← Chapters

အခန်း (၂၅၁-၂၅၅)

Vol. 17 Ch. 251-255

အခန်း (၂၅၁-၂၅၅)

Vol. 17 Ch. 251-255

အခန်း (၂၅၁) အကြီးစားလေထုဖြတ်တောက်ခြင်း။

ချင်ယွင်သည် နဂါးကိုးကောင်ဂါရဝပြုနေသည့်ပန်းချီကားကို အချိန်အတော်ကြာ ကြည့်ရှုခဲ့သော်လည်း သဲလွန်စကို မတွေ့ရသေးသောကြောင့် စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ချင်ယွင်သည် ကျိထျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး အင်မော်တယ်အဆင့်ရှိ ဓားသိုင်းပညာကို စူးစမ်းရှာဖွေရေးတွင် နှစ်မြှုပ်နေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ချင်ယွင်သည်လည်း တင်ပျဉ်ခွေထိုင်ပြီး လေစွမ်းရည် သဘောတရားကို နားလည်ရန် စတင်ကြိုးစားလိုက်သည်။

ဤကာလအတွင်း သူသည် လှည့်ပတ်ပြေးလွှားရင်း အလုပ်များနေခဲ့ပြီး လေစွမ်းရည် သဘောတရားကို နားလည်ဆင်ခြင်ရန် အချိန်အနည်းငယ်သာရှိသဖြင့် ချင်ယွင်သည် သူ၏အားနည်းချက်များကို အမြန်ရှာဖွေတွေ့ရှိစေခဲ့သည်။

ထိုအားနည်းချက်မှာ ဓားသိုင်းပညာရပ်တွင် တိုက်စစ်စွမ်းအား ကင်းမဲ့နေခြင်း ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်ကျောင်းတော်မှ ဝူကျင်းကို တိုက်ခိုက်ခြင်းမှ ထင်ရှားသည်။

ဝူကျင်း၏ဓားသည် အလွန်ထူးဆန်းပြီး အလွန်လျင်မြန်သည်။

ချင်ယွင်သည် ခုခံနိုင်စွမ်းမရှိခဲ့ပေ။ အကယ်၍ သူသည် ဓားဆန္ဒကို ပိုင်ဆိုင်ထားသည် ဆိုလျှင်တောင် သူပြသထားသည့် ခွန်အားက သာမန်ပဲဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် လေဝိညာဉ်စွမ်းရည် သဘောတရားကို နားလည်သဘောပေါက်အောင် ဆင်ခြင်ပြီး သူ၏ခွန်အားကို ဖြည့်တင်းထားရမည် ဖြစ်သည်။

ယခုအချိန်တွင်၊ သစ်သားစွမ်းရည်ကိုယ်ပွားသည် သစ်သား၏အသက်သဘောတရားကို နားလည်ဆင်ခြင်နေကာ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ချင်ယွင်သည် သစ်သားစွမ်းရည်၏ အသက်သဘောတရားကို အသုံးမပြုခဲ့ဖူးပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် တိုက်ခိုက်ရာတွင် လိုက်ဖက်မူမရှိသောကြောင့် ဖြစ်သည်။

လျှပ်စီးစွမ်းရည်နှင့် ပတ်သက်၍ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည်လည်း ၎င်း၏ လျှပ်စီးစွမ်းရည် သဘောတရားများကို နားလည်ဆင်ခြင်ထားသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ပေါက်ကွဲလျှပ်စီး နှင့် မြန်နှုန်းမြင့် လျှပ်စီး သဘောတရားတို့သည် သဘောတရားကိုနားလည်ခြင်း၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျှပ်စီးဖျက်ဆီးခြင်းမှာ ဆိုလျှင်လည်း အဆင့်ချိုးဖြတ်မည့် အရိပ်အယောင်များ ပြသနေသည်။ လျှပ်စီးဖျက်ဆီးခြင်းကို အဆင့်ချိုးဖြတ်သွား သည်နှင့် တပြိုင်နက် ချင်ယွင်သည် လျှပ်စီးစွမ်းရည်သုံးပါးကို ပေါင်းစပ်ကာ ပိုမိုအားကောင်းသည့် သိုင်းကွက်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။

ထို့အပြင်၊ ဤကာလအတွင်းတွင်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဆေဘာသိုင်း ပညာရပ်များကို လေ့ကျင့်နေခဲ့ပြီး ပြင်းထန်သော လျှပ်စီးစွမ်းရည်များကို ဆေဘာ သိုင်းပညာရပ်အတွင်း ပေါင်းစည်းရန် ကြိုးစားနေပါသည်။ ယခုဆိုလျှင် ချင်ယွင်သည် ဆေဘာသိုင်းပညာရပ်နှင့်ပတ်သတ်လျှင် အတွေ့အကြုံအချို့ကို ရရှိခဲ့ပြီ ဖြစ်သည်။

လေစွမ်းရည်နှင့် လေစွမ်းရည်သဘောတရားသုံးခုစလုံးသည် တတိယအဆင့်မှာသာ ရှိသေးသည်။ ချင်ယွင် ယခုလုပ်ဆောင်ရမည့်အရာမှာ လေစွမ်းရည်သဘောတရား များကို တတ်နိုင်သမျှ အမြန်ဆုံး နားလည်သဘောပေါက်ပြီး လေစွမ်းရည်အရာမှာ အဆင့်ချိုးဖြတ်နိုင်ရန်ဖြစ်သည်။ (လေထုဖြတ်တောက်ခြင်း၊ လေဝိညာဉ်၊ လေကိုအသွင်ပြောင်းခြင်း၊ ဤအရာများသည် လေစွမ်းရည်သုံးမျိုး ဖြစ်၏)

လေစွမ်းရည်သဘောတရားသည် စတုတ္ထအဆင့်သို့ ရောက်သွားသည်နှင့် ချင်ယွင်သည် သူ၏စိတ်ထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့် ဓားသိုင်းပညာရပ်အချို့ကို အသုံးချ နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏ခွန်အားသည် ကြီးမားသော အနားသတ်ဖြင့် သဘာဝအတိုင်း တိုးမြင့်လာမည် ဖြစ်သည်။

ချင်ယွင်သည် ဓားကွင်းပြင်၏အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ပတ်ဝန်း ကျင်ရှိ လေ၏ပြောင်းလဲမှုများကို ခံစားသိရှိနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

လေပြေလေညှင်းများက သူ့အား ဝိုင်းရံထားသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤလေပြေလေညှင်းများသည် ပါးလွှာပြီး ထက်ရှသော လေများအဖြစ်သို့ ပြောင်းလဲလာသည်။

သူ၏ဘေးမှာရှိသည့် ဓားကွင်းပြင်ရှိ မြေပြင်သည် နက်ရှိုင်းသော လျှိုမြောင် ချောက်နက်များ နောက်တွင် ကျန်ရစ်ခဲ့ပြီး နဂါးကိုးကောင်ဂါရဝပြုနေသည့် ပုံကြမ်းသည်လည်း လုံးဝမမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ရသည်။

လေဓားများ၏ အရေအတွက်သည် အဆက်မပြတ် တိုးလာနေပြီး ၎င်းတို့ သိမ်းပိုက်ထားသော ဧရိယာသည်လည်း အဆက်မပြတ် တိုးချဲ့နေသည်။

ကျိထျန်းချန်သည် မူလက အင်မော်တယ်အဆင့်ရှိ ဓားသိုင်းပညာတွင် နှစ်မြှုပ်နေခဲ့ပြီး ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာကာ အမြန် နောက်ပြန်ဆုတ်သွားခဲ့သည်။

"လေစွမ်းရည်ထိုးထွင်းသိမြင်မူဉာဏ်အမြင်၊ ဒါက ထိုးထွင်း သိမြင်မူဉာဏ် အမြင်အရာမှာ အဆင့်ဖြတ်ကျော်ဖို့လား။" ကျိထျန်းချန်သည် လေဓားများဖြင့် အဆက်မပြတ် ဝန်းရံနေသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။ (ထိုးထွင်းသိမြင်မူဉာဏ်အမြင်ဟူသည် သဘောတရားကိုနားလည်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။)

ထိုအချိန်တွင် ချင်ယွင်သည် လေစွမ်းရည်ပင်လယ်ထဲတွင် နစ်မြုပ်နေခဲ့သည်။ သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ လေ၏ဖြတ်တောက်ခြင်းစွမ်းအားကို မည်ကဲ့သို့ ထက်ရှအောင် လုပ်ဆောင်ရမည်နည်းဆိုသည့် အတွေးသာရှိသည်။

"အရင်တုန်းကတော့ ပုစဉ်းရင်ကွဲတောင်ပံလောက် ပါးလွှာပြီး ဖိသိပ်ထားတဲ့အတွက် လေဓားတွေဟာ အလွန်ထက်ရှလာခဲ့တယ်။ ဒါဆို အခုဘာလုပ်ရမလဲ။" ချင်ယွင်၏စိတ်သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ဖြစ်နိုင်ခြေ အမျိုးမျိုးကို ကြိုးစားနေလေသည်။

သဘောတရားဟူသည် မူလကတည်းက ပြောင်းလဲနိုင်သည်၊ တူညီသော ထိုးထွင်းသိမြင်မူဉာဏ်အမြင်၏ တူညီသောစွမ်းရည်သည်ပင်လျှင် လူတိုင်းက ၎င်းကို နားလည်သဘောပေါက်သောအခါတွင် နားလည်မူသည်လည်း ကွဲပြားသွားပါလိမ့်မည်၊ ထို့ကြောင့် အရာရာတိုင်းသည် ကိုယ့်ကိုယ်ကိုသာ အားကိုးနိုင်သည်။

ချင်ယွင်၏ စိတ်ထဲတွင် သူသည် သဘောတရားများကို ထပ်ခါတလဲလဲ ကောက်ချက်ချပြီး ထပ်ခါတလဲလဲ ငြင်းဆန်နေသည်။

အဆုံးတွင် သူ၏နှလုံးသားထဲမှာ အလင်းတန်းတချက် ရုတ်တရက် လင်းလက်သွားကာ ပျော်ရွှင်ကျေနပ်စွာဖြင့် အံ့အားတသင့် ပြောမိသည် "ငါဟာ ပါးလွှာတဲ့ လေဓားလေးတွေကိုပဲ အမြဲလိုက်ရှာနေခဲ့မိတယ်၊ ဒီနည်းနဲ့ လေဓားရဲ့ ဖြတ်တောက်နိုင်စွမ်းကို ခိုင်ခံ့အောင် လုပ်နိုင်ပေမယ့် ကြီးမားတဲ့ လေဓားကြီးတွေကိုတော့ လျစ်လျူရှုထားခဲ့မိတယ်၊ လေဓားကြီးတွေကလည်း ဖြတ်တောက်ခြင်းစွမ်းအားကို တိုးစေနိုင်တာပဲလေ။ ၎င်းက သေးငယ်သောဓားနှင့် ပုဆိန်ကြီးတို့ရဲ့ ခုတ်ပိုင်းလိုက်သလိုပဲ အကျိုးသက်ရောက်မှုကလည်း သေချာပေါက် ကွဲပြားသွားလိမ့်မယ် ။"

ဤအကြောင်းကိုတွေးမိရင်း ချင်ယွင်သည် ဝမ်းသာပီတိ မဖြစ်ဘဲမနေနိုင်တော့။

ယခုတော့ သူ့မှာ တွေးခေါ်မှုနည်းလမ်းတစ်ခုရှိပြီဆိုမှတော့ အရာအားလုံး အဆင်ပြေ သွားပါလိမ့်မည်။

ချင်ယွင်သည် ထွက်ပေါ်လာသည့်အတွေးအပေါ်မှာ အာရုံစူးစိုက်လိုက်ပြီး ထိုအချိန်တွင် သူ၏ဘေးနားရှိ လေဓားများသည် ကြီးမားသော ပြောင်းလဲမှုများ စတင်လာသည်။

မူလက ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ ပါးလွှာသော လေဓားများသည် လခြမ်းကွေး ဓားများကဲ့သို့ တဖြည်းဖြည်း ဆုံဆည်းလာကြပြီး နောက်ဆုံးတွင် ကြီးမားသော လေဓားကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားကြသည်။

ဧရာမလေဓားကြီးများသည် အလားတူ လခြမ်းကွေးပုံစံရှိသော်လည်း ၎င်းတို့သည် အနှိုင်းမဲ့ ကြီးမားလာကြသည်။ ဖြတ်တောက်နိုင် မျက်နှာပြင်သည်ပင် (ဓားသွားသည်ပင်) သုံးမီတာရှည်သည်။ အဓိကချက်မှာ ဤလေဓါးများ၏ အစွန်းတစ်ဖက်သည် ပိုထူထပ်ပြီး ကျန်အစွန်းတစ်ဖက်မှာမူ အနှိုင်းမဲ့ ပါးလွှာကာ ကျဉ်းမြောင်းနေသည်။

