← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 19 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 19 Ch. 281-285

အခန်း (၂၈၁) ဝက်သိုင်းမြို့စားကြီးတစ်ပါး၏ကျရှုံးခန်း။

ဝှီး!

ဇူထျန်းယု၏ရုပ်သည် ပိရှစ်သိုင်းမြို့စားဘေးတွင် ချက်ချင်း ပေါ်လာသည်။ သူ၏လက်ထဲမှ ပုဆိန်ကြီးဖြင့် သူသည် ပိရှစ်သိုင်းမြို့စားဆီသို့ ခုတ်ပိုင်းလိုက်သည်။

"ပိရှစ်သိုင်းမြို့စား ငရဲကိုသွားလိုက်တော့!" ဇူထျန်းယုက ဟိန်းဟောက်ပြီး သူ၏ ပုဆိန်ကြီးကို ဆူဖြိုးသောဝက်တစ်ကောင်ကဲ့သို့ ဝှေ့ယမ်းလိုက်သည်။

ပိရှစ်သိုင်းမြို့စား၏အမူအယာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ယခုလေးပင် သူမသည် ကြီးမားသည့်သဲကျောက်အလုံးကြီးကြောင့် ဒဏ်ရာရထားခဲ့သည်။ ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ချီသည် ဖရိုဖရဲဖြစ်သည့် အခြေအနေထဲသို့ ကျရောက်သွားခဲ့ပြီး အခြေခံဓားသိုင်းကိုသာ သူမ အသုံးပြုနိုင်တော့ သည်။

ဇူထျန်းယု၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သောကြောင့် ပိရှစ်သိုင်းမြို့စားသည် ၎င်းတိုက်ကွက်အား ခုခံနိုင်စွမ်းမရှိခဲ့ပေ။

"အားလုံးထွက်လာခဲ့စမ်း!"

ပိရှစ်သိုင်းမြို့စားသည် ဇူထျန်းယု၏ တိုက်ခိုက်မှုကိုခုခံရန်အတွက် သူမ၏ ဝိညာဉ်စွမ်းအင်အားလုံးကို တွန်းအားပေးကာ အတင်းအကြပ် လှည့်ပတ်လိုက်တော့ မည်။

"ဘုန်း!"

ကောင်းကင်တုန်ခါလောက်သည့်ပေါက်ကွဲသံတစ်ခုက အောက်မှ ထွက်ပေါ်လာပြီး ထို့နောက်တွင် အနှိုင်းမဲ့ ထက်ရှသော ဓားအလင်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်ပြီး ဇူထျန်းယုဆီသို့ ဦးတည်သွားသည်။

ဇူထျန်းယုသည် ဤဓားအလင်းမှ သေခြင်းတရားလှိုင်းလုံးတစ်ခုကို ခံစားနိုင်သော ကြောင့် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် သူ၏တိုက်ခိုက်မှုကို အလျင်အမြန် ရုတ်သိမ်းလိုက်ရပြီး သူ၏အမူအယာကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဝှီး!

ဓားအလင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ ဇူထျန်းယုက ကမန်းကတန်း ရှောင်ထွက်သွားခဲ့သော်လည်း ဓားအလင်းက သူ့မျက်နှာပြင်ကို ရှပ်ထိသွားခဲ့ပြီး သွေးထွက်သံယို ဒဏ်ရာတခု ကျန်ရစ်ခဲ့သည်။

ဓားအလင်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။

ဇူထျန်းယုသည် အဆုံးမဲ့ဓားဆန္ဒကို ထုတ်လွှတ်နေသော ချင်ယွင်အား စူးစိုက်ပြီး တချက်ငေးကြည့်ကာ သူ၏မျက်နှာတွင် နှိုင်းယှဉ်ပြလို့မရသည့် အံ့သြမူနှင့်အတူ သူ၏ မျက်လုံးများတွင် ဒေါသတရားကချက်ချင်းပင် ဝင်ရောက်သွားသည်။

ချင်ယွင်သည် ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသေးသည်။ ထိုအချိန်မှာ သူ၏ တစ်ကိုယ်လုံးသည် တဖြေးဖြေးနှင့် လွင့်မျောသွားသည်။ သူ၏ပတ်ဝန်းကျင်မှာ ဓားမုန်တိုင်း အလင်းတန်းတစ်ခု ပေါ်လာသည်။ အဆုံးမဲ့ဓားချီသည် ခြံဝင်းအတွင်းရှိ နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်နံရံများနှင့် ကြမ်းပြင်များမှာပင် နက်ရှိုင်းသည့် ဓားအမှတ်အသားများ ကျန်ရစ်ခဲ့သည်။

အဆုံးမရှိသည့် ဓားဆန္ဒတစ်ခုသည် တိမ်တိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော ဧရာမဓားတစ်လက်ကဲ့သို့ ကောင်းကင်ယံသို့ ပစ်လွှင့်သွားခဲ့သည်။

ကောင်းကင်ယံတွင် တိမ်များသည် ဧရာမဓားကြီးဖြင့် လှီးဖြတ်ထားပုံရပြီး နှစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားချီသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် အရပ်မျက်နှာအသီးသီးသို့ပျံ့လွင့်သွားပြီး အဆုံးတွင် ဝမ်ယွီမြို့ကို လွှမ်းခြုံထားသည်။

ဝမ်ယွီမြို့ရှိ ကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားမှုနှင့်အတူ ကြောက်ရွံ့သည့် အမူအယာတို့ကို ဖော်ပြနေကြသည်။ ဤအခိုက်အတန့်တွင် သူတို့တစ်ဦးချင်းစီသည် သူတို့၏ ဦးခေါင်းထက်တွင် ကြီးမားသောဓားကြီးတစ်ခု လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းဓားကြီးသည် ထူးထူးခြားခြား ထက်ရှလွန်းသည်။ ၎င်းဓားကြီးကျဆလာသည်နှင့် သူတို့ဦးခေါင်းတွေအားလုံး မြေကြီးပေါ် ပြုတ်ကျသွား နိုင်သည်။

စကားပင်မပြောနိုင်လောက်သည့် အကြောက်တရားသည် သူတို့၏ နှလုံးသား အောက်ခြေနက်နက်မှ ထွက်ပေါ်လာသည်။

ပိရှစ်သိုင်းမြို့စားသည်လည်း သူမ၏ရုပ်အသွင်အပြင်ကို တည်ငြိမ်အောင် ထိန်းလိုက် သည်။ ထိုမြင်ကွင်းကိုမြင်ရလျှင် သူမ အံ့သြသွားသည်။ သူမကိုယ်တိုင်လည်း ဓားရှည်ကို အသုံးပြုခဲ့သူ ဖြစ်သည်။ ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဓားဆန္ဒသည် မည်မျှအစွမ်းထက်ကြောင်း သူမ ခံစားနိုင်သည်။

ကြီးမားကျယ်ပြန့်သော၊ ကြီးကျယ်ခမ်းနားသော၊ ပြင်းထန်ထက်ရှသော အငွေ့အသက်များသည် ကြောက်ရွံ့ထိတ်လန့်ဖွယ် စွမ်းအားတစ်ခုအဖြစ် စုရုံးလာကြသည်။ သူမသည်ပင် ဤဓားဆန္ဒ၏ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရနိုင်သည်။

ဇူထျန်းယုသည် မျက်ခုံးပင့်လိုက်သည်။ နတ်ဘုရား သို့မဟုတ် ဗုဒ္ဓတစ်ဆူကဲ့သို့ ဖြစ်နေသော ချင်ယွင်ကို ငုံ့ကြည့်သောအခါ ပြင်းထန်သော အကြောက်တရားသည် သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ အဆုံးတွင် ၎င်းအကြောက်တရားသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"လှည့်ကွက်ကလေးတွေနဲ့ လာကစားရဲတယ်ပေါ့၊ ငရဲကိုသွားလိုက်တော့!" ဇူထျန်းယုက ကျယ်လောင်စွာ အော်လိုက်သည်။ ထိုအချိန်တွင် သူ၏လက်ထဲ တွင်ရှိသော ပုဆိန်ကြီးသည် ချင်ယွင်ဘက်သို့ အရူးအမူး ဖြတ်သွားရင်း ကောင်းကင်ဘုံ၏ နတ်ဘုရားပုဆိန်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ပုဆိန်ကြီးသည် ဆင်းသက်လာခဲ့ပြီး လေထဲတွင် အဝါရောင်အလင်းတန်းကြီးကို တိုက်ရိုက် ခွဲထုတ်လိုက်သည် ။ အလင်းတန်းသည် ချင်ယွင်ဘက်သို့ ဖြတ်သွားစဉ် တုနှိုင်းမရသည့် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ပါဝင်နေသည်။

အလင်းတန်းသည် ကောင်းကင်ယံကို လျင်မြန်စွာဖြတ်သန်းကာ ချင်ယွင်ဆီသို့ ဖြတ်သွားခဲ့သည်။ စူးရှသောအငွေ့အသက်သည် ချင်ယွင်ကို အရူးအမူး ဖိနှိပ်နေပုံ ရသည်။

ဘန်း!

