အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း (၁၂၁) - မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်နှင့် မြူခိုးဂိုဏ်းချုပ်
~ဤသူသည် ယဲ့ဖုန်း လုံးဝ မရင်းနှီးသော သူစိမ်း တစ်ယောက် ဖြစ်နေသည်။
ထိုလူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး စစနှင့် ဖြစ်၏။ အသက် (၄၀) ဝန်းကျင်ခန့် ရှိပုံရပြီး မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေ၏။
သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည် ။
"မင်းက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်လား"
ယဲ့ဖုန်းသည် ရှင်းကွမ်ရွှမ် ပြောပြခဲ့ဖူးသော စကားများကို ပြန်လည် အမှတ်ရပြီး ထိုဧည့်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းလိုက်သည် ။
"ဟုတ်တယ်... ငါက နတ်ဆိုးဘုရင်ပဲ"
အသွင်ပြောင်း သားရဲသည် စကားဆက်ပြောချင်သော်လည်း ဒုတိယမြို့စားမင်း၊ လုရှန်ယွဲ့၊ နီရှန်နန်းတော်သခင်မ နှင့် အခြားသော အင်အားကြီး ပုဂ္ဂိုလ် တစ်ရာကျော် ပျံသန်းရောက်ရှိလာပြီး သူ့ကို ဝိုင်းရံထားကြသည်ကို သတိပြုမိလိုက်သည်။
သူတို့တစ်ဦးချင်းစီထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေ၏။
ဒုတိယမြို့စားမင်းသည် အသွင်ပြောင်း သားရဲကို မနှစ်မြို့စွာ ကြည့်လိုက်ရင်း ပြောလိုက်၏။
"မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်... မင်း ရေပေါ်ဖြူ မြို့တော် မှာ မွှေခဲ့တဲ့ ကိစ္စတွေကို ငါ ကြားထားတယ် ။ ငါ မင်းနဲ့ စာရင်းမရှင်းရသေးခင်မှာ အခု မြူခိုးဂိုဏ်းကိုပါ လာပြီး ပြဿနာရှာရဲတယ်ပေါ့... သတ္တိရှိလှချည်လား"
အသွင်ပြောင်း သားရဲသည် ချက်ချင်း ဒေါသထွက်သွားတော့သည်။
"ယဲ့ဖုန်းက လူလွှတ်ပြီး ငါ့လက်အောက်ငယ်သားတွေကို ဖမ်းခိုင်းတယ်။ ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ နန်လု နတ်ဆိုးဂိုဏ်း ရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ။ ငါက တရားမျှတမှု လာရှာတာ... ဘာမှားလို့လဲ"
လုရှန်ယွဲ့က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ပြောလိုက်၏။
"ဒါပေမဲ့ ရေပေါ်ဖြူမြို့တော်က ကောလာဟလတွေအရတော့ မင်းက လုံချီထျန်း ကို မြို့ထဲမှာ တမင်တကာ ပြဿနာရှာခိုင်းပြီး လုံထျန်းရှင်း ရဲ့ အာရုံကို ဆွဲဆောင်ခဲ့တယ်လို့ ကြားတယ် ။ ဒီကိစ္စက ဂိုဏ်းချုပ်ယဲ့ကို စိန်ခေါ်ဖို့ အကြောင်းပြချက် ရအောင် မင်း အကွက်ချ ကြံစည်ထားတာပဲ မဟုတ်လား"
"လျှောက်မပြောနဲ့"
အသွင်ပြောင်း သားရဲသည် မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်သည်။
အသွင်ပြောင်း သားရဲ၏ ရင်ထဲတွင် မတရားခံရသလို ခံစားနေရ၏။
သူတို့ ..မိမိကို အထင်ကြီးလွန်းနေပြီဟု ပြောချင်နေမိသည်။
မိမိက အဲဒီလောက် နက်နက်နဲနဲ ကြံစည်နိုင်သူ မဟုတ်ပေ။ ဒါတွေအားလုံးက သူတို့ဘာသာ လျှောက်တွေးနေကြခြင်းသာ ဖြစ်၏။
သူ လုပ်ခဲ့သည်မှာ လုံချီထျန်းနှင့် အခြားနှစ်ယောက်ကို လက်ခံလိုက်ပြီး မိန်းကလေးငယ်အချို့နှင့် ပျော်ပါးရန် ကိုယ်ပိုင် ဂူအိမ်ထဲသို့ ပြန်သွားခဲ့ခြင်းသာ ဖြစ်၏။ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များနှင့် သူ့တွင် လုံးဝ မသက်ဆိုင်ပေ။
လူအုပ်ကြီး၏ အာဏာစက်ပြင်းသော အကြည့်များနှင့် ရင်ဆိုင်နေရသော်လည်း အသွင်ပြောင်း သားရဲသည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း အတွင်းစိတ်ထဲတွင်မူ ပျာယာခတ်နေရှာသည်။
'သူတို့က ငါ့ကို ဉာဏ်များတဲ့ ကောက်ကျစ်သူလို့ ထင်နေကြပုံရတယ်။ ငါ ဘာလုပ်သင့်သလဲဆိုတာ တစ်ယောက်ယောက်လောက် ပြောပြကြပါဦး။ အကြံဉာဏ် အရေးပေါ် လိုအပ်နေပါတယ်'
အသွင်ပြောင်း သားရဲသည် ရင်ထဲတွင် အော်ဟစ်ငိုကြွေးနေမိသည်။
သို့သော် မကြာမီ အသွင်ပြောင်း သားရဲသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး တွေးလိုက်မိသည်။ 'ငါက နန်လု နတ်ဆိုးဂိုဏ်းကို တည်ထောင်ပြီးပြီပဲ... ဘာလို့ အခွင့်အရေးယူပြီး ယဲ့ဖုန်းကို မစိန်ခေါ်ရမှာလဲ။ တကယ်လို့ ငါသာ နိုင်သွားရင် နန်လု နတ်ဆိုးဂိုဏ်းထဲကို အလှလေးတွေ အများကြီး ဝင်လာကြမှာ မဟုတ်လား'
တစ်နှစ်ပတ်လုံး (၃၆၅) ရက်တိုင်တိုင် ထပ်နေခြင်း မရှိဘဲ အဖော်အသစ်များ လဲလှယ်နိုင်မည့် အရေးကို တွေးမိလိုက်သည်နှင့် အသွင်ပြောင်း သားရဲ၏ မျက်နှာပေါ်တွင် အကြံပါသော အပြုံး တစ်ခု ပေါ်လာလေ၏။
"ဟဲဟဲဟဲ..."
