အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း (၆၇) - ဒီလောက်ပါပဲ
~လျူဆွေဖုန်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည် ဟူသော သတင်းဆိုးကြီး သိုင်းလောကထက်သို့ ပျံ့နှံ့သွားချိန်မှစ၍ ကောင်းဆိုးနှစ်ဖက်လုံးမှ လူစွမ်းကောင်းတို့သည် ယွီလျိုစံအိမ်ဝန်းကျင်သို့ ရေစီးကမ်းပြို စုဝေးရောက်ရှိလာကြလေသည်။
"နတ်ဘုရား သက်တံ နှလုံးသားရှာဓား" ကို လိုချင်မက်မောသူများ ရှိသကဲ့သို့၊ ထိုအကြံအစည်ကို ဖျက်ဆီးလိုသူများလည်း ရှိကြပေ၏။ သို့သော် ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ၊ ဤနေရာသို့ ခြေချမိသူ မှန်သမျှ လွတ်မြောက်သွားသူဟူ၍ မရှိခဲ့ချေ။ တချို့မှာ မိစ္ဆာကျင့်စဉ်အတွက် လူသားပစ်မှတ်များ ဖြစ်သွားကြရပြီး၊ ကျန်သူများမှာမူ "ဓားမြည်းစမ်းရာ မျှော်စင်" အောက်တွင် အကျဉ်းချခံလိုက်ရလေသည်။
ထိုအထဲတွင် အကြာဆုံး အဖမ်းခံထားရသူမှာ တစ်လခန့် ရှိနေပြီဖြစ်ပြီး၊ တချို့မှာမူ သုံးရက်၊ ငါးရက်ခန့်သာ ရှိသေး၏။
သို့သော် ယခုအချိန်တွင် ထိုသူများအားလုံးသည် သံတိုင်များနောက်မှ လွတ်မြောက်လာကြပြီ ဖြစ်ရာ၊ ချုပ်တည်းထားသမျှ ပေါက်ကွဲကာ ရူးသွပ်နေသော မိစ္ဆာများပမာ ဖြစ်နေကြတော့သည်။
အစပိုင်းတွင် သူတို့သည် ဆုမိုနှင့် ချန်မင်းသခင်ကြီးတို့၏ မှာကြားချက်အတိုင်း သတိကြီးစွာ ထားခဲ့ကြသော်လည်း၊ ရန်သူနှင့် ပက်ပင်းတိုးမိသည်နှင့် တစ်ပြိုင်နက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကြလေသည်။
ရုတ်တရက် သတ်ဖြတ်သံများ မိုးချုန်းသကဲ့သို့ ဆူညံစွာ ထွက်ပေါ်လာပြီး၊ လှောင်ချိုင့်ထဲမှ လွတ်မြောက်လာသော ဝံပုလွေအုပ်ကြီးသည် သူတို့၏ အစွမ်းများကို ထုတ်ဖော်ပြသခွင့် ရသွားကြလေတော့သည်။
သို့သော် ဆုမိုမှာမူ ဘေးနားရှိ ယဲ့ယီချန်ကို ကြည့်ရင်း အံ့သြနေမိသည်။
"အတုအယောင် ဟုတ်လား"
'ငါ လမ်းတစ်လျှောက်လုံး ဒီလူကို မယုံသင်္ကာ ဖြစ်ခဲ့ပေမယ့်... သူ့ရဲ့ လူပ်ရှားမှုကိုပဲ သံသယဝင်ခဲ့တာ... သူ့ရဲ့ ဝိသေသလက္ခဏာ အစစ်အမှန်ကိုတော့ သံသယ မဝင်ခဲ့မိပါလား'
ဆုမိုက မျက်ခုံးပင့်ရင်း မေးလိုက်၏။
"အစ်ကိုကြီးယဲ့မှာ သက်သေရှိလို့လား"
"ငါ ဒီကိုလာတာ လော့ကျန်းကို လိုက်ရှာဖို့ သက်သက်ပဲဗျ"
ယဲ့ယီချန်က လေးနက်သောလေသံဖြင့် ရှင်းပြသည်။
"အကျည်းတန်လူကြီးလူကောင်း လော့ကျန်းဆိုတာ နာမည်သိပ်မကြီးပေမယ့်၊ ရုပ်ဆိုးသလောက် စိတ်ရင်းကောင်းပြီး ကူညီတတ်သူပါ... အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့်သာ အပြောအဆို ကြမ်းတမ်းပြီး လောကကြီးကို အမြင်စောင်းနေသယောင် ဖြစ်နေတာ... လျူဆွေဖုန်း ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကြားတော့ သူက ပြောဖူးတယ်... 'ယွီလျိုဓားနှလုံးသားက ဟန်ဆောင်ကောင်းပြီး ဖြောင့်မတ်ချင်ယောင်ဆောင်ပေမယ့် ဒီလို ကံဆိုးမိုးမှောင်ကျတာမျိုးတော့ မခံစားသင့်ပါဘူး' တဲ့... အဲဒါနဲ့ သူက ငါ့ကို လာကူညီဖို့ ခေါ်တုန်းက ငါက.. မပတ်သက်ချင်လို့ ငြင်းခဲ့မိတယ်"
ယဲ့ယီချန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်ပြောသည်။
"အဲဒီနောက် သူပျောက်သွားတာပဲ... ဒါနဲ့ ငါလည်း စိတ်မသန့်တာနဲ့ အမှန်တရားကို သိရအောင် လိုက်လာခဲ့တာ... ဒီနေ့ ကျွန်တော်ရောက်ရောက်ချင်း အဲဒီ 'လော့ကျန်း' ဆိုတဲ့လူကို တွေ့လိုက်ရတယ်... ရုပ်ချင်းတူပေမယ့် သူ့ကို ရင်းနှီးတဲ့သူတွေက တစ်ချက်ကြည့်တာနဲ့ ဒါ လော့ကျန်းအစစ် မဟုတ်မှန်း သိသာတယ်ဗျ... လော့ကျန်း ဘယ်ရောက်နေလဲ ဆိုတာကို စုံစမ်းချင်လို့သာ ငါ့မှာ..မသိချင်ယောင် ဆောင်နေခဲ့ရတာ"
ဆုမို၏ နှုတ်ခမ်းများ တွန့်ချိုးသွားရသည်။ ဒီစကားမျိုးကို သူ တစ်နေရာရာမှာ ကြားဖူးနေသလိုလို ခံစားလိုက်ရသောကြောင့်တည်း။
ဓားမြည်းစမ်းရာ မျှော်စင်ထဲတွင် လော့ကျန်းပြောခဲ့သော စကားများနှင့် အကြောင်းအရာချင်း ဆင်တူနေသော်လည်း အနည်းငယ် ပြောင်းပြန် ဖြစ်နေလေသည်။
သို့သော် ဤကိစ္စကို ဆွေးနွေးရန် အချိန်မရှိတော့ပေ။
"ဒီနေရာကနေ အရင်ထွက်ကြတာပေါ့... အဲဒီကိစ္စ နောက်မှ ဆက်ပြောကြမယ်"
"ကောင်းပြီလေ"
ယဲ့ယီချန်လည်း အခြေအနေကို သဘောပေါက်သဖြင့် ခေါင်းညိတ်လိုက်သော်လည်း စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်ပြန်သည်။
"ခေါင်းဆောင်ဆု... လော့ကျန်းကိုရော တွေ့မိသေးလား"
"..."
