အခန်း (၂၆၆-၂၇၀)
Vol. 18 Ch. 266-270
အခန်း (၂၆၆) သိုင်းမြို့စားနှစ်ဦး လိုက်လံဖမ်းဆီးခံရခြင်း။
"ဒါက ဘယ်အဆင့်ရှိတဲ့ နတ်ဆိုးသားရဲဖြစ်မလဲ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ" သိုင်းဧကရာဇ်ဘိုင်ဟောက်က မျက်လုံးပြူးကျယ်စွာ ဖြင့် ပြောလိုက်သည်။
ယခုအချိန်မှာ သူလည်း ထိုကြောက်စရာကောင်းသည့် ဖိအားကို ခံစားရသည်။ သူသည် လေထဲတွင် မနေနိုင်တော့ဘဲ မြေပေါ်သို့ သက်ဆင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။
အနီရောင်မီးနဂါးကြီးသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရပ်နေ၏။ ၎င်း၏ ကိုယ်ထည်သည် မီတာသုံးထောင်ရှည်လျားသည်။ ၎င်း၏ အနီရောင် တောက်နေသော ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရှိနေသော ကြီးမားသော မီးတောက်မီးလျှံတစ်ခုကဲ့သို့ ဖြစ်နေပြီး လူများကို ကြောက်ရွံ့မှု ဖြစ်စေသည်။
သိုင်းမြို့စားချင်းယွန်နှင့် အခြားလူများအားလုံးသည် ထိတ်လန့်သွားကြသည်။ စိတ်ရှုပ်ထွေးသောအမူအယာများဖြင့် ဤအဖြစ်ပျက်အားလုံးကို ကြည့်ရှုနေကြသည်။ ယခုအချိန် သူတို့ရှေ့မှာဖြစ်ပျက်နေသည့် အရာအားလုံးသည် သူတို့၏စိတ်ကူးများကို ကျော်လွန်သွားခဲ့ပါပြီ။
ကောင်းကင်ယံ၌ တိမ်မည်းများသည် အဆက်မပြတ် ကျယ်ပြန့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကလည်း တဖြည်းဖြည်း တိုးလာသည်။
တကိုယ်တော်ကျင့်ကြံသူများ၏ မျက်နှာများသည် အလွန်ထိတ်လန့သွားသဖြင့် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကြပြီ။ သူတို့သည် အကြောက်လွန်နေကြည်သည့် အတွက် တုံအသွားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ကောင်းကင်ယံ၌ ကီလိုမီတာရာနှင့်ချီ၍ လွှမ်းခြုံနေသည့် ကြီးမားသောကပ်ဘေးဒုက္ခတိမ်တိုက်များကို ကြည့်လိုက်ရာ အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
သူသည် ကောင်းကင်ကပ်ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ဖူးသည်။ ထိုအချိန်တုန်း၊ ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် ဤမျှကြီးမားသည်မဟုတ်ပေ၊ လီတစ်ရာသာ (ကီလိုမီတာတစ်ရာသာ) လွှမ်းခြုံထားသည်။ ယခုဆိုလျှင် သူတို့ရှေ့မှာရှိသည် လျှပ်စီးကပ်ဘေးဒုက္ခသည် အနည်းဆုံး လီသုံးရာအကွာအဝေးကို လွှမ်းခြုံထားပြီး၊ ဖိအားသည်လည်း ထိုအချိန်တုန်းကထက် များစွာပိုကြီးနေပုံရသည်။
သူ၏ရှေ့မှာရှိနေသည့် ကောင်းကင်ကပ်ဘေးဒုက္ခသည် သူအရင်က တွေ့ကြုံခဲ့ရဖူးသည့် လျှပ်စီးကပ်ဘေးဒုက္ခထက် ပိုကြောက်စရာကောင်းပြီး ဤအမာခံ ခံတပ်ကျွန်းသည် တုလုံကျွန်းနှင့် ဆယ်မိုင်လောက်ပဲဝေးသည်။
ဤမျှ တိုတောင်းသော အကွာအဝေးဖြင့် ကောင်းကင်ယံမှ လျှပ်စီးကပ်ဘေးဒုက္ခကြီး ကျဆင်းလာသည်နှင့် တပြိုင်နက် အမာခံခံတပ်ကျွန်းတစ်ခုလုံး ထိခိုက်သွားပေ လိမ့်မည်။ ၎င်း လျှပ်စီးကပ်ဘေးဒုက္ခကြီး ထိမှန်သွားသည်နှင့် ဤကြောက်မက်ဖွယ် လျှပ်စီးကပ်ဘေးဒုက္ခကြောင့် အမာခံခံတပ်ကျွန်းတစ်ခုလုံး ပျက်စီးသွားဖွယ်ရှိသည်။
"မင်းတို့ ဒီခံတပ်ကျွန်းကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမယ်။ ဒီလျှပ်စီး ကပ်ဘေးဒုက္ခကြီး ကျဆင်းလာတာနဲ့ ခံတပ်ကျွန်းတစ်ခုလုံး တည်ရှိနိုင်စွမ်း မရှိတော့ မှာကို ငါကြောက်မိတယ်။" ချင်ယွင်က သူ့အနားရှိ သိုင်းမြို့စားဘိုင်ယွန် နှင့် ရန်စီချီတို့အား ပြောလိုက်သည်။
သိုင်းမြို့စားဘိုင်ယွန်နှင့် အခြားသူများသည် ချင်ယွင်၏ စကားကြောင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ရန်စီချီက ချင်ယွင်ကိုကြည့်ကာ ပြောလိုက်သည် "ဒါဆို နင်က ငါတို့နဲ့ အတူတူ လိုက်မလာဘူးလား?"
"ငါထွက်သွားလို့မရဘူး။ ငါထွက်သွားပြီးတာနဲ့ သိုင်းမြို့စားချင်းယွန် ၊ ဘိုင်ဟေသိုင်း မြို့စားနဲ့ လင်းမျိုးနွယ်စုက ငါ့နောက်ကို လိုက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ငါတို့ထဲက တစ်ယောက်မှ ထွက်သွားလို့ရမှာမဟုတ်ဘူး။" ချင်ယွင်က ပြောသည်။
ချင်ယွင်မသွားကြောင်းကို ရန်စီချီ ကြားသောအခါ သူမသည် ချက်ခြင်းစိုးရိမ်လာပြီး "နင် မထွက်သွားရင် ငါလည်းမသွားဘူး" ဟု ပြောလိုက်သည်။
ချင်ယွင်က ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်၊ "စိတ်မပူပါနဲ့၊ ငါ့မှာ ရှင်သန်ဖို့ နည်းလမ်းတွေရှိပါတယ်။ တကယ်လို့ ငါထွက်မသွားဘူးဆိုရင်ငါအသက်ရှင်ဖို့ အခွင့်အလမ်းတွေရှိသေးတယ်၊ ငါထွက်သွားမယ်ဆိုရင်တော့ သေခြင်းပဲရှိတယ်။"
"တကယ်လား?" ရန်စီချီက မျက်ရည်များဝဲကာ ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး ရန်စီချီ၏ခေါင်းလေးကို ကိုင်ကာ ပြောလိုက် သည်"စိတ်မပူပါနဲ့ မင်းနဲ့ သိုင်းမြို့စားဘိုင်ယွန်က ဘိုင်ယွန်စီရင်စုကို အရင် ပြန်သွားရမယ်။ အချိန်တန်ရင် မင်းကို ငါလာရှာပေးမယ်"
ထိုစကားကြားလျှင် ရန်စီချီသည် သံသယစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပြုပြီး သခင်သိုင်းမြို့စား" ချင်ယွင်က သိုင်းမြို့စားဘိုင်ယွန်ဘက်လှည့်ပြီး ပြောလိုက်သည်။
သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ တွန့်ဆုတ်ဝန်လေးနေသော ရန်စီချီကို ပင်လယ်ကမ်းစပ်ရှိ သင်္ဘောဆီသို့ ဆွဲထုတ်လိုက် သည်။
ရှရီသည် သိုင်းမြို့စားဘိုင်ယွန်၏ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်နေပြီး ချင်ယွင်ကို ဂရုတစိုက်ကြည့်သည်။
ချန်မင်ရှီကတော့ စကားတစ်ခွန်းမှ မပြောဘဲ ဘေးမှာ ရပ်နေခဲ့သည်။ ချင်ယွင်က သူမကိုကြည့်နေသည်ကိုမြင်လျှင် သူမက အေးစက်သည့်အသံဖြင့် ပြောလိုက် သည်"မင်းအသက်ရှင်လျှက် ပြန်လာဖို့ ငါမျှော်လင့်ပါတယ်" ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
ချင်ယွင်သည် ချန်မင်ရှီ၏ ပြတ်သားသော ကျောပြင်ကို ကြည့်ကာ ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။
အလွန်လျင်မြန်စွာပင် သိုင်းမြို့စားဘိုင်ယွန်နှင့် အခြားသူများသည် သင်္ဘောပေါ်တက်ပြီး တိုက်ကြီးဆီသို့ ရွက်လွှင့်သွားကြသည်။
သေချာသည်မှာ၊ ကျွန်းပေါ်မှာရှိနေခဲ့ကြသည့် တကိုယ်တော်ကျင့်ကြံသူများနှင့် စွမ်းအားရှင်များသည် ဤကျွန်းကြီးက အလွနန်အန္တရာယ်များနိုင်သည်ဟု သဘောပေါက်ထားပုံရပြီး သူတို့အားလုံးလည်း သင်္ဘောကြီးပေါ်တက်ပြီး ထွက်ခွာသွား ကြပါသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်လည်း ဤအရာကို သဘာဝကျကျ သဘောပေါက်နားလည်သည်။ သူသည် အင်ပါယာတော်ဝင်မိသားစု အများအပြားကို ၎င်းတို့၏ သင်္ဘောများပေါ်သို့ ခေါ်ဆောင်ကာ အမာခံခံတပ်ကျွန်းမှ ထွက်ခွာခဲ့သည်။
ထို့နောက် လင်းမျိုးနွယ်စု၊ ဖန်းမျိုးနွယ်စု၊ ဓားငယ်လေးဂိုဏ်းနှင့် အခြားသော အင်အားစုများသည် တစ်ခုပြီးတစ်ခု ထွက်ခွာသွားကြသည်။ ခံတပ်ကျွန်းတစ်ခုလုံးသည် လျင်မြန်စွာ လူသူကင်းစင်သွားခဲ့သည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်၏ ဖိနှိမ်ခြင်းမရှိတော့သည့်အတွက် ဘိုင်ဟေသိုင်းမြို့စားနှင့် သိုင်းမြို့စားချင်းယွန်တို့သည် ချင်ယွင်ကို သဘာဝအတိုင်း ဒေါသထွက်နေသော အကြည့်များဖြင့် ကြည့်လာကြသည်။
" ချင်ယွင် သေတော့!" ဘိုင်ဟေသိုင်းမြို့စားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
သိုင်းမြို့စားချင်းယွန်သည် ချင်ယွင်ကို သတ်ဖြတ်လိုသောဆန္ဒဖြင့်ကြည့်နေသည်။ ချူဖန်းမသေဆုံးမီ မြင်ကွင်းက သူ့စိတ်ထဲတွင် တဖန်ပေါ်လာသည်။
ချူဖန်းသည် အမြဲတမ်း သူ၏တရားမဝင်သား ဖြစ်ခဲ့သည်။ သူ့ကို သူ၏တပည့်အဖြစ် မွေးစားခဲ့ပြီး သူ့ကိုလည်း အရမ်းချစ်တယ်။ ယခုဆိုလျှင် သူသည် ချင်ယွင်၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီ။
သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
အကယ်၍ သူသည် ချင်ယွင်ကို ယနေ့ မသတ်ဖြတ်နိုင်ခဲ့ပါက သူ၏နှလုံးသားအတွင်း အမုန်းတရားများကို လွင့်ပျယ်သွားစေရန် ခက်ခဲပေလိမ့်မည်။
"ဟမ့်, ချင်ယွင်, သိုင်းမြို့စားဘိုင်ယွန်မရှိတော့ဘူးဆိုတော့ မင်း ဒီနေ့ ဘယ်လို အသက်ရှင်နိုင်ဦးမလဲ" သိုင်းမြို့စားချင်းယွန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်သည်။
ချင်ယွင်သည် ဘေးနှစ်ဖက်စလုံးမှ တစ်ပြိုင်နက် ပစ်ဝင်လာကြသည့် သိုင်းမြို့စား နှစ်ဦးစလုံးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင် မတွေ့ရရုံတင်မကဘဲ၊ သူ၏မျက်လုံးများတွင် အပြုံးအရိပ်အယောင်ပင် ရှိနေသေးသည်။
"ငါချင်ယွင်က ငါ့ရဲ့ရှင်ခြင်း သေခြင်းတရားကို ဆုံးဖြတ်ဖို့ မင်းတို့အပေါ်မှာ အားမကိုးဘူး။" ချင်ယွင်၏ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် သိုင်းမြို့စားနှစ်ဦး၏စိန်ခေါ်မှုကို လက်မခံခဲ့ဘဲ တုလုံကျွန်းဆီသို့ အမြန်ပြေးသွားခဲ့သည်။
သိုင်းမြို့စားနှစ်ဦး၏ စိန်ခေါ်မူကို လက်ခံရအောင် အဓိပ္ပာယ်လည်းမရှိပေ။ ယခုအချိန်တွင်၊ ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားတို့သည် ဒဏ်ရာများ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။ တိုက်ခိုက်ရာမှာ ကောင်းမွန်ခြင်းမရှိသည့် သစ်သားစွမ်းရည်ကိုယ်ပွားနှင့် သူသည် သိုင်းမြို့စား နှစ်ယောက်၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။
