← Chapters

အခန်း (၂၁၉၉-၂၂၀၀)

Vol. 160 Ch. 2199-2200

အခန်း (၂၁၉၉-၂၂၀၀)

Vol. 160 Ch. 2199-2200

အခန်း(၂၁၉၉)

ကျန်းချန်က ထရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

သူက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်သို့ တက်ရောက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူက တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။

သူက ခေါင်းကို မော့ကာ လှမ်းကြည့်လိုက်ရာ သူနှင့်မီတာတစ်ရာခန့် အကွာတွင် လူရိပ်တစ်ခုသည် မည်သည့်အချိန်ကတည်းကပင် ရောက်ရှိနေမှန်း မသိရဘဲ သူ၏သွားလမ်းအား ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်။

ထိုလူရိပ်မှာ နန်းဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ချောမောသော အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမက အတော်လေး ကျော့ရှင်းလှပပြီး သူမ၏ ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ ပခုံးပေါ်တွင် ဝဲကျနေခဲ့သည်။

သူမ၏ အသားအရေကမူ ပယင်းကျောက်ကဲ့သို့ပင် ကြည်လင်တောက်ပနေခဲ့၏။

ခန္ဓာကိုယ်ကနေ ထွက်‌ပေါ်နေသော အရှိန်အဝါသည်လည်း မြင်ရသူကို အလွန်အမင်း ဆန်းကြယ်သော ခံစားချက်မျိုး ပေးစွမ်းနေခဲ့၏။

ကျန်းချန်က စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။

သူ၏ အ‌ရှေ့ရှိ အမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ နတ်ဘုရင် စတုတ္ထအဆင့် ဘိုးဘေးနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျမည်မဟုတ်ပေ။

ကျန်းချန်၏ ခန့်မှန်းချက်အရ ထိုအမျိုးသမီးသည် ကူဖုန်းအာ သူ့ကို ပြောပြခဲ့ဖူးသည့် ကူဖုန်းအာ၏ ဆရာ ယွမ်ဖုန်းနတ်ဘုရင် ဖြစ်နိုင်ခြေ အလွန်များသည်။

“မင်းက ဖုန်းအာရဲ့အစ်ကို ကျန်းချန်လား”

ယွမ်ဖုန်းနတ်ဘုရင်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်ကို အကဲခတ်ကြည့်လိုက်သည်။

“ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဒီအဆင့်အထိ တိုးတက်လာပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအထိ လာရှာနိုင်တယ်ဆိုတော့ မင်းက တကယ်ကို အံ့ဩဖို့ကောင်းသားပဲ”

ကူဖုန်းအာက သူမ၏ အစ်ကို မည်မျှ အစွမ်းထက်ကြောင်း တစ်ကြိမ်မက ပြောခဲ့ဖူးသော်လည်း ယွမ်ဖုန်းနတ်ဘုရင်သည် ထိုအချက်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ကျန်းချန်၏ ပါရမီက အမှန်တကယ် အားမနည်းလျှင်ပင် အတိုင်းအတာ တစ်ခုလောက် အထိသာ ရှိလိမ့်မည်ဟု သူမ ယူဆခဲ့သည်။

နတ်ဘုရားနယ်မြေသည် ကျန်းချန် ကဲ့သို့ အဆင့်နိမ့်နယ်မြေကနေ ရောက်လာပြီး နောက်ခံမရှိသော ကျင့်ကြံသူများအတွက် ရှင်သန်ရန်ပင် ခက်ခဲလှသည်ဖြစ်ရာ အောင်မြင်မှုများ ရရှိရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ကူဖုန်းအာကမူ ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပြုစုပျိုး‌ထောင်မှုကို ရရှိထားခြင်းကြောင့်သာ ဆယ်စုနှစ် အနည်းငယ်အတွင်း နတ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန် တစ်သက်လုံးတွင် ကူဖုန်းအာနှင့် တွေ့ဆုံရန်အတွက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို လာရောက်ရှာဖွေနိုင်မည်မဟုတ်ဟု ယွမ်ဖုန်းနတ်ဘုရင် မူလက ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ကူဖုန်းအာ၏ အစ်ကိုဖြစ်သူသည် သူမ စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုလူငယ်သည် ဆယ်စုနှစ် အနည်းငယ်အတွင်း ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိခဲ့သည့်အပြင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံမှုအဖြင့် အလယ်ပိုင်း‌ဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉နေရာ၌ ရှိသော ပါရမီရှင် လော့ဝူကျိကိုပင် အနိုင်ယူခဲ့သည်။

