← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄) - ဂုဏ်သတင်းတန်ဖိုး တစ်သောင်းပြည့်ပြီ၊ ဝိညာဉ်သားရဲမျှော်စင် တတိယအဆင့်

~ယဲ့ဖုန်းက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ဒီလိုနည်းနဲ့ အနိုင်ယူလိုက်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

တိုက်ပွဲမစမီက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် လေကြီးမိုးကြီး ပြောဆိုခဲ့ပြီး သက်တံရောင်စဉ်ကဲ့သို့ အရှိန်အဝါများ ထုတ်လွှတ်ခဲ့သဖြင့် လူတိုင်းက သူ့စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းမည်ဟု ယုံကြည်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အားဖြင့် ယဲ့ဖုန်းသည် အလွန်အမင်း နှိမ့်ချနေခဲ့သဖြင့် သေချာပေါက် ရှုံးနိမ့်တော့မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် လေအကြီးဆုံးလူက အနာအကျင်ဆုံး အရိုက်ခံလိုက်ရပြီး နောက်ဆုံးတွင် ယဲ့ဖုန်း၏ လက်သီးချက်ကြောင့် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျ သွားလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။

"ခုနက လက်သီးထိုးလိုက်တဲ့အချိန်မှာ ဂိုဏ်းချုပ်ယဲ့ရဲ့ စွမ်းအားက နှစ်ဆတိုးသွားသလို ခံစားလိုက်ရတယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဒုတိယမြို့စားမင်း မျက်မှောင်ကြုတ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့က သူရဲကောင်း ဝိညာဉ်စွမ်းအားရဲ့ ကောင်းချီးကို ပိုမိုရရှိသွားပြီး ရလဒ်အနေနဲ့ သူ့စွမ်းအားက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့် စံနှုန်းကို ရောက်သွားတာများလား" လုရှန်ယွဲ့က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဤဘက်သို့ ဦးတည်စဉ်းစားလိုက်၏။

"ဂိုဏ်းချုပ်က တန်ခိုးကြီးပါပေတယ်"

မြူခိုးဂိုဏ်း တပည့်များသည် နောက်ဆုံးတွင် တင်းမာနေသော စိတ်များကို လျှော့ချနိုင်လိုက်ကြသည်။ လုံထျန်းရှင်းသည်လည်း ရှီလေ့အပေါ်မှ ခုန်ဆင်းလိုက်ပြီး ရင်ဘတ်ကို ပုတ်လိုက်၏။

မြူခိုးဂိုဏ်း တပည့်များနှင့် ယှဉ်လျှင် သစ်ပင်ပေါ်မှ တိုက်ပွဲကို ကြည့်ရှုနေကြသော ဝူတေနှင့် လီဟန်ရှောင်တို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ရှုံးသွားပြီလား"

"မဖြစ်နိုင်တာ"

သူတို့နှစ်ဦးသည် ယခုတိုင် မယုံကြည်နိုင်သေးပေ။

ဒါ နန်လု နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ...

ကြည့်ရှုနေစဉ်အတွင်း မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ထူးဆန်းသော နည်းလမ်းများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး သူ့စွမ်းအားသည် အမှန်တကယ်ပင် အားကောင်းလှသည်။ တစ်ဦးချင်း တိုက်ခိုက်လျှင် သူသည် နီရှန်နန်းတော်၊ ဓားသိုင်းအရှင်ဂိုဏ်းနှင့် ငှက်မွေးဂိုဏ်း ခေါင်းဆောင်များကို လုံးဝ ချေမှုန်း ပစ်နိုင်သည်။

သို့သော် နောက်ဆုံးတွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ရှုံးနိမ့်သွားခဲ့သည်။

မြေပြင်ပေါ်မှာမူ၊

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ နှုတ်ခမ်းထောင့်များ အဆက်မပြတ် လှုပ်ရွနေပြီး သွေးများ စီးကျလာ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် မြေကြီးထဲသို့ "ကပ်" နေပြီး ပါးစပ်က ဟလိုက်၊ ပိတ်လိုက် ဖြစ်နေကာ ဘာပြောရမှန်း မသိအောင် ဖြစ်နေ၏။

'ငါ ဘယ်လိုလုပ် ရှုံးသွားတာလဲ' ဟူသော အတွေးသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ခေါင်းထဲတွင် ပြည့်နှက်နေ၏။

ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ "မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်... မင်း ရှုံးသွားပြီ"

ထိုအခိုက်အတန့်တွင် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဝန်မခံချင်လျှင်တောင် ဤတိုက်ပွဲ၏ ရလဒ်သည် ထင်ရှားနေပြီး သူ အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးမကြီးတော့ပေ။

"မင်း ရက်စက်တယ်ကွာ"

အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် "မဟုတ်ဘူး... ငါမရှုံးဘူး" ဟု မအော်ဟစ်ခဲ့ပေ။ ထိုအစား သူသည် မြေကြီးထဲမှ တွားသွားထွက်လာပြီး ယဲ့ဖုန်းကို လက်ညှိုးထိုးကာ ဤစကားသုံးခွန်းကိုသာ သွေးများ ဝေါ့ခနဲ အန်ချ ရင်း ပြောလိုက်၏။

ထို့နောက် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဖုန်မှုန့်များကြားမှ ထွက်ခွာသွားတော့သည်။

“ဝါး…”

ပရိသတ်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကြသည်။

ယဲ့ဖုန်း နိုင်သွားပြီ...

ယဲ့ဖုန်းက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ တည်နေရာကို မည်သို့ အတိအကျ သိရှိပြီး တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်ကို နားမလည်ကြသော်လည်း ကြည့်ရှုနေသော လူအုပ်ကြီးသည် ရလဒ်ကိုသာ ပိုမိုဂရုစိုက်ကြသည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၄၅၇]

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၆၃၂]

ခဏအတွင်းမှာပင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုးများသည် သုံးထောင်မှ နှစ်ဆနီးပါး တိုးတက်လာပြီး ခုနစ်ထောင်နီးပါး ရောက်ရှိလာကာ လျင်မြန်စွာ တိုးတက်နေဆဲ ဖြစ်၏။

ယဲ့ဖုန်း ဤမျှ ပျော်ရွှင်မှုကို တစ်ခါမှ မခံစားဖူးပေ။

ဒီည ကြည့်ရှုသူ နှစ်သိန်းကျော် ရှိသည်။

ယဲ့ဖုန်းအတွက် ကြည့်ရှုသူ အယောက် (၂၀) တွင် တစ်ယောက်က မြူခိုးဂိုဏ်းကို အသိအမှတ်ပြုလျှင်ပင် သူတို့၏ ဂုဏ်သတင်းတန်ဖိုးသည် တစ်သောင်းကျော်သွားနိုင်သည်။

'ဝိညာဉ်သားရဲမျှော်စင် တတိယအဆင့် ရောက်ရင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို သွားပြီး နှိမ်နင်းမယ်။ သူ့ကို ကိုးကောင်မြောက် ဂိုဏ်းစောင့် ဝိညာဉ်သားရဲအဖြစ် မွေးမြူလို့ ရမလား ကြည့်ရမယ်' ယဲ့ဖုန်းသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ထွက်ပြေးသွားသော ဘက်ကို ကြည့်ရင်း စိတ်ထဲတွင် စနစ်တကျ အကွက်ချ နေမိသည်။

အကယ်၍ အောင်မြင်ပါက ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန် ပထမအပိုင်းနှစ်ခုသည် အခြေခံအားဖြင့် ပြီးစီးသွားလိမ့်မည်။

မလှမ်းမကမ်းတွင်

လုံချီထျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး လက်ချောင်းများကို မြေကြီးထဲသို့ ကုတ်တွယ်ထားကာ မျက်လုံးများ တဖျပ်ဖျပ် ခတ်နေ၏။

"ဘာလို့ ယဲ့ဖုန်းက အဲဒီလောက် သန်မာနေရတာလဲ"

"နတ်ဆိုးဘုရင်တောင် ရှုံးသွားပြီ... ငါ လက်မခံနိုင်ဘူး"

"ငါက ကြယ်တစ်ပွင့်အဆင့် အင်အားစု တစ်ခု တည်ထောင်ချင်နေတုန်းပဲ... ဘာလို့ အရာရာက ငါ့ဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ"

လုံချီထျန်းသည် ခေါင်းကို မြေကြီးနှင့် ဆောင့်ပြီး စတင်ငိုကြွေးတော့သည်။

သူ့နောက်တွင် ရပ်နေသော လုံကျန်းချွမ်းသည် သူ့ကျောကို ဖွဖွလေး ပုတ်ပေးပြီး လေးနက်စွာ ပြောလိုက်၏။ "သား... တစ်ခါတလေ လမ်းတစ်ခု ပိတ်နေရင် တခြားလမ်းကို ရွေးချယ်သင့်တယ်။ ထျန်းရှင်း ပြောတာ မှန်တယ်... သားရဲ့ အမှားတွေကို ဝန်ခံပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်သင့်တယ်"

