← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အပိုင်း ( 478 )

ယန်တိ၏ ရှုံးနိမ့်မှုကြီး၊ နတ်ဘုရားတွေက နှောင့်ယှက်လာမယ်ဆိုရင် သူတို့ကိုပါ သတ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျုံးချန်သည် လျင်မြန်စွာ ခေါင်းခါပြလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပင်မဲ့ ငါတောင့်ခံနိုင်ပါသေးတယ် “

ကျုံးချန်အောက်ဘက်ရှိ ငွေရောင်ဆံပင်နှင့် သိုင်းပညာရှင်တစ်ဦးကလည်း ဝင်ရောက်စကားပြောဆိုလာခဲ့သည် “ တကယ်လို့ တပ်မှူးက တောင့်မခံနိုင်တော့ဘူးဆိုရင်တောင်မှ၊ ဒုတပ်မှူးဖြစ်တဲ့ ကျုပ်တို့တွေ ရှိနေပါသေးတယ်။ ညီအစ်ကိုရှုကို အနှောင့်အယှက်ပေးဖို့ မလိုပါဘူး “

ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အမှန်ပဲ “

မလှမ်းမကမ်းရှိ ရှားလီယွဲ့မှာလည်း လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ ရှုကျိုး၊ တပ်မှူးနေရာကို တစ်ခြားလူတွေက ယူလို့မရဘူး “

ဒုတပ်မှူးခန့်အပ်ထားရခြင်းမှာ တပ်မှူးက တိုက်ခိုက်‌ရေး အစီအရင်၏ စွမ်းအားကို တောင့်မခံနိုင်တော့သည့် အချိန်တွင် သူ့အစား ဝင်ရောက်တိုက်ခိုက်ရန်အတွက် ဖြစ်သည်။

သို့သော် တပ်မှူးနှင့် ဒုတပ်မှူးနေရာများသည် တစ်ခြားလူများက ဝင်ရောက် ဖြည့်ဆည်းပေးနိုင်သည့် နေရာများ မဟုတ်ပေ။

သူတို့က ရှုကျိုးကို လျှော့တွက်ထားသောကြောင့် မဟုတ်ပေ။

အဓိကအရာကား စစ်တပ်တစ်ခုလုံး၏ စွမ်းအားကို တောင့်ခံနိုင်ရန်မှာ အလွန်တရာခက်ခဲသောကြောင့် ဖြစ်သည်။

ကျုံးချန်ကဲ့သို့ပင် သူသည် စစ်သည် သုံးထောင်၏ စွမ်းအားကို စုပ်ယူ၍ သူတို့၏ စွမ်းအားတစ်ဝက်ကို ထုတ်လွှတ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာတိုင်အောင် လေ့ကျင့်ခဲ့ရသည်။

ဒုတပ်မှူးများက သူတို့နှင့် မယှဥ်နိုင်သော်လည်း၊ များစွာကွာဟ မနေခဲ့ပေ။

အကယ်၍ ကြုံရာကျပန်း လူတစ်ဦးကိုသာ ထိုနေရာကို ပေးလိုက်မည်ဆိုပါက ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည်။

ထိုအချိန်တွင် ကျုံးချန်မှ လျင်မြန်စွာ ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းမြန်မြန်ပြန်သင့်တယ်။ ငါက နောက်ဆုံးတိုက်ကွက်ကို ထုတ်တော့မယ်၊ တကယ်လို့ ငါတို့က ရန်သူ့ အစီအရင်ကို မဖြိုနိုင်ဘူးဆိုရင် ပြန်ဆုတ်မှ ဖြစ်မယ် “

သို့ရာ၌ ရှုကျိုးသည် လျင်မြန်စွာ ခေါင်းခါပြ၍ အလောတကြီး ပြန်ပြောလိုက်သည် “ တပ်မှူး လူငါးရာပဲ ရှိခဲ့တဲ့ အချိန်မှာတောင်မှ ငါတို့က ရန်သူ့ အစီအရင်ကို မဖြိုခွဲနိုင်ခဲ့ဘူး။ အခုစစ်ကူရောက်လာတဲ့ အခြေအနေမျိုးမှာဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး “

“ တပ်မှူးကျုံး၊ တကယ်လို့ မင်းက ငါ့ကို ယုံတယ်ဆိုရင် ဘာလို့ ကြိုးစားခွင့် မပေးကြည့်လိုက်ရတာလဲ “

“ မင်း …. “

ကျုံးချန်သည် မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်သွားခဲ့ရသည်။

ဒုတပ်မှူး၏ အမူအရာမှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရှုကျိုးထံတွင် တပ်ရင်းတစ်ခုလုံးကို ထိန်းချုပ်ဖူးသည့် အတွေ့အကြုံ မရှိပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုရာထူးမျိုး တောင်းဆိုလာခြင်းမှာ သူတို့၏တပ်မှူးကို ကျဥ်းထဲကြပ်ထဲရောက်ရှိအောင် ပြုလုပ်နေခြင်းပင် ဖြစ်သည်။

သို့သော် တပ်မှူးဖြစ်သူက မည်သည့်စကားမှ မပြောသည့်အတွက် သူသည်လည်း ဘာမှ ဝင်ပြောမည် မဟုတ်ပေ။

ကျုံးချန်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီး၊ ထို့နောက်တွင် ရှုကျိုး၏ လေးနက်သော အမူအရာကို မြင်တွေ့သွားကာ အံကြိတ်၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါမင်းကို ဒီတစ်ခါ ယုံကြည်လိုက်မယ် “

“ တပ်မှူး “ ဒုတပ်မှူး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

တပ်မှူးက သူ့နေရာကို ရှုကျိုးဆီကို တကယ်ကြီး လွှဲပေးလိုက်မလို့လား

ကျုံးချန်သည် လက်မြှောက်၍ သူ့ကို တားဆီးလာခဲ့ပြီး၊ ရှုကျိုးကို စိုက်ကြည့်ကာ လေးလေးနက်နက် စကားပြောနေခဲ့သည် “ ဒါပင်မဲ့ မင်းက ဒီအခြေအနေရဲ့ လေးနက်မှုကို နားလည်ထားမှ ဖြစ်မှာနော် “

တပ်မှူးရာထူးကို ယာယီလွှဲပြောင်းလိုက်ချိန်တွင် တစ်ခုခု မှားယွင်းသွားမည်ဆိုပါက၊ သူနှင့် ရှုကျိုးတို့နှစ်ဦးစလုံးသည် စစ်ဌာန၏ စံမူနာများ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ရှုကျိုးမှ ပြောလာခဲ့သည် “ ကျွန်တော့်ဆီကိုသာ လွှဲထားလိုက်ပါ “

သူနှင့် ကျုံးချန်တို့သည် လွှဲပြောင်းခြင်း အလုပ်ကို လျင်မြန်စွာ လုပ်ဆောင်နေကြတော့သည်။

…

ထိုစဥ် ကမ္ဘာ့ကြယ်သား စစ်ကူ အယောက်ငါးရာသည် ယန်တိ၏ အဖွဲ့ဆီသို့ လျင်မြန်စွာ ပူးပေါင်းရောက်ရှိလာခဲ့သည်။

ယန်တိမှာလည်း ဤကဲ့သို့သော အရေးအကြီးဆုံး အခိုက်အတန့်တွင် တပ်မဟာ ၂၃ဘက်၌ တပ်မှူးအပြောင်းအလဲဖြစ်သွားသည်ကို သတိပြုမိသွားခဲ့သည်။

