← Chapters

အခန်း (၂၁၉၇-၂၁၉၈)

Vol. 160 Ch. 2197-2198

အခန်း (၂၁၉၇-၂၁၉၈)

Vol. 160 Ch. 2197-2198

အခန်း(၂၁၉၇)

ကူဖုန်းအာက မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်စုံတစ်ရာပြောရန် ပြင်လိုက်သော်လည်း ကျန်းချန်က ပြုံး၍ သူမ၏ အနောက်ကနေ အရှေ့သို့ ထွက်လာခဲ့သည်။

“ဖုန်းအာ အစ်ကို့စကားကို ယုံပါ.. မင်းရဲ့အစ်ကိုက မင်းရဲ့ကာကွယ်မှု လိုအပ်တဲ့အထိ အားမနည်းသေးပါဘူး”

ကျန်းချန်က ကူဖုန်းအာကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း မိုရှင်းကို စူးစိုက်ကြည့်လိုက်သည်။

“မင်းက ငါနဲ့ ရင်ဆိုင်ဖို့ မထိုက်တန်ဘူး. ဒါပေမဲ့ မင်းက ကိုယ့်သေတွင်းကိုယ် တူးချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

“ဝုန်း..”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် မိုရှင်း၏ ခေါင်းပေါ်သို့ ဖျတ်ခနဲ ရောက်ရှိလာခဲ့ပြီး ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။

ထိုခဏတွင် ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သလို ဖြစ်သွားခဲ့သည်။

ဤမြင်ကွင်းကြောင့် လဲ့ယန်တောင်ထိပ် တစ်ခုလုံးသည် ချက်ချင်းပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

ကျန်းချန်၏ သာမန်ဟုသာ ထင်ရသော ခြေထောက်ဖြင့် ဆောင့်နင်းချက်သည် ဧရာမ တောင်တစ်လုံးဖြင့် ဖိချလိုက်သကဲ့သို့ မိုရှင်း၏ ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင် နေရာလွတ်ကို လုံးဝ ချုပ်နှောင်ထားလိုက်ပြီး မိုရှင်းကို သူ၏ ခြေဖဝါးအောက်တွင် အလွယ်တကူပင် ဖိထားလိုက်သည်။

လူတိုင်းက ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ မှင်တက်ရာကနေ သတိပြန်မဝင်လာခဲ့ကြပေ။

မိုရှင်းသည် နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၇၆ နေရာတွင်ရှိကာ ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် တိုက်ခိုက်နိုင်သူ ဖြစ်သည်။

ထိုကဲ့သို့ ပါရမီရှင် တစ်ဦးကို ကျန်းချန်သည် ဤမျှလောက်အထိ အလွယ်တကူပင် ခြေဖြင့်နင်းထားနိုင်ပါသလော။

“ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ကျန်းချန် ငါမင်းကိုသတ်မယ်”

မိုရှင်း၏ နှုတ်ကနေ ဒေါသတကြီး ကြုံးဝါသံ ထွက်ပေါ်လာခဲ့သည်။

“ဆူညံလိုက်တာ”

ထိုခဏဝယ် မိုရှင်း၏ ခန္ဓာကိုယ်ကနေ အနက်ရောင် နတ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို သတ်ဖြတ်ရန် ကြိုးစားလာခဲ့သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် မိုရှင်းကိုနင်းထားသည့် သူ၏ ခြေဖဝါးကို အားစိုက်ထည့်ကာ ဖိချလိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ အကန့်အသတ်မဲ့ ခွန်အားသည် မိုရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့ရာ မိုရှင်း၏ ခန္ဓာကိုယ်သည် ခံနိုင်ရည်မရှိတော့ဘဲ ကျန်းချန်၏ နင်းချေမှုအောက်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။

နီရဲသောသွေးများနှင့် မရေမတွက်နိုင်သော အရိုးအပိုင်းအစများသည် ကျန်းချန်၏ ခြေဖဝါးအောက်ကနေ ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က သူ၏ ခြေထောက်ကို ရုတ်သိမ်းလိုက်သည့်အခါတွင် နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော်ဟု ခေါ်ဆိုကြသည့် မိုရှင်းသည် သွေးအိုင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တစ်ကိုယ်လုံး အမှုန့်ဖြစ်သည်အထိ နင်းချေခြင်း ခံလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဤနေရာရှိ ပါရမီရှင်အားလုံးသည် တစ်ယောက်မကျန် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် သူတို့ရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြသည်။

