အခန်း (၂၁၉၅-၂၁၉၆)
Vol. 160 Ch. 2195-2196
အခန်း(၂၁၉၅)
လဲ့ယန်တောင်ထိပ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နာမည်ကျော်တပည့် ဖြစ်သူ ဖုန်းလဲ့၏ နေအိမ် ဖြစ်သည်။
လဲ့ယန်တောင်ထိပ်သည် ကူဖုန်းအာ၏ ဖုန်းမင်တောင်ထိပ်နှင့် မယှဥ်နိုင်သော်လည်း များစွာ ကွာခြားမှုမရှိပေ။
ဤနေရာတစ်ခုလုံးတွင် သိပ်သည်းသော ဝိညာဥ်မြူခိုးများ ရှိနေ၍ လဲ့ယန်တောင်ထိပ် တစ်ခုလုံးသည် နတ်ဘုံကဲ့သို့ပင် ဖြစ်နေခဲ့သည်။
လက်ရှိအချိန်တွင် လဲ့ယန်တောင်ထိပ်၌ ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် လူငယ်အများအပြား ရှိနေခဲ့၏။
ထိုလူငယ်တစ်ဦးချင်းစီသည် အလယ်ပိုင်းဒေသရှိ နတ်ဘုရင်အင်အားစုများမှ ပါရမီရှင် တပည့်များ ဖြစ်ကြသည်။
ယခု တွေ့ဆုံပွဲကို ဦးဆောင်ကျင်းပနေသူသည် တခြားသူ မဟုတ်ဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပါရမီရှင် ဖုန်းလဲ့ ဖြစ်သည်။
သူက အလယ်ပိုင်းဒေသရှိ လူငယ်ပါရမီရှင် စာရင်းတွင် အဆင့် ၈၁ နေရာ၌ ရှိသော ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးလည်း ဖြစ်သည်၏။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပါရမီရှင်စာရင်းတွင် တတိယနေရာ၌ ရှိသည့် ဖုန်းလဲ့သည် ကြယ်သုံးပွင့်ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီး နတ်ဘုရင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
အလယ်ပိုင်းဒေသပါရမီရှင်စာရင်းတွင် လူပေါင်း ၁၀၀ သာရှိပြီး အဆင့် ၈၁ သည် အတော်လေးနိမ့်သည်ဟု ထင်ရသော်လည်း လျှော့တွက်၍ မရပေ။
အကြောင်းရင်းမှာ အလယ်ပိုင်းဒေသသည် နတ်ကုန်းမြေတိုက်တစ်ခုလုံးတွင် အချက်အချာအကျဆုံးဒေသ ဖြစ်သောကြောင့်ပင်။
ဆိုရလျှင် အလယ်ပိုင်းဒေသသည် ကျယ်ပြောရုံတင်မက မရေမတွက်နိုင်သော နတ်ဘုရင် အင်အားစုများလည်း အခြေချနေကြပြီး နတ်ဘုရားနယ်မြေ၏ ကိုယ်ခံပညာ အထွန်းကားဆုံးနေရာလည်း ဖြစ်သည်။
ဤနေရာတွင် ပါရမီရှင်များသည် မိုးရေစက်များ ကဲ့သို့ပင် အလွန်တရာ များပြားလှ၏။
ထို့ကြောင့် အလယ်ပိုင်းဒေသ၏ ပါရမီရှင် စာရင်းတွင် ပါဝင်သူအားလုံးသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။
ဆိုရလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ နောက်ဆုံးအဆင့်တွင် ရှိသူပင်လျှင် နတ်ဘုရင် ပထမအဆင့်နှင့် ယှဥ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားကြ၏။
“မင်းတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမက ကမ္ဘာပေါ်မှာ အလှဆုံးလို့ ကြားဖူးထားတာကြာပြီ.. ဒီနေ့ သူမကို ဖိတ်ပြီး ငါတို့နဲ့ မိတ်ဆက်ပေးနိုင်မလား”