အသွင်ပြောင်း သားရဲသည် ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ထို့နောက် မေးစေ့ကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး လူများကို မထီမဲ့မြင်ကဲ့ရဲ့ သော အကြည့်ဖြင့် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည် ။
"မှန်တယ်။ ဒီကိစ္စတွေ အားလုံးက ဒီနတ်ဆိုးဘုရင်ရဲ့ လှည့်ကွက်လေး တစ်ခုပါပဲ" အသွင်ပြောင်း သားရဲသည် ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး အရှိန်အဝါများကို စတင်ထုတ်လွှတ်လိုက်၏။ "မင်းက ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသူ လို့ ကြားတယ် ။ မင်းရဲ့ စွမ်းရည်ကလည်း ချီးကျူးစရာပါပဲ။ ဒီည... ဒီနတ်ဆိုးဘုရင်က မင်းကို စိန်ခေါ်မယ်။ ဒဏ္ဍာရီလာ ရွေးချယ်ခံရသူ ဆိုတာ ဘာများ ထူးခြားလဲ ကြည့်ရသေးတာပေါ့"
ထိုစကားကို ကြားလိုက်သည်နှင့် တစ်နေရာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
"ဂိုဏ်းချုပ်ယဲ့... ဒီလူရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ သူ့စိန်ခေါ်မှုကို လွယ်လွယ် လက်မခံပါနဲ့။ လှည့်ဖြားမှုတွေ ရှိနိုင်တယ်" လုရှန်ယွဲ့က သတိပေးလိုက်၏။
"မှန်တယ်... အရမ်းကြီး မယုံနဲ့" ဒုတိယမြို့စားမင်းက ခေါင်းခါရင်း ပြောသည်။
ယဲ့ဖုန်း လက်မြှောက်ကာ ဟန့်တား လိုက်ပြီး ပြန်ပြောလိုက်သည်။
"သာမန် လက်ရည်ယှဉ်ပွဲ သက်သက်ဆိုရင်တော့ ကျွန်တော် လက်ခံနိုင်ပါတယ်"
သူ မပြောလိုက်သော အခြားအတွေး တစ်ခု ရှိနေသေးသည်။
'ဂိုဏ်းစိန်ခေါ်မှု ဆိုရင်တော့ မဖြစ်ဘူး'
ဂိုဏ်းစိန်ခေါ်မှု တစ်ခုတွင် အခြားသဘောတူညီချက် မရှိပါက ရှုံးနိမ့်သူသည် "ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်" အား လွှဲပြောင်းပေးရလေ့ ရှိသည်။
ယခုအခါ မြူခိုးတောင်ထိပ် သည် ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီးနောက် ဝိညာဉ်သွေးကြော အား ပိုင်ဆိုင်ထားပြီး ဖြစ်သည် ။ လောင်းကြေးအဖြစ် ထားရှိရန် အလွန် အန္တရာယ်များလှ၏။
ယဲ့ဖုန်း စိန်ခေါ်မှုကို လက်ခံလိုက်သည်နှင့် တပြိုင်နက်၊ အသွင်ပြောင်း သားရဲသည် ဝါးလုံးကွဲ ရယ်မောလိုက်လေ၏။
"ရွေးချယ်ခံရသူ ဆိုပြီး နာမည်ကြီးတာနဲ့ တန်ပါပေတယ်။ သတ္တိရှိသားပဲ။ ဝမ်းနည်းစရာကတော့ မင်း ရှုံးဖို့ ယုံမှားဖွယ်မရှိ ပဲ"
ပြောပြီးသည်နှင့် အသွင်ပြောင်း သားရဲသည် နောက်သို့ ချာခနဲ လှည့်ထွက် သွားပြီး အေးစက်သော ကျောပြင်ကို ချန်ထားရစ်ခဲ့သည်။
‘ဒီနေ့ ဟန်လုပ်ပြလိုက်တာ တော်တော် မိုက်သွားပြီ။ ဟီးဟီး။’
ယဲ့ဖုန်းကို အနိုင်ယူလိုက်လျှင် နန်လု နတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်သတင်းက အထွတ်အထိပ် ရောက်သွားမှာ သေချာသည်။
"ဒီည... ရေပေါ်ဖြူမြို့တော်ရဲ့ တောင်ဘက်မှာ... ဒီနတ်ဆိုးဘုရင် မင်းကို စောင့်နေမယ်"
ထိုသို့၊ ပြောပြီးနောက် အသွင်ပြောင်း သားရဲသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟန်ပါပါ ထွက်ခွာ သွားပြီး နန်လု တောင်တန်းဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားလေ၏။
လူအုပ်ကြီးမှာမူ တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံသံများဖြင့် ကျန်ရစ်ခဲ့တော့သည်။
"ဂိုဏ်းချုပ်ယဲ့... ဒါက လောင်းကြေး မပါတဲ့ ချစ်ကြည်ရေးပွဲ ဆိုပေမယ့် ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ဒီလူက ရိုးရှင်းတဲ့လူ မဟုတ်ဘူးလို့ ကျွန်တော် ခံစားမိတယ်။ သူ့အရှိန်အဝါက ခန့်မှန်းရခက်တယ်နော်" လုရှန်ယွဲ့က သတိပေးလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်တော် သတိထားပါ့မယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
သူ စိန်ခေါ်မှုကို လက်ခံလိုက်ခြင်းမှာ အစားများ၍ ရင်ပြည့်နေသောကြောင့် မဟုတ်ပေ။
ရေပေါ်ဖြူမြို့တော်ကို တစ်ချိန်က တုန်လှုပ်စေခဲ့သော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လူသိရှင်ကြား အနိုင်ယူပြီး အခွင့်အရေး
ယူလိုသောကြောင့် ဖြစ်၏။
အကယ်၍ အောင်မြင်ပါက "ဂိုဏ်းဂုဏ်သတင်းတန်ဖိုး" မှာ
တစ်ဟုန်ထိုး တိုးတက်လာမည်မှာ သေချာသည် ။
'သာမန်နည်းလမ်းတွေနဲ့ ဂိုဏ်းဂုဏ်သတင်းတန်ဖိုးတွေ တိုးဖို့ မလွယ်ဘူး။ ဒီလို အထူး အခွင့်အရေးတွေကို အသုံးချမှ ရမယ်။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က တကယ်တမ်း ဘယ်လောက်စွမ်းလဲတော့ မသိဘူး။ သိပ်တော့ ဒုက္ခပေးနိုင်မယ် မထင်ပါဘူး' ယဲ့ဖုန်း အတွေးနက်နေ မိသည် ။
အကယ်၍ အသွင်ပြောင်း သားရဲသာ တကယ်စွမ်းအားကြီးပါက ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့ကဲ့သို့သော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျွမ်းကျင်သူများကို လျစ်လျူရှုပြီး ပြဿနာရှာခဲ့လောက်ပြီ ဖြစ်၏။
"ဂိုဏ်းချုပ်ယဲ့... တကယ်ပဲ စိန်ခေါ်မှုကို လက်ခံတော့မှာလား"
အက်ကွဲသော အသံ ပိုင်ရှင် ဒုတိယမြို့စားမင်းက မေးလိုက်သည် ။
"ဟုတ်ကဲ့ဗျ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် သတိထားပါ"
ဒုတိယမြို့စားမင်းက စိုးရိမ်တကြီး သတိပေးလိုက်ပြီးနောက် လုရှန်ယွဲ့နှင့်အတူ ရေပေါ်ဖြူမြို့တော်သို့ ပြန်လည် ပျံသန်းသွားကြလေ၏။
နီရှန်နန်းတော်သခင်မနှင့် အခြားဂိုဏ်းများမှ လူများသည် လေထဲတွင် ရပ်တန့်ကာ ယဲ့ဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
လုံကျန်းချွမ်း သည် လုံချီထျန်းကို သယ်မလာရင်း ယဲ့ဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်သည် ။
မကြာမီ လူအားလုံး ထွက်ခွာသွားကြ တော့သည်။
ထို့နောက် ရေပေါ်ဖြူမြို့တော် တစ်ခုလုံးသို့ ဗုံးပေါက်ကွဲသကဲ့သို့ သတင်းကြီးတစ်ခု လောင်မြိုက်သွားတော့သည်။
