အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း (၅၂၉) - ဖိနှိပ် ချေမှုန်းခြင်း (အပိုင်း ၂)
~ယဲ့ချန် သည် စကားများကို ရှည်လျားစွာ ပြောဆိုနေသော်လည်း၊ ဆန့်ကျင်ဘက်တွင် ရှိနေသော နင်ချီကမူ သူ့ကို တစ်ချက်ကလေးမျှပင် လှမ်းမကြည့်ဘဲ စကား တစ်ခွန်းသာ တုံ့ပြန် ပြောဆိုလိုက်၏။
"မင်းဟောက်... ငါ့နားနားမှာ ယင်ကောင် တစ်ကောင်က ဘာလို့ အမြဲတမ်း တဝီဝီ မြည်နေရတာလဲကွ"
ယဲ့ချန် ဒေါသထွက်သွား၏။
"မင်း..."
သို့သော် နင်ချီနှင့် ရင်ဆိုင်ရသည့်အခါ အကြိမ်ကြိမ် ရှုံးနိမ့်ကာ အရှက်ကွဲခဲ့ဖူးသည့် အသိစိတ်ကတားဆီးထားသဖြင့် လက်တုံ့ပြန်ရန် ဝန်လေးနေမိ၏။ ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့်သာ ပြောနိုင်တော့သည်။
"စောင့်ကြည့်နေလိုက်စမ်း"
စကားသံဆုံးသည်နှင့် တပြိုင်နက် အလင်းတန်းနှစ်ခုသည် နေရာသို့ ချက်ချင်း သက်ဆင်းလာခဲ့ရာ မြေပြင်ပေါ်တွင် ဖုန်မှုန့်များ ထောင်းခနဲ ထသွားစေ၏။
ထိုသူများမှာ ယခင်က လိုက်လာခဲ့ကြသော မဟာစွမ်းအားရှင် နှစ်ဦး ဖြစ်ပေသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ ထို မဟာစွမ်းအားရှင် နှစ်ဦးသည် လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ကြ၏။ သို့သော် အံ့သြစရာကောင်းသည်မှာ သူတို့သည် ယခင်ကကဲ့သို့ ချက်ချင်း ဝင်ရောက် တိုက်ခိုက်ခြင်း မပြုကြချေ။
ထိုအစား သူတို့သည် လူများကို ဝိုင်းရံထားလိုက်ပြီး ယဲ့ချင်းထျန်း နှင့် ပူးပေါင်းကာ ပိတ်ဆို့ထားလိုက်ကြ၏။ တချိန်တည်းမှာပင် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။
"ဟားဟား၊ ယဲ့ချင်းထျန်း... ခင်ဗျား ရွေးထားတဲ့ နေရာကလည်း လူသူဝေးလွန်းလှချည်လားဗျ"
"ရည်မှန်းချက် အောင်မြင်ဖို့သာ အဓိကပဲ... ဘယ်နေရာဖြစ်ဖြစ် အတူတူပါပဲ"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်မင်ဟောက်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွား၏။
အဖြေက ရှင်းလင်းနေပြီ ဖြစ်သည်။ တိုက်ခိုက်လာသူများသည် ယဲ့ချင်းထျန်းနှင့် သိကျွမ်းသူများ ဖြစ်ကြပြီး၊ သူတို့အားလုံး၏ ပစ်မှတ်မှာ နင်ချီ ဖြစ်ပေသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
ချင်မင်ဟောက် အေးစက်စွာ အော်ဟစ် မေးမြန်းလိုက်သည်။
သူ၏ ခေါင်းထဲတွင် အတွေးများ တရစပ် ခုတ်မောင်းနေ၏။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ နင်ချီကို ကာကွယ်ရန်နှင့် ဤလူများ၏ အမည်နာမကို စုံစမ်းရန် ဖြစ်သည်။
ချင်မင်ဟောက်၏ မေးခွန်းကို တုံ့ပြန်သောအားဖြင့် ထိုနှစ်ဦးက အေးစက်စွာ လှောင်ပြောင် ရယ်မောလိုက်ကြ၏။
"ဘာလဲ... ခင်ဗျားတို့လို မဟာစွမ်းအားရှင် နှစ်ယောက်က ကျွန်တော်တို့လို မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူလေးတွေကို ကြောက်လွန်းလို့ ကိုယ့်ဇာစ်မြစ်ကိုတောင် ထုတ်မပြောရဲကြတာလား"
နောက်ဆုံးတွင် တစ်ယောက်က ဖွင့်ပြောလာသည်။
"ဟေ့ကောင်လေး... မင်းက ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မယ့် ကောင်ပဲ... ဘာလို့ စကားတွေ အများကြီး ပြောနေမှာလဲ"
ထိုနှစ်ယောက်က အလွန် သတိကြီးစွာ ထားနေသည်ကို မြင်လိုက်ရသဖြင့် ချင်မင်ဟောက်သည် ယဲ့ချင်းထျန်းနှင့် အခြားသူများကိုသာ ကြည့်ပြီး ပြောလိုက်ရတော့သည်။
"ခင်ဗျားတို့ ယဲ့မိသားစုက စီနီယာအစ်ကိုနင်ကို ဒီလို လုပ်ရက်တယ်ပေါ့... ဓားဂိုဏ်းက လက်တုံ့ပြန်လာမှာ မကြောက်ဘူးလား"
"လက်တုံ့ပြန်မယ် ဟုတ်လား"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် မထီမဲ့မြင် ပြုံးလိုက်သည်။
"လူတွေဆိုတာ လက်တွေ့ကျပါတယ်ကွာ...။ သေသွားတဲ့ လူတစ်ယောက်အတွက်နဲ့ ဘယ်သူက ငါတို့ ယဲ့မိသားစုကို ရန်စရဲမှာလဲ။ ငါတို့ ယဲ့မိသားစု အာဏာပြန်ရလာတဲ့ အချိန်ကျရင် ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်"
"ခင်ဗျားတို့..."