သို့သော် ချင်ယွင်၏နဖူးမှ သုံးလက်မမျှသာ ဝေးကွာတော့သည့်အချိန်တွင် ပုဆိန်အလင်းရောင်ကြောင့် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

အနှိုင်းမဲ့ထက်ရှသော ဓားအလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် တောက်ပလာသည်။

မြေပြင်တခွင်လုံး တုန်လှုပ်၍ ကောင်းကင်နှင့် မြေကြီးထံမှ ဓားအော်သံများသံ ထွက်ပေါ်လာ၏။

ဤအခိုက်အတန့်တွင်၊ ဝမ်ယွီမြို့အတွင်းရှိ လူတိုင်းသည် သူတို့၏ နှလုံးသားများကို ဖောက်ထွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် မြို့သူမြို့သားများအားလုံး၏ ဓားရှည်များသည် ပြင်းထန်စွာ တုန်ခါလာသည်။ နောက်ဆုံးတွင် ၎င်းဓားများသည် ၎င်းတို့၏ဓားအိမ်များ အသီးသီးမှ ပျံထွက်ကာ ချင်ယွင်ဦးတည်ရာအရပ်ဆီသို့ ပျံသန်းသွားကြသည်။

ပိရှစ်သိုင်းမြို့စားသည် ပြင်းထန်စွာ တုန်လှုပ်နေသော သူမလက်ထဲရှိ အပြာရောင် ရေခဲဓားကို ကြည့်ရင်း သူမမျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

ဤဓားဆန္ဒသည် မြို့တွင်းရှိဓားများအားလုံးကို စုစည်းနိုင်သည့်အတွက် မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း။

ထိုအချိန်တွင် ချင်ယွင်ကို ထိမှန်တော့မည့် ဧရာမပုဆိန်အလင်းရောင်သည် ရုတ်တရက် ရပ်တန့်သွားပြီး လေထဲတွင် တန့်သွားကာ တစ်လက်မမျှ မရွေ့တော့ပေ။

"ဖျစ်!"

ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး ကြီးမားလှသော ပုဆိန်အလင်းတန်းသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ဇူထျန်းယုအံ့သြသွားသည်။

သို့သော် သူ့အား ထိတ်လန့်စေမည့်အရာက ဆက်လက်ရှိနေသေးသည်။

ချင်ယွင်သည် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ပြီး အပေါ်ကို လွင့်ပျံလာသည်။ ရာနှင့်ချီသော ဓားရှည်များသည် အရပ်မျက်နှာအသီးသီးမှ သူ့ဆီသို့ ပျံသန်းလာခဲ့ပြီး ဓားအားလုံးသည် သူ၏ခေါင်းထက်တွင် ပျံဝဲနေကြသည်။

ထက်ရှမူနှင့်အတူ ထွင်းဖောက်နိုင်စွမ်းပါရှိသော ဓားချီသည် ဓားတစ်ချောင်းစီ၏ ထိပ်ဖျားများမှ ထုတ်လွှတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသောဓားဆန္ဒသည် ဓားတစ်ချောင်းစီမှ ထွက်ပေါ်နေပြီး ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေသည်။

များမကြာမီတွင် ထောင်ပေါင်းများစွာသော ဓားများသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် စုရုံးရောက်ရှိလာကြပြီး ၎င်းတို့တစ်ချောင်းချင်းစီသည် တုနှိုင်းမရသည့် ထက်ရှသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူ၏အနားတွင်ရှိနေသည့် ဇူထျန်းယု၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ထောင်ပေါင်းများစွာသော ဓားများဖြင့် ဝန်းရံထားသည့် ချင်ယွင်ကို ကြည့်လိုက်ရင်း သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဤဓားရှည်များမှ ထုတ်လွှတ်နေသော အရိုးထဲအထိထိုးဖောက်လာ သည့် အေးစက်မူအငွေ့အသက်ကိုပင် သူခံစားနေရသည်။

"ဟမ့်၊ အရာအားလုံးက မှုန်ဝါးနေတာပဲ။ ဒီနေ့ ငါ မင်းတို့ကို လုံးဝကို သတ်ပစ်မယ်" ဇူထျန်းယု၏၀တ်စုံများသည် ချက်ချင်းပင် တုန်ခါသွားပြီး အဆုံးမရှိသော မြေကြီးဆိုင်ရာ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။ သူ့လက်မောင်းမှာ အဝါရောင်နဂါးလေးများ တွန့်လိမ်နေပြီး သူ့လက်ထဲမှ ပုဆိန်ကြီးကတော့ တုနှိုင်းမရသည့် ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျများကို ထုတ်လွှတ်လိုက်သည်။

ဇူထျန်းယုသည် ဒေါသနှင့်အတူ ကြောက်ရွံ့နေလေ၏။ သူသည် ချင်ယွင်ကို သတ်ရန် ရှိသမျှကိုခွန်အားကို အသုံးပြုလိုသည်။ အကြောင်းမှာ ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ အစစ်အမှန်သေခြင်းတရား၏ခြိမ်းခြောက်မူကို ခံစားရနေပြီဖြစ်သည်။

"သေလိုက်တော့။ ကောင်းကင်ယံကို ဖျက်ဆီးပြီး ကမ္ဘာမြေကြီးကိုပါ ဖျက်ဆီးလိုက်စမ်း။" ဇူထျန်းယုသည် ကျယ်လောင်စွာအော်လိုက်ပြီး သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်သည် လေထဲတွင် လှည့်ပတ်လိုက်ရင်း ပုဆိန်ကြီးကို ခုတ်ပိုင်းရန် အတွက် ရှိသမျှ ခွန်အားကို အသုံးပြုလိုက်သည်။

ကောင်းကင်ကြီးသည် ချက်ချင်းပင် အက်ကွဲသွားပုံရသည်။ ကောင်းကင်တွင် တိမ်တိုက်များသည် နှစ်ပိုင်းအဖြစ် တိုက်ရိုက်ခွဲထွက်သွားပြီး အဆုံးမဲ့မြေကြီး စွမ်းရည် အငွေ့အသက်များက ချင်ယွင်ဆီသို့ တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးများကဲ့သို့ ထိုးဆင်းသွားခဲ့သည်။

ချင်ယွင်သည် အစမှအဆုံးအထိ အေးစက်သောအမူအရာကို ထိန်းသိမ်းထားသည်။ သူ့မျက်လုံးများတွင် ပြင်းထန်သည့်စူရှ ထက်မြက်မှုက သိသာထင်ရှားစွာ ပေါ်လွင်စေ သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်ရုံသည် နတ်ဘုရားတပါးကဲ့သို့ လေထဲတွင် အဆက်မပြတ် တဖျပ်ဖျပ် ရွေ့လျားနေသည်။

"ဒါက အင်မော်တယ်ဓားတစ်ချောင်းလား" လူတိုင်းက ချင်ယွင်၏လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့ကြသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူတို့၏နှလုံးသားထဲတွင် အင်မော်တယ်ဓားကြီး တစ်စင်းဖြစ်လာခဲ့ပြီး ကမ္ဘာဓားကို ထိန်းချုပ်ကွပ်ကဲ နိုင်စွမ်းရှိသည်။

ပိရှစ်သိုင်းမြို့စားသည်လည်း အံသြသွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူမရှေ့ရှိ ဤလူငယ်သည် သူမအတွက် လုံးဝမမြင်နိုင်တော့ကြောင်း သူမ သဘောပေါက် လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒက သူမနှင့်ပင် မနှိုင်းယှဉ်နိုင်လောက်အောင် ခံစားရစေသည်။

ချင်ယွင်၏ အမူအရာမှာ အေးစက်နေသေးသည် ။ သူသည် သူ့၏လက်များကို ဆန့်ထုတ်လိုက်သည်။ သူ့နောက်မှ ဓားရှည်ပေါင်းတစ်သောင်းသည် ချက်ချင်းပင် ရွေ့လျားလာပြီး ဓားမှထုတ်လွှတ်နေသည့် စူးရှထက်မြက်သော ဓားချီအမျှင် တန်းများက လူတစ်ယောက်၏နှလုံးသားကို အေးခဲသွားစေနိုင်သည်။

"ဒီနေ့ ခင်ဗျားကိုသတ်ဖို့အတွက် တစ်မြို့လုံးရဲ့ဓားတွေကို ကျုပ် ငှားရမ်းလိုက်မယ် ဝက်မြို့စားကြီးရေ၊ ထောင်ပေါင်းများစွာသော ဓားတွေအောက်မှာ ခင်ဗျား သေလိုက်တော့" ချင်ယွင်၏ အသံသည် ဧရာမဓားကြီးကဲ့သို့ ကောင်းကင်ယံသို့ ပျံ့နှံ့သွားခဲ့ပြီး ဝမ်ယွီမြို့တစ်ခွင်လုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"သွားတော့!"

