အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း (၅၂၆) - မျိုးဗီဇ ပြောင်းလဲခြင်း (အပိုင်း ၂)
~"ဉာဏ်အလင်း နယ်ပယ် သစ်ပင်" ၏ တည်ရှိမှုကြောင့် "အစစ်အမှန်သိုင်း ကမ္ဘာ" အတွင်းရှိ ကျင့်ကြံသူများ အသုံးပြုသော ဝိညာဉ် စွမ်းအင် အများစုသည် "နယ်မြေများ ပင်လယ်" ဆီမှ တိုက်ရိုက် စီးဆင်းလာခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အစစ်အမှန်သိုင်း ကမ္ဘာသည် အခြားသော သာမန် ကမ္ဘာများထက် ကျင့်ကြံသူ ဦးရေ အဆပေါင်းများစွာ ပိုမို လက်ခံ ထောက်ပံ့ပေးနိုင်စွမ်း ရှိနေလေ၏။
ထို့အပြင် "အစစ်အမှန်သိုင်း ခန်းမဆောင်" အတွင်းရှိ အချိန်အရှိန်မြှင့်တင်ထားသော နေရာ၌ "နယ်မြေ အရှင်သခင်" ၏ ဆန္ဒတော်ကို ကိုယ်စားပြုသော "အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း" သည် "မူလဝိညာဉ် နယ်ပယ်" အဆင့်ရှိသော ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအထဲတွင် လော့ဝမ်ထျန်း လည်း ပါဝင်၏။ သူသည် တောင်နှင့် ပင်လယ် နယ်မြေ ၏ အလှအပများကို နှစ်သက် မက်မောမိသော်လည်း၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် အစစ်အမှန်သိုင်း ကမ္ဘာကိုသာ ဆက်လက် စောင့်ရှောက်ရန် ရွေးချယ်ခဲ့ပေသည်။
ယခုအခါ အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိများ ပြင်ပနယ်မြေများသို့ ဝင်စားကြသည် ဆိုသော အချက်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။
ကျင့်ကြံသူ အများအပြားသည် အခွင့်အရေး ရောက်လာမည့် အချိန်ကို စောင့်မျှော်ရင်း ကြိုးစားပမ်းစား ကျင့်ကြံနေကြ၏။ အစစ်အမှန်သိုင်း ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် "ဒန်ဒလီယန်" ပန်းပွင့်လေးများ၏ မျိုးစေ့များ လေထဲတွင် လွင့်ပျံ ပျံ့နှံ့သွားသကဲ့သို့ ဖြစ်နေပြီး၊ အနာဂတ်သည် မှန်းဆ၍ မရနိုင်လောက်အောင် တောက်ပ ကျယ်ပြောနေမည် ဖြစ်ကြောင်း သူတို့ သိရှိ နားလည်ထားကြသောကြောင့်ပင်။
ဤကဲ့သို့ ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ကြုံရခဲသော အခွင့်အရေးမျိုးကို သိမြင်ထားသူများ အနေဖြင့် အဘယ်ကြောင့် ကြိုးစား အားထုတ်ခြင်း မရှိဘဲ နေပါမည်နည်း။
ထို့ကြောင့် လွန်ခဲ့သော (၉) နှစ်တာ ကာလအတွင်း နင်ချီသည် (၁၂) ဂိုဏ်းမှ ရရှိခဲ့သော သန်းပေါင်းများစွာသော "အမှတ်အသား" များကို အသုံးပြုပြီး၊ ကျင့်ကြံသူများကို တောင်နှင့် ပင်လယ် နယ်မြေ အတွင်းသို့ ဆက်တိုက် ပို့ဆောင်ပေးခဲ့၏။
ဒီတစ်ကြိမ်တွင် ရွေးချယ်ထားသော ဒေသများမှာ အင်မော်တယ် ဂိုဏ်းကြီးမျုား စောင့်ရှောက်ထားသော နယ်မြေများ ဖြစ်ကြ၏။ ဥပမာအားဖြင့် ပေ့ရွှမ် နယ်မြေ နှင့် တောင်ပိုင်း အစစ်အမှန် နယ်မြေ တို့နှင့် မဝေးလှသော "ဖူယောက် နယ်မြေ" ကဲ့သို့သော နေရာများ ဖြစ်၏။
နင်ချီ တစ်ယောက်တည်း အနာဂတ်ကို မျှော်မှန်းနေခြင်း မဟုတ်ပေ။ အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားသွားကြသော ကျင့်ကြံသူ အားလုံးသည်လည်း ထိုနေ့ရက်ကို စောင့်မျှော်နေကြ၏။ နယ်မြေအသီးသီးသို့ ရောက်ရှိနေကြသော သူတို့အချင်းချင်း ပြန်လည် ချိတ်ဆက်မိပြီး ကြီးမားသော အဖွဲ့အစည်းကြီး တစ်ခုကို တိတ်တဆိတ် တည်ထောင်ကာ၊ အခြား အင်အားစု အားလုံးကို ဖြိုလှဲပစ်နိုင်မည့် အရှိန်အဟုန် ရရှိလာမည့် နေ့ရက်ကိုပင်။
ထိုအချိန်ကျလျှင် သူတို့၏ အစစ်အမှန်သိုင်း ကမ္ဘာကြီးသည် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
တွေးကြည့်လိုက်ရုံဖြင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။ မတူညီသော နယ်မြေများတွင် ဝင်စားနေကြသော်လည်း သူတို့အားလုံးသည် ကြီးမားသော ကွန်ရက်ကြီး တစ်ခုဖြင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်းကို မည်သူကမျှ သိရှိနိုင်မည် မဟုတ်ချေ။
တောင်နှင့် ပင်လယ် နယ်မြေ အတွင်း၌လည်း ဤ (၁၀) နှစ်တာ ကာလအတွင်း အစောပိုင်း ဝင်စားခဲ့သူ အချို့သည် "မူလဝိညာဉ် နယ်ပယ်" သို့ စတင် ဝင်ရောက်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။
တာအိုဆရာ ပိုင်ရှန်း ၊ လီယန်ဝူ နှင့် ကောင်းကင်တောင် နှင်းမယ် တို့သည် ထိုအထဲတွင် ပါဝင်ကြ၏။
သူတို့သည် နင်ချီ့ထံသို့ "အဆင့်နိမ့် ဝိညာဉ် ရတနာ" အချို့ကို ပူဇော် ဆက်သခဲ့ကြ၏။
ထိုအထဲတွင် "ဝိညာဉ်ဓား" နှစ်လက် ပါဝင်သဖြင့် နင်ချီ ပိုင်ဆိုင်ထားသော ဝိညာဉ်ဓား အရေအတွက်မှာ (၆) လက် အထိ ရှိလာခဲ့ပြီ ဖြစ်၏။
နောက်ထပ် (၁၀) လက်ကျော်ခန့်သာ ထပ်မံ ရရှိခဲ့လျှင် သူ၏ ပင်မခန္ဓာကိုယ်ကို "စည်းမျဉ်း နယ်ပယ်" သို့ ပို့ဆောင်ပေးနိုင်မည့် "ဓားသိုင်း စည်းမျဉ်း မူလအစ" အား လုံလောက်စွာ စုစည်းနိုင်တော့မည် ဖြစ်သည်။
နင်ချီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများကို ပြန်လည် ဖွင့်လိုက်လေ၏။
"ထန်..."
