အခန်း (၂၁၉၃-၂၁၉၄)
Vol. 160 Ch. 2193-2194
အခန်း(၂၁၉၃)
“နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူတွေပါလား”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အနက်ရှိုင်းဆုံး နေရာမှ သန်မာသော အရှိန်အဝါနှစ်ခု၊ သုံးခုကို ခံစားမိလျှင် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။
သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် သာမန် နတ်ဘုရင် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို ဤမျှ ပြင်းထန်သော ဖိအားမျိုး ပေးနိုင်စွမ်းမရှိကြပေ။
နတ်ဘုရင် သတ္တမအဆင့်ကသာလျှင် သူ့ကို ဤမျှ အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးနိုင်လိမ့်မည်ဟု သူတွေးမိသည်။
ထိုကဲ့သို့သော အရှိန်အဝါမျိုးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် သုံးခုပင် ရှိနေခဲ့၏။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် သမိုင်းကြောင်း အမွေအနှစ် ရှည်လျားသော ထိပ်တန်းအင်အားစုကြီး တစ်ခုဖြစ်ပြီး ၎င်းတို့၏ အင်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းလှသည်မှာ ထင်ရှားနေခဲ့သည်။
“အစ်ကိုကျန်းချန်.. ဒါက အကြီးအကဲ တန်ဖုန်းရဲ့ နေအိမ်ပဲ.. ဟိုဘက်ကအိမ်ကတေ့ အကြီးအကဲကျူးကျန့်ရဲ့ နေအိမ်ပဲ.. အကြီးအကဲတန်ဖုန်းက ကျွန်မအပေါ် အရမ်းကောင်းတယ်.. နေ့တိုင်း ကျွန်မစားဖို့အတွက် ဆေးလုံးတွေ အများအပြား ဖော်စပ်ပေးတယ် အကြီးအကဲ ကျူးကျန့်ကလည်း ကျွန်မအပေါ် အရမ်းကောင်းတယ်.. ကျွန်မ ဆော့ကစားဖို့ အတွက် ရတနာပစ္စည်းတွေ အများအပြား ပြုလုပ်ပေးတယ်.. ဒါ့အပြင် ဟိုဘက်က နေအိမ်က...”
ကူဖုန်းအာက စိတ်လှုပ်ရှားစွာဖြင့် ကျန်းချန်ကို ဆွဲခေါ်သွားခဲ့ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အတွင်းရှိ တောင်ထိပ်များကို ညွှန်ပြကာ သူမ နေထိုင်ခဲ့သည့် နေရာများကို မိတ်ဆက်ပေးနေခဲ့သည်။
ကူဖုန်းအာ အတွက်မူ ရွှယ်လင်ကုန်းမြေတိုက်တွင် ကျန်းချန်နှင့် တွေ့ဆုံစဥ်ကစ၍ ကျန်းချန်သည် ဤကမ္ဘာလောကတွင် သူမ၏ တစ်ဦးတည်းသော အားကိုးရာ ဖြစ်သည်။
ရွှယ်လင်းကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုနှင့်သွေးဝိညာဥ်မျိုးနွယ်စုတို့ အဆုံးသတ် တိုက်ပွဲဆင်နွှဲကြစဥ်တွင် ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်မှ အရင်ထွက်ခွာသွားခဲ့ရသဖြင့် သူမနှင့် ကျန်းချန်တို့သည် လုံးဝ ကွဲကွာသွားခဲ့ရ၏။
နောက်ပိုင်းတွင် သူမသည် ကျီဝူရွှယ်နှင့် မုန့်ချင်းရွှယ်တို့နောက်သို့ လိုက်ပါကာ ကျန်းချန်ကို ရှာဖွေရန်အတွက် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူတို့ နတ်ဘုရား နယ်မြေသို့ ရောက်ရှိပြီးမကြာမီမှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင့်ကြံသူနှင့်တွေ့ဆုံခဲ့ပြီး အဆုံးသတ်၌ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ရောက်ရှိလာခဲ့သည်။