"ချင်မင်ဟောက်... မင်းသာ အခု ငါတို့ဘက်က ရပ်တည်ပြီး ခဏနေကျရင် နင်ချီကို ဝိုင်းတိုက်မယ် ဆိုရင်လေ... မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်တယ်နော်"
ချင်မင်ဟောက် ဒေါသကြောင့် ရယ်မောချင်စိတ်ပင် ပေါက်သွားမိသည်။ ဒီနေ့ သေရမယ် ဆိုလျှင်တောင် သူ လုံးဝ.. သစ္စာဖောက်မည် မဟုတ်ပေ။
"ယဲ့ချန်... မင်းက စီနီယာအစ်ကိုနင်ရဲ့ လက်ချက်နဲ့ ရှုံးတာများလွန်းလို့ ဦးနှောက် ပျက်သွားပြီလား... ငါ မင်းစကားကို ယုံမယ် ထင်နေလား"
ထိုစကားကို ကြားသောအခါ ယဲ့ချန် အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ငါ အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့နော်"
သူသည် ယဲ့ချင်းထျန်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အကြီးအကဲ... နင်ချီကို ချက်ချင်း အသေမသတ်လိုက်ပါနဲ့ဦး။ သူ့ကို အသက်ငွေ့ငွေ့လေး ချန်ထားပေးပါ။ ကျွန်တော် သူ့ကို သေသေချာချာလေး ဧည့်ခံ ပြုစုပေးချင်သေးလို့ပါ"
"စိတ်ချပါ"
ယဲ့ချင်းထျန်းက ပြန်လည် ဖြေကြားလိုက်ပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ အခြား အမည်မသိ မဟာစွမ်းအားရှင် နှစ်ဦးကမူ နေရာတွင်သာ ရပ်နေပြီး ပွဲကြည့်ရန် ပြင်လိုက်ကြ၏။
ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ချင်မင်ဟောက်သည် နင်ချီ့ထံသို့ အလျင်အမြန် အသံလွှင့်ကာ ပြောလိုက်၏။
"စီနီယာအစ်ကိုနင်... အရင်သွားနှင့်ပါ၊ ကျွန်တော် အသက်နဲ့ရင်းပြီး သူတို့ကို အချိန်အနည်းငယ်လောက် ရအောင် တားထားပေးပါ့မယ်"
သူ၏ စကားလုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပါဝင်နေပေသည်။
နင်ချီသည် ချင်မင်ဟောက်၏ ပခုံးကို ပုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂျူနီယာညီလေး ချင်... ဘေးကို ဖယ်နေလိုက်စမ်းပါ"
"စီနီယာအစ်ကိုနင်..."
ချင်မင်ဟောက်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။
နင်ချီ စွမ်းအားကြီးကြောင်း သူ သိပါသည်။ ထို့ထက်ပို၍ နင်ချီသည် နယ်မြေ အရှင်သခင် တစ်ပါး ဖြစ်ကြောင်း၊ (၁၂) ဂိုဏ်းမှ သန်းနှင့်ချီသော ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းပစ်ခဲ့ဖူးကြောင်း သူ သိထားသည်။
သို့သော် ယခုအခြေအနေက မတူတော့ပေ။ သူတို့ ရှိနေသည်မှာ စီနီယာအစ်ကိုနင်၏ "အစစ်အမှန်သိုင်း ကမ္ဘာ" ထဲတွင် မဟုတ်ဘဲ၊ "ပေ့ရွှမ် နယ်မြေ" ထဲတွင် ဖြစ်နေသည်။ ထို့အပြင် ရင်ဆိုင်နေရသည်မှာ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" နောက်ဆုံးအဆင့် မဟာစွမ်းအားရှင် (၃) ဦး ဖြစ်နေသည် မဟုတ်ပါလော။
နင်ချီသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ယဲ့ချန်ကို နောက်ဆုံးတွင် လှမ်းကြည့်လိုက်၏။
ယဲ့ချန်သည် နောက်ဆုံးတွင် အကြည့်ခံလိုက်ရပြီဟု ခံစားလိုက်ရသော်လည်း၊ ထိုအကြည့်သည် အလွန် အေးစက်လွန်းလှပြီး ပိုးမွှားကောင်လေး တစ်ကောင်ကို ကြည့်သကဲ့သို့သာ ဖြစ်နေပေသည်။
ယဲ့ချန်၏ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောပြွမ်းနေပြီး၊ နင်ချီ ဘယ်က ယုံကြည်မှုတွေ ရနေမှန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။
မဟာစွမ်းအားရှင် (၃) ယောက် ရှေ့မှာ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ တစ်ယောက် မဆိုထားနှင့်၊ နောက်ထပ် မဟာစွမ်းအားရှင် တစ်ယောက် ရောက်လာရင်တောင် သေချာပေါက် သေလမ်းပဲ ရှိတော့သည် မဟုတ်ပါလော။
"ငါ့ကို ဒီလို အခွင့်အရေးမျိုး ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ရဦးမယ်"
"အခွင့်အရေး ဟုတ်လား... ဘာကို ဆိုလိုတာလဲ"
ခဏတာမျှ လူတိုင်း နင်ချီ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။
နင်ချီက ဆက်ပြောလိုက်သည်။
"မဟာစွမ်းအားရှင် သုံးယောက်ရဲ့ 'စည်းမျဉ်း အမှတ်အသား'တွေလေ... အဲဒါက အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ် ရတနာ သုံးခုနဲ့ ညီမျှတာပေါ့"
လူအုပ်ကြီး နားမလည်နိုင်ကြသေးပေ။
"ဒီကောင်လေး ရူးသွားပြီလား"
"ဒါမှမဟုတ်... သူက မူလကတည်းက အရူးမို့လို့ အခုလို အောင်မြင်မှုတွေ ရခဲ့တာများလား"
