အခန်း (၁၈၆-၁၉၀)
Vol. 13 Ch. 186-190
အခန်း (၁၈၆) သိုင်းမြို့စားဘိုင်ယွန်၏ ဖိတ်ကြားချက်
ချင်ယွင်နှင့်ရန်စီချီတို့ ရစ်ပတ်လုံးထွေးမိပြီးနောက်တွင် ရယ်ရမလား ငိုရမလားမှန်းမသိ
ဖြစ်စေသည့် အရာတစ်ခုကို သူ တွေ့ရှိခဲ့ရပါသည်။
သူသည် အမှန်တကယ်ကြီးကို အဆင့်သေးတစ်ခုကို ချိုးဖြတ်သွားခဲ့သည်။ သူ၏ ကျင့်ကြံမူအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ ချိုးဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ၏ အစောပိုင်းအဆင့်ကဲ့သို့ ရိုးရှင်းသော အောင်မြင်မှုတစ်ခုသာ မဟုတ်ဘဲ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သို့ တိုက်ရိုက် ချိုးဖြတ်ဝင်ရောက်မှုလည်း ဖြစ်သည်။
အမှန်တကယ်တော့ ချင်ယွင်သည် ဤအဆင့်ချိုးဖြတ်နိုင်မူကို မအံ့သြမိပေ။ ဤမျှ ရှည်လျားသော တိုက်ပွဲကာလတွင်၊ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၊ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိ နေခဲ့သည်မှာ ကြာပြီဖြစ် သည်။ ထို့ကြောင့် အဆင့်သေးတခုချိုးဖြတ်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်၏။ သို့သော် ချင်ယွင်သည် ယခုအချိန်တွင် အဆင့်တစ်ခုကို ချိုးဖြတ်နိုင်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ပေ။
ကူရာမဲ့စွာဖြင့် ချင်ယွင်သည် ရန်စီချီ၏ စောင်အောက်မှထကာ သူ၏ ကျင့်ကြံမူ အခြေခံကို စုစည်းလိုက်ရသည်။
ချင်ယွင်သည် ဤကိစ္စအားလုံးပြုလုပ်ပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်ကြီးသည် တဖြည်းဖြည်း မည်းမှောင်လာသည်။
ထိုအချိန်တွင် သိုင်းမြို့စားဘိုင်ယွန်သည် ဂိုဏ်းပေါင်းဆုံပြိုင်ပွဲ၏ ထိပ်တန်း သုံးယောက်အား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ရန်အတွက် ချင်ယွင်နှင့် ရန်စီချီတို့အား 'သိုင်းမြို့စားစံအိမ်'သို့ ဖိတ်ကြားရန် ဖိတ်စာနှစ်ဆောင် ပေးပို့ခဲ့သည်။
ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်၏ ရုတ်တရက် ဖိတ်ကြားမှုကြောင့် အလွန်အံ့သြ သွားခဲ့သည်။ ဘိုင်ချီဟန်နှင့် အခြားသူများ၏ အဆိုအရ သိုင်းမြို့စားဘိုင်ယွန်သည် အလွန်အေးစက်သည့် ပင်ကိုယ်စရိုက်ရှိကာ ရှုပ်ထွေးသော လောကကျင့်ဝတ်များကို မုန်းတီးသူဖြစ်သည်။ ဂုဏ်ပြုညစာစားပွဲကျင်းပဖို့ နေနေသာသာ ဂိုဏ်းပြိုင်ပွဲတစ်ခုမှာ ပေါ်လာသည်ကပင် အလွန်ရှားနေပါပြီ။
ဆိုလိုသည်မှာ သိုင်းမြို့စားဘိုင်ယွန်သည် အခြားအစီအစဥ်များ ရှိနေသဖြင့် ဤပွဲကို ကျင်းပခြင်းဖြစ်ပြီး ယင်းက ချင်ယွင်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော် ချင်ယွင်သည် ရှက်ကြောက်တတ်သူ မဟုတ်ပေ။ သိုင်းမြို့စားဘိုင်ယွန်က ဖိတ်စာပို့ပြီးသားဆိုမှတော့ သူမသွားမှပင် အမှန်တကယ် အရှက်ရစရာ ဖြစ်လိမ့်မည်။
ထို့ကြောင့် ချင်ယွင် နှင့် ရန်စီချီသည် ခဏတာပြင်ဆင်ပြီးနောက် ဘိုင်ယွန်မြို့တော်ရှိ “သိုင်းမြို့စား” စံအိမ်ဆီသို့ လျှောက်လာခဲ့သည်။
သိုင်းမြို့စားစံအိမ်သည် ဧကတစ်ရာကျယ်ဝန်းပြီး ဘိုင်ယွန်မြို့တော်၏ အလယ် ဗဟိုတွင် တည်ရှိသည်။ ၎င်း၏အငွေ့အသက်သည် အလွန်တရာ ခံ့ညားပြီး ငြိမ်ကုပ်နေသော ဧရာမသားရဲကြီးတစ်ကောင်နှင့် တူသည်။
စံအိမ်ကြီးအတွင်းတွင် အချိုးအကွေ့ကိုးဆင့်ရှိသည့် စင်္ကြံတစ်ခု ရှိသည်။ စံအိမ်ကြီးသည် အနှိုင်းမဲ့ ကျယ်ဝန်းသည်။ အကယ်၍ အသိမိတ်ဆွေများသာ လမ်းပြပေးခြင်း မရှိခဲ့ပါလျှင် အထဲမှာ လမ်းပျောက်ရန် အလွန် လွယ်ကူလှ၏။
ချင်ယွင်နှင့် ရန်စီချီတို့သည် သိုင်းမြို့စားစံအိမ်၏ အဝင်ပေါက်သို့ ရောက်ရှိ လာကြသည်။ သိုင်းမြို့စားစံအိမ်၏ ခမ်းနားထည်ဝါသော ဝင်ပေါက်ကို ကြည့်ရင်း ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားခဲ့သည်။ ဤသိုင်းမြို့စားစံအိမ်သည် တကယ့်ကို ထူးထူးခြားခြားပင် ဖြစ်သည်။
တံခါးနားမှာရှိသည့် ဧရာမချီလင်ပန်းပုရုပ်တုကြီး နှစ်ခုကပင် အဖိုးမဖြတ်နိုင်ပေ။ ၎င်းတို့အားလုံးကို အဖြူရောင်စကျင်ကျောက်ဖြင့် ထွင်းထုထားသည်။ ချီလင်ပန်းပု အရုပ်ကြီးများသည် ၎င်းတို့၏ ခြေသည်းများနှင့် သွားများဖြဲဟနေသည့် အမူအရာကို ပြသထားပြီး သိုင်းမြို့စားစံအိမ်၏ ဘုန်းတန်ခိုးအာနုဘော်ကို အပြည့်အဝ ထုတ်ဖော် ပြသနေကြသည်။ ဖြတ်သွားဖြတ်လာများသည် ဤချီလင်ပန်းပုရုပ်ကြီးနှစ်ခုကို တွေ့ရလျှင်ပင် ကြောက်လန့်တကြားဖြစ်ကာ လမ်းလွှဲမှ ရှောင်သွားကြလိမ့်မည်။
ကျယ်ဝန်းသော တံခါးသည် ပို၍ပင် တောက်ပနေ၏။ တံခါးဘောင်တစ်ခုလုံးကို ရွှေဖြင့် ခြယ်သထားပြီး ၎င်း၏အငွေ့အသက်သည် ထူးထူး ခြားခြားဖြစ်သည်။
၎င်းတွင် 'သိုင်းမြို့စားစံအိမ်' ဟူသော စာလုံးရေးထွင်းထားသည့် ကမ္ဗည်းပြားတစ်ခုကို တံခါးဘောင်အပေါ်တွင် ချိတ်ဆွဲထားသည်။ စုတ်ချက်ထဲတွင် နဂါးနှင့် မြွေတစ်ကောင်သည် လျှောက်သွားနေပြီး ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်ဖော်နေကြကာ ၎င်းကိုမြင်လိုက်ရသည့်အခါ လူများကို ထိတ်လန့်သွားစေသည်။
ရန်စီချီနှင့် ချင်ယွင်တို့သည် တံခါးဝသို့ ရောက်လာသောအခါ ဖိတ်စာပေးပို့သော အိမ်တော်ထိန်းသည် တံခါးဝတွင် အကြာကြီး စောင့်ဆိုင်းနေဟန်တူသည်။
"သခင်မလေးနဲ့ သခင်လေးချင်ယွင်ကို သိုင်းမြို့စားစံအိမ်မှ ကြိုဆိုပါတယ်။ သိုင်းမြို့စားသခင်က လင်ရွှန်းနန်းတော်မှာ စောင့်နေတာ ကြာပါပြီ။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ။" အိမ်တော်ထိန်းက ပြုံးပြရင်း ပြောသည်။
ချင်ယွင်သည်ပြုံးပြီး ခေါင်းညိတ်ပြလိုက်သော် လည်း သူ၏စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ ယခင်က ဖိတ်စာလာပို့သည့်အချိန်၌ ဤ အိမ်တော်ထိန်းအား ဂရုမစိုက်ခဲ့ဘဲ ယခု အနည်းငယ်စစ်ဆေးပြီးနောက် ဤအိမ်တော်ထိန်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
သေးငယ်သော အိမ်တော်ထိန်းတစ်ဦးသည်ပင် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ ဤသိုင်းမြို့စားစံအိမ်သည် သိုင်းမြို့စားစံအိမ်ဟူ၍ ခေါ်ဆိုရန် အမှန်တကယ် ထိုက်တန်ပါသည်။ ဤကဲ့သို့သော နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မိုးကြိုး၀ိညာဥ်ကဲ့သို့ သော မြို့တစ်မြို့တွင် မြို့တော်သခင်အဖြစ် တည်ရှိနိုင်ကြောင်းကို သိထားရလိမ့်မည်။ ချင်းယွမ်မြို့ကဲ့သို့ မြို့ငယ်လေးမှာဆိုလျှင်၊ အုပ်စိုးသူဖြစ်ဖို့ပင် လုံလောက်ပါလိမ့်မည်။
ချင်ယွင် အံ့အားသင့်နေချိန်တွင် ရန်စီချီသည်လည်း ထိတ်လန့်သွားသည်။
"တကယ်ကို ဒါက လင်ရွှန်းနန်းတော်ပဲ!"
သေချာပါသည်၊ သူမသည် သိုင်းမြို့စားစံအိမ်ကို လာရောက်လည်ပတ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာပါသည်။ လင်ရွှန်းနန်းတော်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သူမသည် သဘာဝကျကျ သိထားသည်။ သိုင်းမြို့စားစံအိမ်သည် ဂုဏ်ထူးဆောင် ဧည့်သည်များကို ဧည့်ခံဖျော်ဖြေသည့် နေရာဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာပင် တစ်ကြိမ် အသုံးပြုခဲသည်။ ပုံမှန်အားဖြင့်ဆို ဧည့်သည်များသည် ဧည့်ခန်းမဘေးရှိ ဆင်ဟွာနန်းတော်မှာပင် ရှိနေရလိမ့်မည်။
၎င်းကိုကြည့်ခြင်းအားဖြင့် သိုင်းမြို့စားဘိုင်ယွန်သည် ဤညစာစားပွဲအတွက် အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားသည်မှာ သိသာလှသည်။ သို့သော်လည်း ရန်စီချီ နားမလည်နိုင်သည်မှာ သူမဆရာ၏ ပင်ကိုယ်စရိုက်သည် အလွန် အေးစက်နေခြင်း ဖြစ်သည်။ သူသည် များသောအားဖြင့် လူအများပြားနှင့် ဆက်ဆံရန် ဆန္ဒမရှိပေ။ သူသည် ဤညစာစားပွဲကြီးကိုမှ ရုတ်တရက် အလွန်အရေးကြီးသည့် အရာဖြစ် မည်ကဲ့သို့ မှတ်ယူထားရသနည်း။
အိမ်တော်ထိန်းသည် ချင်ယွင်နှင့် အခြားရန်စီချီကို စင်္ကြံများမှတစ်ဆင့် ပန်းခြံများဆီသို့ ဖြတ်သွားကာ နောက်ဆုံးတွင် အလွန်လှပသောခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
အိမ်တော်ထိန်းသည် ချင်ယွင်နှင့် ရန်စီချီကို ခန်းမအ၀င်ဝသို့ ပို့ဆောင်ပြီးနောက် သူ့ဘာသာသူ ထွက်ခွာသွားခဲ့သည်။
ချင်ယွင်နှင့်ရန်စီချီတို့သည် ခန်းမထဲသို့ဝင်လာပြီး ခန်းမထဲတွင် လူအနည်းငယ်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ကျိုးယုနှင့် ဘိုင်ချီဟန်တို့လည်း ရောက်ရှိနေကြပြီး သူတို့သည် ဘေးနားတွင် စကားစမြည် ပြောနေကြသည်။
ပန်းတစ်ရာဂိုဏ်းရှိသည့်ဘက်တွင် ချန်မင်ရှီနှင့် အခြားတပည့်နှစ်ယောက်တို့သည် လည်း ဘေးတွင်ထိုင်နေကြသည်။ ချန်မင်ရှီသည် ပြိုင်ပွဲ၀င်စဥ်ကအတိုင်း တူညီသောမျက်နှာဖုံးအကာကို ၀တ်ဆင်ထားဆဲ ဖြစ်ပြီး သူမ၏ ရုပ်ရည် အသွင်အပြင်ကို မြင်တွေ့ရန် ခဲယဉ်းသွားသည်။
ချင်ယွင် ပေါ်လာသည်ကိုမြင်လျှင် သူမသည် သူ့ကို နှုတ်ဆက်ရန် ခေါင်းညိတ် ပြလိုက်သည်။
ဘိုင်ယွန်ကျောင်းတော်မှတပည့်များလည်း ရှိနေခဲ့သည်မှာ သေချာပါသည်။ သူတို့အထဲတွင် လင်းဖန်နှင့် မာန်ရီတို့၏ မျက်လုံးများသည် ချင်ယွင် ပေါ်လာသည့် အခိုက်တွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် လင်းဖန် ဖြစ်သည်။ ချင်ယွင်နှင့်ရန်စီချီတို့ အတူတူ လမ်းလျှောက်လာ သည်ကို သူမြင်လိုက်သောအခါ သူ၏လက်ထဲရှိ ငွေရောင်ခွက်ကို စာရွက်တစ်ရွက် ကဲ့သို့ တိုက်ရိုက် ချေမွပစ်လိုက်သည် ။
သိုင်းမြို့စားဘိုင်ယွန်သည် ပင်မထိုင်ခုံပေါ်တွင် သဘာဝအတိုင်း ရှိနေသည်။ ချင်ယွင် ရောက်ရှိလာသည်ကိုမြင်ရလျှင် သူ၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။
"သိုင်းမြို့စားဘိုင်ယွန်ကို နှုတ်ခွန်း ဆက်သပါတယ်!"