ချင်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ထောင်ပေါင်းများစွာသော ဓားရှည်များသည် ထူထပ်သိပ်သည်းနေသည့် အင်းဆက်ပိုးမွှားများနှင့် ပုရွက်ဆိတ် အုပ်ကြီးများကဲ့သို့ လွင့်ပျံထွက်သွားကြသည်။ နောက်ဆုံးတွင်၊ ဓားများအားလုံးသည် ဇူထျန်းယုဆီသို့ ကြီးမားသော လှိုင်းလုံးကြီးများကဲ့သို့ ကျရောက်သွားကြသည်။

ကြီးမားသောလှိုင်းလုံးကြီးသည် ချက်ခြင်း ထိုးဖြတ်သွားကာ ထောင်ပေါင်း များစွာသော ဓားများသည် ကောင်းကင်ယံကို ထိုးဖောက်ပြီး ဇူထျန်းယုဆီသို့ အရူးအမူး ထိုးစိုက် လိုက်ကြသည်။

ဇူထျန်းယု၏အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး သူသည် အလျင်အမြန် ရှောင်တိမ်းချင်လာသည်။

သို့သော်လည်း ချင်ယွင်၏ဓားအရှိန်အဟုန်သည် အလွန်အမင်း မြန်ဆန်လွန်းသည်။ ဓားတစ်ချောင်းက သူ၏နောက်ကျောကို ထိုးဖောက်ပြီး မြင့်မားသော မြို့ရိုးတစ်ခုတွင် ချိတ်ဆွဲသွားသည်။ ထိုနောက်မှာတော့ ထောင်ပေါင်း များစွာသောဓားများသည် ဇူထျန်းယုကို ဆန်ပေါက်များဖြစ်သည်အထိ ချက်ချင်း ထိုးဖောက် ဝင်ရောက် သွားကြသည်။ ထို့နောက် မြို့ရိုးကြီးသည်ပြိုကျကာ နစ်မြုပ်ပြီး သေဆုံးသွားခဲ့သည်။

ဝက်သိုင်းမြို့စားကြီးတစ်ဦး၊ သိုင်းမြို့စားကြီးလေးပါးထဲမှ တစ်ဦးသည် ဤနည်းဖြင့် သေဆုံးသွားခဲ့ရသည်။

အခန်း (၂၈၂) နောက်တဖန်ပရောပရည်လုပ်ပြန်ခြင်း။

ဝမ်ယွီမြို့တွင် နေထိုင်သူများနှင့် ကျင့်ကြံသူများသည် အံ့အားသင့်နေကြပြီး လုံးဝကို တုန်လှုပ်ချောက်ချား သွားကြသည်။

သိုင်းမြို့စားကြီးတစ်ပါးက ယခုလိုမျိုး အသတ်ခံလိုက်ရတာလား။ သူသည် ထောင်ပေါင်းများစွာသော ဖရိုဖရဲပြန့်ကျဲနေသည့် ဓားရှည်များအောက်တွင် ပျားတူအုံကဲ့သို့ ဓားဖြင့်ထိုးစိုက်ခံရပြီး သေဆုံးသွားခဲ့ရ၏။

ယခုလိုတွေးကြည့်လိုက်တိုင်း လူတိုင်းသည် မနေနိုင်ဘဲ တံတွေးမျိုချလိုက်မိကြသည်။ သူတို့သည် ကောင်းကင်ယံ၌ လူငယ်လေးအား တစ်ဖန် မျှော်ကြည့်လိုက်ပြီး ရိုသေ လေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့အားလုံးသည် “ဒီလူငယ်က ဘယ်သူလဲ၊ သိုင်းမြို့စားကို ဘယ်လိုကြောင့် သတ်နိုင်ရတာလဲလို့ ”မေးမြန်းနေကြသည်။

ဝမ်ယွီမြို့သည် ဘေဟိုင်စီရင်စုမြို့တော်၌ပါဝင်သည်ကို သိထားရမည်ဖြစ်ပြီး ဘေဟိုင်သိုင်းမြို့စား၏ ခွန်အားသည်လည်း လူတိုင်း၏နှလုံးသားထဲတွင် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေပါသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲတွင် ဘေဟိုင် သိုင်းမြို့စား ဇူထျန်းယုသည် အသန်မာဆုံး လူတစ်ယောက်အဖြစ် တည်ရှိနေခဲ့သည်။

ယခုတော့ ဇူထျန်းယုသည် လူငယ်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့အပေါ် သက်ရောက်မှုက မယုံနိုင်စရာပင်ကောင်းလှသည်။

ချင်ယွင်သည် အောက်ခြေလူများ၏ အတွေးများကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူသည် ပိရှစ်သိုင်းမြို့စားကို လှည့်ကြည့်ကာ တောင်းပန်စကား ဆိုလိုက်သည် "တောင်းပန်ပါတယ်၊ ခုနက အခြေအနေအရ သူ့ကို ခင်ဗျားကိုယ်တိုင်ကိုယ်ကျသတ်ဖို့ ခွင့်မပြုနိုင်ခဲ့ဘူး" ။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ စကားကိုကြားသောအခါ ထိတ်လန့်တုန်လှုပ်ရာမှ ပြန်လည်သက်သာလာပြီး အပြုံးနှင့်အတူ ခေါင်းခါပြလိုက်သည်။ "ငါက အဲဒီလို တယူသန်တဲ့လူမျိုး မဟုတ်ပါဘူး။ ဇူထျန်းယုကို သတ်နိုင်သရွေ့ သူ့ကို ဘယ်သူဘဲ သတ်ခဲ့ပါစေ ငါ ပျော်ရွှင်နေမှာပါ"။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာမှာ တုန့်ဆုတ်တုန့်ဆုတ် ဖြစ်သည့် အရိပ်အယောင်ပေါ်လာသည်။ သူ၏အစ်မ လျူရန်ယွင်အကြောင်းကို ပိရှစ်သိုင်းမြို့စား အား ပြောပြသင့်မသင့် သူမသိဘူး ဖြစ်နေ၏။

နောက်ဆုံးတွင်၊ ချင်ယွင်သည် ဤကိစ္စနှင့် ပတ်သက်ပြီး ပိရှစ်သိုင်းမြို့စားအား အသိပေး ပိုင်ခွင့်ရှိသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူမအစ်မအပေါ်ထားတဲ့ သူမ၏ ခံစားချက် တွေကိုကြည့်ပြီး ပိရှစ်သိုင်းမြို့စားက သူမအစ်မ၏သမီးလေး အသက်ရှင်နေသေးသည် ကို ကြားရလျှင် သူမအနေဖြင့် ကျေနပ်နေပါလိမ့်မည်။

"တကယ်တော့ ခင်ဗျားအစ်မနဲ့ ကျွန်တော်ကြားမှာ ဆက်နွယ်မူပုံစံမျိုးရှိနေပုံရတယ်။" ချင်ယွင်က ပြောသည်။

"အယ်?" ပိရှစ်သိုင်းမြို့စားသည် အံ့အားသင့်သင့်အမူအယာ ပြသလာသည်။

ချင်ယွင်က အလောတကြီး ဆက်ရှင်းပြလိုက်ရသည် "ခင်ဗျားအစ်မရဲ့သမီးနဲ့ အဆက်အစပ်ရှိတယ်လို့ ပြောတာပါ။ သူမက အသက်ရှင်နေသေးတယ်လေ!"

ပိရှစ်သိုင်းမြို့စားက ချက်ချင်း မျက်လုံးပြူးကျယ်သွားပြီးပြီး သူမက အလောတကြီး မေးလိုက်သည်"အစ်မရဲ့သမီးက အသက်ရှင်နေသေးတယ်လို့ မင်းပြောလိုက်တာ လား?"