ပြောပြီးနောက် လုံကျန်းချွမ်းသည် သက်ပြင်းရှည်ကြီး ချလိုက်၏။

လုံချီထျန်းသည် ဖခင်ဖြစ်သူကို မော့ကြည့်လိုက်ရာ နားထင်စပ်တွင် ဆံပင်ဖြူအချို့ ပေါက်ရောက်နေသည်ကို သတိထားမိလိုက်၏။

ငယ်စဉ်က ဖခင်၏ ချစ်ခင်ကြင်နာတတ်သော မျက်နှာ၊ သူ့အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့သော မျက်ဝန်းများကို ပြန်လည်အမှတ်ရပြီး ယခုလက်ရှိ ရှုပ်ထွေးပွေလီနေသော သူ့ဘဝကို ပြန်ကြည့်လိုက်ရာ လုံချီထျန်း၏ မျက်လုံးများ ပိုမိုနီရဲလာပြီး သည်းထန်စွာ ငိုကြွေးလိုက်မိသည်။

"အဖေ... သား မှားပါတယ်"

နောက်ဆုံးတွင် လုံချီထျန်းသည် လုံကျန်းချွမ်း၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး ကျယ်လောင်စွာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"အမှားကို သိပြီး ပြုပြင်ပြောင်းလဲတာဟာ အကြီးမြတ်ဆုံး သီလပဲ။ မနက်ဖြန် မနက်စောစော သား ရေပေါ်ဖြူမြို့တော်ကနေ ထွက်ခွာပြီး အဖေ့မိတ်ဆွေဟောင်း တစ်ယောက်ဆီမှာ ကောင်းကောင်းမွန်မွန် ကျင့်ကြံပါ" လုံကျန်းချွမ်းက လုံချီထျန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်၏။

မီတာ ဒါဇင်ပေါင်းများစွာ အကွာမှာမူ၊

ယဲ့ဖုန်းသည် မြူခိုးဂိုဏ်း တပည့်များနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ ဝိုင်းရံထားခြင်း ခံရပြီး ဂုဏ်ပြုစကားသံများ နားထဲသို့ ဝင်ရောက်နေ၏။

"တီတီ.. အမည်ခံတပည့် လုံထျန်းရှင်း၏ ကိုယ်ပိုင်တာဝန် ပြီးဆုံးသွားပါပြီ။ သူ့ကို အပြင်စည်းဂိုဏ်းသားအဖြစ် ရာထူးတိုးပေးနိုင်ပါပြီ"

စနစ်၏ အသိပေးချက်က ယဲ့ဖုန်း၏ အာရုံကို ဖမ်းစားလိုက်၏။ သူသည် အဝေးတစ်နေရာသို့ အံ့ဩတကြီး လှမ်းကြည့်လိုက်ရာ လုံချီထျန်းက လုံကျန်းချွမ်း၏ ရင်ခွင်ထဲတွင် ငိုကြွေးနေသည်ကို တွေ့လိုက်ရပြီး ထိုကောင်လေး အမှန်တကယ် နောင်တရသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။

အနာဂတ်တွင် ပြန်လည်ဆိုးသွမ်းလာမည်လား မသိနိုင်သော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် လုံချီထျန်း အသိတရား ရရှိသွားပြီ ဖြစ်၏။

'ဘာပဲဖြစ်ဖြစ် သူက (၁၆) နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိသေးတာပဲလေ' ယဲ့ဖုန်း တွေးလိုက်မိသည်။

မကြာမီ လုံကျန်းချွမ်းသည် လုံချီထျန်းကို ခေါ်ဆောင်ပြီး ထွက်ခွာသွားကြသည်။ ကြည့်ရှုသူ အများစုလည်း ထိုင်ခုံများကို သိမ်းဆည်းပြီး အိမ်ပြန်ကြတော့သည်။

ထိုညက တိုက်ပွဲသည် သူတို့အတွက် မျက်စိပွင့်သွားစေခဲ့ပြီး ရက်ပေါင်းများစွာ ပြောစမှတ်ပြုစရာ ဇာတ်လမ်းများ ရရှိသွားစေခဲ့သည်။

အထူးသဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ အဆုံးအစမရှိ ပြောင်းလဲနိုင်သော နည်းဗျူဟာများသည် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း လူအများစုက ယဲ့ဖုန်း ပိုမိုသန်မာသည်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ကိုယ်ပျောက်နည်းစနစ်များကို ထိုးဖောက်မြင်နိုင်ပြီး နောက်ဆုံး အောင်ပွဲကို ရယူနိုင်ခဲ့သောကြောင့် ဖြစ်၏။

"ဂိုဏ်းချုပ်ယဲ့... ကျုပ်သား သုံးယောက်ကို ဂိုဏ်းထဲ ဝင်ခွင့်ပေးမလား"

"ကျွန်မမှာလည်း မြူခိုးဂိုဏ်းကို ဝင်ချင်တဲ့ တူလေးတစ်ယောက် ရှိတယ်"

"ကျုပ် အသက် (၅၀) ရှိပြီ ဆိုပေမယ့် လုပ်နိုင်မယ် ထင်တယ်"

လူအများအပြားသည် သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့၏ မိတ်ဆွေ သူငယ်ချင်း မိသားစုဝင်များကို ယဲ့ဖုန်းက သဘောကျပြီး မြူခိုးဂိုဏ်းသို့ ဝင်ခွင့်ပေးရန် မျှော်လင့်လျက် လှမ်းအော်နေကြသည်။

"မြူခိုးတောင်ထိပ်ရဲ့ တောင်ခြေမှာ ဂိုဏ်းချုပ် ကိုယ်တိုင် စိုက်ထူထားတဲ့ ကျောက်စာတိုင် တစ်ခု ရှိတယ်။ အဲဒီမှာ တပည့်လက်ခံတဲ့ စည်းကမ်းချက်တွေကို ရေးထားတယ်။ စိတ်ဝင်စားတဲ့သူတွေ အချိန်ပေးပြီး သွားကြည့်လို့ ရပါတယ်" ယဲ့ဖုန်း ပြောလိုက်၏။

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် လူအုပ်ကြီးကို ဦးညွှတ်လိုက်ပြီး သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်သို့ ခုန်တက်ကာ တပည့်များကို ခေါ်ဆောင်ပြီး လေထဲသို့ ပျံသန်း ထွက်ခွာသွားလေ၏။

"မနက်ဖြန်ကျရင် မြူခိုးတောင်ထိပ်ကို သေချာပေါက် သွားကြမယ်"

"ငါ့ကို လာခေါ်ဖို့ မမေ့နဲ့နော်"

လူအုပ်ကြီးသည် ဆူညံစွာ လူစုခွဲလိုက်ကြပြီး အားလုံး အိမ်ပြန်အိပ်ကြတော့သည်။

ထိုအချိန်အတွင်း မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုးများသည် ဆက်လက်မြင့်တက်နေပြီး ကိုးထောင်ကျော်သွားကာ တစ်သောင်းဆီသို့ ဦးတည်နေ၏။

*

မြို့ရိုးပေါ်မှာမူ၊

ဒုတိယမြို့စားမင်းနှင့် အခြား ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျွမ်းကျင်သူ ငါးဦးသည် မြူခိုးတောင်ထိပ်ကို လှမ်းကြည့်နေကြသည်။

"ဂိုဏ်းချုပ်ယဲ့ရဲ့ စွမ်းအားက လျင်မြန်စွာ တိုးတက်နေတယ်။ တကယ်ကို ရွေးချယ်ခံရသူနဲ့ တန်ပါပေတယ်။ ဒီတိုက်ပွဲပြီးရင် သူက လူတွေရဲ့ နှလုံးသား အများကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီ။ သူ့ရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအားက ပိုပြီး တိုးတက်လာဦးမှာပဲ" ဟု လုရှန်ယွဲ့က ပြောလိုက်၏။

ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ်ကလည်း လေးနက်စွာ မှတ်ချက်ပေးလိုက်၏။

"အဲဒါကို ကြည့်ရင် နောက်တစ်ခါ တွေ့တဲ့အခါ သူက ရေပေါ်ဖြူမြို့တော်ရဲ့ ဒုတိယ အသန်မာဆုံး ဖြစ်လာလိမ့်မယ်"

"ဖြစ်နိုင်ခြေ အရမ်းများတယ်" လုရှန်ယွဲ့လည်း ခေါင်းညိတ်လိုက်၏။

"ဒါက ရွေးချယ်ခံရသူ ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ မနာလို ဖြစ်လို့မရတဲ့ အရာပေါ့"

ငှက်မွေးဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးက ညည်းညူလိုက်ပြီး ခေါင်းကို အားမလိုအားမရ ခါလိုက်၏။ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံခဲ့သော်လည်း အသက် (၂၀) အရွယ် လူငယ်တစ်ဦးကို မမီနိုင်သေးပေ။

"နှမြောစရာ ကောင်းတာက ရွေးချယ်ခံရသူမှာ ကျင့်ကြံခြင်းအဆင့် မရှိတာပဲ။ ရောဂါဘယ မကပ်ရောက်နိုင်ဘူး ဆိုပေမယ့် ကျင့်ကြံခြင်းလမ်းစဉ်ကို မလျှောက်လှမ်းနိုင်ရင် သူ့သက်တမ်းက တိုတောင်းဖို့ ကံပါလာပြီးသား... မြန်မြန်တက်ပြီး မြန်မြန်ကျမယ့် သဘောပဲ... ဟူး..." လုရှန်ယွဲ့ သက်ပြင်းချလိုက်၏။