"ဆရာကို နှုတ်ခွန်းဆက်သပါတယ်!"
ချင်ယွင်နှင့် ရန်စီချီတို့သည် ခန်းမထဲသို့ ၀င်သွားပြီးနောက် အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဟားဟား၊ ယဉ်ကျေးနေစရာ မလိုပါဘူး။" သိုင်းမြို့စားဘိုင်ယွန်က ရယ်မောပြီး "ညီငယ်လေးချင်က တကယ်ကို ရုပ်ရည်ခန့်ညာသူ တစ်ယောက်ပဲ။ မင်းရဲ့ ခွန်အားက သာမန်လူတစ်ယောက်ထက် အများကြီး သာလွန်ရုံတင်မကဘူး မင်းရဲ့အသွင်အပြင်နဲ့ စိတ်နေစိတ်ထားကလည်း သာမန်ထက်ကို ထူးခြားလွန်းပါတယ်!"
"သိုင်းမြို့စားမင်းခင်ဗျား၊ သိုင်းမြို့စားမင်းက ကျွန်တော်ကို မြှောက်ပြောနေတာပါ!" ချင်ယွင်သည် ပြုံးလိုက်သော်လည်း သူ၏နှလုံးသားက ပို၍ပင် ပဟေဠိဆန်လာသည်။ သိုင်းမြို့စားဘိုင်ယွန်သည် သူအား ပို၍စိတ်၀င်စားလေ သိုင်းမြို့စားဘိုင်ယွန်မှာ တခြားအစီအစဥ်များ ရှိနေသည်ဟု သူ ပိုခံစားရလေ ဖြစ်သည်။
"တစ်ယောက်ယောက်၊ ငါ့ကို ထိုင်ခုံယူလာပေးစမ်း!" သိုင်းမြို့စားဘိုင်ယွန်သည် အမိန့်ပေးလိုက်ပြီး ချင်ယွင်အတွက် ခန်းမ၏ ပင်မထိုင်ခုံဘေးမှာ ထိုင်ခုံတစ်ခုကို တိုက်ရိုက် စီစဉ်ပေးလိုက်သည်။ သူသည် ချန်မင်ရှီ၏ ဆန့်ကျင်ဘက်၊ သိုင်းမြို့စားဘိုင်ယွန်၏ဘယ်ဘက်မှာ ထိုင်လိုက်ပြီး ချန်မင်ရှီသည် သိုင်းမြို့စားဘိုင်ယွန်၏ ညာဘက်တွင်ထိုင်နေသည်။
ရန်စီချီသည် မူလက သူမတို့ကျောင်းတော်ဘက်ရှိ သူမထိုင်ခုံမှာ ပြန်ထိုင်ဖို့ ရည်ရွယ်ထားသော်လည်း သိုင်းမြို့စားဘိုင်ယွန်က ဤစကားမျိုး ပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ "စီချီ၊ မင်းက ချင်ယွင်အနားမှာ ထိုင်ပြီး ငါ့အတွက် ချင်ယွင်ကို သေသေချာချာ ဧည့်ခံပေးလိုက်ပါ"
ထိုစကားများပြီးဆုံးသွားသောအခါ ယန်စီချီသည် ရုတ်တရက် တုန်လှုပ်သွားရုံသာမက ချင်ယွင်ပင် အလွန်အံ့သြသွားသည်။
မူလက ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်သည် ရန်စီချီနှင့် လင်းဖန်တို့ကို လိုက်ဖက်ညီသည့်အတွဲဟု သတ်မှတ်ထားပြီး ရန်စီချီသည် သူနှင့်အတူ ရှိနေခြင်းကို ကန့်ကွက်မည်ဟု သူထင်ခဲ့သော်လည်း ယခုတွင် ၎င်းသည် သူထင်ထားသည့်အတိုင်း မဟုတ်တော့ပေ။
ထို့နောက်မှာတော့ ထူးထူးခြားခြား သီဆိုကပြဖျော်ဖြေမှုများ ရှိခဲ့ပါသည်။
ချင်ယွင်သည် သေမျိုးကမ္ဘာတွင် ဤကဲ့သို့ ဖျော်ဖြေမှုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ၎င်းသီဆိုကပြဖျော်ဖြေမှုသည် အင်မော်တယ်ကမ္ဘာရှိ အံ့ဖွယ်ပြောင်းလဲမှုများနှင့် ကွဲပြားသော်လည်း ပြေပြစ်ပြီး နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများထက် သာလွန်သည်။ ၎င်းသည် အလွန်ပျော်ဖို့ကောင်းသည်။
သုံးကြိမ်သောက်ပြီးနောက်၊ သိုင်းမြို့စားဘိုင်ယွန်သည် နောက်ဆုံးတွင် သူ၏ ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ချင်ယွင်နှင့် ချန်မင်ရှီတို့အား အပြုံးဖြင့် ကြည့်ပြီး ပြောလိုက်သည်။"ချင်ယွင်၊ချန်မင်ရှီ၊ ငါ မင်းတို့ကို မေးစရာရှိတယ် ၊ မင်းနှစ်ယောက်က ငါ့ကို ကူညီဖို့ ဆန္ဒရှိမလားလို့ ငါ တွေးမိတယ် "
ခန်းမကြီးသည် ချက်ခြင်း ငြိမ်သွားသည်။ လူတိုင်းက ချင်ယွင် နှင့် ချန်မင်ရှီတို့ကို အံ့သြစွာ ကြည့်နေကြသည်။ သိုင်းမြို့စားဘိုင်ယွန်သည် တစ်စုံတစ်ခုအတွက် အမှန်တကယ် တောင်းဆိုနေသည်လား။
ချင်ယွင်သည် မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြသည့် အမူအရာ ပေါ်လာသည်။ "နောက်ဆုံးတော့ ခင်ဗျားက ဒီဘူတာဆိုက်လာပြီပေါ့"ဟု သူ၏စိတ်ထဲတွင် တွေးမိနေ သည်။
တစ်ဖက်တွင်မူ၊ ချန်မင်ရှီ၏ အမူအရာသည် သူမမျှော်လင့်ထားပြီးသား ဖြစ်သကဲ့သို့ပင် အလွန်တည်ငြိမ်နေသည်။ သူမက ပြောလိုက်သည် "သိုင်းမြို့စားသခင်က တုလုံကျွန်း အကြောင်း ပြောနေတာလားလို့ ကျွန်မ သိချင်မိတယ်။
တုလုံကျွန်းလား? (နဂါးသတ်ကျွန်း)
လူတိုင်း၏မျက်နှာများသည် သံသယစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ဤအမည်ကိုကြားရုံမျှဖြင့် ၎င်းတို့အား ပြင်းထန်သည့် သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားရစေသည်။
အခန်း (၁၈၇) နဂါးသတ်ကျွန်း
"ကြည့်ရတာ တူမလေးချန်က တကယ်ကို အရည်အချင်းရှိတဲ့ပုံပါပဲ။ နဂါးသတ်ကျွန်း အကြောင်းတောင် သိနေတယ်။ မှန်ပါတယ်၊ နဂါးသတ်ကျွန်း အကြောင်းပါပဲ။" သိုင်းမြို့စားဘိုင်ယွန်က ပြုံးရွှင်သည့်မျက်နှာမူရာဖြင့် ပြောလိုက်သည်။
"သိုင်းမြို့စားသခင်က ကျွန်မကို အရမ်းချီးကျူးနေတာပါ။ ဒီဂျူနီယာက နဂါးသတ်ကျွန်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို မတော်တဆ တွေ့လိုက်ရလို့ပါ။ အဲဒီအကြောင်းကို နည်းနည်းလေးပဲ သိပါတယ်။ နဂါးသတ်ကျွန်း အကြောင်းကို အသေးစိတ် မိတ်ဆက်ပေးပါလားရှင်။" ချန်မင်ရှီက ဆက်ပြောလိုက်သည်။
ချင်ယွင်နှင့် အခြားသူများသည် ဂရုတစိုက် နားစွင့်ထားရန် ပြင်ဆင်နေကြစဉ် အံ့ဩအားသင့်သည့် မျက်နှာအမူအရာများလည်း ဖြစ်နေကြသည်။
သိုင်းမြို့စားဘိုင်ယွန်က ခေါင်းညိတ်ပြီး ပြောလိုက်သည် "တကယ်တော့ တုလုံကျွန်းဟာ ငါတို့ရဲ့ ထျန်းယွန်အင်ပါယာက ရှာဖွေတွေ့ရှိခဲ့တဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းပဲ။ အဲဒီပေါ်မှာ ဆိတ်သုဉ်းခြင်းသားရဲတွေနဲ့ နတ်ဆိုးသားရဲတွေ အများကြီးရှိတယ်။ သူတို့ထဲက အများစုမှာ နဂါးသွေးမျိုးဆက် ပါရှိကြပြီး သူတို့ရဲ့ သွေးမျိုးဆက်တွေကလည်း အလွန်သန့်စင်ကြတယ်။ စင်စစ်၊ သူတို့ဟာ ဒဏ္ဍာရီလာနဂါးများ၏ မျိုးဆက်များ ဖြစ်သင့်တယ်။"
"နဂါးမျိုးနွယ်စုရဲ့ သားစဉ်မြေးဆက် မျိုးဆက်တွေလား" လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
လက်ရှိသေမျိုးကမ္ဘာတွင်၊ နဂါးသွေးမျိုးဆက်ပါသော ဆိတ်သုဉ်းခြင်းသားရဲများသည် အလွန်ရှားပါးလှသည်။ ဒဏ္ဍာရီလာနဂါးများ၏ သားမြေးမျိုးဆက်များမဆိုထားနှင့် ၎င်းတို့၏ခန္ဓာကိုယ်တွင်းရှိ နဂါးသွေးမျိုးဆက် စွမ်းအားပါသည့် ဆိတ်သုဉ်းခြင်း သားရဲများသည်ပင် အလွန်ရှားပါးလှသည်။
ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်သည် “နဂါး”ဟူသော စကားလုံးနှင့် ဆက်စပ်နေသမျှ ကာလပတ်လုံး အနှိုင်းမဲ့ အစွမ်းထက်မည် ဖြစ်သည်။ နဂါးမျိုးနွယ်စု၏ သန့်စင်သော သားမြေးမျိုးဆက်များဆိုပါက စကားထဲပင် ထည့်ပြောစရာမလိုတော့ပေ။
“အင်ပါယာက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် တုလုံကျွန်းကို စူးစမ်းလေ့လာဖို့အတွက် ကျွမ်းကျင်သူ အမြောက်အမြားကို စေလွှတ်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ဒီကျွန်းဟာ တကယ်တော့ စွမ်းအားကြီးမားတဲ့ အစီအရင်၀င်္ကပါတခုနဲ့ ဖုံးလွှမ်းထားခြင်း ဖြစ်တယ်။ ဒီကျွန်းပေါ်ကို မရောက်ခင်မှာပဲ အစွမ်းထက်တဲ့ အစီအရင်၀င်္ကပါကြောင့် ကျွမ်းကျင်သူများအားလုံး သေဆုံးခဲ့ကြတယ်။ ဒီကျွမ်းကျင်သူအများစုဟာ သိုင်းမြို့စား အဆင့်ကျွမ်းကျင်သူတွေဖြစ်ကြပြီး၊ အချို့ဆို သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တွေတောင် ဖြစ်ကြတယ်။” သိုင်းမြို့စားဘိုင်ယွန်က ပြောလိုက်သည်။
ဘိုင်ချီဟန်နှင့် တခြားလူများသည် အေးစက်သည့်လေကို ရှုရှိုက်မိကြသည်။ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူအားလုံး အသတ်ခံခဲ့ရသည်။ ဤအရာသည် မထင်မှတ်ထားလောက်သည့် အရာဖြစ်သည်။
သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်များသည် သူတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာမဆို စွမ်းဆောင်နိုင်သည်ဟု ဆိုနိုင်သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နိုင်သည့် ထိုတည်ရှိမှုများသည် ထိုအစီအရင် ၀င်္ကပါကြောင့် သေဆုံးသွားရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ထိုအစီအရင်၀င်္ကပါသည် မည်မျှတောင် အစွမ်းထက်လိုက်သနည်း၊
ချင်ယွင်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကိုပင် ချက်ခြင်း သတ်ဖြတ်နိုင်သည့် အစီအရင်၀င်္ကပါသည် အဆင့်ရှစ်ထက် မနိမ့်ကျဟု ယူဆလို့ရသည်။ ဤကဲ့သို့ အစီအရင်၀င်္ကပါမျိုးသည် ဤသေမျိူးကမ္ဘာတွင် မည်ကဲ့သို့ တည်ရှိနိုင်ရသနည်း။
ပြီးတော့၊ နဂါးသတ်ကျွန်းသည် သိုင်းဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သော အစီအရင်၀င်္ကပါတစ်ခု ရှိနေမှတော့ ယခု သိုင်းမြို့စားဘိုင်ယွန် သည် မည်သည့်အတွက်ကြောင့် သူတို့ကို ရှာဖွေနေရသနည်း။
သိုင်းမြို့စားဘိုင်ယွန်သည် လူတိုင်း၏ သံသယကို ထွင်းဖောက် မြင်တွေ့နိုင်ပုံရသည်။ သူက ဆက်ပြီး ပြောလိုက်သည် "တကယ်တော့ ဒီနဂါးသတ်ကျွန်းရဲ့ အစီအရင် ၀င်္ကပါဟာ ခွန်အားနဲ့ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အရာမဟုတ်ပါဘူး၊ အင်ပါယာရဲ့ စူးစမ်းရှာဖွေမှုအပြီးမှာ နဂါးသတ်ကျွန်းရဲ့ အစွန်ဆုံးမှာရှိတဲ့ အစီအရင်၀င်္ကပါကို အသက်အရွယ်အရ ကန့်သတ်ထားတာကို တွေ့ရှိခဲ့ရတယ်။ အသက်နှစ်ဆယ်အောက်
ကျွမ်းကျင်သူတွေဟာ ကျွန်းရဲ့အစွန်အဖျားရှိ အစီအရင်၀င်္ကပါ အတားအဆီးကို ဘေးကင်းစွာနဲ့ ဖြတ်သန်းနိုင်ခဲ့သည်။ အသက်နှစ်ဆယ်ကျော်တဲ့ ကျွမ်းကျင်သူတွေ ကတော့ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိနေရင်တောင် ချက်ခြင်း သတ်ဖြတ်ခံရနိုင်တယ်"။
ဘိုင်ချီဟန်နှင့် တခြားလူများသည်လည်း အဖြစ်ပျက်ကို ရုတ်တရက် သဘောပေါက် သွားကြသည်။ ဤကျွန်းမှာတည်ရှိသည့်အစီအရင်၀င်္ကပါသည် အလွန်ထူးဆန်းပြီး အသက်နှစ်ဆယ်အောက်ရှိ လူများကိုသာ ဝင်ခွင့်ပေးလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားကြပေ။
ချင်ယွင်သည်လည်း ခေါင်းညိတ်လိုက်၏။ သူသည် အစီအရင်၀င်္ကပါများကို လေ့လာဖူးသူတစ်ယောက် ဖြစ်၏။ ဤကဲ့သို့ အစီအရင်၀င်္ကပါမျိုး အမှန်တကယ်ရှိသည်ကို သူသိသည်။ သို့ပေမယ့် ယခုလိုအစီအရင်၀င်္ကပါများသည် ယေဘုယျအားဖြင့် အလွန်မြင့်မားသည့် အဆင့်တစ်ခုမှာ ရှိကြသည်။ သူတို့ ဖန်တီးနိုင်သည် အရာမဟုတ်သည်မှာ သေချာပါသည်။
"ဒါကြောင့် စီရင်စုတစ်ခုစီတိုင်းဟာ နှစ်စဉ်နှစ်တိုင်း တုလုံကျွန်းကို ပါရမီရှင် နှစ်ဦးထက်မနည်း ပို့လွှတ်ရမယ်လို့ အင်ပါယာက စည်းကမ်း သတ်မှတ်ထားတယ်။ အခု ငါ့ဘိုင်ယွန်စီရင်စုမှာ ပါရမီရှင်တွေက ညှိုးနွမ်းခြောက်သွေ့နေပြီ ဖြစ်တယ်။ မူလကတော့ ငါရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ လင်းဖန်နဲ့ ရန်စီချီတို့ကို စေလွှတ်ဖို့ စီစဉ်ထားပေမယ့် မင်းတို့လည်းမြင်တဲ့အတိုင်းပဲ။ သူတို့ရဲ့ခွန်အားနဲ့ဆိုရင် တုလုံကျွန်းမှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့က မဖြစ်နိုင်ဘူး။" သိုင်းမြို့စား ဘိုင်ယွန်သည် သက်ပြင်းချလိုက်သည်။
ဤစကားကိုကြားလျှင် လင်းဖန်၏အမူအယာသည် ဝက်အသည်းကဲ့သို့ အကျည်းတန်သွားပြီး သူသည် သူ၏သွားများကို တင်းတင်း ကြိတ်ထားမိသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူ၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
'ဒါကြောင့်မို့လို့ သိုင်းမြို့စားဘိုင်ယွန်က ချန်မင်ရှီနဲ့ ကျွန်တော်ကို အဲဒီတုလုံကျွန်းထဲကို ဝင်စေချင်တာပေါ့။ ဒါပေမယ့် ကျွန်တော် နားမလည်သေးဘူး။ ဒီတုလုံကျွန်းမှာ ဒီလောက်အစွမ်းထက်တဲ့ ကန့်သတ်ချက်တွေရှိနေမှတော့ ကျွမ်းကျင်သူတွေကို ဘာလို့ စေလွှတ်နေရတာလဲ။ ဒီကျွန်းမှာ အဖိုးတန်ရတနာတွေ ရှိနိုင်ပါ့မလား” ဟု ချင်ယွင်က မေးလိုက်သည်။
မည်သည့်အဖွဲ့မဆို မည်သည့်အကျိုးအမြတ်မှ မရှိဘဲ တုံးအပြီး အလုပ်လုပ်မှာ မဟုတ်ဘူးဆိုသည်ကို သူသိပါသည်။ ထိုကြောင့် နဂါးသတ်ကျွန်းသည် အလွန်အန္တရာယ်များသော်လည်း အင်ပါယာသည် နှစ်စဉ်နှစ်တိုင်း ဤမျှ များပြားသည့်အရေအတွက်ကို စေလွှတ်နေခြင်းဖြစ်သည်။ ဒီကျွန်းမှာ အင်ပါယာကို စွဲဆောင်နိုင်တဲ့ နေရာတစ်ခု သေချာပေါက်ရှိသည်ဟု ဆိုလိုရာရောက်ပေသည်။
သိုင်းမြို့စားဘိုင်ယွန်က ပြုံးပြီး ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်" တူလေးချင်က တကယ်ကို ဉာဏ်ကောင်းတာပဲ။ မင်းမှန်းတာ မှန်ပါတယ်၊ ဒီကျွန်းမှာ တကယ်ပဲ ရတနာတွေရှိပါတယ်။ ပထမအချက်၊ အဲဒီဆိတ်သုဉ်းခြင်းနဂါးသားရဲတွေကတောင် အဖိုးမဖြတ်နိုင်ဘူး။ သူတို့ခန္ဓာကိုယ်မှာပါရှိတဲ့ သွေးမျိုးဆက်တွေက နဂါးသွေး ဆေးလုံးများကို သန့်စင်ပေးနိုင်သည်။ နဂါးသွေးဆေးလုံးများရဲ့ တန်ဖိုးကို လူတိုင်း သိကြမှာပါ။ အဲဒါတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲလေ။”
ချင်ယွင်နှင့်အခြားလူများသည် ခေါင်းညိတ်လိုက်ကြသည်။ ဤနဂါးသွေး ဆေးလုံးများသည် လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်စေနိုင်ရုံသာမက နဂါးမျိုးနွယ်စု၏ မွေးရာပါစွမ်းရည်များကိုပါ ရရှိစေနိုင်သည်။ သေချာတာသည်မှာ ၎င်းသည် အလွန်တန်ဖိုးရှိသည့် ရတနာတစ်ခုဖြစ်သည်။ ချင်ယွင်နှင့် အခြားသူများသည် ပထမဆုနေရာအတွက် နဂါးသွေးဆေးလုံးတစ်ပြားကို ရရှိခဲ့ကြသည်။ သို့သော် ဤဆေးလုံးသည် အကြီးအကဲ ရှင်းယွန်၏လက်ထဲတွင် ရှိနေသေးသည်။
"ဒါဆို ဒီတခေါက် ပြိုင်ပွဲမှာချီးမြှင့်တဲ့ နဂါးသွေးဆေးလုံးကို တုလုံကျွန်းမှာရှိတဲ့ ဆိတ် သုဉ်းခြင်းနဂါးသားရဲတွေရဲ့ သွေးမျိုးဆက်ကနေ သန့်စင်ခဲ့တာလား။" ချန်မင်ရှီက မေးလိုက်သည်။
သိုင်းမြို့စားဘိုင်ယွန်က ခေါင်းယမ်းလိုက်ပြီး ပြောသည် "အဲဒီနဂါးသွေးဆေးလုံးက နဂါးတွေရဲ့ သားစဉ်မြေးဆက်တွေဆီကနေ ရလာခဲ့တာ မဟုတ်ဘူး။ ဒဏ္ဍာရီဆန်ဆန် အစစ်မှန်နဂါးရဲ့ သွေးမျိုးဆက်ကနေ နဂါးသွေးဆေးလုံးအဖြစ် သန့်စင်ထားခဲ့တာပါ။ အဲဒီနဂါးသွေးဆေးလုံးရဲ့ အရင်းအမြစ် အတိအကျက ဘာလဲဆိုတာ ငါ နောက်မှ ပြောပြပါ့မယ်"
တက်ရောက်လာကြသူများ အားလုံး အံ့သြသွားကြသည်။
အစစ်အမှန်နဂါးရဲ့ သွေးမျိုးဆက်မှရရှိလာသည့် နဂါးသွေးဆေးပြားလား။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။
သေမျိုးကမ္ဘာတွင် အစစ်အမှန်နဂါးတစ်ကောင် မည်သို့ရှိနိုင်မည်နည်း။
ချင်ယွင်သည်လည်း မျက်မှောင်ကြုတ်ကာ သိုင်းမြို့စားဘိုင်ယွန် ပြောမည့် စကားများကို နားစိုက်ထောင်ရန် နားစွင့်နေလေသည်။
"အင်ပါယာက ဒီကျွန်းကို အရမ်းအလေးပေးရတဲ့ အကြောင်းရင်းက ဒီကျွန်းအောက်မှာ မြှုပ်နှံထားတဲ့ ကြီးမားတဲ့အင်မော်တယ်သင်္ချိုင်းတခု ရှိနေလို့ပဲ။ ပြီးတော့ အစစ်အမှန် နဂါးသွေးမျိုးဆက်ရဲ့ နဂါးသွေးဆေးလုံးကလည်း အဲဒီရှေးဟောင်း အင်မော်တယ် သင်္ချိုင်းမြေကနေ ရရှိလာတာပဲ။" သိုင်းမြို့စားဘိုင်ယွန်က ပြောသည်။
ဘိုင်ချီဟန်နှင့်တခြားလူများသည် အေးစက်သည့်လေကို ရှုရှိုက်လိုက်ကြသည်။
အင်မော်တယ်သင်္ချိုင်းလား?
