← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အပိုင်း ( 469 )

နတ်ဆေးလုံးက ထာဝရခိုင်မာသွားတယ်၊ ကံတရားက ဇောက်ထိုးဖြစ်သွားတာလား ၂

“ ဇွီ ဇွီ “

ဖရိုဖရဲ နတ်စွမ်းအား ပေါ်လာသည့် အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးတွင် အလင်းရောင်များ ပျောက်ကွယ်သွားကာ၊ အမှောင်ထုက ကြီးစိုးလာခဲ့ပြီး၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် တစ်ခုလုံးသည် လုံးဝမှောင်မိုက်သွားခဲ့သည်။

“ ရပြီ “

ရှုကျိုးသည် ဝမ်းမြောက်ပျော်ရွှင်နေသည့် အမူအရာဖြင့် သူ့လက်ချောင်းထိပ်ရှိ ဖရိုဖရဲ အလင်းတန်းကို ကြည့်ရှုနေလျက်ရှိသည်။

နတ်စွမ်းရည်ငါးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည့်နောက်တွင် ဖြစ်ပေါ်လာသည့် ဤယင်ယန်နတ်စွမ်းအားသည် အမှန်ပင် အံ့ဩဖွယ်ကောင်းနေခဲ့သည်။

ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးမောကြည့်ရှုလိုက်ရာ ရှုကျိုးသည် ဤယင်ယန်နတ်စွမ်းအား ပေါ်ထွက်လာမှုက ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်တို့ကို ပြောင်းပြန်လှန်လိုက်ပြီး မိုင်တစ်ရာအတွင်းရှိ ကောင်းကင်နှင့် ကမ္ဘာမြေကို နေ့မှ ညအဖြစ်သို့ ပြောင်းလဲစေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

“ နတ်စွမ်းရည်ငါးခု ပေါင်းစပ်သွားပြီးတဲ့နောက်မှာ ငါ့ရဲ့ နတ်စွမ်းရည်နယ်ပယ်က ကောင်းကင်ဘုံ နတ်စွမ်းအားအဖြစ် တိုက်ရိုက်အဆင့်တက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

နတ်စွမ်းအား ကြီးထွားမှုကို မူလ/စဦး နတ်စွမ်းအား၊ ကောင်းကင်ဘုံ နတ်စွမ်းအားနှင့် နိယာမ နတ်စွမ်းအားဟူ၍ အဆင့်သုံးဆင့်ဖြင့် ခွဲခြားထားခဲ့သည်။

ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်တို့ကို ချက်ချင်းပြောင်းလဲစေနိုင်သည့် စွမ်းရည်သည် ကောင်းကင်ဘုံ နတ်စွမ်းအားကသာလျှင် လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

ရှုကျိုး အပျော်လွန်သွားတော့သည်။

အကယ်၍ ဤယင်ယန်နတ်စွမ်းအားကသာ ၎င်း၏ အစစ်အမှန် စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့မည်ဆိုပါက၊ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို အမှန်တကယ် ဖျက်စီးပစ်နိုင်ပေသည်။

“ ဝှစ် “

ထိုအချိန်တွင် အပြင်ဘက်မှ လေတိုးသံများ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် ယင်ယန်နတ်စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်ရုတ်သိမ်းလိုက်ပြီး၊ မတ်တပ်ထရပ်ကာ အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။

အပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ဝုချင်းရှန်၊ တစ်ခြားသော အဆင့်မြင့် ပညာရှင်များနှင့် အမျိုးမျိုးသော သိုင်းပညာ တက္ကသိုလ်များ၏ ဒုကျောင်းအုပ်များက အနီးအနားတွင် ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ လူဒီလောက် အများကြီးကို ဆွဲဆောင်မိသွားမယ်လို့ ငါမထင်ထားခဲ့မိဘူး “

ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရကာ၊ ‌အရှေ့သို့ လျှောက်လှမ်းသွားတော့သည်။

ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန်သည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ အခုလေးတင် ဘာဖြစ်သွားခဲ့တာလဲ။ ဒီနေရာမှာ ကောင်းကင်ရဲ့ သဘာဝဖြစ်စဥ်ကိုတောင် ပြောင်းလဲသွားစေနိုင်တဲ့ စွမ်းအင်တစ်မျိုးမျိုး ရှိနေတာကို ငါခံစားမိခဲ့တယ် “

ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည် “ အဲ့တာက ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော်က သိုင်းပညာတစ်မျိုးကို စမ်းသပ်နေခဲ့တာပါ “

ဝုချင်းရှန်သည် တအံ့တဩဖြစ်သွားခဲ့သည်။

တစ်ခြားလူများမှာလည်း အံ့ဩမှင်သက်သွားကြသည်။

သူတို့သည် မိုင်အတွင်းရှိ ကောင်းကင်နှင့် မြေပြင်ကို ချက်ချင်းဆိုသလိုပင် နေ့မှညအဖြစ် ပြောင်းသွားစေခဲ့သည့် ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ကို မြင်တွေ့ခဲ့ကြသည်။

၎င်းသည် သတ္တမအဆင့်သို့ ယခုမှ ရောက်ရှိထားသည့် ပညာရှင်များကိုပင် စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

အဲ့တာကို ရှုကျိုးက လုပ်ခဲ့တာလားဟ

ထိုအချိန်တွင် ဝုချင်းရှန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ မေးမြန်းလာခဲ့သည် “ ရှုကျိုး၊ မင်းက အဆင့်၅ကို ရောက်နေပြီလား “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပဥ္စမအဆင့်နယ်ပယ်၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

“ ဝိုး “

လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြန်သည်။

ရှုကျိုး၏ အဆင့်ထိုးဖောက်မှုသည် ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ထပ်ပင် ပို၍အံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။

“ ဒီကလေး၊ သူကျောင်းတက်တာက တစ်နှစ်တောင် မပြည့်သေးဘူးမလား။ တကယ်လို့ ငါထင်တာသာ မှန်နေမယ်ဆိုရင်၊ လူရွေးပွဲတုန်းက သူက အဆင့်၁ကိုတောင် မရောက်သေးဘူးလေ၊ ဟုတ်တယ်မလား “

“ တစ်နှစ်မပြည့်ခင် အချိန်မှာပဲ နယ်ပယ်ကြီး ငါးခုကို ဆက်တိုက်ကျော်ဖြတ်လာခဲ့တာလား “

“ တော်တော်လေးကို ကြောက်ဖို့ကောင်းတာပဲ “

“ တိုက်ပွဲကြီး နီးလာတာနဲ့ ငါတို့ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရဲ့ လူငယ်မျိုးဆက်အတွက်က ရှုကျိုးကိုပဲ အားကိုးရတော့မှာပဲ “

ယခုရောက်ရှိနေသည့် လူများထဲတွင် နတ်သိုင်းဌာနမှ ပညာရှင်များစွာ ရှိနေခဲ့ပြီး၊ သူတို့အားလုံးသည် ယခုတွင် သက်ပြင်းတချချ ဖြစ်နေလျက်ရှိသည်။

ထိုအချိန်က နတ်သိုင်းဌာနက လျစ်လျူရှုထားခဲ့သည့် ကောင်လေး ဤကဲ့သို့သော အမြင့်တစ်နေရာအထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း။

