← Chapters

အစ်ကို့ကို ကြက်ဥတိုက်မယ်

Vol. 8 Ch. 119

အစ်ကို့ကို ကြက်ဥတိုက်မယ်

Vol. 8 Ch. 119

“ မင်္ဂလာပါ လူကြီးမင်းလီ ”

လူငယ် ထွက်ပေါ်လာခြင်းနှင့်အတူ စေလွှတ်ရေးဌာနနှင့် ရေကြောင်းပြဌာနတို့မှ ဂိုဏ်းသားများအားလုံး ရပ်သွားကြသည်။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် လေးစားသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က ထိုလူငယ်ကို သိထားပြီး ချက်ချင်း အရိုအသေပေးလိုက်သည်။

တချိန်တည်းမှာပင် စေလွှတ်ရေးဌာနအတွင်းရှိ ကျောက်ကျုံးဟန်က ချက်ချင်း အပြင်ထွက်လာသည်။ သူ အနည်းငယ် မျက်နှာပျက်နေပြီး လေထဲကို ခပ်သွက်သွက် အရိုအသေပေးလိုက်သည်။

ထိုမြင်ကွင်းကို ရွှီချင်း မြင်သောအခါ မျက်လုံးများ မှေးသွားသည်။ လေထဲရှိ လူငယ်ထံမှ ကြောက်ခမန်းလိလိ အငွေ့အသက်များကို သူ အာရုံခံမိလိုက်သည်။ သူ၏မှတ်ဉာဏ်များထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ယှဉ်ပါက ထိုလူငယ်က ပို၍ အစွမ်းထက်နေသည်ကို ရွှီချင်း ခံစားမိသည်။

ရွှီချင်း အကဲခတ်နေစဉ် လေထဲရှိ ဂိုဏ်းစောင့်လီက အေးတိအေးစက်အမူအရာဖြင့် ပြောလိုက်သည်။

“ အကြီးအကဲရဲ့အမိန့်၊ ဒီတိုက်ပွဲထဲ ပါတဲ့ စေလွှတ်ရေးဌာနဲ့ ရေကြောင်းပြဌာနက ဂိုဏ်းသားတွေအားလုံး သုံးလစာ လစာဖြတ်တောက်ခံရမယ်။ ရေကြောင်းပြဌာနက ဆုကြေးငွေကိုတော့ ပုံမှန်အတိုင်း ခွဲဝေပေးရမယ် ”

“ ပြီးတော့ ကျောက်ကျုံးဟန်၊ အကြီးအကဲက မင်းကို ခေါ်နေတယ်။ ငါနဲ့လိုက်ခဲ့ ”

လူကြီးမင်းလီ၏အကြည့်က ကျောက်ကျုံးဟန်အပေါ် ကျရောက်သွားသည်။ သူ မျက်နှာအမူအရာ မပြောင်းလဲပါသော်ငြား ရင်ထဲတွင် စိတ်ပျက်နေ၏။

ထိုကိစ္စအားလုံး၏ အကြောင်းအရင်းမှာ အကြီးအကဲမြေးက မိုက်မဲသော လုပ်ရပ်တစ်ခု ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်သည်ကို သူ သိသည်။ ထိုအကြီးအကဲမြေးက အလွန် မြင့်မားသောအဆင့်အတန်းရှိသည့် အဓိကဂိုဏ်းသားတစ်ခုဖြစ်သည့်တိုင်အောင် ရာထူးလေးတစ်ခုရသွားရုံဖြင့် ယခုလို ပြဿနာဖြစ်အောင် မီးမွှေးရှာခဲ့ပေသည်။

‘ အကြီးအကဲက သိပ်ပညာရှိတာ။ ဘယ်လိုလုပ် ဒီလိုမြေးအရူးကောင်မျိုး ရှိနေရတာတုံး ’

လူကြီးမင်းလီက အကြည့်လွှဲ၍ လက်ကိုမြှောက်ကာ ဖမ်းဆုပ်ဟန် လုပ်လိုက်သည်။ သူ့စကားများကို ကြားပြီးနောက် ထိတ်လန့်တုန်ရီနေသော ကျောက်ကျုံးဟန်သည် ဆွဲခေါ်ခြင်းခံလိုက်ရပြီး သတ္တမမြောက်တောင်ထိပ်ဆီသို့ လိုက်ပါသွားတော့သည်။

