အခန်း (၂၄၁-၂၄၅)
Vol. 17 Ch. 241-245
အခန်း (၂၄၁) ဧကရာဇ်ကျောင်းတော်
"ဧကရာဇ်ကျောင်းတော်ကလား?"။
ချိုင့်ဝှမ်းဝင်ပေါက်ဆီမှ ဖြည်းညှင်းစွာလျှောက်လာသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ရင်း ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားခဲ့သည်။
ဤစုံတွဲကို သူအရင်ကတည်းက မြင်ခဲ့ဖူးပြီး သူ၏အမြင်အရဆို သူတို့သည် ဧကရာဇ်ကျောင်းတော်၏ အဖွဲ့ဝင်များ ဖြစ်ပုံရသည်။
ချင်ယွင်သည် တုလုံကျွန်းသို့ ပထမဦးစွာ ဝင်ရောက်ပြီးနောက် နောက်မှလိုက်ဖမ်းသော လူများကြောင့် ထွက်ပြေးသောအခါ ၎င်းတို့စုံတွဲသည် ဘေးမှကြည့်နေရင်း သူတို့၏ မျက်လုံးများတွင် ကဲ့ရဲ့လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ဧကရာဇ်ကျောင်းတော်၏ ပါရမီရှင်နှစ်ဦးကို အနီးကပ် လေ့လာကြည့်ရာ ၎င်းတို့ နှစ်ဦးစလုံးသည် အသက်ဆယ့်ရှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုလူငယ်သည် အတော်လေး ချောမောပုံရသည်၊ သို့သော် သူ၏ ရုပ်အသွင်အပြင်က ပိန်ပါးပြီး သူ၏စိတ်နေစိတ်ထားမှာလည်း အနည်းငယ် မိန်းမဆန်သည်။ အထူးသဖြင့် သူလှောင်ပြောင်လိုက်စဉ်မှာ သူ၏မိန်းမဆန်သော မျက်နှာသည် ပို၍ပင် ဆိုးသွမ်း ယုတ်မာပုံ ပေါက်နေပါသည်။
ထိုအမျိုးသမီးကတော့ တော်တော်လေး လှပါသည်။ သူမ၏ လှပသောနှာတံ၊ အနီရောင် တောက်တောက် နှုတ်ခမ်းတစ်စုံနှင့် ရှည်လျားသော ဖရဲသီးပုံစံမျက်နှာတို့သည် ရှားရှားပါးပါး အလှတရားများ ဖြစ်ပါသည်။ သို့သော်လည်း သူမသည် အလွန်အမင်း လှပသည်ဟု ယူဆလို့တော့မရပေ။ သူမသည် ရန်စီချီနှင့် ကျန်းရွှန်ရှင်းတို့အောက် အနည်းငယ်မျှ မနိမ့်ကျပေ။
သို့သော် ဤအမျိုးသမီးသည်လည်း အလွန်မာနကြီးသည်။ သူမချင်ယွင်ကို ကြည့်လိုက် စဉ် ခေါင်းကို အနည်းငယ်မော့ပြီး သူမ၏မျက်လုံးများတွင် အထင်မြင် သေးမူနှင့်အတူ လျစ်လျူရူသည့် အမူယာများဖြင့် ပြည့်နှက်နေသည်။
သူတို့၏ကျင့်ကြံမှုအဆင့်ကလည်း မနိမ့်ကျပေ။ သူတို့နှစ်ဦးစလုံးသည် သိုင်းမြို့စား နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့၏စွမ်းအားများကလည်း သိပ်မကွာလှပေ။ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် သိုင်းမြို့စားနယ်ပယ်၏ ဆဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်နေသည့်အတွက် သူတို့အား ဧကရာဇ်ကျောင်းတော်တွင် အရည်အချင်းအရှိဆုံး လူနှစ်ဦးအဖြစ် သတ်မှတ်သင့်သည်။
သို့သော် ယခုအချိန် သူတို့နှစ်ဉီးထွက်ပေါ်လာခြင်းက ချင်ယွင်အတွက် မကောင်းနိုင်ပေ။
အထူးသဖြင့် ယခုအချိန်တွင်၊ ကြက်သွေးရောင်ဒိုနိုဆောရက်ကြီးကို ကြည့်သော သူတို့၏မျက်လုံးများမှာ လောဘအရိပ်အယောင်များ ထင်ရှားပြသနေကြောင်း ချင်ယွင် ပြောနိုင်သည်။
ဤကြက်သွေးရောင် ဒိုနိုဆောရက်ကြီးအတွက် သူတို့ ဤနေရာတွင် ရှိနေသည်ကို သိနိုင်ရန်အတွက် သူသည် သိပ်အများကြီး စဉ်းစားနေစရာပင် မလိုချေ။
"ဒီကြက်သွေးရောင် ဒိုနိုဆောရက်ကြီးကို ငါ ကောက်တွေ့ခဲ့တာ မဟုတ်ဘူး။ ဒါက ငါကိုယ်တိုင် သတ်ခဲ့တာ" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။
တစ်ဖက်သား၏ ရည်ရွယ်ချက်ကို သူသိသောကြောင့် ချင်ယွင်သည် ထိုသူတို့အား လိမ်ညာရန် မလိုအပ်တော့ပေ။
"ဟမ့်၊ မင်းက ဒီကြက်သွေးရောင်ဒိုနိုဆောရက်ကြီးကို သတ်ခဲ့တာလား။ ငါတို့ကသာ သတ်ခဲ့တဲ့လူတွေပဲ။ အဲဒါက ငါတို့ရဲ့ပစ္စည်းပဲ။ မင်းက ငါတို့ ဒီကြက်သွေးရောင် ဒိုနိုဆောရက်ကြီးကို သတ်ဖြတ်နေချိန်မှာ အဖြစ်အပျက်ကို စောင့်ကြည့်နေပြီး ဒီအခွင့်အရေးကို အသုံးချကာ ကြားဖြတ်လုယူဖို့ စောင့်နေခဲ့တာပဲ" မိန်းမဆန်သည့် လူငယ်က အထင်အမြင်သေးဟန်ဖြင့် အေးစက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဘယ်လောက်တောင် အရှက်ကင်းမဲ့တဲ့ကောင်တွေလဲ!"
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် မှေးကျဉ်းသွားခဲ့သည်။ ဤအဖော် နှစ်ယောက်သည် ဤကြက်သွေးရောင် ဒိုနိုဆောရက်ကြီးကို ယှဉ်ပြိုင်ရန်အတွက် အမှန်တကယ်ပင် အရှက်မရှိကြတော့ပေ။
သူ ကြက်သွေးရောင်ဒိုနိုဆောရက်ကြီးကို လုံးလုံး ချေမှုန်းရန်အတွက် သူ၏ဓားကို ထုတ်လိုက်သည့်အချိန်မှာ ဤလူနှစ်ယောက်သည် ချိုင့်ဝှမ့်ထဲသို့ ရောက်ရှိနေကြသည် မှာ ရှင်းလင်းသေချာပြီး ချင်ယွင်သတ်ဖြတ်သည့် မြင်ကွင်းကို သဘာဝအတိုင်း မြင်လိုက်ရလိမ့်မည်။
ဒါပေမယ့် ယခုမူ သူသည် အဓိပ္ပာယ်ကင်းမဲ့သည့် စကားများကို ပြောဆိုနေသည်။ သေချာသည်မှာ၊ သူသည် လုယူမှုအတွက် သူ့ကိုယ်သူ အကြောင်းပြချက်ရှာရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
ချင်ယွင်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ အကယ်၍ ဤဧကရာဇ်ကျောင်းတော်မှ လူများသည် ကြက်သွေးရောင် ဒိုနိုဆောရက်ကြီးကို ပေါ်ပေါ်ထင်ထင် လုယူသွားပါက သူသည် ဒေါသဖြစ်နေစရာ အကြောင်းမရှိပေ။ တကယ်တော့ လူသားများသည် ရတနာများအတွက် ယှဉ်ပြိုင်ကြရသည်မှာ ပုံမှန်ပဲ ဖြစ်သည်။
သို့သော်၊ သူတို့သည် အခြားလူတစ်ယောက်၏ ပစ္စည်းများကို ခိုးယူရန်အတွက် အကြောင်းပြချက်ရှာနေပြီး ချင်ယွင်ကိုပင် အသရေဖျက်ပြီး မဟုတ်မမှန် လုပ်ကြံ ပြောဆိုနေသည်။ ဤအရာသည် ချင်ယွင် သည်းမခံနိုင်သည့်အရာ ဖြစ်သည်။
'"ဒီမှာ တခြားဘယ်သူမှ မရှိပါဘူး၊ ဒီလိုဆင်ခြေပေးတဲ့ အကြောင်းပြချက်တွေကို ဘာအတွက် သုံးနေတာလဲ။ ဒီကြက်သွေးရောင် ဒိုနိုဆောရက်ကြီးကို လိုချင်ရင် လာပြီး လုယူလိုက်ပါ။ မင်းတို့ရဲ့ ဧကရာဇ်ကျောင်းတော်က လူတွေဟာ ဒီလိုမျိုး အရှက်ကင်းမဲ့ တဲ့ သူတွေများလား" ချင်ယွင်က အေးစက်စွာ အထင်သေးဟန်ဖြင့် အော်ပြော လိုက်သည်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားကို အနည်းငယ် လှည့်လိုက်ပြီး ဓားသွားက အေးစက်သည့် အလင်းတန်းတစ်ခု ထွက်လာသည်။
"ဟဲ့ ကောင်စုတ်လေး၊ မင်းက ငါတို့ဟာ ဧကရာဇ်ကျောင်းတော်က ဆိုတာကို တကယ်သိနေတယ်ပေါ့။ ငါ့အထင်မှန်ရင် မင်းကလည်း အဓိကအင်အားစုကြီး သုံးခုရဲ့ လိုက်လံဖမ်းဆီးမူကို ခံနေရတဲ့ ချင်ယွင်ပဲ ဖြစ်ရမယ်။ မင်း တကယ်မသေသေးဘူးလို့ ငါ မမျှော်လင့်ထားဘူး။ ကံဆိုးစွာပဲ၊ အဆုံးမှာတော့ မင်းက ငါတို့လက်ထဲမှာ ရှိနေတုန်းပဲ။" မိန်းမဆန်သည့် လူငယ်သည် တခစ်ခစ်ရယ်သည်။
"နင် ဘာတွေများ ပြောစရာလိုလို့လဲ? ဒါက ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလေးပဲလေ၊ သူ့ကို တစ်ချက်လှုပ်ရုံနဲ့ သတ်ပစ်လိုက်ပါ။ " ဘေးနားရှိ အမျိုးသမီးက စိတ်မရှည်စွာ ပြောသည်။
ထိုလူငယ်သည် သူ၏ဘေးနားက အမျိုးသမီးပြောစကားကို ကြားရလျှင် သူက ထိုအမျိုးသမီးကို ရှက်ရွံ့စွာ ပြုံးပြသည်။ သူသည် ချင်ယွင်ကို နောက်တကြိမ် ပြန်ကြည့် လိုက်ပြီး သတ်ဖြတ်လိုစိတ်များက သူ၏မျက်လုံးများတွင် တလှိမ့်လှိမ့် တက်လာကာ သူ၏လက်ထဲမှာ ဓားရှည်တစ်ချောင်း ပေါ်လာသည်။
ချင်ယွင်သည်လည်း စကားလုံးများဖြင့် အချိန်ဖြုန်းတီးခြင်းကို အလွန် ပျင်းရိနေလေသည်။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို လှည့်ပတ် လိုက်ပြီး ဝိညာဉ်ချီက သူ၏လက်မောင်းမှ အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ မြူနှင်းချောက်နက်ဓားကို ဖုံးအုပ်သွားပြီး ချက်ချင်းပင် ဓားသည် ရောင်စုံအလင်း အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားပုံရသည်။
"ကောင်စုတ်၊ မင်းကိုသတ်မဲ့သူက ငါဝူကျင်းဆိုတာကို သတိရလိုက်ပါ။" မိန်းမဆန်သည့် လူငယ်သည် အေးစက်စွာ ရယ်မောပြီးနောက် သူ၏တစ်ကိုယ်လုံးသည် ချင်းယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပစ်ဝင်လာကာ ထိပ်တန်းအမြန်နှုန်းဖြင့် တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြေးထွက်လာခဲ့သည်။
ချင်ယွင်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ခြင်းပင် တိုက်ခိုက်လာခဲ့ပြီး ဓားအလင်းက လေထဲမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားကာ ထိုမိန်းမဆန်သည့်လူငယ်ဆီသို့ အေးစက်သည့် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပြေးဝင်သွားခဲ့သည်။
"အရေးမပါတဲ့ ပညာလေးကများ!" ဝူကျင်းဟုခေါ်သည့် ထိုမိန်းမဆန်သည့် လူငယ်က အော်ပြောလိုက်သည်။ သူ၏လက်ထဲတွင်ရှိသော ဓားရှည်သည် ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ဓားအလင်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ရုပ်အသွင်အပြင်သည် ချင်ယွင်၏မျက်နှာရှေ့တွင် သရဲတစ္ဆေ သဖွယ် ပေါ်လာပြီး သူ၏လက်ထဲတွင်ရှိသော ဓားရှည်သည် ချင်ယွင်၏လည်ပင်းဆီသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။
အရာအားလုံးက တခဏအတွင်း ဖြစ်ပျက်သွားခဲ့သည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ့ရှေ့တွင် တဖြည်းဖြည်း ကျယ်လာနေသော ဓားထိပ်ကို ကြည့်လိုက်သည်။ သူက ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဝူကျင်း၏ ထက်ရှသောဓားကို ရှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ဓားပျော့က ကွေးညွှတ်နေသည့် မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဝူကျင်း၏ ရင်ဘတ်ကို ဓားဖြင့်ထိုးလိုက်သည်။
"ဟမ့်။ ပုရွက်ဆိတ်လေးတစ်ကောင်က သစ်ပင်ကြီးကို ဖျက်ဆီးဖို့ သတ္တိရှိနေတယ်ပေါ့။ ငါ့ရှေ့မှာ မင်းရဲ့ဓားကို အသုံးပြုရဲတယ်ပေါ့၊ နောက်ထပ် အနှစ်တစ်ရာလောက် လေ့ကျင့်လိုက်ဦး။" ဝူကျင်းက ရယ်မောရင်း ပြောလိုက်သည်။
သူ၏ရုပ်အသွင်အပြင်သည် ချက်ချင်းကွဲသွားပုံရပြီး ပုံရိပ်သုံးမျိုးအဖြစ်သို့ ပြောင်းလဲ သွားသည်။ ၎င်းပုံရိပ်သုံးမျိုးသည် မတူကွဲပြားသော လမ်းကြောင်းသုံးခုမှ ချင်ယွင်ဆီသို့ ပြေးဝင်လာခဲ့ပြီး ဓားဖြင့်ထိုးသည်။
ချင်ယွင်၏လက်ထဲမှ ဓားပျော့သည် ပုံရိပ်တစ်ခုထဲကို ထိုးဖောက် ဝင်ရောက် သွားခဲ့ပြီးနောက် ဓားသည် လေထုထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို သူတွေ့ရှိရခဲ့သည်။ သူ့ရှေ့မှာရှိသည့် ပုံရိပ်တခုသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေလေသည်။
"ငရဲကိုသွားလိုက်တော့!"
