← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃) - မိုယင်၏ မတော်တဆတွေ့ဆုံမှု၊ ရှုဟုန်ယွီ ပေါ်ထွက်လာခြင်း

~"အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်လေးနဲ့များ ဒီလောက် မောက်မာနေရတယ်လို့"

မိုယင်၏ မျက်နှာ အေးစက်သွားပြီး ဒေါသသံများ ပါဝင်နေ၏။

ဤရွာသားများသည် ဗီဇပြောင်း ကျားနတ်ဆိုးကို နတ်ဘုရားတစ်ပါးအလား ကိုးကွယ်နေကြပြီး အပြင်လူ မိန်းကလေးများကို ယဇ်ကောင်အဖြစ် ပူဇော်ရန် ဆန္ဒရှိနေကြသည်... အားလုံး သေသင့်သည်။

"သေစမ်း..."

အရှင် ဟူ သည် ရှေ့သို့ ခုန်ဝင်လာပြီး ထက်ရှသော လက်သည်းနှစ်ဖက်ဖြင့် မိုယင်ကို ထိုးနှက်ရန် ကြိုးစားလိုက်၏။ တပြိုင်နက်တည်းမှာပင် ပါးစပ်ကို ဟကာ ပူပြင်းသော အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်၏။

"အင်မော်တယ်... သတိထားပါ" မိန်းကလေးငယ်က အလျင်အမြန် သတိပေးလိုက်သည်။

မိုယင်သည် စကားတစ်ခွန်းမျှ မပြောဘဲ မိန်းကလေးကို ဆွဲယူကာ အဝေးသို့ ဆုတ်ခွာလိုက်၏။ ထို့နောက် ဓားကိုင်ဟန် ပြုလုပ်ပြီး "ဓားတိုက်ခိုက်ခြင်း နည်းစနစ်"အား ဆင့်ခေါ်လိုက်၏။

လေညှင်းစီး ဓားပျံ သည် လေတိုးသံ တရွှီရွှီဖြင့် အရှင် ဟူ ၏ ဘေးဘက်သို့ လှည့်ပတ်သွားပြီး ယခင် ဓားဒဏ်ရာဟောင်းထဲသို့ ထိုးစိုက်လိုက်တော့သည်။

"အာဝူး..."

အရှင် ဟူ သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လေညှင်းစီး ဓားပျံကို ရိုက်ထုတ်ရန် ပြင်လိုက်၏။ သို့သော် မမျှော်လင့်ဘဲ ဓားထဲတွင် စုစည်းထားသော ဓားစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။

"ဝုန်း..ဝုန်း"

အရှင် ဟူ ၏ ခေါင်း ပြတ်ထွက်သွားပြီး မြေကြီးပေါ်သို့ လိမ့်ကျသွားလေသည်။ ထိုမြင်ကွင်းကြောင့် မိန်းကလေးငယ်မှာ မျက်ဖြူလန်ကာ သတိလစ်သွားလေ၏။

"နောက်ဆုံးတော့ ရှင်းလို့ ပြီးသွားပြီ"

အရှင် ဟူ သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် မိုယင်သည် ဓားကို ပြန်သိမ်းလိုက်၏။ ထို့နောက် မိန်းကလေးငယ်၏ နှာခေါင်းအောက်အား ဖိပြီး နှိုးလိုက်၏။

မိန်းကလေးငယ်သည် မရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်လိုက်၊ လဲကျနေသော အရှင် ဟူ ကို ကြည့်လိုက်ဖြင့် မျက်နှာဖြူဖျော့သွားပြီး အော့အန်လိုက်လေ၏။

သက်သာလာသောအခါ မိန်းကလေးငယ်သည် ဘေးတွင် ရပ်နေသော မိုယင်ကို တွေ့လိုက်ရပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။ "ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်မော်တယ်... ကျွန်မ နာမည်က ပိလျန်အာ ပါ။ ဖန်ဟွာမြစ် မြောက်ဘက်ကမ်းက တံငါရွာလေးမှာ နေပါတယ်"

"တံငါရွာလေးလား... ဒီကနေဆို မိုင်ဆယ်ချီ ဝေးတာပဲ" မိုယင်သည် ယွင်ရှောင် တောအုပ်နက်ကြီး၏ မြေပုံကို ပြန်လည်အမှတ်ရပြီး ပြောလိုက်၏။

"ဟင်... အဲဒီလောက် ဝေးတာလား" ပိလျန်အာ၏ မျက်နှာ ပိုမိုဖြူဖျော့သွားလေ၏။

"မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ" မိုယင် မေးလိုက်၏။

"ဒီနေ့ မြစ်ကမ်းနားမှာ အဝတ်လျှော်နေတုန်း လေပြင်းတိုက်လို့ အဝတ်တွေ တောထဲ လွင့်ပါသွားတာပါ။ လိုက်ကောက်ရင်းနဲ့ ဒီရှေးဟောင်းရွာက လူတွေ ဖမ်းတာ ခံလိုက်ရတာပဲရှင့်။ သူတို့က ကျွန်မကို အရှင် ဟူ ဆီမှာ ယဇ်ပူဇော်မယ် ဆိုပြီး ဇွတ်လုပ်ကြတာ" ပိလျန်အာသည် ကြောက်စိတ် မပြယ်သေးဘဲ ရင်တုန်ပန်းတုန် ပြောပြလိုက်၏။

"ဪ... ဒီလိုကိုး။ ငါ မင်းကို ပြန်ပို့ပေးပါမယ်" ဟု မိုယင်က ပြောလိုက်ပြီး ပိလျန်အာကို ပွေ့ချီကာ ဓားစီးပြီး ပျံသန်းထွက်ခွာလာခဲ့သည်။

ကောင်းကင်ယံတွင် ပိလျန်အာသည် လေညှင်း၏ အထိအတွေ့ကို ခံစားရင်း အောက်ဘက်မှ သစ်ပင်များ နောက်ကျန်ရစ်ခဲ့သည်ကို ကြည့်ကာ ကျင့်ကြံခြင်းလမ်းစဉ်ကို အလွန်အမင်း တပ်မက်လာလေ၏။

"အင်မော်တယ် အစ်မကြီး... ကျွန်... ကျွန်မ အစ်မကြီးနောက်လိုက်ပြီး ကျင့်ကြံလို့ ရမလားဟင်"

"ငါ တပည့်လက်မခံဘူး" မိုယင် ခေါင်းခါလိုက်၏။

ပိလျန်အာ စိတ်ပျက်သွားသော်လည်း လက်မလျှော့သေးပေ။ "ဒါဆို အင်မော်တယ် အစ်မကြီး... ကျွန်မကို ဂိုဏ်းတစ်ခုခုထဲ ဝင်ခွင့်ပေးလို့ ရမလား"

"ကျင့်ကြံဖို့ဆိုရင် မင်းရဲ့ ပါရမီကို စစ်ဆေးရမယ်။ ဝမ်းနည်းစရာက ခုနက ဝိညာဉ်စွမ်းအင်နဲ့ စစ်ဆေးကြည့်တုန်းက မင်းမှာ ပါရမီ မရှိဘူး" မိုယွင် ခဏ စဉ်းစားလိုက်ပြီး ရက်စက်သော အမှန်တရားကို ဖွင့်ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ပိလျန်အာ တုန်လှုပ်သွားပြီး ခေါင်းငိုက်စိုက်ကျသွားလေ၏။ မိုယင် စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ ထပ်မပြောရဲတော့ပေ။

မကြာမီ သူတို့သည် ဖန်ဟွာမြစ် မြောက်ဘက်ကမ်းရှိ တံငါရွာလေးအနီးသို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ရွာသားများသည် မီးတုတ်များ ကိုင်ဆောင်ကာ ပိလျန်အာ၏ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်ရှာဖွေနေကြသည်။

"အဖေ... အမေ... သမီး ဒီမှာ"

ပိလျန်အာသည် ဓားပေါ်မှ ခုန်ဆင်းလိုက်ပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံထံသို့ ပြေးသွားကာ သုံးဦးသား ဖက်လျက် ငိုကြွေးလိုက်ကြသည်။

ကောင်းကင်ယံမှာမူ၊

မိုယင်သည် ဓားပေါ်တွင် ရပ်လျက် အောက်မှ မြင်ကွင်းကို ငေးကြည့်နေ၏။ အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူမသည် ဓားစီးလျက် ပြန်လည်ထွက်ခွာလာခဲ့သည်။