မြူခိုးတောင်ထိပ်မှာမူ၊

တပည့်များသည် စားပွဲဝိုင်းတွင် စုဝေးနေကြပြီး လီကျောက်ကျောက် ပြင်ဆင်ပေးထားသော ညဉ့်နက်သရေစာကို စားသောက်ရင်း မျက်နှာများ ပြုံးရွှင်နေကြသည်။

ယဲ့ဖုန်းသည် တပည့်များ ပျော်ရွှင်နေသည်ကို ကြည့်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို မတားဆီးနိုင်တော့ပေ။ သူ အပြင်ဘက်သို့ ထွက်လိုက်ရာ အစ်ကိုကြီး ခေါင်းပြား မြေကြီးပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ အမှန်တကယ်ပင် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နိုးထလာခြင်း မရှိသေးပေ။

ညဉ့်နက်သရေစာ စားပြီးနောက် တပည့်များသည် ကိုယ့်အလုပ်ကိုယ် လုပ်ရန် ထွက်ခွာသွားကြသည်။

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် တစ်ယောက်တည်း ထိုင်လျက် ကောင်းကင်မှ လမင်းကြီးကို ငေးကြည့်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

"တီတီ.. ဂိုဏ်းဂုဏ်သတင်းတန်ဖိုး တစ်သောင်းပြည့်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ ဝိညာဉ်သားရဲမျှော်စင်ရဲ့ တတိယအဆင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဂိုဏ်းချုပ်ရဲ့ ဒုတိယအဆင့် တာဝန် 'လူတစ်သောင်း၏ လေးစားအားကျမှု’ ရဲ့ ပထမအချက် ပြီးဆုံးသွားပါပြီ။ အထူးလက်ဆောင်ထုပ်ငယ် x ၁ကို ဂိုဏ်းသိုလှောင်ခန်းထဲကို ပေးပို့လိုက်ပါပြီ"

စနစ် အသိပေးသံ ထွက်ပေါ်လာ၏။

ယဲ့ဖုန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရယ်ချချင်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ရယ်မောလိုက်ရာ မြူခိုးဂိုဏ်းရှိ လူတိုင်းကို အနှောင့်အယှက် ဖြစ်သွားစေသည်။

"ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ" ယန်ရူယွီက မော့ကြည့်ပြီး ခေါင်မိုးပေါ်မှ ယဲ့ဖုန်းကို လက်လှမ်းပြလိုက်၏။

"အဟမ်း... ဒီနေ့ အရမ်းပျော်နေလို့ပါ။ ဂရုမစိုက်ပါနဲ့... ဆက်အိပ်ကြပါ" ယဲ့ဖုန်း လက်ကာပြလိုက်၏။

တပည့်များ အခန်းထဲသို့ ပြန်ဝင်သွားကြသောအခါ ယဲ့ဖုန်းသည် အထူးလက်ဆောင်ထုပ်ငယ်ကို စိတ်အားထက်သန်စွာ ဖွင့်လိုက်၏။

"တီတီ.. လက်ခံသူရေ၊ အလယ်အဆင့် ဝိညာဉ်လက်နက် 'ငှက်ပျောရွက်ယပ်တောင် အသေးစား' ရရှိလိုက်ပါပြီ"

ဝိညာဉ်အလင်းရောင် တစ်ချက် လက်သွားပြီးနောက် (၃) လက်မခန့်သာ ရှည်လျားသော ရှေးဟောင်းယပ်တောင်ငယ်လေး တစ်ခုသည် ယဲ့ဖုန်း၏ လက်ဝါးပေါ်တွင် ရောက်ရှိနေလေ၏။

အခန်း (၁၂၅) - ငှက်ပျောရွက်ယပ်တောင် အသေးစား၊ အသွင်ပြောင်း သားရဲကို နှိမ်နင်းခြင်း

~"ငှက်ပျောရွက်ယပ်တောင် အသေးစားတဲ့... သေးလိုက်တာ"

ယဲ့ဖုန်းသည် ယပ်တောင်၏ လက်ကိုင်ရိုးကို လက်မနှင့် လက်ညှိုးကြားတွင် ညှပ်ကိုင်လျက် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်လေ၏။ မကြာမီ သူ၏ အမြင်အာရုံထဲတွင် စာသားများ ပေါ်လာလေ၏။

[ငှက်ပျောရွက်ယပ်တောင် အသေးစား - အလယ်အဆင့် ဝိညာဉ်လက်နက်]

[မိတ်ဆက် - ရှုပ်ထွေးနက်နဲတဲ့ ဝိညာဉ်ဆွဲဆောင် ဝင်္ကပါအသေးစားကို ရေးထိုးထားပါတယ်။ မန္တန်တွေကို ဖြိုခွင်းခြင်း၊ လေကို ဆင့်ခေါ်ခြင်း၊ မိုးရွာစေခြင်း စတဲ့ စွမ်းရည်တွေ ပါရှိပါတယ်။ ပိုင်ရှင်အနေနဲ့ ဝိညာဉ်စွမ်းအင် ကုန်ဆုံးစရာမလိုဘဲ အသုံးပြုနိုင်သလို အသုံးပြုနေစဉ်မှာ အရွယ်အစား ကြီးမားလာနိုင်ပါတယ်။ ယပ်တောင်ခတ်တဲ့ အကြိမ်အရေအတွက် များလာတာနဲ့အမျှ စွမ်းအားလည်း ပိုမိုပြင်းထန်လာမှာ ဖြစ်ပါတယ်]

[ပိုင်ရှင် - ယဲ့ဖုန်း]

[မှတ်ချက် - ဝိညာဉ်မူလနာရီလိုပဲ သူ့မှာလည်း "အိမ်တော်ထိန်း" လုပ်ဆောင်ချက် ပါရှိပါတယ်။ ပိုင်ရှင်အနေနဲ့ ဒီပစ္စည်းကို အသုံးပြုဖို့အတွက် "အိမ်တော်ထိန်း" တစ်ယောက်ကို ယာယီ တာဝန်ပေးအပ်နိုင်ပါတယ်]

"လေကို ဆင့်ခေါ်ပြီး မိုးရွာစေနိုင်ရုံသာမကဘူး... ကြီးလည်း ကြီးလာနိုင်သေးတယ်... မိုက်ပါပေတယ်"

ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်မှ ထွက်ခွာလာပြီး ဖူယွင် တောအုပ်နက်ကြီး၏ ကောင်းကင်ယံတွင် ပျံဝဲနေလိုက်၏။ သူ၏ လက်ထဲမှ ငှက်ပျောရွက်ယပ်တောင် အသေးစားသည် ရုတ်တရက် မီတာဝက်ခန့်အထိ ကြီးထွားလာလေ၏။

ပထမဆုံးအကြိမ် ယပ်တောင်ခတ်လိုက်သည်နှင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်အောက်ရှိ မည်သူမဆို တောင့်ခံနိုင်မည် မဟုတ်ပေ။ သာမန် မန္တန်များကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေနိုင်၏။

ဒုတိယအကြိမ် ခတ်လိုက်သောအခါ ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ ပေါ်လာပြီး တောအုပ်နက်ပေါ်သို့ မိုးဖွဲများ ကျဆင်းလာ၏။

ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင် အသေးစားကို ဆက်လက်ခတ်လိုက်ရာ မိုးသည်းထန်စွာ ရွာသွန်းလာပြီး နောက်ဆုံးတွင် မိုးကြိုးပစ်သံများ၊ လျှပ်စီးလက်သံများနှင့်အတူ မိုးသက်မုန်တိုင်းအဖြစ် ပြောင်းလဲသွားတော့သည်။

အနည်းငယ် စိတ်ပျက်စရာ ကောင်းသည်မှာ လွှမ်းခြုံနိုင်သော ဧရိယာသည် အချင်းဝက် မီတာရာဂဏန်းမျှသာ ရှိခြင်းပင်။

"မဆိုးဘူး"

ယဲ့ဖုန်းသည် ခပ်ပြုံးပြုံး ဖြင့် ယပ်တောင်ကို အားကုန်သုံး၍ ခတ်လိုက်ပြန်သည်။ ဆယ်ကြိမ်ကျော် ဆက်တိုက် ခတ်ပြီးသောအခါ ယပ်တောင်သည် ပေါင်ချိန် သောင်းချီ လေးလံလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုများလည်း တဖြည်းဖြည်း နှေးကွေးလာလေ၏။

သို့သော် ယပ်တောင်၏ စွမ်းအားကမူ တစ်ဟုန်ထိုး တိုးတက် လာခဲ့သည်။

"ဝုန်း..ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော လေပွေမုန်တိုင်းကြီး တစ်ခုသည် အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးများကို ဝါးမြို ဖျက်ဆီးပစ်လိုက်၏။ မြေကြီးပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းပြီး မီတာဝက်ခန့် နက်ရှိုင်းကာ မီတာရာပေါင်းများစွာ ရှည်လျားသော မြောင်းကြီးတစ်ခုကိုပင် ထိုးဖောက် ဖြစ်ပေါ်စေခဲ့လေ၏။