ရှုကျိုးသည် ဤတိုက်ပွဲတွင် အဓိကထောက်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ဝုချင်းရှန်ကမူ ရှုကျိုးက အဆင့်တက်တော့မည်ဆိုသည်ကို သိရှိထားခဲ့သောကြောင့် အနည်းငယ် တည်ငြိမ်နေခဲ့သည် “ ရှုကျိုး၊ အဆင်သင့်လုပ်ထားတော့၊ ကွမ်ဟန်ကို သွားဖို့ အချိန်ကျပြီ “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ စံအိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

တစ်ခဏခန့် အကြာတွင် သူသည် အပြင်သို့ ထပ်ထွက်လာခဲ့ပြီး ကျောင်းအုပ်ရုံးခန်းဆီသို့ ရောက်ရှိလာခဲ့သည်။

“ ကျောင်းအုပ်ကြီး၊ ဆရာက ကွမ်ဟန်ကို ရောက်သွားပြီလား “ ရှုကျိုးသည် လျူချင်းယွမ်ကို မမြင်တွေ့ခဲ့ရသည့်အတွက် မေးမြန်းလာခဲ့သည်။

ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ လျူချင်းယွမ်နဲ့ ချင်ဖုန်းတို့က ရောက်သွားကြပြီ “

ရှုကျိုးမှ ဆက်၍ မေးမြန်းလာခဲ့သည် ” အခုလက်ရှိ ကွမ်ဟန်က အခြေအနေက ဘယ်လိုနေလဲဗျ “

“ သိပ်တော့ မဆိုးပါဘူး “ ဝုချင်းရှန်မှ လေးနက်စွာ ပြောပြလာခဲ့သည် “ ငါတို့ ကြယ်ပြာဂြိုဟ်ရဲ့ စစ်နယ်မြေတိုင်းလိုလိုက တိုက်ပွဲတွေ ဖြစ်နေကြတယ်၊ ငါတို့က လူအရေအတွက်သာနေတော့ အခြေအနေတွေက ယာယီ တည်ငြိမ်နေတယ် “

“ ဒါပင်မဲ့ ကမ္ဘာ့ကြယ်ရဲ့ အဆင့်ဇယား၄ခုက ပါရမီရှင်တွေကလည်း စစ်ထဲကို မရောက်လာကြသေးဘူး၊ ဆိုတော့ အခြေအနေက မကောင်းဘူးဆိုလည်း ဟုတ်နေတယ် “

“ အဆင့်ဇယား ၄ခုလား “ ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဝုချင်းရှန်မှ ရှင်းပြလာခဲ့သည် “ ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက်ဆန်းကြယ်နဲ့ အဝါရောင် အဆင့်ဇယားက လူတွေလေ “

“ အို့ “ ရှုကျိုးသည် ၎င်းကို မှတ်မိသွားခဲ့သည်။

ကြယ်ပြာဂြိုဟ်ကဲ့သို့ပင် ကမ္ဘာ့ကြယ်ဘက်တွင်လည်း ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက်ဆန်းကြယ်နှင့် အဝါရောင်ဟူ၍ အဆင့်ဇယားလေးမျိုး ရှိပြီး၊ ၎င်းတို့ထဲသို့ ဝင်ရောက်နိုင်သူများသည် ကမ္ဘာ့ကြယ်၏ အစစ်အမှန် ပါရမီရှင်များ ဖြစ်သည်။

ကောင်းကင်နှင့် မြေကမ္ဘာအဆင့်ဇယားတို့တွင် အမြင့်ပိုင်း အဆင့်များမှ ပါရမီရှင်များ ပါဝင်သည်။

လျှို့ဝှက်ဆန်းကြယ်နှင့် အဝါ‌ရောင် အဆင့်ဇယားတို့တွင်မူ အလယ်အလတ် သုံးဆင့်မှ ပညာရှင်များ ပါဝင်သည်။

နောက်ဆုံးတစ်ကြိမ်က ကွမ်ဟန်တွင် ရှိနေခဲ့စဥ်အချိန်တွင် ရှုကျိုးသည် လျှို့ဝှက်ဆန်းကြယ် အဆင့်ဇယားမှ လန်ယုဟု အမည်ရသည် ဆဌမအဆင့် ပညာရှင်တစ်ဦး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

“ လန်ယု …… “

ထိုကိစ္စကို တွေးမိသွားသောအခါတွင်၊ ရှုကျိုး၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ယခင်တစ်ကြိမ်က သူသည် သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။

သို့သော် ဤတစ်ကြိမ်၌ ရန်သူ့ကို ထပ်တွေ့ရမည်ဆိုပါက သူသည် ထိုအရှက်တရား ပြန်၍ချေဖျက်မည် ဖြစ်သည်။

ဝုချင်းရှန်မှ စကားဆက်ပြောလာခဲ့သည် “ အဆင့်ဇယား လေးခုက ပါရမီရှင်တွေ ထွက်လာတာနဲ့၊ နယ်ပယ်တူမှာရှိတဲ့ ငါတို့ရဲ့ သိုင်းပညာရှင်အများစုက သူတို့ရဲ့ ပြိုင်ဘက်တွေဖြစ်နေမှာ မဟုတ်ဘူး။ အစစ်အမှန် သိုင်းပညာဌာနကလည်း တောင့်ခံနိုင်ရုံပဲ တတ်နိုင်လိမ့်မယ်။ အခြေအနေက သိပ်မကောင်းလောက်ဘူး “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များသည် ကြယ်ပြာဂြိုဟ်ဘက်မှ သိုင်းပညာရှင်များထပ် ပို၍သန်မာအားကောင်းနေလေ့ ရှိသည်။

ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင် အများစုသည် အပြစ်အနာအဆာများရှိသည့် နတ်သိုင်းစနစ်ကိုသာ လေ့ကျင့်ကြရသည်။ ၎င်းက ပထမအဆင့်နှင့် ဒုတိယအဆင့်တို့တွင် ပြဿနာ မရှိသော်လည်း၊ အမြင့်ပိုင်း နယ်ပယ်များသို့ ပိုရောက်လာလေလေ ကွာဟချက်က ပို၍ကြီးမားလာလေလေပင် ဖြစ်သည်။

တစ်နည်းဆိုရသော် အစစ်အမှန် သိုင်းပညာဌာန၏ အခြေအနေကမူ အနည်းငယ် ပိုကောင်းနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် ကမ္ဘာ့ကြယ်ဘက်မှ အဆင့်တူ ပါရမီရှင်များကို ပြန်၍ ယှဥ်တိုက်နေနိုင်ခဲ့သည်။

သို့သော် အစစ်အမှန် သိုင်းပညာဌာနတွင် သတ္တမအဆင့် အထက်မှ ပညာရှင်များ မရှိသည်မှာ အမှန်ပင် စိတ်ညစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ အစစ်အမှန် သိုင်းပညာဌာနက အဆင့်၇အထက်ကို ဘာလို့ကျင့်ကြံလို့ မရရတာလဲ။ ကျွန်တော်က အဆင့်၅ကို ရောက်လာခဲ့တာက ဘာအတားအဆီး ပိတ်ဆို့မှုကိုမှ မခံစားခဲ့ရဘူး “

