အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း (၇၃) - ဖီးနစ်အမိန့်ပေး တံဆိပ်ပြား
~ဒါကို လူတိုင်း သိထားကြပြီးသားပဲလေ။
ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး သူ၏ မျက်ဝန်းအစုံတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ရိပ်ခနဲ ဖြတ်သန်းသွား၏။
ယန်ရှောင်ယွင်ကလည်း စူးစမ်းလိုစိတ်ဖြင့် ဆက်မေးလိုက်၏။ "အဲဒီလူ အခု ဘယ်မှာလဲ"
"လော့ရှားမြို့စား အိမ်တော်မှာပါ"
ဝေဇီယီက သက်ပြင်းတစ်ချက်ချရင်း ဆိုသည်။ "ဒါက နည်းနည်းတော့ အဆင်မပြေဖြစ်နိုင်ပေမယ့်... တကယ်လို့ သူ့ကိုသတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတဲ့သူတွေသာ ရှိနေမယ်ဆိုရင်တော့... မြို့စားအိမ်တော်ပဲဖြစ်ဖြစ်၊ နဂါးတွင်း ကျားဂူပဲဖြစ်ဖြစ်... သူတို့ ထိုးဖောက်ဝင်ရောက်ကြမှာပဲ"
"လော့ရှားမြို့စားအိမ်တော် ဆိုတာက သူ့အလိုလိုကို နဂါးတွင်း ကျားဂူ ဖြစ်နေတာပါ"
ယန်ရှောင်ယွင် ပြုံးလိုက်၏။ "ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ"
'ဆောင်းဦးမိုးနှက်၊ ဝိညာဉ်လိုက်လံသူ၊ ညဉ့်ဥက္ကာပျံ' ... ဤ 'ဥက္ကာပျံဓား' ပိုင်ရှင် ကျန့်မင်သည် ဤဇာတ်လမ်း၏ အချက်အချာကျသော နေရာတွင် ရှိနေသည်။
ခုနစ်ပါးအစွန်းရောက်ခန်းမ က လူက ကျန့်မင် ဆိုသည့် နာမည်ကို ပြောလိုက်ကတည်းက ဤကိစ္စသည် ခန့်မှန်းရ ခက်ခဲလာပြီဖြစ်ကြောင်း ဆုမို သိထားပြီးသားဖြစ်သည်။
သို့သော် ဤကိစ္စသည် နောက်ဆုံးတွင် ဟွာချန်းယွီ၏ လက်ထဲသို့ ရောက်သွားရန်သာ ရှိသည်။
ဆုမိုအနေဖြင့် ဟွာချန်းယွီကိုသာ အာရုံစိုက်ထားပါက နောက်ကွယ်မှ ကြိုးကိုင်နေသူကို ဆွဲထုတ်နိုင်မည်သာ ဖြစ်၏။
သို့သော် မထင်မှတ်ဘဲ ကျန့်မင်သည် ဝေဇီယီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ဒါက မမျှော်လင့်ထားသော ဝမ်းမြောက်စရာ သတင်းတစ်ခုပင်။
ယခု ဝေဇီယီက ကျန့်မင်ကို 'ငါးစာ' အဖြစ် အသုံးပြုရန် ကြံရွယ်နေသည်။
တကယ်တမ်းတွင် ဤလူပြောသမျှ စကားများက အရေးမကြီးပေ။ သူ၏ တည်ရှိနေမှုက ပေးစွမ်းနိုင်သော တန်ဖိုးက သူ့ထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေခြင်းကြောင့် ဖြစ်သည်။
"ကြည့်ရတာ... မဟာမိတ်ခေါင်းဆောင်ကြီးက မိန်းကလေးဝေကို သူ့ရာထူးဆက်ခံနိုင်ဖို့ အစွမ်းကုန် ကူညီပေးနေတဲ့ ပုံပဲနော်" ဟု ဆုမိုက မှတ်ချက်ပြုလိုက်၏။
ယန်ရှောင်ယွင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆုမို ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။
လော့ရှာမြို့မှ ယွီချင်းတောင်အထိ ခရီးလမ်းမှာ မနီးလှပေ။ သူတို့နှစ်ဦးမှာ နေ့ရောညပါ ခရီးနှင်ခဲ့ကြသဖြင့် လမ်းခုလတ်တွင် တစ်လတိတိ အချိန်ကုန်ဆုံးခဲ့ရသည်။
ဝေဇီယီအနေဖြင့်လည်း နေ့ရောညပါ ခရီးနှင်နိုင်သည်ဆိုသော်လည်း... ကျန့်မင် ပေါ်လာသည့် အချိန်မှစ၍ သတင်းရယူရန်၊ သူ့ကို ဖမ်းဆီးရန်၊ အစီအစဉ်များ ပြုလုပ်ရန်နှင့် ယွီလျိုစံအိမ်သို့ အပြေးအလွှား လာရန်အတွက် အချိန်လုံလောက်မှု ရှိနိုင်မည် မဟုတ်ပေ။
ဝေဇီယီက ပြုံးလျက် ဆိုသည်။ "ဒါက ကျွန်မတို့ ဘိုးဘေးရဲ့ စွဲလမ်းမှု တစ်ခု ဖြစ်သလို ကျွန်မရဲ့ စွဲလမ်းမှုလည်း ဖြစ်ပါတယ်... ဒါကြောင့်လည်း ခေါင်းဆောင်ဆုနဲ့ ပူးပေါင်းချင်ရတာပါ"
"ဪ..."
