← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄) - မလှုပ်ရှားမီ သုံးကြိမ်တိုင် စဉ်းစားပါ

~"ချန်မင်း သခင်ကြီး... ဘယ်လိုနေသေးလဲ ခင်ဗျာ"

လော့ကျန်းသည် ကပျာကယာ ထရပ်လိုက်ပြီး သူ၏အနားသို့ တိုးသွားလေသည်။ ကြွက်မျက်လုံးနှင့်တူသော သူ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ယှက်သန်းနေ၏။

"...ဒါ... ဒါ ရုပ်ဆိုးတဲ့ လူကြီးလူကောင်း လော့ကျန်း မဟုတ်လား"

ချန်မင်း သခင်ကြီးသည် လန့်ဖျတ်သွားပြီးမှ သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်လေသည်။

ဘေးမှကြည့်နေသော ဆုမို၏ နှုတ်ခမ်းများမှာမူ တွန့်လှုပ်သွားရ၏။

လော့ကျန်း;

'လူကြီးလူကောင်းက လူကြီးလူကောင်းပေါ့။ ငါ့ရုပ်ကလည်း ဖြစ်သင့်သလို ဖြစ်နေတာပဲကို။ ဘယ်နားက ရုပ်ဆိုးနေလို့လဲ။'

"ရုပ်ဆိုးတဲ့ လူကြီးလူကောင်းက ရုပ်သာဆိုးတာ... စိတ်ထားကတော့ အကောင်းဆုံးဆိုတာ ဘယ်သူမသိဘဲ နေမလဲဗျာ..."

ချန်မင်း သခင်ကြီးက အားနည်းစွာ ပြုံးလိုက်လေသည်။ သူသည် ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို လှည့်ကြည့်လိုက်၏။ သို့သော် ယန်ရှောင်ယွင်၏ လက်ထဲမှ ငွေလှံကို မြင်လိုက်ရသည့် ခဏ၌ သူ… တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရလေသည်။

"နဂါးချောက်နက်လှံ... မင်းရဲ့ အသက်အရွယ်အရ ဆိုရင်တော့... မင်းက ယန်ယီရဲ့ သမီးပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား"

"သံမဏိသွေး အာမခံဌာနက မျိုးဆက်သစ် ယန်ရှောင်ယွင်... ချန်မင်း သခင်ကြီးကို ဂါရဝပြုပါတယ်"

ယန်ရှောင်ယွင်က လက်သီးနှင့် လက်ဝါး ဆုပ်ကိုင်ကာ စနစ်တကျ ဂါရဝပြုလိုက်၏။ ထို့နောက် ဆုမိုကို မိတ်ဆက်ပေးလိုက်၏။

"ဒါကတော့ ဇီယန်အာမခံဌာနက ခေါင်းဆောင် ဆုမို ပါ"

"ဇီယန်အာမခံဌာန..."

ချန်မင်း သခင်ကြီးသည် မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ စဉ်းစားနေသော်လည်း မမှတ်မိပုံ ရလေသည်။ သူသည် ဆက်လက်၍ မစုံစမ်းတော့ဘဲ ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်နှာထား ပျက်သွား၏။

"ဒါ... ဒါက ဘယ်နေရာလဲ"

"ယွီလျိုစံအိမ်ရဲ့ ဓားမြည်းစမ်းရာ မျှော်စင်အောက်ခြေပါ"

ဆုမိုက အသံကို နှိမ့်ကာ ပြောလိုက်၏။

"ကျွန်တော် တစ်ခုလောက် မေးပါရစေ ချန်မင်း သခင်ကြီး။ ယွီလျိုစံအိမ်ရဲ့ အိမ်တော်ထိန်း လျူချင်ကုန်း ပြောတာတော့... လွန်ခဲ့တဲ့ လဝက်လောက်က သခင်ကြီးဟာ 'ယွီလျို ဓားနှလုံးသား' ကို တွေ့ဖို့ ရောက်လာခဲ့တယ် တဲ့။ အဲ့ဒီတုန်းက တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ မသိလို့ပါ"

"လဝက်က... လာလည်ခဲ့တယ် ဟုတ်လား..."

ချန်မင်း သခင်ကြီးသည် မျက်မှောင်ကို တင်းတင်းကြုတ်ထားရင်း နာကျင်လှသော အမူအရာ ဖြစ်ပေါ်လာ၏။ သူ၏ နဖူးပေါ်တွင်လည်း ချွေးစေးများ တစ်လုံးချင်း ထွက်ပေါ်လာလေသည်။

ဒါကို မြင်တော့ ဆုမိုက အလျင်အမြန် ပြောလိုက်၏။

"ချန်မင်း သခင်ကြီး... မလောပါနဲ့ဦး။ အေးအေးဆေးဆေးပဲ ပြန်စဉ်းစားပါ"

"...ရတယ်... ငါ ရပါတယ်.."

ချန်မင်း သခင်ကြီးသည် လက်ကို ဆတ်ခနဲ ဆန့်ထုတ်လိုက်ရင်း ပြောလေသည်။

"ငါ မှတ်မိပြီ။ လွန်ခဲ့တဲ့ လအနည်းငယ်က... ဒါမှမဟုတ် နှစ်လလောက် ရှိမလား။ တိတိကျကျတော့ မပြောနိုင်တော့ဘူး။ ငါ သိတာကတော့ အဲ့ဒီညမှာ ရန်သူတွေဟာ ရွှမ်ကျီတောင်ကြားကို ရုတ်တရက် ဝင်တိုက်ကြတာပဲ။"

"အဲ့ဒီလူတွေက သိုင်းပညာလည်း ထူးချွန်ကြသလို အရမ်းလည်း ရက်စက်ကြတယ်။ ခေါင်းဆောင်လုပ်တဲ့လူရဲ့ သိုင်းပညာက ငါနဲ့ အဆင့်တူလောက် ရှိရုံတင်မကဘူး၊ သူ့ဘေးမှာ ကူညီပေးမယ့်လူတွေကလည်း အများကြီးပဲ။"

"ငါလည်း လူအင်အား မမျှတာကြောင့် နောက်ဆုံးမှာ သူတို့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်။"

"အဲ့ဒီနောက်မှာတော့ သူတို့က ငါကို နေ့ရောညပါ မိစ္ဆာကျင့်စဉ်တွေနဲ့ နှိပ်စက်ကြတော့တာပဲ။ ငါ့ရဲ့ အသိစိတ်တွေလည်း တဖြည်းဖြည်းနဲ့ မှိန်ဖျော့သွားခဲ့ရတယ်။"

"အမှောင်ထုထဲမှာ ငါ ဘယ်လောက်ကြာအောင် နေခဲ့ရလဲ မသိဘူး။ တစ်နေ့ကျတော့ ခေါင်းဆောင်လုပ်တဲ့လူဟာ ဒဏ်ရာ အပြင်းအထန် ရပြီး ပြန်ရောက်လာတယ်..."