ဆုမိုက ခပ်မဲ့မဲ့ ပြုံးလိုက်၏။
"ကျွန်တော်သာ သူ့ကို တွေ့ခဲ့ရင် လွတ်ပေးလိုက်ပါ့မလားဗျာ... ဒါပေမဲ့... ကျွန်တော်ထင်တာတော့ ခင်ဗျား လော့ကျန်းကို ဒီနေရာမှာ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
အစောပိုင်းက လူစုခွဲလိုက်ပြီးကတည်းက ဆုမိုသည် လော့ကျန်းကို ပြန်မတွေ့ရတော့ပေ။
ထိုလူလည်သည် ကယ်ဆယ်ရေး စတင်လိုက်သည်နှင့် သူ့အကြောင်း ပေါ်သွားမည်ကို ကြိုသိနေသဖြင့် စောစောစီးစီး လွတ်အောင် ရှောင်ပြေးသွားခြင်း ဖြစ်တန်ရာ၏။ သို့သော် အပြင်ဘက်တွင် ယူချွမ်ဂိုဏ်းသားများ ဝိုင်းရံထားရာ၊ ထိုလူသည် မိုးပေါ်သို့ ပျံတက်သွားခြင်း သို့မဟုတ် မြေလျှိုးသွားခြင်း မဟုတ်လျှင် လွယ်လွယ်နှင့် လွတ်မြောက်နိုင်လိမ့်မည်ဟု ဆုမို မယုံကြည်ပေ။
ဆုမိုသည် စကားဆက်မပြောတော့ဘဲ ယဲ့ယီချန်နှင့် ယန်ရှောင်ယွင်တို့ကို ခေါ်ဆောင်ကာ ရှေ့သို့ ဆက်တက်လာခဲ့သည်။ မလှမ်းမကမ်းရှိ စင်္ကြံလမ်းတွင် လွတ်မြောက်လာသော သိုင်းသမားများနှင့် ယူချွမ်ဂိုဏ်းသားများ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့မြင်လိုက်ရလေသည်။
တကယ်တမ်းတွင် လူအင်အားအရ ကြည့်လျှင် လွတ်မြောက်လာသူများက လူနည်းစု ဖြစ်နေသေး၏။
ယူချွမ်ဂိုဏ်းသားများသည် အရေအတွက် များပြားရုံသာမက၊ အဆိပ်ပြင်းသော 'အသည်းမည်းလက်ဝါး' ကို ပိုင်ဆိုင်ထားကြသဖြင့် အလွန်အန္တရာယ်များလှသည်။ အကယ်၍သာ ကွင်းပြင်ကျယ်တွင် တိုက်ခိုက်ရပါက လွတ်မြောက်လာသူများ အားလုံး ပြန်လည်အဖမ်းခံရနိုင်ခြေ ရှိလေသည်။
ကံကောင်းထောက်မစွာပင် တိုက်ပွဲက ကျဉ်းမြောင်းသော စင်္ကြံလမ်းတွင် ဖြစ်ပွားနေခြင်း ဖြစ်ရာ၊ ရန်သူ မည်မျှပင် များပြားစေကာမူ တစ်ကြိမ်လျှင် လူနည်းစုနှင့်သာ ရင်ဆိုင်ရလေသည်။
ဤအခြေအနေမျိုးတွင် ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေသူများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလာတော့သည်။
စိန်သေးလူထူး ချူရှောင်၊ ချန်မင်းသခင်ကြီး နှင့် မီးလျှံမြေခွေး ဟူစန်းညန်တို့ သုံးဦးသည် ရှေ့ဆုံးမှနေ၍ ရန်သူများကို ရိတ်သိမ်းကာ လမ်းဖွင့်ပေးနေကြသည်။
စိန်သေးလူထူး ချူရှောင်၏ သိုင်းပညာမှာ ပြင်ပခွန်အားကို အဓိကထားသဖြင့်၊ သူ၏ လှုပ်ရှားမှုတိုင်းသည် တောင်များကို ဖြိုခွင်းနိုင်ပြီး ကျောက်ဆောင်များကို ကွဲအက်စေနိုင်သော အစွမ်းရှိလေသည်။
မီးလျှံမြေခွေး ဟူစန်းညန်မှာမူ အမျိုးသမီး ဖြစ်သော်လည်း သူမ၏ အတွင်းအားမှာ အမျိုးသားများထက်ပင် ပို၍ ကြမ်းတမ်းပြင်းထန်ကာ 'သန့်စင်သော ယန်ဓာတ်' သဘောသဘာဝ ရှိနေလေသည်။
ထိုသိုင်းပညာသည် သူမ၏ မိန်းမသား ခန္ဓာကိုယ်နှင့် အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု (ဥပမာ - မုတ်ဆိတ်ပေါက်ခြင်း၊ အသံဩခြင်း) မရှိဘဲ၊ သူမ၏ စိတ်နေစိတ်ထားကိုသာ ပိုမို ရဲတင်းပြတ်သားစေပြီး တိုက်ကွက်များကို ရက်စက်စေသည်။ အနီးကပ် တိုက်ခိုက်ခြင်းနှင့် ချုပ်ကွက်များတွင် သူမ၏ လက်သီးချက်တိုင်းသည် သေစေနိုင်လောက်အောင် ပြင်းထန်လှ၏။
သူတို့နှစ်ဦးနှင့် ယှဉ်လျှင် ဆုမို ကယ်တင်ခဲ့သော ချန်မင်းသခင်ကြီးမှာ 'သွေးပြောင်းလဲခြင်း နည်းစနစ်' ၏ ဒဏ်ကြောင့် အားအနည်းဆုံး ဖြစ်နေလေသည်။
သို့သော် ရူယီကျမ်းစာသည် ထင်ရှားသော ရှေးဟောင်းကျမ်းစာ တစ်ခု ဖြစ်သည့်အပြင်၊ ချန်မင်းသခင်ကြီး ကိုယ်တိုင်ကလည်း သိုင်းလောက အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ပေသည်။ ထို့ကြောင့် သူ၏ တိုက်ကွက်များတွင် မီးခိုးမြူများ မပါရှိသော်လည်း၊ ယူချွမ်ဂိုဏ်းသားများကို လှုပ်ရှားမရအောင် ချုပ်တည်းနိုင်ပြီး အသည်းမည်းလက်ဝါးကို ထုတ်ဖော်ခွင့်မရဘဲ ထိုနေရာတွင်ပင် အသက်ပျောက်သွားစေနိုင်လေသည်။
ထိုထိပ်သီးသုံးဦး ဦးဆောင်မှုကြောင့် ယူချွမ်ဂိုဏ်းသားများမှာ နောက်ဆုတ်ပေးရုံမှတစ်ပါး အခြားမရှိတော့ချေ။
သူတို့ သိမ်းပိုက်လိုက်သော လမ်းကြောင်းတစ်လျှောက်ရှိ အကျဉ်းခန်းများကို နောက်မှ လိုက်ပါလာသူများက ဖွင့်ပေးပြီး သွေးကြောပေါက်များကို ဖြေလျော့ပေးလိုက်သဖြင့် အင်အားမှာ ပိုမို ကြီးမားလာတော့သည်။
အကယ်၍ မထင်မှတ်ထားသော အပြောင်းအလဲမရှိပါက၊ လက်ရှိ အရှိန်အဟုန်အတိုင်းဆိုလျှင် ယူချွမ်ဂိုဏ်းသား အားလုံးကို မျှော်စင်အပြင်ဘက်သို့ မောင်းထုတ်နိုင်မည် ဖြစ်လေသည်။
သို့သော် ကံကြမ္မာသည် မုန်တိုင်းမလာခင် ငြိမ်သက်နေတတ်စမြဲ။
ချန်မင်းသခင်ကြီးသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အပြင်၊ ရက်စက်သော မိစ္ဆာကျင့်စဉ်၏ နှိပ်စက်မှုကို ခံစားခဲ့ရသူ ဖြစ်သည်။ သူသည် ရူယီကျမ်းစာ၏ အခြေခံကောင်းမွန်မှုကြောင့်သာ တောင့်ခံထားနိုင်ခြင်း ဖြစ်သော်လည်း၊ အချိန်ကြာမြင့်စွာ တိုက်ခိုက်လာသောအခါ ခွန်အားများ တဖြည်းဖြည်း ယုတ်လျော့လာတော့သည်။
