← Chapters

သင့်တင့်မျှတသော ( ၂ )

Vol. 8 Ch. 118

သင့်တင့်မျှတသော ( ၂ )

Vol. 8 Ch. 118

ရွှီချင်းက ဆုံးဖြတ်ချက်ချပြီးနောက် မှော်လှေကလေးထဲ ဝင်ကာ ကျင့်ကြံခြင်းအခန်းထဲ သွားလိုက်သည်။ ထို့နောက် သူက ဖျာပေါ်တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။

ပင်လယ်လေပြေက တစ်ညလုံး တိုက်ခတ်နေသည်။ မနက်စောစောအချိန်ရောက်သောအခါတွင်မူ မောပန်းနွမ်းနယ်သွားသည့်အလား လေတိုက်နှုန်း လျော့ကျလာသည်။ နေရောင်ခြည်နွေးနွေးကလေး ကျဆင်းလာပြီး ရွှီချင်းက မျက်လုံးများကို ဖွင့်၍ တစ်နေ့တာလုပ်ငန်းစဉ်ကို စတင်လိုက်သည်။

ညဉ့်ငှက်အဖွဲ့ကို မြေလှန်ရှင်းလင်းပြီးနောက် လူဆိုးထိန်းဌာန၏ အလုပ်က ပျင်းရိငြီးငွေ့စရာ ကောင်းလာသည်။ ရံဖန်ရံခါ ကင်းလှည့်ဌာန မဖြေရှင်းနိုင်သော ကိစ္စရပ်ကလေးများအား သွားရောက်ဖြေရှင်းပေးရသည်သာ ရှိသည်။

ဥပမာအနေဖြင့် ယနေ့ လူဆိုးထိန်းဌာနကို ရွှီချင်း ရောက်သွားပြီး ရွှမ်အမှတ်ခြောက်အသင်းဌာနတွင် အလုပ်တင်ပြရန်သာ ရှိသေးသည်၊ ကင်းလှည့်ဌာနကို သွားရောက်ကူညီပေးရန် တာဝန်ပေးခြင်း ခံလိုက်ရသည်။

လူများစွာ စေလွှတ်ခြင်းမခံရဘဲ ခေါင်းဆောင်အပါအဝင် စုစုပေါင်းလူခြောက်ယောက်သာဖြစ်သည်။

ဌာနအပြင်ဘက်ကို သူတို့ ထွက်လာပြီးနောက် ခေါင်းဆောင်၏ ပြောကြားချက်အရ ယနေ့တာဝန်က စေလွှတ်ရေးအသင်းဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

ဆိပ်ကမ်းတစ်ခုလုံးတွင် စေလွှတ်ရေးဌာနနှင့် ရေကြောင်းပြဌာနနှစ်ခုလုံးကို အင်အားကြီးဌာနများအဖြစ် ယူဆနိုင်သည်။ စေလွှတ်ရေးဌာနက သင်္ဘောများ စီမံခန့်ခွဲရေးကို တာဝန်ယူရပြီး ရေကြောင်းပြဌာနက အပြင်လောကမှ သင်္ဘောများ နေသားတကျ ဆိုက်ကပ်နိုင်စေရေးကို တာဝန်ယူသည်။

သို့ဖြစ်၍ ဆိပ်ကမ်းတိုင်းတွင် ထိုဌာနများ၏ အသင်းလေးများစွာ ရှိသည်။ သူတို့ သွားရောက်ရမည့်တာဝန်တည်နေရာက ဆိပ်ကမ်းနံပါတ်ကိုးဆယ့်ခြောက်ဖြစ်သည်။

မကြာသေးခင်က ဆိပ်ကမ်းနံပါတ်ကိုးဆယ့်ခြောက်ရှိ စေလွှတ်ရေးဌာနနှင့် ရေကြောင်းပြဌာနကြားတွင် အခြေအနေတင်းမာလျက်ရှိသည်။ ယခုအခါ ရေကြောင်းပြဌာနမှ လူတစ်ရာကျော်က စေလွှတ်ရေးဌာနတွင် စုရုံးရောက်ရှိနေကြသည်။ သူတို့က မထုံတတ်တေး အမူအရာများဖြင့် ရပ်နေကြသည်ဖြစ်၍ စေလွှတ်ရေးဌာနက ကင်းလှည့်ဌာနကို တိုင်ကြားခဲ့သည်။ ကင်းလှည့်ဌာနက အခက်အခဲဖြစ်နိုင်ကြောင်း ခံစားမိ၍ လူဆိုးထိန်းဌာနကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်၏ တာဝန်အကြောင်း ရှင်းပြချက်ကို ကြားသောအခါ အသင်းဝင်တစ်ယောက်က သရော်သည့်အမူအရာဖြင့် ပြောသည်။