ဓားသံ တစ်ချက်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။
တစ်ဆက်တည်း၌၊ ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း ၏ အသံသည် လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာတော့သည်။
"ထိပ်ဆုံး (၁၀) ယောက် အစစ်အမှန် အမွေခံများ... ဗဟို ရင်ပြင်ကို အမြန်ဆုံး လာခဲ့ကြ။ 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ပွင့်လာတော့မယ်"
တစ်ခဏချင်းမှာပင် ထိပ်ဆုံး (၁၀) ယောက် နေထိုင်ရာ တောင်ထွတ်များဆီမှ လူရိပ်များသည် ကောင်းကင်သို့ ပျံတက်လာကြပြီး ဗဟို ရင်ပြင်ဆီသို့ ဦးတည်သွားကြ၏။
အထူးသဖြင့် ဓာတ်ကြီးငါးပါး တောင်ထွတ် မှ ထွက်ခွာလာသော လူရိပ် (၃) ခုသည် လူတိုင်း၏ အမြင်အာရုံကို ဖမ်းစားထားနိုင်ပေသည်။
အလယ်တွင် ရှိနေသူမှာ ဆွတ်ဆွတ်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး နှင်းပွင့်များထက်ပင် သန့်စင် တောက်ပနေသော နင်ချီ ဖြစ်၏။ သူ၏ အမူအရာသည် သာမန်လူသားများနှင့် မတူဘဲ ထူးခြား ခန့်ညားလွန်းလှသည်။
သူ့နောက်တွင်တော့ နံပါတ် (၈) အစစ်အမှန် အမွေခံ ချင်မင်ဟောက် နှင့် နံပါတ် (၆) အစစ်အမှန် အမွေခံ ဝမ်ယဲ့ တို့ လိုက်ပါလာကြ၏။
သူတို့နှစ်ဦးသည် နင်ချီ၏ နောက်တွင် ခြေလှမ်း တစ်လှမ်းခန့် ခွာ၍ လိုက်ပါလာကြခြင်း ဖြစ်သည်။ ၎င်းသည် သူတို့၏ နှလုံးသားထဲတွင် နင်ချီ မည်မျှ အရေးပါကြောင်းကို ပြသရန် တမင်တကာ နောက်ဆုတ်၍ လိုက်ပါခြင်း ဖြစ်ပေသည်။
တောင်ထွတ် အသီးသီးမှ တပည့်များသည် ထို (၃) ယောက်ကို မော့ကြည့်ရင်း မျက်လုံးများ အရောင်လက်နေကြ၏။
အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဓာတ်ကြီးငါးပါး တောင်ထွတ်၏ တိုးတက်မှု နှုန်းထားအရ... ဤ (၃) ယောက်၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုတာ မည်သူက ခန့်မှန်းနိုင်ပါမည်နည်း။
ဝမ်းနည်းစရာ ကောင်းသည်မှာ... အခြား တပည့်များသည် ဤခရီးစဉ်တွင် ပါဝင်ခွင့် မရှိကြဘဲ၊ သူတို့ ပြန်လာမှသာ အတွေ့အကြုံများကို ပြန်လည် မေးမြန်း နားထောင်ခွင့် ရရှိကြမည် ဖြစ်သည်။
ဗဟို ရင်ပြင် ...
ထိပ်ဆုံး (၁၀) ယောက် အစစ်အမှန် အမွေခံများသည် တပြိုင်နက်တည်း လိုလို ရောက်ရှိလာကြ၏။
ကျန်းပိုင်ချွမ်းသည် ရှေ့ဆုံးတွင် ရပ်နေပြီး၊ သူ၏ ဘေးတွင် ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် နှင့် အခြား အကြီးအကဲ (၃) ဦး စောင့်ဆိုင်းနေကြ၏။
နင်ချီ တစ်ချက် ဝေ့ကြည့်လိုက်ရာ ထိုအထဲမှ (၂) ဦးကို မှတ်မိလိုက်သည်။
တစ်ဦးမှာ မဟာ အကြီးအကဲ ဇီယန် ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ယဲ့ချင်းထျန်း ဖြစ်သည်။ ကျန်တစ်ဦးမှာမူ ကျန်းချင်းရွှယ် ၏ ဘေးတွင် ရပ်နေသော ကျန်းမိသားစုဝင် မဟာစွမ်းအားရှင် "ကျန်းရူဟိုင်" ဖြစ်ပေသည်။
လူစုံသည်နှင့် ကျန်းပိုင်ချွမ်းက စကားစပြောလိုက်သည်။
"မောင်တို့ မယ်တို့ အားလုံးဟာ ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အကောင်းဆုံးသော အမွေခံတွေ ဖြစ်ကြတယ်။ ဒီခရီးစဉ်မှာ ဂိုဏ်းတော်ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြဖို့၊ ပြီးတော့ လျှို့ဝှက်နယ်မြေထဲကနေ အကောင်းဆုံး ရလဒ်တွေ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်"
"အမိန့်တော်အတိုင်းပါ.."