သူက ရုတ်တရက် အသံမြှင့်ကာ အော်ဟစ်လိုက်လေသည်။
"ဒီ အဘိုးကြီးနေရာကို ခဏလောက် ဝင်တိုက်ပေးမယ့် သူရဲကောင်း ရှိကြသလားဟေ့"
"ကျွန်တော် ရှိပါတယ်"
ချက်ချင်းပင် လူတစ်ယောက်က စကားပြန်ပြောလိုက်ပြီး ချန်မင်းသခင်ကြီး၏ နောက်ကျောဘက်သို့ ရောက်ရှိလာသည်။ ချန်မင်းသခင်ကြီး နောက်ဆုတ်လိုက်သည်နှင့် ထိုသူသည် လစ်လပ်သွားသော နေရာကို ကျွမ်းကျင်စွာပင် ဝင်ရောက် နေရာယူလိုက်လေသည်။
သို့သော် သူ ခြေကုပ်ယူလိုက်ချိန်မှာပင် မထင်မှတ်ထားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ ရှေ့တွင် ရှိနေသော ယူချွမ်ဂိုဏ်းသား ဒါဇင်ပေါင်းများစွာသည် လူချင်းပူးကပ်လျက် တစ်ဆက်တည်း ဖြစ်အောင် တန်းစီလိုက်ကြသည်။
ရှေ့ဆုံးမှ လူ၏ နောက်ကျောကို နောက်လူက လက်ဝါးဖြင့် ထောက်ထားပြီး၊ တစ်ဆင့်ပြီးတစ်ဆင့် အတွင်းအားများကို စီးဆင်းစေကာ ရှေ့ဆုံးလူထံသို့ ပို့လွှတ်နေကြခြင်း ဖြစ်သည်။
ခဏချင်း အတွင်းမှာပင် ထိုလူ၏ ခန္ဓာကိုယ်မှ မည်းနက်သော မြူခိုးများ ပွက်ပွက်ဆူ ဝေပျံလာတော့သည်။
သူက လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်ရာ၊ တစ်ဖက်လူနှင့် ထိပ်တိုက် မတွေ့ရသေးမီမှာပင် စင်္ကြံလမ်းတစ်ခုလုံး၌ ရှူရှိုက်မိရုံနှင့် အော့အန်ချင်စဖွယ် ကောင်းသော သွေးညှီနံ့များ လှိုင်လှိုင်ထွက်ပေါ်လာလေတော့သည်။
"ထိပ်တိုက် မရင်ဆိုင်နဲ့... ရှောင်လိုက်"
အနောက်သို့ ရောက်သွားသော ချန်မင်းသခင်ကြီးသည် ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် မျက်လုံးများ ပြာဝေသွားကာ အော်ဟစ် သတိပေးလိုက်လေသည်။
ဂွမ်ချုံး ..အမည်ရှိသော ထိုသိုင်းသမားသည် ထိပ်တိုက်မရင်ဆိုင်သင့်မှန်း သူကိုယ်တိုင်လည်း သိပါသည်။
သို့သော် ယခုအချိန်တွင် သူသာ နောက်ဆုတ်လိုက်ပါက ယူချွမ်ဂိုဏ်းသားများသည် ထိုကွက်လပ်မှတစ်ဆင့် အလုံးအရင်းနှင့် ဝင်ရောက်လာကြမည် ဖြစ်ပြီး၊ ရရှိထားသော အသာစီး အခြေအနေများ အားလုံး ပျက်စီးသွားပေလိမ့်မည်။
သူသည် အံ တင်းတင်းကြိတ်လိုက်ပြီး ဟားတိုက် ရယ်မောလိုက်လေသည်။
"ယောက်ျားကောင်း တစ်ယောက်က လောကကြီးကို ရင်ဆိုင်တဲ့အခါ ရဲရဲဝံ့ဝံ့ ရှိရမယ်... သေခြင်းတရားဆိုတာ အသေးအဖွဲပါကွာ... ငါ ဂွမ်ချုံး ဘာကို ကြောက်ရမှာလဲ"
စကားဆုံးသည်နှင့် သူသည် ခန္ဓာကိုယ်ရှိ အတွင်းအား အားလုံးကို လက်ဝါးနှစ်ဖက်တွင် စုစည်းလိုက်ပြီး ရန်သူ၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်လေသည်။
ထိုစဉ်မှာပင် သူ၏ ဂုတ်ပိုးထက်သို့ ကြီးမားသော အားတစ်ခု ရောက်ရှိလာပြီး၊ လည်ပင်းကို ဆွဲကိုင်ခံလိုက်ရသဖြင့် ဂွမ်ချုံးမှာ နောက်သို့ လွင့်စဉ်သွားရတော့သည်။ ထိုအချိန်တွင် လူတစ်ယောက်၏ ပြောစကားသံကို သူ ကြားလိုက်ရ၏။
"အစ်ကိုကြီးဂွမ်က တကယ်မိုက်သားပဲဟေ့"
ဂွမ်ချုံး မော့ကြည့်လိုက်ရာ ကျောတွင် ဓားသေတ္တာပိုးထားပြီး ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် ယူချွမ်ဂိုဏ်းသားများ၏ စုပေါင်း 'အသည်းမည်းလက်ဝါး' ကို တစ်ကိုယ်တည်း ရင်ဆိုင်ရန် ဝင်သွားခြင်း ဖြစ်လေသည်။
"မလုပ်နဲ့"
ဂွမ်ချုံး မျက်လုံးပြူးသွားပြီး ထိတ်လန့်တကြား အော်ဟစ် တားဆီးလိုက်၏။
သို့သော် ထိုလူငယ်က ဂရုမစိုက်ပေ။ သူသည် ကြမ်းပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ရာ 'ဝုန်း' ခနဲ ကျယ်လောင်သော အသံနှင့်အတူ မြေကြီးတစ်ပြင်လုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။ ထို့နောက် သူ၏ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ယူချွမ်ဂိုဏ်းသားများ၏ လက်ဝါးစွမ်းအင်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့သည်။
“ဝုန်း”
မိုးမြေသိမ့်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
ကြီးမားသော စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားပြီး ယူချွမ်ဂိုဏ်းသားများ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေ့ဆုံးမှ လူ၏ ခန္ဓာကိုယ်အနှံ့တွင် သွေးကြောများ စတင်ကွဲအက်လာပြီး၊ 'ဖောင်း' ခနဲ အသံနှင့်အတူ တစ်ကိုယ်လုံး ပေါက်ကွဲကာ အသားစများ လွင့်စဉ်သွားလေတော့သည်။
ထိုမျှမကသေး၊ သူ၏ နောက်တွင် တန်းစီနေသော ဂိုဏ်းသားများသည်လည်း ပါးစပ်မှ သွေးများ ပန်းထွက်ကုန်ကြပြီး နောက်သို့ တရိပ်ရိပ် လွင့်စဉ် လဲကျသွားကြရာ စင်္ကြံလမ်းတစ်ခုလုံး ရှင်းလင်းသွားလေသည်။
ဆုမိုသည် သူ၏ လက်ကို ဖွဖွလေး ခါလိုက်ပြီး အေးစက်စွာ ရေရွတ်လိုက်လေသည်။
"သိပ်လည်း မမာကြောလှပါဘူး”
အခန်း (၆၈) - မကောင်းဆိုးဝါးမှန်သမျှ အမြစ်ဖြတ်
