← Chapters

အခန်း (၂၁၉၁-၂၁၉၂)

Vol. 160 Ch. 2191-2192

အခန်း (၂၁၉၁-၂၁၉၂)

Vol. 160 Ch. 2191-2192

အခန်း(၂၁၉၁)

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသရှိ နာမည်ကျော်ကြားသော နတ်ဖီးနစ်တောင်တွင် တည်ရှိသည်။

ရှေးခေတ်ကာလက နတ်ဖီးနစ်တောင်သည် ဖီးနစ်နတ်သားရဲဟု ခေါ်ဆိုသည့် အစွမ်းထက် ရှေးဟောင်းသားရဲတစ်ကောင် နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်ဟု ဆိုကြ၏။

ဖီးနစ်နတ်သားရဲသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဥ်ဓာတ်ကနေ မွေးဖွားလာခဲ့ပြီး နတ်ဘုရားနယ်မြေ စတင် ပေါ်ပေါက်လာချိန်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသားရဲသည် အုပ်စိုးသူအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် အစွမ်းထက် တည်ရှိမှုတစ်ခုလည်း ဖြစ်၏။

ဆိုရလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ဖီးနစ်နတ်သားရဲ ချန်ထားရစ်ခဲ့သော သွေးမျိုးဆက်ကနေ ဆင်းသက်လာသူများ ဖြစ်ကြသည်။

ထိုအကြောင်းကြောင့်ပင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကဲ့သို့ပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည်လည်း နတ်ဘုရားနယ်မြေ၏ သောင်းချီသော မျိုးနွယ်စုများထဲတွင် အစွမ်းထက်ဆုံး မျိုးနွယ်စုများအနက် တစ်ခု အပါအဝင် ဖြစ်ပြီး ၎င်းတို့၏ အင်အားသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုထက်ပင် မနိမ့်ကျပေ။

အထူးသဖြင့် ရှေးခေတ်ကာလက ဆိုလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့သည် အလွန်ပင် ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြသည်။

မျိုးနွယ်စုနှစ်စု ပူးပေါင်းလိုက်လျှင် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ပြိုင်ဘက်ဟူ၍ မရှိသလောက်ပင်။

နောက်ပိုင်းတွင်မူ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တို့သည် အကြောင်းအမျိုးမျိုးကြောင့် စိမ်းကားသွားခဲ့ကြပြီး နတ်ကုန်းမြေတိုက်ရှိ ထိုမျိုးနွယ်စု နှစ်စု၏ ခြိမ်းခြောက်နိုင်စွမ်းမှာလည်း များစွာ လျော့နည်းသွားခဲ့သည်။

သို့သော်လည်း ထိုသို့ပင် ဖြစ်လင့်ကစား ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့သည် ယနေ့ခေတ် နတ်ဘုရားနယ်မြေ၏ ထိပ်တန်းအင်အားစုကြီး အနည်းငယ်ထဲမှ တစ်စု ဖြစ်ပြီး မည်သူမျှ အလွယ်တကူ မနှောင့်ယှက်ရဲကြပေ။

ကျန်းချန်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဆီသို့ သွားရန် ဆုံးဖြတ်ထားခဲ့သောကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဆက်လက်မနေတော့ပေ။

သူက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ထွက်ခွာလာခဲ့ပြီး အရှေ့ဘက်ဒေသနှင့် အလယ်ပိုင်းဒေသကို ပိုင်းခြားထားသော မြစ်အား ဖြတ်ကျော်ကာ နတ်ကုန်းမြေတိုက်၏ အချက်အချာ ဖြစ်သော အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် အလွန်တရာ ထင်ရှားကျော်ကြားသော အင်အားစုကြီး ဖြစ်၏။

ထို့ကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင်းပသော ပွဲတော်သို့ တက်ရောက်ရန်အတွက် အရပ်မျက်နှာ အသီးသီးမှ ဧည့်သည်တော်များ လာရောက်ကြသည် ဖြစ်ရာ အလွန်တရာပင် စည်ကားသိုက်မြိုက်နေခဲ့သည်။

ကျန်းချန်က အလွယ်တကူ စုံစမ်းရုံဖြင့်ပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ တည်နေရာကို သိရှိခဲ့သည်။