ကြီးမားလှသော ဧရာမလေဓားကြီးကိုးစင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စုစည်းကာ လှည့်ပတ်နေသည်။ လေဓားများ၏ အရှိန်အဟုန်သည် ယခင်က လေဓားများ၏ အရှိန်ထက် နှေးကွေးခြင်းမရှိပေ။ ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်မှုစွမ်းအားသည် လေဟာနယ်အတွင်း လှိုင်းဂယက်များကို ဖန်တီး ဖြစ်ပေါ်စေခဲ့ပြီး လေဟာနယ်အတွင်း အက်ကြောင်းတစ်ခုကိုပင် ဖြတ်တောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ကျိထျန်းချန်၏ ဦးရေပြားသည် ထုံကျင်သွားကာ သူသည် မကျိန်ဆဲဘဲမနေနိုင်တော့ "ဒီကောင်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လိုတောင် အံ့ဩစရာ ကောင်းလိုက်လဲ၊ လေစွမ်းရည်မှာထက်ရှမှုနဲ့ ကြော့ရှင်းလှပမူတို့က အမြဲတမ်း မသိသာခဲ့ဘူးလား။ ပြီးတော့လေးလံတဲ့ပုဆိန်ကြီးက ဘယ်အချိန်က ဖြစ်လာခဲ့တာလဲ။ ဒါပေမယ့် ဒီဖြတ်တောက်နိုင်တဲ့ စွမ်းအားကလည်း အရမ်းကြောက်စရာကောင်းနေ ပုံရတယ်။"

ကျိထျန်းချန်သည် ပြောစရာစကား အတော့်ကို မဲ့နေရရှာသည်။ သူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ပြီး၊ ရှေ့သို့ တဟုန်ထိုးပြေးဝင်ကာ ချင်ယွင်ကိုပင် ရိုက်နှက် ပစ်ချင်နေသည်။

ဝှီး! ဝှီး! ဝှီး!

တစ်ချိန်တည်းမှာပင် လေဓားကိုးစင်းသည် ပစ်လွှတ်သွားခဲ့ပြီး ပတ်ဝန်းကျင် ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။

သုံးမီတာရှည်သော ဧရာမလေဓားကြီးသည် ကျိထျန်းချန်ဆီသို့ လျင်မြန်စွာ လှည့်ပတ် ပျံသန်းသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖြတ်တောက်မှုစွမ်းအား ထုတ်လွှတ်နေသော လေဓားသည် ကြီးမားသော ပုဆိန်ကို ဝှေ့ယမ်းနေသော စစ်နတ်ဘုရားတပါးနှင့်တူပြီး ယင်းကြောင့် ချီစွမ်းအားများ ပြိုလဲသွားစေသည်။

"မြေနိုးကောင်မင်း။" ကျိထျန်းချန်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး သူ့လက်ထဲမှာ မွန်းဝှိုက် ဓားရှည်းတစ်ချောင်း ပေါ်လာသည်။

သူသည် သူ၏ဓားကို လေဓားကို တည့်တည့် ဖြတ်ပိုင်းလိုက်သည်။

သို့သော် ဧရာမဓါးကြီးပေါ်ရှိ စွမ်းအားသည် အလွန်ကြောက်စရာ ကောင်းနေသကဲ့သို့ပင်။ ကျိထျန်းချန်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ တင်းတင်းကြပ်ကြပ် ခုခံလိုက်သော်လည်း အလွန်မောပန်းနေသေးသည်။

ချွင်!

ကျိထျန်းချန်သည် ဧရာမဓားကြီးကို တွန်းထုတ်ရန်အတွက် သူ၏ သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် စွမ်းအားကို အသုံးပြုခဲ့ရသည်။

ဧရာမဓါးကြီးသည် ပျံထွက်သွားခဲ့ပြီး အဝေးမှာရှိနေသည့် တောင်နံရံကို တိုက်ခိုက်လိုက် ရာ ဆယ်မီတာရှည်ပြီး ငါးမီတာနက်သော လျှိုကြီးတစ်ခုနောက်တွင် ကျန်ရစ်ခဲ့သည်။

ကျိထျန်းချန်သည် တောင်နံရံပေါ်ရှိ လျှိုကြီးကျယ်ကြီးကို ကြည့်ရင်း သူ၏နဖူးပေါ်မှ အေးစက်သော ချွေးစေးများကို မသုပ်ပစ်ဘဲ မနေနိုင်တော့။ သူသည် ချင်ယွင်ကို ပြန်ကြည့်လိုက်လျှင် သူ၏အကြည့်များက မွန်းစတားတစ်ကောင်ကို ကြည့်နေသ လိုပင်။

"ဒီကောင်က ဘယ်လိုထူးဆန်းတဲ့ သဘောတရားမျိုးကို ရိပ်စားမိသွားတာပါလိမ့်။ လေရဲ့စွမ်းရည်က ဘယ်အချိန်ကတည်းက ဒီလောက်ထိ အရမ်း အားကောင်း လာရတာလဲ။" ကျိထျန်းချန်သည် သူ၏နှလုံးသားအတွင်း တုန်လှုပ် ချောက်ချားမှုကို သက်သာစေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

ယခင်တုန်းက ချင်ယွင်သည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး၏ စွမ်းအားကိုသာ ပြသခဲ့သော်လည်း ယခုအခါ ကျိထျန်းချန်သည် ထိုဓားဝိညာဉ်ပါသည့် အင်မော်တယ်ဓားကို အသုံးမပြုဘဲ၊ သူသည် ချင်ယွင်၏ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်တော့ဟုပင် အတွေးဝင်လာရသည်။

ချင်ယွင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ကျေနပ်သောအပြုံးဖြင့် တောင်နံရံရှိ လျှိုမြောင်အနက်ကြီးကို လှမ်းကြည့်လိုက်သည်။

လေဓားများသည် ၎င်းတို့၏ခွန်အားကို တိုးမြင့်လာစေရန်နှင့် ၎င်း၏ ဖြတ်တောက်မှု စွမ်းအားကို တိုးမြင့်လာစေရန်အတွက် ၎င်း၏ယခင်အနေထားမှ ဧရာမပုဆိန်ကြီး ဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။

ယခုအချိန်တွင်၊ ချင်ယွင်၏ လေထုဖြတ်တောက်ခြင်း သဘောတရားသည် စတုတ္ထအဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီး သူသည် အရည်အသွေး ပြည့်ဝသော ခုန်ပျံကျော်လွှား အဆင့်တက်မူတစ်ခုသို့ ရောက်ရှိခဲ့သည်။

ထို့နောက် ချင်ယွင်သည် ဧကရာဇ်အဆင့်ဓားသိုင်းပညာတစ်ခုကို ထုတ်ဖော် ပြသနိုင်ခဲ့သည်။

ချင်ယွင်၏ စိတ်ထဲမှာ အဆင့်မြင့်အဆင့် ဓားသိုင်းပညာရပ်များ အလွန်နည်းပါးသည့် အတွက် ချင်ယွင်၏ တိုက်ခိုက်ရေးနည်းလမ်းများသည် အရင်တုန်းက အလွန်ရှားပါးခဲ့ သော်လည်း ယခုတော့ ကွဲပြားသွားပါပြီ။ သူ၏စိတ်ထဲမှာ ဧကရာဇ်အဆင့် ဓားသိုင်းပညာရပ် ဆယ်ခုထက်မနည်း ရှိခဲ့သည်။

သူသည် ဤဓားသိုင်းပညာရပ်များကို နားလည်သဘောပေါက်သရွေ့ ချင်ယွင်သည် သူ၏ဓားအောက်မှာ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ ကိုပင် သတ်ဖြတ်နိုင်မည်ဖြစ်ပြီး နယ်မြေစွမ်းအား တစိတ်တဒေသကိုပိုင်ဆိုင်ထားသည့် ရှရီနှင့်ပင် ယှဉ်ပြိုင်နိုင်မည်ဟု သူ ယုံကြည်သည်။

အခန်း (၂၅၂) မြေအောက်ကနဂါးဟောက်သံ။

ချင်ယွင်သည် လေထုဖြတ်တောက်ခြင်းသဘောတရားကို အဆင့်ချိုးဖြတ်နိုင်ခြင်း၏ ပျော်ရွှင်မှုမှ သူ၏အာရုံစူးစိုက်မူဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုမှသာ ကျိထျန်းချန်သည် သူ့ကို မျက်လုံးတစ်စုံဖြင့် ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြောင်း သူသိလိုက်ရသည်။ သူ၏ဝမ်းနည်းကြေကွဲဖွယ် အခြေအနေရောက်နေသည့် မျက်နှာကိုကြည့်ပြီး အဖြစ်အပျက်ကို သူသိလိုက်သည်။

ချင်ယွင်က ကျယ်ကျယ်လောင်လောင် မရယ်မောဘဲ မနေနိုင်တော့ပေ။

ကျိထျန်းချန်သည် တခဏကြအောင် ပြောစကားမဲ့နေပြီး ရုတ်တရက် ပြေးဝင်လာကာ ချင်ယွင်ကို ထိုးနှက်လေတော့သည်။

"ဘုန်း!"

သူတို့နှစ်ယောက် အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြစဉ် သူတို့ခြေဖဝါးအောက်ရှိ မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာသည်။ သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် နံရံများသည် ယခင်ငလျင်ကဲ့သို့ပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

နံရံများပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး ကျောက်တုံးများ လိမ့်ကျလာသည်။

"ဘာတွေဖြစ်နေတာလဲ?" ကျိထျန်းချန်က အံ့အားသင့်စွာဖြင့် မေးလိုက်ရင်း သူ၏အမူအရာလည်း ပြောင်းသွားသည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်တာဖြစ်မယ်။ ဒီတုလုံကျွန်းမှာ မီးတောင်တွေဘာတွေလည်း မရှိပါဘူး။ ဘယ်လိုလုပ်ပြီး ငလျင်လှုပ်တာတွေက မကြာခဏ ဖြစ်နေရတာလဲ၊ နောက်ပြီး ဒီတစ်ကြိမ် ငလျင်က ပြီးခဲ့တဲ့ အကြိမ်ထက် ပိုပြင်းထန်ပုံရတယ်။"

"ဒါပေမယ့် မနှစ်က တုလုံကျွန်းကို ဝင်ရောက်ခဲ့ကြတဲ့ တပည့်တွေရဲ့ အဆိုအရ၊ ဒီလိုအဖြစ်မျိုး မရှိဖူးပါဘူး" ကျိထျန်းချန်က မေးခွန်းထုတ်သည်။

ချင်ယွင်သည် တွေးတောလိုက်သည်။ သူသည် ဆိုးရွားသည့် ကြိုတင်သတိပေး ချက်တစ်ခုရှိနေသည်ဟု အမြဲတမ်းခံစားခဲ့ရသည်။ ထိုအရာသည် မြေကြီးအောက်မှ တစ်ခုခု ထွက်လာသလိုပဲ။ ထိုအရာသည် အလွန်အားကောင်းပြီး တုလုံကျွန်း တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင်၊ ငလျင်သည် ပိုမိုအားကောင်းလာ သည်နှင့်အမျှ သူ၏ ကြိုတင်သတိပေးချက်သည်လည်း ပိုမိုအားကောင်းလာခဲ့သည်။

"ဒီငလျင်က မြေအောက်ကနေ လာတယ်၊ ငလျင်ဗဟိုချက်က တုလုံ ကျွန်းရဲ့အလယ်မှာ ဖြစ်ပုံရတယ်။ လာ တချက်သွားကြည့်ရအောင်။" ချင်ယွင်က တောင်ဘက်အရပ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

ယခုအချိန်တွင် သူတို့သည် တုလုံကျွန်း၏ တောင်ဘက်စွန်းတွင် ရောက်ရှိနေကြပြီး မြောက်ဘက်အရပ်သို့ ပိုတိုးကြည့်လေးလှု တသိမ့်သိမ့်တုန်ခါမူက ပိုမို အားကောင်းလာလေ ဖြစ်သည်။ ထို့ကြောင့် ငလျင်၏အရင်းအမြစ်သည် တုလုံကျွန်း၏ အလယ်ဗဟိုအနီးတွင် ရနေသင့်သည်။