ဝုချင်းရှန်မှ ပြောလာခဲ့သည် “ အဆင့်၇နယ်ပယ်က နတ်ဝိညာဥ်ကို ကျင့်ကြံတာလေ၊ အဲ့တာကို ရှေးဦး/စဦး ဝိညာဥ်လို့လည်း ခေါ်ကြတယ်၊ အဲ့တာက နတ်ဆေးလုံးကို အားဖြည့်ပေးရတာပဲ။ နတ်ဆေးလုံးကတော့ ဆဌမအဆင့်လေ “

“ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနက ကျင့်ကြံတဲ့ နတ်ဆေးလုံးက နတ်ဝိညာဥ်ကို အားဖြည့်ပေးလို့ မရဘူးဖြစ်နေတယ်၊ ဘာလို့လဲဆိုတာကတော့ ငါလည်း ရှင်းရှင်းလင်းလင်း မသိဘူး “

ဝုချင်းရှန်သည် မျက်မှောင်ကြုတ်ကာ ဆက်ပြောလာခဲ့သည် “ မင်းရဲ့ဆရာဘိုးဘိုး ရှန့်ဝမ်ချန်းပြောတာကတော့ အဆင့်၆ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ နတ်ဆေးလုံးက ခိုင်မာသွားတယ်၊ ဒါပင်မဲ့ နတ်ဝိညာဥ်က နတ်ဆေးလုံးထဲကနေ မထွက်လာနိုင်ဘူးတဲ့ “

“ နတ်ဆေးလုံး ဖွဲ့စည်းတာလား “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားကာ ပြန်ပြောလာခဲ့သည် “ ကျွန်တော်ကြားဖူးတာတော့ အရင်ဌာနမှူးက အဆင့်၈ကို ရောက်ခဲ့တယ်တဲ့၊ သူက ဘယ်လိုလုပ်လိုက်တာလဲ “

“ သူက …… “ ဝုချင်းရှန်၏ မျက်နှာပေါ်တွင် အတိတ်ကို အမှတ်ရသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်၊ သို့သော် မကြာခင် အချိန်မှာပင် သူသည် လက်သီးများကို အသာအယာ ဆုပ်ကာ သက်ပြင်းချ၍ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးက အဆင့်၈အထိ တကယ်ရောက်လာခဲ့တယ်၊ ဒါပင်မဲ့ အဆင့်၈ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကံတရားက ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ပြီးတော့ သူက ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ရင်ဆိုင်ခဲ့ရသလိုမျိုး အမိုက်မှောင်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ် “

“ လူတွေကတော့ သူ့ရဲ့သက်တမ်းက တဖြည်းဖြည်းလျော့ကျသွားတယ်လို့ပဲ သိထားကြတယ်၊ အဲ့လိုမဟုတ်ဘူး တကယ်က သူက ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့လို့ပဲ “

“ သူ့ရဲ့နောက်ဆုံး နေ့ရက်တွေမှာ ရူးတာနဲ့ အသိစိတ် ပြန်ဝင်လာတာက တစ်လှည့်စီ မကြာခဏ ဖြစ်နေခဲ့တယ်၊ ကမ္ဘာ့ကြယ်ဘက်ကို သွားတိုက်ဖို့ ရွေးချယ်ခဲ့တာကတော့ သူလုံးဝရူးသွားရင် ပြည်သူတွေကို ထိခိုက်သွားစေမိမှာစိုးလို့ပဲ “

ရှုကျိုးသည် မနေနိုင်တော့ဘဲ တွေးတောစဥ်းစားနေတော့လေသည်။

မထင်မှတ်ထားစွာဖြင့် ထိုကဲ့သို့ ဖြစ်ရပ်မျိုးသည် အစစ်အမှန် သိုင်းပညာဌာန၏ ယခင်ဌာနမှူးထံတွင် ဖြစ်ပျက်ခဲ့သည်။

ကံကြမ္မာပြောင်းပြန်လှန်ခြင်း၊ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်များနှင့် ရင်ဆိုင်ရခြင်း …….

သူ၏ နောင်အနာဂတ်တွင်လည်း မည်သည့်အရာများ ဖြစ်ပေါ်လာမည်နည်း …

ရှုကျိုးသည် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားခဲ့သည်။ အစစ်အမှန် သိုင်းပညာဌာန၏လမ်းကြောင်းသည် အမှန်ပင် ခက်ခဲကြမ်းတမ်းလွန်းနေခဲ့သည်၊ အဆင့်၆နတ်ဆေးလုံး ပြဿနာနှင့် အဆင့်၈ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

နဝမအဆင့်ကမူ ….. အစစ်အမှန် သိုင်းပညာဌာန၏ မည်သူကမှ နဝမအဆင့် မရောက်ခဲ့ဖူးသည့်အတွက် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ဝုချင်းရှန်သည် ရှုကျိုး၏ ပုခုံးကို ပုတ်ကာ စကားပြောလာခဲ့သည် “ ရှုကျိုး၊ အစစ်အမှန် သိုင်းပညာဌာနက မင်းက လမ်းကြောင်းတစ်ခု ဖောက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပြီးတော့ အရင်းအမြစ်အားလုံးကို မင်းအပေါ်မှာပဲ ပုံအောထားတယ်။ မင်းလို လူငယ်တစ်ယောက်ကို ဒီလိုတာဝန်မျိုးကို ထမ်းခိုင်းဖို့ ငါတို့ကလည်း မလိုချင်ကြဘူးကွာ “

သူသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်၊ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် သိုင်းပညာဌာနအတွက် လမ်းဖွင့်ပေးခဲ့သူတိုင်းက အဆုံးသတ်မကောင်းဘူးဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။

ယခင်က ဌာနမှူးသည် ရူးသွပ်သွားခဲ့ကာ တစ်ခြားကမ္ဘာသို့ သွားရောက်တိုက်ခိုက်ခဲ့သည်။

ရှန့်ဝမ်ချန်း၏ အခြေအနေကမူ အနည်းငယ် ပိုကောင်းနေခဲ့သည်၊ သို့သော် သူ၏နတ်ဆေးလုံးမှာ ထာဝရ ခိုင်မာသွားပြီး၊ သတ္တမအဆင့်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းမှာလည်း ပိတ်ဆို့သွားခဲ့သည်။

ဤလမ်းကြောင်းသည် ကျိန်စာသင့်နေသည့်အလား တစ်ဖက်ကမ်းသို့ မရောက်နိုင်သကဲ့သို့ ဖြစ်နေပုံရသည်။

ရှုကျိုးသည် ခေါင်းခါရမ်း၍ ပြောလာခဲ့သည် “ ဒါက အစကတည်းက ကျွန်တော်ရွေးချယ်ထားခဲ့တဲ့ လမ်းကြောင်းပါ။ တစ်ခြားလူတွေ မရှိဘူးဆိုရင်တောင်မှ ကျွန်တော်က ဒီလမ်းကြောင်းကို အဆုံးထိ ရောက်အောင် လျှောက်မှာပဲ “

ဝုချင်းရှန်မှာ ပြုံးမိသွားခဲ့သည် “ တကယ်ပဲ ငါရော အစစ်အမှန် သိုင်းပညာဌာနရောက မင်းကို အကဲခတ် မမှားခဲ့ဘူးပဲ “

