အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အပိုင်း ( 472 )
စစ်ပွဲရမှတ်စနစ်၊ ရှုန်းမာတောင်ကြား ၃
“ နင့်မှာ လက်ပတ်ရှိတယ် မဟုတ်ဘူးလား။ ဒုတိယအဆင့် စာမျက်နှာမှာ အဲ့တာကို ပြထားတယ်လေ “ ဟုရှားလီယွဲ့မှ ပြန်ပြောလာခဲ့သည်။
ရှုကျိုးမှလက်ပတ်ကို ဖွင့်လိုက်ရာ အလင်းတန်း မျက်နှာပြင်တစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ပထမစာမျက်နှာတွင် သူ၏ အမည်၊ အဆင့်၊ စစ်နယ်မြေ … စသည်ဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပြသထားခဲ့သည်။
ဒုတိယအဆင့် စာမျက်နှာကို ဖွင့်ကြည့်လိုက်သည့် အခါတွင်မူ စစ်ပွဲရမှတ် စာမျက်နှာ ပေါ်ထွက်လာခဲ့သည်။
[ အမည် : ရှုကျိုး
အဆင့် : ပထမအဆင့် တပ်သား
စစ်ပွဲရမှတ် : ၁၀၀၀ ]
“စစ်ပွဲအမှတ်တွေကို ဘယ်လိုတွက်ချက်တာလဲ “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှားလီယွဲ့မှ ရှင်းပြလာခဲ့သည် “ အဆင့်၃ ပညာရှင်ကို သတ်ရင် အမှတ် ၁၀မှတ်ရတယ်၊ အဆင့်၄ ပညာရှင်ဆိုရင်တော့ အမှတ် ၁၀၀ရတယ်၊ အဆင့်၅ ပညာရှင်ကို သတ်ရင် အမှတ် ၁၀၀၀ ရတယ် “
“ ပြီးတော့ အကဲဖြတ်မှု မစ်ရှင်ကို ကျော်ဖြတ်လာနိုင်ခဲ့တဲ့ လူသစ်လေးတွေကိုတော့ အမှတ် ၁၀၀၀စီ ညီတူညီမျှ ပေးထားတယ် “
“ နားလည်ပြီ “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ယခင်က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း မည်သည့်အတွက်ကြောင့် သူ၏ အမှတ်က အလွန်တရာ နည်းပါးနေရလဲဆိုသည်ကို သူနားလည်သွားခဲ့သည်။
အကဲဖြတ်မှု မစ်ရှင်တွင် ကမ္ဘာ့ကြယ်သားများကို မည်မျှပင် သတ်ခဲ့ပါစေ၊ တူညီသော ရမှတ်ကိုသာ ပေးအပ်မည် ဖြစ်သည်။
“ ဒုဗိုလ်မှူးကြီးရှား “
ထိုအချိန်တွင် ကြမ်းတမ်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
အနီရောင် တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကောင်ကြီးကြီး သိုင်းပညာရှင်တစ်ဦးသည် စခန်းမှ ထွက်လာခဲ့ကာ သူမတို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
“ တပ်ရင်းမှူး ကျုံးချန် “ ရှားလီယွဲ့သည် သူ့ကို ပြုံးပြလိုက်သည်။
ကျုံးချန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာခဲ့သည် “ ကောင်းကင်ဘုံက ကျုပ်တို့တပ်ဖွဲ့ကို မျက်နှာသာ ပေးနေတာပဲ။ ဒုဗိုလ်မှူးကြီး ရှားလို နာမည်ကြီး တပ်ရင်းမှူးတစ်ယောက်က ကျုပ်တို့ကို ကူဖို့ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
ရှားလီယွဲ့သည် သူမ၏ဦးခေါင်းလေးကို ခါရမ်း၍ ပြန်ပြောလိုက်သည် “ ဒီတစ်ခါတော့ အသုတ်အလိုက် ကြုံရာကျပန်း တာဝန်ချပေးလိုက်တာ။ ကျွန်မကို တပ်ရင်းမှူးတစ်ယောက်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါပင်မဲ့ ကျွန်မဘေးမှာ ရှိတဲ့ ပုဂ္ဂိုလ်ကတော့ စူပါစတားပဲ၊ ရှင်လည်း သူ့နာမည်ကို ကြားဖူးလောက်မှာပါ “
ရှားလီယွဲ့မှ ရှုကျိုးကို မိတ်ဆက်ပေးလိုက်သည် “ သူ့နာမည်က ရှုကျိုးတဲ့၊ လွန်ခဲ့တဲ့ လပိုင်းတုန်းက သူက အရှေ့ပိုင်း စစ်နယ်မြေမှာ အဆင့်၃ ပညာရှင် ထောင်နဲ့ချီ သတ်ဖြတ်ခဲ့ပြီး၊ အကဲဖြတ်မှုမစ်ရှင်မှာ ပထမရခဲ့တယ်လေ “
“ အို့ “ ကျုံးချန်၏ မျက်လုံးများ တောက်ပသွားကာ ရှုကျိုးကို ကြည့်၍ စကားပြောလာခဲ့သည် “ ဆိုတော့ နှစ်တစ်ရာမှာ တစ်ခါပေါ်လာတဲ့ ပါရမီရှင်က မင်းပေါ့။ ညီအစ်ကိုရှုရဲ့ နာမည်ကတော့ တကယ့်ကို ဒဏ္ဍာရီပါပဲ “
ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ တပ်မှူးကျုံးက ကျွန်တော့်ကို မြှောက်နေတာပဲ “
ထိုအချိန်တွင် ကျုံးချန်သည် ရှုကျိုး၏ အဆင့်ကို သတိပြုမိသွားကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက ဘာလို့ တပ်သားဖြစ်နေရသေးတာလဲ “
ရှားလီယွဲ့သည် ရှုကျိုးကိုယ်စား ရှင်းပြပေးလာခဲ့သည် “ အရင်တစ်ခါ အကဲဖြတ်မှု မစ်ရှင်ပြီးသွားတဲ့ အချိန်ကတည်းက သူက ကွမ်ဟန်ကို ပြန်မရောက်လာခဲ့ဘူးလေ၊ အဲ့တာကြောင့် သူ့ဆီမှာ စစ်ပွဲအမှတ်တွေ များများစားစား မရှိဘူး “
“ နားလည်ပြီ “ ကျုံးချန်သည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ သူသည် ရှုကျိုး၏ အဆင့်အတန်းကို အလိုအလျောက် နှိမ့်ချပစ်လိုက်သည်။