ဤမြင်ကွင်းကို ချင်ယွင်မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်သွားသည်။ သေချာပါသည်၊ အရာအားလုံးက သူမှန်းဆထားတဲ့အတိုင်းပါပဲ။ ပိရှစ်သိုင်းမြို့စားသည် သူ၏အစ်မ လျူရန်ယွင် အသက်ရှင် နေသေးသည်ကို မသိခဲ့ပေ။ သူမမွေးဖွားပြီးနောက် ငတ်သေသွားခဲ့သည်ဟု သူမထင်နေခဲ့သည်။

ထို့နောက် ချင်ယွင်သည် သူနှင့်သူ့အစ်မ လျူရန်ယွင်တို့ကြား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ၏အစ်မကို ကောင်းကင်ဘုံဂိုဏ်းမှ ခေါ်ဆောင်သွားသည့် ကိစ္စရပ်များ အပါအဝင်၊ ပိရှစ်သိုင်းမြို့စားအား ပြောပြခဲ့သည်။

ပိရှစ်သိုင်းမြို့စားသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ဒေါသထွက်သွား သည်။ သူမမျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများပြည့်နှက်နေရင်း ပြောလိုက်သည် “ သိုင်းမြို့စားချင်းယွန် ၊ မင်းက လူယုတ်မာပဲ၊ မင်းက ငါ့အစ်မကို ထိခိုက်နာကျင်ရအောင်လုပ်တာ မလုံလောက်သေးတဲ့အပြင် ကိုယ့်သမီးရဲ့ ပျော်ရွှင်မှုကိုတောင် မင်းတကယ် ဖျက်ဆီးပစ်လိုက်တယ်။ မင်းကို မြှုပ်စရာမြေမရှိဘဲ သေရအောင် ငါသေချာပေါက် လုပ်ပေးမယ်။”ချင်ယွင်သည် ဘေးတွင်ရပ်နေပြီး ပိရှစ်သိုင်းမြို့စား၏ လေသံတွင်ပါဝင်သော ပြင်းထန်သည့် သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားနိုင်သည်။

"သိုင်းမြို့စားချင်းယွန်က ဒီကအခြေအနေဆိုးကိုမြင်ပြီး အချိန်အတော် ကြာက တည်းက ထွက်ပြေးလွတ်မြောက်သွားမှာ ငါကြောက်မိတယ်!" ပိရှစ်သိုင်းမြို့စား၏ မျက်နှာသည် အေးစက်စွာ တောက်ပနေသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤသိုင်းမြို့စားချင်းယွန်သည် ပိရှစ်သိုင်းမြို့စား ပြောခဲ့သည့်အတိုင်း အမှန်ပင်ဖြစ်ပါသည်။ သူသည် သစ္စာမဲ့ပြီး ကောက်ကျစ်စဉ်းလဲသူ ဖြစ်သည်။

ယခင်ကတည်းက သူသည် ဘေဟိုင်သိုင်းမြို့စား ဇူထျန်းယုကိုသတ်ပြီးနောက် ဝမ်ယွီမြို့ကို စူးစမ်းရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ခဲ့ သည်။ သို့သော်၊ သိုင်းမြို့စားချင်းယွန်၏နေအိမ်သည် အလွတ်ဖြစ်နေပြီဟု သူ မမျှော်လင့်ခဲ့ပေ။

"ဟမ့်၊ သူက အပြေးမြန်သွားတယ်!" ပိရှစ်သိုင်းမြို့စားက အေးစက်စွာ အော်ပြောလိုက် သည်။

ချင်ယွင်လည်း ခါးသီးစွာ ပြုံးလိုက်မိသည် ။ အကယ်၍ သိုင်းမြို့စားချင်းယွန်က ထွက်မပြေးခဲ့ဘူးဆိုရင်တောင် သူတို့၏လက်ရှိအင်အားဖြင့် သိုင်းမြို့စားချင်းယွန်ကို သတ်ဖို့က တော်တော်လေး ခက်ခဲပါလိမ့်မည်။

အစောပိုင်းလေးက ချင်ယွင်၏ တစ်မြို့လုံး၏ဓားများကို ဆင့်ခေါ်ရန် လှုပ်ရှားမှုသည် အံ့ဖွယ်ကောင်းသည့်သိုင်းကွက်ဟု ဆိုနိုင်ပါသည်။ သို့သော် သူသည် ထိုသိုင်းကွက်ကို သူအသုံးပြုချင်သလို အသုံးပြုနိုင်သည့် အရာမဟုတ်ပါဘူး။ ထိုအချိန်တုန်းက သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော ဓားဆန္ဒအခြေအနေမျိုးတွင် ရှိနေသောကြောင့် ဤမျှပြင်းထန်သော ဓားဆန္ဒက ပေါက်ကွဲထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် ယခုအချိန် သူထပ်လုပ်မည်ဆိုလျှင် ချင်ယွင်သည် မွန်းကျပ်ပြီး သူ၏အတွင်းအင်္ဂါအစိတ်ပိုင်းတွေ ဒဏ်ရာရမည်ဆိုရင်တောင် သူ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ပိရှစ်သိုင်းမြို့စား၏စိတ်သည် ကြည်လင်သွား၏။ ချင်ယွင်၏အပြုံးကိုမြင်လျှင် ချင်ယွင်၏အတွေးများကို နားလည်သွားပြီး သူမ၏မျက်နှာပေါ် ရှက်ရွံ့သည့်အမူအရာ ပေါ်လာသည်။

"ဒါဆို မင်းဘယ်ကို သွားမှာလဲ" ပိရှစ်သိုင်းမြို့စားက ချင်ယွင်ကို မေးလိုက်သည်။

ချင်ယွင်က တခဏလောက်စဉ်းစားပြီး ပြောသည် "အခု သိုင်းမြို့စားချင်းယွန်က လွတ်မြောက်သွားပြီဆိုတော့ သူက ရန်စီချီ နဲ့ ကျန်းရွှန်ရှင်းကို သွားရောက် တိုက်ခိုက်မှာကို အရမ်းစိုးရိမ်မိတယ်။ ဒါကြောင့် ကျွန်တော်စိတ်ချလက်ချ အနားမယူနိုင်ခင် သူမတို့ဘေးကင်းဖို့အတွက် ကျွန်တော် ဘိုင်ယွန်စီရင်စုကို အရင်သွားရမယ်။ နောက်ဆုံးတော့ သိုင်းမြို့စားချင်းယွန်ရဲ့ လျှို့ဝှက်ထားတဲ့ အန္တရာယ်တွေကို ဖယ်ရှားပြီးမှ မိုးပြာတိမ်တိုက်စီရင်စုကို သွားမယ်။"

မူလကတော့ ချင်ယွင်သည် ရန်စီစီကို ဦးစွာရှာဖွေရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင် သူ၏အစီအစဉ်သည် ပြောင်းလဲသွားခဲ့ရသည်။ ရန်စီချီနှင့်ကျန်းရွှန်ရှင်းတို့ တစ်ခုခုဖြစ်သွားမှာကို သူအရမ်းစိုးရိမ်နေမိသည်။ ရန်စီစီ၏ ခန္ဓာကိုယ်သည် လအနည်းငယ်ကြာအောင် ရှင်သန်နေနိုင်ပါသေးသည်။ ထို့ကြောင့် ချင်ယွင်သည် အရင်ဦးဆုံး ဘိုင်ယွန်စီရင်စုသို့ သွားပြီးနောက်မှ မိုးပြာတိမ်တိုက် စီရင်စုသို့သွားပြီး သိုင်းမြို့စားချင်းယွန်ကိုသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည်နောက်ဆုံးမှ ရန်စီစီကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

"ဒါဆို ငါ မင်းနောက် လိုက်ခဲ့မယ်!" ပိရှစ်သိုင်းမြို့စားက ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်သည် အံ့ဩမှင်သက်သွားခဲ့ပြီး အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည် "ခင်ဗျားက ကျောက်စိမ်းရေအစီရင်စုကို မပြန်ဘူးလား" ။(ကျောက်စိမ်းရေအစီရင်စု= ကျောက်စိမ်းရေဟူသည် ပိရှစ်နှင့်အတူတူဖြစ်ပါသည်။ နောက်ပိုင်းများတွင် မူလ ဘာသာပြန်ထားသည့်အတိုင်း အသုံးပြုသွားပါမည်။)