ဤလမ်းကြောင်းသည် စိတ်ဓာတ်ခိုင်မာသူများ၊ ဇွဲလုံ့လရှိသူများအတွက်သာ ဖြစ်သည်။

ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။ အစစ်အမှန် သိုင်းပညာဌာနက သူ့အပေါ်တွင် အရင်းအနှီးများစွာ ပေးအပ်ခဲ့သည်၊ သို့သော် သူ၏လမ်းကြောင်းသည် သူတစ်ဦးတည်းအတွက်သာ သင့်တော်နေခဲ့ပြီး၊ တစ်ခြားမည်သူကမှ ဤလမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။

ထိုကိစ္စအတွက် သူနောင်တမရသော်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရစဲပင် ဖြစ်သည်။

သို့ရာတွင် ယ‌နေ့၌ ဝုချင်းရှန်၏ စကားများကိုကြားခဲ့ရပြီးသည့်နောက်တွင် ရှုကျိုးသည် အတွေးအမြင်သစ်တစ်ခုကို ရုတ်တရက် စဥ်းစားမိသွားခဲ့သည်။

“ တကယ်လို့ ငါက နတ်ဆေးလုံးကို ရိုက်ချိုးနိုင်မယ်ဆိုရင်၊ ငါက ရလဒ်ကို ပြောင်းပြန်လှန်နိုင်ပြီးတော့၊ ငါ့ရဲ့လမ်းကြောင်းကို အကိုးအကားအဖြစ် သုံးပြီး၊ အစစ်အမှန် သိုင်းပညာဌာနအတွက် သင့်တော်မဲ့ လမ်းကြောင်းအသစ်တစ်ခုကို တကယ်ကြီး ရှာပေးလို့ ရလောက်တယ် “

………………………………………………………………………………………………………………………………………..

အပိုင်း ( 470 )

စစ်ပွဲရမှတ်စနစ်၊ ရှုန်းမာတောင်ကြား

“ သိုင်းပညာရှင်တွေက အဆင့်၅ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကလီစာငါးခု နတ်သန္ဓေသားကို ဖွဲ့စည်းကြတယ်၊ ဓာတ်ကြီးငါးပါးကို ပေါင်းစည်းပြီးသွားတာနဲ့၊ သူတို့က သွေးကြောမှတ် လည်ပတ်မှုနဲ့ ကလီစာငါးခု နတ်သန္ဓေသားကြားမှာရှိတဲ့ မှုန်ဝါးတဲ့ လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားကြမှာပဲ “

ရှုကျိုး၏ ယခုလက်ရှိ အခြေအနေမှ ပြန်လည်ကြည့်ရှုမည်ဆိုပါက ပထမအဆင့်နယ်ပယ်တွင် သွေးကြောမှတ်များ ပေါင်းစည်းခြင်းက ခန္ဓာကိုယ်အတွင်းရှိ ချီ-သွေးလည်ပတ်မှုလမ်းကြောင်းအား အကျိုးသက်ရောက်မှုရှိသည်ဆိုသည်ကို သိရှိရန် မခက်ခဲလှပေ။

အဆိုပါ လမ်းကြောင်းသည် သွေးကြောမှတ် လည်ပတ်မှုနှင့် ကလီစားငါးခု နတ်သန္ဓေသားတို့ကို ချိတ်ဆက်ပေးမည့် အရေးကြီးသော လမ်းကြောင်းများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

“ ဒီလမ်းကြောင်းက လူသုံးများတဲ့ ကျင့်ကြံရေး နည်းလမ်းကို ပြန်ပြီးတော့ ဆန်းသစ်တီထွင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ “

ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေလျက်ရှိသည် “ ဒါပင်မဲ့ ငါ့ရဲ့ နားလည်နိုင်စွမ်းက အကန့်အသတ် ရှိနေတုန်းပဲ။ အဆင့်၆ ဒါမှမဟုတ် အဆင့်၇ကို ရောက်သွားပြီးရင်တော့ ဒီလမ်းကြောင်းအပေါ်မှာ ရှိနေတဲ့ ငါ့ရဲ့နားလည်မှုက ပိုပြီးတော့ နက်ရှိုင်းသွားလောက်တယ် “

“ အဲ့ဒီအချိန်ကျရင် လူထုက လေ့ကျင့်နိုင်မဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေး နည်းလမ်းကို ဖော်ထုတ်နိုင်ဖို့ သိပ်မဝေးလောက်တော့ဘူး “

ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည်။

“ ပီ ပီ ပီ “

ဝုချင်းရှန်၏ စကားပြောစက် အော်မြည်လာခဲ့သည်။

၎င်းကို လက်ခံဖြေကြားလိုက်ပြီးသည့်နောက်တွင် သူ၏ အမူအရာသည် လျင်မြန်စွာ လေးနက်သွားခဲ့သည်။

“ ငါတို့သွားသင့်နေပြီ “ ထို့နောက်တွင် ဝုချင်းရှန်သည် ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည်။

ရှုကျိုး၏ အမူအရာမှာလည်း တင်းမာသွားပြီး မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ ကွမ်ဟန်မှာ တစ်ခုခု ဖြစ်လို့လား “

ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ အဝါနဲ့အနက် အဆင့်ဇယားတွေက ပါရမီရှင်တွေ ပေါ်လာကြပြီး၊ ရှေ့တန်းမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ် …… လမ်းမှာ ပြောပြမယ်၊ အာကာသယာဥ်ပေါ်တက်ကြစို့ “

( လျှို့ဝှက်ဆန်းကြယ်ကို အနက်ဆိုပြီး ပြောင်းသွားပါတယ်၊ ကျွန်တော်လည်း အဲ့အတိုင်းပဲ ပြောင်းသုံးသွားပါမယ် )

“ ဟုတ်ကဲ့ “

တစ်ခဏခန့် အကြာတွင် ရှုကျိုးသည် Aအဆင့် ၁၀၀အမျိုးအစား ချပ်ဝတ်တန်ဆာနှင့် ဖိနပ်တို့ကို ဝတ်ဆင်ကာ ဝုချင်းရှန်နောက်သို့ လိုက်၍ ကွမ်ဟန်တက္ကသိုလ်၏ လေယာဥ်ဂိုထောင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဂိုထောင်အတွင်း၌ တစ်ခြားသော မည်သည့်လေယာဥ်မှ ရှိမနေဘဲ ဧရာမ အာကာသယာဥ်တစ်စီးသာ ရှိနေခဲ့လေသည်။

လေယာဥ်၏နောက်တံခါး ပွင့်လာခဲ့ကာ မီတာဆယ်ဂဏန်းမျှ မြင့်မားသည့် လှေကားတစ်ခု ကျဆင်းလာခဲ့သည်။

သူတို့နှင့်အတူ ကျောင်း၏ ပညာရှင်တစ်ချို့၊ နည်းပြဆရာ ဆရာမများနှင့် တတိယအဆင့် ကျောင်းသူကျောင်းသား အများအပြားနှင့် ၎င်း၏အထက်မှ ကျောင်းသားကျောင်းသူများလည်း ဤယာဥ်ပေါ်သို့ တက်ရောက်လာကြသည်။

“ ဆရာ၊ ကျွန်တော်က အဆင့်၃ကို အခုမှ ရောက်လာတာလေ။ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ပြီးမှ ကွမ်ဟန်ကို သွားလို့မရဘူးလားဗျ “

လူအုပ်အတွင်း၌ ကျောင်းသားတစ်ဦးမှာ စိတ်ဆင်းရဲနေပုံရသည်။

သူ့ဘေးနားရှိ တတိယအဆင့် ကျောင်းသူကျောင်းသား အများအပြားကလည်း တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်ပြလာကြသည်။