ဒဏ္ဍာရီဆန်ဆန် တည်ရှိခဲ့ကြတဲ့ အင်မော်တယ်သင်္ချိုင်းလား၊
ချင်ယွင်သည်လည်း အံ့သြသွားသည်။ အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ် သင်္ချိုင်းများသည် အဆန်းမဟုတ်ပေ။ သာမာန်အားဖြင့်၊ အင်မော်တယ်အဆင့် ကျွမ်းကျင်များသည် သူတို့၏သေဆုံးပြီးနောက် အင်မော်တယ်သင်္ချိုင်းမြေများကို ချန်ထားရစ်ခဲ့ကြပြီး ကံကြမ္မာရှင်များ လာရောက်ရှာဖွေမည့်အချိန်ကို စောင့်ဆိုင်းကာ သူတို့၏ ရတနာများအားလုံးကိုပင် ထိုသင်္ချိုင်းများအတွင်း၌ ထားလေ့ရှိကြသည်။
သေချာသည်မှာ၊ အင်မော်တယ်သင်္ချိုင်းအဆင့်များသည်လည်း အမျိုးမျိုးရှိကြပါသည်။ အစစ်အမှန်အင်မော်တယ်နှင့် အင်မော်တယ်ဧကရာဇ်အဆင့် အင်မော်တယ်သင်္ချိုင်း နှစ်ခုစလုံးသည် အင်မော်တယ်သင်္ချိုင်းများ ဖြစ်ကြသော်လည်း ထိုနှစ်ခုကြား ကွာခြားချက်မှာ ကွဲပြားပါသည်။ တုလုံကျွန်းအောက်ရှိ အင်မော်တယ်သင်္ချိုင်းသည် မည်သည့်အဆင့်ရှိ အင်မော်တယ်သင်္ချိုင်းဖြစ်သည်ကို သူလည်း မသိပေ။
"အင်ပါယာက အမှန်တကယ် အလေးထားတဲ့အရာက တုလုံကျွန်းအောက်က အင်မော်တယ်သင်္ချိုင်းမြေပဲ။ ဒါပေမယ့် အဲဒီအင်မော်တယ်သင်္ချိုင်းမြေက အလွန် ကြီးမားပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ အနှစ်တစ်ရာနီးပါး ရှာဖွေပြီးတဲ့ နောက်မှာတောင် အင်မော်တယ်သင်္ချိုင်းမြေတစ်ခုလုံးရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုသာ ရှာဖွေရသေးတယ်။ " သိုင်းမြို့စားဘိုင်ယွန်က သက်ပြင်းချလိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အံ့အားသင့်ပြီး ကြက်သေသေ ဖြစ်သွားခဲ့ရသည်။ အနှစ်တစ်ရာရှာဖွေပြီးသည့် နောက်မှာပင် ဆယ်ပုံတစ်ပုံ အောက်သာ ရှာဖွေခဲ့ရသေးသည်။ ယင်းသို့ဆိုလျှင် ထိုအင်မော်တယ်သင်္ချိုင်းကြီးသည် မည်မျှပင် ကြီးမားလိုက်လေသနည်း။
"မင်းတို့နှစ်ယောက် င့ါကိုကူညီပြီး တုလုံကျွန်းကိုသွားဖို့ ဆန္ဒရှိမလားလို့ ငါသိချင်မိလို့ပါ" သိုင်းမြို့စားဘိုင်ယွန်က ချင်ယွင်နှင့် ချန်မင်ရှီတို့ကို ကြည့်ပြီး မေးလိုက်သည်။
"ကောင်းပြီ ကျွန်မသဘောတူတယ်" ချန်မင်ရှီက မဆိုင်းမတွ သဘောတူလိုက်သည်။
သိုင်းမြို့စားဘိုင်ယွန်သည် ဝမ်းသာအားရ ပြုံးပြပြီး တိုက်ရိုက် ပြောလိုက်သည် " တူမလေးချန်က တကယ်ကို တဲ့တိုးဆန်တဲ့လူပဲ။ ငါသိုင်းမြို့စားဘိုင်ယွန်က မင်းကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ တူလေး ချင်ကကော ဘယ်လိုလဲ။"
ထိုစကားကိုပြောပြီးနောက် သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်ကို လှည့်ကြည့် လိုက်ပြီး သူ၏မျက်လုံးများတွင် သူ့အပေါ်မျှော်လင့်သည့် အကြည့်များက အပြည့် ဖြစ်နေသည်။
အခန်း (၁၈၈) ချင်ယွင်၏သတ်ဖြတ်လိုသည့်ဆန္ဒ
သိုင်းမြို့စားဘိုင်ယွန်က မေးလိုက်သောအခါ၊ ခန်းမအတွင်းရှိလူတိုင်းသည် ချင်ယွင်အား စိုက်ကြည့်နေကြသည်။
တုလုံကျွန်း၊ အင်မော်တယ်သင်္ချိုင်းမြေ၊ ဤသည်မှာ အဆုံးမဲ့ မဟာအခွင့်အရေးကြီး တစ်ခုဖြစ်သည်။
အင်မော်တယ်ရှေးဟောင်း သင်္ချိုင်းနယ်မြေတွင် အင်မော်တယ်တစ်ဦး၏ အမွေအနှစ်ကိုရနိုင်လောက်အောင် ကံကောင်းခဲ့မည်ဆိုလျှင်၊ သူတို့၏ကျင့်ကြံမှု အဆင့်သည် ကောင်းကင်အထိပင် ထောင်တက်သွားမည် ဖြစ်သည်။ ဤအရာသည် လူတိုင်း အိပ်မက်မက်နေသည့် အရာဖြစ်သည်။
လင်းဖန်သည် ချင်ယွင်ကို အနှိုင်းမဲ့ မနာလိုသော မျက်လုံးများဖြင့် ကြည့်နေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို အစိပ်စိပ်အမွှာမွှာ တစ်သောင်းလောက် ခွဲထုတ်ပစ်ရန်ပင် ဆန္ဒရှိနေခဲ့သည်။ မူလက တုလုံကျွန်းကို သွားရမည့် ခွဲတမ်းသည် သူ့အပိုင်ဖြစ်သော်လည်း ယခုတော့ သူ၏ဆရာသခင်က ချင်ယွင်ကို ပေးချင်နေသည်။ ဤအရာကို သူ မည်ကဲ့သို့ စိတ်မဆိုးနိုင်ဘဲ နေမည်နည်း။
သို့သော် ဤကဲ့သို့သော ကံကောင်းမှုကြီးကို သဘောတူသင့်သည်ဟု လူတိုင်းက ထင်နေကြသကဲ့သို့ ချင်ယွင်သည် ရုတ်တရက် တုံ့ဆိုင်းသွားသည်။
"သိုင်းမြို့စားသခင်၊ တုလုံကျွန်းကို ဘယ်တော့ ထွက်ဖြစ်မလဲ။"ချင်ယွင်က မေးလိုက်သည်။
" နောက်ဆယ်ရက်လောက်ဖြစ်မယ်။" သိုင်းမြို့ စားဘိုင်ယွန်က ပြန်ဖြေသည်။
ချင်ယွင်၏အမူအရာက ပြောင်းသွားသည်။ ဆယ်ရက်ဆိုသည့် အချိန်က အလွန် တိုတောင်းလွန်းလှသည်။ သူသည် သူ၏အစ်မကိုရှာဖွေရန် မိုးပြာတိမ်တိုက် မြို့တော်ကို(ချင်းယွန်မြို့တော်) သွားချင်သော်လည်း ထိုမြို့တော်ကိုရောက်ရှိရန် အချိန်ခုနစ်ရက် ရှစ်ရက်လောက် ကြာလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် အလွန် နောက်ကျသွားပြီ ဖြစ်သည်။
သူသည် ဤလျှို့ဝှက်ဆန်းကြယ်သည့် တုလုံကျွန်းကို သွားကြည့်ချင်သော်လည်း သူ၏
အစ်မကို ရှာဖွေမူနှင့်ယှဉ်လျှင် တုလုံကျွန်းကိုသွားခြင်းသည် သူ့အတွက် အရေးမပါတော့ပေ။
တခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ချင်ယွင်က ပြောလိုက်သည် " ကျွန်တော် တောင်းပန်ပါတယ် သိုင်းမြို့စားသခင်၊ ကျွန်တော် သိုင်းမြို့စားသခင်ကို စိတ်ပျက်စေမှာ စိုးမိတယ်။ ကျွန်တော်မှာ သွားရမယ့် အရေးတကြီး ကိစ္စတွေ ရှိနေသေးတယ်။
တုလုံကျွန်းကိုသွားဖို့ အချိန်မရှိမှာကို ကြောက်မိပါတယ် ။"
သိုင်းမြို့စားဘိုင်ယွန်၏ မျက်လုံးများသည် စိတ်ပျက်လက်ပျက် ဖြစ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း သူက ပြုံးနေသေးပြီး ပြောလိုက်သည် "ဒါက အတော့်ကို ဝမ်းနည်းစရာကောင်းလွန်းတယ်။ တူလေးချင်မှာ အရေးကြီးတာ တစ်ခုခု လုပ်စရာရှိနေမှတော့ ငါ အခြားကိစ္စတခု ထပ်လုပ်ဖို့ မတိုက်တွန်းတော့ပါဘူး" ။
ချင်ယွင်သည် ခေါင်းညိတ်ကာ တောင်းပန်လိုက်သည်။
ဘေးနားရှိလူတိုင်းသည် အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်ပြသ ကြသည်။ ချင်ယွင်သည် အမှန်တကယ်ပင် အဖိုးတန် အခွင့် အရေးကို စွန့်လွှတ်ခဲ့ပြီး သူ့အတွက် စိတ်မကောင်းဖြစ်သလို ခံစားရသည်။
တစ်ဖက်တွင်မူ၊ ချန်မင်ရှီသည် မျက်မှောင် ကြုတ်လိုက်ပြီး ချင်ယွင်ကို စိုက်ကြည့်နေ သည်။ သူမသည် မည်သည့်စကားမှပြန်မပြောသလို သူမမည်သည့်အရာတွေးနေမှန်း မည်သူမျှ မသိပေ။
လင်းဖန်၏ မျက်လုံးများတွင်မူ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထွက်ပေါ် လာသည်။ ချန်မင်ရှီမှလွဲ၍ ချင်ယွင်သည် အခြားနေရာတခုကို စွန့်လွှတ်ရန် ရွေးချယ်လိုက်သောကြောင့် ထိုလက်ကျန်နေရာသည် သူ၏ထံသို့ ကျရောက် လာမည်ဖြစ်သည်။
သို့သော် လင်းဖန်၏ အကြည့်များတွင် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသေး၏။ ချင်ယွင်သည် တုလုံကျွန်းသို့သွားရန် အခွင့်အရေးကို စိတ်လိုလက်ရ စွန့်လွှတ်ခဲ့သော်လည်း၊ ချင်ယွင်သည် ရန်စီချီကို သူ့ဆီမှ ခေါ်ဆောင် သွားခဲ့ပြီး သူ့ကိုနှစ်ကြိမ်တိုင်တိုင် အရှက်ရစေသည့်ကိစ္စက သူ၏နှလုံးသားထဲတွင် တောက်လောင်နေဆဲဖြစ်သည်။
"ချင်ယွင်၊ ဒီညဟာ မင်းသေရမယ့် ညပဲ!" လင်းဖန်၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်၏ ပြုံးယောင်သမ်းနေသော ပါးစပ်ထောင့်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် ပင်မခန်းမထဲမှ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်၏ ဖိတ်ကြားချက်ကို ငြင်းဆိုပြီးနောက်၊ ပင်မခန်းမ၌ ကျင်းပသော ညစာစားပွဲသည် တဖြည်းဖြည်း ပြီးဆုံးသွားခဲ့သည်။
"တုလုံကျွန်းကိုသွားဖို့ ဘာလို့ သဘောမတူရတာလဲ"
ချင်ယွင်သည် ခန်းမထဲမှထွက်ခါနီးတွင် ချန်မင်ရှီ၏မေးခွန်းထုတ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။
ချင်ယွင်သည် မျက်နှာကိုဖုံးအုပ်ထားသည့် ချန်မင်ရှီဆီသို့ ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည် "ငါ့မှာ တခြားလုပ်စရာတွေ ရှိတယ်။ အဲဒါက ငါ့အတွက် တုလုံကျွန်းကို သွားဖို့ထက် ပိုအရေးကြီးတယ်"
ချန်မင်ရှီသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည် "မင်းက အခွင့်အရေးကောင်းကြီးကို ဖြုန်းတီးနေတယ်ဆိုတာရော သိရဲ့လား"
ထိုစကားကို ပြောပြီးနောက် သူမသည် ခေါင်းပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ချင်ယွင်သည် ချန်မင်ရှီထွက်သွားသည်ကိုကြည့်ကာ စိတ်ဓာတ်ကျသွားသည်။
"ငါတုလုံကျွန်းကိုမသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမက ငါ့ထက် ပိုစိတ်မကောင်းဖြစ်ပြီး ဒေါသပိုကြီးသွားတယ်လို့ ဘာကြောင့် ငါခံစားရတာလဲ။" ချင်ယွင်သည် ဘေးလှည့်လိုက်ပြီး သူ၏အနားမှာ မထင်မရှားရပ်နေသည့် ရန်စီချီကိုကြည့်ကာ မေးလိုက်သည်။
ရန်စီချီက ပြုံးပြီးပြောသည် "သူမက နင့်ကို ကြိတ်ကြွေနေပြီး နင်နဲ့တူတူ သွားချင်လို့ ဖြစ်မှာပေါ့"
ချင်ယွင်သည် ချက်ချင်းပင် ဒေါသထွက် ဟန်ဆောင်ပြီး ရန်စီချီ၏ နဖူးကို ညင်သာစွာ တောက်လိုက်သည်။ " ဘာတွေ တွေးနေတာလဲ ကောင်မလေး ။ သူမရဲ့ထူးဆန်းတဲ့ စိတ်နေသဘောထားနဲ့ဆို ငါ့ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ" ဟုဆိုလိုက်သည်။
ရန်စီချီသည် သူမလျှာလေးကို ပြူတက်ပြူတက်ထုတ်ပြရင်း သဘောမကျသည့် ဟန်ဖြင့်ပြောသည် "ငါ့ယောင်္ကျား အရမ်းကို ဆွဲဆောင်မူ ကောင်းလွန်တယ်လေ၊ တခြားမိန်းမတွေက သူ့ကို သဘောကျတာ ပုံမှန်ပါပဲ!"