ယခုအချိန်မှာ သူလုပ်စရာရှိတာအားလုံးက သိုင်းမြို့စားနှစ်ယောက်သည် သူ့နောက်ကို လိုက်ဝံ့မှာမဟုတ်ဘူးဟု လောင်းကြေး ထပ်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း သူသည် သိုင်းမြို့စားနှစ်ယောက်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို လျှော့တွက်နေဆဲဖြစ်သည်။
" ချင်ယွင် ၊ မင်း ဘယ်ကို ထွက်ပြေးမလို့လဲ။ ငါ့သားရဲ့အသက်ကို ပြန်ပေး"
ဘိုင်ဟေသိုင်းမြို့စားသည် ချင်ယွင်ထွက်ပြေးတော့မည်ကို မြင်လိုက်ရလျှင် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်သည် ချင်ယွင်၏ နောက်သို့ လျင်မြန်စွာ လိုက်လာခဲ့သည်။
သိုင်းမြို့စားချင်းယွန်၏ မျက်လုံးများသည်လည်း အေးစက်သော အလင်းရောင်များဖြင့် လင်းလက်တောက်ပနေပြီး ချင်ယွင်ထွက်ပြေးသွားသော လမ်းကြောင်းဆီသို့ အမြန် လိုက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်၌ မိုးကြိုးလျှပ်စီးများဖြင့်ပြည့်နှက်နေသော တိမ်တိုက်များသည် အဆက်မပြတ် စုစည်းနေပြီး လေပြင်းမုန်တိုင်းများက ရှေးသားရဲ တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေလေသည်။
တုလုံကျွန်းအထက်ရှိ ဧရာမမီးနဂါးကြီးသည် လျှပ်စီးကပ်ဘေးဒုက္ခ ကျရောက်မည့် အချိန်ကို စောင့်မျှော်နေသကဲ့သို့ လေထဲတွင် ပျံဝဲ နေလေသည်။ ၎င်းသည် အဝေးကပုရွက်ဆိတ်သုံးကောင်ကို မသိကျိုးနွှံပြုထားပုံရသည်။
ချင်ယွင်၏ပုံရိပ်သည် လေထဲတွင် လွင့်ပျံသွားပြီးနောက်တွင် သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည်လည်း လိုက်ပါလာခဲ့သည်။
"လခွမ်းကွာ၊ ဒီကောင်နှစ်ယောက်က ငါ့နောက်ကို လိုက်နေတာပဲ" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့။
မူလက သူသည် သိုင်းမြို့စားနှစ်ယောက် ကြောက်လန့်သွားစေရန် အနီရောင်မီးနဂါးကြီး သယ်ဆောင်လာသော ကြောက်မက်ဖွယ်စွမ်းအားကို အသုံးပြုလိုသော်လည်း သိုင်းမြို့စားနှစ်ယောက်သည် ချင်ယွင်ကိုသတ်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး သူ့နောက်သို့ ပြတ်ပြတ်သားသားပင် လိုက်လာခဲ့ကြသည်။
သစ်သားစွမ်းရည်ကိုယ်ပွား၏အရှိန်အဟုန်သည် မူလကတည်းက မမြန်ပေ။ သူနှင့် သိုင်းမြို့စားနှစ်ယောက်ကြား အကွာအဝေးသည် နီးသထက်နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် မကြာခင်မှာ သူသည် ဖမ်းခံရလိမ့်မည်ဟု ခန့်မှန်းရသည်။
ထိုအချိန်ရောက်လျှင် ချင်ယွင်ကို စောင့်မျှော်နေသည့် တစ်ခုတည်းသောလမ်းမှာ သေခြင်းပင်ဖြစ်လိမ့်မည်။
ထိုအချိန်တွင်၊ သူသည် မီးနဂါးကြီးနှင့် အနည်းဆုံး ငါးမိုင်ကွာဝေးသော်လည်း ဘိုင်ဟေသိုင်းမြို့စားနှင့် သိုင်းမြို့စားချင်းယွန်တို့သည် သူနှင့် မီတာသုံးရာသာ ဝေးတော့သည်။
"ငါဘာလုပ်သင့်လဲ ငါဘာလုပ်ရမလဲ?" ချင်ယွင်က စိုးရိမ်တကြီးပြောသည်။
"ဘုန်း!"
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကောင်းကင်တုန်ခါလောက်သည့် ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အချင်းသုံးမီတာရှိ လျှပ်စီးကြောင်းကြီးသည် ကောင်းကင်မှ ချက်ချင်းပင် ဆင်းသက်လာသည်။
သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် ထိတ်လန့်သွားဟန်ဖြင့် ရပ်တန့်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကပ်ဘေးဒုက္ခကို ကြည့်လိုက်ရင်း သူတို့သည် ရှေ့ဆက်မတိုးဝံ့တော့ပေ။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်သည် ချက်ချင်းပင် ရွှင်မြူးသွားပြီး မီးလျှံတောက်လောင်နေသော မီးနဂါးကြီးဆီသို့ ဦးတည်သွားရန် သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် အသုံးပြုလိုက်သည်။
သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် ချင်ယွင်က အနီရောင် တောက်တောက် မီးနဂါးကြီးထံ ဆက်လက်ချဉ်းကပ်နေသည်ကို ကူရာမဲ့ဖြစ်ကာ ကြည့်နေခဲ့ကြသော်လည်း သူတို့သည် ထိုကဲ့သို့ မလုပ်ဝံ့ကြပေ။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့မျက်လုံးများတွင် ဒေါသမီးလျှံများဖြင့် ပြည့်လျှံနေပြီး နောက်အဆုံးတွင် သူတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ တုလုံကျွန်း၏ ဆန့်ကျင်ဘက်ဘက်သို့ ထွက်ခွာသွားကြသည်။
အခန်း (၂၆၇) အစစ်အမှန်နဂါး ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်း။
ချင်ယွင်သည်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော အနီရောင်မီးနဂါးကြီးနှင့် သိပ်မနီးကပ်ဝံ့ပေ။ သူသည် အနီရောင်မီးနဂါးကြီးနှင့် သုံးမိုင်ခန့်ဝေးသော ပင်လယ်ပြင်တွင် ရပ်လိုက်သည်။
ရှောင်ဘိုင်သည် နောက်ဆုံးအကြိမ် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့စဉ် နီးကပ်လွန်းသောကြောင့် သူသည် လျှပ်စီးကပ်ဘေးဒုက္ခဒဏ်ကို ခံစားခဲ့ရပြီးဖြစ်သည်။ ယင်းမှာ ဒြဗ်စင်သုံးခုကောင်းကင်ကပ်ဘေးဒုက္ခဖြစ်ပြီး ချင်ယွင် သည်းမခံနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
ယခုအချိန်တွင်၊ ဤအနီရောင်မီးနဂါးသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော်လည်း ၎င်းသည် သာမန် ကောင်းကင်ကပ်ဘေးဒုက္ခထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် ဒြပ်စင်ကိုးခုကောင်းကင်ကပ်ဘေး ဒုက္ခကြီး တစ်ခု ဖြစ်နေဆဲဖြစ်သည်။
အကယ်၍ ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကပ်ဘေးဒုက္ခ၏ အာရုံကို စွဲဆောင်မိပြီး ဒြပ်စင်ကိုးခုကောင်းကင်ကပ်ဘေးဒုက္ခကြီးကို ဆွဲဆောင်မိခဲ့ မည်ဆိုလျှင်၊ သူသည် သေချာပေါက် သေသွားပေလိမ့်မည်။
ချင်ယွင်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေပြီး အဝေးမှ မီးနဂါးကို လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ပို၍ပင် နီးကပ်လာပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ကြီးမားသော အနီရောင်မီးနဂါးကြီး၏ ခန္ဓာကိုယ်သည် လေထဲတွင် လှည့်ပတ်နေသည်။ ၎င်း၏ နီရဲသော အကြေးခွံများသည် သံမဏိဖြင့် သွန်းလောင်းထားပုံရပြီး နီမြန်းသော မီးတောက်များ ထွက်ပေါ်နေသည်။ မီတာထောင်ပေါင်းများစွာ ရှည်လျားသော ၎င်း၏ကိုယ်ထည်သည် မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ လေထုထဲတွင် အလျားလိုက်ရှိနေသည်။
ဤအခိုက်အတန့်တွင် ၎င်း၏ကြီးမားသောမျက်လုံးများသည် မေးခွန်း ထုတ်စရာမလိုသည့် မောက်မာမှုနှင့်အတူ ခမ်းနားထည်ဝါမူတို့ဖြင့် ကောင်းကင်မှ ဆင်းသက်လာတော့မည့် လျှပ်စီးကပ်ဘေးဒုက္ခကို စိုက်ကြည့်နေသည်။
"သူက တကယ်ကို အစစ်အမှန်အင်မော်တယ် အထွတ်အထိပ်ရှိ အစစ်အမှန် နဂါးတစ်ကောင်ပဲ။ နောက်ပြီး၊ သူက အတော်လေး အစွမ်းထက်တဲ့ မီးနဂါးမျိုးနွယ်စုက ဖြစ်ပုံရတယ်။" ချင်ယွင်က သူ၏စိတ်ထဲမှ အော်ပြောလိုက်သည်။
ယခင်က ၎င်းကို သေသေချာချာ ဂရုတစိုက် မကြည့်ခဲ့ရပေ။ ယခုအခါ သူသည် မီးနဂါးကြီးနှင့် အလွန်နီးကပ်နေပြီ ဖြစ်သောကြောင့် သူ၏ အငွေ့အသက်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူ အမှန်တကယ် ခံစားရနိုင်သည်။
ချင်ယွင်သည် ၎င်းမီးနဂါးကြီးသည် အထွတ်အထိပ် အစစ်အမှန် အင်မော်တယ် အငွေ့အသက် ပိုင်ဆိုင်ထားသည်ကို အကြည့်တချက်ဖြင့် ပြောနိုင်သည်။
၎င်းသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို မကြာခင်ကမှ
ဖြတ်ကျော်သွားသူ မဖြစ်နိုင်ပေ။
ကျင့်ကြံသူများသည် သိုင်းဧကရာဇ်နယ်ပယ်မှ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ကောင်းကင်အလွှာကိုးခုဖြင့် ခွဲခြားထားတော့မည် မဟုတ်ပေ။ ယင်းအစား၊ ၎င်းတို့ကို အစောပိုင်းအဆင့်၊ အလယ်တန်းအဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားမည် ဖြစ်သည်။ သူရှေ့မှ မီးနဂါးကြီးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။
သေမျိုးကမ္ဘာ၏ကျွန်းတစ်ခုသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသော အစစ်အမှန်နဂါးကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ဒါကို ဘယ်သူ လုပ်ခဲ့တာလဲ။
ပြီးတော့ ဘာကြောင့်လုပ်ခဲ့တာလဲ။
ချင်ယွင်သည် သူ၏ခေါင်း ဖောင်းကားလာနေသည်ကို ခံစားလိုက်ရသည်။
"ဘုန်း!"
နောက်ထပ် ကြောက်စရာကောင်းသညါ့ လျှပ်စီးတိုင်တစ်ခုက ကောင်းကင်ကနေ ပြိုကျ သွားသည်။
အကန့်အသတ်မဲ့စွမ်းအား၏ ပြင်းထန်သော အငွေ့အသက်သည် အဝေးမှပင် လူတစ်ယောက်၏ဦးရေပြားကို ထုံကျင်စေသည်။
ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကြီး၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ပေါ်လာသည်။ ၎င်းသည် ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်လိုက်ပြီး မီးတိုင်လုံးကြီးကို ထွေးထုတ်လိုက်ရာ လျှပ်စီးတိုင်လုံးကြီးသည် ချက်ချင်းပင် ဘာမှမရှိသည်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဆယ်မီတာကျော် ကျယ်ပြန့်သည့် လျှပ်စီးတိုင်လုံးကြီးက ပါးစပ်အပြည့် မီးတောက် တစ်လုတ်စာ မှုတ်ထုတ်လိုက်ရုံနှင့် ချက်ချင်း ပျောက်ကွယ် သွားခဲ့ရတာလား?