"အင်း!" ကျိထျန်းချန်က ဆောလျင်စွာ ခေါင်းညိတ်လိုက်သည်။

တုလုံကျွန်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာလဲဆိုတာကို သူလည်း သိချင်နေခဲ့ပါသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် ထိုမြေအောက်နန်းတော်များ၏ လှိုင်ခေါင်းများမှတဆင့် မြောက်ဘက်အရပ်သို့ ဦးတည်လိုက်ကြသည်။

မြေအောက်နန်းတော်တစ်ခုလုံးသည် အလွန်ကြီးမားသည်။ လမ်းကြောင်းအားလုံးကို ချိတ်ဆက်ထားသည်။ တုလုံကျွန်း၏ မြေအောက်ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံ သိမ်းပိုက်နိုင်သည်ဟုပင် ဆိုနိုင်သည်။ အထဲမှာ မြေအောက်နန်းတော်များ တစ်ခုပြီး တစ်ခု တွေ့ရှိခဲ့ရသည်။ အချို့သော နန်းတော်များသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူတို့ အနီးကပ်လိုက်ရုံဖြင့်ပင် လူများကို အန္တရာယ်ဖြစ်စေသည်။

ဘေးရန်ကင်းစေရန်အတွက် ချင်ယွင်နှင့် ကျိထျန်းချန်တို့သည် ဤအလွန်အန္တရာယ် ကြီးသော နန်းတော်များထဲသို့ ဝင်ရောက်ရန် မရွေးချယ်ခဲ့ကြပေ။

ဤအင်မော်တယ်သင်္ချိုင်းမြေသည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အင်မော်တယ်သင်္ချိုင်းမြေတစ်ခု ဖြစ်နိုင်ကြောင်း သိလာသောအခါ ချင်ယွင်သည် အလွန် သတိထားလာခဲ့သည်။

အင်မော်တယ်ဘုရင်တစ်ပါး မည်သို့တည်ရှိမူဖြစ်လေသနည်း။ ဤတည်ရှိမူသည် အင်မော်တယ် ကမ္ဘာ၏အုပ်စိုးရှင်ကို ကာကွယ်ရန် လုံလောက်သည့် အရည်ချင်းရှိသူ ဖြစ်သည်။ ထိုကဲ့သို့ကျွမ်းကျင်သူတစ်ဦး၏သင်္ချိုင်းမြေသည် မည်သို့ အန္တရာယ် ကင်းနိုင်မည်နည်း။

ထိုအဆင့်ရောက်လျှင် ထိုလူ၏သက်တမ်းသည် အကန့်အသတ် မရှိသလောက် ဖြစ်သည်။

အင်မော်တယ်သင်္ချိုင်းမြေမှာ ဖြစ်နိုင်ခြေ နှစ်ခုပဲ ကျန်တော့သည်။ တစ်ခုမှာ ထိုအင်မော်တယ်ဘုရင်သည် ဤဘဝတွင် ကောင်းကင်တာအိုအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်မရှိဟု သိသောကြောင့် ထိုင်ပြီး ပြန်လည်ဝင်စားရန်စောင့်စားနေခဲ့သည်။ နောက်တစ်ချက်မှာ သူသည် အလွန်အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်ခဲ့ရပြီး သေဆုံးခြင်းတာအိုမှ ပျောက်ကွယ်မသွားမီ နောက်ဘဝတွင် သူပြန်လည်ဝင်စားနိုင်မည့် သူများကို စောင့်ဆိုင်းရန်အတွက် သူ၏အမွေများကို ချန်ထားခဲ့ရခြင်း ဖြစ်သည်။

ဤအင်မော်တယ်သင်္ချိုင်းမြေ၏ ပိုင်ရှင်သည် မည်ကဲ့သို့ဖြစ်သည်ကို သူ မသိခဲ့သော်လည်း နန်းတော်ရှေ့ရှိ အခြေအနေများကိုကြည့်ပါကာ ၎င်းသည် နောက်ဆုံး တစ်ခုက ဖြစ်နိုင်ချေပိုများကြောင်း ချင်ယွင်က ခန့်မှန်းထားသည်။

"အောင်း!"

ချင်ယွင်နှင့် ကျိထျန်းချန်သည် ငလျင်၏ အရင်းအမြစ်ရှိရာ မြောက်ဘက်အရပ်ဆီသို့ ဦးတည်သွားနေစဉ်တွင် မြေပြင်မှကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်နှင့် ကျိထျန်းချန်နှစ်ဦးစလုံးသည် သူတို့၏နှလုံးသားများ တဆတ်ဆတ်တုန်ကာ ရပ်တန့်သွားသည်ကိုပင် ခံစားလိုက်ရသည်။

"အဲ့ဒါကို ကြားလိုက်လား?" ကျိထျန်းချန်က အံ့သြစွာ မေးလိုက်သည်။

"နဂါးဟိန်းဟောက်သံလား!" ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ၏မျက်လုံးများတွင် အံ့သြသည့်အမူအရာကို ပေါ်လွင်စေသည်။

နဂါး၏ဟိန်းဟောက်သံသည် မြေကြီး၏နက်ရှိုင်းသည့်အရပ်မှ ထွက်ပေါ်လာသည်။ ထို့အပြင်၊ ၎င်းသည် သာမာန်နဂါးဟိန်းဟောက်သံမဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် အစွမ်းထက်သည့် အစစ်အမှန် နဂါးမျိုးနွယ်စု၏ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် တူသည်။

ဤနေရာ၌ အစစ်အမှန် ဧရာမနဂါးကြီးတစ်ကောင်ကို ဝှက်ထားခဲ့တာများ ဖြစ်နိုင်ပါ သလား။

အခု ထိုအစစ်အမှန်နဂါးကြီးသည် မြေပြင်ကို ဖောက်ထွက်လာတော့မှာလား။

ချင်ယွင်သည် အသက်ပြင်းပြင်းမရှူဘဲ မနေနိုင်တော့။

အစစ်အမှန်နဂါးများသည် ရှေးဟောင်းနတ်နဂါးများ၏ဒဏ္ဍာရီလာ မျိုးဆက်များ ဖြစ်သည်။

၎င်းသည် နဂါးမျိုးနွယ်စု၏ အဆင့်အမြင့်ဆုံးဖြစ်သည်။ ၎င်းတို့ကို နဂါးမျိုးနွယ်စု၏ တော်ဝင်မိသားစုများဟု ဆိုနိုင်သည်။ ၎င်းသည် ရှေးဟောင်းနတ်နဂါးနှင့် အနီးစပ်ဆုံး နဂါးမျိုးနွယ်စုများ ဖြစ်ကြသည်။

အစစ်အမှန်နဂါးတစ်ကောင်သည် မွေးပြီးသည်နှင့် အစစ်အမှန် အင်မော်တယ်အဆင့် အစွမ်းရှိသည်။ ၎င်းတို့ အရွယ်ရောက်လာသည့်အခါ၊ သိမ်မွေ့နက်နဲ အင်မော်တယ် နယ်ပယ်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ကြသည်။ ကျင့်ကြံပြီးနောက် အင်မော်တယ်ဘုရင် သို့မဟုတ် အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်နိုင်သည့် နဂါးမျိုးနွယ် ကျွမ်းကျင်သူများတောင် ရှိခဲ့ကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့် နဂါးမျိုးနွယ် ကျွမ်းကျင်သူများအတွက်မူ ၎င်းတို့ကို နဂါးဧကရာဇ်များ ဟုခေါ်ကြသည်။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် ခရီးထွက်ခဲ့စဉ်က သူသတ်ဖြတ်ခဲ့သော နဂါးနက်သည် အစစ်အမှန်နဂါးထဲမှ တစ်ကောင်ဖြစ်ခဲ့သည်။ ထိုအချိန်တုန်း ၎င်းနဂါးနက်လေးသည် သူမွေးပြီး မကြာခင်မှာပင် ချင်ယွင်ကို ကိုက်စား ချင်သောကြောင့် ချင်ယွင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများ ကန့်သတ်ချက်များကြောင့် အစစ်အမှန်နဂါးများသည် သေမျိုးကမ္ဘာတွင် ပုံမှန်အားဖြင့် မဟုတ်ရှိနိုင်ပေ။ အစစ်အမှန်နဂါး၏ဟိန်းဟောက်သံကို ချင်ယွင် ကြားလိုက်သောအခါတွင် သူသည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

"သေမျိုးကမ္ဘာမှာ အစစ်အမှန်နဂါးတစ်ကောင်က ဘယ်လိုလုပ် ပေါ်လာရတာလဲ။ ဒီတုလုံကျွန်းက ငါတို့ထင်ထားသလို မရိုးရှင်းဘူးထင်တယ်၊ မြေအောက်ထဲမှာ လျှို့ဝှက်စွာဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပုံရတယ်။" ချင်ယွင်က မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

ကျိထျန်းချန်လည်း အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ ဤဟိန်းဟောက်သံက မည်သည့်အရာကိုဆိုလိုမှန်း သူမသိပေမယ့် ကြောက်ရွံ့မှုကို သူ ခံစားလို့ရနိုင်ပါသည်။

ဤဟိန်းဟောက်သံသည် သာမန်နဂါးမျိုးနွယ်စုမှ ဆိတ်သုဉ်းခြင်းသားရဲများ ထုတ်လွှတ်နိုင်သော အရာမဟုတ်မှန်း သူသိသည်၊ ထို့ကြောင့် မြေအောက်၌ ပုန်းကွယ်နေသည့် ကြောက်စရာကောင်းသောအရာမှာ နဂါးမျိုးနွယ်စု၏ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

နဂါးနတ်ဆိုးသားရဲလား ?

ဤအရာက သူ့ကို ခြောက်ခြားမူကို ဖြစ်ပေါ်စေခဲ့သည်။

နတ်ဆိုးသားရဲများ သို့မဟုတ် နဂါးမျိုးနွယ်စု၏ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများကို မဆိုထားနှင့် အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများသည်ပင် သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

ဘုန်း!

ထိုအချိန်တွင် ငလျင်က ချက်ချင်းကြီးဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ မူလက ပြင်းထန်စွာ တုန်ခါနေသော နန်းတော်ကြီးသည်လည်း ခဏတာမျှ ပြန်လည်ငြိမ်သက်သွားခဲ့သည်။ မြေအောက်မှ မည်သည့်အသံမျှမထွက်တော့။ အရာအားလုံးက ပြန်လည်ငြိမ်သက် သွားပုံရသည်။

ချင်ယွင် နှင့် ကျိထျန်းချန်သည် အကြည့်ချင်းဖလှယ်လိုက်သည်။ ယခုတလော ဖြစ်ပျက်ခဲ့သည်များကို သူတို့ နားမလည်သော်လည်း ဆိုးရွားသည့်ကြိုတင် သတိပေးချက်တစ်ခုက သူတို့ နှလုံးသားထဲမှာ စွဲမြဲနေခဲ့သည်။

ချင်ယွင်၏ ခံစားချက်သည် ပို၍ပင် ပြင်းထန်လာသည်။ မဝေးတော့သောအနာဂတ်တွင် ထျန်းယွန်တိုက်ကြီးသည် ကြီးမားသောကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရမည်ဟု သူ အမြဲတမ်း ခံစားမိသည်။ ဤအရာအားလုံး၏ရင်းမြစ်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော မြေအောက်အင်မော်တယ် သင်္ချိုင်းဖြစ်သည်မှာ အတိအကျပင်။

တုလုံကျွန်းတစ်ခုလုံး၏ မြေအောက်အင်မော်တယ်သင်္ချိုင်းသည် ရှေးဟောင်း အင်မော်တယ်သင်္ချိုင်းနယ်မြေကြီးတစ်ခုလုံး၏ ရေခဲတောင်ထိပ်တစ်ခုမျှသာ ဖြစ်သေးပြီး အင်မော်တယ်သင်္ချိုင်း နယ်မြေ၏အစစ်အမှန်နေရာသည် ဤပင်လယ် ဧရိယာအတွင်းရှိ မြေအောက်နက်ရှိုင်းဆုံးအရပ်တွင် ဖြစ်သင့်သည်ဟု ချင်ယွင်သည်

သံသယရှိနေခဲ့သည်။

ချင်ယွင်သည် စိတ်မကောင်းဖြစ်နေမိသည်။ ယခုအချိန်တွင် ရှေးဟောင်းတာအို ဆရာသခင်သည် အိပ်ပျော်နေသေးသည်။ မဟုတ်ရင် သူ၏အသိပညာဗဟုသုတနှင့်ဆို သူသည် အများကြီး မြင်တွေ့နိုင်လိမ့်မည်။

ငလျင်သည် ပျောက်ကွယ်သွားသော်လည်း ချင်ယွင်နှင့် ကျိထျန်းချန်တို့သည် ယခုလေးတင်မှ နဂါးဟိန်းဟောက်သံကြောင့် ဖြစ်ပေါ်လာသော အတွေးကမ္ဘာထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။ စိတ်ထဲမှာ သံသယတွေပြည့်နှက်နေရင်း လွတ်နေသည့် နန်းတော်တစ်ခုဆီ လျှောက်လှမ်းလာကြသည်။

သို့သော် ချင်ယွင် ခန်းမထဲသို့ ဝင်လာသည့်ချိန်တွင် ဒေါသတကြီး အော်ပြောလိုက်သည့်အသံကို ကြားလိုက်ရသည်။ " ချင်ယွင်၊ မင်း တကယ်ပဲ လာဝံ့တယ်ပေါ့!"