ရှုကျိုးက အကဲဖြတ်မှု မစ်ရှင်တွင် မည်မျှပင် ထူးချွန်နေခဲ့ပါစေ၊ ၎င်းမှာ အနိမ့်ပိုင်း သုံးဆင့်၏ တိုက်ပွဲများသာ ဖြစ်သည်။
အလယ်အလတ်အဆင့် နယ်ပယ်မှ ပညာရှင်တို့၏ တိုက်ပွဲများကမူ ၎င်းတို့နှင့် လုံးဝကွဲပြားနေလျက်ရှိသည်။
ရှုကျိုးက တပ်သားတစ်ဦးအဖြစ်သာ ရှိနေသေးသောကြောင့်၊ ၎င်းသည် သူက အလယ်အလတ်အဆင့် တိုက်ပွဲများအကြောင်းကို အနည်းငယ်မျှသာ နားလည်ထားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ကျုံးချန်သည် ၎င်းကို အလေးအနက် မထားတော့ပေ။
ရှားလီယွဲ့မှ မေးမြန်းလာခဲ့သည် “ အခု ရှေ့တန်းက အခြေအနေက ဘယ်လိုဖြစ်နေပြီလဲ။ ကြည့်ရတာတော့ တိုက်ပွဲ မဖြစ်သေးတဲ့ပုံပဲ “
ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ ကျွန်တော့်တဲထဲမှာ ပြောကြတာပေါ့ “
ရှုကျိုးနှင့် ရှားလီယွဲ့တို့သည် ကျုံးချန်၏ တဲအတွင်းသို့ လိုက်သွားကြသည်။
“ ထိုင်ကြပါ “ ဟုသူပြောလာခဲ့သည်။
ကျုံးချန်သည် အဓိကထိုင်ခုံတွင် ရဲရဲတင်းတင်း ထိုင်ချလိုက်ပြီး တလေးတနက် ပြောဆိုလာခဲ့သည် “ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကမ္ဘာ့ကြယ်ရဲ့ တပ်ဖွဲ့၃၁က ပြင်းထန်တဲ့ ထိုးစစ်တစ်ခု လုပ်ခဲ့တယ်။ ကျွန်တော်က တပ်မဟာ၂၃ကို ဦးဆောင်ပြီးတော့ ရှုန်းမာတောင်ကြားမှာ ရန်သူနဲ့ ပြင်းပြင်းထန်တိုက်ခဲ့ပြီးတော့ သူတို့ကို မိုင်တစ်ရာ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ် “
ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ရှုန်းမာတောင်ကြားကို ထိန်းထားနိုင်မယ်ဆိုရင် အရာအားလုံးက တော်တော်ကြီးကို လွယ်ကူနေမှာပဲ “
ရှုန်းမာတောင်ကြားသည် အလွန်အရေးပါသည့် ဗျူဟာမြောက် နေရာတစ်ခုတွင် တည်ရှိပြီး၊ ၎င်း၏ သဘာဝမြေပြင်အနေအထား အားသာချက်များကြောင့် ပဥ္စမအဆင့် ပညာရှင်ပေါင်းများစွာနှင့် ၎င်း၏အောက်မှ ပညာရှင်များကို တားဆီးပိတ်ဆို့နိုင်ခဲ့သည်။
အကယ်၍ ဤလမ်းကြောင်းကို ရန်သူက သိမ်းပိုက်နိုင်သွားမည်ဆိုပါက၊ နယ်မြေ၂၃ရှိ တပ်မဟာသည် ရှေ့နောက်နှစ်ဖက်ညှပ်၍ အတိုက်ခံရကာ အလွန်အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားမည် ဖြစ်သည်။
ရှုန်းမာတောင်ကြားကို ထိန်းထားနိုင်ခြင်းမှာ တပ်မဟာ ၂၃က လိုအပ်သလို ရှေ့တက်ခြင်း(သို့) ဆုတ်ခွာခြင်းများကို ပြုလုပ်နိုင်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
မထင်မှတ်ထားခြင့် ကျုံးချန်သည် သက်ပြင်းချ၍ စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ မနေ့ကပဲ ကမ္ဘာ့ကြယ်ရဲ့ ထိပ်တန်းပါရမီရှင်က တိုက်ပွဲထဲကို ရောက်လာခဲ့ပြီးတော့ နောက်ထပ်ထိုးစစ်တစ်ခု ဆင်နွှဲခဲ့တယ်။ ဒီတစ်ခါတော့ …… ရှုန်းမာတောင်ကြားကို လက်လွှတ်လိုက်ရတယ် “
…………………………………………………………………………………………………………………………………………
အပိုင်း ( 473 )
နည်းဗျူဟာ ဆရာကြီး ရှုကျိုး၊ လူတော်တွေက အတွေးအခေါ် တူကြတယ်
“ ရှုန်းမာတောင်ကြားက ကျသွားပြီလား “
ရှားလီယွဲ့၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။
ကျုံးချန်မှ ခေါင်းငြိမ့်ပြ၍ လက်ဝေ့ယမ်းလာခဲ့ရာ၊ အလင်းတန်း မျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းသည် နယ်မြေ ၂၃၏ မြေမျက်နှာသွင်ပြင် အနေအထားကို မှတ်တမ်းတင်ထားသည့် မြေပုံတစ်ခုဖြစ်သည်။
အဆိုပါ မြေပုံကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် ရှုန်းမာတောင်ကြားက မည်သည့်အတွက်ကြောင့် အလွန်တရာ အရေးပါနေရလဲဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။
ကမ္ဘာ့ကြယ်၏ တပ်မဟာ ၃၁သည် နယ်မြေ ၂၃ကို အရပ်မျက်နှာနှစ်ဖက်မှ ညှပ်တိုက်နေခဲ့ပြီး၊ တစ်ဖက်သည် ရှေ့တန်း စစ်မျက်နှာပြင်ဖြစ်ကာ တစ်ခြားတစ်ဖက်ကမူ ဘေးတစ်ဖက်ရှိ စစ်မြေပြင် ဖြစ်သည်။
ဘေးဘက်စစ်မြေပြင်မှာ ရှုန်းမာတောင်ကြား တည်ရှိရာ နေရာဖြစ်သည်။
ယခုတွင် ရှေ့တန်းစစ်မြေပြင်၏ အခြေအနေမှာ အလွန်တရာ ပြင်းထန်နေလျက်ရှိပြီး၊ ၎င်းသည် စစ်တပ်နှစ်ခု၏ အဓိက တိုက်ပွဲမြေပြင် ဖြစ်နေခဲ့သည်၊ ထို့ကြောင့် ရှုန်းမာတောင်ကြား၏ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင် အနေအထားသည် ကမ္ဘာ့ကြယ် တပ်မဟာအတွက် ထိုးဖောက်ရေးပြုလုပ်ရာတွင် အချက်အချာကျသည့် နေရာတစ်ခုဖြစ်နေခဲ့သည်။