“ အခုလို ပြဿနာတက်နေရတာက ဒီလအတွက် ရေကြောင်းပြဌာနခွဲကို ပေးရမယ့် အပိုဆုကြေးငွေကြောင့်ပဲ။ ဆိပ်ကမ်းနံပါတ်ကိုးဆယ့်ခြောက်က စေလွှတ်ရေးဌာနခွဲက ပေးရမယ့်ဆုကြေးငွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုပဲ ပေးတယ်။ ဒါကိုတော့ ဘယ်သူက သဘောတူမှာလဲ ”

“ ရေကြောင်းပြဌာနက ဂိုဏ်းသားတွေက နေ့စဥ်ဝင်ငွေအပြင် စေလွှတ်ရေးဌာနကို ကူညီပေးရတယ်။ စေလွှတ်ရေးဌာနက စေလွှတ်တာကနေ အပိုဝင်ငွေအများကြီးရတယ်။ ဒီတော့ စေလွှတ်ရေးဌာနက ရေကြောင်းပြဌာနကို အပိုဆုကြေးငွေ ပေးကိုပေးရတယ် "

ထိုစကားကို ရွှီချင်း ကြားသောအခါ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း နားလည်သွားသည်။

“ ဒီကိစ္စက ဆိပ်ကမ်းနံပါတ်ကိုးဆယ့်ခြောက်က စေလွှတ်ရေးအဖွဲ့ခွဲမှာ ဖြစ်တာ။ အရင်တုန်းက အဲဒီအဖွဲ့ခွဲကို တာဝန်ယူတဲ့လူ ပြောင်းသွားတယ်။ အသစ်တာဝန်ယူတဲ့လူက အဓိကဂိုဏ်းသား ကျောက်ကျုံးဟန်ပဲ ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။

“ အဓိကဂိုဏ်းသား ဆိပ်ကမ်းကို တာဝန်ကျကတည်းက စည်းမျဉ်းတွေကို သူ့သဘောအတိုင်း ပြောင်းလဲပစ်တယ်။ လတိုင်း ရေကြောင်းပြဌာနကို ပေးရတဲ့ ဆုကြေးငွေက ( ၅၀-၅၀ ) ကနေ ( ၉၀-၁၀ ) အထိကို လျော့သွားတယ်။ အဲဒါကြောင့် ရေကြောင်းပြဌာနက ဂိုဏ်းသားတွေ ဒေါသထွက်နေရတာပဲ ”

လူအားလုံး၏ ဆွေးနွေးသံများကို နားထောင်ပြီးနောက် ရွှီချင်း အတွေးနက်သွားသည်။ သူတို့အုပ်စုက စေလွှတ်ရေးဌာန၏ ဆိပ်ကမ်းနံပါတ်ကိုးဆယ့်ခြောက်ကို ရောက်လာကြသည်။ စေလွှတ်ရေးဌာနကို အဝေးမှကြည့်ပါက မြေပြင်မှ တိုးထွက်နေသော ရွက်တိုင်တစ်တိုင်နှင့် ဆင်တူသည်။ အဆောက်အအုံများစွာ ရှိနေပြီး ဘေးတွင်လည်း မှော်လှေကလေးများ ပြည့်ကြပ်လျက် ရှိနေသည်။

ထိုအချိန်၌ လူတစ်ရာကျော်က စေလွှတ်ရေးဌာခွဲ၏ ဝင်ပေါက်ကို ပိတ်ဆို့ထားပြီး စေလွှတ်ရေးဌာနဂိုဏ်းသားများနှင့် ပြဿနာတက်နေသည်။ ဒေါသတကြီး အော်ဟစ်သံများ ကျွတ်ကျွတ်ညံနေပြီး နှစ်ဖက်ကြား အခြေအနေ တင်းမာနေ၏။ ဘေးပတ်ဝန်းကျင်တွင် လာရောက်ကြည့်ရှုကြသော ဂိုဏ်းသားများပင် ရှိသည်။