လူတိုင်း တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြ၏။
ကျန်းပိုင်ချွမ်းသည် ယဲ့ချင်းထျန်း ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။ "ကဲ... ဒီတစ်ခေါက် မင်းတို့ကို ဒီ အကြီးအကဲ (၃) ယောက်က လိုက်ပါ စောင့်ရှောက်ပေးလိမ့်မယ်။ အခုပဲ ထွက်ခွာကြတော့"
ကျန်းမိသားစုဝင် မဟာစွမ်းအားရှင် ကျန်းရူဟိုင် သည် လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင် ရတနာ သင်္ဘော တစ်စင်း ရင်ပြင်ပေါ်တွင် ကြီးထွားလာခဲ့၏။
လူတိုင်း သင်္ဘောပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်ရောက်လိုက်ကြပြီးနောက်၊ သင်္ဘောကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားကာ စိမ်းပြာရောင် ဝိညာဉ် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲလျက် ဓားဂိုဏ်းကြီး အပြင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။
သူတို့ (၁၃) ယောက်စလုံး သင်္ဘောပေါ်တွင် ငြိမ်သက်စွာ ရပ်နေကြ၏။ သင်္ဘောသည် လုံးဝ ယိမ်းထိုးခြင်း မရှိချေ။
သင်္ဘော အပြင်ဘက်တွင် ဝိညာဉ် စွမ်းအင် အကာအကွယ် တစ်ခုက သူတို့ကို လေပြင်းများနှင့် လေစီးကြောင်းများ၏ တိုက်ခတ်မှု ဒဏ်မှ ကာကွယ်ပေးထား၏။
ဤကဲ့သို့သော ရတနာ သင်္ဘောများသည် လူအများအပြားကို တင်ဆောင်ပြီး ခရီးဝေး သွားလာရာတွင် အသုံးပြုလေ့ ရှိသည်။ ဟင်းလင်းပြင် နယ်မိတ်မှတ်များကို မှတ်သားထားနိုင်ပြီး၊ ဝိညာဉ် ကျောက်တုံး လုံလောက်စွာ ထည့်သွင်းပေးထားပါက လိုရာခရီးကို အလိုအလျောက် သွားရောက်နိုင်သဖြင့် အလွန် အဆင်ပြေလှပေသည်။
အစစ်အမှန် အမွေခံ (၁၀) ယောက်သည် အုပ်စုငယ်လေးများ ဖွဲ့ကာ နေရာယူထားကြပြီး၊ အကြီးအကဲ (၃) ယောက်ကတော့ ရှေ့ဆုံးတွင် ရပ်နေကြ၏။
(၁၃) ယောက်စလုံးသည် အချင်းချင်း အကဲခတ် ကြည့်ရှုနေကြ၏။ (၁၀) နှစ်တာ ကွဲကွာနေခဲ့ပြီးနောက် ဂိုဏ်းတူတွေ ဖြစ်ကြသော်လည်း၊ ကျင့်ကြံသူများ ပီပီ..
တစ်ယောက်၏ အခြေအနေကို တစ်ယောက် စူးစမ်းလိုစိတ် ဖြစ်မိကြသည်မှာ သဘာဝပင်။
မကြာမီမှာပင်... လူတိုင်း၏ အကြည့်များသည် ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့အပေါ်သို့ ရောက်ရှိသွားကြတော့သည်။
နင်ချီကဲ့သို့ ရိုးရှင်းအေးဆေးသော အခြေအနေသို့ ပြန်လည် ရောက်ရှိနေသူနှင့် မတူဘဲ၊ သူတို့နှစ်ဦးသည် ကျင့်ကြံခြင်း အဆင့်ကို တမင်တကာ ထုတ်ဖော်မပြသော်လည်း သူတို့ထံမှ ထက်ရှသော အရှိန်အဝါများမှာ သဘာဝ အလျောက် ထွက်ပေါ်နေသောကြောင့် ဖြစ်ပေသည်။
ကျန်ရှိသော အစစ်အမှန် အမွေခံ (၇) ယောက်၏ မျက်လုံးများ တောင့်တင်းသွားကြပြီး၊ အကြီးအကဲ (၃) ယောက်ပင်လျှင် အနည်းငယ် အံ့သြသွားကြရသည်။
ဘုရားရေ... အကန့်အသတ်မဲ့ ဓားဂိုဏ်း လက်အောက်မှာ ရှိနေတာချင်း အတူတူ ဓာတ်ကြီးငါးပါး တောင်ထွတ်က ဘာတွေများ ဒီလောက်ထိ ထူးခြားနေရတာလဲ။
ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော မှော်စွမ်းအင် လှိုင်းဂယက်များနှင့် နက်ရှိုင်းသော ကျင့်ကြံခြင်း အရှိန်အဝါများသည် အဘယ်ကြောင့် ဤမျှ အံ့သြဖွယ် ကောင်းနေရပါသနည်း။
ဒုတိယ အမွေခံ ကျန်းချင်းရွှယ်၊ တတိယ အမွေခံ ယဲ့ချန် ၊နှင့် စတုတ္ထ၊ ပဉ္စမ အမွေခံများသည် ထိုခံစားချက်ကို ပိုမို ပြင်းထန်စွာ ခံစားလိုက်ကြရ၏။
သူတို့ကဲ့သို့ အဆင့်မျိုးတွင် တဖက်လူ၏ စွမ်းအားကို မူလဝိညာဉ် အာရုံ ဖြင့် ခန့်မှန်း၍ ရနိုင်စွမ်း ရှိသည်။ စွမ်းအားချင်း နီးစပ်လေ ပိုမို ရှင်းလင်းစွာ ခံစားမိလေ ဖြစ်သည်။
ကျန်းချင်းရွှယ်၏ လှပသော မျက်ဝန်းလေးများ တုန်ခါသွားပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရှာသည်။
အကယ်၍ သူမတွင် "ပျက်စီးနေသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" သာ မရှိပါက... သူမသည် ထိုနှစ်ယောက်၏ ကျော်တက် ခံလိုက်ရပြီဟု ခံစားနေရပေလိမ့်မည်။
အခန်း (၅၂၇) - မျိုးဗီဇ ပြောင်းလဲခြင်း (အပိုင်း ၃)
~ကျန်းချင်းရွှယ် ၏ အကြည့်သည် နောက်ဆုံးတွင် နင်ချီ့ထံသို့ ရောက်ရှိသွား၏။
သူတို့နှစ်ဦး၏ ပြောင်းလဲမှုများသည် နင်ချီကြောင့် ဖြစ်သည်ကို သူမ ကောင်းကောင်းကြီး သိရှိ နားလည်ထားသည်။
ယဲ့ချန် ၏ စရိုက်သဘာဝမှာမူ လွန်ခဲ့သော (၁၀) နှစ်တာ ကာလအတွင်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ယခင်က နံပါတ်တစ် အစစ်အမှန် အမွေခံ တစ်ယောက်အနေဖြင့် ဂရုမစိုက် ပေါ့ပေါ့ပါးပါး နေတတ်သော အမူအရာမျိုး မရှိတော့ဘဲ၊ ပိုမို တည်ငြိမ် လေးနက်ကာ စကားနည်းသော သူတစ်ယောက် ဖြစ်လာခဲ့သည်။