"ဒီလောက် စွမ်းအားမျိုးနဲ့ဆိုရင်... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်တွေတောင် ခံနိုင်မှာ မဟုတ်ဘူး"

ယဲ့ဖုန်းသည် ယပ်တောင်ကို လက်က မချနိုင်အောင် သဘောကျနေမိသည်။ သူသည် ယပ်တောင်နှင့် ခေတ္တမျှ ရင်းနှီးအောင် လေ့ကျင့်ပြီးနောက် မြူခိုးတောင်ထိပ်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး ဝိညာဉ်သားရဲမျှော်စင်၏ အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်လိုက်လေ၏။

[ဝိညာဉ်သားရဲမျှော်စင် - အဆင့် ၃]

[ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ - ၈/၁၅]

[ဝိညာဉ်သားရဲမျှော်စင် အဆင့်တိုးမြှင့်ခြင်း အချက်အလက် - ဂုဏ်သတင်းတန်ဖိုး တစ်သိန်း ပြည့်ပါက ဝိညာဉ်သားရဲမျှော်စင်၏ စတုတ္ထအဆင့်ကို ဖွင့်လှစ်နိုင်ပြီး လုပ်ဆောင်ချက် အသစ်များ ထပ်တိုးလာပါမည်]

[လုပ်ဆောင်ချက် ၁ - စွမ်းအား စုစည်းခြင်း ၊ ဝိညာဉ်သားရဲမျှော်စင်ရှိ ဝိညာဉ်သားရဲများသည် ဂိုဏ်းချုပ်အား ကျင့်ကြံခြင်းအဆင့်အတွက် အပိုဆောင်း စွမ်းအားများကို ထောက်ပံ့ပေးနိုင်ပါတယ်]

[လုပ်ဆောင်ချက် ၂ - ကင်းထောက်ခြင်း ၊ နတ်ဆိုးသားရဲ အမျိုးမျိုးရဲ့ နာမည်၊ အမျိုးအစား၊ အသုံးဝင်ပုံ၊ ပါရမီနဲ့ အားနည်းချက်တွေကို ရယူနိုင်ပါတယ်]

[လုပ်ဆောင်ချက် ၃ - သွေးမျိုးဆက် သန့်စင်ဆေးလုံး၊ ဒီဆေးလုံးက ဝိညာဉ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို ကန့်သတ်ချက်မရှိ သန့်စင်ပေးနိုင်ပြီး သားရဲတွေရဲ့ အလားအလာကို အမြင့်ဆုံး ရောက်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ "အတုအယောင် ဆေးဖော်မီးဖို"ကို ပူးတွဲပေးထားပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ရှာဖွေပြီးတာနဲ့ ကိုယ့်ဘာသာ ဆေးဖော်နိုင်ပါတယ်]

"ဝိညာဉ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို ကန့်သတ်ချက်မရှိ သန့်စင်ပေးနိုင်တယ်တဲ့လား... ဒီလုပ်ဆောင်ချက်ကတော့ ပြိုင်ဘက်ကင်းပဲကွ။ ဝိညာဉ်သားရဲရဲ့ ကိုယ်ပိုင် သွေးမျိုးဆက် မသန်မာရင်တောင် ဒီဆေးလုံးကို သုံးပြီး သွေးမျိုးဆက်ကို မြှင့်တင်နိုင်မယ်၊ အလားအလာနဲ့ စွမ်းအားတွေကို တိုးမြှင့်နိုင်မယ်"

ယဲ့ဖုန်း အလွန် ဝမ်းသာသွားလေ၏။

ယခင်က ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို မြှင့်တင်ရန် နည်းလမ်းမရှိသဖြင့် သူ စိတ်ညစ်ခဲ့ရဖူးသည်။ ယခုအခါ သွေးမျိုးဆက် သန့်စင်ဆေးလုံး၏ ဆေးနည်းကို ရရှိပြီဖြစ်၍ ဝိညာဉ်သားရဲများ အလားအလာ မကောင်းမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"ဝိညာဉ်သားရဲအစာနဲ့ဆိုရင် ဂိုဏ်းစောင့် ဝိညာဉ်သားရဲတွေရဲ့ ကျင့်ကြံခြင်းကို အာမခံနိုင်ပြီ။ အခု သွေးမျိုးဆက် သန့်စင်ဆေးလုံးပါ ရလာတော့ ဝိညာဉ်သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ ပြည့်နေမှာကို ကြောက်စရာ မလိုတော့ဘူး။ သူတို့ရဲ့ အလားအလာကို မြှင့်တင်ပြီး အဆင့်ချိုးဖောက်ရာမှာ ကူညီပေးနိုင်ပြီ"

"ရှယ်ပဲ..."

ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင် အသေးစားဖြင့် ကိုယ့်ကိုယ်ကိုယ် အေးဆေးစွာ ခတ်ရင်း သွေးမျိုးဆက် သန့်စင်ဆေးလုံး၏ ဆေးနည်းနှင့် အတုအယောင် ဆေးဖော်မီးဖို အသုံးပြုပုံများကို ဖွင့်ကြည့်လိုက်လေ၏။

"သွေးမျိုးဆက် သန့်စင်ဆေးလုံးရဲ့ ဆေးနည်းမှာ ဆေးမြစ် (၃၆) မျိုး ပါဝင်ပါတယ်။ အဲဒီထဲမှာ နှစ်တစ်ဆယ် သက်တမ်းရှိတဲ့ အညိုရောင် ဝိညာဉ်သစ်ပင်ရဲ့ သစ်ည် (၁) ကျပ်သား၊ (၁၅) နှစ် သက်တမ်းရှိတဲ့ သစ်ဝိညာဉ်မြက်ပင် (၃) ကျပ်သား..."

ယဲ့ဖုန်းသည် အလေးချိန်များကို တွက်ချက်ကြည့်လိုက်၏။

"အတုအယောင် ဆေးဖော်မီးဖိုကို အသုံးပြုတဲ့အခါ စိတ်အာရုံနဲ့ ဆင့်ခေါ်ရမှာ ဖြစ်ပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ဝိညာဉ်ဆေးဖို တစ်လုံးအဖြစ် ပုံပေါ်လာပါလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို လောင်စာအဖြစ် အသုံးပြုပြီး ဝိညာဉ်စမ်းရေကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုရပါမယ်။ ဆေးဖော်ဖို့ လိုအပ်တဲ့ ဝိညာဉ်ဆေးမြစ်တွေကို ထည့်လိုက်တာနဲ့ အောင်မြင်မှုနှုန်း (၁၀၀) ရာခိုင်နှုန်းနဲ့ ဆေးဖော်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါတယ်"

ကန့်သတ်ချက်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိသည်။ "တစ်နေ့ တစ်ကြိမ်ပဲ သုံးလို့ရတယ် ဆိုပေမယ့် တစ်ခါဖော်ရင် တစ်လုံးပဲ ရမယ်လို့ မပြောထားဘူးပဲ"

ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းစားသော အပြုံး တစ်ခု ပေါ်လာလေ၏။

"အခု ဝိညာဉ်သားရဲမျှော်စင်က အဆင့် (၃) ရောက်ပြီဆိုတော့ ဝိညာဉ်သားရဲတွေ ပိုဖမ်းဖို့ အချိန်ကျပြီ"

ယဲ့ဖုန်းသည် လေထဲသို့ ပျံတက်သွားပြီး နန်လု တောင်တန်းရှိရာ ဘက်သို့ လှမ်းမျှော်ကြည့်ကာ "ကင်းထောက်ခြင်း" လုပ်ဆောင်ချက်ကို ဖွင့်လိုက်၏။ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် အထူးတောက်ပနေသော အလင်းရောင် တစ်ခုကို သူ ရှာဖွေတွေ့ရှိလိုက်လေ၏။

‘ဒါ အသွင်ပြောင်း သားရဲကလွဲရင် ဘယ်သူ ဖြစ်နိုင်ဦးမည်လဲ…’

ရွှစ်...

ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင် အသေးစားကို ကိုင်ဆောင်လျက် ဒရောသောပါး ပြေးလွှား သွားသကဲ့သို့ အမြန်ဆုံး ပျံသန်းသွားလေ၏။

နတ်ဆိုးဘုရင်၏ ဂူစံအိမ်။

အသွင်ပြောင်း သားရဲသည် ကျောက်စိမ်းပလ္လင်ပေါ်တွင် လဲလျောင်းနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဝူတေနှင့် လီဟန်ရှောင်တို့ကို စိမ်းစိမ်းကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။ "မင်းတို့ ငတုံးနှစ်ကောင်ရဲ့ အသုံးမကျတဲ့ အကြံဉာဏ်ကြောင့် ဒီနတ်ဆိုးဘုရင် လူသောင်းချီရဲ့ ရှေ့မှာ မျက်နှာပျက်ခဲ့ရတယ်"

"ကျွန်တော်တို့ သေသင့်ပါတယ်"

ဝူတေနှင့် လီဟန်ရှောင်တို့သည် မြေကြီးပေါ်တွင် ဝပ်တွားလျက် ကြောက်ရွံ့မှုကြောင့် တုန် နေကြသည်။

"ထွက်သွားစမ်း"

အသွင်ပြောင်း သားရဲက လေတစ်ချက် မှုတ်ထုတ်လိုက်ရာ သူတို့နှစ်ဦးသည် လေထဲတွင် အကြိမ်ရာပေါင်းများစွာ လည်ပတ်လျက် အဟုန်ပြင်းစွာ ပစ်လွှင့် ခံလိုက်ရပြီး ရေပေါ်ဖြူမြို့တော် အနီးတွင် သတိလစ် မေ့မြောသွားကြလေ၏။

"မင်းတို့ကောင်မတွေလည်း ထွက်သွားကြ"

အသွင်ပြောင်း သားရဲသည် အနီးနားရှိ အခိုင်းအစေ မိန်းကလေးများကိုပါ မောင်းထုတ်လိုက်၏။ သို့သော် သူသည် အခြေခံအားဖြင့် စိတ်သဘောထား နူးညံ့သူ ဖြစ်သဖြင့် တာဖုန်း ရှေးဟောင်းမြို့လေး သို့ ဘေးကင်းစွာ ရောက်ရှိစေရန် ညင်သာစွာ မှုတ်ထုတ်ပေးလိုက်၏။

ထို့နောက် အသွင်ပြောင်း သားရဲသည် ပလ္လင်ပေါ်တွင် ခွေခွေလေး ထိုင်လျက် မှိုင်တွေ့နေရှာသည်။

သူ့အမြင်တွင် ယဲ့ဖုန်းနှင့် မတိုက်ခိုက်သမျှ သူ မရှုံးနိမ့်ပေ။

‘ဒါပေမဲ့ ရလဒ်က ဘာလဲ...

နန်လု နတ်ဆိုးဂိုဏ်း တည်ထောင်တာ ရက်ပိုင်းပဲ ရှိသေးတယ်... အခုတော့ မျက်နှာတွေ အကုန်ပျက်ကုန်ပြီ။ နောက်ဆို အလှလေးတွေကို စုဆောင်းဖို့ အခွင့်အရေး ရပါတော့မလား’

တောက်... တောက်... တောက်...

ခြေသံများ နီးကပ်လာ၏။

"ငါ ထွက်သွားလို့ မပြောလိုက်ဘူးလား"

ခြေသံကို ကြားလိုက်ရသဖြင့် အသွင်ပြောင်း သားရဲသည် ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်၏။ သို့သော် ဂူအဝတွင် ငှက်ပျောရွက်ယပ်တောင်ကို ကိုင်ဆောင်ထားပြီး တောက်ပသော လရောင်အောက်တွင် မျက်နှာမသဲကွဲသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားရသည်။

"ယဲ့ဖုန်း... မင်းပဲ"

အသွင်ပြောင်း သားရဲသည် ဧည့်သည်ကို မှတ်မိလိုက်ပြီး ကြောက်လန့်သွားကာ ပလ္လင်နောက်သို့ ချက်ချင်း ဝင်ပုန်းလိုက်၏။ သူသည် အမည်းရောင် မီးခိုးတန်းအဖြစ် ပြောင်းလဲကာ ဂူထောင့်များမှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားလိုက်လေ၏။

"လွတ်မယ် ထင်နေလား"

ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင် အသေးစားကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အသွင်ပြောင်း သားရဲကို နံရံနှင့် ဝုန်းခနဲ သွားရိုက်မိစေကာ လူပုံစံသို့ အတင်းအကျပ် ပြန်ပြောင်းသွားစေသည်။

"ဒါ ဘာဝိညာဉ်လက်နက်လဲ... ဒီနတ်ဆိုးဘုရင်ရဲ့ အဆုံးအစမရှိ ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကိုတောင် ဖြိုခွင်းနိုင်တယ်လား"

အသွင်ပြောင်း သားရဲသည် မျက်နှာထား ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေ၏။ ငှက်ပျောရွက်ယပ်တောင် အသေးစားက မန္တန်များကို အမှန်တကယ် ဖြိုခွင်းနိုင်ကြောင်း သူ တွေးလိုက်မိသည်။

"ငါ မင်းကို မေးစရာရှိတယ်။ ငါ့လက်အောက်ကို ဝင်ပြီး မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ လုပ်ချင်လား"

"နတ်ဆိုးသားရဲဆိုတာ ဘယ်တော့မှ ကျွန်မခံဘူးကွ"

အသွင်ပြောင်း သားရဲသည် စကားမဆုံးခင်မှာပင် ခြေဖဝါးအောက်၌ လေကို ဆင့်ခေါ်ပြီး ချာခနဲ လှည့်ထွက် ကာ ထွက်ပြေးရန် ပြင်လိုက်၏။

"အကောင်းပြောတာ လက်မခံရင် အကြမ်းဖက်ရမှာပေါ့"

ယဲ့ဖုန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ငှက်ပျောရွက်ယပ်တောင် အသေးစားဖြင့် ဆယ်ကြိမ်ကျော် ဆက်တိုက် ခတ်လိုက်၏။ လေပြင်းများအားလုံး ရုတ်တရက် စုစည်းသွားပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ အသွင်ပြောင်း သားရဲ၏ ကျောပြင်ကို သည်းကြီးမည်းကြီး ရိုက်ခတ်လိုက်၏။ သူ ထွက်ပြေးသည်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ရောက်ရှိလာသဖြင့် အသွင်ပြောင်း သားရဲသည် နာကျင်စွာ အော်ဟစ် လိုက်ပြီး တောင်အောက်သို့ လိမ့်ကျသွားတော့သည်။

မြေပြင်ပေါ်မှာမူ၊

အသွင်ပြောင်း သားရဲသည် နောက်တစ်ကြိမ် မြေကြီးပေါ်တွင် ပြားပြားဝပ် လဲလျောင်းနေရပြန်သည်။ သူသည် ဘေးနားတွင် ရပ်နေသော ယဲ့ဖုန်းကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

"မပူပါနဲ့... ဂိုဏ်းစောင့် ဝိညာဉ်သားရဲ ဖြစ်လာပြီးရင်လည်း အခုလောလောဆယ် ငါ ကြေညာဦးမှာ မဟုတ်ပါဘူး။ မင်း နန်လု တောင်တန်းမှာ ဆက်နေပြီး ကိုယ့်ဘာသာ တောင်ဘုရင် လုပ်ချင်သလို ဆက်လုပ်နေလို့ ရတယ်" ယဲ့ဖုန်း ပြောလိုက်ရာ အသွင်ပြောင်း သားရဲ အံ့ဩသွားလေ၏။

"တကယ်လား" အသွင်ပြောင်း သားရဲက မယုံသလို မေးလိုက်၏။

"တကယ်ပေါ့... ဒါ့အပြင် မင်း ဒီပစ္စည်းနှစ်ခုကို ရနိုင်သေးတယ်" ယဲ့ဖုန်းသည် ပန်းကန်လုံးနှစ်လုံးကို မြေကြီးပေါ်တွင် ချပေးလိုက်၏။

ပထမတစ်လုံးတွင် ယန်ရူယွီ၏ အသက်ဝိညာဉ် စွမ်းအားများ ပါဝင်သော၊ ဒဏ်ရာများကို ကုသပေးနိုင်သည့် ဝိညာဉ်စမ်းရေများ ပါဝင်သည်။

အခြားတစ်လုံးတွင်မူ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် အဆင့်မြင့် ဝိညာဉ်သားရဲအစာများ ပြည့်နှက်နေ၏။

အသွင်ပြောင်း သားရဲသည် ဝိညာဉ်စမ်းရေကို လျှာဖြင့် လျက်လိုက်ရာ ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသည်။ အဆင့်မြင့် ဝိညာဉ်သားရဲအစာကို တစ်လုပ်စားကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး ယိမ်းယိုင်နေသော ခံယူချက်များသည် ချက်ချင်း ပြိုလဲသွားတော့သည်။

"ဒီနတ်ဆိုးဘုရင်ကို လက်အောက်ခံ ဖြစ်စေချင်ရင် နေစရာ စားစရာ ပေးရမယ်။ ကိုယ်လုပ်တော် ယူတာကို ကန့်သတ်လို့ မရဘူး။ ပြီးတော့ လူပုံအလယ်မှာ ဘယ်တော့မှ ငါ့ကို အရှက်မခွဲရဘူး" သူက ရင်ကို ကော့ ခေါင်းကိုမော့ကာ တောင်းဆိုလိုက်၏။

"အားလုံး သဘောတူတယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

အသွင်ပြောင်း သားရဲ စကားဆုံးသည်နှင့် ယဲ့ဖုန်းက ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်၏။

"မင်းက စကားပြောရတာ အဲဒီလောက် လွယ်တာလား" အသွင်ပြောင်း သားရဲသည် မျက်လုံးများ ပြူးကျယ်သွားပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ယဲ့ဖုန်းကို ဦးညွှတ်လိုက်၏။ "လက်အောက်ငယ်သားက ဆရာသမားကို နှုတ်ဆက်ပါတယ်"

"ဂိုဏ်းချုပ်လို့ ခေါ်စမ်း"

"ဟုတ်ကဲ့ပါ ဆရာသမား... အဲ... ဂိုဏ်းချုပ်"

ယဲ့ဖုန်း - "..."