သူ ထွက်သွားပြီးနောက် စေလွှတ်ရေးဌာနနှင့် ရေကြောင်းပြဌာနကြားရှိ ပြဿနာသည်လည်း ချက်ချင်း ပြေလည်သွားသည်။ သို့သော်လည်း မြေပြင်ပေါ်တွင် စွန်းထင်းသွားခဲ့သော သွေးကွက်များနှင့် လူသေအလောင်းများက နှစ်ဖက်ကြားရှိ ပြဿနာကို ယာယီဖိနှိပ်ထားခြင်းသာ ဖြစ်ကြောင်း ဖော်ပြနေသည်။ တစ်ဖက်စီမှ ဂိုဏ်းသားများ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အရိပ်အယောင်များဖြင့် ဝင်းလက်နေသည်။

“ ကဲ၊ ပွဲကတော့ ပြီးသွားပြီ။ သွားကြမယ်။ အခု ရောက်လာတဲ့လူက အကြီးအကဲကျောက်ရဲ့ သဘောအကျဆုံးလူ လီဒီလင်းပဲ။ သူ ကိုယ်တိုင် ကျောက်ကျုံးဟန်ကို လာခေါ်တယ်ဆိုတော့ ဒီတစ်ခေါက် ကျောက်ကျုံးဟန် သေပြီပဲ ”

ခေါင်းဆောင်က ပန်းသီးတစ်လုံး ထုတ်လိုက်သည်။ ပန်းသီးကို တစ်ကိုက်ကိုက်ပြီးနောက် သူက မတ်တတ်ရပ်၍ အဝေးကို လျှောက်သွားသည်။

အမှတ်ခြောက်အသင်းက နောက်မှလိုက်သွားသည်။ ရေကြောင်းပြဌာနမှ ဂိုဏ်းသားများနှင့် စကားပြောနေသော ဟွမ်ရန်ကို သူ လှမ်းကြည့်လိုက်ပြီး အကြည့်လွှဲကာ အဝေးကို တဖြည်းဖြည်း လျှောက်သွားသည်။

ထိုအချိန်၌ ပင်လယ်လေပြေက တဟူးဟူး တိုက်ခတ်နေရာ ရွှီချင်း၏နဖူးပေါ်တွင် ပျံ့ကျဲနေသော ဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်သွားပြီး သူ၏ သွယ်လျသော မျက်ဝန်းများ ပေါ်လာပြီး ကျေးဇူးတရားနှင့် ရန်ငြိုးကို ကောင်းစွာ ခွဲခြားသိမြင်နိုင်သည်ကို ဖော်ပြနေသည်။

ယနေ့ ကင်းလှည့်တာဝန်က နေမင်းကြီး ဝင်သွားခြင်းနှင့်အတူ တဖြည်းဖြည်း ပြီးဆုံးသွားခဲ့လေပြီ။

ရွှီချင်းက သူ၏တာဝန်ပြီးနောက် ရေသူထီးလူငယ်နောက်ကို ခိုးကြောင်ခိုးဝှက် လိုက်လံစုံစမ်းခဲ့သည်။ သို့သော်လည်း အခွင့်အရေးကို သူ ရှာမတွေ့သည့်အတွက် လှေကလေးဆီ ပြန်လာကာ ကျင့်ကြံလိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းနေ့ရက်များက ရတနာမုဆိုးစခန်း နေ့ရက်များထက် ပို၍ အရောင်အသွေးစုံလင်သည်။ သို့သော်လည်း ကျင့်ကြံခြင်းအပေါ် သူ၏ဇွဲလုံ့လက လုံးဝ ပြောင်းလဲမသွားခဲ့ပေ။ ယင်းက သူ၏အခြေခံအုတ်မြစ်ဖြစ်သည်ကို သူ ကောင်းစွာ သိထားသည် မဟုတ်ပါလား။

ယင်းအပြင် ပင်လယ်ပြင်သို့ ခရီးထွက်မည့် သူ၏အစီအစဉ်သည်လည်း မကြာခင် အဆင့်တက်သည်နှင့် ရောက်လာတော့မည် ဖြစ်သည်။

