← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇) - ကျားဗိုလ်ချုပ်၏ မြေအောက်ဘဏ္ဍာတိုက်၊ သွေးမျိုးဆက် သန့်စင်ဆေးလုံး

~"ဒါကြီးက..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် သည် ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားမိလေ၏။

သူ အလယ်အဆင့် နတ်ဆိုးစစ်သည် ဘဝတုန်းက ကျားဗိုလ်ချုပ် နှင့် ဆုံတွေ့ခဲ့ဖူးပြီး ထိုအချိန်က ကျားဗိုလ်ချုပ်၏ စွမ်းအားကြောင့် စိတ်ဒဏ်ရာပင် ရခဲ့ဖူးသည်။

သို့သော် ယခုအခါ တစ်ချိန်က သူ့ကို ခြိမ်းခြောက်ခဲ့သော အင်အားကြီး သတ္တဝါကြီးသည် သူ၏ ဂိုဏ်းချုပ်လက်ချက်ဖြင့် ခေါင်းပြတ်ကာ သေဆုံးနေပြီ ဖြစ်၏။

"ဟားဟား... မင်းလည်း ဒီလိုနေ့မျိုး ကြုံရသေးတာကိုး"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် သေချာစေရန်အတွက် ကျားဗိုလ်ချုပ်၏ အလောင်းကို ခြေထောက်ဖြင့် ဂရုတစိုက် နင်းကြည့်လိုက်ပြီးနောက် အောင်နိုင်သူအဖြစ် ဟားတိုက် ရယ်မောလိုက်လေ၏။ "ဂိုဏ်းချုပ်အစ်ကိုကြီး... ကျွန်တော် လမ်းပြပါမယ်"

*

ဖူယွင် တောအုပ်နက်ကြီး၏ အလယ်ဗဟို။

ယဲ့ဖုန်းနှင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်တို့သည် တောင်ကုန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။

အနီးနားရှိ သစ်ပင်များသည် ရှည်လျားပြီး စိမ်းလန်းစိုပြေနေသဖြင့် မီတာဒါဇင်ပေါင်းများစွာ မြင့်မားသော ဤတောင်ကုန်းငယ်ကို သေချာကြည့်မှသာ သတိထားမိနိုင်မည် ဖြစ်၏။

"ဂိုဏ်းချုပ်အစ်ကိုကြီး... အဝင်ဝက ဒီမှာပါ"

အသွင်ပြောင်း သားရဲသည် ခန္ဓာကိုယ်ကို (၁၀) မီတာခန့်အထိ ဖောင်းပွကြီးထွားလာစေပြီးနောက် တောင်ကုန်းထိပ်ရှိ ပေါင်ချိန် တစ်သိန်းခန့် လေးလံသော ကျောက်တုံးကြီးကို မကာ ဘေးသို့ ပစ်လိုက်ရာ မီတာ (၁၀၀) ခန့် နက်ရှိုင်းသော ကျောက်သားအပေါက်ကြီးတစ်ခု ပေါ်လာလေ၏။

"မင်းရဲ့ အသွင်ပြောင်းနိုင်တဲ့ ပါရမီက တကယ် အသုံးဝင်တာပဲ" ယဲ့ဖုန်း ချီးကျူးလိုက်၏။

"ဘာမှ မဟုတ်ပါဘူးဗျာ" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဂုဏ်ယူစွာ ပြောလိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ကျုံ့လိုက်၏။ ထို့နောက် လက်ဝါးပေါ်တွင် မီးတောက်တစ်ခုကို ထွန်းညှိလျက် ဦးစွာ ခုန်ဆင်းသွားလေ၏။

ယဲ့ဖုန်းလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွား၏။

မီတာ (၁၅၀) ခန့် ဆက်တိုက် ကျဆင်းသွားပြီးနောက် သူတို့နှစ်ဦးသည် အောက်ခြေသို့ ရောက်ရှိသွားကြသည်။

ထိုနေရာသည် အလွန်ကျယ်ဝန်းပြီး နံရံများတွင် လမင်းကျောက်တုံးများ မြှုပ်နှံထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေလေ၏။

"အတွင်းထဲ ဝင်သွားရင် ကျားဗိုလ်ချုပ်ရဲ့ နေအိမ်ကို တွေ့ရလိမ့်မယ်။ အဲဒီနောက်မှာမှ မြေအောက်ဘဏ္ဍာတိုက် ရှိတာ။ ဒါပေမဲ့ သာမန်လူတွေ မဖျက်ဆီးနိုင်တဲ့ သော့ခတ်ထားတယ်လေ" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က လမ်းလျှောက်ရင်း ရှင်းပြလိုက်၏။

ယဲ့ဖုန်းသည် နောက်မှ လိုက်ပါရင်း ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ တန်ဖိုးကြီး ရှေးဟောင်းပရိဘောဂ အများအပြားကို တွေ့လိုက်ရသဖြင့် ကျားဗိုလ်ချုပ်သည် ဘဝကို မည်သို့ ခံစားရမည်ကို သိရှိနားလည်သူ ဖြစ်ကြောင်း တွေးမိလိုက်လေ၏။

နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ခိုင်ခံ့သော ကျောက်နံရံတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် လေးလံပြီး ကြီးမားသော သတ္တုတံခါးကြီး တစ်ချပ်ရှိပြီး အလွန်ခိုင်ခံ့သည်။ ဓားရာ၊ ပုဆိန်ရာ အများအပြား ရှိနေသော်လည်း မည်သူမျှ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

"ဒုန်း..ဒူန်း"

ယဲ့ဖုန်းသည် တံခါးကို လက်သီးဖြင့် ထုလိုက်သော်လည်း အတွင်းသို့ ချိုင့်ဝင်သွားရုံသာ ဖြစ်ပြီး ပွင့်ထွက်မသွားပေ။ သူ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်များ ပေါ်လာလေ၏။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဒါက ကောင်းကင်ပြင်ပက ဥက္ကာခဲသံ နဲ့ လုပ်ထားတာ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် အထက်ရောက်မှ ချိုးဖျက်နိုင်မယ်လို့ ပြောကြတယ်။ ကံဆိုးတာက ဒီသံကို အရည်ကျိုနိုင်တဲ့ လက်နက်လုပ်သူ မရှိလို့ ဒီတိုင်း ထားထားရတာလေ"

"ဘယ်လို ဖွင့်မလဲ"

"အစ်ကိုကြီး... ကျွန်တော့်မှာ သော့ရှိတယ်လေ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ရင်ကို ကော့ ခေါင်းကိုမော့ကာ ဂုဏ်ယူစွာ ပြောလိုက်၏။

တဆက်တည်း၌ သူ၏ လက်ချောင်း တစ်ချောင်းသည် မီးခိုးအဖြစ် ပြောင်းလဲသွားပြီး ဥက္ကာခဲသံ တံခါး၏ သော့ပေါက်ထဲသို့ ဝင်ရောက်သွားကာ သော့တစ်ချောင်းအဖြစ် ပုံဖော်လိုက်ရာ တံခါးပွင့်သွားပြီး ပစ္စည်းများ ပြည့်နှက်နေသော လျှို့ဝှက်အခန်း တစ်ခု ပေါ်လာလေတော့သည်။

"အဆင့်နိမ့် ဝိညာဉ်လက်နက် ဒါဇင်လောက် ရှိပေမယ့် ကံဆိုးတာက အကုန်လုံး ပျက်စီးနေလို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်မှ ရမှာ မဟုတ်ဘူး"

"ဝိညာဉ်ဆေးမြစ် သေတ္တာကြီး သုံးလုံး ရှိတယ်၊ ဒါပေမဲ့ သိုလှောင်ထားတာ ကြာလွန်းလို့ ဆေးအာနိသင် တစ်ဝက်လောက် ပျက်ပြယ်နေပြီ။ လက်ကားဈေးနဲ့ပဲ ရောင်းလို့ရမယ်"

"ဝိညာဉ်သတ္တုရိုင်း သုံးကုဗမီတာလောက်လည်း ရှိသေးတယ်။ မြေကမ္ဘာရူးသွပ်ပုတ်သင် စောင့်ကြပ်နေတဲ့ ပမာဏလောက်ပဲ။ အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်လောက် တန်တယ်။ ဒါက အမြတ်ကြီးပဲ"

"ပြီးတော့ ဒီနောက်ဆုံး သေတ္တာထဲမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိလောက်တယ်"