ဤစကားကိုကြားလျှင် ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိသည်။ သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင် အလွန်ကျေနပ်နေခဲ့သည်။
ချင်ယွင် နှင့် အတူရှိစဉ်ကတည်းက ဤမိန်းကလေးသည် အေးစက်မူနည်းပါးလာခဲ့ပြီး သူမသည် ချင်ယွင်နှင့်အတူ ရံဖန်ရံခါ ဟာသလုပ်တတ်လာသည်။
"ချင်ယွင်၊ ပထမ တော်၀င်အကြီးအကဲက မင်းကို (ချင်းဖန်အိမ်ရာဆီ) ပြန်သွား စေချင်တယ်။"
ချင်ယွင်သည် ရန်စီချီနှင့်အတူ သူမ၏နေအိမ်သို့ ပြန်ခါနီးတွင် သူတို့နောက်မှ လိုက်လာသော ဘိုင်ချီဟန်က ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ တော်၀င်အကြီးအကဲသည် သူ့အား ရှာဖွေနေသည့်ကိစ္စကို သူချက်ချင်း မှန်းဆမိသွားသည်။ တော်၀င်အကြီးအကဲသည် သူ့ကို နဂါးသွေးဆေးလုံး ပေးဖို့ဖြစ်သင့်သည်။
ဟုတ်ပါသည်၊ ချင်ယွင်ကိုယ်တိုင်သည်လည်း နဂါးသွေးဆေးလုံးကို လိုချင်သည့် အတွက် ချင်ယွင်သည် ရန်စီချီကို သူမဘာသာ ပြန်ခွင့်ပြုပြီး ဘိုင်ချီဟန်၊ တခြားလူနှင့်အတူ သူသည် ချင်းဖန်အိမ်ရာဆီကို လိုက်သွားခဲ့သည်။
ရန်စီချီသည် နာခံမှုရှိရှိဖြင့် သဘောတူပြီး အရင်ထွက်မသွားခင် သူမအိမ်မှာ စောင့်နေမည်ဟု ပြောသွားခဲ့သည်။
ရန်စီချီထွက်သွားသည်နှင့် တပြိုင်နက် ဘိုင်ချီဟန် နှင့် ကျိုးယုတို့သည် ချင်ယွင်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေသည်။ ထို့နောက် သူတို့သည် ချင်ယွင်ကို ညှဉ်းပန်းနှိပ်စက်ကာ ဘိုင်ယွန်ကျောင်းတော်၏ နံပါတ်တစ်အလှမယ်ကို မည်ကဲ့သို့ ပြန်ပေးဆွဲခဲ့သနည်းဟု မေးမြန်းကြသည်။
အဆုံးတွင် ချင်ယွင်သည် သူနှင့်ရန်စီကျီတို့အကြား ဇာတ်လမ်းကို ပြန်ပြောပြရန် မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ သေချာသည်မှာ၊ ချင်ယွင်သည် သူတို့နှစ်ယောက် ပထမဆုံးအကြိမ် လွန်ကျူးခဲ့သည့်ကိစ္စကိုတော့ ချန်လှပ်ထားခဲ့ပါသည်။
သို့သော် ထိုသို့ဖြစ်လျှပင် ဘိုင်ချီဟန်နှင့် ကျိုးယုတို့သည် ကြားရသည့် စကားများကိုနားထောင်ရင်း ယားကျိကျိဖြစ်နေကာ ချင်ယွင်ကို ထုရိုက်ပစ်ချင် နေကြသည်။
ချင်ယွင်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင်ရှိစဉ်က၊ သူသည် ကျန်းရွန်ရှင်းကို ပြန်ပေးဆွဲ အပိုင်သိမ်းခဲ့ရုံတင်မက ချင်ရွှန်းရွှန်းသည်လည်း ချင်ယွင်ကို နားမလည်နိုင်စရာ ကောင်းစွာ ချစ်မြတ်နိုးလာသည်။
ဤကောင်သည် သူသွားလေရာနေရာတိုင်း၌ အလှလေးများကို အဘယ်ကြောင့် ဒုက္ခပေးနေရသနည်း။
ဘိုင်ချီဟန်နှင့် ကျိုးယုတို့သည် ဤအကြောင်းကို တွေးတောရင်း သူတို့၏ မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်ခတ်ကာ လူတစ်ယောက်သည် တခြားသူများ ထက် ပို၍ နာမည်ကြီးရခြင်း၏ အဓိပ္ပါယ်ကို နောက်ဆုံးတော့ နားလည်သွားကြသည်။ (နာမည်ကြီးရင် စော်ကြွေတယ်ပေါ့)
ချင်ယွင်သည် တစ်ယောက်မျက်လုံးနီပြီး တစ်ယောက်က ခရမ်းရောင်သမ်းနေသည့် မျက်လုံးပိုင်ရှင် ငနဲနှစ်ကောင်ကို လျစ်လျူရှုပြီး တော်၀င်အကြီးအကဲကို ရှာဖွေရန် ချင်းဖန် အိမ်ရာဆီသို့ တန်းတန်းမတ်မတ်သွားတော့သည်။
သို့သော် ချင်ယွင်သည် တော်၀င်အကြီးအကဲကို မြင်တွေ့လိုက်သည့်အခိုက်တွင်၊ တော်၀င် အကြီးအကဲသည် ချင်ယွင်ကို ကြောက်လန့် တကြားဖြစ်ပြီး သေသွားလောက်သည်အထိ ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် သူက ချင်ယွင်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
ချင်ယွင်သည် အားကိုးရာမဲ့နေခဲ့သည်။ အဆုံးတွင် သူသည် သူ၏ အကောင်းဆုံးသော စကားများဖြင့်သာ အဆုံးသတ်နိုင်ခဲ့သည်။ ချင်ယွင် သည် ဂိုဏ်းသို့ပြန်ရန်အစီအစဉ်မရှိသေးဘဲ ခဏမျှထွက်ခွာရန် လိုအပ်ကြောင်း တော်၀င် အကြီးအကဲအား ပြောပြသောအခါတွင် အကြီးအကဲ၏မျက်နှာသည် စိတ်ပျက်သည့်အမူအယာများနှင့် ပြည့်နှက်နေသည်။
အဆုံးတွင် သူသည် အဖိုးတန်နဂါးသွေးဆေးလုံးကို ချင်ယွင်၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး အချိန်ရောက်သည်နှင့် ဂိုဏ်းသို့ ပြန်လာရန် သူ့ကို ခွင့်ပြုပေးခဲ့ သည်။
ချင်ယွင်သည် အဆောတလျင် ခေါင်းညိတ်ပြီးသဘောတူလိုက်သည်။
ချင်ယွင်သည် ချင်းဖန်အိမ်ရာမှ ထွက်ခွာချိန်၌ အလွန်နောက်ကျနေပြီဖြစ်သည်။
သို့သော် ချင်ယွင်သည် ရန်စီချီ၏နေအိမ်သို့ ပြန်ရောက်လာသောအခါ တံခါးဖွင့်ထား သည်ကို သူတွေ့ရှိခဲ့သည်။ အထဲမှာ အရာအားလုံးက ရှုပ်ပွနေခဲ့သည်။ တိုက်ပွဲ အပြီးနောက် နံရံပေါ်တွင် စာလုံးတစ်လုံးစီ ရေးထွင်းသွားခဲ့သည်မှာ ထင်ရှားသည်။
"ရန်စီချီကို တွေ့ချင်ရင် မြို့ပြင်ဘက်က တောအုပ်ကိုလာပြီး အသေခံလိုက်ပါ!"