သို့သော်... နောက်တစ်စက္ကန့်တွင် လူတိုင်း အံ့သြမှင်သက် သွားကြရလေတော့သည်။
နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာတွင် ရှိနေသော သူ၏ ပင်မခန္ဓာကိုယ်ကို အသိစိတ်ဖြင့် လှမ်း၍ ဆင့်ခေါ်လိုက်၏။
ချက်ချင်းပင် အစစ်အမှန်သိုင်း ကမ္ဘာဘက်ဆီမှ တုံ့ပြန်မှုတစ်ခု ပဲ့တင်ထပ်လာပြီး၊ မျက်မြင်မရသော ကြီးမားသည့် စွမ်းအားတစ်ခု သူ့အပေါ်သို့ သက်ဆင်းလာတော့သည်။
သူ့ထံမှ မည်သည့် ဝိညာဉ် စွမ်းအင် လှိုင်းဂယက်မျှ ထွက်ပေါ်လာခြင်း မရှိသလို၊ မူလဝိညာဉ် စွမ်းအား ထုတ်လွှတ်ခြင်းလည်း မရှိချေ။ သာမန် လူသားတစ်ယောက် ကဲ့သို့ပင် ရိုးရှင်းနေသည်။
သို့သော် သူ ခြေတစ်လှမ်း ဖွဖွလေး လှမ်းလိုက်သည့် အခါတွင်မူ... လူတိုင်း သူတို့၏ ခြေဖဝါးအောက်မှ တုန်ခါမှုကို ခံစားလိုက်ကြရ၏။
မြေကြီးသည် အသက်ဝင် နိုးထလာသကဲ့သို့ ရှိနေပြီး၊ ကိုယ်ပိုင် ဆန္ဒရှိနေသယောင် ဖြစ်လာသည်။
မြေပြင်ပေါ်မှ ကျောက်ခဲများသည် လေထဲသို့ စတင် ပျံတက်လာကြပြီး၊ ထူးဆန်းသော ကျောက်ဆောင်ကြီးများသည်လည်း တစ်ခုပြီး တစ်ခု ကြွတက်လာကြ၏။
သူတို့ (၆) ယောက် ရှိနေသော နေရာတဝိုက်ရှိ ဟင်းလင်းပြင် တစ်ခုလုံးသည် ကွာကျသွားသကဲ့သို့ ဖြစ်သွားပြီး သီးခြား နယ်ပယ်တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
ရုတ်တရက်... နင်ချီနှင့် ချင်မင်ဟောက်မှ လွဲ၍ ကျန်လူအားလုံးသည် မိမိတို့၏ ခန္ဓာကိုယ်များ လေးလံသွားသကဲ့သို့ ခံစားလိုက်ကြရ၏။
ဧရာမ ကျောက်တုံးကြီး တစ်တုံးက သူတို့အပေါ် ဖိချလိုက်သကဲ့သို့၊ သူတို့၏ နှလုံးသားများကို ဖိနှိပ်လိုက်သကဲ့သို့၊ ရေအကျဉ်းထောင်ထဲတွင် ပိတ်မိနေသကဲ့သို့ နေရထိုင်ရ အလွန်အမင်း ခက်ခဲလာတော့သည်။
ထိုအချိန်ကျမှသာ... ထိုမသက်မသာ ဖြစ်မှု၏ အရင်းအမြစ်ကို သူတို့ အာရုံခံမိလိုက်ကြ၏။ ၎င်းသည် နင်ချီထံမှ တိုက်ရိုက် ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်လာကြပြီး နင်ချီထံမှ ထွက်ပေါ်လာသော ကြီးမားသည့် အရှိန်အဝါအောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ကြရသည်။ ၎င်းသည် တွင်းနက်ကြီး တစ်ခုအလား... ထောင်ချောက်တစ်ခုအလားပင်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မဟာစွမ်းအားရှင် (၃) ဦးစလုံး အသက်ရှူ ကြပ်လာကြ၏။ ၎င်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော်လည်း၊ နင်ချီထံမှ ထွက်ပေါ်နေသော ကျင့်ကြံခြင်း အဆင့်အတန်းသည် "မူလဝိညာဉ် နယ်ပယ်" အကန့်အသတ်သာ ရှိနေသေးသည်ကို တွေ့မြင်နေရဆဲ ဖြစ်သည်။
ချင်မင်ဟောက်သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ သူ၏ မျက်လုံးထဲရှိ ပြင်းပြသော ကြည်ညိုလေးစားမှုများ အရောင်မှိန်သွားခြင်း မရှိဘဲ ဘေးသို့ တိတ်ဆိတ်စွာ ဆုတ်ခွာပေးလိုက်၏။
၎င်းသည် မိုးကုတ်စက်ဝိုင်းမှ အမှောင်ထုကို ဖောက်ထွင်းပြီး ထွက်ပေါ်လာသော အလင်းရောင် တစ်တန်းကဲ့သို့... မျှော်လင့်ချက် ကင်းမဲ့နေသော နှလုံးသားများကို ကြည်လင် ပြတ်သားမှု ပေးစွမ်းလိုက်သကဲ့သို့ပင်။
ယဲ့ချင်းထျန်းသည် ဦးစွာ စတင် လှုပ်ရှားလိုက်ပြီး လက်သည်းကုတ်ချက် တစ်ချက် ထုတ်ဖော်လိုက်ရာ လက်တစ်ဖက်လုံးရှိ ကြွက်သားများနှင့် အရိုးများသည် ထင်ရှား ပေါ်လွင်လာတော့သည်။
အခန်း (၅၃၀) - ဖိနှိပ် ချေမှုန်းခြင်း (အပိုင်း ၃)
~ယဲ့ချင်းထျန်း၏ လက်ချောင်းထိပ်များမှ ပုံဆောင်ခဲသဏ္ဌာန် "စည်းမျဉ်း သံကြိုးများ" ရုတ်တရက် ထွက်ပေါ်လာပြီး၊ အလယ်တွင် ရှိနေသော နင်ချီကို ထိုးဖောက် ချည်နှောင်ရန် တဟုန်ထိုး တိုးဝင်သွားကြ၏။
သို့သော် သူ လုံးဝ ထင်မှတ်မထားသော အရာ တစ်ခု ဖြစ်ပျက်သွားတော့သည်။ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" နောက်ဆုံးအဆင့် ရှိသူ တစ်ဦး၏ စည်းမျဉ်း စွမ်းအားများသည် နင်ချီနှင့် နီးကပ်လာသည်နှင့်အမျှ အရှိန်အဟုန် နှေးကွေးသွားပြီး... နောက်ဆုံးတွင် နင်ချီနှင့် (၃) ကျန်း (၃၃ ပေ (သုံးထပ်တိုက် တစ်လုံးစာ အမြင့်လောက် ရှိပါတယ်)အကွာ၌ လုံးဝ ရပ်တန့်သွားကြလေ၏။ တစ်လက်မမျှပင် ရှေ့ဆက် မတိုးနိုင်တော့ချေ။
"ဝီ... ဝီ..."