ယဲ့ဖုန်းသည် ဘဏ္ဍာတိုက်ထဲရှိ ပစ္စည်းများကို တစ်ခုချင်း စစ်ဆေးပြီးနောက် နောက်ဆုံးတွင် ရှိနေသော အထူးသေတ္တာတစ်လုံးအပေါ် အာရုံစိုက်လိုက်၏။ ဖွင့်လိုက်သည်နှင့် သိပ်သည်းသော ဝိညာဉ်ဖိအားများ ထွက်ပေါ်လာပြီး အတွင်းထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) နှင့် အလယ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၅) တုံးကို တွေ့ရှိလိုက်ရလေ၏။

"ဒါတွေအကုန်လုံး ဘယ်က ရတာလဲ" ယဲ့ဖုန်းက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ဘက်သို့ လှည့်မေးလိုက်၏။

"ကျားဗိုလ်ချုပ်က ဝိညာဉ်သွေးကြော အသေးစား တစ်ခုကို ဖြတ်တောက်ပြီး သူ့ရဲ့ အမြုတေကို ယူထားတယ်လို့ ပြောကြတယ်။ ဒီဝိညာဉ်ကျောက်တုံးတွေက အဲဒီက ရတာ ဖြစ်လောက်ပါတယ်"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်လည်း သေချာမသိပေ၊ တစ်ဆင့်စကား ကြားဖူးရုံသာ ဖြစ်၏။

ယဲ့ဖုန်း စဉ်းစားခန်း ဝင်သွားလေ၏။

‘အကြီးအကဲ လျိုယွိကျီ ပြောဖူးတာ ငါ မှတ်မိတယ်။ ယွင်ဟွာဂိုဏ်း ရဲ့ ဝိညာဉ်သွေးကြော အသေးစားကို တစ်ယောက်ယောက်က ဖြတ်တောက် ယူငင်သွားတယ် ဆိုပဲ။ အဲဒါနဲ့များ ဆက်စပ်နေမလား’

သို့သော် ယဲ့ဖုန်းလည်း ခန့်မှန်းရုံသာ တတ်နိုင်ပြီး သေချာရေရာခြင်း မရှိပေ။

မကြာမီ ယဲ့ဖုန်းသည် ဘဏ္ဍာတိုက်ထဲမှ ရတနာအားလုံးကို စနစ် နေရာလပ် ထဲသို့ ထည့်လိုက်၏။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်နှင့်အတူ မြေအောက်ခန်းကို နောက်ထပ် နာရီဝက်ခန့် ရှာဖွေပြီးနောက် ထူးဆန်းသော ရှေးဟောင်းပုံစံများ ပါဝင်သည့် လေးထောင့် သတ္တုပြားတစ်ခုကို တွေ့ရှိလိုက်ရလေ၏။

"ဒီပစ္စည်း ဖြစ်နေတာကိုး"

ယဲ့ဖုန်း လက်ဝါးကို ဖြန့်လိုက်ရာ တူညီသော သတ္တုပြား နောက်တစ်ချပ် သူ့လက်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

"မျက်လှည့်ပြသလိုပဲဗျာ... နောက်တစ်ခု ထပ်ရလာပြန်ပြီ" မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် အံ့ဩတကြီး ရေရွတ်လိုက်၏။

ယဲ့ဖုန်းက ပြောလိုက်၏။ "အရင်တုန်းက ရေပေါ်ဖြူမြို့တော်က ဟေးရွှမ်ဂိတ် မှာ တစ်ခု ရခဲ့ဖူးတယ်။ ဒီမှာ ဒုတိယတစ်ခု ထပ်ရမယ်လို့ မထင်ထားဘူး။ ဒီအပေါ်မှာ ဘာတွေများ မှတ်တမ်းတင်ထားတာလဲ"

"ယေဘုယျအားဖြင့် ပြောရရင်တော့ ရတနာမြေပုံ ဖြစ်လောက်တယ်" ဟု မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က ခန့်မှန်းလိုက်၏။

"စွမ်းအားကြီးတဲ့ လျှို့ဝှက်သိုင်းကျမ်း တစ်ခု ဖြစ်မနေနိုင်ဘူးလား" ယဲ့ဖုန်းက သူ့ထင်မြင်ချက်ကို ပြောလိုက်၏။

သို့သော် သတ္တုပြားနှစ်ခုကို ယာယီ ဆက်စပ်၍ မရသေးသလို အထူးတုံ့ပြန်မှုလည်း မရှိသဖြင့် ယဲ့ဖုန်းသည် စနစ် နေရာလပ် ထဲသို့ ပစ်ထည့်ထားလိုက်ရလေ၏။

ကျားဗိုလ်ချုပ်၏ ဂူစံအိမ်ထဲမှ တန်ဖိုးရှိပြီး ရွှေ့ပြောင်း၍ရသမျှ အရာအားလုံးကို ပြောင်စင်အောင် သိမ်းဆည်းပြီးနောက် ယဲ့ဖုန်းသည် မြေအောက်ခန်းထဲမှ နှမြောတသစွာဖြင့် ထွက်ခွာလာခဲ့သည်။

မြေပြင်ပေါ်မှာမူ၊

ယဲ့ဖုန်းသည် "သွေးမျိုးဆက် သန့်စင်ဆေးလုံး" (၁၀) လုံးစာအတွက် လိုအပ်သော ဆေးမြစ်များကို သေတ္တာထဲသို့ ထည့်လိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကို မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်အား ပေးလိုက်ကာ ညွှန်ကြားလိုက်၏။

"ဒီ ဝိညာဉ်ကျောက်တုံး (၅၀၀) ကို ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ဆီ သွားပြန်ပေးလိုက်။ ငါတို့ မြူခိုးဂိုဏ်းက လုယက်တဲ့ အလုပ် မလုပ်ဘူး။ ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ပိုက်ဆံပေးရတယ်... နားလည်လား"

"လက်အောက်ငယ်သား နောက်တစ်ခါ အလကား မလိုချင်တော့ပါဘူးဗျာ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဝိညာဉ်ကျောက်တုံးများကို အိတ်ကပ်ထဲ ထည့်လိုက်၏။ ထို့နောက် ယဲ့ဖုန်း၏ ရှေ့မှောက်တွင် လက်မောင်းများ ဗလာကျင်းထားပြီး ဓားမကြီး ကိုင်ဆောင်ထားကာ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် လူကောင်ကြီးအဖြစ် ပြောင်းလဲလိုက်၏။ သူသည် ရေပေါ်ဖြူမြို့တော်ရှိ ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ဆီသို့ ပျံသန်းသွားပြီး လူအများရှေ့တွင် ဝိညာဉ်ကျောက်တုံးများကို ပေးချေကာ ခမ်းနားစွာ ထွက်ခွာသွားလေ၏။

မြူခိုးတောင်ထိပ်မှာမူ၊

ယဲ့ဖုန်းသည် "သွေးမျိုးဆက် သန့်စင်ဆေးလုံး" (၁၀) ပွဲစာ ဆေးမြစ်များကို ခွဲခြား စီစဉ်လိုက်ပြီး ဆေးနည်းနှင့် တိုက်ဆိုင်စစ်ဆေးကာ အမှားအယွင်း မရှိစေရန် ပြုလုပ်လိုက်၏။ ထို့နောက် စိတ်ထဲတွင် မေးလိုက်၏။

"စနစ်... ဒီနည်းလမ်းနဲ့ တကယ်ပဲ ဆေးဖော်လို့ အောင်မြင်မှာလား"

"ဂိုဏ်းချုပ်... စိတ်ချပါ။ အတုအယောင် ဆေးဖော်မီးဖိုက ထိပ်တန်းအဆင့်ပါ။ ဆေးနည်းရှိမယ်၊ ကုန်ကြမ်းပစ္စည်းတွေ စုံလင်မယ်၊ ပတ်ဝန်းကျင် အနေအထားက လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ် ဆိုရင် ဆေးဖော်ခြင်းက ရာနှုန်းပြည့် အောင်မြင်မှာပါ" စနစ် က အာမခံလိုက်၏။

"လက်ရှိ အခြေအနေက သွေးမျိုးဆက် သန့်စင်ဆေးလုံး (၁၀) လုံး ဖော်စပ်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား"

"ကိုက်ညီပါတယ်"