ယင်းအချိန်တွင် အဓိကနေရာတွင် ထိုင်နေသော ဖုန်းလဲ့၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ပါဝင်သော ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသည် ကျန်းချန်၏ သာမန်ဟုသာ ထင်ရသော နင်းချေမှုအောက်တွင် သေဆုံးသွားပါသလော။

ကူဖုန်းအာ၏ အညတရအစ်ကို ဖြစ်သူသည် သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသာ ဖြစ်မည်ဟု မူလက သူ ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း တစ်ဖက်လူ၏ ခွန်အားသည် မိုရှင်းကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လောက်အောင် သန်မာနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် မိုရှင်း၏ အဆင့်သည် သူ၏ အဆင့်ထက် များစွာပို၍ မြင့်မားပြီး ခွန်အားတွင်လည်း သူ့ထက် ပို၍ သန်မာသည်။

သို့ဖြစ်ရာ ကျန်းချန်က မိုရှင်းကို ခြေထောက်ဖြင့် နင်းသတ်နိုင်သည် ဆိုလျှင် သူ့ကိုလည်း အလွယ်တကူ သတ်ပစ်နိုင်သည်ဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလော။

“ဒီကောင်လေးက တကယ်ကို သန်မာတာပဲ”

ကျန်းချန်၏ နင်းချေမှုအောက်တွင် မိုရှင်းက အသားစများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လျှင် အရက်ကို တည်ငြိမ်စွာ သောက်နေသော လော့ဝူကျိ၏ မျက်ဝန်းများသည် ပို၍ လေးနက်သွားခဲ့သည်။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်သတ်မှတ်ခံရသော လူငယ်ပါရမီရှင် အားလုံးနီးပါးသည် ကြယ်သုံးပွင့်ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။

သို့ရာတွင် ၎င်းတို့ အားလုံးနီးပါးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်များ ဖြစ်ကြသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကြီးမား‌သော ကွာဟချက်များ ရှိကြ၏။

အကြောင်းရင်းမှာ အဆင့် ၂၀နှင့် ၃၀ကြားရှိ ပါရမီရှင်များသည်လည်း မိုရှင်း ကဲ့သို့ပင် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်များ ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ထိုပါရမီရှင်များသည် သူတို့ထက် အဆင့်နိမ့်သော မိုရှင်းကို အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိကြ၏။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဖုန်းချန်းချန်းက သူမရှေ့မှ အခြေအနေကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ဤလူက မိုရှင်းကိုပင် သတ်ဖြတ်နိုင်သည် ဖြစ်ရာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရှိ အသန်မာဆုံး ကောင်းကင်အရှင် အဆင့်များနှင့် အဆင့်တူလောက် ရှိမည်မှာ သေချာသလောက်ပင်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသောသူသည် နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၇၆ နေရာ၌ ရှိသည့် မိုရှင်း ဖြစ်နေသည် မဟုတ်ပါလော။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ၅၀ အတွင်းရှိ ကျင့်ကြံသူများပင်လျှင် မိုရှင်းကို ဤမျှအထိ လျှပ်တစ်ပြက်အတွင်း အသာအယာ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

“အစ်ကိုကျန်းချန်က ဒီလောက်အထိ သန်မာနေလိမ့်မယ်လို့ မထင်ထားဘူး.. ကြည့်ရတာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ နတ်ဘုရင်အဆင့်အောက်မှာ အစ်ကိုကျန်းချန်ကို ယှဥ်နိုင်တဲ့သူ သိပ်မရှိလောက်တော့ဘူး ထင်တယ်”

ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ဖုန်းကျော့၏ မျက်နှာထက်တွင် လေးစားအားကျသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“အစ်ကိုကျန်းချန်က တကယ်ကို စိတ်မပျက်စေခဲ့ဘူးပဲ”