“ စစ်မြေပြင်မှာ တပ်မှူး ပြောင်းနေကြတာလား “

ယန်တိသည် မအောင့်ထားနိုင်တော့ဘဲ ရယ်မောနေတော့သည် “ ဒီလိုလုပ်ရပ်ကို လုပ်လိုက်တာက စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားသွားစေနိုင်တယ်ဆိုတာကို ဒီကောင် ကျုံးချန်က မသိဘူးလား။ တကယ့်အမှိုက်ကောင်ပဲ “

သူသည် သူ၏အသံကို ဖုံးကွယ်မထားခဲ့သောကြောင့် ကျူးရွှမ်တောင်ကြားတစ်ခုလုံးတွင် သူ၏အသံမှာ ပဲ့တင်ထပ် ပျံ့လွင့်နေခဲ့သည်။

တစ်ခဏခန့်အထိ တပ်မဟာ ၂၃တစ်ခုလုံးသည် ဒေါသတို့ဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

သို့ရာတွင် အဆိုပါ စကားလုံးများသည် လူတော်တော်များများ၏ စိတ်နှလုံးသား လှုပ်ခတ်သွားစေပြီး၊ စစ်တပ်အတွင်းတွင် ဂဏာမငြိမ်ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

တပ်မဟာ ၂၃ရှိ လူတော်တော်များများသည် ကျုံးချန်နှင့် နှစ်ပေါင်းများစွာ ကြာရှည်အထိ အတူယှဥ်တွဲတိုက်ခိုက်နေကြခြင်း ဖြစ်ပြီး၊ ယခုတွင် တပ်မှူးက ရုတ်တရက် ပြောင်းလဲသွားသောကြောင့် တပ်မှူးအသစ်နှင့် သူတို့၏ ပူပေါင်းဆောင်ရွက်မှုသည် ယခင်ကလောက် မြင့်မားနေခဲ့မည် မဟုတ်ပေ။

ယခု၌ ယန်တိ၏ စကားလုံးများကြောင့် တပ်မဟာ ၂၃တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ယန်တိသည် သူ၏စကားလုံးများက အကျိုးသက်ရောက်မှု ရှိသည်ဆိုသည်ကို သိသွားကာ ရယ်မောနေတော့သည် “ ဒီတိုက်ပွဲကိုတော့ သေချာပေါက် နိုင်ပြီပဲ “

“ ဒီတိုက်ပွဲကိုတော့ သေချာပေါက် နိုင်ပြီဟေ့ “

ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့၏ အော်ဟစ်ကြုံးဝါးသံများသည် ကောင်းကင်ထက်သို့ ပျံ့လွင့်လာခဲ့သည်။

ကြယ်ပြာစစ်တပ်မှ လူအယောက် သုံးထောင်ကျော် ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်နှင့် ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် သူတို့၏ စိတ်ဓာတ်များ တက်ကြွသွားပုံရသည်။

တပ်မဟာ ၂၃ဘက်တွင်မူ

ဒုတပ်မှူးသည် ထိုအခြေအနေကို မြင်တွေ့သွားကာ အမူအရာ မည်းမှောင်သွားခဲ့သည် “ တကယ်လို့ အဲ့လိုဖြစ်မယ်မှန်း သိခဲ့မယ်ဆိုရင်၊ ခုနကတည်းက တားလိုက်ပါတယ်ကွာ “

ရှုကျိုးမှာလည်း ၎င်းကို သတိပြုမိနေခဲ့သည်၊ သို့သော် သူ၏အမူအရာမှာ မည်သို့မျှ မပြောင်းလဲသွားပေ။

သူသည် တပ်မဟာ ၂၃တစ်ခုလုံး၏ စွမ်းအားများဖြင့် လျင်မြန်စွာ ပေါင်းစည်းနိုင်သွားသည်။

ရှုကျိုးမှ တပ်မှူးနေရာကို တောင်းဆိုလိုက်ရခြင်းမှာ တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအင်စုစည်းမှု နည်းလမ်းက ပဥ္စမအဆင့်သို့ သူရောက်လာခဲ့သည့် အချိန်က ဓာတ်ကြီးငါးပါး ပေါင်းစည်းမှုနှင့် အတော်လေးတူညီနေသည်ကို သတိပြုမိသွားသောကြောင့် ဖြစ်သည်။

ဓာတ်ကြီးငါးပါး ပေါင်းစည်းမှုသည် မြေ၊ ရေ၊ မီး၊ သစ်သားနှင့် သတ္ထုအစရှိသည့် ဒြင်စင်ငါးပါးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။

အစီအရင်၏ တပ်မှူးမှာလည်း စစ်တပ်တစ်ခုလုံး၏ စွမ်းအားကို တစ်ခုတည်းအဖြစ် စုစည်းလိုက်ခြင်းဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး ပေါင်းစည်းမှုနှင့် အတော်အတန် တူညီနေလျက်ရှိသည်။

ရှုကျိုးသည် ပဥ္စမအဆင့် နယ်ပယ်တွင် ဓာတ်ကြီးငါးပါး ပေါင်းစည်းမှုကို ပထမဦးဆုံး ပြုလုပ်နိုင်ခဲ့သည့် လူဖြစ်ပြီး၊ ထို့ကြောင့်ပင် သူသည် ဤကဲ့သို့သော ကိစ္စများတွင် အတော်လေး ယုံကြည်မှုရှိနေခဲ့သည်။

“ ငါ့အမိန့်ကို နားထောင်၊ အင်အားအကုန်ထုတ်သုံးပြီးတော့ ငါ့ဆီကို ပို့လာကြ “ ရှုကျိုးမှ အော်ဟစ်ညွှန်ကြားလာခဲ့သည်။

ရားးးး

သုံးထောင်ကျော်သော ကြယ်ပြာဂြိုဟ်သိုင်းပညာရှင်တို့မှ သူတို့၏ ကျင့်ကြံရေး နည်းစနစ်များကို အသက်သွင်းလိုက်ရာ၊ အလင်းတန်း သုံးထောင်ကျော်သည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ အားလုံးသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

“ နိုးထတော့ “ ရှုကျိုးမှ ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မီတာ တစ်ထောင် မြင့်မားသည့် ရွှေရောင်ပုံရိပ်ကြီးတစ်ခုသည် မြေပြင်ပေါ်မှ တိုးထွက်လာခဲ့ပြီး၊ တောက်လောင်နေသည့် သူရိန်နေလုံးကဲ့သို့ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဝုန်းးးး

အဆိုပါ ရွှေရောင်ပုံရိပ်ကြီးသည် တိမ်သားတိမ်စိုင်များအထိ ထိုးဖောက်ဝင်ရောက်သွားပြီး၊ ပြိုင်ဘက်ကင်း အရှိန်အဝါတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

မိုင်ရာနှင့်ချီသော ဧရိယာအတွင်းရှိ အရာအားလုံး လှုပ်ခါသွားခဲ့သည်။

“ သူက အဲ့တာကို တကယ်ကြီး လုပ်လိုက်တာလား “

ကျုံးချန်သည် တအံ့တဩဖြစ်သွားခဲ့သည်။

ဒုတပ်မှူးမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။

ရှုကျိုးသည် တပ်မဟာ၂၃တစ်ခုလုံး၏ စွမ်းအားကို အလေအလွင့်မရှိစေဘဲ အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့လေသည်။