ပိလျန်အာ၏ စိတ်သဘောထား ဖြူစင်ကြောင်း မိုယင် မြင်တွေ့ခဲ့ရသည်။ အတိတ်က သူမကိုယ်သူမ ပြန်မြင်နေရသကဲ့သို့ ခံစားရပြီး ကိုယ်ချင်းစာမိသဖြင့် ထိုမိန်းကလေးငယ်ကို ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ခေါ်ဆောင်သွားချင်မိသည်။

သို့သော် ပိလျန်အာတွင် ပါရမီ မရှိပေ။

ပါရမီမရှိလျှင် ချောင်ကျားရှီးကဲ့သို့ အထူးသွေးမျိုးဆက် ရှိမှသာ ဖြစ်နိုင်မည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်လျှင်တောင် အခက်အခဲများစွာ ရှိမည်ဖြစ်ပြီး အောင်မြင်ရန် မလွယ်ကူပေ။

"မဖြစ်နိုင်တဲ့ လမ်းကို လျှောက်လှမ်းမယ့်အစား ကောင်းမွန်တဲ့ ဘဝလေးတစ်ခုမှာ နေထိုင်သွားတာက ပိုကောင်းပါတယ်"

မိုယင် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ယွင်ရှောင် တောအုပ်နက်ကြီး အတွင်းပိုင်းရှိ ရှေးဟောင်းရွာဆီသို့ ပြန်လည်ပျံသန်းသွားလေ၏။ အရှင် ဟူ ၏ အလောင်းကို သယ်ဆောင်ပြီး မြူခိုးဂိုဏ်းသို့ ပြန်လည် သတင်းပို့ရန် ဖြစ်၏။

“တောက်... တောက်... တောက်…”

ခြေသံများ နီးကပ်လာ၏။

မိုယင် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ထက်ရှသော ဓားတစ်လက် မျက်နှာတည့်တည့်သို့ ထိုးစိုက်လာသည်ကို တွေ့လိုက်ရသည်။ သူမ အလျင်အမြန် ဓားဖြင့် ကာကွယ်လိုက်ရာ သတ္တုချင်း ထိခတ်သံ ကြည်လင်စွာ ထွက်ပေါ်လာလေ၏။

"မတွေ့တာ ကြာပြီနော်"

တောအုပ်နက်ထဲမှ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာ၏။

ထို့နောက် သစ်ပင်များကြားမှ မိန်းကလေးတစ်ဦး ထွက်ပေါ်လာ၏။ တောက်ပသော လရောင်အောက်တွင် ပြုံးလိုက်လျှင် ပါးချိုင့်နှစ်ဖက် ပေါ်လာတတ်သော ချစ်စဖွယ် မျက်နှာလေးကို တွေ့လိုက်ရသည်။

"နင် ဘာလာလုပ်တာလဲ" မိုယင် ဓားရှည်ကို ပြန်သိမ်းလိုက်၏။

အကယ်၍ ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့သာ ဒီနေရာမှာ ရှိနေလျှင် ဤမိန်းကလေးကို မြင်လိုက်ရသည်နှင့် အံ့ဩသွားကြမည်မှာ သေချာသည်။

ရှုဟုန်ယွီ...

ယခင်က မြူခိုးဂိုဏ်း၏ ပဉ္စမမြောက် တပည့် ဖြစ်ခဲ့ပြီး ရှောင်ဖန်ကူထက်ပင် ပါရမီ ထူးချွန်သူ ဖြစ်၏။ သို့သော် ဂိုဏ်းချုပ်ဟောင်း သက်တမ်းမကုန်မီကတည်းက လေ့ကျင့်ရန် ထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မလာခဲ့ပေ။

မိုယင်ကို ကြည့်ရင်း ရှုဟုန်ယွီက ပါးချိုင့်လေးများ ပေါ်အောင် ပြုံးလိုက်၏။ "ဘာလဲ... ငါပြန်လာတာ မဝမ်းသာဘူးလား"

"ပြန်လာတာ ဟုတ်လို့လား" မိုယင် မျက်မှောင်ကြုတ်လိုက်၏။

ရှုဟုန်ယွီ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်၏။ "စတာပါဟယ်... လက်ရှိမှာ ငါ့ကံကြမ္မာကို ငါကိုယ်တိုင် မဆုံးဖြတ်နိုင်သေးဘူး။ ငါ မြူခိုးဂိုဏ်းကို ပြန်ချင်တယ် ပြောရင်တောင် ငါ့မိသားစုက သဘောတူမှာ မဟုတ်ဘူး... ဒါနဲ့ နင်ရော... မြူခိုးဂိုဏ်းမှာ နေရတာ ဘယ်လိုလဲ"

"ငါထင်ထားတာထက် ပိုကောင်းတယ်။ တပည့်တွေက တစ်ယောက်နဲ့တစ်ယောက် သင့်မြတ်ကြတယ်။ အရေးကြီးဆုံးက ဂိုဏ်းချုပ်က တော်တော် ထူးခြားတယ်... တက်ကြွပြီး မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်တယ်။ အပြစ်ပြောရရင်တော့ သူက ထူးထူးဆန်းဆန်းတွေ လျှောက်ပြောတတ်တာ တစ်ခုပဲ" မိုယင် ခဏစဉ်းစားပြီး ရိုးသားစွာ ဖြေလိုက်၏။

ရှုဟုန်ယွီသည် စာလိပ်တစ်ခုကို ထုတ်ယူပြီး ဖြန့်လိုက်ရာ ယဲ့ဖုန်း၏ ပုံတူပန်းချီကား ပေါ်လာ၏။ ပုံထဲတွင် ယဲ့ဖုန်းသည် လူကိုယ်တိုင်ကဲ့သို့ပင် ကြွားဝါသော ပုံစံပေါက်နေ၏။

"ငါ တစ်ခါမှ မတွေ့ဖူးတဲ့ ဒီဂိုဏ်းချုပ်ဦးလေးက ဒီလောက် စွမ်းမယ်လို့ မထင်ထားဘူး... ရွေးချယ်ခံရသူလို့တောင် ကောလာဟလ ထွက်နေတာ။ ဂိုဏ်းကို အဆင့်မြှင့်တင်နိုင်ခဲ့တယ် ဆိုပဲ... ဟူး... ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး"

ရှုဟုန်ယွီ စာလိပ်ကို ပြန်သိမ်းလိုက်ပြီး ခေါင်းခါလိုက်၏။

"နင် ပြန်လာချင်တာလား" သူမစကားထဲမှ အဓိပ္ပာယ်ကို မိုယင် ရိပ်မိလိုက်၏။

ရှုဟုန်ယွီ သက်ပြင်းချလိုက်၏။ "ပြန်လာချင်တာပေါ့ဟာ... မြူခိုးတောင်ထိပ်မှာ ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေက ငါ့ဘဝရဲ့ အပျော်ရွှင်ဆုံး အချိန်တွေပဲ။ ကျောက်ကျောက်နဲ့အတူ ဟင်းချက်ရတာကိုလည်း လွမ်းတယ်။ ဒါပေမဲ့ ငါက သိပ်အသုံးမကျဘူး ထင်ပါရဲ့... ဟင်းသီးဟင်းရွက် လှီးရင် လက်ကို အမြဲ ရှမိတယ်။ ထမင်းချက်ရင်လည်း အမြဲတမ်း တူးတယ်။ ရေခပ်ရင်လည်း မီးဖိုချောင် မရောက်ခင် တစ်ဝက်လောက် ဖိတ်ကျကုန်တာ..."