ဆိုရလျှင် သူတို့ ခွဲခွာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ကို ပြန်လည် မြင်တွေ့လိုက်ရသည့် အခိုက်တွင် ကူဖုန်းအာသည် ကျန်းချန်၏ ရှေ့တွင် မနားတမ်းစကားပြောနေသော ငှက်ကလေးတစ်ကောင် ကဲ့သို့ ဖြစ်နေခဲ့သည်။
သူမက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် သူမ ကြုံတွေ့ခဲ့ရသည်များကို ကြွားလုံးထုတ်ကာ ပြောပြနေခဲ့သည်။
ကျန်းချန်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကူဖုန်းအာကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ခပ်ပြုံးပြုံးဖြင့် စိတ်ရှည်လက်ရှည် နားထောင်ပေးနေခဲ့သည်။
ကျန်းချန်နှင့် ကူဖုန်းအာတို့၏ အလွန်တရာ ရင်းနှီးသော ပုံစံကို မြင်လိုက်ရလျှင် သူတို့ နောက်ကနေ လိုက်ပါလာသော ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင်နှစ်ပါး၏ မျက်နှာထက်၌ မနှစ်မြို့သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သို့သော်လည်း ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်ပြီး ယခုအခါတွင် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ သူမ၏ အဆင့်အတန်းသည် မျိုးနွယ်စုခေါင်းဆောင် အောက်တွင်သာ ရှိတော့သည်။
သူတို့အနေဖြင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ကူဖုန်းအာ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိကြသဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ထံသို့ အလျင်အမြန် သတင်းပို့ရုံသာ တတ်နိုင်ခဲ့ကြသည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်သည့်အလျောက် ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အလွန်ပင် ရေပန်းစား ကျော်ကြားသည်။
ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် သူမသည် ပကတိနတ်ဘုရား အဆင့်ကိုပင် မထိုးဖောက်ရသေးသည့် သာမန်ကောင်မလေး ဘဝကနေ နတ်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။
ဤကဲ့သို့သော ပါရမီမျိုးသည် ရှေးခေတ်ကာလမှာပင် ရှားပါးလှ၏။
ဆိုရလျှင် ကူဖုန်းအာ အနေဖြင့် အနာဂတ်တွင် မည်သည့်အဆင့်အထိ ရောက်ရှိသွားနိုင်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများသည် ကူဖုန်းအာက အနာဂတ်တွင် အနည်းဆုံး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်သည်ဟု ယုံကြည်နေခဲ့ကြသည်။
ကူဖုန်းအာ၏ ပါရမီနှင့် စင်ကြယ်သော သွေးမျိုးဆက်ဖြင့်သာဆိုလျှင် နတ်ဘုရင်အဆင့်ထက် ကျော်လွန်သော အုပ်စိုးသူအဆင့် ဖြစ်လာရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ကူဖုန်းအာ ကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်၏ လှုပ်ရှားမှုတိုင်းသည် ယေဘုယျအားဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတစ်ခုလုံး၏ စိတ်အာရုံများကို ဖမ်းစားထား၏။
သို့ဖြစ်ရာ ယခု ကူဖုန်းအာထံတွင် ရုတ်တရက် အစ်ကို တစ်ယောက် ပေါ်လာခဲ့ပြီး ကူဖုန်းအာနှင့်လည်း အလွန်တရာ ရင်းနှီးနေကြသည် ဖြစ်၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် မည်သူက ဂရုမပြုမိဘဲ နေနိုင်ပါအံ့နည်း။