ယနေ့ခေတ် နတ်ကုန်းမြေတိုက်၏ အပြည့်စုံဆုံး အစိတ်အပိုင်းဖြစ်သည့် အလျောက် နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသသည် ကျန်းချန် ထင်ထားသည်ထက်ပင် များစွာ ပို၍ ကျယ်ပြောသည်။

ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ပင် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု ထိန်းချုပ်ထားသော နယ်မြေသို့ ရောက်ရန် တစ်လတိတိ အချိန်ယူခဲ့ရ၏။

ထို့နောက်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တည်ရှိရာ နတ်ဖီးနစ်တောင်သို့ ရောက်ရှိရန် ရက်အနည်းငယ် ထပ်မံ အချိန်ယူခဲ့ရသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေတွင် ရှေးအကျဆုံး အမွေအနှစ်များကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းအင်အားစု ဖြစ်ရာ ၎င်းတို့၏ အခြေခံအုတ်မြစ်နှင့် စွမ်းရည်သည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းသည်။

နတ်ဖီးနစ်တောင်နှင့် ပိုမို နီးကပ်လာလေလေ၊ ကျန်းချန် အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အရှိန်အဝါကို ပိုမို ခံစားလာရလေလေ ဖြစ်သည်။

ရှေးခေတ်ကာလက အငွေ့အသက်များ လွှမ်းခြုံနေသော နတ်အလင်းတန်းများသည် နတ်ဖီးနစ်တောင် တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။

ထိုနတ်အလင်းတန်းများကြားကပင် ကျန်းချန်သည် နတ်ဖီးနစ်တောင် အတွင်းရှိ ခမ်းနားထည်ဝါသော မြင်ကွင်းကို ခပ်ရေးရေး မြင်နေခဲ့ရ၏။

ထိုနေရာတွင် ထောင်ပေါင်းများစွာသော အရှိန်အဝါများ ရှိနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် အစွမ်းထက် ကျင့်ကြံသူ အများအပြားသည် နတ်ဖီးနစ်တောင်သို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။

နတ်ဖီးနစ်တောင် တစ်ခုလုံးသည် နတ်ဘုရင်အဆင့်၏ စိတ်နှလုံးကိုပင် တုန်လှုပ်စေနိုင်သော အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ခမ်းနားသော ပွဲတော်ကို မကြာမီ အချိန်အတွင်း ကျင်းပတော့မည် ဖြစ်ရာ နတ်ဖီးနစ်တောင်၏ အပြင်ဘက်သည် အလွန်ပင် စည်ကားနေခဲ့သည်။

နေ့စဥ်နှင့်အမျှ ထိုပွဲတော်သို့ တက်ရောက်ရန် လာရောက်ကြသူများသည် မပြတ်တမ်း စီးဆင်းနေသော မြစ်ရေကဲ့သို့ပင်။

နတ်ဖီးနစ်တောင်၏ အရှေ့တွင် ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ဦး စောင့်ကြပ်နေခဲ့သည်။

ထိုနှစ်ဦး၏ ခန္ဓာကိုယ်တွင် မည်သည့် အသက်ဓာတ်မှ မရှိသဖြင့် အထူးမှော်စွမ်းအား အချို့ဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်များ ဖြစ်သည်မှာ ထင်ရှားသည်။

သို့သော်လည်း ဤရုပ်သေးရုပ် နှစ်ရုပ်သည် ကိုယ်ပိုင် အသိစိတ်ရှိရုံတင်မက အလွန်တရာပင် အစွမ်းထက်၏။

ကျန်းချန်၏ ခန့်မှန်းချက်အရ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ နှစ်ဦးသည် အနည်းဆုံး နတ်ဘုရင် ပထမအဆင့်နှင့် ယှဥ်နိုင်စွမ်းရှိသည်။

ဆိုရလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ဘုရင်ပထမအဆင့်နှင့် ညီမျှသော ရုပ်သေးရုပ် နှစ်ရုပ်ကို ဂိတ်စောင့်အဖြစ် ထားရှိခဲ့သည်။

ဤအချက်မှနေ၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အခြေခံအုတ်မြစ်က မည်မျှပင် အစွမ်းထက်ကြောင်း သိမြင်နိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ပွဲတော်သို့ လာရောက်ကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ဖိတ်စာများကို ထုတ်ပြခဲ့ကြပြီး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ နှစ်ဦး၏ စစ်ဆေးမှုကို ခံယူကာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အတွင်းသို့ စနစ်တကျ ဝင်ရောက်သွားခဲ့ကြသည်။

