အခန်း (၂၀၆-၂၁၀)
Vol. 14 Ch. 206-210
အခန်း (၂၀၆) ထာဝရဓား။
ဘန်း။
ဓား၏ရိုက်ခတ်သံများက ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။
အစိမ်းရောင်ဝတ်ထားသော ဓားသူတော်စင်လေးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ချင်ယွင်၏နောက်တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ သူသည် နည်းနည်းလေးမှ တုံ့ဆိုင်းခြင်းမရှိဘဲ လျှပ်စီးလက်သလိုမျိုး သူ၏ဓားဖြင့် တိုက်ခိုက်လိုက်သည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ၏လက်ထဲတွင် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာပေါ်လာပြီး ထက်ရှသောဓားရှည်ကို တိုက်ရိုက်ဟန့်တားလိုက်သည်။
အစိမ်းရောင်ဝတ်ထားသော ဓားသူတော်စင်လေးသည် သူ၏ နောက်ထပ် တိုက်ကွက်ကို ထုတ်ဖော်တော့မည့်အခိုက် သူ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းသွားသည်။
ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်သည် အဝေးမှ ပြေးထွက်လာခဲ့ပြီး သူ၏ ကြယ်နက် ဓားသည် တောင်တစ်ခုအား ဆွဲထုတ်လိုက်သည့် အရှိန်အဟုန်ဖြင့် လန်ရှန်းယွန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
လန်ရှန်းယွန်သည်လည်း အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏လက်ထဲရှိ သွေးနီရောင်ဓားသည် ညင်သာစွာ ကွေ့လိမ်သွားခဲ့ပြီး ချင်ယွင်၏ဓားကို အလွယ်တကူ ရှောင်ကာ ခုန်ထွက်သွားသည်။ ထို့နောက် သူ၏လက်ထဲမှ ဓားသည် မိုးရေစက်ဓားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ နဖူးဆီသို့ ပစ်ချလိုက်သည်။
သွေးနီရောင်ဓားမိုးများသည် လေထုကို လျင်မြန်စွာ ဖြတ်သန်းလာရင်း သွေးစွန်းနေသော အငွေအသက်များ ထွက်ပေါ်လာသည်။
ချင်ယွင်သည်လည်း နည်းနည်းလေးမှ မကြောက်ရွံဘဲ ဓားမိုးကို ချက်ခြင်း ဖြိုခွင်းပစ်လိုက်သည်။
ယခုအချိန်တွင် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်နှင့် လန်ရှန်းယွန်တို့သည် တစ်ဖန် အတူတကွ တိုက်ခိုက်နေကြ ပြန်သည်။ ချင်ယွင်၏လက်ထဲတွင်ရှိသော ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာသည် အဖွင့်အပိတ် ညီမျကာ ဆေဘာတစ်ချက်ချင်း စီတိုင်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည့် လွှမ်းမိုးမှုရှိသော အငွေ့အသက်များကို သယ်ဆောင်လာကြသည်။
လန်ရှန်းယွန်၏လက်ထဲရှိ သွေးနီရောင်ဓားသည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သတ်ဖြတ်လိုသည့်ဆန္ဒများက ပြင်းထန်စွာထွက်ပါ်နေပြီး ချင်ယွင်၏ လက်ထဲရှိ ဆေဘာနှင့်ထိပ်တိုက်ဆုံမိကာ ကျယ်လောင်သည့် အသံတစ်ခုချင်းစီ ထွက်ပေါ်လာသည်။
ဓားချီနှင့် ဆေဘာချီတို့သည် နေရာတိုင်းသို့ ဆက်လက် လွင့်ပျံနေခဲ့ပြီး အနီး ပတ်ဝန်းကျင်ရှိ သဲမြေပြင်ပေါ်တွင် တွင်းနက်ပေါက်ကြီးများ ကျန်ရစ်ခဲ့သည်။
ဆံပင်ဖြူအဘိုးကြီးနှင့် တခြားလူများသည် အဝေးကို ပြေးလွားဆုတ်ခွားရင်း အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။
ယခုလို တိုက်ပွဲမျိုးသည် သူတို့ စိတ်ကူးယဉ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ နေရာတိုင်းတွင် လွင့်ပျံသန်းနေသော ဓားချီနှင့် ဆေဘာချီများသည် ခုခံနိုင်စွမ်းရှိသည့် အရာများ မဟုတ်ပေ။ အကယ်၍ နည်းနည်းလေး ထိမိခဲ့လျှင်ပင် မသေလျှင်တောင် သူတို့သည် သုံးစားမရသည့် ဒုက္ခိတတစ်ယောက် ဖြစ်သွားလိမ့်မည်။
မိန်းမပျိုလေးမျက်လုံးများသည် စူးရှသော ကြယ်ရောင်များကဲ့သို့ပင် လင်းလက် တောက်ပနေ၏။ သူမသည် လက်ထဲတွင် ဆေဘာတစ်ချောင်း ကိုင်ဆောင်ထားသည့် ချင်ယွင်ကို ကြည့်လိုက်ပြီးနောက် လက်ထဲတွင် ဓားရှည်တစ်ချောင်း ကိုင်ကာ ရပ်နေသည့် ချင်ယွင်ကို ကြည့်လိုက်ပြန်သည်။ သူမ၏ နှလုံးသားသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"အမွှာညီအစ်ကိုတွေများလား? ဒါပေမယ့် သူတို့ရဲပုံစံက ဘယ်လိုလုပ် ဒီလောက်တူနိုင် ရတာလဲ၊ သူတို့က လုံးဝ လူတစ်ယောက်ထဲလို တူလွန်းတယ်။" မိန်းမပျိုလေးသည် အံ့သြသွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ အစစ်အမှန်ခန္ဓာ ကိုယ်သည် မလှုပ်မယှက် ရပ်နေကာ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားသည်။
အနက်ရောင်ဓားသည် သူ၏ရှေ့တွင် လွင့်မျော နေပြီး စတင်လှည့်ပတ်လာသည်။
လှည့်ပတ်ခြင်းသည် ပို၍မြန်ဆနလာပြီး နောက်ဆုံးတွင် ပတ်ဝန်းကျင်လေထုကိုပင် မုန်တိုင်းငယ်အဖြစ်သို့ လှုပ်ခတ်သွားခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် သူ၏မျက်လုံးများဖွင့်လိုက်သည်။ အလွန်မင်းထက်ရှသော ဓားအလင်းတန်းနှစ်ခုသည် သူ၏မျက်လုံးများထဲတွင် ပေါ်လာသည်။
ရှေးဟောင်း ဓားဆန္ဒတခုက ချက်ခြင်းထွက် ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အနှိုင်းမဲ့ကြီးမားသည့်ဓားကြီးတစ်ချောင်းသည် အဆုံးအစမရှိသည့် အချိန်ကာလကို ဖြတ်သန်းသွားပုံရပြီး ကောင်းကင်ယံမှ ဆင်းသက်လာကာ ချင်ယွင်၏ မျက်ခုံးများကြားထဲသို့ တိုး၀င်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်ကို တွေ့လိုက်ရသည်။
အနက်ရောင်၀တ်ချင်ယွင်နှင့် တိုက်ခိုက်နေသော ဓားသူတော်စင်လေး လန်ရှန်းယွန် သည်ပင်လျှင် ဤကြောက်စရာကောင်းသော ဓားဆန္ဒကို ခံစားနိုင်သည်။ သူသည် သူ၏အစွမ်းရှိသမျှကို အကုန်အသုံးပြုပြီး အနက်ရောင်၀တ် ချင်ယွင်ကို တွန်းထုတ် လိုက်ကာ အဖြူရောင်ဝတ် ချင်ယွင်ဆီကို လှည့်ကြည့်လိုက်သည်။
"ဘယ်လောက်တောင် ရှေးကျပြီး အစွမ်းထက်လိုက်တဲ့ ဓားဆန္ဒလဲ။ ဒီလိုပြင်းထန်တဲ့ ဓားဆန္ဒကို သူ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။"
အစိမ်းရောင်ဝတ် ဓားသူတော်စင်လေး၏ မျက်လုံးများမှတဆင့် အံ့သြထိတ်လန့်မှု အရိပ်အယောင်များပေါ်လာပြီး သူ၏အမူအရာက လေးနက်လာခဲ့သည်။ ဤဓားတိုက်ကွက်မှ ပြင်းထန်သည့် ခြိမ်းခြောက်မှုတရပ်ကို သူ အမှန်တကယ် ခံစားလာရသည်။
"ဒီဓားကို မနေ့ကမှ ငါ နားလည်ထားခဲ့တယ်။ ဒါကို 'ထာဝရဓား' လို့ နာမည်ပေး လိုက်တယ်။ ချင်ယွင်၏အသံသည် ဓားချီ၏မြည်ဟီးသံကဲ့သို့ ရိုက်ခတ်နေပြီး ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေအသက်များကို သယ်ဆောင်လာ၏။
ချင်ယွင်သည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး လှည့်ပတ်နေသော ကြယ်နက်ဓားကို ဖမ်းဆုပ်ကိုင်လိုက်သည်။ တခဏအတွင်းမှာပင် သူ၏ပတ်ဝန်းကျင်ရှိ လေထုသည် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်၏နောက်ကျောပေါ်ရှိ အနက်ရောင် ဆံပင်များသည် ကခုန်နေသည်။ သူ၏ နဂိုက ချောမောသောမျက်နှာသည် ယခုအခါ ထင်ရှားပြတ်သားလာခဲ့ပြီး သူ၏ မျက်လုံးများသည် အလွန်ထက်ရှသော ဓားချီများဖြင့် ပြည့်နှက်နေသည်။ သူ၏ခြေဖဝါးအောက်ရှိ အဝါရောင်သဲမြေပြင်သည် စက်ဝိုင်းပုံသဏ္ဍာန် တုန်ခါလာခဲ့သည်။
"ဟမ့်၊ မင်းရဲ့ထာဝရဓားဆန္ဒကပဲ အားကောင်းသလား ဒါမှမဟုတ် ငါ့ရဲ့သတ်ဖြတ်ခြင်း ဓားဆန္ဒကပဲ အားကောင်းသလား ငါကြည့်ချင်မိတယ်" အစိမ်းရောင်၀တ် ဓားသူတော်စင်လေးသည် သူ၏ အငွေ့အသက် ပေါက်ကွဲသွားချိန်တွင် အေးစက်စွာ အော်ပြောလိုက်သည်။ အစိမ်းရောင်၀တ် ဓားသူတော်စင်လေး၏ နောက်ကျောပေါ် တွင် ကြီးမားသော သွေးနီရောင်သဏ္ဍာန်ကြီးတခု ပေါ်လာသည်။
၎င်းသည် ပေတစ်ရာနီးပါး မြင့်မားပြီး သွေးရောင်ရှိပုံစံရှိသည့် ဧရာမလူကြီး တစ်ယောက် ဖြစ်သည်။ ထိုလူပုံရိပ်ကြီးသည် သူ၏ဓားပေါ်မှာရပ်နေပြီး သူ၏ပုံစံက လန်ရှန်းယွန်နှင့်တူသည်။ သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားသဖြင့် လူအများက သူ့ကို အိပ်ပျော်နေသော သွေးနီရောင်ငရဲသားကြီး တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
အဆုံးမရှိ သတ်ဖြတ်လိုသောဓားဆန္ဒသည် ရေလွှမ်းမိုးမှုကဲ့သို့ အရပ်ရပ်သို့ တိုး၀င် ပျံ့နှံ့လာခဲ့သည်။ လူတိုင်းသည် သူ၏ခြေဖဝါးအောက်ရှိ သွေးအိုင်ကြီးပေါ်တွင် ဓားကိုကိုင်ကာ မတ်တပ်ရပ်နေသော ပြိုင်ဘက်ကင်း ဧရာမသတ်ဖြတ်ခြင်း နတ်ဘုရားတပါးကို တွေ့မြင်လိုက်ရသကဲ့သို့ ခံစားရစေသည်။
"ဘုန်း!"