ထိုစကားကို ကြားသောအခါ မိုယင် ထူးဆန်းသော အကြည့်ဖြင့် ကြည့်ပြီး မေးလိုက်၏။ "ဒါနဲ့... နင်က ဒီကို ဘာလာလုပ်တာလဲ"

"လေဓားဂိုဏ်းက 'မုရူရွှဲ့' ဆိုတဲ့ အထွတ်အထိပ် ပါရမီရှင် ဓားကလေး တစ်ယောက် ရွေးချယ်လိုက်တယ်။ ငါ့မိသားစုက ငါ့ကို သူနဲ့ ရင်းနှီးအောင် လုပ်ခိုင်းနေတာ... သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ" ရှုဟုန်ယွီ မျက်လုံးလှန်လိုက်၏။ "ဒီည ဖြတ်သွားရင်း နင့်ကို တွေ့လို့ စောင့်နေတာ"

"ဓားကလေး မုရူရွှဲ့က မိန်းကလေးလား" မိုယင် အံ့ဩသွားလေ၏။

"ဟုတ်တယ်... မိန်းကလေး။ လေဓားဂိုဏ်း သမိုင်းတစ်လျှောက် ပထမဆုံး မိန်းကလေး ဓားကလေးပဲ။ သူ့ပါရမီက အရမ်းမြင့်မားပြီး စစ်မှန်တဲ့ တပည့်ကျော်တွေ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောကြတယ်။ ဝိညာဉ်ပင်လယ်အဆင့် ကနေ စပြီး မူလနတ်ဘုရား အဆင့် အထိ ရောက်အောင် ကြိုးစားပြီး လေဓားဂိုဏ်းကို ကြယ်သုံးပွင့်အဆင့် ရောက်အောင် ပို့ဆောင်ပေးမယ့် မျှော်လင့်ချက်ပေါ့" ရှုဟုန်ယွီ ချီးကျူးလိုက်၏။

"နင်ပြောပုံအရဆို မုရူရွှဲ့က တော်တော် စွမ်းပုံရတယ်" မိုယင်လည်း ခေါင်းညိတ်လိုက်၏။

"ဒါနဲ့... ခုနက ကောင်းကင်မှာ အဆုံးအစမရှိတဲ့ တိမ်မည်းကြီးတွေ ဖြစ်သွားတာက မူလနတ်ဘုရား အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါး ကပ်ဘေးကျော်ဖြတ်နေတာများလား"

ရှုဟုန်ယွီ အသံတိုးလိုက်၏။ "လျှို့ဝှက်ဆန်းကြယ် တိုင်းပြည် ( ဆန်းကြယ်သော တိုင်းပြည် ) ရဲ့ ဘိုးဘေးကြီး ကပ်ဘေးကျော်ဖြတ်နေတာလို့ ပြောကြတယ်။ အောင်မြင်လား၊ မအောင်မြင်ဘူးလားတော့ ဘယ်သူမှ မသိကြသေးဘူး။ တကယ်လို့ အောင်မြင်ရင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ ပထမဆုံး 'ဟင်းလင်းပြင် ချိုးဖျက်နိုင်သူ' ဖြစ်လာပြီး တိုင်းပြည်ကို ကြယ်လေးပွင့်အဆင့်အထိ မြှင့်တင်ပေးနိုင်လိမ့်မယ်..."

"အဟမ်း... အဟမ်း..."

ရုတ်တရက် အထက်ကောင်းကင်ယံမှ ချောင်းဆိုးသံ တစ်ခု ထွက်ပေါ်လာ၏။

"ငါ သွားရတော့မယ်... ကံပါရင် ပြန်တွေ့ကြတာပေါ့" ရှုဟုန်ယွီသည် မိုယင်ကို အမြန်လက်ပြလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကာ အနက်ရောင် ဝတ်ရုံခြုံထားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် ပူးပေါင်းပြီး တောင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေ၏။

မိုယင်သည် ရှုဟုန်ယွီ ပျောက်ကွယ်သွားသော ဘက်ကို ငေးကြည့်ရင်း လက်ဝှေ့ယမ်းလိုက်၏။ "ငါ့အသက်ကို ကယ်ခဲ့ဖူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပြောပြီးနောက် မိုယင်သည် အရှင် ဟူ ၏ အလောင်းကို ကောက်ယူပြီး မြူခိုးတောင်ထိပ်သို့ ဓားစီးကာ ပြန်လာခဲ့သည်။

မြူခိုးတောင်ထိပ်မှာမူ၊

"တီတီ.. အမည်ခံတပည့် မိုယင်က အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် နတ်ဆိုးသားရဲကို သတ်ဖြတ်ခြင်း စမ်းသပ်မှု ပြီးမြောက်သွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။ အပြင်စည်းဂိုဏ်းသားအဖြစ် ရာထူးတိုးမြှင့်ပေးနိုင်ပါပြီ"

စနစ်က အသိပေးသံ ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် ယဲ့ဖုန်း နိုးလာပြီး မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်သွားရသည်။

"စမ်းသပ်မှု တာဝန်ကို ဒီလောက် မြန်မြန် ပြီးသွားတယ်လား။ မြူခိုးဂိုဏ်း တပည့်တွေထဲမှာ နံပါတ်တစ် တိုက်ခိုက်ရေးသမား ဆိုတဲ့အတိုင်းပါပဲ၊ မိုယင် မကြာခင် ပြန်ရောက်လာတော့မယ် ထင်ပါရဲ့”

အခန်း (၁၃၄) - မိုယင်၏ အတိတ်ဟောင်း၊ ဝိညာဉ်သားရဲဂိုဏ်းခွဲ အကြီးအကဲ၏ သောက

~ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ရပ်လျက် စောင့်ဆိုင်းနေခဲ့လေ၏။

ညဉ့်နက်သန်းခေါင်ယံ အချိန်၌။

မိုယင်သည် အရှင် ဟူ ၏ အလောင်းကို သယ်ဆောင်လျက် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူမသည် လေထဲတွင် ရပ်တန့်နေပြီး ထူးဆန်းသော ယပ်တောင်ကို ခတ်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ ဖြစ်သော ယဲ့ဖုန်းကို သတိပြုမိလိုက်လေ၏။

"ဒါ မင်းရဲ့ အပြင်စည်းဂိုဏ်းသား တံဆိပ်ပြားပဲ" ယဲ့ဖုန်းသည် အနက်ရောင် သံတံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်ရာ မိုယင် ဖမ်းယူလိုက်လေ၏။

ရှေ့ဘက်တွင် "မြူခိုးဂိုဏ်း" ဟူသော စာလုံးများ ဖောင်းကြွနေပြီး နောက်ကျောဘက်တွင် "အပြင်စည်း မိုယင်" ဟူသော စာသားကို မြင်လိုက်ရသည့်အခါ မိုယင်၏ ရင်ထဲတွင် ဖော်ပြရခက်သော ပိုင်ဆိုင်မှု သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာရလေ၏။

"ဂိုဏ်းချုပ်... ကျွန်မ တာဝန်ပြီးမှန်း သိနေတာလား" မိုယင် မျက်ခုံးပင့်ကာ အနည်းငယ် အံ့ဩသွားလေ၏။

"ဒါပေါ့... ငါ သိတာပေါ့" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

'ငါ့မှာ စနစ် အသိပေးချက်တွေ ရှိနေတာပဲ... ဘယ်လိုလုပ် မသိဘဲ နေမလဲဟယ်' ဟု စိတ်ထဲတွင် ကျိတ်ရယ်လိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

မိုယင်သည် အပြင်စည်းဂိုဏ်းသား တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီး အရှင် ဟူ ၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

"ဒီနတ်ဆိုးသားရဲက တစ်ဝက်တစ်ပျက် အသွင်ပြောင်းအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီး အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးဖို့ ကြိုးစားနေတာကြောင့် ကျွန်မ သတ်ဖြတ်ခဲ့ပါတယ်"

"ကောင်းတယ်" ယဲ့ဖုန်း ချီးကျူးလိုက်၏။ "မင်းလည်း ပင်ပန်းနေလောက်ပြီ... ဝိညာဉ်စမ်းရေထဲမှာ စိမ်ပြီး အမောအပန်း ဖြေလိုက်ပါဦး"

ဝိညာဉ်စွမ်းအားများ ကြွယ်ဝစွာ ပါဝင်သော ဝိညာဉ်စမ်းရေသည် သောက်သုံးသည် ဖြစ်စေ၊ ရေချိုးသည် ဖြစ်စေ ခွန်အားပြန်လည်ပြည့်ဖြိုးစေရန် အလွန်ကောင်းမွန်လှပေသည်။

သို့သော် စကားဆုံးသည်နှင့် ယဲ့ဖုန်းသည် မိုယင်၏ ကိုယ်ခန္ဓာကို မတော်တဆ ချောင်းကြည့်မိခဲ့သော ညတစ်ညကို ပြန်လည်သတိရလိုက်မိပြီး မျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားလေ၏။

ယဲ့ဖုန်း၏ မျက်နှာထား ဘာကြောင့် ထူးဆန်းသွားသည်ကို မိုယင် နားမလည်ပေ။

သို့သော် သူမသည် မမေးမြန်းတော့ဘဲ အခြား မေးခွန်းတစ်ခုကို ထုတ်မေးလိုက်၏။

"ဂိုဏ်းချုပ်... ရှုဟုန်ယွီကို သိလား"

"သိတော့သိတယ်... ဒါပေမဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ ဘာဖြစ်လို့လဲ"