သူ၏ အကြည့်သည် ချင်မင်ဟောက်ထံသို့ လျင်မြန်စွာ ဖြတ်သန်းသွားပြီး၊ ဝမ်ယဲ့ အပေါ်တွင် တစ်စက္ကန့်ခန့် ရပ်တန့်ကာ၊ နောက်ဆုံးတွင် နင်ချီ့အပေါ်၌ နှစ်စက္ကန့်ခန့် စူးစိုက်ကြည့်ပြီးမှ ပြန်လည် ရုပ်သိမ်းလိုက်၏။
သူ၏ မျက်ဝန်းထဲတွင် မလိုလားအပ်သော အငြိုးအတေး အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသည်ကို သူ့အကြောင်း ကောင်းကောင်းသိသော ဝမ်ယဲ့ ဖမ်းမိလိုက်၏။
ဝမ်ယဲ့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး နင်ချီ့ထံသို့ တိတ်တဆိတ် အသံလွှင့်ကာ သတိပေးလိုက်၏။
"စီနီယာအစ်ကိုနင်... ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေ ခရီးစဉ်ကို ယဲ့မိသားစုက အေးအေးချမ်းချမ်း လွှတ်ပေးမယ် မထင်ဘူးဗျ။ ခုနက ယဲ့ချန်ရဲ့ မျက်လုံးထဲမှာ အငြိုးအတေးတွေ တွေ့လိုက်ရတယ်။ ကျွန်တော် သူ့အကြောင်း နားလည်သလောက် ဆိုရင် သူတို့ တစ်ခုခု ကြံစည်နေတာ သေချာတယ်"
နင်ချီ၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိဘဲ အေးဆေး တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။
"ဝမ်ယဲ့..မင်းက တော်တော်လေး သဘောထားကြီးတာပဲ"
ဝမ်ယဲ့ပင် ခံစားမိသော သေးငယ်သည့် အငြိုးအတေးလောက်ကို သူ ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။
အကန့်အသတ်မဲ့ ဓားဂိုဏ်း လက်အောက်ခံ ယဲ့မိသားစုလောက်ကို ထားလိုက်ပါဦး... အစစ်အမှန်သိုင်း ကမ္ဘာ ၏ နယ်မြေ အရှင်သခင် တစ်ပါး အနေဖြင့် ဝင်စားလာကတည်းက မည်သည့် အန္တရာယ်မျိုးကိုမဆို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
..ယဲ့မိသားစု...
သူတို့ ဘာမှ မလုပ်ရင်တော့ ကောင်းတာပေါ့။ တကယ်လို့များ လှုပ်ရှားလာခဲ့ရင်တော့... အဲဒါက ယဲ့မိသားစုအတွက် ပိုကောင်းတဲ့ အကျိုးရလဒ် (အဆုံးသတ်) ကိုသာ ဖြစ်စေလိမ့်မယ်။..
နင်ချီ၏ ဂရုမစိုက်သော ပုံစံကို မြင်လိုက်ရသဖြင့် ဝမ်ယဲ့ ဆက်ပြောမနေတော့ပေ။ စီနီယာအစ်ကိုနင် အနေဖြင့် အရာအားလုံးကို ထိန်းချုပ်ထားနိုင်မည်ဟု သူ ယုံကြည်လိုက်သည်။
စိမ်းပြာရောင် ရတနာ သင်္ဘောကြီးသည် ကောင်းကင်ယံကို ဖြတ်သန်း မောင်းနှင်နေပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်ကို ကျော်လွန်ကာ၊ လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော ဂိုဏ်းငယ်လေးများကို ဖြတ်ကျော်လာခဲ့သည်။ ခရီးစဉ်သည် အတော်ပင် အေးချမ်း ငြိမ်သက်နေ၏။
တာအိုဆရာ ဇီယန် သည် ဖော်ရွေသော သူတစ်ယောက် ဖြစ်ပြီး၊ ဂိုဏ်းအတွင်းရှိ ကြားနေ အဖွဲ့အစည်းမှ ဖြစ်သည့် အားလျော်စွာ လမ်းခရီးတစ်လျှောက် တွေ့ရှိရသော ထင်ရှားသည့် နေရာများကို အစစ်အမှန် အမွေခံများအား ရှင်းပြပေးနေ၏။
ယခုအချိန်တွင် သင်္ဘောကြီးသည် နယ်မြေတစ်ခု၏ အပေါ်မှ ဖြတ်သန်းနေချိန် ဖြစ်ရာ ဇီယန်က စတင် ရှင်းပြ၏။
"ဒီနေရာကို 'ဂိတ်တံခါးသုံးခု တောကန္တာရ'လို့ ခေါ်တယ်။ နာမည်နဲ့ လိုက်အောင်ပဲ... တစ်ချိန်တုန်းက ဒီနေရာမှာ ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းလို ဂိုဏ်းကြီး (၃) ဂိုဏ်း တည်ထောင်ခဲ့ဖူးတယ်"
"ဒါပေမဲ့ အဲဒီ ဂိုဏ်းတွေ တည်ထောင်ပြီး (၁၀) နှစ်လောက် အတွင်းမှာပဲ အားလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီး ပျက်စီးသွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒီနေ့ထက်ထိ ပဟေဠိ တစ်ခု ဖြစ်နေတုန်းပဲ"
သင်္ဘောပေါ်ရှိ အစစ်အမှန် အမွေခံများ အားလုံး စိတ်ဝင်စားသွားကြပြီး သူတို့၏ အကြည့်များနှင့် မူလဝိညာဉ် အာရုံများကို အောက်ဘက်သို့ ပို့လွှတ်လိုက်ကြ၏။
အောက်ဘက်ရှိ နယ်မြေသည် ကျယ်ပြောလှပြီး တောင်တန်းများ၊ ရေပြင်များနှင့် လွင်ပြင်များ ပေါများစွာ ရှိသော်လည်း၊ ပျက်စီးနေသော အဆောက်အဦး အပျက်အစီးများကိုသာ ဝေဝါးစွာ မြင်တွေ့နေရသည်။
မြေပြင်တစ်ခုလုံးသည် မီးလောင်ထားသကဲ့သို့ ထူးဆန်းသော အမည်းရောင် သန်းနေ၏။
ကျန်းချင်းရွှယ်က မေးလိုက်သည်။
"အကြီးအကဲ ဇီယန်... မဟာစွမ်းအားရှင်တွေ ဘယ်သူမှ လာမစစ်ဆေးကြဘူးလားရှင်"
ဇီယန်က မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း ပြုံးလိုက်သည်။
"ဒါပေါ့... လာစစ်ဆေးတဲ့သူတွေ မနည်းပါဘူး။ ဒါပေမဲ့ စစ်ဆေးတဲ့သူတိုင်း ပြောကြတာကတော့ 'မြေကမ္ဘာ မိစ္ဆာ မီးတောက်'ကြောင့်လို့ပဲ ပြောကြတယ်။ အဲဒါက လွဲရင် ဘာမှ ထူးထူးခြားခြား မရှိပါဘူး..."