အခြားပုံရိပ်နှစ်ခုက ချင်ယွင်ဆီကို ဦးတည်ရင်း မတူညီသောရူထောင့်အမျိုးမျိုးမှ တိုက်ရိုက် ဓားဖြင့်ထိုးလိုက်သည်။ သူတို့ဓားဖြင့်ထိုးသည့် နေရာများသည် ချင်ယွင်၏ သေကွင်းသေကွက်အရေးကြီးသောနေရာများဖြစ်သည်။
ချင်ယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ့ကိုကာကွယ်ရန်အတွက် နဂါးတောင်ပံများကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။
ဓားနှစ်ချောင်းသည် နဂါးအတောင်ပံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ကြီးမားသောဒဏ်ရာများကို ချန်ထားရစ်ခဲ့သော်လည်း တောင်ပံများများကို ထိုးဖောက်ဝင်ခြင်း မရှိခဲ့ပေ။
"ယို့ ၊ မင်းမှာ တကယ်ကို အတောင်တွေရှိနေတာပဲ၊ တောင်ပံတွေက အရမ်းမာကြောလွန်းတော့ ငါ့ဓားတောင်မှ မဖောက်နိုင်ဘူး။" ချင်ယွင်၏ ရှေ့တွင် ထိုလူငယ်သည် ပြန်ပေါ်လာခဲ့ပြီး သူ၏ပါးစပ်က အနည်းငယ် အံ့သြသွားသည့် ပုံစံမျိုး ထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာသည်။ သူ့ရှေ့မှာရှိနေသည့် ဤလူသည် တော်တော်လေး အစွမ်းထက်သည်၊ သူ၏ဓားသိုင်းပညာရပ်အပေါ် အောင်မြင်မှုကလည်း သေချာပေါက် မနိမ့်ကျပေ။
"ဟမ့်၊ ဒါပေမယ့် မင်းမှာ အတောင်တွေရှိတော့ရော့ ဘာလုပ်ရမှာလဲ၊ ဒီနေ့ မင်းရဲ့ အတောင်ပံတွေကို ငါဖြတ်ပစ်မယ်။" ဝူကျင်းက အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်သည်။ သူ၏လက်ထဲမှ ဓားသည်လည်း အဆက်မပြတ် မြည်ဟီးလာခဲ့သည်။ ဓားဖြင့် ထိုးလိုက်သည့်အခိုက် ထူးဆန်းပြီး ထက်ရှလာခဲ့သည်။
ထို့နောက်တွင်၊ ဝူကျင်း၏တစ်ကိုယ်လုံးသည် သူရှိနေသည့်မူလနေရာမှ ပျောက်ကွယ် သွားခဲ့ပြီး တစ်ဖန်ပေါ်လာသည်။ သူသည် ချင်ယွင်နှင့် အနီးဆုံးနေရာမှာ ပေါ်လာပြီး ဖြစ်နေသည်။
"အရမ်းမြန်တယ်!"
ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် အမှန်တကယ်မှာလည်း ဝူကျင်း၏ လှုပ်ရှားမှုလမ်းကြောင်းတစ်ခုလုံးကို ရှာမတွေ့ခဲ့ပါဘူး။ ဝူကျင်းကတော့ သူ၏ရှေ့ကို ရောက်နှင့်နေပြီး ဖြစ်သည်။
သို့သော် ထိုအချိန်တွင်၊ ဝူကျင်း၏လက်ထဲမှ ထက်ရှသောဓားသည် သူ၏ခါးဆီသို့ ချက်ခြင်းဖြတ်သွားသည် ။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူသည် ငရဲမှ ထွက်ပေါ်လာသော သေမင်းနတ်ဘုရား၏ အငွေ့အသက်များကဲ့သို့ ဓားပေါ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများကို ခံစားလိုက်ရလေသည်။
ချင်ယွင်က သူ၏ဓားပျော့ဖြင့် အလျင်အမြန် တားဆီးပိတ်ဆို့ လိုက်ရသည်။ သို့သော်၊ ဝူကျင်း၏ဓားသည် ကြီးမားသောစွမ်းအားဖြင့် ပေါက်ကွဲထွက်ပြီး ချင်ယွင်၏ လက်ထဲမှ ဓားပျော့ကို တိုက်ရိုက်ထိမှန်ပြီး အဝေးကို ပြန်ကန် ကွေးညွှတ်သွားစေသည်။
ထက်ရှသော ဓားသည် သူ့ခါးဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလာသည်။
ချင်ယွင်သည် အမြန်ပြန်ဆုတ်လိုက်သော်လည်း ဝူကျင်း၏လက်ထဲမှ ဓားအလင်းက သူ့ကို ရိုတ်ခတ် လွှမ်းခြုံသွားဆဲ ဖြစ်သည်။ သူ၏ဝမ်းဗိုက်တွင် ဒဏ်ရာနက်နက်တစ်ခု ကျန်ရစ်ခဲ့ပြီး အနီရောင်သွေးများ ချက်ချင်း စီးကျလာသည်။
"ဟား… ၊ ဟား…..။ မင်းရဲ့ ခွန်အားလေးနဲ့ မင်းငါ့ကို တိုက်ခိုက်ချင်သေးလား။ မင်း သေမယ် မသေဘူးဆိုတာ တကယ်ကို တွေးနေစရာမလိုတော့ဘူး၊ မင်း သေချာပေါက် သေရမယ်!"
ဝူကျင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရှေ့မှာ ပေါ်လာသည်။ သူ၏လက်ထဲမှဓားသည် ချင်ယွင်၏လည်ပင်းကို တစ္ဆေသရဲလို ခုတ်ပိုင်း လိုက်ပြန်သည်။
ဓားသည် သေမင်း၏ အုံ့မှိုင်းမှိုင်းအငွေ့အသက်များကို ထုတ်လွှတ်နေသေးသည်။
သူသည် ချင်ယွင်၏ ဦးခေါင်းကို ဓားတိုက်ကွက်တစ်ချက်ဖြင့် ခုတ်သတ်တော့မည်။
"သေမယ် မသေဘူး တွေးရမယ့်လူကတော့ မင်းပဲ!"
ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ သူ၏ မျက်လုံးများသည် မှင်နက်ကဲ့သို့ မည်းနက်နေပြီး သူ၏ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ အနက်ရောင်လျှပ်စီး လှိုင်းတခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီးနောက် သူ၏ နောက်ကျောမှ နဂါးအတောင်ပံများပင် မည်းမှောင်သွားခဲ့သည်။
ပို၍ပြင်းထန်ပြီး သိပ်သည်းသော အငွေ့အသက်တစ်ခုသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့ပြီး ချင်ယွင်၏ ခြေဖဝါးအောက်ရှိ မြေပြင်သည်လည်း လုံးဝ မည်းမှောင်သွားခဲ့သည်။
ပေါက်ကွဲလျှပ်စီး၏ တတိယအဆင့်က တခဏအတွင်း အသက်ဝင်လာခဲ့သည်။
"ဖျစ်!"
ချင်ယွင်သည် သူ့အားထိုးစိုက်လာသော ဝူကျင်း၏ဓားကို သူ၏လက်ဖြင့် ဖမ်းဆုပ်လိုက် ပြီးနောက် သူ၏ခွန်အားကို အသက်သွင်းလိုက်လျှင် သိမ်မွေ့နက်နဲသံမဏိဖြင့် ထုလုပ် ထားသော ဝူကျန့်၏လက်မှ ဓားသည် ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
ထို့နောက် သူသည် တောင်တစ်လုံးကိုပင် ပေါက်ကွဲစေနိုင်သွားသော သူ၏ လက်သီးကဲ့သို့ ဝူကျင်း၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည် ။
အခန်း(၂၄၂) အနှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲပုလဲ
"ဘုန်း!"
လေထုတစ်ခုလုံး ချက်ခြင်း ပေါက်ကွဲသွားသည်။
အနက်ရောင်လျှပ်စီးကြောင်းများဖုံးနေသော လက်သီးသည် ဝူကျင်း၏ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့ပြီး ချက်ခြင်းပင် လွင့်ပျံသွားခဲ့သည်။
ဝူကျင်းသည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ မူးဝေမူကိုသာ ခံစားလိုက် ရသည်။ သူ၏ရင်ဘတ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားသည် သူ၏ ရင်ဘတ်အတွင်းမှာ ပေါက်ကွဲသွားပြီး သူ၏ နံရိုးများကို အစိတ်စိတ်အမွှာမွှာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ သူ၏ အတွင်းအင်္ဂါများလည်း ကွဲအက်သွားခဲ့သည်။
ဝူကျင်းသည် ဝေးလံသော တောင်နံရံပေါ်သို့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်ပြီး အလွန်နက်ရှိုင်းသည့် လူပုံရိပ်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်ရစ်ခဲ့သည်။ တောင်နံရံသည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲသွားသည်။
“ဒါ…ဘယ်လို ……. လုပ်ဖြစ်နိုင်မှာလဲ…”
သူသည် မယုံကြည်နိုင်သော်လည်း ယုံကြည်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။ ချင်ယွင်သည် အဘယ်ကြောင့် တခဏချင်း ကြောက်စရာကောင်းလာသည်ကို သူ နားမလည်နိုင်ပေ။ ချင်ယွင်၏ မျက်လုံးများကို ကြည့်လိုက်သည်နှင့် အသိဥာဏ်ကင်း မဲ့နေသည့် နတ်ဆိုးနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသလိုပင်။ ထိုအခိုက်အတန့်တွင် သူ၏နှလုံးခုန်နှုန်းသည် ရပ်တန့်သွားသည်။
ထို့နောက်တွင်၊ ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားသည် သူ့ကို ကောင်းကင်ကြီး မှိန်ဖျော့သွားပြီး ကမ္ဘာကြီး ပြိုလဲသွားသည်ဟု ခံစားရစေသည်။
ထိုအခိုက်အတန့်မှာ သူသည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရပြီး မတ်တပ်ရပ် ရန်ပင် ရုန်းကန်ကြိုးစားနေရကာ ဘာမှ မတတ်နိုင်တော့ပါဘူး.။
ခပ်လှမ်းလှမ်းတွင် ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားကဲ့သို့ လေထဲတွင် ရပ်နေ၏။ သူ့ကို မှောင်မိုက်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များက ဖုံးလွှမ်းထားသည်။ အနက်ရောင်လျှပ်စီးကြောင်းများသည်လည်း သူ၏လက်မောင်းတစ်ဝိုက်တွင် အဆက် မပြတ် ပတ်ချာလည်နေသဖြင့် အလွန်ကြောက်စရာကောင်းနေပုံရသည်။
"ဒါက ပေါက်ကွဲလျှပ်စီး တတိယအဆင့်လား။"
ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုသည် ချင်ယွင်၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
ဝူကျင်း၏ တိုက်ခိုက်ခြင်းကို ခံရချိန်တွင်၊ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အမှန်တကယ် အဆင့်ဖြတ်ကျော်သွားခဲ့ပြီး ပေါက်ကွဲလျှပ်စီး၏ တတိယအဆင့်ကို နားလည်သွားခဲ့ သည်။ ချင်ယွင်၏ မူလကိုယ်ခန္ဓာနှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် မူလကတည်းက တူညီသော စိတ်ဝိညာဉ်တစ်ခုကိုသာ ပိုင်ဆိုင်ထားသောကြောင့် ဤသဘောတရားကို နားလည်မူသည် သူ၏စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင်သည် လုံးဝ တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အသုံးပြုလိုက်သည်။
ဤအခိုက်အတန့်တွင် ချင်းယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော လျှပ်စီး စွမ်းအားက ပျံ့နှံ့တိုးဝင်လာသည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားမိသည်။
ဤစွမ်းအားက သူ့ကို ကောင်းကင်ယံကိုမော့ကြည့်ပြီး ဟိန်းဟောက်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်စေမိသည်။
"ဟမ့်၊ အခု မင်းကို သေဆုံးရခြင်းရဲ့အကြောက်တရားကို ခံစားရအောင် လုပ်ရမယ့်အချိန်ရောက်ပြီ" ချင်ယွင်က ပြုံးပြီး တွင်းနက်ကြီးထဲရှိ ဝူကျင်းကို ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ်အငွေ့အသက်သည် ချက်ခြင်း ဆိုသလို တလှိမ့်လှိမ့် မြင့်တက်လာခဲ့သည်။
သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ လျင်မြန်သော ပုံရိပ်သည် လေထုထဲတွင် အနက်ရောင်အမျှင်တန်းတစ်ခုကဲ့သို့ တိုက်ရိုက် ပစ်လွှတ် သွားသည်။
ဝူကျင်း၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ အရှိန်အဟုန်ဖြင့် ပြေးလာသော ချင်ယွင်ကို ကြည့်လိုက်ရာ သူသည် အလွန်ထိတ်လန့်သွားခဲ့ပြီး နောက်သို့ တွားသွားသာ ဆုတ်သွားနိုင်သည်။
"ရပ်လိုက်!"