ဒေါသတကြီးဟိန်းဟောက်သံများက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ချင်ယွင်က ချက်ခြင်းပင် အသိပြန်ဝင်လာတော့ ခန်းမထဲမှာ လူသုံးယောက်ရှိနေ သည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဤလူသုံးဦးစလုံးသည် အသိအကျွမ်းဟောင်းများ ဖြစ်ကြသည်။

လင်းညီအကိုဖြစ်သည့် လင်းယုနှင့် လင်းဟန်တို့အပြင် ဇူမျိုးနွယ်စုမှ ဇူဇီဝမ်တို့ ဖြစ်သည်။

ယခုအချိန်မှာ သူတို့သုံးယောက်သည် မဟာမိတ်ဖွဲ့ထားပုံရသည်။ ချင်ယွင် ပေါ်လာတာကို မြင်လိုက်ရလျှင် အားလုံးက သူတို့အဖေကိုသတ်ခဲ့သည့် ရန်သူတော်ကြီးကို မြင်လိုက်သလိုပင်။ သူတို့သည် ချင်ယွင်ကို ဝါးစားမတတ် ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

စောစောလေးက စကားပြောခဲ့သည့်လူကတော့ ချင်ယွင်၏ လက်နက်အဖြစ် သတ်မှတ်အသုံးတော်ခံထားရသည့် လင်းဟန်ဘဲ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတို့သုံးယောက်ကို မြင်သောအခါ၊ ချင်ယွင်သည် အမှန်တကယ်ပင် အဓိပ္ပါယ်မဲ့ရင်းနှီးမှုတစ်ခု ခံစားလာရသည်။ သူ၏ပါးစပ်ထောင့်က အပြုံးမပျက် မထင်မရှား အပြုံးလေးတခု ထွက်ပေါ်လာနေသည်။

အခန်း (၂၅၃) သုံးယောက်တစ်ယောက် တိုက်ခိုက်ခြင်း။

"ဒါဆို မင်းတို့သုံးယောက်ပေါ့။ ငါ မင်းတို့က ဘယ်သူတွေလဲလို့တွေးနေတာ" ချင်ယွင်က ရူးသွပ်သည့် တောကြောင်ရိုင်းများလို ဖြစ်နေသော သူ၏ အသိမိတ်ဆွေ ဟောင်း သုံးယောက်ကို ကြည့်ပြီး ထပ်ခါတလဲလဲ ပြုံးမိသည်။

ထိုအချိန်တုန်းက ချင်ယွင်သည် သူတို့ဘက်တွင်လူများစွာရှိသောကြောင့် ၎င်းတို့ကို ကြောက်ရွံ့ခဲ့ရပြီး ချင်ယွင်၏ခွန်အားမှာ အမှန်တကယ်ပင် အကန့်အသတ်ရှိနေခဲ့သည်။

သို့သော်၊ ယခု ချင်ယွင်၏ကျင့်ကြံမှုအဆင့်သည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်သွားရုံသာမက၊ သူ၏ရုပ်ခန္ဓာကိုယ်နှင့် ထိုးထွင်းသိမြင်မူ ဉာဏ်အမြင် နှစ်မျိုးလုံးမှာလည်း သူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။ ထို့ကြောင့် သူသည် ထိုလူသုံးယောက်ကို နောက်တစ်ကြိမ် ပြန်လည် ရင်ဆိုင်လိုက်ရသောအခါတွင် သူ၏ စိတ်သည် ယခင်အကြိမ်များထက် များစွာပို၍ တည်ငြိမ်လာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူချိုးဖောက်နိုင်စွမ်းမရှိသည့် လင်းဟန်၏ လိပ်ခွံကဲ့သို့ မာကြောသော အင်မော်တယ်အဆင့်သံချပ်ကာဝတ်စုံမှလွဲပြီး အကယ်၍ ဇူကျိဝမ်သည် သူ၏အင်မော်တယ်ဓားကို အသုံးပြုထားလျှင်ပင် ကျန်နှစ်ဦးသည် ချင်ယွင်အတွက် ပြိုင်ဘက်မဟုတ်ပေ။

ချင်ယွင်၏ ကျီစယ်လိုဟန်ဖြင့် ပြုံးနေသော မျက်နှာကို မြင်လိုက်ရလျှင် သူတို့သုံးယောက်သည် ဒေါသအလွန်ထွက်သွားကြပြီး သူတို့၏မျက်လုံးများ တောက်လောင်လုနီးပါး ဖြစ်နေကြသည်။

ကျိထျန်းချန်သည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူသည် ပြုံးလိုက်ပြီး ပြပွဲကောင်းတစ်ပွဲကို ကြည့်ရှုရန် စောင့်နေပုံရသည်။

ဇူဇီဝမ်နှင့် အခြားသူများသည် ချင်ယွင်နံဘေးမှ ကျိထျန်းချန်ကို သဘာဝအတိုင်း သတိပြုမိကြပြီး သူတို့၏မျက်နှာပေါ်တွင် လေးနက်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ပုံစံအနေထားအရဆို ကျိထျန်းချန်သည် ချင်ယွင်နှင့် အလွန်ရင်းနှီးသင့်သည်။ အကယ်၍ ကျိထျန်းချန်သာ ချင်ယွင်ကို ကူညီခဲ့မည်ဆိုလျှင် ချင်ယွင်ကို သတ်ဖို့က သူတို့အတွက် အရမ်းခက်ခဲပါလိမ့်မည်။

သူတို့သုံးယောက်သည် အတူတူ လက်တွဲနေသမျှကာလပတ်လုံး ချင်ယွင်ကို သတ်နိုင်မည်ဟု ယုံကြည်ကြသော်လည်း ကျိထျန်းချန်က ကူညီတိုက်ခိုက်ပေးခြင်း မရှိမှသာလျှင် သတ်ပစ်နိုင်မှာ ဖြစ်သည်။

ထို့နောက် လင်းဟန်က ကျိထျန်းချန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည် "စီနီယာအစ်ကို ကျိက ချင်ယွင်နဲ့ အရမ်းရင်းနှီးတာလား?"

ကျိထျန်းချန်သည် ပြပွဲကောင်းကိုကြည့်ရူရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ လင်းဟန်က ယခုလိုမေးခွန်းတစ်ခု မေးလာသည်ကို မြင်လျှင် သူက ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်ပြီး "မရင်းနှီးဘူး၊ မရင်းနှီးပါဘူး။ ငါက ဘေးကနေ စောင့်ကြည့်ချင်ရုံပါ" ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ပြောပြီးနောက်တွင် သူသည် သူ့ကို လုံးဝဂရုမစိုက်ဘဲ ပြုံးပြလိုက်သည်။

ချင်ယွင်သည် ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရသည်။ သူသည် သစ္စာမရှိသော ကျိထျန်းချန်ကို စိုက်ကြည့်နေသည်။ ကျိထျန်းချန်နှင့် သိပ်မရင်းနှီးသော်လည်း အနည်းဆုံးတော့ သူတို့နှစ်ယောက်သည် ဓားအစီအရင်ဝင်္ကပါကြီးတစ်ခုကို အတူတူဖြတ်ကျော်ခဲ့ဖူးသည်။ ဤအရာသည် သေခြင်းရှင်ခြင်း အခြေအနေမျိုးဟုပင် ယူဆလို့ရသည်။ ဘာကြောင့် ဒီလူ့မှာ သစ္စာတရား နည်းနည်းလေးတောင်မှ မရှိရတာလဲ။

သို့သော်လည်း၊ သိုင်းမြို့စားချင်းယွန်၏တပည့်နှစ်ယောက်ကို သူသတ်လိုက်သောအခါ ကျိထျန်းချန်သည် သူနှင့်ဘာမှမဆိုင်သလို ပြုမူနေပုံကို စဉ်းစားသောအခါ ချင်ယွင်သည် သက်သာရာရသွားသည်။

ဤကောင်သည် သူ့ကိုရန်မစသ၍ မည်သည့်အရာကိုမျှ ကြားဝင်အနှောင့် အယှက်မပေးတတ်သည့် လူစားမျိုးဖြစ်သည်။ ချင်ယွင်သည်လည်း ဤကဲ့သို့ အကျင့်စရိုက်မျိုးနှင့်ပတ်သတ်ပြီး ဘာမှပြောစရာမရှိပေ။

ကျိထျန်းချန်က ချင်ယွင်သူ့ကို စိုက်ကြည့်နေသည်ကို မြင်လျှင် သူသည် ချက်ချင်းပဲ ပြန်လှည့်ကြည့်လိုက်သည်။ သူသည် ဤအကြောင်းအရာကို သဘာဝကျကျ ပိုတွေးထားပြီး ဖြစ်သည်။ ဓားငယ်လေးဂိုဏ်း၏ ပါရမီရှင် တစ်ဦးအနေဖြင့် သူသည် သူ၏နောက်ကွယ်ရှိ ဓားငယ်လေးဂိုဏ်းကို သဘာဝအတိုင်း ကိုယ်စားပြုထားသည်။ လင်း နှင့် ဇူ မျိုးနွယ်စုများက သူ့ကို ရန်မစလိုကြပေ။

ထို့အပြင် ချင်ယွင်သည် ဤလူသုံးဦးလက်ထဲတွင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူမထင်ခဲ့ပေ။ နောက်ဆုံးမှာ၊ ချင်ယွင်၏ ကြောက်မက်ဖွယ်လေးလံသည့် လေထုဖြတ်တောက်ခြင်း ဓါးများအကြောင်းကို ပြန်တွေးလိုက်သောအခါတွင် သူသည် ကျောရိုးအောက်ခြေအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ထိုအချိန်တုန်းက၊ ချင်ယွင်သည် ၎င်းကို သူ၏မသိစိတ်မှ ထုတ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သူ့အင်အား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ခဲ့သည်။ အကယ်၍ သတိရှိရှိဖြင့် အသုံးပြုခဲ့မည်ဆိုလျှင် ၎င်း၏စွမ်းအားကို မည်သို့လျှော့တွက်လို့ရမည်နည်း။

ကျိထျန်းချန်က ဤကိစ္စမှာ ဝင်မစွက်ဖက်ဘူးဆိုသည်ကို လင်းဟန်နှင့် တခြားလူများ မြင်လိုက်ရသည့်အခါ သူတို့၏မျက်နှာများတွင် ချက်ချင်းပင် အပြုံးက ပေါ်လာကြသည်။ သူတို့သည် ချင်ယွင်ကို လူသေကောင်ကို ကြည့်နေသလိုမျိုး ပြန်ကြည့်ကြသည်။

နောက်ဆုံးတိုက်ပွဲတစ်လျှောက်တွင် သူတို့ကျရှုံးရခြင်း၏အကြောင်းရင်းမှာ သူတို့သည် ချင်ယွင်ကို လျှော့တွက်ခဲ့ခြင်းကြောင့်ဟုလည်း ကောက်ချက်ချထားခဲ့သည်။ ထိုအချိန်တုန်းက သူတို့သည် တစ်ဖွဲ့တည်းဖြစ်နေခဲ့ပါက၊ သူတို့သည် ချင်ယွင်ကို သေသေချာချာ သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် သူတို့ထဲမှ တစ်ဦးသည် အင်မော်တယ် သံချပ်ကာဝတ်စုံကို ပိုင်ဆိုင်ထားပြီး မသေမျိုးခန္ဓာကိုယ်နီးပါးကို ပိုင်ဆိုင်ထားသည်ဟု ပြောလို့ရသည်။ ကျန်တစ်ဦးမှာ အင်မော်တယ်ဓားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူတို့သာ ထိုအင်မော်တယ်ဓား၏အစွမ်းကို ပြသနိုင်ခဲ့မည်ဆိုလျှင် ချင်ယွင်ကို သတ်နိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။