“အဲဒီကောင်လေးက ဘယ်သူလဲ.. ဘယ်သူ့ကိုမှ အဖက်မလုပ်တဲ့ ငါတို့ နတ်ဘုရားမနဲ့ ဘာလို့ ဒီလောက်ထိ ရင်းနှီးနေရတာလဲ”
“ငါအခုလေးတင် စုံစမ်းကြည့်လိုက်တာ အဲဒီကောင်လေးက နတ်ဘုရားမရဲ့ အစ်ကိုတဲ့”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကလေးမလေး တစ်ယောက် ကဲ့သို့ ကျန်းချန်၏ လက်ကို ဆွဲကာ လျှောက်သွားနေသည့် ကူဖုန်းအာကို မြင်လျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ တပည့် အများအပြားသည် မျက်လုံးပြူးထွက်မတတ် အံ့ဩသွားခဲ့ကြသည်။
“နတ်ဘုရားမ ကိုယ်တိုင် အပြင်ဘက်ထိ သွားကြိုပြီး မျိုးနွယ်စုထဲကို ခေါ်လာတယ်လို့ သိရတယ်”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်တစ်ဦးက ရှင်းပြလိုက်သည်။
“ဒီလူက နတ်ဘုရားမရဲ့ အစ်ကို တကယ်သာဆိုရင် သူ့ဆီမှာလည်း နတ်ဘုရားမလိုပဲ.. ထူးခြားတဲ့ သွေးမျိုးဆက်ရှိနေမယ်ထင်တယ်”
ထိုစကားကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်အများအပြားသည် အံ့ဩ တုန်လှုပ်သွားခဲ့ကြသည်။
လှပသော အမျိုးသမီး တပည့်အချို့သည် မျက်လုံးများ အရောင်တောက်သွားခဲ့ကြပြီး စိတ်ကူးယဥ်မှုများ စတင်ခဲ့ကြသည်။
ကူဖုန်းအာ၏ သွေးမျိုးဆက်က မည်မျှအထိ စင်ကြယ်မှန်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များသည် အလွန်ပင် ရှင်းရှင်းလင်းလင်း သိထားကြသည်။
ထိုကောင်လေးသာ နတ်ဘုရားမ၏ အစ်ကို အမှန်တကယ်ဆိုလျှင် ထိုကောင်လေး၏ သွေးမျိုးဆက်သည် ကူဖုန်းအာနှင့် မယှဥ်နိုင်လျှင်ပင် များစွာ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အကယ်၍သာ ထိုကောင်လေးနှင့် ပေါင်းဖက်ခွင့်ရမည်ဆိုလျှင် သူမတို့ အတွက် အိပ်မက်တစ်ခုပင် မဟုတ်ပါလား။
“ဟားဟား မင်းတို့ စိတ်ပျက်ရတော့မယ်ထင်တယ်.. အဲဒီကောင်လေးရဲ့ နာမည်က ကျန်းချန်လို့ သိရတယ်.. သူက နတ်ဘုရားမရဲ့အစ်ကို ဆိုပေမဲ့လည်း သွေးသားတော်စပ်မှုတော့ မရှိဘူး”
ထိုအခိုက်အတန့်တွင် တပည့်တစ်ယောက်သည် အဓိပ္ပါယ်ပါပါပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် အမျိုးသားတပည့် အများအပြား၏ မျက်နှာများသည် အနည်းငယ် ပျက်ယွင်းသွားခဲ့ကြသည်။
သွေးသားတော်စပ်မှု မရှိခြင်းသည် ကျန်းချန်နှင့် ကူဖုန်းအာတို့ ပေါင်းဖက်နိုင်သည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
ယခု ကူဖုန်းအာက ကျန်းချန်အပေါ် ပြသနေသော ရင်းနှီးမှုဖြင့်သာဆိုလျှင် ကျန်းချန်သည် ကူဖုန်းအာကို ချစ်ကြိုက်များသူနှင့် ရည်မှန်းချက်ကြီးမားသူများ အတွက် ရန်သူတစ်ယောက်ဖြစ်လာပေတော့မည်။
“ဘယ်လိုဖြစ်ပြီး လမ်းဘေးခွေးအဆင့်က ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမရဲ့ အစ်ကို လာလုပ်နေရတာလဲ”
“အမှန်ပဲ.. အဲဒီကောင်က နတ်ဘုရားမရဲ့အစ်ကို ဖြစ်ဖို့ ဘယ်နေရာမှာ ထိုက်တန်နေလို့လဲ”
“နတ်ဘုရားမရဲ့အစ်ကို ဖြစ်ချင်ရင် အနည်းဆုံးတော့ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲမှာ ထိပ်ဆုံးဆယ်ယောက်စာရင်းတော့ ဝင်သင့်တယ် မဟုတ်လား”
“........”
