အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း (၁၃၀) - ခက်ခဲကြမ်းတမ်းသော တိုက်ပွဲ၊ မလှုပ်မယှက် တာအို အဆောင်လက်ဖွဲ့ စွမ်းပြခြင်း
~တာအိုဆရာဝမ်၏ စကားများက အနည်းငယ် ကြမ်းတမ်းသော်လည်း မည်သူမျှ ပြန်လည်ချေပ ခြင်း မပြုကြပေ။
ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ကိုယ့်အသက်ကို ဉာဏ်စောင့်လိုသည်မှာ လူ့သဘာဝပင် မဟုတ်ပါလော။
အကယ်၍ အမှန်တကယ် မနိုင်နိုင်ပါက ဆက်နေခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ ထွက်ပြေးပြီး အသက်ရှင်သန်ကာ နောင်တစ်ချိန်မှ ပြန်လည်တိုက်ခိုက်ခြင်းက ပိုကောင်းပေ၏။
ဟိုယွင်ကျဲသည် နတ်ဆိုးပိတ်လှောင်မျှော်စင်ထက်တွင် ရင်ဘတ်ကို ထုနှက်နေသော မြေကမ္ဘာလူဝံကြီးကို တစ်ချက်ကြည့်လိုက်၊ ၎င်းနောက် သူတို့၏ နောက်ကျောဘက်ရှိ ထိတ်လန့်တုန်လှုပ်နေသော မြို့သူမြို့သားများကို တစ်ချက်ကြည့်လိုက်ဖြင့် ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာလေ၏။
"အားလုံးပဲ... တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြ" ဟိုယွင်ကျဲသည် ခန္ဓာကိုယ်ကို ညွှတ်ကိုင်း။လိုက်ပြီး ဓားဆွဲထုတ်ရန် အသင့်ပြင်ဆင်လိုက်သည်။
"သွေးပူနေတဲ့ ကောင်လေးပဲ"
တာအိုဆရာဝမ် ပခုံးတွန့်လိုက်သော်လည်း ထွက်မပြေးခဲ့ပေ။ ထိုအစား သူသည် ဟိန်းဟောက်လိုက်ပြီး ဒုတိယအဆင့် မန္တန်ဖြစ်သော "ဧရာမ ဝိညာဉ် အသွင်ပြောင်းလဲခြင်း"အား ထုတ်သုံးလိုက်လေ၏။ သူ၏ ခန္ဓာကိုယ်သည် (၃) မီတာခန့်အထိ ကြီးထွားလာပြီး ကျောက်သားကဲ့သို့ မာကျောသော အရေပြားများ ဖုံးလွှမ်းသွားကာ ချီစုစည်းခြင်း အထွတ်အထိပ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားများ ပြည့်နှက်လာ၏။
"လင်မယား ဓားပျံသိုင်း"
ကျိုးစုံတွဲသည် အဆင့်နိမ့် ဝိညာဉ်ဓားတစ်လက်စီ ကိုင်ဆောင်ကာ အထူးပူးပေါင်းမန္တန်ကို ထုတ်သုံးလိုက်ကြသည်။ သူတို့နှစ်ဦး၏ အရှိန်အဝါများ ပေါင်းစပ်သွားပြီး ချီစုစည်းခြင်း ကိုးဆင့် အထွတ်အထိပ်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားမှုမျိုး ပေးစွမ်းလေ၏။
တင်းပိုင်ရွှယ်လည်း အားကျမခံပေ။ သူမသည် အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့ (၅) ရွက်ကို လှပစွာ ပစ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်၌၊ လေ၊ မိုးကြိုး၊ ရေ နှင့် မီး စွမ်းအားများ ရစ်သိုင်းသွားပြီး အားကောင်းသော အရှိန်အဝါကို ဖန်တီးလိုက်၏။
ဟိုယွင်ကျဲသည် ဓားရိုးကို ကိုင်ထားသော လက်များ အနည်းငယ် တုန်ရီသွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
'ဒီလူ (၄) ယောက်က အထူးဆုရ မင်းသား၊ မင်းသမီးတွေများလား။ ခုနကမှ ထွက်ပြေးမယ် ပြောနေကြပြီး အခုကျတော့ တစ်ယောက်ချင်းစီက ငါ့ထက်တောင် သန်မာတဲ့ အရှိန်အဝါတွေ ထုတ်ပြနေကြပါလား'
ထိုအချိန်တွင် ဟိုယွင်ကျဲ ..ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။
တကယ်တမ်းကျတော့ ငါက လူရွှင်တော် ဖြစ်နေပါလား...
ထိုသို့ တွေးမိလိုက်သည်နှင့် သူ့နှုတ်ခမ်းထောင့်များ လှုပ်ရွ သွားပြီး ဓားရိုးကို ပိုမို တင်းတင်းဆုပ်ကိုင် လိုက်မိလေ၏။
နတ်ဆိုးပိတ်လှောင်မျှော်စင်ထက်မှာမူ၊
မြေကမ္ဘာလူဝံကြီးသည် ဒေါသများကို ဖြေဖျောက်ပြီးနောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အရှိန်အဝါ အပြင်းထန်ဆုံး ဖြစ်နေသော ကျိုးစုံတွဲကို အဓိက ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လိုက်၏။ ထို့နောက် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ခုန်ဆင်းလာပြီး တာအိုဆရာဝမ်ဆီသို့ ဦးတည်တိုက်ခိုက်လိုက်လေ၏။
"သေစမ်း... ဘာလို့ ငါ့ကိုမှ လာရွေးရတာလဲ"
တာအိုဆရာဝမ်သည် ဆဲရေးလိုက်ပြီး ခုန်တက်ကာ လူဝံကြီးကို လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်၏။
သူတို့၏ လက်သီးချင်း လေထဲတွင် တွေ့ဆုံသွားပြီး ဟိန်းညံသည့် အသံကြီး ထွက်ပေါ်လာ၏။
"ဝေါ့..."
တာအိုဆရာဝမ်သည် အဟုန်ပြင်းစွာ ပစ်လွှင့် ခံလိုက်ရပြီး ကြမ်းခင်းကျောက်ပြားများကို ရိုက်မိကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။
"မင်းရဲ့ ရမ်းကားမှုတွေကို ရပ်လိုက်စမ်း"
ကျိုးစုံတွဲသည် ဓားများဖြင့် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ သူတို့ ခုတ်ပိုင်းလိုက်သော ဓားစွမ်းအင်များသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကြီးမားသော အရှိန်အဝါဖြင့် တိုးဝင်သွားလေ၏။
သို့သော် လူဝံကြီးသည် လက်ဝါးနှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ ဓားစွမ်းအင်များ ချက်ချင်း ပျက်စီးသွားလေ၏။
"နတ်ဆိုးကောင်... ဒါကို စားလိုက်"
တင်းပိုင်ရွှယ်သည် အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့ အများအပြားကို လူဝံကြီး၏ ပတ်လည်တွင် ဝိုင်းရံစေပြီး တွန်းပို့လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းထန်သော မိုးကြိုးမီးတောက်များ ဝါးမြို သွားလေ၏။
လူဝံကြီးသည် နာကျင်စွာ အော်ဟစ် လိုက်၏။ ၎င်း၏ မျက်လုံးတစ်ဖက် ကွယ်သွားတော့၏။
"မိုက်တယ်ဟေ့"
ဟိုယွင်ကျဲ အလွန်ဝမ်းသာသွားလေသည်။ သူသည် လူဝံကြီး၏ မျက်လုံးကွယ်သွားသော ဘက်သို့ ခြေလှမ်းကျဲကျဲ ရွေ့လျားသွားပြီး "ဓားဆွဲထုတ်ခြင်း သိုင်းကွက်" ကို ပြတ်သားစွာ ထုတ်သုံးလိုက်၏။
"ချွင်..."
အေးစက် အလင်းဓားသည် နှစ်သန်းချီ သက်တမ်းရှိသော ရေခဲတုံးကြီးကို ခုတ်မိသကဲ့သို့ ဖြစ်သွားပြီး ကာကွယ်ရေးကို မထိုးဖောက်နိုင်ပေ။
"ဂရား..."