ဤအချက်တစ်ခုတည်းဖြင့်ပင် ထိုလူငယ်၏ ပါရမီက အလယ်ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များထက် မနိမ့်ကျကြောင်း သက်သေပြရန် လုံလောက်နေပြီ မဟုတ်ပါလား။

“အကြီးအကဲက ဖုန်းအာရဲ့ဆရာ ယွမ်ဖုန်းနတ်ဘုရင်လား”

ကျန်းချန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ဖုန်းအာကို မြေတောင်မြှောက်ပေးခဲ့တဲ့ အတွက် ဒီကျေးဇူးကိုကျန်းချန်က နောင်တစ်ချိန်မှာ ပြန်လည် ပေးဆပ်ပါ့မယ်”

ကူဖုန်းအာကို နတ်ဘုရင်အဆင့်အထိ ထိုးဖောက်နိုင်ရန်အတွက် ယွမ်ဖုန်းနတ်ဘုရင်သည် အကူအညီပေးခဲ့သည်ဖြစ်ရာ ကျန်းချန်သည် ယွမ်ဖုန်းနတ်ဘုရင် အပေါ်တွင် ကျေးဇူးတင်စိတ် ရှိနေခဲ့သည်။

“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး”

ယွမ်ဖုန်းနတ်ဘုရင်က လက်ခါပြ၍ ပြောလိုက်သည်။

“ဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုရဲ့ နတ်ဘုရားမဖြစ်တဲ့အပြင် ငါတို့ မျိုးနွယ်စုရဲ့ အနာဂတ်ကံကြမ္မာလည်း ဖြစ်တယ်.. ဒါကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအနေနဲ့ သူမကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးရမှာက သဘာဝကျတဲ့ကိစ္စပါပဲ”

ယွမ်ဖုန်းနတ်ဘုရင်၏ စကားကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် ယွမ်ဖုန်းနတ်ဘုရင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်စခါနီး အချိန်မှ ကျွန်တော့်ကို လာရှာတယ်ဆိုတော့ ဘာအတွက်လဲဆိုတာ သိပါရစေ”

“ဒီနေ့က ဖုန်းအာအတွက် အရမ်းကို အ‌ရေးကြီးတဲ့နေ့ပဲ.. ငါမင်းကို ပွဲတော်မှာ မပါဝင်စေချင်ဘူး.. ဘာကြောင့်လဲဆိုတော့ ဖုန်းအာကို မင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပဲ”

ယွမ်ဖုန်းနတ်ဘုရင်က အပိုစကားများ မပြောဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ဖုန်းအာက ကျွန်တော့်ရဲ့ ညီမလေးပါ”

သူက ယွမ်ဖုန်းနတ်ဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။

ထိုခဏဝယ် ကျန်းချန်၏ မျက်နှာထက်မှ လေးစားသော အရိပ်အယောင်များသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး သူ၏ မျက်ဝန်းအစုံတွင် အေးစက်စက် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒီနေ့က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမအဖြစ် သူမကို တရားဝင် ဘွဲ့အပ်နှင်းပွဲ ဖြစ်တဲ့အတွက် အစ်ကိုတစ်ယောက် အနေနဲ့ ကျွန်တော် ဘယ်လိုလုပ်ပြီး ပျက်ကွက်နိုင်မှာလဲ”

“ကောင်လေး.. မင်းရဲ့ပါရမီက ထူးခြားပြီး အလယ်ပိုင်းဒေသရဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ ယှဥ်ရင်တောင် နည်းနည်းလေးမှ မနိမ့်ကျဘူးဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ မင်းက အရမ်းမောက်မာလွန်းပြီး ပါရမီရှင် အများအပြားကို ရန်စထားတယ်.. မင်းနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ကို ငါစုံစမ်းထားပြီးပြီ.. မင်းက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ဝရမ်းထုတ်ထားတဲ့ ကျန်းချန် မဟုတ်လား.. မင်းသာ ပွဲတော်ကို တက်မယ်ဆိုရင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်.. ငါမင်းကို ပွဲတော်ဆီ မသွားခိုင်းတာက မင်းအတွက်ရော ဖုန်းအာ အတွက်ပါ ကောင်းဖို့အတွက်ပဲ”