“ဟုတ်ပါ့.. မျိုးနွယ်စုခေါင်းဆောင် ဆီကို အားလုံး အတူတူသွားပြီး အဲဒီကောင်ကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထဲကနေ နှင်ထုတ်ခိုင်းကြရအောင်”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့် အများအပြားသည် ချက်ချင်းဆိုသလိုပင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ကျန်းချန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အမျိုးသားတပည့်အားလုံး၏ ရန်သူ ဖြစ်လာခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များ ဒေါသထွက်နေသော အချိန်တွင် ကျန်းချန်သည် ကူဖုန်းအာ၏ ဦးဆောင်မှုဖြင့် သူမ နေထိုင်သည့် ဖုန်းမင်တောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။
ကျန့်ဖုန်း ခန်းမသည် ဖုန်းမင်တောင်ထိပ်တွင် တည်ရှိပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ကူဖုန်းအာ အတွက် အထူး တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
ကျန့်ဖုန်းခန်းမသည် မီတာတစ်ရာခန့် မြင့်မားပြီး ကြီးမားသော တိုင်ကြီး သုံးဆယ့်ခြောက်တိုင်ဖြင့် ထောက်ကန်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
ကျန့်ဖုန်းခန်းမတွင် အစေခံများနှင့် အစောင့်အကြပ်များစွာ ရှိပြီး အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်သည် နယ်မြေနတ်ဘုရားအဆင့် ဖြစ်သည်။
တိုင်တစ်တိုင်စီသည် အနည်းဆုံး လူဆယ်ဂဏန်းခန့် ပွေ့ဖက်ရလောက်သည်အထိ ကြီးမားပြီး တိုင်ပေါ်တွင်လည်း မရေမတွက်နိုင်သော ဖီးနစ်ငှက် ရုပ်ပုံများကို ထွင်းထုထားသည်။
ထို့အပြင် ကျန့်ဖုန်းခန်းမ တစ်ခုလုံးကို အားကောင်းသော ဝိညာဥ်စုစည်းခြင်း အစီအရင်ဖြင့် ဝန်းရံထား၍ ကျန်းဖုန့်ခန်းမသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုစည်းပေးနိုင်စွမ်း ရှိသည်။
ထို့အပြင် ကျန့်ဖုန်ခန်းမ အတွင်းရှိ ကောင်းကင်နှင့်မြေကြီးစွမ်းအားများသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ သာမန် တောင်ထိပ်များထက် ဆယ်ဆမျှ ပိုမို သိပ်သည်းနေသည်ဟု ကျန်းချန် ခံစားလိုက်ရ၏။
ဤနေရာတွင် သာမန် ပါရမီသာရှိသည့် လူတစ်ဦး ကျင့်ကြံလျှင်ပင် နယ်မြေနတ်ဘုရား အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်ဖြစ်သည်။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ဒီကောင်မလေးကို တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံကြတာပဲ”
ကျန်းချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ကူဖုန်းအာသည် နတ်ကုန်းမြေတိုက်တွင် အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များ အနက် တစ်ခု ဖြစ်သည့် ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။
ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့သည့် ရှေးခေတ်ကာလမှာပင် သူမ၏ သွေးမျိုးဆက် ပါရမီသည် အမြင့်ဆုံး စာရင်းတွင် ပါဝင်သည်။
ထို့ကြောင့်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် သူမကို ပျိုးထောင်ရန် အတွက် အစွမ်းကုန် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