အသွင်ပြောင်း သားရဲသည် အနည်းငယ် အရှက်မရှိ ဖြစ်သော်လည်း နောက်ဆုံးတွင် အရှုံးပေးလိုက်ပြီ ဖြစ်၏။

ယဲ့ဖုန်းသည် အခွင့်အရေးကို အသုံးချပြီး ဝိညာဉ်သားရဲမျှော်စင်၏ လုပ်ဆောင်ချက်ဖြင့် အသွင်ပြောင်း သားရဲကို ကိုးကောင်မြောက် ဂိုဏ်းစောင့် ဝိညာဉ်သားရဲအဖြစ် သတ်မှတ်လိုက်၏။

"တီတီ.. သင်က ဒုတိယမြောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်ကို နှိမ်နင်းနိုင်ခဲ့ပါပြီ။ ဆုလက်ဆောင် - ဂိုဏ်းသိုလှောင်ခန်း ဧရိယာ × ၅ ကုဗမီတာ"

စနစ် ထံမှ အသိပေးသံ ထွက်ပေါ်လာ၏။

အတွင်းပိုင်း နေရာလွတ်များ သိသိသာသာ ကျယ်ဝန်းသွားသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း ကျေနပ်သွားလေ၏။

တစ်ချိန်တည်းမှာပင် ဒုတိယ တာဝန်၏ ပြီးမြောက်မှု ရာခိုင်နှုန်းသည် (၈၀) ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး တိုးတက် သွားကြောင်း သတိပြုမိလိုက်၏။

ရေပေါ်ဖြူမြို့တော်မှ နတ်ဆိုးငါးကောင်၊ သံလက်သည်း နဂါးလင်းယုန်နှင့် မြေခွေးဖြူလေးတို့ကို နတ်ဆိုးစစ်သည် အဆင့်ရှိ အဆင့်မြင့် ဝိညာဉ်သားရဲများ ဖြစ်လာအောင် ပျိုးထောင်ပေးလိုက်သည်နှင့် ဤတာဝန် ပြီးဆုံးပြီဟု သတ်မှတ်နိုင်မည် ဖြစ်ပါ၏။

အခန်း (၁၂၆) - အပြင်စည်းဂိုဏ်းသားသစ်၊ ပစ္စည်းဝယ်ရင် ပိုက်ဆံပေးရသေးတာလား

~အသွင်ပြောင်း သားရဲသည် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ ဖြစ်လာပြီးနောက် ယဲ့ဖုန်းသည် သူ၏ စွမ်းအားများသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်နှင့် ညီမျှသော ပမာဏအထိ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။

သူရဲကောင်း ဝိညာဉ်များ၏ စွမ်းအားကိုပါ ထည့်တွက်လိုက်ပါက သူသည် ယခုအခါ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်ရှိသူထက် လေးဆ ပိုမိုသန်မာနေပြီ ဖြစ်၏။

"ဒါက ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်ရဲ့ စွမ်းအားလား"

ယဲ့ဖုန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အသွင်ပြောင်း သားရဲကို လုံးဝ ဖိနှိပ် လိုက်နိုင်သည့် အားကောင်းသော အရှိန်အဝါတစ်ခု မတော်တဆ ထွက်ပေါ်လာလေ၏။

"ဆရာသမားက ပိုသန်မာလာပြန်ပြီ"

အသွင်ပြောင်း သားရဲသည် သူ့နှုတ်ခမ်းမွေး အချို့ကို အမြန်ဆွဲနှုတ်လိုက်၏။ နာကျင်မှုကို ခံစားလိုက်ရသောအခါမှ ဤအရာများ အားလုံးသည် လက်တွေ့ဖြစ်ကြောင်း သေချာသွားလေ၏။

ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အမှန်အတိုင်း ပြောရရင် ဂိုဏ်းချုပ်က မင်းနဲ့ ယှဉ်ပြိုင်တုန်းက အပျော်သဘောပဲ တိုက်ခိုက်ခဲ့တာ၊ အစစ်အမှန် စွမ်းအားကိုတောင် ထုတ်မသုံးခဲ့ဘူး"

အသွင်ပြောင်း သားရဲသည် ယဲ့ဖုန်း ရုတ်တရက် သန်မာလာခြင်း မဟုတ်ဘဲ အစကတည်းက ဤမျှ သန်မာခဲ့သော်လည်း ယခုအချိန်အထိ သူ၏ စွမ်းရည်မှန်ကို ဖုံးကွယ်ထားခဲ့ကြောင်း သဘောပေါက်လိုက်ပြီး အံ့ဩတုန်လှုပ်သွားရသည်။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် အသွင်ပြောင်း သားရဲ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ လှိုင်းထလာလေ၏။

‘တော်သေးတာပေါ့... ငါ မြန်မြန် ဒူးထောက်လိုက်မိလို့၊ မဟုတ်ရင် ယဲ့ဖုန်းရဲ့ ရိုက်ချက်နဲ့ သေသွားလောက်ပြီ။ ဒါပေမဲ့ ကောင်းပါတယ်လေ... ဒီလောက် သန်မာတဲ့ ဂိုဏ်းချုပ် ရှိနေမှတော့ နောက်ဆို ငါ ကြိုက်သလောက် မွှေလို့ရပြီပေါ့’

တွေးရင်းဖြင့် အသွင်ပြောင်း သားရဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပါးနပ်သော အပြုံး အဖြစ် ပြောင်းလဲသွားလေ၏။

“ဘုတ်…”

ယဲ့ဖုန်းသည် အသွင်ပြောင်း သားရဲ၏ ပခုံးကို ရိုက်လိုက်ပြီး မေးလိုက်၏။ "အရင်တုန်းက အနက်ရောင်ဝတ်ရုံ ဂိုဏ်းရဲ့ ခေါင်းဆောင်က မင်းပဲ မဟုတ်လား။ ရေပေါ်ဖြူမြို့တော်မှာ ဟိုယွင်ကျဲနဲ့ တွေ့ပြီး နာမည်မဲ့ ဓားသိုင်းကျမ်းရဲ့ ပထမဆုံး စာမျက်နှာကို ချန်ထားခဲ့တာလည်း မင်းပဲ မဟုတ်လား"

ထိုမေးခွန်းနှစ်ခုကို ကြားလိုက်ရသောအခါ အသွင်ပြောင်း သားရဲသည် အဆင်မပြေသော အပြုံးတစ်ခုကို ပြသလိုက်လေ၏။

"အဲဒီတုန်းက ကျွန်တော်က ဝံပုလွေ ဗိုလ်ချုပ်လေး ရဲ့ လက်အောက်မှာ... အဲ... မဟုတ်ဘူး... ကျွန်တော်က သူ့ရဲ့ တိုက်ရိုက်အထက်လူကြီးလေ၊ ဒါကြောင့် မြူခိုးဂိုဏ်းကို စစ်ရေးသတင်း ထောက်လှမ်းဖို့ သွားခဲ့တာပါ။ ဒုတိယအကြိမ်ကျတော့ ရေပေါ်ဖြူမြို့တော်က အပျော်အိမ် ကို အလည်သွားရင်း ကြုံခဲ့တာပါ"

ပြောပြီးနောက် အသွင်ပြောင်း သားရဲက ထပ်ဖြည့်ပြောလိုက်၏။ "အဲဒါပါပဲဗျာ။ ဓားသိုင်းကျမ်းနဲ့ ပတ်သက်လို့ကတော့ နန်လု တောင်တန်း တောင်ဘက်က ရေစီးကြောင်းမြစ် နားမှာ ကောက်ရခဲ့တာပါ"

အသွင်ပြောင်း သားရဲသည် အမှန်နှင့် အမှား ရောနှောပြောနေကြောင်း သိသော်လည်း ယဲ့ဖုန်းသည် သူ့ကို ဖွင့်ချခြင်း မပြုဘဲ တောင်ဘက်ရှိ တောင်တန်းများကို ကြည့်ကာ ခပ်တိုးတိုး ညည်းညူ လိုက်၏။

"ရေစီးကြောင်းမြစ်က နန်လု တောင်တန်းရဲ့ တောင်ဘက်မှာ ရှိတယ်လို့ ပြောကြတယ်။ ရေစီးကြောင်းအတိုင်း လိုက်သွားရင် ဓားသိုင်းပညာကို အထူးပြုတဲ့ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းဖြစ်တဲ့ 'မြင့်မြတ်သော လေဓားဂိုဏ်း' ကို ရောက်မယ်။ ယွင်ကျဲ အဲဒီကို သွားပြီး လေ့ကျင့်နေတာ ဖြစ်လောက်တယ်..."