ချင်ယွင်သည် အံ့အားသင့်သွားသည်။ ဤမီးနဂါး၏ စွမ်းအားသည် အမှန်တကယ်ပင် ထူးထူးခြားခြားဖြစ်ပြီး ထိုအချိန်တုန်းက သူသတ်ခဲ့သော နဂါးနက်ထက် ဆယ်ဆ ပိုမို အစွမ်းထက်သည်။
ထိုအချိန်တုန်းက ချင်ယွင်သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ခါစ လူသစ်တစ်ဦးမျှသာဖြစ်သည်။ သူသည် ဖရိုဖရဲအင်မော်တယ် အရိုးနှင့်အတူ ပြင်းထန်သောတိုက်ပွဲအပြီးတွင် မွေးခါစ နဂါးအနက်တစ်ကောင်ကိုသတ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။
ဤအစစ်အမှန်နဂါးမျိုးနွယ်စုသည် အမှန်တကယ်ပင် ကောင်းကင်ဘုံ၏ အလွန်ချစ်မြတ်နိုးဖွယ်ခံရသူ၏ အဖြစ်နှင့် ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။ သူတို့သည် မွေးကတည်းကပင် အစစ်အမှန် အင်မော်တယ်အဆင့် သက်ရှိများ၏ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် လုံးဝမကျင့်ကြံဘူး ဆိုလျှင်ပင် သူတို့အရွယ်ရောက်ပြီးသည်နှင့် အားလုံးသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။ အစစ်အမှန် နဂါးမျိုးနွယ်စုတွင် ဧကရာဇ်များလည်း ရှိခဲ့ကြပါသည်။ ၎င်းတို့သည် အရွယ်ရောက်ပြီး သည်နှင့် အင်မော်တယ်ဘုရင်နယ်ပယ်သို့ပင် ရောက်ရှိသွားကြသည်။ သူတို့ကို များသောအားဖြင့် နဂါးဘုရင်များဟု ခေါ်ကြသည်။
အချို့သော သာမာန်အစစ်အမှန်နဂါးများသည် ကျင့်ကြံခြင်းဖြင့် အင်မော်တယ်ဘုရင် နယ်ပယ်သို့ ရောက်ရှိနိုင်ကြသော်လည်း ၎င်းတို့ကို နဂါးဘုရင်များဟု မခေါ်ဆို နိုင်ကြပေ။ ၎င်းတို့ကို သာမန် အင်မော်တယ်ဘုရင် ဟုသာ ယူဆနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းသည် ထိုနဂါးဘုရင်များထက် နိမ့်ကျသည်။
သေချာသည်မှာ၊ တစုံတယောက်သည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားသရွေ့ အရင်တုန်းက နဂါးဘုရင်ဖြစ်စေ၊ သာမန်အင်မော်တယ် ဘုရင်ဖြစ်စေ ခွဲခြားခြင်းမရှိတော့ဘဲ ထိုပုဂ္ဂိုလ်ကို နဂါးဧကရာဇ်ဟုခေါ်ဆိုနိုင်သည်။
နဂါးဧကရာဇ်၊ ၎င်းသည် အစစ်အမှန်နဂါးမျိုးနွယ်စုတစ်ခု၏ တည်ရှိမူဖြစ်သည်။ ရှေးဟောင်းနတ်နဂါးများအပြင် ၎င်းတို့သည် မြင့်မြတ်သော တည်ရှိမှုများဖြစ်သည်။
ထိုအချိန်တုန်း၊ ချင်ယွင်သည်လည်း သူ၏ဖမည်းတော် အင်မော်တယ် ဧကရာဇ်ချင်ဟန်နှင့်အတူ နဂါးဧကရာဇ်ကို တွေ့ဆုံခဲ့ဖူးသည်။ သူသည် အလွန် အလှမ်းဝေးနေသော်လည်း နဂါးဧကရာဇ်၏ အမြင့်ဆုံးသော ဖိအားနှင့် အငွေ့အသက်ကို ခံစားရနေပြီဖြစ်သည်။ ကမ္ဘာကြီးကို သူကြည့်သည့်ပုံစံက ပုရွက်ဆိတ်တွေကိုကြည့်သည့်အလား ကမ္ဘာကြီးကို အထင်အမြင်သေးသည့်ဟန်ဖြင့် ကြည့်သည်။
ထိုအချိန်တုန်းက၊ ချင်ယွင်သည် သူ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်သောအခါ နဂါးဧကရာဇ်ကို သေချာပေါက်တိုက်ခိုက်မည်ဟုပင် ဆန္ဒရှိခဲ့သည်။ ကံမကောင်းစွာပဲ၊ သူကြီးပြင်းမလာခင်မှာ သူ၏ကျင့်ကြံမှုအခြေခံသည် သုံးစားမရ ဖြစ်ခဲ့ရပြီး ဖရိုဖရဲအင်မော်တယ်အရိုးများလည်း ဖယ်ထုတ်ခံခဲ့ရကာ သေမျိုးကမ္ဘာသို့ပင် ရောက်ရှိသွားခဲ့ရသည်။
"ဘုန်း!"
ကောင်းကင်ယံတွင် လျှပ်စီးကပ်ဘေးဒုက္ခသည် ဆက်လက်ကျဆင်းလာနေပြီး ၎င်း၏စွမ်းအားသည် တစ်ခုထက်တစ်ခု ပိုမိုပြင်းထန်ပြီးသာလွန်သွားခဲ့သည်။
အထူးသဖြင့် ကိုးခုမြောက်လျှပ်စီးကပ်ဘေးဒုက္ခဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်း သော ခရမ်းရောင်လျှပ်စီးကပ်ဘေးဒုက္ခသည် ဆယ်မိုင် ပတ်လည်တစ်ခုလုံးကို လျှပ်စီးလင်းလက်နေသည့် လျှပ်စီးပင်လယ်ကြီးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေ သည်။ အမာခံခံတပ်ကျွန်းသည်လည်း လွတ်ကင်းသွားခြင်းမရှိဘဲ လောင်ကျွမ်းနေသော အနက်ရောင်ကျွန်းကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
သေချာတာက ၊ လျှပ်စီးကပ်ဘေးဒုက္ခကို ခံစားရဆုံးသူမှာ မီးနဂါးကြီး ကိုယ်တိုင် ဖြစ်သည်။ သူသည် လျှပ်စီးပင်လယ်၏ အလယ်ဗဟိုတွင် တည်ရှိနေခဲ့သည်။ သူ၏ အထွတ်အထိပ် အစစ်အမှန် အင်မော်တယ်အဆင့် ကျင့်ကြံမူစွမ်းအားဖြင့်ပင်လျှင် မိုးကြိုးလျှပ်စီးပင်လယ်ထဲတွင် သနားစရာကောင်းသော အော်သံကို ထွက်စေခဲ့သည်။ ထင်ရှားသည်မှာ ဤလျှပ်စီးပင်လယ်၏ စွမ်းအားသည် သာမန်မဟုတ်ပေ။
ကံကောင်းစွာဖြင့်၊ ချင်ယွင်သည် အချိန်မီသိရှိသွားပြီး ပင်လယ်ရေအောက်ကြမ်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းနေခဲ့သည်။ ထိုကြောင့်သာ သူ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မှမဟုတ်ရင်၊ ဤကြောက်စရာကောင်းသည့် လျှပ်စီးကပ်ဘေးဒုက္ခက အနည်းငယ်ထိမိသွားလျှင်ပင် သူသည် ချက်ချင်းပင် ပျက်သုဉ်းသွားရလိမ့်မည်။
ချင်ယွင်သည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အခြားလူများ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်လာသောအခါ ဆင်းသက်လာသော လျှပ်စီးကြောင်းများ တွင် အနက်ရောင်ဖရိုဖရဲလျှပ်စီးများ မပါဝင်ခဲ့ပုံရသည်။ သူ၏ လျှပ်စီးကပ်ဘေး ဒုက္ခသည်သာ အနက်ရောင် ဖရိုဖရဲ လျှပ်စီးနှင့်အမြဲတမ်း ရောထွေးပါဝင်နေခဲ့သည်။
သူ၏ရှေ့မှာရှိနေသည့် မီးနဂါးကြီး၏ လျှပ်စီးကပ်ဘေးဒုက္ခသည် သာမန် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်း သော်လည်း၊ အနက်ရောင် ဖရိုဖရဲလျှပ်စီးသည် မည်သည့်အခါကမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။
၎င်းသည် သူ၏လျှပ်စီးစွမ်းရည်ကိုယ်ပွားမှ အနက်ရောင်ဖရိုဖရဲ လျှပ်စီးကို စုပ်ယူထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ချင်ယွင်က ခန့်မှန်းခဲ့သည်။
"လူသား!"
ချင်ယွင်သည် ပင်လယ်ကြမ်းပြင်အောက်မှ ထွက်လာသည်နှင့် သူ၏နားထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ သူငယ်အိမ်များသည် ရုတ်တရတ် ကျုံ့သွားကာ သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။ ဤတစ်ကြိမ်တွင်၊ သူ့ရှေ့မှာရှိနေသည့် ကြောက်မက်ဖွယ် ကောင်းသော မီးနဂါးကြီးသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သွားပြီး ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ အခုလေးတင်စကားပြောလာသည့် မီးနဂါးကြီးသည် အစောပိုင်းက ကောင်းကင်ကပ်ဘေးဒုက္ခကိုဖြတ်ကျော်နေခဲ့သည့် မီးနဂါးကြီးဆိုတာ အတိအကျပင်ဖြစ်သည်။
ဧရာမနဂါးဦးခေါင်းကြီးသည် ကောင်းကင်ယံမှ ဆန့်ထွက်လာသည်။ ၎င်း၏ ကြီးမားသော မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများက ချင်ယွင်ကို မထီမဲ့မြင်ပြုခြင်းနှင့်အတူ အေးစက်ခြင်းအရိပ်အယောင်များဖြင့် စိုက်ကြည့်နေသည်။
ချက်ခြင်းပင်၊ ချင်ယွင်သည် သူ့ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့သည်ကို တွေ့ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များပင် ရပ်တန့်သွားပုံရသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုသည် တောင်ပေါင်းတစ်သိန်းက သူ့အပေါ်ကို ဖိထားသလိုမျိုး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ ခြေထောက်များ တုန်ခါလာပြီး ကွေးညွှတ်သွားစေသည်။ သူသည် ဒူးထောက်လုနီးပါးပင်ဖြစ်သွားခဲ့ရသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဖိအားပဲ။ ငါ့ရဲ့ အစောပိုင်းအဆင့် အစစ်အမှန်အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအားတောင်မှ ဒီကြောက်စရာကောင်းတဲ့ ဖိအားကို ခံနိုင်ရည်မရှိခဲ့ဘူး။" ချင်ယွင်၏နှလုံးသားသည် မြစ်ရေပြင်ကဲ့သို့ လူးလှိမ့်နေလေသည်။
သူ စောစောက ထွက်ခွာမသွားရခြင်း၏ အကြောင်းရင်းမှာ သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် မဝေးသောနေရာတွင် ရပ်စောင့်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မူလကတော့ မီးနဂါးကြီးက သူ့ကို ဂရုမစိုက်ဘူးဟု ထင်ထားခဲ့သည်။ အမှန်တကယ် ဆိုလျှင်လည်း၊ သူ၏မျက်လုံးများတွင် လက်ရှိချင်ယွင်သည် ပုရွက်ဆိတ်တစ်ကောင် သာဖြစ်သည်။
သို့သော်လည်း ဤမီးနဂါးကြီးသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက် ပထမဆုံးပြုလုပ်ခဲ့သည့်အရာက သူ့ကိုရှာဖွေခြင်းဖြစ်လိမ့်မည်ဟု ချင်ယွင်က မမျှော်လင့်ခဲ့ပေ။ ဒါက မျက်ရည်မကျပါဘဲ ငိုနေရသလို ခံစားရသည်။
ထိုအခိုက်တန့်တွင် ကောင်းကင်ယံမှာ မိုးကြိုးလျှပ်စီးများပြည့်နှက်နေသည့် တိမ်တိုက်ကြီးသည်လည်း လွင့်ပျယ်သွားကြပြီ။ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် အလင်းတန်းများသည် ဆင်းသက်မလာသေးပေ ၊ ထို့ကြောင့် အစစ်အမှန်နဂါးကြီးသည် အင်မော်တယ်ကမ္ဘာသို့ မတက်လှမ်းမီ အချိန်ကာလတစ်ခု ရှိနေသေးသည်။
ထိုအချိန်သည် အစစ်အမှန်နဂါးက သူ့ကို အကြိမ်တစ်ရာသတ်ပစ်ဖို့ လုံလောက်ပါ သည်။
