လင်းယွင်ဂိုဏ်းရှိအကုန်လုံးကို စာရင်းကောက်ယူခြင်း...
Vol. 12 Ch. 147
"နှစ်နာရီလောက်ပဲ ရှိသေးတာ မဟုတ်လား။ စီနီယာအစ်မ... အမှန်တိုင်းပြောရရင် လင်းယွင်ဂိုဏ်းကို ဝင်ခွင့်ရတာ ကျွန်တော်တို့ အရင်ဘဝကကုသိုလ်ထူးခဲ့လို့ ဖြစ်ရမယ်။ ကျွန်တော်တို့တစ်တွေ ဘယ်နေ့မှ အပျင်းမထူရဲပါဘူးဗျာ။ တစ်နေ့ကို လေးနာရီ၊ ခြောက်နာရီလောက်ပဲအိပ်တာပါ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံတာက အရေးအကြီးဆုံးပဲလေ"
ထိုစကားကို ကြားလိုက်ရသောအခါ ဂူလင်းဖေးက အံ့သြသွားပြီး မျက်ခုံးပင့်မိလိုက်သည်။
'ကြည့်ရတာ လင်းယွင်ဂိုဏ်းကိုဝင်လာသည့် ဒီကောင်စုတ်လေးတွေက အရင်လူတွေထက် ပိုပြီး လုံ့လဝီရိယရှိကြပုံပဲ... ကောင်းတယ်... နောင်တစ်ချိန်ကျရင် သူတို့အားလုံးက ဂိုဏ်းရဲ့တိုက်ခိုက်ရေးအင်အားတွေ ဖြစ်လာကြမှာပဲ...'
ထိုသို့ တွေးလိုက်မိပြီးနောက် ဂူလင်းဖေးတစ်ယောက် ကျေနပ်ပီတိဖြစ်သွားရသည်။ အကြီးဆုံးတပည့်တစ်ယောက်အနေဖြင့် သူ ပိုပြီးစိတ်အေးရပြီဖြစ်သည်။
'ကောင်းလိုက်တာ...'
"အဲဒီဆေးလုံးတွေရဲ့ အာနိသင်နဲ့ ပတ်သက်ပြီးတော့ ညီမတို့ အသေးစိတ်မဆန်းစစ်ရသေးဘူး။ ဒီကိစ္စတွေပြီးသွားမှပဲ လေ့လာကြည့်ကြတာပေါ့..."
ဟွမ်းချောင်ယုက ခေါင်းကုတ်ရင်းပြောလိုက်သည်။ အရင်တုန်းက လင်းယွင်ဂိုဏ်းအထွတ်အထိပ်ရောက်နေချိန်တောင် သူတို့ ဒီလောက်အထိမချမ်းသာခဲ့ဖူးပေ။
"ကောင်းတယ်... ကျွတ်... ငါ တကယ်မထင်မှတ်ထားမိဘူး...။ ကြည့်ရတာ အကြီးဆုံးတပည့်အနေနဲ့ ငါ တကယ် ကြိုးစားရတော့မယ်ထင်တယ်..."
ဂူလင်းဖေးက ပြုံးလျက်ဆိုလိုက်သည်။ ရှေးစကားအတိုင်းဆိုရလျှင် 'နောက်လူက ရှေ့လူကိုကျော်တက်ရိုးထုံးစံ'ရှိသည် မဟုတ်ပါလား...။ ဂိုဏ်းအတွင်းမှာ သူ့ကိုကျော်တက်ချင်နေတဲ့သူတွေ ပိုများလာလောက်သည်။
"ဟွန့်... စီနီယာအစ်ကိုကြီး... အကိုသိထားတာ ကောင်းတာပေါ့။ မကြာသေးခင်က အကိုအလုပ်ရှုပ်နေခဲ့ပေမယ့် အကို့ရဲ့လေ့ကျင့်မှုတွေတော့ နောက်ကျမကျန်ခဲ့ဘူး မဟုတ်လား...။ နောက်တစ်ခုကတော့... သိုင်းခန်းမပဲ..."