ရှုန်းမာတောင်ကြားကို လက်လွှတ်လိုက်ရခြင်းနှင့်အတူ ရန်သူ့တပ်ဖွဲ့သည် ရှေ့သို့ လျင်မြန်စွာ တက်လာခဲ့ပြီး၊ ပြင်းထန်သော ထိုးစစ်များကို ပြုလုပ်နေခဲ့သည်။
ရှုကျိုးသည် တလေးတနက်ဖြစ်နေသည့် လေသံမျိုးဖြင့် စကားဝင်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ မနေ့က တိုက်ပွဲမှာ ဝင်ပါလာတဲ့ ကမ္ဘာ့ကြယ်ဘက်က ပါရမီရှင်က ဘယ်သူလဲဆိုတာကို သိလား “
ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ အဲ့တာက လူနှစ်ယောက်ပဲ၊ တစ်ယောက် အဝါရောင် အဆင့်ဇယားက နံပါတ် ၃၈ ယန်တိနဲ့၊ နံပါတ် ၄၅ ကွေ့လိုင်တို့ပဲ “
“ သူတို့က ဘယ်လောက်စွမ်းလဲ “
“ သူတို့နှစ်ယောက်လုံးက နှောင်းပိုင်း အဆင့်၅နယ်ပယ်ကို ရောက်နေကြပြီ “ ကျုံးချန်မှ ပြောပြလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ နှောင်းပိုင်း အဆင့်၅နယ်ပယ်က ကြယ်ပြာဂြိုဟ်ဘက်က လူတွေထပ် အများကြီးပိုစွမ်းတယ်၊ အထူးသဖြင့် အဝါရောင် အဆင့်ဇယားရဲ့ ထိပ်တန်း အယောက်၁၀၀အဆင့်က လူတွေပဲ၊ သူတို့တွေက အဆင့်၅ အထွတ်အထိပ် ဒါမှမဟုတ် အဆင့်၆ ပညာရှင်တွေနဲ့ ယှဥ်နေနိုင်တယ် “
ထိုအချိန်တွင် သူသည် ရှုကျိုးကို ကြည့်၍ ပြောလာခဲ့သည် “ ညီအစ်ကိုရှုလို လူတွေကတော့ ချွင်းချက်ပေါ့ “
ကျုံးချန်သည် ရှုကျိုး၏ အကြောင်းများကို ကြားဖူးထားခဲ့သည်၊ ရှုကျိုးမှာ သူ၏နယ်ပယ်ထပ် အဆင့်ပိုမြင့်သည့် လူများကို အဆင့်ကျော်တိုက်နိုင်သည့်လူအဖြစ် ကျော်ကြားနေခဲ့သည်။
သို့ရာတွင် ရှုကျိုးကမူ အနည်းငယ် အတွေးနက်နေလျက်ရှိသည်။
ကမ္ဘာ့ကြယ်ရဲ့ အဝါရောင်အဆင့်ဇယားက လူနှစ်ယောက်က ရှုန်းမာတောင်ကြားကို သိမ်းသွားပြီးတော့ နယ်မြေ၂၃ကို ကျဥ်းထဲကြပ်ထဲ ရောက်သွားအောင် လုပ်ခဲ့တာလား
အဆင့်ဇယားလေးခုက လူတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား
သူသည် ယခင်က ကွမ်ဟန်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ခဲ့သည့် အချိန်က အဝါရောင်အဆင့် ပါရမီရှင်များကို ရင်ဆိုင်ခဲ့ဖူးပြီး၊ သူသည် အဝါရောင် အဆင့်တွင် ထိပ်တန်းအယောက် ၁၀၀၀အဆင့်ဝင်သည့် ကျင်းယန်ဆိုသော လူကို သတ်ဖြတ်ခဲ့ဖူးသည်။
ထိပ်တန်းအယောက် ၁၀၀နှင့် အယောက် ၁၀၀၀တို့ကြားတွင် ကွာဟချက် ကြီးကြီးမားမား ရှိနေခဲ့သည်။
ကျင်းယန်ကမူ စတုတ္ထအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေခဲ့ပြီး၊ ယခု နယ်မြေ ၂၃သို့ ရောက်ရှိနေသည့် လူနှစ်ဦးကမူ နှောင်းပိုင်း ပဥ္စမအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။
ရှုကျိုးသည် တွေးတောစဥ်းစားနေရင်းဖြင့် စကားထပ်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ ဘာလုပ်ဖို့ စီစဥ်ထားလဲ။ ရှုန်းမာတောင်ကြားကို ပြန်သိမ်းဖို့ တွေးထားပြီးပြီလား “
ကျုံးချန်သည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ပြီးမှ သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည် “ ရှုန်းမာတောင်ကြားက ခုခံရလွယ်ပြီးတော့ တိုက်ခိုက်ဖို့ခက်တယ်။ အဲ့တာကို လက်လွှတ်လိုက်ရတာနဲ့၊ ရန်သူနဲ့ ငါတို့ကြားက တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေးဟသွားပြီ၊ အဲ့တာကို ပြန်သိမ်းဖို့က တော်တော်ခက်တယ် “
ရှုကျိုးမှ ထပ်ပြောလာခဲ့သည် “ အခုကျွန်တော်နဲ့ ဒုဗိုလ်မှူးကြီး ရှားတို့ ရောက်လာပြီလေ၊ အဲ့တာတောင် မဖြစ်နိုင်ဘူးလား “
“ ညီအစ်ကို ရှု မသိလို့ပါ၊ ဒီရှုန်းမာတောင်ကြားမှာက စွမ်းအားကြီး ရန်သူကို ပိုပြီးတော့ အားကောင်းသွားစေတဲ့ အားသာချက်ရှိတယ်။ အခုအဲ့လမ်းကြောင်းက ယန်တိနဲ့ တစ်ခြားလူတွေ လက်ထဲကို ရောက်သွားပြီဆိုတော့ အဲ့တာကို ပြန်သိမ်းဖို့က ကောင်းကင်ပေါ်ကို တက်ရသလောက်ကို ခက်တယ် “
ကျုံးချန်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်၊ သူ၏စိတ်ထဲတွင်မူ ရှုကျိုးက စစ်မြေပြင်၏ အခြေအနေများကို များများစားစား မမြင်တွေ့ဖူးဘူးဟုသာ မှတ်ယူလိုက်သည်။
သူသည် လေးလေးနက်နက် ဆက်ပြောလာခဲ့သည် ” တကယ်လို့ အဆင့်၆က ပညာရှင်ကသာ လာမကူဘူးဆိုရင်၊ ရှုန်းမာတောင်ကြားကို ပြန်သိမ်းနိုင်မှာ မဟုတ်ဘူး “