"လူသား၊ မင်းက အင်မော်တယ်ကမ္ဘာက လူတစ်ယောက်လား? မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့တဲ့ အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအင်သဲလွန်စက မင်းဟာ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ခဲ့ဖူးပြီး မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ရှိနေခဲ့တယ်။ ဒါက အရာအားလုံးကို ရှင်းပြပြီးသားဖြစ်ဖို့ လုံလောက်ပါပြီ။" မီးနဂါးကြီး၏အသံသည် ချင်ယွင်၏နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင် အံ့အားသင့်သွားသည်။ ဤအရာသည် သူ၏နှလုံးသားထဲတွင် အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ ကျန်းရွှန်ရှင်းနှင့် သူ၏ဆရာသခင် ရှေးဟောင်းတာအိုတို့သာ ဤလျှို့ဝှက်ချက်ကို သိကြသည်။ ရန်စီချီကိုတောင် သူတခါမှ မပြောဖူးခဲ့ပေ။ ဤမီနဂါးကြီးသည် ဤအခိုက်အတန့်လေးအတွင်းမှာ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သို့သော်လည်း ဤလျှို့ဝှက်ချက်သည် ဖော်ထုတ်ခံလိုက်ရပြီဆိုကတည်းက ချင်ယွင်က မည်သည်အရာကိုမျှ မဖုံးကွယ်တော့ဘဲ တုံ့ပြန်ဖြေလိုက်သည် "မှန်ပါတယ်၊ ကျွန်တော်ဟာ အတိတ်တုန်းက အင်မော်တယ်ကမ္ဘာမှာ အမှန်တကယ်နေခဲ့ဖူးတယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့ကျင့်ကြံမူအခြေခံက သုံးစားမရဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်ကို သေမျိုးကမ္ဘာဆီ ပို့လိုက်ကြတာပဲ"။
"ကျင့်ကြံမှုအခြေခံ သုံးစားမရဖြစ်သွားတာလား၊ သေမျိုးကမ္ဘာဆီကို ပို့လိုက်ကြတာလား" အစစ်အမှန်နဂါးက တခဏလောက် တွေးတောပြီးနောက် ပြောလိုက်သည် " ကောင်စုတ်လေး၊ မင်းက အင်မော်တယ်ကမ္ဘာကလာတဲ့ အတွက်ကြောင့် မင်းကို ငါ မသတ်တော့ဘူး ၊ ဒါ့အပြင် မင်းကို လျှို့ဝှက်ချက် တစ်ခုလည်း ငါ ပြောပြဦးမယ် " ။
အခန်း (၂၆၈) ဧရာမအခွင့်ရေးကြီးတစ်ခု။
"လျှို့ဝှက်ချက်လား?" ချင်ယွင်သည် မီးနဂါးကြီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
မီးနဂါးကြီးသည် ၎င်း၏ကြီးမားလှသော နဂါးခြေသည်းကြီးကို မြှောက်လိုက်ပြီး ပင်လယ်ကြီး၏ နက်ရှိုင်းသည့်အရပ်ဆီသို့ ညွှန်ပြလိုက်သည်။ "ဒီပင်လယ်ကြီးရဲ့ နက်ရှိုင်းတဲ့နေရာမှာ၊ ကြီးမားတဲ့ အင်မော်တယ်အမွေအနှစ်နယ်မြေကြီးတစ်ခုရှိတယ်။ အထွက်အထိပ် အင်မော်တယ်ဘုရင် ကျွမ်းကျင်သူတွေ ချန်ထားရစ်ခဲ့တဲ့ ရတနာတွေနဲ့ အမွေအနှစ်တွေ အားလုံးရှိတယ်။"
"အင်မော်တယ်အမွေအနှစ်နယ်မြေလား၊ အထွက်အထိပ် အင်မော်တယ်ဘုရင်လား?" ချင်ယွင်က အံ့သြစွာပြောသည်။
ဤစကားက တုလုံကျွန်းအောက်ရှိနန်းတော်ထဲတွင်တွေ့ခဲ့သည့် ဓားအမှတ်သား ကျောက်ဖြာကြီးကို အမှတ်ရစေပါသည်။ ကျောက်ဖြာပေါ်ရှိထို ဓားအမှတ်အသား တွေကို အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများ ချန်ထားခဲ့တာဖြစ်သင့်သည်။
ထိုအချိန်တုန်း၊ ချင်ယွင်သည် အနာဂတ်တွင် ထိုဓားအမှတ်သား ကျောက်ဖြာကြီးကို ဖယ်ထုတ်ရန် အခွင့်အရေးရနိုင်မလားဟု တွေးတောဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် နန်းတော်ကြီးသည်ပြိုကျသွားခဲ့ပြီး တုလုံကျွန်းသည်လည်း နစ်မြုပ်သွားခဲ့သည်။ ထိုဓားအမှတ်သားကျောက်ဖြာကြီးကို ထပ်မံရှာဖွေတွေ့ဖို့က ကောင်းကင်ဘုံသို့ တက်သည်ထက်ပင် ခက်ခဲပေလိမ့်မည်။
နက်ရှိုင်းသောပင်လယ်နက်ထဲတွင် အင်မော်တယ်ဘုရင်၏နန်းတော်တစ်ခုရှိကြောင်း မီးနဂါးကြီးပြောသည်ကို ချင်ယွင်ကြားသောအခါ သူ အံ့အားသင့်သွားခဲ့ရသည်။
"ဖြစ်နိုင်တာက အဲဒီအင်မော်တယ်ဘုရင်က ခင်ဗျားကို ဒီနေရာမှာ စည်းတံဆိပ်ခတ်ထားတဲ့လူပဲဖြစ်ရမယ် ဟုတ်တယ်မလား။" ချင်ယွင်က မှန်းဆလိုက် သည်။
"မှန်တယ်၊ သူက ငါ့ကို ဒီပင်လယ်ကြီးအောက်ခြေမှာ နှစ်ငါးထောင် ကြာအောင် စည်းတံဆိပ်ခတ်ထားခဲ့သူပဲ" မီးနဂါးကြီးသည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ ချက်ချင်းနှာခေါင်းရှုံ့လိုက်ပြီးနောက် အဖြူရောင်မီးခိုးလုံးကြီး နှစ်လုံးကဲ့သို့ အခိုးအငွေ့များ ထွက်လာသည်။ ၎င်းအခိုးအငွေ့များသည် ထက်ထက်သောဓားကဲ့သို့ ပင်လယ်ထဲသို့ ထိုးကျသွားပြီး လှိုင်းလုံးကြီးများပင် မြင့်တက်လာခဲ့သည်။ ကြီးမားလှသော နဂါးမျက်လုံးကြီးများမှတဆင့် ပြင်းထန်သောအလင်းတန်းတစ်ခုက လင်းလက်သွားခဲ့သည်။
ချင်ယွင်သည် မထိန်းနိုင်ဘဲ ပါးစပ်အပြည့် တံတွေး မျိုချလိုက်ရသည်။ ဤမီးနဂါးကြီးသည် နှာခေါင်းတချက်ရှုံ့ရုံမျှသာဖြစ်ပြီး ၎င်းသည် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အကယ်၍ သူ၏စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပါက မည်ကဲ့သို့ဖြစ်လာမည်နည်း။ သူသည် အသက်တစ်ချက် ရှူလိုက်ရုံဖြင့်ပင် လွင့်ပါးသွားနိုင်ပေလိမ့်မည်။
ဒါပေမယ့် အဲဒီလူက သေသွားခဲ့ပြီ။ ငါ့ကို စည်းတံဆိပ်မခတ်ခင် ကတည်းက ဒီလူက သေနေပြီ။ ဒါကြောင့် သူ ငါကို စည်းတံဆိပ် ခတ်လိုက်သောအခါတွင် စွမ်းအားများစွာ မကျန်တော့တာ။ မဟုတ်ရင် ငါက သူ့စည်းတံဆိပ်ကို ဒီလောက်မြန်မြန် ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။” မီးနဂါးကြီးက ဆက်ပြောသည် ။
"ဒါတွေကို ခင်ဗျား ဘာလို့ ကျွန်တော့်ကိုပြောနေတာလဲ၊ ခင်ဗျား ကျွန်တော့်ကို ပြန်ယူပေးစေချင်တဲ့ ခင်ဗျားလိုအပ်နေတဲ့ပစ္စည်းတစ်ခုခု အင်မော်တယ်နန်းတော်ထဲမှာ ရှိနေလို့များလား" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
မီးနဂါးကြီးသည် အင်မော်တယ်အမွေအနှစ်နယ်မြေသို့သွားရန် အချိန်မရှိတော့ ကတည်းက သူသည် ဤအရာအားလုံးကို ပြောပြရန်သာ လိုအပ်တော့သည် ။ နဂါးမျိုးနွယ်စု၏ မောက်မာသော စိတ်ဓာတ်ဖြင့်ဆို၊ သူတို့သည် အင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင်ကိုများကိုပင် မထီမဲ့မြင်ပြုကြသည်။ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသည်ဆိုသည့် အကြောင်းအရင်းကြောင်း ထိုအခွင့်အရေးကို သူအား မည်သို့ ပြောပြနိုင်မည်နည်း။
ဆိုလိုသည်မှာ မီးနဂါးကြီးသည် အင်မော်တယ်နန်းတော်တွင် သူအလိုရှိသော အရာတစ်ခုခု ရှိနေသည်ဟု ဆိုလိုနိုင်သည်။
"ဟား၊ ဟား၊ မင်းက သာမန်လူတစ်ယောက်မဟုတ်ဘဲ တကယ့်ကို ဉာဏ်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်နေတာပဲ။ မှန်တာပေါ့၊ ငါ မင်းကို ဒီအခွင့်အရေးကို ဘယ်လိုလုပ် အလကား ပြောပြပါ့မလဲ။ အဲဒီအင်မော်တယ် နန်းတော်ကနေ တစ်ခုခုကို ရအောင်ယူဖို့ မင်း ငါ့ကို ကူညီစေချင်တယ်။" မီးနဂါးကြီးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"အဲဒါဘာလဲ?" ချင်ယွင်က မေးသည်။
"ငါတို့နဂါးမျိုးနွယ်စုရဲ့ အကြီးအမြတ်ဆုံး ရတနာတစ်ခုပေါ့၊ နတ်နဂါးကျောက်စိမ်း တံဆိပ်လို့ခေါ်တယ်" မီးနဂါးကြီးက ဆက်ပြောပါသည်။
"နတ်နဂါးကျောက်စိမ်းတံဆိပ်လား? နဂါးမျိုးနွယ်စု၊ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သင်္ကေတတစ်ခုလား?" ချင်ယွင်က မျက်လုံးများကို ပြူးကျယ်စွာဖွင့်ရင်း ပြောလိုက်သည်။
ဤနတ်နဂါးကျောက်စိမ်းတံဆိပ်ကို သူကြားဖူးသည်။ ၎င်းသည် နဂါးမျိုးနွယ်စု၏ အကြီးအမြတ်ဆုံးရတနာဖြစ်ပြီး တုနှိုင်းမရသည့်စွမ်းအားတွေ ပိုင်ဆိုင်ထားသည်ဟု ဆိုကြပါသည်။ ၎င်းသည် နဂါးမျိုးနွယ်စု ခေါင်းဆောင်ကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုကြသည်။ ၎င်းသည် သေမျိုးကမ္ဘာ၏ ပင်လယ်အောက်ခြေအောက်ခြေတွင် ရှိနေမည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပေ။
"နတ်နဂါးကျောက်စိမ်းတံဆိပ်က ငါတို့နဂါးမျိုးနွယ်စုအတွက် အလွန်အရေးကြီးတယ်၊ ဒါပေမယ့် အဲဒီတံဆိပ်က မင်းတို့လူသားမျိုးနွယ်စုအတွက်တော့ အသုံးမ၀င်ဘူး။ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသက်သွင်းရန်အတွက် မင်းအနေနဲ့ နဂါးမျိုးနွယ်စုရဲ့သွေးမျိုးဆက်ကို လိုအပ်တယ်ကွ။" မီးနဂါးကြီး၏ မျက်လုံးများတွင် ကောက်ကျစ်မှု အရိပ်အယောင် ပေါ်လာသည်။
ချင်ယွင်သည် တိတ်ဆိတ်သွားသော်လည်း သူ၏စိတ်ထဲတွင် မလှောင်ရယ်ဘဲ မနေနိုင်တော့။
မီးနဂါးကြီးရှေ့တွင် ရပ်နေသည့်သူသည် သူ၏သစ်သားစွမ်းရည် ကိုယ်ပွားမျှသာ ဖြစ်သောကြောင့် မီးနဂါးသည် သူ၏မူလခန္ဓာကိုယ်ရှိ မီးနဂါးသွေးမျိုးဆက်ကို မခံစားရပေ။ တစ်နည်းဆိုရသော် သူ၏မူလခန္ဓာကိုယ်သည် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို လုံးလုံးအသုံးပြုနိုင်သည်။
အမှန်တကယ်ဆိုရင်လည်း၊ ချင်ယွင်သည် ဤနတ်နဂါးကျောက်စိမ်းတံဆိပ်က နဂါးမျိုးနွယ်စုအတွက် အလွန်အရေးကြီးကြောင်း အမြဲသံသယဝင်မိသည်။ အကယ်၍ မီးနဂါးကြီးသည် နဂါးမျိုးနွယ်စုအတွက် ၎င်းကျောက်စိမ်းတံဆိပ်ကို အမှန်တကယ် လိုချင်ပါက သူသည် နဂါးမျိုးနွယ်စုသို့ ပြန်ရောက်ပြီးနောက် ဤသတင်းကို နဂါးဧကရာဇ်ထံ အကြောင်းကြားပြီး နဂါးဧကရာဇ်ကို အစီရင်ခံနိုင်ပါသည်။ .