ကျန်းချန်က ဖိတ်စာမရှိသော်လည်း ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ နှစ်ဦး ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

“ကောင်လေး.. ပွဲတော်ကို တက်မယ်ဆိုရင် ကျေးဇူးပြုပြီး ဖိတ်စာပြပေးပါ.. ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက မဖိတ်ကြားတဲ့သူတွေကို အထဲဝင်ခွင့် ပိတ်ပင်ထားတယ်”

ဖိတ်စာထုတ်မပြသော ကျန်းချန်ကို ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ နှစ်ဦးက ပြောလိုက်သည်။

ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦး၏ စကားကို ကြားလျှင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ကျန်းချန်ကို လှမ်းကြည့်လိုက်ကြ၏။

သူတို့က ကျန်းချန်ကို ထူးဆန်းသလို ကြည့်နေခဲ့ကြသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း အင်အားစုကြီး ဖြစ်သည်။

နတ်ကုန်းမြေတိုက်မှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို မောက်မာရဲသူ အလွန်တရာ နည်းပါးလှ၏။

ထိုကောင်လေးသည် ဖိတ်စာမပါဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်ကို တက်ရောက်ချင်နေပါသလော။

ကျန်းချန်က ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ငါအထဲကို ဝင်ဖို့ မလိုပါဘူး.. ဒါပေမဲ့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ နတ်ဘုရားမ ကူဖုန်းအာကို ငါ့ဆီ ထွက်လာတွေ့ဖို့ ပြောပေးပါ”

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ယခုအခါတွင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ကာ နတ်ကုန်းမြေတိုက်၏ ပြိုင်ဘက်ကင်းပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် နတ်ဘုရားမ ကူဖုန်းအာ၏ အဆင့်အတန်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲ အများအပြားထက်ပင် ပိုမို မြင့်မားနေခဲ့သည်။

သို့‌သော်လည်း သူတို့ရှေ့မှ အညတရ လူငယ်လေးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမကို သူ့ဆီ ထွက်လာတွေ့ခိုင်းရန် မောက်မာစွာ ပြောရဲနေပါသလော။

ယင်းက အရမ်းကို မောက်မာလွန်းသော လုပ်ရပ် ဖြစ်သည်။

ထိုကဲ့သို့ အညတရ လူငယ်လေးကို မပြောနှင့်၊ အလယ်ပိုင်းဒေသရှိ ထိပ်တန်း အင်အားစုကြီးများပင်လျှင် နတ်ဘုရားမကို ထွက်တွေ့ခိုင်းရန် အရည်အချင်း မရှိကြပေ။

“မင်းက ဘယ်သူမို့လို့ ငါတို့ နတ်ဘုရားမကို တွေ့ချင်နေရတာလဲ”

ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးက မနှစ်မြို့သော အမူအရာများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“မင်းတို့ရဲ့ နတ်ဘုရားမ ကူဖုန်းအာက ငါ့ရဲ့ညီမပဲ”

“မင်းက ငါတို့ နတ်ဘုရားမရဲ့ အစ်ကိုလား”

ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦး၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် အေးစက်သွားခဲ့သည်။

“ကောင်လေး.. ငါတို့နတ်ဘုရားမမှာ အစ်ကိုရှိတယ်လို့ ငါတို့တစ်ခါမှ မကြားဖူးဘူး.. မင်းသာ နတ်ဘုရားမရဲ့ အစ်ကို အဖြစ် ဟန်ဆောင်ရဲတယ်ဆိုရင် ငါတို့ မင်းကို ညှာတာမှာမဟုတ်ဘူးနော်”

“ဟားဟား ရယ်စရာပဲ.. ဒီကောင်လေးက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမရဲ့ အစ်ကိုအဖြစ်တောင် အယောင်‌ဆောင်ရဲတယ်”

“ဟုတ်ပါ့ကွာ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ အဆင့်အတန်းက ဘယ်လိုလဲဆိုတာ အားလုံးလည်း သိနေကြတာပဲ”

“ဒီလို လူမသိ သူမသိ အစ်ကိုမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”

“ကောင်လေး.. မင်းမသေချင်ဘူးဆိုရင် အမြန်ဆုံးထွက်သွားတာ ပိုကောင်းလိမ့်မယ်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ အစ်ကို ဆိုတဲ့ ဂုဏ်ပုဒ်က လမ်းဘေးခွေးတွေကြောင်တွေနဲ့ သက်ဆိုင်တဲ့အရာ မဟုတ်ဘူး”

“.............”