ကူဖုန်းအာ၏ လှပသောမျက်ဝန်းလေးတွင် ချိုမြိန်သော အပြုံးရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်က ရွှယ်လင်ကုန်းမြေတိုက်တွင် ကျန်းချန်၏ ပါရမီသည် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး လူသားမျိုးနွယ်စုကို ဦးဆောင်ကာ သွေးဝိညာဥ်မျိုးနွယ်စုကို အနိုင်ယူခဲ့သည်။

ယခု နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသောအခါတွင်လည်း ကျန်းချန်သည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း ပါရမီရှင်များထက် လုံးဝ မနိမ့်ကျခဲ့ပေ။

ပတ်ဝန်းကျင်မှလူများက အံ့ဩထိတ်လန့်နေသော်လည်း ကျန်းချန်၏ အမူအရာကမူ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ချေ။

“ဒီနေရာမှာ မင်းတစ်ယောက်ပဲ ငါနဲ့ ရင်ဆိုင်ဖို့ အနည်းငယ် အရည်အချင်း ရှိတယ်”

သူက မိုရှင်းကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် လော့ဝူကျိကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်း ငါနဲ့ တိုက်ချင်တယ်ဆိုရင် ငါ မင်းနဲ့ နည်းနည်းလောက် ကစားပေးမယ်”

“ကောင်းပြီလေ တိုက်ကြတာပေါ့”

စကားဆုံးသည်နှင့် လော့ဝူကျိ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် လမ်းစဥ်အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဓားတစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။

ကျန်းချန်က သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်ပြီး ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော်ကာ လော့ဝူကျိ၏ ကောင်းကင်ဓားကို အသာအယာပင် ဖျက်ဆီးပစ်လိုက်၏။

“မင်းက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့် ၁၉ နေရာမှာ ရှိတယ်လို့ ငါကြားထားတယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းတို့ အလယ်ပိုင်းဒေသက ပါရမီရှင်တွေရဲ့ စွမ်းရည်က ဒီလောက်ပဲလား”

ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ရရှိလာသော နယ်ပယ်အဆင့်သည် တစ်ယောက်နှင့်တစ်ယောက် မတူညီပေ။

ဒဏ္ဍာရီများအရ အလွန်ထူးကဲသော ခန္ဓာကိုယ်နှင့် ပါရမီများ ရှိကြသည့် ကြယ်သုံးပွင့် ကောင်းကင်အရှင် အချို့သည် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် နတ်ဘုရင်စတုတ္ထအဆင့်သို့ တစ်ထိုင်တည်း ရောက်ရှိသွားကြသည်။

သို့သော်လည်း ၎င်းတို့ထက် ပို၍ အားနည်းသော ကြယ်သုံးပွင့်ကောင်းကင်အရှင် အချို့ကမူ နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် နတ်ဘုရင် ဒုတိယအဆင့်တွင်သာ ရှိတတ်ကြ၏။

ဆိုရလျှင် သူ့ရှေ့မှ လော့ဝူကျိသည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း နတ်ဘုရင် ဒုတိယအဆင့်တွင်သာ ရှိသည်။

သို့ဖြစ်ရာ လော့ဝူကျိသည် ကျီချန်းယဲ့နှင့် လုံကျိုးဟန်နှင့် နှိုင်းယှဥ်လျှင် အဆင့် တစ်ဆင့်မက ကွာခြားနေသည်မှာ ထင်ရှားနေခဲ့၏။

“သေချာလို့လား”

လော့ဝူကျိ၏ အမူအရာက ရုတ်တရက် အေးစက်သွားခဲ့၏။

သူက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ အလွန်အေးစက်သော ဓားအလင်း တစ်ခုသည် လဲ့ယန်တောင်ထိပ်တွင် ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းက နေရာလွတ်ကို ဖြတ်သန်းသွားသည့်အခါဝယ် လဲ့ယန်တောင်ထိပ် တစ်ခုလုံး၏ အပူရှိန်သည် ချက်ချင်းဆိုသလိုပင် ဒီဂရီပေါင်းများစွာ ကျဆင်းသွားခဲ့သည်။

ယင်းက ပူပြင်းသောနွေရာသီကနေ အေးစက်သော ဆောင်းရာသီသို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားသကဲ့သို့ပင်။