နဂါးဧကရာဇ်သည် အင်မော်တယ်ကမ္ဘာ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ရယူရန်အတွက် သေမျိုးကမ္ဘာသို့ ရောက်ရှိလာနိုင် သည်။
ယခု မီးနဂါးကြီးက ၎င်းကျောက်စိမ်းတံဆိပ်နှင့်ပတ်သက်ပြီး ဤအရာအားလုံးကို ပြောပြခဲ့သည်၊ ၎င်း၏ ရည်ရွယ်ချက်မှာ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို လက်ဝါးကြီး အုပ်ထားရန်ဖြစ်ကြောင်း ထင်ရှားပါသည်။
.
"ဒါဆို ဒီနတ်နဂါးကျောက်စိမ်းတံဆိပ်ကို ကျွန်တော်ရှာတွေ့ပြီးရင် အင်မော်တယ်ကမ္ဘာ ကို ပြန်ရောက်လာတဲ့အခါ ကျွန်တော် ခင်ဗျားကို ဘယ်လိုလာရှာရမလဲ" ချင်ယွင်က မေးလိုက်သည်။
မီးနဂါးကြီး၏ ပါးစပ်ထောင့်စွန်းသည် လူသားဆန်ဆန် အပြုံးတစ်ခုဖြင့် ထင်ရှားလာ သည်။ သူက ချင်ယွင်ဆီကို ကြက်သွေးရောင် မီးလျှံတံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်ပြီး ပြောသည် "ဒီတံဆိပ်ပြားကို ယူသွားလိုက်ပါ။ မင်း အင်မော်တယ် ကမ္ဘာကို ပြန်ရောက်လာတာနဲ့ မင်းရဲ့တည်နေရာကို ငါသိနိုင်မှာပါ။ အဲဒီအချိန်မှာ မင်းကို သဘာဝအတိုင်း ငါ ရှာတွေ့လိမ့်မယ်။ မင်းက နတ်နဂါးကျောက်စိမ်းတံဆိပ်ကို မင်းပြန်ယူလာတဲ့အတွက် ငါတို့နဂါးမျိုးနွယ်စုက မင်းကို သေချာပေါက် ကျေးဇူး ပြန်ဆပ်ပါလိမ့်မယ်။"
ချင်ယွင်သည် တံဆိပ်ပြားကိုယူလိုက်ပြီးနောက် ၎င်းအနီရောင်တံဆိပ်ပြားသည် ပူပြင်းသောအငွေ့အသက်ကို ထုတ်လွှတ်ကြောင်း တွေ့ရှိရသည်။ ၎င်းတွင် မီးလျှံစာလုံးတစ်လုံးရှိပြီး တဖက်မှာ နဂါးပုံစံအရုပ်တစ်ခု ရှိသည်။
"ကောင်းပါပြီ!" ချင်ယွင်က ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သော်လည်း အေးစက်သော အပြုံးတစ်ခုက သူ၏နှလုံးသားထဲတွင် ပေါ်လာသည် " ကျေးဇူးပြန် ဆပ်ဖို့လား။ ဟား….၊ဟား..၊ အဲဒီအချိန်ရောက်ရင် မီးနဂါးကြီးက နတ်နဂါးကျောက်စိမ်း တံဆိပ်အတွက် ဘယ်သူ့ကိုမဆို သတ်ပစ်မှာကိုတောင် ငါ ကြောက်မိနေတယ်၊ ဘာဖြစ်လို့ သူ့ကို ကျေးဇူးပြန်ဆပ်နေမှာလဲ?"
သို့သော် ချင်ယွင်သည် စိတ်လှုပ်ရှားဟန်ဆောင်နေဆဲဖြစ်ပြီး အနီရောင်တံဆိပ်ပြားကို ကိုင်ဆောင်ထားရင်း သူ၏မျက်လုံးများက တောက်ပနေသည်။
မီးနဂါးကြီးသည် ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး အေးစက်သောအပြုံးတစ်ခုက သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းလက် သွားသည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့ပြီး မီးတောက်နဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လွှမ်းခြုံသွားသည်။
"ကောင်းပြီ လူသားလေး၊ ငါ့အချိန်ကလည်း ပြည့်သွားပြီ။ နောက်ဆုံး တစ်ခု သတိပေးချင်တာကတော့ မင်း အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ကို ရောက်တဲ့အခါကျမှ အင်မော်တယ်နန်းတော်ကို သွားလိုက်တာ အကောင်းဆုံးပါပဲ၊ အင်မော်တယ်နန်းတော်ကို စောင့်ကြပ်နေတဲ့လူလည်း ရှိနေတယ်။ အဲဒါက ငါ့အတွက် ဘာမှမဟုတ်ပေမယ့် မင်းလိုကောင်လေး အတွက်တော့ ဒီကိစ္စကိုဖြေရှင်းဖို့က လွယ်မှာ မဟုတ်ဘူး။" မီးနဂါးကြီးက ပြောသည်။
ထိုသို့ပြောပြီးနောက်၊ ရွှေရောင်အလင်းတန်းများက မီးနဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ချက်ချင်းဖုံးလွှမ်းကာ ကောင်းကင်ရှိ ရွှေရောင် တိမ်တိုက်များထဲသို့ ချက်ချင်း စုပ်ယူသွားခဲ့သည်။
ချင်ယွင်သည် မီးနဂါးကြီးထွက်ခွာသွားသည်ကိုကြည့်ရင်း စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
အစစ်အမှန် အင်မော်တယ်အထွတ်အထိပ် အစစ်အမှန်နဂါးတစ်ကောင်၏ ဖိအားကိုရင်ဆိုင်ရသည့်အခါ သူ မည်သို့ မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။
ထိုအချိန်မှာ သူ့ကျောပြင်က ချွေးများဖြင့် စိုရွှဲနေလေပြီ။
အကယ်၍ စောစောလေးက မီးနဂါးကြီး၏တောင်းဆိုချက်ကိုသာ သူသဘောမတူခဲ့ ဘူးဆိုလျှင်၊ ယခုအချိန်မှာ သူဟာ ရှင်းလင်းခံရပြီးလောက်ပါပြီ။
ဤမီးနဂါးကြီးသည် ၎င်း၏ပါးစပ်မှ မီးတောက်ငယ်လေးတစ်ခုကို ထွေးထုတ်လိုက်လျှင်ပင် ချင်ယွင်၏ သစ်သားစွမ်းရည်ကိုယ်ပွားကို လုံးလုံးလျားလျား လောင်ကျွမ်းသွားစေနိုင်ကြောင်း သိထားရမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင်၊ ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းသည် ထွက်ပေါ် လာမည်ဖြစ်ပြီး ချင်ယွင်၏အစစ်အမှန်ကိုယ်ခန္ဓာနှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် လည်း သဘာဝအတိုင်း ရှင်သန်နိုင်မည် မဟုတ်တော့ပေ။
သို့သော်လည်း မီးနဂါးကြီးက သူ့ထံပေးပို့ခဲ့သည့် အချက်အလက်သည် ချင်ယွင်အတွက် အလွန်အသုံးဝင်ဆဲ ဖြစ်သည်။
အထွတ်အထိပ် အင်မော်တယ်ဘုရင်၏ အင်မော်တယ်နန်းတော်သည် ချင်ယွင်အတွက် အတော်လေး ဆွဲဆောင်မှုရှိသည်။ ထို့အပြင်၊ အင်မော်တယ် ဘုရင်တစ်ပါးသည် မီးနဂါးကြီးကို သေမျိုးကမ္ဘာသို့ခေါ်ဆောင်လာခဲ့ပြီး နဂါးမျိုးနွယ်စု၏ရတနာများကိုပင် ယူဆောင်သွားနိုင်ခဲ့သည်။ ထင်ရှားသည်မှာ ဤအင်မော်တယ်ဘုရင်သည် မရိုးရှင်းပေ။ ဤထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရလိမ့်မည်။
အကယ်၍ သူသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကိုရရှိပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်သွားပါက၊ မီးနဂါးကြီးသည် သူ့ကိုသတ်ပြီး ရတနာကို သိမ်းယူရန်အတွက် သူ့ကို လာရှာဖွေရမည် ဖြစ်သည်။ မီးနဂါးကြီးသည် ချင်ယွင်၏တည်နေရာကို ရှာဖွေရန် အတွက် တံဆိပ်ပြားတစ်ခုကို အသုံးပြုခြင်းသည် အမှန်တကယ်တော့ လှည့်စားခြင်းပင် ဖြစ်သည်။
ထို့အပြင် မီးနဂါးကြီးသည် နောက်ထပ်နည်းလမ်းများ ရှိနေသေးသည်ဟုပင် ချင်ယွင် သံသယရှိခဲ့သည်။ မီးနဂါးကြီးသည် သူ၏သစ်သားကိုယ်ပွားခန္ဓာကိုယ်တွင် ချင်ယွင် မသိနိုင်သည့်နည်းလမ်းဖြင့် အမှတ်အသားအချို့ကို ချန်ထားခဲ့ကောင်း ချန်ထားနိုင်သည်။
သေချာတာသည်မှာ၊ ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲမှာ သစ်သားစွမ်းရည်ကိုယ်ပွားကို သိမ်းထားသရွေ့ မီးနဂါးကြီးက သူ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
ဤကြက်သွေးရောင်မီးလျှံနဂါးတံဆိပ်အတွက်၊ ချင်ယွင်သည် ၎င်းကို အနာဂတ်တွင် အသုံးဝင်နိုင်သည်ဟု အမြဲခံစားရသောကြောင့် ၎င်းကို မဆုံးရှုံးချင်သေးသည့်အတွက် သူသည် ကြက်သွေးရောင်မီးလျှံနဂါးတံဆိပ်ကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စု ပုံကြမ်းသို့ ပစ်ချလိုက်သည်။
"အရင်ဆုံး အထဲမှာ အိပ်နေလိုက်ဦး!" ချင်ယွင်က သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ထျန်းယွန် တိုက်ကြီးဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာသည်။
"ထျန်းယွန်တိုက်ကြီးဆီ ပြန်သွားဖို့ အချိန်တန်ပြီ။ ဒီတစ်ခါတော့ ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်က ရန်စီစီအတွက်ပဲ။ စီချီကိုတွေ့ဖို့ ဘိုင်ယွန်မြို့တော်ကို သွားကြရမယ်။ နောက်ဆုံးမှ တော်ဝင်အကြီးအကဲ ရှင်းယွန်ကိုတွေ့ဖို့ မိုးကြိုး ဝိညာဉ်ဂိုဏ်းကို သွားမယ်။ အားလုံးပြီးမှ၊ ငါ့အစ်မကိုရှာဖွေဖို့အတွက် ကောင်းကင်နဂါးတိုက်ကြီးကို သွားရမယ့်အချိန်ပဲ။"
ချင်ယွင်က သူ၏လက်သီးတွေကို တင်းတင်းဆုပ်ထားလိုက်ပြီး သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ယင်းအစား၊ အနှိုင်းမဲ့ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ "အစ်မ၊ ဒီတစ်ခါ အစ်မကို ကျွန်တော်ရှာတွေ့ရမယ်။ တကယ်လို့ ကောင်းကင်ဘုံဂိုဏ်းက အစ်မကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိတယ်ဆိုရင် ဘာသဲလွန်စမှ မကျန်တဲ့အထိ ကျွန်တော် သူ့တို့ကို သေချာပေါက် သတ်ပစ်မယ်"
ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်လာနေကာ သူ့ခြေဖဝါးအောက်ရှိ ပင်လယ်ရေထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာနေသည်။
အခန်း (၂၆၉) စက်ဆုပ်ရွံရှာဖွယ် သိုင်းမြို့စားများ။
ဝှီး! ဝှီး!