ကြီးမားလှသော သွေးနီရောင်သဏ္ဍာန် ဧရာမလူကြီးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ ကမ္ဘာပေါ်တွင် ပျံ့နှံ့လွင့်မျောနေသော တိမ်မည်းများသည် ချက်ချင်းပင် ဘာမှမရှိသည်၏ ဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကြီးတစ်ခုလုံးသည် ကြီးမားသော အပေါက်ကြီးတစ်ခုအဖြစ် ထိုးဖောက် ခံလိုက်ရပုံပေါ်သည်။
လန်ရှန်းယွန်သည် သွေးနီရောင်ဓားဖြင့် ကောင်းကင်ယံကို ညွှန်ပြလိုက်ပြီး သူ၏ နောက်ကျောမှ ဧရာမပုံရိပ်ကြီးသည်လည်း သူ၏လှုပ်ရှားမှုနောက်သို့ လိုက်ပါလှုပ်ရှား
လာခဲ့သည်။
"ယာမဘုရင် ထွက်ပေါ်လာတဲ့အခိုက် တစ္ဆေသရဲများ ငိုကြွေးရတယ်!" လန်ရှန်းယွန်က လေးနက်စွာပြောလိုက်သည်။
ထိုနောက် သူ၏နောက်ကျောမှ သွေးနီရောင် ဧရာမပုံရိပ်ကြီး၏လက်ထဲရှိ ဓားသည် ခုတ်ပိုင်းချလိုက်သည်။ ကောင်းကင်ယံရှိ တိမ်စိုင်တိမ်မည်းများသည် ထိုဓားကြီးဖြင့် ခုတ်ပိုင်း ဖွင့်လှစ်ခံလိုက်ရသည့် အလားပင်။ မည်မှောင်နေသော တိမ်တိုက်များကြားမှ အဆုံးမဲ့ သွေးမိုးများသွန်းလောင်းကျလာပြီး ချင်ယွင်ဆီသို့ တိုး၀င်လာခဲ့သည်။
“ဘယ်လောက်တောင် သွေးသိပ်သည်းစများပြားလိုက်တဲ့ ဓားဆန္ဒလဲ ”
ချင်ယွင်၏မျက်လုံးများသည်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ရှား ထွက်ပေါ်လာစေသည်။ ယခုလို သွေးသိပ်သည်းစများပြားသည့် ဓားဆန္ဒကို ရရှိရန်အတွက် လူပေါင်း ဘယ်လောက်များများ သတ်ဖြတ်ခဲ့ပြီးပြီလဲ။
"ကောင်းပြီလေ၊ ဒီနေ့ ယာမာဘုရင်ကို ငါ့ရဲ့ဓားနဲ့ သတ်ဖြတ်ဖို့အတွက် ငါ အရောက် လာခဲ့မယ်။" ချင်ယွင်သည် ဓားကို သူ၏လက်ထဲမှာ ကိုင်ထားရင်း ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ ရှေးဟောင်းဓားဆန္ဒသည် သူ၏လက်ထဲရှိ ကြယ်နက်ဓားပေါ်သို့ ချက်ချင်း ပျံနှံ့တက်သွားသည်။
ကြယ်နက်ဓားသည် စိတ်ဝိဥာဉ်အော်ဟစ်သံကို ထုတ်လွှတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးသည်းထန်စွာ ရွာချလာသည်။
"ဓားချီက ကောင်းကင်နဲ့မြေကြီးကို အစပျိုးပေးလိုက်တာလား?" ဆံပင်ဖြူ အဘိုးကြီးသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ကို စူးစူးစိုက်စိုက်ကြည့်ကာ အနှိုင်းမဲ့ ရိုသေ လေးစားမူများ ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်ကို လှောင်ပြောင်သရော်ခဲ့ခြင်းသည် မည်မျှ ရယ်စရာ ကောင်းသည်ကို သူနားလည်လာခဲ့သည်။
ဘေးနားက မိန်းမပျိုလေးသည် ဤအရာကို နားမလည်ပေ။ သဲကန္တာရထဲတွင် မိုးသည်းထန်စွာ ရွာနေမှန်းသာ သူမသိသည်။ ဤမြင်ကွင်းသည် ကမ္ဘာပေါ်တွင် ရှားပါးတဲ့ မျက်မှန်ကိုယ်တွေ့ မြင်ကွင်းတခုဖြစ်သည်။
"ဘုန်း!"
ချင်ယွင်က သူ၏ဓားကို ထုတ်လိုက်သည်။
ချက်ခြင်းပင် မိုးရေစက်ကန့်လန့်ကာတစ်ခုလုံးသည် ပွင့်ထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်မှ မိုးရေစက်များသည် အေးခဲသွားပုံရသည်။
ချင်ယွင်၏ထာဝရဓားသည် လန်ရှန်းယွန်၏ ယာမဘုရင်ဓားနှင့် ထိပ်တိုက်ဆုံမိသွား သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတခု ထွက်ပေါ်လာသည်။
ပေါက်ကွဲမှု၏ လှိုင်းလုံးကြီးသည် ဆယ်ကီလိုမီတာ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားသည်။ ချင်ယွင်၊ လန်ရှန်းယွန်နှင့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင် ကိုယ်ပွားတို့သည် လှိုင်းလုံးကြီးကြောင့် လွင့်ပျံသွားကြသည်။
ဆံပင်ဖြူအဘိုးကြီးနှင့် အဝေးမှ အခြားလူများသည်ပင် ဤရိုက်ခတ်မူအတွင်း ပါရှိသည့် ဓားဆန္ဒများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သွေးများ ပါးစပ်ထဲမှ ထွေးထုတ်လိုက်ကြသည်။
"အရမ်းကိုသန်စွမ်းလွန်းတယ်!" လူလတ်ပိုင်းအရွယ် အစောင့်အရှောက်သည် မတန့်ရပ်နိုင်မီ ဆယ်မီတာကျော်အထိ လွင့်ပျံသွားခဲ့ရသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးကို သူ၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေလေသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် ခဏတာ မလှုပ်မယှက် လှဲလျောင်းနေခဲ့ရပြီး အနက်ရောင် ၀တ်ချင်ယွင်သည်လည်း ထိုကဲ့သို့ ဖြစ်နေသည်။
တုန်လှုပ်ချောက်ချား ကောင်းသည့်လှိုင်းလုံးကြီးထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားချီပါ၀င်ပြီး ၎င်းဓားချီသည် တုနှိုင်းမရသည့် ကြောက်စရာ ကောင်းသော ဓားဆန္ဒဖြင့် ရောနှောနေသည်။
သူတို့သည် ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေကြပြီး ၎င်းတို့၏ ဓားဆန္ဒက ပို၍ပင် အားကောင်းပြင်းထန်သည်။ ထို့ကြောင့် ၎င်းတို့၏ အတွင်းအင်္ဂါများနှင့် ခြေလက်များ အားလုံးသည် ဓားဆန္ဒဖြင့် ဒဏ်ရာရသွားကြသည်။
လန်ရှန်းယွန်သည်လည်း မီတာတစ်ထောင်နီးပါးအကွာအဝေးထိ လွင့်ပျံသွားခဲ့ရသည်။ သို့သော် သူသည် လဲကျသွားခြင်းမရှိဘဲ မတ်တပ်ရပ်နေသေးသည်။
သို့သော် သူ၏ဒဏ်ရာများသည်လည်း မသက်သာပေ။ သူ၏အဝတ်အစားများသည် ကြေမွစုတ်ပြတ်နေပြီး သူ၏ခန္ဓာကိုယ်သည်လည်း ဒဏ်ရာများနှင့် ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အတွင်းဒဏ်ရာ အပြင်းအထန်ရသွားခဲ့သည်။
လန်ရှန်းယွန်၏ ပါးစပ်ထောင့်က ချင်ယွင်နှင့် အနက်ရောင်ဝတ်လုံကိုယ်ပွားကို မတ်တပ်ရပ်ကြည့်ရင်း ဆိုးရွားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူသည် ချင်ယွင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာကာ သူ၏လက်ထဲတွင်ရှိသည့် အနီရောင်ဓားရှည်ကြီးသည် သဲပြင်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။
"မင်း ငါနဲ့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ စီစဉ်နေတာလား" လေထဲတွင် အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။
အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ဓားပျော့ကိုကိုင်ထားသည့် သစ်သားကိုယ်ပွားက ထွက်ပေါ်လာသည်။
လန်ရှန်းယွန်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်လာပြီးသည်နှင့် ချက်ချင်းပင် ပြောင်းလဲသွားရသည်။
"မင်း ဒီတစ်ခါတော့ ကံကောင်းသွားတယ်။ နောက်တစ်ခါဆို ငါ မင်းကို သေချာပေါက်
ဓားနဲ့ခုတ်ပိုင်း ပစ်မယ်!" လန်ရှန်းယွန်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ပုံစံသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ပုံရိပ်သည် လေထဲသို့ ပျံတက်သွားပြီး မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားခဲ့သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချင်ယွင် သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤ လန်ရှန်းယွန်သည် အမှန်တကယ်ပင် အံ့သြစရာကောင်းသည်။ သူသည် အမှန်တကယ် ကိုယ်ပွားသုံးခုကို ထုတ်သုံးဖို့အထိပင် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သည်။ ထို့အပြင် ဤလန်ရှန်းယွန်သည် သူ၏ခွန်အားအားလုံးကို အသုံးမချခဲ့ရသေးပေ။
အစောပိုင်းက သစ်သားစွမ်းရည်ကိုယ်ပွားက တိုက်ခိုက်ခဲ့မည်ဆိုလျှင်လည်း ရလာဒ်က ငါးဆယ်/ ငါးဆယ်ရာခိုင်နှုန်းသာ ရှိနေလိမ့်မည်။
ခပ်လှမ်းလှမ်းမှ မိန်းမပျိုလေးသည် ရုတ်တရက် ပေါ်လာသော အစိမ်းရောင်၀တ်စုံ ချင်ယွင်ကိုကြည့်ရင်း အံ့အားတသင့် ထုတ်ပြောလိုက်မိသည်။ " သုံးအမွှာပူးလား ? သူ့အမေက ဒီလိုသုံးအမွှာအပူးကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်ခဲ့တာလဲ "
ချင်ယွင်သည် ဤမိန်းမပျိုလေး၏ စကားကို ကြားသောအခါ သူ၏ပါးစပ်မှ သွေးအန်ထွက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
အခန်း (၂၀၇) ဆယ်ယောက်မြောက်မင်းသမီးလေး။
ပြင်းထန်သော တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
ချင်ယွင်သည် သစ်သားစွမ်းရည်ကိုယ်ပွားကို အပြင်ဘက်မှာ တိုက်ရိုက်ထုတ်ထားခဲ့ပြီး သူ၏မူလခန္ဓာကိုယ်နှင့် မိုးကြိုးစွမ်းရည်ကိုယ်ပွားသည် သူတို့၏ဒဏ်ရာများကို ကုသရန် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ဆံပင်ဖြူအဘိုးကြီးနှင့် အခြားသူများသည် အစိမ်းရောင်ဝတ် ဓားသူတော်စင်လေး ထွက်သွားသည်ကို မြင်သောအခါတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။
"ငါ့တို့သခင်မလေးကို ငါတို့ကိုယ်စား အကာအကွယ်ပေးခဲ့တဲ့ လူငယ် သူရဲကောင်းလေးကို ကျေးဇူးတင်ပါတယ်။ ငါက အရမ်းကိုကျေးဇူး တင်ပါတယ်။ စောစောက မင်းကို စော်ကားမိခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။" ဆံပင်ဖြူ အဘိုးကြီးသည် ချင်ယွင်ကို မြင်သောအခါ၊ သူက ချင်ယွင်ထံသို့ ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။
ကျန်အစောင့်အကြပ်များသည် အထူးသဖြင့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒူးထောက်ကာ နည်းလမ်းတကျ ပြောလိုက်သည်“စီနီယာ ၊ ဒီအသုံးမကျတဲ့ ကောင်က အရင်က ထိုက်တောင်ကြီးကို သတိမပြုမိခဲ့ပါဘူး၊ ကျွန်တော်က စီနီယာကို စော်ကား မိတယ်ဆိုင်ရင် ကျွန်တော့်ကိုသတ်ချင်သတ် ခုတ်ဖြတ်ချင်ခုတ်ဖြတ် စိတ်တိုင်းကြ အပစ်ပေးနိုင်ပါတယ်။ ."
"လူငယ်သူရဲကောင်းလား? စီနီယာလား?"