ဆုမိုက ပြုံးလျက် မေးလိုက်၏။ "အသေးစိတ်လေး သိပါရစေဦး"
တစ်ဖက်လူက ရိုးသားမှုကို ပြသလာပြီဖြစ်ရာ ဝေဇီယီက မည်သည့်ကိစ္စတွင် ပူးပေါင်းချင်နေသနည်းဆိုသည်ကို ဆုမို စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
"ခေါင်းဆောင်ဆု အကူအညီ လိုအပ်တဲ့ အချိန်တိုင်းမှာ ကျွန်မက အစွမ်းကုန် ကူညီပေးဖို့ အသင့်ပါပဲ"
"ကျွန်မ ခေါင်းဆောင်ဆုဆီက ပြန်လိုချင်တာက တစ်ခုတည်းပါ"
ဝေဇီယီက ဆုမိုကို စိုက်ကြည့်ရင်း ပြောလိုက်၏။ "နောင်တစ်ချိန် သိုင်းလောကထဲမှာ ကျင်လည်ရင်း ကျွန်မရဲ့ ဖခင်နဲ့ ဦးလေးနှစ်ယောက်အကြောင်း သတင်းအစအနလေးပဲဖြစ်ဖြစ် ရခဲ့မယ်ဆိုရင်... ကျွန်မကို မျှဝေပေးဖို့ပါပဲ"
လော့ရှားမြို့အတွင်း၌သာမက လော့ဖုန်း မဟာမိတ်အဖွဲ့၏ သြဇာလွှမ်းမိုးမှုအောက်ရှိ မြို့လေးမြို့၊ မြစ်သုံးစင်းနှင့် ပင်လယ်အော် နှစ်ခုလုံးတွင် ကောလာဟလ တစ်ခုက အမြဲတမ်း ပျံ့နှံ့နေခဲ့သည်။
မဟာမိတ်ခေါင်းဆောင် ဝေရူဟန် ၏ သားသုံးဦးလုံး ဒုက္ခရောက်ခဲ့ရသည့် ကိစ္စမှာ လူတိုင်းထင်ထားသလောက် မရိုးရှင်းကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။
ဝေချီဖုန်းသည် ဟန်မြစ်ဘေးတွင် သေဆုံးခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ဝေရူဟန်သည် အစွမ်းကုန် ကြိုးစား ရှာဖွေခဲ့သော်လည်း အလောင်းကို မတွေ့ခဲ့ရသည့်အပြင် မည်သူက တိုက်ခိုက်ခဲ့သည်ကိုပင် မသိရှိခဲ့ပေ။
ဝေချီရှုန်းမှာမူ 'ကောင်းကင်မြေကြီး ယင်ယန် ကမ္ပည်းပြား' ပညာရပ်ကို လေ့ကျင့်ရန် မိုင်ပေါင်းသောင်းချီ ဝေးကွာသော ရေခဲပြင်ကြီးသို့ သွားရောက်ခဲ့သည်။ သူသည် အောင်မြင်မှုရမည်ဟု အပြည့်အဝ ယုံကြည်ချက်မရှိဘဲ ထိုကဲ့သို့ စွန့်စားသွားမည့်သူ မဟုတ်သော်လည်း ယခုအချိန်ထိ သတင်းအစအန မရရှိသေးပေ။
လော့ရှားမြို့စားအိမ်တော်၏ အလုံခြုံဆုံး အကာအကွယ်အောက်တွင် ထားရှိထားသော အငယ်ဆုံးသားမှာလည်း မတော်တဆမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြန်သည်။
ထိုကောလာဟလများကို သက်သေပြရန် အထောက်အထား မရှိသော်လည်း၊ တစ်စုံတစ်ယောက်က ဝေရူဟန်အား ဆက်ခံမည့်သူ မရှိစေရန်နှင့် မဟာမိတ်ခေါင်းဆောင် ရာထူးကို စွန့်လွှတ်စေရန် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ကြံနေခြင်းဖြစ်သည်ဟု လူအများက ယူဆနေကြသည်။
မှန်ပေသည်၊ လော့ဖုန်းမဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း ထိုကဲ့သို့သော စကားများကို တိုးတိုးတိတ်တိတ်သာ ပြောရဲကြသော်လည်း မည်သူကမျှ အမြစ်ပြတ်အောင် စုံစမ်းခြင်း မရှိခဲ့ကြပေ။
သို့သော် ယခု ဝေဇီယီ၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ စိတ်ထဲတွင်... ထိုကောလာဟလများမှာ အမှန်တရား ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ဆုမိုက ခေါင်းခါရင်း တုံ့ပြန်လိုက်၏။ "မိန်းကလေးဝေက နောက်နေတာပဲ... ကျွန်တော်က..."
"ခေါင်းဆောင်ဆု အနေနဲ့ အလျင်စလို နှိမ့်ချနေဖို့ မလိုပါဘူး"
ဝေဇီယီက ချက်ချင်းပင် ဖြတ်ပြောလိုက်၏။ "ကျွန်မ တန်ဖိုးထားတာက ခေါင်းဆောင်ဆုရဲ့ အနာဂတ် အလားအလာကိုပါ။ ဒီတိုက်ပွဲအပြီးမှာ ခေါင်းဆောင်ဆုရဲ့ နာမည်က သိုင်းလောကမှာ ဟိုးဟိုးကျော်သွားတော့မှာ သေချာတယ်။ အဲဒီအချိန်ကျရင် ရှင့်ကို မိတ်ဖွဲ့ချင်တဲ့သူတွေ တန်းစီနေမှာမို့လို့ ကျွန်မက အခုကတည်းက အခွင့်အရေးကို လက်ဦးမှု ယူထားရတာပါ"
"မိန်းကလေးဝေက ကျွန်တော့်အပေါ် ယုံကြည်ချက် တော်တော်ရှိနေတာပဲ..."
"ယွီလျိုစံအိမ်ထဲမှာ ရှင်သုံးခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ပြီး ကျွန်မ ယုံကြည်ချက် ပိုတိုးလာတာပါ"
ဝေဇီယီက အသာအယာ ဦးညွှတ်လိုက်၏။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ဆုရဲ့ သဘောထားကို သိပါရစေ"
ဆုမို ခေတ္တမျှ စဉ်းစားလိုက်၏။ ယန်ရှောင်ယွင်ကလည်း ဆုမိုကို မော့ကြည့်နေသော်လည်း စကားတစ်ခွန်းမျှ မဆိုပေ။ ဆုံးဖြတ်ချက်ကို ဆုမိုအပေါ်တွင်သာ လုံးလုံးလျားလျား ပုံအပ်ထားသည်။
မကြာမီ ဆုမိုက ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ "ဒီလိုဆိုရင်တော့ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံပါတယ်။ သိုင်းလောကထဲမှာ ခရီးသွားရင်း ဒီကိစ္စနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုခု တွေ့ခဲ့ရင် မိန်းကလေးဝေကို အမြန်ဆုံး အကြောင်းကြားပေးပါ့မယ်"
သူ ယခုကဲ့သို့ အလွယ်တကူ သဘောတူလိုက်ခြင်းမှာ သေချာစဉ်းစားကြည့်လျှင် ၎င်းသည် ကြီးမားသော တာဝန်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း ဝေဇီယီ၏ တောင်းဆိုချက်မှာ ပေါ့ပါးလှပြီး တကူးတက စုံစမ်းပေးရန် မလိုပေ။ ခရီးသွားရင်း ကြုံတွေ့ရသည်များကိုသာ ပြောပြရန်ဖြစ်သဖြင့် သဘောတူလိုက်ခြင်းက ဘာမှ မနစ်နာပေ။
အခြားတစ်ဖက်တွင်မူ ဇီယန်အာမခံဌာနသည် လော့ဖုန်းမဟာမိတ်အဖွဲ့၏ သြဇာအာဏာအောက်ရှိ လော့ရှာမြို့တွင် တည်ရှိနေသည်။ ဝေဇီယီကဲ့သို့သော ပုဂ္ဂိုလ်က နှိမ့်ချစွာ လာရောက်မိတ်ဖွဲ့ခြင်းမှာ ကောင်းမွန်သော ကံကြမ္မာအဆက်အသွယ် တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
လူတစ်ယောက်ကို ထမ်းစင်ပေါ်တင်ပေးခြင်းသည် အပြန်အလှန် ကူညီမှုပင် ဖြစ်သည်။ ငါက မင်းကို မြှောက်ပေးပြီး မင်းက ငါ့ကို ပြန်မမြှောက်ပေးလျှင် ခွင့်လွှတ်၍ ရသေးသော်လည်း၊ အထင်အမြင်သေးစွာ ဆက်ဆံခြင်းကတော့...