“အစ်ကိုကျန်းချန့်.. ကျန့်ဖုန်းခန်းမဆောင်မှာ ခဏစောင့်နေပါ.. အစ်မချင်းရွှယ် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီ ရောက်လာတာနဲ့ ကျွန်မ ဆက်သွယ်လိုက်မယ်.. အကယ်၍ အစ်မချင်းရွှယ် ရောက်မလာရင်လည်း ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုရဲ့ ပွဲတော်ပြီးတာနဲ့ ကျွန်မတို့ အတူတူ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို သွားပြီး အစ်မချင်းရွှယ်ကို သွားတွေ့ကြတာပေါ့”
ကူဖုန်းအာက ကျန်းချန်ကို ချိုသာစွာပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ ဖုန်းအာ.. ငါ ဒီကပဲ စောင့်နေမယ်”
ကျန်းချန်က ကူဖုန်းအာ၏ အစီအစဥ်ကို ချက်ချင်းဆိုသလိုပင် သဘောတူလိုက်ပြီး ကျန့်ဖုန်းခန်းမဆောင်တွင် အခြေချ၍ နေထိုင်လိုက်သည်။
အခန်း(၂၁၉၃)ပြီး၏။
အခန်း(၂၁၉၄)
ဖုန်းမင်တောင်သည် ပေတစ်သောင်းခန့် မြင့်မားပြီး မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသည်။
တောင်တန်းတစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီးကို ထောက်ကန်ထားသော မွန်းစတားတစ်ကောင်နှင့် ဆင်တူပြီး ကောင်းကင်နှင့်မြေကြီး၏ သိပ်သည်းသော စွမ်းအင်များသည် နဂါးနှင့် ဖီးနစ်များ ကဲ့သို့ ကောင်းကင်ယံတွင် ပျံဝဲနေကြသည်။
ဖုန်းမင်တောင်ထိပ်သည် နတ်ဘုရားမ ကူဖုန်းအာ၏ နေအိမ်ဖြစ်သည်နှင့် အညီ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ မြင့်မြတ်သောနယ်မြေ အဖြစ် သတ်မှတ်ခံထားရသည်။
သို့သော်လည်း သိပ်မကြာခင်ကစ၍ ဖုန်းမင်တောင်ထိပ်၏ အပြင်ဘက်သည် ယခင်ထက် ပိုမိုစည်ကားလာခဲ့သည်။
သာမန် ရက်များတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များသည် ဖုန်းမင်တောင်ထိပ်သို့ လာရောက် နှောင့်ယှက်ခြင်းမျိုး မရှိသလောက်ပင်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ လူငယ်တပည့် အများအပြားသည် နေ့စဥ်နှင့်အမျှ ဖုန်းမင်တောင်ထိပ် အပြင်ဘက်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။
ထိုရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ လူငယ် တပည့်များသည် အလွန်တရာပင် အစွမ်းထက်ပြီး ထိုအထဲတွင် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်များစွာလည်း ပါဝင်၏။
ဖုန်းမင်တောင်ထိပ်၏ အပြင်ဘက်သို့ ၎င်းတို့ လာရောက်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဖုန်းမင်တောင်ထိပ်ကနေ ကျန်းချန် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းရန်အတွက် ဖြစ်သည်။
မကြာသေးမီကစ၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ကူဖုန်းအာ ထံတွင် သွေးသားမတော်စပ်သည့် အစ်ကိုတစ်ဦး ရှိနေခဲ့ပြီး ထိုလူက ဖုန်းမင်တောင်ထိပ်တွင် နေထိုင်နေသည် ဟူသော သတင်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကြားတွင် ပျံ့နှံ့နေခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ လူငယ်ပါရမီရှင်များသည် ကျန်းချန်ကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ ဒေါသထွက်နေခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။