ချင်ယွင်သည် ပြုံးပြီး ထပ်ခါတလဲလဲ ရေရွတ်မိသည်။ ဤစကားသည် တစ်စုံ တစ်ယောက်က သူ့ကို ယခုလိုခေါ်သည်ကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ခြင်းပင် ဖြစ်သည်။
အမှန်တော့ သူသည် ဤအစောင့်များနှင့်ပတ်သက်ပြီး လုံးဝ မကျေမနပ် ဖြစ်ခြင်းမရှိပေ။ သူတို့သည် အရင်က သူ့ကို နှိမ့်ချရှုံ့ချခဲ့ကြသော်လည်း သူ့ကို အမှန်တကယ် ဒုက္ခမပေးခဲ့ကြပေ။ ထို့အပြင်၊ သူတို့သည် သူ့ကို သူတို့သွားသည့်လမ်းအတိုင်း ခေါ်ဆောင်ရန်ပင် ဆန္ဒရှိခဲ့ကြသည်။ ယင်းက မဆိုးဘူးဟု သူ ယူဆထားပြီးသား ဖြစ်သည်။ ချင်ယွင်က သူတို့ကို ဘယ်လိုလုပ် ပြဿနာထပ်ပြီး ရှာနိုင်မှာလဲ။
သည်လိုမှမဟုတ်လျှင် ချင်ယွင်သည် ကိုယ်တိုင် ၀င်ရောက်လှုပ်ရှားမှာတောင် မဟုတ်ပါဘူး၊
သူက ယခုလမ်းအတိုင်း တည့်တည့်ထွက်သွားရုံပင်။ အကယ်၍ သူထွက်သွားချင်သည် ဆိုလျှင် မည်သူက တားနိုင်မည်နည်း။
"မတ်တပ်ရပ်ကြပါ။ မင်းတို့ကို ဘာမှ မကျေမနပ် ဖြစ်စရာမရှိပါဘူး။ မင်းတို့ရဲ့ သစ္စာစောင့်သိမှုကတင် မင်းတို့ကို အရမ်းချီးကျူးစရာကောင်းနေပါပြီ" ချင်ယွင်က ပြုံးပြုံးလေးဖြင့် ပြောလိုက်သည် ။
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ဤအစောင့်များသည် မိန်းမပျိုလေးအား ခုခံကာကွယ်ရန်အတွက် ကျိန်ဆိုခဲ့သောနည်းလမ်းသည် အမှန်တကယ်ပင် သူ့ကို လေးစားမှုလှိုင်းလုံးကြီး ဖြစ်ပေါ်စေခဲ့ပါသည်။ ယောက်ျားများသည် ဤကဲ့သို့ ပြုမူ၍ ထိုက်တန်သော သေဆုံးခြင်းမျိုးဖြင့် သေဆုံးသင့်၏။
အစောင့်အကြပ်များသည် ချင်ယွင်၏ စကားကိုကြားသည့်အခါ သူတို့၏ မျက်နှာများတွင် အပြုံးကိုယ်စီ ချက်ချင်းပေါ်လာကြသည်။ သူတို့သည် မတ်တပ်ထရပ်ပြီး ချင်ယွင်ကို ရိုသေလေးစားမှုဖြင့် ကြည့်လိုက်ကြသည်။
ဆံပင်ဖြူအဘိုးကြီးသည်လည်း ပြုံးနေရင်း သူ၏မျက်လုံးများက တောက်ပနေသည်။ သူဘာတွေ စီစဉ်နေမှန်း မည်သူမျှမသိပေ။
ထိုအချိန်တွင် မိန်းမပျိုလေးသည် ရုတ်တရက် လူအုပ်ထဲမှ ထွက်သွားပြီး ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူမသည် ချင်ယွင် ရယ်ရမလား ငိုရမလားမှန်း မသိသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
"မင်းက အစ်ကိုကြီးဆုံးလား၊ ဒုတိယညီလား၊ တတိယညီငယ်လား" မိန်းမပျိုလေးက ကြည်လင်ပြတ်သားသည့်အသံဖြင့် မေးလိုက်သည်။
ချင်ယွင်က ပြုံးပြီး "မင်းရဲ့မျက်နှာဖုံးပု၀ါကို ချွတ်ပြရင် ငါပြောပြမယ်"
မိန်းမပျိုလေးသည် အမှန်တကယ်ပင် ရိုးရှင်းသော စိတ်ထားရှိသူ ဖြစ်သည်။ အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမှရှိဘဲ၊ သူမသည် သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ချင်ယွင်၏ရှေ့တွင် လှပသော မျက်နှာပုံရိပ်လေး ပေါ်လာသည်။
ချင်ယွင်သည် အနည်းငယ် မှင်သေသေဖြစ်သွားမိသည်။ ဤမိန်းမပျိုလေးသည် ဤမျှ လောက်လှလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ အရေစိုရွှမ်းနေသော မျက်လုံးရွှဲကြီးများ၊ နူးညံ့သိမ်မွေ့သောနှာတံ၊ အထူးသဖြင့် သူမ၏ ပါးစပ်လေးသည် အလွန်သေးငယ်ပြီး အထူးချစ်စရာ ကောင်းသည်။
ရေထဲမှထွက်လာသော သန့်စင်မြင့်မြတ်သော အဖြူရောင်ကြာပန်းကဲ့သို့ မိန်းမပျိုလေး ၏ မျက်နှာက ထွက်ပေါ်လာသည်။
"ဟီ ဟီ ငါ့နာမည် ရန်စီစီပါ။ တကယ်တော့ ငါက ငါ့မျက်နှာကို ဖုံးထားဖို့ မရည်ရွယ်ပါ ဘူး။ ဒီမှာ သဲမုန်တိုင်းက အရမ်းပြင်းထန်နေလို့ပါ။ အခု နင် ငါ့ကို နင်ဘယ်သူလဲဆိုတာ ပြောပြသင့်တယ်!"ရန်စီစီသည် သူမ၏ လခြမ်းနှင့်တူသော မျက်လုံးများကို မှေးကျဉ်းကာ ပြုံးရင်း ပြောလိုက်သည်။
ချင်ယွင်သည်လည်း ယုံကြည်ပါသည်။ ဤကမ္ဘာကြီးမှာ ယခုလို ရိုးရှင်းသည့် မိန်းကလေးတစ်ယောက် အမှန်တကယ်ကို နေခဲ့သည်။ သူမ၏ပုံစံအရ သူ့ထက်ပင် တစ်နှစ်ငယ်ပုံရသည်။ သူမသည် အသက်ဆယ့်ငါးနှစ်ဝန်းကျင် ဖြစ်ရမည်။
"တကယ်တော့ ငါက အစ်ကိုကြီးဆုံးပါ။
စောစောက မင်းမြင်ခဲ့တဲ့ အဖြူရောင်ဝတ်စုံ၀တ်လူက တတိယညီငယ်ဖြစ်ပြီး အနက်ရောင်၀တ်လူကတော့ ဒုတိယညီပေါ့" ချင်ယွင်က နောက်ပြောင်လိုက်သည်။
အမျိုးသမီးက ရုတ်တရက် ခေါင်းညိတ်ပြသည်။
ဆံပင်ဖြူအဘိုးအိုနှင့် လူလတ်ပိုင်းအရွယ် အစောင့်သည် အကြည့်ချင်းဖလှယ်ကာ ခေါင်းကို ခါယမ်းလိုက်ကြသည် ။
သူတို့ မသိနားမလည်ပေမယ့် ချင်ယွင်သည် ဒဏ္ဍာရီဆန်ဆန် အင်မော်တယ်အဆင့် ကိုယ်ပွားကျင့်ကြံခြင်း နည်းပညာရပ်ကို အသုံးပြုနေသည်ဆိုသည်ကို သူတို့အနေဖြင့် သဘာဝအတိုင်း သိထားပါသည်။ သို့သော် ချင်ယွင်မှာ အဘယ်ကြောင့် ကိုယ်ပွားများ ရှိနေရသနည်း။ ထို့အပြင်၊ သူ့မှာ နှစ်ဦးပင်ရှိသည်။ ဤအရာကို သူတို့ အံ့သြကြပေမယ့် နက်နက်နဲနဲ မသိချင်ကြပေ။
"တတိယညီငယ်ကရော ဘယ်လိုလဲ။ စောစောက သူဒဏ်ရာရသွားတာကို ငါမြင်ပါတယ်။ သူရော ဒဏ်ရာပြင်းထန်သလား" ရန်စီစီက မေးလိုက်သည်။
ချင်ယွင်သည် ခါးခါးသီးသီး ပြုံးလိုက်ပြီး ဆက်ပြီးလိမ်ညာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ "ကောင်းပါတယ်၊ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး၊ သူက နေ့တစ်ဝက်ပဲ အနားယူဖို့ လိုတယ်"
ချင်ယွင်၏စကားကိုကြားတော့ ရန်စီစီသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။
ဤမိန်းကလေး၏အမည်မှာ ရန်စီစီဖြစ်ပြီး သူ၏အစ်မဖြစ်သူ လျူရန်ယွင်၏ မူလအမည်မှာလည်း ရန်ဟုထင်ရပြီး သူမ၏အမည်မှာ ရန်ချင်းဝူဖြစ်သည်။
ထို့အပြင် ချင်ယွင်သည် အနက်ရောင်ဝတ်နတ်ဆိုးက လိုက်လာသောအခါ ဆံပင်ဖြူအဖိုးအိုသည် "အဋ္ဌမမင်းသားက တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ၊ သူ့ညီမလေးကိုတောင်မှ တကယ် အလွှတ်မပေးခဲ့ဘူး" ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရမိလိုက်သည်။
"အဋ္ဌမ မင်းသားလေး၊ ညီမလေး၊ ဒီရန်စီစီက တော်၀င်ရန်ဧကရာဇ်ရဲ့ သမီးတော် တော်၀င်ရန်အင်ပါယာရဲ့ မင်းသမီးတပါးလို့ ဆိုလိုရာမရောက်ဘူးလား" ချင်ယွင် အံ့သြသွားသည်။
"ဒါပေမယ့် အင်ပါယာရဲ့ မင်းသမီးတပါးဖြစ်တဲ့ ဧကရာဇ်ဒါယန်းရဲ့သမီးတော်တပါးက
ဘယ်လိုဖြစ်ပြီး လူသူဆိတ်သုဥ်းတဲ့ သဲကန္တာရထဲကို ရောက်လာနိုင်မှာလဲ၊ ဒါ့အပြင်၊ သူမမှာ ကျင့်ကြံမူအခြေခံလည်း လုံးဝမပြုလုပ်ရသေးဘူး။ သူမက သေမျိုးတစ်ယောက် ဖြစ်နေတုန်းမလား။ ချင်ယွင်ကတော့ အံ့ဩရင်း အံ့သြနေတုန်း ပင်။
ချင်ယွင်သည် နားမလည်နိုင်သောကြောင့် ကြားဖြတ်မေးလိုက်ရသည် "မင်းက ရန်အင်ပါယာရဲ့ မင်းသမီးလေးလား။"
ထိုစကားများပြောပြီးသည်နှင့် ချင်းယွင်သည် သူတို့ပတ်၀န်းကျင်ရှိ အငွေ့အသက်များ သည် ပြောင်းလဲသွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။
ကျန်အစောင့်ရှစ်ယောက်နှင့် ဆံပင်ဖြူအဘိုးကြီး အားလုံးက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ ငါ့မှာ ဆိုးဝါးတဲ့ရည်ရွယ်ချက် မရှိပါဘူး။ သူက အင်ပါယာရဲ့ မင်းသမီးတပါး ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ့အပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး။ နောက်ပြီး ငါက သူမကို သတ်ချင်တယ် ဆိုရင် စောစောလေးက ငါ သူမကို ကယ်တယ်မှာတဲ့လား?"
ချင်ယွင်၏စကားကိုကြားလျှင် ကျန်အစောင့်ရှစ်ယောက်နှင့် ဆံပင်ဖြူအဘိုးကြီး တို့သည် သံသယစိတ်ဖြင့်ပင် သူတို့လက်နက်များကို ချလိုက်ကြသည်။
"မှန်ပါတယ်၊ ငါက တော်၀င်ရန်အင်ပါယာရဲ့ ဒသမမြောက်မင်းသမီးပဲ။" ရန်စီစီက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ ထို့နောက် သူမသည် ဆံပင်ဖြူအဘိုးကြီးနှင့် အခြားလူများဘက်ကို လှည့်ကာ "အဘိုးချန် စိတ်မပူပါနဲ့၊ ဒီအစ်ကိုက လူကောင်း တစ်ယောက်ပါ။ သူက ငါတို့ကို အခုလေးတင်ပဲ ကယ်လိုက်တာလေ" ဟု ပြောလိုက်သည်။
ချင်ယွင်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤကောင်မလေးသည် တကယ်တုံးအပြီး ချစ်စရာကောင်းသည်။ ယခုလို ရိုးရှင်းသည့် စိတ်ထားရှိသော မိန်းကလေးတဦးသည် လူတွေအပေါ် အချင်းချင်း လျှို့ဝှက်ကြံစည်နေသည့် အင်ပါယာလို နေရာမျိုးမှာ ဘယ်လိုလုပ် တည်ရှိနေနိုင်လဲဆိုသည်ကို သူ တကယ်ကို မသိနိုင်တော့ပါဘူး။
"ဒါပေမယ့် ငါ ငယ်ငယ်ကတည်းက အမေနဲ့ အတူတူနေခဲ့တယ်။ အမေက သာမန် လူတစ်ယောက်ပဲ။ နောက်ပိုင်းမှာ သီလရှင်ဖြစ်လာပြီး မက်မွန်ပွင့်ဘုရားကျောင်းမှာ နေခဲ့တယ်။" ရန်စီစီက ပြန်ပြောသည်။
ချင်ယွင်သည် ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ ရန်စီစီ၏ စိတ်သည် အဘယ်ကြောင့် ဤမျှဖြူစင်နေသည့်ကြောင်းကို သူသည် နောက်ဆုံး နားလည်သွားသည်။ သူမသည် ဤကမ္ဘာကြီး၏ အန္တရာယ်များနှင့် တစ်ခါမျှ မထိတွေ့ဖူးကြောင်း သိသာထင်ရှားသည်။
"ဒါဆို မင်းတို့အားလုံးက မက်မွန်ပွင့် ဘုရားကျောင်းမှာ နေကြတာကနေ ဘာကြောင့် အင်ပါယာမြို့တော်ကို ပြန်လာကြတာလဲ၊ အဋ္ဌမ မင်းသားကရော မင်းကိုလိုက်ရှာဖို့ လူတွေကို ဘာလို့ လွှတ်လိုက်ရတာလဲ" ချင်ယွင်က မေးသည်။
ရန်စီစီကဲ့သို့ ရိုးရှင်းသော စိတ်ထားရှိသူသည် သူမ၏ ဘဝတစ်သက်တာလုံး နတ်ဘုံနတ်နန်းနေရာမျိုးတွင် နေထိုင်သင့်ပြီး ဤလောက၏ အန္တရာယ်များနှင့် မထိတွေ့သင့်ဟု သူခံစားမိသည်။ သည်လိုမှမဟုတ်လျှင်၊ သူမလို ရိုးစင်းသည့် မိန်းကလေးတဦးအတွက်၊ သူမမှာ အစွမ်းထက်သည့်ခွန်အား သို့မဟုတ် ကျွမ်းကျင်သူ တစ်ယောက်၏ အကာအကွယ်မရှိခဲ့လျှင် သူမ၏နောက်ဆုံးရလာဒ်က ပိုကောင်းလာမှာ မဟုတ်ပါဘူး။
"အမေက သေသွားပြီ။ မသေခင်မှာ ခမည်းတော်ဧကရာဇ်ကို ရှာဖို့ ပြောခဲ့တယ်။ ခမည်းတော်ဧကရာဇ်ကိုတော့ ငါ တခါမှ မတွေ့ဖူးသေးဘူး။ သူက ဘယ်လိုလူလဲတော့ ငါလည်း မသိဘူး၊ အဋ္ဌမအစ်ကိုတော်က ဘာလို့ နောက်ကနေ လိုက်နေတာလဲ၊ ဒါလည်း ငါမသိဘူး။ အဘိုးချန်ကတော့ ငါ့ကို အကုန်ပြောပြဖူးတယ်။" ရန်စီစီ၏ ပါးစပ်သေးသေးလေးသည် ချက်ချင်းပင် နှုတ်ခမ်းစူသွားပြီး သူမ၏ မျက်လုံးများပင် နီရဲလာသည်။
ချင်ယွင်သည်လည်း သူ၏စိတ်ထဲတွင် သက်ပြင်း ချလိုက်သည်။ သူသည် ဆံပင်ဖြူ အဘိုးအိုကို လှည့်ကြည့်လိုက်သည်။ ဆံပင်ဖြူအဘိုးကြီးသည် အခြားဘာမှ မပြောလိုသော ခံစားချက်ဖြင့် သူ၏လည်ချောင်းကို ရှင်းကာ အဟမ်းခတ်နေ လေသည်။
ချင်ယွင်လည်း မမေးတော့ပေ။ သူက ရန်စီစီဘက်သို့လှည့်ပြီး ပြောလိုက်သည် "စီစီ၊ မင်းသဘောတူတယ်ဆိုရင် အနာဂတ်မှာ ငါ့ကို မင်းရဲ့အစ်အဖြစ် လက်ခံလိုက်ရင်ရော ဘယ်လိုလဲ။ နောက်ပြီး မင်းမှာ ချက်ချင်းကြီး အစ်ကိုသုံးယောက်တောင် ရှိလာနိုင် တယ်လေ!"