"ငါ့ရဲ့ အသိစိတ်တွေ ပြန်ဝင်လာချိန်မှာတော့ သူတို့ထဲက လူတစ်ယောက် ငါ့ရှေ့ကို ရုတ်တရက် ရောက်လာတယ်။ သူက ဘာနည်းလမ်း သုံးလိုက်လဲ မသိဘူး... ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ငါ့အလို မဟုတ်ဘဲ အဲ့ဒီလူရဲ့ အမိန့်တွေကို နာခံနေရတော့တာပဲ။ ငါ့စိတ်ထဲမှာ တစ်ခါတလေ အသိစိတ် ဝင်လာပေမဲ့ ငါ့ကိုယ်ငါတော့ အပိုင်မရတော့ဘူး။"

"အဲ့ဒီလူက ငါ့ကို တစ်ချက်ကြည့်ပြီး 'မပြီးပြည့်စုံသေးဘူး... အတင်းအဓမ္မ လုပ်ထားရတာ ဆိုပေမဲ့... လောလောဆယ်တော့ ဒီအတိုင်းပဲ သုံးရမှာပဲ' လို့ ပြောတယ်။"

"အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ငါဟာ ရွှမ်ကျီတောင်ကြားက ဧည့်ဝတ်ပြုတဲ့ နေရာကို လိုက်သွားခဲ့ရတယ်။"

"အဲ့ဒီကျမှ ငါ သိလိုက်ရတာက... ယွီလျိုစံအိမ်က လူတစ်ယောက်ဟာ ငါ့ဆီကို စာတစ်စောင် ယူပြီး ရောက်နေတယ် ဆိုတာပဲ။"

"စာကို လက်ခံရရှိပြီးနောက် ယွီလျိုစံအိမ်က လူတွေကို ငါ ပြန်လွှတ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ ငါ့ရဲ့ အသိစိတ်တွေဟာ ထပ်ပြီး ဝေဝါးသွားပြန်ရော။"

"နောက်တစ်ကြိမ် ငါ့အသိစိတ် ပြန်ပွင့်လာတဲ့ အချိန်မှာတော့ ငါဟာ ယွီလျိုစံအိမ်ကို လာတဲ့ လမ်းပေါ်မှာ ရောက်နေပြီ။"

ချန်မင်း သခင်ကြီး၏ နောက်ပိုင်း စကားများသည် အစောပိုင်းက လျူချင်ကုန်း ပြောပြခဲ့သည်များနှင့် တစ်ထပ်တည်း ကျနေလေသည်။

ထိုလျှို့ဝှက်လူသား၏ ထိန်းချုပ်မှုအောက်တွင် ချန်မင်း သခင်ကြီးသည် ယွီလျိုစံအိမ်သို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်၏။ လျူဆွေဖုန်းသည် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ချန်မင်း သခင်ကြီးကို အခန်းတွင်း၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုအခိုက်၌ပင် အခန်းအတွင်း၌ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။

ချန်မင်း သခင်ကြီးနှင့်အတူ ပါလာသောလူသည် သူ၏ တပည့်အဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်သည်။

ထိုသူ၏ သိုင်းပညာမှာ ခေါင်းဆောင်လုပ်သူထက် ညံ့သော်လည်း၊ လျူဆွေဖုန်းမှာမူ ဒဏ်ရာရထားသူ ဖြစ်လေရာ အချိန်ကြာလာသည်နှင့်အမျှ အခြေအနေ ဆိုးရွားလာပြီး နောက်ဆုံးတွင် လျူဆွေဖုန်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်၏။

"ငါနဲ့ အဲ့ဒီလူ လျူဆွေဖုန်းကို သွားတွေ့တဲ့အချိန်မှာပဲ သူ့ကို ငါတို့ ဖမ်းလိုက်နိုင်ကြတယ်။"

"ကျန်တဲ့လူတွေကလည်း ယွီလျိုစံအိမ်ကို ဝင်တိုက်ကြတယ်။"

"အတွင်းရော အပြင်ပါ ညှပ်တိုက်တာကြောင့် ယွီလျိုစံအိမ်ဟာ နောက်ဆုံးမှာတော့ ကျရှုံးသွားခဲ့ရတာပေါ့။"

"ငါ့အသိစိတ် ပြန်ဝင်လာတဲ့ အချိန်မှာ ငါ နောက်ဆုံး မှတ်မိတာကတော့... သူတို့တွေ လျူဆွေဖုန်းကို ဘယ်လို စီရင်မလဲဆိုတာ ဆွေးနွေးနေကြတဲ့ ကိစ္စပဲ။"

"သူတို့ ပြောပုံအရဆိုရင် လျူဆွေဖုန်းကို ရွှမ်ကျီတောင်ကြားကို ပြန်ခေါ်သွားပြီး... သူတို့ တစ်အုပ်စုလုံးရဲ့ အင်အားကို သုံးကာ သူ့ကို 'သွေးကျွန်' အဖြစ် ပြောင်းပစ်မယ် တဲ့။"

"အောင်မြင်သွားပြီ ဆိုရင်တော့... အရေးကြီးတဲ့ အချိန်ကျရင် သူဟာ အသုံးအဝင်ဆုံး ဖြစ်လိမ့်မယ် လို့ သူတို့က ဆိုကြတယ်။"

"အဲ့ဒီနောက်ပိုင်းတော့ ငါ ဘာမှ မသိတော့ဘူး... သူတို့က ငါ့ကို ရက်ရက်စက်စက် လုပ်ထားပုံရတယ်။ ငါ့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးနေလိုက်တာ အခု မင်းတို့ရှေ့မှာ ပြန်ပွင့်လာတဲ့အထိပဲ။"

ချန်မင်း သခင်ကြီးသည် ဤစကားများကို ပြောနေစဉ်မှာပင် 'သွေးပြောင်းလဲခြင်း နည်းစနစ်' ၏ နောက်ဆက်တွဲ ဝေဒနာများကို ခံစားနေရဆဲ ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းများက သူ့ကို ရံဖန်ရံခါ ဒုက္ခပေးနေ၏။

စကားဆုံးအောင် အားယူပြောပြီးနောက် သူသည် ထရပ်ရန် ကြိုးစားလိုက်၏။

"အခု ဘယ်အချိန် ရှိပြီလဲ။ ရွှမ်ကျီတောင်ကြားထဲမှာ ဘာတွေ ဖြစ်နေပြီလဲ။ လျူဆွေဖုန်းရော ဘေးကင်းရဲ့လား။ ပြီးတော့... မင်းတို့ကရော... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေကြတာလဲ။"

"သခင်ကြီး... စိတ်အေးအေးထားပါဦး။ အခုလောလောဆယ် ရွှမ်ကျီတောင်ကြားမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော်တို့လည်း အမှန်အတိုင်း မသိပါဘူး။ ဒီယွီလျိုစံအိမ် အကြောင်းကိုတော့... ကျွန်တော် ရှင်းပြပါရစေ။"

လော့ကျန်းသည် ချန်မင်း သခင်ကြီးအား ကပျာကယာပင် ထူမကာ နေရာချပေးပြီးနောက်၊ အဖြစ်အပျက် အစီအရင်များကို အစမှအဆုံး ရှင်းပြလေတော့သည်။

အခြားတစ်ဖက်တွင်မူ ယန်ရှောင်ယွင်သည် ဆုမို၏ အနားသို့ တိုးကပ်လာ၏။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တိတ်ဆိတ်သွားကြသည်။

ဤအာမခံတာဝန်ကို ကျိရှုဟွာက ငွေစ (၁၀၀) ဖြင့် အပ်နှံခဲ့ခြင်း ဖြစ်သည်။

ဆုမိုက ဤတာဝန်ကို လက်ခံခဲ့ခြင်းမှာ စနစ်၏ တာဝန်နှင့်လည်း ကိုက်ညီနေသကဲ့သို့၊ လော့ဖုန်းမဟာမိတ်အဖွဲ့နှင့် ပတ်သက်သော အခြေအနေများကို သိရှိနိုင်ရန်လည်း မျှော်လင့်ခဲ့သောကြောင့် ဖြစ်လေသည်။

သို့သော် ဤတာဝန်ကြီးတွင် မျှော်လင့်မထားသော ရှုပ်ထွေးမှုများစွာ ပါဝင်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ကိစ္စရပ်များမှာ ဆုမို မူလက ခန့်မှန်းထားသည်ထက် များစွာ ပိုမို ကျယ်ပြန့်နေတော့၏။

"မောင်လေး... ဒီခရီးက ငါတို့ ထင်ထားတာထက် အများကြီး ပိုအန္တရာယ် များနေပြီ။"

ယန်ရှောင်ယွင်က ချန်မင်း သခင်ကြီးနှင့် လော့ကျန်းတို့ မကြားနိုင်အောင် ဆုမိုအား အသံတိုးတိုးဖြင့် ပြောလိုက်၏။