ဒေါသထွက်နေသော လူဝံကြီးသည် လက်ပြန်ရိုက်ချက်ဖြင့် ရိုက်ချလိုက်၏။ ကံကောင်းထောက်မစွာဖြင့် ဟိုယွင်ကျဲသည် အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး အေးစက် အလင်းဓားဖြင့် ကာကွယ်လိုက်သော်လည်း မီတာရာချီ လွင့်စင် သွားကာ အဆောက်အအုံ တစ်ခုကို ဝင်တိုက်မိပြီး အပျက်အစီးများအောက်တွင် မြှုပ်နှံခံလိုက်ရလေ၏။
"သွားပြီ... သူ သေလောက်ပြီ" တာအိုဆရာဝမ်သည် မြေကြီးပေါ်မှ ထလာပြီး လက်မောင်းတစ်ဖက်လုံး ထုံကျဉ်နေဆဲ ဖြစ်ကာ ရင်ထဲတွင် ကြောက်ရွံ့မှုများ လှိုက်တက်လာ၏။
"ကျန်တဲ့ ငါတို့လေးယောက်က ဒီကောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ကျိုးစုံတွဲ သက်ပြင်းချလိုက်၏။ သို့သော် သူတို့သည် ဓားများကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်၏။ သို့ရာတွင် သူတို့၏ ဓားစွမ်းအင်များသည် လူဝံကြီး၏ ရိုက်ချက်အောက်တွင် ပျက်စီးသွားသဖြင့် ဆုတ်ခွာရန် ချက်ချင်း တွေးတောလိုက်ကြသည်။
တင်းပိုင်ရွှယ်သည် ဟိုယွင်ကျဲ မြှုပ်နှံခံလိုက်ရသော အပျက်အစီးပုံကို စိုးရိမ်တကြီး ကြည့်လိုက်မိပြီး မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေရှာသည်။
"နတ်ဆိုးကောင်... သေစမ်း"
တင်းပိုင်ရွှယ်သည် စိတ်ကို တင်းလိုက်ပြီး လက်ကျန် အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့ (၅) ရွက်စလုံးကို လူဝံကြီး၏ ပတ်လည်တွင် ပေါက်ကွဲစေလိုက်၏။
"ဂရား..."
လူဝံကြီးသည် အချိန်မီ မရှောင်တိမ်းနိုင်လိုက်ဘဲ ကျန်ရှိသော မျက်လုံးတစ်ဖက်ပါ ကွယ်သွားလေ၏။ ၎င်းသည် နေရာတွင်ပင် ရူးသွပ်စွာ သောင်းကျန်းလေတော့သည်။ လေးလံသော လက်ဝါးကြီးများ ရိုက်ချလိုက်တိုင်း မြေကြီးပေါ်တွင် တစ်မီတာခန့် နက်သော လက်ဝါးရာကြီးများ ထင်ကျန်ရစ်ခဲ့သည်။
"အားလုံး ပြီးသွားပြီ"
တာအိုဆရာဝမ်သည် "ဧရာမ ဝိညာဉ် အသွင်ပြောင်းလဲခြင်း" မှ လူပုံစံသို့ အမြန်ပြန်ပြောင်းလိုက်ပြီး လက်မောင်းကို ဆေးထည့်ကာ နောက်သို့ ဆုတ်ခွာလိုက်၏။
ကျိုးစုံတွဲ ခေါင်းခါလိုက်ပြီး အဝေးသို့ ဆုတ်ခွာသွားကြသည်။
တင်းပိုင်ရွှယ်သည် လက်ထဲတွင် ကျန်ရှိနေသော အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့ (၅) ရွက်ကို ကြည့်ရင်း ရုတ်တရက် အားကိုးရာမဲ့သော ခံစားချက်ကြီး လွှမ်းခြုံ လာသည်ကို ခံစားလိုက်ရသည်။
သဲစီးကြောင်း ရှေးဟောင်းမြို့လေးက ဒီမြေကမ္ဘာလူဝံကြီး လက်ချက်နဲ့ ပျက်စီးရတော့မှာလား...
သူမ တကယ် လက်မခံနိုင်ပေ။
"ဂရား..."
လူဝံကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝင်ဆောင့်ကာ နေရာတစ်ခုလုံးကို အပျက်အစီးပုံအဖြစ် ပြောင်းလဲပစ်လိုက်၏။ ကံကောင်းသည်မှာ မြို့သူမြို့သား အများစုသည် ညတွင်းချင်း ထွက်ပြေးခဲ့ကြသဖြင့် ထိခိုက်သေဆုံးမှု နည်းပါးလေ၏။
လူအနံ့ကို ရလိုက်သဖြင့် လူဝံကြီးသည် လူအများအပြား ရှိရာဘက်သို့ ဒရောသောပါး ပြေးလွှား သွားပြီး ထွက်ပြေးနေသော မြို့သူမြို့သားများကို လိုက်လံတိုက်ခိုက်လေတော့သည်။
"သတိထားကြ"
တင်းပိုင်ရွှယ် သတိပေး အော်ဟစ်လိုက်၏။
သို့သော် ထိုအချိန်တွင် မြေကြီးထဲမှ လူရိပ်တစ်ခု လျှပ်တပြက် ထွက်ပေါ်လာပြီး လူဝံကြီး၏ နောက်ကျောဘက် လေထဲသို့ ခုန်တက်လိုက်၏။ ထို့နောက် ၎င်း၏ ခေါင်းပေါ်မှ လှပစွာ နောက်ပြန်ကျွမ်းထိုးလိုက်ပြီး ဖြတ်သွားရင်း လူဝံကြီး၏ နဖူးပေါ်သို့ တာအို အဆောင်လက်ဖွဲ့ တစ်ရွက် ကပ်လိုက်လေ၏။
ထို့နောက် လူဝံကြီးသည် ရုတ်တရက် ရပ်တန့်သွားတော့သည်...
"ဘုန်း" ဟူသော အသံနှင့်အတူ ထိုလူရိပ်သည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ရင်ဘတ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေပြီး အသက်ကို လုရှူနေရကာ လူတိုင်းကို အော်ပြောလိုက်၏။ "ဘာစောင့်နေကြတာလဲ...ကျွန်တော့်ရဲ့ အဆင့်နိမ့် မလှုပ်မယှက် တာအို အဆောင်လက်ဖွဲ့က ကြာကြာခံမှာ မဟုတ်ဘူး... အခု တိုက်ကြ"
ထိုသူမှာ ဟိုယွင်ကျဲပင် ဖြစ်ပေ၏။
လူဝံကြီး၏ ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက် ဟိုယွင်ကျဲသည် "သံမဏိ ဒိုင်းကာ သိုင်း"ကို အသုံးပြုကာ ကာကွယ်လိုက်သော်လည်း ဒဏ်ရာရရှိခဲ့သေးသည်။
နောက်ပိုင်းတွင် ဟိုယွင်ကျဲသည် "မြေလျှိုးမန္တန်" အသက်သွင်းရင်း မြေကြီးအောက်တွင် ပုန်းအောင်းနေခဲ့သည်။ ယခုအခါမှ၊ ချက်ကောင်းကို စောင့်ကာ လူဝံကြီးအား အဆင့်နိမ့် မလှုပ်မယှက် တာအို အဆောင်လက်ဖွဲ့ကို အောင်မြင်စွာ ကပ်နိုင်ခဲ့ခြင်း ဖြစ်၏။
"တိုက်ကြဟေ့..."