~ယူချွမ်ဂိုဏ်းသားများသည် လူအင်အား ဒါဇင်ကျော်ခန့်၏ စွမ်းအားကို လူတစ်ယောက်တည်းထံသို့ စုစည်းပေးပို့လိုက်ကြခြင်း ဖြစ်ပေသည်။
အသည်းမည်း လက်ဝါးသိုင်း ၏ စွမ်းအားကို မည်သို့ လျှော့တွက်၍ ရပါမည်နည်း။
သို့သော် ဆုမိုသည် 'လုံရှန်း နတ်ဘုရား'အား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ အတွင်းအားရော၊ ခွန်အားဗလပါ သာမန်လူတို့ လိုက်မီနိုင်စွမ်းမရှိအောင် ထူးကဲလွန်းလှ၏။
ဧရာမ အားလှိုင်းကြီး နှစ်ခု ထိပ်တိုက် တွေ့ဆုံသောအခါ၊ ယူချွမ်ဂိုဏ်းသားများ၏ စုပေါင်းအားသည် ဆုမို၏ ခွန်အားကို မယှဉ်နိုင်ဘဲ ပြိုလဲသွားရတော့သည်။ သူတို့၏ တိုက်ခိုက်မှု စွမ်းအား အားလုံးသည် ရှေ့ဆုံးမှ ဂိုဏ်းသားထံသို့ ပြန်လည်ကန်ထွက်သွားလေသည်။
ထိုလူ၏ အနောက်တွင် ဂိုဏ်းသား ဒါဇင်ကျော် ရှိနေပြီး၊ ရှေ့တွင်မူ ဆုမို ရှိနေသည်။
ဧရာမ အားလှိုင်းကြီး နှစ်ခု၏ ကြားတွင် ညပ်မိသွားသော ထိုခန္ဓာကိုယ်လေးမှာ မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
"ဖောင်း" ခနဲ အသံနှင့်အတူ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေတော့သည်။
ထို့အပြင် ပြင်းထန်သော ပေါက်ကွဲမှုအရှိန်ကြောင့် အသည်းမည်းလက်ဝါးသိုင်း၏ ယုတ်မာသော အတွင်းအားများသည် နောက်မှ ပံ့ပိုးပေးနေသော ဂိုဏ်းသားများထံသို့ ပြန်ကန်ထွက်သွားလေသည်။ ခဏချင်းမှာပင် ထိုဂိုဏ်းသားအားလုံး ပါးစပ်မှ သွေးများ ပန်းထွက်ကုန်ကြပြီး သေမင်းတံခါးဝသို့ ရောက်ရှိသွားကြလေသည်။
"တကယ့်ကို နက်ရှိုင်းလှတဲ့ အတွင်းအားပါလား"
"ဒီလူငယ်လေးက ဘယ်သူများလဲ"
အားလုံး၏ စိတ်ထဲတွင် မေးခွန်းထုတ်စရာ ဖြစ်လာသော်လည်း၊ နောက်တစ်ခဏတွင်မူ တိုက်ခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်လောင်လာကြတော့သည်။
ယူချွမ်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်ခဲ့ရခြင်းသည် ငရဲသို့ ရောက်သည်နှင့် မခြားပေ။ ယခုအခါ သူတို့ကို ကယ်တင်ပေးမည့်သူ ပေါ်ပေါက်လာပြီ ဖြစ်ရာ၊ ဤတိုက်ပွဲကို မည်သို့ ဆုတ်ခွာရပါမည်နည်း။
အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် လွတ်လပ်မှု အရသာကို ပြန်လည်ခံစားရတော့မည် ဖြစ်ရာ၊ မည်သူက အစွမ်းကုန် မတိုက်ခိုက်ဘဲ နေပါမည်နည်း။
ဆုမိုသည် လက်ဝါးတစ်ချက်တည်းဖြင့် ရန်သူ ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်သော်လည်း၊ ခြေလှမ်းမတန့်ဘဲ ရှေ့သို့ ဆက်တက်သွားလိုက်၏။
သူသည် 'လုံရှန်း နတ်ဘုရား' နှင့် 'ဒဏ်ရာခုနစ်ချက် လက်သီး' အား အစွမ်းကုန် ထုတ်ဖော်အသုံးပြုလိုက်၏။
ဤကဲ့သို့သော မိစ္ဆာဂိုဏ်းသားများနှင့် ရင်ဆိုင်ရာတွင် သိုင်းလောက စည်းမျဉ်းများကို လိုက်နာနေရန် မလိုသကဲ့သို့၊ လက်ရဲဇက်ရဲ နိုင်လွန်းသည်ဟု ပြောလာမည့် စကားများကိုလည်း ဂရုစိုက်နေစရာ မလိုပေ။
သူ့စိတ်ထဲတွင် ရှိသည်မှာ တစ်ခုတည်း။ ရန်သူကို အသေသတ်ရန်သာ။
ဆုမိုက ရှေ့မှ လမ်းဖွင့်ပေးလိုက်ရာ၊ နောက်မှ သိုင်းသမားများကလည်း ဒီရေအလား တိုးဝင်တိုက်ခိုက်ကြတော့သည်။ ယူချွမ်ဂိုဏ်းသားများမှာ ခုခံနိုင်စွမ်းမရှိဘဲ ဆုမိုတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အလောင်းများသာ ပုံလျက်သား ကျန်ရစ်ခဲ့လေသည်။
ချန်မင်းသခင်ကြီးသည် ဆုမို၏ နောက်မှလိုက်ရင်း အံ့သြတကြီး ရေရွတ်မိလေသည်။
"ဒီလောက် ငယ်ငယ်လေးနဲ့ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းရည်ပါလား... တကယ့်ကို ကြောက်စရာပဲ"
"ချန်မင်းသခင်ကြီး... ဒီလူငယ်လေးက ဘယ်သူလဲဗျ"
ဘေးနားမှ လူတစ်ယောက်က မေးလိုက်ရာ ချန်မင်းသခင်ကြီး ခဏမျှ စဉ်းစားပြီးမှ ဖြေလိုက်၏။
"ဇီယန် အာမခံဌာနက... ဆုမို"
ထိုလူသည် ဇီယန်အာမခံဌာန ဆိုသည်မှာ ဘာမှန်းမသိသော်လည်း၊ 'လော့ကျန်း' ပြောဖူးသဖြင့် နာမည်ကို မှတ်မိနေခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် 'ဆုမို' ဟူသော အမည်သည် လူတိုင်း၏ နားထဲသို့ ပျံ့နှံ့ရောက်ရှိသွားလေတော့သည်။
...
...
သူတို့သည် ရန်သူများကို အဆက်မပြတ် သတ်ဖြတ်ရင်း ရှေ့သို့ တိုးလာရာ၊ မကြာမီ ဆုမိုတို့ စတင်ဝင်ရောက်လာခဲ့သော ပထမဆုံး ခန်းမကြီးထဲသို့ ရောက်ရှိလာကြသည်။
ဤနေရာသည် မြေအောက်စခန်းတစ်ခုလုံးတွင် အကျယ်ဝန်းဆုံး နေရာဖြစ်သည်။
မျက်နှာကြက်မှ တွဲလောင်းကျနေသော အလောင်းကောင်များ ရှိနေဆဲဖြစ်ပြီး၊ သွေးစက်များသည် အောက်ရှိ ကျင်းငယ်လေးများထဲသို့ တတောက်တောက် ကျဆင်းနေဆဲ။
သို့သော် အစောပိုင်းက မျက်လုံးမှိတ်၍ ကျင့်ကြံနေကြသော ယူချွမ်ဂိုဏ်းသားများသည် ယခုအခါ မတ်တတ်ရပ်လျက် ရက်စက်သော မျက်နှာပေးများဖြင့် စောင့်ကြိုနေကြပြီ ဖြစ်သည်။