"ဟမ့်, ချင်ယွင် ၊ ငါတို့ ပြီးခဲ့တဲ့အကြိမ်က သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ ဒီတစ်ခါ မင်းကို ငါတို့က လွတ်မြောက်ထွက်ပြေးခွင့်မပြုနိုင်ဘူး" ဇူဇီဝမ်၏ လက်ထဲတွင် အစိမ်းရောင်အင်မော်တယ်ဓားတစ်ချောင်း ပေါ်လာသည်။ သူက ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"မင်းငါ့ကို နောက်ဆုံးအကြိမ်က အရှက်ခွဲခဲ့တဲ့ အရှက်တရားကို နှစ်ဆလောက် ပြန်ပေးဆပ်ရမယ်" လင်းဟန်၏ သတ်ဖြတ်လိုသည့်ဆန္ဒမှာလည်း တိုးမြင့်လာသည်။ ကြက်သွေးရောင် အင်မော်တယ် သံချပ်ကာဝတ်စုံသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့ပြီး ကြက်သွေးရောင်လိုင်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးကြောစိမ်းများကဲ့သို့ ဖုံးလွှမ်းထားသည်။

အလားတူပင် လင်းယု၏လက်ထဲတွင် ဆေဘာတစ်ချောင်း ပေါ်လာပြီး သူ၏မျက်လုံးများသည်လည်း အနှိုင်းမဲ့ နီရဲနေသည်။

ချင်ယွင်သည် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေသော ဤလူသုံးယောက်ကို ကြည့်ရင် တိုက်ခိုက်လိုသည့်ဆန္ဒအရိပ် အယောင်များ သူ၏မျက်လုံးထဲသို့ တလှိမ့်လှိမ့်တိုးဝင်လာသည်။ သူ၏ပါးစပ်ထောင့်မှ မထင်မရှားအပြုံးတစ်ခု ထွက်ပေါ်လာပြီး သူ့ကိုယ်သူ ပြောလိုက်သည် " ငါ့ရဲ့ မကြာသေးမီက ခွန်အားကို မင်းတို့သုံးယောက်နဲ့ စမ်းသပ်ကြည့်ရအောင်!"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် မယုံနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ပစ်ဝင်လိုက်သည်။

သူသည် မီတာတစ်ရာအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြတ်ကျော်သွားခဲ့ သည်။

ချင်ယွင်သည် လင်းယု၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။ သူအရင်ဆုံး လုပ်ရမည့်အရာက လင်းယုသည် လူသုံးယောက်တွင် အားနည်းဆုံး ဖြစ်ပြီး သူကိုဦးစွာ ကိုင်တွယ်ပြီးနောက် အင်မော်တယ်ပစ္စည်းများ ပိုင်ဆိုင်ထားသည့် လူနှစ်ယောက်ကို အာရုံစိုက်ရမည်။

လင်းယုသည် နတ်ဆိုးနတ်ဘုရားကဲ့သို့ သူ၏ရှေ့မှ ရုတ်တရက် ဆင်းသက်လာသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အံ့သြသည့်အမူအရာ ပေါ်လာသည်။ ချင်ယွင်၏အရှိန်အဟုန်က ယခင်ကနှင်နှိုင်းယှဉ်လျှင် အများကြီး တိုးလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"မင်းက ပထမဆုံးပဲ!" ချင်ယွင်၏ ပါးစပ်ထောင့်မှာ ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သူ၏လက်ဖဝါးက လက်သီးဆုပ်ထားပြီးသားဖြစ်သည်။ ဝိညာဉ်ချီသည် သူ၏လက်သီးများကို ဖုံးလွှမ်းထားလိုက်ပြီး အံ့သြဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

လင်းယု၏ မျက်လုံးများတွင် ချက်ချင်းပင် ကြောက်ရွံ့မှုအရိပ်အယောင် ပေါ်လာသည်။ ချင်ယွင်၏ လက်သီးချက်မှ ထွက်ပေါ်လာသော သေမင်း၏ ထူထပ်သော အငွေ့အသက်ကို သူ ခံစားနိုင်သည်။

“မဟုတ်ဘူး…”

ဘေးတွင်ရပ်နေသောလင်းဟန်သည် ၊ဤမြင်ကွင်းကိုလည်း သတိထားမိသည်။ သူ၏မျက်လုံးများ ပြူးကျယ်လာပြီး သူသည်စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သို့သော်လည်း သူ၏အလန့်တကြားအော်ဟစ်မူက ချင်ယွင်ကို ဘယ်လိုလုပ် ရပ်တန့်နိုင်မှာလဲ။ ချင်ယွင်၏လက်သီးက လင်းယု၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ပြီး လျှပ်စီးလက်သလို လေထဲသို့ လွင့်ထွက်သွားတော့သည်။

လင်းယု၏ မျက်နှာပေါ်ရှိ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် ကျယ်လာခဲ့ပြီး သူ၏ပါးစပ်ထဲမှ သွေးများ ထွက်လာကာ မယုံကြည်နိုင်မူနှင့်အတူ အထိတ်တလန့်ဖြစ်သည့် အမူအယာ ပေါ်လာသည်။

သူ၏ရင်ဘတ်ထဲမှ ပြင်းထန်သည့် နာကျင်မှုသည် သူ၏ဦးနှောက်ကိုပင် ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် နောက်ပြန် လွင့်စင်သွားတော့မည့် အခိုက်တွင် သူ၏ခန္ဓာကိုယ်သည် ချက်ချင်း အသိဉာဏ်များ ဆုံးရှုံးသွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်တချက် လင်းလက်သွားခဲ့ သည်။ လက်ဖဝါးဓါးတစ်ချောင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး လင်းယု၏လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

လင်းယုသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သွေးများက မြေပြင်တစ်ခုလုံး စီးဆင်းသွားသည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် ခံစားချက်အရိပ်အယောင်များမပေါ်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသော လင်းယုကို အေးစက်စွာ ကြည့်နေသည်။

လင်းယုက သူ့ကိုသတ်ချင်သည့်အချိန်မှစ၍ ဤအရာအားလုံးသည် ဆုံးခန်း တိုင်သွားခဲ့ပြီ ဖြစ်သည်။

လင်းဖန်သည် ချင်ယွင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လင်းယုသည် သူ၏ညီအတွက် လက်စားချေပေးခြင်းကိစ္စက အမှားအယွင်းမရှိသော်လည်း ဤကိစ္စတွင် ချင်ယွင်သည်လည်း မမှားခဲ့ပေ။ လင်းဖန်က သေပြီးသားမို့ သူ နောင်တမရခဲ့ပေ။ ထို့ကြောင့် သူနှင့် လင်းညီနောင်တို့သည် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် ရန်သူများဖြစ်လာကြသည်။

အကယ်၍ လင်းဟန်နှင့် လင်းယုတို့သည် ဤအမုန်းတရားများကို စွန့်လွှတ်နိုင်ခဲ့မည်ဆိုလျှင် ချင်ယွင်သည် ၎င်းတို့ကို ဒုက္ခမပေးမှာ သေချာသည်။ ကံမကောင်းစွာပဲ၊ သူတို့က မလုပ်နိုင်ခဲ့သည့်အတွက် ချင်ယွင်သည် သူတို့ကို သတ်ဖြတ်လိုက်ရုံသာရှိတော့သည်။

အကယ်၍ အပြစ်တင်ချင်သည်ဆိုလျှင် လင်းဖန်သည် ချင်ယွင်၏ ပြောင်းပြန်ကြေးခွံကို စော်ကားခဲ့မှုအတွက်သာ အပြစ်တင်နိုင်သည်။ ဤကမ္ဘာမှာ လုံးဝမှန်တယ် လုံးဝမှားတယ်ဆိုတာ မရှိပါဘူး။

"အကိုကြီး!"

လင်းဟန်သည် သူ၏အစ်ကို အသတ်ခံရပြီဆိုသည်ကို သိလိုက်ရလျှင် သူ၏ တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့သည်။ သူသည် အရူးတစ်ယောက်လို ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းပေါ်လာပြီး ချင်ယွင်ဆီသို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူသည် လင်းဟန်၏ရှေ့တွင် ပေါ်လာပြီး သူ့ကိုလက်သီးဖြင့် ထိုးလိုက်သည်။

လင်းဟန်၏အင်မော်တယ်သံချပ်ကာဝတ်စုံသည် ဤစွမ်းအားကို ခုခံတွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ချင်ယွင်၏ အစွမ်းသည်လည်း အလွန်ကြီး မားလာခဲ့သည်။

လင်းဟန်၏တစ်ကိုယ်လုံးသည် လွင့်ပျံသွားဆဲဖြစ်ပြီး သူ၏နောက်ဘက်နံရံကို ထိမှန်သွားကာ နံရံပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့သည်။

"ငရဲကိုသွားလိုက်တော့!"

ဇူဇီဝမ်သည်လည်း ထိုအချိန်မှာ ရောက်လာခဲ့သည်။ သူ၏လက်ထဲမှ အင်မော်တယ်ဓားသည် နှလုံးတုန်လှုပ်ဖွယ် စွမ်းအင်အတက်အကျကို ထုတ်လွှတ် လိုက်ပြီး မိုးပြာရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဘက်သို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ချင်ယွင်၏ကိုယ်ခန္ဓာသည် သန်မာသော်လည်း၊ အင်မော်တယ်ဓားကို ပြင်းပြင်းထန်ထန် လှုပ်ခါနိုင်သည့်အဆင့်အထိ မရောက်သေးပေ။

ရလာဒ်အနေဖြင့် သူသည် လက်တစ်ဖက်ဖြင့် ခုတ်ပိုင်းလိုက်ရာ သုံးမီတာကျယ်သော လေဓားကြီးတစ်လက်သည် လှည့်ပတ်နေသော ပုဆိန်ကြီးကဲ့သို့ လွင့်ပျံထွက်သွားခဲ့ပြီး ဇူဇီဝမ်၏ အင်မော်တယ်ဓားကို ထိုးထွင်းဝင်ရောက်သွားခဲ့သည်။

ဇူဇီဝမ်နှင့် သူ၏ အင်မော်တယ်ဓားကို ဤကြောက်မက်ဖွယ်လေဓားကြီးကြောင့် နောက်ကိုလွင့်ပျံသွားခဲ့ပြီး နံရံအခြေသို့ တွယ်ကပ်သွားခဲ့သည်။

အခန်း (၂၅၄) နဝမမြောက်မင်းသားလေးထွက်ပေါ်လာခြင်း။

ဇူဇီဝမ်၏မျက်နှာသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြည့်နှက်နေသည်။

ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားနဲ့ သုံးမီတာရှည်လျားတဲ့ လေဓါးကြီးလား။

အကယ်၍ သူ၏လက်ထဲမှာရှိနေသည့်ဓားသည် အင်မော်တယ်အဆင့်ဓားသာ မဟုတ်ခဲ့ဘူးဆိုလျှင်၊ ထိုအခိုက်တန့်မှာ သူသည် အဝေးကို လွင့်ထွက်သွားရုံသက်သက် မဟုတ်လောက်ပေ။ ယင်းအစား၊ သူသည် ထိုလေဓားကြီး၏ တစ်ဝက်တိတိ တိုက်ရိုက် ဖြတ်တောက်မူကို ခံရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် ယခုအချိန်၌ သူ၏တစ်ကိုယ်လုံးသည် ပြိုလဲသွားသလို ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေသည်။

"ဒီချင်ယွင်ရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုသန်မာလာတယ်။ သူ့ရဲ့ကျင့်ကြံမူအဆင့်က သိုင်းမြို့စားနယ်ပယ်ရဲ့ ဒုတိယအဆင့် ကောင်းကင်အလွှာကို ရောက်သွားရုံလောက်ပဲလို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမယ့် သူရဲ့ ကျင့်ကြံမူအဆင့်က ဒီလောက်အထိ တိုးမြင့်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

ဇူဇီဝမ်က မထိန်းနိုင်ဘဲ တံတွေးမျိုချလိုက်သည်။ သူသည် မလှုပ်မယှက် ရပ်နေသော ချင်ယွင်ကို ကြည့်ရင်း သူသည် ချက်ခြင်းပင် မတိုက်ခိုက်သင့်ဘူး ဆိုသည့် အတွေးတစ်ခု ဝင်လာခဲ့သည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်သည် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ဟုတ်ပါသည်၊ သူ၏မျက်လုံးရှေ့မှာပင် ချင်ယွင်သည် ပျောက်သွားခဲ့သည်။

ဇူဇီဝမ်သည် ထိတ်လန့်သွားခဲ့ရပြီ.။ သူသည် နိုးနိုးကြားကြားဖြင့် သတိထားကာ သူ၏လက်ထဲမှ အင်မော်တယ်ဓားကို အမြန်ဆုပ်လိုက်သည်။