တင်းပိုင်ရွှယ်၊ တာအိုဆရာဝမ်နှင့် ကျိုးစုံတွဲတို့သည် ဟိုယွင်ကျဲ အသက်ရှင်နေသေးသည်ကို မျှော်လင့်မထားခဲ့သလို လူဝံကြီးကိုပါ ချုပ်နှောင်ထားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဝမ်းသာချိန်ပင် မရလိုက်ဘဲ သူတို့သည် အစွမ်းအထက်ဆုံး မန္တန်များနှင့် တာအို အဆောင်လက်ဖွဲ့များကို လူဝံကြီးအပေါ်သို့ သည်းကြီးမည်းကြီး ပစ်လွှတ်လိုက်ကြသည်။
"ဝုန်း..ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲမှုများသည် ငြိမ်သက်နေသော လူဝံကြီးကို ထိမှန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နှက်သွားကာ သွေးများ စီးကျလာလေ၏။ နောက်ဆုံးတွင် လည်ပင်း ပြတ်သွားပြီး မိုးခြိမ်းသံကဲ့သို့သော အသံကြီးနှင့်အတူ ဝုန်းခနဲ ပြုတ်ကျ သွားတော့သည်။
"ငါတို့ လုပ်နိုင်ပြီ"
ဟိုယွင်ကျဲသည် သစ်ပင်အောက်တွင် လဲလျောင်းရင်း သက်ပြင်းချလိုက်၏။
အဆင့်နိမ့် မလှုပ်မယှက် တာအို အဆောင်လက်ဖွဲ့ တစ်ရွက် ဆုံးရှုံးလိုက်ရသော်လည်း မြို့ကို ဖျက်ဆီးနေသော လူဝံကြီးကို သတ်ဖြတ်ရာတွင် ကူညီပေးနိုင်ခဲ့သဖြင့် တန်သည်ဟု ခံစားလိုက်ရသည်။
"ရှင်... အဆင်ပြေရဲ့လား"
တင်းပိုင်ရွှယ် ပြေးလာပြီး ဟိုယွင်ကျဲကို တွဲထူပေးကာ တာအိုဆရာဝမ်၊ ကျိုးစုံတွဲတို့နှင့် သွားရောက်ပူးပေါင်းလိုက်၏။
"ညီလေးဟို ဒီလောက် စွမ်းမယ်လို့ မထင်ထားဘူး။ ညီလေးရဲ့ တာအို အဆောင်လက်ဖွဲ့သာ မပါရင် ကျွန်တော်တို့ ဒီနတ်ဆိုးကောင်ကို သတ်နိုင်မှာ မဟုတ်ဘူး" ကျိုးစုံတွဲသည် ဟိုယွင်ကျဲကို ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။
"မဆိုးပါဘူး" မာနကြီးသော တာအိုဆရာဝမ်ပင် ချီးကျူးလိုက်၏။
"လုပ်သင့်တာ လုပ်တာပါဗျာ" ဟိုယွင်ကျဲသည် အဆင့်နိမ့် ချီကုသဆေးလုံး တစ်လုံးကို သောက်လိုက်ရာ ဒဏ်ရာများ သိသိသာသာ သက်သာသွားပြီး မတ်မတ်ရပ်နိုင်လာလေ၏။
"ဂစ်..."
သူတို့ငါးဦး အောင်ပွဲခံနေစဉ်မှာပင် ကောင်းကင်ယံမှ စူးရှသော အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး သဲစီးကြောင်း ရှေးဟောင်းမြို့ရှိ လူအများအပြားကို တုန်လှုပ်သွားစေကာ သွေးများ ဝေါ့ခနဲ အန်ချ ပြီး မြေကြီးပေါ်သို့ လဲကျသွားစေသည်။
ချီစုစည်းခြင်း အဆင့်မြင့် ကျင့်ကြံသူ (၅) ဦးပင်လျှင် ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းကို ခံစားလိုက်ရသည်။
သူတို့ မော့ကြည့်လိုက်ရာ တောင်ပံအကျယ် (၁၀) မီတာကျော်ရှိသော ထူးဆန်းသည့် ပုတ်သင်ကြီးတစ်ကောင် လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ လမင်းကြီးကို ကျောပေးထားသဖြင့် မြေပြင်ပေါ်သို့ ကြောက်မက်ဖွယ် အရိပ်မည်းကြီး ကျရောက်နေလေ၏။
၎င်း၏ အေးစက် ရက်စက်သော မျက်လုံးများသည် စူးရဲနေပြီး မည်သူမျှ တည့်တည့်မကြည့်ရဲလောက်အောင် ဖြစ်နေ၏။
"ဒါက တစ်ဝက်တစ်ပျက် အသွင်ပြောင်း ပျံသန်းခြင်း ရူးသွပ်ပုတ်သင် ပဲ။ ဒီအချိန်ဆို သူတို့က တောနက်ထဲမှာ ဆောင်းခိုနေသင့်တာ မဟုတ်ဘူးလား" တင်းပိုင်ရွှယ်၏ မျက်နှာ သွေးမရှိတော့သလို ဖြူဖျော့ သွားလေ၏။
"ဟုတ်ပါရဲ့၊ လူဝံကြီးရဲ့ သွေးနံ့နဲ့ တိုက်ပွဲက ထွက်လာတဲ့ တုန်ခါမှုတွေကြောင့် ရောက်လာတာ ဖြစ်လောက်တယ်" ဟု ကျိုးစုံတွဲ သုံးသပ်လိုက်၏။
"ဘာပြောနေစရာ လိုသေးလဲ... ပြေးကြမယ်လေ" တာအိုဆရာဝမ်သည် ယုန်ကြီးတစ်ကောင်အလား လျင်မြန်စွာ ဒရောသောပါး ပြေးလွှား ထွက်ခွာသွားပြီး ချက်ချင်း ပျောက်ကွယ်သွားလေ၏။
"ကျွန်တော်တို့ သွားပြီ" ကျိုးစုံတွဲလည်း ကပျာကယာ ထွက်ပြေးကြတော့သည်။
"ပြေးမယ်" ဟိုယွင်ကျဲသည် နှစ်ခါမစဉ်းစားတော့ဘဲ တင်းပိုင်ရွှယ်ကို ဆွဲယူကာ ကျောက်အိမ်တစ်ခုထဲသို့ တစ်ဟုန်ထိုး ဝင်ရောက် ပုန်းအောင်းလိုက်လေ၏။
"ဂစ်..."
ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီးသည် လူများကို ဂရုမစိုက်ဘဲ နတ်ဆိုးပိတ်လှောင်မျှော်စင်ကိုသာ အာဃာတကြီးစွာ စိုက်ကြည့်နေ၏။ အတောင်ပံများကို ခတ်လိုက်ပြီး ဥက္ကာခဲကဲ့သို့ အဟုန်ပြင်းစွာ ဆင်းသက်လာကာ နှစ်ပေါင်းသုံးရာ သက်တမ်းရှိသော မျှော်စင်ကို အလွယ်တကူ ခြေမွ ဖျက်ဆီးပစ်လိုက်လေ၏။
ထို့နောက် ၎င်း၏ အေးစက်သော မျက်လုံးများသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် တင်းပိုင်ရွှယ်နှင့် ဟိုယွင်ကျဲ ပုန်းအောင်းနေသော ကျောက်အိမ်ဆီသို့ ရောက်ရှိလာလေ၏။
ကျောက်အိမ် အက်ကွဲကြောင်းမှတစ်ဆင့် ပုတ်သင်ကြီးကို ချောင်းကြည့်လိုက်သော ဟိုယွင်ကျဲသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရအောင် တုန်ရီလာ၏။
ချီစုစည်းခြင်း သတ္တမအဆင့်သာ ရှိသော တင်းပိုင်ရွှယ်မှာမူ ကြောက်မက်ဖွယ် အရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် ကျောက်ရုပ်ကြီးပမာ တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
"သွားပြီ..."