သိပ်မနီးမဝေးနေရာမှ အရာအားလုံးကို စောင့်ကြည့်နေသည့် အမျိုးသမီးငယ်သည် အေးစက်စက်လေသံဖြင့် အော်လိုက်သည်။
သူမ၏ လှပသော ခန္ဓာကိုယ်သည် ဝူကျင်း၏ အနားတွင် ပေါ်လာသည်။
သူမ၏ မျက်လုံးများတွင် အေးစက်သည့်ရေခဲဆန္ဒက ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် လေထုထဲတွင် ကြီးမားသော ရေခဲတောင်ကြီးတစ်ခုက ကောင်းကင်ယံကို စည်းတံဆိပ်ခတ်ကာ မြေကြီးကို တုန်လှုပ်စေသော အရှိန်ဖြင့် ချင်ယွင်ကို ဖိနှိပ်လိုက်သည်။
သူသည် သူ၏ညာလက်ကို ပြန်ရုတ်သိမ်းလိုက်စဉ် ချင်ယွင်၏ကိုယ်ခန္ဓာမှ အနက်ရောင် လျှပ်စီးများ လင်းလက်လာသည်။
ထို့နောက် သူသည် ဧရာမရေခဲတောင်ကြီးကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ထုချေလိုက်သည်။
"ဖျစ်.. ဖျစ်!"
ရေခဲတောင်ကြီးသည် အက်ကွဲပြီးရင်း အက်ကွဲလာနေကာ ရေခဲများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။
ချင်ယွင်လည်း ရပ်တန့်လိုက်ပြီး ဝူကျင်းရှေ့မှာ ရပ်နေသည့် အမျိုးသမီးငယ်ကို ကြည့်ရင်း သူ၏မျက်နှာက လေးနက်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
ဤအမျိုးသမီးက သူ့ကို အလွန်ထူးကဲသည့် ခံစားချက်ကို ပေးခဲ့သည်။ ဤအရာသည် သူမ၏ကျင့်ကြံစွမ်းအားကြောင့် မဟုတ်ဘဲ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အေးစက်သည့် ရေခဲအအေးဓာတ်များကြောင့် ဖြစ်သည်။ သူမကို တစ်ချက်ကြည့် လိုက်ရုံဖြင့်ပင် သူ၏နှလုံးသားကို အေးခဲသွားစေသည်။
ယင်းက ချင်ယွင်ကို လင်းဟန်၏ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံနှင့် ဇူဇီဝမ်၏ အင်မော်တယ်အဆင့်ဓားကို ပြန်သတိရစေသည်။ ဤအင်အားစုကြီးများ၏ တပည့်များ အားလုံးသည် ၎င်းတို့အပေါ်၌ အသက်ကယ် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုစီ ရှိနေကြသည်။
ဤအမျိုးသမီးနှင့် ဝူကျင်းတို့ နှစ်ဦးစလုံးသည် ဧကရာဇ်ကျောင်းတော် အဖွဲ့ဝင်များ ဖြစ်သောကြောင့် သူတို့သည် အင်မော်တယ်အဆင့် ပစ္စည်းများကိုလည်း ပိုင်ဆိုင်ထား ရမည် ဖြစ်သည်။
ဝူကျင်းသည် အစောပိုင်းတိုက်ခိုက်မူမှာ အင်မော်တယ်ပစ္စည်းကို အသုံးမပြုခဲ့ပါဘူး၊ ဒါကြောင့် အင်မော်တယ်အဆင့် ပစ္စည်းသည် ဤအမျိုးသမီးအတွက်ပဲ ဖြစ်သင့်ပါသည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အေးစိမ့်မှုသည် ထိုအင်မော်တယ်အဆင့် ပစ္စည်းမှ ထုတ်လွှတ်ခြင်းဖြစ်နိုင်သည်။
ဤအေးစက်မှုသည် ချင်ယွင်ကို ကြီးမားသောခြိမ်းခြောက်မှုကို ခံစားရစေသောကြောင့် ဖြစ်သည်။ ထိုအအေးဓာတ်ကြောင့် ဖြစ်ပေါ်လာသော တုန့်ဆိုင်းနှေးကွေးခြင်း သက်သက်သာဆိုပါက ၎င်းအအေးဓာတ်ဤမျှလောက် ကြောက်စရာကောင်းနေမည် မဟုတ်ပေ။
ချင်ယွင်သည် တုံ့ဆိုင်းနေချိန်တွင် အမျိုးသမီးငယ်သည် ချင်ယွင်ကို ကြည့်နေသည်။ သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားသည်။ ချင်ယွင်ဆီမှ ထုတ်လွှတ် နေသော ပြင်းထန်သော အငွေ့အသက်သည် သူမကို အလွန် ကြောက်လန့်စေသည်။ ချင်ယွင် သူမအနားကို ကပ်လာသည်နှင့် သူမသည် သေဆုံးရုံသာ ရှိတော့မည်ဟု ခံစားရစေသည်။
သူမသည် အမြဲတမ်း အထင်သေးခဲ့ဖူးသော ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလေးသည် ထိုကဲ့သို့သော ခွန်အားဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာမည်ဟု သူမ မထင်ခဲ့ပေ။
"ငါ မင်းကို လျှော့တွက်ခဲ့မိတယ်၊ ဒါပေမယ့် ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် မင်းရဲ့ ခွန်အား ရုတ်တရက် တိုးလာတာက ကြာကြာ မခံသင့်ဘူး၊ ဟုတ်တယ် မဟုတ်လား" အမျိုးသမီးငယ်သည် နှင်းခဲကဲ့သို့ အေးစက်နေသေးသည့်လေသံဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် အံ့အားသင့်သွားသည်။ အမှန်မှာလည်း၊ ဤပေါက်ကွဲလျှပ်စီး၏စွမ်းရည်ကို သူသည် အကြာကြီး ထိန်းမထားနိုင်ပေ။ ထိုသို့မဟုတ်ရင် သူ၏ခန္ဓာကိုယ်သည် ကြီးကြီးမားမား ပျက်စီးသွားမည်ဖြစ်ပြီး နာတာရှည် နာမကျန်းဖြစ်ခြင်း အခြေအနေသို့တောင် ကျရောက်သွားလိမ့်မည်။ ၎င်းသည် အနာဂတ် သူ၏ ကျင့်ကြံမှုအပေါ် အလွန်ဆိုးရွားစွာ သက်ရောက်မူ ရှိနိုင်သည်။
"မင်းပြောတာ မှန်ပါတယ်၊ ဒါပေမယ့် ဒီအချိန်က မင်းတို့ကိုသတ်ဖို့ လုံလောက်ပါပြီ" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်လား?" အမျိုးသမီးငယ်သည် လှောင်ပြောင်ဟန်ဖြင့် သူမလက်ဖဝါးကို လှန်လိုက်သည်။ သူမလက်ဖဝါးပေါ်တွင် လက်သီးဆုပ်အရွယ် ပုလဲတစ်လုံး ပေါ်လာသည်။
ထိုပုလဲပေါ်လာသည်နှင့် တပြိုင်နက် ချိုင့်ဝှမ်းတစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသည်။ ပတ်ပတ်လည် တောင်နံရံပေါ်တွင် ထူထဲသော နှင်းခဲအလွှာများ ဖုံးလွှမ်းလာနေသည်။ ကောင်းကင်ကြီးပေါ်မှ ရုတ်တရက် နှင်းများကျလာပြီး ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အအေးဓာတ်က ချင်ယွင်ကို ချက်ချင်း လွှမ်းမိုးသွားသည်။
ချင်ယွင်တောင်မှ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ သူ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။
"ဒါက... နှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲပုလဲလား?"
ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။
"အနှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲပုလဲကို မင်း သိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မှန်ပါတယ်၊ အဲဒါက ငါတို့ဧကရာဇ်ကျောင်းတော်ရဲ့ ရတနာတစ်ခုဖြစ်တဲ့ အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲပဲ၊” အမျိုးသမီးငယ်က ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်မှုကို ထင်ရှားစေသည်။ အနှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲပုလဲကို သူ မည်သို့ မသိဘဲ နေနိုင်မည်နည်း။ ထိုအချိန်တုန်းက၊ တော်ဝင်ချင်မင်းဆက်၏ အင်မော်တယ်နန်းတော်ထဲတွင် သိမ်မွေ့နက်နဲ ရေခဲပုလဲ တစ်လုံးရှိနေခဲ့သည်။ သို့ရာတွင်၊ ၎င်းသည် အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲ မဟုတ်ပေ၊ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသားရဲ တစ်ကောင်ကို ဖိနှိပ်ရန် အတွက် အသုံးပြုထားသော အနှစ်တစ်သောင်း သိမ်မွေ့နက်နဲ ရေခဲပုလဲတစ်လုံး ဖြစ်သည်။
ထိုအချိန်တုန်းက ချင်ယွင်သည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့ဖူးပြီး တကိုယ်လုံး အေးခဲလုနီးပါးဖြစ်ကာ သေဆုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူသည် နောက်တစ်ကြိမ် တွေ့ရလောက်အောင် ကံကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အနှစ်တစ်သောင်း သိမ်မွေ့နက်နဲ ရေခဲပုလဲ သို့မဟုတ် အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် အလွန်ခါးသီးဖွယ် အေးစက်သည့် နေရာဖြစ်သော မြေအောက် မီတာတစ်သောင်းရှိ ရေခဲများမှ ဖြစ်ပေါ်လာသည့် ထူးခြားသော ရတနာများဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ရေခဲစွမ်းအင်များကို စုဆောင်းပြီးနောက်မှ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့သည် အလွန်ရှားပါးခဲ့သည်။
ဤရတနာမျိုးသည် ရေခဲအအေးစွမ်းအင်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရေခဲစွမ်းအင် ကြာကြာစုဆောင်းထားလေ၊ ရေခဲအအေးဓာတ်က ပို၍ ကြောက်စရာကောင်းလာလေ ဖြစ်သည်။
သာမာန် အစစ်အမှန်အင်မော်တယ်များပင်လျှင် အနှစ်တစ်သောင်းကျော် စုစည်း ထားသော သိမ်မွေ့နက်နဲရေခဲပုလဲကို မထိဝံ့ပေ။ ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ရေခဲရုပ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
သူ၏ရှေ့ရှိ အမျိုးသမီးငယ်သည် နှစ်တစ်ထောင်သက်တမ်း ကြာအောင် ရေခဲစွမ်းအင် ကို စုဆောင်းထားသည့် နှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲပုလဲ တစ်လုံးကို ကိုင်ဆောင် ထားသည်။ ၎င်းသည် နှစ်တစ်သောင်းသက်တမ်းရှိ သိမ်မွေ့နက်နဲရေခဲပုလဲကဲ့သို့ အစွမ်းထက်ခြင်းမရှိသော်လည်း ၎င်းတွင်ပါဝင်သည့်ရေခဲစွမ်းအင်သည် ချင်ယွင် ခုခံနိုင်သည့်အရာမဟုတ်ပေ။
ဤအရာက ချင်ယွင်၏ မျက်ခုံးများကို ချက်ချင်း ကြုတ်သွားစေခဲ့သည်။ ထိုအမျိုးသမီးငယ်သည် သူမလက်ထဲတွင် အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲကို ကိုင်ဆောင်ထားသည်။
ချင်ယွင်သည် သူမနှင့် အနီးကပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍သူသည် သူမအနား မကပ်နိုင်ခဲ့လျှင် ချင်ယွင်သည် သူမကို လုံးဝ ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ဤအတိုင်းသာဆက်သွားပါက ပေါက်ကွဲလျှပ်စီး အသက်သွင်းထားသော ချင်ယွင်၏ခန္ဓာကိုယ်သည် ၎င်း၏စွမ်းအားကို တောင့်မခံနိုင်သည့် အချိန်သည်၊ ချင်ယွင် သေဆုံးရမည့်အချိန် ဖြစ်သည်။
"ဘုန်း!"