အခြေခအနေကို ဖြန်ဖြေနေသော ကင်းလှည့်ဌာနမှ ဂိုဏ်းသားများလည်း ရှိနေသည်။ သို့သော် နှစ်ဖက်လုံးက တင်းခံနေ၍ ဖြန်ဖြေရန် အလွန် ခဲယဉ်းနေသည်။

မီးပွားလေးတစ်စ ကျလိုက်သည်နှင့်ပင် နှစ်ဖက်လုံးက ဝုန်းခနဲ ထသတ်ကြတော့မည်ဖြစ်သည်။

ထို့ကြောင့် လူဆိုးထိန်းဌာန ရောက်လာသည်ကို မြင်သောအခါ ကင်းလှည့်ဌာနမှ ဂိုဏ်းသားများ စိတ်သက်သာရာရသွားပြီး သက်ပြင်းများ ချလိုက်ကြသည်။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသူများသည်လည်း လူဆိုးထိန်းဌာနအတွက် လမ်းဖယ်ပေးလိုက်သည်။

ပန်းသီးကိုက်စားနေသော ခေါင်းဆောင်က ဓားမြှောင်များ ကိုင်ဆွဲထားကြသော နှစ်ဖက်အဖွဲ့နှင့် ဖြန်ဖြေပေးရန် ကြိုးစားနေသော ကင်းလှည့်ဌာနကို မကြည့်ဘဲ ခပ်လှမ်းလှမ်းရှိ ချောင်တစ်ချောင်ကိုသွားကာ ထိုင်ချလိုက်ပြီး ပွဲကြည့်ပရိသတ်လုပ်နေသည်။

လူဆိုးထိန်းဌာန၏ တာဝန်က နှစ်ဖက်စလုံး တိုက်ခိုက်မှသာ ဖြန်ဖြေပေးရမည်ဖြစ်ပြီး ယခုတိုင်အောင် မတိုက်ခိုက်သေးသည်ဖြစ်ရာ ဝင်ရောက်စွက်ဖက်ရန် မလိုသေးသည် မဟုတ်ပါလား။

တခြားအသင်းဝင်များသည်လည်း အလားတူပင်။ ရွှီချင်းသည်လည်း တခြားအသင်းဝင်များနောက်လိုက်၍ ထိုင်ချလိုက်သည်။ သူက နှစ်ဖက်စလုံးကို ကြည့်လိုက်သောအခါ ကျောက်ကျုံးဟန်ကို မမြင်ဘဲ ရင်းနှီးသောမျက်နှာတစ်ခုကိုမြင်လိုက်ရသည်။

ထိုလူက ရေကြောင်းပြဌာနရှိလူစုထဲမှ ထိပ်ဆုံးတွင် ရပ်နေပြီး ဖက်တီးလေးပင်ဖြစ်သည်။

ထိုဖက်တီးလေးက ပြီးခဲ့သည့်ရက်များက ဆေးဆိုင်၌ သူ့ကို ဝိညာဉ်စုစည်းရွက်များ သဘောထားကြီးစွာ ပေးခဲ့သော ဟွမ်ရန်ဆိုသည့် ဖက်တီးလေးပင် ဖြစ်သည်။

“ စေလွှတ်ရေးဌာနက ခွေးကောင်တွေ … မင်းတို့ကောင်တွေက ငါတို့ရေကြောင်းပြဌာနက ဂိုဏ်းသားတွေရဲ့ အသက်ရှင်လမ်းကို ဖြတ်တောက်ပစ်တာကွ။ အဲဒီအပိုဆုကြေးငွေမရရင် ငါတို့ ကျင့်ကြံခြင်းတွေ၊ ငါတို့လှေပြုပြင်တာတွေ နှောင့်နှေးသွားမှာ။ ဒီလိုအန္တရာယ်နဲ့ ပြည့်နေတဲ့ မြို့ကြီးထဲ ဘယ်လိုလုပ်အသက်ရှင်နိုင်တော့မှာတုံး။ ဒါ ငါတို့ကို တစ်ဖက်လှည့်နဲ့ သတ်ဖို့ကြိုးစားနေတာပဲကွ။ ဘယ်လိုနေနေ သေမယ်ဆိုမှတော့ မင်းတို့ကို အရင်ဆုံး သတ်ပစ်မယ်ကွာ ”