စနစ် ထံမှ အတည်ပြုချက် ရရှိလိုက်သဖြင့် ယဲ့ဖုန်း စိတ်သက်သာရာ ရသွားလေ၏။ သူသည် စိတ်အာရုံဖြင့် အတုအယောင် ဆေးဖော်မီးဖိုကို ဆင့်ခေါ်လိုက်၏။ ရုတ်တရက် တောင်ထိပ်တွင် လေပြင်းများ တိုက်ခတ်လာပြီး ဝိညာဉ်စွမ်းအင်များ သူ့အပေါ်တွင် အဆက်မပြတ် စုစည်းလာကာ မီတာနှစ်မီတာခန့် မြင့်မားသော ဆေးဖော်မီးဖို အရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့တည်လာလေ၏။

ဆေးဖော်မီးဖို၏ လေးဖက်လေးတန်တွင် တောက်ပသော ဝင်္ကပါပုံစံများ ရေးထိုးထားပြီး ရှေးကျကာ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် မြူခိုးဂိုဏ်း တပည့်များအားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်လေ၏။

"ဒါ ဘာလုပ်ဖို့လဲ"

"ကြည့်ရတာ ဆေးဖော်နေတာနဲ့ တူတယ်"

"ဂိုဏ်းချုပ်က ဆေးဖော်တတ်တယ်လား"

တပည့်များသည် စုရုံးရောက်ရှိလာပြီး တီးတိုးပြောဆိုနေကြသည်။

"ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို မီးအဖြစ် အသုံးပြုမယ်၊ ဝိညာဉ်စမ်းရေကို ဓာတ်ကူပစ္စည်းအဖြစ် သုံးမယ်... သွေးမျိုးဆက် သန့်စင်ဆေးလုံး... ငါ့အတွက် ပေါ်ထွက်လာစမ်း"

ယဲ့ဖုန်းသည် ဆေးမြစ်အားလုံးကို အတုအယောင် ဆေးဖော်မီးဖိုထဲသို့ လောင်းထည့်လိုက်ပြီး ဝိညာဉ်ဆေးမြစ်များကို စိမ်ရန်အတွက် ဝိညာဉ်စမ်းရေကို ထည့်လိုက်၏။

"ဝုန်း"

ပူပြင်းသော မီးတောက်တစ်ခု ရုတ်တရက် လူးလွင့်လာပြီး အတုအယောင် ဆေးဖော်မီးဖို တစ်ခုလုံးကို ဝါးမြို သွားလေ၏။

ဝိညာဉ်စမ်းရေသည် ချက်ချင်း ဆူပွက်လာပြီး ရေနွေးငွေ့များ ကောင်းကင်သို့ ထိုးတက်သွားလေ၏။

မီးဖိုထဲရှိ ဝိညာဉ်ဆေးမြစ်များသည် ဓာတ်ပြုမှု စတင်လာပြီး အနည်အနှစ်များသည် ပြာအဖြစ် ပြောင်းလဲကာ လေထဲသို့ လွင့်ပါသွားလေ၏။ ကျန်ရှိသော ဆေးရည်များသည် ပိုမိုသန့်စင်လာပြီး ပုံသဏ္ဌာန် စတင်ပေါ်ပေါက်လာလေ၏။

အမွှေးတိုင် တစ်ဝက်ခန့် ကြာပြီးနောက်။

မီးတောက်များ ငြိမ်းသွားပြီး မီးဖို ပျောက်ကွယ်သွားလေ၏။

ရွှေရောင်ဆေးလုံး (၁၀) လုံး ဖြည်းညှင်းစွာ ကျဆင်းလာသည်ကို လူတိုင်း တွေ့လိုက်ရပြီး ယဲ့ဖုန်းက လက်ဖြင့် ဖမ်းယူလိုက်၏။ မွှေးပျံ့သော ဆေးရနံ့များသည် နှာခေါင်းထဲသို့ တိုးဝင်လာပြီး ဝိညာဉ်သားရဲ အများအပြားကို မြူးထူးစွာ ပြေးလာစေသည်။

"ဒါက သွေးမျိုးဆက် သန့်စင်ဆေးလုံးပဲ။ ဂိုဏ်းစောင့် ဝိညာဉ်သားရဲတွေအတွက် သီးသန့် ဖော်စပ်ထားတာ။ သွေးမျိုးဆက်ကို သန့်စင်ပေးပြီး အလားအလာကို မြှင့်တင်ပေးနိုင်တယ်။ တစ်လုံးကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ရောင်းလို့ရတယ်" လူတိုင်း နားမလည် ဖြစ်နေသည်ကို တွေ့ရသဖြင့် ယဲ့ဖုန်း ရှင်းပြလိုက်၏။

"အဲဒီလောက် ဈေးကြီးတာလား" တပည့်များ မျက်နှာထား ပြောင်းလဲသွားပြီး စကားပင် ဆို့သွားကြသည်။

"ဈေးကြီးတယ် ဟုတ်လား"

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

ကုန်ကြမ်းဖိုးတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် ကျသင့်ပြီး အများကြီး ကြိုးစားအားထုတ်ပြီးမှ အောင်မြင်ခဲ့တာလေ... အရင်းအနှီးထက် (၁၀) ဆလောက် မြတ်အောင် ရောင်းတာက လုံးဝ သဘာဝကျတယ် မဟုတ်လား။

ကုန်သည်ဆိုတာ ဒီလိုပဲ လုပ်ရတာလေ...

ထိုသို့ တွေးမိလိုက်သည်နှင့် ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းစားသော အပြုံး တစ်ခု ထိန်းချုပ်၍ မရအောင် ပေါ်လာလေ၏။

"ဒါက ကြီးပွားချမ်းသာဖို့ နောက်ထပ် နည်းလမ်း တစ်ခု ဖြစ်ပုံရတယ်”

အခန်း (၁၂၈) - ဓားသိုင်းသမား၏ ခရီးစဉ်၊ သဲစီးကြောင်းဂိုဏ်းမှ တင်းပိုင်ရွှယ်

~"ဒါ မင်းတို့အတွက်ပဲ... စိတ်မပူနဲ့၊ နောက်ဆို ပိုရလာဦးမှာ"

ယဲ့ဖုန်းသည် "သွေးမျိုးဆက် သန့်စင်ဆေးလုံး" (၇) လုံးကို ထုတ်ယူလိုက်ပြီး ရေပေါ်ဖြူ အင်မော်တယ်ငါးပါး၊ မြေခွေးဖြူလေးနှင့် သံလက်သည်း နဂါးလင်းယုန်တို့အား ဝေငှပေးလိုက်လေ၏။

"အစ်ကိုကြီးက ရှယ်ပဲကွ"

"အစ်ကိုကြီးက အမိုက်ဆုံးပဲ"

မြေခွေး တာ့ဟုန်၊ ခွေး အားဟာနှင့် အခြား စကားပြောတတ်သော သားရဲသုံးကောင်တို့သည် တစ်ကောင်နှင့်တစ်ကောင် အလုအယက် မြှောက်ပင့်ပြောဆိုနေကြလေ၏။

မြေခွေးဖြူလေးမှာမူ စကားမပြောတတ်ရှာပေ။ သို့သော် နောက်ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ ရှေ့ခြေလက်သည်းလေးများကို ပူးလျက် မိန်းမပျိုလေးတစ်ဦး ဂါရဝပြုသကဲ့သို့ ယဲ့ဖုန်းအား သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေ ပြုလိုက်ရှာသည်။

သံလက်သည်း နဂါးလင်းယုန်သည် သူ၏ အတောင်ပံများကို ကြည့်လိုက်၊ မြေခွေးဖြူလေးနှင့် အင်မော်တယ်ငါးပါးကို ကြည့်လိုက်ဖြင့် နှိုင်းယှဉ်ကာ ဝမ်းနည်းပက်လက် ဖြစ်သွားရလေ၏။

သူ့ခမျာ ဖားလည်း မဖားတတ်၊ လက်သီးဆုပ်ပြီး ဂါရဝလည်း မပြုတတ်ပေ။

ရုတ်တရက် သံလက်သည်း နဂါးလင်းယုန် အကြံရသွားလေ၏။ သူသည် မြေပြင်ပေါ်တွင် ဝပ်ဆင်းလိုက်ပြီး ယဲ့ဖုန်းအား ခေါင်းဖြင့် တဘုန်းဘုန်း ဆောင့်ကာ ဦးခိုက်လေတော့သည်။ အသံများမှာ ကျယ်လောင်နေပြီး အလွန် ကြည်ညိုလေးစားပုံ ပေါက်နေ၏။

ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ၏ အလွန်အကျွံ ကျေးဇူးတင်ပြနေမှုများကို ကြည့်ရင်း တပည့်များသည် တံတွေးမြိုချကာ တိတ်တဆိတ် လက်မထောင်ပေးလိုက်ကြသည်။

"ကဲ... သွေးမျိုးဆက် သန့်စင်ဆေးလုံးတွေကို စားလိုက်ကြတော့"

ယဲ့ဖုန်း အကြံပြုလိုက်ပြီးနောက် ခေါက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်၏။ ငှက်ပျောရွက်ယပ်တောင် အသေးစားလေးဖြင့် ကိုယ့်ကိုယ်ကိုယ် တဖျပ်ဖျပ် ခတ်ရင်း အောက်ဘက်မှ မြစ်ချောင်းအင်းအိုင်များကို ရှုစားနေလိုက်ရာ စိတ်လက်ပေါ့ပါး ကြည်လင်လာလေ၏။

ဝိညာဉ်သားရဲ (၇) ကောင်သည် ဆေးလုံးများကို အလျင်အမြန် စားသောက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မြေကမ္ဘာမီးတောက်ဖြင့် သန့်စင်ခံရသကဲ့သို့ ပူနွေးနီရဲလာပြီး သွေးလည်ပတ်မှု မြန်ဆန်လာကာ အဆုံးအစမဲ့သော ခွန်အားများ ပြည့်နှက်လာသည်ကို ခံစားလိုက်ကြရသည်။

ဤသည်မှာ သွေးမျိုးဆက် သန့်စင်ခြင်း လုပ်ငန်းစဉ်ပင်။

"ငါ အဆင့်တက်တော့မယ် ထင်တယ်"

ဖရုံသီး ဝူကွားသည် မြေကြီးထဲတွင် တွင်းတစ်တွင်း အလျင်အမြန် တူးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံလိုက်၏။ ထို့နောက် ခေါင်းပေါ်မှ သစ်ရွက်စိမ်းလေးကို အသုံးပြု၍ ဝိညာဉ်စမ်းရေများကို ကိုယ့်ကိုယ်ကိုယ်လောင်းချကာ အရှိန်အဝါများကို တဖြည်းဖြည်း မြှင့်တင်ယူလိုက်လေ၏။

ထိုမြင်ကွင်းကို ကြည့်ပြီး အခြား ဝိညာဉ်သားရဲများမှာ ကြောက်လန့်တကြားဖြင့် ဝိညာဉ်သားရဲအစာ ပန်းကန်လုံးကြီး ငါးလုံးကို အငမ်းမရ စားသောက်လိုက်ကြတော့သည်။

၎င်းတို့အား ကြည့်နေရင်း၊ တပည့်များသည် ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ကြပြီးနောက် နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်လုပ်ဆောင်ကြလေ၏။

ရှီလေ့သည် အဆောက်အအုံသစ်များ ဆောက်လုပ်ရန်အတွက် ဆရာကြီးလီနှင့် သွားရောက် ဆက်သွယ်လေ၏။

လီကျောက်ကျောက်သည် မီးဖိုချောင်လက်ရာများကို မမောနိုင်မပန်းနိုင် လေ့ကျင့်နေရှာသည်။

ကျားယွိလန်နှင့် ယန်ရူယွီတို့သည် ဝိညာဉ်ဆေးမြစ်များကို လက်တွဲ စိုက်ပျိုးနေကြသည်။

ရှဟဲနှင့် ချိုကျူတို့သည် ဝိညာဉ်သားရဲများကို ပြုစုစောင့်ရှောက်ရန် အလုပ်ရှုပ်နေကြသည်။

အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့သည် စာပေလေ့လာပြီး လေးလေးနက်နက် ကျင့်ကြံနေကြသည်။

ချောင်ကျားရှီးသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း အနေဖြင့် ကျောက်တုံးကြီးများကို မကာ ဒုတိယအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေ၏။ နေ့စဉ် ဝိညာဉ်စမ်းရေကို သောက်သုံးနေသဖြင့် တိုးတက်မှု မြန်ဆန်နေပြီး ရက်ပိုင်းအတွင်း အဆင့်တက်လာနိုင်ဖွယ် ရှိနေ၏။

လုံထျန်းရှင်းသည် အပြင်စည်းဂိုဏ်းသား တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် အားလပ်နေသဖြင့် ရှီလေ့ထံ သွားရောက်ကာ ညီအစ်ကိုနှစ်ဦး မြူခိုးဂိုဏ်း တည်ဆောက်ရေးတွင် ကူညီလုပ်ကိုင်နေကြလေ၏။

မြူခိုးတောင်ထိပ်တွင် အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေ၏။

တစ်ချိန်တည်းမှာပင် နန်လု တောင်တန်း၏ အခြားတစ်ဖက်၊ မိုင်ရာပေါင်းများစွာ ဝေးကွာသော နေရာ၌...

ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို စီးနင်းလျက် တဝေါဝေါ..စီးဆင်းနေသော နောက်ကျိကျိ ရေစီးကြောင်းမြစ် အတိုင်း စုန်ဆင်းလာခဲ့သည်။

"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

မြစ်ကမ်းနဖူးရှိ ရှေးဟောင်းမြို့လေးကို လှမ်းကြည့်ရင်း ဟိုယွင်ကျဲသည် မြေပုံနှင့် တိုက်ဆိုင်စစ်ဆေးလိုက်၏။ လမ်းကြောင်းမှန်ကန်ကြောင်း သေချာသွားသောအခါ အရှိန်မြှင့်တင်လိုက်လေ၏။

"ဝုန်း"

ရုတ်တရက် မြစ်ရေပြင် ပေါက်ကွဲသွားပြီး ခေါင်းပေါ်တွင် ထက်ရှသော ဦးချိုတစ်ခု ပါရှိသည့် ထူးဆန်းသော ငါးကြီးတစ်ကောင် ရေထဲမှ ခုန်ထွက်လာ၏။ ၎င်းသည် ဟိုယွင်ကျဲအား လေဖိအားဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ အဆင့်မှာ အလယ်အဆင့် နတ်ဆိုးစစ်သည် အဆင့်သို့ ရောက်ရှိနေလေ၏။

"ဓားဆွဲထုတ်ခြင်း သိုင်းကွက်"

ဟိုယွင်ကျဲသည် ဓားပျံကို ထိန်းချုပ်နေခြင်းအား ရပ်တန့်လိုက်ပြီး ဓားအိမ်မှ ဓားရိုးကို ဆုပ်ကိုင်ကာ ကောင်းကင်မှ ကျဆင်းလာရင်း ထူးဆန်းသော ငါးကြီးကို ချိန်ရွယ်လိုက်၏။

"ချွင်.."ဓားရောင်တစ်ချက်ဝင်းလက် သွားပြီး အေးစက်သော ဓားချီတစ်ခု ဖြတ်သန်းသွားရာ ငါးကြီးမှာ လေထဲတွင်ပင် နှစ်ပိုင်းပြတ်သွားလေ၏။ ဓားချက်သည် သပ်ရပ်လွန်းလှသဖြင့် ခဏကြာမှသာ သွေးများ ဝေါ့ခနဲ ပန်းထွက်လာတော့သည်။

ဟိုယွင်ကျဲသည် ငါးကြီးကို ဖမ်းယူလိုက်ပြီး ရှေးဟောင်းမြို့ဆီသို့ ဆက်လက်ပျံသန်းလာခဲ့သည်။

ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် ဟိုယွင်ကျဲသည် မန္တန်များနှင့် "စီးဆင်းနေသော အလင်းဓားစွမ်းအင်" ကို ပေါင်းစပ်ကာ ကိုယ်ပိုင် ဓားဆွဲထုတ်ခြင်း သိုင်းကွက် မူလအဆင့်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။

ဓားကို ဆွဲထုတ်ခြင်းနှင့် ပြန်ထည့်ခြင်း ဟူသော ရိုးရှင်းသည့် လှုပ်ရှားမှုများသာ ဖြစ်သော်လည်း မမောနိုင်မပန်းနိုင် လေ့ကျင့်မှုကြောင့် ဆွဲထုတ်ခြင်းကို မြန်ဆန်စေပြီး ပြန်ထည့်ခြင်းကို နှေးကွေးစေကာ ရန်သူကို သတ်ဖြတ်ရာတွင် မမျှော်လင့်ထားလောက်အောင် ထိရောက်မှု ရှိနေလေ၏။