ကောင်းကင်ယံကနေ ငှက်မွေးများကဲ့သို့ ကြီးမားသော နှင်းပွင့်များ ကျဆင်းလာခဲ့ပြီး နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်းတွင် နေရာလွတ်ကိုပင် အေးခဲစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

ဤကဲ့သို့ဖြင့် ကမ္ဘာကြီးကိုပင် အေးခဲပစ်တော့မည့်အလား ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် ကျန်းချန်၏ အနီးသို့ ချဥ်းကပ်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်ညှိုးမှဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်ရာ ထိုဓားအလင်းသည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ ဓားအလင်းသည် အရှိန်မကုန်သေးဘဲ လော့ဝူကျိ မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာပင် လော့ဝူကျိကို ထိမှန်သွားခဲ့သည်။

ယင်းနောက်တွင်မူ လေထုထဲ၌ ညည်းတွားသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး လော့ဝူကျိသည် ပေပေါင်း ထောင်ချီ အကွာအဝေးအထိ အရှက်တကွဲ လွင့်စင်ထွက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသည့် လော့ဝူကျိ၏ ဖြူဖျော့သော မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။

အခန်း(၂၁၉၇)ပြီး၏။

အခန်း(၂၁၉၈)

“မင်း.. မင်းက နတ်ဘုရင်အဆင့်ကိုတောင် မထိုးဖောက်ရသေးဘဲ ဘာလို့ ဒီလောက်အထိ သန်မာနေတာလဲ”

လော့ဝူကျိက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူက ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် နတ်ဘုရင်တစ်ပါး ဖြစ်သည်။

သူ၏ သွေးမျိုးဆက်နှင့် အကြောင်းတရား တချို့ကြောင့် သူက နတ်ဘုရင် ဒုတိယအဆင့်တွင်သာ ရှိနေသော်လည်း နတ်ဘုရင် ဒုတိယအဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟုပင် ဆို၍ ရသည်။

သို့သော်လည်း ကျန်းချန်သည် ကောင်းကင်အရှင်အဆင့်ဖြင့်ပင် သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။

ကျန်းချန်၏ အရှိန်အဝါကသာ ကောင်းကင်အရှင်အဆင့် အရှိန်အဝါ အစစ်အမှန် မဟုတ်ခဲ့လျှင် လော့ဝူကျိသည် အမြင်မှောက်နေသည်ဟုပင် သူ့ကိုယ်သူ ထင်မိပေလိမ့်မည်။

ကြယ်သုံးပွင့်‌ ကောင်းကင်အရှင်အဆင့်မှ အနှိုင်းမဲ့ ပါရမီရှင်များသည် နတ်ဘုရင်အဆင့်ကို ရင်ဆိုင်နိုင်သည် ဟူသော အချက်မှာ လော့ဝူကျိနှင့် အခြားသူများ အတွက် အံ့ဩစရာမဟုတ်ပေ။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသည့် ကြယ်သုံးပွင့် ကောင်းကင်အရှင်တိုင်းသည် သာမန် နတ်ဘုရင်ပထမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်ရန် လုံလောက်သည်။

သို့‌သော်လည်း ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင် ဒုတိယအဆင့်ကို အနိုင်ယူနိုင်သည့် တည်ရှိမှုမျိုးသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာပင် အလွန်တရာရှားပါးလှသည်။

ထို့အပြင် ယင်းသည် သာမန် နတ်ဘုရင် ဒုတိယအဆင့် အတွက်သာ ဖြစ်၏။

လော့ဝူကျိ ဆိုသည်မှာ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်ကို ထိုးဖောက်လာသည့် နတ်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ အားကောင်းသည်။

သူ့ရှေ့မှ လူငယ်သည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် သူ့ကို ပြန်လည် ခုခံနိုင်စွမ်းမရှိအောင် ဖိနှိပ်နိုင်လိမ့်မည်ဟု လော့ဝူကျိ တစ်ခါမှ မတွေးခဲ့မိပေ။

ဤကမ္ဘာလောကကြီးတွင် ဤမျှအထိ အစွမ်းထက်သော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ရှိနေပါသလော။