ဝှီး။

သူ၏ရှေ့မှာ အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဇူဇီဝမ်သည်လည်း လုံးဝတွန့်ဆုတ်မနေခဲ့ပေ။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် များသည် ချက်ချင်း မြင့်တက်လာခဲ့ပြီး အင်မော်တယ်ဓား၏အလင်းရောင်သည် ပြိုးပြိုး ပြက်ပြက်ပြက်ပြက်ရှိသော နေရောင်ကဲ့သို့ ချက်ချင်းပင် ကျယ်ပြန့်လာခဲ့သည်။ ဓားတခုလုံးသည် လင်းလက်တောက်ပနေခဲ့ပြီး ခုတ်ပိုင်းချလိုက်သည်။

သို့သော် ဇူဇီဝမ်သည် ဤဓားကို ခုတ်ပိုင်းလိုက်ပြီးနောက်တွင် သူ၏ဓားသည် လေထုထဲသို့သာ ဖြတ်တောက်သွားသောကြောင့် သူ နောင်တရလိုက်သည်။ စူးရှသော ဓားအလင်းတန်းသည် ကောင်းကင်ယံ ကိုဖြတ်သန်းသွားကာ ဆန့်ကျင်ဘက် တောင်နံရံကို ရိုက်ခတ်ထိမှန်ပြီး နက်ရှိုင်းသော အက်ကြောင်းရာတစ်ခု၏ နောက်တွင် ကျန်ရစ်ခဲ့ပုံရသည်။

"မင်းက ဒုတိယမြောက်လူပဲ!" ချင်ယွင်၏ အေးစက်သောအသံသည် ဇူဇီဝမ်၏ နားရွက်အနားမှ အရိုးထိအေးစက်သည့် လေအေးကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

ဇူဇီဝမ်သည် သူ၏ရင်ထဲတွင် အေးစက်မူတစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီး ကြောက်ရွံ့မူက သူ၏ဦးရေပြား ပေါက်ကွဲထွက်မတတ် ချက်ခြင်း ပေါက်ကွဲ ထွက်လာခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်အပြင်သည် ဇူဇီဝမ်၏အနားတွင် ပေါ်လာခဲ့ပြီး သူ၏လက်သီးသည် ဇူဇီဝမ်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက်ထိမှန်သွားသည်။

ဇူဇီဝမ်၏နောက်မှာရှိနေသည့် တံတိုင်းသည် ချက်ချင်းပေါက်ကွဲသွားပြီး အမှုန့်ဖြစ်သွားဟန်ရသည်။ သူ၏ရင်ဘတ်တစ်ခုလုံးလည်း တိုက်ရိုက်ပင် ပုံပျက် ယွင်းသွားခဲ့ပြီး ချိုင့်ဝင်သွားကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဇူဇီဝမ်၏တစ်ကိုယ်လုံးသည် နံရံတွင် နစ်မြုပ်သွားခဲ့ပြီး သူ၏ပါးစပ်မှ ထွက်ကျလာသော သွေးများက သူ၏အဝတ်အစားများကို အနီရောင်အဖြစ် ဆေးဆိုးသွားသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများသည် သေလုမျောပါးဖြစ်သည်အထိ ကြေမွသွားခဲ့ သည်။

ခပ်လှမ်းလှမ်းမှာရှိနေသည့် လင်းဟန်သည် အသက်ရူချိန် အနည်းငယ်မျှသာကြာပြီး သူတို့သုံးယောက်ထဲမှ နှစ်ယောက် သေဆုံးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ၏ကိုယ်ပေါ်တွင် အင်မော်တယ် သံချပ်ကာဝတ်စုံသာ ရှိမနေပါက၊ သူ၏အစ်ကိုနှင့် ဇူဇီဝမ်တို့ကဲ့သို့ သူသည်လည်း ချင်ယွင်၏သတ်ဖြတ်ခြင်းကို ချက်ခြင်း ခံရနိုင်သည်။

"ဒီချင်ယွင်ဟာ ဘယ်တုန်းက အရမ်းသန်မာလာရတာလဲ။" လင်းဟန်၏နှလုံးသားသည် အေးခဲသွားခဲ့သည်။

ရုတ်တရက် သူသည် ခေါင်းကိုမော့ကြီးကြည့်လိုက်လျှင် ချင်ယွင်က သူ့ကို မျက်လုံးစိမ်းကြီး တစ်စုံဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယင်းက သူ၏နောက်ကျောမှာ မီးကျီးခဲကြီးတစ်ခု သယ်ဆောင်ထားရသလို ခံစားရစေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်သံချပ်ကာဝတ်စုံဖြင့်ပင်၊ ချင်ယွင်ဆီမှ သူ့ထံ ကျရောက်လာသော ပြင်းထန်သောခြိမ်းခြောက်မှုကို ခံစားနိုင်သည်။

"တကယ်လို့ မင်း အခု ရပ်လိုက်ရင် ငါ မင်းကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး။ မင်း ငါ့ကို ထပ်ပြီး ရန်စဝံ့ရင် မင်းမှာ အင်မော်တယ် သံချပ်ကာဝတ်စုံရှိနေရင်တောင် ငါက မင်းကို သတ်နိုင်သေးတယ်" ချင်ယွင်၏ စကားများသည် ကိုးခုမြောက် မြေအောက်ကမ္ဘာက အေးစက်နေသည့် အေးခဲကဲ့သို့ စကားလုံးတစ်လုံး ချင်းဆီက လင်းဟန်၏ နှလုံးသားကို ဝင်ရောက်ရိုတ်ခတ်သွားစေသည်။

ချင်ယွင်ပြောသည်မှာ အမှန်ဖြစ်ပါသည်၊ သူ့မှာ လင်းဟန်ကို သတ်ဖို့ အမှန်တကယ် နည်းလမ်းတစ်ခု ရှိပါသည်။

လင်းဟန်၏အင်မော်တယ်သံချပ်ကာဝတ်စုံသည် ပြိုင်ဘက်ကင်း ဖြစ်နိုင်သော်လည်း ချင်ယွင်လက်ထဲတွင် မြူနှင်းချောက်နက်ဓားရှိနေသေးကြောင်းကို မေ့ထားလို့မရပေ။ ဤဓားပေါ်ရှိအစီအရင်များနှင့် ဓားဝိညာဉ်မှာ ပျက်စီးသွားခဲ့သော်လည်း ၎င်း၏ ထက်ရှမှုသည် ချင်ယွင်မြင်ဖူးသမျှတွင် ထက်ရှဆုံးဖြစ်သည်။

အကယ်၍ သူသည် ဧကရာဇ်အဆင့် ဓားသိုင်းပညာရပ်ကို ဖော်ထုတ်ပြီး မြူနှင်းချောက်နက်ဓားကို အသုံးပြုလိုက်ပါက လင်းဟန်၏ အင်မော်တယ်သံချပ်ကာ ဝတ်စုံကို ချိုးဖောက်နိုင်မည်ဟု ချင်ယွင်က ယုံကြည်ထားသည်။

လင်းဟန်၏ မျက်လုံးများတွင် ခက်ထန်သော အမူအရာ ပေါ်လာသည်။ ချင်ယွင်၏လေသံသည် သူလိမ်နေပုံမပေါ်ကြောင်း သူပြောနိုင်သည်။ သူသည် သူ၏အင်မော်တယ်သံချပ်ကာဝတ်စုံကို အမှန်တကယ် ချိုးဖျက်နိုင်ပေလိမ့်မည်။

ထို့အပြင် အကယ်၍ ချင်ယွင်သည် သူ၏ အင်မော်တယ်သံချပ်ကာ ဝတ်စုံကို မချိုးဖျက်နိုင်ခဲ့ဘူးဆိုလျှင်ပင်၊ သူကိုယ်တိုင်က ချင်ယွင်ကို အနိုင်ယူနိုင်စွမ်းမရှိပေ.။ သူသည် ချင်ယွင်၏ နှိပ်စက်မူကို ခံယူရုံသာ ရှိတော့မည်။

လင်းဟန်၏ မျက်လုံးများတွင် ရုန်းကန်နေသည့် အရိပ်အယောင်ကို ချင်ယွင်မြင်သောအခါ၊ ဤတိုက်ပွဲသည် ရှေ့ဆက်တိုက်ခိုက်စရာမလိုတော့ကြောင်း သူသိလိုက်သည်။

သူ လင်းဟန်ကို လွှတ်ပေးလိုက်ရသည့် အကြောင်းရင်းမှာ ချင်ယွင်၏သနားကြင်နာမှု ကြောင့်မဟုတ်ပေ။ ဤတိုက်ပွဲကိုဆက်လက်တိုက်ခိုက်ရန် မလိုအပ်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။ အကယ်၍ လင်းဟန်ကို သူသတ်လိုက်မည်ဆိုလျှင် လင်းမိသားစုသည် သူနှင့်အတူ ရန်ငြိုးရန်စများ ဆက်လက်ရှင်သန်နေဦးမည် ဖြစ်သည်။ အကယ်၍ သူသာ လင်းဟန်ကို မသတ်လိုက်ဘူးဆိုလျှင် သူတို့အနေဖြင့် တဖြည်းဖြည်း လျှော့ကျသွားမည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

လင်းဟန်၏ အင်မော်တယ်သံချပ်ကာဝတ်စုံမှတဆင့် လင်းဟန်သည် လင်းမျိုးနွယ်စု၏ တန်ဖိုးထားရဆုံး ပါရမီရှင်တဦးဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ကျိထျန်းချန်သည် ဤအရာအားလုံးကို ဘေးမှကြည့်နေသည်။ စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု သူ၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ သေဆုံးသွားသော ဇူဇီဝမ်နှင့် လင်းယုတို့အတွက် သူသည် တိတ်တဆိတ် ဝမ်းနည်းသွားမိသည်။ တစ်ချိန်တည်းမှာပင် သူသည် ချင်ယွင်နှင့် ရန်သူမဖြစ်ရဟု သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်သည်။

ထိုသို့မဟုတ်လျှင် သူသည် ကပ်ဘေးဆိုးကြီးကို ဆွဲဆောင်မိပြီး ဓားငယ်လေးဂိုဏ်း တစ်ခုလုံးကိုတောင် ခြိမ်းခြောက်လာလိမ့်မည်။

သို့သော် ထိုအချိန်တွင် ခန်းမတစ်ခုလုံးအတွင်းဆီသို့ အေးစက်သောလေသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟမ့်၊ မင်းက ချင်ယွင်လား။ မင်းက ငါတို့ရဲ့ ပါရမီရှင်တွေကို မင်းစိတ်သဘောဆန္ဒနဲ့ သတ်ဖြတ်လိုက်ပြီးတဲ့နောက် ငါ့ရဲ့ အင်ပါယာကနေ လွတ်မြောက်နိုင်မယ်လို့ မင်း တကယ်ထင်ထားတာလား"

ခရမ်းရွှေရောင်စပါးအုံးမြွေအရေခွံဝတ်စုံဝတ်ထားသည့် လူငယ်တစ်ဦးသည် ခန်းမ အပြင်ဘက်မှ ဖြည်းညှင်းစွာလျှောက်လှမ်းလာကာ လူတိုင်း၏အမြင်အာရုံထဲတွင် ပေါ်လာသည်။

သူ၏နောက်တွင် နောက်ထပ်လူနှစ်ယောက်ရှိနေသည်။ သေချာသည်မှာ၊ ထိုလူနှစ်ယောက်သည် ဧကရာဇ်ကျောင်းတော်မှ ဝူကျင်းနှင့် အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲပိုင်ဆိုင်ထားသည့် အမျိုးသမီးတို့ဖြစ်သည်။

ဤအခိုက်တွင်၊ ဝူကျင်းသည် ချင်ယွင်ကို အရေခွံကိုခွာပြီး အရိုးများကို ဝါးမျိုချလိုသည့်အတိုင်း ချင်ယွင်ကို မုန်းတီးသောမျက်လုံးများဖြင့် ကြည့်နေသည်။

ထိုအမျိုးသမီးငယ်သည် သူမ၏အမူအရာက အေးစက်ပြီး မာနကြီးနေဆဲဖြစ်သည်။

ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤလူသုံးယောက်၏ ရောက်ရှိလာမူသည် သူမျှော်လင့်ထားသည်ထက်ကျော်လွန်နေပြီး အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် နဝမမင်းသား ဖြစ်သည်။ သူ့ထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို သူ ခံစားနိုင်သည်။

ထို့အပြင် နဝမမင်းသားထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် ဆန္ဒက ချင်ယွင်ကို အလွန်မပျော်မရွှင်ဖြစ်စေခဲ့သည်။ ထို့အပြင် သူ၏အစ်မလျူရန်ယွင်သည် ဤလူနှင့် စေ့စပ်ထားသည်။ ယင်းကြောင့် ချင်ယွင်သည် သူ့အပေါ်မှာ ပြင်းထန်သည့် အတိုက်အခံလုပ်လိုစိတ် အလိုလိုပင် ရှိနေခဲ့သည်။