“ ဟုတ်တယ်၊ ဆရာ၊ ကျွန်တော်တို့က နောက်တစ်သုတ်မှ သွားလို့ မရဘူးလားဗျာ “

“ အခု ရုတ်တရက်ဆန်လွန်းတယ်၊ ကျွန်တော်က ဘာမှကို မပြင်ဆင်ရသေးဘူး “

“ ကျွန်တော်ဆို တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကိုတောင် မဝတ်ခဲ့ရဘူး “

တတိယအဆင့် ကျောင်းသူကျောင်းသားများအနက်မှ လူတစ်ချို့သည် ကွမ်ဟန်သို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးကြပေ။

ပုံမှန်အားဖြင့် အကြမ်းစားပါရမီရှင်များကသာလျှင် တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ကွမ်ဟန်သို့ သွား၍ တာဝန်ထမ်းဆောင်လေ့ရှိကြသည်။

တစ်ချို့သော ကျောင်းသူကျောင်းတို့ကမူ စတုတ္ထအဆင့် (သို့) ပဥ္စမအဆင့်သို့ရောက်မှသာလျှင် ကွမ်ဟန်သို့ သွားရောက်တာဝန်ထမ်းဆောင်ကြသည်။

“ ဒါက စစ်မှုထမ်းတာပဲ၊ မင်းတို့က ထွက်ပြေးဖို့ စီစဥ်နေကြတာလား “

နည်းပြဆရာတစ်ဦးသည် ဒေါသထွက်နေသည့် အမူအရာဖြင့် ပြင်းပြင်းထန်ထန် အော်ငေါက်လာခဲ့သည်။

သူ၏စကားကို ကြားလိုက်ရသောအခါတွင် ကျောင်းသူကျောင်းသားအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြသည်။

စစ်မှုထမ်းခြင်း၊ အားလုံးသည် ဤကိစ္စ၏ လေးနက်မှုကို နားလည်ထားကြသည်။

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား ၉၀%လောက်ကို တပ်ဖြန့်ချထားဖို့ လိုအပ်တယ်၊ ကျောင်းမှာက လူနည်းနည်းပဲ ကျန်တော့တယ် “

ရှုကျိုးသည် ဤစစ်ပွဲက သူထင်ထားသည်ထပ် ပိုမိုပြင်းထန်နေသည်ကို နားလည်သွားခဲ့သည်။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ကျောင်းတစ်ကျောင်းဖြစ်သော်လည်း၊ စစ်ဖြစ်နေစဥ်ကာလတွင် ၎င်းမှာ စစ်သားထုတ်လုပ်ရေးစက်အဖြစ် ပြောင်းလဲသွားပြီး၊ စစ်မြေပြင်သို့ တပ်ဖွဲ့များကို အဆက်မပြတ် စေလွှတ်ရလေ့ရှိသည်။

“ ဘုမ်းးး “

နာရီဝက်အကြာတွင် အာကာသယာဥ်သည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ ကွမ်ဟန်သို့ ဦးတည်သွားတော့သည်။

…

“ ကျောင်းအုပ်ကြီး၊ ကွမ်ဟန်က အခြေအနေက ဘယ်လိုရှိလဲဗျ “

အာကာသယာဥ်အတွင်း၌ ရှုကျိုးသည် ဝုချင်းရှန်၏ ဘေးဘက်တွင် ထိုင်ကာ လေသံတိုးတိုးလေးဖြင့် မေးမြန်းလာခဲ့သည် “ ခုနက ပြောခဲ့တဲ့ အဝါနဲ့ အနက်အဆင့်က လူတွေဆိုတာက ဘယ်သူတွေလဲဗျ “

ကမ္ဘာ့ကြယ်၏ အဆင့်ဇယားလေးခုမှ ပါရမီရှင်များကို ကြယ်ပြာဂြိုဟ်အတိုင်းပင် သာမန်နှင့် ထိပ်တန်းစွမ်းရည်များအဖြစ် အဆင့်ခွဲခြား သတ်မှတ်ထားခဲ့သည်။

ကမ္ဘာ့ကြယ်၏ အဆင့်ဇယားလေးခုမှ ပါရမီရှင်များအနက် အဆင့်တစ်ထောင်အောက်နှင့် တစ်ထောင်ကျော်မှ အဆင့်များသည် လုံးဝကွဲပြားခြားနားသော တည်ရှိမှုများ ဖြစ်သည်။

အဆင့်တစ်ရာကျော်နှင့် အဆင့်တစ်ရာအောက်မှ အဆင့်များကလည်း လုံးဝခြားနားနေခဲ့သည်။

ထို့အပြင် အဆင့်ဇယားလေးခုမှ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ချင်းစီတိုင်းသည် အဖိုးတန် တည်ရှိမှုများသည် သူတို့သည် ပြိုင်ဘက်များကို ဆယ်ယောက်တစ်ယောက် ရင်ဆိုင်နိုင်ကြသည့် အစစ်အမှန် ပါရမီရှင်များဖြစ်သည်။

ဥပမာအနေဖြင့် အနက်ရောင် အဆင့်ဇယားကို မှတ်ပါလေ၊ ထိုဇယားအတွင်းရှိ လူတိုင်းနီးပါးသည် ဆဌမအဆင့် ပညာရှင်များ ဖြစ်ကြပြီး၊ ထိပ်ဆုံးဆယ်ဦးကမူ ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်သည်။

တစ်ခါက ကမ္ဘာ့ကြယ်ဘက်မှ အနက်ရောင်အဆင့် ထိပ်ဆုံးဆယ်ဦးစာရင်းဝင် ပညာရှင်တစ်ဦးသည် ကြယ်ပြာဂြိုဟ်၏ စစ်တပ်အဆင့် အစီအရင်တစ်ခုကို ဖြိုခွင်းရန် လူသုံးထောင်ကို ဦးဆောင်လာခဲ့ဖူးသည်။

စစ်တပ်အဆင့် အစီအရင်တစ်ခုတွင် အနည်းဆုံးအနေဖြင့် လူအယောက်တစ်သောင်း ပါဝင်ပြီး၊ ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးက ကြီးကြပ်နေသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

လူအယောက်တစ်သောင်းပါဝင်သည့် အစီအရင်ကို လူသုံးထောင်ဖြင့် ဖြိုခွင်းခြင်း၊ ၎င်းကို ကြည့်ခြင်းအားဖြင့် အနက်ရောင်အဆင့်ဇယားမှ ထိပ်ဆုံးပါရမီရှင် ဆယ်ဦးက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သိနိုင်ပေသည်။

ဝုချင်းရှန်မှ ပြောပြလာခဲ့သည် “ ဒီတစ်ခါကတော့ အဝါရောင်အဆင့်ဇယားရဲ့ ထိပ်တန်း အယောက်၁၀၀အဆင့်က ပါရမီရှင်တွေပေါ်လာခဲ့တာပဲ၊ ဒါပင်မဲ့ သိပ်မကြာခင်အချိန်မှာပဲ အနက်ရောင် အဆင့်ဇယားရဲ့ ထိပ်တန်း အယောက်၁၀၀၀အဆင့်က ပါရမီရှင်တွေ ပေါ်လာလိမ့်မယ်လို့ ငါထင်တယ် “