ကြီးလေးသော အမှားတစ်ခု ဖြစ်မသွားပေဘူးလား။
နောက်ဆုံးအနေနှင့် အခြားအရာများကို မဆိုထားနှင့်ဦး၊ လော့ဖုန်းမဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း ဝေဇီယီနှင့် အဆက်အသွယ်ရှိနေခြင်းကပင်... ဇီယန်အာမခံဌာန၏ စီးပွားရေးကို တဟုန်ထိုး တိုးတက်စေမည် မဟုတ်ပါလော။
စီးပွားရေးကောင်းခြင်းသည် ဆုမိုအတွက် သိုင်းပညာအဆင့် မြင့်မားလာခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော အကျိုးကျေးဇူးများကို ငြင်းပယ်ခြင်းမှာ မိုက်မဲရာ ကျပေလိမ့်မည်။
"ကောင်းပါပြီ"
ဝေဇီယီက အားရပါးရ ရယ်မောလိုက်၏။ "ခေါင်းဆောင်ဆုက တကယ်ကို ပြတ်သားတဲ့သူပဲ။ ဒါဆိုရင် ဒါလေးကို လက်ခံပေးပါ"
စကားပြောရင်း သူမ၏ ဝတ်စုံ ရင်ဘတ်ထဲမှ ပစ္စည်း တစ်ခုကို ထုတ်ယူကာ ဆုမိုထံသို့ လှမ်းပစ်ပေးလိုက်၏။
ဆုမို လှမ်းဖမ်းလိုက်ရာ လက်ဖဝါးထဲသို့ ရောက်ရှိလာသည်မှာ တံဆိပ်ပြား တစ်ခု ဖြစ်၏။
တံဆိပ်ပြားမှာ မကြီးလှသော်လည်း အလွန်လေးလံပြီး ထူးခြားသော ဒြပ်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း သိသာလှသည်။ ၎င်းပေါ်တွင် ရဲရင့်ပြတ်သားသော စာလုံးများကို ထွင်းထုထားသည်။ အရှေ့ဘက်တွင် 'ဖီးနစ်' ဟု ရေးထားပြီး အနောက်ဘက်တွင် 'ဝေ' ဟု တံဆိပ်ရိုက်နှိပ်ထားလေသည်။
"ဝေမိသားစုရဲ့ 'ဖီးနစ်’ အမိန့်တော်တံဆိပ်.."
ယန်ရှောင်ယွင်သည် ထိုပစ္စည်း၏ မူလဇာစ်မြစ်ကို ချက်ချင်း သိရှိသွားပြီး သူမ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ "မိန်းကလေးဝေက တကယ့်ကို သဘောထားကြီးတာပဲ"
ဖီးနစ်အမိန့်တော်တံဆိပ်သည် ပေါ့သေးသေး မဟုတ်ပေ။ ၎င်းသည် မဟာမိတ်ခေါင်းဆောင်၏ တံဆိပ်ပြား ဖြစ်သည်။
လော့ဖုန်းမဟာမိတ်အဖွဲ့၏ သြဇာအောက်တွင် ရှိနေသူတိုင်းအတွက် ဤတံဆိပ်ကို မြင်ရခြင်းသည် မဟာမိတ်ခေါင်းဆောင်ကြီးကို ကိုယ်တိုင် မြင်တွေ့ရခြင်းနှင့် တူညီသည်ဟု မဆိုနိုင်သော်လည်း ကြီးမားသော လုပ်ပိုင်ခွင့်အာဏာ ရှိပေသည်။
လော့ဖုန်းမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ရှစ်ဦးတွင် ၎င်းတို့၏ မျိုးရိုးအမည်များနှင့်အညီ တံဆိပ်ပြား ရှစ်မျိုး ရှိကြသည်။
ဤတံဆိပ်ပြားသည် 'ဝေ' မျိုးနွယ်၏ နယ်မြေအတွင်း အင်အားစုများကို စုစည်းခွင့်ရှိရုံသာမက သေရေးရှင်ရေးကိုပင် ဆုံးဖြတ်နိုင်သော အာဏာ ရှိသည်။
ထို့အပြင် မြို့ကြီး လေးမြို့လုံးသို့ အဟန့်အတားမရှိ ဝင်ထွက်သွားလာခွင့်ကိုလည်း ပေးအပ်ထားသည်။ ဤတံဆိပ်ရှိပါက မည်သည့်နေရာကိုမဆို တားမြစ်ချက်မရှိ သွားလာနိုင်သည်။
အင်အားစုများကို စုစည်းရာတွင် 'ဝေ' နယ်မြေအတွင်းလောက် မလွယ်ကူနိုင်သော်လည်း ဤတံဆိပ်က ပေးအပ်သော အာဏာမှာ သေးငယ်လှသည် မဟုတ်ပေ။
မိန်းကလေးဝေအနေဖြင့် ဤကဲ့သို့သော ပစ္စည်းမျိုးကို ဒုတိယမြောက် လက်ဆောင်အဖြစ် ပေးအပ်ခြင်းမှာ တကယ့်ကို ကြီးကျယ်လှသော စေတနာပင် ဖြစ်တော့သည်။
အခန်း (၇၄) - ရွှမ်ကျီတောင်ကြားသို့ ခရီးနှင်ခြင်း
~ဓားမြည်းစမ်းရာ မျှော်စင်၏ ထိပ်ဖျားတွင်...
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးသား ပခုံးချင်းယှဉ်လျက် ထိုင်နေကြသည်။
ဝေဇီယီကမူ အရိပ်အယောင်ပင် မကျန်တော့။ ပျောက်ကွယ်သွားပြီ ဖြစ်၏။
သူမ ဤနေရာသို့ လာခဲ့ရသည့် အကြောင်းရင်း၊ ပြောစရာ ရှိသည့် စကားများ၊ လုပ်စရာ ရှိသည့် ကိစ္စများ... အားလုံး ပြီးမြောက်သွားပြီ ဖြစ်လေသည်။
ထို့နောက်တွင် သူတို့သုံးဦးသည် ရွှမ်ကျီတောင်ကြားနှင့် ယွီလျိုစံအိမ်တွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများအကြောင်းကို အနည်းငယ် ပြောဆိုဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ဆုမိုက သွေးကျွန်များကို မည်သို့ ကယ်တင်ရမည်နည်း ဆိုသည့်အချက်ကို အလေးထား မေးမြန်းခဲ့သည်။ ရုတ်တရက် ဆုမိုသည် ဝေဇီယီအား သူ့အတွက် ကိစ္စတစ်ခုကို ကူညီလုပ်ဆောင်ပေးရန် အပ်နှံလိုက်၏။
ဆုမိုက သူမကို ပေါ့ပေါ့ပါးပါး အမိန့်ပေးသကဲ့သို့ ပြောဆိုလိုက်သည်ကို ဝေဇီယီ အံ့သြသွားသော်လည်း၊ နောက်ဆုံးတွင် လက်ခံလိုက်လေသည်။
သူမက ဆုမိုကို တစ်ခွန်းသာ မှာကြားခဲ့သည်။
"ယွီလျိုဓားနှလုံးသား လျူဆွေဖုန်းရဲ့ ကျေးဇူးကြွေး ဆိုတာ လွယ်လွယ်နဲ့ ရတာမျိုး မဟုတ်သလို၊ ကျွန်မကလည်း လွယ်လွယ်နဲ့ လက်လွတ်ခံမယ့်သူ မဟုတ်ဘူး... ရှင်က အလင်းရောင်အောက်မှာ လိုက်ပါ... ကျွန်မက အရိပ်ထဲကနေ လိုက်ပါမယ်... လိုအပ်ရင် အချိန်မရွေး ဆက်သွယ်လိုက်ပါ"
ဆုမိုက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပြီးနောက် ဝေဇီယီ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
ယန်ရှောင်ယွင်သည် အဆုံးအစမရှိသော ညဉ့်နက်သန်းခေါင်ကို ငေးကြည့်ရင်း တိုးညှင်းစွာ မေးလိုက်၏။
"သူပြောတာတွေ ယုံလို့ရပါ့မလား"
"ငါးဆယ်ရာခိုင်နှုန်းပေါ့"
ဆုမိုက ပြုံးရင်း ပြန်ဖြေသည်။
"သူ့ရဲ့ စေတနာကတော့ စစ်မှန်ပုံရပါတယ်... ဒါပေမဲ့ တကယ်လို့သာ ဒီကိစ္စတွေ အားလုံးက သူ လုပ်တာ မဟုတ်ခဲ့ရင်တောင်၊ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်နိုင်တာက သူ့အတွက် အကျိုးရှိတာပဲလေ... ကျွန်တော်တို့ကို လာပြောပြတာက ရေစီးကြောင်းအတိုင်း လိုက်ပြီး မျက်နှာလုပ်သွားတာပဲ... ဒါ့အပြင်..."