ကျုံးချန်ကမူ စွမ်းအားတစ်ဝက်ကိုသာလျှင် ထုတ်လွှတ်နိုင်ခဲ့သည်။

ယခု၌ ရှုကျိုးသည် တပ်ရင်းတစ်ခုလုံး၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့သည်။

၎င်းမှာ ပြီးပြည့်စုံသော ထုတ်ဖော်ပြသမှု တစ်ခုသာလျှင် မဟုတ်ဘဲ၊ ရှုကျိုး၏ ထိန်းချုပ်မှုအောက်တွင် စစ်တပ်တစ်ခုလုံး၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ယခင်ကထပ် လေးဆမှ ငါးဆအထိ ပိုမိုအားကောင်းလာခဲ့သည်။

“ ဘာကြီး “

ကမ္ဘာ့ကြယ် စစ်တပ်အတွင်းရှိ ယောင်ကျီ၏ အမူအရာ ပြောင်းလဲသွားသည် “ အဲ့တာက ဘယ်သူလဲ။ ဒီလိုစွမ်းအားမျိုးကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်ရတာလဲ “

သို့ရာတွင် ကျူးကျီသည် သူ့ကို ချက်ချင်းမှတ်မိသွားခဲ့သည် “ သူပဲ “

ကျူးကျီသည် အံတကြိတ်ကြိတ် ဖြစ်သွားတော့သည်၊ ထိုလူမှာ သူ့သူငယ်ချင်းကို သတ်ဖြတ်ခဲ့သည့် လူဖြစ်သည်။

သူက ဒီလောက်တောင် စွမ်းနေတာလား

အစီအရင်၏ ရှေ့ဘက်တွင် ရှိနေသည့် ယန်တိ၏ မျက်လုံးများထဲတွင်လည်း တအံ့တဩဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သို့သော် သူ၏အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲပင် ဖြစ်သည် “ ကြယ်ပြာသားတွေဘက်မှာ ဒီလိုပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ ဒါပင်မဲ့ စိတ်တော့မကောင်းဘူး၊ မင်းက ဒီနေ့ ဒီနေရာမှာပဲ သေချာပေါက် ပျောက်ကွယ်သွားရမယ် “

ထိုလူက တပ်ရင်းတစ်ခုလုံးကို ကောင်းကောင်း ထိန်းချုပ်နေနိုင်သောကြောင့် သူသည် ထိုလူကို သတ်ကိုသတ်ရမည် ဖြစ်သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 479 )

ယန်တိ၏ ရှုံးနိမ့်မှုကြီး၊ နတ်ဘုရားတွေက နှောင့်ယှက်လာမယ်ဆိုရင် သူတို့ကိုပါ သတ် ၂

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ထိုကလေးသည် နောင်အနာဂတ်တွင် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

“ သတ်ဖြတ်ရေး အစီအရင်ကို ဖွဲ့စည်းကြ “

ယန်တိမှ အော်ပြောလာခဲ့ရာ၊ ချက်ချင်းဆိုသလိုပင် လူအယောက် တစ်ထောင်ပါဝင်သည့် ကမ္ဘာ့ကြယ်စစ်တပ်၏ အပေါ်ဘက်တွင် အဆုံးမဲ့ ချီ-သွေးစွမ်းအင်များ အရူးအမူး စုဝေးလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးနီရောင် လှံတစ်ချောင်း ဖြစ်တည်လာခဲ့သည်။

ဇွီ

ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အလောင်းများက တောင်ကဲ့သို့ ပုံနေသည့်အလား၊ သွေးတို့ဖြင့် ပြည့်နှက်နေသည့် မြစ်အလား ဖြစ်နေသည့် ပုံရိပ်တစ်ခုသည် အားလုံး၏ မျက်လုံးများ ရှေ့တွင် ပေါ်လာခဲ့သည်။

“ သတ် “

ယန်တိမှ လက်မြှောက်၍ ညွှန်ပြလာခဲ့ရာ၊ သွေးနီရောင် လှံသည် လေဟာနယ်ကို ထိုးဖောက်ကာ ရှုကျိုးထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

“ ဝုန်းး “

သွေးနီရောင် လှံဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် လျင်မြန်စွာ ပြိုကျသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းများကို ဖြစ်ပေါ်သွားခဲ့သည်။

ထိုလှံသည် သေမင်း၏ လှံတံကဲ့သို့ပင် ၎င်း၏လမ်းကြောင်းတွင် ရှိနေသည့် တိမ်သားတိမ်စောင်များကို လွင့်ပျယ်သွားစေခဲ့သည်။

“ ကလေးအကွက်တွေ “

ရှုကျိုး၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ လက်ဝေ့ယမ်းလာခဲ့သည် “ ကျဆင်း “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူ့အနောက်တွင် ရှိနေသည့် မီတာ ၁၀၀၀မြင့်မားသော ရွှေရောင်ဘီလူးကြီးသည် ဧရာမ ပုဆိန်ကြီးကို လွှဲရမ်းကာ သွေးနီရောင်လှံကို ခုတ်ပိုင်းလာခဲ့သည်။

ပုဆိန် မကျရောက်ခင် အချိန်မှာပင် အောက်ဘက်ရှိ မြေပြင်သည် မည်ဟီးပေါက်ထွက်လာခဲ့ကာ မီလိုမီတာပေါင်းစွာ ရှည်လျားသည့် အက်ကွဲကြောင်းများအဖြစ် ကွဲထွက်သွားခဲ့သည်။

စစ်တပ်တစ်ခုလုံး၏ စွမ်းအားဖြင့် ရှုကျိုးမှ ဖွဲ့စည်းထားသည် ဧရာမ ပုဆိန်ကြီးသည် ဆဌမအဆင့် ပညာရှင်တစ်ဦးကိုပင် နေရာမှာတင် သတ်ဖြတ်ပစ်နိုင်လေသည်။

“ သတ် “

ရွှေရာင် ပုဆိန်ကြီးသည် သွေးနီရောင် လှံကို ခုတ်ပိုင်းလာခဲ့သည်။

ကမ္ဘာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင် စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ မိုင်တစ်ရာအတွင်းရှိ အရာအားလုံး ပြိုလဲကာ တောင်တန်းများ ပေါက်ကွဲသွားခဲ့သည်။

ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ကောင်းကင်ထက်ရှိ စစ်တပ်နှစ်ခုသည် အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေကြစဲပင် ဖြစ်သည်။

ယန်တိမှ အေးစက်စွာ ပြောလာခဲ့သည် “ အခုဆိုရင် ငါက အဆင့်၅ အထွတ်အထိပ်ကို ရောက်နေပြီ၊ လူရာဂဏန်းပဲ ရှိနေတယ်ဆိုရင်တောင်မှ မင်းကို အမှောက်သိပ်နိုင်သေးတယ် “

၎င်းမှာ အဝါရောင်အဆင့်ဇယား၏ ထိပ်ဆုံးအယောက်၁၀၀ထဲတွင် ပါဝင်နိုင်ခြင်း၏ ယုံကြည်မှုပင် ဖြစ်သည်။