ထိုအခိုက်အတန့်တွင် ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ် နှစ်ဦးစလုံး၏ ခေါင်းထဲတွင် တူညီသော အတွေးတစ်ခု ဝင်ရောက်လာလေတော့သည်။
အခန်း (၁၃၁) - အရှုံးမပေးနဲ့! ပေါင်တစ်သောင်း လေးလံသော အေးစက် အလင်းဓား
~"ဘယ်လိုလုပ်ကြမလဲ"
"ပြေးမယ်လေ"
ဟိုယွင်ကျဲသည် ဓားပျံကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး တင်းပိုင်ရွှယ်ကို ဆွဲယူကာ လူသူကင်းမဲ့နေသော လမ်းမများအတိုင်း အရှိန်အမြင့်ဆုံးဖြင့် ပျံသန်းထွက်ပြေးလေ၏။
ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီး သည် ထွက်ပြေးနေသော သားကောင်နှစ်ကောင်ကို ကြည့်သကဲ့သို့ အေးစက်စွာ စိုက်ကြည့်လိုက်ပြီး အတောင်ပံများကို ဖြန့်ကာ ကောင်းကင်ယံသို့ ပျံတက်လိုက်၏။
၎င်းသည် အသွင်ပြောင်းအဆင့် နတ်ဆိုးသားရဲ ဖြစ်သော်လည်း လူအသွင်မပြောင်းဘဲ သားရဲပုံစံဖြင့်သာ ဆက်လက်နေထိုင်ခဲ့ရာ ယခုအခါ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်နှင့် နီးစပ်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ချီစုစည်းခြင်း ကိုးဆင့်အထွတ်အထိပ်ထက် (၉) ဆခန့် ပိုမိုသန်မာလေ၏။
၎င်း၏ အမြင်တွင် ချီစုစည်းခြင်း အဆင့်ရှိသော ဤကျင့်ကြံသူများသည် အလွန်အားနည်းလွန်းသဖြင့် အတောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် အမှုန့်ဖြစ်သွားစေနိုင်သည်။
မြူခိုးဂိုဏ်းမှာမူ၊
ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ထိုင်လျက် ဂဏာမငြိမ် ဖြစ်နေ၏။
"ယွင်ကျဲနဲ့ မိုယင်တို့ ဘယ်လိုနေကြလဲ မသိဘူး။ အန္တရာယ်နဲ့ ကြုံနေရတာတော့ မဟုတ်ပါဘူးနော်"
ယဲ့ဖုန်း မတ်တတ်ရပ်လိုက်ပြီး ခေါင်မိုးပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
*
သဲစီးကြောင်း ရှေးဟောင်းမြို့၌၊
ဟိုယွင်ကျဲသည် တင်းပိုင်ရွှယ်ကို ခေါ်ဆောင်လျက် သုတ်ခြေတင်၍ ထွက်ပြေးလာပြီး မကြာမီ မြို့အပြင်ဘက်သို့ ရောက်ရှိလာ၏။ ထိုစဉ် ထွက်ပြေးလာသော တာအိုဆရာဝမ်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့လိုက်ကြသည်။
"ငတုံးတွေ... ငါပြေးတဲ့ဘက် လိုက်မလာနဲ့" တာအိုဆရာဝမ် ကျယ်လောင်စွာ ဆဲဆိုလိုက်ပြီး အခြားဘက်သို့ ကွေ့ကာ တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်ရန် ပြင်လိုက်၏။
ကောင်းကင်ယံ၌၊ ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီးသည် လူသားဆန်သော လှောင်ပြုံး တစ်ခုကို ပြသလိုက်ပြီး နောက်ဆုံးတွင် လှုပ်ရှားလိုက်၏။
"ဝုန်း..."
လေထုကို ခွဲဖြတ်သံ ထွက်ပေါ်လာပြီး ပုတ်သင်ကြီးသည် မီတာတစ်ရာ အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားလေ၏။ ကောင်းကင်မှ ကျဆင်းလာသော ဘုရားသခင်၏ ဓားတစ်လက်အလား အရှိန်အဟုန်ဖြင့် ထွက်ပြေးနေသော တာအိုဆရာဝမ်ကို ဝင်ရောက်တိုက်ခိုက်လိုက်၏။
"ဘာလို့ ငါပဲ ဖြစ်နေရတာလဲ"
"မြေကမ္ဘာလူဝံကြီးတုန်းကလည်း ငါ့ကို အရင် ရွေးတယ်။ အခု ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီးကလည်း ငါ့ကိုပဲ အရင် တိုက်တယ်။ ငါက အဲဒီလောက်တောင် ကံဆိုးတာလား"
တာအိုဆရာဝမ်သည် ကောင်းကင်ကို မော့ကြည့်ကာ မကျေမနပ် အော်ဟစ်လိုက်၏။
သူ ဆက်မပြေးနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ပုတ်သင်ကြီးက အရမ်းမြန်လွန်းသဖြင့် ထွက်ပြေးချိန် မရတော့သောကြောင့် ဖြစ်၏။
မရေမတွက်နိုင်သော မေးခွန်းပေါင်းများစွာဖြင့် တာအိုဆရာဝမ်သည် အရှိန်ပြင်းစွာ ဝင်ရောက်လာသော ပုတ်သင်ကြီး၏ ဝါးမြို ခြင်းကို ခံလိုက်ရပြီး ဘာမှ မကျန်တော့ပေ။
ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ သွေးမရှိတော့သလို ဖြူဖျော့ သွားကြသည်။
"ဂစ်..."
ပုတ်သင်ကြီး၏ သန်မာသော နောက်ခြေထောက်များသည် မြေကြီးကို ကန်လိုက်ပြီး အတောင်ပံများကို တပြိုင်နက် ခတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ မီတာတစ်ရာအမြင့်သို့ ရောက်ရှိသွားလေ၏။ ၎င်း၏ ကြောက်မက်ဖွယ် မျက်လုံးများသည် ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်ကို စိုက်ကြည့်နေပြီး ရက်စက်သော အပြုံးတစ်ခုကို ပြသနေ၏။
ရေစီးကြောင်းမြစ်ကမ်းဘေးတွင် ဓားစီးပြီး ထွက်ပြေးနေသော ကျိုးစုံတွဲသည် အလွန်မြန်ဆန်သော်လည်း ထိုအခိုက်အတန့်တွင် ကျောချမ်းသွားသလို ခံစားလိုက်ကြရသည်။
"သေစမ်း..."
ပုတ်သင်ကြီးသည် "သေ" ဟူသော စကားလုံးနှင့် တူညီသော အသံ တစ်ခုကို အော်မြည်လိုက်ပြီး အတောင်ပံများကို ဝှေ့ယမ်းကာ အနီးနားရှိ တင်းပိုင်ရွှယ်ဆီသို့ ဓားတစ်လက်အလား ဝင်ရောက်တိုက်ခိုက်လိုက်၏။
"မြန်မြန် သွားတော့"
ဟိုယွင်ကျဲသည် တင်းပိုင်ရွှယ်၏ ကျောကို လက်ဝါးဖြင့် တွန်းလိုက်ရာ သူမသည် မီတာဒါဇင်ပေါင်းများစွာ လွင့်စင် သွားပြီး သူကိုယ်တိုင်လည်း နောက်သို့ မီတာအနည်းငယ် ဆုတ်ခွာသွားရသည်။
"ဝုန်း..ဝုန်း"
သူတို့နှစ်ဦး ရှိနေခဲ့သော နေရာသည် ပုတ်သင်ကြီး၏ ထက်ရှသော လက်သည်းများကြောင့် စုတ်ပြတ်သပ်သွားပြီး ကျောက်တုံးများနှင့် မြေကြီးများမှာ တို့ဟူးကဲ့သို့ ကြေမွသွားလေ၏။
ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး ဟိုယွင်ကျဲကို ဒဏ်ရာရစေခဲ့သည်။
ပုတ်သင်ကြီးသည် သားကောင်များကို ကစားရခြင်းကို နှစ်သက်ပုံရသည်။ အနီးဆုံးရှိ ဟိုယွင်ကျဲကို စိုက်ကြည့်နေရာမှ ရုတ်တရက် တင်းပိုင်ရွှယ်ကို သတ်ရန် လှည့်ထွက်သွားလေ၏။
"စီးဆင်းနေသော အလင်းဓားစွမ်းအင်"
ဟိုယွင်ကျဲသည် တင်းပိုင်ရွှယ် သူ့မျက်စိရှေ့တွင် သေဆုံးသွားမည်ကို မလိုလားပေ။ သူသည် အားကုန်သုံး၍ အေးစက် အလင်းဓားကို ထိန်းချုပ်ကာ တည့်တည့်ထိုးစိုက်လိုက်ပြီး ပုတ်သင်ကြီး၏ နောက်ကျောဘက် အားနည်းချက်ကို တိုက်ခိုက်လိုက်၏။
"ဂရား..."
ပုတ်သင်ကြီးသည် ဒေါသတကြီး လှည့်လာပြီး အတောင်ပံဖြင့် ရိုက်ချကာ ဓားကို ချိုးဖျက်ရန် ကြိုးစားလိုက်၏။ ကံကောင်းထောက်မစွာဖြင့် ဟိုယွင်ကျဲ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ဓားကို ဓားအိမ်ထဲသို့ ချက်ချင်း ပြန်ထည့်ကာ အဝေးသို့ ပြေးထွက်လိုက်၏။
"ရွှစ်..."