"ဘာလဲ၊ မင်းငါ့နောက်ကို မလိုက်စေချင်ဘူးလား" ပိရှစ်သိုင်းမြို့စားသည် ချစ်စရာကောင်းသော အပြုံးကို ထုတ်ဖော်လိုက်ပြီး သူမ၏ ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်လေးက ချင်ယွင်၏ ခန္ဓာကိုယ်ကို လာရောက် မှီနေသည်။

ချင်ယွင်သည် ချက်ချင်းပင် တံတွေးမျိုချလိုက်ရပြီး အဆင်မပြေစွာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ပိရှစ်သိုင်းမြို့စား၏ ပင်ကိုယ်စရိုက်က အဘယ်ကြောင့် ဤမျှပြောင်းလဲနိုင်ရသနည်း။ သူမသည် ရေခဲတောင်ကြီးကဲ့သို့ ခဏအတွင်း အေးစက်သွားနိုင်ပြီး ယခုလည်း လူတိုင်းကို စွဲဆောင်နေပုံရသည်။ သူမသည် ဒဏ္ဍာရီဆန်ဆန် ပင်ကိုယ်စရိုက် နှစ်မျိုးကို ပိုင်ဆိုင်ထားသူများ ဖြစ်နိုင်ပါသလား။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ ရှက်ရွံ့နေသည့်အသွင်အပြင်ကို မြင်သောအခါတွင် သူမက ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည် "ငါက နဂိုကတည်းက သိုင်းမြို့စားကြီး တပါးမဖြစ်ချင်ပါဘူး။ ငါ့ရဲ့ရည်မှန်းချက်က အစမှအဆုံးအထိ ဇူထျန်းယုနဲ့ ရန်ချင်းယွန်တို့ကို သတ်ပစ်ဖို့ပဲ။ အခု ဇူထျန်းယုက သေသွားပြီ၊ ဒါဆို ငါ့ရဲ့နောက်ပန်းတိုင်တစ်ခုက ရန်ချင်းယွန်ကို သတ်ဖို့ပဲ။"

ချင်ယွင်က ခေါင်းညိတ်ပြသော်လည်း သူ အံ့သြသွားပြန်သည်။ သူမက ရန်ချင်းယွန်ကို သတ်ချင်နေတာလေ၊ ဘာလို့ သူ့နောက်ကို လိုက်နေရတာလဲ။

"ဒါပေမယ့် ငါ့ရဲ့လက်ရှိအင်အားနဲ့တော့ ရန်ချင်းယွန်ကို သတ်ဖို့က မဖြစ်နိုင် သလောက် ပဲ။ ဒါ့အပြင် သူက နဝမမင်းသားနဲ့လည်း ပေါင်းသင်းနေပုံရတယ်" ဟု ပိရှစ် သိုင်းမြို့စားက ဆက်ပြောသည်။

"ဒါဆို ခင်ဗျားက ကျွန်တော့်နောက်လိုက်ခဲ့ပြီး ခင်ဗျားအစ်မအတွက် ရန်ရှင်းယွန်းကို သတ်ပြီး လက်စားချေတဲ့အခါမှာ ကျွန်တော်ကကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားတာ လား။" ချင်ယွင်က မေးလိုက်သည်။

ပိရှစ်သိုင်းမြို့စားက မောင်လေးအဖြေမှန်သည်ဟု ပြောနေသယောင်ဟန်ဖြင့် နှစ်လိုဖွယ်ကောင်းစွာ မျက်တောင်များကို မှိတ်တုတ်မှိတ်တုတ် ခတ်ပြလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်ဖျော့သွားသည်။ ဒီအမျိုးသမီးက ငါ့အပေါ်မှာ တကယ်ကြီး အားကိုးတော့မှာလား။

ချင်ယွင်သည် အလွန်ချောမောလှပသည့် သိုင်းမြို့စားအမျိုးသမီးတစ်ဦး၏ အားကိုးမူ ခံရခြင်းသည် ကောင်းသည့်အရာဖြစ်လာမလား သို့မဟုတ် ဆိုးသည့်အရာ ဖြစ်လာမလား သူမသိတော့။

ဒါပေမယ့် မကြာခင်မှာပဲ သူ အဖြေတစ်ခု ရရှိခဲ့ပါသည်။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းလုနီးပါးဖြစ်နေသည်။ သူမက သူ့နားအနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် "ငါ့ကို ခေါ်သွားစမ်းပါ။ ငါရန်ဖြစ်တတ်ရုံတင်မကဘူး အိပ်ရာပေါ်မှာလည်း နွေးထွေးစေပါတယ်" ။

ချင်ယွင်သည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့ပြီး သူမကို အလွန်ကြောက်သွားကာ ချက်ခြင်း ထွက်ပြေးသွားခဲ့သည်။

ထိုသို့သော သက်ရှိထင်ရှား ဗောဓိသတ္တတစ်ပါးကို သူ၏မိမိအိပ်ရာမှာ နွေးထွေးစေရန် ခွင့်ပြုလိုက်ပါက သူ ပျော်ရွှင်ရမည်တဲ့လား။

ပိရှစ်သိုင်းမြို့စားသည် ကြောက်ရွံ့စွာ ထွက်ပြေးနေသောချင်ယွင်၏ပုံရိပ်ကို ကြည့်လိုက်ရင်း တောက်ပသော အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။

အဆုံးတွင်၊ ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ကို ဆက်လက်နောက်ပြောင်ရန် လည်း မမေ့ခဲ့ဘဲ သူ့နောက်ကနေ အော်ပြောလိုက်သည် "ချစ်သူငယ်လေးရေ၊ ဒီကအစေခံမကို စောင့်ပါဦး!"

ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် သူ၏ခြေထောက်များသည် ဒယီးဒယိုင်ဖြစ်သွားပြီး ခွေးစားရန်အတွက် မစင်ထွက်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။ သူက ဆက်ပြောတယ် "နတ်ဆိုးမကြီး, နတ်ဆိုးမကြီး, ဒီနတ်ဆိုးမကြီးက ကျန်းရွှန်ရှင်းထက်တောင် ပိုဆိုးသေးတယ်!"

ထို့နောက် သူသည် အခိုးအငွေ့များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး အဝေးကို ထွက်ပြေးသွားခဲ့သည်။

ပိရှစ်သိုင်းမြို့စားသည်လည်း ရူးသွပ်တော့မတတ် ရယ်မောရင်း ချင်ယွင်၏နောက်သို့ စိမ်ပြေနပြေ အေးအေးဆေးဆေး လိုက်ပါသွားခဲ့လေသည်။

အခန်း(၂၈၃) အလွန်ရက်စက်ကြမ်းကြုတ်မူ။

ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသောကြောင့် ပိရှစ် သိုင်းမြို့စားကို သူနှင့်အတူခေါ်ဆောင်ရန် သဘောတူရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ဤအရာအားလုံးသည် နာကျင်ခြင်း၏အစသာဖြစ်ကြောင်း သူမသိခဲ့ပေ။

နောက်ရက်များတွင် ချင်ယွင်၏ဘဝသည် သနားစရာကောင်းလုနီးပါးဖြစ်ခဲ့ရသည်။ ဤပိရှစ်သိုင်းမြို့စားသည် အမှန်တကယ် ရူးသွပ်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကိုလည်း သူတွေ့ရှိခဲ့သည်။

လမ်းတစ်လျှောက်မှာ တည်းခိုခန်းမှာဘဲဖြစ်ဖြစ် တောထဲမှာဘဲဖြစ်ဖြစ် မည်သည့် နေရာမှာပင်ဖြစ်စေ ပိရှစ်သိုင်းမြို့စားသည် သူ့ကို ကျီစယ်ပြီး အဆီထုတ်ရန်အတွက် ချင်ယွင်အနားကို ရောက်လာတတ်သည်။

ချင်ယွင်သည် သူမလှုံ့ဆော်မူကိုခံလိုက်သောအခါ သူမသည် လျင်မြန်စွာ ဆုတ်ခွာသွား တတ်ပြီး ချင်ယွင်ကို အေးစက်ပြီး နှလုံးသားမဲ့သော နောက်ကျောပြင်ဖြင့် ထားပစ်ခဲ့ သည်။

တစ်ခါတုန်းကဆို ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ကြိုတင် ပြင်ဆင်မူအဖြစ် ပြင်းထန်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပြီး ပိရှစ်သိုင်းမြို့စား၏ အစပြုမှုကို အခွင့်ကောင်းယူကာ ပထမဆုံး တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။