သူတို့ နတ်ဘုရားမ၏ အစ်ကို ဖြစ်သည့် ကျန်းချန်ဟု ခေါ်သော ထိုလူထံတွင် မည်သို့သော အရည်အချင်းများရှိမှန်း သူတို့သိချင်နေခဲ့သည်။
အကယ်၍ သူတို့သာ ဖုန်းမင်တောင်ထိပ်သို့ ဝင်ရောက်ခွင့်ရမည်ဆိုလျှင် အတွင်းသို့ ဝင်ရောက်၍ ကျန်းချန်ကို ရှာဖွေကာ ပြဿနာရှာကြမည် ဖြစ်သည်။
ထိုအခြေအနေကို ကူဖုန်းအာ၏ ဘေးကင်းရေးအား စောင့်ကြပ်ပေးနေကြသည့် နတ်ဘုရင် နှစ်ပါးသည် ကောင်းစွာ သိရှိခဲ့ကြသည်။
သို့သော် သူတို့ ကိုယ်တိုင်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များက ကျန်းချန်ကို ပြဿနာရှာရန် မျှော်လင့်ထားခဲ့ကြသည်။
ထို့ကြောင့် ဖုန်းမင်တောင်ထိပ်၏ အပြင်ဘက်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များ လမ်းသလားနေသည်ကို မမြင်ချင်ယောင် ဆောင်နေခဲ့ကြ၏။
ထိုသို့မဟုတ်ဘဲ သာမန် အခြေအနေများသာ ဆိုလျှင် ဖုန်းမင်တောင်ထိပ်သို့ လာရဲသည့် ဤတပည့်များကို သူတို့ မောင်းထုတ်ပစ်လိုက်သည်မှာ ကြာပြီ ဖြစ်သည်။
“စီနီယာအစ်ကိုဖုန်းလဲ့.. အဲဒီကောင်က ဖုန်းမင်တောင်ထိပ်ထဲမှာ ပုန်းနေတာ ဆိုတော့ ဒီလိုပဲ အမြဲတစေ စောင့်နေဖို့ဆိုတာ နည်းလမ်းတော့ သိပ်မကျဘူး”
ဖုန်းမင်တောင် အပြင်ဘက်ရှိ ကောင်းကင်ယံတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်တစ်ဒါဇင်သည် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
တပည့်တစ်ဦးသည် ရှေ့ဆုံးမှ ဦးဆောင်နေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ပြောလိုက်၏။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဖုန်းလဲ့ ဖြစ်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နာမည်ကျော် ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်။
သူ၏ ကိုယ်ခံပညာပါရမီသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ လူငယ်မျိုးဆက်ထဲတွင် ထိပ်ဆုံသုံးယောက် စာရင်းဝင်ရန် လုံလောက်သည်။
“စိတ်မပူပါနဲ့.. သူဘယ်လိုမှ ထွက်ပြေးလို့မရပါဘူး”
ဖုန်းလဲ့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ကျန်းချန်ဟု ခေါ်သော ထိုလူက အပြင်မထွက်ခဲ့လျှင် သူက ထိုလူကို အပြင်ထွက်လာအောင် ကြံစည်ရလိမ့်မည် မဟုတ်ပါလော။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ အစ်ကို ဆိုသည်မှာ လမ်းဘေးခွေးနှင့် ကြောင်များ လုပ်လို့ရသည့်အရာ မဟုတ်ကြောင်း ထိုကောင်လေး သိအောင် သင်ခန်းစာပေးရပေမည်။
ဖုန်းမင်တောင်ထိပ် အတွင်းရှိ ကျန်းချန်သည် အပြင်ဘက်မှ ကိစ္စများကို မသိရှိခဲ့ပေ။
ယနေ့တွင် ကူဖုန်းအာသည် ကျန်းချန်နှင့် ဖုန်းမင်တောင်ထိပ်ရှိ ကြီးမားသော ရေတံခွန်တစ်ခုအောက်တွင် ဆော့ကစားနေခဲ့သည်။
ထိုရေတံခွန်သည် ဖုန်းမင်တောင်ထိပ်၏ အပေါ်ဆုံးကနေ စီးကျလာခြင်းဖြစ်ပြီး အမြင့်ပေ သောင်းချီကာ အကျယ်မှာ ပေရာဂဏန်းအထိ ရှိ၏။
အဝေးကနေ ကြည့်လျှင် ထိုရေတံခွန်သည် ကောင်းကင်ဘုံကနေ စီးကျလာသော ကြယ်တာရာမြစ်ကြီး ကဲ့သို့ပင် ထင်မှတ်ရသည်။
ကူဖုန်းအာက ဖုန်းမင်ခန်းမမှ အစေခံများကို ရေတံခွန်ရှေ့ရှိ မဏ္ဍပ်တွင် စိတ်ဝိညာဥ် လက်ဖက်ရည်နှင့် စိတ်ဝိညာဥ်သစ်သီးများကို ပြင်ဆင်ခိုင်းထားသည်။
သူမ ပြင်ဆင်ခိုင်းထားသော အစားအသောက် အားလုံးသည် ရှားပါးသော ရတနာများ ဖြစ်ကြသည်။