ယဲ့ဖုန်းက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ ဟူ၍…။
နေရာကို မြို့တော်တောင်ဘက်ရှိ ကွင်းပြင်တွင် သတ်မှတ်ထားသည်။
သတင်းကြားသည်နှင့် လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး ထမင်းစားသောက်ကာ တောင်ဘက် မြို့တံခါးဆီသို့ ဒရောသောပါး ပြေးလွှား သွားကြတော့သည် ။
နာရီဝက်အတွင်းမှာပင် သောင်းနှင့်ချီသော လူအုပ်ကြီးသည် တောင်ဘက် မြို့တံခါးအပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး တိုက်ပွဲကြည့်ရန် အကောင်းဆုံး နေရာများကို ဦးထားကြလေ၏။
မြူခိုးတောင်ထိပ်ဝယ်၊
တပည့်များသည် ယဲ့ဖုန်းကို ဝိုင်းရံထားကြပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေကြသည်။
"ဂိုဏ်းချုပ်... ဒီလူရဲ့ ဇာစ်မြစ်ကိုလည်း မသိရဘူး။ စိန်ခေါ်မှုကလည်း ရုတ်တရက်ကြီး။ တကယ်ကြီး.. လက်ခံတော့မှာလားဟင်" ကျားယွိလန် က စိုးရိမ်တကြီး မေးလိုက်သည် ။
"ဂိုဏ်းချုပ်ဦးလေး... ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ" လီကျောက်ကျောက် ၏ မျက်လုံးများ နီရဲလာသည် ။
"ဂိုဏ်းချုပ် ဒဏ်ရာရရင် ကျွန်မ ကုပေးနိုင်ပါတယ်" ယန်ရူယွီ က ပြောလိုက်ပြီး 'အသက်ဝိညာဉ် စွမ်းအား' များ ပြည့်နှက်နေသော ဝိညာဉ်စမ်းရေ တစ်ခွက်ကို ကမ်းပေးလိုက်သည် ။
တပည့်များ၏ စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုများကို မြင်ရသောအခါ ယဲ့ဖုန်း စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။
"ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ တခြား ဂိုဏ်းချုပ်တွေရဲ့ စိန်ခေါ်မှုကို မရှောင်လွှဲသင့်ဘူး။ တိုက်တောင် မတိုက်ရဲဘူးဆိုရင် လူထောင်ပေါင်းများစွာရဲ့ မထီမဲ့မြင်ကဲ့ရဲ့ ခြင်းကို ခံရလိမ့်မယ်"
ထိုစကားကို ကြားသောအခါ တပည့်အားလုံး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။
"ဂိုဏ်းချုပ်ဦးလေး... ယွင်ကျဲနဲ့ မိုယင်ကို ပြန်ခေါ်လိုက်ရမလား" ရှီလေ့ က မေးလိုက်သည် ။
"မလိုပါဘူး... သူတို့ကို အပြင်လောကမှာ အတွေ့အကြုံ ယူခိုင်းလိုက်ပါ" ယဲ့ဖုန်း လက်ကာပြလိုက်ပြီး ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ နန်လု တောင်တန်းဘက်သို့ လှမ်းကြည့်လိုက်၏။
ဟိုယွင်ကျဲ သည် အေးစက် အလင်းဓား ကို စီးနင်းလျက် နန်လု တောင်တန်းကို ဖြတ်ကျော်ပျံသန်းနေပြီး တောင်ဘက်သို့ ဆက်သွားရန် ပြင်ဆင်နေသည်။
"တောင်ဘက်မှာ ဓားသိုင်းကို အထူးပြုတဲ့ 'မြင့်မြတ်သော လေဓားဂိုဏ်း'ဆိုတဲ့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခု ရှိတယ်လို့ ကြားတယ်။ သွားပြီး လေ့လာကြည့်ဦးမှ"
ဟိုယွင်ကျဲက တစ်ကိုယ်တည်း ရေရွတ် လိုက်ပြီး အရှိန်မြှင့်လိုက်သည် ။
ဖန်ဟွာမြစ် မြောက်ဘက်ကမ်း၊ ယွင်ရှောင် တောအုပ်နက်ကြီး၌၊
မိုယင် သည် အလယ်အဆင့် နတ်ဆိုးစစ်သည် အဆင့်ရှိ သားရဲတစ်ကောင်ကို ခုတ်ပိုင်းလိုက်ပြီး မိုင်ရာချီ ရှည်လျားသော တောအုပ်ကြီးကို ငေးကြည့်လိုက်သည် ။
သူမသည် ခိုင်မာသော ခြေလှမ်းများဖြင့် အတွင်းပိုင်းသို့ ဆက်လက် ထိုးဖောက်ဝင်ရောက် သွားသည် ။
—----
နန်လု တောင်တန်းဝယ်၊
အသွင်ပြောင်း သားရဲသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဝူတေ နှင့် လီဟန်ရှောင်တို့ကို စူးစူးဝါးဝါး ကြည့်ကာ ပြောလိုက် သည် ။ "ဒါတွေအားလုံး မင်းတို့လက်ချက်ပဲ။ မင်းတို့သာ သတင်းတွေကို ပေါ့ပေါ့ဆဆ မဖြန့်ခဲ့ရင် ဒီနတ်ဆိုးဘုရင် အခုလို လှုပ်ရှားရပါ့မလား"
"ဂိုဏ်းချုပ်... ကျွန်တော်တို့ အမှားကို ဝန်ခံပါတယ်"
ဝူတေနှင့် လီဟန်ရှောင်တို့၏ မျက်နှာ ကြွက်သားများ ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်များ အေးစက်လာကာ ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်၍ ငိုယိုကာ တောင်းပန် ကြသည်။
ထိုအခါ၊ အသွင်ပြောင်း သားရဲက နှာမှုတ်လိုက်ပြီး ရေပေါ်ဖြူမြို့တော်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။ "ဒါပေမဲ့ မင်းတို့ မတော်တဆ စွမ်းဆောင်မှု တစ်ခု လုပ်လိုက်မိသလို ဖြစ်သွားတယ်။ ဒီနတ်ဆိုးကို တရားဝင် လှုပ်ရှားဖို့ အခွင့်အရေး ရသွားစေတာပေါ့။ ငါသာ လူအများရှေ့မှာ ယဲ့ဖုန်းကို အနိုင်ယူပြလိုက်ရင် အလှလေးတွေ အများကြီး ငါ့ကို ကြွေပြီး ဝိုင်းလာကြမှာ သေချာတယ်... ဂါးဂါး"
အသွင်ပြောင်း သားရဲ၏ အသေးအဖွဲ ရည်မှန်းချက်များကို ကြားလိုက်ရသောအခါ ဝူတေနှင့် လီဟန်ရှောင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြပြီး ခေါင်းဆောင်မှား နောက်လိုက်မိပြီဟု ခံစားလိုက်ရသည်။
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ကြယ်တစ်ပွင့်အဆင့် အင်အားစု တစ်ခု တည်ထောင်ရန် ရည်မှန်းချက်ဖြင့် နန်လု နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
တကယ်တမ်းကျတော့ သူလိုချင်တာ အလှလေးတွေပါလား။
ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။
ငိုချင်ရက် လက်တို့မရ ဖြစ်နေသော ဝူတေနှင့် လီဟန်ရှောင်တို့ခမျာ နန်လု နတ်ဆိုးဂိုဏ်းမှ နှုတ်ထွက်ရန် သည်းကြီးမည်းကြီး စဉ်းစားနေမိကြသည်။
*
အချိန်များ ကုန်ဆုံးသွားလေ၏။
နေမင်းကြီး တဖြည်းဖြည်း ဝင်ရောက်သွားပြီး မိုးကုပ်စက်ဝိုင်းအောက်သို့ ပျောက်ကွယ်သွားရာ ကောင်းကင်ယံတွင် သွေးရောင်လွှမ်းသော ဆည်းဆာအလင်းတန်းကြီး ကျန်ရစ်ခဲ့သည်။
မြူခိုးတောင်ထိပ်၌မူ၊
ယဲ့ဖုန်းသည် အိပ်ပျော်နေဆဲဖြစ်သော အစ်ကိုကြီး ခေါင်းပြား ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရေပေါ်ဖြူမြို့တော် တောင်ဘက်ရှိ ကွင်းပြင်ဆီသို့ ရှုမျှော်ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည် ။
အခန်း (၁၂၂) - ပြောင်းလဲနိုင်စွမ်း တစ်ထောင်
~"ထွက်ခွာကြမယ်..."