ယွမ်ဖုန်းနတ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော့် ကိစ္စအတွက်တော့ အကြီးအကဲ အနေနဲ့ စိတ်ပူပေးစရာ မလိုပါဘူး”

ကျန်းချန်က ယွမ်ဖုန်းနတ်ဘုရင်ကို အေးစက်စက် စိုက်ကြည့်ကာပြောလိုက်သည်။

“ကျွန်တော် ပွဲတော်ကို တက်ရလိမ့်မယ်.. အကြီးအကဲ ကျွန်တော့်ကို တားလည်း မဖြစ်မနေ သွားမှာပဲ”

ယွမ်ဖုန်းနတ်ဘုရင်၏ အမူအရာက အေးစက်သွားခဲ့သည်။

“ကောင်လေး စမ်းကြည့်လိုက်လေ”

“ကျွန်တော့်ရဲ့ စိတ်ရှည်မှုကို လာစိန်မခေါ်ပါနဲ့”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

“ယွမ်ဖုန်းနတ်ဘုရင် ဒီနှစ်တွေအတွင်း ဖုန်းအာကို စောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော် ခင်ဗျားကို အလျှော့ပေးနေတာပဲ.. ကျွန်‌တော့်ရဲ့ စကားတစ်ခွန်းထဲနဲ့ ဖုန်းအာကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမရာထူး စွန့်လွှတ်ခိုင်းလို့ရတယ်ဆိုတာ ခင်ဗျားယုံလား”

“မင်းအတင့်ရဲလှချည်လား”

ယွမ်ဖုန်းနတ်ဘုရင်က ဒေါသထွက်သွားခဲ့သည်။

သူမ၏ အေးစက်သော မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ထိုခဏဝယ် ကမ္ဘာကြီးတစ်ခုကို ကြိတ်ခြေပစ်တော့မည့်အလား ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် ကျန်းချန် ထံသို့ သက်ရောက်လာခဲ့သည်။

“ဒီကမ္ဘာပေါ်မှာ ကျန်းချန် မလုပ်ရဲတာ ဘာမှမရှိဘူး”

ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်သည်။

ယွမ်ဖုန်းနတ်ဘုရင်၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါနှင့် ရင်ဆိုင်ရသော်လည်း မည်သည့် သက်ရောက်မှုမှ မရှိသကဲ့သို့ ကျန်းချန်သည် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ယွမ်ဖုန်း နတ်ဘုရင်၏ လှပသော မျက်လုံးလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

သူမသည် နတ်ဘုရင်ပဉ္စမအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးပါရမီရှင် ဆယ်ဦးမှ လွဲ၍ သူမ၏ စွမ်းအားကို အလွယ်တကူ တားဆီးနိုင်သူမှာ မရှိသလောက်ပင်။

ထိုကောင်လေးသည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် ဤမျှအထိ လုပ်ဆောင်နိုင်သည်မှာ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။

“ကျန်းချန်.. လောကမှာ ကိုယ့်ထက်တော်တဲ့သူတွေ ရှိသေးတယ် ဆိုတာ မင်းနားလည်သင့်တယ်.. မင်းသာ ပွဲတော်ကို ဇွတ်တရွတ် သွားမယ်ဆိုရင် ရလဒ်ကောင်းမှာ မဟုတ်ဘူး”

ကျန်းချန်၏ ပါရမီသည် အလွန်တရာ ထူးခြားသော်လည်း လူငယ်မျိုးဆက်များ အကြားတွင် ပြိုင်ဘက်ကင်း ဖြစ်နေသည်တော့ မဟုတ်ပေ။

ထို့အပြင် ထိုကောင်လေးသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ဝရမ်းထုတ်ခြင်းကို ခံထားရပြီး မကြာသေးမီကလည်း နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မိုရှင်းကို သတ်ဖြတ်ခဲ့သည်။

အကယ်၍သာ ထိုလူငယ်နှင့် ကူဖုန်းအာ တို့၏ ပတ်သက်မှုကို မထောက်ထားလျှင် ယွမ်ဖုန်းနတ်ဘုရင်သည် ထိုလူငယ်ကိုသေသေရှင်ရှင် ဂရုစိုက်နေမည် မဟုတ်ပေ။