ဟွမ်ရန်သည် ဆိပ်ကမ်းနံပတ်ကိုးဆယ့်ခြောက်ရှိ ရေကြောင်းပြဌာနဂိုဏ်းသားများ၏ ကိုယ်စားလှယ်ဖြစ်ဟန်တူသည်။ သူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါသော်ငြား ခါးကော့ခေါင်းမော့ထားသည်။ သူ့ကိုကြည့်ရသည်မှာ စိုးရိမ်ကြောင့်လန့်စိတ် စိုးစဉ်းမျှ ရှိဟန်မတူဘဲ ရက်စက်ကြမ်းကြုတ်သည့်အမူအရာများပင် ရှိနေပြီး သူ အော်လိုက်သည့်အခါ မျက်နှာကြီးပင် နီမြန်းနေသည်။

သူ၏ရှေ့ရှိ စေလွှတ်ရေးဌာနဝင်ပေါက်တွင် ရပ်နေသည့် ကျင့်ကြံသူက သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ ထိုလူသည်လည်း မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး စေလွှတ်ရေးဌာနမှမဟုတ်သည့်တိုင်အောင် ကျောက်ကျုံးဟန်၏ အစေအပါးဖြစ်သည်။

ဤကိစ္စက ကျောက်ကျုံးဟန်နှင့် သက်ဆိုင်သည်။ သို့သော်လည်း သူ၏ဂုဏ်သိက္ခာကို ထိပါးလာမည့်ပြဿနာဖြစ်နေ၍ ကိုယ်တိုင် ထွက်မဖြေရှင်းခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏အစေခံကို စေလွှတ်ကာ ဖြေရှင်းခိုင်းလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်၌ သက်လတ်ပိုင်းကျင့်ကြံသူ၏မျက်လုံးများက အေးစက်စက် ဝင်းလက်နေပြီး ဒေါပွနေသည့်အရိပ်အယောင်များပင် ရှိနေသည်။ သူက ကျောက်ကျုံးဟန်နောက်ကို လိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အစေခံတစ်ယောက်ဖြစ်ပါသော်လည်း သာမန်ဂိုဏ်းသားအများစုက သူ့ကို လေးစားစွာ ဆက်ဆံလေ့ရှိကြသည်။ တခြားအဓိကဂိုဏ်းသားများစွာကိုလည်း သူ မြင်တွေ့ဖူးထားသည်ဖြစ်၍ သူ၏အဆင့်အတန်းကိုပင် သူ မေ့နေခဲ့သည်မှာ ကြာလေပြီ။ ထို့ကြောင့် ဤမီးခိုးရောင်ဝတ်ရုံဝတ်ဂိုဏ်းသားများကို သူ များစွာ အရေးမစိုက်ပေ။

အထူးသဖြင့် သူ၏သခင်လေးက မည်သို့ပင်ဖြစ်လာပါစေ စည်းမျဉ်းများကို ပြောင်းလဲမည်မဟုတ်မှန်း သူ သိထားသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူက ရှေ့ဆုံးမှပင် ရဲရဲတင်းတင်း ရပ်ကာ အော်ဟစ်လိုက်သည်။

“ မင်းတို့ အသက်မသေချင်ရင် နောက်ထပ်နာရီဝက်အတွင်း မင်းတို့ကို ငါ မမြင်ချင်ဘူး ”

သူ၏စကားက ရေကြောင်းပြဌာနဂိုဏ်းသားများ၏ ဒေါသကို ဆွပေးလိုက်သည်။ စေလွှတ်ရေးဌာနမှ ဂိုဏ်းသားများက ထိုအခြင်းအရာကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားကြသည်။​

ဝံပုလွေတွင်းထဲမှ ရုန်းထွက်ပြီး ခြေကုပ်တစ်ခုရရန် ကိုယ့်အားကိုယ်ကိုးနေကြသော ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ ဌာနအသီးသီးမှ ဂိုဏ်းသားများအတွက် လူသတ်ရသည်မှာ အစိမ်းသက်သက်ဖြစ်မနေချေ။

“ မင်းက ငါတို့ကို မမြင်ချင်ဘူးပေါ့။ ချီးပဲကွာ ”

ဟွမ်ရန်က ဒေါသတကြီး အော်ဟစ်ကာ ပြေးဝင်သွားသည်။ သူသည် ဝဝဖိုင့်ဖိုင့်ရှိပါသော်လည်း အလွန် မြန်ဆန်သွက်လက်နေသည်။