ယဲ့ဖုန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် အားလုံးသည် သူ့နောက်မှ ကပ်လိုက်ပါသွားကြသည်။ အိပ်မောကျနေသော အစ်ကိုကြီး ခေါင်းပြား နှင့် အတွေ့အကြုံရှာရန် ထွက်ခွာသွားသော မိုယင်၊ ဟိုယွင်ကျဲ တို့မှ လွဲ၍ ကျန်သူ အားလုံး ပါဝင်သည်။
နန်လု တောင်တန်းဝယ်၊
အသွင်ပြောင်း သားရဲသည် သဘောတူထားသော တိုက်ပွဲ မြေပြင်ဆီသို့ ဦးတည်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလိုက်၏။
ရေပေါ်ဖြူမြို့တော် တောင်ဘက်။
ဒုတိယမြို့စားမင်း၊ လုရှန်ယွဲ့၊ နီရှန်နန်းတော်သခင်မ၊ ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ်နှင့် ငှက်မွေးဂိုဏ်း ဂိုဏ်းချုပ်တို့ အပါအဝင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည် မြို့ရိုးပေါ်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
မြို့ရိုးအောက်တွင်မူ ကြည့်ရှုသူ နှစ်သိန်းကျော် စုဝေးရောက်ရှိနေပြီ ဖြစ်၏။ အချို့ဆိုလျှင် စားပွဲ၊ ကုလားထိုင်များပင် ချထားပြီး လက်ဖက်ရည်သောက်ရင်း စောင့်ဆိုင်းနေကြသည်။
"မြေပဲ၊ နေကြာစေ့နဲ့ ရေနွေးကြမ်း ရမယ်... ရှေ့ဆုံးတန်းက မိတ်ဆွေတွေ လိုချင်ကြလား"
"မလိုဘူး... ရှေ့ကနေ လာမပိတ်နဲ့"
"မလိုရင်လည်း ပါးစပ်ပိတ်ထားကြ"
"အံမာ၊ မင်းက ဘာလို့ ငါ့ကို လာအော်နေတာလဲ"
ထိုကဲ့သို့သော ဆူညံသံများ ရံဖန်ရံခါ ထွက်ပေါ်နေ၏။
ထိုအချိန်တွင် မျက်စိရှင်သော ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်မှ ပျံသန်းလာသော လူများကို တွေ့လိုက်ရသဖြင့် လွှတ်ခနဲ အော်လိုက်၏။
"သူတို့ လာနေကြပြီ"
အခြားသူများလည်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ ယဲ့ဖုန်းနှင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်တို့ မြို့တော်တောင်ဘက် ကွင်းပြင်သို့ ပြိုင်တူ ရောက်ရှိလာကြပြီး မီတာပေါင်းများစွာ အကွာမှ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။
"အားလုံး ရောက်ကုန်ပြီ"
"စတော့မှာလား"
လူအုပ်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် ဖြစ်ပေါ်လာမည့် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို တစ်ခုမျှ လွတ်သွား မခံလိုကြပေ။
ရေပေါ်ဖြူမြို့တော်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျွမ်းကျင်သူများ၏ လက်ရည်ယှဉ်ပွဲကို မြင်တွေ့ရခဲလှသည်။ ဤအခွင့်အရေးသည် အလွန်ရှားပါးလှ၏။
"မီးပုံ.. မီးရှို့လိုက်"
ဒုတိယမြို့စားမင်းသည် လက်ဟန်သင်္ကေတများ ဖော်ဆောင်လိုက်ရာ လက်ချောင်းထိပ်များမှ မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ချထားသော ရေအိုးကြီး ဒါဇင်ပေါင်းများစွာဆီသို့ ပျံသန်းသွားလေ၏။
“"ဝုန်း..ဝုန်း"”
ရေနံဆီ စိမ်ထားသော မီးသွေးများ ပါဝင်သည့် အိုးကြီးများသည် မီးပွားထိသည်နှင့် ဟိန်းညံသော အသံကြီးများဖြင့် တောက်လောင်လာကြသည်။
"ဒီတိုက်ပွဲအတွက် သတ်မှတ်ထားတဲ့ နယ်နိမိတ် လိုမလား" ဒုတိယမြို့စားမင်းက မေးမြန်းလိုက်၏။
"မလိုပါဘူး" ယဲ့ဖုန်း ခေါင်းခါလိုက်၏။
"ဒီနတ်ဆိုးဘုရင်လည်း မလိုဘူး" အသွင်ပြောင်း သားရဲက လက်ပိုက်လျက် ကြွေးကြော်လိုက်၏။
"ကောင်းပြီ" ဒုတိယမြို့စားမင်း ခေါင်းညိတ်လိုက်၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်လောင်နေသော ရေအိုးကြီးများသည် လေထဲသို့ ပျံတက်သွားပြီး မီတာရာပေါင်းများစွာ ကျယ်ဝန်းသော ကွင်းပြင်ကြီးကို ဝိုင်းရံထားလိုက်သဖြင့် တစ်နေရာလုံး လင်းထိန်သွားလေ၏။
"စလို့ ရပြီ"
ပြောပြီးနောက် ဒုတိယမြို့စားမင်းသည် မြို့ရိုးပေါ်တွင် ထိုင်ချလိုက်၏။
ပရိသတ်များသည် အသက်ရှူဖို့ပင် မေ့နေကြပြီး ယဲ့ဖုန်းနှင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်တို့၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။
မြူခိုးဂိုဏ်း ဘက်တွင်မူ တပည့်များသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး မျက်နှာလေးများတွင် တင်းမာမှုများ အထင်းသား ပေါ်နေကြသည်။ သံလက်သည်း နဂါးလင်းယုန် ကဲ့သို့သော ဝိညာဉ်သားရဲများပင် အသံမထွက်ရဲကြပေ။
"ယဲ့ဖုန်း... ဒီနတ်ဆိုးဘုရင်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်တာ မကြာသေးပေမယ့် နက်နဲတဲ့ မန္တန်ပေါင်းများစွာကို တတ်မြောက်ထားပြီးသား။ မင်းကို ချေမှုန်းပစ်ဖို့ဆိုတာ လက်ဖျစ်တီးသလောက်ပဲ လွယ်တယ်"
အသွင်ပြောင်း သားရဲသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟားတိုက် ရယ်လိုက်ပြီး မီးလင်းနေသော ကွင်းပြင်အထက်တွင် ပျံဝဲနေလေ၏။
ထို့နောက် သူသည် ထူထဲသော မီးခိုးငွေ့များကြောင့် မွန်းကြပ်သွားရသည်။
"အဟွတ် အဟွတ်... ဘာတွေလဲကွာ..."
အသွင်ပြောင်း သားရဲ၏ အရှိန်အဝါများ မြင့်တက်လာပြီး မီးခိုးလုံးကြီးများကို ဘေးဘက်သို့ စက်ဝိုင်းပုံစံ တွန်းထုတ်လိုက်ရာ ပြင်းထန်သော လေပွေကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရေအိုးထဲမှ မီးတောက်များအားလုံး ငြိမ်းသတ်သွားလေ၏။
လူတိုင်းသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး လေးနက်သော အမူအရာများ ဖြစ်သွားကြသည်။
ယဲ့ဖုန်းသည် တိတ်ဆိတ်နေပြီး ကောင်းကင်ယံသို့ ပျံတက်ကာ အသွင်ပြောင်း သားရဲနှင့် ရင်ဆိုင်လိုက်၏။
"ယဲ့ဖုန်း... အခုချိန် အရှုံးပေးလိုက်ရင် ဂုဏ်သိက္ခာ နည်းနည်း ကျန်ဦးမယ်။ မဟုတ်ရင် ဒီနတ်ဆိုးဘုရင်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်လိုက်တာနဲ့ မင်း မြေကြီးပေါ်ကို ဝုန်းခနဲ ပြုတ်ကျ သွားလိမ့်မယ်"
အသွင်ပြောင်း သားရဲသည် လက်နောက်ပစ်လျက် ရပ်နေပြီး မျက်လုံးများသည် ကြယ်တာရာများအလား တောက်ပနေ၏။ ခမ်းနားထည်ဝါသော စကားများကို ပြောလိုက်သည်နှင့် မိန်းကလေး အများအပြား၏ လေးစားအားကျသော အကြည့်များကို ဆွဲဆောင်လိုက်နိုင်သည်။
"တိုက်မှာလား... မတိုက်ဘူးလား" ယဲ့ဖုန်း စိတ်မရှည်တော့ပေ။
"မင်းက ရှုံးချင်နေမှတော့ ဒီနတ်ဆိုးဘုရင်က မင်းဆန္ဒကို ချက်ချင်း ဖြည့်ဆည်းပေးရတာပေါ့" အသွင်ပြောင်း သားရဲသည် ပါးစပ်ဖြင့် ဖူးခနဲ လေမှုတ်ထုတ်လိုက်ရာ မီးခိုးများ ရောနှောနေသော လေမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာပြီး လက်ဝါးကြီး တစ်ဖက်အသွင်ဖြင့် ယဲ့ဖုန်းကို ရိုက်ချလိုက်၏။