ယခုအခါ ဆုမိုတို့ဘက်မှ ကျဉ်းမြောင်းသော စင်္ကြံလမ်း၏ အားသာချက်ကို လက်လွတ်လိုက်ရပြီ ဖြစ်သည်။
သို့သော် လမ်းတစ်လျှောက် ကယ်ဆယ်လာခဲ့သဖြင့်၊ ယခုအခါ သူတို့၏ လူအင်အားမှာ ယူချွမ်ဂိုဏ်းသားများထက်ပင် များပြားနေပြီ ဖြစ်သည်။
နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံသည်နှင့် ပြင်းထန်သော တိုက်ပွဲကြီး စတင်ပါတော့သည်။
ယန်ရှောင်ယွင်သည် သူမ၏ 'နဂါးလှံ' ကို စိတ်ကြိုက် ကစားခွင့် ရသွားပြီ ဖြစ်သည်။ သူမ၏ လှံတံ ဝှေ့ယမ်းလိုက်တိုင်း ရန်သူများ အနားမကပ်နိုင်အောင် ဖြစ်နေရသည်။
ချန်မင်းသခင်ကြီးမှာမူ နေရာမှ မရွေ့ဘဲ ရပ်နေသော်လည်း၊ သူ၏ လက်ကို ဝှေ့ယမ်းလိုက်တိုင်း ပြေးဝင်လာသော ယူချွမ်ဂိုဏ်းသားများ လွင့်စဉ်ထွက်သွားကြရသည်။
စိန်သေးလူထူး ချူရှောင်မှာမူ လက်သီးနှင့် လက်ဝါးကို သုံးကာ ပြိုင်ဘက်ကင်းနေ၏။ သူ့ရှေ့ရောက်လာသူတိုင်း အရိုးကျိုး၊ အကြောပြတ်ကာ လဲကျသွားကြရသည်။
ယိကျန်းဖုန်းဖုန်း ပေရှောင်သည် ခန်းမအနှံ့ လျှပ်စီးပမာ ပြေးလွှားနေပြီး၊ လူအုပ်ထဲသို့ ဝင်ကာ ထိုးနှက်တိုက်ခိုက်နေသည်။ တချို့ ယူချွမ်ဂိုဏ်းသားများမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ နေရာမှာတင် မလှုပ်မယှက် ဖြစ်သွားကြရှာသည်။
ဆုမိုအကြောင်းကိုမူ ပြောနေစရာပင် မလိုတော့။ သူ ရောက်လေရာ အရပ်တိုင်းတွင် မည်သူမျှ တစ်ချက်မခံရ။ ထိသည်နှင့် သေ၊ တိုက်သည်နှင့် ပွဲပြီး။ ဤမျှ ကြောက်မက်ဖွယ် ကောင်းလှ၏။
သို့သော် ဤအချိန်တွင် သူတို့ဘက်မှ အားနည်းချက်တစ်ခု ပေါ်လာလေသည်။ သူတို့အဖွဲ့မှာ အမျိုးအစား စုံလင်လှသဖြင့် ညီညွတ်မျှတမှု မရှိပေ။
လူတစ်ယောက်သည် သတိလက်လွတ် ဖြစ်သွားခိုက် 'အသည်းမည်းလက်ဝါး' ဖြင့် ရိုက်နှက်ခံလိုက်ရသည်။ ထိုသူ မြေကြီးပေါ်သို့ မကျခင်မှာပင် ခန္ဓာကိုယ်မှ သွေးများ အငွေ့ပျံသွားပြီး၊ မြေပြင်ပေါ်သို့ ရောက်သောအခါ ခြောက်သွေ့နေသော အလောင်းကောင်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သာမန်အချိန်ဆိုလျှင် ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြမည် ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ ထိုမြင်ကွင်းက သူတို့၏ ဒေါသကို ပိုမို တောက်လောင်စေရုံသာ ရှိတော့သည်။
ထို့ကြောင့် တိုက်ကွက်များ ပိုမို ပြင်းထန်လာကြသည်။ ယူချွမ်ဂိုဏ်းသားများမှာ လူအင်အား နည်းပါးနေပြီဖြစ်ရာ၊ ဤမျှ ပြင်းထန်သော တိုက်စစ်ကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့သည် ဓားမြည်းစမ်းရာ မျှော်စင်၏ အပြင်ဘက်သို့ မောင်းထုတ်ခံလိုက်ရတော့သည်။
ဆုမို၏ ဦးဆောင်မှုအောက်တွင် သိုင်းလောကသားများသည် မျှော်စင်ထဲမှ ဖောက်ထွက်လာနိုင်ခဲ့ပြီး၊ နေရောင်ခြည် အောက်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။
ထိုအချိန်တွင် တချို့က ကြောင်အံ့နေကြသည်။ တချို့က စိတ်လှုပ်ရှားနေကြသည်။ တချို့ကမူ သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာပြီး၊ သူတို့၏ ဒေါသကို ဖြေဖျောက်ရန် ယူချွမ်ဂိုဏ်းသား အနည်းငယ်ကို ထပ်မံ သတ်ဖြတ်ချင်နေကြသေးသည်။
ဆုမိုကမူ လူအုပ်ထဲတွင် 'လော့ကျန်း' ကို လိုက်ရှာနေမိသည်။
သို့သော် လော့ကျန်း၏ အရိပ်အယောင်ကို မတွေ့ရသေးခင်မှာပင် ယွီလျိုစံအိမ် အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရလေသည်။
ဆုမို ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခြေဖျားထောက်ကာ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်၏။ အပေါ်စီးမှ ကြည့်လိုက်ရာ ယွီလျိုစံအိမ် အပြင်ဘက်တွင် တိုက်ခိုက်နေကြသော လူများကို လှမ်းမြင်လိုက်ရ၏။
သူ့စိတ်ထဲတွင် ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် စဉ်းစားလိုက်မိစဉ်မှာပင်၊ ရုတ်တရက် ကောင်းကင်ယံမှ လူရိပ်တစ်ခု ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားမြည်းစမ်းရာ မျှော်စင်အထက်သို့ ရောက်ရှိလာပြီး၊ ကောင်းကင်မှနေ၍ လက်သည်းကွက်ဖြင့် အပြင်းအထန် ထိုးဆင်းချလိုက်လေသည်။
အောက်မှ လူတစ်ယောက်က မော့ကြည့်လိုက်ပြီး ပြန်လည်ခုခံရန် ပြင်လိုက်စဉ်၊ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"မပိတ်နဲ့... ရှောင်လိုက်"
သို့သော် အချိန်နှောင်းသွားခဲ့ပါ၏။
ကောင်းကင်မှ ဆင်းသက်လာသူသည် လက်တစ်ဖက်တည်းဖြင့် ထိုလူ၏ ခုခံမှုကို ချိုးဖျက်လိုက်ပြီး၊ လက်ချောင်းငါးချောင်းက ရင်ဘတ်ကို ဖောက်ဝင်ကာ ကျောဘက်သို့ ထိုးထွက်သွားလေသည်။ သူ၏ လက်ထဲတွင် စည်းချက်မှန်မှန် ခုန်လှုပ်နေသော အရာဝတ္ထုတစ်ခု ပါလာခဲ့၏။
"ဗြိ" ခနဲ အသံနှင့်အတူ ထိုနှလုံးသားလေးမှာ ကြေမွသွားလေတော့သည်။
"တောက်..."
