောက်သွားခဲ့သည်။

[ဒင်း - အရန်တာဝန် - လျှို့ဝှက်ချက်များ ပါဝင်နေသော ဟောင်းနွမ်းနေသည့်ကျင့်စဉ်စာအုပ် ပြီးဆုံးပါပြီ]

[ဒင်း - တာဝန်ဆုလာဘ်ကို ပေးအပ်ပြီးပါပြီ၊ ကျေးဇူးပြု၍စစ်ဆေးကြည့်ပါ]

[ဒင်း - သင့်ရဲ့ ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့် ဆုလာဘ် “ဂိုဏ်းသားအားလုံး တိုးတက်ခြင်း”ကို “ဂိုဏ်းသားအားလုံး ကြီးမားစွာ တိုးတက်ခြင်း” အဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ]

တာဝန်ဆုလာဘ်ကို ရရှိလိုက်တာနဲ့ ကျန်းယီမင်ရဲ့ ခန္ဓာကိုယ်ထဲက ဖောင်းကားနေတဲ့ခံစားချက်ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ အခုတော့ သူ့ခန္ဓာကိုယ်ထဲမှာ ခံစားချက်တစ်မျိုး ဖြစ်ပေါ်နေသည်။ သူ့ပတ်ဝန်းကျင်က အရှိန်အဝါတွေက အဆက်မပြတ် လည်ပတ်စီးဆင်းနေသည်။

‘အဆင့်တက်တော့မှာလား... မဟုတ်ဘူး... ဒီခံစားချက်က အဆင့်တက်တာနဲ့ မတူဘူး... အဲ့ဒီအစား... ဒါက သူ့ရဲ့အခြေခံအုတ်မြစ် လုံးဝတည်ငြိမ်သွားတဲ့ ခံစားချက်မျိုးပဲ...’

သူအစကတည်းက မွေးဖွားခြင်းအဆင့်ကို တက်လှမ်းဖို့ သာမန်မဟုတ်တဲ့နည်းလမ်းကို သုံးခဲ့ရသည်။ ထို့ကြောင့် သူ့ရဲ့အခြေခံအုတ်မြစ်က အမြဲတမ်းမတည်မငြိမ် ဖြစ်နေခဲ့သည်။ အခုချိန်တွင် ဒီအခွင့်အရေးနဲ့အတူ သူနောက်ဆုံးတော့ အဆင့်တက်တာကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့သည်။ ကျန်းယီမင် တစ်ယောက်တည်း မဟုတ်ပေ၊ လင်းယွင်ဂိုဏ်းတစ်ခုလုံးမှာ လူအများစုက သူတို့အဆင့်တက်တော့မယ်လို့ ဝေဝါးဝါးခံစားနေကြရသည်။

“ဘုရားရေ... ဆရာက တကယ့်ကိုအံ့မခန်းပဲ... ဆရာက ကန်းလန်ဒေသကနေ ဝိညာဉ်ကျောက်တုံးအများကြီးပေးပြီး ဝယ်လာတဲ့ကျင့်စဉ်ရဲ့ အကျိုးသက်ရောက်မှုဖြစ်လောက်တယ်...”

အကျိုးအမြတ် အများဆုံးရရှိသူတွေကတော့ တုန်းမီနဲ့ ယဲ့ယွမ်ဖန်တို့ဖြစ်ကြသည်။ သူတို့က အစကတည်းက အဆင့်တက်ခါနီးဖြစ်နေကြသည်။ အခုချိန်မှာ သူတို့လုပ်ရမှာက သူတို့ခြံဝန်းအသီးသီးမှာ အေးအေးဆေးဆေး အဆင့်တက်လိုက်ရုံဖြစ်သည်။ ဘာကြောင့်လဲဆို ကျန်းယီမင်က ဆေးခန်းမမှာ ဆေးလုံးအမျိုးမျိုးကို အသင့်ပြင်ဆင်ထားပြီးသားမို့ဖြစ်သည်။ လင်းယွင်ဂိုဏ်းသားတွေ လိုအပ်သရွေ့ အဲ့ဒီကနေ သွားယူရုံဖြစ်သည်။

အဆင့်တက်ခါနီး တခြားတပည့်တချို့လည်း ဆေးခန်းမကို သွားလိုက်ကြသည်။ လိုအပ်တဲ့ဆေးလုံးတွေ ယူပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံဖို့ သူတို့ခြံဝန်းတွေကို ပြန်သွားလိုက်ကြသည်။ အခုလောလောဆယ်တွင် လင်းယွင်ဂိုဏ်းထဲက ကိစ္စကြီးငယ်မှန်သမျှအားလုံးကို ဂူလင်းဖေးက တာဝန်ယူ ကိုင်တွယ်နေရသည်။

ဘုရားသခင်သာသိမယ့်နေရာကနေ သူ့ဆရာရလာတဲ့ ဝိညာဉ်ကျောက်တုံးအမြောက်အမြားကြောင့် လင်းယွင်ဂိုဏ်းတစ်ခုလုံး ပြန်လည်မွမ်းမံထားသည်။ အဆောက်အအုံဟောင်းတွေ ရှိနေသေးပေမယ့် ဂိုဏ်းထဲမှာ ထူးဆန်းတဲ့အဆောက်အအုံ အသစ်အဆန်းတွေလည်း အများကြီးတိုးလာခဲ့သည်။ ဒီအဆောက်အအုံတွေရဲ့ လုပ်ငန်းတွေကိုသူသိပေမယ့် လည်ပတ်ဖို့လိုအပ်တဲ့ လူအမျိုးမျိုးကို စုဆောင်းဖို့ကတော့ တော်တော်လေး အားစိုက်ထုတ်ရဦးမည်ဖြစ်သည်။

“ဒါက ဒဏ္ဍာရီလာလင်းယွင်ဂိုဏ်းလား...”