( ရှုပ်နေမှာစိုးလို့ ပြောပြပါမယ်၊ ထိပ်တန်းအယောက်၁ထောင်အဆင့်က လူဆိုတာက အဆင့် ၁၀၀၀၊ အဆင့် ၉၉၉က လူတွေ ဖြစ်နိုင်သလို အဆင့် ၅၀၊ အဆင့် ၃၀က လူတွေလည်း ဖြစ်နိုင်ပါတယ်၊ ထိပ်ဆုံးအယောက် ၁၀၀ကတော့ အဆင့် ၁ကနေ ၁၀၀အတွင်းဝင်တဲ့ လူတွေပဲ ဖြစ်ပါတယ် )

“ ဒါပင်မဲ့ သူတို့တွေကလည်း ငါတို့ဘက်က ပါရမီရှင်တွေပေါ်လာမှာကို စောင့်နေကြတယ် “

“ အဝါရောင်အဆင့်ကလူတွေကို ကိုင်တွယ်ဖြေရှင်းလို့ရတယ်။ သူတို့တွေဆီမှာ ပထမအဆင့်စွမ်းအားပဲ ရှိကြတာ၊ ဒါပင်မဲ့ အနက်ရောင် အဆင့်က လူအယောက်တစ်ထောင်ကတော့ နည်းနည်းလေး ပြဿနာများတယ်။ အဲ့အချိန်ကျရင် ငါတို့က သူတို့တွေကို ရင်ဆိုင်ဖို့အတွက် စစ်အင်အားကို လေး၊ငါးဆလောက် မြှင့်ပြီးတော့ ပို့ရလိမ့်မယ် “

ပဥ္စမအဆင့်နှင့် ဆဌမအဆင့်များတွင် နတ်သိုင်းဌာန၏ အားနည်းချက်များက သိသာထင်ရှားလာခဲ့သည်။

အဆင့်တူ ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် သူတို့သည် ရန်သူတစ်ဦးကို ကိုင်တွယ်ရန်အတွက် လူသုံးဦးမှ လေးဦးအထိ ပူးပေါင်းဆောင်ရွက်ရလေ့ရှိသည်။

သတ္တမအဆင့်နောက်ပိုင်းကမူ ပို၍ပင် ဆိုးရွားနေခဲ့ပြီး၊ အောင်မြင်မှုကို ရယူရန်အတွက် လူငါးဦးကျော်ကျော် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လေ့ရှိသည်။

“ အခုလက်ရှိ အချိန်မှာ ငါတို့ရဲ့ စစ်ရေးအားသာချက်က လူအရေအတွက်ပဲ “

ဝုချင်းရှန်းမှ ဆက်ပြောလာခဲ့သည် “ ငါတို့ရဲ့ အလယ်အလတ်အဆင့် နယ်ပယ်က ပညာရှင်တွေက ကမ္ဘာ့ကြယ်ထပ် ငါးဆကျော် ပိုများတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏စိတ်နှလုံးသားသည် အလွန်တရာလေးလံနေခဲ့သည်။

ယခုလက်ရှိအချိန်တွင် ကမ္ဘာ့ကြယ်သည် အဝါရောင် အဆင့်ဇယား၏ ထိပ်တန်းအယောက် ၁၀၀ကိုသာ စေလွှတ်ရသေးပြီး၊ ကွမ်ဟန်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားနှင့် ဆရာ၊ ဆရာမများသည် စစ်တပ်ကို ထောက်ပံ့ကူညီရန်အတွက် လူတိုင်းနီးပါးထွက်လာခဲ့ရသည်။

အကယ်၍ အနက်ရောင်အဆင့်ဇယားတွင် ထိပ်တန်းအယောက် ၁၀၀၀အဆင့်ဝင်သူများ ရောက်လာမည်ဆိုလျှင်တောင်မှ ကြယ်ပြာဂြိုဟ်သည် သူတို့ကို ခုခံထားနိုင်ဦးမည် ဖြစ်သည်။

သို့ရာတွင် ထိပ်တန်းအယောက် ၁၀၀အဆင့်မှ ပါရမီရှင်များ ရောက်လာမည်ဆိုပါက …..

ထိုလူတစ်ဦးချင်းစီတိုင်းသည် ဆယ်ယောက်တစ်ယောက် ယှဥ်တိုက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

“ ငါကရော သူတို့နဲ့ ရင်ဆိုင်ရရင် ဘယ်လိုနေမလဲဆိုတာကို သိချင်နေမိပြီ “ ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည်။ ယခုလက်ရှိ အချိန်၌ သူသည် ဆဌမအဆင့်မှ ပညာရှင်တစ်ဦးကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့သည်။

…

သုံးနာရီ အကြာတွင်

အာကာသယာဥ်သည် ကွမ်ဟန်ရှိ ခံတပ်စခန်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာသောအခါတွင် ရှုကျိုးသည် ဤနေရာ၏ လေထုက ယခင်တစ်ကြိမ်ကနှင့် ကွဲပြားနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 471 )

စစ်ပွဲရမှတ်စနစ်၊ ရှုန်းမာတောင်ကြား ၂

တင်းမာမှုတို့ဖြင့် ပြည့်နှက်ကာ သတ်ဖြတ်လိုစိတ်များ လျှံထွက်နေခဲ့သည်။

“ နံပါတ်၁ စစ်ကြောင်း၊ ဒီမှာ လူစု “

“ နံပါတ်၂ စစ်ကြောင်း၊ ဒီမှာ လူစု “

“ မင်းတို့ရဲ့ ပစ္စည်းတွေကို ပြောင်း၊ မင်းတို့ရဲ့ အခြေအနေကို ချိန်ညှိ၊ စစ်မြေပြင်ကို ရောက်သွားတာနဲ့ တပ်မှူးရဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာကြ။ မေးခွန်းတွေလျှော့၊ စကားလည်းလျှော့၊ ပိုပြီးတော့ စောင့်ကြည့်၊ ပိုပြီးတော့ နားထောင်ကြ “

အာကာသယာဥ်မှ ဆင်းလာခဲ့ပြီးသည့်နောက်တွင် ကျောင်းသူကျောင်းသားများသည် ရင်ပြင်တွင် စုဝေးကာ စစ်မိန့်များအောက်တွင် အဖွဲ့များအဖြစ် လျင်မြန်စွာ ဖွဲ့စည်းနေကြတော့သည်။

စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရာရှိတစ်ဦးသည် ရင်ပြင်အလယ်ဗဟိုတွင် ရပ်နေကာ မြန်မြန်ဆန်ဆန် စကားပြောနေလျက်ရှိသည်။

များသောအားဖြင့် စစ်ပွဲကာလတွင် ဤအရာများ ပြောဆိုနေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်၊ သို့သော် ယခုရောက်ရှိလာသည့် ကျောင်းသူကျောင်းသားအများစုက ဤနေရာသို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သောကြောင့် အရာရှိက သတိပေးစကားများ ပြောဆိုနေရခြင်းဖြစ်သည်။

သို့သော် ထိုစကားများကိုပြောခဲ့ပြီးသည့်နောက်တွင် သူသည် ဤနေရာမှ ခပ်သုတ်သုတ် လှည့်ထွက်သွားခဲ့သည်။