လူအုပ်ကြီးက လှောင်ပြုံးများဖြင့် ရယ်မောလိုက်ကြပြီး ကျန်းချန်ကို အထင်သေးစွာ ကြည့်နေခဲ့ကြသည်။

ကျန်းချန်က လူတိုင်း၏ လှောင်ပြောင်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

သူက သူ့ရှေ့မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“ငါက မင်းတို့နတ်ဘုရားမရဲ့ အစ်ကို ဟုတ်မဟုတ် ဆိုတာ နတ်ဘုရားမကို ခေါ်ထုတ်လိုက်တာနဲ့ မင်းတို့သိရပါလိမ့်မယ်”

ထိုစကားကိုကြားလျှင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့ကြသည်။

သူတို့ရှေ့ရှိ ကောင်လေး၏ အမူအရာကို ကြည့်ရသည်မှာ ဟန်ဆောင်နေပုံ မပေါ်ပေ။

သူတို့ နတ်ဘုရားမသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ မဝင်ရောက်မီ အစ်ကိုတစ်ယောက် အမှန်တကယ် ရှိခဲ့ပါသလော။

အကယ်၍သာ ထိုကောင်လေးက သူတို့နတ်ဘုရားမ၏ အစ်ကို အမှန်တကယ် ဖြစ်နေပြီး သူတို့က တစ်စုံတစ်ရာ လုပ်ဆောင်မိခဲ့လျှင် နတ်ဘုရားမ အပြစ်တင်လာသည့်အခါတွင် ရလဒ်များကို သူတို့အနေဖြင့် လုံးဝ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားမဆီကို အစီအရင်ခံရန် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦး ဝေခွဲမရ ဖြစ်နေစဥ်မှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအတွင်းမှ မီးလျှံကဲ့သို့ အနီရောင်ပုံရိပ် တစ်ခုသည် လျှပ်စီးလက်သည့်နှယ် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

အခန်း(၂၁၉၁)ပြီး၏။

အခန်း(၂၁၉၂)

“ငါ့အတွက် နတ်ဘုရားမကို သတင်းပို့ပေးဖို့ မလိုတော့ဘူးထင်တယ်”

အနီရောင်ပုံရိပ် ထံမှ ထွက်ပေါ်လာသည့် ရင်းနှီးသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုစဥ်က ကူဖုန်းအာ၏ ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ကျန်းချန် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ကူဖုန်းအာနှင့် ဆယ်စုနှစ်များစွာ မတွေ့ရသော်လည်း ကူဖုန်းအာ၏ အရှိန်အဝါကို အလွန်ပင် ရင်းနှီးနေဆဲပင်။

သို့ဖြစ်ရာ သူ့ဆီသို့ ပျံသန်းလာသော အနီရောင်ပုံရိပ်သည် ကူဖုန်းအာမှ လွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် အနီရောင်ပုံရိပ်သည် တစ်ခဏအတွင်း ရောက်ရှိလာခဲ့သည်။

အနီရောင်ပုံရိပ်မှာ အသက် ၁၇၊ ၁၈နှစ်ခန့် ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ခါးအထိ ရှည်လျားသော ဆံပင်များလည်း ရှိသည်။

သူမက အရပ်မြင့်မားပြီး အသားအရေ နူးညံ့ဖြူစင်ကာ အေးစက်စက် မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖီးနစ်ငှက်၏ ကြီးမြတ်သောစွမ်းအားများ ထွက်ပေါ်နေသည့် အနီရောင် မြူခိုးများဖြင့် လွှမ်းခြုံထားသည်။

ယင်းက သူမကို စေ့စေ့မကြည့်ရဲသော ခံစားချက်မျိုးအား ပေးစွမ်းနေခဲ့၏။

“နတ်ဘုရားမကို ဂါဝရပြုပါတယ်”

ရုတ်တရက် ပေါ်လာသော ကူဖုန်းအားကို မြင်လျှင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးသည် ခဏမျှ မှင်တက်သွားခဲ့ပြီး ဦးညွှတ်ကာ အရိုအသေ ပေးလိုက်ကြသည်။