“ယွမ်ဖုန်းနတ်ဘုရင်.. ခင်ဗျားက စကားအရမ်းများတာပဲ”

ကျန်းချန်က စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ဒီနေ့ပွဲ‌တော်ကို မဖြစ်မနေ သွားရလိမ်မ့ယ်.. ဘယ်သူမှ ကျွန်တော့်ကို တားလို့မရဘူး.. အကယ်၍ ခင်ဗျားက ကျွန်တော့်ကို တားမယ် ဆိုရင်လည်း ရင်ဆိုင်ဖို့အသင့်ပဲ”

“ကောင်းပြီလေ.. မင်းက ဒီလောက်တောင် ကိုယ့်သေတွင်းကိုယ်တူးချင်နေတယ် ဆိုမှတော့ ငါမတားတော့ဘူး.. မင်းနောင်တမရဖို့ ငါမျှော်လင့်ပါတယ်”

ယွမ်ဖုန်းနတ်ဘုရင်က စိတ်ပျက်သွားခဲ့ပြီး ကျန်းချန်နှင့် စကားဆက်မပြောတော့ပေ။

ထို့နောက်တွင် သူမသည် ကျန်းချန်၏ ရှေ့ကနေ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ဖုန်းနတ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေခဲ့ဘဲ ဖုန်းမင်တောင်ထိပ်ကနေ ထွက်ခွာလာခဲ့သည်။

အခန်း(၂၁၉၉)ပြီး၏။

အခန်း(၂၂၀၀)

ရှေးဟောင်း အငွေ့အသက်များ လွှမ်းခြုံနေသော ကြီးမားလှသည့် ရင်ပြင်ကျယ်ကြီး တစ်ခုပေါ်တွင် အနီရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှ အစောင့်တပ်ဖွဲ့ဝင်များသည် ရင်ပြင်ပတ်ပတ်လည်တွင် မတ်တတ် ရပ်နေကြသည်။

သူတို့၏ မျက်ဝန်းများက သိမ်းငှက်ကဲ့သို့ စူးရှနေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို စဥ်ဆက်မပြတ် အကဲခတ်နေကြသည်။

ဤနေရာသို့ ကျန်းချန် ရောက်ရှိလာသောအခါတွင် ရင်ပြင်အတွင်း၌ နေရာယူထားကြသော လူရိပ်များစွာကို တွေ့လိုက်ရ၏။

ထိုသူများသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်သို့ တက်ရောက်လာကြသည့် အလယ်ပိုင်းဒေသမှ အဓိက အင်အားစုများ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။

သူတို့၏ အရှိန်အဝါများသည် အလွန်ပင် ထူးခြားပြီး အားအနည်းဆုံးသူပင် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေခဲ့ကြသည်။

တက်‌ရောက်လာကြသော ကျင့်ကြံသူများထဲတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အများအပြား ပါဝင်နေခဲ့သည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရင်ပြင်အတွင်း၌ ရင်းနှီးသော ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။

ထိုအထဲတွင် အရှေ့ဘက်ဒေသ၌ သူနှင့် တွေ့ဆုံခဲ့ဖူးသည့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော် လုံကျိုးဟန်လည်း ပါဝင်နေခဲ့၏။

ကျန်းချန်က မထင်မရှား နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ကာ ပွဲတော် စတင်မည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် ကျန်းချန်က သူ့ကိုယ်သူ လျှို့ဝှက်ထားသော်လည်း ရင်ပြင်အတွင်းရှိ လူများစွာ၏ အာရုံစူးစိုက်မှုကို ခံနေရဆဲပင်။

“အဲဒါက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ ကူဖုန်းအာရဲ့ အစ်ကို မဟုတ်လား"

.ဒီကောင်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ပွဲတော်ကို တကယ်ပဲတက်ရလိမ့်မယ်လို့ မထင်ထားမိဘူး"

"ဒီနေ့ပွဲ‌တော်ကို အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲက ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် သုံးယောက်တောင် လာတာဆိုတော့ အဲဒီကောင် သေဖို့သာ ပြင်ထားပေတော့ပဲ”

“.............”