"ဟင်... ဘာဖြစ်လို့လဲ"
ယန်ရှောင်ယွင် လှည့်ကြည့်လိုက်ရာ ဆုမိုက လက်ထဲရှိ ‘ဖီးနစ်အမိန့်ပေး တံဆိပ်ပြာ’'ကို ကစားနေသည်ကို တွေ့လိုက်ရသည်။
ယန်ရှောင်ယွင်က တံဆိပ်ပြားကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
"ဘာဖြစ်လို့လဲ"
"ဒါက ပစ္စည်းကောင်းလေး တစ်ခုပါ..."
ဆုမိုက ပြုံးရင်း ဆက်ပြောသည်။
"ဒါပေမဲ့... လုံးဝကြီး ကောင်းတယ်လို့တော့ ပြောလို့မရဘူး... တစ်ဖက်က ကြည့်ရင် သူက ကျွန်တော်နဲ့ ဆက်သွယ်ဖို့ လွယ်ကူအောင် ဒါကို ပေးခဲ့တာ... ဒါပေမဲ့ နောက်တစ်ဖက်က တွေးကြည့်ရင်... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာ ကျွန်တော် ဒီတံဆိပ်ပြားကို ထုတ်သုံးလိုက်တာနဲ့ ကျွန်တော့်ရဲ့ တည်နေရာကို သူ လှမ်းပြီး ခြေရာခံနိုင်သွားမှာပဲ"
"တကယ်လို့ ကျွန်တော်က ဒီတံဆိပ်ပြားကို သုံးပြီး တစ်ခုခု လုပ်လိုက်ရင်... သူ့မျက်စိအောက်ကနေ ဘယ်အရာက လွတ်ကင်းနိုင်မှာလဲ"
"ဒီမိန်းကလေးက ပွင့်လင်းသယောင် ရှိပေမယ့်... သူ့ရဲ့ ဉာဏ်နီဉာဏ်နက်က လျှော့တွက်လို့ မရဘူး"
"ကံကောင်းတာက... လက်ရှိ အနေအထားအရတော့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိသေးဘူးပေါ့"
ထိုစကားကို ကြားသောအခါ ယန်ရှောင်ယွင် သဘောပေါက်သွားပြီး သက်ပြင်းချလိုက်မိသည်။
"အကျိုးအမြတ်နဲ့ မျှားခေါ်တာပေါ့လေ... အကျိုးစီးပွားကိုပဲ ကြည့်ပြီး မျက်စိကန်းသွားရင် တစ်ဖက်လူရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရမှာပဲ"
"ဒါပေါ့"
ဆုမိုက ခေါင်းညိတ်လိုက်၏။
"ဒါကြောင့်... မလိုအပ်ဘဲ ဒီပစ္စည်းကို မသုံးတာ အကောင်းဆုံးပဲ... ကျွန်တော်သာဆိုရင် ဒီတံဆိပ်ပြားကို အိမ်သာထဲ ပစ်ချပြီး မရှိခဲ့သလို ဟန်ဆောင်နေလိုက်ချင်တယ်... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရွှမ်ကျီတောင်ကြား ခရီးစဉ်အတွက် လူအင်အား လိုနေတယ်လေ... ဒါကြောင့် နည်းနည်းလောက်တော့ အသုံးချလိုက်ကြတာပေါ့... သတိကြီးလွန်းရင်လည်း ကြည့်ရဆိုးတယ် မဟုတ်လား"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ရင်း ပြုံးလိုက်၏။
"နင့်ရဲ့ တွေးခေါ်ပုံက တကယ် ရှင်းလင်းပြတ်သားတာပဲ... ငါ နင့်ကို ပိုပိုပြီး အထင်ကြီးလာပြီ... ဒါပေမဲ့.. ဘာလို့ သူ့ကို အဲဒီကိစ္စ လုပ်ခိုင်းလိုက်တာလဲ"
"ဘာဖြစ်လို့လဲဆိုတော့... ဒီကိစ္စမှာ ထူးဆန်းတာလေးတွေ ရှိနေလို့လေ"
ဆုမို သက်ပြင်းချလိုက်၏။
"ဒါပေမဲ့ ခိုင်လုံတဲ့ သက်သေမရှိဘဲ ပြောသမျှ အရာအားလုံးက ထင်ကြေးတွေပဲ... ကျွန်တော် အတွေးလွန်နေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်"
"အင်း..."
စကားပြောရင်း ယန်ရှောင်ယွင်သည် ဆုမို၏ ပခုံးပေါ်သို့ ခေါင်းလေး မှီလိုက်၏။
ဆုမို၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပြီး၊ အလိုအလျောက် ရှောင်ဖယ်ချင်စိတ် ဖြစ်ပေါ်လာသည်။
"မလှုပ်နဲ့..."
ယန်ရှောင်ယွင်က ဆုမို၏ လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။
"ငါ့ကို ခဏလောက် မှီခိုခွင့်ပေးပါ... နည်းနည်းလောက် နားချင်လို့ပါ... မနက်ဖြန်ကျရင် စောစော ထွက်ရမှာလေ"
"... ဟုတ်ကဲ့"
ဆုမိုသည် မလှုပ်ရှားရဲတော့ဘဲ ငြိမ်နေလိုက်၏။ ယန်ရှောင်ယွင်၏ အသက်ရှူသံများ တဖြည်းဖြည်း မှန်လာသည်ကို နားထောင်ရင်း၊ သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်လုနီးပါး ဖြစ်သွားသည်။ သို့သော် သူ ချက်ချင်းပင် စိတ်ကို ထိန်းချုပ်လိုက်ပြီး မျက်လုံးမှိတ်ကာ အတွင်းအားကိုသာ တိတ်တဆိတ် လေ့ကျင့်နေလိုက်တော့သည်။
...
...
ယွီချင်းတောင်၊ ယွီကျင်းရေကန်...