ဇီယန်က "ဂိတ်တံခါးသုံးခု တောကန္တာရ" အကြောင်း ရှင်းပြနေပြီး လူတိုင်း၏ အာရုံကို အောက်ဘက်သို့ ဆွဲဆောင်ထားချိန်တွင်...
ရုတ်တရက်... အခြေအနေ ပြောင်းလဲသွားတော့သည်။
"ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" နောက်ဆုံးအဆင့် ကျွမ်းကျင်သူ (၆) ဦးသည် ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ရတနာ သင်္ဘောကြီး၏ ဘေးတစ်ဖက်စီတွင် (၃) ဦးစီ ပေါ်ထွက်လာကာ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
"ဝုန်း..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံ၌ အမြောက်ဆန်များ ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး၊ စိမ်းပြာရောင် ရတနာ သင်္ဘောကြီးသည် ချက်ချင်းပင် နှစ်ပိုင်းကျိုးကာ ပျက်စီးသွား၏။ လူတိုင်းသည် သင်္ဘောပေါ်မှ လွင့်စဉ်သွားကြပြီး လေထဲတွင် လွင့်မျောနေကြရသည်။
"မိုက်ရိုင်းလိုက်တာ... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို တိုက်ခိုက်ရဲတယ်ပေါ့"
ဇီယန် အပါအဝင် အကြီးအကဲ (၃) ဦး ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
ထို ရှုပ်ထွေးနေသော အခြေအနေကြားတွင်... ယဲ့ချင်းထျန်း သည် "စည်းမျဉ်း စွမ်းအား"ကို အလျင်အမြန် အသုံးပြုလိုက်ပြီး၊ သူ့အနီးရှိ ယဲ့ချန်၊ နင်ချီ နှင့် ချင်မင်ဟောက် တို့ (၃) ဦးကို လွှမ်းခြုံ ဖမ်းယူလိုက်၏။
"လူခွဲပြီး ထွက်ပြေးကြ..."
သူ အော်ဟစ်လိုက်ပြီး အသံမဆုံးခင်မှာပင် သူ၏ ပုံရိပ်သည် တစ်ဖက်သို့ လျင်မြန်စွာ ထွက်ပြေးသွား၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဝိုင်းရံ တိုက်ခိုက်နေသော ကျွမ်းကျင်သူ (၆) ဦးအနက် (၂) ဦးသည် မြန်ဆန်စွာ လူခွဲလိုက်ပြီး ယဲ့ချင်းထျန်း၏ နောက်သို့ လိုက်ပါသွားကြ၏။
ဇီယန် ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ မျက်နှာ အကြီးအကျယ် ပျက်သွား၏။
ယဲ့ချင်းထျန်း က ဘာကိစ္စနဲ့ နင်ချီ နဲ့ ချင်မင်ဟောက် ကိုပါ ခေါ်သွားရတာလဲ...
သူက ယဲ့မိသားစု၏ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး နင်ချီနှင့် ပဋိပက္ခ ရှိဖူးသူ ဖြစ်သည်။ ရှုပ်ထွေးနေ ၍ မှားခေါ်သွားသည် ဆိုတာ မဖြစ်နိုင်ပေ။
ဇီယန်၏ နှလုံးသားသည် လေးလံစွာ ဖိစီးသွားပြီး၊ ဤ ရန်သူ့ တိုက်ခိုက်မှုသည် ရိုးရှင်းသော တိုက်ခိုက်မှု မဟုတ်မှန်း ရိပ်မိလိုက်၏။
သူ ယဲ့ချင်းထျန်းကို တားဆီးချင်သော်လည်း၊ ကျန်ရှိနေသော ရန်သူ (၄) ဦးသည် သူနှင့် ကျန်းရူဟိုင် တို့ထံသို့ ဝင်ရောက် တိုက်ခိုက်လာကြပြီ ဖြစ်သည်။
ထို့အပြင် သူတို့၏ နောက်တွင် ကျန်ရှိနေသော အစစ်အမှန် အမွေခံ (၆) ဦးကိုလည်း ကာကွယ်ရဦးမည် ဖြစ်သဖြင့်၊ တိုက်ခိုက်ရင်း ဆုတ်ခွာရင်းသာ ပြုလုပ်နေရတော့သည်။
သရဲအိုကြီး ယဲ့ချင်းထျန်းက နင်ချီနှင့် ချင်မင်ဟောက်ကို ဖမ်းခေါ်သွားသည်ကို မြင်လိုက်ရသဖြင့် ဝမ်ယဲ့သည် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး နင်ချီ၏ ဘေးကင်းရေးအတွက် အလိုအလျောက် စိုးရိမ်သွားမိသည်။
သို့သော် ချက်ချင်းပင် သူ သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်ကို ပြန်လည် လျှော့ချလိုက်သည်။ သင်္ဘောပေါ်တွင် ရှိစဉ်က နင်ချီ၏ တည်ငြိမ်သော အမူအရာကို ပြန်လည် သတိရလိုက်သောကြောင့် ဖြစ်သည်။
"ဒါ့အပြင်... စီနီယာအစ်ကိုနင်က သရဲအိုကြီး ယဲ့ရဲ့ ဖမ်းခေါ်သွားတာ ခံရတုန်းက သူ့မျက်နှာပေါ်မှာ ကြောက်ရွံ့တဲ့ အရိပ်အယောင် တစ်ချက်မှ မတွေ့ရဘူး။ ဖြစ်နိုင်တာက... စီနီယာအစ်ကိုနင်က ဒါကို ကြိုတင် ပြင်ဆင်ထားပြီးသားများလား"
ဝမ်ယဲ့၏ နှလုံးခုန်သံ မြန်သွားသည်။ နင်ချီ့ နောက်လိုက်အဖြစ် (၁၀) နှစ်တာ နေခဲ့ပြီးနောက်၊ သူသည် နင်ချီ့အပေါ် မျက်ကန်း ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
အရင်ဆုံး... လက်ရှိ အခြေအနေကို အာရုံစိုက်ရမယ်။
ကျန်ရှိနေသော "မဟာစွမ်းအားရှင်" (၄) ဦးက သူတို့ထံသို့ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။
အခန်း (၅၂၈) - ဖိနှိပ် ချေမှုန်းခြင်း
~"ဂိတ်တံခါးသုံးခု တောကန္တာရ" အထက် ကောင်းကင်ယံတွင်...