ပို၍ ဆိုးရွားသည်မှာ... ထို စည်းမျဉ်း သံကြိုးများသည် ရုတ်တရက် နောက်ပြန်လှည့်လာပြီး သူ့ထံသို့ ပြန်လည် ပစ်ခတ်လာကြခြင်း ဖြစ်သည်။ သံကြိုးတစ်ချောင်းစီသည် ဟင်းလင်းပြင်ကို ထိုးဖောက်လျက် ပိုင်ရှင်ဖြစ်သူ သူ့ကို ပြန်လည် တိုက်ခိုက်ရန် ဦးတည်လာကြ၏။
ယဲ့ချင်းထျန်းသည် ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း၊ သူ၏ ခန္ဓာကိုယ်သည် မမြင်ရသော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားရရှာ၏။ သူ၏ မှော်စွမ်းအင်များသည် အလုပ်မလုပ်တော့ပေ။
သူ၏ ခြေဖဝါးအောက်ရှိ မြေကြီးနှင့် ကျောက်တုံးများသည် ဂါထာမန္တန် စီးထားသကဲ့သို့ အသက်ဝင် နိုးထလာကြပြီး၊ ညစ်ညမ်းသော မြေငွေ့များ ဝန်းရံလျက် အပေါ်သို့ ထိုးတက်လာကာ ကြီးမားသော "မြေကြီး လက်ဝါးကြီး" တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို မြဲမြံစွာ ဖမ်းဆုပ်လိုက်တော့သည်။
" ဝရော..."
ကြောက်မက်ဖွယ်ရာ အသံတစ်သံနှင့်အတူ... ထို မြေကြီး လက်ဝါးကြီးသည် ဆုပ်နယ်ပစ်လိုက်ရာ၊ ယဲ့ချင်းထျန်း၏ ခန္ဓာကိုယ်သည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အသားစိုင်များ အဖြစ် ကြေမွသွားရ၏။ သွေးနီရောင်များ ပန်းထွက်လာပြီး ညိုညစ်နေသော မြေကြီး လက်ဝါးကြီးကို ရဲရဲတောက် သွားစေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်... ယဲ့ချင်းထျန်းနှင့် ပုံစံတူသော "မူလဝိညာဉ်" တစ်ခုသည် ပျက်စီးသွားသော ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး၊ ဝိညာဉ် ရတနာ တစ်ခုကို သယ်ဆောင်လျက် လွတ်မြောက်သွား၏။
ယဲ့ချင်းထျန်း၏ မူလဝိညာဉ်သည် မည်းနက်နေသော "ဝိညာဉ်ဓား" တစ်လက်ကို မှီခိုလျက် လေထဲတွင် လွင့်မျောနေပြီး၊ အောက်ဘက်ရှိ နင်ချီကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။
ရုပ်ခန္ဓာ ပျက်စီးသွားသော်လည်း သူ၏ မူလဝိညာဉ်သည် အလွန် သက်ဝင် လှုပ်ရှားနေဆဲ ဖြစ်ပြီး ယခင် ပုံစံနှင့် သိပ်မကွာခြားလှပေ။
"ဟိတ်ယား..."
ယဲ့ချင်းထျန်း၏ မူလဝိညာဉ်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ နင်ချီ ဘာကြောင့် ဒီလောက် စွမ်းအားကြီးနေရသလဲ ဆိုတာ သူ နားမလည်နိုင်သော်လည်း၊ တစ်ခုတော့ သေချာသွားခဲ့ပြီ။ ဒီနေ့ သူတို့အတွက် ဆုတ်ခွာစရာ လမ်း မရှိတော့ပေ။
အသက်ကို ပဓာနမထားဘဲ အစွမ်းကုန် တိုက်ခိုက်မှသာ အသက်ရှင်ပေါက် တစ်ခု ရနိုင်ပေမည်။
ထိုအတွေး ဝင်လာသည်နှင့် သူ၏ မူလဝိညာဉ် တစ်ခုလုံး စတင် တောက်ပလာပြီး၊ သရဲမီးကဲ့သို့ ပြာလဲ့လဲ့ မီးတောက်များ ထွက်ပေါ်လာကာ မည်းနက်နေသော ဝိညာဉ်ဓားကို အားဖြည့်ပေးလိုက်၏။
ချက်ချင်းပင်... ထိုနေရာရှိ ဟင်းလင်းပြင် တစ်ခုလုံး ဟိန်းဟောက် မြည်တမ်းလာတော့သည်။
"ဂျိန်း..."
စူးရှသော လျှပ်စီးတန်းများ ဟင်းလင်းပြင် အနှံ့ လက်ပွစက်သွားပြီး၊ ကောင်းကင်ကြီးကို "စည်မျက်နှာပြင်" အဖြစ် အသုံးပြုကာ မိုးကြိုးများကို "စည်တီးတံ" အဖြစ် အသုံးပြု၍ တီးခတ်လိုက်သကဲ့သို့ မိုးခြိမ်းသံကြီးများ ပဲ့တင်ထပ်လာ၏။
ယဲ့ချင်းထျန်း၏ မူလဝိညာဉ်နှင့် ဓားမည်းကို ဗဟိုပြု၍ မိုးကြိုးလျှပ်စီးများသည် ဟင်းလင်းပြင်ထဲတွင် စုစည်းလာကြ၏။
၎င်းတို့သည် အချင်းချင်း ယှက်နွယ် ပေါင်းစပ်သွားကြပြီး၊ တဖြည်းဖြည်းနှင့် မျက်စိကျိန်းမတတ် တောက်ပသော မိုးကြိုး အလင်းရောင် ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုဓားသည် သာမန် လက်နက် မဟုတ်ဘဲ၊ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက ကိုယ်တိုင် ဖန်တီးပေးလိုက်သကဲ့သို့ သဘာဝကျပြီး စွမ်းအားကြီးမားလှပေသည်။
ဓားချက် တစ်ချက်တည်း...၊
မိုးကြိုး အလင်းရောင် ဓားသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ၊ ဟိုနေရာတွင် ပေါ်လိုက် ဒီနေရာတွင် ပျောက်လိုက်ဖြင့် နင်ချီ၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက် တိုက်ခိုက်လိုက်၏။
"ခွပ်..."