အားနည်းချက်မှာ ဓားစွမ်းအင်အား အဝေးသို့ ပစ်လွှတ်နိုင်ခြင်း မရှိသေးဘဲ အနီးကပ်တိုက်ပွဲများ၌သာ အသုံးပြုနိုင်ခြင်း ဖြစ်၏။

"သဲစီးကြောင်း ရှေးဟောင်းမြို့.. နောက်ဆုံးတော့ ရောက်ပြီ"

ဟိုယွင်ကျဲသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသော ရှေးဟောင်းမြို့လေးကို လေ့လာကြည့်ရှုလိုက်၏။ သင်္ဘောဆိပ် (၃) ခု ရှိပြီး သစ်သားလှေ အများအပြား ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။

"ဟေ... သခင်လေးက အင်မော်တယ် ဆရာသခင်လား။ လက်ထဲက အရိုးဓားငါး က အလယ်အဆင့် နတ်ဆိုးစစ်သည် အဆင့် ရှိပုံရတယ်။ ရောင်းမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး (၅) တုံး ပေးပါမယ်"

"ငါက ဝိညာဉ်ကျောက်တုံး (၅) တုံးအပြင် ငွေစ (၁၀) သားပါ ပေးမယ်"

"ငါ (၆) တုံး ပေးမယ်... ဘယ်သူမှ လာမလုနဲ့"

ဟိုယွင်ကျဲ ခြေချလိုက်သည်နှင့် ဝိညာဉ်မျက်လုံး နိုးထထားသော တံငါသည်များ ဝိုင်းအုံလာကြသည်။ သူတို့သည် လူစိမ်းကို ကြောက်ရွံ့ပုံ မရပေ။

"ဝိညာဉ်ကျောက်တုံး (၆) တုံး... ခင်ဗျား ယူလိုက်တော့"

ဟိုယွင်ကျဲသည် အရိုးဓားငါးကို ရောင်းချလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆) တုံး ရရှိလိုက်၏။

မူလက ငါးကင်စားရန် ရည်ရွယ်ထားသော်လည်း ပိုက်ဆံရမည်ဆိုတော့ လောဘသားကောင် ပီပီ ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်လိုက်ခြင်းက ဗိုက်ထဲထည့်လိုက်သည်ထက် ပိုတန်ပေသည်။

"အင်မော်တယ် ဆရာသခင်က တကယ် ခန့်ညားတာပဲ။ ကျောပေါ်မှာ ဝိညာဉ်ဓားကို လွယ်ထားပုံထောက်ရင် 'မြင့်မြတ်သော လေဓားဂိုဏ်း'က အပြင်စည်းဂိုဏ်းသားများလား"

ပိတ်သားရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဂျုံညိုရောင် အသားအရေနှင့် ဆံပင်တိုတို မိန်းကလေး တစ်ဦးသည် ဟိုယွင်ကျဲဘေးမှ လျှောက်လာရင်း မေးလိုက်၏။

"ချီစုစည်းခြင်း သတ္တမအဆင့်..." ဟိုယွင်ကျဲ ခြေလှမ်းရပ်တန့်လိုက်ပြီး ထိုမိန်းကလေးကို စိမ်းစိမ်းကြည့် လိုက်၏။ "ကျွန်တော်က လေဓားဂိုဏ်းက မဟုတ်ပါဘူး... မြူခိုးဂိုဏ်းကပါ။ ခင်ဗျားက ဘယ်သူလဲ"

"သဲစီးကြောင်းဂိုဏ်းရဲ့ နတ်ဆိုးပိတ်လှောင်မျှော်စင်သခင်မ တင်းပိုင်ရွှယ် ပါ" မိန်းကလေးက သူမကိုယ်သူမ မိတ်ဆက်လိုက်၏။

ဟိုယွင်ကျဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

'ဒီလောက် မည်းနေတာကို နှင်းဖြူ ( ပိုင်- အဖြူရောင် ၊ နှင်း- ရွှယ် ) တဲ့လား... နာမည်ပေးမှားနေပြီ'

သို့သော် သူသည် စိတ်ထဲ၌သာ ခပ်တိုးတိုး ညည်းညူ ပြီး မေးလိုက်၏။ "ဘာကိစ္စ ရှိလို့လဲ"

တင်းပိုင်ရွှယ်သည် ရှေးဟောင်းမြို့ အလယ်ရှိ စွန့်ပစ်ထားသော မျှော်စင်တစ်ခုကို ညွှန်ပြလျက် ပြောလိုက်၏။ "အဲဒါ နတ်ဆိုးပိတ်လှောင်မျှော်စင်ပဲ။ ဒီည လပြည့်ညမှာ အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်အဆင့် ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်က တံဆိပ်ကို ချိုးဖောက်ပြီး ထွက်လာဖို့ ကြိုးစားလိမ့်မယ်။ ရှေးဟောင်းမြို့တစ်ခုလုံးရဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်နေတယ်"

"ကျွန်တော့်အကူအညီ လိုချင်လို့လား" ဟိုယွင်ကျဲသည် ချီစုစည်းခြင်း အဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ "ဝမ်းနည်းစရာက ကျွန်တော်တစ်ယောက်တည်းနဲ့ အဲဒီကောင်ကို မယှဉ်နိုင်လောက်ဘူး"

"ချီစုစည်းခြင်း သတ္တမအဆင့်အထက် ရှိတဲ့ လူသုံးယောက်ရဲ့ အကူအညီကို ကျွန်မ တောင်းထားပြီးပြီ။ ရှင်နဲ့ ကျွန်မပါ ပေါင်းလိုက်ရင် ငါးယောက် ရှိမယ်။ သဲစီးကြောင်း ရှေးဟောင်းမြို့က လူသောင်းချီရဲ့ အသက်ကို ကယ်တင်ဖို့ လုံလောက်ပါတယ်" တင်းပိုင်ရွှယ်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"ကျွန်တော် ကူညီမယ်လို့ ခင်ဗျား ဘာလို့ သေချာနေတာလဲ" ဟိုယွင်ကျဲက ပြန်လည်ချေပ လိုက်၏။

တင်းပိုင်ရွှယ် ခေါင်းခါလိုက်၏။ "မသေချာပါဘူး။ ဒါပေမဲ့ ကျွန်မက သဲစီးကြောင်းဂိုဏ်းရဲ့ ခေါင်းဆောင်၊ မျှော်စင်သခင်မ ဖြစ်သလို မြို့စားမင်းရဲ့ သမီးလည်း ဖြစ်တယ်။ မြို့သူမြို့သားတွေရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ ရှင် ဆန္ဒရှိရှိ၊ မရှိရှိ... ကျွန်မ အကူအညီ တောင်းရမှာပဲ"

"အရင်ဆုံး သွားကြည့်ကြတာပေါ့" ဟိုယွင်ကျဲ မငြင်းဆန်ခဲ့ပေ။

ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ စစ်မှန်သော ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်ရန်၊ ပြင်းထန်သော ဓားစွမ်းအင်များ ထုတ်လွှတ်နိုင်ရန်နှင့် ရန်သူကို မမြင်နိုင်လောက်အောင် လျင်မြန်စွာ သတ်ဖြတ်နိုင်ရန် ဖြစ်၏။

မိုယင် ပြောဖူးသော "လက်တွေ့တိုက်ပွဲက ဓားသိုင်းပညာ တိုးတက်ဖို့ အမြန်ဆုံး နည်းလမ်းပဲ" ဟူသည့် စကားကို ဟိုယွင်ကျဲ သတိရလိုက်၏။

ထို့ကြောင့် ဟိုယွင်ကျဲသည် တိုက်ပွဲအဖွဲ့နှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

"ရှင် သဘောတူတယ်ပေါ့" တင်းပိုင်ရွှယ် အံ့ဩဝမ်းသာသွားလေ၏။

"ကြိုပြောထားမယ်နော်... ဒီတစ်ခါ ရင်ဆိုင်ရမယ့် နတ်ဆိုးသားရဲက အရမ်းသန်မာပြီး ဘယ်သူမှ မယှဉ်နိုင်ဘူး ဆိုရင်တော့ ကျွန်တော် လှည့်ပြေးမှာပဲ" ဟိုယွင်ကျဲက ရိုးသားစွာ ပြောလိုက်၏။