သိုင်းခန်းမဆိုသည်မှာ သိုင်းကွက်မျိုးစုံကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။ သိုင်းကွက်များသည် သီးသန့်ပိုင်ဆိုင်တာမျိုး မဟုတ်သည့်အတွက် သိုင်းကွက်တစ်ခုတည်းကို လူအများအပြားသင်ယူနိုင်ပေသည်။ သို့သော် ထိုအရာကိုနားလည်သဘောပေါက်နိုင်စွမ်းကတော့ တစ်သီးပုဂ္ဂလအပေါ်တွင်သာ မူတည်လိမ့်မည်။ ကျန်းယီမင်ရဲ့ ဖျက်စီးခြင်းကျင့်စဥ်ကိုပဲ ဥပမာယူကြည့်ရလိမ့်မည်။ ထိုကဲ့သို့ အလွန်စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းသောကျင့်စဥ်၏ စွမ်းအားကို စနစ်တစ်ခု ပိုင်ဆိုင်ထားသည့် ကျန်းယီမင်ကဲ့သို့ ထူးခြားသော ပါရမီရှင်မျိုးမှသာ ထုတ်ဖော်နိုင်မည်ဖြစ်သည်။
"ဆရာက သိုင်းခန်းမကို စဆောက်တုန်းက အထဲမှာ ဘာမှမရှိသေးဘူး။ အဘိုးလင်း၊ တုန်းမီနဲ့ ကျွန်တော်တို့က သိုင်းကွက်တချို့ထည့်ထားပေမယ့် တုန်းမီနဲ့ အဘိုးလင်းဆီက စာအုပ်နှစ်အုပ်ကလွဲရင် ကျန်တာတွေရဲ့ ကျင့်စဥ်အဆင့်အတန်းက သာမန်ပဲ။ ဒါပေမဲ့ ဆရာက ဒီတစ်ခေါက်ဖုန်းဟော်လေလံပွဲကို သွားတုန်းက သိုင်းစာအုပ်တွေ အများကြီးဝယ်လာခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ဆီမှာ စုစုပေါင်း... အုပ်ရေ ၃၂ အုပ် ရှိသွားပြီ..."
၃၂ အုပ်... ဒီပမာဏက သိပ်မများလှသော်လည်း အရင်ကနှင့်ယှဉ်လျှင် မတွေးရဲလောက်အောင် များပြားသည့် အရေအတွက်ဟုပြောနိုင်သည်။
"ကောင်းပြီ၊ ဒါဆို ကျင့်စဥ်ခန်းမ အခြေအနေကရော ဘယ်လိုလဲ"
ဂူလင်းဖေး ခေါင်းညိတ်လိုက်သည်။ ဖုန်းဟော်လေလံပွဲတွင် ရှိနေခဲ့သည့်နှစ်ရက်အတွင်း သူတို့စုဆောင်းမှုကို တိုးချဲ့ရန်အတွက် သိုင်းစာအုပ်များကို အကုန်နီးပါးဝယ်ယူခဲ့ကြသည်။
"ကျင့်စဥ်ခန်းမထဲမှာတော့ သိပ်မရှိလှဘူး...။ တပည့်အများစုက အခုလောလောဆယ် စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကိုပဲ လေ့ကျင့်နေကြတာဆိုတော့ အများစုမှာ ဒုတိယမြောက်ကျင့်စဥ် မရှိကြဘူးလေ...။ ဒါကြောင့် အခုလေ့ကျင့်နေတဲ့ကျင့်စဥ်တွေကို ထည့်တွက်ရင်တောင်မှ ကျင့်စဥ်ခန်းမထဲမှာ မတူညီတဲ့ ကျင့်စဥ် ၂၁ မျိုးပဲ ရှိတယ်"
သိုင်းကွက်များနည်းတူ လူတစ်ယောက်သည် ကျင့်စဥ်တစ်ခုမက လေ့ကျင့်နိုင်ပေသည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် အခြေခံကျင့်စဥ်တစ်ခုကို အရင်လေ့ကျင့်လေ့ရှိပြီးမှ မိမိဂုဏ်သတ္တိများနှင့် ကိုက်ညီသည့်၊ မိမိနှစ်သက်သည့်ကျင့်စဥ်ကို ရွေးချယ်လေ့ရှိသည်။ သို့သော် ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခြင်းဖြစ်သည့် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သို့မရောက်မချင်း လူအများစုက ကျင့်စဥ်တစ်ခုတည်းကိုသာလေ့ကျင့်ရန် ရွေးချယ်လေ့ရှိကြသည်။ ထို့ကြောင့် ကျင့်စဥ်အရေအတွက်က သိပ်မများဟု ထင်ရသော်လည်း လုံလောက်မှုရှိနေပြီဖြစ်သည်။
"နောက်တစ်ခုကတော့ ရတနာခန်းမပဲ...။ သူ့အခြေအနေကလည်း ရှေ့ကအဆောက်အဦးတွေနဲ့ ဆင်တူတယ်။ ဒီတစ်ခေါက် ဆရာက ကန်းလန်နယ်မြေက ဖုန်းဟော်လေလံပွဲမှာ မှော်ရတနာအများကြီး ဝယ်ခဲ့တာတင်မကဘဲ အပြင်ကဆိုင်တွေအများကြီးဆီကနေလည်း အများကြီးဝယ်ခဲ့သေးတယ်။ အဲဒီပစ္စည်းတွေကို ဂိုဏ်းဆီပို့ပြီးတာ ကြာပါပြီ။ အခုဆိုရင်ဂိုဏ်းထဲက မှော်ရတနာအရေအတွက်က..."