ကူဖုန်းအာက ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးကို လုံးဝပင် အရေးမစိုက်ဘဲ ပျံလွှားငှက်ကလေး ကဲ့သို့ ကျန်းချန်၏ ရင်ခွင်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

သူမ၏ လှပသော မျက်နှာလေးတွင် အံ့အားသင့်ကာ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“အစ်ကိုကျန်းချန်.. ဘယ်လိုဖြစ်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကို ရောက်လာရတာလဲ”

ကူဖုန်းအာ၏ ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ကျန်းချန်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ကူဖုန်းအာသည် နတ်ဘုရင်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ရာ သူမ၏ အာရုံခံနိုင်စွမ်းသည် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းချန်က ကူဖုန်းအာ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ပြုံး၍ ပြောလိုက်သည်။

ကျန်းချန် ရောက်ရှိလာသည့် အခိုက်အတန့်တွင် သူမသည် ကျန်းချန်၏ ရင်းနှီးသော အရှိန်အဝါကို အာရုံခံမိခဲ့ပြီး နတ်ဖီးနစ်တောင်၏ အပြင်ဘက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ငါတို့တွေ မတွေ့ရတာ အတော်တောင် ကြာခဲ့ပြီ.. အခုတော့ ငါ့ရဲ့ ဖုန်းအာလေးက အပျိုကြီး ဖားဖားတောင် ဖြစ်နေပြီပဲ.. မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ ဖြစ်နေပြီဆိုတာ ကြားလို့ အစ်ကိုက လာကြည့်တာပါ”

သူတို့ရှေ့မှ မြင်ကွင်းကြောင့် နတ်ဖီးနစ်တောင်၏ အပြင်ဘက်တွင် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းနီးပါးသည် ကျောက်ရုပ်များကဲ့သို့ မှင်တက်သွားခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အမှန်တကယ်ပင် နတ်ဘုရားမ ကူဖုန်းအာ၏ အစ်ကို ဖြစ်နေပါသလော။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အထွတ်အထိပ် တည်ရှိမှုဖြစ်သော ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမသည် သာမန်ဟုသာ ထင်ရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ ရင်ခွင်ထဲကို ကလေးမလေး တစ်ဦးကဲ့သို့ တိုးဝင်ကာ ကလေးဆိုး ဆိုးနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ထိုအခိုက်အတန့်တွင် ကူဖုန်းအာ၏ အနောက်တွင် ရှိနေသော ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးသည် ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် အစောပိုင်းတွင် ကျန်းချန်ကို ဘာမှမလုပ်မိခဲ့ပေ။

သို့မဟုတ်လျှင် ကူဖုန်းအာ၏ စိတ်နေစိတ်ထားဖြင့်သာ ဆိုလျှင် သူတို့နှစ်ယောက်သည် ပိုင်းပိုင်း ဖြတ်‌တောက်ခံရမည်မှာ သေချာသလောက်ပင်။

“အစ်ကိုကျန်းချန်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကို ရောက်လာတာ တကယ်ကို ကောင်းတာပဲ”

ကူဖုန်းအာက ချိုသာစွာပြုံး၍ ပြောလိုက်သည်။

“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ပွဲတော် ပြီးရင် အစ်ကို့ကို လာရှာမလို့ပဲ.. ဒါပေမဲ့ အစ်ကိုက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီ အရင် ရောက်လာလိမ့်မယ်လို မထင်ထားခဲ့မိဘူး”

“ဖုန်းအာ.. ဘာလို့ မင်းတစ်ယောက်တည်းဖြစ်နေတာလဲ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုကို မင်းအစ်မချင်းရွှယ်နဲ့အတူတူ ရောက်လာတာမဟုတ်ဘူးလား”

ကျန်းချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

အကယ်၍ မုန့်ချင်းရွှယ်သာ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုတွင် ရှိနေမည်ဆိုလျှင် ကူဖုန်းအာသည် မုန့်ချင်းရွှယ်ကို တစ်ခါတည်းခေါ်ကာ သူ့ကို လာရောက်တွေ့ဆုံမည် ဖြစ်သည်။

သို့ဆိုလျှင် မုန့်ချင်းရွှယ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ရှိမနေခြင်း ဖြစ်နိုင်ပါသလော။