ချင်ယွင်သည် ခက်ခဲသော အခြေအနေတွင် ရှိနေစဉ်တွင် သူတို့၏ ခြေထောက်အောက် မြေပြင်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မြေပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်စပြုလာသည်။ ပတ်ဝန်းကျင် လေထုသည်ပင် ပြင်းထန်စွာ တုန်ခါနေသည်။ တုလုံကျွန်းတစ်ခုလုံး ပြိုပျက်သွားတော့ မည့်ပုံပင်။ မြေပြင်ပေါ်တွင် အက်ကြောင်းကြီးများ ပေါ်လာသည်။ အက်ကွဲကြောင်း များအောက်ရှိ မြေပြင်သည် အနက်ရောင်ဖြစ်နေပြီး အောက်ခြေ အကန့်အသတ်မရှိပေ။
ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် တောင်ထိပ်မှ လိမ့်ဆင်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော မြေဆွဲငင်အားအောက်တွင် ၎င်းတို့သည် ချင်ယွင်နှင့် အခြားလူများအတွက်မူ ဥက္ကာပျံများ ဝင်ရောက်တိုက်ခိုက်ကဲ့သို့ ဖြစ်နေလေသည်။
"ဘာတွေဖြစ်နေတာလဲ?"
ကောင်းကင်ယံမှ ပြိုကျလာနေသော ကျောက်တုံးကြီးကို အဆက်မပြတ် ရှောင်တိမ်း နေရချိန်တွင် တုန်လှုပ်နေသော မြေပြင်ကို ကြည့်လိုက်ရင်း ချင်ယွင်၏ မျက်နှာသည် ထိတ်လန့်တကြားဖြစ်သည့်အမူအယာ ပေါ်လာသည်။
အကယ်၍ ဤကျောက်တုံးကြီးများဖြင့် ထိမိခဲ့လျှင် သူ မသေခဲ့လျှင်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်သည်။
ခပ်လှမ်းလှမ်းမှ အမျိုးသမီးငယ်သည် အံ့အားသင့်သော အမူအရာ ပေါ်လွင်နေသည်။ သူမသည် သိမ်မွေ့နက်နဲရေခဲပုလဲကို အမြန်ဖယ်ရှားလိုက်ပြီး ပြင်းထန်စွာဒဏ်ရာရ နေသော ဝူကျင်းနှင့်အတူ ချိုင့်ဝှမ်းအတွင်းမှ ထွက်ပြေးသွားတော့သည်။
ချင်ယွင်သည် သူတို့ထွက်သွားသည်ကို ကြည့်ပြီး တားဆီးခြင်းမရှိပေ။ ယင်းအစား၊ သူသည် အောက်မှာရှိသည့် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏အလောင်းဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
ဝှီး!
အလင်းတချက် လင်းလက်မူနှင့်အတူ ချင်ယွင်သည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးကို ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ အမြန်ထည့် လိုက်သည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏ခြေရင်းအောက်ရှိ မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူခြင်း စွမ်းအားတစ်ခုသည် ချက်ခြင်းရောက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အောက်သို့ ပြုတ်ကျသွားလေသည်။
အခန်း (၂၄၃) လျှို့ဝှက်ဆန်းကြယ်သောမြေအောက်နန်းတော်
ချင်ယွင်၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ လျင်မြန်စွာ ပြုတ်ကျသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်းစွမ်းအားကြောင့် သူ၏ ကျဆင်းနေသော အရှိန်အဟုန်သည် ချက်ချင်းပင် နှိုင်းယှဉ်ပြလို့မရအောင်ပင် ကြောက်စရာ ကောင်းလာသည်။
ချင်ယွင်သည် သူ၏ဝိညာဉ်ချီနှင့် နဂါးတောင်ပံများကို ဖြန့်ကားကာ အသည်းအသန် အသုံးပြုခဲ့သည်။ သို့သော် သူ၏တစ်ကိုယ်လုံးသည် အနှိုင်းမဲ့ကြီးမားသော တောင်ထွတ် ကြီးတစ်ခုက ဖိနှိပ်ခံနေရသလို ခံစားနေရပြီး ခိုင်မာပြတ်သာစွာ ဆင်းသက်နေရဆဲ ဖြစ်သည်။
ချင်ယွင်သည် မီတာမည်မျှနက်သည်အထိ ဆင်းသက်လာခဲ့မှန်း မသိတော့ပေ။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်ကိုသာ သူသိသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများသည် နေရာတော်တော်များများမှာ ချက်ချင်း ကွဲထွက်သွားခဲ့ပြီး သူသည် မြေပြင်ပေါ်မှာ လဲလျောင်းရင်း လှုပ်ရှားလို့ပင် မရတော့ချေ။
"လခွမ်းကွာ" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့။
ယခုတစ်ကြိမ် ပြုတ်ကျတဲ့အရှိန်အဟုန်က သူနောက်ဆုံးအကြိမ် ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့သည့်အချိန်ကထက် ပိုကြောက်စရာကောင်းသည်။ သူ၏ခေါင်းတခုလုံး ကြောင်စီစီဖြင့် မူးမိုက်နေသည်။ အကယ်၍ သူသည် စောစောလေးက ပေါက်ကွဲ လျှပ်စီးအခြေအနေ အတွင်းမှာသာ ရှိမနေခဲ့ဘူးဆိုလျှင် ယခုအချိန်တွင် သူသည် အသားငါးပိနှယ်ထားသည့်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
သို့သော်လည်း ပေါက်ကွဲလျှပ်စီး၏စွမ်းအားများ လွင့်ပျယ်သွားပြီးနောက် အလွန် ပင်ပန်းနွမ်းနယ်မှုကြောင့် ချင်ယွင်သည် ယခုအချိန်တွင် အလွန်အားနည်းသွားခဲ့သည်။
ချင်ယွင်သည် မှောက်ခုန်အနေထားမှ အပေါ်ကိုလှန်ပြီး သူ့ကိုယ်သူ ပက်လက်လှန် အိပ်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သူသည် မျက်လုံးများကို လှည့်ပတ် ကစားရင်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်သည် အလွန်ကျယ်ဝန်းပြီး မြင့်မားသော နံရံများရှိနေကြောင်း သူတွေ့ရှိခဲ့ရသည်။ အရာအားလုံးသည် အနက်ရောင်ဖြစ်နေသည်။ သူ၏ခေါင်းထက်မှာ အက်ကွဲကြောင်းတစ်ခုသာရှိသော်လည်း အလွန်ကျဉ်းမြောင်းသည်။ ထိုမှတဆင့် အလင်းတန်းတစ်ခု ထိုးဖောက် ဝင်ရောက်လာခဲ့သည်။
ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စူးစမ်းလေ့လာကြည့်သည်။ ပတ်ဝန်းကျင် နံရံများသည် အမှန်တကယ် ချောမွေ့နေပြီး အလွန်ဟောင်းနွမ်း နေကြောင်း တွေ့ရှိခဲ့သည်။ နံရံများအပေါ်မှာ ရေညှိအမှုန်အမွှားများ ပေါက်နေသည်။ ထင်ရှားသည်မှာ ဤနေရာသည် အစောပိုင်းလေးက ငလျင်ကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အချိန်ကြာမြင့်စွာတည်ရှိခဲ့သော မြေအောက်နန်းတော်တစ်ခု ဖြစ်သည်။
အစောပိုင်းက ငလျင်ကြောင့် မြေပြင်ပေါ်တွင်အက်ကွဲသွားခဲပြီး ဤမြေအောက် နန်းတော်သည် လှစ်ဖော်ပြသလာခြင်း ဖြစ်သည်။
ဤနေရာသည် မြေအောက်နန်းတော်ဖြစ်သောကြောင့် ထွက်လမ်းလည်း ရှိရမည်။ ထို့ကြောင့် ချင်ယွင်သည် ဆက်လက်စုံစမ်းခဲ့သည်။ မြောက်ဘက်နံရံတွင် ကျောက်တံခါးတစ်ခု အမှန်ပင်ရှိကြောင်း သူတွေ့ရှိခဲ့သည်။ ကျောက်တံခါးသည် သုံးမီတာကျော် မြင့်သည်။
"ဒါက သိုင်းမြို့စားဘိုင်ယွန်ပြောခဲ့တဲ့ မြေအောက်အင်မော်တယ် ဂူသင်္ချိုင်းမြေများ ဖြစ်နိုင်မလား?"