ရန်စီစီ၏ မျက်လုံးများသည် ချက်ချင်းလင်းလက်လာပြီး သူမသည် ကမန်းကတန်း ခေါင်းညိတ်ကာ သဘောတူလိုက်သည် ။
လူလတ်ပိုင်းအရွယ် အစောင့်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ရန်စီစီက မည်သူလဲ။
သူသည် အင်ပါယာ၏ ဒသမမြောက်မင်းသမီးတပါး ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူမသည် အခြားသူတစ်ဦးကို သူမ၏အစ်ကိုအဖြစ် မည်ကဲ့သို့ ပေါ့ပေါ့တန်တန် အသိအမှတ် ပြုနိုင်မည်နည်း။
လူလတ်ပိုင်းအရွယ် အစောင့်အကြပ်က စကားပြောတော့မည့်အချိန်တွင် ဆံပင်ဖြူ
အဘိုးအို သူ့ကို တားလိုက်သည်။
ဆံပင်ဖြူအဘိုးကြီးသည် ခေါင်းယမ်းလိုက်ပြီး သူ၏မျက်လုံးများတွင် အပြုံးတခုနှင့် အတူ ချင်ယွင်ကို လိုက်သည်။
ချင်ယွင်သည် မင်းသမီးလေးကို သူ၏ညီမအဖြစ် အသိအမှတ်ပြုလိုကြောင်း ပထမဆုံး ကြားသိရသောအခါတွင် သူသည်လည်း တုန်လှုပ်သွားခဲ့သည်။ သူ၏ပထမဆုံး တုံ့ပြန်မှုကတော့ ငြင်းဆန်ခြင်းပါပဲ။ သို့သော် ချင်ယွင်ပြသခဲ့သော ခွန်အားနှင့် စွမ်းရည်များကို တွေးကြည့်သောအခါ၊ ဤအရာသည် ဆိုးဝါးသည့် အရာတခုမဟုတ်ဟု သူခံစားမိသည်။
မင်းသမီးလေးက သူမအတွက် ကံကောင်းစေတဲ့ လူတစ်ယောက်နဲ့တွေ့မယ်လို့ တခါက ဗေဒင်ဆရာတစ်ယောက် ဟောခဲ့ဖူးသည်ကို သူ ရုတ်တရက် သတိရသွား တယ်။ အဲဒီလူက သူ့ရှေ့မှာရှိနေတဲ့ ချင်ယွင်ရော မဖြစ်နိုင်ဘူးလား။
ဤအကြောင်းတွေးမိပြီး ဆံပင်ဖြူ အဘိုးကြီး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။
အခန်း(၂၀၈) မိုးပြာတိမ်တိုက် သိုင်းမြို့စားစံအိမ်
"ကောင်းကင်ဘုံသည် ကောင်းသောကံကို အပ်နှင်း၏။ ကောင်းသောကံသည် ကံဆိုးမူကို နှင်းအပ်သည်။ မင်းသမီးလေးသည် ဤဘဝတွင် ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းရှိသော်လည်း၊ သူမအား ကံကြမ္မာကောင်းတွေ အပ်နှင်းပေးနိုင်မည့် လူနှင့် တွေ့ဆုံနိုင်သမျှကာလပတ်လုံး သူမ၏ဘဝသည် တဆစ်ချိုး ပြောင်းလဲသွား လိမ့်မည်။ သူမ၏ဘ၀သည် ဘေးဥပါဒ်အန္တရာယ်အတွင်းသို့ ကျဆင်းနေရာမှ သူမ၏ ဘဝသည် ခမ်းနားထည်၀ါသူတစ်ယောက် ဖြစ်လာလိမ့်မည်။"
ဆံပင်ဖြူအဘိုးကြီးသည် ဗေဒင်ဆရာ၏စကားကို မယုံကြည်ပေ။ သို့သော် ဤကပ် ဘေးမုန်တိုင်းကြီးကို တွေ့ကြုံရပြီးနောက် သူ၏ရှေ့တွင်ရှိသည့် ချင်ယွင်သည် တာအိုဘုန်းကြီး ဗေဒင်ဆရာပြောသော ကံကောင်းသူတစ်ဦး ဖြစ်နိုင်ကြောင်း သူခံစားခဲ့ရသည်။
"သူက အမှန်တကယ် ဖြစ်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ဒါမှ မင်းသမီးလေးကို ဒီဘေးဆိုးကြီးကနေ လွတ်မြောက်အောင် သယ်ဆောင်သွားနိုင်မှာ" ဆံပင်ဖြူ အဘိုးကြီးသည် ရန်စီစီကို ကုန်းပိုးထားသည့် ချင်ယွင်ကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ချင်ယွင်ကတော့ သိပ်ပြီးမစဉ်းစားပေ။ သူသည် ဖြူစင်လွန်းသည့် ဤညီမလေးကို သဘောကျကြီး ကျနေမိသည်။
တိုက်ပွဲပြီးဆုံးပြီး တစ်နေကုန်သွားခဲ့သည်။ ထိုနေ့အတောအတွင်း ချင်ယွင် နှင့် ရန်စီစီတို့သည် တစ်ဦးနှင့်တစ်ဦး လုံးလုံးလျားလျား ရင်းနှီးလာခဲ့ပြီး သူတို့၏ ဆက်ဆံရေးသည်လည်း ပို၍ပင် ရင်းနှီးလာခဲ့သည်။
ရန်စီစီက ကလေးတစ်ယောက်လိုပင်။ အထူးသဖြင့် ချင်ယွင်က သူ့နောက်ကျောမှာ ကုန်းပိုးပြီး တင်ပြေးနေသည်ကို သူမ သဘောကျသည်။
ချင်ယွင်သည်လည်း ဤညီမလေးကို ပိုပိုပြီး သဘောကျလာသည်။ ထို့အပြင် ဤအရာသည် ညီအစ်ကိုမောင်နှမများကြားက ဆက်ဆံရေးမျိုး သက်သက်သာဖြစ်ပြီး ယောက်ျားနှင့် မိန်းမကြားက ဆက်ဆံရေးမျိုး မဟုတ်ပေ။
ရန်စီစီသည် ငယ်ရွယ်လွန်းပြီး သူမ၏ စိတ်သည် ရိုးရှင်းလွန်းသဖြင့် သူမသည် ချင်ယွင်ကို အစ်ကိုတစ်ယောက်ကို ချစ်သည့်အချစ်မျိုးဖြင့် လုံးဝ ဆက်ဆံခဲ့သည်။
နောက်ပိုင်းတွင် ချင်ယွင်က ရန်စီစီကို ကိုယ်ပွားများကြောင်း ရှင်းပြလိုက်သည်။ ယင်းက ထိုကောင်မလေးကို စိတ်ဆိုးစေသည်။ ချင်ယွင်က သူမကို တမင်တကာ အနိုင်ကျင့်သည်ဟု ပြောပြီး ချင်ယွင်ကို နှုတ်ခမ်းစူကာ လျစ်လျူရှုလိုက်သည်။
ချင်ယွင်သည် ထိုကလေးမလေး၏ နှလုံးသားတွင် အပြုံးပန်းများ မဝေဆာမချင်း သူ၏ အဆုံးစွန်သော လှုပ်ရှားမှုအဖြစ်၊ သူ၏နဂါးတောင်ပံများကို အသုံးပြုကာ ရန်စီစီကို ရင်ခွင်ထည့်ပြီး အနည်းငယ် ပျံသန်းပြခဲ့ရသည်။
သို့သော်လည်း ဤမိန်းကလေးသည် ပျံသန်းခြင်း၏ ခံစားချက်ကို နှစ်သက် သဘောကျသွားပုံရသည်။ သူမသည် သူမကိုပျံသန်းခေါ်ဆောင်ရန် အချိန်ရှိသရွေ့ ချင်ယွင်ကို ဂျီကျနေပြီး သနားစရာချင်ယွင်သည် တစ်စုံတစ်ယောက်၏ စီးတော်ယာဉ် မိုးပြာမြူနှင်းငှက်ကြီး တစ်ကောင်ပင် ဖြစ်လာရသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်နှင့် အခြားလူများသည် လုပ်ကြံသတ်ဖြတ်သူများကို ထပ်မတွေ့ရတော့ပေ။ သူတို့သည် ဤကျယ်ပြော လှသော သဲကန္တာရကို ချောမွေ့စွာဖြတ်ကျော်ပြီး ကိုယ်ပိုင်တရား စီရင်ပိုင်ခွင့်ရှိသည့် ချင်းယွန်စီရင်စုသို့ ရောက်ရှိလာခဲ့ကြသည်။ (ချင်းယွန်စီရင်စုဟူသည် မိုးပြာတိမ်တိုက်စီရင်ပင်ဖြစ်သည်)
ချင်ယွင်နှင့် အခြားသူများသည် အကန့်အသတ်မဲ့သောသဲကန္တာရမှ ထွက်ခွာလာ ကြသည်။ စည်ကားနေသော လမ်းများနှင့် လူစုလူဝေးကို မြင်ရသောအခါတွင် သူတို့၏ စိတ်နေစိတ်ထားသည် ပို၍ကောင်းလာပုံရသည်။
ရန်စီစီသည် စျေးသည်များကြားတွင် ပြန်ပြန် လှန်လှန် ပြေးလွှားရင်း ပျော်ရွှင်စွာ ခုန်ပေါက်ကာ မြို့ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးသော ကလေးမလေး တစ်ဦးနှင့်ပင် တူနေသည်။
ချင်ယွင်သည် သဘာဝအတိုင်း သူမနောက်သို့ လိုက်သွားရပြီး လမ်းတစ်လျှောက်တွင် သူမနှင့် ကစားပေးရသည်။
ဤကဲ့သို့ပင် ချင်ယွင် နှင့် အခြားသူများသည် မြို့ငါးမြို့ကို ဖြတ်ကျော်ပြီးနောက် မိုးပြာတိမ်တိုက်မြို့တော်သို့ ရောက်ရှိရန် သုံးရက်လုံးလုံး အချိန်ကုန်ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအိုထံမှ အများအပြား ကြားသိခဲ့ရသည်။ ကြားရသမျှအထဲမှာ သိုင်းမြို့စားချင်းယွန်နှင့်ပတ်သက်သည့် တစ်စုံတစ်ရာလည်း ပါသည်။
မိုးပြာတိမ်တိုက်မြို့တော်မှ သိုင်းမြို့စားချင်းယွန်သည် ဧကရာဇ်မင်းမြတ် ဒါယန်း၏ညီတော် ဖြစ်သည်။ သူသည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ တဦးတည်းသော ညီတော်မဟုတ်သော်လည်း၊ ဧကရာဇ်မင်းမြတ်ဒါယန်း၏ အချစ်ဆုံးညီတော် ဖြစ်သည်။ သူ၏စွမ်းအားမှာလည်း သိုင်းမြို့စားနယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေသည်။ (ဧကရာမင်းမြတ်ဒါယန်းဟူသည် နာမည်မဟုတ်ပေ။ တော်ဝင်ရန်အင်ပါယာ၏ ဧကရာဇ်မင်းမြတ်ကို ဆိုထားခြင်းဖြစ်ပါသည်။ နောက်ပိုင်း တွင် နာမည်အရင်း ပါလာနိုင်ပါသည်)။
သို့သော် ဤသိုင်းမြို့စားချင်းယွန်သည် အလွန်ထူးဆန်းသော စိတ်နေသဘောထားကို ပိုင်ဆိုင်ထားပုံရသည်။ သူသည် အလွန်အေးစက်ပြီး နှလုံးသားမဲ့သူတစ်ဦးဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။ ယခုလည်း သိုင်းမြို့စားချင်းယွန်၏ဇနီးသည် ရန်စီစီမိခင်၏ ညီမအရင်းဖြစ်သည်။
ထို့ကြောင့် ရန်စီစီသည် သိုင်းမြို့စားချင်းယွန်၏ ကာကွယ်မှုကိုရရှိရန်အတွက် ယခုအချိန်တွင် မြို့တော်သို့ပြန်လာခဲ့ပြီး သိုင်းမြို့စားချင်းယွန်၏ အင်အားကို အသုံးပြုကာ အင်ပါယာမြို့တော်သို့ သွားရောက်နိုင်ရန် မျော်လင့်ထားခဲ့သည်။
ချင်ယွင်သည် ဘိုင်ယွန်မြို့တော်အောက် လုံးဝနိမ့်ကျခြင်းသော မိုးပြာတိမ်တိုက် မြို့တော်ကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
"ဒါက အစ်မလျူရန်ယွင် နေထိုင်တဲ့နေရာလား? နောက်ဆုံးတော့ သူမကို တွေ့တော့မယ်။ သူမနဲ့မတွေ့တာ လေးလတောင်ရှိပြီပဲ။ အစ်မ နေများကောင်းရဲ့လား" ချင်ယွင်၏ မျက်လုံးများသည် မျော်လင့်တောင့်တမှုနှင့်အတူ ဝမ်းနည်းမှုတို့ကပါ တပြိုင်တည်း ပြင်းထန်စွာ ဖော်ပြလာသည်။
သူ့အတွက်ကတော့ လျူရန်ယွင်သည် သူ၏အစ်မ ဖြစ်ရုံသာမကဘဲ သူ၏ဘဝ တစ်လျှောက်လုံး အတူနေမည့် လူတစ်ယောက်လည်း ဖြစ်ပါသည်။