ဟွမ်းချောင်ယုက လက်ထဲရှိစာအုပ်ကိုလှန်လိုက်ပြီး "၉၀ကျော်လောက် ရှိမယ်...။ အဲဒီအထဲက ရတနာရှာအပြားလို အသုံးဝင်တဲ့ပစ္စည်းတွေကို ဆရာက ပင်မခန်းမကို ယူသွားပြီ..."
ကျင့်စဥ်တွေ၊ သိုင်းစာအုပ်တွေ၊ ဒါမှမဟုတ် မှော်ရတနာတွေဘာပဲဖြစ်ဖြစ် ကျန်းယီမင်ကသေချာပင်မကြည့်ဘဲ အများကြီးဝယ်ယူခဲ့ခြင်းဖြစ်သည်။ သူက တခြားအကြောင်းပြချက်ကြောင့် ဝယ်ခဲ့တာမဟုတ်ပေ။ ဂိုဏ်းပုံပန်းနာမည်ကြည့်ကောင်းအောင် လုပ်ရုံသက်သက်သာဖြစ်သည်။ သူ့မျက်လုံးထဲမှာတော့ ထိုအရာတွေက အမှိုက်လိုဖြစ်နေပေမယ့် အလှပြဖို့လောက်ပဲသုံးလို့ရမှာဖြစ်ပြီး လောလောဆယ်မှာ ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေကို သူမရနိုင်သေးပေ။
သူက ဒီအမှိုက်တွေကို လောလောဆယ်အလှပြထားပြီး သူ့တပည့်တွေကို ပျော်ခွင့်ပေးထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့စကားပြောနေတုန်း လူရိပ်တစ်ခု တိတ်တဆိတ်ရောက်လာသည်။
"အဘိုးလင်း... ဟာ... ရောက်လာပြီကိုး...။ မြန်မြန်... လာပါဦး... ကျွန်တော်တို့ကို ကူကြည့်ပေးပါဦး..."
အခုချိန်မှာ ဂိုဏ်းချုပ်ကျန်းယီမင်က တံခါးပိတ်ကျင့်ကြံနေတုန်းမို့ ဂိုဏ်းတစ်ခုလုံးမှာ အတွေ့အကြုံအရင့်ဆုံးက အဘိုးလင်းဖြစ်သည်။ သူကလည်း ဒီရက်ပိုင်းအားမနေခဲ့ပေ။ ဂိုဏ်းထဲကို အသစ်ရောက်လာတဲ့ရတနာတွေနဲ့ ဆေးလုံးတွေကို တန်ဖိုးဖြတ်ရာမှာ ကူညီပေးနေခဲ့ရသည်။
"မင်းတို့အားလုံးက ငါ့သခင်ရဲ့တပည့်ကောင်းတွေပဲ...။ မင်းတို့ရဲ့အမိန့်က ဂိုဏ်းချုပ်ရဲ့အမိန့်ပဲ မဟုတ်လား...။ ငါက ဘယ်လိုလုပ်ငြင်းရဲမှာလဲ..."
အဘိုးလင်းက ပြုံးလိုက်သည်။ သူက ရုပ်ခန္ဓာပြန်လည်မဖွဲ့စည်းရသေးဘဲ လူတိုင်းရှေ့တွင်ဝိညာဉ်အသွင်ဖြင့်သာ ပေါ်လာလေ့ရှိသည်။ လင်းယွင်ဂိုဏ်းမှ အခြားတပည့်များက အဘိုးလင်းကို ပထမဆုံးအကြိမ်မြင်ဖူးချိန်တုန်းက ရာထူးတိုးလာသည့် ဂိုဏ်းက အကြီးအကဲတစ်ယောက်ဟု ထင်မှတ်ပြီး တော်တော်လေး ကြောက်လန့်ခဲ့ကြဖူးသည်။ သို့သော် အခုဒီပုံစံကိုကြည့်ရတာတော့ အဲဒီလို မဟုတ်နေပေ။ သူက အတွေ့အကြုံရင့်ကျက်တဲ့ အဘိုးအိုတစ်ယောက်သာဖြစ်သည်။
"အဘိုးလင်းကလဲ နောက်နေပြန်ပြီ...။ ဘယ်လိုလဲ... အားလုံး တန်ဖိုးဖြတ်ပြီးပြီလား..."