ဝိညာဉ် စွမ်းအင်များ တရကြမ်း လှုပ်ရှားနေပြီး၊ တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကြောင့် ကောင်းကင်နှင့် မြေကြီးပါ တုန်ခါနေ၏။
တာအိုဆရာ ဇီယန် နှင့် ကျန်းမိသားစုဝင် မဟာစွမ်းအားရှင် ကျန်းရူဟိုင်တို့သည် ကျောချင်းကပ် ရပ်နေကြပြီး၊ သူတို့၏ နောက်တွင် ကျန်ရစ်သော အစစ်အမှန် အမွေခံ (၇) ဦးကို ကာကွယ်ပေးထားကြ၏။
သူတို့၏ ဆန့်ကျင်ဘက်တွင်မူ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" နောက်ဆုံးအဆင့် ကျွမ်းကျင်သူ (၄) ဦးသည် နေရာခွဲ၍ ရပ်နေကြပြီး လူတိုင်းကို ဝိုင်းရံ ပိတ်ဆို့ထားကြသည်။
ဇီယန်သည် သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ စည်းမျဉ်း စွမ်းအားများ ပါဝင်နေသော ခရမ်းရောင် ဓားချီ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အားလုံးကို လှည်းကျင်း တိုက်ခိုက်လိုက်သည်။ ဟင်းလင်းပြင်ကြီး တစ်ခုလုံးပင် ပြိုကျမတတ် ဖြစ်သွားရ၏။
သို့သော် ဆန့်ကျင်ဘက်မှ ကျွမ်းကျင်သူ နှစ်ဦးသည် လက်တစ်ဖက်စီ ဆန့်ထုတ်လိုက်ကြရာ၊ သူတို့၏ လက်ဖဝါးများမှ မှော်စွမ်းအင်များနှင့် တာအို သဘောတရားများ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာပြီး တုန်ခါနေသော ဟင်းလင်းပြင်ကို ချက်ချင်း ငြိမ်သက်သွားစေ၏။
ဇီယန်၏ ခရမ်းရောင် ဓားချီသည် သူတို့ရှေ့တွင် အစွမ်းမဲ့သွားပြီး ပျောက်ကွယ်သွားရ၏။
အခြားတစ်ဖက်တွင် ကျန်းရူဟိုင်သည် ရှေးဟောင်း ရေခဲဓား တစ်လက်ကို ကိုင်ဆောင်လျက် ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
ဓားထိပ်ဖျားမှ အလင်းရောင်များ ပွင့်ဖူးလာပြီး အပြာရောင် ရေခဲ ဆူးချွန်များ ချက်ချင်း ပေါ်ထွက်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုရေခဲ ဆူးချွန်များသည် အလိုအလျောက် ကြီးထွားလာကာ သစ်ပင်ကြီး တစ်ပင်သဖွယ် ကွန်ရက် ဖြန့်ကျက်သွားပြီး ရန်သူ့ထံသို့ တိုးဝင် ထိုးစိုက်လိုက်၏။
ထိုရန်သူသည် လက်ကို မြှောက်လိုက်ပြီး "မီးတံဆိပ်တုံး"တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင် တစ်ဝက်ကို ဖုံးလွှမ်းသွားစေသော တာအို မီးတောက်များ လောင်ကျွမ်းလာပြီး၊ တိုးဝင်လာသော ရေခဲသစ်ပင်ကြီးကို ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားစေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ဇီယန်၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားတော့သည်။
ရန်သူများသည် သူတို့အားလုံးကို သတ်ဖြတ်ရန် ဆက်တိုက် တိုက်ခိုက်ခြင်း မပြုကြချေ။ ထို့အပြင် ထို (၄) ဦး ရပ်နေသော အနေအထားကို ကြည့်ခြင်းအားဖြင့် သူတို့သည် "အခင်းအကျင်း" တစ်ခုခုကို ဖွဲ့စည်းထားပြီး၊ လူတိုင်းကို ဤနေရာတွင် ပိတ်မိနေစေရန် ရည်ရွယ်ထားပုံ ရသည်။
ဇီယန်၏ စိတ်ထဲတွင် သံသယများ ပိုမို ကြီးထွားလာသည်။ ရန်သူများ ပေါ်လာသော နေရာနှင့် အချိန်ကိုက်မှုသည် အလွန်အမင်း တိကျလွန်းလှသည်။ ရုတ်တရက် ဆုံးဖြတ်ပြီး လုပ်ဆောင်သော တိုက်ခိုက်မှုမျိုး လုံးဝ မဟုတ်ပေ။
ပို၍ သံသယ ဖြစ်စရာ ကောင်းသည်မှာ... သူတို့၏ ခရီးစဉ် အချိန်ကို မည်သူကမျှ ကြိုတင် မသိနိုင်အောင် ကျပန်း ရွေးချယ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဤလူများ ရုတ်တရက် ပေါ်လာရခြင်း အကြောင်းရင်းမှာ ရှင်းလင်းနေပေသည်။ သူတို့ကြားထဲတွင် "သစ္စာဖောက်" တစ်ယောက် ရှိနေ၍သာ ဖြစ်ရမည်
ဒီနေ့ ဖြစ်ပျက်သမျှ အရာအားလုံးသည် ကြိုတင် စီစဉ်ထားသော ဇာတ်ကွက်ကြီး တစ်ခု ဖြစ်ပြီး၊ အရာရာကို တိတ်တဆိတ် စီမံထားခြင်း ဖြစ်သည်။
သင်္ဘောပေါ်တွင် ပါလာသော သစ္စာဖောက်သည် သူလျှိုအဖြစ် လုပ်ဆောင်ပြီး သူတို့၏ တည်နေရာကို ပြင်ပသို့ အဆက်မပြတ် ပေးပို့နေခဲ့သောကြောင့် ဤလူများ အချိန်ကိုက် ရောက်ရှိလာပြီး တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင်... ယဲ့ချင်းထျန်း က "စည်းမျဉ်း စွမ်းအား" ကို အသုံးပြုပြီး ယဲ့ချန်၊ နင်ချီ နှင့် ချင်မင်ဟောက် တို့ကို သီးသန့် ခေါ်ထုတ်သွားခြင်းက သူတို့၏ ရည်ရွယ်ချက်ကို ပိုမို ထင်ရှားစေသည် မဟုတ်ပါလော။
သူတို့၏ ပစ်မှတ်သည် နင်ချီကို သတ်ဖြတ်ရန် ဖြစ်ပြီး၊ သစ္စာဖောက်က ဘယ်သူလဲ ဆိုတာ ပြောနေစရာပင် မလိုတော့ချေ။
...