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မောက်မာသောမျက်နှာထားရှိသည့် လူငယ်တစ်ဦးသည် ခွက်ထဲမှ သေရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက်တွင် ဖုန်းလဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မိုရှင်း ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၇၆ နေရာတွင်ရှိကာ ဖုန်းလဲ့ထက် အဆင့်အနည်းငယ် ပိုမြင့်သည်။
မိုရှင်း၏ စကားကိုကြားလျှင် ဖုန်းလဲ့သည် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
“ညီနောင်မို.. ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ဖို့ နတ်ဘုရားမဆီ ငါ သတင်းပို့ထားပြီးပါပြီ.. ဒါပေမဲ့ မျှော်လင့်ချက် သိပ်မထားတာ ပိုကောင်းမယ်ထင်တယ်”
ထိုစကားကိုကြားလျှင် မိုရှင်းသည် မျက်ခုံးအနည်းငယ် မြင့်တက်သွားခဲ့သည်။
“ညီနောင်ဖုန်းလဲ့ရဲ့ စကားက ဘာကိုဆိုလိုတာလဲ”
ဖုန်းလဲ့၏ နံဘေးတွင် စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်နေသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဘာလဲညီနောင်ဖုန်းလဲ့.. မင်းတို့ နတ်ဘုရားမက ငါတို့ကို အထင်သေးနေတာလား”
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ဖုန်းလဲ့၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုစကားကို ပြောနေသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်ထံကနေ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ဖိအားများ သက်ရောက်စေခဲ့သည်။
လော့ဝူကျိသည် လော့နတ်ဘုရား မျိုးနွယ်စု၏ လက်ရှိနတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉နေရာ၌ ရှိကာ နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
ရှေးခေတ်ကာလက လော့နတ်ဘုရား မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ထိပ်တန်းမျိုးနွယ်စုတစ်စု ဖြစ်ခဲ့ပြီး သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထက် မနိမ့်ကျခဲ့ပေ။
လက်ရှိတွင် လော့နတ်ဘုရား မျိုးနွယ်စုသည် အတော်လေး ဆုတ်ယုတ်သွားသော်လည်း ပိန်နေသော ကုလားအုပ်သည် မြင်းထက်ကြီးသေးသည် ဟူသော စကားအတိုင်းရှိနေဆဲပင်။
ထို့အပြင် ယခုအခါ လော့နတ်ဘုရား မျိုးနွယ်စုတွင် လော့ဝူကျိကဲ့သို့ အစွမ်းထက် ပါရမီရှင်တစ်ဦး ရှိနေခဲ့ရာ ပြန်လည်ဦးမော့လာနိုင်မည့် အရိပ်အယောင်များ ရှိနေခဲ့ချေပြီ။
အလယ်ပိုင်းဒေသ၏ ထိပ်တန်း အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်သည့် လော့ဝူကျိ၏ စကားကိုကြားလျှင် ဖုန်းလဲ့သည် အနည်းငယ်မျှပင် လျစ်လျူမရှုရဲပေ။