“ ကျင့်ကြံခြင်းအဆင့်တက်ဖို့က မခက်ဘူး။ ငါ့မှော်လှေကို အဆင့်ခုနစ်အထိ မြှင့်တင်ဖို့ ပစ္စည်းတွေ ဈေးကြီးနေတာက ခက်နေတာ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏သားရေအိတ်ရှုံ့ထဲမှ သေရည်ပုလင်းကို ထုတ်၍ တစ်ကျိုက် မော့သောက်လိုက်သည်။

မည်သည့်အချိန်က စတင်ခဲ့သည်ကို သူ မသိပါသော်လည်း သေရည်ကို သူ သဘောကျနေပြီ ဖြစ်သည်။ သူ သေရည်သောက်ပြီးသည်နှင့် ငွေရှာရန် ပန်းချွမ်လမ်းကို နောက်ထပ်သွားသင့်၊ မသွားသင့် စဉ်းစားကြည့်လိုက်သည်။ သို့သော်လည်း အဘိုးအိုကို သူ သတ်နိုင်ပြီဟု ယုံကြည်မှု မရှိသေးမချင်း အလျဉ်စလို မပြုမူသင့်ကြောင်း သူ ခံစားမိသည်။

သူက နောက်သေရည်တစ်ကျိုက် မော့ချလိုက်ပြီးနောက် သေရည်ကုန်သွားပြီကို တွေ့လိုက်ရသည်။

သို့သော်လည်း မှောင်နေပြီဖြစ်၍ သူ သေရည်သွားမဝယ်ချင်တော့ပေ။ သေရည်ပုလင်းကို ဘေးမှာချကာ မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး မကြာခင် ကောင်းကင်ယံ၌ လမင်းကြီး ထိန်ထိန်သာလာသည်။ လရောင်ခြည်က ပင်လယ်ရေမျက်နှာပြင်ပေါ် ဖြာကျနေပေရာ မှောင်မည်းသော ညတစ်ညရှိ ကြေးမုံပြင်တစ်ချပ်အလား ပင်လယ်ပြင်မှ ရောင်ပြန်ဟပ်နေသည်။ ထိုမြင်ကွင်းက ထူးဆန်းသောအလှတစ်မျိုးကို လှစ်ဟပြနေ၏။

အမှောင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည် မျက်လုံးများကို ဖျတ်ခနဲ ဖွင့်၍ အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

ခဏအကြာ ဆိပ်ကမ်းမှ ခြေသံတရှပ်ရှပ်ကို ကြားလိုက်သည်။ မှော်လှေကလေးအနီးကို ခြေသံများ တဖြည်းဖြည်း နီးကပ်လာပြီးနောက် ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ ထိုအချိန်၌ အပြင်ဘက်မှ ရင်းနှီးသောအသံတစ်သံ လွင့်ပျံလာ၏။

“ အစ်ကို ရွှီချင်း ဒီမှာလား။ ကျနော်က ရေကြောင်းပြဌာနက ဟွမ်ရန်ပါ ”

ထိုစကားကြောင့် ရွှီချင်း၏မျက်လုံးများထဲမှ စူးရှသောအလင်းများက ပြန်လည်ဖျော့တော့သွားသည်။ ထို့နောက် သူ မတ်တတ်ရပ်လိုက်ပြီး အခန်းအပြင်ဘက်ကို လျှောက်လာခဲ့သည်။ လရောင်အောက်၌ ဆိပ်ကမ်းပေါ်ရပ်နေသည့် မီးခိုးရောင်ဝတ်ရုံပွပွကြီးကို ဝတ်ထားသော ဖက်တီးလေးကို သူ မြင်လိုက်ရသည်။

ရွှီချင်းကို မြင်သောအခါ ဖက်တီးလေး၏မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ သူက စေလွှတ်ရေးဌာနနှင့် ပြဿနာကို ဖြေရှင်းပြီးနောက် တစ်စုံတစ်ခုသော ကိစ္စကြောင့် လမ်းခရီးတွင် အလွန် စိတ်ပျော်ရွှင်သွားခဲ့သည်။ သူက သေရည်ကို စိတ်လှုပ်ရှားစွာ သောက်နေခဲ့ရင်း နေ့ခင်းက အဖြစ်အပျက်ကို ရီဝေဝေဖြင့် တွေးမိသွားသည်။ သူ အနည်းငယ် စုံစမ်းကြည့်ပြီးနောက် ရွှီချင်း၏နာမည်ကို သိသွားကာ သူ့ကို ကျေးဇူးတင်ရန် ရောက်လာခြင်း ဖြစ်သည်။