ညဉ့်နက်သန်းခေါင် အချိန်ဖြစ်သဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် တိတ်ဆိတ်နေသည်။
ပုံမှန်ဆိုလျှင် ဤအချိန်၌ လူသူအရိပ်အယောင် မရှိသင့်ပေ။
သို့သော် ယခုအချိန်တွင် လူတစ်ယောက် ရပ်နေလေသည်။
ထိုသူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် ယွီကျင်းရေကန်ကို ကျော်လွန်ကာ ယွီလျိုစံအိမ်ဘက်သို့ လှမ်းမျှော် ကြည့်ရှုနေသည်။
ရုတ်တရက် သူ့နောက်တွင် အနီရောင် အရိပ်တစ်ခု ပျံလွှားရောက်ရှိလာသည်။
သူမက တိုးညှင်းစွာ ပြောလိုက်၏။
"သူ ကျွန်မကို အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့တယ်"
"ငါလည်း မထင်မှတ်ထားခဲ့ဘူး"
အနက်ရောင် ဝတ်စုံနှင့်လူက လှည့်မကြည့်ဘဲ ပြန်ပြောလိုက်၏။
"ဒါကြောင့်ပဲ မင်းကို သွားကြည့်ခိုင်းတာပေါ့"
"ကျွန်မ သူ့ကို တွေ့ခဲ့ပါပြီ... သူ တော်တော်လေး တော်ပါတယ်"
လင်းဟုန်ရှ စကားဆုံးသောအခါ နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။
ခဏအကြာတွင် လင်းဟုန်ရှက ချာခနဲ လှည့်ထွက်သွားရန် ပြင်လိုက်၏။
"ဒီဘက်က ကိစ္စတွေ ယာယီ ပြီးသွားပြီ... ကျွန်မ ယွီလျိုစံအိမ်မှာပဲ နေပြီး ကူညီပေးလိုက်မယ်"
"ကောင်းပြီ"
ထိုလူက ခေါင်းပင် မလှည့်ပေ။
"ရှင်... သူ့ကို မပြောပြတော့ဘူးလား"
လင်းဟုန်ရှ ရုတ်တရက် ပြန်လှည့်မေးလိုက်၏။
အနက်ရောင် ဝတ်စုံနှင့်လူက တိတ်ဆိတ်နေသည်။
"သူ ကလေး မဟုတ်တော့ပါဘူး"
လင်းဟုန်ရှ တစ်ခုခုကို တွေးမိသွားပုံရပြီး၊ သူမ၏ နှုတ်ခမ်းထောင့်များတွင် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သော အပြုံးတစ်ခု ပေါ်လာသည်။
"စောင့်ကြည့်ကြသေးတာပေါ့"
ထိုလူက သက်ပြင်းချလိုက်၏။
"သဘောပါပဲရှင်"
လင်းဟုန်ရှသည် ထိုစကားကို ချန်ထားရစ်ပြီးနောက် အရိပ်တခု ပျံတက်သွားသကဲ့သို့ အနီရောင်အလင်းတန်းအသွင် ပြောင်းလဲကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
သူမ၏ ကိုယ်ဖော့ပညာသည် ယွီလျိုစံအိမ် အတွင်း၌ ထုတ်ဖော်ပြသခဲ့သည်ထက် များစွာ သာလွန်နေကြောင်း သိသာလှသည်။
ညဉ့်နက်သန်းခေါင်တွင် ယွီကျင်းရေကန်ဘေး၌ အနက်ရောင် ဝတ်စုံနှင့်လူ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သူသည် ယွီလျိုစံအိမ်ဘက်သို့ ငေးကြည့်ရင်း လက်နောက်ပစ်ထားလျက် မလှုပ်မယှက်ရပ် နေလေတော့သည်။
...
...
နံနက်ခင်း နေရောင်ခြည် မကျရောက်မီမှာပင် ယွီလျိုစံအိမ် အတွင်းရှိ လူအားလုံး နံနက်စာ စားသောက်ပြီးစီးနေကြပြီ ဖြစ်သည်။
လျူချင်ကုန်းသည် ညကတည်းက လူတိုင်း၏ လက်နက်များနှင့် ပစ္စည်းပစ္စယများကို ပြန်လည်ရှာဖွေ ပေးထားပြီး ဖြစ်သည်။ ယခုအခါ လူတိုင်းသည် မိမိတို့၏ လက်နက်များကို ကိုင်ဆောင်လျက် ယွီလျိုစံအိမ် ရှေ့တွင် စုရုံးကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အားလုံးကို လက်သီးဆုပ် ဂါရဝပြုလိုက်ကြသည်။
"ဒါဆိုရင်... ကျွန်တော်တို့ နှစ်ယောက် အရင် သွားနှင့်ပါတော့မယ်"
"ခေါင်းဆောင်ဆု... လမ်းခရီးမှာ ဂရုစိုက်ပါ"
"ဟိုရောက်ရင် စိတ်မြန်လက်မြန် မလုပ်ပါနဲ့ဦး... ကျွန်တော်တို့ ရောက်လာမှ အတူတူ တိုင်ပင်ကြတာပေါ့"
"ခေါင်းဆောင်ဆု... ကျွန်တော် လိုက်ခဲ့ပါရစေ"
နောက်ဆုံးမှ ပြောလိုက်သူမှာ ဂွမ်ချုံး ဖြစ်သည်။
ဓားမြည်းစမ်းရာ မျှော်စင်တွင် ဆုမို၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီးကတည်းက၊ သူသည် ဆုမိုအား နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကာ အနီးကပ် ပြုစုစောင့်ရှောက်လိုစိတ် ပြင်းပြနေလေသည်။
ဆုမိုက ပြုံးလိုက်၏။
"အစ်ကိုကြီးဂွမ်... ညက ကျွန်တော်တို့ ဆွေးနွေးပြီးပြီလေ... ဒီမှာရှိတဲ့ လူတိုင်းရဲ့ နာမည်စာရင်းကို ယူချွမ်ဂိုဏ်းက မှတ်တမ်းတင်ထားပြီးသား... ယွီလျိုစံအိမ်က လူတွေ ပေါ်လာတာနဲ့ သူတို့ သေချာပေါက် သိမှာပဲ... ကျွန်တော်တို့ နှစ်ယောက်ကသာ မျက်နှာစိမ်းတွေ ဖြစ်နေလို့ ရောနှောဝင်ရောက်ဖို့ အခွင့်အရေး ရှိတာပါ"
ဂွမ်ချုံးမှာ မတတ်သာဘဲ သက်ပြင်းချလိုက်ရသည်။
ညက ဆွေးနွေးချက်အရ သူတို့အားလုံး တိုးဝင်တိုက်ခိုက်ခြင်းသည် စိတ်မချရကြောင်း သဘောတူခဲ့ကြသည်။
ထို့ကြောင့် အဖွဲ့နှစ်ဖွဲ့ ခွဲရန် ဆုံးဖြတ်ခဲ့ကြသည်။
တစ်ဖက်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မျက်နှာစိမ်းများ ဖြစ်သဖြင့် ရွှမ်ကျီတောင်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက် စုံစမ်းကြမည်။
ကျန်တစ်ဖွဲ့ကမူ သတိကြီးစွာဖြင့် ချီတက်လာပြီး၊ ဟိုရောက်မှ ပြန်လည် ဆုံတွေ့ရန် နည်းလမ်းရှာကြမည်။
ထို့အပြင် ယွီလျိုစံအိမ်ကို စောင့်ရှောက်ရန် လူကျန်ရစ်ခဲ့ဖို့လည်း လိုအပ်သည်။
ရွှမ်ကျီတောင်ကြားမှ လူများ ဆက်တိုက် ရောက်လာဦးမည် ဖြစ်ရာ၊ ယူချွမ်ဂိုဏ်းသားများအဖြစ် ဟန်ဆောင်ပြီး ဆက်သွယ်မည့်သူ လိုအပ်သည်။
ထိုတာဝန်အတွက် အသင့်တော်ဆုံးမှာ ယူချွမ်ဂိုဏ်းသားအဖြစ် ဟန်ဆောင်ခဲ့ဖူးသော လျူချင်ကုန်းသာ ဖြစ်လေသည်။