"သိုင်းလောကထဲ လျှောက်လှမ်းတဲ့အခါ ကတိနဲ့ သစ္စာက ပထမ ဆိုပေမဲ့... အခုက ယူချွမ်ဂိုဏ်းလည်း ပါနေသလို၊ သိုင်းလောကသားတွေ အများကြီးရဲ့ အသက်နဲ့လည်း ပတ်သက်နေတယ်။ ငါတို့ ပေါ့ဆလိုက်ရင် အခြေအနေက ပြုပြင်လို့ မရအောင် ဆိုးသွားနိုင်တယ်။ ဒါကြောင့် ငါတို့ သေသေချာချာ စဉ်းစားဖို့ လိုမယ်။"

ယန်ရှောင်ယွင်၏ စကားကြောင့် ဆုမို အံ့သြသွားရသည်။ သူမ၏ ရဲရင့်သော စရိုက်အရ မီးပင်လယ်၊ ဓားတောင်ကိုပင် ကြောက်မည့်သူ မဟုတ်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ သူမက အရင်ဆုံး တွန့်ဆုတ်နေပါ၏။

ဆုမို၏ အံ့သြနေသော အကြည့်ကို မြင်သောအခါ ယန်ရှောင်ယွင်က သူ့ကို အလေးအနက် စိုက်ကြည့်လိုက်၏။

"သိုင်းလောကထဲ သွားတဲ့အခါ ကတိတည်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ မစဉ်းစားမဆင်ခြင်ဘဲ စွန့်စားတာဟာ ကိုယ့်ကိုယ်ကို တာဝန်မကျေတာတင်မကဘူး၊ ကိုယ့်ရဲ့ ကတိနဲ့ သစ္စာကိုပါ လျစ်လျူရှုရာ ကျတယ်။ တကယ်လို့ အခု အခြေအနေမှာ နင်က ဇွတ်တိုးဝင်သွားပြီး ယူချွမ်ဂိုဏ်းသားတွေလက်ထဲမှာ အသက်ပျောက်သွားမယ်ဆိုရင်... နင် အသက်ဆုံးရှုံးရရုံတင်မကဘူး၊ နင်ပေးထားတဲ့ ကတိကိုလည်း တာဝန်မကျေရာ ရောက်သွားလိမ့်မယ်။"

"မလှုပ်ရှားခင် သုံးကြိမ်တိုင်တိုင် စဉ်းစားပါ... ဆိုတာက ဘာမှမလုပ်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ငါက နင့်ကို မဆင်မခြင် မလုပ်စေချင်တာပဲ။"

ဆုမို ပြုံးလိုက်၏။

"အစ်မရှောင်ယွင် ပြောတာ အများကြီး မှန်ပါတယ်။ ဒါဆိုရင် အစ်မရဲ့ အမြင်အရဆိုရင် ဘယ်လို ဆက်လုပ်ကြမလဲ။"

"အရင်ဆုံး အခြေအနေကို အကဲခတ်မယ်။ လုပ်နိုင်တာ ရှိရင် ယွီလျိုစံအိမ်က ကိစ္စတွေကို အရင် ရှင်းမယ်။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ငါတို့ နောက်ဆုတ်ကြရမယ်။ ပြီးရင် သံမဏိသွေး အာမခံဌာနဆီကို စာပို့ပြီး အဖေဆီက အကူအညီ တောင်းရမယ်။ ငါတို့က သိုင်းလောကထဲမှာ တစ်ယောက်တည်း မဟုတ်ဘူးလေ။ ကိုယ့်အင်အားနဲ့ မနိုင်ရင် လူကြီးမိဘတွေကို အားကိုးရမှာပေါ့။"

ယန်ရှောင်ယွင်က ဒါဟာ အမှန်ကန်ဆုံး နည်းလမ်းဖြစ်ကြောင်း ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

ဆုမိုမှာမူ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားရပြီး သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။

"အချိန်သာ အလုံအလောက် ရှိမယ်ဆိုရင်တော့ အစ်မ ပြောတဲ့ နည်းလမ်းက အကောင်းဆုံးပေါ့။ ဒါပေမဲ့ အခုက... ကျွန်တော် စိုးရိမ်တာ တစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့မှာ အချိန် မကျန်တော့မှာကိုပဲ။”

အခန်း (၆၅) - ကောင်းကင်တိုင်အောင် ထိန်းကျောင်းသော တရားမျှတမှု

~ချန်မင်း သခင်ကြီး၏ ရှင်းပြချက်များကြောင့် လွန်ခဲ့သော ကာလအတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေများမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်လေသည်။

ယူချွမ်ဂိုဏ်းသည် အရှေ့ဘက်မှ ရောက်ရှိလာပြီး သူတို့၏ ပထမဆုံး ပစ်မှတ်မှာ ရွှမ်ကျီတောင်ကြားပင် ဖြစ်၏။

လျူဆွေဖုန်း လမ်းခရီး၌ တွေ့ဆုံခဲ့သော ယူချွမ်ဂိုဏ်းမှ ပညာရှင်မှာလည်း တိုက်ဆိုင်မှု မဟုတ်ဘဲ၊ လျူဆွေဖုန်းအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ရပေမည်။

ယူချွမ်ဂိုဏ်းသည် ရွှမ်ကျီတောင်ကြားအား သိမ်းပိုက်ပြီးနောက်၊ ချန်မင်း သခင်ကြီး၏ အမည်ကို အသုံးပြုကာ ဖိတ်စာများ ဖြန့်ဝေခဲ့သည်။ အနောက်တောင် ဒေသရှိ သိုင်းလောက ဂိုဏ်းပေါင်းစုံအား ရွှမ်ကျီတောင်ကြား၌ လာရောက် ဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူတို့သည် ထိုသူများထဲမှ အချို့ကို တိတ်တဆိတ် ပြန်ပေးဆွဲခဲ့ကြပြန်သည်။

ဤဗျူဟာမှာ ရှေ့နောက်မညီဟု ထင်ရသော်လည်း တကယ်တမ်း၌မူ အလွန်ပင် ကောက်ကျစ်လှပေသည်။

ဤမျှ လူအများအပြားကို ဖိတ်ခေါ်ထားရာ၊ အစီအစဉ် မည်မျှပင် စေ့စပ်သည်ဆိုဦးတော့ အားလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန်မှာ မလွယ်ကူလှပေ။

လာရောက်ကြမည့် သူအချို့ကို တိတ်တဆိတ် ဖမ်းဆီးထားခြင်းဖြင့် ရွှမ်ကျီတောင်ကြားသို့ ရောက်ရှိလာမည့် အင်အားစုများကို လျော့ပါးစေရုံတင်မက၊ ထို 'ဖိတ်ကြားလွှာ' ကိုလည်း ပိုမို အလေးအနက် ဖြစ်စေလေသည်။

နောက်တစ်ချက်မှာ... ဥပမာအားဖြင့် လော့ရှင်းဂိုဏ်းမှ ‌လော့ကျင်းကျင်းကို သူတို့ ဖမ်းဆီးထားမည်ဆိုလျှင်၊ သူမ၏ ဖခင်ဖြစ်သူမှာ ယူချွမ်ဂိုဏ်း၏ အလိုကို မလိုက်ဘဲ နေနိုင်ပါမည်လော။

ဓားမြည်းစမ်းရာ မျှော်စင်အောက်၌ ပိတ်လှောင်ခံထားရသူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ကြည့်ခြင်းအားဖြင့်လည်း ဤအချက်ကို ခန့်မှန်းနိုင်လေသည်။

ဤဗျူဟာသည် တစ်ချက်ခုတ် နှစ်ချက်ပြတ်ရုံတင်မက၊ သုံးချက်ပြတ်ပင် ဖြစ်၏။ အစီအစဉ် တစ်စုံတစ်ရာ လွဲချော်ခဲ့လျှင်ပင် ရွှမ်ကျီတောင်ကြားနှင့် ပတ်သက်၍ မည်သူမျှ သံသယဝင်ရန် မလွယ်ကူချေ။