ပြောပြီးနောက် ယဲ့ဖုန်းသည် စက္ကူ တစ်ရွက်ကို ထုတ်ယူကာ အသွင်ပြောင်း သားရဲကို ပေးလိုက်ပြီး မေးလိုက်၏။ "စာဖတ်တတ်လား"

"ဒါပေါ့" အသွင်ပြောင်း သားရဲ ခေါင်းညိတ်လိုက်၏။

"ဒါဆို မင်း အားတဲ့အခါ နန်လု တောင်တန်းထဲမှာ ဒီဆေးမြစ်တွေကို ရှာပေး။ ဝိညာဉ်သားရဲ တစ်ကောင်အနေနဲ့ ဆေးမြစ်တွေအကြောင်း မင်း သိမှာပါ... ဒါနဲ့ မင်း ကိုယ့်ကိုယ်ကိုယ် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်လို့ပဲ ဆက်ခေါ်သင့်တယ်။ နာမည်ကော ရှိလား"

"နာမည် မရှိဘူးဗျ"

"ဒါဆို ဒီနေ့ကစပြီး မင်းနာမည်က 'နျုံပိုင်ပျန်'ပဲ"

ပြောပြီးသည်နှင့် ယဲ့ဖုန်း ပျံသန်းထွက်ခွာသွားလေ၏။

အသွင်ပြောင်း သားရဲသည် ကောင်းကင်ကို မော့ကြည့်ရင်း နှုတ်ခမ်းများ အဆက်မပြတ် လှုပ်ရွနေ၏။ "နျုံပိုင်ပျန် တဲ့လား... နာမည်ကြီးက ဆိုးလိုက်တာ။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဆိုတဲ့ နာမည်နဲ့ပဲ ဘာလို့ မနေလို့ မရတာလဲ"

ခဏအကြာတွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဝိညာဉ်စမ်းရေ တစ်ခွက်ကို ကောက်ယူပြီး တစ်ရှိန်ထိုး မော့သောက်လိုက်၏။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ သက်သာပျောက်ကင်းသွားသဖြင့် သူ အလွန်ဝမ်းသာသွားလေ၏။

ထို့နောက် သူသည် နောက်ထပ် ပန်းကန်လုံးတစ်လုံးကို ကောက်ယူပြီး အဆင့်မြင့် ဝိညာဉ်သားရဲအစာကို စတင်စားသောက်လိုက်၏။ အရသာ ကောင်းမွန်ပြီး ကြွပ်ရွနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ဤအရသာကို တဖြည်းဖြည်း နှစ်သက်လာလေ၏။

*

နောက်တစ်နေ့ မနက် အခါသမယ၊

ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ခေါ်လိုက်ပြီး ပြောလိုက်၏။ "ထျန်းရှင်း... ဒါ မင်းရဲ့ အပြင်စည်းဂိုဏ်းသား တံဆိပ်ပြားပဲ"

လုံထျန်းရှင်းသည် အနက်ရောင် သံတံဆိပ်ပြားကို ဖမ်းယူလိုက်ရာ ရှေ့ဘက်တွင် "မြူခိုးဂိုဏ်း" ဟူသော စာလုံးများ ဖောင်းကြွနေပြီး နောက်ဘက်တွင် "အပြင်စည်း လုံထျန်းရှင်း" ဟူသော စာသားကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်... ကျွန်တော် အပြင်စည်းကို ရာထူးတိုးသွားပြီလား" လုံထျန်းရှင်း အလွန်အံ့ဩသွားလေ၏။

"လုံချီထျန်းက တကယ် နောင်တရသွားပြီ၊ မင်းရဲ့ တာဝန်လည်း အောင်မြင်သွားပြီ။ အခု ဂိုဏ်းချုပ်အနေနဲ့ မင်းကို အပြင်စည်းဂိုဏ်းသားအဖြစ် တရားဝင် ခန့်အပ်လိုက်တယ်" ယဲ့ဖုန်း ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" လုံထျန်းရှင်းသည် သုံးတောင်ခန့် မြင့်အောင် ခုန်ပေါက်လိုက်၏။

အခြားတပည့်များသည် လုံထျန်းရှင်း၏ တာဝန်ပြီးဆုံးသွားကြောင်း ကြားသိလိုက်ရသောအခါ အားလုံးက သူ့ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ဂိုဏ်းချုပ်... ကျွန်တော် လုံမိသားစုကို ခဏလောက် ပြန်လိုက်ပါဦးမယ်"

လုံထျန်းရှင်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အပြင်စည်းဂိုဏ်းသား တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီး လုံမိသားစု အိမ်တော်သို့ သုတ်ခြေတင်လျက် ပြေးလွှား သွားလေ၏။

*

ရေပေါ်ဖြူမြို့တော်၊ လုံမိသားစု အိမ်တော်။

"ဘိုးလေး... ကျွန်တော့် ဝမ်းကွဲအစ်ကို ထွက်သွားပြီလို့ ပြောတာလား" လုံထျန်းရှင်း၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။

လုံကျန်းချွမ်း သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "ချီထျန်းက အစစ်အမှန်ကို နောင်တ ရသွားပြီး နန်လု နတ်ဆိုးဂိုဏ်းကနေ ထွက်လာခဲ့တယ်။ ဒီမနက် အစောကြီး ရေပေါ်ဖြူမြို့တော်ကနေ ထွက်သွားပြီး ဘိုးလေးရဲ့ မိတ်ဆွေဟောင်းဆီမှာ လေ့ကျင့်ဖို့ သွားပြီ"

"ဘိုးလေး... ဘယ်ဂိုဏ်း၊ ဘယ်ကျောင်းလဲ ဆိုတာ ပြောပြလို့ ရမလား" လုံထျန်းရှင်းက စပ်စုလိုက်၏။

"ဘိုးလေး မိတ်ဆွေက သိပ်လျှို့ဝှက်တာ။ ဘိုးလေးတောင် အဲဒီဂိုဏ်းအကြောင်း အသေးစိတ် မသိဘူး။ မြောက်ဘက် လီ (၅၀၀) လောက်မှာ ရှိတယ် ဆိုတာနဲ့ သူ့ရဲ့ အခြေခံအုတ်မြစ်က... လက်ရှိ မြူခိုးဂိုဏ်းထက် မနိမ့်ဘူး ဆိုတာလောက်ပဲ သိတယ်" လုံကျန်းချွမ်း ပြန်ဖြေလိုက်၏။

"လျှို့ဝှက် အဆင့်မြင့်ဂိုဏ်း ဖြစ်ပုံရတယ်။ နောက်တစ်ခါ ဝမ်းကွဲအစ်ကိုနဲ့ တွေ့ရင် ကျွန်တော့်အစား နှုတ်ဆက်ပေးပါဦး ဘိုးလေး။ ကျွန်တော် အရင်တုန်းက လက်လွန်သွားမိတယ် ဆိုတာ ပြောပြပေးပြီး သူ့ဆီက ခွင့်လွှတ်မှု တောင်းခံပေးပါ" လုံထျန်းရှင်းသည် အမြန်ဦးညွှတ်လိုက်ပြီး သူ့နောင်တကို ပြသလိုက်၏။

လုံကျန်းချွမ်းသည် လုံထျန်းရှင်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်၏။ "ဘိုးလေး နားလည်ပါတယ်... သားက သူ့ကောင်းဖို့အတွက် လုပ်ခဲ့တာပဲလေ... ဒါနဲ့ ဘိုးလေး သတိပေးချင်တာ တစ်ခုရှိသေးတယ်။ သားရဲ့ ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်း သတ္တမအဆင့်ကို မကျော်မချင်း ရေပေါ်ဖြူမြို့တော်ရဲ့ လီ (၃၀၀) ပတ်လည်ကနေ မထွက်ပါနဲ့"

"ဘာဖြစ်လို့လဲဟင်"

"မှတ်ထားလိုက်ပါ"

"ဪ..."

လုံထျန်းရှင်း ထွက်ခွာသွားသောအခါ လုံကျန်းချွမ်းသည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး များစွာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

"ချီထျန်းက မှန်ကန်တဲ့ လမ်းကို စတင်လျှောက်လှမ်းနေပြီ။ ထျန်းရှင်းက မြူခိုးဂိုဏ်းရဲ့ ထောက်ပံ့မှုနဲ့ ကျင့်ကြံနေတယ်။ ငါတို့ လုံမိသားစုလည်း တဖြည်းဖြည်း ပိုကောင်းလာသင့်ပြီ မဟုတ်လား"

ရေပေါ်ဖြူမြို့တော်၊ ကုန်သွယ်ရေး မဟာမိတ် အဖွဲ့။

ရင်ဘတ်ကို ဗလာကျင်းထားပြီး ဓားကြီးတစ်လက် ကိုင်ဆောင်ထားကာ ခက်ထန်သော အမူအရာရှိသည့် အမျိုးသား တစ်ဦးသည် ကောင်တာရှေ့တွင် ရပ်လျက် စက္ကူတစ်ရွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။

"ဒီမှာ ရေးထားတဲ့ ဆေးမြစ်တွေ အားလုံး ငါးပွဲစီ ပေးစမ်း... မဟုတ်ဘူး... ဆယ်ပွဲ လုပ်လိုက်"

