ကျန်းယီမင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတော့မည်...
Vol. 12 Ch. 148
အဘိုးလင်းစကားများက မှန်ကန်သည်။ တကယ်တော့ လင်းယွင်ဂိုဏ်းရဲ့ ပထမမျိုးဆက်တပည့်များအားလုံးသည် ပါရမီရှင်များချည်းဖြစ်သည်။ ကျန်းယီမင်က သူတို့ပါရမီများကို အပြည့်အဝ ထုတ်ဖော်ပေးလိုက်နိုင်ရုံသာရှိသည်။
"ကောင်းပြီ... ဂျူနီယာညီမလေး... ဆက်ပြောပါဦး..."
"နောက်တစ်ခုကတော့ လက်နက်သွန်းလုပ်ရေးခန်းမပဲ။ အဲဒီမှာ အခု အဆောင်လက်ဖွဲ့ပညာရှင် ငါးယောက်နဲ့ လက်နက်သွန်းပညာရှင် ခုနစ်ယောက် ရှိနေပြီ...။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကလည်း မဆိုးဘူး..."
ဆေးဖော်ခြင်းဖြစ်စေ၊ လက်နက်သွန်းလုပ်ခြင်းဖြစ်စေ ထွက်ကုန်ပစ္စည်းများတိကျမှုနှင့် စွမ်းအားသည် ဖန်တီးသူအင်အားနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ဖန်တီးသူပိုစွမ်းအားကြီးလေ ထွက်ကုန်ကပိုစွမ်းအားကြီးလေဋဖြစ်သည်။
"သူတို့ထဲမှာ ကျင့်ကြံရင်းနဲ့ဆိုင်ဖွင့်ပြီး ပစ္စည်းရောင်းနေတဲ့သူတွေလည်း ရှိသေးတယ်...။ ညီမတို့ဂိုဏ်းက ဒီလိုပါရမီရှင်တွေကိုခေါ်နေမှန်း သိလိုက်ရတော့ သူတို့ ညီမတို့ဆီရောက်လာကြတာပဲ..."
"အဲဒါကောင်းတာပေါ့...။ သူတို့ ကိုယ့်သဘောနဲ့ကိုယ်ရောက်လာသရွေ့ ငါတို့ လင်းယွင်ဂိုဏ်းက မငြင်းပါဘူး..."
ဂူလင်းဖေး ရယ်မောလိုက်သည်။ ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေက ဂိုဏ်းကိုဝင်ချင်ကြလိမ့်မယ်လို့ တွေးမိတာနဲ့တင် ဒါကတကယ်ဂုဏ်ပြုစရာကိစ္စဖြစ်သည်။
"အာ... ဒါဆိုနောက်ပိုင်းကျရင် လင်းယွင်ဂိုဏ်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တော့မှာပေါ့...။ ဒါ့အပြင် ဂိုဏ်းကထုတ်တဲ့ပစ္စည်းတွေကိုလည်း ပြန်ရောင်းလို့ရသေးတယ်..."
"စီနီယာအစ်ကိုကြီး... အကို့ရဲ့အစီအစဉ်တွေက သေးလွန်းမနေဘူးလား...။ စဉ်းစားကြည့်လေ... ကန်းလန်နယ်မြေက ဖုန်းဟော်လေလံပွဲမှာတုန်းက ဆရာ ထုတ်ပေးခဲ့တဲ့ စိတ်ဝိညာဥ်ကျောက်တုံးပမာဏက နည်းလို့လား..."
"ဟဲဟဲ... မင်းပြောတာဟုတ်တာပဲ...။ ဟူး... ငါကလည်း ဆရာ့ရဲ့ပူပန်မှုတွေကို မျှဝေခံစားပေးချင်ရုံပါ။ ပိုက်ဆံဘယ်လောက်များများ တစ်နေ့ကျရင် ကုန်သွားမှာပဲလေ..."