စူးရှသော လေတိုးအသံနှစ်ချက် ထွက်ပေါ်လာပြီး ချင်ယွင်ပျောက်ကွယ် သွားသောနေရာတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
ဤလူနှစ်ဦးသည် သိုင်းမြို့စားချင်းယွန် နှင့် ဘိုင်ဟေသိုင်းမြို့စားမှလွဲ၍ အခြားသူများ မဟုတ်ပေ။
မီးနဂါးကြီး၏ လျှပ်စီးကပ်ဘေးဒုက္ခကြောင့် ကြောက်လန့်ပြီး အဝေးကို ထွက်ပြေးကြ သော်လည်း သိပ်အဝေးကြီး မပြေးခဲ့ကြပါဘူး။ ယင်းအစား၊ သူတို့သည် ချင်ယွင် ပင်မတိုက်ကြီးဆီသို့ ပြန်မပြေးနိုင်ရန်အတွက် မိုင်တစ်ရာအကွာ ပင်လယ်ပြင်မှာ ရှိနေခဲ့ကြသည်။
နောက်ပိုင်းတွင် အစစ်အမှန်နဂါးကြီး ကပ်ဘေးဒုက္ခဖြတ်ကျော်ပြီး အင်မော်တယ် ကမ္ဘာသို့ တက်လှမ်းသွားသည်ကို မြင်သောအခါ သူတို့သည်ချက်ချင်းပင် ပြေးလာကြသည်။ သို့သော် အဆုံးမဲ့ပင်လယ်ပြင်တွင် ချင်ယွင်၏ သဲလွန်စပင် မရှိတော့ပေ။
"ဒီမျိုးမစစ်ကောင် ဘယ်ရောက်သွားတာလဲ၊ ဧရာမနဂါးကြီးက မျိုချသွားတာများ ဖြစ်နိုင်လား" ဘိုင်ဟေသိုင်းမြို့စား၏အဆီဖုံးနေသည့်ခန္ဓာကိုယ်ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အထက်တွင် လွင့်မျောနေပြီး သူ၏ဘေးက သိုင်းမြို့စားချင်းယွန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
သိုင်းမြို့စားချင်းယွန်သည် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ မျက်လုံးများကို မှေးကျဉ်းထားသည်။ "ငါလည်း ဒီလိုဘဲထင်တယ်၊ ဒီကလေးက အဲဒီအချိန်တုန်းက အစစ်အမှန်နဂါးကြီးနဲ့ အရမ်းနီးကပ်နေခဲ့တယ်၊ ဒါကြောင့် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"
"ဟမ့်၊ ဒီအတိုင်းသာဆို သူ့အတွက် တကယ်ကို စျေးပေါလွန်းတယ်။ ဒီအယုတ်တမာကောင်က ငါ့သားတစ်ယောက်ကို သတ်ပြီး ငါ့သားတစ်ယောက် ကိုလည်း သုံးစားမရဖြစ်စေခဲ့တယ်။ မူလကတော့ ငါ သူ့ကိုဖမ်းပြီး သူ့အသက်အတွက် တောင်းပန်ခိုင်းစေချင်ခဲ့တာ၊ ငါ မလုပ်နိုင်ခဲ့ဘူး။ ငါ သူ့ကို သူ့ဘာသာသူ သေမသွား စေချင်ဘူး။ ဒီအတိုင်းဆို ငါ့နှလုံးသားထဲက အမုန်းတရားတွေကို ငါ ဘယ်လိုလုပ် ဖြေဖျောက်နိုင်ပါတော့မလဲ။ ဘိုင်ဟေသိုင်းမြို့စားက အေးစက်စွာ အော်ပြောလိုက်ပြီး သူ့မျက်နှာမှာ ဒေါသကြောင့် တုန်ခါနေသည်။
သိုင်းမြို့စားချင်းယွန်သည် သူ၏မျက်လုံးတွေကို မှေးကျဉ်းထားပြီး ပြင်းထန်သည့် ဒေါသက သူ၏ရင်ဘတ်ထဲမှာ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေသည်။ သူပြောတာ မှန်ပေသည်၊ သူ၏သားသည် ချင်ယွင်၏လက်ထဲတွင် သနားစရာ ကောင်းစွာဖြင့် သေဆုံးသွားခဲ့ရပြီး သူသည် ချင်ယွင်ကို အစိတ်အပိုင်း တစ်သောင်းလောက် ခွဲထုတ်ပစ်နိုင်ပါစေဟုပင် ဆုတောင်းမိသည်။
ယခုအချိန်တွင် ချင်ယွင်သည် အစစ်အမှန်နဂါးကြီး၏ ဝါးမျိုချခံရဖွယ်ရှိသည်။ ယင်းက သူတို့သည် ကလဲ့စားချေပြီးသွားပြီဟု ယူဆလို့ရသော်လည်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ မသတ်ခဲ့ကြရပေ။ ဒါ့အပြင် သူတို့နှလုံးသားထဲက နာကြည်းမှုများသည်လည်း ဖြေလျှော့သွားနိုင်ခြင်း မရှိသေးပေ။
ရုတ်တရက် သိုင်းမြို့စားချင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး သူ၏ ပါးစပ်ထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာသည်။
“ချင်ယွင်က သူ့ကိုယ်သူ ဆုံးရှုံးအောင် (သေဆုံးအောင်) လုပ်ပြီးမှတော့ ချင်ယွင်ရဲ့ ဆွေမျိုးတွေကို ကလဲ့စားချေဖို့ ဘာကြောင့်သွားမရှာရမှာလဲ။ ချင်ယွင်မှာ အမျိုးသမီး နှစ်ယောက် ရှိတယ်လို့ ငါကြားထားတယ်။”
ဘိုင်ဟေသိုင်းမြို့စားသည် သိုင်းမြို့စားချင်းယွန်၏ မျက်နှာပေါ်တွင် ရက်စက် ကြမ်းကြုတ်သော အပြုံးကို မြင်သောအခါ သူတွေးနေသည့်အရာများကို ချက်ချင်း သဘောပေါက်သွားသည်။
"မင်းက ချင်ယွင်ရဲ့ မိန်းမနှစ်ယောက်ကို လက်စားချေဖို့ သွားရှာချင်တာလား။" ဘိုင်ဟေသိုင်းမြို့စားက မေးသည်။
'"ဟုတ်တယ်၊ ချင်ယွင်ကို စုံစမ်းဖို့ အရင်က ငါ့လူတွေကို စေလွှတ်ပြီးပြီ။ သူ့မှာ စုစုပေါင်း အမျိုးသမီးနှစ်ယောက်ရှိတယ်။ တစ်ယောက်က သိုင်းမြို့စားဘိုင်ယွန်ရဲ့တပည့် ရန်စီချီတဲ့၊ နောက်တစ်ယောက်ကတော့ မိုးကြိုဝိညာဉ်ဂိုဏ်းက ကျန်းရွှင်ရှင်းဆိုတဲ့ တပည့်မ တစ်ယောက်ပဲ။ ငါက ဒီမိန်းမနှစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို ခံစားရစေချင်တယ်။ ဒါဆို ချင်ယွင်သေဆုံးသွားရင်တောင် သူ ငြိမ်းချမ်းနိုင်မှာ မဟုတ်တော့ဘူး။" သိုင်းမြို့စားချင်းယွန်၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။
"ဒါပေမယ့် ရန်စီချီကိုသိုင်းမြို့စားဘိုင်ယွန်က အကာအကွယ်ပေးထားတယ်။ ငါတို့နှစ်ယောက် အတူတူသွားရင်တောင် သူ့ဝပ်ကျင်းထဲမှာဆို ဘာအကျိုးကျေးဇူးမှ ရနိုင်မှာမဟုတ်ဘူး။ နောက်ပြီး မိုးကြိုဝိညာဉ်ဂိုဏ်းကလည်း ရိုးရှင်းပုံမပေါ်ဘူး။ မိုးကြိုဝိညာဉ်ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်က သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှာ ရှိနေတယ်။ ဒါက ကိုင်တွယ်ဖို့ တော်တော်လေးခက်ခဲလိမ့်မယ်။" ဘိုင်ဟေသိုင်းမြို့စားက စိုးရိမ်စွာပြောသည်။
သိုင်းမြို့စားချင်းယွန်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ သူသည် ဘိုင်ဟေ သိုင်းမြို့စားကို ကြည့်ကာ သူ၏ဝက်ဦးနှောက်ကိုပင် ကြိမ်းမောင်းမိသည်။ သို့သော်လည်း သူရှင်းပြလိုက်ဆဲ ဖြစ်သည်၊ "အရင်က ငါအမာခံ ခံတပ်ကျွန်းမှာ ရှိနေတုန်းက နဝမမင်းသားရဲ့ မျက်လုံးတွေဟာ ချင်ယွင်အပေါ် မုန်းတီးမှုတွေ ပြည့်နှက်နေတာကို သတိပြုမိခဲ့တယ်။ ငါတို့က နဝမမင်းသားရဲ့ဒေါသကို ညင်သာစွာ နှိုးဆွပေးပြီး သူတို့ရဲ့ အင်အားကို အသုံးချနိုင်တယ်လေ။ နဝမမင်းသားရဲ့ ပင်ကိုယ်စရိုက်အရ၊ သူဘယ်လိုမှ မလှုပ်ရှားဘဲ နေနိုင်မှာမဟုတ်ဘူး"
ဘိုင်ဟေသိုင်းမြို့စားသည် ထိုစကားကိုကြားသောအခါ၊ သူ၏မျက်နှာပေါ်တွင် ရုတ်တရက် ဉာဏ်အလင်းပေါ်လာပြီး ကောက်ကျစ်သည့် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူတို့နှစ်ဦးသည် ပင်မတိုက်ကြီးဆီသို့ တိုက်ရိုက်ပျံသန်း သွားကြသည်။
သို့သော်၊ သူတို့သည် ပင်လယ်ကြမ်းပြင်အောက်ခြေတွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်ကို တွေ့မသွားခဲ့ကြပေ၊ သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့ ကြားပြောစကားများကို ချင်ယွင်သည် စကားတစ်ခွန်းတစ်လေတောင် လွဲချော်သွားခြင်းမရှိစေဘဲ ရပ်တန့်နေခဲ့သည်။
သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် ပြန်လာလိမ့်မည်ဟု အချိန်အတော်ကြာကတည်းက ချင်ယွင်သည် မျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် မီးနဂါးကြီး တက်လှမ်းသွားပြီးနောက်၊ ချင်ယွင်သည် ပင်လယ်ကြမ်းပြင်အောက်သို့ ချက်ခြင်းကူးခတ်သွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်အသွင်ပြောင်း ခြင်းပညာရပ်ကို အသုံးပြုကာ သူ၏အငွေ့အသက်အားလုံးကို ဖုံးကွယ်ထား လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေ သိုင်းမြို့စားတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုထားခဲ့သည်။
မူလကတည်းက သူမှန်းဆထားခဲ့သည့်အတိုင်း သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် သူ့ကို ဧရာမနဂါးကြီးက ကိုက်စားလိုက်သည်ဟု ထင်ခဲ့ကြသည်။
သို့သော် သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့၏ စကားလုံးများက သူ၏မွှေးညှင်းများထောင်ထလာသည်အထိပင် သူ့ကို ဒေါသထွက်စေခဲ့သည်။
အထူးသဖြင့် စကားပြောနေစဉ်မှာ သိုင်းမြို့စားချင်းယွန်၏မျက်နှာပေါ်က ရက်စက် ကြမ်းကြုတ်သော အမူအရာက ချင်ယွင်၏စိတ်ထဲမှာ စွဲထင်သွားပြီး ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ဒေါသထွက်သွားသည် ။
ခမ်းနားထည်ဝါသော သိုင်းမြို့စားနှစ်ယောက်သည် ဤမျှစက်ဆုပ်ဖွယ် ကောင်းလိမ့် မည်ဟု သူ အမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။ သူတို့သည် သူ့ကို မသတ်နိုင်သည့် အတွက် သူ့မိန်းမများကို ရှာဖွေကြလိမ့်မည်။
" သိုင်းမြို့စားချင်းယွန် ၊ ဘိုင်ဟေသိုင်းမြို့စား၊ ကျုပ် ခင်ဗျားတို့ကို မူလကတော့ အသက်ချမ်းသာ ပေးချင်ပေမယ့် ခင်ဗျားတို့က ဒီလောက် စက်ဆုပ်ရွံရှာစရာကောင်းပြီး အရှက်ကင်းမဲ့သူတွေဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ခင်ဗျားတို့သာ ရွှန်ရှင်းနဲ့ စီချီတို့ကို တိုက်ခိုက်ချင်တယ် ဆိုမှတော့ ရက်စက်တဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့။ "ချင်ယွင်၏ အကြည့်များသည် နှစ်ထောင်ပေါင်းများစွာကြာအောင်တည်ရှိခဲ့သော ရေခဲတောင်တစ်ခုလိုဖြစ်နေပြီး ကြီးမားပြင်းထန်သည့် သတ်ဖြတ်လိုသည့်ဆန္ဒက အရူးအမူး မြင့်တက်လာခဲ့သည်။
မူလကတည်းက သူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြသည့် ငါးများနှင့် ဆိတ်သုဉ်းခြင်းသားရဲများသည် ရုတ်တရက် အရပ်မျက်နှာအသီးသီးသို့ပျံ့လွင့်လာသည့် သတ်ဖြတ်ခြင်းအငွေ့အသက်ကြောင့် ထိုပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားထံ ချဉ်းကပ်ဖို့ သတ္တိမရှိကြတော့ပါဘူး။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပင်မတိုက်ကြီးဆီသို့ ဦးတည်လျှက် ပင်လယ်အောက်ခြေမှ လျင်မြန်စွာ ခရီးနှင်ခဲ့သည်။။