"နဝမမင်းသား၊ အဲဒါက မမှန်ပါဘူး။ သူတို့က ငါ့ကို အရင်သတ်ချင်တဲ့ သူတွေလေ။ ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့ ကြိုးစားခဲ့ရုံပါ။" ချင်ယွင်က နှိမ့်ချခြင်းမရှိသလို မောက်မာမူလည်းမပြဘဲ ပုံမှန်အတိုင်း ဖြေလိုက်သည်။

နဝမမင်းသားသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒအပြည့်ဖြင့် ကြည့်နေလေသည်။" တကယ်လို့ ငါမှန်မှန်ကန်ကန် မှတ်သား ထားတာဆိုရင် မင်းက ရန်ချင်းဝူရဲ့ မွေးစားမောင်လေး ဖြစ်သင့်တယ်။ မင်းတို့နှစ်ယောက်က ခြောက်နှစ်လောက် အတူနေခဲ့တယ်လို့ ငါကြားတယ်" သူက အေးစက်စွာ ပြောသည်။

ချင်ယွင်သည် သူ၏အစ်မ လျူရန်ယွင်၏နာမည်ကိုကြားသောအခါ သူ၏ မျက်လုံးများက အနည်းငယ် ပျော့ပြောင်းလာပြီး "မှန်ပါတယ်၊ သူမက ကျွန်တော့်ကိုမွေးစားပြီး ခြောက်နှစ်ကြာအောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အစ်မတော်ပဲ"

"ဒါဆို သူမက ငါနဲ့စေ့စပ်ထားသူဖြစ်​မှန်း မင်းသိလား" နဝမမင်းသားလေး၏ မျက်လုံးများသည် အေးစက်လာပြီးရင်း အေးစက်လာခဲ့သည်။

"သိပါတယ်၊ ဒါပေမယ့် မင်းကိုလက်ထပ်ဖို့ သဘောတူမတူ ငါ့အစ်မကို အရင်မေးရဦးမယ်။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

ယခု သူ၏အစ်မကို ကောင်းကင်ဘုံဂိုဏ်းက အဝေးကို ခေါ်ထုတ်သွားခဲ့ပြီ။ သူမကို လက်ထပ်ဖို့နေနေသာသာ နဝမမင်းသားသည် သူမကို နောင်ဘယ်တော့မှ ပြန်တွေ့နိုင်ခြင်း မရှိတော့ဟုပင် ခန့်မှန်းလို့ရသည်။

သူ ဒေါသအရမ်းထွက်နေတာ မဆန်းပါဘူး။ သူနှင့်စေ့စပ်ထားသူသည် အဝေးသို့ ခေါ်ဆောင်သွားခံရသော်လည်း သူ့မှာ ကူရာမဲ့ဖြစ်နေခဲ့သည်။ ဤအရာက အင်ပါယာတစ်ခု၏ မင်းသားတပါးအနေဖြင့် သူ့ကို အလွန်ဒေါသ ထွက်စေခဲ့သည်။

ထို့အပြင် နဝမမင်းသား၏ ပင်ကိုယ်စရိုက်သည် မူလကတည်းက သူပိုင်ဆိုင်ထားသည့် အရာများကို အခြားလူများ အနည်းငယ်မျှတိုးထိတာကိုပင် ခွင့်မပြုနိုင်သော လူစားမျိုးဖြစ်သည်။

ပျောက်ကွယ်သွားခဲ့သော သူနှင့်စေ့စပ်ထားသူသည် သူ၏ရှေ့မှာရှိနေသည့်လူနှင့် ခြောက်နှစ်ကြာအောင် အတူနေထိုင်ခဲ့ပြီး အတူတူ ရေချိုးကာ စောင်တထည်ထဲ အောက်တွင် အတူတူအိပ်ခဲ့ကြောင်းကို ကြားသိရသဖြင့် သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

နဝမမင်းသားလေး ချင်ယွင်ကို ကြည့်သည့်အကြည့်များက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေသည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏နောက်၌ရှိသော ဝူကျင်းက ထွက်လာခဲ့ပြီး နဝမမင်းသားအား ပြောလိုက်သည် "အရှင်မင်းသား၊ မင်းသားက မြင့်မြတ်သူတစ်ယောက်ပါ။ ဒီလိုနိမ့်ကျတဲ့လူကို မင်းသားအနေနဲ့ ဘယ်လိုလုပ် တိုက်ခိုက်လို့ဖြစ်မှာလဲ။ ဘာလို့ ကျွန်တော့်အတွက် မထားပေးတာလဲ။ ကျွန်တော်က သူ့ကို မင်းသားကိုယ်စား သေချာပေါက် ကူပြီးသတ်ပေးပါ့မယ်"

"မင်းလုပ်နိုင်တာသေချာရဲ့လား" နဝမမြောက်မင်းသားက ဝူကျင်းကိုကြည့်ကာ အေးစက်စွာ မေးသည်။

ဝူကျင်းလည်း သူ၏သွားများကို တင်းတင်းကြိတ်ပြီး ပြောသည် "ကျွန်တော် သေချာပေါက် လုပ်နိုင်မှာပါ၊ နောက်ဆုံး တစ်ကြိမ်တုန်းက ကျွန်တော် သတိမထားမိလိုက်ဘူး။ ဒီတစ်ခါတော့ သူရဲ့အသက်နဲ့ သေခြင်းတရားကို သေချာပေါက် တောင်းရမ်းပေးမှာပါ"

"ကောင်းပြီ ဒါဆို မင်းသွားလို့ရပြီ။ နောက်ဆုံး အသက်ရှင်လျက် ချန်ထားဖို့တော့ မမေ့နဲ့။ ငါ့ကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို ငါကိုယ်တိုင် ပြောပြမယ်" နဝမမြောက်မင်းသားက အေးစက်စွာ အော်ပြောလိုက်သည်။

အခန်း (၂၅၅) ဝူကျင်းကို ရိုက်နှက်ခြင်း။

ချင်ယွင်သည် ဝူကျင်း၏ မျက်နှာပေါ်ရှိ အေးစက်သော အပြုံးကို ကြည့်လိုက်ရင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

ဤဝူကျင်းသည် တစ်ချိန်တုန်းက သူ့ကို ဆဲဆိုကြိမ်းမောင်းခဲ့ဖူးပြီး ချိုင့်ဝှမ်းအတွင်းရှိ ကြက်သွေးရောင်ဒိုနိုဆောရက်ကြီး၏အလောင်းကို လုယူရန်အတွက် သူ့ကို သတ်ပစ်ချင်ခဲ့သည်။

ယခု သူသည် နဝမမြောက်မင်းသားရှေ့တွင် ဆုလာဘ်များကို မျှော်ကိုးပြီး သူ့ကို တိုက်ခိုက်ရန် အမှန်တကယ် တောင်းဆိုနေသည် ။ ဤလူသည် အမှန်တကယ် အရှက်ကင်းမဲ့သူဖြစ်သည်။

"ဟမ့်၊ ကောင်လေး၊ နောက်ဆုံးအကြိမ် ချိုင့်ဝှမ်းထဲမှာတုန်းက ငါ သတိလက်လွတ်ဖြစ်ပြီး မင်းကြောင့် ဒဏ်ရာရခဲ့တယ်။ ဒီတစ်ခါတော့ ငါ မင်းကို သနားကရုဏာ မပြတော့ဘူး" ဝူကျင်းက မောက်မာစွာ ပြောသည်။

ချင်ယွင်သည် လက်နှစ်ဖက်ပွေ့ပိုက်ပြီး အထင်သေးသည့်အမူအယာပြလိုက်သည်။ ချင်ယွင်သည် ယခင်က သူ့ဓားကို ကြောက်ခဲ့ဖူးသော်လည်း ယခု ချင်ယွင်သည် ပေါက်ကွဲလျှပ်စီး သဘောတရားတတိယအဆင့်ကို အသုံးမပြုခဲ့လျှင်ပင် သူ့ကို သတ်ဖြတ်နိုင်သေးသည်။ ထို့ကြောင့် ယခုအချိန်ချင်ယွင် အမှန်တကယ် ကြောက်သောသူမှာ သူ၏ရှေ့မှာရှိနေသည့် ဝူကျင်း မဟုတ်ဘဲ နောက်မှာရှိနေသည့် နဝမမြောက်မင်းသားနှင့် အမျိုးသမီးငယ် ၏လက်ထဲမှာရှိသည့် ရေခဲပုလဲဖြစ်သည်။

ချင်ယွင်က အမှန်တကယ်ပင် အေးစက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်ကို ဝူကျန့် မြင်လိုက်ရသည်။ ချင်ယွင်က သူ့ကို လွင့်ပျံသွားအောင်ထိုးလွှတ်လိုက်သည့် မြင်ကွင်းက သူ၏နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့ပြီး ပြင်းထန်သည့် မုန်းတီးမှုတစ်ခုက သူ၏မျက်နှာပြင်ပေါ် ချက်ချင်း အုံကြွလာခဲ့သည်။

"မင်း သေချင်နေတာဘဲ!" ဝူကျင်းက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှာ ဓားရှည်ကြီးတစ်လက် ပေါ်လာသည်။ ထို့နောက် သူ၏ပုံရိပ်သည် အလွန်ထူးဆန်းပြီး အပြောင်းအလဲမြန်သည့်ပုံစံဖြင့် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ့ဆီတဟုန်ထိုးပြေးဝင်လာနေသော ဝူကျင်းကို မြင်လိုက်ရသော အခါတွင် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟမ့်၊ နောက်ဆုံးအကြိမ်တုန်းက ငါ မင်းကို ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့တယ်၊ ဒီတစ်ကြိမ်မှာလည်း အတူတူပဲ ငါလုပ်နိုင်သေးတယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ဝူကျင်း၏လှုပ်ရှားမှုလမ်းကြောင်းများသည် သူ၏စိတ်ထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။ ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်ပြီး သူ၏ခြေဖဝါး တချက်လှုပ်ရှားလိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် မူလနေရာမှ ပျောက်ကွယ် သွားခဲ့သည်။

ဝှီး!

ချင်ယွင်ပျောက်ကွယ်သွားသည့်အခိုက်တွင် ချင်ယွင်ချန်ထားရစ်ခဲ့သော ပုံရိပ်ယောင် များကို ဓားရှည်တစ်ချောင်းက ထိုးဖောက်လာခဲ့သည်။

"အယ်၊ ပုံရိပ်ယောင်တွေလား?" ဝူကျင်း၏ဓားသည် လွဲချော်သွားသည်နှင့် သူသည် သိသိသာသာ ထိတ်လန့်သွားခဲ့သည်။

"မင်းရဲ့အမြန်နှုန်းက လျှင်မြန်ပုံမပေါ်ဘူး!"

ချင်ယွင်၏ အသံသည် ဝူကျင်း၏ နောက်ကွယ်မှ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

ဝူကျင်းသည် ရုတ်တရက် ထိတ်လန့်သွားသည်။ သူပြန်လှည့်ကြည့်လိုက်လျှင် ချင်ယွင်သည် သူ၏နောက်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ တခဏအတွင်းဝင်ရောက်လာသော အသိဉာဏ်ကြောင့် သူသည် ချက်ချင်းပင် ကြောက်လန့်သွားခဲ့သည်။

ချင်ယွင်က ရယ်မောလိုက်ပြီး ဝူကျင်း၏ မျက်နှာကို ပါးရိုက်ချလိုက်သည်။

ဝူကျင်း၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် စုတ်ပြတ်ထွက်သွားပြီး သူ၏သွားများ အားလုံး ကျွတ်ထွက်သွားခဲ့သည် ။ လတ်ဆတ်သောသွေးများကလည်း လေထဲသို့ ပစ်လွှင့်သွားခဲ့သည်။

"ဟမ့်၊ မင်းက သိပ်ပြီးစကားပြောကောင်းတဲ့သူ မဟုတ်ဘူးလား။ ဒီနေ့ မင်းပါးစပ်က ပေါက်လွှတ်ပဲစားလျှောက်ပြောရင် ဘာဖြစ်သွားမလဲဆိုတာ ငါပြောပြမယ်။" ချင်ယွင်က ရယ်မောပြီး သူ၏ခြေချောင်းများဖြင့် လေဟာနယ်ကို ထိုးညွှန်လိုက်ပြီး လေဟာနယ်ထဲတွင် လှိုင်းလုံးများ ထွက်ပေါ်လာကာ ချင်ယွင်သည်လည်း ထပ်မံ ပစ်လွှတ်သွားပြန်သည်။

"ဖတ်!"