ချင်ယွင်က မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ယခင်က သိုင်းမြို့စားဘိုင်ယွန်သည် တုလုံကျွန်းအောက်တွင် ကြီးမားသော မြေအောက် အင်မော်တယ် သင်္ချိုင်းမြေတစ်ခုရှိကြောင်း ပြောခဲ့ဖူးသည်။ သူသောက်ခဲ့ရသည့် နဂါးသွေးဆေးလုံးကို ထိုမြေအောက်အင်မော်တယ်သင်္ချိုင်းမြေမှ ရရှိခဲ့ခြင်း ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာသည် ဤကျွန်းသို့ အင်ပါယာ၏ ပါရမီရှင်များစွာကို စေလွှတ်ရခြင်း၏ အကြောင်းအရင်းမှာ ဤမြေအောက်အင်မော်တယ် သင်္ချိုင်းမြေ အတွက်ကြောင့် ဖြစ်သည်။
မူလကတည်းက ချင်ယွင်သည် တုလုံကျွန်းအောက်တွင်ရှိသည့် မည်သည့် အင်မော်တယ်သင်္ချိုင်းမြေဖြစ်စေ ရှာဖွေရန်အတွက် တုလုံကျွန်းသို့ ဝင်ရောက်လာခဲ့ ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် နောက်မှ လိုက်လံဖမ်းဆီးခံရသည့်အတွက် သေချာစုံစမ်းရန်ပင် အချိန်မရှိခဲ့ပေ။ အခု၊ ငလျင်လှုပ်ခတ်သွားပြီးနောက် သူ့ကို မြေအောက်နန်းတော်တစ်ခုထဲသို့ စုပ်ယူသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤအရာသည် အမှန်တကယ်ပင် ကံကောင်းခြင်းသည် ရယ်မောဖွယ်ပြက်လုံးတစ်ခုလို ဖြစ်လာသည်။
သို့သော်၊ အင်မော်တယ်သင်္ချိုင်းမြေများသည် များသောအားဖြင့် အလွန်အန္တရာယ်များ သည်။ သာမာန်အစစ်အမှန် အင်မော်တယ်အဆင့်ရှိ အင်မော်တယ် သင်္ချိုင်းမြေ များပင်လျှင် ချင်ယွင်ကဲ့သို့ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများအတွက် အလွန် အန္တရာယ်များသောကြောင့် ချင်ယွင်သည် နည်းနည်းလေးမျှ သတိမမူဘဲ မနေဝံ့ပေ။
သို့သော် ဤအင်မော်တယ်သင်္ချိုင်းမြေကို မစူးစမ်းမီ၊ ချင်ယွင်သည် သူ၏ဒဏ်ရာများကို ဦးစွာ ကုစားရမည်၊ မဟုတ်ပါက အရာအားလုံးသည် အချည်းနှီးဖြစ်သွားပေလိမ့်မည်။
ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သူ့ဒဏ်ရာများကို ကုသရန်အတွက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုစည်းရန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို အဆက်မပြတ် ဖြန့်ကျနေခဲ့သည်။
မကြာခင်မှာပင် အချိန်လေးနာရီကုန်ဆုံးသွားပြီးနောက် ချင်ယွင်၏ခန္ဓာကိုယ်မှ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်လာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များပင်လျှင် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်၊ အသက်သစ်ပင်တို့နှင့်အတူ၊ ချင်ယွင်သည် ဒဏ်ရာမည်မျှပင် ပြင်းထန်နေပါစေ သူ အသက်တစ်ချက် ရူနေသေးမျှ ကာလပတ်လုံး သူသည် ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီးနောက် ချင်ယွင်သည် ဤမြေအောက် နန်းတော်ကို ချက်ချင်းမရှာဖွေခဲ့ပေ။ ယင်းအစား၊ သူသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လေဟာနယ်အတွင်းမှာ ကြက်သွေး ရောင် ဒိုင်နိုဆောရက်ကြီးသည် ထိုနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်း နေပါသည်။
ဤမျှကြီးမားသော တိုက်ပွဲအကျိုးအမြတ်ကို ကြည့်ရင်း၊ ချင်ယွင်သည် သူ၏ နှလုံးသား ထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို မခံစားရဘဲမနိုင်ခဲ့ပေ။
ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် အလွန့်အလွန် အဖိုးတန်သည့် သွေးအမျိုးအစား ဖြစ်ပါသည်။ ယခင်က သူသောက်ခဲ့ဖူးသည့် နဂါးသွေးဆေးလုံးနှင့် ယှဉ်လို့မရသော်လည်း အများကြီး ကွာခြားခြင်းမရှိသည်မှာ သေချာပါသည်။
ချင်ယွင်သောက်သုံးခဲ့သည့် နဂါးသွေးဆေးလုံးတွင် နဂါးသွေးအနှစ်သာရ တစ်စက်မျှ သာ ပါဝင်သည်။ သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ဒိုင်နိုဆောရက်ကြီး တစ်ကောင်လုံးကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ခန္ဓာကိုယ်ထဲမှာ နဂါးသွေးအနှစ်သာရ တစ်စက်ထက်ပိုနေသည်မှာ သေချာပါသည်။
ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ ပို၍ပင် စိတ်လှုပ်ရှားလာရလေ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ အလောင်းအတွက် စတင်တိုက်ခိုက်ရန်ပင် တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။
ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် သူ၏နှလုံးသားတွင် တည်ရှိနေသောကြောင့် ချင်ယွင်သည် ယခုလုပ်ဆောင်ရမည့်အရာအားလုံးသည် သူ၏နှလုံးကို တူးဖော်ပြီး ၎င်းထဲမှ သွေးအနှစ်သာရကို ထုတ်ယူခြင်း ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ခန္ဓာကိုယ်ကို ထိုးဖွင့်ကာ ၎င်း၏နှလုံးကို ထုတ်ယူ လိုက်သည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် အမှန်တကယ်ပင် ကြီးမားပြီး ၎င်း၏ နှလုံးသည် လူ့ဦးခေါင်းထက်ပင် ကြီးမားသည်။
ချင်ယွင်သည် ပေါကြွယ်ဝသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ နှလုံးကို ကြည့်လိုက်ရင်း သူ၏မျက်နှာတွင် အပြုံးတစ်ခု တောက်ပလာသည်။
ထို့နောက် ချင်ယွင်သည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏နှလုံးကို သန့်စင်ရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ချက်ချင်း ဖြန့်ဝေလိုက်သည်။
နောက်ဆုံး ဦးခေါင်းအရွယ်နှလုံးသည် ကျယ်လောင်စွာရယ်မောခြင်း အောက်တွင် ကြက်ဥအရွယ်အစား သွေးတစ်စက် ဖြစ်သွားသည်။
"ဒါက ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးရဲ့ သွေးအနှစ်သာရလား။ တကယ့်ကို၊ ဒါက ထူးခြားတာပဲ။" ချင်ယွင်သည် အနီရင့်ရောက်တောက်တောက်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသော သွေးအနှစ်သာရကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ထိတ်လန့်သွားသည် ။
ယခုအချိန်တွင်၊ ဤကြက်ဥအရွယ်အစားရှိ သွေးစက်တွင် ဒိုင်နိုဆောရက်ကြီး၏ စွမ်းအားအများစု ပါရှိနေသည်။ ယင်းမှ ထုတ်လွှတ်သော စွမ်းအင်အတက် အကျလှိုင်းများသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းပြီး ကြက်ဥအရွယ်သွေးစက်ကို မျိုချလိုက်သည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် ပေါက်ကွဲသွားပုံရသည်။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနှိုင်းမဲ့ ပြင်းထန်သော အင်အားတစ်ခု တိုးဝင်လာပြီး ချင်ယွင်၏ ချီစွမ်းအင်လမ်းကြောင်းများကို လက်လွတ်စပယ် ဖျက်ဆီး ပစ်လိုက်သည်။
ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက်ပြီး ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရမှ စွမ်းအားကို စတင် စုပ်ယူလိုက်သည်။
သို့သော်၊ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် အလွန် ကြောက်စရာကောင်းသည်။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အထွတ်အထိပ်ရောက်သည်အထိ ဖြန့်ကျက်ထားသည့်တိုင် ကြီးမားသော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။
ချင်ယွင်သည် သွားများကို တင်းတင်းကြိတ်ကာ ဤစွမ်းအားကို ဆက်လက် စုပ်ယူ လိုက်သည်။ ဝိညာဉ်စွမ်းအင်၏ ဖိအားပေးဆွဲငင်အား အောက်တွင်၊ သွေးအနှစ်သာရသည် ချက်ချင်းပင် ချင်ယွင်၏ခြေလက်အင်္ဂါများနှင့် အရိုးများဆီသို့ စီးဆင်းသွားသည့် စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် အသက်ရှင်နေပုံရပြီး ဤစွမ်းအားကို အရူးအမူး ဝါးမြိုနေပုံရသည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ဆက်လက် ကြံ့ခိုင်သန်မာလာခဲ့သည်။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်၏ သင်္ကေတဖြစ်သည့် သူ၏မျက်ခုံးကြားက အမှတ်အသား သည်လည်း တဖျပ်ဖျပ်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။ မူလက သန္ဓေသားပုံစံဖြင့် ဖွဲ့စည်းထားခဲ့သော ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် လည်း ယခုအချိန်တွင် တဖြည်းဖြည်းချင်း အားကောင်းလာခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားသည်လည်း ကြီးမားသော ပြောင်းလဲမှုများ ကြုံတွေ့နေရ၏။ သူ၏မူလက ကြမ်းတမ်းသည့် အသားအရေသည် အမှန်တကယ်ကို ချောမွေ့လာခဲ့သည်။ သူ၏သန့်စင်သော အသားအရေသည် တောက်ပြောင်ပြီး ကြည်လင်သော ခံစားချက်ကို ထုတ်လွှတ်ကာ အမွှေးရနံ့ ခပ်သင်းသင်းလေးပင် သယ်ဆောင်လာသည်။
"အင်း၊ ဒီတစ်ခါတော့ ငါ တော်တော်ချောတဲ့ကောင် ဖြစ်သွားပြီ" ချင်ယွင်သည် သူ့အသားအရည်၏ အပြောင်းအလဲများကို ကြည့်လိုက်သည်။ သူ၏ နဂိုက ချောမောသော မျက်နှာသည် ပို၍ပင် နူးညံ့လာပြီး ရင့်ကျက်နေပုံပင်ရသည်.။
ချင်ယွင်သည် ထိုအပြောင်းအလဲကို ကူရာမဲ့စွာဖြင့် ရင်ဆိုင်ရင်း တိတ်တဆိတ် လက်ခံရုံသာ တတ်နိုင်ခဲ့သည်။
ထို့အပြင် ချင်ယွင်၏ခန္ဓာကိုယ်သည် ဤဆေးကြောသန့်စင်မူကို ခံယူပြီးနောက်၊ ဤကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် အဆင့်သစ်တစ်ခုကို ဖြတ်ကျော်သွားသကဲ့သို့ များစွာတိုးတက်လာပုံပေါ်သည်။
ချင်ယွင်သည် လေထဲသို့ လက်သီးတချက် ထိုးချလိုက်သည်။