ချင်ယွင်သည် ဤစကားလုံးများကို မြင်သောအခါ သတ်ဖြတ်လိုစိတ်များဖြင့် သူ၏ မျက်လုံးများက ချက်ချင်း ပေါက်ထွက်သွားသည်။
ဤစကားလုံးများကို မည်သူ ချန်ထားခဲ့လဲဆိုသည်ကို သဘာဝကျကျ သူသိသည်။ လင်းဖန်မှလွဲ၍ တောအုပ်ထဲတွင် အခြားမည်သူရှိဦးမည်နည်း။
"လင်းဖန်၊ တကယ်လို့ မင်း ရန်စီချီရဲ့ ဆံပင်တချောင်းကိုတောင် ထိခိုက်စေတယ် ဆိုရင်၊ ဒီနေ့ မင်း သေဖို့အတွက် တောင်းခံနေစရာမလိုလောက်အောင် ငါသေချာ လုပ်ပေးမယ်!" ချင်ယွင်၏ အငွေ့အသက်များသည် ချက်ချင်း ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများထဲသို့ သွေးနီရောင်လွှမ်းနေသည် ရန်လိုမှုအလွှာ တစ်ခုက တိုးဝင်လာခဲ့သည်။ ဘိုင်ယွန်ကျောင်းတော်တစ်ခုလုံးကို သတ်ဖြတ်လိုသည့်ဆန္ဒက ကြီးကြီးမားမား ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့ပြင်သစ်တော ဆီသို့ ပြေးသွားခဲ့သည်။
အခန်း (၁၈၉) လင်းဖန်ကိုသတ်ဖြတ်ခြင်း
ချင်ယွင်သည် တောအုပ်ထဲသို့ အမြန်ပြေးသွားသောအခါ လင်းဖန်နှင့် အခြားသူများသည် တောအုပ်ထဲတွင် အမှန်တကယ် ရှိနေကြောင်းကို သူတွေ့ရှိခဲ့ရ သည်။ ရန်စီချီသည် လောလောဆယ် သစ်ပင်ကြီးတစ်ပင်ကို မှီနေပြီး သတိလစ်နေ သည်။
ရန်စီချီ၏အဝတ်အစားများ မပျက်မစီးရှိနေသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
အကယ်၍ ရန်စီချီသည် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ ခံစားခဲ့ရပါက၊ သူ၏ဘဝ တစ်သက်တာလုံး အပြစ်ရှိသလို ခံစားရမည် ဖြစ်သည်။
ချင်ယွင်သည် ဖြည်းညှင်းစွာ ထွက်လာပြီး လင်းဖန်ဆီသို့ လျှောက်သွားသည်။ လင်းဖန် သည် ချင်ယွင်ကို သတိထားလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဤတစ်ကြိမ်တွင် လင်းဖန်သည် သေသေ ချာချာ ပြင်ဆင်ထားခဲ့သည်။ သူနှင့် အနီရောင်၀တ်ထားသော အမျိုးသမီးမှအပြင် အလွန်သန်မာကြံ့ခိုင်သော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးလည်း ရှိသေးသည်။ ထို့အပြင်၊ ဤလူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ကြွက်သားများသည် နဂါးဦးချိုကဲ့သို့ ဖောင်းကားနေပြီး ၎င်း၏အပေါ်ပိုင်းဗလာကျင်းအနေထားနှင့် သူ၏နောက်ကျောတွင် ဧရာမပုဆိန်ကြီးနှစ်ချောင်းလည်းရှိသည်။
"သေချာပေါက် မင်းရောက်လာခဲ့သေးတာပဲ။ မင်းက ရန်စီချီအတွက် တကယ်ကို လေးနက်တဲ့ခံစားချက်တွေ ရှိနေပုံရတယ်။ လင်းဖန်က ချင်ယွင်ကိုကြည့်ကာ ပြုံးလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး သူက အေးစက်စက်လေသံဖြင့် ပြောလိုက်သည် "မင်းဘာလိုချင်တာလဲ၊ အခု ရန်စီချီကို မြန်မြန်လွှတ်လိုက်စမ်း"
"သူမကို လွတ်ပေးရမှာလား။?" လင်းဖန်က ဖောက်ပြန်ကောက်ကျစ်သည့်အပြုံးကို ထုတ်ဖော်ပြကာ ဆက်ပြောလိုက်သည် "ဒီခွေးမက ငါ့ကို သစ္စာဖောက်ခဲ့တယ် ။ ငါ ဒီခွေးမကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွှတ်ပေးနိုင်မှာလဲ၊ ငါ သူမကို ခုထိ မထိသေးဘူးဆိုတဲ့ အကြောင်းပြချက်က မင်းရှေ့မှာ ဒီခွေးမနဲ့ ဆော့ကစားတာကို စောင့်ချင်လို့ပဲ။ မင်းဘယ်လောက်နာကျင်ရလဲဆိုတာ ငါသိချင်တယ်"
ထိုစကားပြောပြီးသည်နှင့် လင်းဖန်သည် သူ၏ မျက်နှာမှာပေါ်တွင် ရက်စက်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
"မင်းအိပ်မက်မက်နေတာလား!" ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လင်းဖန်ဆီကို တဟုန်ထိုးပြေးဝင်လိုက်သည်။ လင်းဖန်နှင့်အတူ ရိုင်းစိုင်းသော စကားများကို ပြောဆိုခြင်းသည် အသုံးမဝင်ကြောင်း သူသိသည်။ အကယ်၍ သူသည် ရန်စီချီကို ကယ်တင်ချင်သည်ဆိုလျှင် သူတို့အားလုံးကို သတ်ပစ်နိုင်ရမည်။
"မင်ဟိုင် သွားတော့!" လင်းဖန်သည် ချင်ယွင် သူ့ဆီသို့ ပြေးလာသည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကြမ်းကြုတ်လာသည်။ သူသည် သူ၏အနားရှိ အပေါ်ပိုင်းဗလာကျင့်သည့် သန်မာထွားကြိုင်းသောလူကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး!" သန်မာထွားကြိုင်းသောလူသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး
နွားရူးတစ်ကောင်ကဲ့သို့ အော်ဟစ်မှန်သွင်းကာ တဟုန်ထိုး ပြေးဝင်သွားသည်။
ချင်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တရှိန်ထိုး လှိမ့်တက်လာခဲ့ပြီး သူသည် ကိုလူထွားကြီး၏လက်သီးကို လူ၏လက်သီးဖြင့် ထိုးလိုက်သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ဆုတ်သွားသည်။ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် အထွတ်အထိပ်ကောင်းကင်အလွှာသို့ ဖြတ်ကျော်၀င်ရောက်ခဲ့ပြီးဖြစ်ကာ သူ၏ ရုပ်ခန္ဓာကိုယ်သည်လည်း များစွာ တိုးတက်လာသော်လည်း သူသည် ဝိညာဉ်ချီနှင့် အသားအရေပြား နှစ်မျိုးလုံးကို ကျင့်ကြံထားသည့် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် မယှဉ်နိုင်သေးပေ။ (အသားအရေပြားဟူသည် ရုပ်ခန္ဓာကျင့်ကြံခြင်း ဆိုလိုသည်)။
မင်ဟိုင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ချင်ယွင်သည် ဤမျှလောက်အားနည်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ခြေဖဝါးအောက်မြေပြင်ကို ပြင်းပြင်းထန်ထန် တချက် ဆောင့်နင်းလိုက်ပြီး ချင်ယွင်ဆီကို ထပ်မံ ပြေးဝင်သွားပြန်သည်။ သူသည် ဤအခွင့်အရေးကို အသုံးချပြီး ချင်ယွင်ကို လက်သီးတချက်ဖြင့် အဆုံးသတ်ချင်ခဲ့သည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ချက်ချင်းပင် တိုလာခဲ့ပြီး မင်ဟိုင်သည် ရက်စက်ကြမ်းကြုတ်သည့် အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် ချင်ယွင်ကို စွမ်းအားကုန်အသုံးပြုကာ လက်သီးဖြင့် ထိုးလိုက်သည်။
"မင်းက အချိန်ကိုက် ရောက်လာခဲ့တယ်!"
ချင်ယွင်သည် ရယ်မောလိုက်ပြီး သူ၏မျက်လုံးထဲတွင် လိမ္မာကောက်ကျစ်သည့် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ဘေးမှနေကြည့်နေသည့် လင်းဖန်သည် ချက်ချင်းပင် သူ၏အမူအရာသည် ပြောင်းလဲ သွားခဲ့ပြီး "မင်ဟိုင် သတိထားပါ၊ ဒီကောင်မှာ ကိုယ်ပွားတခုရှိနေတုန်းပဲ" ဟု သတိပေးလိုက်သည်။
သို့သော် နောက်ကျနေပြီ ဖြစ်သည်။ မင်ဟိုင်သည် ချင်ယွင်၏ ဦးခေါင်းကို ထိုးလိုက်ပြီး ဖြစ်သည် ။
မင်ဟိုင်၏ အနားတွင် ရုတ်တရက် အနက်ရောင်ပုံရိပ်တခုပေါ်လာသည်။ အနက်ရောင် လျှပ်စီးကြောင်းသည် ချက်ချင်းပင် ထိုပုံရိပ်၏ လက်ဖဝါးများကို ဖုံးလွှမ်းသွားသည်။ ထို့နောက် လူတိုင်း၏ အံသြသင့်နေသော အကြည့်များအောက်တွင် မင်ဟိုင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်လိုက်လေသည်။
မင်ဟိုင်၏ သူငယ်အိမ်များသည် မယုံကြည်နိုင်လောက်သည့်အမူအရာဖြင့် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်ကို ကြည့်ရင်း ချက်ခြင်းပင် ထိတ်လန့်သွားခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏အမူအရာသည် လုံးဝပြောင်းလဲခြင်းမရှိဘဲ မင်ဟိုင်၏ ခုန်နေသောနှလုံးကို ဖမ်းကိုင်လိုက်သည်။
"မလုပ်နဲ့...ငါ့ကိုမသတ်ပါနဲ့!"မင်ဟိုင်သည် သနားညှာတာရန် အလျင်စလို တောင်းပန်လိုက်ပြီး သူ၏မျက်လုံးများတွင် အသနားခံသည့် အမူအရာများ ပြည့်နေသည်။
သို့သော် အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေဆဲဖြစ်သည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိ သူ၏လက်ထဲရှ် နှလုံးသားကို တိုက်ရိုက် ချေမွပစ်လိုက်သည်။
မင်ဟိုင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးမသေဆုံးမီ နှစ်ကြိမ်တိုင်တိုင် ဆန့်တငင်ငင်ဖြင့် အကြောဆွဲ သွားခဲ့သည်။
သူ၏နှလုံးသည် ပေါက်ကွဲသွားခဲ့သည်။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများသည်ပင် ရှင်သန်နိုင်မည် မဟုတ်တော့ပေ။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
မင်ဟိုင်လဲကျသွားပြီးနောက် သေဆုံးသွားသည်ကို မြင်လိုက်ရလျှင် လင်းဖန်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို ဒေါသလှိုင်းလုံးများ ထွက်လာသည်။ “အသုံးမကျတဲ့ အမှိုက်ပဲ” ဟုပင် ကြိမ်းမောင်းလိုက်သေးသည်။
မူလက သူသည် မင်ဟိုင်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားတဦး၏ စွမ်းအားကို အားကိုးခြင်းဖြင့် ချင်ယွင်ကို အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့သော်လည်း မင်ဟိုင်သည် သူ၏ အကောင်းဆုံးလက်နက်ဖြစ်သည့် ပုဆိန်နှစ်ချောင်းကိုပင် အသုံးမပြုရသေးဘဲ သတ်ခံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဒီချင်ယွင်က ဘယ်လိုလုပ် သန်မာလာရတာလဲ။
ချင်ယွင်သည် မင်ဟိုင်၏အလောင်းကို တိုက်ရိုက်ဖြတ်ကျော်တက်ပြီး လင်းဖန်ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
"မင်း ဘာလိုချင်လို့လဲ မလာနဲ့။" လင်းဖန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ မဆိုင်းမတွဘဲပင်၊ သူသည် ချင်ယွင်ဆီကို ဓားအလင်းတခု ပစ်ချလိုက်သည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် အေးစက်စက် ရယ်မောလိုက်ပြီး ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ဆီသို့ ဖြတ်သန်းလာသော ဓားအလင်းတန်းသည် သူ၏လက်ဖဝါးရိုက်ကြောင့် ချက်ချင်းပင် ပြန့်ကျဲသွားသည်။
"ဘာလဲဟ?" လင်းဖန်သည် အံ့သြသွားသည်။
သို့သော် နောက်အခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် သူ၏ ရှေ့တွင် ပေါ်လာသည်။
လင်းဖန်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့ပြီး သူသည် နောက်ကို
အမြန်ဆုတ်သွားချင်ခဲ့သည်။
သို့သော် အနက်ရောင်ဝတ်ထားသည့် ချင်ယွင်သည် သူ၏မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် နောက်ပြန် လွင့်ထွက်သွားခဲ့ပြီး သူ၏ပါးစပ်ရှိ သွားများအားလုံး ပြုတ်ကျသွားခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေသည်။ သူသည် မီတာတစ်ရာနီးပါးအကွာတွင် ပြုတ်ကျသွားခဲ့ပြီး မရပ်တန့်မီ သစ်ပင်ကြီးတစ်ပင်ကို ၀င်တိုက်ကာ ကျိုးသွားခဲ့သည်။
အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်သည် လင်းဖန်ကို အသက်ရှူရန် အခွင့်အရေး မပေးတော့။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ရုပ်ခန္ဓာခွန်အားကို ထုတ်ကာ လေထဲသို့ ပျံတက်သွားသည်။ ထို့နောက် လင်းဖန်၏ အထက်ကောင်းကင်ယံ၌ ဂျင်တစ်ထောင် အလေးချိန်ရှိသည့် ဖန်တုံးကြီးတစ်တုံးကဲ့သို့ ပေါ်လာသည်။
သူသည် လင်းဖန်၏ရင်ဘတ်အပေါ်တွင် တိုက်ရိုက် နင်းချလိုက်ပြီး ချက်ချင်းပင် မြေကြီးထဲ နက်ဝင်သွားစေသည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ပြီး လင်းဖန်၏ခန္ဓာကိုယ် တစ်ခုလုံးကို မြေကျင်းထဲမှ လွင့်ပျံသွားစေပြန်သည်။ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် သူ၏ဒူးကို တိုက်ရိုက် ခေါက်ကွေးလိုက်ပြီး လင်းဖန်၏ခါးကို တိုက်ချလိုက်၏။
လင်းဖန်သည် ချက်ချင်းပင် ပါးစပ်ထဲ သွေးများထွက်လာသည်။ သူ၏ခါးနှင့် ကျောရိုးများ ကျိုးသွားကာ ဝက်နှင့်တူသော အော်သံထွက်လာသည်။
"ဟမ့်၊ ငါအရင်ကပြောခဲ့ဖူးပါတယ်၊ တကယ်လို့မင်း ရန်စီချီဆီကို အာရုံပြန်ရောက်ပြီး သူမကို နောက်တစ်ကြိမ် ထိခိုက်အောင်လုပ်ရဲတယ်ဆိုရင် မင်း သေဖို့ တောင်းပန်ရသည်အထိ ငါ သေချာအောင်လုပ်ပေးမယ်ဆိုတာကို!" ချင်ယွင်သည် လင်းဖန်၏ဝတ်စုံကော်လာကို ကိုင်ထားပြီး အမူယာပြောင်းလဲတော့မည့် လင်ဖန်၏ မျက်နှာကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်၏မျက်လုံးများသည် ထိတ်လန့်မှုအပြည့်ဖြစ်နေ၏။ အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် သူ့အတွက် လေးနက်သော ထိတ်လန့်မှုကို ချန်ထားရစ်ခဲ့သည်။
“ကယ်ပါ…ကယ်ပါ…ငါ့ကို ကယ်ပါ”
လင်းဖန်သည် မတိုက်ခိုက်ရသေးသော အနီရောင်ဝတ် အမျိုးသမီးအား ပြောလိုက်သည်။
အနီရောင်ဝတ်အမျိုးသမီး၏ အသားအရေသည် ပြာနှမ်းသွားခဲ့သည် ။ ချင်ယွင်၏ ဤ
စွမ်းပကားက သူမကို ကြောက်ရွံ့စေသည်။
"မင်း သူ့ကို သတ်လို့မရဘူး။ သူက မြို့တော်မှာရှိတဲ့ လင်းကလန် ခေါင်းဆောင်ရဲ့သားပဲ" အနီရောင်ဝတ် အမျိုးသမီးက ပြောသည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် လှောင်ပြောင်သရော်ဟန်ကို ထုတ်ဖော် လိုက်သည်။ လင်းကလန်ဖြစ်စေ ဖန်းကလန်ဖြစ်စေ သူ ဂရုစိုက်နေမည်မဟုတ်ပေ။ သူ၏အမြင်အရ၊ သူ၏ပြောင်းပြန်ကြေးခွံကို စော်ကားရဲမှတော့ သူသေရလိမ့်မည်။
"ငရဲကိုသွားလိုက်တော့!"
ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လင်းဖန်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးလိုက်သည်။
လင်းဖန်၏ ခန္ဓာကိုယ်ရှိ အရိုးများသည် အမှုန့်အဖြစ်သို့ ချက်ချင်းပြောင်းသွားပြီး သူ၏ အတွင်းအင်္ဂါများ ပေါက်ကွဲသွားသည်။ သူသည် မသေဘဲ မနေနိုင်တော့ပေ။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် လင်းဖန်၏ မျက်နှာကို မထီမဲ့မြင်ပြုသော အပြုံးဖြင့်ကြည့်ကာ ဘေးသို့ တွန်းဖယ်လိုက်သည်။
"မင်းငါ့ကိုသတ်ဖို့စီစဉ်နေတယ်ဆိုမှတော့ အသုံးဝင်တဲ့ အကူအညီအနည်းငယ်ကို ရှာဖွေထားရမှာ မဟုတ်ဘူးလား" ချင်ယွင်သည် ပြောပြီးသည်နှင့် တစ်ခါမှ မလှုပ်သေးသည့် အနီရောင်ဝတ်ထားသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။
"မင်းထွက်သွားလိုက်ပါ၊ ငါ မင်းကိုမသတ်ဘူး!" ချင်ယွင်က ပြောသည်။ အမှန်အတိုင်း ပြောရလျှင် ချင်ယွင်သည် သူမ၏ခန္ဓာကိုယ်မှ အန္တရာယ်သဲလွန်စကို ခံစားနိုင် သောကြောင့် ဤအမျိုးသမီးနှင့် ရန်သူမဖြစ်လိုပေ။
၀တ်စုံနီ၀တ်အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားသည်။၊ ထို့နောက် သူမသည် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုအဖြစ် သူမ၏ ပါးစပ်ထောင့်မှ တွန့်ကွေးသွားခဲ့ပြီး ပြောလိုက်သည် "ဒါဆိုလည်း နောက်တစ်ခါ ထပ်တွေ့ကြမယ်!"
ထိုစကားကိုပြောပြီးနောက် ဝတ်စုံနီ၀တ်အမျိုးသမီးသည် အနီရောင်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ချင်ယွင်သည် အနီရောင်၀တ်စုံဝတ် အမျိုးသမီး ထွက်သွားသည်ကို မြင်သောအခါ သူ၏မျက်နှာပေါ်ရှိ သတ်ဖြတ်ချင်စိတ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ သည်။ သူသည် သတိလစ်နေသော ရန်စီချီဆီကို လှည့်ကြည့်လိုက်ရင်း သူ၏မျက်လုံး များတွင် နူးညံ့သိမ်မွေ့မှုအရိပ်အယောင် အရိပ်အယောင် များပေါ်လာသည်။
အခန်း (၁၉၀) သိုင်းမြို့စားဘိုင်ယွန်၏ အတွေးများ
ချင်ယွင်မှ လင်းဖန်ကို သတ်လိုက်သည့် ကိစ္စသည် ဘိုင်ယွန်မြို့တော်တစ်ခွင်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဘိုင်ယွန်မြို့တော်တစ်ခွင်လုံး တုန်လှုပ်သွားခဲ့သည်။
လင်းဖန်က ဘယ်သူလဲ။
သူသည် သိုင်းမြို့စားဘိုင်ယွန်၏ တပည့်တဦးဖြစ်သည်။ သူသည် မြို့တော်ရှိ မျိုးနွယ်စုကြီး သုံးခုအနက်မှ လင်းမျိုးနွယ်စု၏သားတဦးလည်း ဖြစ်သည်ဟု ဆိုကြသည်။
သူသည် ပထမဇနီး၏သားအကြီးဆုံးမဟုတ်သော်လည်း၊ သူသည် လင်းကလန်၏ မျိုးနွယ်စုခေါင်းဆောင်၏သားဖြစ်နေဆဲဖြစ်သည်။ ချင်ယွင်သည် သူ့ကို အမှန်တကယ် သတ်ပစ်မည်ဟုမမျှော်လင့်ထားကြပေ။ ယင်းက လူတို့ကို မည်ကဲ့သို့ မအံ့ဩစေဘဲ နေမည်နည်း။။
ဟုတ်ပါသည် ၊ သူတို့အံ့အားသင့်ဆုံး အရာကတော့ သိုင်းမြို့စားဘိုင်ယွန်သည် ဤကိစ္စကို အမှန်တကယ် လျစ်လျူရှုထားခဲ့တာကိုပါ။ ချင်ယွင်သည် သူ၏တပည့်ကို သတ်ခဲ့သော်လည်း သူသည် မည်သည့်သဘောထားကိုမျှ မပြခဲ့ပေ။ ဘာတွေ ဖြစ်နေကြတာလဲ?
ထိုအချိန်တွင် သိုင်းမြို့စားဘိုင်ယွန်သည် ပင်မထိုင်ခုံပေါ်တွင် လက်ဖက်ရည် သောက်ရင်း ထိုင်နေသည်။သူ၏ဘေးတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးရှိသည်။ ထိုသူသည် လေးနက်နဲသည့် အသွင်အပြင်ရှိပြီး သာမန်လူတစ်ဦး ဟုတ်ဟန်မတူပေ။
"သခင်၊ ချင်ယွင်က သခင်လေးလင်းဖန်ကိုသတ်လိုက်တယ်။ သခင်အနေနဲ့ တကယ် ဂရုမစိုက်ဘူးလို့ မပြောပါနဲ့" အနက်ရောင်ချပ်၀တ် ၀တ်ထားသည့် စစ်သည်တော်က ပြောလိုက်သည်။
"ဘယ်သူကို ဂရုစိုက်ရမှာလဲ။ ၊ ဘာလို့လဲ" သိုင်းမြို့စားဘိုင်ယွန်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာကာ သူက အေးစက်စွာ အော်ဟစ်ရင်း ပြောလိုက်သည် "ဒီချင်ယွင်ရဲ့ မူလအစက မရိုးရှင်းဘူး။ သူအသုံးပြုခဲ့တဲ့ အနက်ရောင်လျှပ်စီးကြောင်းက ဘာစွမ်းအင်အမျိုးအစားလဲဆိုတာ မင်းသိလား" "အဲဒါက ဒဏ္ဍာရီလာ ဖရိုဖရဲလျက်စီးနဲ့ သူ့ကိုယ်ပွားပဲ။ အဲဒါက ဒဏ္ဍာရီလာ အင်မော်တယ်(အဆင့်) နည်းပညာရပ်ပဲ။ တော၀င်ရန် အင်ပါယာတစ်ခုလုံးမှာတောင်
ဒီလိုအင်မော်တယ် နည်းပညာရပ်တွေ မရှိဘူးဆိုမှတော့ အင်မော်တယ်ကမ္ဘာငယ် လေးတွေကလွဲရင် အခြာသေမျိုးကမ္ဘာတွေမှာ ဒီလိုစွမ်းအားကို ပိုင်ဆိုင်နိုင်ပြီး ကိုယ်ပွားတစ်ခုကို မွေးထုတ်ပေးနိုင်တဲ့ အင်မော်တယ်အဆင့် နည်းပညာရပ်တခု ရှိနိုင်တယ်လို့ မင်းထင်လား"။
"အင်မော်တယ်ကမ္ဘာငယ်၊ ချင်ယွင်က အင်မော်တယ်ကမ္ဘာငယ်လေးတစ်ခုက လာတယ်လို့ သခင်က သံသယရှိနေပါသလား။" အနက်ရောင်ချပ်၀တ် စစ်သည်တော် သည် ရုတ်တရက် ထိတ်လန့်သွားသည်။
အင်မော်တယ်ကမ္ဘာငယ်တစ်ခုဟူသောစကားက လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွား စေနိုင်သည်။
ကျင့်ကြံသူအများပြားသည်သည် အင်မော်တယ်ကမ္ဘာငယ်များ အကြောင်းကို ယေဘုယျအားဖြင့် ကောင်းကောင်း မသိကြပေ။ သာမန် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများသည်ပင် ဤအကြောင်းကို မသိခဲ့ကြပေ။ သိုင်းမြို့စားဘိုင်ယွန် ကဲ့သို့သော သိုင်းမြို့စားကျွမ်းကျင်သူများသာ ဤအကြောင်းကို အနည်းငယ် သိကြသည်။
သူတို့၏မှတ်ဉာဏ်များတွင်၊ အင်မော်တယ်ကမ္ဘာငယ်လေးရှိ လူများအားလုံးသည် အလွန်အစွမ်းထက်ကြသည်။ အင်မော်တယ်ကမ္ဘာငယ်လေးမှ ထွက်ခွာလာသူတိုင်း သည် သိုင်းဧကရာဇ်အဆင့်ကို ကျော်လွန်သော ကျွမ်းကျင်သူများ ဖြစ်နိုင်သည်။ ထို့ကြောင့် တော်၀င်ရန်အင်ပါယာကြီးတစ်ခုလုံးသည် အင်မော်တယ်ကမ္ဘာငယ်လေးရှိ ပုရွက်ဆိတ်များနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။
အနက်ရောင်ချပ်၀တ်တန်ဆာ၀တ် စစ်သည်တော်သည် ကြောင်တက်တက် ဖြစ်နေ သည်။ အကယ်၍ ချင်ယွင်သည် အမှန်တကယ် အင်မော်တယ်ကမ္ဘာငယ်လေးမှ ဆင်းသက်လာခဲ့ပါက သူတို့သည် သူ့ကို ရန်စလို့မရနိုင်ရုံသာမက သူ့ကိုပင် ချည်နှောင်ထားရမည်ဖြစ်သည်။ (ချည်နှောင်ဟူသည် သူ့ကိုဆွဲဆောင်ထားရမည်ဟူလို)
"ငါတို့သေချာမသိရသေးပါဘူး၊ ငါလည်းသံသယဖြစ်မိတဲ့အတွက် ချင်ယွင်ရဲ့အချက် အလက်တွေကို အရင်စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ဖူးတယ်။ သူက ချင်းယွမ်မြို့၊ ရွာငယ်သာသာမြို့လေးဖြစ်တဲ့ ချင်နင်းမြို့က လာခဲ့တာပဲ။ ဒါပေမယ့် ဒီလူရဲ့ ကိုယ်ရေးအချက်လက်က အရမ်းထူးဆန်းတယ်။ ထူးဆန်းတာက သူဆယ်နှစ်မပြည့်မီ ရှေ့ပိုင်းအကြောင်းအရာတွေက လုံး၀ဗလာနတ္ထိဖြစ်ပြီး အစအန လုံးလုံးပျောက်နေတယ်။ အသက်ဆယ်နှစ်နဲ့ဆယ့်ခြောက်နှစ်ကြားမှာ သူဟာ လုံးဝ တုံးအနေသူ တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီနောက် သူ့ရဲ့ကျင့်ကြံမှုအဆင့်က ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ ငါးလမပြည့်ခင်မှာ သူဟာ သေမျိုးတစ်ယောက်ကနေ သိုင်းဂိုဏ်းချုပ်နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာအထိ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့တယ်။ သူ့ရဲ့စွမ်းအားကလည်း သိုင်းမြို့စားနယ်ပယ်ရဲ့ ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူများနဲ့ နှိုင်းယှဉ်နိုင်သည်။" သိုင်းမြို့စားဘိုင်ယွန်က ချပ်ဝတ်တန်ဆာဝတ်စစ်သည်တော်အား ပြောလိုက်သည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်စစ်သည်တော်သည် တစ်ဖန် တုန်လှုပ်သွား ပြန်သည်။ ငါးလအတွင်းမှာ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကိုသတ်ဖြတ်ရန် စွမ်းအားကိုပိုင်ဆိုင်ဖို့အတွက် ဘာကိုမှမသိသည့် သေမျိုးအဖြစ်မှ စသင်ခဲ့ရသည်။ ထိုသို့သော အရှိန်အဟုန်မျိုးကို ပါရမီရှင်ဟူ၍ ဖော်ပြ၍မရနိုင်တော့။ သူသည် လုံးဝ မွန်းစတားတစ်ကောင်ဖြစ်သည်။
"မင်းသိပါတယ်၊ အင်မော်တယ်ကမ္ဘာငယ်လေးထဲက အင်အားစု တချို့ဟာ သူတို့ရဲ့ စွမ်းရည်ထက်မြက်တဲ့ တပည့်သားမြေးတွေကို လေ့ကျင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သေမျိုးကမ္ဘာက အင်ပါယာအမျိုးမျိုးဆီ စေလွှတ်ပြီး ကြီးပြင်း ရင့်ကျက်စေတတ် ကြတယ်။ ချင်ယွင်ရဲ့ဆယ်နှစ်သား အရွယ်မတိုင်ခင် ရှေ့ပိုင်းအကြောင်းအရာတွေက အစရှာမရသလို လုံး၀ပျောက်ဆုံးနေတယ်။ သူက လေဖိအားပါးလွှာတဲ့ အရပ်ကနေ ထွက်ပေါ်လာတဲ့အတိုင်းပဲ။ ငါလည်း သူ့ကို သံသယရှိဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူး။ ဒါ့အပြင်၊ တကယ်လို့ သူက အဲဒီအင်မော်တယ်ကမ္ဘာငယ်လေးမှ မဟုတ်ဘူး ဆိုရင်တောင် သူရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြီးထွားမှု အရှိန်ဟုန်နဲ့ဆို ငါတို့အနေနဲ့ သူ့ကို ချက်ချင်း မသတ်နိုင်ဘူးဆိုရင် ငါတို့ ဒုက္ခရောက်ရလိမ့်မယ်။ လင်းဖန်အတွက်နဲ့ ဒီလိုရန်သူတစ်ယောက်ကို စော်ကားဖို့ မလိုအပ်ဘူး။ ဒါကလည်း သူ့ကို စောစောကတည်းက ကြိုတင်ချည်နှောင်ထားဖို့ ကြိုးစားရခြင်းရဲ့ အကြောင်းရင်းပဲ" သိုင်းမြို့စားဘိုင်ယွန်သည် ဆက်လက်ပြောရင်း သူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ပြည့်နှက်နေသည်။
သူ၏နံဘေးရှိ အနက်ရောင်ချပ်၀တ်တန်ဆာ ၀တ် စစ်သည်တော်သည်လည်း ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်သည်။ ဤကဲ့သို့ ကျင့်ကြံခြင်းအရှိန်အဟုန်ကို ပိုင်ဆိုင်ထားသူ လူငယ်တစ်ယောက်နှင့် ရန်သူဖြစ်လာခြင်းသည် မည်သူ့အတွက်မဆို ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်။
"ဒါပေမယ့် ကျွန်တော်တို့က ဒီကိစ္စကို ဂရုမစိုက်ဘူးဆိုရင် မြို့တော်မှာရှိတဲ့ လင်းကလန်ကို ဒါနဲ့ပတ်သက်ပြီး ရှင်းမပြနိုင်မှာကို ကျွန်တော်ကြောက်မိတယ်!" အနက်ရောင်ချပ်ဝတ် တန်ဆာဝတ် စစ်သည်တော်က ထပ်ပြောသည် .