ပုံမှန်အားဖြင့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များသည် ကြယ်ပြာဂြိုဟ်ထပ် ပိုမိုသာလွန်အားကောင်းလေ့ရှိသည်။ ယခုတွင် သူသည် ပဥ္စမအဆင့် အထွတ်အထိပ်သို့ အဆင့်တက်နိုင်ခဲ့ပြီး၊ သူ၏တိုက်ခိုက်ရေး အစီအရင်ပေါ်တွင် ရှိနေသည့် ထိန်းချုပ်နိုင်စွမ်းမှာလည်း ပိုမိုအားကောင်းလာခဲ့ပြီဖြစ်သောကြောင့် လူအင်အား ကွာဟမည်ဆိုလျှင်တောင်မှ ဤတိုက်ပွဲကို အနိုင်ရရန် ယုံကြည်နေခဲ့သည်။

“ ခွမ်း ခလမ်း ခွမ်းး “

သွေးနီရောင် လှံသည် လှံသုံးချောင်းအဖြစ် ကွဲထွက်သွားပြီး၊ ရွှေရောင်ပုဆိန်ကြီးဆီသို့ တိုးဝင်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သွေးနီရောင်လှံ၏ စွမ်းအားက မြင့်တက်လာခဲ့သည်။

“ ဟမ့် “

ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ကြုံးဝါးလာခဲ့သည် “ ငါ့အတွက် ချိုးဖျက်လိုက်စမ်း “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါသည် အပြည့်အဝ ပေါက်ထွက်လာခဲ့ပြီး၊ သန့်စင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်ဘီလူးကြီးနှင့် ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်ဘီလူးကြီး၏ စွမ်းအားသည် ချက်ချင်းထပ်မံ၍ မြင့်တက်လာပြန်သည်။

ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်၊ ရှုကျိုးက အခုထိတောင့်ခံနေနိုင်သေးတာလားဟ။

ယခုတွင် ရွှေရောင်စွမ်းအင်က မြင့်တက်လာသောကြောင့် ဧရာမ ရွှေပုဆိန်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်ကင်းစွမ်းအားကို ချက်ချင်းထုတ်လွှတ်လာခဲ့သည်။

“ ဒင် ဒင် ဒင် “

“ ခရက် “

သွေးနီရောင် လှံသုံးချောင်း၏ မျက်နှာပြင်များပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် အဆိုပါ အက်ကွဲကြောင်းများသည် လျင်မြန်စွာ ပြန့်ကားလာခဲ့ပြီး၊ လှံအရိုးများထိ ပျံ့နှံ့လာခဲ့ကာ ချက်ချင်းပေါက်ကွဲထွက်သွားခဲ့သည်။

“ ဖူးးး “

ကမ္ဘာ့ကြယ်တိုက်ခိုက်ရေး အစီအရင်အတွင်း ယန်တိသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။

စစ်တပ်တစ်ခုလုံး၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လှံတံပျက်စီးသွားသောကြောင့် တပ်မှူးဖြစ်သည့် သူသည် အားကောင်းလွန်းလှသည့် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည်။

ကမ္ဘာ့ကြယ် စစ်တပ်တစ်ခုလုံးမှာလည်း အမျိုးမျိုးသော တန်ပြန်သက်ရောက်မှုများကို ခံစားလိုက်ရပြီး၊ သူတို့၏ အရှိန်အဝါများသည် လျင်မြန်စွာ အားပျော့သွားခဲ့သည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါက တကယ်ကြီး ရှုံးသွားခဲ့တာလား “ ယန်တိ၏ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး၊ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

သူသည် အဝါရောင် အဆင့်ဇယား၏ ထိပ်တန်းအယောက် ၁၀၀အဆင့်မှ ပါရမီရှင်တစ်ဦးဖြစ်သည်။

ယခုတွင် ပဥ္စမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားပြီဖြစ်သောကြောင့် သူသည် အဝါရောင်အဆင့်ဇယား၏ ထိပ်တန်း၁၀ယောက်အဆင့်သို့ပင် ဝင်ရောက်နိုင်ပြီဖြစ်သည်။

သို့သော် ယခု၌ တံခါးကျင့်ကြံပြီးသည့်နောက် ပြန်၍ ပေါ်ထွက်လာခဲ့သည့် ပထမဦးဆုံး တိုက်ပွဲမှာပင် သူရှုံးနိမ့်သွားခဲ့သည်။

“ ရှုံးသွားတယ် ….. “

ယောင်ကျီ၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ ကြယ်ပြာနိုင်ငံသားတစ်ဦးသည် သူမစိတ်ထဲတွင် ပြိုင်ဘက်ကင်းသည့် ယန်တိကို အမှန်တကယ် အနိုင်ယူသွားခဲ့သည်။

“ သူတို့က လူအင်အားကို အားကိုးနေကြတာ “

ကျူးကျီသည် ရှုကျိုးကို စိုက်ကြည့်ကာ သူ့အား အပိုင်းပိုင်းဖြတ်နိုင်ပါစေဟု ဆုတောင်းနေခဲ့သည်။

…

ရှုကျိုးသည် ရန်သူက မည်သည့်အရာများ တွေးတောစဥ်းစားနေလဲဆိုသည်ကို စိတ်မဝင်စားဘဲ ရန်သူ့လှံက ပြိုကွဲသွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်း အော်ပြောလာခဲ့သည် “ သတ် “

အမိန့်သံအောက်တွင် တပ်မဟာ ၂၃တစ်ခုလုံး၏ အရှိန်အဟုန်မှာ ထောင်တက်လာခဲ့သည်။

“ သတ် “

ချက်ချင်းဆိုသလိုပင် လူတိုင်းက တစ်ညီတစ်ညာတည်း အော်ဟစ်ကြုံးဝါးလာကြသည်။

ရွှေရောင်ဘီလူးကြီးမှ ပုဆိန်ကို လွှဲရမ်းလာခဲ့ရာ၊ အဆုံးမဲ့စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ ကမ္ဘာ့ကြယ် စစ်တပ်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာ့ကြယ်၏ စစ်တပ် စိတ်ဝိညာဥ် လက်နက်က ပြိုကွဲသွားခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ အချိန်တိုအတွင်းတွင် ၎င်းကို ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည် ထိုကဲ့သို့သော စွမ်းအားမျိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ ဘုမ်းးး “

ဧရာမ ပုဆိန်ကြီးသည် ရပ်တန့်၍ မရသည့် အရှိန်အဟုန်မျိုးဖြင့် ကျဆင်းလာခဲ့သည်။

ဖူး ဖူး ဖူး

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံရေးအဆင့် အားနည်းသည့် ကမ္ဘာကြယ် စစ်သည်တော် တစ်ဒါဇင်ကျော်မှာ သွေးအန်သွားကြရသည်။

ပုဆိန်ကြီးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဒါဇင်ကျော်ကို လေထုထဲမှာပင် ချေမှုန်းကာ ဆက်လက်၍ ကျဆင်းလာခဲ့သည်။

ယောင်ကျီမှ အော်ပြောလာခဲ့သည် “ အရှင်ယန်တိ၊ ကျွန်မကို ကယ်ပါဦး “

သို့ရာတွင် ယန်တိသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပြေးတက်သွားတော့သည်။

သူသည် အဝါရောင်အဆင့်ဇယားမှ ကောင်းကင်သားတော် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူသည် ဤနေရာတွင် မည်ကဲ့သို့ ကျဆုံးသွားနိုင်မည်နည်း။

“ အရှင်ယန်တိ “ ယောင်ကျီ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် စိတ်ပျက်အားလျော့မှုတို့ ပြည့်နှက်သွားခဲ့သည်။