မဟာ အကြီးအကဲ ယဲ့ချင်းထျန်း၏ ပုံရိပ်သည် ခရမ်းရောင် မိုးကြိုးသွား တစ်ချောင်းအလား ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ မိုးခြိမ်းသံများ တဝုန်းဝုန်းဖြင့် အံ့မခန်း အမြန်နှုန်းကို ပြသနေ၏။
သူ့နောက်တွင် ကျွမ်းကျင်သူ နှစ်ဦးက ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
"စိတ်ချကြစမ်းပါ... ငါ မင်းတို့ရဲ့ လုံခြုံရေးကို သေချာပေါက် တာဝန်ယူပေးမယ်"
ယဲ့ချင်းထျန်းသည် သူ ခေါ်ဆောင်လာသော (၃) ယောက်ကို ပြောရန် မမေ့ခဲ့ပေ။ သူ၏ လေသံမှာ သံမဏိကဲ့သို့ ခိုင်မာနေပြီး သေမင်းကိုပင် မမှုသကဲ့သို့ ရှိလေ၏။
ချင်မင်ဟောက်သည် ရုန်းထွက်ရန် အဆက်မပြတ် ကြိုးစားနေသော်လည်း သူသည် "မူလဝိညာဉ် နယ်ပယ်" အဆင့်သာ ရှိသေးပြီး၊ တဖက်လူမှာ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" အဆင့်ရှိ အကြီးအကဲ ဖြစ်နေသည့်အပြင် "စည်းမျဉ်း စွမ်းအား" ဖြင့် ချုပ်နှောင်ထားသဖြင့် သာမန် လူသားတစ်ယောက် ကြိုးတုပ်ခံထားရသလိုပင် မလှုပ်ရှားနိုင် ဖြစ်နေရရှာသည်။
နင်ချီကမူ အေးဆေး တည်ငြိမ်နေပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို ဂရုမစိုက်သကဲ့သို့ ရှိနေ၏။
သို့သော် သူ အလုပ်မလုပ်ဘဲ နေနေခြင်းတော့ မဟုတ်ပေ။ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" ကျွမ်းကျင်သူ အစစ်အမှန် တစ်ဦးက စွမ်းအား ထုတ်သုံးနေသည်ကို မြင်ရပါလျက်နှင့် နင်ချီ အနေဖြင့် ဉာဏ်အလင်း ရယူမည့် အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံပါမည်နည်း။
သူသည် ယဲ့ချင်းထျန်း၏ "စည်းမျဉ်း စွမ်းအား" ကို အာရုံခံရန် သူ၏ မူလဝိညာဉ်ကို ချက်ချင်း အသုံးပြုလိုက်ပြီး၊ ထိုအထဲမှ "မိုးကြိုး စည်းမျဉ်း" ၏ အစီအစဉ်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာ လေ့လာလိုက်သည်။
"ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" ကျွမ်းကျင်သူ အစစ်အမှန် တစ်ဦးသည် မူလဝိညာဉ်နှင့် ကောင်းကင်မြေကြီး တစ်သားတည်း ဖြစ်နေပြီး၊ "နတ်ဘုရား နည်းစနစ်" များမှတစ်ဆင့် စည်းမျဉ်းများကို နားလည် သဘောပေါက်ထားကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သက်တမ်းသည် နှစ်ပေါင်း တစ်သောင်းအထိ ရှည်ကြာ၏။
သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားမှ စည်းမျဉ်းများကို နားလည်ပြီး၊ မိမိတို့၏ မူလဝိညာဉ် စွမ်းအားဖြင့် အသင့်လျော်ဆုံးသော စည်းမျဉ်း စွမ်းအားကို ဖွဲ့စည်း တည်ဆောက်ကြ၏။
မကြာမီမှာပင်... နင်ချီသည် ယဲ့ချင်းထျန်း၏ စည်းမျဉ်း စွမ်းအား (၇၀) မှ (၈၀) ရာခိုင်နှုန်း ခန့်ကို နားလည် သဘောပေါက်သွားခဲ့၏။
မတတ်နိုင်ဘူးလေ...။ ယဲ့ချင်းထျန်း ကိုယ်တိုင်က သူ့ရဲ့ စည်းမျဉ်း စွမ်းအားနှင့် နင်ချီတို့ကို လွှမ်းခြုံထားသည်ကိုး။ ဒါက ယုတ္တိဗေဒတွေနှင့် တိုင်းတာ၍ မရနိုင်လောက်အောင် ထက်မြက်သော အာရုံခံစားမှု ပိုင်ဆိုင်ထားသည့် နင်ချီ့ရှေ့မှာ ကိုယ့်လျှို့ဝှက်ချက် အကုန်လုံးကို ဖွင့်ပြလိုက်သလို ဖြစ်နေသည်ပေါ့။
ရုတ်တရက်... ယဲ့ချင်းထျန်းသည် သူ၏ မူလဝိညာဉ် စွမ်းအားကို လောင်ကျွမ်းပစ်လိုက်သကဲ့သို့ အရှိန်အဟုန် မြှင့်တင်လိုက်ပြီး၊ နောက်မှ လိုက်လာသော ကျွမ်းကျင်သူ နှစ်ဦးနှင့် အကွာအဝေးကို လျင်မြန်စွာ ချဲ့ထွင်လိုက်၏။
မကြာမီ သူသည် ထိုနှစ်ယောက်ကို မျက်ခြေပြတ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး၊ ကျောက်တုံး ကျောက်ဆောင်များ ထူထပ်သော နေရာတစ်ခုသို့ အရှိန်ဖြင့် ထိုးဆင်းကာ ဆင်းသက်လိုက်၏။
(၄) ယောက်သား မြေပြင်ပေါ်သို့ ရောက်သည်နှင့် ယဲ့ချင်းထျန်းသည် နင်ချီတို့ကို ချုပ်နှောင်ထားသော စည်းမျဉ်း စွမ်းအားကို ရုပ်သိမ်းပေးလိုက်၏။