တတိယအဆင့် နယ်ပယ်မှ ပညာရှင် အများစုသည် လျင်မြန်စွာ တုံ့ပြန်လာခဲ့ကြပြီး၊ သူတို့၏ အခြေအနေများကို ထိန်းညှိကာ သယ်ယူပို့ဆောင်မည့် အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။

ကျောင်းသူကျောင်းသား အနည်းစုကသာလျှင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ကြသည်။

စစ်တပ်သည် ထိုလူများကို လိုက်လျောညီထွေဖြစ်လာစေရန် အချိန်မပေးခဲ့ပေ၊ အကယ်၍ သူတို့က ၎င်းကို ဤနေရာတွင် မလုပ်နိုင်ကြဘူးဆိုပါက၊ စစ်မြေပြင်တွင် ပြုလုပ်ရမည် ဖြစ်သည်။

( ရောမရောက်ရင် ရောမကျင့်ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ )

အကယ်၍ သူတို့က လိုက်လျောညီထွေဖြစ်အောင် မပြုလုပ်နိုင်ဘူးဆိုပါက၊ သေချာပေါက် ကျဆုံးသွားကြမည် ဖြစ်သည်။

တစ်နာရီကြာ အသုံးပြုနိုင်ရန်အတွက် စစ်သားများကို ရက်ပေါင်းတစ်ထောင်တိတိ လေ့ကျင့်ပေးရတတ်သည်၊ သိုင်းပညာ တက္ကသိုလ် တစ်ခုချင်းစီတိုင်း၏ အဆင့်မြင့် သင်ကြားရေး နည်းစနစ်များ၊ ဈေးသင့်သည့် ကျင့်ကြံရေး အရင်းအမြစ်များနှင့် တင်းကြပ်သော နေ့စဥ်လေ့ကျင့်ရေး အစီအစဥ်များ၊ ထိုအရာအားလုံးသည် စစ်သားများကို လေ့ကျင့်ပေးခြင်းအတွက်သာ ဖြစ်သည်။

နိုင်ငံတော်မှ တန်ဖိုးကြီးကြီးမားမား ပေးချေ၍ သူတို့ကို ပျိုးထောင်ခဲ့သည်မှာ ယနေ့အတွက်ပင် ဖြစ်သည်။

ထိုကိစ္စများကို သူတို့က သိုင်းပညာနှင့် သိုင်းပညာ တက္ကသိုလ်များကို ရွေးချယ်ခဲ့သည့် အချိန်ကတည်းက အသေအချာ ဖော်ပြရှင်းပြထားခဲ့ပြီးပြီ ဖြစ်သည်။

အကယ်၍ စစ်မြေပြင်သို့ မသွားချင်ဘူးဆိုပါက၊ သာမန်တက္ကသိုလ်တစ်ခုသို့သွား၍ သာမန်လူတစ်ဦးသာ လုပ်သင့်ပေသည်။ သို့သော် သိုင်းပညာ တက္ကသိုလ်သို့ ဝင်ရောက်၍ နိုင်ငံတော်နှင့် ကျောင်းတို့ထံမှ တန်ဖိုးကြီးအရင်းအမြစ်များကို လက်ခံမည်ဆိုပါက ဤတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး၊ စစ်မြေပြင်တွင် တိုက်ခိုက်ရန် အမြဲတမ်း အသင့်ဖြစ်နေရမည် ဖြစ်သည်။

ရှုကျိုးမှာ ထိုကျောင်းသူကျောင်းသား အဖွဲ့များထဲတွင် မပါဝင်ပေ။

သူသည် ပဥ္စမအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ အလယ်အလတ် သုံးဆင့်နယ်ပယ်၏ ထောက်တိုင်တစ်ခု ဖြစ်သည်။

ထိုအချိန်၌

“ စစ်သည်တော် ရှုကျိုး၊ မင်းကိုတော့ အနောက်ပိုင်း စစ်နယ်မြေရဲ့ နယ်မြေ ၂၃ဆီ ပို့ပေးပါမယ်၊ အသင့်ပြင်ထားပေးပါ “

ထုတ်လွှင့်ကြေညာချက် ပေါ်ထွက်လာခဲ့သည်။

“ အနောက်ပိုင်း စစ်နယ်မြေ ………. “ ရှုကျိုးသည် ယခင်ကအဖြစ်အပျက်များကို အမှတ်ရသွားတော့သည်။

ယခင်တစ်ကြိမ် ကွမ်ဟန်သို့ လာခဲ့စဥ်က သူသည် အရှေ့ပိုင်း စစ်နယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်၊ သို့သော် ဤတစ်ကြိမ်တွင်မူ ထိုကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် အရှေ့ပိုင်း စစ်နယ်မြေတွင် အနိမ့်ပိုင်း သုံးဆင့်မှ ပညာရှင်တို့၏ တိုက်ပွဲများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

အနောက်ပိုင်း စစ်နယ်မြေကမူ အလယ်အလတ် သုံးဆင့်မှ ပညာရှင်များအတွက် အဓိက တိုက်ပွဲကွင်းပြင် ဖြစ်သည်။

ယခင်က လန်ယု၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရသည်မှာလည်း အဆိုပါ အနောက်ပိုင်း စစ်နယ်မြေမှာပင် ဖြစ်သည်။

ဝုချင်းရှန်သည် ရှုကျိုးကို ကြည့်လာခဲ့သည် “ ရှုကျိုး၊ နယ်မြေ၂၃ကို ရောက်တဲ့ အချိန်ကျရင် စစ်ပွဲအမှတ်တွေ ပိုရအောင် ကြိုးစား၊ မင်းရဲ့ခွန်အားနဲ့ဆိုရင်၊ မင်းက ကျောင်းအဆင့် အရာရှိအဖြစ် သေချာပေါက် ရာထူးတိုးမှာပဲ “

“ ကျောင်းအဆင့် အရာရှိလား “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။

ကွမ်ဟန်၏ အရာရှိစနစ်တွင် ဒုတိယဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး စသည်ဖြင့် ပါဝင်နေခဲ့သည်။

ဝုချင်းရှန်ကမူ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။

ဝုချင်းရှန်က မည်သည့်အတွက်ကြောင့် ရှုကျိုးကို ကျောင်းအဆင့် အရာရှိအဖြစ် ရာထူးတိုးစေချင်ရသနည်း။

အဘယ့်ကြောင့်ဆိုသော် ကျောင်းအဆင့် အရာရှိ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် တပ်ဖွဲ့တစ်ခု၏ တပ်ရင်းမှူး/တပ်မှူးဖြစ်လာမည်ဖြစ်ပြီး၊ စစ်သည်တော် ဖြစ်ရခြင်း၏ ဒုက္ခများကို ခံစားရတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

စစ်သည်တော်များသည် စစ်မြေပြင်တွင် တိုက်ခိုက်သတ်ဖြတ်ရသူများဖြစ်ပြီး၊ သူတို့၏အောင်မြင်မှုများကိုမူ တပ်ရင်းမှူးများကသာ ယူဆောင်သွားလေ့ရှိသည်။

ရှုကျိုးသည် ကွမ်ဟန်မစ်ရှင်တွင် တစ်ကြိမ်မျှသာ ပါဝင်ခဲ့ဖူးပြီး၊ ၎င်းမှာလည်း အကဲဖြတ် မစ်ရှင်တစ်ခုသာ ဖြစ်နေခဲ့သည်၊ ထို့ကြောင့် သူသည် စစ်သည်တော်တစ်ဦးအဖြစ်သာ ရှိနေသေးပြီး၊ အငယ်တန်းအရာရှိပင် မဖြစ်သေးပေ။