မျက်တောင်တစ်ခတ်အတွင်း ပုတ်သင်ကြီးသည် ဟိုယွင်ကျဲကို မီလိုက်ပြီး အမြီးဖြင့် ရိုက်ချလိုက်ရာ ဟိုယွင်ကျဲ သွေးများ အန်ထုတ်လိုက်၏။ သူ.. မြေကြီးပေါ်သို့ ပြုတ်ကျကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေ၏။ ထို့နောက် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် လက်သည်းကြီး ကျရောက်လာပြီး ဟိုယွင်ကျဲကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန် ပြင်လိုက်၏။
"ရပ်လိုက်စမ်း"
တင်းပိုင်ရွှယ်သည် တုန်ရီစွာဖြင့် လက်ကျန် အဆင့်နိမ့် တာအို အဆောင်လက်ဖွဲ့ အားလုံးကို ပစ်လွှတ်လိုက်သော်လည်း ပုတ်သင်ကြီးက မထီမဲ့မြင်ကဲ့ရဲ့သော အကြည့်ဖြင့် ကြည့်ကာ အတောင်ပံတစ်ချက် ခတ်ရုံဖြင့် ပေါက်ကွဲမှုများကို ငြှိမ်းသတ်လိုက်၏။
ထို့နောက် ၎င်းသည် လက်သည်းကို ဆန့်ထုတ်ပြီး ဟိုယွင်ကျဲကို ဆုတ်ဖြဲရန် ပြင်လိုက်၏။
ကျရောက်လာသော လက်သည်းကြီးကို ရင်ဆိုင်ရင်း ဟိုယွင်ကျဲ၏ ရင်ထဲတွင် မလိုလားမှုများ ပြည့်နှက်နေ၏။ အတိတ်က အမှတ်တရများ ခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ အမြင်အာရုံထဲတွင် ယဲ့ဖုန်း၏ ခမ်းနားထည်ဝါသော ပုံရိပ်ကို မြင်ယောင်လာလေ၏။
'ယွင်ကျဲ... ဘယ်လိုအချိန်ပဲ ဖြစ်ဖြစ် လုံးဝ လက်မလျှော့နဲ့။ ကျင့်ကြံသူဆိုတာ စိတ်နှလုံးကို သန့်စင်ရတယ်။ စိတ်နှလုံး ကြံ့ခိုင်မှသာ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်မှာ'
ယဲ့ဖုန်း၏ စကားသံကို ကြားယောင်လာသကဲ့သို့ ဖြစ်ပြီး ဟိုယွင်ကျဲ၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာ၏။
"ဓားဆွဲထုတ်ခြင်း သိုင်းကွက်"
ထိုအခိုက်အတန့်တွင် ဟိုယွင်ကျဲသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်များကို ချက်ချင်း စုစည်းကာ အကန့်အသတ်ထက် ကျော်လွန်သော အရှိန်ဖြင့် လည်ပတ်စေလိုက်၏။ စွမ်းအင်များသည် အေးစက် အလင်းဓားထဲသို့ ပြင်းထန်စွာ စီးဝင်သွားပြီး ဓားအိမ်မှတဆင့်ပင် ကြောက်မက်ဖွယ် အရှိန်အဝါများကို ခံစားနေရသည်။
သူ ဓားကို စတင်ဆွဲထုတ်လိုက်လေပြီ..။
သို့သော် ဤအချိန်တွင် အေးစက် အလင်းဓားသည် ပေါင်ချိန် တစ်သောင်းခန့် လေးလံနေသကဲ့သို့ ခံစားရသည်။ တစ်လက်မ ဆွဲထုတ်လိုက်တိုင်း ဓားသွားမှ ပိုမိုတောက်ပသော ဓားအလင်းရောင်များ ထွက်ပေါ်လာပြီး ပုတ်သင်ကြီး၏ မျက်လုံးများကို ကျိန်းစပ်သွားစေသဖြင့် ၎င်းသည် မျက်လုံးများကို အလိုအလျောက် မှိတ်လိုက်ရပြီး လက်သည်း၏ အရှိန် ရုတ်တရက် လျော့ကျသွားလေ၏။
ဟိုယွင်ကျဲသည် ဓားကို တစ်ပေခန့် ဆွဲထုတ်လိုက်သောအခါ ကြောက်မက်ဖွယ် ဓားအလင်းရောင် ပေါက်ကွဲထွက်လာပြီး "ရွှပ်" ဟူသော အသံနှင့်အတူ ပုတ်သင်ကြီး၏ လက်သည်းတစ်ဝက်ကို ဖြတ်တောက်လိုက်လေ၏။
သို့သော် ထိုအချိန်တွင် ဟိုယွင်ကျဲသည် စွမ်းအင်များ ကုန်ခမ်းသွားကြောင်း သဘောပေါက်လိုက်၏။ ဓားအိမ်မှ ကြီးမားသော ဆွဲငင်အား တစ်ခု ထွက်ပေါ်လာပြီး ဆွဲထုတ်ထားသော ဓားသွားကို ပြန်လည်စုပ်ယူသွားလေ၏။
"ဝုန်း..ဝုန်း"
ဟိုယွင်ကျဲသည် မြေကြီးပေါ်သို့ လဲကျသွားပြီး လုံးဝ အားကုန်သွားလေ၏။
သူ ကောင်းကင်ကို ငေးမောကြည့်လိုက်ရာ ယဲ့ဖုန်း၏ ပုံရိပ် မရှိတော့ဘဲ ပုတ်သင်ကြီး၏ ဒေါသထွက်နေသော၊ အေးစက်သော အကြည့်များကိုသာ တွေ့လိုက်ရသည်။
ခုနက ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးက ငါ့စိတ်ကူးသက်သက်ပဲလား...
"ကြောက်စရာကောင်းလိုက်တဲ့ ဓားစွမ်းအင်ပါလား"
အဝေးသို့ အသည်းအသန် ထွက်ပြေးနေသော ကျိုးစုံတွဲသည် ပြန်လှည့်ကြည့်လိုက်ရာ ဟိုယွင်ကျဲ ဓားဆွဲထုတ်လိုက်သည့် အခိုက်အတန့်ကို မြင်တွေ့လိုက်ရပြီး မျက်လုံးများ နာကျင်လာကာ မျက်ရည်များပင် ဝဲလာကြသည်။
"နှမြောစရာပဲ... ဓားဆွဲထုတ်ခြင်း သိုင်းကွက်က မပြည့်စုံသေးဘူး။ ဓားကိုတောင် အပြည့်အဝ ဆွဲမထုတ်နိုင်ဘူး။ မဟုတ်ရင် အဲဒီ ဓားချက်တစ်ချက်တည်းနဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်အောက်က ဘယ်အရာကိုမဆို သတ်ပစ်နိုင်လောက်တယ်" ကတော် ကျိုးက ညည်းညူလိုက်၏။
သူမသည် ထူးချွန်သော ပါရမီရှင်များစွာကို မြင်ဖူးသော်လည်း ဟိုယွင်ကျဲကဲ့သို့ အရေးကြီးသော အချိန်တွင် ဉာဏ်အလင်းပွင့်နိုင်သူမျိုးကို မမြင်ဖူးပေ။
ကျိုးစုံတွဲသည် ပြန်လှည့်ပြီး ကယ်တင်ချင်သော်လည်း သူတို့စွမ်းအား မလုံလောက်ကြောင်း၊ ပြန်သွားလျှင် သေလမ်းသာ ရှိကြောင်း သိသဖြင့် အရှိန်မြှင့်တင်ကာ တောတောင်များထဲသို့ ဝင်ရောက် ပုန်းရှောင်လိုက်ကြသည်။
အဝေးတစ်နေရာတွင် တင်းပိုင်ရွှယ် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
သူမသည် ဤမျှ တောက်ပသော ဓားအလင်းရောင်မျိုး တစ်ခါမှ မမြင်ဖူးပေ။ မှောင်မိုက်သော ညတွင် မီးရှူးတန်ဆောင်သဖွယ် မျှော်လင့်ချက် မီးတောက်ကို ထွန်းညှိပေးလိုက်ခြင်း ဖြစ်၏။
သို့သော် ဟိုယွင်ကျဲ မြေကြီးပေါ်တွင် သတိလစ်နေသည်ကို မြင်လိုက်ရသောအခါ တင်းပိုင်ရွှယ် အားလျော့သွားပြီး မြစ်ကမ်းဘေးရှိ ကျောက်စရစ်ခဲများပေါ်တွင် ဒူးထောက်ကျသွားလေ၏။
ထိုအခိုက်အတန့်တွင် သူမသည် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
"သေစမ်း..."