အဘယ်ကြောင့်ဆိုသော် ရွှမ်ကျီတောင်ကြား၏ ဂုဏ်သတင်းမှာ ကြီးမားလှသကဲ့သို့ ၊ ချန်မင်း သခင်ကြီးမှာလည်း ဖြောင့်မတ်သော ပုဂ္ဂိုလ် တစ်ဦးအဖြစ် လူသိများသောကြောင့်ပင်။

တကယ်လို့ တစ်ယောက်ယောက်က သံသယရှိခဲ့လျှင်တောင်မှ ခိုင်လုံသော သက်သေမရှိဘဲနှင့်တော့ တိုက်ရိုက် ရင်ဆိုင်ဖို့ ခက်လိမ့်မည်။ အဖြေကတော့ ခန့်မှန်းရ ပိုခက်သွားမည်ပင်။

အခြား တစ်ဖက်တွင်လည်း ယွီလျိုစံအိမ်ကို သိမ်းပိုက်ကာ၊ လျူဆွေဖုန်း ဒဏ်ရာ အပြင်းအထန် ရနေသည်ဟူသော သတင်းကို လွှင့်ထုတ်ခြင်းဖြင့် သိုင်းလောကသားများကို မျှားခေါ်ခဲ့ခြင်းမှာလည်း 'လျှို့ဝှက်စခန်း အများအပြား ထားရှိခြင်း' ဟူသော ဗျူဟာပင် ဖြစ်၏။

လာသမျှ ဧည့်သည်များမှာ ဂိုဏ်းသားများအတွက် ကျင့်စဉ် လေ့ကျင့်ရန် သွေးစာကျွေးရမည့် ပစ္စည်းများသာ ဖြစ်ကုန်ကြရသည်။

ရွှမ်ကျီတောင်ကြားမှ အခြေအနေများ ပေါက်ကြားသွားပြီး သိုင်းလောကသားများ ဝိုင်းဝန်း တိုက်ခိုက်လာခဲ့လျှင်ပင်၊ ယူချွမ်ဂိုဏ်းအနေနှင့် နောက်ဆုတ်ရန် နေရာ တစ်ခု ရှိနေဦးမည် ဖြစ်လေသည်။

တိတ်တဆိတ် စုဆောင်းထားသော ဤအင်အားစုသည် အရေးကြီးသော အချိန်တွင် အဆုံးအဖြတ်ပေးမည့် ကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။

နောက်ဆုံးအနေနှင့် လျူဆွေဖုန်း ရှိနေသေး၏။

ယူချွမ်ကျမ်းထဲက အကြီးမားဆုံး မိစ္ဆာသိုင်း သုံးမျိုးကို သုံးပြီး 'သွေးကျွန်' အဖြစ် ပြောင်းလဲပစ်ဖို့ပင်။ အကယ်၍၊ လျူဆွေဖုန်းသာ သွေးကျွန် ဖြစ်သွားခဲ့မယ်ဆိုလျှင်...

ယူချွမ်ဂိုဏ်းအနေနှင့် 'ကိုယ်ပွားအမိန့်' ရထားသူကို ချန်မင်း သခင်ကြီးအဖြစ် ရုပ်ဖျက်ခိုင်းပြီး ရွှမ်ကျီတောင်ကြားက ကိစ္စတွေကို စီမံခိုင်းရုံပင်။

ဒါတင် မကသေးပါ၊... သူတို့ အလိုမကျသူတွေကိုတော့ လျူဆွေဖုန်းကို သုံးပြီး ရှင်းပစ်၍ ရသေး၏။

သိုင်းလောကမှာ 'ယွီလျို ဓားနှလုံးသား' ကို ဘယ်သူက သံသယဝင်ရဲမည်လဲ။ 'နတ်ဘုရား သက်တံ နှလုံးသားရှာဓား' ရဲ့ အလစ်အငိုက် တိုက်ခွက်ကိုရော ဘယ်သူက ခံနိုင်မည်လဲ။

ဆုမို၏ စိတ်ထဲတွင် ဤအစီအစဉ်များကို ဆက်စပ်တွေးတောကြည့်ရင်း၊ ယူချွမ်ဂိုဏ်း၏ ဗျူဟာများမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင် စေ့စပ်နေသည်ကို တွေ့ရှိလိုက်ရ၏။

သို့သော်လည်း ဆုမို နားမလည်နိုင်သော အချက် တစ်ချက် ရှိနေသေးသည်။

‘တကယ်လို့ ယူချွမ်ဂိုဏ်းက ဒီအနောက်တောင်ဘက် နယ်မြေကို တစ်ခါမှ ခြေမချဖူးဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီး သိုင်းလောက ဂိုဏ်းတွေအကြောင်းကို ဒီလောက်အထိ အသေးစိတ် သိနေရတာလဲ။

ဂိုဏ်းတွေအကြောင်း သိတာက ထားပါဦး။ ယင်တောင် သရဲဘုရင်လို လူမျိုးတွေရဲ့ အကြောင်းကိုတောင် နှိုက်နှိုက်ချွတ်ချွတ် သိနေတာကတော့ တကယ်ကို ကြောက်စရာပဲ။

ဖန်ဟွေတောင်က 'လျှို့ဝှက်ချက် ရှာဖွေခြင်း တောင်ကြား' က မိစ္ဆာဂိုဏ်းတွေရဲ့ စုစည်းမှုမှာ သုံးခဲ့တဲ့ ဗျူဟာတွေက ယွီလျိုစံအိမ်မှာ သုံးနေတဲ့ ဗျူဟာတွေနဲ့ မတူဘူးလေ။

ဒီအနောက်တောင်ဒေသ သိုင်းလောကထဲမှာ ယူချွမ်ဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့သူ တစ်ယောက်ယောက် ရှိနေတာလား’

ဤအတွေးသည် ဆုမို၏ စိတ်ထဲတွင် အလိုလို ပေါ်ပေါက်လာလေသည်။

ယန်ရှောင်ယွင် ပြောခဲ့သည်မှာလည်း မှန်ကန်လှပေသည်။ ဤမျှ ကြီးမားလှသော ကိစ္စရပ်ကြီးအား သူတို့နှစ်ဦးတည်းနှင့် ဖြေရှင်းရန်မှာ မလုံလောက်ချေ။

သို့သော် ယန်ယီကျီ၏ အကူအညီကို ဤနေရာတွင် ထိုင်စောင့်နေမည် ဆိုလျှင် အချိန်များ ပို၍ပင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

" 'သွေးကျွန်' ပြုလုပ်တဲ့ နည်းလမ်းက ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာ ကျွန်တော်တို့ မသိဘူး"

ဆုမိုက ယန်ရှောင်ယွင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ဒါပေမဲ့ ချန်မင်း သခင်ကြီး ပြောပုံအရဆိုရင် သူတို့အားလုံး စုပေါင်းပြီး ဒါကို အကောင်အထည်ဖော်နေကြတာ။ အချိန်ကို တွက်ကြည့်ရင် လျူဆွေဖုန်း.. ရွှမ်ကျီတောင်ကြားကို ရောက်သွားတာ တစ်လကျော်နေပြီ။ တကယ်လို့ သူသာ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး ဆိုရင်တော့... ကျွန်တော်တို့ရဲ့ ဒီတာဝန်က ဘာအဖြေမှ ထွက်လာမှာ မဟုတ်တော့ဘူး"

ယန်ရှောင်ယွင်လည်း ဤအချက်ကို နားလည်ပါသည်။ သို့သော် သူမ၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်နေဆဲပင်။

"ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ငါတို့ နှစ်ယောက်တည်းကတော့ တကယ်ကို အားနည်းလွန်းတယ်..."