အေးစက်စက် အပြုံးတစ်ခုက သိုင်းမြို့စားဘိုင်ယွန်မျက်နှာတွင် ပေါ်လာခဲ့ပြီး "မြို့တော်မှာရှိတဲ့ လင်းကလန်လား၊ ငါသိုင်းမြို့စားဘိုင်ယွန်ကို ဘာလုပ်နိုင်မှာလဲ ။ ငါက သူတို့ကို ရှင်းပြဖို့ လိုသေးလို့လား?"
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်သည် အနည်းငယ် အံ့အားသင့်သွားခဲ့
သည်။ သို့သော် သူတစ်ခုခုပြောခါနီးတွင် သိုင်းမြို့စားဘိုင်ယွန်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။
'"ရန်စီချီရဲ့ နေအိမ်ကို အခုသွားပြီး ဒီပစ္စည်းကို ချင်ယွင်ဆီကို လွှဲပေးလိုက်ပါ။ ပြီးတော့ ချင်ယွင်ဆီကို ဒီသတင်းစကားပြောဖို့လည်း ကူညီပေးဦး၊ ' ငါသိုင်းမြို့စားဘိုင်ယွန်ဟာ မကောင်းတဲ့လူအပေါ် ယုံကြည်မိခဲ့သူ ဖြစ်တယ်။ ငါလည်း အတော်လေး တုန်လှုပ် သွားခဲ့ရတယ်။ သူ့ရဲ့ဆရာတစ်ယောက်အနေနဲ့ အရမ်းအပြစ်ရှိတယ်။ လင်းဖန်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ငါသိုင်းမြို့စားဘိုင်ယွန်က ဆက်လက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့။" သိုင်းမြို့စားဘိုင်ယွန်သည် ပြောပြီးသည်နှင့် သူ၏လက်ထဲတွင် သေတ္တာတစ်ခု ပေါ်လာသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
ချင်ယွင်ကို ချည်နှောင်ရန်အတွက် သိုင်းမြို့စားဘိုင်ယွန်သည် တောင်းပန်ခြင်းဖြင့် အမှန်တကယ် အစပြုလိမ့်မည်ဟု သူတကယ်ပင် မျှော်လင့်မထားခဲ့ပေ။
ဤချင်ယွင်သည် သိုင်းမြို့စားတဦး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် အမှန်တကယ် ထိုက်တန်သူ ဖြစ်နိုင်ပါသလား။
အနက်ရောင်ချပ်၀တ်တန်ဆာ၀တ် စစ်သည်တော်သည် စိတ်ရှုပ်ထွေးနေသော်လည်း သိုင်းမြို့စားဘိုင်ယွန်၏စကားများကို မနာခံဘဲ မနေဝံ့ချေ ။ အဆုံးတွင် သူသည် ခေါင်းညိတ်ပြပြီး သေတ္တာကိုကိုင်ထား ထွက်ခွာသွားခဲ့သည်။
သိုင်းမြို့စားဘိုင်ယွန်သည် အနက်ရောင်ချပ်၀တ်တန်ဆာ၀တ် စစ်သည်တော်၏ နောက်ကျောကို ကြည့်လိုက်ရင်း သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "ချင်ယွင်၊ ချင်ယွင်၊ မင်းငါ့ကိုစိတ်မပျက်စေဘူးလို့ ငါမျှော်လင့်တယ်။ ငါက ဒီအကွက်ကို ရှေ့ဆက်ရွေ့မှတော့ ငါ့မှာ နောက်ပြန်လှည့်စရာ နေရာမရှိတော့ဘူး"
အနက်ရောင်ချပ်၀တ်တန်ဆာ၀တ် စစ်သည်တော်သည် သေတ္တာနှင့် အမှာစကား များကို ချင်ယွင်ထံ ပေးပို့လိုက်သောအခါ ချင်ယွင်လည်း အလွန်တုန်လှုပ်သွားခဲ့ ရသည်။
သိုင်းမြို့စားဘိုင်ယွန်သည် သူ၏တပည့် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်ခြင်းမရှိရုံသာမက တောင်းပန်စကား အစပြုပြောဆိုလိမ့်မည်ဟူ၍ သူသည် မျှော်လင့်မထားခဲ့ပေ။ ယင်းကြောင့် ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်၏ အစီအစဥ်များကို တခဏအတွင်း မသိနိုင်တော့ပေ။
သို့သော်လည်း သိုင်းမြို့စားဘိုင်ယွန်ကိုယ်တိုင်က သူ့ကိုချည်နှောင်ရန် ကြိုးစားနေပုံရပြီး၊ ယင်းက မြို့တော်မှာရှိသည့် လင်းကလန်ကို စော်ကားရာ ရောက်နိုင်သည်။ ဤအရာသည် အမှန်တကယ်ရော ထိုက်တန်ပါရဲ့လား။
သိုင်းမြို့စားဘိုင်ယွန်သည် သူနှင့်ပတ်သက်ပြီးတော့ မည်သည့်စိတ်ကူးများ ရှိနေလဲဆိုသည်ကို ချင်ယွင် မသိနိုင်ပေ။
ချင်ယွင်သည်သူ့အတွက် သိုင်းမြို့စားဘိုင်ယွန် ပေးခဲ့သည် ပိုးထည်လွှမ်းသေတ္တာကို ဖွင့်လိုက်သည်။ အထဲမှာ တခြားမည်သည့်အရာမျှ ထူးထူးခြားခြားမရှိပေ။၊ ယင်းအစား အဆင့်ငါးအစီအရင်ပုံစံတခုဖြင့် ထွင်းထားသော ဆံညှပ်တစ်ခုသာ ရှိသည်။ ယင်းဆံထိုးသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကို တကြိမ် ခံနိုင်ရည်ရှိ သည်။ ၎င်းသည် တစ်ကြိမ်သာဖြစ်သော်လည်း အလွန်အဖိုးတန်သည်ဟု မှတ်ကျောက်တင်ရမည့် ရတနာတစ်ခုဖြစ်သည်။
ချင်ယွင်သည် ဆံထိုးကို မြင်လိုက်ရသည့်အခိုက်တွင် သူသည် ပြုံးလိုက်ပြီး သိုင်းမြို့စားဘိုင်ယွန်နှင့်ပတ်သက်သော မကောင်းသော ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤဆံပင်ထိုးသည် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သင့်သည့် ပစ္စည်းတစ်ခုဆိုသည်မှာ သိသာထင်ရှားပါသည်။ သိုင်းမြို့စားဘိုင်ယွန်သည် သူ့ဆီပေးပို့ပြီး ရန်စီချီကို ပေးရန်အတွက် ချင်ယွင်၏လက်ကို ငှားရမ်းချင်သောကြောင့် ဤဆံထိုးကို ပေးခဲ့ခြင်း ဖြစ်ပါသည်။
ယင်းက ရန်စီချီသည် သူနှင့်အတူ လုံးဝဘေးကင်းလုံခြုံကြောင်း ချင်ယွင်ကို ပြောပြရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤနည်းဖြင့်၊ ချင်ယွင်၏စိတ်ထဲတွင် သူမနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရုံသာမက ချင်ယွင်ကို သူ၏အဖွဲ့၀င်အဖြစ်စုဆောင်းရန် ရည်မှန်းချက်ကို လည်း အောင်မြင်စေနိုင်သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် သူ့အပေါ် ကျေးဇူးအကြွေး တင်သွားမှာဖြစ်ပြီး နောင်အနာဂတ်တွင် သူ့ကို ပြန်လည်ပေးဆပ်ရ မည်ဟုလည်း ပြောရာရောက်သည်။
ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်၏ ပြောင်မြောက်သော လှုပ်ရှားမှုများကို ချီးကျူးရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
ချင်ယွင်သည် မူလကတည်းက ရန်စီချီကို သူနှင့်အတူ ခေါ်သွားရန် တွန့်ဆုတ်နေခဲ့သည်။ သူသည် လင်းဖန်ကို ကိုယ်တိုင် သတ်ပစ်လိုက်သည်။ လင်းကလန်သည် အနာဂတ်တွင် ဘိုင်ယွန်မြို့တော်တွင် ရန်စီချီကိုသွားရှာပြီး အမုန်းပွားတရားများအတွက် သူမအပေါ် ဒေါသပုံချပစ်မည်ကို ချင်ယွင်သည် စိုးရိမ်နေခဲ့သည်။ ထိုအချိန်တွင် ရန်စီချီသည် အန္တရာယ်ကြီးစွာ ကျရောက်နေ ပေလိမ့်မည်။
ထို့အပြင် အကယ်၍ သူသည် ရန်စီချီနှင့်အတူ ထွက်ခွာသွားမည်ဆိုလျှင် လမ်းတစ်လျှောက်တွင် အန္တရာယ်များ ကြုံတွေ့လာနိုင်သည်။ ချင်ယွင်သည် ရန်စီချီ၏ လုံခြုံရေးကိုအာမခံဝံ့ခြင်းမရှိသောကြောင့် ချင်ယွင်သည် အလွန် ချီတုံချတုံ ဖြစ်နေခဲ့ရ သည်။
ဒါပေမယ့် အခုအချိန်မှာတော့ သိုင်းမြို့စားဘိုင်ယွန်သည် သူ့အတွက် ဤပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ဤဆံထိုးသည်လည်း သိုင်းမြို့စားဘိုင်ယွန်က သူ့အတွက် အာမခံပေးခဲ့သည်။ ဤနည်းဖြင့် ချင်ယွင်သည် စိတ်အေးသက်သာစွာ ထွက်ခွာသွားနိုင်သည်။