ဂိုဏ်းချုပ်ဟောင်းကြီးက ယဲ့ဖုန်းကို မြူခိုးတောင်ထိပ်သို့ ခေါ်လာချိန်တွင် ရှုဟုန်ယွီသည် ထွက်ခွာသွားခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်၏။ ထို့ကြောင့် သူမ ရှိကြောင်းသာ သိသော်လည်း မည်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်ကို ယဲ့ဖုန်း လုံးဝ မသိရှိပေ။

မိုယင်က အဓိပ္ပာယ်ပါပါ မေးလိုက်၏။ "တကယ်လို့ သူ ရုတ်တရက် ပြန်လာရင် ဂိုဏ်းချုပ်က သူ့ကို မြူခိုးဂိုဏ်းထဲ ပြန်လက်ခံမှာလား"

မိုယင် ဘာကြောင့် ဒီမေးခွန်းကို မေးမှန်း နားမလည်သော်လည်း ယဲ့ဖုန်းသည် အမှတ် (၅) အခန်းကို ညွှန်ပြလျက် ပြောလိုက်၏။ "သူ့အတွက် အခန်းတစ်ခန်း ငါ ချန်ထားပေးပါတယ်။ တကယ်လို့ သူ ပြန်လာချင်တယ် ဆိုရင်တော့ အခြေအနေပေါ် မူတည်တာပေါ့"

ယဲ့ဖုန်းသည် တိတိကျကျ ကတိမပေးခဲ့ပေ။

သူသည် ရှုဟုန်ယွီကို တစ်ခါမှ မတွေ့ဖူးသလို စနစ် က သူမကို လက်ခံမခံ မသိနိုင်သေးပါ။

အကယ်၍ စနစ် က လက်ခံလျှင် သေချာပေါက် ကြိုဆိုမည် ဖြစ်သော်လည်း စနစ် က အသိအမှတ်မပြုပါက ကံစတာ ကုန်ပြီဟု ပြောဆိုကာ သူမကို ပြန်လွှတ်ရုံသာ ရှိတော့သည်။

အခြေအနေပေါ် မူတည်သည် ဆိုသည်မှာ ဒီသဘောပင်။

ထိုအချက်ကို တွေးမိပြီးနောက် ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်၏။

"သန်းခေါင်တောင် ကျော်နေပြီ... မင်းလည်း စောစော သွားနားတော့"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် လှဲချလိုက်ပြီး ငှက်ပျောရွက်ယပ်တောင် အသေးစားကို ခတ်ရင်း မျက်လုံးမှိတ်ကာ အေးဆေးစွာ အိပ်စက်လိုက်လေ၏။ မကြာမီ သူသည် လှပသော အင်မော်တယ် နတ်သမီးတစ်ပါးနှင့်အတူ ကောင်းကင်ယံတွင် လွတ်လပ်စွာ ပျံသန်းနေသည်ဟု အိပ်မက်မက်ပြီး သွားရည်များပင် ကျလာလေတော့သည်။

မိုယင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာထား ထူးဆန်းသွားလေ၏။ သူမသည် အခန်းထဲသို့ ပြန်ဝင်ကာ အဝတ်အစား အချို့ ယူလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ရောက်ကာ အတိတ်ဟောင်းများကို ပြန်လည်တွေးတော နေမိလေ၏။

လွန်ခဲ့သော ရက်ပေါင်းများစွာက သူမသည် မြူခိုးဂိုဏ်း၏ တပည့် မဟုတ်သေးပေ။ မတော်တဆ ဒဏ်ရာရရှိခဲ့ချိန်တွင် သူမကို ကယ်တင်ခဲ့ပြီး ကျင့်ကြံရန်နှင့် ပုန်းအောင်းရန်အတွက် မြူခိုးဂိုဏ်းကို မိတ်ဆက်ပေးခဲ့သူမှာ ရှုဟုန်ယွီပင် ဖြစ်၏။

"ရှုဟုန်ယွီက ပြည်နယ်ဘုရင်မြို့တော်က လာတာ။ မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း ဖြစ်လာပြီ ဆိုပေမယ့် ကြယ်နှစ်ပွင့်အဆင့် အင်အားစုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘူး။ သူ့မိသားစုက သူ့ကို ဒီမှာ ကြာကြာနေခွင့်ပြုမှာ မဟုတ်ဘူး"

"ငါသာ ကြယ်နှစ်ပွင့်အဆင့် အင်အားစုက လာခဲ့မယ်ဆိုရင်လည်း ငါ့သမီးကို အဆင့်တူ ဒါမှမဟုတ် ပိုမြင့်တဲ့ ဂိုဏ်းမှာပဲ ထားချင်မှာပါပဲလေ"

မိုယင် စိတ်ထဲတွင် တွေးလိုက်မိသည်။

သူမသည် ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ "မီးတိမ်တိုက် လက်ဝါး"ဖြင့် သစ်သားစည်ပိုင်းထဲမှ ရေကို အပူပေးလိုက်ပြီးနောက် သက်သောင့်သက်သာ စိမ်ချိုးလိုက်လေ၏။

နောက်တစ်နေ့ မနက်။

မိုယင်သည် ခေါင်မိုးပေါ်တွင် ဒူးထောက်လျက် ဓားသိုင်းလေ့ကျင့်နေ၏။ မြေပြင်ပေါ်တွင်မူ အရှင် ဟူ ၏ အလောင်းသည် မည်သူမှ ဂရုမစိုက်ဘဲ ရှိနေဆဲပင်။

"စီနီယာအစ်မ မို... ပြန်ရောက်ပြီလား" ပုဆိန်ကို ကိုင်ဆောင်ထားသော လုံထျန်းရှင်းသည် ခေါင်မိုးပေါ်မှ မိုယင်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် လက်ပြနှုတ်ဆက်လိုက်၏။

"စီနီယာအစ်မ မို ပြန်ရောက်ပြီတဲ့လား"

ခန္ဓာကိုယ် ကျင့်ကြံရန်အတွက် ကျောက်တုံးမနေသော ချောင်ကျားရှီးသည် ထိုအော်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ဟန်ချက်ပျက်သွားပြီး ကျောက်တုံးကြီးအောက်တွင် ပိသွားလေ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ခန္ဓာသည် သန်မာလွန်းသဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

"မနေ့ညက ပြန်ရောက်တာ။ အခု အပြင်စည်းဂိုဏ်းသား ဖြစ်သွားပြီ။ မင်းတို့လည်း ပိုကြိုးစားကြဦး" မိုယင် တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်တော်လည်း အပြင်စည်းဂိုဏ်းသား ဖြစ်သွားပြီဗျ" လုံထျန်းရှင်းသည် ခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားကို ပုတ်ပြရင်း ကြေညာလိုက်၏။

"အစ်ကိုနဲ့ အစ်မက မြန်လိုက်တာ။ ငါ ပိုကြိုးစားမှ ဖြစ်တော့မယ်" ချောင်ကျားရှီးသည် အရေးတကြီး ခံစားလိုက်ရပြီး ကျောက်တုံးကို ပြန်မကာ ပထမဆုံး လှုပ်ရှားမှုကို ပြင်းထန်စွာ ဆက်လက်လေ့ကျင့်လေတော့သည်။ "နောက်ထပ် အကြိမ် (၂၀) ပဲ... ဒီနေ့ သေချာပေါက် အောင်မြင်ရမယ်"

မိုယင်သည် မြေပြင်ကို ငုံ့ကြည့်လိုက်ရာ အစ်ကိုကြီး ခေါင်းပြား အိပ်ပျော်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ် တစ်ဝက်ကျော်ကို အရာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သေချာကြည့်လိုက်သောအခါ... အနီရောင် အမျိုးသမီး ခါးစည်း ဖြစ်နေလေ၏။

ဘာကြီးလဲဟ...

မိုယင် နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။

ဘယ်သူကများ ဒီလောက် ဆော့ရတာလဲ...