“ ဒါပင်မဲ့ တိုက်ပွဲတွေက နေရာတိုင်းမှာ ဖြစ်နေတာဆိုတော့ ဘယ်သူကမှ လာမကူနိုင်လောက်ဘူး “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ရှုကျိုးနှင့် တစ်ခြားလူများက စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်နေသောကြောင့် စကားကို ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ ရှုန်းမာလမ်းကို ပြန်မယူနိုင်ဘူးဆိုရင်တောင်မှ၊ ရှေ့တန်းစစ်မြေပြင်ကို ထိန်းထားနိုင်သရွေ့ နယ်မြေ၂၃ကို ရန်သူက သိမ်းနိုင်မှာ မဟုတ်ဘူး “
“ ဒုဗိုလ်မှူးကြီးနဲ့ ညီအစ်ကိုရှုရဲ့ အကူအညီတွေနဲ့ဆိုရင် ကျုပ်တို့တပ်တွေက အခြေအနေကို သေချာပေါက် ပြောင်းပြန်လှန်နိုင်မှာပဲ “
ရှားလီယွဲ့သည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ ယခုတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှေ့တန်းစစ်မျက်နှာပြင်သာ ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရတ် ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ ရန်သူက ရှုန်းမာတောင်ကြားကို သိမ်းပြီးသွားပြီဆိုရင်၊ သူတို့ရဲ့ ထိုးစစ်က ဘာလို့ ရုတ်တရက်ကြီး ရပ်သွားရတာလဲ “
ကျုံးချန်မှာလည်း တအံ့တဩဖြစ်သွားခဲ့သည်၊ သို့သော် လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့ရဲ့ တပ်ကို ရက်ပေါင်းများစွာ တိုက်ခဲ့ပြီးတဲ့နောက်မှာ ခံစစ်မျဥ်းတွေ ပြောင်းလဲသွားတယ်၊ အဲ့တော့ ဗျူဟာကို ပြန်ပြီးချိန်ညှိရမှာပဲ “
ရန်သူတပ်သာလျှင် မဟုတ်ဘဲ၊ ကြယ်ပြာဂြိုဟ်၏ တပ်မဟာကပါ ရက်ပေါင်းများစွာ ကြာသည်အထိ ဆက်တိုက်တိုက်ခိုက်နေခဲ့ရပြီးသည့်နောက်တွင် ဗျူဟာပြောင်းလဲခြင်းနှင့် အနားယူခြင်းတို့ကို အရေးတကြီး လိုအပ်လာခဲ့ပြီဖြစ်သည်။
ထို့ကြောင့်ပင် ရှုကျိုးတို့ ရောက်ရှိလာသည့်အချိန်တွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေရခြင်း ဖြစ်သည်။
“ ရန်သူတွေက အောင်မြင်မှုကြီးကြီးမားမား ရထားပြီးတဲ့ဟာကို၊ တိုက်ခိုက်မှုကို ရုတ်တရက်ကြီး ရပ်သွားတာက တစ်ခုခုတော့ မှားနေတယ် “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ မြေပုံကို ကြည့်နေတော့သည် “ ရန်သူက ရှေ့တန်းစစ်မြေပြင်ကို လက်လျှော့ပြီးတော့ ရှုန်းမာတောင်ကြားဘက်ကနေ ထိုးစစ်ဆင်မလို့များလား “
“ အဲ့တာက …. “ ကျုံးချန်မှာလည်း အတွေးနက်သွားခဲ့သည် “ ဖြစ်နိုင်ခြေက တော်တော်လေး နည်းတယ်၊ ရန်သူက ရှေ့တန်းစစ်မြေပြင်ကို မစွန့်ပစ်လောက်ဘူး၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးက အလဟာသ ဖြစ်သွားလိမ့်မယ် “
ရှုကျိုးသည် မြေပုံကို လက်ညှိုးထိုးပြ၍ ပြောလာခဲ့သည် “ ရှုန်းမာတောင်ကြားက မြေအနေအထားကြမ်းတဲ့ တောင်တန်းဒေသကြားမှာ ရှိတယ်၊ ဒါပင်မဲ့ ဒီလမ်းကြောင်းကနေ ဖြတ်လာတာနဲ့ ကျွန်တော်တို့စစ်တပ်ရဲ့ နောက်ဘက်ကို မြန်မြန်ဆန်ဆန် ရောက်လာနိုင်တယ် “
ကျုံးချန်သည် တစ်ခဏခန့် ဆင်ခြင်သုံးသပ်နေပြီးမှ ခေါင်းခါပြလာခဲ့သည် “ ရှုန်းမာတောင်ကြာလမ်းနဲ့ ငါတို့စစ်တပ်ကြားမှာ မြေပြန့်ဒေသရှိနေပုံရပင်မဲ့ တကယ်က သဘာဝ အတားအဆီးတွေနဲ့ ငါတို့ရဲ့ ခံစစ်စည်းတွေ အများကြီးရှိနေတာ။ ရန်သူက ဒီနေရာကို မြန်မြန်ဆန်ဆန် ရောက်လာဖို့ဆိုတာက သိပ်မဖြစ်နိုင်ဘူး “
နယ်မြေ၂၃၏ တပ်ရင်းမှူးတစ်ဦးအနေဖြင့် သူသည် ရန်သူက ရှုန်းမာတောင်ကြားမှ ပြုလုပ်လာနိုင်သည့် ထိုးစစ်များ၏ ဖြစ်နိုင်ခြေများကို စဥ်းစားတွေးတောထားခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် အလုံးစုံ ချုံငုံသုံးသပ်ကြည့်လိုက်သည့် အချိန်တွင် ထိုကဲ့သို့ ဖြစ်လာနိုင်သည့် အခွင့်အလမ်းမှာ အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။
သို့သော် ရှုကျိုးသည် တလေးတနက် ဖြစ်နေသည့်လေသံမျိုးဖြင့် ဆက်၍ ပြောလာခဲ့သည် “ တပ်မှူး၊ ပေါ့ဆလို့ မရဘူးနော်။ ရှုန်းမာတောင်ကြားရဲ့ မြေပြင်အနေအထားက ပြောင်းလဲနေတယ်ဆိုတာကို သတိထားမိတယ်၊ သဘာဝ အတားအဆီးတွေရဲ့ အကူညီတွေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးကို အေးအေးဆေးဆေး ပိတ်ဆို့ထားလို့ရတယ်။ သူတို့က ခံတပ်ကို သုံးပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးထားမယ်ဆိုရင်၊ ကျွန်တော်တို့က သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ သတိထားမိတဲ့ အချိန်ကျရင် သူတို့က ကျွန်တော်တို့ အနောက်ကိုတောင် ရောက်နေလောက်ပြီ “