မည်သူမျှ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ နင်ချီ၏ ခန္ဓာကိုယ်မှာ ခြစ်ရာ တစ်ချက်ပင် မထင်ဘဲ ရှိနေစဉ်၊ ဝင်ရောက် တိုက်ခိုက်သော ဓားအလင်းရောင်သည်သာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားရလေ၏။
မိုးကြိုး ဓားကြီး ကျိုးပဲ့သွားပြီး၊ ၎င်းအပေါ်တွင် ဖွဲ့စည်းထားသော မိုးကြိုးများသည် မူလ အခြေအနေသို့ ပြန်လည် ကွဲထွက်သွားကာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားရ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချင်းထျန်း၏ မူလဝိညာဉ်သည် မယုံကြည်နိုင်မှုကြောင့် ရူးသွပ်မတတ် ဖြစ်သွားရသည်။
စောစောက စည်းမျဉ်း သံကြိုးတွေ နင်ချီနား မကပ်နိုင်တာ ထားလိုက်တော့... အခု မိုးကြိုး စည်းမျဉ်းနဲ့ ဖွဲ့စည်းထားတဲ့ မှော်ဓားကြီးက နင်ချီ့ကိုယ်ပေါ် ရောက်သွားတာတောင် ဘာမှ မဖြစ်ဘဲ ဓားကသာ ပြန်ကျိုးသွားရတယ် ဆိုတာ... လောကကြီးမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား။
ယဲ့ချင်းထျန်း၏ စိတ်အာရုံများ လှုပ်ရှားသွားပြီး၊ မည်သည့်အရာကိုမျှ ချန်ထားခြင်း မပြုတော့ဘဲ သူ၏ မူလဝိညာဉ် တစ်ခုလုံးကို လောင်ကျွမ်းပစ်ကာ နောက်ဆုံးသော "နတ်ဘုရား နည်းစနစ်" ကို ထုတ်ဖော်လိုက်တော့သည်။
"မိုးကြိုး တစ်သောင်း နည်းစနစ်..."
သူ၏ မူလဝိညာဉ်ကို လောင်စာအဖြစ် အသုံးပြုလိုက်ရာ၊ ဟင်းလင်းပြင်ထဲရှိ မိုးကြိုး စည်းမျဉ်း စွမ်းအားများသည် သူ့ကို ဝါးမြိုသွားပြီး အင်မော်တယ် နယ်ပယ်မှ "ဆန်းပြား သားရဲများ" အဖြစ် ပြောင်းလဲသွားကြ၏။
ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံ ရှိသော သားရဲများသည် တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာရာ၊ ယဲ့ချင်းထျန်း ရှိနေသော နေရာသည် ကမ္ဘာဦး အစတွင် သက်ရှိများ မွေးဖွားလာသော မြင်ကွင်းနှင့်ပင် တူနေတော့သည်။
သို့သော် ထို "သောင်းချီသော ဖြစ်တည်မှု" အားလုံးသည် ရည်ရွယ်ချက် တစ်ခုတည်းဖြင့်သာ လှုပ်ရှားနေကြ၏။ အလယ်တွင် ရှိနေသော လူသားကို အမှုန့်ကြိတ် ဖျက်ဆီးပစ်ရန်ပင်။
နင်ချီသည် ခြေဖျားဖြင့် မြေပြင်ကို တို့ထိလိုက်ရုံမျှဖြင့် လေထဲသို့ ကြွတက်သွား၏။ အဆုံးမရှိသော မိုးကြိုး စွမ်းအားများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက်... သူသည် ဖြူဖျော့ သွယ်လျသော လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်၏။
ဟိန်းဟောက်နေသော သားရဲ သောင်းချီနှင့် ယှဉ်လိုက်လျှင် ဤလက်ဖဝါးလေးသည် ဘာမျှ မကြီးမားလှသော်လည်း၊ ၎င်းတွင် ပါဝင်သော အရှိန်အဝါသည် ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်ပေသည်။
လက်ဝါး တစ်ချက်တည်း...။
ယဲ့ချင်းထျန်း၏ မူလဝိညာဉ်က "တာအို သဘောတရား" များကို အသုံးပြုပြီး သားရဲများကို ဖန်ဆင်းခဲ့သော်လည်း၊ နင်ချီ၏ လက်ဝါးကမူ ထိုအရာအားလုံးကို မူလအစသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ အရာအားလုံးသည် ဘာမှမရှိခြင်း အဖြစ်သို့ ပြန်လည် ပျက်သုဉ်းသွားရလေ၏။
နောက်ဆုံးတွင် သားရဲ သောင်းချီ ပျောက်ကွယ်သွားပြီး၊ နင်ချီ၏ လက်ဝါးသည် နီးကပ်လာကာ ယဲ့ချင်းထျန်း၏ ဓားမည်းကို ချေမှုန်းပစ်လိုက်ပြီး သူ့အပိုင် "ဟင်းလင်းပြင်" ထဲသို့ သိမ်းဆည်းလိုက်၏။
အောက်ဘက်တွင် ယဲ့ချန်သည် တုန်ရီနေသည်။ နင်ချီ၏ စွမ်းအား အမှန်ကို သူ လုံးဝ (လုံးဝ) မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
မဟာ အကြီးအကဲ တစ်ယောက်လုံးတောင်မှ နင်ချီ၏ လက်ဝါး တစ်ချက်စာပဲ ရှိတာလား။
သူ၏ မျက်လုံးများသည် ကျန်ရှိနေသေးသော မဟာစွမ်းအားရှင် (၂) ဦးထံသို့ အလိုအလျောက် ရောက်ရှိသွားသည်။ သူတို့သည်သာ သူ့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
ထိုနှစ်ဦးသည် ယဲ့ချင်းထျန်း၏ ရှုံးနိမ့်မှုကို မြင်လိုက်ရပြီး သေဘေး ကျရောက်လာပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
သို့သော် ယခုအချိန်တွင် နေရာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး ဖြစ်သဖြင့် ထွက်ပြေးချင်လျှင်ပင် ပြေးပေါက် မရှိတော့ချေ။
ထို့ကြောင့် သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
တစ်ဦးက လက်သီးကို ဆုပ်လိုက်ရာ၊ လက်အိတ်များသည် သူ့လက်ပေါ်တွင် အလိုအလျောက် ပေါ်ပေါက်လာပြီး သားရဲ ဝိညာဉ်များ အသက်ဝင်လာကြ၏။
အခြားတစ်ဦးက ရှေးဟောင် မီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ မီးအိမ်မှ မီးတောက် သေးသေးလေး တစ်ခုသည်ပင် ဟင်းလင်းပြင် တစ်ခုလုံးကို အရောင်ဆိုးပစ်နိုင်လောက်အောင် အရှိန်အဝါ ကြီးမားလှသည်။
လက်သီးပိုင်ရှင်က ဦးစွာ စတင် တိုက်ခိုက်လိုက်သည်။
ခြေတစ်လှမ်းတည်းဖြင့် နင်ချီ၏ အနီးသို့ ရောက်ရှိသွားပြီး၊ ချက်ချင်းပင် လက်သီးချက်ပေါင်း တစ်ရာခန့်ကို မိုးရေစက်များအလား ပစ်သွင်းလိုက်၏။
ရုတ်တရက်... သားရဲ တစ်သန်းခန့်၏ ဟိန်းဟောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ နဂါး၊ ဖီးနစ်၊ ကျား၊ ခြင်္သေ့ စသော ဝိညာဉ်များသည် လက်သီးချက်တိုင်းတွင် ပါဝင်လာကာ ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်တော့မတတ် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
သို့သော်... နင်ချီသည် ဆန့်ထုတ်ထားသော လက်ဝါးကို အသာအယာ လှန်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ရိုက်ပုတ်လိုက်လေ၏။
"ဖြောင်း..."