*

တစ်ချိန်တည်းမှာပင် ရေပေါ်ဖြူမြို့တော်၏ မြောက်ဘက် မိုင်တစ်ရာအကွာ၌။

ဝိညာဉ်သားရဲဂိုဏ်း ဂိုဏ်းခွဲတစ်ခု၏ တောင်ကြားအတွင်းတွင် ကိုယ့်ကိုယ်ကိုယ် "ပင်လယ်ဘုရင်" ဟု ကြွေးကြော်ထားသော ရှဲ့ကျားရင်သည် ဧရာမ ကြိုးကြာဖြူကြီး၏ ကျောပေါ်တွင် စီးနင်းလျက် ဖန်ဟိုင်ယွင်နှင့်အတူ ပျံသန်းနေလေ၏။

ဂိုဏ်းခွဲအကြီးအကဲသည် ပြန်ရောက်လာပြီ ဖြစ်ပြီး ယခုအခါ သက်ကယ်မိုး ခေါင်မိုးပေါ်တွင် ထိုင်လျက် ပြီးခဲ့သည့်အကြိမ်က သူကိုယ်တိုင် ခေါင်းနှင့်ဆောင့်မိပြီး ပေါက်သွားသော အပေါက်ကို စိတ်ပျက်လက်ပျက် ပြုပြင်နေလေ၏။

"ဒေါသထွက်စရာ ကောင်းလိုက်တာကွာ... ဂိုဏ်းချုပ်က ငါ့ကို ဂိုဏ်းပြန်လာခွင့် မပေးဘူး။ ဒီရာထူးကို ဆက်ယူထားရမယ်တဲ့။ ယုတ္တိမရှိလိုက်တာ... ဒီအတိုင်းသာ ဆက်သွားရင် ရှဲ့ကျားရင်ကြောင့် ငါ သေရလိမ့်မယ် ဆိုတာ ဂိုဏ်းချုပ် မသိဘူးလား" သူ ညည်းညူလိုက်၏။

ဂိုဏ်းခွဲအကြီးအကဲသည် ဒေါသထွက်လာလေ ခေါင်မိုးကို ခြေထောက်ဖြင့် ဆောင့်နင်းလေ ဖြစ်လာ၏။ ရုတ်တရက် သူသည် ခြေချော်သွားပြီး "အား" ဟု အော်ဟစ်လျက် အောက်သို့ ပြုတ်ကျသွားလေ၏။

"မြင့်မြတ်သော ဓားကလေး မုရူရွှဲ့... ဝိညာဉ်သားရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောင်း ရှဲ့ကျားရင်ကို လာရောက်တွေ့ဆုံပါတယ်"

တောင်ကြား အပြင်ဘက်မှ အေးစက်သော အသံ တစ်သံ ထွက်ပေါ်လာ၏။

ဂိုဏ်းခွဲအကြီးအကဲ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်၏။ "မုရူရွှဲ့... သူက ရှဲ့ကျားရင်ရဲ့ ဝမ်းကွဲအစ်မပဲ။ အထွတ်အထိပ် ပါရမီရှင်လေ။ မတွေ့တာ ဝက်လောက်ပဲ ရှိသေးတယ်... အခု လေဓားဂိုဏ်းရဲ့ ဓားကလေး ဖြစ်သွားပြီလား"

ဂိုဏ်းခွဲအကြီးအကဲသည် ရှဲ့ကျားရင်၏ အကျင့်စရိုက်ကို တွေးမိလိုက်၏။ မုရူရွှဲ့ကဲ့သို့ ဂုဏ်ရှိန်ကြီးမားသော ဝမ်းကွဲအစ်မ ရောက်လာပြီ ဆိုမှတော့ ရှဲ့ကျားရင် ပိုပြီး ဆိုးသွမ်းလာတော့မည်မှာ သေချာသည်။ သူ့မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို သောကများ ပြည့်နှက်သွားလေ၏။

နောက်တစ်ခဏတွင် တင့်တယ်လှပသော လူရိပ် (၅) ခု တောင်ကြားထဲသို့ ဝင်ရောက်လာကြသည်။

"ချစ်လှစွာသော ဝမ်းကွဲအစ်မကြီး... ဘာကိစ္စ ရှိလို့လဲ"

ရှဲ့ကျားရင်သည် မီတာ ဒါဇင်ပေါင်းများစွာ မြင့်သော လေထဲမှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး မြေကြီးပေါ်သို့ ခိုင်မာစွာ ဆင်းသက်လိုက်၏။ ထို့နောက် မုရူရွှဲ့၏ လက်ကလေးကို ဆွဲယူကာ ရှေ့နောက် ပြင်းထန်စွာ ယမ်းခါလိုက်လေ၏။

"အဟွတ်... အဟွတ်..."

ဂိုဏ်းခွဲအကြီးအကဲသည် မြေကြီးပေါ်တွင် ထိုင်လျက် ကျယ်လောင်စွာ နှစ်ချက် ချောင်းဆိုးလိုက်၏။ မုရူရွှဲ့သည် ယခုအခါ လေဓားဂိုဏ်း၏ ဓားကလေး ဖြစ်နေပြီ ဖြစ်၍ သူမ၏ ဂုဏ်သိက္ခာကို ဂရုစိုက်ရန် ရှဲ့ကျားရင်ကို သတိပေးလိုက်ခြင်း ဖြစ်၏။

သို့သော် ရှဲ့ကျားရင်သည် မကြားချင်ယောင် ဆောင်နေသဖြင့် အကြီးအကဲမှာ စိတ်ပျက်သွားရလေ၏။

"ညီမလေး... နင်က အရင်လိုပဲ ဆော့နေတုန်းပါလား" ရှဲ့ကျားရင်က လက်ကို အတင်းဆုပ်ကိုင်ထားသဖြင့် မုရူရွှဲ့မှာ ရုန်းရခက်၊ မရုန်းရခက် ဖြစ်နေပြီး မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လာလေ၏။

အခိုင်းအစေလေးဦးစလုံး ခေါင်းငုံ့ထားကြပြီး နှုတ်ခမ်းကို ဖိကိုက်ကာ မရယ်မိအောင် ထိန်းထားရသည်။

"အမြဲတမ်း ဒီလိုပဲလေ... ဝါး... အစ်မကြီးက လွန်ခဲ့တဲ့ ဝက်တုန်းကထက်တောင် ပိုပြီး ကြီးထွားလာပါလား" ရှဲ့ကျားရင် ရယ်မောလိုက်ပြီး နားမလည်နိုင်စရာ စကားများကို ပြောဆိုလိုက်၏။

မုရူရွှဲ့သည် မသိစိတ်က တွန်းအားပေးမှုကြောင့် ငုံ့ကြည့်လိုက်ရာ ရှဲ့ကျားရင်၏ အကြည့်သည် သူမ၏ ဖွံ့ဖြိုးသော ရင်ဘတ်ပေါ်တွင် စွဲမြဲနေသည်ကို သတိထားမိလိုက်၏။ သူမသည် အခွင့်ကောင်းယူပြီး ကိုင်တွယ်ခြင်း မပြုနိုင်စေရန် ရှဲ့ကျားရင်၏ လက်ကို အလျင်အမြန် ပြန်လည်ဆုပ်ကိုင်ထားလိုက်ရသည်။

"ဟီးဟီး... အစ်မကြီးက ပါးနပ်သားပဲ။ ငါ ဘာလုပ်မလဲ ဆိုတာ အမြဲသိနေတယ်" ရှဲ့ကျားရင် တခစ်ခစ် ရယ်မောလိုက်၏။

"ညီမလေး... နင်က ဂိုဏ်းချုပ်လောင်း တစ်ယောက်ဆိုတာ သတိရပြီး ကိုယ့်အပြုအမူကို ဆင်ခြင်ပါဦး"

မုရူရွှဲ့သည် သုံးမီတာခန့် နောက်ဆုတ်လိုက်ပြီး အကွာအဝေး တစ်ခု ယူလိုက်၏။ "ဘာပဲဖြစ်ဖြစ်... ငါ လေဓားဂိုဏ်းရဲ့ ဓားကလေး ဖြစ်လာပြီ ဆိုတာ လာပြောပြတာ။ အဒေါ်ကြီးကို သတင်းပို့ပေးပြီး ငါ့အစား နှုတ်ဆက်ပေးပါဦး"

"မပူပါနဲ့... ငါ့အမေက ငါ့ထက်တောင် သတင်းပိုမြန်သေးတယ်။ အစ်မကြီး ဓားကလေး ဖြစ်သွားတာ သူ သိပြီးလောက်ပြီ" ရှဲ့ကျားရင် အာမခံလိုက်၏။

"ဒါဆိုရင် ငါ ဂိုဏ်းကို ပြန်တော့မယ်" မုရူရွှဲ့ ပြောလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။ သူမသည် အလျင်စလို ရောက်လာခဲ့ပြီး အလျင်စလို ပြန်ထွက်ခွာရန် ပြင်လိုက်ခြင်း ဖြစ်၏။