“ ပြီးတော့ ရှေ့တန်းစစ်မြေပြင်ဘက်ကနေ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ် အယောင်ပြနေပြီးတော့ လျှို့ဝှက်လမ်းကြောင်းတွေကနေ တပ်ဖွဲ့တွေ ခွဲထွက်လာပြီးတော့ ကျွန်တော်တို့ကို အငိုက်ဖမ်းလာနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာသည် တလေးတနက် ဖြစ်သွားခဲ့သည်။
စဥ်းစားကြည့်လေလေ ၎င်းက ဖြစ်လာနိုင်လေလေဆိုသည်ကို သူနားလည်သွားခဲ့သည်။
ရှုကျိုးမှ ဆက်ပြောလာခဲ့သည် “ တကယ်လို့ ကျွန်တော်ကသာ ကမ္ဘာ့ကြယ်စစ်တပ်ရဲ့ တပ်မှူးဖြစ်နေမယ်ဆိုရင်၊ ရှုန်းမာတောင်ကြားကို သိမ်းပြီးတာနဲ့၊ အနားယူဖို့နဲ့ စစ်တပ်ကို ပြန်လည် ဖွဲ့စည်းဖို့အတွက် တောင်ကြားလမ်းထဲကို တပ်ဖွဲ့တွေ မြန်မြန်လွှတ်လိုက်မှာ။ ပြီးတော့ ကျွန်တော်တို့ဘက်ကို ထိုးဖောက်ဖို့နဲ့ ထောက်လှမ်းရေး လုပ်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေ လွှတ်လိုက်မှာ၊ အချိန်ကျလာရင် အတွင်းအပြင် နှစ်ဖက်ပေါင်းတိုက်ပြီးတော့ ကျွန်တော်တို့ရဲ့ ခံစစ်စည်းတွေကို တစ်ပြိုင်နက် ဖြိုခွင်းလာမှာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ရှုကျိုး၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် အဆိုပါ ဖြစ်နိုင်ခြေက အမှန်ပင် အရေးပါအရာရောက်နေသည်ဆိုသည်ကို သူနားလည်သွားခဲ့သည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 474 )
နည်းဗျူဟာ ဆရာကြီး ရှုကျိုး၊ လူတော်တွေက အတွေးအခေါ် တူကြတယ် ၂
သူ့ဘေးနားရှိ ရှားလီယွဲ့မှာလည်း လေးလေးနက်နက် ဖြစ်သွားကာ စကားဝင်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ ရှုကျိုးပြောတာက အဓိပ္ပါယ်ရှိတယ်။ ရန်သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် စိတ်ဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို သုံးသင့်တယ်လို့ ကျွန်မထင်တယ်။ တကယ်လို့ ရှုကျိုး ပြောတာက မှန်နေမယ်ဆိုရင် ကျွန်မတို့က မြန်မြန်ဆန်ဆန် လှုပ်ရှားမှ ဖြစ်မယ် “
ကျုံးချန်သည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ မတ်တပ်ထရပ်ကာ တဲအပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။
သူသည် ကင်းထောက်များကို ဆင့်ခေါ်ကာ ရန်သူ့ လှုပ်ရှားမှုများကို ထောက်လှမ်းရန် အမိန့်ပေးလိုက်သည်။
တစ်ခဏခန့် အကြာတွင် ကျုံးချန်သည် တဲအတွင်းသို့ ပြန်ရောက်လာခဲ့ပြီး၊ ရှုကျိုးကို စကားပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ ဒီနေ့ဖြစ်ရပ်က ငါ့ကို တကယ်ကြီး အမြင်ကျယ်သွားစေခဲ့တာပဲ။ မင်းလို လူငယ်တစ်ယောက်ဆီမှာ ဒီလိုအရည်အချင်းမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ ငါမင်းကို တကယ်ကြီး လျှော့တွက်မိခဲ့တာပဲ “
ရှုကျိုးသည် အသာအယာ ခေါင်းခါရမ်းပြကာ ပြန်ပြောလိုက်သည် “ တပ်မှူး၊ ခင်ဗျားက ကျွန်တော့်ကို တော်တော်ကြီးကို ချီးကျူးလွန်းနေတာပဲ “
ကျုံးချန်မှ ထပ်ပြောလာခဲ့သည် “ တပ်ဖွဲ့တိုင်းကို အချိန်မရွေး တိုက်ပွဲဝင်ဖို့အတွက် အသင့်ပြင်ထားခိုင်းတယ်။ တကယ်လို့ ညီအစ်ကိုရှု ပြောတဲ့အတိုင်းသာ ဖြစ်နေမယ်ဆိုရင် တိုက်ပွဲက သိပ်မဝေးလောက်တော့ဘူး “
ရှားလီယွဲ့မှ စကားဝင်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ ယန်တိနဲ့ ကွေ့လိုင်တို့အတွက်ကရော ဘယ်လိုဗျူဟာဆွဲထားလဲ “
အဝါရောင် အဆင့်ဇယား၏ ထိပ်တန်း အယောက် ၁၀၀အဆင့်မှ ပါရမီရှင်နှစ်ဦးသည် ရှားလီယွဲ့ အစိုးရိမ် အပူပန်ဆုံး ကိစ္စတစ်ခု ဖြစ်သည်။
ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ သူတို့နှစ်ယောက်ကို တစ်ကိုယ်တော် တိုက်ဖို့ကတော့ ကျွန်တော့်အတွက် တော်တော်လေးခက်တယ်၊ ဒါပင်မဲ့ အခု ခင်ဗျားတို့ နှစ်ယောက်ရှိလာပြီဆိုတော့ ပိုပြီးတော့ ယုံကြည်ချက်ရှိလာပြီ။ အဆင့်၃၈က ယန်တိကိုတော့ အရင်က တိုက်ခိုက်ခဲ့ဖူးတယ်၊ အဲ့တော့ သူ့ကို ကျွန်တော် တိုက်မယ် “