"ပြောမနေပါနဲ့... တကယ်လို့ တောင့်မခံနိုင်တော့ရင် ဘယ်သူကများ ငတုံးလို အသေခံနေမှာလဲရှင်" တင်းပိုင်ရွှယ် ခပ်ဟဟ ရယ်မောလိုက်၏။ "ကိစ္စပြီးရင် လျော်ကြေးအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) ပေးပါမယ်"

"သဘောတူတယ်" ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် မြို့လယ်ရှိ နတ်ဆိုးပိတ်လှောင်မျှော်စင်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားကြလေ၏။

လမ်းတစ်လျှောက်တွင် လူအများအပြားသည် တင်းပိုင်ရွှယ်ကို မြင်သောအခါ လေးစားစွာ ဦးညွှတ်ကြသည်။ ဟိုယွင်ကျဲ၏ အားကောင်းသော အရှိန်အဝါကို သတိထားမိကြသောအခါ တီးတိုးပြောဆိုကြလေ၏။

"မျှော်စင်သခင်မတင်းက နောက်ထပ် အစွမ်းထက်တဲ့ အင်မော်တယ် ဆရာသခင် တစ်ပါးကို ရှာတွေ့လာပြန်ပြီ။ ငါတို့ အသက်ရှင်နိုင်လောက်တယ်"

"အတိတ်တုန်းကလိုပဲ တံဆိပ်ကို ဖောက်ထွက်လာမယ့် နတ်ဆိုးကောင်ကို အောင်အောင်မြင်မြင် နှိမ်နင်း နိုင်ပါစေလို့ ဆုတောင်းပါတယ်"

လူများသည် ခေါင်းငုံ့လျက် တိုးညှင်းစွာ ရေရွတ်နေကြသည်။

"ကျွန်တော် သိချင်တာ တစ်ခုရှိတယ်။ နတ်ဆိုးသားရဲ ရှိမှန်းသိရက်နဲ့ ခင်ဗျားတို့ ဘာလို့ မပြေးကြတာလဲ။ ပြီးတော့ ဘာလို့ နတ်ဆိုးပိတ်လှောင်မျှော်စင်ကို မြို့လယ်ခေါင်မှာ ဆောက်ထားရတာလဲ"

ဟိုယွင်ကျဲ ဤအချက်ကို အလွန် ထူးဆန်းနေမိသည်။

နတ်ဆိုးပိတ်လှောင်မျှော်စင် နားမှာ နေထိုင်တာက အိမ်သာထဲ မီးအိမ်သွားထွန်းသလို သေလမ်းရှာနေတာနဲ့ မတူဘူးလား…

အခန်း (၁၂၉) - နတ်ဆိုးပိတ်လှောင်မျှော်စင်၏ ဇာစ်မြစ်၊ လပြည့်ည

~"နတ်ဆိုးပိတ်လှောင်မျှော်စင် တည်ရှိခဲ့တာ နှစ်ပေါင်းသုံးရာလောက် ရှိပြီ။ ကျွန်မတို့ တိန်မိသားစုက အစဉ်အဆက် မျှော်စင်စောင့်တွေအဖြစ် တာဝန်ယူပြီး ဒီနေရာမှာပဲ ကြီးပွားတိုးတက်လာခဲ့ကြတာ။ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေ တစ်သုတ်ပြီးတစ်သုတ် ရောက်လာပြီး နောက်ဆုံးတော့ သဲစီးကြောင်း ရှေးဟောင်းမြို့အဖြစ် ပြောင်းလဲသွားတာပေါ့"

တင်းပိုင်ရွှယ်က ရှင်းပြလိုက်၏။

"နတ်ဆိုးပိတ်လှောင်မျှော်စင် တည်ရှိခဲ့တာ နှစ်သုံးရာတောင် ရှိပြီလား"

ဟိုယွင်ကျဲ မျက်ခုံးပင့်လိုက်ပြီး ရင်ထဲတွင် အံ့ဩသွားလေ၏။ "ဒါဆိုရင် အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် နတ်ဆိုးသားရဲက သက်တမ်း သုံးရာကျော်နေပြီပေါ့။ သေချာပေါက် နတ်ဆိုးအိုကြီးပဲ ဖြစ်ရမယ်။ စွမ်းအား တော်တော်ကြီးမှာပဲ"

သူ့စကားကို ကြားတော့၊ တင်းပိုင်ရွှယ် လက်ကာပြလိုက်၏။ "အစ်ကို... ရှင် အထင်လွဲနေပြီ။ နတ်ဆိုးပိတ်လှောင်မျှော်စင် သက်တမ်းက နှစ်သုံးရာ ရှိပေမယ့် အထဲမှာ ပိတ်လှောင်ထားတဲ့ နတ်ဆိုးသားရဲတွေက (၁၀) နှစ်ထက် ပိုမခံပါဘူး။ အခုတစ်ကောင်က (၂၅) ကောင်မြောက်လေ"

"ကျွန်မတို့ တိန်မိသားစုက နတ်ဆိုးပိတ်လှောင်မျှော်စင်ကို အမြဲတမ်း စောင့်ကြပ်ခဲ့တာ။ အတိတ်တုန်းကလည်း နတ်ဆိုးသားရဲတွေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပေမယ့် နောက်ဆုံးတော့ အကုန်လုံး အသတ်ခံလိုက်ရတာချည်းပါပဲ"

"ဒါကြောင့် ဒီနားက လူတွေက နတ်ဆိုးပိတ်လှောင်မျှော်စင် ရှိနေတာကို ယဉ်ပါးနေကြပြီ။ တံဆိပ်ကို ဖောက်ထွက်လာမယ်လို့ ကြားရင်တောင် သိပ်မစိုးရိမ်ကြတော့ဘူး။ ထွက်ပြေးဖို့ဆိုတာ ပိုတောင် ဝေးသေးပါတယ်"

ထိုစကားကို ကြားသောအခါမှ ဟိုယွင်ကျဲ သဘောပေါက်သွားတော့သည်။

နတ်ဆိုးပိတ်လှောင်မျှော်စင်သည် နတ်ဆိုးသားရဲများအတွက် ထောင် တစ်ခုနှင့် တူညီပြီး တင်းပိုင်ရွှယ်တို့ မိသားစုက ထောင်မှူးများအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပုံရသည်။

ဒါဆိုရင် နတ်ဆိုးပိတ်လှောင်မျှော်စင်ကို ဘယ်သူ ဖန်တီးခဲ့တာလဲ...

ဟိုယွင်ကျဲ စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်၏။

တင်းပိုင်ရွှယ်က ရှင်းပြလိုက်၏။ "ကျွန်မတို့ တိန်မိသားစုရဲ့ ဘိုးဘေးတွေက 'မြင့်မြတ်သော လေဓားဂိုဏ်း'ရဲ့ အတွင်းစည်းဂိုဏ်းသားတွေ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းကျမှ ဒီနေရာက နတ်ဆိုးပိတ်လှောင်မျှော်စင်ကို စောင့်ကြပ်ဖို့ တာဝန်ပေးအပ်ခံရပြီး တဖြည်းဖြည်းနဲ့ လေဓားဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်လာခဲ့တာ"

"နာမည်ကျော် လေဓားဂိုဏ်း ဖြစ်နေတာကိုး"

ဟိုယွင်ကျဲ၏ မျက်လုံးများ အရောင်တောက်သွားလေ၏။

ဓားသိုင်းလေ့ကျင့်ရန် ထွက်ခွာလာသော ဤခရီးစဉ်တွင် သူ အမျှော်လင့်ဆုံးအရာမှာ လေဓားဂိုဏ်းမှ ပါရမီရှင် ဓားသမားများကို တွေ့မြင်ခွင့်ရရန်ပင်။

ယခုအခါ ထိုနာမည်ကို ကြားလိုက်ရသဖြင့် ဟိုယွင်ကျဲ၏ ရင်ထဲတွင် မရေရာသော မျှော်လင့်ချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေ၏။

"ပြောရရင်တော့ ထူးဆန်းတယ်... နတ်ဆိုးပိတ်လှောင်မျှော်စင်ထဲက နတ်ဆိုးသားရဲတွေ အကုန်လုံးကို လေဓားဂိုဏ်းက အပြင်စည်းဂိုဏ်းသားတွေ လာပို့ကြတာ။ ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်လို့ ရလျက်သားနဲ့ ဘာလို့ ဖမ်းချုပ်ထားရတာလဲ" တင်းပိုင်ရွှယ် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမလည်း နားမလည်နိုင်ပေ။