“လခွမ်း.. လော့ဝူကျိတောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အလယ်ပိုင်းဒေသရှိ ပါရမီရှင်စာရင်းတွင် အဆင့် ၂၁ နေရာ၌ ရှိပြီး နတ်ကုန်းမြေတိုက်၏ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများထဲတွင် နံပါတ်တစ်ဟု လူသိများသော ကျင့်ကြံသူပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်မျိုး ပိုင်ဆိုင်ရန် မဖြစ်နိုင်ဟု သူ ထင်မြင်မိသည်။

လဲ့ယန်တောင်ထိပ်ပေါ်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသည့် ပါရမီရှင် အများအပြား၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

ကျန်းချန်သည် သာမန် တိုက်ကွက် နှစ်ကွက်ဖြင့်ပင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိသော လော့ဝူကျိကို အနိုင်ယူနိုင်ခဲ့သည်။

ဤသည်ကပင် ကျန်းချန်သည် အနည်းဆုံး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံး ၂၀ စာရင်းဝင် ပုဂ္ဂိုလ်များထက် မနိမ့်ကျသည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ပို၍ အံ့ဩစရာကောင်းသည်မှာ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင် အဆင့်တွင်သာ ရှိနေသေးခြင်းပင်။

“မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ အစ်ကို ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်”

ကောင်းကင်အရှင် အဆင့်ဖြင့်ပင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ နတ်ဘုရင်အဆင့်ကိုသာ ထိုးဖောက်သွားခဲ့လျှင် အလယ်ပိုင်းဒေသ ပါရမီရှင် စာရင်းရှိ အနည်းငယ်မျှသာ ကျန်းချန်နှင့် ယှဥ်နိုင်တော့မည်ဟု သူတို့ ထင်ခဲ့ကြသည်။

“မင်းရဲ့ခွန်အားက တကယ်ကို သန်မာလွန်းတာပဲ.. ငါ လေးစားမိပါတယ်”

လော့ဝူကျိက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ အရိုအသေပေးလိုက်ပြီးနောက် သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။

ဤလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင် အဆင့်တွင်သာ ရှိနေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်း၏။

သူ၏ ခွန်အားဖြင့်သာဆိုလျှင် လော့နတ်ဘုရား မျိုးနွယ်စု၏ ဝှက်ဖဲအချို့ကို မထုတ်သုံးသရွေ့ အနိုင်ရရန် အနည်းငယ်မျှပင် အခွင့်အရေး မရှိကြောင်း လော့ဝူကျိ ကောင်းစွာ သိထားခဲ့သည်။

လော့ဝူကျိ ကိုယ်တိုင်က လိုလိုလားလားပင် အရှုံးပေးလိုက်သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ပါရမီရှင် အများအပြားသည် မျက်လုံးပြူးထွက်မတတ် အံ့အားသင့်သွားခဲ့ကြသည်။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည့် လော့ဝူကျိသည် ကျန်းချန် ကဲ့သို့ ကောင်းကင်အရှင်ကို အရှုံးပေးခဲ့ရ၏။

ယင်းက တကယ်ကိုပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။

“တကယ်ကို ပျင်းစရာပဲ”

လော့ဝူကျိ နောက်ဆုတ်သွားသည်ကို မြင်လျှင် ကျန်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်သည်။

မကြာမီမှာပင် သူ၏ အကြည့်သည် ဖုန်းလဲ့ ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။

“နောက်ဆို ငါနဲ့ ရင်ဆိုင်ချင်တယ် ဆိုရင် ပြိုင်ဘက်ကောင်းတွေကို ရှာလာခဲ့ပါ.. မင်းအခု ရှာလာတဲ့ အမှိုက်တွေကိုတော့ ငါ လက်ဖျားနဲ့တောင် မတို့ချင်ဘူး”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် မျက်စိမျက်နှာပျက် ဖြစ်နေသော ဖုန်းလဲ့ကို လျစ်လျူရှုလိုက်ကာ ကူဖုန်းအာကို ပြောလိုက်သည်။

“ညီမလေး ငါတို့သွားကြရအောင်”

“ဟုတ်ကဲ့ အစ်ကိုကျန်းချန်”