သူကိုယ်တိုင်မှာလည်း ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် တပ်ရင်းမှူးတစ်ယောက် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
“ အဆင့် ၄၈က ကွေ့လိုင်ကိုတော့ ဒုဗိုလ်မှူးကြီးရှားတို့ကို အပ်ပါတယ် “ ကျုံးချန်မှ စီစဥ်ပေးလာခဲ့သည်။
“ ကျွန်တော်ကရော “ ဟုရှုကျိုးမှ ဝင်မေးလာခဲ့သည်။
“ ညီအစ်ကိုရှု၊ မင်းရဲ့ခွန်အားနဲ့ဆိုရင် အဆင့်၄နယ်ပယ်က လူတွေကို သတ်လို့ရတယ်၊ ဒါပင်မဲ့ ငါ့အမြင်မှာတော့ မင်းက ပင်မစခန်းမှာ နေတာပဲ ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ် “ ကျုံးချန်မှ ပြောလာခဲ့သည် “ ဒီလိုစစ်ပွဲမျိုးက မင်းအတွက် နည်းနည်း အန္တရာယ်များတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာ ဆွံ့အသွားခဲ့ရပြီး၊ ရှားလီယွဲ့ကမူ တခစ်ခစ် ရယ်မောနေတော့သည်။
သူမသည် သူမ၏ ပါးစပ်ကို ဖုံးအုပ်ကာ စကားထပ်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ ရှင်က ရှုကျိုးကို အထင်သေးနေတာပဲ “
“ လွန်ခဲ့တဲ့ လဝက်လောက်တုန်းကပဲ ရှုကျိုးက အဆင့်၅ အထွတ်အထိပ် ပညာရှင်တစ်ယောက်ကို သတ်ခဲ့ပြီးပြီ။ ဒီတိုက်ပွဲက သူ့အတွက် သိပ်မခက်လောက်ပါဘူး “
“ အို့ “ ကျုံးချန်သည် တအံ့တဩဖြစ်သွားခဲ့သည် “ ညီအစ်ကိုရှုက ဒီလောက်တောင် စွမ်းတာလား “
သူသည် ကွမ်ဟန်တွင်သာ အချိန်အတော်ကြာ နေနေခဲ့သောကြောင့် ကြယ်ပြာဂြိုဟ်မှ ရောက်ရှိလာသည့် သတင်းများသည် အမြဲလိုလို နောက်ကျနေလေ့ရှိသည်။
ထို့ကြောင့် သူသည် ရှုကျိုးက အစောပိုင်း စတုတ္ထအဆင့်တွင်သာ ရှိနေသည်ဟု ထင်နေခဲ့သည်။
ရှုကျိုးမှ ပြောလာခဲ့သည် “ စိတ်ချရအောင်လို့ ကျွန်တော်က ဒုဗိုလ်မှူးကြီးရှားနဲ့ ကွေ့လိုင်ကို အတူတူ ကိုင်တွယ်လိုက်မယ်၊ တစ်ခြားလူတွေကတော့ သူတို့ရဲ့ မူလတာဝန်တွေကိုပဲ လုပ်ကြပါစေ “
ကျုံးချန်မှ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် ကင်းထောက်တစ်ဦးသည် အလောတကြီး သတင်းပို့လာခဲ့သည် “ တပ်မှူး၊ ရန်သူ့ဘက်က ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ စစ်အင်အားကို သိသိသာသာကြီး လျှော့ချလိုက်ပြီးတော့၊ ရှုန်းမာလမ်းဘက်ကနေ ကျွန်တော်တို့ နောက်ပိုင်းကို တိုက်ခိုက်ဖို့အတွက် တပ်ဖွဲ့ငယ်လေးတွေ စေလွှတ်နေပါတယ် “
ကျုံးချန်မှ ချက်ချင်း အမိန့်ပေးလာခဲ့သည် “ တပ်ဖွဲ့တွေကို စုစည်းလိုက် “
“ ဟုတ် “
ထိုတပ်သား ထွက်သွားသည့်နောက်တွင် ကျုံးချန်သည် ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းရဲ့ခွဲခြမ်းစိတ်ဖြာမှုက တကယ်ကြီးကို မှန်နေတာပဲ။ ရန်သူက ဗျူဟာပြောင်းသွားပြီ၊ ရှေ့တန်းစစ်မြေပြင်ကို ဂရုမစိုက်တော့ဘူး “
ရှားလီယွဲ့မှ မေးမြန်းလာခဲ့သည် “ တပ်မှူးကျုံး၊ ကျွန်မတို့က ကြားဖြတ်တိုက်ခိုက်ဖို့အတွက် ရှုန်းမာတောင်ကြားကို သွားကြမှာလား “
ကျုံးချန်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ စကားမပြောဘဲ ခေါင်းခါပြလာခဲ့သည်။ ထို့နောက်တွင် သူသည် ရှုကျိုးကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းဘယ်လိုထင်လဲ “
ယခင်ကဖြစ်ရပ် ပြီးဆုံးသွားသည့်နောက်တွင် သူသည် ရှုကျိုး၏ နည်းဗျူဟာများကို အလွန်ယုံကြည်သွားခဲ့သည်။
ထို့ကြောင့် သူသည် ရှုကျိုးထံမှ အကြံဉာဏ်တောင်းလာခဲ့သည်။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားပြောလာခဲ့သည် “ အခုရန်သူက ရှုန်းမာတောင်ကြားမှာ တပ်စခန်းကို အခိုင်အမာ ချထားပြီ၊ ပြီးတော့ အဲ့မှာ သဘာဝ အတားအဆီးတွေ အများကြီး ရှိနေတော့ အဲ့ကို သွားလိုက်ရင် ပြဿနာ တက်သွားနိုင်တယ် “
“ ဒါပင်မဲ့ ရန်သူက ရှုန်းမာတောင်ကြားကို အာရုံစိုက်နေပြီဆိုတော့၊ ရှေ့တန်းစစ်မျက်နှာပြင်က သူတို့ရဲ့ အင်အားက တော်တော်ကြီးကို လျော့သွားမှာပဲ “
“ ကျွန်တော်ကတော့ ပင်မတပ်ဖွဲ့ကို အမြန်စုစည်းပြီးတော့ ရှေ့တန်းကို ထိုးစစ်ဆင်သင့်တယ်လို့ ထင်တယ်။ တကယ်လို့ ကျွန်တော်တို့က အဲ့တာကို သိမ်းနိုင်မယ်ဆိုရင်၊ ဗျူဟာမြောက်နေရာကို သိမ်းပိုက်နိုင်ပြီးတော့ အသာစီးရသွားလိမ့်မယ်။ ရှုန်းမာတောင်ကြားရဲ့ ခြိမ်းခြောက်မှုကိုလည်း အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာပဲ “
ကျုံးချန်၏ မျက်လုံးများ တောက်ပသွားကာ လက်ခုပ်တီး၍ ချီးကျူးလာခဲ့သည် “ ညီအစ်ကိုရှုရဲ့ အကြံက ငါတွေးနေတာနဲ့ တစ်ထပ်တည်း ဖြစ်နေတယ်၊ ဉာဏ်ကြီးရှင်တွေက အတွေးအခေါ်တွေ တူကြတယ်ဆိုတာက တကယ်ကြီးကို မှန်နေတာပဲ။ ညီအစ်ကိုရှုသာ ဒီမှာရှိနေရင် ငါတို့က သေချာပေါက် အောင်ပွဲဆင်နိုင်လိမ့်မယ် “
ထို့နောက်တွင် သူသည် တဲအပြင်ဘက်သို့ အလောတကြီး ထွက်သွားတော့သည်။
ရှားလီယွဲ့ကမူ တအံ့တဩဖြစ်နေသည့် အမူအရာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။ သူမသည် ဤလူက သိုင်းပညာတွင် ပါရမီပါနေရုံသာ မဟုတ်ဘဲ၊ ဗျူဟာရေးဆွဲရာတွင်လည်း ကျွမ်းကျင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် စစ်ရေးဗျူဟာနှင့် သက်ဆိုင်သည့် စာအုပ်ပေါင်းများစွာ တည်ရှိသည်ဆိုသည်ကို မသိခဲ့ပေ၊ သို့သော် ကျောင်းသူကျောင်းသား အများစုသည် ၎င်းတို့ကို လျစ်လျူရှုထားလေ့ရှိသည်။
ရှုကျိုးကမူ သိုင်းပညာ လေ့ကျင့်ခြင်းအပြင် ထိုစာအုပ်များကို ဖတ်ရှု၍ အချိန်ကို ကုန်ဆုံးသွားစေလေ့ရှိသည်။
ထို့ကြောင့် သူ့ထံတွင် စစ်ဘက်ဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ အတွေးအမြင်တစ်ချို့ ရှိနေခဲ့သည်။
…
ကျုံးချန်၏ အမိန့်ပေးမှုအောက်တွင် တပ်မဟာ ၂၃ တစ်ခုလုံးသည် လျင်မြန်စွာ ချီတက်နေကြတော့သည်။
ကျုံးချန်သည် စစ်အင်အား၏ သုံးပုံတစ်ပုံကို ရန်သူ့တပ်ဖွဲ့ငယ်လေးများ ကျူးကျော်လာခြင်းမှ ကာကွယ်ရန်အတွက် ပင်မစခန်းတွင် ချန်ရစ်ထားခဲ့သည်။
ကျန်ရှိသည့် စစ်အင်အား သုံးပုံနှစ်ပုံကမူ ရှေ့တန်းစစ်မြေပြင်ဆီသို့ လျင်မြန်စွာ ချီတက်နေလျက်ရှိသည်။
အဆင့်မြင့် ပညာရှင်တစ်ဦးအနေဖြင့် ရှုကျိုးသည် လူအယောက် ၁၀၀ပါဝင်သည့် တပ်စိတ်တစ်ခုကို တာဝန်ယူဦးဆောင်ခဲ့ရသည်။
ယခုအချိန်၌ ရှုကျိုးသည် အလယ်အလတ်အဆင့်မှ ပညာရှင်များ၏ ချီတက်မှု အမြန်နှုန်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
ကျုံးချန်က အမိန့်ထုတ်ခဲ့သည့် အချိန်မှစကာ တပ်သားထောင်ပေါင်းများစွာ စုစည်းလာကြသည့် အချိန်အထိ ကြာချိန်မှာ နှစ်မိနစ်ပင် မပြည့်ပေ။
အလယ်အလတ်အဆင့် သိုင်းပညာရှင်များ၏ တုံ့ပြန်မှုနှင့် လှုပ်ရှားမှု အမြန်နှုန်းများသည် အနိမ့်ပိုင်း သုံးဆင့်မှ ပညာရှင်များအတွက် များစွာသာလွန်နေခဲ့သည်။
ထို့ကြောင့် တပ်ဖွဲ့အားလုံးသည် ရှေ့တန်း’စစ်မြေပြင်ဆီသို့ တဟုန်ထိုး ချီတက်နေကြတော့သည်။
…
နယ်မြေ ၂၃၊ ကျူးရွှမ်တောင်ကြား
ဧကတစ်ထောင်ခန့်ရှိသည့် မြေပြန့်ဒေသကို မြင့်မားသော တောင်တန်း ကိုးခုက ဝိုင်းရံထားလျက်ရှိသည်၊ ဤနေရာသည် ကြယ်ပြာဂြိုဟ်၏ တပ်မဟာ ၂၃နှင့် ကမ္ဘာ့ကြယ်၏ တပ်မဟာ ၃၁တို့ ရင်ဆိုင်တိုက်ခိုက်နေကြသည့် အဓိကစစ်မြေပြင် ဖြစ်သည်။
ကမ္ဘာ့ကြယ်၏ တပ်မဟာ ၃၁ဘက်ခြမ်းတွင်
တဲများ ထူထဲစွာ ဖြန့်ကျက်ထားပြီး၊ အလံများသည် ကောင်းကင်ပြင်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေခဲ့ပြီး၊ အော်ဟစ်သံလှိုင်းလုံးများလည်း ပေါ်ထွက်နေခဲ့ကာ ၎င်းတို့ထဲတွင် လူထောင်ပေါင်းများစွာတို့၏ အားမာန်များ ပါဝင်နေသည်ကို ကြားသိနေခဲ့ရသည်။
သို့သော် ၎င်းတို့မှာ ဟန်ပြသာဖြစ်သည်။
တဲအများစုမှာ အလွတ်ဖြစ်နေခဲ့ပြီး၊ ပညာရှင်များက တိတ်တဆိတ် ရွှေ့ပြောင်းသွားသည်မှာ ကြာနေခဲ့ပြီဖြစ်ကာ၊ ရှေ့တန်းတွင် စစ်အင်အား ရှိနေသယောင် ဖြစ်သွားစေရန်အတွက် လူအနည်းငယ်သာ ချန်ရစ်ထားခဲ့သည်။
အဆုံးမဲ့ ခံစစ်မျဥ်းများ ရှိနေပုံရသော်လည်း အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက အများစုက ကောက်ရိုးဖြင့် ပြုလုပ်ထားသည့် စာခြောက်ရုပ်များ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
တဲတစ်ခုအတွင်း၌
“ ဟေ့၊ ငါတို့ခေါင်းဆောင်က ဘာလို့ ဒီနေရာမှာ ငါတို့ကို စောင့်ခိုင်းထားရတာလဲ။ အဲ့ဒီငတုံး ကြယ်ပြာကောင်တွေက တိုက်လည်းမတိုက်ကြဘူး၊ တော်တော်ကြီးကို ပျင်းဖို့ကောင်းနေပြီ “
ပါးစပ်တွင် မှဲ့တစ်ခု ရှိသည့် လူငယ် သိုင်းပညာရှင်တစ်ဦးမှ မကျေမနပ်ဖြင့် စကားပြောလာခဲ့သည်။
သူ့ဘေးနားရှိ အေးစက်စက် အမူအရာဖြင့် မိန်းမပျိုလေးတစ်ဦးမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ပေါ့ပေါ့ဆဆ လုပ်မနေနဲ့၊ ရှုန်းမာတောင်ကြားမှာ အောင်မြင်မှုကြီးကြီးမားမား ရတဲ့အချိန်အထိ စောင့်နေရမယ်လို့ ခေါင်းဆောင်က ပြောထားတယ်။ အဲ့အချိန်ကျရင် ငါတို့က ကြယ်ပြာဂြိုဟ်ရဲ့ နယ်မြေ ၂၃ကို အတွင်းအပြင်ကနေ ညှပ်တိုက်လို့ရပြီ “