ပြတ်သားသော ရိုက်ချက် အသံတစ်သံသည် သားရဲ တစ်သန်း၏ ဟိန်းဟောက်သံများကို လွှမ်းမိုးသွား၏။
နဂါး၊ ဖီးနစ်၊ ကျား၊ ခြင်္သေ့ ဝိညာဉ်များ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ပထမ မဟာစွမ်းအားရှင်၏ လက်မောင်းများ ကျိုးပဲ့သွားကာ ယင်ကောင်တစ်ကောင်ကို ရိုက်ထုတ်လိုက်သကဲ့သို့ နောက်သို့ လွင့်စဉ်သွားရ၏။
ထိုစဥ်၊ ကျန်ရှိနေသော မီးအိမ်ပိုင်ရှင် မဟာစွမ်းအားရှင်က "မူလ ဝိညာဉ် ချီ" တစ်လုပ်ကို မှုတ်ထုတ်လိုက်ရာ၊ မီးအိမ်ထဲမှ မီးတောက် တစ်စသည် ခွဲထွက်သွားပြီး နင်ချီ့ထံသို့ တည့်တည့်မတ်မတ် ပျံသန်းသွား၏။
လေထဲတွင် ရှိနေစဉ် ထိုမီးတောက်သည် ကောင်းကင်ကို ဖြတ်သန်းလာသော နေ တစ်စင်းအလား ကြီးထွားလာပြီး၊ ပြင်းထန်သော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များ တွန့်လိပ်ကာ ပြိုကျကုန်တော့သည်။
သို့သော် နင်ချီသည် သူ၏ နှုတ်ခမ်းကို ဟလိုက်ပြီး ရေစီးချောင်းလေး တစ်ခုအလား နူးညံ့သော ရေစွမ်းအားကို မှုတ်ထုတ်လိုက်လေရာ... ထိုနေမင်းသည် တမဟုတ်ချင်း ငြိမ်းသတ်ခံလိုက်ရ၏။
အဖြူရောင် ရေငွေ့များသည် လေထုထဲတွင် ပျံ့နှံ့သွားပြီး အရာအားလုံးကို ဝေဝါးသွားစေသည်။
တိုက်ခိုက်မှု မအောင်မြင်သော မဟာစွမ်းအားရှင် နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြ၏။
သူတို့၏ မျက်နှာပေါ်တွင် ခါးသီးမှုများ ပြည့်နှက်နေ၏။ ဒီတစ်ခါတော့ သူတို့ ရှုံးသွားပြီ ဖြစ်ကြောင်း လက်ခံလိုက်ကြရသည်။
နောင်တရချိန်ပင် မရလိုက်ဘဲ... သူတို့သည် အချိန်ဆွဲမနေတော့ဘဲ မိမိတို့၏ မူလဝိညာဉ် အားလုံးကို တစ်ပေါင်းတည်း ပေါင်းစပ်လိုက်ကာ၊ ယဲ့ချင်းထျန်း ကဲ့သို့ပင် နောက်ဆုံးသော "လက်ကျန်ဘဝ"ကို အသုံးပြု၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
အခန်း (၅၃၁) - ဖိနှိပ် ချေမှုန်းခြင်း (အပိုင်း ၄)
~အောင်မြင်လျှင် အသက်ရှင်မည်၊ ရှုံးနိမ့်လျှင် သေဆုံးမည်
ဆွတ်ဆွတ်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် နင်ချီသည် သူတို့ကို လွှတ်ပေးမည် မဟုတ်သလို၊ ပြင်ဆင်ချိန် ပိုပေးမည် မဟုတ်ကြောင်း ရန်သူ မဟာစွမ်းအားရှင် နှစ်ဦး ကောင်းစွာ နားလည်လိုက်ကြ၏။
လက်အိတ်ဝတ်ဆင်ထားသော မဟာစွမ်းအားရှင်သည် မိမိ၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ် စွမ်းအားများကို ယဇ်ပူဇော်လိုက်၏။ သူ၏ ရှိရှိသမျှ စွမ်းအား အကုန်လုံးကို လက်အိတ်များထဲသို့ ထည့်သွင်းလိုက်၏။
ဟင်းလင်းပြင်ကို ဖြတ်သန်းလာသော လက်အိတ်များသည် ဥက္ကာခဲကြီးများပမာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် နင်ချီထံသို့ ဝင်ရောက်လာ၏။
အခြားတစ်ဖက်တွင်မူ... "နတ်ဘုရား မီးအိမ်" လင်းလက်လာသည်နှင့်အမျှ ပိုင်ရှင်၏ ခန္ဓာကိုယ်သည် ချက်ချင်း အိုမင်းသွား၏။ သက်လတ်ပိုင်း အရွယ်မှသည် အသက်ရာကျော် အဖိုးအိုကြီး အသွင်သို့ ပြောင်းလဲသွားပြီး၊ မျက်နှာများ တွန့်လိပ်ကာ ဆံပင်များ ကျွတ်ထွက်ကုန်၏။
သူသည် မိမိ၏ "သက်စောင့်စွမ်းအား" ကို စတေးပြီး မီးအိမ်နှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်ပေသည်။
ဒီတစ်ကြိမ်တွင် မီးတောက်များ ပျံသန်းထွက်ခွာမာဘဲ၊ မီးအိမ်ကြီး တစ်ခုလုံးက နင်ချီထံသို့ ပျံသန်း ဝင်ရောက်လာ၏။
မီးအိမ်၏ အလင်းရောင်သည် ဟင်းလင်းပြင်ကို လင်းလက်သွားစေပြီး၊ စိမ်းပြာရောင် မီးတောက်များသည် ကောင်းကင်အပြည့် ဖုံးလွှမ်းသွားတော့သည်။ ဆီနှင့် မီးလောင်ကျွမ်းသော တဖျစ်ဖျစ် အသံများသာမက၊ ဟင်းလင်းပြင်ရှိ ဝိညာဉ် စွမ်းအင်များနှင့် "မီးစည်းမျဉ်း" များကိုပါ လောင်စာအဖြစ် အသုံးပြုပြီး နင်ချီကို ဝါးမြိုရန် တာစူလိုက်၏။
ထို ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရန် နင်ချီ၏ ပတ်လည်တွင် "အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း"တို့ တဖန် ပြန်လည် ထွက်ပေါ်လာ၏။
ထိုအလင်းတန်းများကြားတွင် တောင်တန်းကြီးပမာ ခမ်းနားထည်ဝါပြီး၊ ထာဝရ တည်တံ့နေမည့် "ပုံရိပ်ယောင်" တစ်ခု ပေါ်ထွန်းလာတော့သည်။