"သိပ်နက်နဲတဲ့ မန္တန်ပါလား" လူအုပ်ကြီးက အံ့ဩတကြီး ချီးကျူးလိုက်ကြသည်။
ယဲ့ဖုန်းက လက်ချောင်းများ လှုပ်ရှားလိုက်ပြီး သူ၏ သူရဲကောင်း ဝိညာဉ်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို ထုတ်လွှတ်ကာ မီးခိုးလက်ဝါးကြီးနှင့် ထိပ်တိုက် တွေ့ဆုံစေလိုက်၏။ စွမ်းအားနှစ်ခုစလုံး ပြိုင်တူ ပျက်ပြယ်သွားကြပြီး မည်သူမျှ အသာစီးမရလိုက်ပေ။
"ဟွန့်..." အသွင်ပြောင်း သားရဲ မျက်ခုံးပင့်လိုက်မိသည်။ ယဲ့ဖုန်းတွင် အရည်အချင်း အနည်းငယ် ရှိပြီး လွယ်လွယ်ကူကူ ရှုံးနိမ့်မည့်သူ မဟုတ်ကြောင်း တွေးမိလိုက်၏။
"ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူ ဆိုတာနဲ့ တန်ပါပေတယ်။ သူ့ရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ပုံက ကိုယ့်ခြေလက်အင်္ဂါလို လှုပ်ရှားနိုင်တဲ့ အဆင့်ကို ရောက်နေပြီပဲ" လုရှန်ယွဲ့က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ချီးကျူးလိုက်၏။
ဒုတိယမြို့စားမင်းက ပြုံးလိုက်၏။
ကျန်ရှိသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ဂိုဏ်းချုပ်သုံးဦးမှာမူ ခံစားချက်ကင်းမဲ့နေကြသည်။
နီရှန်နန်းတော်သခင်မ၏ အမြင်တွင် ယဲ့ဖုန်းနှင့် အသွင်ပြောင်း သားရဲတို့သည် အတော်အတန် စွမ်းအားကြီးကြသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိခါစ ဖြစ်သော်လည်း သူမနှင့် များစွာ ကွာခြားခြင်း မရှိပေ။
"မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်... မင်းဆီမှာ ရှိတဲ့ ဝှက်ဖဲတွေကို ထုတ်သုံးလိုက်စမ်းပါ" ယဲ့ဖုန်းက အဝေးမှ လှမ်းအော်လိုက်၏။
သူ့တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်နှင့် ယှဉ်နိုင်သော သူရဲကောင်း ဝိညာဉ်စွမ်းအားသာမက ထိုအဆင့်နှင့် တူညီသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားလည်း ရှိနေ၏။
သူ့စွမ်းအားအပြည့် ထုတ်သုံးလိုက်ပါက ဒုတိယအဆင့်ရှိ လုရှန်ယွဲ့ကဲ့သို့ လူမျိုးကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"မင်းလိုကောင်ကို ရှင်းဖို့ မုန်တိုင်းတစ်ခုနဲ့တင် လုံလောက်တယ်" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က မထီမဲ့မြင်ကဲ့ရဲ့ လိုက်ပြီး လက်နှစ်ဖက်ကို တွန်းထုတ်ကာ နောက်ထပ် မုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်၏။
ယဲ့ဖုန်းသည် မုန်တိုင်းကို လက်ဝါးတစ်ချက်ဖြင့် ဖြိုခွင်းလိုက်ပြီးနောက် အခွင့်အရေးယူကာ အဟုန်ပြင်းစွာ ရှေ့သို့ တိုးဝင်သွားပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လက်သီးစာ ကျွေးလိုက်၏။
"အနားကပ်ဖို့ စိတ်မကူးနဲ့"
ယဲ့ဖုန်း၏ ရည်ရွယ်ချက်ကို ရိပ်မိသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အဆက်မပြတ် ရှောင်တိမ်းနေရ၏။ လက်များကို လျင်မြန်စွာ လှုပ်ရှားလျက် ကျောက်တုံးများကို ကြေမွသွားစေနိုင်သော မုန်တိုင်းပေါင်းများစွာကို ထုတ်လွှတ်လိုက်၏။ သို့သော် ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အားလုံးကို ဖြိုခွင်းလိုက်၏။
နှစ်ဖက်စလုံးသည် တုံ့ခနဲ ရပ်တန့်သွားပြီး အခြေအနေ တင်းမာသွားလေသည်။
"ထူးဆန်းတယ်... မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က မုန်တိုင်း နည်းဗျူဟာကိုပဲ ထပ်ခါထပ်ခါ သုံးနေပါလား။ သူ တတ်တာ ဒါပဲ ရှိတာလား"
"ဂိုဏ်းချုပ်ယဲ့လည်း သူရဲကောင်း ဝိညာဉ်စွမ်းအားက လွဲရင် တခြားနည်းလမ်း ရှိပုံမရဘူး"
"နှစ်ယောက်စလုံးက အဆင့်တက်ခါစတွေလေ။ နည်းစနစ်တွေ နည်းပါးတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ရိုးရှင်းတယ် ဆိုရင်တောင် ငါတို့လို ချီစုစည်းခြင်း အဆင့်တွေ ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးဟ"
ဂိုဏ်းချုပ်အသီးသီးက အချင်းချင်း ဆွေးနွေးနေကြသည်။
ယဲ့ဖုန်းနှင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ တိုက်ခိုက်ပုံများ ရိုးရှင်းသည်ဟု ခံစားရသော်လည်း ကိုယ်တိုင်သာ ရင်ဆိုင်ရပါက တစ်ချက်ကလေးပင် ခံနိုင်မည် မဟုတ်ကြောင်း သူတို့ သေချာသိနေကြသည်။
"ငါ သဘောပေါက်ပြီ။ မင်းက ကြွားတာကလွဲရင် ဘာအရည်အချင်းမှ မရှိပါလား"
ယဲ့ဖုန်းသည် ကိုယ်တိုင်ပါဝင်နေသော်လည်း စိတ်ရှုပ်ထွေးခြင်း မရှိဘဲ စစ်မြေပြင်ကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသည်။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ပုံစံကို ရိပ်မိရန် အချိန်များစွာ မယူလိုက်ရပေ။
ယဲ့ဖုန်းအမြင်တွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ကြွားဝါနိုင်စွမ်းကသာ ထူးခြားနေခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် ပြိုင်ဘက်များကို မုန်တိုင်းဖြင့်သာ တိုက်ခိုက်လေ့ရှိသည်။ ကြည့်ရတာ အားပြင်းသယောင် ရှိသော်လည်း တကယ်တမ်းတွင် သူတတ်သည်မှာ ထိုတစ်ကွက်တည်းသာ ရှိသည်။ ဆိုလိုသည်မှာ သူသည် အမြဲတမ်း အစွမ်းကုန် ထုတ်သုံးနေရပြီး အခြားနည်းလမ်း မရှိတော့ပေ။
"ဟုတ်မလိုလိုပဲနော်"
"ဒီ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က တကယ်တမ်းကျတော့ လေကြီးမိုးကြီးပဲ ရှိပြီး အရည်အချင်း သိပ်မရှိဘူးနဲ့ တူတယ်"
ကြည့်ရှုနေသူများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ပေါက်ကရတွေ... ဒီနတ်ဆိုးဘုရင်ရဲ့ နက်နဲမှုကို မင်းတို့ ခန့်မှန်းနိုင်လို့လား"
အမှန်တရား ပေါ်ပေါက်သွားသဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဒေါသ ပေါက်ကွဲသွားပြီး အဝေးသို့ ဆုတ်ခွာကာ ယဲ့ဖုန်းကို ခပ်စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။ "မင်းက သိပ်မောက်မာနေမှတော့ ဒီနတ်ဆိုးဘုရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြရသေးတာပေါ့"
ပြောပြီးသည်နှင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် လက်နှစ်ဖက်ကို ပူးလိုက်ရာ ထက်ရှသော ဓားရှည် တစ်လက် ပေါ်လာပြီး ယဲ့ဖုန်းကို ရိပ်ခနဲ ဝင်ရောက် လုပ်ကြံတိုက်ခိုက်လိုက်၏။
"လုပ်ကြံတာလား... အရှက်မရှိလိုက်တာ"