ကူဖုန်းအာက ချိုသာစွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်နှင့် ဖုန်းကျော့ တို့နှင့်အတူ လူတိုင်း၏ အံဩထိတ်လန့်နေသော အကြည့်အောက်မှာပင် လဲ့ယန်တောင်ကနေ ပျောက်ကွယ်သွားခဲ့သည်။

ကူဖုန်းအာ၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည့် ဖုန်းချန်းချန်း၏ မျက်ဝန်းထဲတွင်မူ နောင်တရသော အရိပ်အယောင်များ ရှိနေခဲ့၏။

ကျန်းချန်သာ ကောင်းကင်အရှင် အဆင့်သာ ရှိသေးသော်လည်း နတ်ဘုရင် ဒုတိယအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်သော လော့ဝူကျိကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။

ဆိုရလျှင် ကျန်းချန်၏ ပါရမီနှင့် ခွန်အားသည် ကူဖုန်းအာနှင့်ယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျချေ။

သူမ ပို၍ မထင်ထားခဲ့သော အချက်မှာ ကူဖုန်းအာ၏ စိတ်ထဲရှိ ကျန်းချန်၏ နေရာသည် သူမ စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခြင်းပင်။

အကယ်၍သာ ဤအချက်ကို သူမ ကြိုသိခဲ့လျှင် အကျိုးအမြတ် အနည်းငယ် အတွက်ဖြင့် ကူဖုန်းအာ၏ သူငယ်ချင်း အဖြစ်ကို စွန့်လွှတ်မိမည် မဟုတ်ချေ။

ကျန်းချန်တို့ လူစု လဲ့ယန်တောင်ထိပ်ကနေ ထွက်ခွာသွားပြီးနောက်တွင် ဖုန်းလဲ့၏ လဲ့ယန်တောင်ထိပ်ရှိ ပါရမီရှင် တွေ့ဆုံပွဲသည် အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။

လဲ့ယန်တောင်ထိပ်တွင် ကျန်းချန် လုပ်ဆောင်ခဲ့သည်များသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တစ်ခုလုံးသို့ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့၏။

ထိုသတင်းကို ကြားကြားချင်းတွင် ပွဲတော်သို့ တက်ရောက်ရန် ရောက်ရှိနေကြသော ဧည့်သည့်များဖြစ်စေ၊ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တပည့်များဖြစ်စေ၊ လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုသည် မဖြစ်နိုင်ဟူသော စကားပင်။

သို့သော်လည်း ဖုန်းလဲ့နှင့် လော့ဝူကျိတို့ ကိုယ်တိုင်က အတည်ပြုပေးလိုက်ပြီးနောက်တွင် ထိုသတင်းက အမှန်တရားမှန်း ယုံကြည်လိုက်ရတော့သည်။

မယုံ၍လည်း မရပေ။ အကြောင်းရင်းမှာ နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မိုရှင်းသည် ကျန်းချန်၏ ခြေဖဝါးအောက်တွင် သေဆုံးသွားခဲ့သည် မဟုတ်ပါလား။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိသော လော့ဝူကျိသည်ပင် သူ့ကိုယ်သူ ကျန်းချန်၏ ပြိုင်ဘက်အဖြစ် မသတ်မှတ်တော့ပေ။

သူတို့ လုံးဝ အထင်အမြင်သေးခဲ့သော ကူဖုန်းအာ၏ အစ်ကိုသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ်နှင့် နှိုင်းယှဥ်နိုင်သည့် ပါရမီရှင် နတ်ဆိုးတစ်ပါး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော်လည်း ဖုန်းလဲ့သည် ဤကိစ္စကို အတည်ပြုသောအခါဝယ် ကျန်းချန် အပေါ်တွင် မုန်းတီးမှုများ ပိုမို များပြားလာစေရန် အတွက် ကျန်းချန် ပြောခဲ့သည့် “အလယ်ပိုင်းနယ်မြေက ပါရမီရှင်တွေက ဒီလောက်ပဲလား” ဟူသည့် စကားကို တမင်တကာပင် ဖြန့်ဝေလိုက်သည်။