သူမ သိထားသည်မှာ လေဓားဂိုဏ်းက သူတို့သဘောဆန္ဒအလျောက် လာပို့ထားခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့် (၁၀) နှစ်ခန့် ဖိနှိပ်ချုပ်ချယ်ထားပြီးနောက် နတ်ဆိုးသားရဲများ သေဆုံးသွားလေ့ ရှိသည်။

ထို့နောက် အချိန်အတန်ကြာလျှင် နတ်ဆိုးသားရဲ အသစ်များကို ထပ်မံ ပို့ဆောင်လာပြီး ဆက်လက်ဖိနှိပ်ထားပြန်သည်။ သံသရာလည်နေခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း သုံးရာပင် ရှိခဲ့ပြီ။

ဒါ လေဓားဂိုဏ်းရဲ့ အမိန့်ဆိုတာ တင်းပိုင်ရွှယ် ကောင်းကောင်း သိထားသလို ချီစုစည်းခြင်း သတ္တမအဆင့်သာ ရှိသော သူမအနေဖြင့် အမိန့်နာခံရုံမှတစ်ပါး အခြားမရှိပေ။

မကြာမီ သူတို့နှစ်ဦးသည် နတ်ဆိုးပိတ်လှောင်မျှော်စင် အောက်ခြေဂသို့ ရောက်ရှိလာကြသည်။

ဟိုယွင်ကျဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

နတ်ဆိုးပိတ်လှောင်မျှော်စင်သည် ငါးထပ် ရှိပြီး မီတာ (၃၀) ခန့် မြင့်မားသည်။ မီတာ (၁၀၀) ပတ်လည်တွင် ကွင်းပြင် တစ်ခု ရှိပြီး (၁၀) မီတာ မြင့်မားသော ကျောက်တိုင် ငါးတိုင်ကို စိုက်ထူထားသည်။ ကျောက်တိုင် တစ်ခုစီမှ သံကြိုးတစ်ချောင်းစီ မျှော်စင်ထဲသို့ သွယ်တန်းထားရာ အတွင်းထဲမှ ကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်ကောင်ကို ချည်နှောင်ထားပုံ ရသည်။

"အို... လူသစ်လား"

"ချီစုစည်းခြင်း အဋ္ဌမအဆင့်... မဆိုးဘူးပဲ"

မျှော်စင်ပေါ်မှ လူသုံးဦး ခုန်ဆင်းလာကြသည်။ အမျိုးသား နှစ်ဦးနှင့် မိန်းကလေး တစ်ဦး ဖြစ်၏။ မိန်းကလေးမှာ ချီစုစည်းခြင်း သတ္တမအဆင့် ရှိပြီး အမျိုးသားနှစ်ဦးမှာ အဋ္ဌမအဆင့် ရှိကြဧ။်။

မိန်းကလေးနှင့် အမျိုးသားတစ်ဦးသည် အလွန် နီးကပ်စွာ ရပ်နေကြသည်ကို ဟိုယွင်ကျဲ သတိပြုမိလိုက်၏။ နှစ်ဦးစလုံး အဖြူရောင် ဝတ်ဆင်ထားပြီး နူးညံ့ သိမ်မွေ့သော အမူအရာ ရှိကြကာ စုံတွဲ တစ်တွဲ ဖြစ်ပုံရသည်။

ကျန်ရှိသော အမျိုးသား တစ်ဦးမှာမူ လူလတ်ပိုင်း အရွယ် ဖြစ်ပြီး အရပ် သိပ်မရှည်ဘဲ ငါးပေခန့်သာ ရှိသည်။ မျက်နှာတွင် မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေပြီး ခန္ဓာကိုယ်အနှံ့ ကြွက်သားများ ဖုထစ်နေကာ လူသန်ကြီး တစ်ယောက်နှင့် တူညီနေ၏။

"ဒီနှစ်ယောက်က အဆင့်မြင့် 'ချန်ရွှမ်ဂိုဏ်း'က ကျိုးစုံတွဲပါ။ ဟိုတစ်ယောက်ကတော့ အဆင့်မြင့် 'ဧရာမ ဝိညာဉ်ဂိုဏ်း’ က တာအိုဆရာဝမ် ပါ"

"ရောင်းရင်းတို့... ဒီတစ်ယောက်ကတော့ အဆင့်မြင့်ဂိုဏ်းအသစ် ဖြစ်တဲ့ မြူခိုးဂိုဏ်းက ညီလေး ဟိုယွင်ကျဲပါ" တင်းပိုင်ရွှယ်က မိတ်ဆက်ပေးလိုက်၏။

နတ်ဆိုးပိတ်လှောင်မျှော်စင်သို့ လာရာလမ်းတစ်လျှောက်တွင် ဟိုယွင်ကျဲ၏ နောက်ခံကို သူမ မေးမြန်းခဲ့သဖြင့် ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်မှ လာရောက်ကြောင်း သူမ သိရှိထားပြီး ဖြစ်၏။

"အဆင့်မြင့်ဂိုဏ်းက ဂိုဏ်းတူ ညီအစ်ကို ဖြစ်နေတာကိုး... ခွင့်လွှတ်ပါဗျာ" ကျိုးစုံတွဲသည် သဘောကောင်းပြီး ပြုံးရွှင်နေကြသည်။

တာအိုဆရာဝမ်ကမူ ခေါင်းအနည်းငယ် ညိတ်ရုံသာ ပြုလုပ်ပြီး အနည်းငယ် မာနကြီးပုံရသည်။

"ချန်ရွှမ်ဂိုဏ်း (စုံတွဲဂိုဏ်း) ဖြစ်နေတာကိုး။ ခင်ဗျားတို့ဂိုဏ်းကို ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိတဲ့ စုံတွဲတစ်တွဲက တည်ထောင်ခဲ့တာ ဖြစ်ပြီး စုံတွဲတွေကိုပဲ တပည့်အဖြစ် လက်ခံတယ်လို့ ကြားဖူးတယ်။ တကယ်လို့ တစ်ကိုယ်ရေသမား ဆိုရင်တောင် ဂိုဏ်းထဲဝင်ပြီးတာနဲ့ လဝက်အတွင်းမှာ လက်တွဲဖော် ရှာပေးတယ် ဆိုပဲ" ဟိုယွင်ကျဲသည် အံ့ဩသော မျက်နှာထားဖြင့် ကျိုးစုံတွဲကို ကြည့်ကာ ပြောလိုက်၏။

"ညီလေးဟို ပြောတာ အမှန်ပါပဲ" ကျိုးစုံတွဲသည် ချစ်ရည်ရွှန်းသော မျက်လုံးများဖြင့် ကြည့်ရင်း ပြုံးလိုက်ကြသည်။ "ကျွန်တော်တို့လည်း ဂိုဏ်းထဲရောက်မှ ဂိုဏ်းချုပ်ရဲ့ နေရာချပေးမှုကြောင့် စုံတွဲ ဖြစ်လာကြတာပါ။ အခုဆို နှစ် (၂၀) တောင် ရှိခဲ့ပြီ"

ဧရာမ ဝိညာဉ်ဂိုဏ်းမှ တာအိုဆရာဝမ်ကမူ ဘာမှဝင်မပြောဘဲ ပြုံးရုံသာ ပြုံးနေ၏။

"သန်းခေါင်ကျော်ဖို့ နာရီပိုင်းလောက် လိုသေးတယ်။ တစ်ခုခု စားကြမလား" တင်းပိုင်ရွှယ်က ဂရုတစိုက် မေးလိုက်၏။

"မဆာပါဘူး" တာအိုဆရာဝမ် ခေါင်းခါလိုက်ပြီး ကျောက်တိုင်တစ်တိုင်ပေါ်သို့ ခုန်တက်ကာ လက်ပိုက်လျက် တိတ်ဆိတ်စွာ ရပ်နေလိုက်၏။

"ကျွန်တော်တို့လည်း မစားတော့ပါဘူး" ကျိုးစုံတွဲသည် အစာရှောင်ဆေးလုံးများကို ထုတ်ယူကာ တစ်လုံးစီ သောက်သုံးလိုက်ကြသည်။