နောက်ထပ် ပါးရိုက်သံတချက်က ဝူကျန့်၏ မျက်နှာပေါ်သို့ ကျရောက်လာပြန်သည်။ ဝူကျင်းသည် သူ့ဦးနှောက်မှ မူးဝေသွားသလို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုက သူ၏မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ နောက်ပြန် လွင့်ထွက်သွားတော့မည် ဖြစ်သည်။

ချင်ယွင်က တစ်ချိန်လုံး လှောင်ရယ်ရယ်နေခဲ့သည်။ သူသည် ဝူကျင်း၏အထက်မှာ ပြန်ပေါ်လာခဲ့ပြီး သူ၏ရင်ဘတ်ကိုပြေးကန်လိုက်ပြန်သည်။ ထို့နောက် ဝူကျင်းသည် မြေပြင်ပေါ်သို့ နောက်ပြန်ကျသွားသလိုမျိုး ပြုတ်ကျသွားသည်။

ကံမကောင်းစွာပဲ၊ ဝူကျင်း၏ဦးခေါင်းသည် လုံလောက်အောင် မာကြောနေခြင်း မရှိခဲ့ပေ။ ထိုသို့မဟုတ်လျှင် သူသည် မြှားငှက်မွေးတစ်ချောင်းလို မြေပြင်ပေါ်ကို ထိုးစိုက်နေလိမ့်မည်။

ဝူကျင်း၏ ဦးခေါင်းသည် မြေပြင်ပေါ်တွင် အပေါက်တစ်ခုကို ထိုးဖောက်ပြီးနောက်၊ သူ့တကိုယ်လုံးသည် နဝမမြောက်မင်းသား၏ ခြေဖဝါးဆီသို့ လှိမ့်ဆင်းသွားခဲ့ပြီး သူသည် ခေါင်းကို အုပ်ကာ ပြင်းထန်စွာ အော်ဟစ်နေသည်။

သူ၏ခေါင်းက ဆုတ်ပြဲသွားသည်။ ဤအရာသည် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများ ကြားတွင် ရှားပါးသောအရာ ဖြစ်နိုင်သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် နဝမမြောက်မင်းသား၏အမူအရာက အလွန်အမင်း မဲမှောင်သွားခဲ့သည်။

ရန်စခြင်းလား။

ဒါက လုံးဝကို ဗလိုင်းကြီးရန်စခြင်း မဟုတ်ပါလား။

ဤချင်ယွင်သည် သူ့ကို ယခုလိုမျိုးရန်စရန်ပင် သတ္တိရှိနေသည်။ ယင်းက မာနကြီးသော သူ၏ဂုဏ်သိက္ခာကို ချင်ယွင်က သူ၏ခြေဖဝါးအောက်တွင် တက်နင်းလိုက်သလိုမျိုး ခံစားလာရသည်။ အထူးသဖြင့် ချင်ယွင်က ဝူကျင်းကို ပါးရိုက်လိုက်သည့်အခါ သူ၏မျက်နှာမှာသည် ပူစပ်ပူလောင်ဖြစ်သည့် ဝေဒနာကိုပင် ခံစားလိုက်ရသည်။

ထိုအချိန်တွင် နဝမမင်းသားသည် အလွန်ဒေါသထွက်နေ၏။ သူ၏နှာခေါင်းထဲမှ အစိမ်းရောင် မီးခိုးငွေ့တွေတောင် ထွက်လာသည်။ ဝူကျင်းသည် မြေပြင်ပေါ်တွင် အော်ဟစ်နေသည်ကို မြင်လိုက်ရလျှင် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝူကျင်းကို ကန်ထုတ်ပစ်လိုက်သည်။

သနားစရာကောင်းသော ဝူကျင်းသည် အဝေးနံရံမှာရှိနေသည့် စူးရှသော ဆူးချွန်တစ်ချောင်းကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ထိုးဖောက်သွားရပြီး သူ၏အလောင်းက လေထဲမှာ ချိတ်ဆွဲထားသည်။ သူ၏သေဆုံးမှုသည် ဝမ်းနည်းဖွယ်ကောင်းလှသည်။

ဘေးမှာရပ်နေသည့် ကျိထျန်းချန်သည်လည်း အံ့သြသည့်အမူအရာကို ထုတ်ဖော်ပြသ လာသည်။ ချင်ယွင်က နဝမမြောက်မင်းသားကို ဤကဲ့သို့တုံ့ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နဝမမြောက်မင်းသားသည် အနာဂတ်တွင် ချင်ယွင်ကို လုံးဝ အလွတ်မပေးနိုင်တော့ဟု သူ ခန့်မှန်းလိုက်သည်။

ထိုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ခိုတွဲနေဆဲဖြစ်သည်။ သူသည် လေဟာနယ်ထဲတွင် ရပ်နေပြီး နဝမမြောက်မင်းသားကို မတူမတန် နှိမ်ချဟန်ဖြင့် ငုံ့ကြည့်နေသည်။

မင်းက မောက်မာနေတာ မဟုတ်ဘူးလား။

လူတွေက မင်းရဲ့ပစ္စည်းတွေကို အရောင်ဆိုးတဲ့အခါ မင်း မကြိုက်ဘူးမလား။

မင်းရဲ့ဂုဏ်သိက္ခာကို သူများတွေနင်းခြေဖို့ နေရာမရှိဘူး ထင်နေတာလား။

ဒီနေ့ မင်းထက် ငါက ပိုပြီးမာနကြီးတယ်ဆိုတာ မင်းကို ပြောပြမယ်။

မင်းက တော်ဝင်ရန်အင်ပါယာရဲ့ နဝမမြောက်မင်းသားဖြစ်တော့ရောဘာဖြစ်လဲ။

အင်မော်တယ်ဧကရာဇ်မင်းမြတ်ရဲ့ သားတော်တပါးအနေဖြင့် မင်းရဲ့ အဆင့်အတန်းလေးက ငါနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခဲ့သည့် မာန်မာနထောင်လွှားမှုက ထွက်ပေါ်လာခဲ့သည်။

အဆုံးမှာတော့ ၊ သူသည် တစ်ချိန်တုန်းက အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်ဧကရာဇ်မင်း၏ သားတော်တပါး ဖြစ်ခဲ့ဖူးသည်။ ဧရာမ အင်မော်တယ်ဧကရာဇ်မင်းဆက်၏ မင်းသားတစ်ပါးအနေဖြင့် အခြားသူများကသူ့ကို ဤကဲ့သို့ အထင်သေးနှိမ့်ချသောအကြည့်ဖြင့် မည်သို့ ကြည့်ရှုခွင့် ပေးနိုင်မည်နည်း။

နဝမမြောက်မင်းသား၏ မျက်လုံးများသည် သတ်ဖြတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူ၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရွှေရောင်စပါးအုံးမြွေဝတ်ရုံသည် အဆက်မပြတ် တဖျပ်ဖျပ်ဖြင့် လှုပ်ခတ်လာကာ သူ၏ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသော ခပ်ဖျော့ဖျော့အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

သူ၏ ၀တ်ရုံပေါ်ရှိ ခရမ်းရွှေရောင်စပါးအုံးမြွေသည် အသက်ရှင်လာနေပုံရပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများတွင်လည်း သတ်ဖြတ်လိုသည့်ဆန္ဒက တလှိမ့်လှိမ့် တိုးမြင့်လာခဲ့ပြီး သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။

ထိုဓားရှည်သည် ကြယ်နက်ဓားမဟုတ်သလို၊ မြူနှင်းချောက်နက်ဓားလည်း မဟုတ်ပေ။ ဇူဇီဝမ်၏လက်ထဲမှရရှိခဲ့သည့် ရှေးဟောင်း မိုးပြာရောင် အင်မော်တယ်အဆင့် ဓားတစ်လက်ဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်၏လက်ထဲမှာရှိသည့် မိုးပြာရောင်အင်မော်တယ်ဓားသည် တဖျပ်ဖျပ် တောက်ပပြီးနောက် ငြိမ်သက်သွားလေသည်။

ဓားသည် ၎င်း၏သခင်ကိုမြင်ရ၍ ဝမ်းသာအားရ ငိုရှိုက်နေသော ကလေးငယ်လေးကဲ့သို့ ပုစဉ်းရင်ကွဲမြည်သံများ တစီစီတစာစာ ပေါက်ကွဲထွက်လာသည်။

"ဖြောက် ဖြောက် ဖြောက် ဖြောက် !"

သို့သော်လည်း ထိုအချိန်တွင် လက်ခုပ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး လူတိုင်း၏ အတွေးများကို ရပ်တန့်သွားစေသည်။

စပါးအုံးမြွေ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ဦးလည်း ခန်းမအ၀င်ဝမှ ဝင်ရောက် လာခဲ့သည်။ သူက လူတိုင်းကို ပြုံးပြပြီး အထူးသဖြင့် သူ့မျက်နှာမှာ လေးစားမှု အရိပ်အယောင်ဖြင့် ချင်ယွင်ကို ကြည့်လိုက်သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ၊ ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး" နဝမမြောက်မင်းသားက အေးစက်စွာ အော်ပြောလိုက်သည်။

"ဘာလို့ ငါ့ကိစ္စ မရှိရမှာလဲ။ ဒီလို အရည်အချင်းကောင်းရှိသူတစ်ယောက်ကို တွေ့ရဖို့က ရှားပါးလွန်းတယ်။ မင်းကြောင့် သူပျက်စီးသွားတာကို ငါ မမြင်ချင်ဘူး။" အဋ္ဌမမြောက်မင်းသားက ရယ်မောလိုက်သည်။

ထို့နောက် သူက ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး အပြုံးနှင့်အတူ ပြောလိုက်သည် "ဘယ်လိုလဲ၊ မင်းငါ့နောက်လိုက်ဖို့ ဆန္ဒရှိလား။ အနာဂတ်မှာ မင်းကို ဘယ်သူမှ နာကျင်အောင် လုပ်လို့မရဘူးလို့ငါ အာမခံတယ်"။

ချင်ယွင် အံ့အားသင့်သွားသည်။ အဋ္ဌမမြောက်မင်းသားက သူ့ကို ခေါ်ယူလိုသည့်ဆန္ဒ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ချင်ယွင်က အဋ္ဌမမင်းသား၏လက်အောက်ခံ မဖြစ်နိုင်ပေ။ သူသည် အခြားသူများကို မည်သို့ အရှုံးပေး နာခံလိုစိတ် ရှိနိုင်မည်နည်း။

သို့သော် ချင်ယွင်က မငြင်းဆန်မီတွင် နဝမမြောက်မင်းသားက ဒေါသတကြီးအော်ကာ "နံပါတ်ရှစ်အစ်ကိုတော်၊ မင်း ဒါက ဘာသဘောလဲ၊ မင်းငါ့ကို ရန်စဖို့ ရည်ရွယ်နေတာလား။"

"ငါက အဲဒီလိုမျိုးရည်ရွယ်တာ မဟုတ်ပါဘူး၊ ငါ့မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်လေ။" အဋ္ဌမမင်းသားက တခစ်ခစ်ရယ်ပြီး ချင်ယွင်ဘက်လှည့်ကာ "ဘယ်လိုလဲ? မင်း ငါ့နောက်လိုက်ချင်လား"

ချင်ယွင်က ညင်သာစွာပြုံးပြီး ပြောလိုက်သည် "မင်းသားရဲ့ကြင်နာမူအတွက် အဋ္ဌမမင်းသားကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်သူ့နောက်မှ လိုက်ဖို့မရည်ရွယ်ပါဘူး"

ချင်ယွင်က ငြင်းဆိုသောအခါ နဝမမြောက်မင်းသားသည် ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟား၊ ဟား၊ အဋ္ဌမအစ်ကိုတော်၊ သူက မင်းရဲ့ ကြင်နာမှုကို လုံးဝ လက်မခံဘူး"

နဝမမင်းသား၏ စကားကိုကြားရလျှင် အဋ္ဌမမြောက်မင်းသား၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွား၏။

"ဟမ့်၊ မင်းအတွက် ဘယ်ဟာက ကောင်းမှန်းဆိုးမှန်း မသိဘူးဆိုရင် မင်းကိုယ်တိုင် သေသွားနိုင်တယ်နော်!" အဋ္ဌမမင်းသားသည် အေးစက်စွာ အော်ပြောလိုက်ပြီး ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ ဘေးနားသို့ လျှောက်သွားတော့သည်။

စာစဉ် (၁၇)ပြီးပြီ.။

ဘာသာပြန်သူ နေဇင်။

All Chapters