“ ဒီစစ်ပွဲက ငါ့ကို ကျောင်းအဆင့် အရာရှိအဖြစ် ရာထူးတိုးသွားစေဖို့ လုံလောက်ပါတယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည်။

ရာထူးတိုးရန် အကောင်းဆုံးအချိန်မှာ မည်သည့်အချိန် ဖြစ်သနည်း။

စစ်ဖြစ်နေစဥ်ကာလပင် ဖြစ်သည်။

မကြာခင်မှာပင် ပို့ဆောင်ရေး လမ်းကြောင်းမှာ လင်းလက်တောက်ပလာခဲ့ပြီး၊ ရှုကျိုးကို ပို့ဆောင်ရန် ပြုလုပ်လာခဲ့သည်။

ဝုချင်းရှန် သူ့ကို စကားထပ်ပြောလာခဲ့သည် “ ရှုကျိုး၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့က အရေးအကြီးဆုံးပဲ၊ နားလည်လား “

ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ နားလည်ပါတယ် “

ဝုချင်းရှန်သည် သူ့ကို လက်ဝေ့ယမ်းပြလာခဲ့သည်၊ ပို့ဆောင်ရေး လမ်းကြောင်းမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ရှုကျိုးနှင့် တစ်ခြားလူ အယောက်တစ်ရာကို နယ်မြေ ၂၃ထံသို့ ပို့ဆောင်နေတော့သည်။

ဝုချင်းရှန်သည် အသက်ကို ရှူထုတ်ကာ တီးတိုးရေရွတ်ပြောဆိုနေတော့သည် “ ငါကလည်း မြောက်ပိုင်း စစ်နယ်မြေကို သွားသင့်နေပြီ “

မြောက်ပိုင်း စစ်နယ်မြေသည် ကွမ်ဟန်တစ်ခုလုံး၏ အဆင့်အမြင့်ဆုံးသော စစ်နယ်မြေတစ်ခုဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သည့် ဝုချင်းရှန်မှာလည်း ထိုနေရာရှိ အဆင့်မြင့် တိုက်ပွဲများတွင် ပါဝင်ရလေသည်။

…

ကွမ်ဟန်၏ အနောက်ပိုင်း စစ်နယ်မြေ၊ နယ်မြေ ၂၃

မြင့်မားသော တောင်တန်းဒေသကြားတွင် တောင်ကြားလမ်းတစ်ခု ရှိနေခဲ့သည်။

ဤနေရာသို့ ပို့ဆောင်ခံခဲ့ရပြီးသည့်နောက်တွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ တအံ့တဩ ဖြစ်သွားခဲ့သည် “ အနောက်ပိုင်း စစ်နယ်မြေက အရှေ့ပိုင်း စစ်နယ်မြေနဲ့ တော်တော်ကြီးကို မတူတာပဲ “

ထူးခြားသော ဓာတ်ရောင်ခြည်သင့်မှုကြောင့် ကွမ်ဟန်သည် ယခင်ကကဲ့သို့ ခြောက်ခြောက်သွေ့သွေ့ ဖြစ်မနေတော့ဘဲ တောင်တန်းများနှင့် ရေများပင် ရှိလာခဲ့သည်၊ သို့သော် မြေပြင်အနေအထားမှာ ကြယ်ပြာဂြိုဟ်ထပ်ပင် ပို၍ အန္တရာယ်များလာခဲ့သည်။

ရှုကျိုးသည် တောင်ကြားလမ်းအတွင်းသို့ ဆင်းသက်လာခဲ့ပြီး၊ သူ၏ဘေးတွင် သူနှင့်အတူ ဤနေရာသို့ ပို့ဆောင်ခံရသည့် လူများ ရှိနေခဲ့သည်။

“ ရှုကျိုးလား “

ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ရှုကျိုးသည် လှည့်ကြည့်လိုက်ပြီး၊ စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော မိန်းမပျိုတစ်ဦးက သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ရှားလီယွဲ့လား “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ရှားလီယွဲ့မှ ပြုံးပြလာခဲ့သည် “ နင်ကလည်း ဒီနေရာကို အပို့ခံလိုက်ရမယ်လို့ ငါမထင်ထားခဲ့မိဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ တော်တော်ကြီးကို တိုက်ဆိုင်တာပဲ “

ရှားမိသားစု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှားလီယွဲ့သည် ယခင်က လနတ်ဘုရားဂိုဏ်းခွဲ ဖျက်စီးခြင်း မစ်ရှင်တွင် သူနှင့်အတူ ပါဝင်ခဲ့ပြီး၊ ထို့နောက်၌ ကွမ်ဟန်အကဲဖြတ်မှု မစ်ရှင်တွေလည်း သူမနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုစဥ်က ရှားလီယွဲ့သည် အင်အားကြီး ပဥ္စမအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။

ယခု၌ ရှုကျိုးသည် သူမနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရှားလီယွဲ့မှာလည်း ရှုကျိုး၏ အောင်မြင်မှုများကို ကြားထားခဲ့ရပြီး၊ သူ့ကို အတော်လေး စိတ်ဝင်တစားရှိနေခဲ့သည် “ လပိုင်းအတွင်းမှာပဲ၊ နင်က အဆင့်၄ နယ်ပယ်အထိ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

သူမသည် ရှုကျိုး၏ အဆင့်ထိုး‌ဖောက်မှုအကြောင်းကို မသိသောကြောင့် သူက စတုတ္ထအဆင့်နယ်ပယ်တွင်သာ ရှိနေသေးသည်ဟု ထင်နေခဲ့သည်။

ရှုကျိုးသည် သူမကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ နင်ရာထူးတက်တာလည်း တော်တော်ကြီးကို မြန်ပါတယ်၊ နင်က ဒုတိယ‌ဗိုလ်မှူးကြီးတောင် ဖြစ်နေပြီ “

သူသည် ယခင်က ဤအမျိုးသမီးမှာ ဗိုလ်ကြီးအဆင့်တွင်သာ ရှိနေခဲ့သည်ဆိုသည်ကို မှတ်မိနေခဲ့သည်၊ လပိုင်းအတွင်းမှာပင် အဆင့်နှစ်ဆင့် မြင့်တက်လာခြင်းက သူမသည် စစ်ပွဲတွင် များစွာ အကျိုးဆောင်ခဲ့ကြောင်းကို သိသာထင်ရှားစေခဲ့သည်။

ရှားလီယွဲ့မှ ပြုံးပြလာခဲ့သည် “ စစ်ပွဲအမှတ်တွေကို စွမ်းဆောင်ရည် ရှိတဲ့သူတွေက မြန်မြန်ရပါတယ်။ နင်ကလည်း မကြာခင် အချိန်မှာ ကျောင်းအဆင့် အရာရှိအဖြစ် ရာထူးတိုးတော့မယ်လို့ ငါယုံကြည်တယ် “

ရှုကျိုးမှ မေးမြန်းလိုက်သည် “ စစ်ပွဲအမှတ်တွေကို ဘယ်လိုကြည့်ရတာလဲ “

All Chapters