အစောပိုင်းက သတိပေးလိုက်သူမှာ စိန်သေးလူထူး ချူရှောင် ဖြစ်သည်။ အသတ်ခံလိုက်ရသူကို သူ မသိသော်လည်း၊ သူတို့အားလုံးသည် ဓားမြည်းစမ်းရာ မျှော်စင်ထဲမှ အတူတူ ရုန်းကန်ထွက်လာခဲ့ကြသူများ မဟုတ်ပါလော။ သူစိမ်းများ ဖြစ်စေကာမူ သံယောဇဉ်တချို့ တွယ်ငြိနေခဲ့ပြီ ဖြစ်သည်။
ချူရှောင် ဒေါသထွက်သွားပြီး ချက်ချင်းပင် ရှေ့သို့ ခုန်ဝင်လိုက်၏။
သို့သော် လူသတ်သမားက အလောင်းကောင်ကို လွှင့်ပစ်လိုက်ရာ၊ ကြီးမားသော အားတစ်ခုနှင့်အတူ အလောင်းကောင်သည် ချူရှောင်ထံသို့ တည့်တည့်ကြီး ပျံဝဲလာလေသည်။
ချူရှောင်က လက်နှစ်ဖက်ဖြင့် ပိတ်ကာလိုက်သော်လည်း၊ ပြင်းထန်လွန်းသော အရှိန်ကြောင့် ရင်ဘတ်ကို ရိုက်ခတ်မိကာ ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်သို့ လွင့်စဉ်သွားရတော့သည်။
နောက်ဆုံးတွင် အသစ်ရောက်လာသူသည် မြေပြင်ပေါ်သို့ ခြေချလိုက်၏။ လေထဲတွင် လွင့်ပျံနေသော မုတ်ဆိတ်မွေးများနှင့်အတူ သူ၏ မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
သူ၏ ညာဘက်လက်မှ သွေးများ တောက်တောက်ကျနေပြီး၊ ဘယ်ဘက်လက်တွင်မူ လူခေါင်းပြတ်တစ်ခုကို ဆွဲကိုင်ထားလေသည်။
သူ၏ လက်ချောင်းငါးချောင်းသည် ဆံပင်မရှိသော ဦးခေါင်းခွံထဲသို့ စိုက်ဝင်နေ၏။ ထိုခေါင်းပြတ်မှာ... ဘုန်းကြီး ကျင်ကုန်း၏ ဦးခေါင်းပင်။
ရောက်လာသူမှာ အခြားသူမဟုတ်... 'လျူချင်ကုန်း' ပင် ဖြစ်လေသည်။
သူက လက်ထဲမှ ခေါင်းပြတ်ကို ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်၏။
"ခဏလောက် သတိလက်လွတ် ဖြစ်သွားတာနဲ့ မင်းတို့ကောင်တွေ ဓားမြည်းစမ်းရာ မျှော်စင်ကို ဖောက်ထွက်လာနိုင်တယ်ပေါ့လေ... ငါတို့ လုပ်နေတဲ့ကိစ္စက သိပ်အကြီးကြီး မဟုတ်ပေမယ့်၊ ငါ့အချိန် တစ်လကျော်လောက်တော့ အလကား ဖြစ်သွားပြီ... မင်းတို့အားလုံး သေသင့်တယ်"
သူက ပြောရင်းဆိုရင်း မျက်လုံးကို ဝေ့ကြည့်လိုက်ရာ ချန်မင်းသခင်ကြီးကို သတိထားမိသွားသည်။
သူ့မျက်လုံးထဲတွင် စဉ်းစားဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မဲ့ပြုံး ပြုံးလိုက်လေသည်။
"ဪ... ဒီလိုကိုး... မင်းတို့ ဘယ်လိုလွတ်လာလဲလို့ ငါစဉ်းစားနေတာ... ဒါပေမဲ့ မင်းတို့ ဘယ်လောက်ပဲ တော်နေပါစေ အလကားပါပဲကွာ... ဓားမြည်းစမ်းရာ မျှော်စင်အောက်မှာ ငြိမ်ငြိမ်လေး အသေမခံချင်ကြဘူးဆိုတော့လည်း၊ ငါကိုယ်တိုင် မင်းတို့ကို ယူချွမ်ဂိုဏ်းရဲ့ ငရဲပြည်ကို ပို့ပေးရတာပေါ့"
"ကောင်းကင်နဲ့ မြေကြီးအောက်မှာ ဒီလောက် မောက်မာရဲတယ်ပေါ့လေ"
ချန်မင်းသခင်ကြီးက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
"မင်းတို့ ယူချွမ်ဂိုဏ်းရဲ့ အဆင့်မြင့် ပညာတွေကို ကျုပ် မျက်မြင်ကိုယ်တွေ့ ကြည့်ချင်ပါသေးတယ်"
ထိုအခြေအနေကို မြင်သောအခါ ဆုမို သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူက ခြေဖျားကို ခပ်ဖွဖွလေး ထောက်လိုက်ပြီး လူအုပ်ကြားထဲသို့ ပြန်လည် ဆင်းသက်လိုက်၏။
ဆုမို ပြန်ရောက်လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာပေါ်ရှိ တင်းမာမှုများ လျော့ကျသွားလေသည်။
သူတို့ လမ်းဖယ်ပေးလိုက်သဖြင့် ဆုမိုသည် ချန်မင်းသခင်ကြီး၏ ဘေးသို့ ရောက်ရှိသွားသည်။ သူက နူးညံ့စွာ ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
“သခင်ကြီး... ခင်ဗျားပြောတာ မှားနေပြီ... ဒီလို မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သိုင်းလောက စည်းမျဉ်းကို ဆွေးနွေးနေစရာ လိုသေးလို့လဲဗျာ... ကျုပ်တို့ အားလုံး ဝိုင်းတိုက်ပြီး နည်းလမ်းပေါင်းစုံ သုံးသင့်တာပေါ့... မကောင်းဆိုးဝါး မှန်သမျှကို အမြစ်ဖြတ် သုတ်သင်ပစ်ရမယ်... လုံးဝ ညှာတာနေလို့ မဖြစ်ဘူး”
အခန်း (၆၉) - အနက်ရောင်သွေး ရေစီးကြောင်း၊ အရာအားလုံး ပေါင်းစည်းခြင်း
~အတိတ်ကာလက ရုပ်သံဖန်သားပြင်ထက်တွင် မြင်တွေ့ခဲ့ရသော ဇာတ်ကောင်များကို ဆုမို ပြန်လည်အမှတ်ရမိသည်။
ပါးစပ်မှ တရားမျှတပါသည်ဟု အသံကောင်းဟစ်နေသော်လည်း၊ လက်တွေ့တွင်မူ စိတ်ထားယုတ်မာသူများကို သူ အလွန်မုန်းတီးခဲ့ဖူး၏။ အထူးသဖြင့် ဇာတ်လိုက်ကို လူအုပ်ဖြင့် ဝိုင်းတိုက်သည့်အခါမျိုးတွင် သိုင်းလောကစည်းမျဉ်းများကို ပါးစပ်အရသာခံ ပြောဆိုကာ အကြောင်းပြတတ်ကြသူများ... ထိုကဲ့သို့သော စကားလုံးလှလှများကို ကြားလိုက်ရတိုင်း သူ အလွန် စိတ်ပျက်မိခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့... အတိတ်က သူ၏ အတွေးများမှာ တိမ်ကောခဲ့ပြီဟု ခံစားလိုက်ရသည်။
စည်းမျဉ်းစည်းကမ်းများကို ဂရုမစိုက်ဘဲ တစ်ဖက်လူကို တည့်တည့်သာ အနိုင်ကျင့်လိုက်ရသည့် ခံစားမှုမျိုးက... တကယ်ကို နေလို့ ကောင်းလှ၏။
'စည်းမျဉ်းတွေ... ဂုဏ်သိက္ခာတွေ... အဲဒါတွေက အနိုင်ရသူတွေ သတ်မှတ်တဲ့ အရာတွေပဲ မဟုတ်လား'
ဆုမို၏ စကားကို ကြားလိုက်ရသောအခါ ချန်မင်းသခင်ကြီးမှာ အံ့သြမှင်သက်သွားသော်လည်း၊ စိန်သေးလူထူး ချူရှောင်ကမူ အားရပါးရ ရယ်မောလိုက်လေသည်။
'လျူချင်ကုန်း' ၏ တိုက်ခိုက်မှုကြောင့် သွေးအန်ထားရသော်လည်း၊ ယခုအချိန်တွင် ချူရှောင်၏ မျက်နှာသည် ပိုမို ရဲတင်းတက်ကြွလာသယောင်။
"ခေါင်းဆောင်ဆု ပြောတာ အမှန်တရားပဲဗျ... ဒီလို မိစ္ဆာကောင်တွေနဲ့ ဘာတွေများ ဆွေးနွေးညှိနှိုင်းနေစရာ လိုဦးမှာလဲ... ပြီးတော့ ဒီကိစ္စအတွက် ဆရာကြီးချန်မင်း တစ်ယောက်တည်း အသက်စွန့်စရာ မလိုပါဘူး"