ဒီမိန်းကလေးက ရဲရင့်သလောက်၊ အမြော်အမြင်လည်း ရှိရှာပါသည်။

ယုံကြည်ချက် ရှိလျှင်၊ ဒါမှမဟုတ် ယုံကြည်ချက် နည်းနည်းလေး ရှိလျှင်တောင်မှ သူမက အသက်နှင့် ရင်းပြီး တိုက်ခိုက်ရဲသည့် သူပင်။

သို့ရာတွင်၊ လုံးဝ မရေရာသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အခါမှာတော့ ပိုပြီး သတိထားဖို့ လိုအပ်ပါ၏။

ကောင်းမှု လုပ်သည့် အခါ အကျိုးဆက်ကို မမျှော်လင့်သင့်ဘူး ဆိုသော်လည်း၊ ကိုယ့်မှာ ထိုတာဝန်ကို ထမ်းဆောင်နိုင်‌သည့် အရည်အချင်း ရှိမရှိ ဆိုတာကိုတော့ အရင်မေးရမည်ပင်။

မဟုတ်လျှင်တော့ ဒါဟာ အဓိပ္ပာယ်မရှိသည့် စတေးမှု တစ်ခုပဲ ဖြစ်သွားလိမ့်မည်။

"ဘယ်သူက...ကျွန်တော်တို့ နှစ်ယောက်တည်းလို့ ပြောလဲ"

ဆုမို၏ နှုတ်ခမ်းထောင့်များ ရုတ်တရက် အနည်းငယ် ကွေးညွှတ်သွား၏။

"ကျွန်တော်တို့ဘက်မှာ... အားကိုးရာမဲ့နေတာ မဟုတ်ပါဘူး"

"ဟင်"

ယန်ရှောင်ယွင် ကြောင်သွားသည်။ သူမသည် လော့ကျန်းကို တစ်ချက်ကြည့်လိုက်၊ ချန်မင်း သခင်ကြီးကို တစ်ချက်ကြည့်လိုက်နှင့် စဉ်းစားနေပုံ ရ၏။ ထို့နောက် သူတို့ လာခဲ့သည့် လမ်းဘက်သို့ လှည့်ကြည့်လိုက်ပြီးမှ သဘောပေါက်သွားလေသည်။

"နင် ပြောတာက... ဟိုလူတွေကိုလား"

"အတိအကျပဲ"

ဆုမို ပြုံးလိုက်၏။

ဤနေရာ၌ အကျဉ်းကျနေသော သိုင်းလောကသားများထဲတွင် အချို့မှာ အတင်းအဓမ္မ ဖမ်းဆီးခံထားရသူများ ဖြစ်ပြီး၊ အချို့မှာမူ မိမိအလိုအလျောက် ရောက်ရှိလာကြသူများ ဖြစ်သည်။

သို့သော် မည်သူပင် ဖြစ်ပါစေ၊ ဤအခိုက်အတန့်တွင် သူတို့၏ ရင်ထဲ၌ ခံပြင်းချက်များ ပေါက်ကွဲနေကြမည်မှာ သေချာလှသည်။

အရင်ကတော့ ဆုမို သူတို့ကို ထည့်မစဉ်းစားခဲ့ပါ၊ အကြောင်းကတော့ ဒီအာမခံပစ္စည်းကို ပို့ပြီးတာနှင့်၊ အလုပ်ပြီးပြီဟု ထင်ထားခဲ့သည်ကိုး။

သို့ရာတွင်၊ ယခုက အလုပ်မပြီးသေးတော့၊ သူတို့ကို နည်းနည်းလောက် အသုံးချရပါမည်။

ဆုမိုနဲ့ ယန်ရှောင်ယွင်ရဲ့ ဂုဏ်သတင်း တစ်ခုတည်းနှင့်တင် သူတို့ကို စုစည်းဖို့ မလောက်နိုင်ပေမဲ့၊ ယခု သူတို့ဘက်မှာ ချန်မင်း သခင်ကြီး ရှိနေပြီ မဟုတ်ပါလော။

ဒီပုဂ္ဂိုလ်ကျော်ကြီးက သာမန်လူ မဟုတ်ပါလေ။

တစ်ခုပဲ စိုးရိမ်စရာ ရှိသည်က... 'သွေးပြောင်းလဲခြင်း နည်းစနစ်' ၏ ဒဏ်က သူ့အပေါ်မှာ ဘယ်လောက်အထိ ကျန်နေသေးလဲ ဆိုသညါ့် ကိစ္စပါပင်။

ဆုမို တွေးနေစဉ်မှာပင် ချန်မင်း သခင်ကြီးသည် ထရပ်လိုက်ပြီ ဖြစ်သည်။ လော့ကျန်းက ယွီလျိုစံအိမ်၏ အခြေအနေများကို ရှင်းပြပြီးသွားပုံ ရ၏။

ဝတ်ရုံစများ စုတ်ပြတ်နေသော ထိုတာအိုဆရာကြီးသည် ဆုမို၏ အနားသို့ တိုးလာပြီး၊ လက်သီးနှင့် လက်ဝါး ပူးကပ်ကာ အလေးအနက် ဦးညွှတ်လိုက်လေသည်။

"သူရဲကောင်းလေးရဲ့ တရားမျှတမှုက ကောင်းကင်တိုင်အောင် ကြီးမားလှပါတယ်။ အန္တရာယ်ကြားထဲကို ဒီလောက်အထိ ဇွတ်တိုးဝင်ပြီး ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ကျုပ်.. တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး"

"..."

ဆုမို ခေတ္တမျှ ဆွံ့အသွားရ၏။ ထို့နောက်မှ ဂါရဝ ပြန်ပြုလိုက်၏။

"သခင်ကြီးကလည်း ချီးမွမ်းလွန်းနေပါပြီ။ သိုင်းလောကသား အချင်းချင်းပဲ၊ မိစ္ဆာဂိုဏ်းသားတွေ ဒီလောက်အထိ ရမ်းကားနေတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်ပါ့မလဲ"

ဆုမို ရောက်လာတာက အာမခံ တာဝန်အတွက် ဆိုသော်လည်း ယခုလို အထင်ကြီးခံနေရတာကိုတော့ ဘာလို့ ရှင်းပြနေတော့မည်လဲ။

ချန်မင်း သခင်ကြီးက ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်၏။

"ငါလည်း တစ်သက်လုံး သိုင်းလောကထဲမှာ လည်ပတ်လာခဲ့တာ... အသက်ကြီးမှ ဒီလို အရှင်လတ်လတ် ငရဲကျမယ့် ဘေးမျိုးနဲ့ တိုးလိမ့်မယ်လို့ မထင်ထားမိဘူး..."

"သခင်ကြီး... စိတ်ပျက်မနေပါနဲ့ဦး"

ဆုမိုက ပြောလိုက်၏။

"ဒီနေရာက စကားပြောဖို့ အချိန်ကောင်း မဟုတ်ဘူး။ ဒီမှာ စောင့်ကြပ်နေတဲ့သူတွေ ဘယ်ရောက်ကုန်လဲ ကျွန်တော် မသိပေမဲ့၊ အချိန်ဆွဲလေလေ အခြေအနေက ပြောင်းလဲသွားနိုင်လေလေပဲ။ ဒီနေရာက မူလက ယွီလျိုစံအိမ် ဓားမြည်းစမ်းရာ မျှော်စင်အောက်က ခိုလှုံရာ နေရာလေ။ ကျွန်တော်တို့အပြင် တခြား သိုင်းလောကသားတွေ အများကြီးလည်း ဒီမှာ အကျဉ်းကျနေကြသေးတယ်"

"အဲ့ဒီလူတွေကို အရင်ဆုံး ကယ်ထုတ်ကြရအောင်။ ပြီးမှ ယွီလျိုစံအိမ်က မိစ္ဆာအငွေ့အသက်တွေကို အကုန်ရှင်းပစ်တာပေါ့"