“ အစ်ကို ရွှီချင်း၊ နေ့လယ်က အစ်ကို့ရဲ့အကူအညီအတွက် အစ်ကို့ကို ကျေးဇူးတင်ပါတယ် ”

ရွှီချင်းက ဖက်တီးလေးကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ အရင်ရက်က မင်း ငါ့ကို ဝိညာဉ်စုစည်းရွက်တွေ ပေးခဲ့တာပဲ ”

“ အမ် ”

ဟွမ်ရန် ဆွံ့အသွားသည်။ အတန်ကြာ သူ စဉ်းစားကြည့်ပြီးနောက် သူ မှတ်မိသွားပြီး ခေါင်းကုတ်၍ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“ အဲဒီနေ့က ကျနော်က ဝိညာဉ်စုစည်းရွက်နည်းနည်း ပေးခဲ့လို့ အစ်ကိုက ဒီနေ့ ကျနော့်ကို ကူညီခဲ့တာလား ”

“ နည်းနည်းမဟုတ်ဘူး။ ခုနစ်ပင်ပေးခဲ့တာ ”

ရွှီချင်းက အလေးအနက် ပြောလိုက်သည်။

ဟွမ်ရန်က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ခဏအကြာ သူ အော်ဟစ်ရယ်မောလိုက်၏။ မူလက သူသည် ကျေးဇူးတင်စကားပြောရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ရွှီချင်းနှင့် များစွာ ပြောဆိုဆက်ဆံရန် အစီအစဉ်မရှိခဲ့ပေ။ အလွန်ဆုံး သူက လက်ဆောင်အလုံအလောက်ကို ပေးလိုက်မည်သာ ဖြစ်သည်။

သို့သော် ယခုတွင် ရွှီချင်းက အနည်းငယ် စိတ်ဝင်စားစရာကောင်းသည်ဟု သူ ရုတ်တရက် ခံစားလာရသည်။

သူ၏သားရေအိတ်ရှုံ့ထဲမှ လက်တစ်ဝါးအရွယ် ကြက်ဥနှစ်လုံးကို ထုတ်လိုက်သည်။ ကြက်ဥခွံက နို့နှစ်ရောင်ဖြစ်ပြီး လရောင်အောက်တွင် ကြည်လင်ဝင်းပနေသည်။

“ အစ်ကို၊ ခင်ဗျားက သိပ်ထူးဆန်းတဲ့လူပဲဗျ။ ကျနော် အစ်ကို့ကို ဒီကြက်ဥလေးနဲ့ ပြုစုချင်တယ်ဗျာ ”

သူက စကားပြောရင်း ကြက်ဥတစ်လုံး ပစ်ပေးလိုက်သည်။ ထိုကြက်ဥက ထူးဆန်းပြီး မှော်လှေကလေး၏ အကာအကွယ်အလွှာကို ဖြတ်၍ ဝင်ရောက်သွားသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ရေစက်ကလေးများစွာ ပေါ်လာပြီး ကြက်ဥကို ရစ်ပတ်ကာ လေထဲတွင် ဆုပ်ကိုင်ထားသည်။ သူ အနီးကပ်ကြည့်လိုက်ရာ ကြက်ဥက အကောင်းပကတိရှိနေပြီး အပြစ်အနာအဆာ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဟွမ်ရန်ကို သူ ကြည့်လိုက်သည်။

“ ဒါ ဘာကြီးလဲ ”

“ ကစားစရာလေးပါ ”

ဟွမ်ရန်က ညာလက်ညှိုးဖြင့် တံတွေးစွတ်လိုက်ပြီး ကြက်ဥကို ဖိလိုက်ရာ ကြက်ဥကွဲသွားသည်။ ထို့နောက် လက်ချောင်းဖြင့် ကြက်ဥထဲ ထပ်မံမွှေနှောက်လိုက်ပြီး ကြက်ဥကို ပါးစပ်နားတေ့ကာ အဆိပ်ကင်းကြောင်းပြသည့်အနေဖြင့် မော့သောက်လိုက်သည်။