သူ၏အရှိန်အဟုန် တိုးမြင့်လာသည်နှင့်အမျှ ချင်ယွင်သည်လည်းတဖြည်းဖြည်း တည်ငြိမ်သွားသည်။
သူ၏လက်ရှိအင်အားဖြင့် ထျန်းယွန်တိုက်ကြီး သို့မဟုတ် ဘိုင်ယွန်မြို့တော်သို့ အပြေးအလွှားသွားမည်ဆိုလျှင်ပင် သူသည် ရန်စီချီကို ကာကွယ်ပေးနိုင်စွမ်း မရှိသေးပေ။
နဝမမင်းသားသည် အင်ပါယာတော်ဝင်မိသားစုမှဖြစ်သည်ဟူသောအချက်ကို အသာထားဦး။ သူ၏ပတ်ဝန်းကျင်တွင် ကျွမ်းကျင်သူများသည် တိမ်များကဲ့သို့ ပင်များပြားလှသည်။ သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားနှစ်ယောက်တို့တွင် တစ်ယောက်မှ ချင်ယွင်အတွက် ပြိုင်ဘက်မဟုတ်သေးပေ။ ယခုအချိန် သူသွားလျှင် သူသည် အချည်းနှီး သွားအသေခံသလို ဖြစ်လိမ့်မည်။
ကံအားလျော်စွာ၊ သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် ပြည်မကြီးသို့ ပြန်ရောက်သည်နှင့်တပြိုင်နက် လှုပ်ရှားရန် ရွေးချယ်ကြဦးမည် မဟုတ်ပေ။ ယင်းအစား သူတို့သည် နဝမမင်းသားကို အတူတကွ လုပ်ဆောင်ရန်အတွက် ဆွဲဆောင်သိမ်းသွင်းဖို့ ပြင်ဆင်ကြရဦးမည်။
ဤကာလအတွင်း နဝမမင်းသားသည် လူသူအင်အားစုဆောင်းရန်အတွက် အင်ပါယာမြို့တော်သို့ ပြန်သွားရန် အနည်းဆုံး ဆယ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။
ထို့အပြင် သိုင်းမြို့စားချင်းယွန် နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည် လှေမစီးဘဲ ပျံသန်းသွားခဲ့ကြသည်။ သူတို့သည် သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူများ ကဲ့သို့ပင် အချိန်အကြာကြီး ပျံသန်းရန် မဖြစ်နိုင်ပေ။ သူတို့၏ ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိရန် အတွက် လမ်းတစ်ဝက်တွင် ရပ်တန့်ရန် လိုအပ်သောကြောင့် ထိုသို့လုပ်ဆောင်ရန် အနည်းဆုံး ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ကြာခန့် ကြာလိမ့်မည်။
ဤအချိန်ကာလအတွင်း၊ ချင်ယွင်သည် အသက်ရှူချောင်ရန်အတွက် အနည်းဆုံး တစ်လခွဲကျော်အချိန်ရမည် ဖြစ်သည်။
သို့သော်၊ ချင်ယွင်အကြောက်ဆုံးမှာ ရန်စီချီနှင့် အခြားသူများသည် ဝမ်ယွီမြို့သို့ ပြန်ရောက်ပြီးနောက် ထွက်ခွာမသွားသေးဘဲ ဝမ်ယွီမြို့မှာနေပြီး သူ့ကို စောင့်နေမှာ ကိုပါ။ ဤအခြေအနေမျိုးသည် ချင်ယွင်အတွက် အလွန်အမင်း အဆင်မပြေ နိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဝမ်ယွီမြို့သို့ တတ်နိုင်သမျှ အမြန်ဆုံးသွားရလိမ့်မည်။
သိုင်းမြို့စားချင်းယွန်နှင့် ဘိုင်ဟေသိုင်းမြို့စားတို့သည်သူတို့၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန်အတွက် ရပ်တန့်ပြီး ပြန်လည်ကျင့်ကြံကာ ရယူရန်ဖြစ်နိုင် သော်လည်း ချင်ယွင်အတွက်က ထိုသို့မလုပ်ဆောင်နိုင်ပေ။
သူသည် သူ၏ကိုယ်ပွားနှစ်ယောက်နှင့် သူ၏အစစ်အမှန်ခန္ဓာကိုယ်တို့ကို အပြန်အလှန် အစားထိုးကာ ပင်လယ်ကြမ်းပြင်သို့ လျင်မြန်စွာ ဖြတ်သန်းသွားကြရသည်။ သူ၏ ဝိညာဉ်ချီသည် ကုန်ဆုံးသွားသည်နှင့် ချင်ယွင်သည် သူ၏ကျင့်ကြံမူဝိညာဉ်ချီကို ပြန်လည်ရယူရန်အတွက် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ပြန်သွား မည် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် တစ်ရက်ခွဲအတွင်း ရေမိုင်ငါးသိန်းခန့် လျှောက်လှမ်း နိုင်ခဲ့ပြီးဖြစ်သည့်အတွက် သိုင်းမြို့စားချင်းယွန် နှင့် ဘိုင်ဟေသိုင်းမြို့စားတို့ထက် သုံးဆနီးပါး ပိုမြန်သည်။
သို့သော် သူ၏ကံကောင်းမူသည် ကြာရှည်မခံလိုက်ချေ။ ပင်လယ် ရေအောက် ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်ရခြင်း၏ အားနည်းချက်မှာ ရေအောက် ဆိတ်သုဉ်း ခြင်းသားရဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။ ချင်ယွင် ကြုံတွေ့ခဲ့သမျှသော ဆိတ်သုဉ်းခြင်းသားရဲများအားလုံးသည် သန်မာခြင်းမရှိပေ။ သူသည် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။
သို့သော်၊ သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည့် ဤအဖော်ကြီး၏ အသွင်အပြင်ကြောင့် ချင်ယွင်သည် အရူးအမူး ချီတက်ခြင်းကို ရပ်တန့်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
အဆင့်လေး ဧရာမဆိတ်သုဉ်းခြင်းသားရဲကြီး၊ ရွှေမျက်လုံးမျောက်ဝံကြီးသည် ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူ၏နှာခေါင်းထဲမှ ရေငွေ့များက အဆက်မပြတ် ထွက်နေသည်။ ၎င်း၏ရွှေရောင်မျက်လုံးများသည် အမှောင်ထု ပင်လယ်ကြမ်းပြင်တွင် ရွှေရောင်မီးတိုင်နှစ်တိုင်ကဲ့သို့ဖြစ်နေပြီး ချင်ယွင်ကို စိုက်ကြည့်နေသည်။
အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်၏အငွေ့အသက်က ချင်ယွင်ဆီကို ဖိနှိပ်လာခဲ့ပြီး ချင်ယွင်သည် သူ၏နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူ၏အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေသောကြောင့် ဒေါသဖြစ်သွားပုံရသည်။
အခန်း (၂၇၀) ရေနက်ပိုင်းရွှေမျက်လုံးမျောက်ဝံကြီး။
"ဘေးကိုဖယ်ပေးပါ!" ချင်ယွင်က ဒေါသတကြီး အော်ပြောလိုက်သည်။
ယခုအချိန်တွင်၊ ရန်စီချီထွက်ခွာသွားခြင်းရှိမရှိကို သိရှိရန်အတွက် သူသည် ဝမ်ယွီမြို့သို့ အမြန်ဆုံးပြန်သွားလိုသော်လည်း၊ ဤသားရဲသည် သူ၏လမ်းကြောင်းကိုပိတ်ဆို့ပြီး မဖြတ်သန်းနိုင်အောင် တားဆီးထားသည်။
ယင်းကြောင့် ချက်ချင်းပင် ဒေါသအပြင်းအထန် ထွက်သွားရလေသည်။
ရွှေမျက်လုံးမျောက်ဝံကြီးသည်လည်း ဒေါသထွက်နေသည်။
သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ကျင့်ကြံမူ အဆင့်သာရှိသော လူသားတစ်ဦးသည် ပင်လယ်အောက်ခြေတွင် တစ်ယောက်တည်း အရှိန်အဟန်ပြင်းပြင်းဖြင့် သူ၏နယ်မြေထဲသို့ အပြေးအလွှား ဝင်ရောက်လာရန် သတ္တိရှိခဲ့သည်။ ယင်းကသူ၏လှပသော အိပ်မက်တွေကို အနှောက်အယှက် ဖြစ်စေခဲ့သည်။ ထို့အပြင် ထိုလူသားသည် ကြောက်ရွံ့မှု နည်းနည်းမှမရှိခဲ့ဘဲ၊ ယင်းအစား သူ့ကိုပင်ဟိန်းဟောက်လိုက် သေးသည်။
ယင်းက အမှန်တကယ်ပင် ဗလိုင်းကြီးသက်သက်မဲ့ ရန်စခြင်းဖြစ်သည်။
ဤကမ်းရိုးတန်းဒေသ၏ အုပ်စိုးသူတစ်ဦးအနေဖြင့် သူသည် ဤလူသားငယ်လေး၏ ရန်စခြင်းကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
"ဂါး!"
ရွှေမျက်လုံးမျောက်ဝံကြီးက ကျယ်လောင်စွာဟိန်းဟောက်သည်။ ၎င်း၏ ပြင်းပြင်းထန်ထန် ဟန်းဟောက်သံက ပင်လယ်ရေပြင်ကို လှုပ်ခါစေပြီး စွမ်းအင် အတက်အကျစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာကာ ချင်ယွင်ဘက်သို့ အရူးအမူး ရိုက်ခတ် သွားလေသည်။
ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ချက်ချင်းပဲ အေးစက်စွာ ဟစ်အော်ပြောလိုက်ပြီး ပြင်းထန်သည့်ဟိန်းဟောက်သံကို ဖြိုခွဲပစ်လိုက်သည်။
"ငါထပ်ပြောမယ်၊ သွားခွင့်ပြုပါလို့" ချင်ယွင်၏ မျက်လုံးများသည် အလွန်အေးစက်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကသူ၏မျက်လုံးထဲသို့ စိမ့်ဝင်လာခဲ့သည်။
"ဂါး!"
သို့သော် ချင်ယွင်ကို တုံ့ပြန်လိုက်သည့်အရာမှာ ရေနက်ပိုင်း ရွှေမျက်လုံး မျောက်ဝံကြီးထံမှ ဒေါသတကြီး ဟိန်းဟောက်နေခြင်းပင် ဖြစ်သည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"
သူ၏လည်ချောင်းထဲမှ စကားလုံးသုံးလုံး ထွက်ပေါ်လာရင်း ချင်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေသည်။
သူ၏တစ်ကိုယ်လုံးသည် ချက်ခြင်း ပေါက်ကွဲထွက်လာသည်။
နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။ အနက်ရောင်လျှပ်စီးကြောင်းများသည် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ပေါ်တွင် စီးဆင်းနေပါသည်။ ဒေါသနှင့် ပျက်စီးခြင်း အငွေ့အသက်တို့က ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရောယှက် ဝင်ရောက်လာကာ လူတို့ကို သူတို့၏နှလုံးသားများအောက်ခြေမှပင် တုန်လှုပ်သွားစေသည်။
ရွှေမျက်လုံးမျောက်ဝံကြီးသည် ချင်ယွင်က သူ့ဆီပစ်ဝင်လာသည်ကို မြင်သောအခါ သူ၏အမွှေးများပင် ထောင်မတ်လာသည်။ သူသည်သူ၏ခေါင်းကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏လက်သီးများဖြင့် သူ၏ရင်ဘတ်ကို အကြိမ်အနည်းငယ်ရိုက်ပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ အရူးအမူးပြေးဝင်သွားခဲ့သည်။ သူ၏ကြီးမားသောလက်သီးကြီးက ချင်ယွင်ဆီသို့ တောင်တစ်ခုအလား ထိုးကျလာခဲ့သည်။
"ဘုန်း!"
ချင်ယွင်၏ လက်သီးချက်နှင့် ရေနက်ပိုင်းရွှေမျက်လုံးမျောက်ဝံကြီး၏ လက်သီးချက်တို့သည် တိုက်ရိုက်တွေ့ဆုံသွားခဲ့ပြီး သူတို့၏ ခြေထောက်အောက်ရှိ မြေပြင်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည် ကြီးမားသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေပြီး ပေါက်ကွဲသွားခဲ့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများသည် ပတ်ဝန်းကျင်ဆီသို့ တိုးဝင် ရိုတ်ခတ်လာသည်။
"အယ်?"