သူမ လေးစားရသည့်၊ ချစ်ခင်မြတ်နိုးရသည့် ယန်တိသည် အရေးအကြီးဆုံး အခိုက်အတန့်တွင် တိုက်ပွဲအတွင်းမှ ထွက်ပြေးသွားခဲ့သည်။

“ ဝုန်းးးး “

ယောင်ကျီသည် ကြောက်ရွံ့ထိတ်လန့်မှုနှင့် စိတ်ပျက်အားလျော့မှု အမူအရာများ ဆင်မြန်းထားကြသည့် ကျူးကျီနှင့် တစ်ခြားလူများနှင့်အတူ ပုဆိန်၏ နှစ်ပိုင်းပိုင်းခြင်းကို ခံလိုက်ရသည်။

ထိုအချိန်တွင် တပ်မဟာ ၂၃မှ သိုင်းပညာရှင်များသည် စိတ်ဓာတ်များတက်ကြွနေကြပြီး၊ သူတို့၏လမ်းတွင် ရှိနေသည့် အရာအားလုံးကို ချေမှုန်းနေကြတော့သည်။

ကမ္ဘာ့ကြယ် စစ်တပ်၏ တပ်မှူးက ထွက်ပြေးသွားခဲ့သောကြောင့် သူတို့စစ်တပ်၏ စိတ်ဓာတ်ရေးရာမှာ လုံးဝ ပြိုကွဲသွားပြီဖြစ်ကာ၊ သူတို့အတွက် လမ်းတစ်လမ်းသာလျှင် ကျန်ရှိနေတော့သည်။

ဖူး ဖူး ဖူး

ကျူးရွှမ်တောင်ကြားအထက်တွင် ခန္ဓာကိုယ် ဆုတ်ဖြဲခံနေရသည့် အသံများ ပျံ့လွင့်နေကာ ကောင်းကင်ထက်တွင် သွေးများ ပျံဝဲနေတော့လေသည်။

…

အသက်ရှူကြိမ် အနည်းငယ်မျှ ကြာခဲ့ပြီးသည့်နောက်တွင် ကျူးရွှမ်တောင်ကြားအတွင်းရှိ ကမ္ဘာ့ကြယ်သား အားလုံး သုတ်သင်ခံလိုက်ရသည်။

“ ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီကွ “

“ ငါတို့က ကျူးရွှမ်တောင်ကြားကို သိမ်းနိုင်ပြီကွ “

တပ်မဟာ ၂၃မှ စစ်သည်တော် အားလုံးသည် ပုံပျက်ပန်းပျက်ဖြစ်နေသည့် စစ်မြေပြင်ကို ကြည့်ကာ အံ့ဩမှင်သက်သွားကြသည်၊ ထို့နောက်တွင် ဝမ်းသာအားရ အော်ဟစ်နေကြတော့သည်။

သူတို့၏ မျက်နှာများပေါ်တွင် သွေးနှင့်ဖုန်တို့ဖြင့် ဖုံးလွှမ်းနေသော်လည်း၊ အားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သို့သော် မကြာခင် အချိန်မှာပင် လူတစ်ချို့သည် ရှုကျိုးကို ငေးကြည့်လာကြသည်။

“ သူပဲ၊ သူက အောင်ပွဲရလာအောင် ငါတို့ကို ဦးဆောင်ခဲ့တာ ”

“ ရှုကျိုးမရှိဘူးဆိုရင် ငါတို့က ဒီတိုက်ပွဲမှာ လုံးဝချေမှုန်းခံလိုက်ရနိုင်တယ် “

လှုပ်ရှားမှုများသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မျက်လုံး အားလုံးသည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့ပြီး၊ သူတို့၏ အကြည့်များထဲတွင် ကျေးဇူးတင်နေမှုနှင့် လေးစားမှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

ဤတိုက်ပွဲတွင် ယန်တိသည် ပဥ္စမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းသွားပြီး၊ ထို့နောက်တွင် ကမ္ဘာ့ကြယ်ဘက်မှ စစ်ကူများပင် ရောက်ရှိလာခဲ့သည်။ အကယ်၍ ရှုကျိုးသာ မဟုတ်ဘူးဆိုပါက သူတို့က လုံးဝမချေမှုန်းခံလိုက်ရဘူးဆိုလျှင်တောင်မှ ကြီးကြီးမားမား ရှုံးနိမ့်သွားရလိမ့်မည် ဖြစ်သည်။

ကျုံးချန်သည် ပျံသန်းလာခဲ့ပြီး၊ ရှုကျိုး၏ ပခုံးကို ပုတ်လာခဲ့သည် “ ညီအစ်ကိုရှု၊ ဒီတစ်ခါတော့ ငါတို့အားလုံးက မင်းကို အကြွေးတင်သွားပြီ “

သူ၏ မျက်လုံးများထဲတွင် အံ့ဩခြင်း၊ ကျေးဇူးတင်ခြင်းနှင့် စိတ်သက်သာရာရခြင်း အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

သူသည် တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်နိုင်သည့် ရှုကျိုး၏ စွမ်းရည်ကြောင့် အံ့ဩတုန်လှုပ်နေခဲ့သည်။

သူသည် ရလဒ်ကို ပြောင်းလဲပေးခဲ့သည့်အတွက် ရှုကျိုးကို ကျေးဇူးတင်နေခဲ့သည်။

ထိုအချိန်က ရှုကျိုးကို ယုံကြည်ပေးခဲ့သည့်အတွက် သူစိတ်သက်သာရာရနေခဲ့သည်။

ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်‌တော်က ဒီမှာရှိနေတော့ အံကိုက်ဖြစ်သွားတာပါ “

ကျုံးချန်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ညီအစ်ကိုရှုက ဗျူဟာဆွဲတဲ့နေရာမှာတင် ထူးချွန်တာ မဟုတ်ဘဲ တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်တဲ့ နေရာမှာပါ တော်တော်ကြီးကို အားကောင်းနေခဲ့တာပဲ။ မင်းက စစ်မြေပြင်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့တယ်လို့တောင် ငါသံသယဝင်မိသွားပြီ “

သူ့ဘေးနားရှိ ရှားလီယွဲ့မှာလည်း ခေါင်းခါရမ်း၍ ပြောလာခဲ့သည် “ ရှုကျိုးက အလယ်အလတ်အဆင့် စစ်မြေပြင်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ဖူးတာလို့ ကျွန်မ အာမခံတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်သည် ပို၍ပင် တအံ့တဩဖြစ်သွားခဲ့ကာ သက်ပြင်းချနေတော့သည် “ ဒီတစ်ခါတော့ ညီအစ်ကိုရှုက ငါတို့ တပ်မဟာ၂၃ရဲ့ အသက်တွေ အကုန်လုံးကို ကယ်ခဲ့တယ်၊ အဲ့အတွက် ငါတို့က သူ့ကို ကျေးဇူးတင် ဂုဏ်ပြုရမယ်။ ဒုတပ်မှူး …… မင်းက ငါတို့ကို ဘာလို့ ကျောခိုင်းထားရတာတုန်းဟ “

ဒုတပ်မှူးသည် ရှက်ရွံ့နေသော အမူအရာဖြင့် လှည့်ကြည့်လာခဲ့သည်၊ သူသည် ရှုကျိုးကို မျက်နှာချင်းမဆိုင်ရဲပေ။