သို့သော်လည်း သူ့အမေ ကျီဝူရွှယ်၏ စကားအရ ဆိုလျှင် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာ တို့ကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ မုန့်ချင်းရွှယ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် မရှိခဲ့လျှင် မည်သည့်နေရာတွင် ရှိနေပါသနည်း။

ကူဖုန်းအာက ပြုံး၍ ပြောလိုက်သည်။

“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်ကို အစ်မချင်းရွှယ်တောင် လာမလားမသိဘူး.. အစ်ကို ကျန်းချန် စိတ်မပူပါနဲ့.. အစ်မချင်းရွှယ်က ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှာ ရှိမနေပေမဲ့ အဆင်ပြေပြေတော့ ရှိနေပါတယ်.. အကယ်၍ အစ်မချင်းရွှယ်မလာရင်တောင် ပွဲတော်ပြီးတာနဲ့ အစ်ကို့ကို အစ်မ ချင်းရွှယ်ဆီ ခေါ်သွားပေးပါ့မယ်”

သူက စူးစမ်းစွာဖြင့် ကူဖုန်းအာကို မေးလိုက်သည်။

ကူဖုန်းအာ ထံမှ ထိုစကားကို ကြားလိုက်ရသောအခါမှသာလျှင် ကျန်းချန်သည် အသက်ရှူချောင်သွားခဲ့သည်။

“ဖုန်းအာ.. ဘာလို့ ချင်းရွှယ်က မင်းနဲ့အတူ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှာ ရှိမနေတာလဲ”

မုန့်ချင်းရွှယ်၏ ပါရမီဖြင့်သာဆိုလျှင် နတ်ကုန်းမြေတိုက်တွင်ပင် အထွတ်အထိပ် ပါရမီရှင် အဖြစ် သတ်မှတ်နိုင်သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူက သူမကို နတ်ကုန်းမြေတိုက်အထိ ခေါ်ဆောင်လာခဲ့သည် ဖြစ်ရာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ခေါ်မထားစရာအကြောင်းမရှိပေ။

“အစ်မချင်းရွှယ်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှာ နေပြီး ကျင့်ကြံမယ်ဆိုရင် အထောက်အကူသိပ်မဖြစ်ဘူး.. ဒါကြောင့် ကျွန်မဆရာက သူ့ရဲ့သဘောထားကို မေးပြီးတဲ့နောက်မှာ အလယ်ပိုင်းဒေသမှာရှိတဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ ကျင့်ကြံဖို့ ပို့ပေးလိုက်တယ်.. အစ်မချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ နတ်ဘုရားမတော့ မဟုတ်ပေမဲ့လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ အစ်မချင်းရွှယ်ရဲ့အဆင့်အတန်းက အရမ်းကို မြင့်မားပါတယ်”

ကူဖုန်းအာ ပြုံး၍ ရှင်းပြလိုက်သည်။

“ဒါကြောင့်ကိုး”

ကျန်းချန်က ခေါင်းညိတ်လိုက်၏။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ဖီးနစ်သားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြ၍ ၎င်းတို့၏ ကျင့်ကြံမှု အားလုံးနီးပါးသည် မီးလမ်းစဥ် အပေါ်တွင်သာ အခြေခံထားသည်။

ထို့ကြောင့် မုန့်ချင်းရွှယ်၏ အအေးဓာတ်ကို ကိုယ်စားပြုသည့် လနတ်ကြမ္မာ ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ မီးလျှံကျင့်စဥ်များနှင့် အမှန်တကယ် မကိုက်ညီခဲ့ပေ။

အလယ်ပိုင်းဒေသရှိ မြောက်ပိုင်းမင်နတ်ဂိုဏ်း အကြောင်းကို ကျန်းချန် ကြားဖူးသည်။

ထိုဂိုဏ်းသည် နတ်ကုန်းမြေတိုက်တွင် အလွန်သမိုင်းကြောင်းရှည်လျားသော ရှေးဟောင်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ပြီး ထိုဂိုဏ်း၏ အင်အားသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ကဲ့သို့ ထိပ်တန်း အင်အားစုများထက် များစွာ မနိမ့်ကျ‌ပေ။

ထို့အပြင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ကျင့်ကြံမှုသည် ရေခဲလမ်းစဥ် အပေါ်တွင် အခြေခံထားသည်။