သူဖြုန်းတီးပစ်ရင်တောင် မကုန်နိုင်လောက်အောင် သူတို့ဆရာမှာ ပိုက်ဆံရှိနေတယ်ဆိုတာ သူတို့ ဘယ်လိုလုပ် တွေးမိနိုင်မှာလဲ...။
"ကဲပါ... ကဲပါ... စီနီယာအစ်ကိုကြီး... လောလောဆယ် ဒီအကြောင်းမပြောရအောင်... နောက်တစ်ခုကတော့ နေစရာခြံဝန်းတွေပဲ။ ဟဲဟဲ... စီနီယာအစ်ကိုကြီး... အခုဂိုဏ်းထဲမှာ တပည့်ဘယ်နှယောက်ရှိလဲ ခန့်မှန်းကြည့်ပါဦး..."
"ဟားဟားဟား... ဂျူနီယာညီမလေး... ငါ့ကိုရင်ခုန်အောင် လုပ်မနေပါနဲ့တော့..."
"အခုဆို ဂိုဏ်းထဲမှာလူ ၁၀၂ ယောက် ရှိနေပြီ...။ ပြီးခဲ့တဲ့အခေါက်နဲ့ယှဉ်ရင် ဒါဇင်နဲ့ချီပြီးပိုများလာတယ်..."
ဒီပမာဏက အဆင့်လေးဂိုဏ်းတစ်ခုအတွက် လုံလောက်ဖို့ အဝေးကြီးလိုနေသေးသည်။ သို့သော် လင်းယွင်ဂိုဏ်းက တပည့်တွေအားလုံးက ပါရမီရှင်တွေချည်းဖြစ်သည်။
"မဖြစ်သေးဘူး... မဖြစ်သေးပါဘူး... ဂျူနီယာညီမလေးရယ်...။ တပည့်အရေအတွက် ဒီလောက်နည်းနည်းလေးနဲ့ ငါတို့ရဲ့ဂိုဏ်းကြီးကို ဘယ်လိုလုပ် ထောက်ပံ့နိုင်မှာလဲ..."
ဂူလင်းဖေးက အခုလိုပြောနေပေမယ့် အရင်တုန်းက ယိုယွင်းပျက်စီးနေတဲ့ အခြေအနေကနေ အခုလိုအခြေအနေအထိ ပြောင်းလဲလာတာ မလွယ်ကူဘူးဆိုတာ သူကောင်းကောင်းသိသည်။
"ကျန်တဲ့အဆောက်အဦးအနည်းငယ်ကတော့ လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနဲ့ ကိုယ်ရံတော်ခန်းမတို့ပဲ။ အခုတော့ အဲဒါတွေအားလုံးကို ညီမတို့ဂိုဏ်းသားတွေက စီမံခန့်ခွဲနေကြပြီ..."
"ဟားဟားဟား... မဆိုးဘူးပဲ...။ လင်းယွင်ဂိုဏ်း ပြန်လည်နိုးထလာမယ့်နေ့က မဝေးတော့ဘူးပဲ..."
"စီနီယာအစ်ကိုကြီး... ဘာတွေပြောနေတာလဲ...။ မဝေးတော့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ...။ ညီမတို့က ပြန်နိုးထနေပြီလေ..." ဟွမ်းချောင်ယုက ရယ်မောလိုက်သည်။
"စီနီယာအစ်ကိုကြီး... ညီမတို့ဂိုဏ်းမှာ ဆရာတစ်ယောက်တည်းပဲ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူဖြစ်တာ...။ အစ်ကိုကြီးနဲ့ အဘိုးလင်းအပါအဝင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ လေးယောက်ရှိတယ်။ ကျန်တာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီးရှိသလို၊ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူ အယောက် ၂၀ လောက်ရှိတယ်..."
ရှန့်ကွမ်းချင်းယန်ကလွဲရင် လင်းယွင်ဂိုဏ်းကို ရောက်လာသူတိုင်းက အနည်းဆုံးတော့ စရောက်ခါစကတည်းက ကျင့်ကြံခြင်းတံခါးဝကို ထိတွေ့ဖူးသူတွေချည်းဖြစ်သည်။ ရှန့်ကွမ်းချင်းယန်ကိုယ်တိုင်တောင်မှ ပါရမီရှိတဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
"ကောင်းပြီ... နောက်ထပ်ဖြေရှင်းရမှာက ဂိုဏ်းထဲက ကိစ္စအဝဝချောမွေ့စွာလည်ပတ်နိုင်ဖို့ပဲ..."