ကြက်ဥနံ့က မွှေးကြိုင်နေပြီး အကာအကွယ်အလွှာထဲရှိနေသော ရွှီချင်းသည်ပင် အနည်းငယ် အနံ့ရလိုက်သည်။ ထိုကြက်ဥအနံ့ကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံသည်ပင် အလိုလို လှည့်ပတ်သွားတော့မည့်ဟန်တူသည်။ သူ၏ဘဝအတွေ့အကြုံများအရ ထိုကြက်ဥက အလွန်ထူးခြားသည်ကို ခံစားမိနေသည်။

သူ အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် သူ၏လက်ချောင်းကို သုံး၍ ကြက်ဥကို ထိုးဖောက်လိုက်သည်။ သို့သော် ကြက်ဥခွံက အလွန် မာကြောသည်ကို သူ တွေ့လိုက်ရသည်။ သူ အနည်းငယ် အားစိုက်ထုတ်လိုက်သည့်တိုင်အောင် ကြက်ဥခွံကို မခွဲနိုင်ချေ။

ရွှီချင်းမှာ စိတ်ထဲ အံ့အားသင့်သွားရပြီး မျက်လုံးများ တဖိတ်ဖိတ် လက်သွားသည်။

“ အဲဒီကြက်ဥခွံပေါ်ကို တံတွေးနဲ့ သုတ်ပေးရသေးတယ်။ အဲဒီကြက်ဥက သိပ်ထူးဆန်းတာ။ အစ်ကို တံတွေးမသုတ်ဘဲ အားသုံးပြီးလုပ်ရင် ပေါက်ကွဲသွားမှာဗျ ”

ဖက်တီးလေးက အေ့ခနဲ လေချဉ်တက်လိုက်သည်။

ရွှီချင်း ချီတုံချတုံဖြစ်သွားရသည်။ ထို့နောက် သူ၏လက်ချောင်းကို ပါးစပ်တွင်တေ့လိုက်ပြီး ကြက်ဥခွံကို ခွဲလိုက်ရာ အလွယ်တကူ ကွဲသွားသည်။ မွှေးကြိုင်သောအနံ့များ သင်းပျံ့လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံများ ရုတ်ခြည်း လှည့်ပတ်လာသည်။ ထိုအချိန်၌ သူ၏အသွေးအသားများမှလည်း ထိုကြက်ဥကို တောင့်တနေဟန်တူသည်။

ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။ ကြက်ဥအနှစ်များကို ပြွတ်ခနဲ စုပ်လိုက်သည်။ သူ၏မျက်လုံးများ မှေးသွားပြီး ကြက်ဥကို ကြည့်ကာ နောက်ထပ် စုပ်လိုက်ပြန်သည်။

ဖက်တီးလေးက ဘေးမှနေ၍ မျှော်လင့်ချက်မျက်ဝန်းများဖြင့် ကြည့်နေသည်။ ရွှီချင်း၏ ဝေဖန်စကားသံကို စောင့်နေသည့်အလား ရွှီချင်းကို သူ ကြည့်နေသည်။

သို့သော် အချိန်အတော်ကြာပြီးသည့်တိုင်အောင် ရွှီချင်းက ငြိမ်သက်နေဆဲပင်။

“ အဲ … ကြက်ဥက ဘယ်လိုတုံးဗျ။ အရသာကောင်းလား ”

ဟွမ်ရန်မှာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်ရသည်။

“ အတော်လေး ကောင်းတယ် ”

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အနွေးဓာတ်စီးကြောင်းလေး ဖြတ်သန်းစီးဆင်းနေသည်ကို သူ ခံစားမိနေပြီး သူ၏နဖူးမှ ချွေးစက်များစီးကျလာသည်။

“ ကောင်းရမှာပေါ့။ အဲဒီကြက်ဥတွေကို ရဖို့ ကျနော် မနည်းကြိုးစားထားရတာဗျ။ ကျနော့်ဂိုဏ်းတူအစ်မက အဲဒီကြက်ဥတွေကို သိပ်သဘောကျတာလေ။ အဲဒါ အစ်ကို့ကို ကြက်ဥအရသာမြည်းရအောင် ကျနော်ပေးတာ ”

ဟွမ်ရန်က ဘဝင်ခိုက်နေသောအကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ ရင်ထဲတွင် ရွှီချင်း၏စရိုက်ကို သူ နားလည်သလိုလို ရှိလာသောကြောင့် နောက်တစ်ကျိုက်မော့ချလိုက်ပြီး နောက်ထပ်စကားမပြောတော့ပေ။