ထိုပုံရိပ်သည် စကြဝဠာ တစ်ခုလုံးနှင့် တူနေသယောင်၊ နယ်မြေ တစ်ခုလုံး တည်ရှိနေသရွေ့ တည်ရှိနေမည့်အလား၊ ကောင်းကင်နှင့် မြေကြီးကဲ့သို့ သက်တမ်းရှည်ကြာပြီး နေနှင့် လတို့နှင့်အတူ ယှဉ်တွဲ တောက်ပနေမည့်အလား ခန့်ညားလွန်းလှပေသည်။
ထိုပုံရိပ်ယောင်သည် လက်ကို မြှောက်ကာ ဓမ္မ တံဆိပ် တစ်ခုကို ဖွဲ့စည်းလိုက်၏။
ဥက္ကာခဲများအလား ပြင်းထန်စွာ ဝင်ရောက်လာသော လက်အိတ်များသည် နင်ချီ့အနီးသို့ ရောက်သောအခါ မိုချီ မုန့်လုံးလေးများကဲ့သို့ ပျော့ပျောင်းသွားပြီး အောက်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားရလေ၏။
ထို့အတူ... ကောင်းကင်အပြည့် လောင်ကျွမ်းနေသော စိမ်းပြာရောင် မီးတောက်များသည်လည်း ချက်ချင်း ငြိမ်းသတ်ခံလိုက်ရ၏။ မီးအိမ်၏ မီးညွန့်များ ပြန်လည် ဝင်ရောက်သွားကာ မီးအိမ်ကြီးသည် နင်ချီ၏ လက်ထဲသို့ အသာအယာ ကျရောက်သွား၏။
မဟာစွမ်းအားရှင် နှစ်ဦးစလုံး အံ့သြမှင်သက် သွားကြရ၏။ နင်ချီ အနေဖြင့် သူတို့၏ တိုက်ခိုက်မှုကို ဤမျှ လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
ယခင်က ယဲ့ချင်းထျန်း ကို သတ်ဖြတ်လိုက်နိုင်ခြင်းမှာ နင်ချီက သူ့သက်စောင့်စွမ်းအားကို ထိခိုက်စေမည့် "ရတနာဆန်း" တစ်ခုခုကို သုံးလိုက်ခြင်း သို့မဟုတ် ကြောက်မက်ဖွယ် ဆေးဝါးတစ်ခုခုကို သောက်သုံးထားခြင်း ဖြစ်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြ၏။
သူတို့သာ အချိန်နည်းနည်းလောက် ဆွဲထားနိုင်လျှင် နင်ချီ သူ့အလိုလို လဲကျသွားလိမ့်မည်ဟု ယူဆခဲ့ကြ၏။
ဒါပေမဲ့ အခုတော့... သူတို့၏ တိုက်ခိုက်မှုများ အလွယ်တကူ ချေမှုန်းခံလိုက်ရပြီး၊ နင်ချီသည် ဟင်းလင်းပြင်ထဲတွင် ဘာမှ မဖြစ်သကဲ့သို့ မတ်မတ် ရပ်တည်နေဆဲပင်။
နင်ချီသည် လက်အိတ်များကို ပေါ့ပါးစွာ ကောက်ယူလိုက်ရာ၊ အတွင်းထဲတွင် ရှိနေသော မဟာစွမ်းအားရှင်၏ မူလဝိညာဉ်သည် ချက်ချင်း ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။ မြေပြင်ပေါ်တွင်တော့ ဆီခမ်းပြီး မီးငြိမ်းသွားသော မီးအိမ်ပိုင်ရှင် မဟာစွမ်းအားရှင်သာ ကျန်ရစ်တော့သည်။
ထိုသူသည် ခါးသီးစွာ တစ်ချက် ပြုံးလိုက်ပြီး နာကျင်စွာ ညည်းတွားလိုက်ကာ၊ တစ်ကိုယ်လုံး ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားပြီး ဤကမ္ဘာလောကထဲမှ လွင့်ပါး ပျောက်ကွယ်သွားလေတော့၏။
သူတို့ကြားမှ တိုက်ပွဲသည် မျက်တောင်အနည်းငယ် ခတ်ချိန်သာ ကြာမြင့်ခဲ့ပေသည်။
ထိုအချိန်တိုလေး ပြီးဆုံးသွားသည့်နောက်... ကောင်းကင်ယံတွင် နင်ချီ တစ်ယောက်တည်းသာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည် ကျန်ရစ်ခဲ့၏။ အောက်ဘက်တွင်မူ ချင်မင်ဟောက် သည် လေးစား အားကျသော မျက်နှာထားဖြင့် ရှိနေပြီး၊ ယဲ့ချန်မှာမူ အသိစိတ် လွတ်နေသူ တစ်ယောက်အလား ငေးငိုင်နေသည်။
နင်ချီသည် ယဲ့ချန်ကို စကားပြောခွင့်ပင် မပေးတော့ချေ။ လက်တစ်ဖက် လှုပ်ရှားရုံဖြင့် ယဲ့ချန်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီး၊ အရောင်ငါးမျိုး အလင်းတန်းဖြင့် မူလဝိညာဉ်ကို ဖမ်းယူလိုက်၏။
သူ ကိုယ်တိုင် ဖန်တီးထားသော "ဝိညာဉ် ရှာဖွေရေး နတ်ဘုရား နည်းစနစ်" ဖြစ်သည့် "မဟာ ဝိညာဉ် ပြောင်းပြန်လှန် နည်းစနစ်"အား အသုံးပြုလိုက်ရာ၊ ယဲ့ချန်၏ မူလဝိညာဉ် အော်ဟစ် ညည်းညူနေသံများကို လျစ်လျူရှုလျက် တိုက်ခိုက်မှု၏ နောက်ကွယ်မှ အဖြစ်မှန်များကို အကုန်အစင် သိမြင်လိုက်ရ၏။
နင်ချီသည် လက်ကို ပေါ့ပါးစွာ ခါလိုက်ရာ မူလဝိညာဉ် အပိုင်းအစများ ပျောက်ကွယ်သွားပြီး၊ အရာရာသည် သူ့စိတ်ထဲတွင် ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။