"နောက်ပြီး သခင်ကြီး သိထားရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

"ယူချွမ်ဂိုဏ်းက လူယုတ်မာတွေဟာ အခု ရွှမ်ကျီတောင်ကြားကို သိမ်းပိုက်ပြီး အနောက်တောင်ဒေသ တစ်ခုလုံးကို စိုးမိုးဖို့ ကြံစည်နေကြတာ"

"သခင်ကြီးရဲ့ နာမည်နဲ့ ဖိတ်စာတွေလွှင့်ပြီး သိုင်းလောက ဂိုဏ်းပေါင်းစုံကို ရွှမ်ကျီတောင်ကြားကို ခေါ်ထားကြတယ်"

"ကျွန်တော်တို့ အချိန်ဆွဲလို့ မရတော့ဘူး။ ယွီလျိုစံအိမ်က ကိစ္စတွေ ပြီးတာနဲ့... သခင်ကြီးကပဲ ဦးဆောင်ပြီး သိုင်းလောကသားတွေကို စုစည်းပေးပါ။ ပြီးရင် ရွှမ်ကျီတောင်ကြားကို ချီတက်ပြီး ယူချွမ်ဂိုဏ်းနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရပါလိမ့်မယ်"

"ဟေ... ဒီလောက်အထိတောင် ယုတ်မာနေကြတာလား။ ငါလည်း ဒီကိစ္စကို စိတ်ပူနေတာ။ မိစ္ဆာဂိုဏ်းက လူယုတ်မာတွေကတော့ တကယ်ကို ရွံစရာ ကောင်းလွန်းတယ်။ သူရဲကောင်းလေး ပြောတာ အမှန်ပဲ။ ငါတို့ ဒါကို အမြန်ဆုံး လုပ်ရမယ်"

ချန်မင်း သခင်ကြီးသည် ထိတ်လန့်ရုံတင်မက၊ အလွန်အမင်းလည်း ဒေါသထွက်နေလေသည်။ သူသည် ဆုမို၏ စကားကို အပြည့်အဝ ထောက်ခံလိုက်၏။

လော့ကျန်းက နှုတ်ခမ်းကို မဲ့လိုက်ပြီး အနားသို့ တိုးလာသည်။

"ဒါဆိုရင်လည်း စကားတွေ အများကြီး ပြောမနေကြနဲ့တော့။ အဲ့ဒီ မိစ္ဆာစုတ်လေးတွေကို ငါ မြင်မရတာ ကြာပြီ။ အကျိုးအကြောင်းတွေကို သေသေချာချာ သိချင်လို့သာ အောင့်ထားရတာ။ မဟုတ်ရင်တော့ အစောကြီးကတည်းက အကုန် သတ်ပစ်လိုက်ပြီ"

ချန်မင်း သခင်ကြီးသည် ယခုအချိန်တွင် အတော်အတန် အားအင် ပြန်ပြည့်နေပြီ ဖြစ်၏။

ဆုမိုလည်း ခံစားမိသည်။ ဤတာအိုဆရာကြီး၏ 'ရူယီအတွင်းအား' မှာ အမှန်တကယ်ပင် နက်နဲလှပေသည်။ သွေးပြောင်းလဲခြင်း နည်းစနစ်မှာ ပြင်းထန်လှသော်လည်း၊ ဤဆရာကြီး၏ တာအိုအခြေခံကိုတော့ လုံးဝ ဖျက်ဆီးပစ်နိုင်ခြင်း မရှိခဲ့ပေ။ အခွင့်အရေး ရသည်နှင့် အမှားကို ပြုပြင်ရန် ခက်ခဲမည် မဟုတ်ချေ။

သူတို့အချို့ ခေတ္တမျှ ဆွေးနွေးပြီးနောက်၊ ချက်ချင်းပင် စတင် လှုပ်ရှားလိုက်ကြလေတော့သည်။ လူသတ်ခြင်းနှင့် လူကယ်ခြင်းတို့ကို ဤအခိုက်အတန့်မှာပင် ဆောင်ရွက်ကြရတော့မည် မဟုတ်ပါလော။

အခန်း (၆၆) - အတုအယောင်

~အစောပိုင်းက သုံးယောက်၊ ယခုတော့ လေးယောက်။ သူတို့ အဖွဲ့တွင် လူအင်အား တိုးလာခဲ့သော်လည်း ရင်ထဲမှ သတိတရားကတော့ လျော့ပါးသွားခြင်း အလျဉ်းမရှိ။

ဖမ်းဆီးခံထားရသည့် သိုင်းလောကသားများကို အခန်းများထဲတွင် သီးခြားစီ ချုပ်နှောင်ထားကြောင်း သူတို့ တွက်ချက်ထားပြီး ဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အရေးအကြီးဆုံးမှာ ကိုယ့်ဘက်တော်သား အင်အားကို စုစည်းရန်ပင် ဖြစ်ပေသည်။ ယခုညတွင် ယူချွမ်ဂိုဏ်းသား အများစုမှာ မိစ္ဆာကျင့်စဉ်များကို အသည်းအသန် လေ့ကျင့်နေကြသဖြင့်၊ အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို သတိမထားမိကြသေး။ ဤအချိန်လေးသည် သူတို့အတွက် ရွှေကဲ့သို့ တန်ဖိုးရှိလှ၏။

ထို့ကြောင့် ရန်သူများ သတိမဝင်ခင်လေးတွင် ဖမ်းဆီးခံထားရသည့် မိတ်ဆွေများကို ကယ်ထုတ်ကာ အင်အားစုစည်းပြီး၊ ရန်သူ့ဘက်မှ ပြန်လှန်မတိုက်ခိုက်နိုင်ခင် တဟုန်ထိုး ချေမှုန်းရမည် ဖြစ်လေသည်။

ချန်မင်းသခင်ကြီးသည်လည်း 'သွေးပြောင်းလဲခြင်း နည်းစနစ်' ၏ နှိပ်စက်မှုကို ကာလရှည်ကြာ ခံစားခဲ့ရသော်လည်း ယခုအခါတွင်မူ လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်သည်။ ဆုမို မေးမြန်းကြည့်ရာတွင် သူ၏ အတွင်းအားမှာ အနည်းငယ် ထိုင်းမှိုင်းနေဆဲ ဖြစ်သော်လည်း တိုက်ခိုက်ရန် အတွက်မူ ပြဿနာမရှိကြောင်း ပြောကြားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့လေးဦးသည် အကျဉ်းခန်း တံခါးဝ တစ်ခု ရှေ့သို့ ရောက်ရှိလာကြ၏။

အခန်းထဲမှ လူသည် ဒေါသတကြီး အော်ဟစ် ဆဲဆိုနေလေသည်။

"တိရစ္ဆာန်ကောင်တွေ... မိစ္ဆာမျိုးတွေ... မင်းတို့ သတ္တိရှိရင် ငါ့ကို လွှတ်ပေးစမ်းပါကွာ... မင်းတို့တစ်ကောင်ချင်းစီကို အမှုန့်ကြိတ်ပစ်မယ်"

ချန်မင်းသခင်ကြီးက အတွေ့အကြုံရင့်သူပီပီ ထိုအသံပိုင်ရှင်ကို ချက်ချင်း မှတ်မိလိုက်လေသည်။

"ဒါ... စိန်သေးလူထူး ချူရှောင် ပါလား"

အခန်းထဲမှ လူသည်လည်း ခေါင်းမော့ကြည့်လိုက်ရာ ဆုမိုတို့ သုံးဦးကို တွေ့လိုက်ရ၏။ သူ အနည်းငယ် ကြောင်အသွားသည်။ စောစောက ဆုမိုတို့ ရောက်လာသည်ကို သူ ရိပ်မိသော်လည်း ယူချွမ်ဂိုဏ်းမှ မိစ္ဆာကောင်များဟု ထင်မှတ်ကာ ဆဲဆိုကြိမ်းမောင်းနေခြင်း ဖြစ်သည်။ ယခု သေချာကြည့်လိုက်မှ တစ်ခုခု လွဲနေကြောင်း သတိထားမိလိုက်၏။ အထူးသဖြင့် ချန်မင်းသခင်ကြီး၏ ပုံစံမှာ ဖရိုဖရဲ ဖြစ်နေပြီး ရင်းနှီးနေသော်လည်း ချက်ချင်း အမည်ဖော်မရ ဖြစ်နေလေသည်။