လက်သည်းတစ်ဝက် ပြတ်တောက်သွားသော ပုတ်သင်ကြီးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေပြီး ကိုက်သတ်ရန် ဝင်ရောက်လာ၏။
သို့သော် သေကွင်း သေကွက် အခိုက်အတန့်တွင် တောက်ပသော ဓားအလင်းရောင် တစ်ခုသည် နေ့ခင်းဘက်အလား ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
“ရွှပ်…”
ထွက်ပြေးချိန်ပင် မရလိုက်ဘဲ ပုတ်သင်ကြီးသည် ဓားစွမ်းအင်၏ ဖြတ်တောက်မှုကို ခံလိုက်ရသည်။ ခေါင်းပြတ်ကြီး လေထဲသို့ လွင့်တက်သွားကာ ဘေးသို့ လိမ့်ဆင်းသွားလေ၏။
ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကြီး ပြုတ်ကျလာပြီး ဟိုယွင်ကျဲကို ဖိမိတော့မည့်ဆဲဆဲတွင် ဆံပင်တိုတိုနှင့် လူရိပ်တစ်ခုသည် မြေပြင်တစ်လျှောက် လျှောတိုက်လာပြီး ဟိုယွင်ကျဲကို ဆွဲယူကာ ဘေးသို့ လှိမ့်ရှောင်လိုက်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားလေ၏။
"တော်သေးတယ်... အချိန်မီသွားလို့"
တင်းပိုင်ရွှယ်သည် ဟိုယွင်ကျဲ၏ အသက်ရှူသံကို စစ်ဆေးကြည့်လိုက်ရာ မေ့မြောနေရုံသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမ သက်ပြင်းချလိုက်ပြီး မိသားစု အမွေအနှစ် ကုသရေး ချီဆေးလုံးကို ထုတ်ယူကာ ဂရုတစိုက် တိုက်ကျွေးလိုက်၏။
ထို့နောက် တင်းပိုင်ရွှယ် ကောင်းကင်ကို မော့ကြည့်လိုက်၏။
လေထဲတွင် ဓားတစ်လက် ပျံဝဲနေပြီး လူငါးဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ အားလုံးက မိန်းကလေးများ ဖြစ်ကြသည်။
အဝါရောင် ဂါဝန်ဝတ်ဆင်ထားပြီး မျက်နှာကို ပဝါဖြင့် ဖုံးအုပ်ထားသော မိန်းကလေးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ညာဘက်လက်တွင် ဓားကိုင်ဟန် ပြုလုပ်ထားဆဲ ဖြစ်ကာ လက်ချောင်းထိပ်များတွင် အလင်းရောင်များ လက်ကျန်ရှိနေသေးသည်။
ထင်ရှားသည်မှာ ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီးကို သတ်ဖြတ်လိုက်သူမှာ ဤမိန်းကလေးပင် ဖြစ်၏။
တင်းပိုင်ရွှယ်သည် ထိုမိန်းကလေးနှင့် သူမ၏ နောက်လိုက် အခိုင်းအစေလေးဦးကို ကြည့်လိုက်၏။ အခိုင်းအစေများသည် ချီစုစည်းခြင်း ကိုးဆင့် အထွတ်အထိပ် အဆင့် ရှိကြသည်။ တစ်ဦးချင်းစီ၏ ခါးတွင် "မြင့်မြတ်သော လေဓားဂိုဏ်း" ဟူသော ရွှေရောင်စာလုံးများ ရေးထိုးထားသည့် ကျောက်စိမ်းပြားဝိုင်းများ ချိတ်ဆွဲထားကြသည်။
"ဒါ မြင့်မြတ်သော လေဓားဂိုဏ်းရဲ့ ဓားကလေး ပဲ"
ထိုထူးခြားသော ဝတ်စားဆင်ယင်မှုကို မြင်လိုက်ရသောအခါ တင်းပိုင်ရွှယ်သည် ဘိုးဘေးများ၏ မှတ်တမ်းများကို ပြန်လည်သတိရလိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။
အခန်း (၁၃၂) - ဓားကလေး မုရူရွှဲ့၊ ယွင်ရှောင် တောအုပ်နက်ကြီး
ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း တစ်ခု ဖြစ်သော "မြင့်မြတ်သော လေဓားဂိုဏ်း"သည် ဝိညာဉ်ပင်လယ်အဆင့် ရှိသော အကြီးအကဲချုပ်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး တပည့်ပေါင်း တစ်သိန်းကျော် ရှိလေ၏။
လေဓားဂိုဏ်းသည် ပါရမီရှင်များ စုဝေးရာ နေရာတစ်ခု ဖြစ်ပြီး အပြင်စည်းဂိုဏ်းသား ဖြစ်ရန်အတွက် ချီစုစည်းခြင်း ခြောက်ဆင့် ရှိရမည် ဖြစ်ကာ အတွင်းစည်းသို့ ဝင်ရောက်လိုပါက ကိုးဆင့်အထိ ရောက်ရှိရန် လိုအပ်သည်။
တင်းပိုင်ရွှယ်၏ ဘိုးဘေးသည် ထိုစဉ်က အတွင်းစည်းဂိုဏ်းသား ဖြစ်ခဲ့ဖူးလေ၏။
အတွင်းစည်းဂိုဏ်းသားများ၏ အထက်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိသော စစ်မှန်သော တပည့်ကျော်များ ရှိကြသည်။
လေဓားဂိုဏ်းတွင် လက်ရှိ၌ စစ်မှန်သော တပည့်ကျော် (၁၀) ဦး ရှိပြီး သူတို့၏ ကျင့်ကြံခြင်း ပါရမီသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကာ အားလုံးသည် စစ်မှန်သော ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြကြောင်း တင်းပိုင်ရွှယ် ကြားသိထားသည်။
"မြင့်မြတ်သော ဓားကလေး"သည် စစ်မှန်သော တပည့်ကျော်များထဲတွင် ထိပ်ဆုံးမှ ဖြစ်ပြီး နောက်ထပ် ဂိုဏ်းချုပ်ဖြစ်လာရန် အလားအလာ အရှိဆုံး သူတစ်ဦး ဖြစ်လေ၏။
ဓားကလေး ခရီးထွက်သည့်အခါမှသာ ဂိုဏ်း၏ ဂုဏ်ကျက်သရေကို ပြသရန်အတွက် "မြင့်မြတ်သော လေဓားဂိုဏ်း" တံဆိပ်ပြားများကို ကိုင်ဆောင်ထားသည့် အခိုင်းအစေလေးယောက် လိုက်ပါခွင့် ရရှိလေ့ ရှိသည်။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် တင်းပိုင်ရွှယ်သည် ရိုသေစွာ ဂါရဝပြုလိုက်၏။ "နတ်ဆိုးပိတ်လှောင်မျှော်စင်ရဲ့ ပဉ္စမမြောက် မျှော်စင်သခင်မ တင်းပိုင်ရွှယ်က ဓားကလေးကို ဂါရဝပြုပါတယ်ရှင်"
"နင်.. ငါ့ကို မှတ်မိသားပဲ... ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို မမေ့သေးဘူးပေါ့" ဓားကလေး၏ အကြည့်သည် အောက်သို့ ရောက်သွားပြီး ဟိုယွင်ကျဲအပေါ် ကျရောက်သွားလေ၏။
"ဟိုလူက နင့်ရဲ့ လက်တွဲဖော်လား"
တင်းပိုင်ရွှယ်၏ နားရွက်များ ရဲတက်သွားလေ၏။
"ဓားကလေးကို တင်ပြပါရစေ... သူက ကျွန်မရဲ့ လက်တွဲဖော် မဟုတ်ပါဘူး။ နတ်ဆိုးတွေကို ကူညီနှိမ်နင်းပေးတဲ့ ရောင်းရင်းပါ။ နာမည်က ဟိုယွင်ကျဲပါ... ရေပေါ်ဖြူမြို့တော် မြူခိုးဂိုဏ်းကပါ"
"ဪ... ဂိုဏ်းရှိပြီးသားကိုး" ဓားကလေးသည် အနည်းငယ် စိတ်ပျက်သွားပုံ ရလေ၏။
သူမသည် ဟိုယွင်ကျဲ၏ ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး အလားအလာရှိသော ပါရမီရှင် တစ်ယောက်ဟု ထင်မှတ်ခဲ့သည်။ သူမသည် သူ့ကို လေဓားဂိုဏ်းသို့ ခေါ်ဆောင်သွားပြီး အနာဂတ်အတွက် လူယုံ တစ်ယောက်အဖြစ် ပျိုးထောင်ပေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် ဟိုယွင်ကျဲက သူ ပိုင်ဆိုင်သော ဂိုဏ်း ရှိနှင့်ပြီးသား ဖြစ်နေ၏။
"အဟွတ်... အဟွတ်..."