“ညီနောင်လော့.. မင်းလည်း ဒီကိစ္စကို ကြားပြီးလောက်ပြီ ထင်ပါတယ်.. ငါတို့နတ်ဘုရားမဆီမှာ ရုတ်တရက် အစ်ကိုတစ်ယောက် ပေါ်ထွက်လာခဲ့တယ်.. သူတို့နှစ်ယောက်က ဘာသွေးသားတော်စပ်မှုမှ မရှိပေမဲ့ အတော်လေး ရင်းနှီးကြပြီး ငယ်ငယ်ကတည်းက အတူတူ နေလာခဲ့တယ်လို့ သိရတယ်.. သိပ်မကြာခင်ကစပြီး နတ်ဘုရားမက သူ့အစ်ကိုနဲ့အတူ ဖုန်းမင်တောင်ထိပ်မှာပဲ နေပြီး အပြင်ကို ခြေလှမ်း တစ်လှမ်းတောင် မထွက်ခဲ့ဘူး”
ထိုစကားကို ပြောလဲ့ပြီးနောက်တွင် ဖုန်းလဲ့သည် စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ ပြုံး၍ ဆက်ပြောလိုက်သည်။
“နတ်ဘုရားမရဲ့ အစ်ကိုက ပါရမီအတော်လေး ကောင်းတယ်ဟ.. သူက ကောင်းကင်အရှင်အဆင့်ကိုတောင် ရောက်နေပြီ ဆိုပဲ”
ဖုန်းလဲ့၏ တမင်တကာ လှောင်ပြောသော စကားကို ကြားလျှင် ပါရမီရှင် အားလုံးသည် နှုတ်ခမ်းများကို မဲ့ရွဲ့လိုက်ကြသည်။
ကောင်းကင်အရှင် အဆင့်တွင်လည်း အဆင့်အတန်း အမျိုးမျိုး ကွဲပြားသည်။
သူတို့အားလုံးသည် အလယ်ပိုင်းဒေသ၏ ပါရမီရှင် စာရင်းဝင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြရာ ကောင်းကင်အရှင် အဆင့်တွင် အစွမ်းအထက်ဆုံးသူများ ဖြစ်ကြ၏။
သို့ဖြစ်ရာ နာမည်မရှိသော သာမန် ကောင်းကင်အရှင် တစ်ယောက်ကို မည်ကဲ့သို့ မျက်စိထဲ ထည့်နိုင်ပါအံ့နည်း။
“ဟားဟား.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ အစ်ကိုက ဘယ်လောက်အထိ အရည်အချင်းရှိသလဲ ဆိုတာ ငါတကယ်ပဲ သိချင်မိတယ်”
လော့ဝူကျိက အေးစက်စက် ပြုံးလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
နတ်ကုန်းမြေတိုက်တွင် ကျင့်ကြံသူတစ်ဦး အတွက် သွေးမျိုးဆက် ပါရမီသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ အရေးကြီးသည်။
အထူးသဖြင့် ရှေးဟောင်း အမွေအနှစ်များ ရှိသည့် မျိုးနွယ်စုကြီးများသည် သွေးမျိုးဆက် ပါရမီကို အလွန်ပင် တန်ဖိုးထားကြ၏။
အကြောင်းရင်းမှာ သွေးမျိုးဆက် ပိုမို အားကောင်းလေလေ၊ ပါရမီ ပိုမို မြင့်မားလေလေ ဖြစ်သောကြောင့်ပင်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ကူဖုန်းအာထံတွင် အနှိုင်းမဲ့သွေးမျိုးဆက် ပါရမီရှိသည်။
ထို့ကြောင့် သူမနှင့် ပေါင်းဖက်ရန်သည် အလယ်ပိုင်းဒေသရှိ ထိပ်တန်း ပြိုင်ဘက်ကင်းပါရမီရှင်တိုင်း အတွက် အိပ်မက်တစ်ခု ဆိုလည်းမမှားပေ။
အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉နေရာ၌ ရှိသော လော့ဝူကျိ သည်လည်း သဘာဝကျစွာပင် ခြွင်းချက်မဟုတ်ပေ။
ဖုန်းလဲ့က တစ်စုံတစ်ရာကို အလျင်အမြန်ပင် အာရုံခံမိလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“အားလုံးပဲ.. ငါတို့နတ်ဘုရားမ ကြွလာပါပြီ”
လူတိုင်းက စကားပြောဆိုနေကြစဥ်မှာပင် လဲ့ယန်တောင်ထိပ်၏ တောင်ဘက်လမ်းပေါ်တွင် ရုတ်တရက် ခြေသံများကို ကြားလိုက်ရသည်။