ချန်မင်းသခင်ကြီးက အခန်းတံခါးတွင် ခတ်ထားသော သံကြိုးကြီးများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"သူ့ကို ကယ်ချင်ရင်တော့ သော့အရင် ရှာမှဖြစ်မယ် ထင်တယ်"

သံကြိုးများက သူတို့၏ အတွင်းအားကို တားဆီးထားနိုင်ခြင်း မရှိသော်လည်း၊ လက်ဗလာဖြင့် ရိုက်ချိုးလိုက်ပါက ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ပြဿနာ ဖြစ်လာနိုင်သောကြောင့်တည်း။

"ကျွန်တော် စမ်းကြည့်ပါရစေ"

ဆုမိုက တည်ငြိမ်စွာပင် ရှေ့သို့တိုးကာ သံကြိုးများကို လက်ဖြင့် ဆွဲလိမ်လိုက်၏။ 'ခလောက်' ခနဲ အသံတိုးတိုးနှင့်အတူ သံကြိုးကြီးများသည် ရွှံ့စေးများပမာ လွယ်ကူစွာပင် ပြတ်တောက်သွားလေတော့သည်။ အသံအနည်းငယ် ထွက်ပေါ်လာသော်လည်း ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေ။

သူ၏ 'လုံရှန်း နတ်ဘုရား' သည် အတွင်း၊ အပြင် နှစ်မျိုးစလုံးတွင် ပြီးပြည့်စုံနေပြီ ဖြစ်ရာ၊ သူ၏ ခွန်အားဗလနှင့် အတွင်းအားမှာ ကြောက်ခမန်းလိလိ ကောင်းမွန်လှ၏။ ကလေးလက်မောင်းခန့် ရှိသော သံကြိုးများသည် သာမန်လူတို့အတွက် ခက်ခဲနိုင်သော်လည်း ဆုမို၏ ကြမ်းတမ်းသော ခွန်အားအောက်တွင်မူ စက္ကူစများကဲ့သို့ ဖြစ်နေလေသည်။

ဘေးတွင် ရပ်ကြည့်နေသော လော့ကျန်းမှာ မျက်လုံးများ ပြူးကျယ်သွားရ၏။

ယွီလျိုစံအိမ်တွင် ဆုမိုနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခကို သူပြန်တွေးမိလိုက်၏။ ထိုစဉ်က သူ ဝင်ရောက်တားဆီးခဲ့သည်မှာ စေတနာနှင့် ဖြစ်သော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် ကျောချမ်းစရာ ကောင်းလှသည်။ ကံကောင်းထောက်မစွာပင် ဤကောင်လေးသည် မျက်နှာပြောင်ပြီး အသည်းမည်းကာ ဉာဏ်များသူ ဖြစ်နေ၍သာ၊ သို့မဟုတ်ဘဲ ရိုးရိုးအအနှင့် လက်သီးချင်း ယှဉ်ထိုးခဲ့ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

လော့ကျန်းသာမက ချန်မင်းသခင်ကြီးသည်ပင် အံ့အားသင့်စွာဖြင့် လေတစ်ချက် ရှူသွင်းလိုက်မိသည်။

"လူငယ်လေးရဲ့ ခွန်အားက တကယ့်ကို ထူးခြားတာပဲ"

"အားသုံးလိုက်ရုံပါပဲဗျာ... ပြောပလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး"

စကားပြောရင်း ဆုမိုက တံခါးကို တွန်းဖွင့်လိုက်ရာ စိန်သေးလူထူး ချူရှောင်က မတ်တတ်ရပ်လျက် သားသား ကြိုနေလေသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

"မိတ်ဆက်နေဖို့ အချိန်မရှိဘူး... ဒါပေမဲ့ ချန်မင်းသခင်ကြီးကိုတော့ ခင်ဗျား မှတ်မိမှာပါ"

ဆုမိုက ပြောပြောဆိုဆိုနှင့် ချူရှောင်၏ ကိုယ်ပေါ်ရှိ သွေးကြောပေါက်များကို စမ်းသပ်လိုက်ပြီး မည်သည့်နေရာတွင် ပိတ်ဆို့နေသည်ကို ချက်ချင်း နားလည်လိုက်၏။ သူက ချူချီ၊ ကျန်ကျင်နှင့် ကျောဘက်ရှိ ဖုန်းမင် သွေးကြောပေါက်များကို ဖိနှိပ်လိုက်၏။

သူ၏ အတွင်းအားများ စီးဆင်းသွားပြီး ချူရှောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ချူရှောင်၏ ကိုယ်ခန္ဓာ တစ်ချက် တုန်ခါသွားပြီးနောက် ပိတ်ဆို့နေသော အတွင်းအားများ ပြန်လည်ပွင့်လာကာ သက်ပြင်းချလိုက်နိုင်လေသည်။

စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း သူက ဆုမိုကို လက်သီးဆုပ် ဂါရဝပြုလိုက်၏။

"ကယ်တင်ပေးတဲ့ ကျေးဇူးကို တင်ပါတယ်ဗျာ"

"ရပါတယ်"

ဆုမိုက အေးဆေးစွာပင် ဆက်ပြောလိုက်၏။

"ဒီနေရာမှာ ကျွန်တော်တို့ သိုင်းလောကသားတွေ အများကြီး အဖမ်းခံထားရတယ်... ဒီည ယူချွမ်ဂိုဏ်းသားတွေ မိစ္ဆာကျင့်စဉ် လေ့ကျင့်နေတုန်း ကယ်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... အစ်ကိုကြီးချူ... မေးချင်တာ ရှိရင် ခဏထားပြီး တခြားလူတွေကို အရင် လိုက်ကယ်ကြရအောင်"

"ကောင်းပြီလေ"

ချူရှောင်သည် ပွင့်လင်းပြတ်သားသူ ဖြစ်သည့်အားလျော်စွာ ခေါင်းညိတ်လိုက်၏။ သေချာကြည့်လိုက်တော့မှ သူနှင့်မလှမ်းမကမ်းတွင် ရှိနေသော ဖရိုဖရဲ အဘိုးအိုမှာ ချန်မင်းသခင်ကြီး ဖြစ်နေကြောင်း သတိထားမိသွားသည်။

တကယ်တမ်းတွင် မေးခွန်းထုတ်နေရန် မလိုအပ်တော့ပေ။ အနည်းငယ် တွေးခေါ်မြော်မြင်တတ်သူတိုင်း အခြေအနေကို သဘောပေါက်နိုင်ပါသည်။

ချူရှောင်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဆုမို၏ နောက်သို့ လိုက်ပါလာခဲ့သည်။ သူ မေးခွန်းတစ်ခုသာ မေးလိုက်၏။

"ဘယ်အချိန်မှ စသတ်ကြမှာလဲ"

ဆုမို၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ဖုံးကွယ်ထားလို့ မရတော့တဲ့အချိန်ပေါ့"

ဖုံးကွယ်ထားလို့ မရတော့သည့်အချိန်...။

လူနည်းနေသေးသမျှ ကာလပတ်လုံး ပုန်းကွယ်ရသည်မှာ လွယ်ကူ၏။ လူများလာသောအခါတွင်မူ ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပေ။ ထိုအချိန်ရောက်လျှင်လည်း ပုန်းကွယ်နေစရာ မလိုတော့။ တည့်တည့်သာ ဝင်တိုက်ရုံပင် ရှိတော့သည်။

မည်သူမျှ စကားပို မပြောကြတော့ဘဲ ဆက်လက် လှုပ်ရှားကြလေသည်။ ဤမြေအောက်ထပ်၏ အတွင်းပိုင်းတွင် ဖမ်းဆီးခံထားရသူများမှာ သာမန်လူများ မဟုတ်ကြပေ။

စိန်သေးလူထူး ချူရှောင်၊ နဂါးဖမ်းလက် ဟဲထုံ ၊ မီးလျှံမြေခွေး ဟူစန်းညန် ၊ ယိကျန်းဖုန်း ၊ ပေရှောင်...