တစ်ခဏခန့် အကြာတွင် သူသည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ မစ္စတာရှု၊ ငါက မင်းရဲ့ ကြီးမြတ်မှုကို သတိမပြုမိခဲ့ဘူး “

ရှုကျိုးသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ မလိုပါဘူး၊ ဒုတပ်မှူးရာ။ တကယ်လို့ သူစိမ်းတစ်ယောက်က တပ်ရင်းတစ်ခုလုံးကို ဦးဆောင်မယ်ဆိုရင် ကျွန်တော်ကလည်း အဲ့တာကို လက်ခံနိုင်မှာ မဟုတ်ဘူး “

ဒုတပ်မှူးမှ ပြန်ပြောလာခဲ့သည် “ မစ္စတာရှုက တကယ်ကို သဘောကြီးတာပဲ၊ ခင်ဗျားဆီမှာ တပ်မှူးကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေရှိတယ် “

…

ကျူးရွှမ်တောင်ကြား တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ တပ်မဟာ ၂၃က ၎င်းကို သိမ်းပိုက်ခဲ့ခြင်းသည် နယ်မြေ ၂၃ရှိ ကြယ်ပြာဂြိုဟ်၏ အခြေအနေက စတင်၍ ပြောင်းလဲလာပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

စခန်းအတွင်း၌ ကျုံးချန်သည် ဒုတပ်မှူးနှင့် တစ်ခြားလူများကို ဆင့်ခေါ်ကာ ယနေ့တိုက်ပွဲကို ဆင်ခြင်သုံးသပ်ခြင်းနှင့် လာမည့်စစ်ဆင်ရေးများကို အစီအစဥ်ရေးဆွဲခြင်းတို့ ပြုလုပ်နေခဲ့သည်။

ကျုံးချန်မှ ပြောလာခဲ့သည် “ ညီအစ်ကိုရှုရဲ့ ကျေးဇူးကြောင့် ငါတို့က ကျူးရွမ်တောင်ကြားမှာ အောင်ပွဲကြီးတစ်ခု ရလိုက်ပြီး ရန်သူ တစ်ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့တယ် “

ရှုကျိုးသည် သက်ပြင်းချကာ ခေါင်းခါနေတော့သည် “ အဲ့ဒီ ယန်တိတော့ လွတ်သွားတယ်လေ “

ကျုံးချန်မှ ထပ်ပြောလာခဲ့သည် “ ယန်တိက အဆင့်၅ အထွတ်အထိပ်ကို ရောက်နေပြီလေ၊ သူထွက်ပြေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သူ့ကို တားဖို့ နည်းလမ်း ရှိမှာ မဟုတ်ဘူး “

၎င်းမှာ တိုက်ခိုက်ရေး အစီအရင်၏ အားနည်းချက်တစ်ခုပင် ဖြစ်သည်။

တိုက်ခိုက်ရေး အစီအရင်တစ်ခုက တိုက်ခိုက်နိုင်သည့် အကွာအဝေးမှာ အမြင့်ဆုံးအနေဖြင့် ဆယ်မိုင်အထိသာရှိသည်။

ထိုအကွာအဝေးကို ကျော်လွန်သွားခဲ့ပါက တိုက်ခိုက်ရေး စွမ်းအားက သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

လူထောင်နှင့်ချီက စုပေါင်းဖွဲ့စည်းထားသည့် တိုက်ခိုက်ရေး အစီအစဥ်သည် မြန်မြန်ဆန်ဆန် ရွေ့လျားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အင်အားကြီး ရန်သူတစ်ဦးက ထွက်ပြေးမည်ဆိုပါက၊ သူတို့သည် ထိုလူကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ နောက်တစ်ခါ ယန်တိနဲ့ရင်ဆိုင်ရတဲ့အခါ သူထွက်ပြေးဖို့ ကြိုးမယ်ဆိုရင်၊ ငါသူ့ကို လိုက်ဖမ်းရမယ် “

ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် ကမ္ဘာ့ကြယ်သား ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ ရှုကျိုးသည် သူက ပြိုင်ဘက်ကို သတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

ကျုံးချန်ကမူ ရှုကျိုး၏ အတွေးများကို မသိပေ။ အကယ်၍ သိခဲ့မည်ဆိုပါက သူသည် အလွန်တရာ အံ့ဩတုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယန်တိ၏ ယခုလက်ရှိ စွမ်းအားဖြင့်သာဆိုပါက သူသည် အဝါ‌ရောင် အဆင့်ဇယား၏ ထိပ်ဆုံး ၁၀ဦးအဆင့်သို့ ဝင်ရောက်နိုင်ပြီး၊ အလယ်အလတ် ဆဌမအဆင့် ပညာရှင်ကပင် သူ့ကို အနိုင်ယူနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

ကျုံးချန်မှ စကားဆက်ပြောလာခဲ့သည် “ နောက်တစ်ခုကတော့ ငါတို့တွေက ရှုန်းမာတောင်ကြားကို ပြန်သိမ်းရမယ် “

လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့သည်။

ယခင်တွင် ရှေ့တန်းစစ်မြေပြင်ကို သိမ်းပိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ဘေးတစ်ဖက်တွင် တည်ရှိနေသည့် ရှုန်းမာစစ်မြေပြင်ကို လျစ်လျူရှုထား၍ မရပေ။

ကျုံးချန်ထပ်ပြောလာခဲ့သည့် စကားလုံးများသည် လူတိုင်းကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

“ လာမဲ့စစ်ဆင်ရေးကို ညီအစ်ကိုရှုကပဲ တပ်မှူးအဖြစ် ယာယီဦးဆောင်အုပ်ချုပ်ပေးဖို့ ကျွန်တော် အဆိုပြုတယ် “

………………………………………………………………………………………………………………………………………

အပိုင်း ( 480 )

ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် အပြည့်အဝ ချိတ်ဆက်ခြင်း၊ အဝါ‌ရောင် အဆင့်ဇယား၏ နံပါတ်၄ ပညာရှင်

ကျုံးချန်မှ ထိုစကားကို ပြောလာခဲ့သည်နှင့်တစ်ပြိုင်နက် အစည်းအဝေးအခန်းထဲတွင် ရှိနေသည့် လူတိုင်းမှာ တအံ့တဩ ဖြစ်သွားကြသည်။

ရှုကျိုးကပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ငါ့ကို တပ်မှူးဆက်လုပ်ခိုင်းနေတာလား။ အဲ့တာကြီးက ….