"အဲဒီလောက် အလောကြီးနေတာလား" ရှဲ့ကျားရင် မျက်လုံး ပြူးသွားလေ၏။

"ဒီရက်ပိုင်း လေဓားဂိုဏ်းကို လာလည်မယ့် ဧည့်သည်တွေ အများကြီး ရှိတယ်။ ငါက လက်ခံတွေ့ဆုံပေးရမှာမို့လို့ အခုချက်ချင်း ပြန်မှ ဖြစ်မယ်" မုရူရွှဲ့ ရှင်းပြလိုက်၏။

"ကောင်းပြီလေ... ဒီနေ့ ငါလည်း ကိစ္စရှိသေးတော့ အစ်မကြီးကို လိုက်မပို့တော့ဘူး" ရှဲ့ကျားရင် ပြောလိုက်ပြီး ဘေးတွင် ရပ်နေသော ဖန်ဟိုင်ယွင်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်၏။

"ဘယ်သွားမလို့လဲ" မုရူရွှဲ့က ရောင်ပြန်ဟပ်သလို မေးလိုက်၏။

"မြူခိုးဂိုဏ်း" ရှဲ့ကျားရင် ဖုံးကွယ်မထားဘဲ ဖြေလိုက်၏။

"မြူခိုးဂိုဏ်း... ရေပေါ်ဖြူမြို့တော် နားမှာ အသစ်တည်ထောင်လိုက်တဲ့ အဆင့်မြင့်ဂိုဏ်းလား" မုရူရွှဲ့ အနည်းငယ် အံ့ဩသွားလေ၏။

"ဟုတ်တယ်" ရှဲ့ကျားရင် ခေါင်းညိတ်လိုက်၏။ "အစ်မကြီးလည်း မြူခိုးဂိုဏ်းအကြောင်း သိတာပဲလား။ ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့က အရမ်းချောလွန်းလို့ ဖုံးဖိထားလို့ မရတော့ဘူး ထင်တယ်"

ထိုစကားကို ကြားသောအခါ မုရူရွှဲ့သည် ရှဲ့ကျားရင်ကို ပါးရိုက်ပြီး ပစ်လွှတ်လိုက်ချင်စိတ် ပေါက်သွားသော်လည်း ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။ "ငါလည်း လိုက်ကြည့်ရင် ကောင်းမလား"

"အစ်မကြီးက မြူခိုးဂိုဏ်းကို လိုက်မလို့လား"

ရှဲ့ကျားရင်နှင့် ဖန်ဟိုင်ယွင် နှစ်ဦးစလုံး အံ့ဩသွားကြသည်။ သက်ကယ်တဲအောက်တွင် ထိုင်နေသော ဂိုဏ်းခွဲအကြီးအကဲပင် မယုံကြည်နိုင် ဖြစ်သွားလေ၏။

မြင့်မြတ်သော ဓားကလေး မုရူရွှဲ့က ဘာကိစ္စ မြူခိုးဂိုဏ်းကို သွားချင်ရတာလဲ...

တကယ်ပဲ ယဲ့ဖုန်းက ချောတယ်လို့ ထင်ပြီး သွားကြည့်ချင်တာများလား…

အခန်း (၁၃၅) - မြူခိုးဂိုဏ်းသို့ အလည်လာခြင်း၊ မုရူရွှဲ့၏ အံ့ဩခြင်း

~ရှဲ့ကျားရင်၊ ဖန်ဟိုင်ယွင်နှင့် ဝိညာဉ်သားရဲဂိုဏ်း ဂိုဏ်းခွဲအကြီးအကဲတို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့၏ အမြင်တွင် မုရူရွှဲ့သည် လေဓားဂိုဏ်း၏ မြင့်မြတ်သော ဓားကလေးဖြစ်ပြီး အလွန်အမင်း ခမ်းနားထည်ဝါနေသင့်သည်။ သူမကဲ့သို့ ပုဂ္ဂိုလ်ကြီးက အဆင့်မြင့်ဂိုဏ်းလေးတစ်ခုကို ဘာကိစ္စ သွားလည်ချင်ရသနည်း။

အဆင့်အတန်းအရဆိုလျှင် ယဲ့ဖုန်းကသာ လေဓားဂိုဏ်းကို သွားပြီး ဂါရဝပြုသင့်သည် မဟုတ်ပါလော။

"ငါ အဲဒီဘက်မှာ မေးစရာရှိလို့" မုရူရွှဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

မူလက သူမသည် လေဓားဂိုဏ်းသို့ တိုက်ရိုက်ပြန်ရန် စီစဉ်ထားသော်လည်း ရှဲ့ကျားရင်က မြူခိုးဂိုဏ်းသို့ သွားမည်ဟု ကြားလိုက်ရသဖြင့် စိတ်ပြောင်းသွားခြင်း ဖြစ်၏။ ဟိုယွင်ကျဲကဲ့သို့ ဓားသိုင်းပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်သော ဂိုဏ်းသည် မည်ကဲ့သို့သော ဂိုဏ်းမျိုးလဲ ဆိုသည်ကို သူမ သိချင်နေမိသည်။

"ဪ... ဒီလိုကိုး" ရှဲ့ကျားရင်သည် နားမလည်သေးသော်လည်း ဆက်မမေးတော့ဘဲ ဒရောသောပါး ထွက်ခွာသွားလေ၏။

မုရူရွှဲ့နှင့် သူမ၏ အခိုင်းအစေလေးဦးလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ဂိုဏ်းခွဲအကြီးအကဲသည် သက်ကယ်တဲအောက်တွင် ထိုင်လျက် ရှဲ့ကျားရင် ထွက်ခွာသွားသည်ကို ကြည့်ပြီး သုံးပေခန့် မြင့်အောင် ခုန်ပေါက်လိုက်၏။

"ဟားဟား... ဒီကောင်မလေး သွားပြီဟေ့။ နောက်ဆုံးတော့ ငါ့နားရွက်တွေ အနားရပြီ" သူသည် ရင်ကို ကော့ ခေါင်းကိုမော့ကာ ရယ်မောလိုက်လေ၏။

မြူခိုးတောင်ထိပ်မှာမူ၊

ချောင်ကျားရှီးသည် ခန္ဓာကိုယ်ကျင့်ကြံရန်အတွက် ကျောက်တုံးမနေ၏။

"ရှစ်ဆယ့်ငါးကြိမ် ရှိပြီ... နောက်ထပ် (၁၅) ကြိမ်ပဲ လိုတော့တယ်။ ဒီလှုပ်ရှားမှုကို သုံးပြီး ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်ကို အကန့်အသတ်အထိ ဖိသိပ်ပြီး တစ်ချက်တည်း ထုတ်လွှတ်လိုက်ရင် ဒုတိယအဆင့်ကို ရောက်နိုင်ပြီ" သူသည် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ရေရွတ်လိုက်၏။

ချောင်ကျားရှီးသည် သွားကို တင်းတင်းစည်းပြီး ဆက်လက်ကြိုးစားနေ၏။

ရက်အနည်းငယ် ကြိုးစားလေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပိုမိုသန်မာလာကြောင်း တွေ့ရှိရသည်။ ပေါင်ချိန် တစ်ထောင် လေးလံသော ကျောက်တုံးကြီးကိုပင် ခေါင်းပေါ်သို့ အလွယ်တကူ မတင်နိုင်နေပြီ ဖြစ်၏။

"တစ်... နှစ်... သုံး..."

ချောင်ကျားရှီးသည် ကောင်းကင်ကို မထားသကဲ့သို့ လက်နှစ်ဖက်ကို မြှောက်ထားပြီး မြင်းစီးသိုင်းကွက် ပုံစံဖြင့် ထိုင်ချလိုက်၊ မတ်တတ်ရပ်လိုက် ပြုလုပ်နေ၏။ သူ၏ ခန္ဓာကိုယ်မှ အပူလှိုင်းများ တဟုန်းဟုန်း ထွက်ပေါ်နေ၏။

"အစ်မ... ရေတစ်ခွက်လောက် ပက်ပေးပါဦး" ချောင်ကျားရှီး ရုတ်တရက် အော်ဟစ်လိုက်၏။

"ခဏလေး မောင်လေး... လာပြီ" ရှားဟယ်သည် ဝိညာဉ်စမ်းရေ တစ်ခွက်ကို ခပ်ယူပြီး ချောင်ကျားရှီးအပေါ်သို့ လောင်းချလိုက်ရာ သံပူကို ရေစိမ်လိုက်သကဲ့သို့ "ရွှဲ" ဟူသော အသံ ထွက်ပေါ်လာ၏။