အသေးစိတ် ဂရုစိုက်ခံရမူနှင့်အတူ စေ့စေ့စပ်စပ် ရှင်သန်နေထိုင်ခဲ့ရသည့် ခြောက်နှစ်ကြာမြင်ကွင်းများက ချင်ယွင်၏စိတ်ထဲမှာ နည်းနည်းချင်း ပြန်ပေါ်လာပါသည်။
လျူရန်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အပင်ပန်းခံ၍ ရှင်းလင်းသုတ်သင်ပေးခဲ့ပုံ သူ၏အဝတ် အစားများကို နေ့တိုင်းလျှော်ဖွတ်ပေးပုံ နေစဉ်နေ့တိုင်း ချက်ပြုတ် ကျွေးမွေးပုံ ပွေ့ဖက်ပြီး အိပ်ပျော်ရန်အတွက် ချော့သိပ်ပေးသည့် ပုံရိပ်များက သူ၏စိတ်ထဲတွင် တဖန်ထင်ဟပ်လာသည်။
ချင်ယွင်၏မှတ်ဉာဏ်များနိုးထလာပြီး သတိပြန်လည်လာသောအခါ လျူရန်ယွင် သူ့အပေါ် လုပ်ဆောင်ခဲ့သမျှသည် သူ၏နှလုံးသားထဲတွင် လေးနက်စွာ လေးနက်စွာ တံဆိပ်ကပ်ပြီး ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူသည် သူ၏အစ်မကို သေချာပေါက် ရှာတွေ့အောင်ရှာပြီး ပျော်ရွှင်သောဘဝကို ပေးမည်ဟု သူကျိန်ဆိုခဲ့သည်။
ဆံပင်ဖြူအဘိုးအိုသည် ချင်ယွင်၏ စိတ်ခံစားမှုများ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။ ရိုးရှင်းသော စိတ်ထားရှိသော ရန်စီစီသာလျှင် ချင်ယွင်၏ မျက်လုံးများတွင် ဝမ်းနည်းမှုကို မြင်လိုက်ရသည်။ သူမသည် လိမ္မာပါးနပ်စွာ ဘာမှမပြောဘဲ ချင်ယွင်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။
ရန်စီစီ၏ လုပ်ရပ်ကို မြင်သောအခါ ချင်ယွင် ပြုံးလိုက်သည်။
"ဝင်ကြရအောင်။" ချင်ယွင်က ပြောသည်။
ထို့နောက် သူတို့ဆယ်ယောက်သည် မိုးပြာတိမ်တိုက်မြို့တော်ထဲသို့ လျှောက်လာ ကြသည်။
မိုးပြာတိမ်တိုက်မြို့တော်သည် ဘိုင်ယွန်မြို့တော်ကဲ့သို့ အစောင့်အကြပ်မရှိသော်လည်း ဤနေရာတွင် လုံခြုံရေးလည်း အလွန်ကောင်းမွန်ပါသည်။
စျေးသည်များအားလုံးသည် မြို့သို့ဝင်ရောက်လာကြသူ ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုကြပြီး ဧည့်သည်များကလည်း ရက်စက်သည့်ပုံ မပေါ်ကြပေ။ အရာအားလုံး သည် အလွန်နူးညံ့သိမ်မွေ့ပုံရပြီး သူတို့၏ချမ်းသာကြွယ်၀မှုသည် ဘိုင်ယွန်မြို့တော် ထက်ပင် အနည်းငယ်သာလွန်သည်၊ သို့မဟုတ် ဘိုင်ယွန်မြို့တော်ထက်ပင် ယောင်ဝါးဝါး သာလွန်သည်ဟု ဆိုရပေမည်။
ဤနေရာရှိ အဆောက်အဦးများသည် ဘိုင်ယွန်မြို့တော်လောက် ကြီးကျယ်ခမ်းနားပုံ မပေါ်ပေ။ ယင်းအစား၊ အဆောက်အဦးများသည် အနည်းငယ်ပိုပြီး ကျက်သရေရှိ သည်။
ဤနေရာရှိလူများသည် တောင်ပိုင်းသားများလောက် ကြမ်းတမ်းခြင်းမရှိကြဟု ပြောလို့ရသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဤနေရာရှိ အမျိုးသမီးများသည်ပင် တောင်းပိုင်းဒေသမှ အမျိုးသမီးများထက် ပိုပြီး သိမ်မွေ့ပုံရသည်။
ရန်စီစီလိုမိန်းမပျိုလေးတစ်ဦးသည် စျေးဝယ်ထွက်ခြင်းကို နှစ်သက်သောကြောင့် ချင်ယွင် နှင့် အခြားသူများသည် အလွန်လျင်မြန်စွာ လမ်းလျောက်သွားလို့မရပေ။
ချင်ယွင်နှင့် အခြားသူများသည် မြို့အဝင်တံခါးမှ မိုးပြာတိမ်တိုက် သိုင်းမြို့စား စံအိမ်အထိ သုံးနာရီကျော်ကြာအောင် လမ်းလျှောက်လာခဲ့ရ၏။ မိုးပြာတိမ်တိုက် သိုင်းမြို့စားစံအိမ်သည် ခမ်းနားခြင်းမရှိသော်လည်း ၎င်း၏အငွေ့ အသက်သည် အလားတူ တမူထူးခြားသည်။
တံခါးခုံးနှင့်တံခါး၏ ဘေးနှစ်ဘက်ရှိ ကျောက်တိုင်ကြီးနှစ်ခုစလုံးတွင် လက်ရာမြောက် သော ပန်းပုလက်ရာများ ထွင်းထုထားမူများသည် ခမ်းနား ထည်ဝါသည်။ အထူးသဖြင့် တံခါးမကြီးပေါ်ရှိ ကမ္ဗည်းပြားများဖြစ်သည်။ 'မိုးပြာတိမ်တိုက်သိုင်းမြို့စား စံအိမ်သည်' ဟူသော စကားလုံးများသည် ထက်ရှကာ ပြင်းထန်ပြီး ၎င်းတို့အထဲတွင် သန်မာသော ဓားဆန္ဒပင် ရှိနေသေးသည်။
အားနည်းသူတစ်ယောက်သည် ဤစကားလုံးများကိုမြင်လျှင် သူတို့သည် ဓားဆန္ဒကြောင့် ဒဏ်ရာအပြင်းအထန် ရသွားမည်မှာ သေချာပါသည်။
ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ ဤစကားလေးလုံးသည် မည်သူ့ဆီက လာမှန်း သူမသိပေ။
သို့သော် ချင်ယွင်၏အမြင်အရ ဤလူ၏ကျင့်ကြံမှုအဆင့်နှင့် ဓားသိုင်းပညာရပ်သည် အလွန်ကြောက်စရာကောင်းသည်။ ဤကမ္ပည်းပြားပေါ်ရှိ စကားလုံးများကို အားကိုးရုံဖြင့် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ထုတ်လွှတ် နိုင်ခဲ့သည်။
ဤစကားလုံးလေးလုံးသည် သိုင်းမြို့စားချင်းယွန်၏လက်ချက် ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ကြောင်း ချင်ယွင်က ခန့်မှန်းလိုက်သည်။
ဤအခိုက်အတန့်တွင် တံခါးဝမှ အစောင့်လေးယောက်သည် ချင်ယွင်နှင့် အခြားသူများ ကို သတိပြုမိသွားပုံရပြီး သူတို့အဖွဲ့ကို သတိဖြင့် ကြည့်နေလေသည်။
"မင်းတို့ ဘာလာလုပ်ကြတာလဲ၊ ဒါက မိုးပြာတိမ်တိုက်သိုင်းမြို့စားရဲ့စံအိမ်ကွ၊ မင်းတို့
လာလည်လိုရတဲ့နေရာမဟုတ်ဘူး။ လစ်လိုက်တော့။" အစောင့်တယောက်က အေးစက်စက်အော်ပြောသည်။
ချင်ယွင်၏အမူအရာသည် အေးစက်သွားသည်။ ဤအကောင်သည် တကယ့်ကို မာနကြီးလွန်းသည်။ အနည်းငယ်မျှသာ ကြည့်ပြီး သူတို့ကို ယခုလို ကြိမ်းမောင်းသည်။
သို့သော်လည်း သိုင်းမြို့စားစံအိမ်၏စွမ်းအားသည် ထူးထူးခြားခြား အားကောင်း သည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့ထဲမှ သုံးဦးသည် သိုင်းဂိုဏ်းနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူများဖြစ်ကြပြီး ၎င်းတို့ကို ဦးဆောင်သူမှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာတွင် ဖြစ်သည်။
"တံခါးစောင့်တွေအကုန်လုံးက သိုင်းဂိုဏ်းချုပ်နယ်ပယ်မှာ ရှိကြတယ်။ ဒီသိုင်းမြို့စားစံအိမ်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို တွေ့မြင်နိုင် တယ်!" ချင်ယွင်သည် သူ၏ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ဒီတစ်ကြိမ် သူသည် သူ၏အစ်မကို ရှာဖွေရန် ရောက်လာခဲ့သည်။ အကယ်၍ သိုင်းမြို့စားချင်းယွန်က သူ၏အစ်မနှင့်တွေ့ခွင့်ပြုရန် သဘောတူပါက သူသည် အလွယ်တကူဖြင့် ပြဿနာဖြစ်ခံမည် မဟုတ်ပေ။ သို့သော် သိုင်းမြို့စားချင်းယွန်ကသာ ဝင်ရောက်စွက်ဖက်ပြီး သူ၏အစ်မကို မတွေ့ခွင့်မပြုပါက သိုင်းမြို့စားစံအိမ်တွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်မူ ဖြစ်မည် မဟုတ်ပါလား။
ဆံပင်ဖြူအဘိုးကြီးသည် အစောင့်၏ ပြစ်တင်ရှုတ်ချသံကို ကြားသောအခါတွင် သူသည် ချက်ချင်းပင် ပြုံးပြလိုက်သည်။ သူ၏ရင်ခွင်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ပြီး အစောင့်ကို ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ပြုံးပြီး ပြောလိုက်သည် "သိုင်းမြို့စားချင်းယွန်ကို တွေ့ဖို့ ငါတို့က ဒီကို ရောက်လာတာပဲ။ ဒါက ငါတို့ တော်၀င်ရန်အင်ပါယာရဲ့ ဒသမမြောက်မင်းသမီးပဲ။ သူမက သိုင်းမြို့စားသခင်ရဲ့ တူမလည်း ဖြစ်ပါတယ်"။
အစောင့်သည် တံဆိပ်ပြားကိုကြည့်လိုက်ပြီးနောက် အဝေးမှ ရန်စီစီကို ကြည့်လိုက် သည်။ သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လွင်လာသည်။ "မင်းက ဧကရာဇ်မင်းသမီးလေးတစ်ပါးလို ဟန်ဆောင်ရဲ တယ်ပေါ့။ ဘယ်လိုတောင် သတ္တိရှိရတာလဲ။၊ လာကြစမ်း၊ သူတို့ အားလုံးကို ဖမ်းပြီး သတ်ပစ်လိုက်ကြ" ဟု အော်သည်။
ထိုစကားများပြောပြီးသည်နှင့် ချင်ယွင်တို့ဘက်မှ လူအားလုံးသည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
မထင်မှတ်ထားသည့် အရာများ ဖြစ်ပျက်လာမည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
အခန်း (၂၀၉) သွေးစွန်းသွားသည့် သိုင်းမြို့စားစံအိမ်
ခေါင်းဆောင်အစောင့်က သတ်ပစ်ရန် အမိန့်ပေးလိုက်သည့်အခါ အစောင့်အဖွဲ့ တပ်ဖွဲ့ကြီးဟာ သိုင်းမြို့စားစံအိမ်ထဲမှ ပြေးထွက်လာပြီး ချင်ယွင်နှင့်တခြားသူများကို ဝိုင်းရံလိုက်ကြသည်။
ထို့နောက် ချပ်၀တ်တန်ဆာ၀တ်ဆင်ထားပြီး လက်ထဲမှာ သုံးခွမှိန်းတစ်စင်း ကိုင်ဆောင်ထားသည့် မုတ်ဆိတ်မွှေးဗရဗွနှင့်လူတစ်ယောက် ထွက်လာခဲ့သည်။ သူက ချင်ယွင်နှင့် အခြားလူများကို ကြည့်လိုက်ပြီး ပြောသည်"ငါ့အတွက် သူတို့ကို သတ်ကြစမ်း!"