"ငါတို့ ဂိုဏ်းချုပ်မှာ ဝိညာဉ်လက်နက် မရှိတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တာ... ပိုတောင် အရှက်မရှိသေးတယ်"
မြူခိုးဂိုဏ်း တပည့်များက ပြိုင်တူ လွှတ်ခနဲ အော်ဟစ် ဆဲဆိုလိုက်ကြသည်။
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က မဲ့ပြုံးတစ်ချက် ပြုံး လိုက်၏။ "အမြော်အမြင်နည်းတဲ့ ကောင်တွေ... ငါ ပိုင်ဆိုင်ထားတာက အဆုံးအစမရှိ ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကွ။ မင်းတို့ ဘာနားလည်မှာလဲ"
ပြောရင်းဖြင့် သူသည် ယဲ့ဖုန်းအနီးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဓားရှည်သည် လေထဲတွင် တောက်ပသော မျဉ်းကွေးတစ်ခု ရေးဆွဲလိုက်ပြီး အဟုန်ပြင်းစွာ ခုတ်ပိုင်းချလိုက်သည်။
ယဲ့ဖုန်းသည် နောက်သို့ အမြန်ဆုတ်ပြီး ဓားချက်အား ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်၏။
"ရှောင်နိုင်မယ် ထင်နေလား။ မင်းကို ခဏလောက် ထွက်ပြေးခွင့်ပေးလိုက်တာ ဘာမှမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီနတ်ဆိုးဘုရင်ရဲ့ ဓားက အဆုံးအစမရှိ ရှည်ထွက်နိုင်လို့ပဲ၊ ခွီးခွီးခွီး" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က အားရပါးရ ရယ်မောလိုက်၏။
နောက်တစ်ခဏတွင် ပရိသတ်များ၏ အံ့အားသင့်နေသော အကြည့်အောက်၌ ဓားရှည်သည် ရုတ်တရက် အရွယ်အစား ကြီးမားလာပြီး မီတာပေါင်းများစွာ ရှည်ထွက်လာကာ ယဲ့ဖုန်းဆီသို့ ထိုးစိုက်သွားလေ၏။
"ဒါ ဘာသိုင်းကွက်လဲ" ယဲ့ဖုန်းသည် ဆက်လက်ရှောင်တိမ်းရင်း ရင်ထဲတွင် တုန်လှုပ်သွားမိသည်။
သူ့ခန္ဓာကိုယ် အလွန်သန်မာသော်လည်း အဆင့်အတန်း မသိရသော ဝိညာဉ်လက်နက်တစ်ခု၏ တိုက်ခိုက်မှုကို မဆင်မခြင် မစမ်းရဲပေ။
သူ့အထင်အရ ဤ မီတာ (၄၀) ရှည်သော ဓားကြီးသည် သေချာပေါက် အလယ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပြီး သူ ခုခံနိုင်စွမ်းထက် ကျော်လွန်နေနိုင်သည်။
"သောက်ကျိုးနည်း... မင်းက ဘယ်လိုလုပ် အဲ့လောက် ရှောင်နိုင်နေရတာလဲ"
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တစ်စက္ကန့်အတွင်း (၁၈) ချက် ခုတ်ပိုင်းလိုက်သော်လည်း အားလုံး လွဲချော်သွားသဖြင့် တည်ငြိမ်မှု ပျက်ပြားစ ပြုလာ၏။ မီတာ (၄၀) ဓားရှည်ကြီးကို ထိန်းချုပ်ရင်း လူနှစ်သိန်းကျော်၏ တုန်လှုပ်သော အကြည့်အောက်၌ ၎င်းကို ဧရာမ တူကြီးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။
"ဝုန်း..ဝုန်း"
တူကြီး၏ တိုက်ခိုက်မှု အတိုင်းအတာသည် အလွန်ကျယ်ပြန့်သဖြင့် ယဲ့ဖုန်း အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ အရိုက်ခံလိုက်ရကာ မီတာပေါင်းများစွာ လွင့်စင် သွားပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျမလို ဖြစ်သွားလေ၏။
ရုတ်တရက် အခြေအနေသည် ယဲ့ဖုန်းဘက်တွင် ဆိုးရွားသွားတော့သည်။
အခန်း (၁၂၃) - မင်းက အသွင်ပြောင်း သားရဲ ဖြစ်နေတာကိုး၊ ဒါဆို ငါ ဆော်တော့မယ်
~"ဂိုဏ်းချုပ်"
ဂိုဏ်းသားများအားလုံး အလွန် ထိတ်လန့်သွားကြပြီး ယဲ့ဖုန်း မြေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်ကို ကြောင်ကြည့်နေကြလေ၏။
ဒုတိယမြို့စားမင်း၊ လုရှန်ယွဲ့ နှင့် ရှင်းကွမ်ရွှမ် တို့သည်လည်း စိုးရိမ်သော မျက်နှာထားများဖြင့် ငိုင်၍ နေကြသည် ။
"အသားနဲ့ သွေးနဲ့ လုပ်ထားတဲ့ ကောင်တွေ၊ ဒီနတ်ဆိုးဘုရင်ရဲ့ တူချက်ကို ခံနိုင်ပါ့မလား... အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီ ထင်တယ်"
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် သည် မီတာပေါင်းများစွာ ရှည်လျားသော တူကြီးကို ကိုင်ဆောင်လျက် "ဂါးဂါး" ဟု အက်ကွဲသော ရယ်သံကြီး ဖြင့် ရယ်မောလိုက်သည် ။
"နတ်ဆိုးဘုရင်က ပြိုင်ဘက်ကင်းပါလားကွ"
အဝေးတစ်နေရာမှ သစ်ပင်ပေါ်တွင် ဝပ်နေကြသော လီဟန်ရှောင် နှင့် ဝူတေတို့သည် သစ်ကိုင်းများကို လှုပ်ယမ်းရင်း ပြိုင်တူ လွှတ်ခနဲ အော်ဟစ် ကာ အားပေးနေကြသည် ။
သို့သော် ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ရင်ဘတ်ကို ပုတ်လိုက်ရာ မည်သည့် ဒဏ်ရာမှ မရရှိထားကြောင်း တွေ့ရှိလိုက်ရ၏။
ထိုတူကြီးသည် ကြည့်ရတာသာ အားပါသယောင် ရှိသော်လည်း တကယ်တမ်းကျတော့ အဲ့လောက်ပါပဲ။
'ငါ့ခန္ဓာကိုယ်က သန်မာလွန်းလို့ ခံနိုင်သွားတာလား' ယဲ့ဖုန်း မျက်တောင်ခတ်လိုက်မိသည်။
"မင်း... မင်း တကယ်ကြီး ဘာမှမဖြစ်ဘူးလား"
ယဲ့ဖုန်းတွင် ဒဏ်ရာတစ်စက်မျှ မရှိသည်ကို မြင်လိုက်ရသောအခါ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာလေ၏။
"မင်းကလည်း သိပ်အထင်ကြီးစရာ မဟုတ်ပါဘူးကွာ" ယဲ့ဖုန်းက ရယ်မောလိုက်ပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လက်ညှိုးကွေး၍ ခေါ်လိုက်၏။ သူ့ရည်ရွယ်ချက်က စကားမပြောဘဲ သိသာနေ၏။
"လာခဲ့စမ်း.. ထုသတ်ပစ်မယ်"
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တူရိုးကို ဆုပ်ကိုင်ကာ ယဲ့ဖုန်းအပေါ်သို့ အားကုန်သုံး၍ ရိုက်ချလိုက်၏။
"ကိုးဆင့် ကောင်းကင် မိုးကြိုးကန်ချက်"
ယဲ့ဖုန်းသည် မြေပြင်ပေါ်တွင် ရပ်လျက် ဒူးကို ကွေးလိုက်ပြီး အားကုန်သုံး၍ တွန်းကန်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်အလား ကောင်းကင်သို့ အဟုန်ပြင်းစွာ ပျံတက်သွားလေ၏။ သူသည် ဧရာမ တူကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
"မြေကမ္ဘာ ဖောက်ထွင်း လက်သီး"
“"ဝုန်း..ဝုန်း"”
ဖျက်ဆီး၍ မရနိုင်ဟု ထင်ရသော တူကြီးသည် ယဲ့ဖုန်း၏ လက်သီးချက်ကြောင့် ချိုင့်ဝင်သွားပြီးနောက် မီးခိုးဖြူအဖြစ် ပြောင်းလဲကာ လေထဲတွင် ရုတ်ချည်း ပျောက်ကွယ် သွားတော့သည် ။
"ဒါ ဘာမန္တန်လဲ"
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် လေအေးများကို ရှူရှိုက်လိုက်မိသည်။
ကြောက်လန့်လို့ မဟုတ်ဘဲ နာလွန်းလို့ပင်။
သူ့မူလပုံစံမှာ အသွင်ပြောင်း သားရဲဖြစ်သည် ။
သွေးဝိညာဉ်ဆေးလုံး (၁၀) လုံး၏ အကူအညီဖြင့် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဖြစ် အဆင့်တက်ပြီးနောက် အသွင်ပြောင်း သားရဲ၏ ပါရမီသည် ပိုမိုတိုးတက်လာခဲ့သည်။ မည်သည့် ပုံသဏ္ဌာန်မဆို ပြောင်းလဲနိုင်ပြီး အရောင်ကန့်သတ်ချက်လည်း မရှိတော့ပေ။