မိုယင်သည် ဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ကျောက်ကျားရှီး၏ ချွေးပေါက်များသည် ဝဲကတော့များသဖွယ် ဖြစ်နေပြီး ဝိညာဉ်စမ်းရေထဲမှ စွမ်းအားများကို သည်းကြီးမည်းကြီး စုပ်ယူနေသည်ကို တွေ့လိုက်ရသည်။

"ဂျူနီယာမောင်လေး ကျောက်က တကယ် အံ့ဩစရာပဲ" ရှဟဲက အံ့ဩတကြီး ချီးကျူးလိုက်ပြီး ရေပေါ်ဖြူ အင်မော်တယ်ငါးပါးကဲ့သို့သော ဂိုဏ်းစောင့် ဝိညာဉ်သားရဲများကို အစာဆက်ကျွေးနေ၏။

သွေးမျိုးဆက် သန့်စင်ဆေးလုံးဖြင့် သန့်စင်ပြီးနောက် ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်သည် ပိုမိုသန့်ရှင်းလာ၏။ ဝိညာဉ်သားရဲအစာကို စားပြီးနောက် သူတို့၏ အဆင့်တက်နှုန်းမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

"မကြာခင် သံလက်သည်း နဂါးလင်းယုန်နဲ့ မြေခွေး တာ့ဟုန်တို့က အလယ်အဆင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်ကို ရောက်တော့မယ်။ မြေခွေးဖြူလေးနဲ့ ကျန်တဲ့ သားရဲလေးကောင်ကလည်း ဒီနေ့ပဲ အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် ရောက်တော့မယ်"

ယဲ့ဖုန်းသည် တောင်ထိပ်မှ အဖြစ်အပျက်များကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်အားရနေမိသည်။

ဂုဏ်သတင်းတန်ဖိုး တစ်သောင်းကျော်သည့် တာဝန် ပြီးဆုံးပြီ။

အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ကို နှိမ်နင်းသည့် တာဝန်လည်း ပြီးဆုံးပြီ။

ယခု ကျန်ရှိနေသည်မှာ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲ ခုနစ်ကောင် ပျိုးထောင်ခြင်းနှင့် တပည့်များ၏ ရာထူးတိုးခြင်း တာဝန်သာ ဖြစ်၏။

ယဲ့ဖုန်း၏ အမြင်တွင် ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန်များကို ပြီးမြောက်ရန် သုံးလပင် ကြာမည် မဟုတ်ပေ။

မြူခိုးတောင်ခြေမှာမူ၊

ရှဲ့ကျားရင်၊ ဖန်ဟိုင်ယွင်နှင့် မုရူရွှဲ့တို့အဖွဲ့သည် တောင်ခြေသို့ ရောက်ရှိလာကြပြီး ကျောက်တိုင်တစ်ခုရှေ့တွင် လူအများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

"နင်တို့ ဘာလုပ်နေကြတာလဲ" ရှဲ့ကျားရင်က ဒဲ့တိုး မေးလိုက်၏။

ထိုအခါ ၊ သာမန်လူများ ဖြစ်ကြသော ကြည့်ရှုသူများသည် ဧည့်သည်များ၏ ထူးခြားသော အရှိန်အဝါကို သတိထားမိကြသဖြင့် အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ "အင်မော်တယ်တို့ကို နှုတ်ဆက်ပါတယ်။ ဒီကျောက်တိုင်ကို မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် စိုက်ထူထားတာပါ။ ဟိုဘက်က မြူခိုးတွေဖုံးနေတဲ့ နေရာကို ဖြတ်ကျော်နိုင်တဲ့သူတွေမှ မြူခိုးဂိုဏ်းရဲ့ တပည့်ဖြစ်ခွင့် ရှိတယ်လို့ ပြောကြပါတယ်"

မုရူရွှဲ့၏ အခိုင်းအစေတစ်ဦးက မနေနိုင်ဘဲ ရယ်မောလိုက်၏။ "ခွီ၊ အဆင့်မြင့်ဂိုဏ်းလေးကများ ဒီလို စမ်းသပ်မှုမျိုး လုပ်ထားသေးတယ်။ သူတို့ကိုယ်သူတို့ ကြယ်အဆင့် ဂိုဏ်းလို့ ထင်နေကြတာလား"

"စကားကို ဆင်ခြင်ပါ" မုရူရွှဲ့၏ အသံသည် လေ မြည်ဟိန်းသံကဲ့သို့ အေးစက်ပြတ်သားလှသည်။ သူမ စကားဆုံးသည်နှင့် အခိုင်းအစေမလေးသည် ခေါင်းငုံ့ကာ ကပျာကယာ တောင်းပန်လိုက်၏။

"သွားကြစို့... တောင်ပေါ်တက်မယ်" မုရူရွှဲ့သည် လေထဲသို့ ပျံတက်သွားပြီး မကြာမီ မြူခိုးဖုံးလွှမ်းနေသော နေရာသို့ ရောက်ရှိသွားလေ၏။ "ဒါက ဝင်္ကပါအသေးစား တစ်ခုပဲ။ သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေရဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါထက်တောင် ပိုပြီး သပ်ရပ်သေးတယ်"

"အဲဒီလောက်တောင်လား" အခိုင်းအစေလေးဦး အံ့ဩသွားကြသည်။

"ဘာများ ဆန်းလို့လဲ။ ဟိုတစ်ခေါက် ငါနဲ့ ဝက်ပုတ်လေး လာတုန်းက ဘာအတားအဆီးမှ မရှိဘဲ တောင်ထိပ်အထိ တက်သွားလို့ ရတာပဲ"ဟု ရှဲ့ကျားရင်က ပြောလိုက်၏။ ပြောပြီးသည်နှင့် သူမသည် ဖန်ဟိုင်ယွင်နှင့် မုရူရွှဲ့ကို ဆွဲယူကာ မြူခိုးတောထဲသို့ တစ်ဟုန်ထိုး ခုန်ဝင်လိုက်၏။

သို့သော် လမ်းလျှောက်နေရင်း ရှဲ့ကျားရင်နှင့် ဖန်ဟိုင်ယွင်တို့ ရုတ်တရက် ပျောက်ဆုံးသွားသည်ကို မုရူရွှဲ့ သတိထားမိလိုက်၏။ သူမနှင့် အခိုင်းအစေလေးဦးသာ မြူခိုးထဲတွင် ပိတ်မိကျန်ရစ်ခဲ့သည်။

"ဒီဝင်္ကပါက လှည့်ကွက်တွေ ရှိသားပဲ" မုရူရွှဲ့ ခပ်ပြုံးပြုံး ပြောလိုက်၏။

လေဓားဂိုဏ်း၏ ဓားကလေး၊ စစ်မှန်သော တပည့်ကျော်များ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သော ပါရမီရှင်တစ်ဦး အနေဖြင့် မုရူရွှဲ့သည် အမြဲတမ်း မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး မာနကြီးသူ ဖြစ်၏။

ထို့အပြင် သူမသည် ဝိညာဉ်အာရုံကို ပိုင်ဆိုင်ထားပြီး ဖြစ်၍ အတုအယောင် ဝင်္ကပါများကို ကြောက်ရွံ့ခြင်း မရှိပေ။

"ဒီဝင်္ကပါက တော်တော် ထူးခြားတယ်။ နင်တို့လေးယောက်တည်းနဲ့ဆိုရင် မြူခိုးတွေကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး" သူမ ပြောလိုက်၏။

မုရူရွှဲ့သည် လက်ဖြင့် မန္တန် ဆင့်ခေါ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းရန် ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်၏။ ဝင်္ကပါ၏ အားနည်းချက်ကို ရှာဖွေပြီး တစ်ချက်တည်း ဖြိုခွင်းရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် သူမ၏ မျက်နှာထား တဖြည်းဖြည်း ပြောင်းလဲသွားလေ၏။

"ဓားကလေး... ဘာဖြစ်လို့လဲ" အခိုင်းအစေတစ်ဦးက မေးလိုက်၏။

"ဒီဝင်္ကပါက အရမ်းကို နက်နဲတဲ့ ပေါင်းစပ်ဝင်္ကပါ တစ်ခုပဲ။ ငါတောင် အားနည်းချက်ကို ရှာမတွေ့ဘူး... ပြောရရင် ငါ ဒီဝင်္ကပါကို မဖြိုခွင်းနိုင်ဘူး" မုရူရွှဲ့၏ မျက်နှာ မည်းမှောင်သွားလေ၏။

သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သာ ရှိသော်လည်း လေဓားဂိုဏ်း၏ အထောက်အကူပြု ကျင့်စဉ်များ၊ အစွမ်းထက်သော မန္တန်များနှင့် လျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်ထားသဖြင့် စတုတ္ထအဆင့် ရှိသူများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

ဒါပေမဲ့ အခုတော့ အဆင့်မြင့်ဂိုဏ်းလေးတစ်ခုရဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါထဲမှာ ပိတ်မိနေတယ်တဲ့လား...