ဖုန်းလဲ့၏ စကားအဆုံးမှာပင် လူတိုင်းသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့ကြပြီး တောင်ထိပ်အဝင်ဝ ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် ပုံရိပ်လေးခု ရှိနေခဲ့ပြီး ယင်းမှာ ကူဖုန်းအာနှင့် သူမ၏ သူငယ်ချင်းများ ဖြစ်သည်။
ကူဖုန်းအာ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားခဲ့သည်။
သူမက အနှိုင်းမဲ့ ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး မည်သူမျှ မစော်ကားရဲသည့် မြင့်မြတ်သော အရှိန်အဝါများသည် သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေခဲ့သည်။
သူမကို ကြည့်ရသည်မှာ ကောင်းကင်ဘုံမှ နတ်ဘုရားမ တစ်ဦးနှင့်ပင် ဆင်တူလှ၏။
အလယ်ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင် လဲ့ဝူကျိပင်လျှင် ကူဖုန်းအာနှင့် ရင်ဆိုင်ရသည့်အခါတွင် အနည်းငယ် ရှိန်နေသလို ခံစားလိုက်ရသည်။
“နတ်ဘုရားမ ရောက်လာပြီပဲ ထိုင်ပါဦး ကျွန်တော်အဓိကအင်အားစုတွေက ပါရမီရှင်တပည့်တွေနဲ့ မိတ်ဆက်ပေးပါ့မယ်”
ကူဖုန်းအာ ရောက်လာသည်ကိုမြင်လျှင် ဖုန်းလဲ့သည် ပြုံး၍ ထရပ်ကာ ကြိုဆိုလိုက်သည်။
ကူဖုန်းအာက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းချန်ကို ခေါ်ကာ နေရာတစ်ခုရှာဖွေ၍ ထိုင်လိုက်သည်။
“နတ်ဘုရားမဖုန်းအာ.. ဒီနေ့က အလယ်ပိုင်းဒေသက ပါရမီရှင်တွေရဲ့ တွေ့ဆုံပွဲပါ.. ဒီမှာ ရှိနေတဲ့သူ အားလုံးကလည်း နတ်ဘုရင်အင်အားစုက ပါရမီရှင် တပည့်တွေချည်းပါပဲ.. နတ်ဘုရားမ ဖုန်းအာ ခေါ်လာတဲ့မိတ်ဆွေက ဘယ်အင်အားစုက ပါရမီရှင်လဲ ဆိုတာ သိပါရစေ”
လော့ဝူကျိက ကျန်းချန်ကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီး အေးစက်သောအသံဖြင့် ကူဖုန်းအာကို မေးလိုက်သည်။
“ကျွန်မအစ်ကိုက ဘယ်အင်အားစုကပဲလာလာ ရှင်နဲ့ ဘာမှမဆိုင်ဘူး”
ကူဖုန်းအာက လော့ဝူကျိကို ကြည့်ရန်ပင် စိတ်မဝင်စားဘဲ ဖုန်းလဲ့ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဖုန်းလဲ့.. ငါ့အစ်ကိုကို လဲ့ယန်တောင်ထိပ်ဆီ ခေါ်လာတာ ရှင့်မှာ ကန့်ကွက်စရာရှိလား.. တကယ်လို့ ကန့်ကွက်မယ်ဆိုရင် ငါအခုပဲ ပြန်တော့မယ်”
“ကန့်ကွက်စရာမရှိပါဘူး နတ်ဘုရားမ.. ကျွန်တော့်ရဲ့ လဲ့ယန်တောင်ထိပ်က နတ်ဘုရားမကို အမြဲတမ်း ကြိုဆိုပါတယ်”
ဖုန်းလဲ့က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ လောဝူကျိ ပြောတာလည်း မှားတော့မမှားဘူး.. နတ်ဘုရားမရဲ့ အစ်ကိုက ဒီနေရာကို လာဖို့ တကယ်ပဲ မသင့်တော်ဘူး.. ကျွန်တော့်အထင်တော့ သူ့ကို ထွက်သွားခိုင်းလိုက်တာ ကောင်းမယ် ထင်တယ်”
အခန်း(၂၁၉၅)ပြီး၏။
အခန်း(၂၁၉၆)