ဂူလင်းဖေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဝိုင်အိုးတစ်အိုးထုတ်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"စီနီယာအစ်ကိုကြီး... လျှော့သောက်ပါဦး...။ ဒီလို ဆက်သောက်နေရင် မနက်ဖြန်ကိစ္စတွေ လွဲချော်ကုန်ရင် ဘယ်လိုလုပ်မလဲ..."
"မပူပါနဲ့... မပူပါနဲ့...။ ဝိုင်နည်းနည်းလေးပါကွာ...။ ငါ့ကိုမူးအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး..."
ရယ်မောသံတွေ ထွက်ပေါ်လာပြီးနောက် လင်းယွင်ဂိုဏ်းဆီ ငြိမ်းချမ်းမှုပြန်ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့မနက်တွင် လင်းယွင်ဂိုဏ်းလေ့ကျင့်ရေးကွင်းပြင်၌ တပည့်အများအပြား ကျင့်ကြံနေကြသည်။ ခြံဝန်းများကတော့ ပုံမှန်အားဖြင့် အနားယူဖို့ ဒါမှမဟုတ် အဆင့်တက်ဖို့ပြင်ဆင်ရန်အတွက်သာ ဖြစ်သည်။ တကယ်တမ်းကျင့်ကြံချင်ပြီဆိုလျှင်တော့ လေ့ကျင့်ရေးကွင်းပြင်ကိုပဲ လာကြပေလိမ့်မည်။
ဂူလင်းဖေးတစ်ယောက် လူအုပ်ကြားလျှောက်သွားနေသည်။ ရိုးရိုးသားသားပြောရရင် သူကကျင့်ကြံဖို့အတွက် ဒီလောက်စောစောထလေ့မရှိပေ။ သို့သော် ဂိုဏ်းသားဦးရေ တိုးပွားလာကတည်းက အသစ်ဝင်လာတဲ့တပည့်တွေကို သတိပေးစရာမလိုဘဲ အားလုံးက အသိစိတ်ရှိရှိစောစောထပြီး ကျင့်ကြံကြလေသည်။
ထိုစဉ် လင်းယွင်ဂိုဏ်း၏ ခြံဝန်းများဆီမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ဂိုဏ်းသားအားလုံး ဝမ်းသာသွားကြသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်ရဲ့ အထောက်အပံ့အောက်မှာ ဒီလောက်စွမ်းအားကြီးတဲ့ အရှိန်အဝါမျိုးပေါက်ကွဲထွက်လာတာက သူတို့ရဲ့ ဂိုဏ်းချုပ်ကျန်းယီမင်ကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပေ။
ကျန်းယီမင်က သူ့အရှိန်အဝါကို ခံစားလိုက်သည်။ သူက မွေးဖွားခြင်းအဆင့်ကိုရောက်နေတာ ကြာပြီဖြစ်သော်လည်း မှော်ရတနာအမျိုးမျိုးနှင့် အခွင့်အရေးများရဲ့ လွှမ်းမိုးမှုအောက်တွင် သူ့အရှိန်အဝါနှင့် အုတ်မြစ်ကမတည်ငြိမ်သည့် အခြေအနေတွင် ရှိနေခဲ့သည်။ သို့သော် ထိုဝိညာဉ်ခန္ဓာကို စုပ်ယူပြီးနောက်တွင်တော့ သူ့အဆင့်က လုံးဝတည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး မွေးဖွားခြင်းအဆင့် အလယ်အလတ်အဆင့်သို့ တိုးတက်သွားခဲ့သည်။
"ဆရာ..."