လူတိုင်းက အမျိုးမျိုး ဝေဖန်ပြောဆိုနေခဲ့ကြသည်။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ကရုဏာသက်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ထိုလူငယ်သည် လဲ့ယန်တောင်ထိပ်တွင် နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မိုရှင်းကို သတ်ဖြတ်ခဲ့ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိသော လော့ဝူကျိကို တိုက်ကွက်နှစ်ကွက်တည်းဖြင့် အနိုင်ယူကာ အလွန် ထူးခြားသော ပါရမီနှင့်ခွန်အားကို ပြသခဲ့သည်။

သို့‌သော်လည်း အတော်လေး မောက်မာလွန်းပြီး “အလယ်ပိုင်းဒေသက ပါရမီရှင်တွေက ဒီလောက်ပဲလား” ဟူသော စကားတစ်ခွန်းသည် အလယ်ပိုင်းဒေသရှိ ပါရမီရှင် အားလုံးနီးပါးကို ရန်စလိုက်သလို ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ယနေ့ပွဲတော်တွင် အလယ်ပိုင်းဒေသမှ ပါရမီရှင်များသည် ကျန်းချန်ကို ပညာပေးရန် ဆုံးဖြတ်ထားခဲ့ကြ၏။

သို့ဖြစ်ရာ ကျန်းချန် ပွဲတော်သို့ တက်ရောက်လာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သည်နှင့် မခြားပေ။

“ကျန်းချန်လား”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလိုက်ရလျှင် ရင်ပြင်အလယ်ရှိ ဂုဏ်သရေရှိ ဧည့်သည်တော် ထိုင်ခုံတွင် ထိုင်နေသော လုံကျိုးဟန်သည် ဤနေရာတွင် ကျန်းချန် ရှိနေမှန်း သိရှိသွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အရှိန်အဝါတစ်ခု ယှက်သန်းသွားခဲ့၏။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ရောက်ကတည်းကပင် လုံကျိုးဟန်သည် ကျန်းချန်၏ နာမည်ကို ကြားခဲ့ရသည်။

သို့သော်လည်း လုံကျိုးဟန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ပေါ်လာသော ကျန်းချန်မှာ နာမည်တူသာ ဖြစ်လိမ့်မည်ဟု ယူဆကာ အလွန်အမင်း ဂရုမစိုက်ခဲ့ပေ။

အကြောင်းရင်းမှာ သိပ်မကြာသေးမီကပင် ကျန်းချန်သည် ထာဝရဟင်းလင်းပြင်တွင်သာ ရှိနေခဲ့သောကြောင့် ဖြစ်၏။

ကျန်းချန်ကို လိုက်လံသတ်ဖြတ်ရန် ထာဝရဟင်းလင်းပြင်သို့ စေလွှတ်လိုက်သည့် သူတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှ နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူပင်လျှင် ထာဝရဟင်းလင်းပြင်ထဲတွင် ကျဆုံးသွားခဲ့ရသည် မဟုတ်ပါလား။

ထို့ကြောင့် ကျန်းချန် အနေဖြင့် နတ်ကုန်းမြေတိုက်သို့ ဤမျှမြန်မြန်ဆန်ဆန် ပြန်ရောက်လာရန်မှာ မဖြစ်နိုင်သလို အလယ်ပိုင်းဒေသသို့ တိုက်ရိုက် ရောက်ရှိလာရန်မှာ ပို၍ပင် မဖြစ်နိုင်ဟု လုံကျိုးဟန် ထင်မြင်ခဲ့သည်။

သို့သော်လည်း လဲ့ယန်တောင်ထိပ်မှ ဖြစ်ရပ်များ ထွက်ပေါ်လာပြီးနောက်တွင် လုံကျိုးဟန်သည် ဤကျန်းချန်က သူတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုက လိုက်လံရှာ‌ဖွေနေသည့် ကျန်းချန် ဖြစ်နိုင်ကြောင်း ခပ်ရေးရေး ခံစားမိလာခဲ့သည်။

ယနေ့ တွေ့လိုက်ရသောအခါတွင်မူ အမှန်တကယ်ပင် သူနှင့် ရင်ဆိုင်ဖူးသည့် ကျန်းချန် ဖြစ်နေခဲ့၏။