ကူဖုန်းအာက မျက်ခုံးများ ပင့်တက်သွားခဲ့ပြီး ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်လည်း သူမ၏ နုနယ်သော ပခုံးပေါ်သို့ လက်ဖဝါးတစ်ခုက ညင်သာစွာ ဖိနှိပ်လိုက်သည်။
“ဖုန်းအာ.. ဒီကိစ္စကို အစ်ကိုကိုယ်တိုင်ပဲ ဖြေရှင်းပါရစေ”
ကျန်းချန်က ကူဖုန်းအာကို တားဆီးလိုက်ပြီးနောက်တွင် ပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကူဖုန်းအာသည် အနည်းငယ် တွေဝေသွားခဲ့သည်။
ကျန်းချန်က ကောင်းကင်အရှင်အဆင့်သာ ရှိသေးမှန်း ကူဖုန်းအာ ကောင်းစွာသိသည်။
ဤနေရာတွင် ရောက်နေသူများထဲတွင် အားအနည်းဆုံးသူပင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့် ရှိ၏။
ထို့အပြင် လဲ့ယန်တောင်ထိပ်ပေါ်တွင် စုဝေးနေကြသော လူငယ်ပါရမီရှင်များသည် အလယ်ပိုင်းဒေသရှိ နတ်ဘုရင်အင်အားစုများမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် ကျန်းချန်အနေဖြင့် ဤအခြေအနေကို ရင်ဆိုင်နိုင်ပါ့မလားဟု ကူဖုန်းအာ သဘာဝကျစွာပင် စိုးရိမ်နေမိသည်။
အသန်မာဆုံးဖြစ်သည့် လော့ဝူကျိ ဆိုလျှင် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ကာ နတ်ဘုရင်တတိယ အဆင့်သို့ တစ်ထိုင်တည်း ရောက်ရှိလာခဲ့သူ ဖြစ်၏။
“စိတ်မပူပါနဲ့.. မင်းရဲ့အစ်ကိုကျန်းချန်က မင်းထင်သလောက် အားမနည်းပါဘူး.. ဒီကောင်တွေက အစ်ကို့ကို အခက်တွေ့အောင် လုပ်ချင်နေကြပေမဲ့ သူတို့မှာ အဲဒီလောက်အထိ အရည်အချင်း မရှိသေးပါဘူး”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
သူက အရက်ခွက်ကို တစ်ငုံသောက်လိုက်ပြီးနောက်တွင် မတ်တတ်ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ဒီနေရာမှာ ထိုင်နေတာကို မင်းတို့က မကျေနပ်တာလား.. တကယ်တမ်း ပြောရရင် ဖုန်းအာနဲ့သာ ပတ်သက်မှုမရှိရင် မင်းတို့တွေက ငါနဲ့ တစ်နေရာတည်းမှာ အတူထိုင်ဖို့ မထိုက်တန်ဘူး”
ကျန်းချန်၏ စကားကို ကြားလျှင် လူငယ်အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
အလယ်ပိုင်းဒေသ၏ ပါရမီရှင်များကို မျက်စိထဲမထည့်သကဲ့သို့ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ သူတို့ နားကြားမှားနေသလားဟုပင် သံသယဝင်ခဲ့ကြသည်။
သိထားရမည့်အချက်မှာ ဖုန်းလဲ့၏ ဖိတ်ကြားချက်အရ လဲ့ယန်တောင်ထိပ်ကို ရောက်လာကြသူ အားလုံးနီးပါးသည် အလယ်ပိုင်းဒေသရှိ နတ်ဘုရင် အင်အားစုကြီးများမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
ထိုအထဲတွင် အလယ်ပိုင်းဒေသ၏ ပါရမီရှင် စာရင်းတွင် အဆင့်၁၉ နေရာ၌ ရှိသည့် လော့ဝူကျိပင်လျှင် ပါဝင်၏။
ဤကဲ့သို့ အလယ်ပိုင်းဒေသ၏ လူငယ်ပါရမီရှင်များ ရှေ့တွင် ကျန်းချန်သည် ဤမျှအထိ လေလုံးထွားရဲပါသလော။
“ဒီကောင်က အရမ်းကို မောက်မာလွန်းတယ်”