ကျန်းယီမင် ခြံဝန်းထဲမှ ဖြည်းညှင်းစွာ ပျံသန်းထွက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်းက ပြိုင်တူနီးပါး အော်ဟစ်လိုက်ကြသည်။
"မဆိုးဘူး... မဆိုးဘူး...။ လင်းဖေး... မင်းက တကယ့်ကို ငါ့ရဲ့လက်ရုံးတစ်ဆူပဲ...။ မင်းက ဂိုဏ်းကို စောင့်ရှောက်ပေးနေတော့ ငါစိတ်အေးရတာပေါ့..."
တခြားတပည့်များက ကျန်းယီမင်ကို လေးစားအားကျစွာ ကြည့်နေကြသည်။ ဒါက လင်းယွင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်၊ စစ်မှန်တဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ကျန်းယီမင်ပါလား...။ ဒါက သူတို့တစ်သက်လုံး ဘယ်တော့မှ မထိတွေ့နိုင်လောက်တဲ့ အဆင့်အတန်းတစ်ခုဖြစ်သည်။
"ရတယ်... ရတယ်...။ ငါက မွေးဖွားခြင်းအဆင့်မှာပဲ ရှိပါသေးတယ်...။ မင်းတို့အနေနဲ့ ငါနဲ့တူညီတဲ့ အဆင့်တစ်ခုကို တက်လှမ်းဖို့ဆိုတာ မခက်ခဲပါဘူး..."
'သူ ဘာပြောလိုက်တာလဲ...။ သူက မွေးဖွားခြင်းအဆင့်လေ...။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူလေ...။ ဒါကို အစီအရင်ထဲမှာရပ်ပြီး လူတိုင်းသူ့လိုအဆင့်ကို ရောက်နိုင်တယ်လို့ ပြောနေတာလား...။ သူ နည်းနည်း ထူးဆန်းမနေဘူးလား...'
"လင်းဖေး... မင်းတကယ်တော်တာပဲ...။ ဂိုဏ်းအတွက်သွေးသစ်တွေ ဒီလောက်များများ ဖြည့်ဆည်းပေးထားမယ်လို့ ထင်မထားဘူး...။ ဒီလိုဆိုရင် ဒီနေ့သင်ကြားရေးစင်မြင့်ပေါ်မှာ ငါ တရားဟောပေးမယ်..."
ကျန်းယီမင်ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ အခုချိန်မှာ တရားဟောပေးလိုက်ရင် တပည့်တွေကို ကျင့်ကြံခြင်းဆိုင်ရာ အကြံဉာဏ်ကောင်းတွေ အတော်များများ မျှဝေပေးနိုင်လိမ့်မည်။
"ယေး... ဆရာက တရားဟောပေးတော့မယ်..."
"ဟုတ်တယ်ဟေ့... ဆရာကနောက်ဆုံးတော့ ငါတို့ကို တရားဟောပေးတော့မယ်...။ အဲဒါကို နားထောင်ပြီးရင် အဆင့်တစ်ဆင့်တန်းတက်သွားမလား မသိဘူးနော်..."
လက်ရှိတွင် တပည့်အားလုံးက စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကို စတင်လေ့ကျင့်နေကြပြီဖြစ်သည်။ ထိုကျင့်စဥ်က ယခုအခါလင်းယွင်ဂိုဏ်းအခြေခံကျင့်စဥ် ဖြစ်လာသည်။ သို့သော် ထိုကဲ့သို့ အဆင့်မြင့်ကျင့်စဥ်တစ်ခုနက်နဲမှုကို သာမန်လူများ အလွယ်တကူနားလည်နိုင်ရန် မလွယ်ကူပေ။
ထို့ကြောင့် ကျန်းယီမင်ကယနေ့တွင် လူတိုင်းကို ဤကျင့်စဥ်၏လည်ပတ်ပုံကို သိရှိနားလည်စေရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ သို့မှသာ သူ့ဂိုဏ်းသားများရဲ့ ကျင့်ကြံခြင်းနှုန်းမှာ သေချာပေါက်များစွာ တိုးတက်လာမည်ဖြစ်သည်။