ထိုစကားကြောင့်ပင် အလယ်ပိုင်းဒေသမှ ပါရမီရှင် အများအပြားသည် ဒေါသအိုး ပေါက်ကွဲကုန်ကြ၏။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးဆယ်ယောက် စာရင်း၌ ပါဝင်သူ တချို့ပင်လျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်၌ ကျန်းချန်ကို စိန်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျန်းချန်က အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် ကိစ္စများကို လုံးဝ ဂရုမစိုက်ပေ။

လဲ့ယန်တောင်ထိပ်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ကူဖုန်းအာနှင့်အတူ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတစ်ဝိုက်၌ လည်ပတ်နေခဲ့သည်။

“အစ်ကိုကျန်းချန်.. ဟိုလူယုတ်မာ ဖုန်းလဲ့က လဲ့ယန်တောင်ထိပ်မှာ အစ်ကို ပြောခဲ့တဲ့စကားတွေကို ဖြန့်လိုက်တယ်.. အခုဆိုရင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက် စာရင်းထဲက တချို့တောင် ပွဲတော်မှာ အစ်ကို့ကို ပြဿနာရှာမယ်လို့ ကြွေးကြော်နေကြတယ်”

ကူဖုန်းအာက ကျန်းချန်နှင့် လည်ပတ်နေရင်း သူမ ကြားထားသည့် သတင်းကို ဒေါသတကြီး ပြောပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး.. အစ်ကိုက အမှန်တရားကို ပြောလိုက်တာပဲလေ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲက ကျင့်ကြံသူတွေက တကယ်လည်း သာမန်လောက်ပါပဲ.. တကယ်လို့ သူတို့က အစ်ကို့ကို ပြဿနာရှာချင်တယ်ဆိုရင် အစ်ကို သူတို့နဲ့ ကစားပေးလိုက်မယ်”

အချိန်က တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ပွဲတော်ကျင်းပမည့် အချိန်သို့ ပိုမို နီးကပ်လာခဲ့သည်။

အလယ်ပိုင်းဒေသ၏ အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူအများအပြားသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီ ရောက်ရှိလာခဲ့ကြသည်။

တစ်ခဏ အတွင်းမှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အစွမ်းထက် ကျင့်ကြံသူများဖြင့် ပြည့်နှက်သွားခဲ့ပြီး ၎င်းတို့၏ အရှိန်အဝါများသည် ကြယ်စင်များ စုဝေးနေသကဲ့သို့ပင် အလွန်တရာ တောက်ပနေခဲ့သည်။

ပွဲတော်က ပို၍ ပို၍ နီးကပ်လာခဲ့ပြီး ကူဖုန်းအာကိုလည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများသည် လာရောက် ခေါ်ဆောင်သွားကြကာ ပွဲတော်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခိုင်းခဲ့သည်။

အကြောင်းရင်းမှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ထုံးတမ်းစဥ်လာအရ မျိုးနွယ်စု၏ နတ်ဘုရားမကို တရားဝင် ဘွဲ့အပ်နှင်းသဘင် ပြုလုပ်ပေးရမည် ဖြစ်သောကြောင့်ပင်။

ဤပွဲတော်သည် ကူဖုန်းအာကို နတ်ဘုရားမ အဖြစ် တရားဝင်ဘွဲ့အပ်နှင်းခြင်းနှင့်လည်း သက်ဆိုင်နေခဲ့သည်။

သို့ဖြစ်ရာ ပွဲတော်၏ အဓိက ဇာတ်ဆောင် ဖြစ်သော ကူဖုန်းအာသည် သဘာဝကျစွာပင် အလုပ်များနေခဲ့၏။

ကူဖုန်းအာ မရှိတော့သဖြင့် ကျန်းချန်သည် ဖုန်းမင်တောင်ထိပ်တွင် အေးအေးဆေးဆေး နေထိုင်ကာ ပွဲတော် ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ယနေ့တွင် ကျန်းချန်သည် အခန်းထဲ၌ တင်ပျဥ်ခွေ၍ ကျင့်ကြံနေစဥ်မှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ယံထက်တွင် ဖီးနစ်ငှက်၏ စူးရှသော အော်မြည်သံတစ်သံသည် ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

ကျန်းချန်က သူ၏ မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့၏။

အဆုံးသတ်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်ကြီးသည် စတင်ပေတော့မည်။

အခန်း(၂၁၉၈)ပြီး၏။

All Chapters