ချင်ယွင်သည် တစ်ခုခုမှားနေပြီဟု ချက်ချင်းခံစားလိုက်ရသည်။ ရန်စီစီသည် အတု
အယောင်ဖြစ်ကြောင်း ဤအစောင့်များက သံသယရှိလျှင်ပင် သတ်မိန့်ကို တိုက်ရိုက် ထုတ်ရန် မဖြစ်နိုင်ပေ။ အမှန်ဆိုလျှင် ဤအရာသည် အစောင့်တစ်ဦး တတ်နိုင်သည့် အရာမဟုတ်ပေ။
သုံးခွမှိန်းကိုင်ဆောင်ထားသည့် ကိုမုတ်ဆိတ် မွှေးကို ကြည့်လိုက်တော့ ထိုလူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ အကယ်၍ သူတို့သာကြိုတင်ပြင်ဆင်ပြီး ထောင်ချောက်ဆင်ထားတာမဟုတ်လျှင် ထိုအစောင့် အမိန့်ပေးပြီးသည်နှင့် သူက ချက်ချင်းပေါ်လာနိုင်ပါ့မလား။
ရှင်းပါသည်၊ ဤအရာသည် ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်သည်။ ဤအရာအားလုံးကို သိုင်းမြို့စားချင်းယွန်မှ ဖန်တီးထားခြင်းဖြစ်သည်။ ရည်ရွယ်ချက်ကတော့ ရန်စီစီသည် ထောင်ချောက်ထဲကျဆင်းသွားခဲ့ပြီး မင်းသမီးအတုဟန်ဆောင်မူအဖြစ် သူမကို ချက်ချင်း သတ်ပစ်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"မင်းသမီး၊ မြန်မြန်ထွက်သွားတော့ "
ဆံပင်ဖြူအဘိုးကြီးလည်း တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိသည့်အတွက် အမြန်လှည့်ပြီး ရန်စီစီ လှမ်းအော်လိုက်သည်။
ထို့နောက် သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး သုံးခွမှိန်းကိုင်ထားသော ကိုမုတ်ဆိတ်မွှေးဆီ ပစ်၀င်သွားသည်။
ကိုမုတ်ဆိတ်မွှေးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်ကာ အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဖတ်!"
ဆံပင်ဖြူ အဘိုးအိုသည် ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်မီတွင် ကိုမုတ်ဆိတ်မွှေးသည် သူ၏ ရင်ဘတ်ကို သုံးခွမှိန်းဖြင့် ထိုးဖောက်နေပြီ ဖြစ်သည်။
“မဟုတ်ဘူး… အဘိုးချန်…” ရန်စီစီသည် သူမ၏ နှလုံးသားထဲတွင် မျက်ရည်များ အပြည့်ဖြင့် အော်လိုက်သည်။ သူမသည် ဆံပင်ဖြူအဘိုးကြီးဆီသို့ အပြေးအလွှား သွားတော့မည့်အခိုက် ချင်ယွင်က သူမကို နောက်မှဆွဲထားလိုက်သည်။
ဆံပင်ဖြူအဘိုးအိုက “ချင်ယွင်… မင်းသမီးကို မြန်မြန်ခေါ်… သွား၊ သွားတော့။ ငါ… ချန်အန်း … ဒူးထောက်… ဒူးထောက်ပြီး မင်းကို ကျေးဇူး တင်ပါတယ်…” ဟုပြောရင်း လည်ချောင်းပေါ်ကို သွေးများစီးကျလာပြီး။ သူ၏လက်နှစ်ဘက်စလုံးက သူ၏ ရင်ဘတ်ထဲထိုးစိုက်နေသည့် သုံးခွမှိန်းကို ဆုပ်ကိုင်ထားရင်း ကိုမုတ်ဆိတ်မွှေးကို ဆွဲထုတ်ပြီးလိုက်မသွားနိုင်အောင် တားဆီးထားသည်။
ကိုမုတ်ဆိတ်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး "အဘိုးကြီး၊ မင်းက သေချင်နေ တာပဲ!"
ထိုနည်းဖြင့် ကိုမုတ်ဆိတ်မွှေးသည် သူ၏လက်နှစ်ဘက်လုံးကို အသုံးပြုကာ ဆံပင်ဖြူ အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲသို့ မြှောက်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်တော့မည် ဖြစ်သည်။
"လုံလောက်ပြီ!"
ချင်ယွင်သည် ဟိန်းဟောက်လိုက်သည်။
အနက်ရောင် အရိပ်တစ်ခု သူ၏ခန္ဓာကိုယ်မှ ပြေးထွက်လာပြီး ကိုမုတ်ဆိတ်မွှေးဆီသို့ ပြေးလာသည်။ သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်း သူ၏ ခြေဖဝါးအောက်မှ အပြာရောင် ကျောက်တုံးများသည် အမှုန့်ဖြစ်သွားပြီး တွင်းနက်ကြီးများက နောက်မှာ ကျန်ရစ်ခဲ့သည်။
ကိုမုတ်ဆိတ်မွှေးသည် အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင် သူ့ဆီ လာနေတာကို မြင်လိုက်သည့်အခါ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏လက်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သုံးခွမှိန်းစိုက်၀င်နေသော ဆံပင်ဖြူ အဘိုးကြီး၏ခန္ဓာကိုယ်သည် ကွဲအက်ကာ သူ၏အသားအစနှင့် သွေးများက မြေပြင် ပေါ်တွင် ပြန့်ကျဲသွားသည်။
ထို့နောက် ကိုမုတ်ဆိတ်မွေးသည် သူ၏သုံးခွမှိန်းကို ဝှေ့ယမ်းပြီး အနက်ရောင် ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့ ခုတ်ချလိုက်သည်။
ဆံပင်ဖြူအဘိုးအို၏ အရိုးများစလေးများပင် ပျောက်ကွယ်သွားသည်အထိ ပေါက်ကွဲ သွားသည်ကို တုန်လှုပ်ချောက်ခြားဖွယ်မြင်ကွင်းကို ချင်ယွင်မြင်လိုက်ရသောအခါ သူ၏ ဒေါသမီးလျှံသည် သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ သူသည် ကိုမုတ်ဆိတ်မွှေး၏ သုံးခွမှိန်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် သူ၏ လက်သီးကို တိုက်ရိုက် အသုံးပြုလိုက်သည်။
သူတို့နှစ်ဦးကြား တိုက်ပွဲသည် သူ့လူကိုယ့်လူ ခွဲခြားလို့မရအောင်ပင် မြန်ဆန်လွန်းပြီး သူတို့နှစ်ဦးကြား တိုက်ပွဲကြောင့် ဝင်ပေါက်ရှိ မြေပြင်တခုလုံးနှင့် တံတိုင်းကြီးများ လုံးဝပျက်စီးသွားခဲ့သည်။
"အဘိုးချန်" ရန်စီစီက ငိုနေပြီ။
အဘိုးချန်သည် သူမမိခင်၏ကိုယ်ရံတော် ဖြစ်ခဲ့သော်လည်း၊ အဘိုးချန်သည် သူမအား ငယ်စဉ်ကတည်းက စောင့်ကြပ် ကြည့်ရူခဲ့သည်။ သူမအတွက်တော့ အဘိုးချန်သည် သူမ၏အဘိုးလိုပင်။ သူသည် အရသာရှိသည့် အစားအသောက်များ၀ယ်ရန် အပြင်ကို အမြဲခေါ်သွားလေ့ရှိသည်။
သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် သာမန်သခင်နှင့် အအစေခံဆက်ဆံရေးကို ကျော်လွန်နေပါပြီ။ အဘိုးချန်ဆုံးပါးသွားသည်ကိုမြင်ရလျှင် ရန်စီစီသည် သဘာဝ အတိုင်း စိတ်လွတ်ကိုယ်လွတ် အရူးအမူး ငိုတော့သည်။
ချင်ယွင်သည် ရန်စီစီကို နှစ်သိမ့်ခါနီးတွင် အော်သံများ ဆက်တိုက်ကြားနေရသည်။
ချင်ယွင်သည် ရုတ်တရက် ကြည့်လိုက်ရာ မူလက တံခါးအစောင့်များကို ခုခံနေသည့် လူလတ်ပိုင်းအရွယ်အစောင့်အကြပ်နှင့် အခြားလူများသည် သွေးအိုင်ထဲတွင် လဲကျနေပြီး သူတို့၏ဦးခေါင်းပြတ်များကို နေရာအသီးသီးတွင် တွေ့လိုက်ရသည်။
သူတို့ပြိုလဲမကျခင်မှာ ဓားတိုတစ်ချောင်း ကိုင်ထားသည့် လူငယ်တစ်ယောက်သည် သူ၏ဓားတိုပေါ်ရှိ သွေးများကို လျှာဖြင့်လျက်လိုက်သည်။ သူသည် ချင်ယွင်ကို ရက်စက်သော အပြုံးဖြင့် ကြည့်ကာ သူ၏မျက်လုံးများသည် အထင်အမြင်သေးမှုနှင့် ရန်လိုစော်ကားမှုများဖြင့် ပြည့်နှက်နေသည်။
"ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလား?" ချင်ယွင် အံ့သြသွားသည်။
လူလတ်ပိုင်းအရွယ်အစောင့်နှင့် တခြားအစောင့်အကြပ်များသည် သိုင်းမြို့စားစံအိမ်က တံခါးစောင့်သည့် အစောင့်အားလုံးကို သတ်နိုင်ခဲ့သော်လည်း ရုတ်တရက် ဤလူငယ်ပေါ်လာသည်နှင့် သူတို့အားလုံးကို ချက်ချင်း အသတ်ခံလိုက်ရသည်။ သူတို့မှာ ပြန်လည်တုံ့ပြန်နိုင်စွမ်းပင် လုံးဝမရှိခဲ့ကြပေ။
ယခုအချိန်တွင် ကိုမုတ်ဆိတ်မွှေးနှင့် တိုက်ခိုက်နေသော အနက်ရောင်ဝတ်စုံ၀တ် ကိုယ်ပွားမှလွဲ၍ ချင်ယွင်ဘက်တွင် ချင်ယွင် နှင့် ရန်စီစီတို့သာ ကျန်တော့သည်။
ဝှီး!
ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ထိုလူငယ်သည် အလွန်လျင်မြန်စွာ ပြေးလာသည်။ သူ၏ ခန္ဓာကိုယ်သည် တစ္ဆေသရဲသဖွယ် လှုပ်ရှားသွားပြီး သူ၏အရှိန်အဟုန်သည် အလွန်မြန်သည်။ တခဏအကြာတွင် ချင်ယွင်ရှေ့သို့ သူ ရောက်လာသည်။ သူ၏လက်ထဲရှိ ဓားတိုလေးသည် သူ၏လက်ထဲ တစ်ကြိမ် လှည့်ပတ်သွားခဲ့ပြီး စိမ်းပြာရောင် အလွှာတစ်ခုက ဓားအပေါ် ပျံ့နှံ့သွားကာ ချင်ယွင်၏ လည်ပင်းဆီကို တိုက်ရိုက် ဖြတ်သွားသည် ။
"ဘယ်လောက်မြန်ဆန်လိုက်လဲ!" ချင်ယွင်သည် အနည်းငယ် တုန်လှုပ်သွားပြီး နောက်သို့ ယိမ်းကာ ကွေးညွတ်ရှောင်တိမ်းလိုက်ရသည်။
ဓါးတိုသည် ချင်ယွင်၏ နှာတံဖျားမှပွတ်သပ်ကာ ဖြတ်သွားသည်။
"အယ်?" လူငယ်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှင်းရှင်းပြောရလျှင် ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို လွတ်အောင်ရှောင်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်က လေထဲမှာ လှည်ပတ်သွားကာ လူငယ်ကို တိုက်ရိုက်ကန်ချလိုက်သည်။
"နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်လေး တစ်ယောက်က ငါ့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ဝံ့တယ်ပေါ့။ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။"
ချင်ယွင်၏ခြေထောက်ကို လက်သီးဖြင့်ထိုးရင်း လူငယ်၏ ပါးစပ်ထောင့်တွင် လှောင်ပြောင်မှု တစ်ခု ပေါ်လာသည်။
"ဖျစ်!"