စိန်သေးလူထူး ချူရှောင်သည် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ယွီလျိုစံအိမ်တွင် ကျန်ရစ်ကာ အကူအညီပေးမည် ဖြစ်ပြီး၊ သွေးရောင်စွန်း ရေဘဲဓား လင်းဟုန်ရှကဲ့သို့သော ထိပ်သီးပညာရှင်များလည်း ရှိနေသဖြင့် လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပေ။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တောင်ကြားထဲမှ အခြေအနေကို စုံစမ်းပြီးသည်နှင့် ကျန်လူများနှင့် တိုင်ပင်ကာ၊ အတွင်းအပြင် ညှပ်တိုက်ပြီး ရွှမ်ကျီတောင်ကြားကို တစ်ချက်တည်း သိမ်းပိုက်ရန် စီစဉ်ထားကြသည်။
ချန်မင်းသခင်ကြီးက ရှေ့သို့ တိုးလာသည်။
"လူငယ်လေးဆု... တောင်ကြားထဲက မြေပြင်အနေအထားကို မှတ်မိရဲ့လား"
"မှတ်မိပါတယ်"
ဆုမို ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ကျုပ် တွက်ချက်ထားတာသာ မှန်မယ်ဆိုရင်... လျူဆွေဖုန်းကို ဝှက်ထားနိုင်ဆုံး နေရာက တောင်နောက်ဘက်က ရွှမ်ကျီလိုဏ်ဂူပဲ ဖြစ်လိမ့်မယ်... လိုဏ်ဂူထဲက ယန္တရားတွေ အကြောင်းကိုလည်း ကျုပ် သေချာ ရှင်းပြပြီးပါပြီ... လူငယ်လေး... သတိထားပြီး လှုပ်ရှားပါ... လုံးဝ ပေါ့ဆလို့ မဖြစ်ဘူးနော်"
"ကောင်းကောင်း နားလည်ပါပြီ"
ဆုမိုက ဂါရဝပြုလိုက်၏။
"ကဲ... အားလုံးပဲ... ရွှမ်ကျီတောင်ကြားကျမှ ပြန်ဆုံကြတာပေါ့ဗျာ"
စကားဆုံးသည်နှင့် သူသည် ယန်ရှောင်ယွင်နှင့်အတူ မြင်းပေါ်သို့ ခုန်တက်လိုက်၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဓားငှားခဲ့သူကို မတွေ့ရသဖြင့်၊ ယန်ရှောင်ယွင်နှင့်အတူ မြင်းကို ဒုန်းစိုင်းကာ ထွက်ခွာသွားလေတော့သည်။
အခန်း (၇၅) - ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်များ
~ယွီချင်းတောင်၏ မြောက်ဘက်တွင် ထိုက်ဟွာအမည်ရှိသော ကြီးမားသည့် တောင်ကြီးတစ်လုံး တည်ရှိလေသည်။
ထိုက်ဟွာတောင်၏ တောင်ဘက်ခြမ်းတွင်မူ မြင်မြင်သမျှဟာ ထိုင်ကြည့်ချင်စရာ ကောင်းသည့် ရှုခင်းများနှင့်အတူ၊ နွေဦးအလှတရား ကိန်းအောင်းနေသော တိတ်ဆိတ်ငြိမ်သက်သည့် တောင်ကြားတစ်ခု ရှိသည်။
ထိုနေရာသည်ကား ရွှမ်ကျီတောင်ကြားပင် ဖြစ်ပေ၏။
ယနေ့... မွန်းတည့်ချိန်ခန့်တွင် လူငယ်နှစ်ဦးသည် ရွှမ်ကျီတောင်ကြား၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
နှစ်ယောက်စလုံးသည် သိုင်းလောက ခရီးသွားဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး၊ ကျောဘက်တွင် သေတ္တာကိုယ်စီ လွယ်ထားကြသည်။ သူတို့သည် သက်သောင့်သက်သာပင် တောင်ကြားဝသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် "ရွှမ်ကျီတောင်ကြား" ဟူသော စာလုံးများ ရေးထိုးထားသည့် ကျောက်တိုင်ကြီးကို မော့ကြည့်နေစဉ်၊ ရုတ်တရက် အနောက်ဘက်မှ လေတိုးသံတစ်ခု ကြားလိုက်ရသည်။ လေအဟုန်သည် သိသိသာသာ ပြင်းထန်လှ၏။
နှစ်ယောက်သား တပြိုင်နက်တည်း ချာခနဲ လှည့်ထွက်ကြည့်လိုက်ရာ၊ အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် ကိုယ်ဖော့ပညာကို အသုံးပြုလျက် ပျံလွှားရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျမတတ် လျင်မြန်စွာ ဆင်းသက်လိုက်ပြီးနောက်၊ အဘိုးအိုက လူငယ်နှစ်ဦးကို စူးစိုက်ကြည့်ကာ မေးလိုက်၏။
"မင်းတို့နှစ်ယောက်က ရွှမ်ကျီတောင်ကြားက ကလေးတွေလား"
လူငယ်နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်နှာပေါ်တွင် ပြုံးရယ်ချင်သလိုလို၊ စိတ်ပျက်သလိုလို အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့က လက်သီးဆုပ် ဂါရဝပြုလိုက်ကြသည်။
"လူကြီးမင်းကို နှုတ်ဆက်ပါတယ်... ကျွန်တော်တို့က ရွှမ်ကျီတောင်ကြားက မဟုတ်ပါဘူး... အစည်းအဝေး တက်ရောက်ဖို့ လာခဲ့ကြတာပါ"
"အစည်းအဝေး ဟုတ်လား"
အဘိုးအိုက ခဏမျှ တုံ့ခနဲရပ်လိုက်ပြီး သူတို့ကို သေချာစွာ အကဲခတ်လိုက်၏။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်၏။
"မင်းတို့က ဘယ်ဂိုဏ်းကလဲ... မင်းတို့ဂိုဏ်းမှာ လူကြီးတွေ မရှိကြတော့ဘူးလား... ဘာကိစ္စ ကလေးနှစ်ယောက်ကို လွှတ်လိုက်ရတာလဲ... ပျော်ပွဲစားထွက်လာတာ မှတ်နေသလား"
"ကျွန်တော်တို့က ရှီးလင်း ခရမ်းရောင်ဓားဂိုဏ်းကပါ"
သူတို့နှစ်ဦးသည် မောက်မာထောင်လွှားခြင်း မရှိသော်လည်း၊ ကိုယ့်ဂိုဏ်းအမည်ကို ပြောလိုက်ချိန်တွင် အနည်းငယ် ဂုဏ်ယူသော လေသံ ပါဝင်နေလေသည်။
အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
"ခရမ်းရောင်ဓားဂိုဏ်း... အဲဒါ ဘယ်လိုဂိုဏ်းလဲ"
သူမသိကြောင်း ဝန်ခံရမည်ကို ရှက်ရွံ့နေစဉ်၊ သူ့နောက်မှ လူငယ်လေးက ခေါင်းပြူထွက်လာပြီး အားမနာတမ်း ပြောလိုက်လေသည်။
"ခရမ်းရောင်ဓားဂိုဏ်း ဟုတ်လား... တစ်ခါမှ မကြားဖူးပါဘူး... ချန်မင်းသခင်ကြီးက ဘာလို့များ မင်းတို့လို နာမည်မရှိတဲ့ ဂိုဏ်းသေးသေးလေးကို ဖိတ်ရတာလဲ"
"ရိုင်းလိုက်တာ"
ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးသည် ချက်ချင်းပင် မျက်နှာ ကွက်ခနဲ ပျက်သွားပြီး၊ ထိုလူငယ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်လိုက်ကြသည်။