"မြူခိုးဂိုဏ်းက ရိုးရှင်းမနေဘူး" သူမ ရေရွတ်လိုက်၏။

မုရူရွှဲ့၏ အသက်ရှူသံ အနည်းငယ် မြန်ဆန်လာ၏။ "နေရာမှာပဲ ရပ်နေကြ။ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကျွံမသွားအောင် ဘာမှ လျှောက်မလုပ်နဲ့"

"ဟုတ်ကဲ့ပါ" အခိုင်းအစေလေးဦး မငြင်းဆန်ရဲကြပေ။

ယခုမှသာ မြူခိုးဂိုဏ်းသည် မည်မျှ အရေးပါကြောင်း သဘောပေါက်လိုက်ကြပြီး ယခင်က လျှော့တွက်ခဲ့မိသည့်အတွက် နောင်တရနေကြသည်။

“ဝရော…”

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် သူတို့ငါးဦးရှေ့မှ မြူခိုးများ ရုတ်တရက် ပျောက်ကွယ်သွားကာ တောင်ထိပ်သို့ သွားရာလမ်း ပေါ်လာလေ၏။

လမ်းဆုံးတွင် မိန်းကလေးနှစ်ဦး လက်ပြနေသည်ကို တွေ့လိုက်ရသည်။

"ဓားကလေး... ဟိုမှာ ဝမ်းကွဲသခင်မလေး ရှဲ့ကျားရင်နဲ့ လျိုယွင်ဂိုဏ်းက ဖန်ဟိုင်ယွင်တို့ပဲ။ သူတို့ တောင်ထိပ်ကို ရောက်နှင့်နေပြီ" အခိုင်းအစေတစ်ဦးက ပြောလိုက်၏။

မုရူရွှဲ့ မေးငေါ့ပြလိုက်၏။ "လိုက်ခဲ့ကြ"

ပြောပြီးသည်နှင့် သူတို့ငါးဦးသည် လေထဲသို့ ပျံတက်သွားပြီး မကြာမီ မြူခိုးတောင်ထိပ်သို့ ရောက်ရှိသွားကြသည်။

"အစ်မကြီး... နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့ရဲ့ ဝင်္ကပါထဲမှာ ပိတ်မိနေတယ် ထင်တယ်" ရှဲ့ကျားရင်သည် မုရူရွှဲ့၏ ပါးပြင်နုနုလေးကို ဆွဲညှစ်ပြီး အားရပါးရ ရယ်မောလိုက်၏။

"စိတ်ပျက်စရာ ကောင်းလိုက်တာ... မြင်နေရက်သားနဲ့ ဘာလို့ ထုတ်ပြောနေရတာလဲ" ရှဲ့ကျားရင်၏ စကားကြောင့် မုရူရွှဲ့ မျက်နှာပျက်သွားလေ၏။

"ဒါက မြင့်မြတ်သော ဓားကလေးလား။ တွေ့ရတာ ဝမ်းသာပါတယ်" ယဲ့ဖုန်းသည် တပည့်အချို့နှင့်အတူ လျှောက်လှမ်းလာပြီး မြူခိုးဂိုဏ်း မုခ်ဝတွင် ရပ်လိုက်၏။

ရှဲ့ကျားရင်နှင့် ဖန်ဟိုင်ယွင်တို့ တောင်ထိပ်သို့ ရောက်လာပြီးနောက် မုရူရွှဲ့တို့ ပါမလာသည်ကို သိလိုက်ရသဖြင့် ယဲ့ဖုန်းကို အကြောင်းစုံ ရှင်းပြခဲ့ခြင်း ဖြစ်သည်။

လေဓားဂိုဏ်း၏ ဓားကလေး လာရောက်လည်ပတ်ကြောင်း သိလိုက်ရသည်နှင့် ယဲ့ဖုန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်၏။

"ရှင်က ဂိုဏ်းချုပ်ယဲ့လား" မုရူရွှဲ့သည် ယဲ့ဖုန်းကို စိမ်းစိမ်းကြည့်ပြီး အကဲခတ်လိုက်၏။ ကျင့်ကြံခြင်းအဆင့် လုံးဝ မရှိသော်လည်း လေထဲတွင် ပျံဝဲနိုင်သည်ကို တွေ့လိုက်ရသဖြင့် "ရွေးချယ်ခံရသူ" ဟူသော ကောလာဟလများကို သတိရလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော် ယဲ့ဖုန်းပါ"

သူ ခေါင်းညိတ်လိုက်ကာ၊

"ဓားကလေး အနေနဲ့ ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဘာကိစ္စများ လာလည်တာပါလဲ"

မိုယင်သည် ယဲ့ဖုန်းဘေးတွင် ရပ်လျက် မုရူရွှဲ့ကို စူးစမ်းလိုသော မျက်လုံးဖြင့် ကြည့်နေ၏။

‘ဒီမှာ လာတွေ့ရတာ အံ့ဩစရာပဲ။ ဒါဆို ရှုဟုန်ယွီက ဟိုမှာ သွားစောင့်နေတာ အလကား ဖြစ်ပြီပေါ့…’

မုရူရွှဲ့ကမူ မိုယင်၏ အတွေးများကို မသိပေ။ သူမ၏ မူလရည်ရွယ်ချက်မှာ မြူခိုးဂိုဏ်းကို လာကြည့်ရုံသာ ဖြစ်၏။ သို့သော် ရောက်လာသောအခါ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါက ထူးခြားနေသည်ကို တွေ့လိုက်ရသည်။ တောင်ထိပ်သို့ ရောက်သောအခါ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ခံစားမိသဖြင့် ဝိညာဉ်သွေးကြော အသေးစား ရှိနေကြောင်း သိရှိလိုက်ရသည်။

မြူခိုးဂိုဏ်း တပည့်များမှာ အရေအတွက် နည်းသော်လည်း ကျင့်ကြံခြင်းအဆင့် မနိမ့်ကြပေ။

ရွေးချယ်ခံရသူ ယဲ့ဖုန်းနှင့် ပေါင်းစပ်လိုက်လျှင် မြူခိုးဂိုဏ်းတစ်ခုလုံး၏ အလားအလာသည် မုရူရွှဲ့ကို အံ့အားသင့်စေလောက်အောင် ကြီးမားနေလေ၏။

ယဲ့ဖုန်းနှင့် အခြားသူများကို ကျော်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အိပ်ပျော်နေသော အစ်ကိုကြီး ခေါင်းပြားအား တွေ့လိုက်ရသဖြင့် မုရူရွှဲ့၏ မျက်လုံးများ အရောင်တောက်သွားလေ၏။

‘ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်တောင် ပိုင်ဆိုင်ထားတာပဲ။ မြူခိုးဂိုဏ်းရဲ့ အလားအလာက တကယ်ကို ကြောက်စရာ ကောင်းတယ်။ ကြယ်အဆင့် ဂိုဏ်း ဖြစ်လာဖို့က အချိန်ကိစ္စပဲ ရှိတော့တယ်။ ဟိုယွင်ကျဲလို ဓားသိုင်းပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်တာ မဆန်းပါဘူး လေ’

သူမ စိတ်ထဲတွင် ကြိတ်၍၊ ချီးကျူးလိုက်၏။

အာရုံပြန်စုစည်းလိုက်ပြီး မုရူရွှဲ့သည် ယဲ့ဖုန်းကို ကြည့်ကာ မေးလိုက်၏။ "ရှင့်ဂိုဏ်းမှာ ဟိုယွင်ကျဲ ဆိုတဲ့ ဓားသိုင်းကျင့်ကြံသူ တပည့်တစ်ယောက် ရှိလား"

ထိုစကားကို ကြားလိုက်ရသည်နှင့် မြူခိုးဂိုဏ်းသား အားလုံး မျက်လုံးပြူးသွားကြသည်။

မုရူရွှဲ့က ဘာလို့ အဲဒါကို မေးတာလဲ။ ဟိုယွင်ကျဲ ပြဿနာတစ်ခုခု ရှာခဲ့လို့များလား...

ထိုအတွေးဖြင့် ယဲ့ဖုန်း၏ မျက်နှာထား တဖြည်းဖြည်း လေးနက်လာလေ၏။

All Chapters