ထို့နောက် ဝင်ပေါက်တွင် အခြေအနေတင်းမာနေခဲ့သော ဌာနနှစ်ခုမှ ဂိုဏ်းသားများက စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံနေပြီး မန္တန်အစီအရင်အငွေ့အသက်များလည်း ပျံ့လွင့်နေသည်။ လူရာချီသည့်ရုန့်ရင်းဆန်ခတ်တိုက်ပွဲကြီးက ရွှီချင်း၏မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသည်။ စူးစူးရှရှ အော်ဟစ်သံများနှင့်အတူ သွေးများနေရာအနှံ့တွင် ပြန့်ကျဲနေသည်။

ဖြန်ဖြေရန် တာဝန်ယူထားသည့် ကင်းလှည့်ဌာနမှဂိုဏ်းသားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြသည်။ ရွှီချင်းနှင့် တခြားအသင်းဝင်များမှာမူ မလှုပ်မယှက် ထိုင်နေကြ၏။

ရွှီချင်းက ဘေးရှိ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်သည် ပန်းသီးကို စားနေပြီး ပရမ်းပတာတိုက်ပွဲကြီးကို စိတ်ဝင်စားနေဟန်တူသည်။ တစ်ခါတရံတွင် သူက အော်ဟစ်၍ပင် အားပေးနေသေးသည်။

“ လူဒီလောက်အများကြီးကို ငါတို့ ဝင်သွားရင် နည်းနည်း အန္တရာယ်ရှိတယ်ကွ။ သူတို့ သတ်ကြတော့မယ့်အခြေအနေကို ရောက်တော့မှ ဝင်ပြီး ငြိမ်အောက်လုပ်ကြတာပေါ့။ ပြီးတော့ ဌာနအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကို ဂိုဏ်းက မြင်ချင်မှာမဟုတ်ဘူး။ သူတို့ ထွက်ဖြေရှင်းဖို့များတယ် ”

ခေါင်းဆောင်က အော်ဟစ်အားပေးပြီးနောက် သူ့အသင်းဝင်များကို တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

ရုန့်ရင်းဆတ်ခတ်တိုက်ပွဲတွင် ဒဏ်ရာရသူများလည်း ရှိလာပြီဖြစ်ပြီး တဝုန်းဝုန်းမြည်ဟည်းသံများက ပို၍ ကျယ်လောင်လာသည်။ လူအုပ်ကြီးထဲတွင် နီမြန်းနေသော မျက်ဝန်းများဖြင့် အရူးအမူး တိုက်ခိုက်နေသော ဟွမ်ရန်ကို ရွှီချင်းမြင်လိုက်ရသည်။ ချီစုစည်းခြင်းအဆင့်ခုနစ် ကျင့်ကြံခြင်းအခြေခံကြောင့် သူက သေစေနိုင်သော တိုက်ကွက်များကို ထုတ်ဖော်နိုင်နေသည်။

ထိုအချိန်၌ စေလွှတ်ရေးဌာနမှ လူများထဲတွင် အစောပိုင်းက ဟွမ်ရန်နှင့် အခြေအတင်ဖြစ်ခဲ့သည့် သက်လတ်ပိုင်းလူက အလျင်အမြန် နောက်ဆုတ်နေသည်ကို ရွှီချင်း မြင်လိုက်ရသည်။ ဟွမ်ရန် ကာကွယ်ရာမဲ့နေသည်ကို အခွင့်အရေးယူ၍ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲမှ ဓားလေးတစ်လက် ချက်ချင်း ပျံထွက်သွားသည်။

ထိုဓားကိုလုပ်ထားသည့်ပစ္စည်းက ထူးခြားကောင်းမွန်သည်။ ၎င်းက ဖောက်ထွင်းမြင်နေရကာ အလွန် မြန်ဆန်သည်။ ၎င်းထံမှ အပြာရောင်ဖျော့ဖျော့လက်နေသည်ဖြစ်၍ အဆိပ်လူးထားမှန်းသိသာပြီး ဟွမ်ရန်၏လည်တိုင်ထံ ဝင်ရောက်သွားသည်။

ဟွမ်ရန်မှာ တိုက်ပွဲကြားထဲ ရောက်နေသည်ဖြစ်၍ ဓားလေးကို ချက်ချင်း သတိမထားမိချေ။ ထိုဓားလေး ဟွမ်ရန်ထံ ရောက်တော့မည်ကို ရွှီချင်း မြင်သောအခါ မျက်လုံးများ မှေးသွားပြီး ညာလက်ကို အသာအယာ လှုပ်ခါလိုက်သည်။ လေထဲတွင် ရေစက်လေးတစ်စက် ချက်ချင်း ဖွဲ့စည်းလာပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပျံသန်းသွားကာ ဓားလေးပေါ် ကျရောက်သွားသည်။