"ဘုန်း!"
လေထုသည် တဆတ်ဆတ် တုန်ယင်စွာ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ခဏလောက် ထိတ်လန့်သွားခဲ့ပြီး ကြယ်နက်ဓားကို ထုတ်ကာ သူ၏အရေပြားကို လှီးဖြတ်လိုက်သည်။
သူ့ကို အံ့အားသင့်စေခဲ့သည်မှာ အနှိုင်းမဲ့ထက်ရှသော ကြယ်နက်ဓားသည် သူ၏ အရေပြားပေါ်တွင် အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၎င်းသည် သူ၏အရေပြားကို လှီးဖြတ်သွားခြင်း မရှိခဲ့ပေ။
"ငါ အခု သန်မာနေပြီလား" ချင်ယွင်သည် အလွန်စိတ်လှုပ်ရှားသွားသည်။
ကြယ်နက်ဓားကို ဥက္ကာပျံသံမဏိမှ သွန်းလုပ်ထားခြင်း ဖြစ်သည်။ အနှိုင်းမဲ့ မာကြောလှသည်။ ဓားရှည်အဖြစ် သွန်းလုပ်ပြီးနောက်၊ အလွန်ထက်မြက်လာသည်။ ၎င်းသည် မြူနှင်းချောက်နက်ဓားနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း၊ ၎င်းသည် သာမန်သိမ်မွေ့နက်နဲ သံမဏိလက်နက်များအထက်တွင် အမှန်တကယ် ရှိနေမည် ဖြစ်သည်။
အကယ်၍ အစီအရင်အလွှာတစ်ခုကို ပေါင်းထည့်လိုက်မည်ဆိုလျှင် ၎င်းသည် အင်မော်တယ်အဆင့် လက်နက်အဖြစ်သို့ ရောက်ရှိသွားနိုင်လိမ့်မည်။
သို့သော် ကြယ်နက်ဓားသည် သူ၏အရေပြားကို ထိုးဖြတ်မသွားနိုင်ခဲ့ပေ။ ယင်းက သူ၏ခန္ဓာကိုယ်သည် မည်သည့်အတိုင်းအတာထိ ရောက်ရှိနေပြီလဲဆိုသည်ကိုသိရှိ နိုင်ပါသည်။
ယခုအချိန်တွင် ချင်ယွင်သည် ရှရီကို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်နေသည်။ ရှရီသည် သူ၏လှံသိုင်းပညာရပ်ကို အသုံးမပြုသရွေ့ သူသည် သေချာပေါက် လက်ရည်တူ တိုက်ခိုက်နိုင်ပါလိမ့်မည်။
အခန်း (၂၄၄) ဓားအမှတ်သားကျောက်တိုင်
ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲမှ ထွက်ခွာလာခဲ့ပြီး ပတ်ဝန်းကျင်သည် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းမရှိဘဲ မည်းမှောင်နေဆဲ ဖြစ်သည်။
ချင်ယွင်သည် တံခါးပေါက်ဆီသို့ လျှောက်မသွားခင် အရပ်လေးမျက်နှာကို လှည့်ပတ် ရှာဖွေခဲ့သော်လည်း ထူးဆန်းသည့်မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။
ဤသည်မှာ ကျောက်တံခါးကြီး ဖြစ်ပါသည်။ အမြင့် ၃ မီတာရှည်ပြီး အကျယ်နှစ်မီတာ ရှိသည်။ သိပ်အကြီးကြီး မဟုတ်သော်လည်း အလွန်လေးလံသည်။
၎င်းပေါ်တွင် ထွင်းထုထားသည့် ပုံစံတစ်ခု ရှိနိုင်သည်။ ၎င်းသည် အစစ်အမှန်နဂါးများ ဦးညွှတ်နေသည့်ပုံ ဖြစ်သည်။ အစစ်အမှန်နဂါးကိုးကောင်သည် မြေပြင်ပေါ်တွင် တွားသွားညွှတ်နေကာ လူတစ်ဦး သို့မဟုတ် သတ္တဝါတစ်ဦးကို ကိုးကွယ်နေသကဲ့သို့ တစ်နေရာတည်းကို ဦးညွှတ်နေလေသည်။
ချင်ယွင် အလွန်အံ့သြသွားသည်။ ဤရုပ်ပုံက မည်သည့်အရာကို ညွှန်ပြနေလဲ ဆိုသည်ကို သူ နားမလည်ပါဘူး။ သို့သော် အစစ်အမှန် နဂါးကိုးကောင်ကို ခေါင်းငုံ့အောင် တတ်စွမ်းနိုင်သူသည် သာမန်ထက် ထူးခြားသူ ဖြစ်ရပါမည်။ အစစ်အမှန်နဂါးကိုးကောင်၏ ကိုးကွယ်ခံရသူသည် ဤအင်မော်တယ်သင်္ချိုင်းမြေ၏ ပိုင်ရှင်ဖြစ်နိုင်သည်။
ချင်ယွင်သည် သူ၏စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူသည် ဤနေရာတွင် ဆက်မနေနိုင်ပေ။ သူသည် ကျောက်တံခါးကို တွန်းဖွင့်ရန် သူ၏ အစွမ်းရှိသမျှကို အသုံးချခဲ့သည်။
ဒါပေမယ့် ကျောက်တံခါးကြီးပွင့်သွားပြီးနောက် နောက်ကွယ်ရှိမြင်ကွင်းကို မြင်လိုက်ရ လျှင် သူသည် အံ့ဩမှင်သက် သွားခဲ့ရသည်။
ဤသည်မှာ အလွန်ကျယ်ဝန်းသော မြေအောက်နန်းတော် စင်္ကြံကြီးတစ်ခု ဖြစ်သည်။ မီတာတစ်ရာမြင့်ပြီး မီတာတစ်ထောင်ရှည်လျားသော ကျောက်နံရံကြီးတစ်ခုသည် သူ့ရှေ့တွင် ထောင်မတ်နေသည်။ ကျောက်နံရံကြီးကို မည်သည့်ကျောက်တုံး အမျိုးအစားဖြင့် ပြုလုပ်ထားသည်ကို မသိရသေးသော်လည်း ဥက္ကာပျံသံမဏိထက် ပိုမာကြောသည်။
သေချာသည်မှာ၊ ယင်းက ချင်ယွင်ကိုတုန်လှုပ်သွားစေရသည့် အကြောင်းအရင်း အစစ်အမှန် မဟုတ်ပါဘူး။ သူ့ကို အမှန်တကယ် အံ့အားသင့်စေသည့်အရာက ထိုကျောက်နံရံကြီးပေါ်မှာ ထွင်းထုထားသည့် ပုံစံများဖြစ်ပြီး သူ့ကို ပြောစရာစကားပင်
မဲ့သွားရစေသည်။
အမှန်တကယ်တော့ ကျောက်နံရံပေါ်မှာရှိသည့်အရာများကို ပုံစံများဟုဆိုလျှင် မှားယွင်းသည်ဟု ပြောလို့ရပေသည်။ အကြောင်းက ထိုအရာများသည် ရှည်လျားသည့် ဓားအမှတ်အသားများ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ဤဓားအမှတ်သားများသည် ကန့်လန့်ဖြတ်မျဉ်းများဖြတ်ဆွဲထားကာ ကျောက်နံရံတစ်ဖက်မှ အခြားတစ်ဖက်သို့ ပျံ့နှံ့သွားသည်။
ချင်ယွင်သည် ကန့်လန့်ဖြတ်မျဉ်းကြောင်းအရေအတွက် အကြမ်းဖျင်းအားဖြင့် စုစုပေါင်း ၃၈၀၀ ရှိသည်။
ဤဓားအမှတ်အသားများသည် အနှိုင်းမဲ့ ထက်ရှသော ဓားဆန္ဒများကို ထုတ်နေလွှတ်ကာ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ကျောက်နံရံများပေါ်ရှိ ဓားဆန္ဒများမှာ ပိုမိုအားကောင်းလာလေ ဖြစ်သည်။
ချင်ယွင်သည် မီတာငါးဆယ်အကွာအဝေးမှ ဓားအမှတ်သားတစ်ခုကို တစ်ချက် ကြည့်လိုက်သည်။ သူ၏နှလုံးသားသည် ဓားဖြင့်ထိုးစိုက်လာသလို ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။
"ဒါ... ဒီဓားဆန္ဒကို နောက်ကွယ်မှာ ဘယ်သူချန်ထားရစ်ခဲ့တာလဲ၊ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ ဒီအင်မော်တယ်ဂူသင်္ချိုင်း မြေပိုင်ရှင်က ချန်ထားခဲ့တာများ ဖြစ်နိုင်ပါ့မလား" ချင်ယွင်၏ နှလုံးသားသည် နှိုင်းယှဉ်လို့ မရအောင်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤဓားအမှတ်အသားပိုင်ရှင်သည် အလွန်အစွမ်းထက်လှသည်။ ချင်ယွင်သည် မီတာ ငါးဆယ်အကွာမှ ဓားအမှတ်အသားကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဓားအမှတ် အသားမှ ထုတ်လွှတ်သော ဓားဆန္ဒကြောင့် ဒဏ်ရာရသွားခဲ့သည်။
ကျောက်နံရံနောက်ဆုံမှ ထွက်လာသည့် ဓားဆန္ဒဆိုလျှင် မည်မျှအထိ ကြောက်စရာ ကောင်းမလဲဆိုသည်ကို တွေးကြည့်နိုင်ပါသည်။
အကယ်၍ ဓားဆန္ဒကို ရေဖြင့်နှိုင်းယှဉ်ပြမည်ဆိုပါက၊ ချင်ယွင်နားလည်နိုင်သော ဓားဆန္ဒမှာ ရေတစ်ခွက်သာသာ ဖြစ်သည်။ ဤကျောက်နံရံပိုင်ရှင် နားလည် သဘောပေါက်ထားသော ဓားဆန္ဒမှာ ရေကန်ကြီးတစ်ကန်ဖြစ်ပြီး တော်ဝင်ဓားတာအို တစ်ခုလုံးသည် အဆုံးမဲ့ပင်လယ်ကြီးတစ်ခု ဖြစ်သည်။
ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး ကျောက်နံရံရှေ့သို့ လျှောက်လာခဲ့သည်။ သူသည် လက်ကိုဆန့်ထုတ်ပြီး ပထမဓား အမှတ်အသားကို ထိကြည့်လိုက်သည်။
ချက်ခြင်းပင် သူ၏လက်သည် ဓားအမှတ်အသားမှထွက်ပေါ်လာသော ထက်မြက် စူးရှသည့်ဓားဆန္ဒကို ခံစားလိုက်ရပြီး သူ၏လက်ချောင်းကို ဖြတ်တောက်သွားခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားဆန္ဒလဲ။
ဒီဓားဆန္ဒပိုင်ရှင်ဟာ အနည်းဆုံး တော်ဝင်တာအိုအဆင့်ကို ရောက်ရှိနေပြီ" ချင်ယွင်သည် အံ့သြထိတ်လန့်သွားခဲ့သည်။
သဘောတရားကိုနားလည်ခြင်းနယ်ပယ်၊ သိမ်မွေ့နက်နဲသောနယ်ပယ်၊ အံ့သြဖွယ် နယ်ပယ်၊ နိယာမနယ်ပယ်၊ တော်ဝင်တာအို၊ ကောင်းကင်တာအို။
တော်ဝင်တာအိုအဆင့်ကို ရောက်ရှိနိုင်သည့် ကျွမ်းကျင်သူသည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်မှာ ရှိရမှာဖြစ်ပြီး၊ ဤအင်မော်တယ်သင်္ချိုင်းမြေသည် အနည်းဆုံး အင်မော်တယ်ဘုရင်တစ်ပါး၏ သင်္ချိုးမြေဟု ဆိုလိုရာရောက်ပေသည်။
ချင်ယွင်သည် အေးစက်သောလေကို မရူရှိုက်ဘဲ မနေနိုင်တော့ပေ။
သူ၏နှလုံးသားသည်လည်း ထိတ်လန့်တုန်လှုပ်သွားရလေသည်။
သို့သော်၊ အနိမ့်ဆုံး အင်မော်တယ်ဘုရင်အဆင့်ရှိသည့် ဤအင်မော်တယ် သင်္ချိုင်းမြေတစ်ခုသည် ဤသေမျိုးကမ္ဘာတွင် အဘယ်ကြောင့်ပေါ်လာခဲ့သည်ကို သူအမှန်တကယ် နားမလည်နိုင်ခဲ့ပေ၊ ၎င်းသည် တုလုံကျွန်းအတွင်းရှိ မြေအောက်၌ တည်ရှိနေသည်။
ချင်ယွင်သည် ဤအကြောင်းကို နားမလည်နိုင်ပေ။ ချင်ယွင်သည် ဤသင်္ချိုင်းဂူပိုင်ရှင်ကို မမြင်ဖူးလျှင် ထိုလူ၏အကျင့်များကို မသိနိုင်ပေ။
ထို့အပြင် ယခု သူမြင်တွေ့လိုက်ရသည်မှာ ဤအင်မော်တယ်သင်္ချိုင်း၏ ရေခဲတောင်တစ်ခုလုံး၏ ထိပ်ပိုင်းလေးတစ်ခုမျှသာ ဖြစ်သည်။ တုလုံကျွန်း တစ်ခုလုံး၏ အောက်တွင်၊ ဤအင်မော်တယ်ဂူသင်္ချိုင်း၏ အင်မော်တယ်နန်းတော်များအားလုံး ရှိနေနိုင်သည်။
သေချာသည်မှာ၊ ရေခဲတောင်ကြီး၏ထိပ်ပိုင်းဖျားလေးကို ရှာဖွေတွေ့ရှိရုံဖြင့်ပင် တန်ဖိုး မဖြတ်နိုင်ပေ။ အကယ်၍ ဤကျောက်နံရံသည် အင်မော်တယ်ကမ္ဘာထဲမှာ ဆိုလျှင်ပင် တန်ဖိုးမဖြတ် နိုင်သည့် ရတနာတစ်ခုဖြစ်နေဆဲဖြစ်သည်။ ဤကျောက်နံရံသည် အင်မော်တယ်ကမ္ဘာမှာပင် ၎င်းကိုရရှိပိုင်ဆိုင်နှိုင်ရန်အတွက် တိုက်ခိုက်ရန်ပင် ကြီးမားသောအင်အားစုကြီးများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ နောက်ဆုံးမှာတော့ အင်မော်တယ်ဘုရင်တစ်ပါး ချန်ထားရစ်ခဲ့သော ဓားဆန္ဒသည် အခြားရတနာများဖြင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။