ရွှီချင်းသည်လည်း စကားမပြောတော့ဘဲ တိတ်ဆိတ်စွာ ဆက်သောက်နေသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး သူတို့နှစ်ယောက်လုံး ငြိမ်သက်နေ၏။ တစ်ယောက်က ဆိပ်ကမ်းပေါ်မှာရှိနေပြီး တစ်ယောက်က လှေပေါ်မှာ ရှိနေပြီး တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြပေ။

ထိုငြိမ်သက်ခြင်းမျိုးက ဟွမ်ရန်အတွက် အလွန် ဆန်းသစ်နေပြီး သူ၏စိတ်နှင့်ခန္ဓာက တဖြည်းဖြည်း သက်သာရာရလာသည်။ ထိုအချိန်၌ မူးဝေနေအောင် သောက်ထားသည့်အတွက် သူ၏မျက်လုံးများ ရီဝေဝေဖြစ်လာသည်။ လရောင်အောက်၌ သူက ရွှီချင်း၏ အပြစ်ဆိုရက်စရာမရှိအောင် ချောမောသောရုပ်ရည်ကို ကြည့်၍ မနေနိုင်တော့ဘဲ မှတ်ချက်ပေးလိုက်သည်။

“ အစ်ကိုရွှီချင်း၊ အစ်ကို့ရုပ်ရည်နဲ့ဆိုရင် နောက်ကျ အစ်ကိုကြိုက်တဲ့လူကို လိုက်ရင် ရမှာမဟုတ်ဘူးဗျ။ မိန်းကလေးတွေ သိမ်ငယ်သလို ခံစားနေရမှာ။ ကျနော့်လိုလူမျိုးမှပဲ မိန်းကလေးတွေ လွတ်လွတ်လပ်လပ် ခံစားရမှာဗျ ”

ရွှီချင်းက ခွန်းတုန့်ပြန်ခြင်းမရှိဘဲ ကြက်ဥအစက်တစ်စက်ပင် အလေအလွင့် ဖြစ်မှာ စိတ်ပူနေသည့်အလား ကြက်ဥကိုသာ စုပ်နေသည်။

ဟွမ်ရန်က ရွှီချင်း၏ တိတ်ဆိတ်ငြိမ်သက်ခြင်းကို လျစ်လျူရှုထားပြီး လရောင်ကို ခေါင်းအုံးအဖြစ်အသုံးချ၍ လက်နှစ်ဖက်ကို ခေါင်းပြုကာ ဘေးတွင် လှဲချလိုက်သည်။ ထို့နောက် ကောင်းကင်ဝေဟင်ပြင်ရှိ လမင်းကြီးကို သူ ငေးကြည့်ရင်း ရင်ထဲမှ တစ်စုံတစ်ယောက်ကို တွေးမိသွားကာ ခပ်တိုးတိုး ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ အစ်ကို ကြိုက်တဲ့လူရှိလား ”

ယခုအခါ ဟွမ်ရန်၏ စကားပြောပုံကို ရွှီချင်း အကြမ်းဖျင်း နားလည်လာသည်။ ဟွမ်ရန်တွင် ရိုးသားပွင့်လင်းပြီး ဖော်ရွေသောစရိုက်ရှိသည်။ သူ ခေါင်းကိုသာ ယမ်းပြလိုက်၏။

“ ကျနော်သိသားပဲ။ အစ်ကို့ရုပ်ရည်နဲ့ကျ မိန်းကလေးတစ်ယောက်ကို လိုက်ရတာ သိပ်ခက်မှာ။ ကျနော်ကျတော့ မတူဘူး။ အစ်ကို့ကို ကျနော် ပြောပြမယ်။ ဒီနေ့ ကျနော် သိပ်ပျော်နေတယ်။ ရေကြောင်းပြဌာနက ဆုကြေးငွေတွေ ပြန်ရလို့ ပျော်တာမဟုတ်ဘူးနော်။ ကျနော့်ဂိုဏ်းတူအစ်မက ကျနော့်ကို ဂရုစိုက်တယ်ဆိုတာ သိလိုက်ရလို့ ပျော်နေတာဗျ။ ဒီတော့ ကျနော် နည်းနည်း သောက်တာများသွားတယ် ”