လူငယ် သိုင်းပညာရှင်ဖြစ်သူ ကျူးကျီမှ စကားထပ်ပြောလာခဲ့သည် “ ယောင်ကျီ၊ တကယ်လို့ ကြယ်ပြာဂြိုဟ် စစ်တပ်က ငါတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ်ဆိုရင်ရော “
“ သူတို့က အဲ့လိုလုပ်မှာ မဟုတ်ဘူး “
အေးစက်စက် အမျိုးသမီး၊ ယောင်ကျီမှ စကားပြန်ပြောလာခဲ့သည် “ အခုဆို နှစ်ဖက်စလုံးက ကျည်ကုန်နေလို့ အားပြန်ဖြည့်ရတဲ့ အခြေအနေမှာ ရောက်နေတာ။ ပြီးတော့ ရှုန်းမာတောင်ကြားကို လက်လွှတ်ထားရတာကြောင့်၊ သူတို့ရဲ့ စိတ်ဓာတ်တွေက ခြောက်ခြားနေလောက်ပြီ၊ အဲ့တာကြောင့် ငါတို့ကို ထိုးစစ်ဆင်လာဖို့ဆိုတာက မဖြစ်နိုင်သလောက်နီးပါးပဲ “
“ တကယ်လို့ သူတို့က အားကုန်သုံးပြီးတော့ တိုက်လာမယ်ဆိုရင်တောင်မှ၊ ဒီမှာက ဆရာယန်တိရှိနေတယ်လေ “
ယန်တိအကြောင်း ပြောဆိုနေသည့် အချိန်၌ ယောင်ကျီ၏ မျက်လုံးများထဲတွင် ရိုသေလေးစားမှုများ ရှိနေခဲ့သည် “ ဆရာယန်တိက တကယ့် ပါရမီရှင်တစ်ယောက်ပဲ။ စစ်တပ်ထဲမှာ ရောက်တာ သုံးနှစ်ပဲ ရှိနေသေးတဲ့အချိန်မှာ ကြယ်ပြာသားတွေကို အယောက် ၃၀၀၀၀ကနေ ၅၀၀၀၀အထိ သတ်ထားခဲ့ပြီးပြီ “
“ အခုဆိုရင် ဆရာယန်တိက အဆင့်ထိုးဖောက်ဖို့ လုပ်နေတယ်။ သူက အဆင့်၅ အထွတ်အထိပ်ကို ရောက်သွားတဲ့ အချိန်ကျရင် ဒီနယ်မြေ ၂၃က သေချာပေါက် ကျဆုံးသွားလိမ့်မယ် “
ယောင်ကျီသည် ရိုသေလေးစားမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် မလှမ်းမကမ်းရှိ တဲတစ်လုံးကို ငေးကြည့်နေတော့သည်။
ကျူးကျီ၏ မျက်နှာပေါ်တွင်လည်း အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဆရာယန်တိ …… ငါကရော ဘယ်အချိန်ရောက်မှ သူ့လို့မျိုး ပါရမီရှင်တစ်ယောက် ဖြစ်လာမှာလဲ “
“ နင်လား “
ယောင်ကျီသည် အထင်တသေး ဖြစ်သွားသည့် အမူအရာမျိုးဖြင့် သူ့ကို ကြည့်လာခဲ့သည် “ နင်က ကြယ်ပြာနိုင်ငံသား အယောက် ၁၀၀၀ကို သတ်နိုင်တဲ့ အချိန်အထိ စောင့်လိုက်ဦး၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင်က အဝါရောင် အဆင့်ဇယားရဲ့ ထိပ်တန်း အယောက် ၁၀၀၀အဆင့်ထဲကိုတောင် ရောက်လာမှာ မဟုတ်ဘူး “
ကျူးကျီသည် ဒေါသတကြီးဖြစ်သွားသည့် အမူအရာဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ နိမ့်ကျတဲ့ ကြယ်ပြာအမှိုက်ကောင်တွေ၊ သူတို့က ငါ့ရဲ့ ခြေနင်းတုံးတွေ ဖြစ်လာသင့်တာ “
ကမ္ဘာ့ကြယ်၏ အဆင့်ဇယားလေးခုတွင် အဆင့်တက်လှမ်းခြင်းမှာ ခွန်အားနှင့် ပါရမီတို့အပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပေ။
သို့သော် အရေးအကြီးဆုံး အချက်မှာ ကြယ်ပြာသိုင်းပညာရှင်တို့နှင့် ရင်ဆိုင်ရသည့် တိုက်ပွဲမှတ်တမ်းပင် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်များကို သတ်ဖြတ်နိုင်လေလေ၊ သင်၏အဆင့်က ပိုမိုမြင့်မားလေလေပင် ဖြစ်သည်။
အဝါရောင် အဆင့်ဇယားကို ဥပမာယူပါလေ၊ ထိပ်ဆုံးအယောက် ၁၀၀အဆင့်ဝင်သူတိုင်းသည် ကြယ်ပြာသိုင်းပညာရှင် ထောင်ပေါင်းများစွာ၏ သွေးများဖြင့် ရေချိုးထားကြသူများ ဖြစ်သည်။
ကျူးကျီသည် ငယ်စဥ်ကတည်းက အဝါရောင်အဆင့်ဇယား၏ ထိပ်ဆုံးအယောက်၁၀၀အဆင့်ထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။
စစ်တပ်နှင့် ပူးပေါင်းခဲ့သည့် အချိန်တွင် သူသည် အဆိုပါ ရည်မှန်းချက်ဖြင့် ကိုယ့်ကိုကိုယ် အားပေးခဲ့ပြီး၊ ယခုလက်ရှိ အချိန်တွင် သူသည် ကြယ်ပြာနိုင်ငံသား ဆယ်ယောက်ကျော်ကျော်ကို သတ်ဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
“ ကြယ်ပြာ သိုင်းပညာရှင် အယောက် ၁၀၀၀ ……. “ ကျူးကျီ၏ မျက်လုံးများထဲတွင် သွေးဆာနေသည် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ငါက ဒီနယ်မြေ ၂၃ကို အပျောက်ရှင်းလိုက်တဲ့ အချိန်ကျရင်တော့၊ အရာအားလုံးက အဆင်ပြေသွားလောက်ပါတယ် “
“ ဝူ “
ထိုအချိန်တွင် စစ်ခရာသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ကျူးကျီနှင့် ယောင်ကျီတို့နှစ်ဦးစလုံးသည် တအံ့တဩဖြစ်သွားသည့် အမူအရာများဖြင့် အလျင်စလို မတ်တပ်ထရပ်လာကြသည်။
“ ရန်သူ့ တိုက်ခိုက်မှုလား “