ဤကျောက်ပြားသည် အင်မော်တယ်ဘုရင်အဆင့် ဓားကျင့်ကြံသူတစ်ဦး၏ ဒိုင်ယာရီတစ်ခုနှင့် ညီမျှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဓားအမှတ်အသားများပေါ်ရှိ ဓားဆန္ဒများ အားလုံးကို အပြည့်အ၀နားလည်နိုင်ခဲ့လျှင် ထိုသူသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်စွမ်း ရှိကောင်း ရှိလာမည် ဖြစ်သည်။
ချင်ယွင်သည်ပင်လျှင် ဤကျောက်ပြားကြီးကို ဖယ်ရှားနိုင်ရန် ဆန္ဒရှိနေသည်။ ထိုသိုဆိုလျှင် သူသည် ၎င်းကျောက်ပြားကြီးကို သူနှင့်အတူသယ်ဆောင်ကာ အနာဂတ်တွင် ကျောက်ပြားကြီးပေါ်မှာရှိသည့် ဓားဆန္ဒများကို ဖြည်းညှင်းစွာ နားလည်ဆင်ခြင်နိုင်မည် ဖြစ်သည်။
သို့သော် ဤကြီးမားသော ကျောက်ပြားနံရံကြီးသည် မြေအောက် နန်းတော်တစ်ခု လုံးနှင့် ဆက်စပ်နေပါသည်။ အကယ်၍ သူသည် ဤကျောက်ပြားကို ဖယ်ရှားလိုပါက ချင်ယွင်သည် တောင်များကို ရွေ့လျားနိုင်ပြီး ပင်လယ်ပြင်ကို လှန်မှောက်နိုင်သည့် အစွမ်းမျိုးမရှိပါက၊ မဖြစ်နိုင်ပေ။
ချင်ယွင်သည် ကိုယ့်ကိုယ်ကို အနည်းငယ် သနားစိတ်နှင့်အတူ နောင်တလှိုင်းများကို ခံစားလိုက်ရသည်။
သို့သော် သူသည် ထိုကျောက်ပြားနံရံကြီးကို အဝေသို့ မရွေ့ပြောင်း နိုင်သောကြောင့် ဤနေရာ၌ပင် အချိန်ကြာကြာ တရားထိုင်နေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့သည် တုလုံကျွန်းသို့ သူဝင်ရောက်ခဲ့သည့် ဒုတိယမြောက်နေ့သာဖြစ်သေးပြီး သူသည် ရက်သုံးဆယ်မတိုင်မှီ အချိန်အကြာကြီး နေနိုင်ပါသေးသည်။
ထို့ကြောင့် ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် ဓားအမှတ်အသားများကို ဂရုတစိုက်ကြည့်ကာ ဓားအမှတ်အသားများပေါ်ရှိ ဓားဆန္ဒများကို သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် အာရုံပြုလိုက်သည်။
ထိပ်ဆုံးဓားဆန္ဒဆယ်ခုသည် အလွန်အစွမ်းထက်ခြင်း မရှိသေးပေ။ချင်ယွင်သည် ဓားဆန္ဒများကို ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် သူသည် ဓားအမှတ်အသား ဆယ်ခုပေါ်ရှိ ဓားဆန္ဒဆယ်ခုကို အလွယ်တကူ နားလည်နိုင်ခဲ့သည်။
သို့သော် ချင်ယွင်သည် ဆယ့်တစ်ခုမြောက် ဓားအမှတ်အသားကို စတင်နားလည်လာသော အခါတွင် သူ၏မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်သွားသည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ ဆယ့်တစ်ခုမြောက် ဓားအမှတ်အသားကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ဓားအမှတ်အသားမှ ထုတ်လွှတ်သော ဓားဆန္ဒများကို ခံစားနိုင်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဓားအမှတ်အသား၏ ခြားနားချက်များနှင့် ပုံစံများကို ခံစားသိရှိနိုင်ခဲ့သည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။ သူသည် အင်မော်တယ်အငွေ့အသက်ကိုပိုင်ဆိုင်ထားသည့် အဖြူရောင်ဝတ်ရုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသကဲ့သို့ ထင်မှတ်ရသည်။ ထိုအမျိုးသား၏လက်ထဲတွင် အလွန်ရိုးစင်းသော သံမဏိဓားတစ်ချောင်းကို ကိုင်ဆောင် ထားကာ သူသည် ကျောက်ပြားနံရံမှ မီတာတစ်ရာအကွာတွင် ရပ်နေ၏။
သူ၏အကြည့်များက ပြတ်သားပြီး ဓားတစ်ချောင်းကဲသို့ တဖျပ်ဖျပ်ခတ်နေသည်။ သူသည် သူ၏ဝိညာဉ်စွမ်းအင်ကို အနည်းငယ်မျှပင် အသုံးမပြုဘဲ သူ၏ဓားကို ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။
တခဏအတွင်းမှာပင် လှပသည့်ဓားအလင်းတန်းတစ်ခုသည် ဓားကိုဖြတ်ကျော်ပြီး လေဟာနယ်ကိုထိုးဖြတ်ကာ ကျောက်ပြားနံရံကြီးကို ထိမှန်သွားပြီး သုံးပေကျယ်သည့် ဓားအမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။ ဓားဆန္ဒသည် ဓားအမှတ်အသားပေါ်တွင် ကြာရှည်စွာ တည်ရှိနေခဲ့သည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤဓားအမှတ်အသားကို အကြိမ်ပေါင်းများစွာမြင်ဖူးသော်လည်း ဤမြင်ကွင်းထဲ၌ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ဝိညာဉ်စွမ်းအင်ကို အဘယ်ကြောင့်အသုံးမပြုရသလဲဆိုသည်ကို သူ နားမလည်နိုင်သေးပေ။ သူ သာမန်ကာလျှံကာ ခုတ်ပိုင်းလိုက်သည့် ဓားတစ်ချောင်းက ဒီလောက်အထိ အစွမ်းထက်နိုင်လို့လား။
ဤကျောက်ပြားနံရံသည် သာမန်ပစ္စည်းမဟုတ်ကြောင်းကို သိရှိထားရမည်။ ဤကျောက်ပြားနံရံသည် မာကျောမှုအရာမှာ ကြယ်နက်ဓားကိုပင် လုံးဝ နှိုင်းယှဉ် နိုင်သည်။ ချင်ယွင်၏ လက်ရှိခွန်အားဖြင့်၊ အကယ်၍ သူသည် သူ၏ခွန်အားရှိသမျှကို အသုံးပြုလျှင်ပင်၊ ရှည်လျားသောဓားအမှတ်အသားတစ်ခုကို ချန်ထားရန်နေနေသာသာ ကျောက်ပြားနံရံကြီးပေါ်တွင် အဟလေးတစ်ခုကိုပင် ချန်ထားနိုင်မည်မဟုတ်ပေ။
ချင်ယွင်သည် မျက်လုံးများကို မှိတ်ထားပြီး အစောပိုင်းလေးက မြင်ကွင်းကို ပြန်မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ်အမျိုးသား၏ သေးငယ်သော လှုပ်ရှားမှုနှင့် အငွေ့အသက်တိုင်းက သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။
ချင်ယွင်သည် ထိုနေရာတွင် သုံးရက်ကြာ ထိုင်နေခဲ့သည်။ သူသည် မလှုပ်မယှက်ဘဲ သုံးရက်ကြာအောင် တင်ပျဉ်ခွေ ထိုင်နေခြင်းဖြစ်သည်။
နောက်ဆုံး စတုတ္ထနေ့တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
အလွန်အစွမ်းထက်သည့် ဓားဆန္ဒတစ်ခုသည် သူ၏မျက်လုံးများမှ ထွက်ပေါ်လာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ထဲတွင် ကြယ်နက်ဓားက ထွက်ပေါ်လာကာ ဓားတစ်ချောင်းကို တိုက်ရိုက် ခုတ်ထစ်လိုက်သည်။
ဝိညာဉ်စွမ်းအင် အနည်းငယ်မျှမပါရှိဘဲ၊ ထက်ရှသောဓားအလင်းသည် ကြယ်နက် ဓားကို ဖြတ်၍ ချက်ချင်း ပစ်လွှင့်သွားခဲ့သည်။
ဓားအလင်းသည် လေဟာနယ်ထဲသို့ လျင်မြန်စွာ ဖြတ်ကျော်သွားကာ ဓားအမှတ်အသားကျောက်ပြားနံရံ၏ အလွတ်နေရာတွင် တစ်ပေရှည်သော ဓားအမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
အခန်း (၂၄၅) ဓားငယ်လေးဂိုဏ်း၏ ပါရမီရှင်
"ကောင်းလိုက်တာ။ သုံးရက်အတွင်းမှာ ဒီဓားဆန္ဒတွေရဲ့သုံးပုံတစ်ပုံကို နားလည်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး။ မင်းကတကယ်ကို ထူးထူး ခြားခြားပါပဲ။"
ချင်ယွင်သည် ကျောက်ပြားနံရံပေါ်တွင် သူချန်ထားခဲ့သော ဓားအမှတ်အသားများကို ကြည့်ပြီး ကျေနပ်အားရဖြစ်နေစဉ် သိပ်မဝေးလှသည့် နေရာမှ လက်ခုပ်သြဘာနှင့်အတူ အားပေးသံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် အသံကြားရာဘက်ကို လှည့်ကြည့်လိုက်လျှင် လရောင်အမှတ်တံဆိပ်ပါ ဝတ်ရုံကို ဝတ်ထားသည့် လူငယ်တစ်ယောက်သည် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် အရမ်းကိုချောမောလွန်း၏။ သူသည် အသက်ဆယ့်ခုနစ်နှစ်ခန့် ရှိမည်ဖြစ်ပြီး အရပ် ၁.၈ မီတာရှည်သည်။ သူ၏ အပြောအဆိုနှင့် အပြုအမူများတွင် မထင်မရှား ခပ်ဖျော့ဖျော့အငွေ့အသက်တစ်ခု သယ်ဆောင်လာသည်။ ထိုအချိန်တွင် သူသည် ချင်ယွင်ဆီသို့ လျှောက်လှမ်းလာစဉ် သူ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခုက ခိုတွဲလျှက်ရှိသည်။
ချင်ယွင်သည် သူ့ရှေ့မှ လူငယ်ကို ချက်ချင်း မှတ်မိသည်။ ထိုလူငယ်သည် ပင်မခန်းမထဲတွင် သူ့ကို လေးလေးနက်နက် စွဲမှတ်ထားစေခဲ့သည့် ဓားငယ်လေးဂိုဏ်းမှ ပါရမီရှင်နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
ဓားငယ်လေးဂိုဏ်းမှ တုလုံကျွန်းသို့ ဝင်ရောက်လာသူ စုစုပေါင်း နှစ်ဦးရှိသည်။ တစ်ဦးက သူ၏နောက်ကျောမှာ ဓားရှည်ကြီးတစ်လက်ကို လွယ်ထားသော ထွားကျိုင်းသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ဖြစ်ပြီး နောက်တစ်ဦးကတော့ သူ၏ရှေ့မှ ဤလူငယ်ဖြစ်သည်။
ချင်ယွင်သည် သူ့ကို လေးလေးနက်နက် စွဲမှတ်ထားရသည့် အကြောင်းအရင်းကတော့ ထိုလူငယ်သည် မင်းသားနှစ်ပါးမှလွဲလျှင် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။
မင်းသားနှစ်ပါးသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်အဖြစ်သို့ ရောက်ရှိသွားခြင်းကို ချင်ယွင်သည် အံ့သြခြင်းမရှိပေ။
သို့သော် ဓားငယ်လေးဂိုဏ်းသည် ကွဲပြားသည်။ ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း တော်ဝင်မိသားစုနှင့်ယှဉ်လျှင် အများကြီး ကွာခြားနေပါသေးသည်။
အသက်ဆယ့်ခုနစ်နှစ်မတိုင်မီတွင် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ခြင်းသည်ပင် ရှားပါးသည့် ပါရမီရှင်တစ်ဦး ဖြစ်နေပါပြီ။
သို့သော် ချင်ယွင်၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်လာခဲ့သည်။ ဤလူငယ်ထွက်ပေါ်လာခြင်းကို သူ လုံးဝ သတိမထားမိခဲ့ပေ။ ဤအရာက ချင်ယွင်ကို နိုးနိုးကြားကြား သတိရှိလာစေသည်။
"ဟား၊ ဟား၊ ငါ့မှာ မကောင်းသော ရည်ရွယ်ချက် မရှိပါဘူး၊ ငါ ဒီနေရာကို တွေ့ရှိပြီးနောက် မင်းဓားဆန္ဒကို နားလည်ဆင်ခြင်နေတာကို တွေ့လိုက်ရတယ်လေ။ အဲဒါကြောင့် မင်း ဓားသိုင်းကွက်ကို မထိတွေ့မချင်း မင်းကို အနှောင့်ယှက် မပေးခဲ့တာပါ။ မင်းကို အနှောင့်ယှက်ဖြစ်စေမယ့် စကားတခွန်းကိုမှ ငါ မပြောဝံ့ပါဘူး။" ဓားငယ်လေးဂိုဏ်း၏ ပါရမီရှင် လူငယ်သည် တိုးတိုးလေး ရယ်မောကာ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် နွေးထွေးနေ၏။