ကျန်းချန်က အလယ်ပိုင်းဒေသသို့ တစ်ကိုယ်တည်း ရောက်လာရဲလိမ့်မည်ဟု လုံကျိုးဟန် လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယခု ကျန်းချန်က ရောက်ရှိလာပြီ ဖြစ်ရာ ဤတစ်ခေါက်တွင် သူက ကျန်းချန်ကို မည်သည့် အခွင့်အရေးမှ ပေးတော့မည်မဟုတ်ပေ။

သူက ကျန်းချန်ထံမှ မဟာနဂါးကျောက်တိုင်ကို ပြန်လည်ရယူပြီးနောက်တွင် ကျန်းချန်ကို ဤကမ္ဘာလောကကြီး ကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်ကမူ လုံကျိုးဟန်နှင့် တခြားသော ပါရမီရှင်များ၏ အတွေးများကို လုံးဝ လျစ်လျူရှုထားခဲ့၏။

သူက ရင်ပြင်၏ ထောင့်တစ်နေရာတွင် နေရာယူကာ ထိုင်နေခဲ့ပြီး သူ၏ မျက်လုံးများကို မှိတ်ထားကာ ပွဲတော် စတင်မည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာခင်မှာပင် စူးရှသော ဖီးနစ်အော်ဟစ်သံသည် ပတ်ဝန်းကျင်သို့ ဟိန်းထွက်လာခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

“အချိန်ကျပြီ အခမ်းအနားကို စတင်ကြစို့”

ဖီးနစ်အော်ဟစ်သံ ပြီးဆုံးသွားပြီးနောက်တွင် လေထုထဲကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံထဲတွင် ကိန်းအောင်းနေသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ရင်ပြင်ထဲရှိ နတ်ဘုရင်အဆင့် ကျင့်ကြံသူ အများအပြားပင်လျှင် တုန်လှုပ်သွားခဲ့ကြ၏။

“သိပ်ကြောက်ဖို့ ကောင်းတဲ့ အရှိန်အဝါပါလား”

ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသည့် ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ စိတ်နှလုံးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဤအရှိန်အဝါသည် သူနှင့် မကြာခင်က ဆုံတွေ့ခဲ့သည့် ယွမ်ဖုန်း နတ်ဘုရင်ထက်ပင် ဆယ်ဆမက ပို၍ အားကောင်းနေခဲ့သည်။

သူ၏ ခန့်မှန်းချက်အရ ထိုအရှိန်အဝါ ပိုင်ရှင်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ဘိုးဘေးထဲမှ တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး နတ်ဘုရင် သတ္တမအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

အလယ်ပိုင်းဒေသမှ အင်အားစု အားလုံးကို ခြိမ်းခြောက်နိုင်ရန်အတွက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် အင်အားစိုက်ထိုက်၍ ပြင်ဆင်ထားပုံရပြီး နတ်ဘုရင်သတ္တမအဆင့် ဘိုးဘေးတစ်ဦးကိုပင် ကိုယ်တိုင်ကြီးကြပ်ခိုင်းထားခြင်း ဖြစ်ပုံရ၏။

ကြောက်မက်ဖွယ် အရှိန်အဝါများ ကိန်းအောင်းနေသော အသံပျောက်ကွယ်သွားသည်နှင့် ရင်ပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။

မကြာမီမှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲတစ်စုသည် လူရိပ်တစ်ခုကို ဝန်းရံကာ ရင်ပြင်ဗဟိုရှိ စင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့သည်။

အကြီးအကဲများ၏ ဝိုင်းရံခြင်းကို ခံထားရသူမှာ တခြားသူ မဟုတ်ဘဲ ကူဖုန်းအာပင် ဖြစ်သည်။

ယနေ့တွင် ကူဖုန်းအာသည် ဖီးနစ်အရုပ်များကို ပန်းထိုးထားသည့် မီးလျှံကဲ့သို့ နီရဲသောဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုဝတ်စုံနှင့် ကူဖုန်းအာ၏ ဖီးနစ်ခန္ဓာကိုယ်မှ အရှိန်အဝါများပေါင်းစပ်လိုက်သောအခါတွင် ကူဖုန်းအာသည် မီးလျှံဘုရင်မတစ်ပါး အလား ဖြစ်နေခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲများသည် ကူဖုန်းအာကို ဝိုင်းရံကာ ရင်ပြင်ဗဟိုရှိ စင်မြင့်ထက်သို့ တက်ရောက်လာကြပြီးနောက်တွင် ဘိုးဘေးကန်တော့ပွဲ အခမ်းအနားကို စတင်ခဲ့ကြသည်။