ချင်ယွင်သည် ခြေသုံးလှမ်း နောက်ဆုတ်ပြီးမှ ရပ်တန့်နိုင်လိုက်သည်။
တစ်ဖက်မှာရှိသည့်ရွှေမျက်လုံးမျောက်ဝံကြီးသည်လည်း နောက်ကို ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ သူ၏ကြီးမားသောကိုယ်ထည်သည် သူ၏နောက်ဘက်ရှိ ပင်လယ်ကြမ်းပြင် သန္တာကျောက်တန်းတစ်ခုသို့ တိုးဝင်သွားကာ တိုက်ရိုက် ပေါက်ကွဲသွားသည်။
"ဒီရေနက်ပိုင်းရွှေမျက်လုံးမျောက်ဝံကြီးရဲ့ အစွမ်းက တကယ့်ကို အားမနည်းဘူးပဲ။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ဝတ်ဆင်ထားတဲ့ လျှပ်စီးစွမ်းရည်ကိုယ်ပွားနဲ့တောင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်တယ်။ ပြီးတော့ လက်ရည်တူ အနေထားရှိ နေသေးတယ်။" ချင်ယွင် အံ့သြသွားသည်။
အဝေးမှ ရွှေမျက်လုံးမျောက်ဝံကြီးကို ကြည့်လိုက်ရင်း သူ၏ မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင် ပေါ်လာသည်။
ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးသည် ချင်ယွင်ကို အံ့အားသင့်သည့်အကြည့်ဖြင့် ကြည့်နေသည်။ သေချာသည်မှာ၊ သူ့ရှေ့မှာရှိနေသည့် ဤလူသားငယ်လေးက သူ့ကို ပြင်းပြင်းထန်ထန် ထိုးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံမပေါ်ပေ။ သူ၏ ခွန်အားကလည်း သူနှင့် အတူတူဖြစ်နေသည်။
"မင်း ငါ့ကို လမ်းဖယ်ပေးမှာလား မပေးဘူးလား" ချင်ယွင်က အသံနက်ကြီးဖြင့် ထပ်မေးသည်။
"ဂါး!" ကြီးမားသော ရွှေမျက်လုံးမျောက်ဝံကြီးသည် နောက်ထပ် ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏ရှေ့ရှိ ဤလူသားသည် သူ၏စိတ်ထဲမှ မာနတရားကို ထိပါးလာကာ ဒေါသဖြစ်သွားသည်။ အကယ်၍ သူ၏ခွန်အား အစစ်အမှန်ကို အသုံးမချဘူးဆိုလျှင် သူ့ကို အမှန်တကယ် ကြောက်မှာ မဟုတ်ဘူးဟု တွေးလိုက်သည်။
ကြီးမားသောရွှေမျက်လုံးမျောက်ဝံကြီး၏ ခန္ဓာကိုယ်အနှံ့ သိမ်မွေ့နက်နဲသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာနေသည်။ ဤအခိုက်အတန့်တွင် ပြင်းထန်သော သတ္တုအငွေ့အသက်သည် အရူးအမူး တဟုန်းဟုန်း ထွက်ပေါ်လာသည်။ ရွှေမျက်လုံးမျောက်ဝံကြီး၏ မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများက ပို၍ပင် ပြင်းထန်လာသည်။
ဝှီး!
ရွှေရောင်လှံနှစ်ချောင်းသည် ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီး၏ မျက်လုံးများမှ ပစ်လွှတ်လိုက်ပြီး ပင်လယ်ရေထဲတွင် ရွှေရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲကာ ချင်ယွင်၏ရင်ဘတ်ဆီသို့ ပြေးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွင်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ အရှိန်မှာလည်း အလွန်မြန်ဆန်သည်။
ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ ရွှေလှံနှစ်ချောင်းကို ဆုပ်ကိုင်လိုက်ရင်း သူ၏လက်ဖဝါးများကို အနက်ရောင်နဂါးအကြေးခွံအလွှာများဖြင့် ဖုံးအုပ်သွားသည်။
သို့သော် ချင်ယွင်သည် ရွှေလှံကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် သူ၏ လက်ထဲသို့ကြောက်စရာကောင်းသော စွမ်းအားများ အရူးအမူး ရောက်လာသည်ကို ခံစားလိုက်ရပြီး ပင်လယ်ကြမ်းပြင်တစ်လျှောက် လျင်မြန်စွာ နောက်ပြန် ဆုတ်သွား ခဲ့ရသည်။
ပင်လယ်ကြမ်းပြင်မြေပြင်ပေါ်တွင် ရှည်လျားသော စွတ်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် ချင်ယွင်သည် ပင်လယ်ကြမ်းပြင်ရှိ သန္တာ ကျောက်တန်း ကြီးတစ်ခုနှင့် တိုက်မိသွားသည်။ ရွှေလှံသည် သူ၏လက်မှတဆင့် ကြီးမားသော စွမ်းအားဖြင့်တိုက်ရိုက်ဆွဲထုတ်သွားခဲ့ပြီး သူ၏ရင်ဘတ်ပေါ်ရှိ နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်ထဲသို့ ပြင်းထန်စွာ ဝင်ဆောင့်သည်။
နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ချက်ချင်း ကွဲအက်သွားသော်လည်း ရွှေလှံ၏ စွမ်းအားအများစုကိုလည်း ချေဖျက်ပစ်လိုက်သည်။ ချင်းယွင်၏ အသွေးအသားထဲသို့ လှံဖျားမျှသာ ထိုးဖောက်သွားခဲ့သည်။
သို့သော် ချင်ယွင်သည် ပါးစပ်ထဲ သွေးချောင်းဆိုးပြီး သွေးများစီးကျ လာသေးသည်။ စောစောလေးက၊ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ရွှေလှံ၏ ကြီးမားသော စွမ်းအားကို တုံ့ပြန်လိုက်သည့်အခိုက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား၏ သက်ရောက်မှုသည် သူ၏အတွင်းအင်္ဂါများကို ဒဏ်ရာရစေခဲ့သေးသည်။
ချင်ယွင်က လှံကိုဆွဲထုတ်လိုက်ရင်း သူ၏မျက်လုံးတွေထဲ ထိတ်လန့် တုန်လှုပ် သွားသည်။
“ဒီတိုက်ကွက် အတိအကျ ဘာလဲ၊ ဘာကြောင့် ရုတ်တရက် ကြောက်စရာ ကောင်းနေရတာလဲ" ချင်ယွင် အံ့သြသွားသည်။
သူ၏စိတ်ထဲတွင် သူသည် သူ့ရှေ့မှာရှိနေသည့် ရွှေမျက်လုံးမျောက်ဝံကြီး၏ အချက်အလက်ကို ဆက်လက်ရှာဖွေနေသော်လည်း နောက်ဆုံးတွင် သူသည် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရခြင်းကြောင့် အံ့သြသွားမိသည်။
ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင်ရှိနေစဉ်တုန်းက ခရီးသွားလာရန်အတွက် ကြိုတင်ပြင်ဆင်မူအနေဖြင့် တော်ဝင်ချင်အင်မော်တယ် မင်းဆက်ရှိ ဆိတ်သုဉ်းခြင်း သားရဲများနှင့် နတ်ဆိုးသားရဲများအကြောင်း မှတ်တမ်းများအားလုံးကို ဖတ်ကြားခဲ့ ဖူးသည်။ ထို့ကြောင့် ချင်ယွင်ရှေ့မှာ ပေါ်လာသော ဆိတ်သုဉ်းခြင်းသားရဲတိုင်း၏ အချက်အလက်အားလုံးကို သူ သိနေခဲ့ပါသည်။
သို့သော် ယခုအချိန် သူ၏စိတ်ထဲတွင် ဤဆိတ်သုဉ်းခြင်းသားရဲ၏ မှတ်တမ်း မရှိခဲ့ကြောင်း သူတွေ့ရှိခဲ့ရသည်။ အစပိုင်းတုန်းက သူသည် ဤရွှေမျက်လုံး မျောက်ဝံကြီးသည် သာမန်မျောက်ဝံတစ်ကောင်ဟုသာ ထင်ထားခဲ့သော်လည်း ယခုအချိန်တွင် ဟုတ်ပုံမပေါ်တော့ပေ။
"ဂါး!"
သူ၏တိုက်ခိုက်မှုသည် ချင်ယွင်ကိုမသတ်ဘဲ သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခြင်းတောင်မရှိခဲ့သည်ကို မြင်လိုက်ရသောအခါ ရွှေမျက်လုံး မျောက်ဝံကြီး၏ ဒေါသသည် ချက်ချင်းပင် နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး ချင်ယွင်ဆီသို့ အရူးအမူး ပြေးဝင်သွားခဲ့သည်။
"ငါ နှောင့်နှေးလို့ မရတော့ဘူး။ ဒီဆိတ်သုဉ်းခြင်းသားရဲကြီးကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ်။" ချင်ယွင်က စိတ်ထဲမှာ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ ထို့နောက် ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီး၏ မျက်လုံးများတွင် ဖြစ်ပေါ်နေသာ သတ်ဖြတ်လိုသည့်ဆန္ဒကို လှည့်ကြည့်လိုက်သည်။ အနက်ရောင် လျှပ်စီးကြောင်းသည် ချက်ချင်းဆိုသလိုပင် သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ချင်ယွင်၏ ပတ်ပတ်လည်တစ်ဝိုက်တွင် လွင့်မျောနေသကဲ့သို့ပင် ဖြစ်နေသည်။ နောက်ဆုံးတွင် ချင်ယွင်၏ ချွေးပေါက်များမှတဆင့် သူ၏အရေပြားထဲသို့ စိမ့်ဝင်သွားသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ ပြင်းထန်သော အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အသက်ဝင်လာနေပုံရပြီး ပို၍ပင် နက်မှောင်တောက်ပလာသည်။ မိုးကြိုးနှင့်လျှပ်စီးတို့သည် တစ္ဆေသရဲ အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်တောက်နေသကဲ့သို့ နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်ကို ရစ်ပတ်ထားသည်။
"မင်းက လမ်းဖယ်ပေးဖို့ ငြင်းဆန်နေမှတော့ ငါ မင်းကို ရိုတ်ထုတ်ပစ်ရတော့မှာဘဲ!"
ချင်ယွင်က ဒေါသတကြီး အော်ပြောလိုက်သည်။ ပင်လယ်ကြမ်းပြင်အောက်ရှိ ပင်လယ်ရေသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို လွှင့်ထုတ်လိုက်ပြီး ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးဆီသို့ လှိုင်းလုံးကြီးများ မြင့်တက်လာ သကဲ့သို့ပင် တိုးဝင်သွားခဲ့သည်။ ထို့အပြင် ချင်ယွင်ပတ်ပတ်လည် တစ်ဝိုက်ရှိ ပင်လယ်ရေပြင်သည် တွန်းကန်ဖွင့်လှစ်သွားပုံရပြီး ကွက်လပ်တစ်ခု ပေါ်လာသည်။
"ဘုန်း!"
ချင်ယွင်သည် ပင်လယ်ကြမ်းပြင်ပေါ်တွင် ခြေတချက်နင်းလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြီးမားသော ရွှေမျက်လုံးမျောက်ဝံကြီး ရှေ့တွင် ပေါ်လာသည်။
ချင်ယွင်၏ ကြောက်မက်ဖွယ်အရှိန်ကြောင့် ရွှေမျက်လုံးမျောက်ဝံကြီး၏ သူငယ်အိမ်များသည် ကျုံ့သွားကြသည်။
ကြီးမားသော လက်ဖဝါးကြီးတစ်ဖက်က ချင်ယွင်ဆီသို့ ဖမ်းဆုပ်လိုက်ပြီး သူ၏လက်ဖဝါးပေါ်တွင် ရွှေရောင်အလင်းတန်းများ အဆက်မပြတ်စီးဆင်းနေသည်။
"ဟမ့်၊ မင်းက သေချင်နေတာဘဲ!"
ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ညာဖက်လက်ကို ချက်ချင်း လက်သီးအဖြစ် ဆုပ်လိုက်သည်။ သူ၏လက်ဖဝါးအတွင်းရှိ ပင်လယ်ရေသည် ချက်ချင်း ကြေမွကာပေါက်ကွဲသွားခဲ့ပြီး ကျယ်လောင်သည့် တုန်ခါသံကို ထွက်ပေါ်စေခဲ့သည်။
"ဘုန်း!"
ထိုနောက်မှာတော့ နောက်ထပ် တောင်ပြိုလဲကျသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မီတာတစ်ရာနီးပါး မြင့်မားသော ရွှေမျက်လုံးမျောက်ဝံကြီးသည် ချင်ယွင်၏ လက်ချက်ကြောင့် ပုဇွန်တုတ်ကွေးကဲ့သို့ ပြင်းပြင်းထန်ထန် ပေါက်ကွဲ လွင့်စင်သွားခဲ့သည်။ ရွှေမျက်လုံးမျောက်ဝံကြီးသည် ဧရာမဘောလုံးကြီးကဲ့သို့ အကွာအဝေး တော်တော်များများထိ လှိမ့်သွားရင်း ပတ်ဝန်းကျင်ရှိ သန္တာကျောက်တန်း များကို ဝင်တိုက်ကာ အပိုင်းပိုင်း ကွဲသွားလေသည်။
အံ့အားသင့်စရာကောင်းသည်မှာ၊ ကြီးမားသောလှိုင်းလုံးကြီးတစ်ခုသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာပြီး ပင်လယ်အောက်ခြေမှ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
စာစာဉ် (၁၈)ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။