ထိုအချိန်တွင် ဟိုယွင်ကျဲသည် ချောင်းဆိုးလိုက်ပြီး မတ်တတ်ရပ်ရန် ကြိုးစားလိုက်၏။ သို့သော် ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို အလွန်အကျွံ သုံးစွဲခဲ့မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်ကို တွေ့ရှိလိုက်ရသည်။ ဒဏ်ရာများ ပိုမဆိုးလာသော်လည်း (၁၀) ရက်၊ (၁၅) ရက်လောက်တော့ အိပ်ရာထဲတွင် လှဲနေရဦးမည် ဖြစ်၏။
"အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဓားကလေး... ကျွန်တော်က မြူခိုးဂိုဏ်းက ဟိုယွင်ကျဲပါ။ ဓားကလေးရဲ့ နာမည်လေးများ သိခွင့်ရှိမလားခင်ဗျာ" ဟိုယွင်ကျဲသည် အားနည်းသော အသံဖြင့် မေးလိုက်၏။
"ငါ့နာမည်က မုရူရွှဲ့"
ဓားကလေးက နာမည်အရင်းကို ထုတ်ဖော်ပြောကြားလိုက်ရာ သူမ၏ အခိုင်းအစေ လေးယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်မိကြပြီး အံ့ဩသွားကြသည်။
မုရူရွှဲ့သည် အခြားသူများကို လျစ်လျူရှုလေ့ ရှိသည်ဟု သူတို့ မှတ်မိထားကြသည်။ ယခုလို နာမည်အရင်း ထုတ်ပြောလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဟိုယွင်ကျဲသည် ပါရမီထူးချွန်ပြီး အနာဂတ်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူမ ယုံကြည်ထားပုံ ရလေ၏။
"ဓားကလေး... နတ်ဆိုးပိတ်လှောင်မျှော်စင်က ပျံသန်းခြင်း ရူးသွပ်ပုတ်သင်ကြီး လက်ချက်နဲ့ ပျက်စီးသွားပါပြီ။ ကျွန်မ ဘာဆက်လုပ်ရမလဲ" တင်းပိုင်ရွှယ်က စိုးရိမ်တကြီး မေးလိုက်၏။
"မျှော်စင်ကို တခြားလူ လာပြင်လိမ့်မယ်။ နင့်မိသားစုက သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သလို နင့်ပါရမီကလည်း မဆိုးဘူး။ ဒါကြောင့် နင့်ကို 'အတွင်းစည်း အလားအလာရှိသူ' နေရာ ပေးမယ်။ လေဓားဂိုဏ်းကို လာချင်တဲ့အချိန် လာခဲ့တော့"
မုရူရွှဲ့သည် ဓားပုံသဏ္ဌာန် တံဆိပ်ပြားတစ်ခုကို တင်းပိုင်ရွှယ်လက်ထဲသို့ တိကျစွာ ပစ်ပေးလိုက်၏။ ထို့နောက် အဝေးတွင် ပြန့်ကျဲနေသော မျှော်စင်အပျက်အစီးများကို တစ်ချက်ကြည့်လိုက်ပြီး အခိုင်းအစေလေးဦးနှင့်အတူ ရေပေါ်ဖြူမြို့တော်ဘက်သို့ ပျံသန်းထွက်ခွာသွားလေ၏။
"ကျင့်ကြံခြင်းအဆင့်က မြင့်လိုက်တာ..."
ဟိုယွင်ကျဲသည် တင်းပိုင်ရွှယ်၏ ပေါင်ပေါ်တွင် ခေါင်းအုံးလျက် မုရူရွှဲ့ ထွက်ခွာသွားပုံကို ငေးမောကြည့်ရှုနေမိသည်။ ဤမျှ ထူးချွန်သော ပါရမီရှင်မျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်၏။ အသက် (၂၀) ဝန်းကျင်လောက်သာ ရှိသေးသော်လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ့ကို တွေးတောစရာများ ဖြစ်စေခဲ့သည်။
"သူက လေဓားဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းချုပ်လောင်းလေ။ တောင်ဘက် မြစ်ဝှမ်းဒေသတစ်ခုလုံးမှာ ထိပ်တန်း ပါရမီရှင်ပဲ" တင်းပိုင်ရွှယ်သည် ပိုင်ရှင်၏ ရနံ့သင်းပျံ့နေဆဲ ဖြစ်သော တံဆိပ်ပြားကို ဖွဖွလေး ပွတ်သပ်ရင်း ပြောလိုက်၏။ သူမ၏ မျက်နှာတွင် ခံစားချက်များ ရောထွေးနေလေ၏။
ဟိုယွင်ကျဲ ရယ်မောလိုက်၏။ "ဘာလဲ... ခင်ဗျားက လေဓားဂိုဏ်းကို မသွားချင်ဘူးလား"
"သွားချင်တာပေါ့... ဒါပေမဲ့ ရှေးဟောင်းမြို့လေးက မိတ်ဆွေတွေကို ထားခဲ့ဖို့ ဝန်လေးနေတာ" တင်းပိုင်ရွှယ်က ပြောလိုက်၏။
ကောင်းကင်ယံမှာမူ၊
မုရူရွှဲ့သည် လက်ကို နောက်ပစ်လျက် လရောင်အောက်မှ နတ်သမီးတစ်ပါးလို ရပ်နေ၏။ လေတိုက်ခတ်မှုကြောင့် သူမ၏ ဝတ်ရုံများ တလွင့်လွင့် ဖြစ်နေ၏။
"မြင့်မြတ်သော" တံဆိပ်ပြား ချိတ်ဆွဲထားသော အခိုင်းအစေက မေးလိုက်၏။ "ဓားကလေး... အဲဒီ မျှော်စင်သခင်မကို ဘာလို့ အတွင်းစည်းနေရာ ပေးလိုက်တာလဲ။ သူက အကြီးအကဲချုပ် မျိုးဆက်နဲ့ ဘာမှမတော်စပ်ဘူးလေ။ ဒီလိုလုပ်ရင် အကြီးအကဲက စိတ်ဆိုးနေပါဦးမယ်"
"နတ်ဆိုးပိတ်လှောင်မျှော်စင် ဆိုတာက အန္တရာယ်များတဲ့ အရာပဲ။ ငါ နေရာရလာရင် ငါတို့ဂိုဏ်းက တည်ဆောက်ထားတဲ့ မျှော်စင် (၁၀၈) ခုစလုံးကို ဖြိုချပစ်မယ်"
မုရူရွှဲ့က မနှစ်မြို့စွာ ပြောလိုက်၏။ "တော်ပြီ... မြန်မြန်သွားရအောင်။ နေမထွက်ခင် ငါ့ဝမ်းကွဲအစ်ကိုဆီ ရောက်မှ ဖြစ်မယ်"
"ဟုတ်ကဲ့ပါ"
အခိုင်းအစေလေးယောက်က အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
*
မြူခိုးတောင်ထိပ်ဝယ်၊
ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ရပ်လျက် ဟိုယွင်ကျဲ၏ တာဝန်ပြီးမြောက်မှု ရာခိုင်နှုန်းက သုံးပုံတစ်ပုံအထိ ရုတ်တရက် တိုးတက်လာသည်ကို တွေ့လိုက်ရသဖြင့် ရေရွတ်လိုက်၏။ "ယွင်ကျဲရဲ့ တာဝန်က ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို ပြီးပြည့်စုံအောင် လုပ်ဖို့ပဲ။ အခု သုံးပုံတစ်ပုံ ပြီးသွားပြီဆိုတော့ မြန်သားပဲ။ မိုယင်ကရော... ဘယ်လိုနေလဲ မသိဘူး"
*
ဖန်ဟွာမြစ် မြောက်ဘက်ကမ်း၊ ကျယ်ပြောလှသော ယွင်ရှောင် တောအုပ်နက်ကြီးမှာတော့၊
မိုယင်သည် မီးပုံရှေ့တွင် ထိုင်လျက် လမင်းကြီးကို မော့ကြည့်ကာ ရှားရှားပါးပါး ပြုံးလိုက်၏။
သူမသည် အနက်ရောင် ခမောက်နှင့် ပဝါကို ချွတ်လိုက်ရာ နှင်းကဲ့သို့ ဖြူဝင်းပြီး အပြစ်အနာအဆာကင်းသော ပါးပြင်လေး ပေါ်လာလေ၏။
မှန်ထဲမှ သူမ၏ ပုံရိပ်ကို ပြန်ကြည့်ရင်း မိုယင် သက်ပြင်းချလိုက်၏။ "နှမြောစရာပဲ... တစ်လမှာ တစ်ခါ၊ လပြည့်ည ရောက်မှ ငါ့မျက်နှာက မူလအတိုင်း ပြန်ဖြစ်တာ။ ဘယ်တော့မှ ဒီလိုနေ့ရက်တွေ ကုန်ဆုံးမှာပါလိမ့်..."