“ အစ်ကိုရွှီချင်း သိလား။ ဒီနှစ်တွေထဲ ဂိုဏ်းတူအစ်မကို ကျနော် ပစ္စည်းမျိုးစုံ အမြဲ ပို့ပေးနေတာလေ။ ဒီနေ့ကျ အစ်မက သူလိုချင်တာကို ကျနော့်ကိုပြောပြီး မြန်မြန်ပို့ပေးဖို့ ပြောလာတယ်။ ကျနော် သိပ်ကြွေသွားတာပေါ့ဗျာ။ အခုကစပြီး အစ်မကို ကျနော်ပိုပြီး ချစ်လာသလိုပဲ ”

ရွှီချင်း တခဏကြာ ဆွံ့အသွားရသည်။ သူ သဘောကျသည့်လူ တစ်ယောက်မှမရှိသလို လူတစ်ယောက်ကို ချစ်သည့်အခါ မည်ကဲ့သို့ ထုတ်ဖော်ပြသရမည်ကိုလည်း သူ မသိပေ။ သို့သော် ဖက်တီးလေး၏စကားများက တစ်ခုခုလွဲမှားနေသလို သူ ခံစားနေရသည်။

သူ ရီဝေဝေဖြစ်နေသော ဟွမ်ရန်ကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။ ဖက်တီးက နောက်ပြောနေတာ မဟုတ်ကြောင်း သူ သေချာသွားပြီးနောက် ငြိမ်ကျသွားသည်။

သူ့စိတ်ထဲတွင် ဖက်တီးလေးက ဂိုဏ်းသူတစ်ယောက်ကို ခုနစ်နှစ်၊ ရှစ်နှစ်ကြာအောင် လိုက်နေကြောင်း ဆိုင်ရှင်ပြောပြဖူးသည်ကို သူ မှတ်မိလိုက်သည်။

အချိန်အတော်ကြာပြီးနောက် တစ်ခုခုပြောသင့်ကြောင်း ရွှီချင်း ခံစားလိုက်ရသည်။ သူ ကြက်ဥကို တစ်ကျိုက်သောက်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။

“ ဂုဏ်ယူပါတယ် ”

ထိုစကားကြောင့် ဟွမ်ရန်မှာ ပို၍ပင် ပျော်ရွှင်သွားပြီး ရင်ဘတ်ကို ပုတ်လိုက်သည်။

“ အစ်ကိုရွှီချင်း၊ အစ်ကို့စကားတွေက သိပ်ကြင်နာတာပဲ။ တခြားလူတွေနဲ့ကို မတူဘူး ”

“ ကျနော်ဟွမ်ရန် ... အဲဒီကြင်နာမှုကို ပြန်ဆပ်ရမှာပေါ့။ ဒီနေ့ အစ်ကိုက ကျနော့်ကို ကူညီခဲ့တယ်။ ဒီတော့ ကျနော် အလကားမေ့ပစ်လို့ ဘယ်ဖြစ်မလဲ ”

ဟွမ်ရန်က ခန္ဓာကိုယ်ပေါ် မွှေနှောက်ရှာဖွေလိုက်ပြီး သားရေအိတ်ရှုံ့တစ်အိတ်ကို ထုတ်၍ ရွှီချင်းကို ပေးလိုက်သည်။

“ အဲဒီထဲမှာ မှော်လှေကုန်ကြမ်းပစ္စည်းနည်းနည်းပါးပါး ရှိတယ်။ အဲဒါတွေကို နှုတ်ဆက်လက်ဆောင်အနေနဲ့ ယူလိုက် ”

“ ကျနော် သွားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့ ”

ဟွမ်ရန်က မတ်တတ်ထရပ်လိုက်ပါသော်လည်း မူးဝေနောက်ကျိနေသည်။ သူ အပြင်ဘက်ကို လျှောက်သွားပြီး ကျောက်စိမ်းပေလွှာကလေးကို ထုတ်၍ မရပ်မနား အသံပို့လွှတ်လိုက်သည်။