ချူရှောင်က ရင်ဘတ်ကို ကော့လိုက်ရင်း ဆက်ပြောသည်။
"ဒီနေ့ ခေါင်းဆောင်ဆုက ကျုပ်တို့အတွက် ကိုယ်ကျိုးစွန့်ပြီး ကျားသိုက်ထဲ ဝင်လာခဲ့တာ... မိစ္ဆာကို သုတ်သင်ဖို့ အချိန်တန်နေပြီ... ဘယ်သူကများ အသက်ကိုငဲ့ပြီး နောက်ဆုတ်နေမှာလဲဗျာ"
ထိုစကားသံအဆုံးတွင် ပတ်ဝန်းကျင်မှ ထောက်ခံသံများ တဝုန်းဝုန်း ထွက်ပေါ်လာလေတော့သည်။
"စိန်သေးလူထူးက ဒီတစ်ခါတော့ အနှစ်ပါတဲ့ စကားကို ပြောလိုက်တာပဲဟေ့"
"ခေါင်းဆောင်ဆု ပြောတာ မှန်တယ်... ဒီလိုလူစားမျိုးနဲ့ ဘာစည်းမျဉ်းမှ ပြောနေစရာ မလိုဘူး"
"လာကြ... ကျုပ်တို့အားလုံး ပခုံးချင်းယှဉ်ပြီး ဒီမိစ္ဆာကောင်ကို သတ်ကြစို့... မိစ္ဆာအငွေ့အသက်တွေကို သန့်စင်ပစ်ကြမယ်"
အစောပိုင်းက လျူချင်ကုန်း၏ အရှိန်အဝါကြောင့် တွန့်ဆုတ်နေခဲ့ကြသူများသည် ယခုအခါ မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ တိုးဝင်လာကြလေသည်။
ဆုမိုက သဘောကျစွာ ရယ်မောလိုက်၏။
"ဒီလိုဆိုမှတော့... ကျွန်တော်လည်း နောက်ကျနေလို့ မဖြစ်တော့ဘူး"
စကားဆုံးသည်နှင့် သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ လျူချင်ကုန်း၏ ရှေ့တည့်တည့်သို့ ဦးဆုံး ရောက်ရှိသွားလေသည်။ သူ၏ လက်သီးကို ဝှေ့ယမ်းလိုက်ရာ လက်သီးရိပ်များသည် မိုးစက်များပမာ လျူချင်ကုန်းထံသို့ ကျရောက်သွားတော့သည်။
"ဟွန်း"
လျူချင်ကုန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး 'သွေးပြောင်းလဲခြင်း နည်းစနစ် လက်သည်း'ကို ချက်ချင်း ထုတ်ဖော်လိုက်၏။
သို့သော်... လက်သီးနှင့် လက်သည်း ထိပ်တိုက်တွေ့ဆုံလိုက်သည့် ခဏ၌ပင် ကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုက သူ့ထံသို့ ဒီရေအလား တိုးဝင်ရိုက်ခတ်လာသည်ကို ခံစားလိုက်ရတော့သည်။ ထိုစွမ်းအင်သည် သူ၏ သွေးနီရောင် အတွင်းအားများကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဖိနှိပ်လိုက်ရုံသာမက၊ ခုခံမှုမှန်သမျှကို ချေမှုန်းပစ်နိုင်သည့် အားအင်များ ပါဝင်နေလေသည်။
ထိုစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အတွင်းကလီစာများကို တိုက်ရိုက် ထိခိုက်စေလေတော့၏။
တစ်ချက်တည်း... ထိုတစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် သူ၏ ကလီစာများအားလုံး ဒဏ်ရာရသွားခဲ့ရသည်။
လျူချင်ကုန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး၊ မျက်နှာထားမှာ ကြည့်ပျော်ရှုပျော် မရှိအောင် ပျက်ယွင်းသွားလေသည်။
ဒီညတွင် သူသည် ပြင်းထန်သော တိုက်ပွဲများကို ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။ ဘုန်းကြီးကျင်ကုန်း၊ ကောင်းကင်ဓားဂိုဏ်းမှ လူများ၊ သို့မဟုတ် သွေးရောင်စွန်း ရေဘဲဓားကို ကိုင်ဆောင်ထားသော လင်းဟုန်ရှ... မည်သူမျှ ရင်ဆိုင်ရ လွယ်ကူသူများ မဟုတ်ခဲ့။
သူသည် ထိုသူများကို တစ်ယောက်ချင်းစီ အနိုင်ယူနိုင်သည်ဟု ယုံကြည်သော်လည်း၊ သုံးယောက်ပြိုင်နှင့် ရင်ဆိုင်ရသည်မှာ မလွယ်ကူလှပေ။ ဘုန်းကြီးကျင်ကုန်းကို မနည်း သတ်ဖြတ်ပြီးချိန်တွင် ဤနေရာ၌ ဆူညံသံများ ကြားရသဖြင့် လင်းဟုန်ရှတို့ကို လျစ်လျူရှုကာ အပြေးရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ့ရှေ့မှ လူငယ်လေးသည် ဘုန်းကြီးကျင်ကုန်းထက်ပင် ပို၍ ခက်ခဲကြမ်းတမ်းလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထိုလူငယ်၏ နက်ရှိုင်းသော အတွင်းအားကို ထားဦး... သူ၏ လက်သီးသိုင်းက ရိုးရှင်းသယောင် ရှိသော်လည်း ထွက်ပေါ်လာသော စွမ်းအားမှာ ကြောက်ခမန်းလိလိ ပြင်းထန်လွန်းလှသည်။
လျူချင်ကုန်း မော့ကြည့်လိုက်ရာ နောက်ထပ် လက်သီးတစ်ချက် ကျရောက်လာသည်ကို တွေ့လိုက်ရ၏။ သူ မည်သို့ တိုက်ရိုက် ခုခံရဲပါမည်နည်း။ သို့သော် ယခုအချိန်တွင် နောက်ဆုတ်ရန်လည်း မလွယ်ကူတော့ချေ။
ဆုမို၏ လှုံ့ဆော်မှုကြောင့် သိုင်းလောကသား အားလုံးသည် စည်းလုံးသွားကြပြီး၊ သူ့ကို ဝိုင်းရံထားကြပြီ ဖြစ်သည်။ ရှေ့ရော နောက်ပါမကျန် ရက်စက်သော တိုက်ကွက်ပေါင်းစုံက သူ့ထံသို့ ဦးတည်လာနေလေသည်။
သာမန်အချိန်တွင် ထိုတိုက်ကွက်များကို သူ ဂရုစိုက်မည် မဟုတ်သော်လည်း၊ ယခုတွင်မူ ဆုမိုက ရှေ့မှ ဦးဆောင်နေသဖြင့် ကျန်လူများကို ဂရုစိုက်ရန် အချိန်မရတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပခုံး၊ ခါးနှင့် ခြေသလုံးများတွင် ဒဏ်ရာများ ရရှိသွားလေသည်။ ထပ်မံ မော့ကြည့်လိုက်ပြန်တော့ ဆုမို၏ လက်သီးက မျက်နှာနားသို့ ရောက်ရှိနေပြန်၏။
ဆုမို၏ လက်သီးချက်တိုင်းသည် အတွင်းကလီစာများကို အလွယ်တကူ ပျက်စီးစေနိုင်သော ထူးဆန်းသည့် စွမ်းအားများ ပါဝင်နေမှန်း သိနေပါလျက်နှင့် သူ မည်သို့ ခုခံရဲပါမည်နည်း။
နောက်ဆုတ်စရာ လမ်းမရှိသလို... ခုခံရန်လည်း မဖြစ်နိုင်တော့။
ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး၊ လျူချင်ကုန်း၏ ပတ်ဝန်းကျင်ရှိ လေထုသည် သွေးရောင် အတွင်းအားများဖြင့် တုန်ခါသွားလေသည်။
လေထဲမှ အသံတစ်ခု ပျံ့လွင့်လာ၏။
"အမြန် နောက်ဆုတ်လိုက်ကြ..."
ဆုမို မော့ကြည့်လိုက်ရာ သတိပေးလိုက်သူမှာ လင်းဟုန်ရှနှင့် ကောင်းကင်ဓားဂိုဏ်းမှ ထွက်ပြေးသွားသူတို့ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အတွေးတစ်ချက် ဖြတ်ခနဲ ဝင်လာသည်နှင့် ဆုမိုသည်လည်း ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။
"အားလုံး နောက်ဆုတ်..."