သို့သော် သူ၏လက်သည်းဖျားလေးဖြင့်ပင် သူမကိုမထိမီ၊ သူမသည် ချင်ယွင်ကို တိုက်ရိုက် ကန်ထုတ်ပစ်ခဲ့သည်။

ချင်ယွင်သည် ထိုကန်ချက်ကြောင့် သတိလက်လွတ်ဖြစ်သွားပြီး စိတ်ထဲတွင် ဒေါသဖြစ်ခဲ့ရသည်။

ဒါက ဆောက်ရမ်းရူးသွပ်တဲ့ မိန်းမတစ်ယောက် မဟုတ်ပေဘူးလား ? ဘယ်လိုလုပ် ဒီလောက်တောင်မှ လူကို နှိပ်စက်နိုင်ရတာလဲ ။ လာပြီးရန်စသော်လည်း တို့ထိလို့မရပေ။ ယင်းက အရသာရှိသည့် အစားအသောက်တွေကို စားပွဲကြီးအပြည့် တမင်တကာ ချက်ပြုတ်ပြသသော်လည်း နောက်ဆုံးမှာ သင့်ကို တူလေးနဲ့တောင် တိုထိခွင့် မပြုသလိုမျိုးဖြစ်သည်။

သို့သော်လည်း ပိရှစ်သိုင်းမြို့စားသည် (ချင်ယွင်ဖြစ်နေသည့်အနေထားကို) အနည်းငယ်မျှ သတိထားမိပုံမရဘဲ ချင်ယွင်ကို နောက်ပြောင်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။

ချင်ယွင်သည် ဒေါသထွက်လွန်းပြီး သူ့သွားများပင် ယားယံလာသည်။ သူသည် အစွမ်းကုန်ပေါက်ကွဲပစ်ပြီး သူမကိုတိုက်ခိုက်ကာ သင်ခန်းစာ ကောင်းကောင်း ပေးပစ်ချင်နေသည်။

သို့သော်လည်း ယခုအချိန်တွင် ပိရှစ်သိုင်းမြို့စားသည် လျူရန်ယွင်၏ အဒေါ်အဖြစ် သူမ၏ကိုယ်ရေးအချက်အလက်အမှန်ကို ထုတ်ဖော်ပြသထားပြီးဖြစ်သည်။ အကယ်၍ သူသာ သူမကိုထိဝံ့မိရင် အနာဂတ်မှာ လျူရန်ယွင်ကို ပြန်တွေ့ရသည့်အခါ သေချာပေါက် တိုင်တန်းခံရလိမ့်မည်။

ဤနည်းဖြင့် ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားအား လျူရန်ယွင်၏ဘဝဇာတ် အကြောင်း ပြောပြရန်မှလွဲ၍ အမှန်တကယ် ရွေးချယ်စရာမရှိတော့ပေ။ ယခု သူဝမ်းနည်းဆုံး အရာမှာ ပိရှစ်သိုင်းမြို့စားအား လျူရန်ယွင်၏ဘဝအကြောင်းကို ပြောပြရခြင်း ဖြစ်သည်။

ဘေဟိုင်စီရင်စုနှင့် ဘိုင်ယွန်စီရင်စုသည် တူညီသောနယ်နိမိတ်ကို မျှဝေပိုင်းခြားထား သောကြောင့် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားသည် ဝမ်ယွီမြို့မှ တိုက်ရိုက်ထွက်ခွာပြီး ဘိုင်ယွန်စီရင်စုသို့ မရောက်ရှိမီ တောအုပ်တစ်ခုကို ဖြတ်သန်းသွားလာရန် လိုအပ်ပါသည်။ ထို့ကြောင့် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် လမ်းပေါ်တွင် အချိန်များစွာ မဖြုန်းတီးခဲ့ကြပေ။

ဘေဟိုင်စီရင်စုမှ ဘိုင်ယွန်မြို့တော်သို့သွားရာလမ်းတွင်၊ သူသည်ချင်နင်းမြို့ကို ဖြတ်သန်းပြီးနောက် မိုးကြိုးဝိညာဉ်းဂိုဏ်းကို ဖြတ်သန်းရမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ချင်နင်းမြို့သို့ ဦးစွာသွားရန် ရွေးချယ်လိုက်ရသည်။ သူသည် ဒုတိယ ဖက်တီးနှင့် အခြားသူများကိုတွေ့သောအခါ သူမအစ်မသေဆုံးသွားခဲ့သည့်နေရာအား ပိရှစ်သိုင်းမြို့စားကို ပြသခိုင်းရမည်ဖြစ်သည်။

သေချာသည်မှာ သူမသည် ချင်နင်းမြို့အနီးသို့ရောက်ရှိလာသည်နှင့် တပြိုင်နက် ပိရှစ်သိုင်းမြို့စားသည် လေးနက်လာခဲ့ပြီး ချင်ယွင်အပေါ် ပြဿနာရှာမူများလည်း ရပ်တန့်သွားခဲ့သည်။ သူမ၏ မျက်လုံးများသည် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။ သူမပတ်ဝန်းကျင်က ပန်းတွေနဲ့ သစ်ပင်တွေကို လှည့်ပတ်ကြည့်ရူရင်း သူမသည် ထိုအချိန်တုန်းက ဤနေရာမှာ သူမအစ်မ၏ဘဝနှင့်ပတ်သက်ခဲ့သည့်အရာအားလုံးကို သူမစိတ်ထဲမှာ ပြန်လည်ပုံဖော်ကြည့်ချင်နေသလိုပင်။

ချင်ယွင်သည် လျူယွင်ယွင်၏မိခင်ကို မည်သည့်နေရာတွင် သင်္ဂြိုဟ်ခဲ့သည်ကို မသိသောကြောင့် သူမအား ဝတ်ပြုကိုးကွယ်ရန် မခေါ်ဆောင်နိုင်ခဲ့ပေ။ သူ၏ အတွေးအရဆို သဲလွန်စရရန်အတွက် မြို့တွင်းရှိ လူဟောင်းအချို့ကို မေးရလိမ့်မည်။

သို့သော် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားသည် ချင်နင်းမြို့သို့ ရောက်ရှိလာသောအခါ ချင်ယွင် အံ့အားသင့်သွားခဲ့ရသည်။ ချင်နင်းမြို့တစ်ခုလုံး လူသူဆိတ်သုဉ်းနေပြီး အိမ်များလည်း လုံးလုံးလျားလျား ပျက်စီးသွားကြပြီး။ အရာအားလုံးသည် အလွန်ပျက်စီး ယိုယွင်းနေပုံရသည်။

မြေပြင်ပေါ်တွင် အလောင်းများ လဲကျပြန့်ကျဲနေပါသည်။ အလောင်းတွေ၏ အသွင်အပြင်ကို ကြည့်မည်ဆိုလျှင် သေဆုံးသွားသည်မှာ လပေါင်းများစွာ ကြာလောက်ပြီ။

ချင်ယွင်သည် အလောင်းတွေကို ကြည့်လိုက်လျှင် သူတို့၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များကို မတွေ့ရပေ။ သို့သော်လည်း သူတို့၏ မျက်နှာများတွင် အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။ သေချာသည်မှာ၊ သူတို့သည် ကြိုတင်၍ ကြောက်စရာကောင်းသော အရာတစ်ခုကို ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပါသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဤနေရာရှိလူအများစုသည် သူဤနေရာတွင်နေထိုင်စဉ်အချိန်တုန်းက အေးစက်ပြီး နှလုံးသားမရှိကြသော်လည်း ချင်ယွင်သည် ၎င်းတို့မြေပြင်ပေါ် လဲကျကာ ငြိမ်သက်စွာ သေဆုံးနေသည်ကို မြင်တွေ့ရသောအခါ မခံမရပ်နိုင်ဖြစ်ရသေးသည်။

သူသည် တစ်မြို့လုံးကို လှည့်လည်ကြည့်ရူခဲ့ပြီးနောက် တစ်မြို့ရှိ လူအားလုံး သေဆုံး သွားကြောင်း တွေ့ရှိခဲ့သည်။ သူတို့ထဲက တစ်ယောက်မှ မလွတ်မြောက်ကြပါဘူး။ ထိုအစဉ်တုန်းက သူနှင့် သူ၏အစ်မကို ကောင်းစွာပြုစုစောင့်ရှောက်ခဲ့ကြသော ဒုတိယ ဖက်တီးတို့ မိသားစုအပါအဝင် လျူကလန်သည်ပင် သေဆုံးသွားခဲ့ကြသည်။