"ငါတို့က မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ဘာကိစ္စ ငါတို့ဂိုဏ်းကို လာစော်ကားနေတာလဲ"
ထိုလူငယ် ပြန်မပြောနိုင်ခင်မှာပင် အဘိုးအိုက သူ့ခေါင်းကို 'ဘုန်းခနဲ' နေအောင် ရိုက်ချလိုက်လေသည်။
"မင်း တော်တော် ရဲနေပါလား"
အဘိုးအိုက လူငယ်ကို မျက်လုံးပြုးကာ ကြိမ်းမောင်းလိုက်၏။ လူငယ်မှာ မမျှော်လင့်ထားသော အရိုက်ခံလိုက်ရသဖြင့် ဝေဒနာကို မအောင့်နိုင်တော့ဘဲ မျက်နှာကို ရှုံ့မဲ့ထားရရှာသည်။ ပုံမှန်ဆိုလျှင် ကြင်နာတတ်သော ဆရာသည် ယခုအချိန်တွင်မူ တင်းမာသော မျက်နှာထားဖြင့် ရှိနေလေသည်။
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့... ဒီသိုင်းလောက မိတ်ဆွေနှစ်ယောက်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"
သူက လူငယ်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ကိုယ်တိုင် လက်သီးဆုပ် ဂါရဝပြုလိုက်၏။
"ငါ့တပည့်က ငယ်ငယ်ကတည်းက အလိုလိုက်ထားတော့ နည်းနည်း ဆိုးသွမ်းနေပါတယ်... အခုလည်း ဒီအဘိုးကြီးကြောင့် ပျက်စီးနေရတာပါ... သူ့စကားတွေက ရိုင်းပျသွားတယ်ဆိုရင် လူငယ်လေးတို့ စိတ်မရှိပါနဲ့"
ခရမ်းရောင်ဓားဂိုဏ်းမှ နှစ်ဦးသည် ဒေါသထွက်နေဆဲ ဖြစ်သော်လည်း၊ အဘိုးအို၏ နှိမ့်ချသော စကားများကို ကြားလိုက်ရသောအခါ စိတ်နည်းနည်း လျော့သွားကြသည်။
လူငယ်မှာ မကျေမနပ် ဖြစ်နေသော်လည်း ဆရာဖြစ်သူက သူ့ဘက်မှ မရပ်တည်ပေးသဖြင့် မတတ်သာဘဲ လက်သီးဆုပ်ကာ တောင်းပန်လိုက်ရသည်။
"အစ်ကိုနဲ့ အစ်မ... ကျွန်တော်က အမြင်ကျဉ်းပြီး ဗဟုသုတ နည်းပါးလို့ မသိနားမလည်ဘဲ ပြောမိတာပါ... ကျေးဇူးပြုပြီး ကျွန်တော့်လို လူစားမျိုးနဲ့ ဖက်မဖြစ်ပါနဲ့ဗျာ"
ထိုစကားကို ကြားမှ ခရမ်းရောင်ဓားဂိုဏ်းမှ နှစ်ဦး၏ မျက်နှာထား လျော့ကျသွားတော့သည်။
အမျိုးသားတပည့်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
"ခရမ်းရောင်ဓားဂိုဏ်းက နာမည်ကြီး ဂိုဏ်းကြီး တစ်ဂိုဏ်း မဟုတ်ပေမယ့်... လာပြီး စော်ကားလို့ရတဲ့ ဂိုဏ်းတော့ မဟုတ်ဘူး... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါ ငါတို့ဂိုဏ်းကို ထိခိုက်စေမယ့် စကားမျိုး ထပ်ကြားရရင်တော့... ငါတို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်သွားမယ်"
အဘိုးအိုက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..ငါ့တပည့်ကို နောက်မှ သေချာ ဆိုဆုံးမလိုက်ပါ့မယ်"
အစပိုင်းတွင် သူသည် လူကြီးတစ်ယောက်အနေဖြင့် လူငယ်များကို ဆရာလုပ်ချင်ခဲ့သော်လည်း၊ တစ်ဖက်လူ၏ ဂိုဏ်းကို စော်ကားမိသွားပြီ ဖြစ်သဖြင့် သူမှားကြောင်း ဝန်ခံကာ လေသံပြောင်းသွားခြင်း ဖြစ်သည်။
သိုင်းလောကတွင် ရန်ငြိုးအများစုသည် စကားအချေအတင် ဖြစ်ရာမှ စတင်တတ်သည်။ မိတ်ဆွေများ၊ ဘိုးဘေးများ၊ လူကြီးသူမများနှင့် ဂိုဏ်းများကို မစော်ကားမိစေရန် အထူး သတိထားရပေသည်။ ဤအရာများသည် သိုင်းလောက၏ တားမြစ်ချက်များပင်။
အဘိုးအိုသည် ဤလူငယ်နှစ်ဦးကို ကြောက်လန့်နေခြင်း မဟုတ်သော်လည်း၊ သူတို့၏ ဂိုဏ်းနှင့် ပတ်သက်လာလျှင် အခြေအနေက ကွာခြားသွားပြီ ဖြစ်သည်။
အသက်ကြီးပြီး ရာထူးကြီးလေလေ၊ အမှားမခံလေလေ ဖြစ်သည်။ ဤအရွယ်ရောက်မှ ဗဟုသုတမရှိဘဲ ရမ်းကားသည်ဟု အပြောခံရလျှင် တစ်လောကလုံး၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
သူတို့ကြားရှိ လေထုမှာ အနည်းငယ် တင်းမာနေဆဲ ဖြစ်သော်လည်း၊ ထိုအချိန်မှာပင် ရွှမ်ကျီတောင်ကြား အတွင်းမှ လူနှစ်ဦး ရိပ်ခနဲ ပြေးထွက်လာကြသည်။
သူတို့သည် အဖွဲ့နှစ်ဖွဲ့လုံးကို မြင်လိုက်ရသောအခါ မေးမြန်းလိုက်ကြသည်။
"မိတ်ဆွေတို့က ရွှမ်ကျီတောင်ကြားကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ မသိဘူး"
"ဟားဟားဟား"
အဘိုးအိုက တဟဲဟဲ ရယ်မောလိုက်ပြီး၊ ရင်ဘတ်ထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်ကာ ထိုလူနှစ်ဦး၏ ခြေရင်းသို့ ပစ်ချပေးလိုက်၏။
"ချန်မင်းသခင်ကြီးက ငါတို့ကို ဖိတ်ထားလို့လေ... ငါတို့ ဆရာတပည့်နှစ်ယောက်က တိမ်တွေလို လေတွေလို လွတ်လပ်ပေါ့ပါးစွာ နေတတ်ပေမယ့်... ဒီဖိတ်ကြားမှုကိုတော့ လျစ်လျူရှုလို့ မရဘူးပေါ့"
ရွှမ်ကျီတောင်ကြားမှ တပည့်နှစ်ဦးသည် ဖိတ်စာကို ဖွင့်ကြည့်လိုက်ပြီး၊ ချက်ချင်းပင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
"ဪ... ချင်းရှန် လှည့်လည်သွားလာသူ ပါလား... ကျွန်တော်တို့ လူငယ်တွေက မသိလို့ ပြစ်မှားမိရင် ခွင့်လွှတ်ပါ ခင်ဗျာ"
"ရပါတယ်... ရပါတယ်"
ချင်းရှန် လှည့်လည်သွားလာသူက လက်ကို ဝှေ့ယမ်းလိုက်၏။
ထို့နောက် ရွှမ်ကျီတောင်ကြားမှ လူနှစ်ဦးသည် ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ဦးကလည်း ဖိတ်စာကို အလျင်အမြန် ထုတ်ပေးလိုက်ကြသည်။
ဖိတ်စာကို စစ်ဆေးပြီးနောက် ရွှမ်ကျီတောင်ကြားမှ လူနှစ်ဦး အနည်းငယ် ကြောင်အသွားသည်။
"ခရမ်းရောင်ဓားဂိုဏ်း..."