စစ်နယ်မြေတိုင်း၏ တပ်မှူးများကို စစ်ဌာန၏ အဆင့်မြင့် အရာရှိများက ခန့်အပ်ထားခြင်း ဖြစ်သည်။ တပ်မှူးတစ်ဦးဖြစ်လာရန်အတွက် အမျိုးမျိုးသော အကဲဖြတ်မှုများနှင့် စမ်းသပ်မှုများကို ကျော်ဖြတ်ရမည် ဖြစ်သည်။

ယခင်တိုက်ပွဲတွင် ရှုကျိုးသည် ပြင်းထန်သော အခြေအနေများကြောင့်သာလျှင် တပ်ရင်းတစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် တပ်မှူးရာထူးကို မိမိဘက်မှ အဆိုပြု၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လာမည့်တိုက်ပွဲများတွင် တပ်မှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာ သူ့အတွက် အနည်းငယ် ထူးဆန်းနေခဲ့သည်။

ရှုကျိုးကပင် ထိုကဲ့သို့ တွေးတောနေသောကြောင့် တစ်ခြားလူများသာဆိုပါက ပြောနေရန်ပင် မလိုတော့ပေ။

လူအုပ်ကြီး၏ အမူအရာ အမျိုးမျိုးကို မြင်တွေ့လိုက်ရသောအခါတွင် ကျုံးချန်သည် မနေနိုင်တော့ဘဲ စကားထပ်ပြောလာခဲ့သည် “ မင်းတို့က ဘယ်လိုထင်ကြလို့လဲ “

ဒုတပ်မှူးမှ စကားဝင်ပြောလာခဲ့သည် “ ကျွန်တော်တို့က ညီအစ်ကိုရှုရဲ့ စွမ်းအားကို မြင်ခဲ့ရပြီးပါပြီ။ တကယ်လို့ သူက တပ်မှူးအဖြစ် တာဝန်ယူမယ်ဆိုရင် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပင်မဲ့ တိုက်ပွဲတွေ ပြီးသွားတဲ့ အချိန်ကျရင် စစ်ပွဲအမှတ်တွက်ချက်မှုအတွက် ကျွန်တော်တို့က စစ်ဌာနကို ဘယ်လို သတင်းပြန်ပို့မှာလဲဗျ “

တစ်ခြားလူများမှာလည်း အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။

စစ်ပွဲရမှတ် တွက်ချက်ခြင်းသည် လူတစ်ဦး၏ အထောက်အထားနှင့် များစွာဆက်စပ်နေသည့် ကိစ္စတစ်ခုဖြစ်သည်။

တပ်ရင်းတစ်ခုတွင် တပ်မှူးကသာလျှင် အကျိုးအမြတ် အများဆုံး ရရှိသည်၊ ထို့နောက်၌ ဒုတပ်မှူးနှင့် တစ်ခြား သိုင်းပညာရှင်များ စသည်ဖြင့် အသီးသီး ရရှိကြသည်။

သို့သော် ရှုကျိုးမှာ တပ်မှူးတစ်ဦး မဟုတ်ဘဲ၊ တပ်မှူး၏ တာဝန်များကိုသာ ထမ်းဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရမှတ်များကို မည်ကဲ့သို့ ခွဲခြားပေးဝေကြမည်နည်း။

ဒုတပ်မှူး၏ စကားသည် ကျုံးချန်၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေရုံသာ မဟုတ်ဘဲ၊ ရှုကျိုး၏ အကျိုးစီးပွားက ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေနှင့်ပါ ဆက်စပ်နေခဲ့သည်။

ရှုကျိုးမှ စကားထပ်ပြောလာခဲ့သည် “ ကမ္ဘာမကြေ ရန်သူတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကိုယ်ရေးကိုယ်တာတွေက အရေးမပါပါဘူး၊ စစ်ပွဲအမှတ်တွေက အဲ့လောက် အရေးမကြီးပါဘူး “

သူ၏စကားလုံးများသည် တစ်ခြားလူများကို လှုပ်ခတ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျုံးချန်သည် သူ၏လက်ကို ဝေ့ယမ်းကာ စကားပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းကို တပ်ရင်းတစ်ခုလုံးရဲ့ တပ်မှူးအဖြစ် တာဝန်ယူဖို့ ငါက အဆိုပြုခဲ့တာဆိုတော့၊ စစ်ပွဲအမှတ်တွေကိုလည်း တပ်မှူးရဲ့ အဆင့်အတန်းအတိုင်းပဲ သေချာပေါက် တွက်ချက်ရမှာပေါ့။ ဒီကိစ္စကို စစ်ဌာနဆီ ငါသေချာ သတင်းပို့လိုက်မယ် “

ဒုတပ်မှူးသည် အံ့ဩတကြီးဖြစ်သွားကာ စကားဝင်ပြောလာခဲ့သည် “ ကျုံးကြီး၊ မင်းရဲ့ အမှတ်တွေက သိသိသာသာ နည်းသွားမှာလေ “

ရှားလီယွဲ့မှာလည်း ခေါင်းငြိမ့်၍ စကားပြောလာခဲ့သည် “ စစ်ဖြစ်နေတဲ့ အချိန်အတွင်းမှာ တပ်မှူးနေရာကို တစ်ခြားလူဆီ လွှဲပေးလိုက်တာက စစ်ဌာနအတွက် လက်ခံဖို့ ခက်ခဲနေလိမ့်မယ် “

ကျုံးချန်သည် ခေါင်းခါ၍ စကားထပ်ပြောလာခဲ့သည် “ မင်းတို့က ငါ့စကားတွေကို သေချာ နားမလည်သေးဘူးပဲ “

“ ရန်သူက ငါတို့ရှေ့မှာ ရှိနေတယ်၊ ငါတို့ရဲ့ အဓိကတာဝန်က ကမ္ဘာ့ကြယ်ရဲ့ တပ်ရင်း ၃၁ကို အပြတ်ရှင်းဖို့ပဲ “

ကျုံးချန်မှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ညီအစ်ကိုရှုက ကိုယ်ရေးကိုယ်တာ ကိစ္စတွေက ဒီကိစ္စလောက် အရေးမကြီးဘူးဆိုတာကို ကောင်းကောင်းကြီး သိတယ်။ အဲ့တာကြောင့် တပ်မှူးဖြစ်တဲ့ ငါက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ “

“ ငါတို့ကသာ ရှုန်းမာတောင်ကြားကို ပြန်သိမ်းပြီးတော့ ရန်သူတွေကို ရှင်းထုတ်နိုင်သရွေ့၊ အမှတ်တွေ အကုန်လုံး ညီအစ်ကိုရှုဆီ ပေးလိုက်ရရင်ကော ဘာဖြစ်မှာမို့လို့လဲ “

ရှုကျိုးသည် မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

စစ်တပ်၏ တပ်မှူးတစ်ဦးသည် မျှော်လင့်ထားသည့်အတိုင်းပင် သာမန်လူများနှင့် ကွဲပြားနေခဲ့သည်။

ကျုံးချန်မှ ဆက်ပြောလာခဲ့သည် “ ဆိုတော့ ကန့်ကွက်ချင်တဲ့လူ ရှိသေးလား။ တကယ်လို့ မရှိဘူးဆိုရင် ညီအစ်ကိုရှုက ဒီနေ့ကစပြီးတော့ ငါတို့ နယ်မြေ ၂၃ရဲ့ တပ်မှူးအဖြစ် ယာယီတာဝန်ယူလိမ့်မယ် “

ဒုတပ်မှူးသည် သက်ပြင်းချ၍ စကားထပ်ပြောလာခဲ့သည် “ ကျုံးကြီးက ဒီလိုပြောလာပြီဆိုမှတော့ ငါဘာမှ ထပ်ပြောစရာ မရှိတော့ဘူး “

တစ်ခြားလူများကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

…

ရာထူးပြောင်းလဲခြင်းကို စီစဥ်ခဲ့ပြီးသည့်နောက်တွင် ကျုံးချန်သည် ရှေ့ဆက်ပြုလုပ်မည့် တိုက်ပွဲအတွက် အစီအစဥ်ရေးဆွဲနေတော့သည်။

အောင်ပွဲတစ်ခုရခဲ့ပြီးသည့်နောက်၌ အားလုံး၏ ခေါင်းထဲတွင် ရှိနေကြသည့် အတွေးမှာ အောင်ပွဲခံခြင်းနှင့် အနားယူခြင်းတို့သာ ဖြစ်နေလိမ့်မည် ဖြစ်သည်။