“မမှားနိုင်ဘူး... လင်းယွင်ဂိုဏ်းက အခု တော်တော် နာမည်ကြီးနေတာ... ငါတို့ သူတို့ဂိုဏ်းကို ဂါရဝပြုဖို့ လာကြတာလေ... မင်းမသိဘူးလား...”

“ငါသိပါတယ်...၊ သိပါတယ်...။ သေချာအောင် ထပ်မေးကြည့်တာပါ။ တခြားဂိုဏ်းနဲ့မှားသွားရင် ပိုပြီး အရှက်ကွဲစရ ဖြစ်မှာစိုးလို့ပါ...”

ရက်အနည်းငယ်ကြာပြီးနောက် လင်းယွင်ဂိုဏ်းသားတွေလည်း သူတို့ရဲ့ပုံမှန်ကျင့်ကြံခြင်းဘဝထဲကို တဖြည်းဖြည်း ပြန်ရောက်လာကြသည်။ ဂိုဏ်းထဲမှာ အလုပ်အများဆုံးသူတွေကတော့ ဂူလင်းဖေးနဲ့ ဟွမ်ချောင်ယုတို့ဖြစ်သည်။ ဘာကြောင့်လဲဆို ဖုန်းဟော် လေလံပွဲမှာ ကျန်းယီမင်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းဖြစ်ခဲ့သောကြောင့်ဖြစ်သည်။

အခုချိန်တွင် လူတိုင်းက လင်းယွင်ဂိုဏ်းဟာ အင်အားကြီးရုံတင်မကဘဲ အဆုံးမရှိတဲ့ကြွယ်ဝချမ်းသာမှုလည်း ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြသည်။ ထို့ကြောင့် လူအများအပြားက လင်းယွင်ဂိုဏ်းကို ဝင်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာကြသည်။ အရင်တုန်းက တပည့်သစ် စုဆောင်းတာနဲ့မတူဘဲ ဒီရက်ပိုင်းတွင် ဂူလင်းဖေးက ဆေးပညာရှင်တွေ၊ အစောင့်အရှောက်တွေနဲ့ လိုအပ်တဲ့လူတွေကို အဓိကထား စုဆောင်းနေရသည်။

ဂူလင်းဖေးက ချွေးတွေကိုသုတ်လိုက်ပြီး ဘေးနားက လက်ဖက်ရည်ခွက်ကို မလိုက်သည်။လက်ဖက်ရည်ပူမပူကို ဂရုမစိုက်တော့ဘဲ တခွက်လုံး မော့သောက်လိုက်သည်။ သူ တကယ်ကိုရေငတ်နေသည်။

“ဂိုဏ်းတူအစ်ကိုကြီး... ဒီမှာ ဆေးပညာရှင်တွေ ထပ်ရောက်လာသေးတယ်...”

ဟွမ်ချောင်ယုလည်း ပင်ပန်းလွန်းလို့ ခေါင်းပါမူးနေသည်။ ကျန်းယီမင်ကလွဲရင် ဂိုဏ်းထဲမှာ အတွေ့အကြုံအရှိဆုံးနှစ်ယောက် ဖြစ်နေတာက တစ်ကြောင်း၊ သူတို့က အဆင့်တက်ဖို့မလိုသေးတာက တစ်ကြောင်းမို့ ကိစ္စအားလုံးက သူတို့ခေါင်းပေါ် ရောက်လာသည်။ သို့သော် သူတို့နှစ်ယောက်က တကယ်တမ်းကျတော့ ပျော်နေကြသည်။

လင်းယွင်ဂိုဏ်းက အောက်ဆုံးအခြေအနေ ရောက်နေတုန်းက သူတို့မစွန့်ခွာခဲ့ကကြပေ။ ဂိုဏ်းတစ်ခုလုံးအပေါ် သူတို့သံယောဇဉ်က ကြီးမားကြသည်။ အခုချိန်တွင် အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေတာကြောင့် သူတို့နှစ်ယောက်က ဘယ်လိုလုပ် မပျော်ဘဲနေနိုင်မှာလဲ...။

“ဟာကွာ... ဆေးပညာရှင်တွေက ဘာလို့ထပ်ရောက်လာပြန်တာလဲ... ငါတို့က သတ်မှတ်ချက်တွေ မြှင့်ထားပြီးပြီမဟုတ်လား... အဲ့ဒီတစ်ပိုင်းတစ်စ ပညာရှင်တွေလာပြီး ငါတို့အချိန်ကို လာဖြုန်းမနေသင့်တော့ဘူးလေ...”

“ဟူး... အဲ့ဒါညီမလည်း သိတာပေါ့... အစ်ကိုကြီးရယ်... ဒါပေမဲ့ မကြာသေးခင်ကရောက်လာတဲ့ ဆေးပညာရှင်တွေက ပိုပိုပြီးအံ့သြစရာ ကောင်းလာတာ အစ်ကိုကြီးမသိလို့ပါ... သူတို့ရဲ့အင်အားရော...၊ သူတို့ယူလာတဲ့ ဆေးလုံးတွေရောပဲ...။ ပိုအရေးကြီးတာက သူတို့အားလုံးနီးပါးက သူတို့ကိုယ်ပိုင်ဆေးဖော်စပ်နည်းတွေ ယူလာကြတာပဲ...”

အရင်တုန်းကတော့ ဂူလင်းဖေးက ဆေးဖော်စပ်နည်းတွေရဲ့ အရေးပါပုံကို သိပ်နားမလည်ခဲ့ပေ။ သို့သော် အခုလိုကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက် သူလည်း ဒီအကြောင်းတစ်စွန်းတစ်စလောက်တော့ နားလည်လာသည်။

All Chapters