လူငယ်၏လက်မောင်းသည် ချက်ခြင်း ကြေမွသွားပြီး ချင်ယွင်၏ကန်ချက်က သူ၏ရင် ဘတ်ကို တိုက်ရိုက်ထိမှန်ကာ ထိုလူငယ်သည် နောက်ကိုလွင့်ထွက်သွားခဲ့ပြီး သူ၏နောက်ရှိ နံရံသို့ ပြုတ်ကျသွားသည်။
ဘယ်လိုဟာသမျိုးလဲ!
သူက ချင်ယွင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဝံ့တယ်ပေါ့။ ဘယ်သူက သေမင်းကို ရှာနေတာလဲ။
ခြေလှမ်းတစ်ချက်ဖြင့် ချင်ယွင်သည် ကြယ်တစ်ပွင့်ကဲ့သို့ ပစ်၀င်သွားခဲ့ပြီးနောက် လူငယ်၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးလိုက်သည်။
လူငယ်၏ခန္ဓာကိုယ်သည် ချက်ချင်း ငိုက်စိုက်ကျသွားပြီး ရပ်တန့်မသွားမီ နံရံသုံးခုအထိပင် ပြိုပျက်ကျိုးကျသွားခဲ့သည်။
ချင်ယွင်သည် လူငယ်၏နောက်ကွယ်တွင် လျှပ်တစ်ပြက် ပြန်ပေါ်လာခဲ့ပြီး ထိုလူငယ်ကို အသက်ရှူရန် အခွင့်အရေးပင် အနည်းငယ်မျှ မပေးခဲ့ချေ။
ချင်ယွင်သည် လူငယ်လေးကို ခါးပေါ်ကို ကန်ကျောက်ပြီး လွင့်ပျံလွှတ်လိုက်ပြန်သည် ။
ထို့နောက် သူ၏ခြေထောက်များကို ကွေးညွှတ်လိုက်ပြီး မြေပြင်ကို ခြေဆောင့်နင်းကာ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်မှ ချက်ချင်း ထိုးတက်သွားခဲ့သည်။ သူသည် လူငယ်ကို သတ်ဖြတ်ရန်အတွက် ဆက်လက်လုပ်ဆောင်ပြီး သူ့ကို သေစေလောက် သည့် ထိုးနှက်ချက်ပေးရန် ပြင်ဆင်နေသည်။
သို့သော် လူငယ်လေးသည် လေထဲတွင် မီတာသုံးရာခန့် လွင့်ပျံသွားပြီးနောက် အတင်းရပ်တန့်ကာ လေထဲတွင် ရပ်နေလေသည်။ သူသည် သူ့ဆီသို့ တဟုန်ထိုး မြင့်တက်လာနေသော ချင်ယွင်ကိုကြည့်ရင်း ရယ်မောကာ "န၀မအဆင့် ကောင်းကင် အလွှာ သိုင်းဂိုဏ်းချုပ်လေး၊ မင်းက လေထဲပျံတက်ဖို့ ခွန်အားကို မချေးငှားနိုင်ဘူးရင် မင်း ငါ့ကို ဘယ်လိုသတ်နိုင်လဲဆိုတာ ငါမြင်ချင်တယ်"
လူငယ်သည် လေထဲသို့ ဖြတ်လျှောက်သွားကာ အောက်မှာရှိနေသည့် ချင်ယွင်ဆီကို တိုက်ရိုက်ပြန်လှည့်ပတ်ရင်း သူ့ဆီသို့ ဦးတည်သွားသည်။
"လေထဲမှာဆို ငါက မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ မင်း တကယ်ထင်နေတာလား" ချင်ယွင်၏ နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားသည်။ သူ၏နောက်ကျောမှ နဂါးအတောင်ပံများ ချက်ချင်း ပြန့်ကျဲသွားပြီး သူ၏ အရှိန်အဟုန်က ချက်ချင်း ပေါက်ကွဲသွားသည်။ သူသည် လေထဲတွင် ကွေ့ပတ်ကာ လူငယ်၏ ရှေ့တွင် ပေါ်လာသည်။
ထို့နောက် ထိုလူငယ်၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားသည်။
ထိုလူငယ်သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ကြီးမားသော တွင်းနက်ကြီးတခု နောက်တွင် ကျန်ရစ်ခဲ့သည်။
ချင်ယွင်၏ ရုပ်အသွင်အပြင်သည်လည်း လျင်မြန်စွာ ကျဆင်းသွားပြီး လူငယ်၏ ခေါင်းကို ပြင်းပြင်းထန်ထန် နင်းချေတော့မည်။
"ရပ်လိုက်ပါ၊ ငါ့သားကို လွှတ်လိုက်စမ်း!"
ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အနီရောင်မီးလျှံအသွင် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ပြေးလာခဲ့သည်။
သို့သော် ချင်ယွင်သည် ထိုသူ၏စကားကို နားမထောင်ဘဲ ထိုနေရာသို့ ဆင်းလိုက်သည်။
ချင်ယွင်သည် ထိုလူငယ်၏ဦးခေါင်းကို နင်းချေလိုက်ပြီး ချက်ချင်းပင် မြေပြင်ပေါ်မှာ ကြေမွသွားခဲ့သည်။ ထိုလူငယ်သည် သေဆုံးသွားခဲ့ရသည်။
" မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာပဲ!"
လူလတ်ပိုင်းအရွယ် အမျိုးသားသည်သားဖြစ်သူ အသတ်ခံရသည်ကို မြင်သောအခါ သူ၏မျက်လုံးများတွင် ဒေါသမီးလျှံများ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ လက်ဖဝါးကို ချင်ယွင်ဆီသို့ ရိုက်လိုက်ပြီး သူ၏သတ်ဖြတ်လိုသည့် ဆန္ဒများက အကန့်အသတ်မရှိ ထွက်ပေါ်နေ၏။
ချင်ယွင်သည်လည်း အေးစက်စွာ အော်ဟစ်လိုက်ပြီး အလားတူ လက်ဖဝါးတချက်ကို ရိုက်ထုတ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဘုန်း!"
ချင်ယွင်သည် ချက်ချင်းပင် လွင့်ပျံထွက်သွားခဲ့သည်။ သူသည် မရပ်တန့်နိုင်မီ မီတာတစ်ထောင်ကျော်အကွာမှာ ပြုတ်ကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
"ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားတဦးလား!" ချင်ယွင်သည် သူ၏ ရှေ့မှလူကို ထိတ်လန့်စွာ ကြည့်လိုက်ရင်း ပြင်းထန်သည့် အကျပ်အတည်းထဲ ကျရောက်နေမူ ခံစားချက်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
အခန်း (၂၁၀) ရှေးဟောင်းတာအိုဆရာသခင် လှုပ်ရှားရခြင်း။
"အစ်ကိုကြီး!"
ချင်ယွင် လွင့်ပျံထွက်သွားသည်ကို မြင်ရလျှင် ရန်စီစီသည် မူလက အလွန်ဝမ်းနည်းပြီး ငိုနေရာမှ ချက်ချင်းထရပ်လိုက်ပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
"အစ်ကိုကြီး အဆင်ပြေရဲ့လား" ရန်စီစီသည် ချင်ယွင်ဘက်သို့ ပြေးသွားပြီး စိုးရိမ်စိတ်ဖြင့် မေးသည်။
ချင်ယွင်က သူ၏မျက်နှာကို အတင်းပြုံးပြပြီး "စီစီ၊ အရင်ထွက်သွားလိုက်ပါ" ဟု ပြောလိုက်သည်။
ရန်စီစီ မငြင်းနိုင်ခင်မှာ ချင်ယွင်က "ရှောင်ဘိုင်၊ သူမကို အရင်ခေါ်သွားလိုက်ပါ" ဟု အော်လိုက်သည်။
"ဟုတ်ကဲ့ သခင်!" ရှောင်ဘိုင်၏ပုံစံသည် လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။ သူ၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် လမ်းတစ်ခုလုံးကို တိုက်ရိုက် သိမ်းပိုက်ထားသည်။ ထို့နောက် ရှောင်ဘိုင်သည် ရနစီစီကို ပါးစပ်ဖြင့် တိုက်ရိုက်ကိုက်ကာ အဝေးသို့ လျင်မြန်စွာ ကူးခတ် ပြေးသွားသည်။
"မင်းက ထွက်သွားချင်လား?" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီး အော်ငေါက်ရင်း လေထဲသို့ တိုးဝင်ပျံတက်ကာ ရှောင်ဘိုင် နောက်ကို လိုက်လာခဲ့သည်။
သို့သော်၊ ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ပြေးသွားရင်း သူ၏နဂါးတောင်ပံများကိုဖြန့်ကာ နောက်သို့ ပျံသန်းလိုက်သွားခဲ့သည်။
"မင်းက သေချင်နေတာဘဲ!" လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဘက်သို့ ပျံသန်းလာနေသော ချင်ယွင်ကိုကြည့်ရင်း ချက်ခြင်းပင် ဒေါသအမျက်ထွက်ကာ သူ၏ မျက်လုံးထဲတွင် အနှိုင်းမဲ့ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
"ငရဲကို သွားလိုက်တော့!" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီး အော်ဟစ်ကာ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ချီသည် ပြင်းထန်စွာ တဟုန်ထိုး ထွက်ပေါ်လာ သည်။ သူသည် လက်ဖဝါးကို စုစည်းလိုက်ပြီး ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။
ကြီးမားလှသော လက်ဖဝါးကြီးသည် လေထဲတွင်ပေါ်လာပြီး လက်ငါးချောင်းပုံစံ တောင်ကြီးများကဲ့သို့ ချင်ယွင်ဆီကို ဖြိုခွင်းလိုက်သည်။
ချင်ယွင်၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားပျော့ ပေါ်လာပြီး ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"ရွေ့လျားနဂါးဓား၀င်္ကပါ !"