ထိုအစားအသောက်များသည် နယ်မြေနတ်ဘုရားများကိုပင် တိုက်ပွဲဖြစ်စေနိုင်သည် အထိ ရှားပါးသော အဖိုးတန်အစားအသောက်များ ဖြစ်ကြသည်။
မဏ္ဍပ်အတွင်း၌ ကျန်းချန်နှင့် ကူဖုန်းအာ တို့အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့လည်း ရှိနေခဲ့ပြီး ထိုနှစ်ဦးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကူဖုန်းအာ၏ သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။
အမျိုးသားမှာ ဖုန်းကျော့ ဖြစ်ပြီး ရိုးသားဖြောင့်မတ်သောပုံစံ ရှိကာ အေးစက်စက် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။
ကူဖုန်းအာ၏ အဆိုအရ ဖုန်းကျော့သည် အပြင်ပန်းကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း သိုင်းပညာပါရမီ အလွန်တရာ ထူးကဲပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ လူငယ်မျိုးဆက်ထဲတွင် ထိပ်ဆုံးငါးဦးစာရင်းဝင် တစ်ဦးဖြစ်သည်။
“ဒီလူက ဘယ်ဆိုးလို့လဲ”
ဖုန်းကျော့ကို တစ်ခဏမျှ လေ့လာပြီးနောက်တွင် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းညိတ်မိလိုက်သည်။
သူ၏ လက်ရှိ မြင်နိုင်စွမ်းအရ ဖုန်းကျော့၏ ထူးခြားမှုကို သဘာဝကျစွာပင် မြင်နိုင်ခဲ့သည်။
ဤလူသည် အပြင်ပန်းကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း သွေးမျိုးဆက် ပါရမီကမူ အလွန်တရာပင် ထူးခြားလှ၏။
ထို့အပြင် ခိုင်ကြည်သော စိတ်ဓာတ်နှင့် ဖြူစင်သော နှလုံးသားရှိသူ ဖြစ်ရာ ကူဖုန်းအာ၏ သူငယ်ချင်း ဖြစ်လာသည်မှာ အံ့ဩစရာ မရှိပေ။
ဖုန်းကျော့အပြင် ဖုန်းချန်းချန်း အမည်ရှိ အမျိုးသမီးတစ်ဦးလည်း ရှိပြီး သူမသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် အကြီးအကဲ တစ်ဦး၏ မျိုးဆက် ဖြစ်သည်။
ကူဖုန်းအာနှင့် ဖုန်းကျော့တို့၏ ဖြူစင်မှုနှင့် နှိုင်းယှဥ်လျှင် ဖုန်းချန်းချန်းသည် သိသိသာသာပင် ပို၍ ရင့်ကျက်သည်။
သူမက သဘာဝဆန်စွာ ချောမောလှပသော မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။
သူမ၏ မျက်နှာသည် အတော်လေးဆွဲဆောင်မှု ရှိပြီး နှုတ်ခမ်းများသည် မီးပွင့်မတတ် နီရဲကာ မျက်ဝန်းများသည် အလွန်ပင် ညှို့ဓာတ် ပြင်းလှသည်။
သူ၏ မြင်နိုင်စွမ်းအရ ဖုန်းချန်းချန်းသည် ကူဖုန်းအာနှင့် ဖုန်းကျော့တို့လောက် စိတ်ထားမဖြူစင်ပေ။
သို့သော်လည်း ကျန်းချန် အနေဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။
ထိုမိန်းကလေးက ကူဖုန်းအာကို သူငယ်ချင်း အစစ်အမှန်အဖြစ် ဆက်ဆံသရွေ့ ကိစ္စမရှိပေ။
အကယ်၍ သူမသာ ကူဖုန်းအာ အပေါ်တွင် တစ်စုံတစ်ရာအကောက်ကြံရဲလျှင် သူ့အနေဖြင့် သူမကို ကြီးလေးသောအဖိုးအခအား သေချာပေါက် ပေးဆပ်စေမည် ဖြစ်သည်။
“ညီမလေးဖုန်းအာ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်က နောက်ရက်အနည်းငယ် အတွင်း ကျင်းပတော့မယ်.. ဒီရက်တွေမှာ ညီမလေးက ဖုန်းမင်တောင်ထိပ်မှာပဲ ဆက်နေဖို့ စီစဥ်ထားတာလား”
ကျန်းချန်နှင့်အတူ ရှိနေသည့် ကူဖုန်းအာကို ကြည့်ကာ ဖုန်းချန်းချန်းက ပြုံး၍ မေးလိုက်သည်။
ကူဖုန်းအာက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ငါ အစ်ကိုကျန်းချန်နဲ့ပဲ အတူရှိချင်တယ်.. ဘာပြဿနာရှိလို့လဲ”