ခဏအကြာမှာမူ၊
ရွှေရောင်သန်းနေသော ယုန်ကင်ကို အရသာရှိရှိ စားသောက်ပြီးနောက် မိုယင်သည် လက်တစ်ဖက် ဝှေ့ယမ်းကာ မီးပုံကို ငြှိမ်းသတ်လိုက်၏။ ထို့နောက်၊ ခမောက်နှင့် ပဝါကို ပြန်ဝတ်ဆင်လိုက်ပြီး မြစ်ကမ်းနဖူးသို့ လက်ဆေးရန် ထွက်ခွာလာခဲ့သည်။
“ဗွမ်း…”
ရုတ်တရက် ရေထဲမှ ဗီဇပြောင်း မိကျောင်းကြီးတစ်ကောင် ခုန်ထွက်လာပြီး မိုယင်ကို ကိုက်ဝါးရန် ကြိုးစားလိုက်၏။ ၎င်း ၏ ပါးစပ်ထဲမှ အေးစက်သော အပုပ်နံ့များ ထွက်ပေါ်နေလေ၏။
“ဝှစ်”
မိုယင်သည် ခြေဖျားထောက်ကာ အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး ဓားကို ဆွဲထုတ်၍ ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်ရာ အလယ်အဆင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်အဆင့် ရှိသော မိကျောင်းကြီးမှာ နှစ်ပိုင်းပြတ်သွားလေ၏။
"ထူးဆန်းတယ်... ဒီရက်ပိုင်း ငါ့ကံက ဘာလို့ ဒီလောက် ဆိုးနေရတာလဲ။ အလယ်အဆင့် နတ်ဆိုးစစ်သည်တွေ တွေ့တာ (၁၅) ကောင် ရှိနေပြီ။ အဆင့်မြင့်ကောင် တစ်ကောင်မှ မတွေ့သေးဘူး။ ငါ့ကို ရှောင်နေကြသလား မှတ်ရတယ်" မိုယင် ညည်းညူလိုက်၏။
အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်ခြင်းသည် လွယ်ကူလိမ့်မည်ဟု မိုယင် ထင်မှတ်ထားခဲ့သော်လည်း ထွက်လာကတည်းက တစ်ကောင်မှ အရိပ်အယောင် မတွေ့ရပေ။
လေထဲတွင် ပျံဝဲရင်း အဝေးသို့ လှမ်းကြည့်လိုက်ရာ တောထဲတွင် ရွာငယ်လေးတစ်ရွာကို တွေ့လိုက်ရသည်။ ညဘက်ဖြစ်ပြီး မီးပုံကြီး ထွန်းညှိထားသောကြောင့်သာ မနည်း သတိထားမိလိုက်ခြင်း ဖြစ်၏။
"ဝူးဟူး..."
ရုတ်တရက် ရွာအနီးမှ နတ်ဆိုးသားရဲ၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီး အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ် အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် မိုယင်၏ နှလုံးသား ခုန်ပေါက်သွားလေ၏။
"နောက်ဆုံးတော့ တွေ့ပြီဟေ့" မိုယင်သည် ထိုနေရာသို့ ချက်ချင်း ပျံသန်းသွားလေ၏။
မိုင်အနည်းငယ် အကွာမှာမူ၊
ရှေးဟောင်း ရွာတစ်ရွာ၌...
လူများသည် တိရစ္ဆာန်သားရေများကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် တိရစ္ဆာန် ရုပ်များ ရေးဆွဲထားကြရာ ကျားကိုယ်ခန္ဓာနှင့် လူမျက်နှာရှိသော သတ္တဝါများနှင့် တူနေလေ၏။
ရွာအလယ်တွင် မီးပုံကြီး တစ်ခု ရှိပြီး မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေကာ ပတ်ဝန်းကျင် မီတာ (၁၀) ကျော်အထိ ပူပြင်းနေ၏။
မီးပုံဘေးရှိ စင်မြင့်ပေါ်တွင် မိန်းကလေးငယ်တစ်ဦးကို ကြိုးတုပ်ကာ ပါးစပ်ပိတ်လျက် ချည်နှောင်ထားလေ၏။
"ဟူး... ဟား... ဟား..."
သားရေဝတ်စုံ ဝတ်ဆင်ထားသော ရွာသားများသည် မိန်းကလေးကို ဝိုင်းရံထားပြီး တစ်စုံတစ်ခုကို ဆင့်ခေါ်နေသကဲ့သို့ ထူးဆန်းသော အသံများဖြင့် ရွတ်ဖတ်နေကြသည်။
"ဂရား..."
စူးရှသော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး လူမျက်နှာနှင့် ကျားကိုယ်ခန္ဓာ ရှိသော နတ်ဆိုးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာကာ စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ မိန်းကလေး၏ အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် ၎င်း၏ မျက်လုံးများထဲတွင် မက်မောမှုများ ပေါ်လာလေ၏။
"အရှင် ဟူကို ကြိုဆိုပါတယ်"
"ဒါ ကျွန်တော်တို့ရဲ့ ဒီနှစ်အတွက် ပူဇော်သက္ကာပါ... အရှင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်" ရွာသားများသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။
အရှင် ဟူ သည် စင်မြင့်ပေါ်မှ ငိုကြွေးနေသော မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပြုံးလိုက်၏။ နောက်တစ်ခဏတွင် သူသည် ကိုက်သတ်ရန် ပြင်လိုက်လေ၏။
"ချွင်.."ဓားစွမ်းအင်တစ်ခု လေထုကို ခွဲဖြတ်ဝင်ရောက်လာပြီး အရှင် ဟူ ကို လွင့်စင်သွားစေသည်။
ထို့နောက် မိုယင်သည် စင်မြင့်ပေါ်သို့ ဆင်းသက်လာပြီး ဓားကို ဝှေ့ယမ်းကာ မိန်းကလေးကို ချည်နှောင်ထားသော ကြိုးများကို ဖြတ်တောက်ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် အင်မော်တယ်... ကျွန်မ အသက်ကို ကယ်တင်ပေးလို့ပါ"
မိန်းကလေးသည် စင်မြင့်ပေါ်တွင် ဒူးထောက်ပြီး အကြိမ်ကြိမ် ဦးညွှတ်လေ၏။
သို့သော် မိုယင်သည် သူမနှင့် စကားပြောရန် စိတ်မဝင်စားပေ။ သူမ၏ မျက်နှာထားသည် လေးနက်နေပြီး မြေကြီးပေါ်တွင် လဲကျနေသော အရှင် ဟူ ကိုသာ စိုးရိမ်တကြီး ကြည့်နေ၏။
ရွာသားများမှာမူ အရှင် ဟူ အရိုက်ခံလိုက်ရသည်နှင့် တပြိုင်နက် လွင့်စင်ပြေးလွှားကုန်ကြပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြလေ၏။
"ငါ့ရဲ့ လာဘ်လာဘကို ဖျက်ဆီးရဲတယ်ပေါ့... မင်း သေလမ်းရှာနေတာပဲ"
အရှင် ဟူ သည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ လည်ပင်းမှ အရိုးပေါ်လုနီးပါး နက်ရှိုင်းသော ဓားဒဏ်ရာကို ပြန် ကြည့်လိုက်မိသည်။ သူ့အသက် မပြင်းပါက ထိုဓားချက် တစ်ချက်တည်းနှင့်ပင် သေဆုံးသွားလောက်ပြီ ဖြစ်၏။