ရွှီချင်းမှာ တစ်ခုခု ပြောချင်နေပါသော်လည်း ချီတုံချတုံဖြစ်နေသည်။ ဟွမ်ရန်က စကားပြောနေရင်း ပြုံးပြနေသည်ကို မြင်၍ ရွှီချင်းက ယခုအချိန်တွင် နှောင့်ယှက်ရန် မသင့်ကြောင်း ခံစားမိသည်။ ထို့ကြောင့် ဟွမ်ရန် ထွက်သွားသည်ကို ကြည့်နေပြီးနောက် အခန်းလေးထဲကို ရွှီချင်း လျှောက်သွားသည်။

ထိုအချိန်၌ ပင်လယ်လေပြေက တဖြူးဖြူးတိုက်ခတ်လာပြီး သူ၏ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကြည်စယ်ကာ သူ၏အနက်ရောင်ဆံပင်ရှည်များပေါ် ဖြတ်ကျော်သွားသည်။ ၎င်းက သူ၏ကိုယ်သင်းရနံ့ကို ညအမှောင်ထုအောက်ရှိ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးဆီ သယ်ဆောင်သွားသည်။

အဆောက်အအုံများနှင့် လမ်းကြိုလမ်းကြားများပါမကျန် တိုက်ခတ်သွားပြီး ညအခါ မတူညီသော စည်းကားသိုက်မြိုက်မှုများကို မြင်တွေ့ရပြီးနောက် အနည်းငယ် တိုက်ခတ်နှုန်း လျော့ကျသွားသည်။ နောက်ဆုံးတွင် လေပြေက မြို့တောင်ဘက်ပိုင်းက ဆဋ္ဌမမြောက်တောင်ထိပ်ကို တက်နေသော လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ် ကျဆင်းသွားသည်။ ထို့နောက် ထိုလူ၏နဖူးပေါ် ကျဆင်းနေသော ဆံပင်ရှည်အနည်းအကျဉ်းကို ပင့်မလိုက်လေရာ အိုမင်းရင့်ရော်နေသော မျက်နှာတစ်ခု ပေါ်လာသည်။

လေပြေတွင် အသိစိတ်ရှိနေပြီး ထိုမြင်ကွင်းကိုသာ ရွှီချင်းထံ ပြန်လည်ဆောင်ကြဉ်းသွားမည်ဆိုပါက ထိုအဘိုးအိုသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှလွဲ၍ တခြားလူမဟုတ်ကြောင်း ရွှီချင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ယခုအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် တောင်တက်လမ်းများပေါ် တိတ်ဆိတ်စွာ လျှောက်နေသည်။

သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပို၍ တိုးလာဟန်တူသည်။

ထိုအရေးအကြောင်းတစ်ခုချင်းစီတိုင်းတွင် ပူဆွေးသောကများဖြင့် ပြည့်နှက်နေဟန်တူပြီး ၎င်းတို့အားလုံး ပေါင်းလိုက်သောအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုကြည့်ရသည်မှာ အလွန် နာကြည်းနေသည့်အသွင်အပြင် ဖြစ်နေသည်။

ဆဋ္ဌမမြောက်တောင်ထိပ်အလယ်ရှိ ဂူဘေးကို ရောက်လာသည့်တိုင်အောင် သူ လျှောက်လာခဲ့ပြီးနောက် ရပ်တန့်သွားသည်။

ဂူဝင်ပေါက်ကျောက်တံခါးက ခုံးနေပြီး ပိတ်နေသည်။ ဂူတံခါးပတ်လည်တွင် မြက်ပင်စိမ်းစိမ်းလေးများ ပေါက်နေကြပြီး တံခါးအပေါ်၌ ကြော့ရှင်းလှပစွာ ရေးထွင်းထားသော စာသားများ ရှိနေသည်။

အပန်းဖြေတံခါး ...

ထိုနာမည်ကိုကြည့်၍ ဤဂူထဲတွင် နေထိုင်သည့်လူက တည်ငြိမ်ပြီး ကြော့ကြော့မော့မော့ နေတတ်သူတစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ဂူအပြင်ဘက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အသက်ဝဝရှူသွင်းကာ လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။

“ တာအိုရောင်းရင်းရှန်းယွင်၊ မိတ်ဆွေဟောင်းကြီး အလည်လာပါတယ်။ ငါတို့ တွေ့လို့ရနိုင်မလား ”

#ဘာသာပြန်သူမှတ်စု။ " ရှန်း " ဆိုတဲ့စကားလုံးက " အပန်းဖြေတယ်၊ အေးဆေးနေတယ် " ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

All Chapters