ချင်မင်ဟောက်သည် ချက်ချင်းပင် နင်ချီ၏ ဘေးနားသို့ ရောက်ရှိလာပြီး၊ ယဲ့ချန်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
ယဲ့ချင်းထျန်းသည် နောက်ပြန်လှည့်ကာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ယဲ့ချန်သည် ယဲ့ချင်းထျန်း၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ပုံစံများမှာ အတော်ပင် စိတ်လက်ပေါ့ပါးသွားပုံ ရသည်။
"ဘာလို့ ဆက်မပြေးတော့တာလဲ"
နင်ချီက အပြုံး တစ်ခုနှင့်အတူ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
သူ့စကားကို ကြားသောအခါ ယဲ့ချင်းထျန်းနှင့် ယဲ့ချန်တို့ တဖန်ပြန်ကြည့်ကြပြီး ရုတ်တရက် ဟားတိုက် ရယ်မောလိုက်ကြတော့သည်။
သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်း မရှိတော့သော အငြိုးအတေးများကို ချင်မင်ဟောက် ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
"ငါ ဒီနေ့ကို စောင့်နေတာ ကြာလှပြီကွ"
ယဲ့ချန်သည် အသံမာမာဖြင့် ပြောလိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် ရက်စက် ကြမ်းကြုတ်သော အမူအရာများ ပေါ်ပေါက်လာတော့သည်။
ယဲ့ချင်းထျန်း၏ မျက်လုံးများသည် နင်ချီနှင့် ချင်မင်ဟောက် တို့အပေါ်သို့ ဖြတ်သန်းသွားပြီး၊ နောက်ဆုံးတွင် နင်ချီ့ထံ၌ ရပ်တန့်သွားသည်။
"အင်မော်တယ် မျိုးစိတ်... ဒီနေရာက လူသူကင်းမဲ့ပြီး လျှို့ဝှက်တဲ့ နေရာ တစ်ခုပဲ။ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမယ်လို့ မင်း ထင်လဲ"
နင်ချီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"သေချာပေါက် စိတ်ဝင်စားစရာ ကောင်းတာတွေ ဖြစ်လာမှာပေါ့"
"ဟွန်း... အရာရာကို ရင်ဆိုင်နေရတာတောင် ဒီလောက် တည်ငြိမ်နေနိုင်သေးတယ် ဆိုတော့... မင်းရဲ့ ဟန်ပန်အမူအရာက ငါ့တူ ယဲ့ချန်ထက် ပိုပြီး တည်ငြိမ် ရင့်ကျက်တယ် ဆိုတာ ငါ ဝန်ခံပါတယ်"
ယဲ့ချင်းထျန်းသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ယခုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နယ်မြေအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သလို၊ အခြား လူများနှင့်လည်း ကွဲကွာသွားပြီ ဖြစ်သည်။ ဂိုဏ်း၏ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" အကြီးအကဲ တစ်ဦး အနေဖြင့် သူသည် ဤနေရာတွင် ရှိသော သူများ၏ အသက်နှင့် သေခြင်းကို ဆုံးဖြတ်ပေးနိုင်သူ ဖြစ်လာခဲ့ပြီ။
သူသည် နင်ချီနှင့် ချင်မင်ဟောက် တို့ကို ပုရွက်ဆိတ်လေးများသဖွယ် သဘောထားပြီး အထက်စီးမှ ငုံ့ကြည့်နေ၏။
ယဲ့ချန်သည်လည်း သူ့ဘေးတွင် ရပ်နေပြီး ထောင်ချောက်မိနေသော သားကောင်များကို ကြည့်သကဲ့သို့ ကြည့်နေသည်။
နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ဘဲ ဖွင့်ပြောလိုက်တော့သည်။
"နင်ချီ... အို... နင်ချီ...။ ငါ ဒီ (၁၀) နှစ်လုံးလုံး ဘယ်လို သည်းခံခဲ့ရလဲ ဆိုတာ မင်း သိလား။ နေ့တိုင်း နေ့တိုင်း မင်းကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်ချင်တဲ့ စိတ်တွေနဲ့ ငါ နေခဲ့ရတာ"
"ဒါပေမဲ့ အခုတော့... မင်းကို ချက်ချင်း သတ်လိုက်ရင် မင်းအတွက် သက်သာလွန်းရာ ကျနေမလားလို့ တွေးမိတယ်"
"ဒီလိုလုပ်ကွာ... မင်း အရင်ဆုံး ဒူးထောက်လိုက်။ ပြီးရင် ငါ့ဆီက ယူသွားတဲ့ 'ခရမ်းရောင်နဲ့ အပြာရောင် ဝိညာဉ်ဓား' တွေကို ပြန်ပေး။ ပြီးတော့ မင်းရဲ့ 'ဝိညာဉ် ရတနာ' ကိုပါ လက်နှစ်ဖက်နဲ့ ဆက်သလိုက်။ ဒါဆိုရင် အကြီးအကဲ ချင်းထျန်းကို မင်းအပေါ် သိပ်ပြီး မကြမ်းတမ်းဖို့ ငါ မေတ္တာရပ်ခံပေးမယ်လေ... ဘယ်လိုလဲ”