ဤအရာက ချင်ယွင်ကို အလွန်ဒေါသထွက်စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် အလွန်ဝေခွဲမရဖြစ်သွားရသည်။ ဤအပြစ်မဲ့ အရပ်သားများကို မည်သူက တိုက်ခိုက်ခဲ့သနည်း။ ၎င်းကို သူ မသိနိုင်ခဲ့ပေ။ ၎င်းသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး တစ်မြို့လုံးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ပိရှစ်သိုင်းမြို့စားသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူမမျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်သွားသည်။ သိသာထင်ရှားသည်မှာ၊ သူမသည် ဤနေရာ၌ ဖြစ်ပျက်ခဲ့သည်များကို နားလည်ထားသည်။

"ဓားပြအုပ်စုများလား?" ပိရှစ်သိုင်းမြို့စားက မေးသည်။

ချင်ယွင်၏ မျက်လုံးများက တွေးတောနေသည့် အမူအရာပေါ်လာသည်။ အဆုံးတွင် သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြောသည် "မဟုတ်ဘူး၊ ဒီလူတွေရဲ့ အိမ်တွေထဲမှာ ကျွမ်းကျင်သူအများကြီး ရှိတယ်။ သူတို့က ဓားပြတွေ မဖြစ်သင့်ဘူး။ နောက်ပြီး ဒီလူတွေရဲ့ သေဆုံးမှုကလည်း အလွန်ထူးဆန်းတယ်။ ဖြစ်နိုင်ခြေ တစ်ခုတည်းကို ပြန်သတိရစေတယ်။ ."

"ဘာဖြစ်နိုင်လဲ?" ပိရှစ်သိုင်းမြို့စားက မေးသည်။

"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ!" ချင်ယွင်သည် စကားနှစ်လုံးကို ထုတ်ပြောလိုက်သည်။

ပိရှစ်သိုင်းမြို့စား မျက်မှောင်ကြုတ်လိုက်သည်။ သူမလည်း မိစ္ဆာလမ်းစဉ်ကျင့် ကြံသူများအကြောင်း မကြားဖူးခြင်းမဟုတ် ကြားဖူး၏။ ဤတိုက်ကြီးတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများသည် အလွန်ရှားပါးပါသည်။ မည်သူမဆို သတိထားမိ သွားသည်နှင့် ချက်ချင်းဆိုသလို လိုက်လံဖမ်းဆီးခံရလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့သော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူနာမည်ဖြင့် တစ်မြို့လုံးကို သတ်ဝံ့သူအတွက် အလွန့်အလွန် ရှားပါသည်။

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ သူသည် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများကို မုန်းတီးသည်။ ဤအရာက ကျန်းရွှန်ရှင်း၏ နောက်ခံကို သတိရစေသည်။ ထိုအချိန်တုန်းက၊သူမတို့ရွာကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက သတ်ပစ်လိုက်ကြသည်။

ထို့နောက် ချင်ယွင်သည် ချင်နင်းမြို့အနီးနားရှိနေရာများသို့ သွားကြည့်ခဲ့သည်။ သို့သော် ချင်ယွင်ကို ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခု ပေါ်လာပြီး တစ်မြို့လုံး သေဆုံးခြင်းမြို့တော် ဖြစ်လာခဲ့သည်။

ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် အေးစက်သောလေများတိုက်ခတ်နေသည့်ကြားမှ လမ်းမပေါ်တွင် လျှောက်လှမ်းနေကြသည်။

လမ်းများနှင့် ဈေးဆိုင်များတွင် အလောင်းများဖြင့် ပြည့်နေသည်။ ၎င်းတို့ထဲမှ တစ်ဦးချင်းစီသည် ချင်နင်းမြို့ခံများကဲ့သို့ပင် သေဆုံးသွားခဲ့ကြသည်။ သူတို့၏ မျက်နှာများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိပေ။

ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့မျက်လုံးထဲမှာ အံ့အားသင့်ခြင်းတွေကို အချင်းချင်း မြင်နေရသည်။

"အရူးမ၊ ဒီကိစ္စက နည်းနည်းလေးနက်ပုံရတယ်။" ချင်ယွင်က ပိရှစ်သိုင်းမြို့စားကို ပြောလိုက်သည် ။

ပိရှစ်သိုင်းမြို့စားက ခေါင်းညိတ်ပြီးပြောသည် "တကယ်လို့ ဒီကိစ္စက ဒီလိုမြို့သေးလေးထဲ နေရာတစ်ခုမှာသာဆိုရင် ဒါက ကြီးမားတဲ့ကိစ္စ မဟုတ်သေးဘူး။ ဒါပေမယ့် အခု တစ်မြို့လုံး အသတ်ခံလိုက်ရတယ်.။ ဒါက အရမ်းဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ ဒီလိုမျိုး မောက်မောက်မာမာ ပြုမူလှုပ်ရှားနိုင်ဖို့ဆိုရင်၊ သေချာတာကတော့ အင်အားကြီးတဲ့ အပေါင်းအဖော်တွေဖြစ်ရမယ်။ တကယ်လို့ ဒီသတင်းသာ အင်ပါယာနားတော်ကို ပေါက်ရောက်သွားတာနဲ့ သိုင်းဧကရာဇ် အဆင့်ကျွမ်းကျင်သူကို အရေးယူဖို့ သေချာပေါက် စေလွှတ်လိုက်လိမ့်မယ်။"

ချင်ယွင်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မြို့သခင်စံအိမ်ဆီသို့ ပြေးသွားခဲ့သည်။

ချင်နင်းမြို့၏မြို့တော်သခင်သည် ရန်စီချီ၏ဖခင်ဖြစ်သောကြောင့် ချင်ယွင်သည် သူ၏ သေခြင်းရှင်ခြင်းကို အတည်ပြုလိုခဲ့သည်။

သို့သော် ရလာဒ်များသည် စိတ်ပျက်စရာ ဖြစ်နေတတ်သည်။ ချင်နင်းမြို့ မြို့တော်သခင်၏ အလောင်းသည် ခြံဝင်းထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေပြီး သူ၏ ဇနီးသည်လည်း သူနဲ့အတူ သေဆုံးသွားခဲ့ပြီ။

ချင်ယွင်၏ နှလုံးသားထဲတွင် ဒေါသများ ဆက်လက်စုပုံလာပြီး သူ၏ မျက်လုံးများသည် ဒေါသများနှင့် ပြည့်နှက်နေသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ရန်ကျန်းနှင့် သူ့ဇနီးအလောင်းများကို သင်္ဂြိုဟ်ပေး လိုက်ပါသည်။ ထိုဖြစ်စဉ်အတွင်း ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသထက် အေးစက်သွားခဲ့သည်။

ဤလူသတ်သမားကို သေချာပေါက်ရှာပြီး သေဆုံးသွားခဲ့ကြသည့် အပြစ်မဲ့ အရပ်သားများအတွက် လက်စားချေပေးမည်ဟု သူ၏စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

ထို့နောက် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် မိုးကြိုးဝိညာဉ်တောင်သို့ အလျင်အမြန် ပြေးလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဤကဲ့သို့ ကြေကွဲဖွယ် ဖြစ်ရပ်များသည် အခြားမြို့များစွာတွင်လည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။

ဤအရာက ချင်ယွင်၏ နှလုံးသားကို ထိတ်လန့်သွားစေခဲ့သည်။ မိုးကြိုးဝိညာဉ်ဂိုဏ်းက ယခုလိုအဖြစ်မျိုးကြုံတွေ့ရမှာကို သူကြောက်မိသည်။ အကယ်၍ ကျန်းရွှန်ရှင်းသာ မထင်မှတ်ထားသည့် အဖြစ်အပျက်မျိုး တစ်ခုခုဖြစ်ခဲ့လျှင်၊ သူမည်ကဲ့သို့ ရင်ဆိုင်ရမလဲဆိုသည်ကို သူ တကယ်မသိတော့ပေ။

ထို့ကြောင့် ချင်ယွင်သည် သူ၏အမြန်ဆုံးအရှိန်ဖြင့် အမြဲလိုလို ပြေးသွားနေသည်။ အကယ်၍ သူသည် ပိရှစ်သိုင်းမြို့စားကို စောင့်ဆိုင်းနေခြင်းကြောင့်၊ မဟုတ်ပါက သူသည် အနားယူချိန်များကိုလျှော့ချရန်အတွက် သူ၏ကိုယ်ပွားများကိုထုတ်ကာ အသုံးပြုပြီး ဖြစ်သည်။

နောက်ဆုံးတွင်၊ သုံးရက်ကြာခရီးထွက်လာပြီးနောက် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စား သည် မိုးကြိုးဝိညာဉ်တောင်ခြေရင်းသို့ ရောက်ရှိခဲ့ကြသည်။

ချင်ယွင်သည် မြင့်မားသော မိုးကြိုးဝိညာဉ်တောင်တန်းများကို မော့ကြည့်ရင်း သူ၏ စိတ်ထဲမှတိုးတိုးရေရွတ်လိုက်သည် "ရွှင်ရှင်း၊ မင်း ဘာမတော်တဆမူမှ မဖြစ်ရဘူး နော်!"