သိုင်းလောက ကျွမ်းကျင်ပညာရှင် တစ်ယောက်ပြီး တစ်ယောက်ကို ဆုမိုက သံကြိုးများ ရိုက်ချိုးကာ ကယ်ထုတ်ပေးလိုက်၏။ သူတို့၏ ပိတ်ဆို့ထားသော သွေးကြောပေါက်များကို ဖွင့်ပေးလိုက်သည်နှင့်အမျှ ဆုမိုတို့ဘက်မှ အင်အားမှာ တဖြည်းဖြည်း ကြီးမားလာလေသည်။

ထိုသို့ ကယ်ထုတ်နေစဉ် ယူချွမ်ဂိုဏ်းမှ ကင်းလှည့်အဖွဲ့အချို့နှင့် ပက်ပင်းတိုးလေ၏။

သို့သော် ဆုမိုတို့ဘက်မှ လူအင်အား များပြားလာပြီ ဖြစ်ရာ ထိုကင်းလှည့်သမားများမှာ ပြောပလောက်စရာ မရှိတော့ပေ။ ဖမ်းဆီးခံထားရသော သိုင်းသမားများသည် ကာလကြာရှည် အကျဉ်းချခံထားရသဖြင့် ဒေါသအိုးများ ပေါက်ကွဲနေကြပြီ ဖြစ်သည်။ ယူချွမ်ဂိုဏ်းသားများကို မြင်သည်နှင့် အမိန့်ပေးစရာ မလိုဘဲ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်ကြတော့သည်။ ဓားသာ ပါလာခဲ့လျှင် ဤနေရာသည် သားသတ်ရုံကြီး ဖြစ်သွားလောက်ပြီ ဖြစ်သည်။

မထင်မှတ်ထားသော အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ယူချွမ်ဂိုဏ်းသားများမှာ သူတို့၏ အဆိပ်ပြင်းသော 'အသည်းမည်း လက်ဝါး' ကိုပင် ထုတ်သုံးချိန် မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြရရှာသည်။

ကင်းသမား အချို့ကို သတ်ဖြတ်ပြီးနောက် သော့များကိုပါ ရှာတွေ့သွားကြသည်။ ထိုအခါ လူအုပ်စုခွဲကာ သီးခြားစီ လှုပ်ရှားကြသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ ပိုမိုမြန်ဆန် လာလေတော့သည်။

ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ဆောင်လျက် လူများကို လိုက်လံကယ်ထုတ်နေရင်း အခန်းတစ်ခု ရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်၏။

အတွင်းသို့ လှမ်းကြည့်လိုက်ရာ စိတ်ပျက်အားလျော့နေသော စာပေပညာရှင် တစ်ဦးကို တွေ့လိုက်ရ၏။ အခန်းဝတွင် လူရောက်နေသည်ကို ရိပ်မိသဖြင့် ထိုစာပေပညာရှင်က ခေါင်းမော့ကြည့်လိုက်၏။ သူတို့ချင်း အကြည့်ချင်း ဆုံသွားသောအခါ ထိုသူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မိစ္ဆာကောင်တွေ... အခု ဘာလုပ်ကြဦးမလို့လဲ"

ဆုမို၏ နှုတ်ခမ်းများ တွန့်ချိုးသွားရသည်။ ဤစာပေပညာရှင်မှာ အခြားသူမဟုတ်၊ 'အဆိပ်လက် စာပေပညာရှင်' ယဲ့ယီချန်ပင် ဖြစ်လေသည်။

မထင်မှတ်ထားသည်မှာ ဤလူသည် သူများထက် ဦးအောင် 'ဓားမြည်းစမ်းရာ မျှော်စင်' ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ဂယက် တစ်ခုလေးမျှပင် မထနိုင်ခဲ့ဘဲ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

ဆုမိုက လက်လှမ်းလိုက်ကာ သံကြိုးများကို ဆွဲဖြတ်ပြီး တံခါးကို တွန်းဖွင့်ပေးလိုက်၏။

ယဲ့ယီချန် ကြောင်အသွားသည်။

"အမ်... နေဦး... မင်းပါလား"

နောက်ဆုံးတော့ သူသည် ဆုမိုနှင့် ယန်ရှောင်ယွင်ကို မှတ်မိသွားလေသည်။

ဆုမိုက ခေါင်းညိတ်ပြလိုက်၏။

"အစ်ကိုကြီးယဲ့... အပြင်ရောက်မှပဲ ပြောကြတာပေါ့"

"ကောင်းပြီ... မင်းနဲ့အတူ ဘယ်သူတွေ ပါလာသေးလဲ"

အပြင်သို့ ထွက်လာရင်း ယဲ့ယီချန်က မကျေမချမ်း ရေရွတ်လိုက်၏။

"ငါက ယန္တရားကို ရှာတွေ့ပြီး ဝင်လာခဲ့တာပါ... ဒါပေမဲ့ တံခါးဝမှာ ယူချွမ်ဂိုဏ်းသားတွေ မိစ္ဆာကျင့်စဉ် လေ့ကျင့်နေကြလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... သူတို့က ရုတ်တရက် ဝိုင်းတိုက်ကြတာကွ... တကယ့်ကို အရှက်မရှိတဲ့ ကောင်တွေ... တစ်ယောက်ချင်းသာဆိုရင် သူတို့ရဲ့ အသည်းမည်းလက်ဝါးက အစွမ်းထက်တယ် ဆိုပေမယ့် ငါ့ပညာကိုတော့ မယှဉ်နိုင်ပါဘူး"

ဆုမိုသည် ယဲ့ယီချန် ဝင်လာစဉ်က ဖြစ်ပျက်ခဲ့မည့် ပုံရိပ်ကို တွေးကြည့်ကာ စိတ်မကောင်း ဖြစ်သွားရသည်။ သူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"ကျွန်တော်တို့ နှစ်ယောက်အပြင် ချန်မင်းသခင်ကြီး၊ စိန်သေးလူထူး ချူရှောင်နဲ့ နဂါးဖမ်းလက် စီနီယာဟဲထုံတို့ကိုလည်း ကယ်ပြီးပါပြီ... ဪ ဒါနဲ့... 'ရုပ်ဆိုးသော လူကြီးလူကောင်း' လော့ကျန်း လည်း ကျွန်တော်တို့နဲ့အတူ ပါလာတယ်"

ထိုစကားကို ကြားသောအခါ ယဲ့ယီချန်၏ ကိုယ်ခန္ဓာ ရုတ်တရက် တုန်ခါသွားသည်။

"ဘယ်သူ... လော့ကျန်း ဟုတ်လား"

"ဟင်"

ဆုမို အံ့အားသင့်သွားသည်။

"ဘာဖြစ်လို့လဲ"

"ဒီည ခန်းမထဲမှာ ရှိနေတဲ့ လော့ကျန်းလား"

ယဲ့ယီချန်က အလျင်စလို မေးလိုက်၏။ ဆုမိုက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်လေ... သူပဲပေါ့"

"... အဲဒါ အတုကြီးကွ"

ယဲ့ယီချန်၏ စကားသံ အဆုံးတွင် အပြင်ဘက်မှ သတ်ဖြတ်သံများ ရုတ်တရက် ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။

ထင်ရှားပါ၏။ ဖုံးကွယ်ထား၍ မရတော့သော အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသတည်း။

All Chapters