ဤပုံစံဖြင့် သူသည် မည်သူ့ကိုမဆို ဟန်ဆောင်နိုင်သလို မီတာ (၄၀) ရှည်သော ဓားကြီး၊ တူကြီး သို့မဟုတ် မစင်တုံးအဖြစ်ပင် ပြောင်းလဲနိုင်စွမ်း ရှိသည်။ အဆုံးအစမရှိ ပြောင်းလဲနိုင်သည်ဟု ပြောလျှင်လည်း မမှားပေ။
ပြဿနာက သူ ဖန်တီးလိုက်သော အရာအားလုံးသည် သူ့ခန္ဓာကိုယ်နှင့် ဆက်စပ်နေသဖြင့် ကျိုးသွားလျှင် နာကျင်ရခြင်းပင်။
"လက်သီးထိုးလိုက်တဲ့အချိန်မှာ ဂိုဏ်းချုပ်ယဲ့ရဲ့ စွမ်းအားက နှစ်ဆတိုးသွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ကို ရောက်သွားသလို ခံစားလိုက်ရတယ်... ဘာလို့လဲ"
လုရှန်ယွဲ့သည် မုတ်ဆိတ်မွေး ပွတ်သပ်နေခြင်းကို ရပ်လိုက်ပြီး မျက်ခုံးထူများကို တွန့်ချိုးကာ အတွေးနက်နေမိသည် ။
ယဲ့ဖုန်းသည် လေထဲတွင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။
ခုနက သူသည် ရုပ်ခန္ဓာ ခွန်အားနှင့် သူရဲကောင်း ဝိညာဉ်စွမ်းအားကို ပေါင်းစပ်လိုက်ရာ လက်ရှိတွင် သူ့အပြင်းထန်ဆုံး တိုက်ကွက်ဟု ယူဆထားသော်လည်း မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က မတ်မတ်ရပ်တည်နေနိုင်ဆဲပင်။
"မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်... မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့" ယဲ့ဖုန်းသည် နောက်ထပ် တိုက်ကွက်တစ်ခုကို စတင်လိုက်၏။
"မင်း ရှုံးနေပြီ"
နတ်ဆိုးဘုရင် ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး အမည်းရောင် မီးခိုးအဖြစ် ပြောင်းလဲကာ ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ပါးရည်နပ်ရည် ရှိ သူ ဖြစ်သည် ။
ယဲ့ဖုန်းကို ညအချိန် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ သူ့တွင် နောက်ဆုံး ဝှက်ဖဲတစ်ခု ရှိနေသောကြောင့် ဖြစ်၏။ မီးခိုးအဖြစ် ပြောင်းလဲပြီး အရောင်ပြောင်းခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ရောနှောကာ ယာယီ ကိုယ်ပျောက်နိုင်ခြင်းပင်။
"ဘယ်ရောက်သွားတာလဲ" ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်၏။
အခြားသူများလည်း မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို အာရုံခံ၍ မရတော့ပေ။ ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့က ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်သော်လည်း ရှာမတွေ့ကြပေ။
ထိုအခိုက်အတန့်တွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။
ယဲ့ဖုန်းသည် လေထဲတွင် ရပ်တန့်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုသော်လည်း မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း ရှာမတွေ့နိုင်ပေ။
'ငါ မန္တန်မသုံးတတ်တာ ဆိုးတာပဲ။ မဟုတ်ရင် မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း ကို သုံးလိုက်ရင် ဒီအခြေအနေမှာ အသုံးဝင်ဦးမှာ' ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအင် မရှိသည့်အတွက် စိတ်ထဲတွင် ညည်းညူလိုက်မိသည်။
“"ဝုန်း..ဝုန်း"”
လေးလံသော ရိုက်ချက်တစ်ခုက ယဲ့ဖုန်း၏ ခေါင်းကို ထိမှန်သွားပြီး မီတာ တစ်ဒါဇင်ကျော် လွင့်စင် သွားစေသည် ။ သူ အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ရှာမတွေ့သေးပေ။
"မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က ကိုယ်ပျောက်မန္တန် သုံးပြီး အရေးကြီးတဲ့ အချိန်ကျမှ ပေါ်လာပြီး ဂိုဏ်းချုပ်ယဲ့ကို တိုက်ခိုက်နေတာပဲ" လုရှန်ယွဲ့က သုံးသပ်လိုက်၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အလွန် ကောက်ကျစ်စဉ်းလဲလှသည်။ ပေါ်လာပြီး တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးပုန်းရှောင်လေ့ရှိသည်။
ယဲ့ဖုန်းသည် ခေါင်းနောက်ဘက်ကို ပွတ်သပ်လိုက်ရင်း နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်သည် ဝိညာဉ်လက်နက်နှင့် ယှဉ်နိုင်လောက်အောင် အလွန်သန်မာနေ၍သာ တော်တော့သည်။ အခြား ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူသာ ဆိုပါက ယခုအချိန်တွင် သွေးများ ဝေါ့ခနဲ အန်ချ ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိနေလောက်ပြီ ဖြစ်သည် ။
“အုန်း…”
နောက်ထပ် လေးလံသော ရိုက်ချက် တစ်ခု ထပ်မံ ထိမှန်သွားပြန်သည်။
ယဲ့ဖုန်းသည် ရိုက်ချက်ကြောင့် ယိမ်းယိုင်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်၏။ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို မြေကြီးပေါ်တွင် ဖိချကာ သည်းကြီးမည်းကြီး ထိုးနှက်ပစ်ချင်နေမိသည် ။
"ယဲ့ဖုန်း... ငါ ဒီသိုင်းကွက်ကို ထုတ်သုံးလိုက်တဲ့အချိန်မှာ မင်း ရှုံးနေပြီ... ဂါးဟားဟား" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်၏။
ပါးစပ်က ပျော်ရွှင်နေသယောင် ရှိသော်လည်း နတ်ဆိုးဘုရင်၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။ တုတ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခဲ့သော်လည်း ယဲ့ဖုန်းက ဘာမှမဖြစ်သလို ရှိနေပြီး သူကသာ တုန်ခါမှုကြောင့် နာကျင်နေရသည်။
"ဒီတိုက်ပွဲက မိုးလင်းတဲ့အထိ ကြာသွားမှာလား"
ကြည့်ရှုသူများသည် ကောင်းကင်ကို မော့ကြည့်ရင်း ခပ်တိုးတိုး ညည်းညူ လိုက်ကြသည် ။
မြူခိုးဂိုဏ်း တပည့်များသည် တန်းစီရပ်နေကြပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေကြသည်။ အထူးသဖြင့် လုံထျန်းရှင်း သည် ကြောက်လန့်တကြားဖြင့် ရှီလေ့ ကို ဖက်တွယ်ထားလေ၏။
အမှောင်ထုထဲတွင် ယဲ့ဖုန်းသည် ခေါင်းကုတ်လိုက်ပြီး နတ်ဆိုးဘုရင်သည် တကယ်တမ်းတွင် ဘီလူး တစ်ကောင် ဖြစ်နေနိုင်မလားဟု စဉ်းစားလိုက်မိသည်။
လူသားသာ ဆိုပါက ဤမျှ ထူးဆန်းသော နည်းလမ်းများကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။
ထိုအတွေးဖြင့် ယဲ့ဖုန်းသည် မသိစိတ်က တွန်းအားပေးမှုကြောင့် ဝိညာဉ်သားရဲမျှော်စင် ၏ ဒုတိယအဆင့် လုပ်ဆောင်ချက်ဖြစ်သော "ကင်းထောက်ခြင်း" အား အသက်သွင်းလိုက်၏။ သူ့အကြည့် ရောက်လေရာ နေရာတိုင်းတွင် တောက်ပသော ပုံရိပ်များသည် နတ်ဆိုးသားရဲများ ဖြစ်ကြသည်။
ထင်တဲ့အတိုင်းပါပဲ...