အချိန်အနည်းငယ် ကြာပြီးနောက်တွ် ဘိုးဘေးကန်တော့ပွဲသည် အဆုံးသတ်၌ ပြီးဆုံးသွားခဲ့၏။

အခမ်းအနားကို ဦးဆောင်သည့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲသည် ကူဖုန်းအာကို နတ်ဘုရားမ တံဆိပ်ပြား ကိုယ်တိုင် အပ်နှင်းလိုက်ပြီးနောက်တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များထံ စတင် ကြေညာလိုက်သည်။

“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့တပည့် ကူဖုန်းအာက ထူးခြားတဲ့ ပါရမီနဲ့ ပြိုင်ဘက်ကင်း သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်တယ်.. ဒီနေ့ကစပြီး သူမက ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ၃၆၆ ယောက်မြောက် နတ်ဘုရားမ ဖြစ်လာခဲ့ပြီး ဘွဲ့တော်က ကောင်းကင်ဖီးနစ် နတ်ဘုရားမ ဖြစ်တယ်”

ဤအချိန်မှစ၍ ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမ တရားဝင် ဖြစ်လာခဲ့သည်။

ကောင်းကင်ဖီးနစ် နတ်ဘုရားမ အဖြစ် ဘွဲ့အပ်နှင်းခံရသော ကူဖုန်းအာကို ကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် လူသိများသော ရှေးဟောင်းမျိုးနွယ်စု တစ်စု ဖြစ်ပြီး ၎င်းတို့၏ ခွန်အားသည် နတ်ကုန်းမြေတိုက်တွင် ထိပ်တန်းအဆင့်တွင် ရှိ၏။

ယခု ကူဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမ ဖြစ်လာခဲ့ရာ သူ့အနေဖြင့် ကူဖုန်းအာ အတွက် စိတ်အေးနိုင်ပြီ မဟုတ်ပါလား။

“နတ်ဘုရားမအဖြစ် ဘွဲ့အပ်နှင်းတဲ့ အခမ်းအနား ပြီးဆုံးပါပြီ.. အခမ်းအနားကို တက်ရောက် လာကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

"နောက်ထပ် အစီအစဥ်ကတော့ အလယ်ပိုင်းဒေသရဲ့ လူငယ်ပါရမီရှင်တွေ ပညာ ဖလှယ်မဲ့ အစီအစဥ်ပဲ ဖြစ်ပါတယ်.. ပွဲတော်ကို တက်ရောက်လာကြတဲ့ လူငယ်ပါရမီရှင်တွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် စင်မြင့်ပေါ်ကို တက်ပြီး ပညာချင်း ဖလှယ်လို့ ရပါတယ်.. အားလုံးလည်း ပါရမီရှင်တွေရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ခံစားကြည့်နိုင်တာပေါ့”

ဘွဲ့အပ်နှင်းသည် အခမ်းအနား အပြီးတွင် အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲသည် ပြုံးရွှင်သော အမူအရာဖြင့် ကြေညာလိုက်သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အခမ်းအနားမှူး စကားဆုံးသည်နှင့် ရင်ပြင်ပေါ်ရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

လူတိုင်း၏ ကျန်းချန်ကို ကြည့်နေသော အကြည့်ထဲတွင် အထင်သေးသော အမူအရာများ ထင်ရှားနေခဲ့သည်။

ယနေ့ ပွဲတော်တွင် ကျန်းချန်အတွက် ရည်ရွယ်ပြီး ရောက်ရှိလာကြသည့် အလယ်ပိုင်းဒေသမှ ပါရမီရှင်များစွာ ရှိနေခဲ့သည်။

ယခုအခါ ကိုယ်ခံပညာဖလှယ်ပွဲ စတင်ပြီဖြစ်ရာ အလယ်ပိုင်းဒေသမှ ပါရမီရှင်များသည် ကျန်းချန်ကို အလွယ်တကူ မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။

အခန်း(၂၂၀၀)ပြီး၏။

All Chapters