ကြောက်လန့်နေသော အခိုင်းအစေမလေးသည် အမြန်လိုက်နာလိုက်၏။

မကြာမီ ထိုထွားကျိုင်းသော အမျိုးသားသည် ဝိညာဉ်ဆေးမြစ်များ ပြည့်နှက်နေသော သေတ္တာကြီးကို သယ်ဆောင်လျက် ထွက်ခွာရန် ပြင်လိုက်၏။

"ဂုဏ်သရေရှိ ဧည့်သည်တော်... အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကျပါတယ်ရှင်" အခိုင်းအစေမလေးက ကြောက်ရွံ့စွာ ပြောလိုက်၏။

"မင်းက ငါ့ကို ပိုက်ဆံတောင်းရဲတယ်ပေါ့... ငါက အမြဲတမ်း အလကား ယူနေကျကွ" ထိုအမျိုးသားသည် ဆက်လက်ထွက်ခွာသွားလေ၏။

"သတ္တိရှိလှချည်လား"

အနီးနားမှ ချီစုစည်းခြင်း ကိုးဆင့်ရှိ ကျင့်ကြံသူ သုံးဦးသည် ရုတ်တရက် ခုန်ထွက်လာပြီး ကြီးမားသော အရှိန်အဝါနှင့် လှိမ့်ဝင်လာသော စွမ်းအင်ပေါက်ကွဲမှုများဖြင့် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

သို့သော် ထိုထွားကျိုင်းသော အမျိုးသားသည် သုံးဦးစလုံးကို လက်ဝါးတစ်ချက်တည်းဖြင့် အဟုန်ပြင်းစွာ ကိုင်ပေါက်လိုက်ပြီး ကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားလေ၏။

*

တစ်နာရီအကြာမှာမူ၊

နန်လု တောင်တန်းရှိ ဂူစံအိမ် တစ်ခု အတွင်း၌။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဆေးမြစ်သေတ္တာကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ရယ်မောလိုက်၏။ "ဟူးဟူး.. သူတို့က ငါ့ကို ပိုက်ဆံတောင်းရဲတယ်၊ တော်တော် သတ္တိကောင်းတာပဲ... ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ လူ့လောကမှာ ပစ္စည်းဝယ်ရင် တကယ်ပဲ ပိုက်ဆံပေးရတာလား"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ခေါင်းကုတ်လိုက်ပြီး ထိုကိစ္စကို စိတ်မဝင်စားတော့ဘဲ ပလ္လင်ပေါ်တွင် လဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ၏။

မြူခိုးတောင်ထိပ်မှာမူ၊

ယဲ့ဖုန်းသည် ရှင်းကွမ်ရွှမ်နှင့် မျက်နှာချင်းဆိုင် ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။

"ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ရဲ့ အရောင်းပြပွဲမှာ အညိုရောင် ဝိညာဉ်သစ်ပင်နဲ့ သစ်ဝိညာဉ်မြက်ပင် အပါအဝင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်ဖိုးရှိတဲ့ ဆေးမြစ်တွေ လုယက်ခံလိုက်ရတယ်လို့ ကြားတယ်" ရှင်းကွမ်ရွှမ်က ရုတ်တရက် ထိုကိစ္စကို ပြောပြလာ၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာ အနည်းငယ် ထူးဆန်းသွားလေ၏။

ရှင်းကွမ်ရွှမ် ပြန်သွားပြီးနောက် ယဲ့ဖုန်းသည် နတ်ဆိုးဘုရင်၏ ဂူစံအိမ်သို့ အချိန်မဆွဲဘဲ တစ်ဟုန်ထိုး သွားရောက်ခဲ့ရာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ပလ္လင်ပေါ်တွင် အိပ်မောကျနေသည်ကို တွေ့လိုက်ရလေ၏။

"အင်း... အလှလေး... ကိုကြီးကို အနမ်းတစ်ပွင့်လောက် ပေးပါဦး... လာပါ... မရှက်ပါနဲ့" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ဟောက်သံများ ထွက်ပေါ်နေကာ တံတွေးများ စီးကျနေ၏။ အိပ်မက်ထဲတွင် အဓိပ္ပာယ်မရှိသော စကားများ ခပ်တိုးတိုး ညည်းညူ နေပြီး လက်များက ဟိုစမ်းဒီစမ်း လုပ်နေလေ၏။

ယဲ့ဖုန်း ရယ်မောလိုက်ပြီး သူ့ကို ချက်ချင်း ကန်ကျောက်လိုက်၏။

"ဘယ်ကောင်က ကိုကြီးရဲ့ ချိုမြိန်တဲ့ အိပ်မက်ကို နှောင့်ယှက်ရဲတာလဲ... သေချင်နေလား... အို... ဂိုဏ်းချုပ် ကိုယ်တိုင်ပါလား။ ကြည့်ပါဦး... ကျွန်တော် ဆေးမြစ်တွေ အားလုံး စုဆောင်းထားပြီးပါပြီ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ကန်ချက်ကြောင့် ရုတ်တရက် နိုးထလာပြီး ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်လည်း ယဲ့ဖုန်း ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ကျွမ်းကျင်စွာဖြင့် မြေကြီးပေါ်တွင် အမြန် ဒူးထောက်လိုက်လေ၏။

"မင်း ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ကို လုယက်ခဲ့တာလား" ယဲ့ဖုန်း တိုက်ရိုက် မေးလိုက်၏။

"ဘာ ကုန်သွယ်ရေး မဟာမိတ်အဖွဲ့လဲ... တစ်ခါမှ မကြားဖူးဘူး... ကျွန်တော် ဘာမှမသိဘူး" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ချက်ချင်း ငြင်းဆိုမှုများ စတင်ပြုလုပ်တော့သည်။

ထိုအခါ၊ ယဲ့ဖုန်းက သူ့အား မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ကနေ သစ်ဝိညာဉ်မြက်ပင် အပါအဝင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ချီတန်ဖိုးရှိတဲ့ တန်ဖိုးကြီး ဝိညာဉ်ဆေးမြစ် သေတ္တာကြီးတစ်လုံး လုယက်ခံလိုက်ရတယ်လို့ ငါ ကြားထားပြီးသား။ မင်း မဟုတ်ဘူးလို့ ငြင်းရဲသေးတာလား"

တန်ဖိုးက ဝိညာဉ်ကျောက်တုံး တစ်ထောင်အထိ မြင့်တက်သွားသည်ကို ကြားလိုက်ရသောအခါ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ချက်ချင်း ခုန်ထလိုက်ပြီး အော်ဟစ်လိုက်၏။ "ပေါက်ကရတွေ... အဲဒါက ရှင်းရှင်းလင်းလင်း ဝိညာဉ်ကျောက်တုံး (၅၀၀) ဖိုးပဲ ရှိတာ။ ဒီမရိုးသားတဲ့ ကုန်သည်က ဒီအစ်ကိုကြီးကို စွပ်စွဲရဲတယ်ပေါ့... နောက်တစ်ခါကျရင် သူတို့ဆီက အကုန် မွဲသွားအောင် လုပစ်ဦးမယ်"

စကားမှားသွားမှန်း သတိထားမိလိုက်သဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်၏။

ယဲ့ဖုန်းသည် စကားပို မပြောတော့ဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ပြောလိုက်၏။ "သေချာကြည့်ထား... ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပဲ။ နောက်ဆို မင်း ပစ္စည်းဝယ်ရင် ဝိညာဉ်ကျောက်တုံးနဲ့ ပေးဝယ်ရမယ်။ အတင်းအဓမ္မ လုယူလို့ မရဘူး"

"ဟေ... ဒီအသုံးမကျတဲ့ ကျောက်တုံးက ဝိညာဉ်ဆေးမြစ်တွေနဲ့ လဲလို့ရတယ်လား" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။ "ကျားဗိုလ်ချုပ် ရဲ့ မြေအောက်ခန်းထဲမှာ ဒီလိုကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံး ရှိတာ ငါ မှတ်မိတယ်"

“ဂျွိ…”

စိတ်လှုပ်ရှားသွားသဖြင့် ယဲ့ဖုန်းသည် လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို မတော်တဆ ချေမွပစ်လိုက်ပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ကော်လာကို အမြန်ဆွဲကိုင်လိုက်၏။

"ကျားဗိုလ်ချုပ်ရဲ့ မြေအောက်ခန်းက ဘယ်မှာလဲ"

"အဲဒါက... ဖူယွင် တောအုပ်နက်ကြီး ထဲမှာပါ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်၏။

"ဒါပေမဲ့ ကျားဗိုလ်ချုပ်က အဲဒီမှာ ပုန်းနေလောက်တယ်။ ကျွန်တော်တို့ သွားရင် ပြဿနာ မတက်နိုင်ဘူးလား"

"ငါ ကျားဗိုလ်ချုပ်ကို သတ်လိုက်ပြီ"

ယဲ့ဖုန်းသည် စကားအများကြီး မပြောတော့ဘဲ စနစ် နေရာလပ် ထဲမှ ကျားဗိုလ်ချုပ်၏ ဧရာမ အလောင်းကောင်ကြီးကို တိုက်ရိုက် ဆွဲထုတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

၎င်းမြင်ကွင်းသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ထိတ်လန့်သွားစေပြီး ဒူးများ ပျော့ခွေလဲကျ သွားစေတော့သည်။

All Chapters