"မင်း ဒီကို ရောက်နေတာကြာပြီလား။" ချင်ယွင်သည် ပို၍ပင် မျက်မှောင်ကြုတ်သွား သည်။
"တစ်ရက်လောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။" ဓားငယ်လေးဂိုဏ်းမှ လူငယ်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ ဓားငယ်ဂိုဏ်းမှ ဤလူငယ်သည် သူ၏ ပတ်ဝန်းကျင်တွင် တစ်ရက်တာကြအောင် ရောက်ရှိခဲ့သော်လည်း သူသည် ရှိမနေသည့် အလား နည်းနည်းလေးမှ ထူးခြားချက်မရှိခဲ့ပေ။ အကယ်၍ သူ၏ပါးစပ်မှ ရည်ရွယ်ချက်ရှိရှိ ဖွင့်မပြောခဲ့လျှင် ချင်ယွင်သည် ထိုလူငယ်၏ ရောက်ရှိနေမှုကို ရှာဖွေတွေ့ရှိလိမ့်မည်ပင် မဟုတ်ပေ။
ချင်ယွင်က ဤအကြောင်းကိုတွေးပြီး ကြောက်သွားသည်။ အကယ်၍ ဓားငယ်လေးဂိုဏ်းမှ ဤလူငယ်သည် သူ၏နှလုံးသားကို ဓားဖြင့်ထိုးရန် သို့မဟုတ် သူ၏ ခေါင်းဖြတ်ရန် အကြံအစည်ရှိပါက သူသည် ဓားဆန္ဒကို နားလည်ဆင်ခြင်နေချိန် မှာ အခွင့်ကောင်းကို ရယူနိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် ချက်ချင်းပင် သေဆုံးလိမ့်မည် မဟုတ်ပါလော။
ချင်ယွင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ရှေ့တွင်ရှိသည့် ဓားငယ်လေးဂိုဏ်းမှ လူငယ်ကို အန္တရာယ်ပေးနိုင်သည့်လူများထဲမှ တစ်ဦးအဖြစ် ချက်ချင်း စာရင်းသွင်းလိုက် သည်။
ချင်ယွင်၏ အန္တရာယ်စာရင်းတွင် လူငါးဦးရှိနေပြီ ဖြစ်သည်။ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်မှာရှိနေသည့် အဋ္ဌမမင်းသားနှင့် နဝမမင်းသားနှစ်ပါးအပြင် ဧကရာဇ်ကျောင်းတော်မှ အမျိုးသမီးတစ်ဦးလည်း ပါ၀င်ခဲ့ပြီး ယခုသူ၏ရှေ့မှာရှိနေသည့် ဤလူငယ်နှင့် ဂျီမျိုးနွယ်စုမှ အနီရောင်ဝတ်လူငယ်တို့ ပါဝင်သည်။
ဤလူငါးဦးသည် ချင်ယွင်ကို နက်နဲသော ခြိမ်းခြောက်မှုကို ခံစားစေခဲ့သည်။ အဋ္ဌမမင်းသားနှင့် နဝမမင်းသားတို့ကို မတိုက်ခိုက်ဖူးသော်လည်း သူတို့သည် တူညီသည့်စွမ်းအား ရှိကောင်းမှရှိလိမ့်မည်။ ရတနာပစ္စည်းများနှင့် ပတ်သက်လျှင် ထိုအင်အားစုကြီးများ၏ တပည့်များအားလုံးနီးပါးသည်ပင် ရတနာပစ္စည်းများကို ပိုင်ဆိုင်ထားကြသည့်အတွက် ဧကရာဇ်မိသားစု၏ တော်ဝင်မင်းသားများဆိုလျှင် အထူးပြောစရာပင် လိုမည်မဟုတ်တော့ချေ။
ချင်ယွင်၏ လေးနက်တည်ကြည်သောအမူအရာကိုမြင်ရလျှင် ဓားငယ်လေးဂိုဏ်းမှ လူငယ်သည် ချက်ချင်းပင် ကူကယ်ရာမဲ့စွာပြုံးရင်းပြောသည် "ငါ့နာမည်က ကျိထျန်းချန်ပါ။ ငါ့ရဲ့ကိုယ်ရေး အချက်အလက်ကိုတော့ မင်းလည်းသိမယ်လို့ ငါ ယုံကြည်တယ်"။
ချင်ယွင်က သူ့ကိုယ်သူ မိတ်ဆက်ပေးတော့မည့် အချိန်မှာပဲ ဓားငယ်လေးဂိုဏ်းမှလူငယ်က သူ့ကို ကြားဖြတ်ပြောလိုက်သည် "မင်းက မဟာမျိုးနွယ်စုကြီးသုံးခုကို စော်ကားခဲ့တဲ့ ချင်ယွင်ဆိုတာ ငါ သိပါတယ်။ မဟာမျိုးနွယ်စုကြီးသုံးခုရဲ့ ပါရမီရှင်တွေက မင်းကို လိုက်လံဖမ်းဆီးတာကို မြင်လိုက်ရတဲ့အခါ မင်းအသက်မရှင်နိုင်တော့ဘူးလို့ ငါထင်ထားခဲ့တာ။ အဲဒါကြောင့် မနေ့က မင်း ဓားဆန္ဒကို နားလည်အောင်ဆင်ခြင်နေတာကိုမြင်တော့ ငါအံ့သြသွားမိ တယ်။ မဟာမျိုးနွယ်စုကြီးသုံးခုရဲ့ ပါရမီရှင်ခြောက်ယောက် လက်ထဲကနေ လွတ်မြောက်နိုင်စွမ်းရှိတဲ့ မင်းနဲ့ပတ်သက်ပြီး သာမန်ထက်ထူးခြားမူရှိတဲ့ မင်းရဲ့အစွမ်းကို ငါက မြင်ချင်မိရုံသက်သက်ပါ။"
"ဒါဆို မင်း ဘာတွေ့လိုက်တာလဲ။" ချင်ယွင် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ဤအကောင်နှင့်ပတ်သက်ပြီး သူ့မှာ ပြောစရာ တကယ်ကို ဘာမှမရှိတော့ပေ။ တခြားသူများနှင့် သူ မည်သို့မည်ပုံ ကွာခြားလဲဆိုသည်ကို သိနိုင်ရန်အတွက် ထိုလူငယ်သည် ဤနေရာတွင် တစ်နေ့လုံးနေခဲ့သည်။
“တကယ်ကို ကြီးကြီးမားမား ရိတ်သိမ်းမှုကြီးတစ်ခု ဖြစ်ခဲ့တာပဲ။ ဓားငယ်လေးဂိုဏ်းမှ လူငယ်လေးသည် ပြုံးကာ ဆက်၍ ပြောသည် "တော်ဝင်ရန်အင်ပါယာကြီးမှာ၊ သိုင်းမြို့စားအဆင့်နဲ့ ဓားဆန္ဒကို နားလည်နိုင်သူ အများအပြားမရှိဘူး။ မျိုးဆက်သစ်လူငယ်များထဲမှာဆို ပိုလို့တောင် နည်းပါးသေးတယ်။ ဓားဆန္ဒကို နားလည်နိုင်သူ အားလုံးကို ဓားတာအိုရဲ့ ပါရမီရှင်တွေလို့ ခေါ်ဆိုကြတယ်လေ။ စောစောက မင်းရဲ့ဓားဆန္ဒအပေါ် နားလည်သဘောပေါက်မူကို ငါမြင်ရတဲ့အခါ ဒါက အပေါ်ယံ နားလည်တာမဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း နားလည်နေတယ်ဆိုတာကို ငါတွေ့လိုက်ရတယ်။”
"ဒါဆို အဲဒါက ဘာကိုဆိုလိုချင်တာလဲ။" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
ဓားငယ်လေးဂိုဏ်းမှ လူငယ်လေးက ထူးထူးခြားခြား ပြုံးပြီး "ငါ မင်းနဲ့ လက်တွဲချင်တယ်" လို့ပြောလိုက်လေသည်။
"ပူပေါင်းဖို့လား?"
"မှန်ပါတယ်။ အတူတူပူးပေါင်းဖို့ပဲ။ အမွေဆက်ခံခြင်းနယ်မြေတစ်ခုကို ငါ တွေ့ထားခဲ့ တယ်။ အဲဒီမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ ငါ တစ်ယောက်တည်း ဖြတ်သွားလို့ မရဘူး၊ ဒါကြောင့် ငါက မင်းနဲ့ လက်တွဲချင်တာ။ ရရှိလာတဲ့ အမွေအနှစ်ကို အညီအမျှ ခွဲယူမယ်ဆိုရင် ဘယ်လိုလဲ။" ဓားငယ်လေးဂိုဏ်းမှ လူငယ်သည် သူ၏မျက်လုံးများတွင် အပြုံးမပျက်ဟန်ဖြင့် ပြောလိုက်သည်။
"ဘာလို့ ငါဖြစ်နေရတာလဲ၊ မင်းရဲ့ဂိုဏ်းတူအဖော်က ဘယ်မှာလဲ" ချင်ယွင်က သတိကြီးစွာဖြင့် မေးလိုက်သည်။
ကျိထျန်းချန်က ချင်ယွင်ထိုသို့သောမေးခွန်းမျိုး မေးလိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။ သူက ပြောပြသည် “သူနဲ့ငါက လူချင်း ကွဲသွားကြတယ်။ အရင်တုန်းက ငါတို့ဟာ ရွှေရောင် ထဲ့ရက်စ်ဆောကြီးတစ်ကောင်နဲ့ ကြုံခံရတယ်။ အဲဒီကောင်ကြီး လိုက်လံဖမ်းဆီးတာကို ရှောင်တိမ်းရင်း လူချင်းခွဲပြီး ထွက်ပြေးလာကြတာပဲ။ ငါတို့အချင်းချင်း ဘယ်အချိန်ပြန်ဆုံမလဲဆိုတာ ငါလည်းမသိဘူး။ မင်းကို ငါရွေးချယ်ရတဲ့အကြောင်းအရင်းကတော့ တခြားသူတွေက မယုံကြည်ရလို့ပေါ့ကွာ။”
"ဘာလို့ ငါ့ကို ယုံရတာလဲ" ချင်ယွင်က မေးသည်။
"မင်းကိုလည်း ယုံကြည်တယ်လို့တော့ ပြောလို့မရဘူး၊ ဒါပေမယ့် မင်းက ငါ့ကို တခြားသူတွေထက် အများကြီး ပိုကောင်းတဲ့ ခံစားချက်ကို ပေးတယ်။" ကျိထျန်းချန်က သူ၏မျက်နှာပေါ်တွင် ရိုးသားသော အပြုံးဖြင့် ပြန်ပြောသည် ။
ကျိထျန်းချန်၏ စကားကိုကြားရလျှင် ချင်ယွင်သည် ချက်ချင်းပင် အတွေးဝင်သွားသည်။
ဤကျိထျန်းချန်၏ ထွက်ပေါ်လာမူက အလွန်ထူးဆန်းပြီး သူ၏စွမ်းဆောင်ရည်က လည်း ပြီးပြည့်စုံသည်။ သူ့အပေါ် ယုတ်မာသည့်စိတ်ထားမျိုး လုံးဝမရှိပုံရသည်။ သူသည် ပွင့်လင်းရိုးသားသော ရုပ်အသွင်အပြင်ရှိသော်လည်း ချင်ယွင်သည် သူ၏ မျက်နှာပေါ်တွင် တွေ့မြင်ရသလောက် မရိုးရှင်းကြောင်း အမြဲလိုလို ခံစားမိသည်။
သို့သော် ချင်ယွင်သည် သူပြောပြသည့် အမွေခံပစ္စည်းကို တချက် လေ့လာ ကြည့်ချင်သည်။
ဤအင်မော်တယ်သင်္ချိုင်းမြေသည် အင်မော်တယ်ဘုရင်တစ်ပါး ကျန်ထားရစ်ခဲ့သည်ကို သူသိပြီးကတည်းက ချင်ယွင်သည် ဤနေရာ၌ရှိသည့် အရာအားလုံးကို သိချင်လာသည်။ အင်မော်တယ်ဘုရင်တပါး ချန်ထားရစ်ခဲ့သည့် မည်သည့် အမွေခံ ပစ္စည်းမဆို ရိုးရှင်းမည်မဟုတ်ပေ။
သို့သော်လည်း သူ၏ရှေ့မှာရှိနေသည့် ဤကျိထျန်းချန်ကိုတော့ သူ လုံးဝ ယုံကြည်ထားလို့တော့ မရသေးပေ။
အကယ်၍ သူ့ကိုအသုံးချပြီး အမွေခံပစ္စည်းကို ရရှိသွားမည်ဆိုလျှင် မြစ်ကို ဖြတ်ပြီးနောက် တံတားကို ဖြိုချပစ်လိမ့်မည်။ အကယ်၍ သူသာ ကြိုတင် ပြင်ဆင်မထားဘူးဆိုလျှင် သူအသတ်ခံရဖို့ များသည်။ ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အရေးကြီးသော အခိုက်အတန့်တွင် ရှင်သန်နိုင်စေ ရန်အတွက် သူ၏အရေးကြီးသည့်နည်းလမ်းများကို ဖုံးကွယ်ထားရမည် ဖြစ်သည်။
ချင်ယွင်သည် သူတပါးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက် မရှိသော်လည်း သူသည် အခြားသူများ လျှို့ဝှက်ကြံစည်မှာကိုတော့ သတိပြုရလိမ့်မည်။ အကယ်၍ ဤကျိထျန်းချန်သည် အပေါ်ယံမှာမြင်ရသည့်အတိုင်း အမှန်တကယ် ပွင့်လင်းပြီး ရိုးသားပါက၊ ချင်ယွင်သည် သူနှင့်အတူ အမွေခွဲဝေမူအတွက် စိတ်ထဲမထားပေ။
သို့သော် အကယ်၍ သူ့ဘက်ကစပြီး တံတားကိုဖြိုဖျက်ရန် ကြံရွယ်ထားသည်ဆိုလျှင် ချင်ယွင်ကလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။
"ကောင်းပြီ ငါ မင်းနဲ့ လက်တွဲမယ်လို့ ကတိပေးတယ်။" ချင်ယွင်က ခေါင်းညိတ်သဘောတူသည်။
"ဟား ဟား၊ ဒီနည်းနဲ့ဆို ငါတို့မှာ ဒီအမွေကို ရရှိဖို့ ရှစ်ဆယ်ရာခိုင်နှုန်း အခွင့်အလမ်းရှိတယ်။" ကျိထျန်းချန်က ကျေနပ်စွာ ပြုံးလိုက်သည်။
သွားကြစို့၊ အခုပဲ ထွက်လိုက်ကြရအောင်။ အဲဒီအမွေက စောစောက ငါဖြတ်သွားခဲ့တဲ့ ဓားသစ်တောရဲ့ နက်ရှိုင်းတဲ့ နေရာမှာပဲ။ ငါ မင်းကို အဲဒီနေရာကို ခေါ်သွားပေးမယ်။ ကျိထျန်းချန်က ပြောသည်။ သူပြောပြီးသည်နှင့် သူသည် ချင်ယွင်ဆီသို့ လမ်းလျှောက်ပြီး အနီးမဝေးရှိ အဝင်ပေါက်ဆီသို့ ဦးဆောင် လျှောက်သွားတော့သည်။
ချင်ယွင်က သဘာဝအတိုင်း နောက်ကလိုက်ခဲ့ပေမဲ့ သူ၏စိတ်ထဲတွင် ဝေခွဲမရဖြစ်ဟန်ဖြင့် "ဓားသစ်တောလား? အဲဒါက ဆိုးဝါးတဲ့ ကြိုတင်သတိပေးချက် တစ်ခုလို့ ဘာကြောင့် ထင်နေရတာလဲ?"