အဘိုးလင်းက ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် လက်ရှိသခင်လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံလိုက်ရပြီးနောက် သူ့သခင်အပေါ် ဘာသံသယမှ မရှိတော့ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီတစ်ခေါက် သူတို့ပြန်သယ်လာတဲ့ ပစ္စည်းမျိုးစုံက သူ့ကို တော်တော်လေး အံ့သြသွားစေခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲဒီအထဲမှာ ထူးထူးခြားခြား စွမ်းအားကြီးတာမျိုးမပါဘဲ သူ့မျက်လုံးထဲမှာ သာမန်အဆင့်လောက်သာရှိပေမယ့် တန်ဖိုးတော့မနည်းလောက်ပေ။ ထို့အပြင် ဒီပစ္စည်းတွေကို လေလံပွဲကနေ ယူလာခဲ့တာဖြစ်သည်။ သူ့သခင်ကျန်းယီမင်က ဒီလောက်များတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ဘယ်ဆီကများ ရလာတာလဲဆိုတာ သူလည်းမသိချေ။
"ငါ အကြမ်းဖျင်းကြည့်ပြီးပြီ...။ ဟဲဟဲ... မင်းတို့ဂိုဏ်းချုပ်က တကယ်စွမ်းရည်ရှိတာပဲ။ အရင်တုန်းက ဒီဂိုဏ်းမှာမကျင့်ကြံနိုင်ခဲ့လို့ ငါတောင်မနာလိုဖြစ်မိတယ်..."
"အဘိုးလင်းကလဲ နောက်နေပြန်ပြီ..."
ဂူလင်းဖေး ရယ်မောလိုက်သည်။ အဘိုးလင်းတောင် ဒီလိုပြောမှတော့ ပစ္စည်းတွေက သိပ်မဆိုးတာ သေချာသည်။ လင်းယွင်ဂိုဏ်းမှာ ဒီလိုအကောင်းစားအရင်းအမြစ်တွေ ရှိနေတာကြောင့် ဂူလင်းဖေးက သတ်မှတ်ချက်တွေကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်သည်။ လင်းယွင်ဂိုဏ်းမှာ အမှုထမ်းချင်ရင် လင်းယွင်ဂိုဏ်းကိုဝင်ပြီး ဂိုဏ်းသားတစ်ယောက် ဖြစ်လာရမည်။ တခြားအင်အားစုတွေလိုမျိုး နာမည်ခံဆေးပညာရှင်လိုလူမျိုးတွေ ထားမှာမဟုတ်ဘူးလို့ သူ ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းဝင်ချင်တဲ့သူတွေ ဘယ်အရာမှာပဲကျွမ်းကျင်ပါစေ၊ လင်းယွင်ဂိုဏ်းက ပါရမီရှင်တွေကိုပဲ လိုချင်တာဖြစ်သည်။
"အဲဒီဆေးပညာရှင်တွေက တော်တော်ကောင်းပါတယ်။ တခြားနည်းနဲ့ပြောရရင် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ဒီလိုပုံစံဆေးလုံးတွေ ဖော်စပ်နိုင်တာက သူတို့အချင်းချင်းကြားထဲမှာ ပါရမီရှင်လို့ ခေါ်နိုင်တယ်..."
အဘိုးလင်းက ပြောလိုက်သည်။
"ကျန်တဲ့တပည့်တွေအတွက်ကတော့ သိပ်ပြောစရာ မလိုပါဘူး၊ အကုန်လုံးက ပါရမီရှင်တွေချည်းပဲ..."
"ဟားဟားဟား... အဘိုးလင်းရဲ့ စကားကြောင့် စိတ်အေးသွားရပြီ...။ ဆရာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာရင် ကျွန်တော့်ကိုအပြစ်တင်စရာ မရှိလောက်တော့ပါဘူးနော်..."