ဤဆေးလုံးက သုံးရက်တိုင်တိုင် အစာမစားဘဲ နေနိုင်စေသည်။ သူတို့လည်း ကျောက်တိုင်များပေါ်သို့ ပြန်လည်ရောက်ရှိသွားကြသည်။

ဟိုယွင်ကျဲ အနည်းငယ် ဆာလောင်နေသဖြင့် တင်းပိုင်ရွှယ်နှင့်အတူ အနီးနားရှိ စားသောက်ဆိုင်သို့ သွားရောက် စားသောက်လိုက်၏။ ထို့နောက် မျှော်စင်သို့ ပြန်လာကြပြီး လူငါးဦးသည် ကျောက်တိုင်တစ်တိုင်စီတွင် နေရာယူကာ လပြည့်ည ရောက်ရှိလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေ၏။

“ဝူး..ဝေါ…ဝေါ…”

ညရောက်လာသည်နှင့်အမျှ လေတိုက်ခတ်မှု ပိုမိုပြင်းထန်လာ၏။

သဲစီးကြောင်း ရှေးဟောင်းမြို့မှ လူများသည် ပြတင်းပေါက်များတွင် ဝပ်လျက် အဝေးမှ နတ်ဆိုးပိတ်လှောင်မျှော်စင်ကို လှမ်းကြည့်ကာ မည်ကဲ့သို့သော ကြောက်မက်ဖွယ် သတ္တဝါကြီး ပိတ်လှောင်ခံထားရသနည်းဟု တွေးတောနေကြသည်။

တင်းပိုင်ရွှယ် ကောင်းကင်ကို မော့ကြည့်လိုက်၏။

လပြည့်ဝန်းကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေပြီး တိမ်ကင်းစင်နေ၏။ ဟိန်းညံတိုက်ခတ်နေသော လေပြင်းများက အန္တရာယ် အငွေ့အသက်များကို ဖန်တီးနေ၏။

"ဂရား..."

နတ်ဆိုးပိတ်လှောင်မျှော်စင် အတွင်းမှ အသံနက်ကြီး တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု နိုးထလာသကဲ့သို့ ဖြစ်နေ၏။ သံကြိုးကြီးငါးချောင်းသည် ရုတ်တရက် တင်းမာသွားလေ၏။

ကျောက်တိုင်များပေါ်တွင် ရပ်နေကြသော လူများသည် လေထဲသို့ ချက်ချင်း ကြွတက်သွားကြသည်။

"ချွင်..."

ရုတ်တရက် သံကြိုးများသည် ပိုမိုကြီးမားသော အား တစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရပြီး "ဂျလောက် ၊ ဂျလောက်" ဟူသော အသံများ ထွက်ပေါ်လာကာ ဒဏ်မခံနိုင်တော့ဘဲ ပြတ်တောက်သွားတော့မည့်အလား ဖြစ်နေ၏။

"လပြည့်ညမှာ နတ်ဆိုးကောင်ရဲ့ အစွမ်းက အထက်မြက်ဆုံးပဲ။ တကယ်လို့ သူက နတ်ဆိုးချုပ်နှောင်သံကြိုးတွေကို မချိုးဖျက်နိုင်ရင် ကျွန်မတို့ ဝင်ပါစရာ မလိုပါဘူး။ ဒါပေမဲ့ သံကြိုးတွေ ပြတ်သွားတာနဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဝင်တိုက်ရလိမ့်မယ်" တင်းပိုင်ရွှယ်က ခါးမှ အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့များကို ထုတ်ယူရင်း ပြောလိုက်၏။

"ချွင်..."

နတ်ဆိုးသားရဲသည် သံကြိုးများကို ဆက်လက်ရုန်းကန်နေသဖြင့် သတ္တုမြည်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

နတ်ဆိုးချုပ်နှောင်သံကြိုး တစ်ချောင်းစီမှ ဓာတ်ကြီးငါးပါးနှင့် သက်ဆိုင်သော အနီ၊ အဝါ၊ ရွှေ၊ အပြာနှင့် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည်ကို ဟိုယွင်ကျဲ သတိထားမိလိုက်၏။

"ဂရား..."

ရှည်လျားသော ဟိန်းဟောက်သံကြီးသည် ဆက်လက်ထွက်ပေါ်နေပြီး မိုင်ပေါင်း (၁၀) ကျော်အထိ ပျံ့နှံ့သွားရာ ရှေးဟောင်းမြို့ရှိ သက်ရှိတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

"ဒီကောင်က အရင်တုန်းက ဖမ်းခဲ့တဲ့ ကောင်တွေထက် ပိုသန်မာပုံရတယ်။ နတ်ဆိုးချုပ်နှောင်သံကြိုးတွေ တောင့်ခံနိုင်တော့မယ့်ပုံ မပေါ်ဘူး။ ရောင်းရင်းတို့... တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပါ" တင်းပိုင်ရွှယ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး လက်ထဲမှ တာအို အဆောင်လက်ဖွဲ့များကို တင်းတင်းဆုပ်ကိုင်လိုက်၏။

နောက်တစ်ခဏတွင် လေငြိမ်သွားလေ၏။

ကောင်းကင်မှ လမင်းကြီးသည် ပိုမိုတောက်ပလာပြီး မြေပြင်တစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေရာ ရှားပါးသော မြင်ကွင်းပင်။

"ငါ ရုတ်တရက် အန္တရာယ်ကို အာရုံခံမိတယ်"

တာအိုဆရာဝမ် တံတွေးမြိုချလိုက်ပြီး လက်သီးများကို ဆုပ်လိုက်၏။

“ကလစ်…”

နတ်ဆိုးချုပ်နှောင်သံကြိုး ငါးချောင်းစလုံး ရုတ်တရက် ပြတ်တောက်သွားပြီး ပြာမှုန့်များအဖြစ် ပြောင်းလဲသွားလေ၏။

နောက်တစ်ခဏတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးနှင့်အတူ မျှော်စင်အမိုး ပွင့်ထွက်သွားပြီး နတ်ဆိုးကောင်၏ ပုံသဏ္ဌာန်အမှန် ပေါ်ထွက်လာတော့သည်။

(၃) မီတာခန့် မြင့်မားသော မြေကမ္ဘာလူဝံကြီး တစ်ကောင် ဖြစ်နေသည်...

၎င်းသည် အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်အဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သန်မာသော လက်မောင်းများကို ဝှေ့ယမ်းကာ သံကြိုးများကို ဆွဲဖြတ်ပစ်လိုက်၏။ ထို့နောက် ၎င်း၏ အရှိန်အဝါများ ပိုမိုမြင့်တက်လာပြီး "တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ" အဆင့်သို့ ရောက်ရှိသွားတော့သည်။

"ဒီကောင်က အမည်းစက်ပြောက် မြွေနတ်ဆိုး နဲ့ ယှဉ်နိုင်လောက်တယ်" ဟိုယွင်ကျဲ ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးသွားလေ၏။

"မြေကမ္ဘာ လူဝံကြီးပါလား" ကျိုးစုံတွဲ၏ မျက်နှာများ မည်းမှောင်သွားလေ၏။

"ဒီကောင်က လွယ်လွယ်နဲ့ ယှဉ်လို့ ရမယ့် ပြိုင်ဘက် မဟုတ်ဘူး။ အသားအရေက မာကျောပြီး ခွန်အားကလည်း အင်မတန် သန်မာတယ်။ သိရင် ငါ မလာပါဘူးဟ" တာအိုဆရာဝမ် နောက်ဆုတ်ရန် စတင်စဉ်းစားလိုက်၏။

"အားလုံးပဲ သတိထားကြပါ။ တကယ်လို့ မနိုင်တော့ရင် ပျက်စီးဆုံးရှုံးမှု နည်းအောင် မြို့ပြင်ကို မျှားခေါ်သွားပေးကြပါ" ဟု တင်းပိုင်ရွှယ်က အလျင်အမြန် တောင်းပန်လိုက်၏။

သူမစကားကြောင့် တာအိုဆရာဝမ် မဲ့ပြုံး ပြုံး လိုက်၏။

“သာမန်လူအုပ်စုရဲ့ အသက်သေတာ ရှင်တာ ငါ ဂရုစိုက်စရာ လိုလို့လား။ ငါတို့ငါးယောက် မနိုင်ရင် ငါက အရင်ဆုံး ထွက်ပြေးမှာပဲ”

All Chapters