သူတို့ မော့ကြည့်လိုက်သောအခါ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်များ ယှက်သန်းနေသည်။
"ရှီးလင်း ခရမ်းရောင်ဓားဂိုဏ်းပါ"
လူငယ်နှစ်ဦးက ထပ်မံ အတည်ပြု ပြောကြားလိုက်၏။
"ဪ... ခရမ်းရောင်ဓားဂိုဏ်းက မိတ်ဆွေတွေပါလား"
လက်ရေးကို တိုက်ဆိုင်စစ်ဆေးပြီးနောက်၊ ချန်မင်းသခင်ကြီး၏ လက်ရေးအစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ခရမ်းရောင်ဓားဂိုဏ်း ဆိုတာ ဘာဂိုဏ်းမှန်း မသိသော်လည်း၊ အမှားအယွင်း မရှိနိုင်ဟု တွေးလိုက်ကြသည်။
သူတို့က ပြုံးရယ်လျက် ဖိတ်ခေါ်လိုက်ကြသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... အထဲကို ကြွကြပါဗျာ... စီနီယာချင်းရှန် သိအောင် ပြောပြရမယ်ဆို... သခင်ကြီးက ခင်ဗျားကို စောင့်နေတာ ကြာပါပြီ... တောင်ကြားထဲ ရောက်တာနဲ့ အဆင်ပြေရင် သခင်ကြီးကို အရင် သွားတွေ့ပေးပါဦး"
"ဟားဟားဟား"
ချင်းရှန် လှည့်လည်သွားလာသူသည် ကျေနပ်အားရစွာဖြင့် ခရမ်းရောင်ဓားဂိုဏ်းမှ လူငယ်နှစ်ဦးနှင့် သူ့တပည့်ကို တစ်ချက်ကြည့်လိုက်၏။
"ဆရာကြီးက သိပ်သဘောကောင်းတာပဲ... ငါ့လို လေလွင့်နေတဲ့လူကိုတောင် သတိရသေးတယ်... ကောင်းပြီလေ... ခဏနေရင် သူ့ကို သွားတွေ့လိုက်ပါ့မယ်"
သူက ခဏမျှ စဉ်းစားပြီးနောက် ခရမ်းရောင်ဓားဂိုဏ်းမှ လူငယ်နှစ်ဦးကို လှမ်းပြောလိုက်၏။
"မင်းတို့ ကလေးနှစ်ယောက်က လူကြီးတွေ မပါဘဲ တစ်ကိုယ်တည်း လာကြတာဆိုတော့... ငါနဲ့အတူ အဘိုးကြီးကို လိုက်တွေ့မလား... မိတ်ဆက်ပေးတာပေါ့... မဟုတ်ရင် တခြားလူတွေက မင်းတို့ နောက်ခံကို မသိဘဲ အနိုင်ကျင့်နေကြဦးမယ်"
တကယ်တမ်းတွင် ဤစကားသည် အစောပိုင်းက သူ့တပည့်၏ ရိုင်းပျမှုအတွက် သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြန်လည် ကုစားပေးခြင်း ဖြစ်သည်။
တစ်ဖက်တွင် သူသည် အကြောင်းမဲ့ ရန်ငြိုးမဖွဲ့လိုပေ။
အခြားတစ်ဖက်တွင်မူ စီနီယာကျသော ပညာရှင်တစ်ဦး၏ သဘောထားကြီးမှုကို ပြသလိုခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သူ ပြောလိုက်သည်နှင့် ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးမှာ ကြောင်အသွားပြီး ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။
သူတို့ တွေဝေနေစဉ် ရွှမ်ကျီတောင်ကြားမှ တပည့်က ဝင်ပြောလိုက်၏။
"စီနီယာချင်းရှန် မသိလို့ပါ... သခင်ကြီးရဲ့ ဖိတ်ကြားမှုက အရေးကြီးကိစ္စနဲ့ ပတ်သက်နေတာမို့လို့..."
ချင်းရှန် လှည့်လည်သွားလာသူ အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ... ကောင်းပြီလေ... ပြီးမှပဲ မင်းတို့ကို ခေါ်သွားပေးတော့မယ်"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ထိုအခါမှသာ ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးသည် သက်ပြင်းချနိုင်ပြီး၊ လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောကြားလိုက်ကြသည်။
ရွှမ်ကျီတောင်ကြားမှ တပည့်များ၏ လမ်းပြမှုဖြင့် သူတို့သည် အတွင်းသို့ ဝင်ရောက်လာကြသည်။ တောင်ကြားတစ်ခုလုံးတွင် ထူးဆန်းသော ပန်းမန်များနှင့် ကျောက်ဆောင်များဖြင့် ပြည့်နှက်နေပြီး၊ အဆောက်အဦများကို တောင်ကြားအတွင်း၌ သဘာဝကျကျ တည်ဆောက်ထားလေသည်။ ကြည့်လိုက်လျှင် ရှုပ်ထွေးသယောင် ရှိသော်လည်း တကယ်တမ်းတွင်မူ သေသပ်လှပပြီး စိတ်ကို ကြည်နူးစေသည်။
ခရမ်းရောင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးကို အခန်းတစ်ခန်းတွင် နားနေစေပြီး၊ ချင်းရှန် လှည့်လည်သွားလာသူနှင့် သူ့တပည့်ကိုမူ သီးခြား ခေါ်ဆောင်သွားလေသည်။
အခန်းတံခါး ပိတ်သွားသည်နှင့် သူတို့နှစ်ဦးသည် အသက်ဝဝ ရှူနိုင်တော့သည်။
"ငါတို့ အောင်အောင်မြင်မြင် ဝင်လာနိုင်ပြီဟယ်... ထင်ထားတာထက်တောင် ပိုလွယ်နေသေးတယ်"
"ချန်မင်းသခင်ကြီးရဲ့ လက်ရေးမူပါတဲ့ ဖိတ်စာရယ်... လော့ရှင်းဂိုဏ်း ကို ပို့တဲ့ ဖိတ်စာကို မြင်ဖူးထားတာရယ် ပေါင်းလိုက်တော့... အစစ်နဲ့ အတု ရောပြီး ခရမ်းရောင်ဓားဂိုဏ်း ဆိုတာကို ဖန်တီးလိုက်လို့ ရသွားတာပေါ့"
ပြောရင်းဆိုရင်း သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လှစ်ခနဲ ပြုံးလိုက်ကြသည်။ သူတို့က တကယ်ရော ခရမ်းရောင်ဓားဂိုဏ်းက ဟုတ်ကြပါရဲ့လား။
သူတို့သည်ကား... အခြားသူ မဟုတ်ကြ။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ပင်တည်း။