လူအများအပြားက တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်များသည် ကရုဏာသက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။
ကျန်းချန်၏ စကားသည် ဤနေရာသို့ ရောက်ရှိနေသာ ပါရမီရှင်အားလုံးကို ရန်စလိုက်သကဲ့သို့ ဖြစ်နေခဲ့ပြီး ယင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သည်နှင့် မခြားပေ။
“နတ်ဘုရားမ.. အစ်ကိုကျန်းချန်နဲ့ ဒီက ပါရမီရှင်တွေကြားမှာ ပြဿနာ အကြီးအကျယ် တက်လာနိုင်တယ်.. ကျွန်တော့်အမြင်အရ အစ်ကိုကျန်းချန်ကို ဖုန်းမင်တောင်ထိပ်ဆီ ပြန်ခေါ်သွားတာ ပိုကောင်းလိမ့်မယ်”
ကျန်းချန်၏ စကားကြောင့် ပါရမီရှင် အားလုံး၏ မျက်နှာများ သုန်မှုန်လာသည်ကို မြင်လျှင် ဖုန်းကျော့သည် ကူဖုန်းအာကို အလျင်အမြန် ပြောလိုက်သည်။
“ဖုန်းအာ.. နင့်ရဲ့အစ်ကိုက ပြဿနာရှာတဲ့ နေရာမှာ ပေါ့သေးသေး မဟုတ်ဘူးပဲ.. ငါ့အမြင်အရ နောက်ဆို နင် သူ့ကို ဝေးဝေးကနေရှောင်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင်တော့ တစ်နေ့နေ့မှာ နင်ပါ ရောယောင် ဒုက္ခရောက်လိမ့်မယ်”
ဖုန်းချန်းချန်းက ကူဖုန်းအာကို ဖျောင်းဖျလိုက်သည်။
ထိုသို့ ဖျောင်းဖျနေရင်း သူမက ကူဖုန်းအာနံဘေးရှိ ကျန်းချန်ကို တစ်ချက် ကြည့်လိုက်သည်။
သူမ မျက်ဝန်းထဲတွင် အောင်နိုင်သူ တစ်ဦး၏ အမူအရာအနည်းငယ် ရှိနေခဲ့သည်။
“ဖုန်းချန်းချန်း.. အစ်ကိုကျန်းချန်က ငါ့အတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိသလဲ ဆိုတာ နင်သိမှာမဟုတ်ဘူး.. အစ်ကိုကျန်းချန်သာ မရှိရင် အခု ကူဖုန်းအာ ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး.. အစ်ကိုကျန်းချန် အတွက်သာဆိုရင် တစ်ကမ္ဘာလုံးကို ရန်သူအဖြစ် ရင်ဆိုင်ရမယ် ဆိုရင်လည်း ငါအဆင်သင့်ပဲ”
ကူဖုန်းအာက ဖုန်းချန်းချန်းကို စိတ်ပျက်စွာကြည့်၍ ပြောလိုက်သည်။
“ငါ့ကို နင်က တကယ်ပဲ ငတုံးလို့ ထင်နေတာလား.. နင့်ကို ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့မိတာ ငါ့ရဲ့အမှားပဲ.. နင် ဒီတစ်ခေါက် ငါ့ကို လုံးဝ စိတ်ပျက်အောင်လုပ်လိုက်တာပဲ”
ကူဖုန်းအာ၏ စိတ်ထဲတွင် ကျန်းချန်က မည်မျှအရေးကြီးသည်ကို မည်သူမျှ မသိပေ။
သူမက မည်သူ့ကိုမှ ကျန်းချန်အပေါ်တွင် ထိခိုက်အောင်လုပ်ခွင့် ပြုမည် မဟုတ်ပေ။
ထို့အပြင် ကူဖုန်းအာသည် စိတ်ထားဖြူစင်သော်လည်း ငတုံး မဟုတ်ချေ။
ဖုန်းချန်းချန်က ကျန်းချန်ကို လဲ့ယန်တောင်ထိပ်သို့ ခေါ်လာရန် အစွမ်းကုန် တိုက်တွန်းကတည်းကပင် မရိုးသားသော အကြံအစည် တစ်ခုခု ရှိနေနိုင်သည်ဟု သူမ ခံစားမိခဲ့သည်။
ကူဖုန်းအာ၏ စကားကိုကြားလျှင် ဖုန်းချန်းချန်းသည် မျက်နှာပျက်သွားခဲ့သည်။
“ဖုန်းအာ ငါက..”