“ညီမလေးဖုန်းအာ.. ညီမလေးက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ ဆိုတာ မမေ့ပါနဲ့.. ဒီပွဲတော်က ညီမလေးအတွက် အထူးတလည် ကျင်းပပေးတာ ဆိုတော့ ဖုန်းမင်တောင်ထိပ်မှာပဲ ဘယ်လိုလုပ်ပြီး အမြဲနေလို့ရမှာလဲ”
ဖုန်းချန်းချန်းက ခေါင်းခါရမ်းလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ကူဖုန်းအာကို ကြည့်ကာ ပြောလိုက်သည်။
“ဒီညမှာ ဖုန်းလဲ့က အင်အားကြီး အဖွဲ့အစည်းတွေက လူငယ်ပါရမီရှင်တွေကို ဖိတ်ခေါ်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထဲမှာ တွေ့ဆုံပွဲလေး တစ်ပွဲ ကျင်းပဖို့ စီစဥ်ထားတယ်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ တစ်ဦးအနေနဲ့ ညီမလေး သေချာပေါက် တက်ရောက်သင့်တယ်”
ထိုစကားကိုကြားလျှင် ကူဖုန်းအာသည် တစ်ခဏမျှ စဥ်းစားလိုက်သည်။
“အစ်ကိုကျန်းချန်.. အစ်ကို ဖုန်းမင်တောင်ထိပ်မှာပဲနေခဲ့ပါလား.. တွေ့ဆုံပွဲပြီးမှပဲ ကျွန်မ ပြန်လာခဲ့မယ်”
ကူဖုန်းအာက စိတ်နှလုံးဖြူစင်သော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ လူများသည် ကျန်းချန်ရောက်ရှိလာသည်ကို မကြိုဆိုကြသလို ကျန်းချန်ကို သူမ၏အစ်ကို အဖြစ်လည်း မသတ်မှတ်ချင်ကြသည်အား သူမ ကောင်းစွာ သိရှိထားခဲ့သည်။
ဤရက်ပိုင်းအတွင် ကျန်းချန်ကို ဖုန်းမင်တောင်ထိပ်တွင်သာ နေထိုင်စေခြင်းသည် မလိုလားအပ်သော ပြဿနာများကို မဖြစ်စေချင်သောကြောင့်ပင်။
“ညီမလေးဖုန်းအာ.. ညီမလေးက ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမပဲ.. ကျန်းချန်က ညီမလေးရဲ့အစ်ကိုဆိုမှတော့ သူ့ရဲ့ ပါရမီကလည်း ညီမလေးထက် သိပ်ပြီးတော့နိမ့်ကျမှာ မဟုတ်လောက်ပါဘူး”
ဖုန်းချန်းချန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အားလုံးက ညီမလေးရဲ့ အစ်ကိုနဲ့ ရင်းနှီးချင်နေကြတာလေ.. ဘယ်လိုလုပ်ပြီး သူ့ကို ချန်ထားလို့ ဖြစ်ပါ့မလဲ”
“ဒါက..”
ကူဖုန်းအာက အနည်းငယ် တွေဝေသွားခဲ့ပြီး ကျန်းချန်ကို ကြည့်လိုက်သည်။
“အဆင်ပြေပါတယ်.. ငါမင်းနဲ့အတူ လိုက်ခဲ့မယ်”
ကျန်းချန်က ဖုန်းချန်းချန်းကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ကူဖုန်းအာ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်။
“ဖုန်းအာ.. မင်းရဲ့အစ်ကိုဖြစ်တဲ့ ငါလည်း အလယ်ပိုင်းနယ်မြေက ပါရမီရှင်တွေကို တွေ့ချင်နေတာနဲ့ အတော်ပဲ”
ဤအခိုက်အတန့်တွင် ကျန်းချန်သည် ဖုန်းချန်းချန်း ထံတွင် မရိုးသားသော ရည်ရွယ်ချက်တချို့ ရှိနေမှန်း စဥ်းစားနေစရာပင် မလိုဘဲ သိလိုက်သည်။
သို့ရာတွင် ဖုန်းချန်းချန်း ထံ၌ ကောင်းမွန်သော ရည်ရွယ်ချက် မရှိသည်ကို သိသော်လည်း ကျန်းချန်သည် သိပ်ဂရုမစိုက်ခဲ့ပေ။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နံပါတစ် ပါရမီရှင် ဖြစ်ပြီး လူငယ်မျိုးဆက်များကြားတွင် နာမည်ကျော်ကြားသော လုံကျိုးဟန် ကဲ့သို့သော သူများပင် သူ့အတွက် အန္တရာယ်ပေးနိုင်တော့မည် မဟုတ်ပေ။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ လူငယ်လေးများက သူ့ကို ဒုက္ခပေးရန် မည်ကဲ့သို့ စီစဥ်ထားသည်ကို သူအမှန်တကယ် သိချင်နေမိသည်။
အခန်း(၂၁၉၄)ပြီး၏။