ချင်ယွင်သည် ကျယ်လောင်သောဟစ်ကြွေးသံကို လွှင့်ထုတ်လိုက်ပြီး မိုးပြာရောင် လေပွေဓားနဂါးကြီးသည် ချက်ချင်းဆိုသလို လွင့်ပျံထွက်သွားပြီး ကောင်းကင်ယံကို ဖြိုခွင်းလာသည့် ကြီးမားလှသော လက်ဖဝါးဆီသို့ တိုးဝင်သွားသည်။
သို့သော် ကြီးမားသော လက်ဖဝါးကြီးသည် အလွန်ကြောက်စရာ ကောင်းလွန်းသည်။ လေဓားနဂါးကြီးသည် ဧရာမလက်ဖဝါးကြီးနှင့် ထိပ်တိုက်ဆိုင်မိသောအခါ၊ အရာအားလုံးသည် ဘာမှအရာမထင် ဖြစ်ခဲ့ရပြီး တခဏမျှအကြာတွင် လေထဲသို့ ပျံ့လွင့်သွားခဲ့ရသည်။
ဤလက်ဖဝါးကြီးသည် ချင်ယွင်ကိုလည်း မြေပြင်ပေါ် ပြုတ်ကျ လွင့်ထွက်သွားသည် အထိ ရက်စက်စွာ ရိုက်ချလိုက်ပြီး မိုးပြာတိမ်တိုက်မြို့တော်တစ်ခုလုံးပင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
လမ်းတစ်ခုလုံး ချက်ခြင်း ပြိုကျသွားခဲ့ပြီး လမ်း၏မြေပြင်ပေါ်တွင် လက်ငါးချောင်း အမှတ်အသားကြီး ကျန်ရစ်ခဲ့သည်။ ချင်ယွင်သည် လက်ငါးချောင်း အမှတ်အသား တွင်းကြီးထဲတွင် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲထွက်သွားပုံရပြီး သူ၏တစ်ကိုယ်လုံးသည်လည်း အလွန်နာကျင်နေသည်။
သို့သော် ချင်ယွင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကိုတားပြီးနောက် ရှောင်ဘိုင်၏
ရုပ်အသွင်ပြင်သည်လည်း မိုးပြာတိမ်တိုက်မြို့တော်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် ကိုယ်ပွားသည် ကိုမုတ်ဆိတ်မွေးနှင့် ရောထွေးကာ သေသည်အထိ တိုက်ခိုက်နေကြသည်။
ရုတ်တရက် ခရမ်းရောင်လျှပ်စီးကြောင်းတစ်လွှာသည် ကိုမုတ်ဆိတ်မွေး၏ သုံးခွမှိန်းပေါ်သို့ လွမ်းခြုံတက်လာပြီး အနက်ရောင်ဝတ်ရုံ ချင်ယွင်ဆီသို့ ဖြတ်သန်း သွားသည်။
မိုးကြိုးလျပ်စီးသည် ချက်ခြင်းပေါက်ကွဲသွားပြီး ဧရာမသုံးခွမှိန်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်သည်။
"ငါ့ရှေ့မှာ လျှပ်စီးပစ်လွှတ်တမ်း လာကစားမှတော့ မင်းက သေချင်နေတာပဲ!" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
အနက်ရောင်လျှပ်စီးကြောင်း လှိုင်းလုံးတခုသည် သူ၏လက်သီးမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့ ပစ်လွှတ်လိုက်သည်။
ချင်ယွင်၏လက်သီးအောက်တွင် လျှပ်စီးသုံးခွမှိန်းသည် ချက်ချင်း ပြိုကွဲသွားသည်။ ချင်ယွင်သည် ဖျပ်ခနဲ လင်းလက်သွားခဲ့ပြီး ကိုမုတ်ဆိတ်မွေးအနားမှာ ပေါ်လာသည်။ အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ၊ သူသည် ကိုမုတ်ဆိတ်မွေး၏ နှလုံးသားကို လက်ဖဝါးဖြင့် တိုက်ရိုက် ထိုးဖောက်လိုက်သည်။
ကိုမုတ်ဆိတ်မွေး၏ သူငယ်အိမ်များသည် တဖြေးဖြေး လွင့်ပျယ်မသွားမီ တခဏအတွင်း ပြူးကျယ်လာသည်။
သို့သော် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် သူ၏လက်ဖဝါးကို မဆွဲထုတ်နိုင်မီတွင် အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အနက်ရောင်ဝတ် ချင်ယွင်၏အနားတွင် ပေါ်လာပြီးဖြစ်သည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ အနက်ရောင်လျှပ်စီးများက သူ၏ခြေထောက်အောက်တွင် တဖျပ်ဖျပ် လင်းလက် လာခဲ့ပြီး သူသည် မြန်နှုန်းမြင့်လျှပ်စီးကို အသက်သွင်းချင်ခဲ့သည်။
သို့သော်လည်း အဖြူရောင်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သန်မာလွန်းပြီး ချင်ယွင်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော တွန်းအားတစ်ခုက သူ၏ရင်ဘတ်ပေါ်သို့ စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးရှိ အရိုးများ ချက်ခြင်း ပြန့်ကျဲသွားပြီး သူ၏ ရင်ဘတ်ပေါ်ရှိ နံရိုးများ တိုက်ရိုက်ကွဲသွားသည်။ သူသည် သွေးများ တရစပ် အန်ထုတ်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသည် အနောက်သို့ လွင့်ပျံသွားကာ အပြင်ဘက် လမ်းမများပေါ်သို့ ထိုးကျသွားခဲ့သည်။
ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်သည် အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်ရှိ အပြောင်းအလဲများကို သဘာဝအတိုင်း ခံစားလိုက်ရသည်။ သူတို့၏ စိတ်ဝိညာဉ်အရင်းအမြစ်သည် တူညီသောကြောင့် အနက်ရောင်၀တ်ရုံ၀တ် ကိုယ်ပွားသည် နာကျင်မှုဝေဒနာကို ခံစားနေရချိန်တွင် သူ၏ ခန္ဓာကိုယ် အစစ်အမှန် သည်လည်း ဤပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် အနက်ရောင်ဝတ် ချင်ယွင်ကို သူ၏ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထည့်လိုက်သည်။ ထို့နောက် သူ၏နောက်မှ နဂါးအတောင်ပံများသည် လျင်မြန်စွာ ဖြန့်ကျက်လာပြီး မိုးပြာတိမ်တိုက်မြို့တော် အပြင်ဘက်ဆီသို့ ပျံသန်းပြေးသွားကြသည်။
"ဟမ့်၊ မင်းက ငါ့သားကိုသတ်ပြီးမှ ထွက်ပြေးသွားချင်တာလား"
လူလတ်ပိုင်းအရွယ်အမျိုးသားသည် အေးစက်စွာ ဟစ်အော်ပြီး ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူသည် လေထုထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေထဲတွင် မီတာတစ်ထောင်နီးပါး အကွာအဝေးသို့ ပျံသန်းကာ ချင်ယွင် လွတ်မြောက်သွားသည့် ဦးတည်ရာအရပ်ဆီသို့ ဦးတည်သွားသည်။
ချင်ယွင်သည် သူ့နောက်ကို လိုက်လာနေသည့် လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်လိုက်ရင်း သူ၏မျက်ခုံးများက နက်နက်ရှိုင်းရှိုင်း တွန့်ရှုံ့သွားသည်။ နဂါးတောင်ပံများကို အပြင်းအထန် တဖျတ်ဖျတ်ခတ်လိုက်ပြီး သူ၏အရှိန်အဟုန်က ချက်ချင်း မြင့်တက်လာကာ အဝေးဆီးသို့ ပစ်လွှင့်သွားခဲ့သည်။
သို့သော် လူလတ်ပိုင်းအရွယ်အမျိုးသားသည် သက်သတ်လွတ်သမား ဖြစ်ပုံမပေါ်ပေ။ သူ၏ခန္ဓာကိုယ်မှ မီးတောက်မီးလျှံတစ်ခု ထွက်ပေါ်လာပြီး သူ၏အရှိန်သည်လည်း ချက်ချင်း သုံးဆတိုးလာသည်။ တခဏချင်းမှာပင်၊ သူ၏အရှိန်အဟုန်သည် ချင်ယွင်ကို ကျော်သွားပြီး သူတို့နှစ်ယောက်ကြားက အကွာအဝေးက တော်တော်လေးကို တိုတောင်း သွားခဲ့သည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် မကြာခင်မှာ သို့မဟုတ် နောက်ပိုင်းမှာ သူ အဖမ်းခံရ လိမ့်မည်။
သူ့ကိုဖမ်းမိသွားသည့်အခါ သေခြင်းတရားက သူ့ကို စောင့်ကြိုနေလိမ့်မည်။
"ငါ ဘာလုပ်သင့်လဲ၊ ငါ ဘာလုပ်ရမလဲ?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် စိုးရိမ်သောကများ ပေါက်ကွဲထွက်လာသည်။
ရုတ်တရက် ချင်ယွင်သည် အောက်မှာ တောအုပ်တစ်ခုကို မြင်လိုက်ရပြီး သူ၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူသည် တောအုပ်ဆီသို့ အလျင်အမြန် ထိုးဆင်းပြီး ပြေး၀င်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင် ထိုးဆင်းသွားသည်ကို မြင်လိုက်ရသည်။
သူသည်လည်း မြေပြင်ပေါ် ခြေချလိုက်ပြီး ချင်ယွင်နောက်ကို အလျင်အမြန် လိုက်လာရင်း သူ၏မျက်နှာပေါ်ရှိ လှောင်ပြောင်မူက ပိုပိုပြီး ပြင်းထန်လာသည်။
ချင်ယွင်သည် လုံးဝမတွန့်ဆုတ်ခြင်းမရှိဘဲ တောအုပ်ထဲရောက်သည်နှင့်၊ သူ၏ သစ်သားစွမ်းရည်ကိုယ်ပွားကို ချက်ချင်း ဆင့်ခေါ်ပြီး သူ၏အစစ်အမှန်ပုံစံကို ပြောင်းလဲ ခွင့် ပေးလိုက်သည်။ သူ၏မူလခန္ဓာကိုယ် အစစ်အမှန်ကတော့ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် အသက်သစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်း၏ အရွယ်အစားကို ပတ်ဝန်းကျင် သစ်ပင်များ၏ အရွယ်အစားအထိ လျင်မြန်စွာ လျှော့ချကာ သာမန်သစ်ပင်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
ချင်ယွင်သည် ဤအရာအားလုံးပြီးသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် တောထဲတွင်ပေါ်လာပြီး ချင်ယွင်၏ပုံရိပ်ကို လှည့်ပတ်ကြည့်ရှုရှာဖွေလိုက်သည်။
သို့သော် သူမည်ကဲ့သို့ရှာဖွေနေပါစေ သူသည် ချင်ယွင်၏ရုပ်အသွင်ကိုမူ မတွေ့ခဲ့ရပေ။
နောက်ဆုံးတွင် သူသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားထွက်သွားသည်ကို မြင်ရလျှင် ချင်ယွင်သည် ဤဘေးဆိုးကြီးမှ ရှောင်တိမ်းနိုင်ခဲ့ပြီဟု တွေးထင်ပြီး သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်ယံမှ အချင်းမီတာတစ်ရာခန့်ရှိသော မီးလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သစ်ပင်အဖြစ် ရုပ်ဖျက်ထားရာမှ သူ့ကိုယ်သူ အစိမ်းရောင်၀တ်စုံ၀တ် ချင်ယွင်အဖြစ် အသွင်ပြောင်းလဲကာ အရဲစွန့်ပြီး ဆက်လက် ထွက်ပြေးရလေသည်။
ချင်ယွင်သည် အစိမ်းရောင်၀တ်စုံ၀တ်ချင်ယွင် ပြန်ဖြစ်လာသည့် အခိုက်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် ချင်ယွ၏ရုပ်အသွင်အပြင်ကို သဘာဝကျကျ သတိထားမိသည်။
အေးစက်သော နှာချေသံနှင့်အတူ သူသည် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် ခြေတစ်ချက်ဖြင့် မြေပြင်ကို ဆောင့်နင်း လိုက်ကာ မရေမတွက်နိုင်သော သစ်ကိုင်းများသည် မြေပြင်မှ ချက်ချင်း ပြေးထွက်လာ ခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ရိုက်ရစ်ပတ်၍ တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။
သို့သော်လည်း ချင်ယွင် မပျော်ရွှင်နိုင်ခင်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာ ကိုယ်သည် မီးတောက်မီးလျံများ တောက်လောင်လာခဲ့ပြီး နွယ်ပင်များအားလုံးကို ပြာအဖြစ်လောင်ကျွမ်းပြီး သေဆုံးစေခဲ့သည်။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏ မျက်နှာသည် ချက်ချင်း ပြောင်းသွား သည်။ သူသည် မြူနှင်းချောက်နက်ဓားထံသို့ အသံပို့လွှတ်လိုက်ပြီး "ဆရာကြီး၊ မြန်မြန် ကယ်ပါဦး" ဟု ပြောလိုက်ရသည်။
"နောက်ဆုံးတော့ မင်းက ငါ့ကို တွေးမိသွားပြီပေါ့!" ရှေးဟောင်းတာအိုဆရာသခင်၏ ပျင်းရိသောအသံက ထွက်ပေါ်လာသည်။
ရှေးဟောင်းတာအိုဆရာသခင်၏အသံကိုကြားရလျှင် ချင်ယွင်၏မျက်နှာသည် ချက်ခြင်း ဝမ်းသာသွားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လူလတ်ပိုင်းအမျိုးသားသည် ချင်ယွင်ဆီကို ထပ်မံ ပြေးဝင်လာနေပြီ ဖြစ်သည်။ ကြီးမားသော မီးတောက်မီးလျှံကြီး တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားသည်။
"ဟမ့်၊ မင်းက ငါ့တပည့်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
အေးစက်သောလေသံသည် မိုးခြိမ်းသံကဲ့သို့ ကမ္ဘာပေါ်တွင် ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ထို့နောက် ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ဖြည်းညှင်းစွာ ကြွတက်လာခဲ့ပြီး ကောင်းကင်ယံကို ခုတ်ပိုင်းလိုက်သည်။
တခဏအတွင်းမှာပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး တစ်ခုလုံး ကွဲအက်သွားတော့မည့် ပုံပေါ်သည်။ ကြီးမားသောဓားအလင်းကြီးတစ်ခုသည် ကောင်းကင်တွင် စုစည်းနေပြီး အဆုံးမရှိသော ဓားဆန္ဒသည် ကောင်းကင်နှင့်မြေကြီးပေါ်တွင် ပျံ့လွင့်လာကာ ကြီးမားလှသော စွမ်းအားဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူ၏ ဦးရေပြားသည် ထုံကျဉ်သွားသည်။ သူသည် ကောင်းကင်ယံမှ ကြီးမားသော ဓားအလင်းတန်းကြီးကို လှမ်းကြည့်ရင်း လျင်မြန်စွာ ပြန်ဆုတ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် ချက်ချင်းပင် ဆင်းသက်လာခဲ့ပြီး မီတာတစ်ထောင်ကျော် အကွာအဝေးကို လွှမ်းခြုံသွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အပြင်းအထန် ခုခံခဲ့သော်လည်း ဓားအလင်းက ထိမှန်သွားဆဲဖြစ်ကာ သူ၏ပါးစပ်ထဲမှ သွေးများ စီးထွက်လာသည်။
သူသည် ပေတစ်ထောင်ကျော် နောက်သို့ လွင့်ပျံသွားခဲ့ပြီး မီတာတစ်ထောင်နီးပါး ရှည်လျားသည့် ဓားအမှတ်အသားကြီးတခု ချန်ထားရစ်ခဲ့သည်။
လူလတ်ပိုင်းအရွယ်အမျိုးသားသည် ယင်းကိုမြင်ရလျှင် ဆက်ပြီး မနေရဲတော့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ တိုး၀င်ပျောက်ကွယ်သွားခဲ့သည်။
စာစဉ် (၁၄)ပြီးပြီ။
ဘာသာပြန်သူ နေဇင်