“အပိုစကားတွေ ပြောမနေနဲ့တော့”
ကူဖုန်းအာက ခေါင်းခါရမ်းလိုက်ပြီး ဖုန်းချန်းချန်း၏ စကားကို ဖြတ်ပြောလိုက်သည်။
“ဖုန်းမင်တောင်ထိပ်ကို နင်နောက်တစ်ခါ လာဖို့မစဥ်းစားနဲ့.. ငါနင့်ကို လုံးဝမကြိုဆိုဘူး”
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန်သည် တိတ်တဆိတ်ခေါင်းညိတ်မိလိုက်သည်။
ဖုန်းချန်းချန်းကို စတွေ့ကတည်းကပင် ထိုမိန်းကလေးသည် အကြံအစည် များလွန်းပြီး သူငယ်ချင်းအဖြစ် ပေါင်းသင်းရန် မထိုက်တန်သူ ဖြစ်ကြောင်း သူ မှန်းဆမိခဲ့သည်။
ထိုကဲ့သို့ မိန်းကလေးက ကူဖုန်းအာ၏ နံဘေးတွင် ရှိနေခြင်းသည် ကူဖုန်းအာ အတွက်လည်း မကောင်းပေ။
ကူဖုန်းအာက ထိုစကားကို ပြောပြီးနောက်တွင် ဖုန်းချန်းချန်းကို လျစ်လျူရှုလိုက်ကာ ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“အစ်ကိုကျန်းချန် ဒီတွေ့ဆုံပွဲက စိတ်ညစ်စရာပဲ.. ညီမတို့ ဖုန်းမင်တောင်ထိပ်ကိုပဲ ပြန်ကြရအောင်”
“ဘာလဲ ညီမလေးက အစ်ကို့ကို မယုံလို့လား”
ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့အစ်ကိုကျန်းချန်က နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးဘူး ဆိုပေမဲ့ ဒီက ပါရမီရှင်လို့ခေါ်တဲ့သူတွေက ငါ့ရဲ့မျက်စိထဲမှာတော့ ဘာမှ မဟုတ်ပါဘူး”
ဤတစ်ကြိမ် ကျန်းချန်က ကူဖုန်းအာနှင့်အတူ လဲ့ယန်တောင်ထိပ်သို့ ရောက်လာခဲ့ခြင်းသည် အလယ်ပိုင်းဒေသ၏ စစ်မှန်သော ပြိုင်ဘက်ကင်းပါရမီရှင်များကို တွေ့ချင်သောကြောင့် ဖြစ်သည်။
သို့ရာတွင် ဤနေရာသို့ ရောက်လာသောအခါ အလယ်ပိုင်းဒေသ၏ အထွတ်အထိပ် ပါရမီရှင်များ တစ်ယောက်မှ ပေါ်မလာသည်ကို သူသိလိုက်ရသည်။
ဆိုရလျှင် ဤနေရာတွင်ရှိနေသော ပါရမီရှင်များထဲ၌ အစွမ်းအထက်ဆုံးမှာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိသော လော့ဝူကျိသာ ဖြစ်၏။
လော့ဝူကျိသည် ဤနေရာတွင် အစွမ်းအထက်ဆုံး ဖြစ်သော်လည်း သူ၏ အဆင့်သည် ကျီချန်းယဲ့နှင့် လုံကျိုးဟန်တို့နှင့် ယှဥ်လျှင် များစွာ နိမ့်ကျနေခဲ့သည်။
ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်သာဆိုလျှင် ကျီချန်းယဲ့နှင့်လုံကျိုးဟန် တို့ကိုပင် ဂရုစိုက်စရာ မလိုအပ်ရာ သူ့ရှေ့ရှိ လော့ဝူကျိကို မည်ကဲ့သို့ ဂရုစိုက်စရာ လိုအပ်ပါမည်နည်း။
“ကောင်းပြီလေ.. တကယ့်ကို လောကရဲ့အနိမ့်အမြင့်ကို နားမလည်တဲ့ ငမိုက်သား တစ်ယောက်ပဲ”
လော့ဝူကျိက ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။
ထိုခဏဝယ် လော့ဝူကျိ၏ ခန္ဓာကိုယ်ကနေ သားရဲတစ်ကောင်နိုးထလာသကဲ့သို့ အကန့်အသတ်မဲ့ လမ်းစဥ်အရှိန်အဝါများသည် လဲ့ယန်တောင်ထိပ်ရှိ ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့သည်။