သို့ဖြစ်ရာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့်နှိုင်းယှဥ်လျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ကျင့်ကြံသည်က မုန့်ချင်းရွှယ်အတွက် ပိုမို သင့်တော်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

သူတို့နှစ်ဦး စကားပြောဆိုနေကြစဥ်မှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အတွင်းကနေ နောက်ထပ် ပုံရိပ်နှစ်ခု အလျင်အမြန် ပျံသန်းလာခဲ့သည်။

ထိုပုံရိပ်နှစ်ခုမှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်ပြီး သွေးမျိုးဆက် ပါရမီတွင်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တစ်ခုလုံးတွင် ပြိုင်ဘက်မရှိပေ။

ဆိုရလျှင် သူမသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အလေးအထားရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ကူဖုန်းအာကို စောင့်ရှောက်ရန်အတွက် နတ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးကို စေလွှတ်ထားခဲ့သည်။

ယခု ကူဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအတွင်းမှ ရုတ်တရက် ပြေးထွက်သွားခဲ့ရာ နတ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး အနေဖြင့် အဘယ်ကဲ့သို့ မစိုးရိမ်ဘဲ နေနိုင်ပါအံ့နည်း။

သို့သော်လည်း နတ်ဘုရားမ ကူဖုန်းအာသည် နတ်ဖီးနစ်တောင်၏ အပြင်ဘက်တွင် ရှိနေသည်ကို သူတို့ တွေ့ရှိသွားခဲ့ပြီး လူအုပ်ကြီး၏ ကြားတွင် သူတို့နှင့် အစိမ်းသက်သက် ဖြစ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် အလွန်ပင်တရင်းတနှီး ရှိနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထက်တွင် မနှစ်မြို့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကြည့်ရသည်မှာ သူတို့၏ နတ်ဘုရားမသည် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု အတွင်းမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်မှာ ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကြောင့် ဖြစ်နိုင်လောက်၏။

“အစ်ကို အထဲကို သွားရအောင်”

ကူဖုန်းအာ နတ်ဘုရင်အဆင့် အကြီးအကဲနှစ်ဦး၏ သုန်မှုန်နေသော မျက်နှာများကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အကြည့်အောက်မှာပင် ကျန်းချန်ကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ကူဖုန်းအာ၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အတွင်းပိုင်းသည် အပြင်ဘက်က မြင်ရသည်ထက်ပင် များစွာပို၍ ကျယ်ပြောလှ၏။

ဆိုရလျှင် အတွင်းသို့ ခြေလှမ်းလိုက်သည့် အခိုက်အတန့်မှစ၍ ကျန်းချန်သည် နတ်ကုန်းမြေတိုက်မှ ထွက်ခွာပြီး အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်သို့ အကဲခတ် ကြည့်လိုက်သောအခါ ရှေးခေတ်ကာလ၏ အရှိန်အဝါများ ထွက်ပေါ်နေသည့် မီတာသောင်းချီ မြင့်မားသော ဧရာမတောင်များကို တွေ့ခဲ့ရသည်။

ထိုတောင်ထွတ်များပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် မြူခိုးများ အဖြစ်သို့ ပြောင်းလဲကာ ဝန်းရံနေကြ၍ တောင်ထွတ်များကို နတ်ဘုံ တစ်ခုကဲ့သို့ပင် ထင်မှတ်မှားစေခဲ့သည်။

ကျန်းချန်က ထိုတောင်ထွတ်များ ဆီကနေ အလွန်တရာအစွမ်းထက်သောအရှိန်အဝါများကို ခံစားမိခဲ့သည်။

အထူးသဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အနက်ရှိုင်းဆုံး နေရာကနေ ကျန်းချန်သည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်သည့် အရှိန်အဝါတချို့ကို ခံစားမိခဲ့သည်။

ထိုအထဲတွင် အရှိန်အဝါနှစ်ခု၊ သုံးခုသည် အလွန်ပင် တုန်လှုပ်စရာ ကောင်းနေခဲ့သည်။

ကျန်းချန်၏ စွမ်းရည်ဖြင့်ပင် အန္တရာယ် အငွေ့အသက်များကို ခပ်ရေးရေး ခံစားမိခဲ့သည်။

အခန်း(၂၁၉၂)ပြီး၏။

All Chapters