ရေစက်၏ အားက အလွန်ကြီးမားသည်။ ထန်ခနဲ မြည်သံနှင့်အတူ ဓားလေးမှာ ဦးတည်ချက်ပြောင်း၍ ဟွမ်ရန်ကို ဖြတ်ကျော်သွားသည်။

ဟွမ်ရန် ကွက်ခနဲ မျက်နှာပျက်သွားသည်။ ရွှီချင်းကို သူ အရင်ဆုံး ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သက်လတ်ပိုင်းလူကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်ပြီး အော်ဟစ်ကြုံးဝါး၍ ပြေးဝင်သွားသည်။

“ ချီးပဲကွာ ”

သက်လတ်ပိုင်းကျင့်ကြံသူက ချက်ချင်း နောက်ဆုတ်လိုက်ပါသော်လည်း နောက်ကျသွားခဲ့လေပြီ။ ဟွမ်ရန်က ခြေလှမ်းအနည်းငယ်အတွင်း သူ့ကို မီသွားကာ အညှာအတာမဲ့စွာ ထိုးကြိတ်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ဘေးပတ်ဝန်းကျင်ကို လွင့်ပျံသွားပြီး သက်လတ်ပိုင်းကျင့်ကြံသူက ရှုံ့မဲ့နေသောမျက်နှာဖြင့် အလျင်အမြန် ပြန်လည်တိုက်ခိုက်နေသည်ကို မြင်နိုင်သည်။

ထိုပရမ်းပတာတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ဒဏ်ရာရသူများ ပို၍ပင်များလာသည်။

ဘေးရှိ ခေါင်းဆောင်က ရွှီချင်းကို ပြုံး၍ စိုက်ကြည့်လိုက်သည်။

ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ ဟွမ်ရန်ထံမှ အကြည့်လွှဲလိုက်သည်။ ဟွမ်ရန်ကို သူ ကူညီရသည့် အကြောင်းအရင်းမှာ ဟွမ်ရန်က သူ့ကို ဝိညာဉ်စုစည်းရွက်များ သဘောထားကြီးစွာ ပေးထားသည့်အတွက်ကြောင့် ဖြစ်သည်။

မကြာခင် နှစ်ဖက်တိုက်ပွဲက အရှိန်အဟုန်ပြင်းထန်လာစဉ် အဝေးမှနေ၍ မိုးခြိမ်းသံအလား ဟိန်းဟောက်သံ လွင့်ပျံလာသည်။

“ အားလုံး ရပ် ”

ထိုအော်ဟစ်သံနှင့်အတူ အဝေးမှ လူရိပ်တစ်ရိပ် ချဉ်းကပ်လာ၏။ ကောင်းကင်မှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်ရာ မြေပြင်ပေါ်မှ ဂိုဏ်းသားများအားလုံး တုန်ရီသွားပြီး တိုက်ခိုက်နေရာမှ ရပ်သွားကြသည်။

“ အလုပ်စဖို့ အချိန်ကျပြီ ”

ခေါင်းဆောင်က ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်၍ တရားစီရင်သူတစ်ယောက်ကဲ့သို့ တည်ကြည်သောအသွင် ဆောင်လိုက်သည်။ ရွှီချင်းနှင့် တခြားအသင်းဝင်များသည်လည်း မတ်တတ်ရပ်လိုက်ကြ၏။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ လူရိပ်က မြင်ကွင်းထဲရောက်ရှိလာပြီး လေထဲတွင် ရပ်သွားကာ ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားသည်။

ထိုလူငယ်၌ ထူးခြားသည့်ရုပ်ရည်သွင်ပြင်ရှိမနေဘဲ သူ၏အမူအရာသည်လည်း ငြိမ်သက်နေသည်။ သို့သော် သူ ထုတ်လွှတ်နေသည့်အရှိန်အဝါက ကြောက်ခမန်းလိလိပင်။ သူက လေထဲတွင် ရပ်လိုက်ပြီး တိုက်ခိုက်ရာမှ ရပ်သွားကြပြီဖြစ်သည့် နှစ်ဖက်ဂိုဏ်းသားများကို အေးတိအေးစက်ကြည့်လိုက်သည်။

All Chapters