သာမန် နယ်မြေနတ်ဘုရားအဆင့် အစေခံတချို့သည် ထိုဖိအားကို လုံးဝ ခံနိုင်ရည်မရှိဘဲ မျက်နှာများ ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ကြ၏။
ကောင်းကင်အရှင်အဆင့် ပါရမီရှင် တပည့်အများပင်လျှင် ထိုလမ်းစဥ်၏ ဖိအားအောက်တွင် အသက်ရှူရကြပ်သလို ခံစားလိုက်ရသည်။
“လော့ဝူကျိ.. ကြက်သတ်ဖို့အတွက် ဓားမကို သုံးစရာမလိုပါဘူး.. ဒီလို အထူအပါး နားမလည်တဲ့ ချီးထုပ်ကို ကိုင်တွယ်ဖို့ မင်းကိုယ်တိုင် လုပ်စရာမလိုပါဘူး.. ငါနဲ့ပဲ လွှဲပေးလိုက်ပါ”
မိုရှင်းက အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“ကောင်လေး.. မင်းငါ့ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရင် ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ဖို့ အရည်အချင်းရှိတယ် ဆိုတာ ငါလက်ခံပေးမယ်”
“မင်းက ငါနဲ့ ရင်ဆိုင်ဖို့အတွက် အရမ်းကို အားနည်းလွန်းတယ်.. ဟိုက လော့ဝူကျိကိုပဲ လာခိုင်းလိုက်ပါ.. သူဆိုရင်တော့ ငါနဲ့ တစ်ကွက်နှစ်ကွက်လောက် ရင်ဆိုင်နိုင်လိမ့်မယ်”
ကျန်းချန်က မိုရှင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးသော အမူအရာများ ပြည့်နှက်နေခဲ့၏။
“လေလုံးထွားတဲ့ကောင်.. သွားသေလိုက်တော့”
ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကိုမြင်လျှင် မိုရှင်းသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ အနက်ရောင်အလင်းတန်းများ လင်းလက်လာခဲ့ပြီး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်၏ ခွန်အားများသည် ကျန်းချန်နှင့် သူရှိနေသည့် ပတ်ဝန်းကျင်နေရာလွတ် တစ်ခုလုံးကို ကြိတ်ချေပစ်တော့မည့် အလား သက်ရောက်လာခဲ့သည်။
“မိုရှင်း.. ဒါက ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နယ်မြေပဲ.. ငါ့ရဲ့ရှေ့မှာ ငါ့ရဲ့လူကို နင်တကယ်ပဲ တိုက်ရဲတယ်လား”
ကူဖုန်းအာ၏ လှပသော မျက်နှာလေးက အေးစက်သွားခဲ့သည်။
သူမက သူမ၏ ခြေတံသွယ်သွယ်လေးကို ညင်သာစွာ ရွေ့လျားကာ ကျန်းချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး မိုရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများကို တားဆီးလိုက်သည်။
“ကျွန်တော်က နတ်ဘုရားမရဲ့ အစ်ကိုကို နည်းနည်းလောက် စမ်းသပ်ကြည့်ချင်ရုံလေးပါ.. တကယ်လို့ သူက မလိုလားဘူးဆိုရင် နတ်ဘုရားမ အနေနဲ့ သူ့ကို ခေါ်သွားနိုင်ပါတယ်.. ကျွန်တော် မိုရှင်း လုံးဝ မတားပါဘူး”
ထိုစကားကို ပြောနေရင်း ကျန်းချန်ကို ကြည့်နေသော မိုရှင်း၏ အကြည့်တွင် မထီမဲ့မြင် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
“မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့နတ်ဘုရားမ အစ်ကို ဖြစ်နေပြီးတော့.. ငါနဲ့ အကွက် နည်းနည်းလောက် လက်ရည်စမ်းဖို့တောင် သတ္တိမရှိဘူးလား”
အခန်း(၂၁၉၆)ပြီး၏။