လင်းဟုန်ရှ၏ စကားကို သိုင်းလောကသားများက ဂရုမစိုက်ကြသော်လည်း၊ ဆုမို၏ အမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး နောက်သို့ လှည့်ပြေးကြတော့သည်။
ထိုခဏတွင် လျူချင်ကုန်း၏ ခန္ဓာကိုယ်သည် သွေးမြူများဖြင့် လွှမ်းခြုံသွားပြီး၊ လက်ကို ဆန့်ထုတ်ကာ ဆွဲယူလိုက်ရာ နောက်ဆုတ်ရန် အနည်းငယ် နောက်ကျသွားသူများမှာ သူ့ထံသို့ ထိန်းချုပ်မရဘဲ လွင့်ပါသွားကြလေသည်။
ကံကောင်းစွာပင် ကောင်းကင်ယံမှ သွေးရောင်ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး၊ လေဟာနယ်ထဲရှိ မမြင်ရသော ကြိုးမျှင်တစ်ခုခုကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
လျူချင်ကုန်းထံသို့ ပါသွားလုဆဲဆဲ ဖြစ်နေသော သိုင်းသမားများသည် ရုတ်တရက် နောက်သို့ လွင့်စဉ်ကျသွားကြပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားကြလေသည်။
ယခုအချိန်တွင် လျူချင်ကုန်း၏ ရှေ့၌ ဆုမိုမှလွဲ၍ မည်သူမျှ မရှိတော့။
ဆုမိုသည် လက်သီးကို မထုတ်သေးဘဲ နေရာမှာပင် ရပ်နေသည်။ လျူချင်ကုန်း မည်မျှပင် 'သွေးပြောင်းလဲခြင်း နည်းစနစ်' ကို ထုတ်ဖော်နေပါစေ၊ ဆုမိုကိုမူ အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။
ဆုမိုနှင့် သိုင်းလောကသားများ ဘေးကင်းသွားသော်လည်း၊ ကျန်ရစ်နေသော ယူချွမ်ဂိုဏ်းသားများမှာမူ ကံဆိုးမိုးမှောင်ကျသွားကြရှာသည်။
လေထဲတွင် ရပ်နေသော ယူချွမ်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်မှ သွေးများ ခမ်းခြောက်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ရှင်နေသော လူများမှသည် ခြောက်သွေ့သော အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
သူတို့၏ သွေးစွမ်းအင်များက တစ်နေရာတည်းသို့ စုစည်းသွားပြီး လျူချင်ကုန်း၏ ဦးခေါင်းထက်တွင် ကြီးမားသော သွေးလုံးကြီးတစ်ခုအဖြစ် ပေါ်ထွက်လာလေတော့သည်။
သူက အဝေးမှနေ၍ ကျင့်စဉ်ကို မောင်းနှင်လိုက်ရာ၊ ခေါင်းပေါ်ရှိ သွေးလုံးကြီးမှ လတ်ဆတ်သော သွေးများ ယိုစီးကျလာသည်။
လင်းဟုန်ရှ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားရှာ၏။
"အနက်ရောင်သွေး ရေစီးကြောင်း... အရာအားလုံး ပေါင်းစည်းခြင်းပါလား"
ယူချွမ်ဂိုဏ်းသားများသည် 'အသည်းမည်းလက်ဝါး' ကို လေ့ကျင့်ထားကြသော်လည်း၊ တကယ်တမ်းတွင် သူတို့သည် အခြားသူတစ်ဦးအတွက် လမ်းခင်းပေးနေရမှန်း မသိခဲ့ကြရှာပေ။
အရေးကြီးသော အချိန်တွင် 'သွေးပြောင်းလဲခြင်း နည်းစနစ်' ကို လှုံ့ဆော်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်များသည် တစ်နေရာတည်းသို့ စုစည်းသွားကြတော့သည်။
ထိုအချိန်တွင် ပေါက်ကွဲထွက်လာသော စွမ်းအားမှာ ကြောက်ခမန်းလိလိ ကြီးမားလွန်းလှသည်။
လျူချင်ကုန်း၏ ဦးခေါင်းထက်တွင် စုစည်းနေသော သွေးစွမ်းအင်များသည် ဆူပွက်နေပြီး၊ မကောင်းဆိုးဝါးများ၏ ငိုကြွေးသံသဲ့သဲ့ကိုပင် ကြားနေရသယောင်။
သူသည် အစွမ်းကုန် အားထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ၊ သွေးလုံးကြီးသည် ချက်ချင်းပင် ဧရာမ လက်သည်းကြီးအသွင် ပြောင်းလဲသွားပြီး ဆုမိုထံသို့ ရက်စက်စွာ ကုတ်ခြစ်ဆင်းသက်လာလေတော့သည်။
ဆုမိုက တည်ငြိမ်စွာပင် မော့ကြည့်လိုက်၏။
သူ၏ လက်ဝါးကို ဖြန့်လိုက်၊ ပြန်ဆုပ်လိုက် လုပ်လိုက်ရာ... အရိုးများ ကြိတ်ချေသံနှင့်အတူ နဂါးနှင့် ဆင်တို့၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာသယောင်။
သွေးလက်သည်းကြီး ကျဆင်းလာချိန်တွင် ဆုမိုက နောက်မဆုတ်ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ ထိုသွေးလက်သည်းကြီး၏ အလယ်တည့်တည့်သို့ အတင်း တိုးဝင်လိုက်လေသည်။
လျူချင်ကုန်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသော်လည်း ခနဲ့ပြုံး ပြုံးလိုက်၏။
"မိုးနိမ့်တာ မြေမြင့်တာ နားမလည်တဲ့ ကောင်လေး... သေလမ်းရှာနေတာပဲ..."
စကားမဆုံးခင်မှာပင် သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူ၏ လက်နှစ်ဖက်လုံး ထိန်းချုပ်မရ ဖြစ်သွားပြီး၊ စွမ်းအင်များအားလုံး နောက်သို့ ပြန်ကန်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သွေးလက်သည်းကြီးသည် ပေါက်ကွဲထွက်သွားပြီး၊ လူရိပ်တစ်ခု လေပေါ်သို့ ခုန်တက်လာကာ လက်သီးနှစ်ဖက်ကို မြှောက်လျက် အပေါ်စီးမှ ပြင်းထန်စွာ ထိုးချလိုက်လေသည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရသော လျူချင်ကုန်းသည် မည်သို့ အသေခံပါမည်နည်း။
သူသည် ခြေထောက်ဖြင့် မြေကြီးကို ထွန်ယက်ကာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာလိုက်ပြီး၊ 'သွေးပြောင်းလဲခြင်း နည်းစနစ်' ကို ထပ်မံ စုစည်းကာ ဆုမို၏ 'ဒဏ်ရာခုနစ်ချက် လက်သီး' ကို သွေးလက်သည်းဖြင့် ခုခံလိုက်လေသည်။
သို့သော်... လက်သီးနှင့် လက်သည်း ထိတွေ့လိုက်သည့် ခဏ၌ပင် သူ၏ လက်သည်းများ တစ်စစီ ကြေမွသွားပြီး၊ လက်မောင်းရိုးများပါ ကျိုးပဲ့ကုန်လေသည်။ 'ဒဏ်ရာခုနစ်ချက် လက်သီး' ၏ စွမ်းအားက အပြင်ပန်းတွင် သိပ်မသိသာသော်လည်း၊ ဆုမို၏ ခန္ဓာကိုယ် ခွန်အားမှာ သာမန်မဟုတ်သည်ကို မည်သို့ လျှော့တွက်၍ ရပါမည်နည်း။
အတားအဆီးမှန်သမျှကို ဖြိုခွင်းပြီးနောက်၊ ပြင်းထန်သော လက်သီးတစ်ချက်သည် လျူချင်ကုန်း၏ ရင်ဘတ်တည့်တည့်သို့ ကျရောက်သွားလေတော့သည်။
“ဝုန်း”
လျူချင်ကုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့ ရိုက်သွင်းခံလိုက်ရပြီး၊ အရိုးများ ကျိုးကြေကာ အတွင်းကလီစာများ မီးလောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
ပြင်းထန်သော လေလှိုင်းများ ရိုက်ခတ်သွားသဖြင့် အနီးနားရှိ သိုင်းလောကသားများပင် နောက်သို့ လွင့်စဉ်ကုန်ကြသည်။ တချို့မှာ မြေကြီးပေါ်သို့ လဲကျသွားပြီးမှ အလောတကြီး ပြန်ထလိုက်ကြသည်။
ထိုစဉ် ဖုန်မှုန့်များကြားမှ ဆုမိုက လက်သီးကို ဖြေလျော့လိုက်ပြီး၊ လက်ကို ခပ်ဖွဖွလေး ခါရမ်းလိုက်သည်ကို သူတို့ မြင်လိုက်ကြရ၏။
"အပေါ်ယံ ရွှေမှုန်ကြဲထားတာပဲ ရှိတာပါ... ဘာမှလည်း မဟုတ်ပါလား”