ယဲ့ဖုန်းသည် မလှမ်းမကမ်းတွင် အလွန်ဆိုးရွားသော အငွေ့အသက်များ ထွက်ပေါ်နေသည့် တောက်ပသော အမည်းရောင် မီးခိုးတန်းကြီး တစ်ခုကို မြင်လိုက်ရသည်။ သူ့မျက်စိရှေ့တွင် စာသားအချို့ ပေါ်လာလေ၏။
[အသွင်ပြောင်း သားရဲ - အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်]
[ပါရမီ - အသွင်တစ်ထောင် ပြောင်းလဲခြင်း]
[မှတ်ချက် - အပြည့်အဝ အသွင်ပြောင်းလဲထားသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး "မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်" ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသည်။ ကြီးမားသော အလားအလာ ရှိသည်။]
"ဒီကောင်က တကယ်ပဲ လူမဟုတ်ဘူးကိုး"
ယဲ့ဖုန်း ဝမ်းသာသွားလေ၏။ သူသည် "ကင်းထောက်ခြင်း" စွမ်းရည်ကို ဆက်လက်ဖွင့်ထားပြီး တမင်တကာ လှည့်လိုက်ကာ ကျောဘက်ကို နတ်ဆိုးဘုရင်ဘက်သို့ ပေးထားလိုက်ပြီး တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်၏။
နောက်တစ်ခဏတွင် အမည်းရောင် တုတ်တစ်ချောင်းသည် လှစ်ခနဲ တိုးဝင်လာပြီး အလစ်တိုက်ခိုက်လိုက်၏။ သို့သော် ယဲ့ဖုန်းက ပြင်ဆင်ထားပြီး ဖြစ်၏။ သူသည် တုတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကိုးချက်ဆက်တိုက် လျင်မြန်စွာ ထိုးနှက်လိုက်၏။
"ဝေါ့..."
ညစာများ ပြန်အန်ထွက်မလို ဖြစ်သွားသော နတ်ဆိုးဘုရင်သည် နောက်သို့ ယိုင်နဲ့သွားလေ၏။ သူသည် ဆက်လက်ပုန်းအောင်းရန်အတွက် မီးခိုးအဖြစ် အလျင်အမြန် ပြောင်းလဲလိုက်၏။
"အခြေအနေ ပြောင်းသွားပြီဟေ့"
ကြည့်ရှုနေသော လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် သောသောညံသွားကြသည်။
ယဲ့ဖုန်းသည် မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးဘုရင်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်...
"တိုက်ဆိုင်မှုများလား" ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ်က ရေရွတ်လိုက်၏။
အခြား ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျွမ်းကျင်သူများလည်း အံ့ဩသွားကြသည်။
နတ်ဆိုးဘုရင်၏ စွမ်းအားကြီးမားသော ပုန်းကွယ်နည်းစနစ်ကို ရင်ဆိုင်ရာတွင် အဆင့်တစ်ဆင့်၊ နှစ်ဆင့် မြင့်မားသူများပင်လျှင် ခံစစ်အနေအထားဖြင့်သာ နေရတတ်သည်။
သို့သော် ယဲ့ဖုန်းက တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်...။
ရှိနေသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျွမ်းကျင်သူ ငါးဦးစလုံးသည် ဤအချက်တွင် ယဲ့ဖုန်းကို မယှဉ်နိုင်ကြောင်း ဝန်ခံလိုက်ရသည်။
"ကောင်လေး... ခုနက ကံကောင်းသွားတာ သေချာတယ်။ ဒါပေမဲ့ မင်း အမြဲတမ်း ကံကောင်းနေမှာ မဟုတ်ဘူး" နတ်ဆိုးဘုရင်က မကျေမနပ် ပြောလိုက်၏။
"ငါက ရွေးချယ်ခံရသူ ကွ... ငါ့ကံတရားက အမြဲတမ်း ကောင်းမွန်နေတာပဲ" ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ညာသံပေးကာ တိုက်ခိုက် လိုက်ပြီး အမည်းရောင် မီးခိုးတန်းကြီးကို ဖြိုခွင်းလိုက်သည် ။
နာကျင်မှုကို ခံစားလိုက်ရသဖြင့် နတ်ဆိုးဘုရင်သည် တုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။
"မဖြစ်နိုင်ဘူး... မင်း ငါ့ကို ရှာမတွေ့နိုင်ဘူး... ဒါက..."
စကားမဆုံးမီ ယဲ့ဖုန်းသည် လိုက်လံတိုက်ခိုက်လာပြီး မီးခိုးတန်းကို ဖမ်းဆွဲကာ သည်းကြီးမည်းကြီး ထိုးနှက်လိုက်ရာ နတ်ဆိုးဘုရင်မှာ သနားစဖွယ် အော်ဟစ်မြည်တမ်းပြီး စတင်ထွက်ပြေးတော့သည် ။
"အရှုံးပေးပြီလား" ယဲ့ဖုန်းက ဆက်လက်ထိုးနှက်ရင်း မေးလိုက်၏။
"ဒီနတ်ဆိုးဘုရင်က အရှုံးမပေးဘူး" နတ်ဆိုးဘုရင်သည် အနည်းငယ် ဆက်လက်တောင့်ခံနိုင်သေးသည်ဟု ခံစားရပြီး ကောင်းကင်ယံတွင် စက်ဝိုင်းပုံ ပျံသန်းကာ ယဲ့ဖုန်းကို ခါချရန် ကြိုးစားလိုက်၏။
"ဒါဆို ငါ ဆက်ရိုက်မယ်" ယဲ့ဖုန်းသည် ဆက်လက်လိုက်လံ တိုက်ခိုက်နေတော့သည်။
ထိုအချိန်တွင် မြူခိုးတောင်ထိပ် ၌...
မြေပြင်ပေါ်တွင် လဲလျောင်းနေသော အစ်ကိုကြီး ခေါင်းပြား ထံမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး တောင်ထိပ်တစ်ခုလုံးကို လေပြင်းများ တိုက်ခတ်သွားစေသည်။ ကံကောင်းထောက်မစွာဖြင့် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ ၏ ကာကွယ်ရေး လုပ်ဆောင်ချက် အလိုအလျောက် ပွင့်သွားပြီး လှုပ်ရှားမှုများကို ငြိမ်သက်သွားစေသည်။
နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် သူ့ခန္ဓာကိုယ် ခွန်အား နှစ်ဆတိုးလာကြောင်း တွေ့ရှိလိုက်ရသည်။
"အစ်ကိုကြီး ခေါင်းပြား အဆင့်တက်သွားတာလား" ယဲ့ဖုန်း ခန့်မှန်းလိုက်သော်လည်း အကြောင်းရင်းကို ဂရုမစိုက်တော့ဘဲ နတ်ဆိုးဘုရင်ကို လက်သီးဖြင့် ထိုးနှက်လိုက်၏။
“အုန်း…”
စွမ်းအားနှစ်ဆ ပါဝင်သော ဤရိုက်ချက်သည် နောက်ဆုံးတွင် နတ်ဆိုးဘုရင်ကို လွှမ်းမိုးသွားတော့သည်။ သူသည် မီးခိုးပုံစံကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ လူပုံစံသို့ ပြန်လည်စုစည်းသွားကာ ပါးစပ်မှ အမြှုပ်များထွက်လျက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျ သွားတော့သည် ။
"နိုင်ပြီ... ငါတို့ နိုင်ပြီလား"
ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကို ကြည့်ပြီး လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ကြတော့သည်။