သို့သော် ကျုံးချန်ကမူ ထိုကဲ့သို့ မဟုတ်ဘဲ နောက်လာမည့်တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့သည် “ ရန်သူက မငြိမ်မသက်ဖြစ်နေပြီ၊ ငါတို့က ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီးတော့ တပ်ရင်းတစ်ခုလုံးရဲ့ စစ်အင်အားကို အသုံးပြုပြီး ရှုန်းမာတောင်ကြားကို တစ်ခါတည်း သိမ်းသင့်တယ်လို့ထင်တယ် “

“ ညီအစ်ကိုရှုရော၊ ဘယ်လိုမြင်လဲ “

စကားပြောခဲ့ပြီးသည့်နောက်တွင် ကျုံးချန်သည် ရှုကျိုးကို အလိုလို ကြည့်မိလာခဲ့သည်။

“ တပ်မှူးကျုံးရဲ့ စကားက အကျိုးအကြောင်းသင့်ပါတယ် “ ဟုရှုကျိုးမှ ပြန်ပြောလာခဲ့သည်။

ကျုံးချန်မှ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ ညီအစ်ကိုရှု အဆင်ပြေမယ်ဆိုရင် ငါ့ကို အစ်ကိုကျုံးလို့ ခေါ်လို့ရပါတယ် “

“ အစ်ကိုကျုံး “ ရှုကျိုးသည် ပြုံးပြ၍ ဆက်ပြောလာခဲ့သည် “ ကျွန်တော်ကတော့ ကမ္ဘာ့ကြယ်သားတွေက တစ်ခြားနယ်မြေတွေဆီကနေ အကူအညီ လှမ်းတောင်းမှာကို တွေးထားသင့်တယ်လို့ ထင်တယ်။ အဲ့တာကြောင့် နောက်တိုက်ပွဲ မစခင် အချိန်မှာ အနီးအနားက စစ်နယ်မြေတွေဆီကနေ စစ်ကူရ၊ မရ တောင်းကြည့်လိုက်တာက အကောင်းဆုံးပဲ “

“ အမှန်ပဲ “

ကျုံးချန်သည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

လူတစ်စုသည် အစည်းအဝေး အခန်းထဲတွင် နည်းလမ်းများနှင့် နည်းဗျူဟာများကို ရေးဆွဲစီစဥ်နေကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

နှစ်နာရီ ကြာခဲ့ပြီးသည့်နောက်တွင်

ကျုံးချန်သည် မတ်တပ်ထရပ်ကာ တဲအပြင်ဘက်သို့ ထွက်လာပြီး၊ တစ်တပ်လုံးကို အမိန့်ပေးလာခဲ့သည်။

“ အားလုံးပဲ ငါ့နောက်က လိုက်ခဲ့ကြ၊ ရှုန်းမာတောင်ကြားကို ပြန်သိမ်းမယ် “

“ ဟုတ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ထောင်နှင့်ချီသော စစ်သည်တော်များသည် လျင်မြန်စွာ ရွှေ့ပြောင်းလှုပ်ရှားနေကြတော့သည်။

မိနစ်ပိုင်းအတွင်းမှာပင် ရှုကျိုးနှင့် ကျုံးချန်တို့ ဦးဆောင်သည့် စစ်သည်တော်များသည် လျင်မြန်စွာ လူစုနိုင်ခဲ့ပြီး၊ ရှုန်းမာတောင်ကြားဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်သွားတော့သည်။

…

လွန်ခဲ့တဲ့သော နှစ်နာရီခန့်က

ရှုန်းမာတောင်ကြား

ကမ္ဘာ့ကြယ်သားတို့၏ ယာယီတပ်စခန်းအတွင်းတွင်

ကွေ့လိုင်သည် ဖုန်များဖြင့် ဖုံးလွှမ်းနေသည့် ယန်တိကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ ညီအစ်ကိုယန်၊ မင်းက အဆင့်၅ အထွတ်အထိပ်ကို ရောက်နေပါပြီ။ ဒီနယ်မြေ၂၃မှာရှိတဲ့ ဘယ်သူက မင်းကို အနိုင်ယူခဲ့တာလဲ “

ယန်တိ၏ မျက်လုံးများ အေးစက်သွားပြီး၊ သူသည် လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ ကြယ်ပြာဘက်မှာ ထူးချွန်တဲ့ တပ်မှူးတစ်ယောက် ပေါ်လာတယ်၊ သူ့ရဲ့နယ်ပယ်က အစောပိုင်း အဆင့်၅ပဲ။ ဒါပင်မဲ့ သူ့ရဲ့ အစီအရင် ထိန်းချုပ်နိုင်စွမ်းကတော့ တစ်ခြားလူတွေထပ် အပုံကြီးသာတယ် “

“ သူက တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကို နှစ်ဆအထိ ထုတ်သုံးနိုင်တယ် “

ကွေ့လိုင်သည် အစတွင် များစွာအာရုံစိုက်မနေခဲ့ပေ။ သို့သော် ယန်တိ၏ နောက်ဆုံးစကားကို ကြားလိုက်ရသောအခါတွင် သူသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

“ တိုက်ခိုက်ရေး အစီအရင်ရဲ့စွမ်းအားကို နှစ်ဆဖြစ်သွားအောင် လုပ်တာလား “

တိုက်ခိုက်ရေး အစီအရင် ထိန်းချုပ်ခြင်းသည် လူပေါ်တွင် မူတည်၍ အမျိုးမျိုး ကွဲပြားနေခဲ့သည်။

တစ်ချို့သည် ၎င်း၏ စွမ်းအား သုံးပုံတစ်ပုံကိုသာ ထုတ်သုံးနိုင်ကြသည်၊ တစ်ခြားလူများကမူ ၎င်း၏စွမ်းအားကို တစ်ဝက်တိတိ ထုတ်သုံးနိုင်ကြသည်။

သို့သော် ပါရမီရှင်တပ်မှူးများကမူ တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ကြသည်။

ထိုကဲ့သို့သော လူများသည် တပ်မှူးအဆင့်တွင် အလွန်တရာ ရှားပါးနေခဲ့သည်။

သို့သော် ဒဏ္ဍာရီများအရ ၎င်းထပ် ပိုမိုသာလွန်သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေသေးသည်ဟု ဆိုကြသည်။

ထိုလူများသည် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ရုံတင် မဟုတ်ဘဲ၊ ၎င်း၏စွမ်းအားကိုပါ နှစ်ဆတိတိ တိုးမြှင့်နိုင်သည်ဟု ဆိုကြသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဒဏ္ဍာရီထဲတွင်သာ တည်ရှိသည်။

ကမ္ဘာ့ကြယ်သား ပါရမီရှင်များကြားမှာပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးပေ။

“ ညီအစ်ကိုယန်၊ အဲ့တာက အမှန်ပဲဆိုတာ သေချာလား “ ကွေ့လိုင်၏ အမူအရာသည် အံ့ဖွယ်ကောင်းလောက်သည်အထိ လေးနက်နေခဲ့သည် “ တကယ်လို့ ကြယ်ပြာဂြိုဟ်ဘက်မှာ အဲ့လိုလူမျိုး ရှိနေမယ်ဆိုရင်၊ ငါတို့က အထက်ကို ချက်ချင်းသတင်းပို့မှ ဖြစ်မယ် “

All Chapters