အဖြစ်မှန်မှာ... ယဲ့မိသားစုသည် နင်ချီ၏ ပါရမီ ထူးကဲလွန်းမှုကို ကြောက်ရွံ့ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ သူတို့၏ အနာဂတ် မှေးမှိန်သွားမည်ကို စိုးရိမ်ခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် "ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း" နှင့် ချက်ချင်း ဆက်သွယ်ကာ နင်ချီကို အမြန်ဆုံး ဖယ်ရှားပစ်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသည်လည်း သတင်း ထောက်လှမ်းမှုမှ တစ်ဆင့် ဓားဂိုဏ်းတွင် "အင်မော်တယ် မျိုးစိတ်" တစ်ဦး ပေါ်ထွန်းနေကြောင်း သိရှိထားကြ၏။
အကယ်၍ နင်ချီသာ ဆက်လက် ကြီးထွားလာပါက၊ သူ ဦးဆောင်မည့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ် နယ်မြေ တွင် သူတို့၏ လွှမ်းမိုးထားသော နေရာကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်ခဲ့ကြ၏။
ထို့ကြောင့် နှစ်ဖက်စလုံးသည် သဘောတူညီမှု လျင်မြန်စွာ ရရှိခဲ့ကြပြီး၊ နင်ချီကို အမြစ်ဖြတ် သုတ်သင်မည့် ဤအစီအစဉ်ကို ပူးပေါင်း ရေးဆွဲခဲ့ကြခြင်း ဖြစ်ပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားပြီး၊ "နယ်မြေ အရှင်သခင်" ၏ စွမ်းအားများလည်း ပြန်လည် ရုပ်သိမ်းသွားခဲ့၏။
ချင်မင်ဟောက်သည် အနားသို့ ရောက်လာပြီး အခြေအနေကို မေးမြန်းသည်။ နင်ချီသည် ချင်မင်ဟောက်၏ သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ဘာကိုမှ ဖုံးကွယ်မထားဘဲ အဖြစ်မှန်ကို ပြောပြလိုက်၏။
"ယဲ့မိသားစုက တကယ့်ကို အရှက်မရှိလိုက်တာဗျာ...။ ပြင်ပဂိုဏ်းနဲ့ ပေါင်းပြီး စီနီယာအစ်ကိုနင်ကို လုပ်ကြံရဲတယ်။ ကံကောင်းလို့ စီနီယာအစ်ကိုနင်ရဲ့ မှော်စွမ်းအင်က ကောင်းကင်ဘုံကို ထိုးဖောက်နိုင်တဲ့အထိ စွမ်းအားကြီးနေလို့သာ သူတို့ အစီအစဉ် ပျက်စီးသွားရတာပါ"
နင်ချီသည် ဤရန်ငြိုးကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ ယခုအချိန်သည် လက်စားချေရန် အချိန်ကောင်း မဟုတ်သေးကြောင်း နားလည်ထားပြီး၊ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ"မဗ ပြန်လာပြီးမှသာ စာရင်းရှင်းရန် ဆုံးဖြတ်လိုက်၏။
ကျဆုံးသွားသော မဟာစွမ်းအားရှင် (၃) ဦးထံမှ ကျန်ရစ်ခဲ့သော စည်းမျဉ်း အမှတ်အသားများကို သိမ်းဆည်းပြီးနောက်၊ သူတို့သည် အေးဆေးစွာပင် ပြန်လည် ပျံသန်းလာခဲ့ကြ၏။
...
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အဓိက အဖွဲ့ ရှိရာနေရာတွင်...
တာအိုဆရာ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် အမည်မသိ မဟာစွမ်းအားရှင် (၄) ဦးကို မရပ်မနား တိုက်ခိုက်နေကြသော်လည်း၊ လူအင်အား မမျှသဖြင့် တစ်ဦးချင်းစီတွင် အသာစီး ရနေသည့်တိုင် သူတို့ ဖွဲ့စည်းထားသော အခင်းအကျင်းကို မဖောက်ထွက်နိုင် ဖြစ်နေကြရသည်။
ဟိုဘက်ခြမ်းတွင် နင်ချီက မဟာစွမ်းအားရှင် (၂) ဦးကို သတ်ဖြတ်လိုက်သည့် အချိန်၌ပင်... ဤဘက်မှ မဟာစွမ်းအားရှင် (၄) ဦးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ကြ၏။
ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပျက်သွားပြီ ဖြစ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြပြီး၊ အချင်းချင်း အကြည့်ဖလှယ်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ရုတ်တရက် လှည့်ထွက်ကာ တစ်ဖက်သို့ ထွက်ပြေး သွားကြတော့သည်။
ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် အခြေအနေ အရပ်ရပ်ကြောင့် လိုက်၍ မတိုက်ခိုက်နိုင်ကြပေ။ နင်ချီနှင့် အခြားသူများကို ပြန်လည် ရှာဖွေတွေ့ရှိရေးက အရေးအကြီးဆုံး မဟုတ်ပါလော။
ချက်ချင်းပင် လူတိုင်းသည် နင်ချီတို့ ကျန်ရစ်ခဲ့သော ခြေရာများကို လိုက်ကာ ရှာဖွေ ထွက်ခွာလာခဲ့ကြ၏။
မကြာမီမှာပင် အဖွဲ့နှစ်ဖွဲ့ ပြန်လည် ဆုံစည်းမိကြ၏။
ဇီယန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် အံ့သြမှင်သက်မှုများ အထင်းသား ပေါ်လာကြ၏။
ဘာကြောင့် နင်ချီနှင့် ချင်မင်ဟောက် နှစ်ယောက်တည်း ရှိနေရတာလဲ။ ယဲ့ချင်းထျန်းနှင့် ယဲ့ချန် တို့က ဘယ်ရောက်သွားကြပြီလဲ။
သူတို့သည် ယဲ့ချင်းထျန်းနှင့် ယဲ့ချန်ကို စိတ်ပူနေကြခြင်း မဟုတ်ပေ။ လက်ရှိ မြင်တွေ့နေရသော မြင်ကွင်းအတွက် စိတ်ထဲတွင် လုံးဝ ပြင်ဆင်ထားခြင်း မရှိခဲ့သောကြောင့်သာ ဖြစ်ပေသည်။