အခန်း (၂၈၄) ကောင်းကင်နတ်ဆိုးအဖွဲ့ပြန်ပေါ်လာခြင်း။

မိုးကြိုးဝိညာဉ်တောင်ထိပ် ၊ ကောင်းကင်မိုးကြိုးရင်ပြင်။

နှစ်ဘက်စလုံးသည် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ တစ်ဖက်မှာ လူတစ်ရာကျော်ရှိပြီး အခြားတစ်ဖက်မှာ လူနှစ်ယောက်ပဲရှိသည်။

မှန်ပါသည် သူတို့ထဲက အများစုဟာ မိုးကြိုးဝိညာဉ်ဂိုဏ်းကဖြစ်ပြီး အခြား တဖက်က တော့ ဤနေရာကို ကျူးကျော်လာသူတွေပါ။

သို့သော်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းမှ လူအများစုသည် အထူးသဖြင့် မိုးကြိုး ဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင် လဲ့ရှောင်တင်းမှာ ဒဏ်ရာရသွားပုံရသည်။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏ရင်ဘတ်မှာလည်း သွေးများဖြင့် နီရဲနေပြီ ဖြစ်သည်။ ကြေကွဲဖွယ် သွေးထွက်သံယိုတိုက်ပွဲကို သူကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားသည်။

သူ့နောက်တွင် ပထမတော်ဝင်အကြီးအကဲသည် သူ၏ခါးကုန်းနေသော ခန္ဓာကိုယ်က ပို၍ပင် ကိုင်းညွှတ်နေပြီး သူ့မျက်လုံးများသည် ဒေါသနှင့်အတူ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဘိုင်ချီဟန် ၊ ကျိုးယု ၊ ကျန်းရွှန်ရှင်း၊ ချင်ရွှန်းရွှန်းနှင့် တခြားတပည့်များလည်း လူအုပ်ထဲမှာ ရပ်နေကြသည်။ လက်ထဲတွင် လက်နက်ကိုယ်စီကိုင်ထားကြပြီး မနီးမဝေးမှ လူနှစ်ယောက်ကိုကြည့်ရင်း သူတို့မျက်လုံးသည်လည်း နီရဲနေကြလေ သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံးရှိတပည့်နှစ်ထောင်ကျော်နှင့် အကြီးအကဲ များတွင် လူတစ်ရာကျော်သာ ကျန်တော့သည်။ ကျန်လူအားလုံးသည် သူတို့ရှေ့မှာရှိနေသည့် နတ်ဆိုးချောက်နက်ကြီးနှစ်ခု၏ သတ်ဖြတ်ခြင်းကို ခံနေကြရသည်။

သူတို့၏တပည့်အပေါင်းအဖော်များသည် ဤနတ်ဆိုးနှစ်ယောက်၏ လက်အောက်တွင် သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ကြောက်စရာကောင်းသော မြင်ကွင်းက သူတို့အား ရူးသွပ်သွားစေရန် တွန်းအားဖြစ်စေခဲ့သည်။

သို့သော် သူတို့ရှေ့တွင်ရှိနေသည့် ဤလူနှစ်ယောက်သည် အလွန် အစွမ်းထက်လွန်း လှသည်။ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပင်လျှင် အခြားတဖက်မှလူများနှင့် မယှဉ်နိုင်ပေ။

မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်လဲ့ရှောင်တင်းသည် သူ၏ရှေ့မှာရှိနေသည့် ကျူးကျော်သူ နှစ်ဦးကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင် ဒေါသသည် တုနှိုင်းမရသည့်ဒေါသဒေါသနှင့်အတူ သူ၏မျက်လုံးများက ရှက်ရွံ့စိတ်များ ပြည့်နှက်နေခဲ့သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တပည့်နှစ်ထောင်နီးပါး အသတ်ခံခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် ဘာမှ မလုပ်နိုင်ဘဲ ကူကယ်ရာမဲ့သာ စောင့်ကြည့် နေနိုင်ခဲ့သည်။ ဤအခြေအနေမျိုးကို သူမည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

သို့သော် သူ့ရှေ့တွင်ရှိနေသည့် ဤလူနှစ်ယောက်သည် အစွမ်းထက်လွန်းလှသည်။ သူတို့သည် အလွန်အစွမ်းထက်သောကြောင့် သူတို့မှာလက်တုံ့ပြန်ရန် လုံးလုံးလျားလျား စွမ်းအားမရှိခဲ့ကြပေ။

အစိမ်းရောင်၀တ်စုံဝတ် သက်လတ်ပိုင်းအရွယ်လူကလည်း အတော့်ကို စွမ်းထက်သည်။ သူသည် သူကဲ့သို့ သိုင်းမြို့စားနယ်ပယ်၏နဝမအဆင့် ကောင်းကင်အလွှာတွင်ရှိပြီး သူ၏ခွန်အားမှာလည်း သူနှင့်တန်းတူဖြစ်သည်။

သို့သော် အနက်ရောင်ဝတ်ရုံကို၀တ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုး အငွေ့အသက်များကို ထုတ်လွှတ်သော အခြားအမျိုးသားကမူ ပို၍ပင် ကြောက်မက် ဖွယ် ကောင်းသည့် ခံစားချက်ကို ပေးနေခဲ့သည်။

အစမှအဆုံးအထိ၊ ဤအနက်ရောင်ဝတ်ရုံလူသည် တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ပြီး အခြားတစ်ဖက်မှ သာမန်ကာလျှံကာ လက်ဖဝါးရိုက်ချက်လေးက သူ့ကို လွင့်ထွက်လုနီးပါးဖြစ်စေခဲ့ပြီး ပြန်မထနိုင်လုနီးပါးပင် ဖြစ်ခဲ့ရသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိပြင်းထန်သော ဒဏ်ရာများက သူ့ရှေ့မှာရှိနေသည့် အနက်ရောင် ၀တ်စုံဝတ်လူကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်ကို သိရှိထားရမည်။ ဒါ့အပြင် သူ၏ မိုးကြိုးစွမ်းရည် သဘောတရား သည်လည်း သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအစွမ်းမျိုးသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ များကြားတွင် ဒုတိယတန်းစား တည်ရှိမှုဟု ဆိုနိုင်သည်။

သို့သော်လည်း အခြားတဖက်လူသည် သူ့ကို လက်တုံ့ပြန်ရန်အတွက် တစ်ခုတည်းသော လှုပ်ရှားမှုကိုသာ အသုံးပြုခဲ့ပြီး သူသည် အစွမ်းအစမရှိသည့်အထိ ရိုက်နှက်ခံ လိုက်ရသည်။ ဤအရာက သိုင်းမြို့စားကြီးလေးပါးတောင်မှ မလုပ်နိုင်သည့် အရာ ဖြစ်သည်။

ယင်းကြောင့် လဲ့ရှောင်တင်းသည် အနက်ရောင် ဝတ်ရုံသူသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်နိုင်သည်ဟု သံသယရှိနေခဲ့သည်။

အကယ်၍ ထိုလူသည် အမှန်တကယ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်နေခဲ့ပါက၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံးသည် ယနေ့တွင် အဆုံးသတ်သွားပေလိမ့်မည်။

"မင်းတို့ကက ဘယ်သူတွေလဲ၊ မင်းတို့က ဘာလို့ ငါ့ရဲ့ မိုးကြိုးဝိညာဉ်ဂိုဏ်းကို ကျူးကျော်ပြီး ငါ့ဂိုဏ်းရဲ့တပည့်တွေကို သတ်လိုက်ရတာလဲ" လဲ့ရှောင်တင်းသည် မဝေးလှသောနေရာမှာရှိနေသည့် ကျူးကျော်သူနှစ်ဦးကို အေးစက်စွာ အော်ပြော လိုက် သည်။

ထိုစကားပြောပြီးသော်လည်း အနက်ရောင်၀တ်စုံဝတ်လူသည် တိတ်ဆိတ် ငြိမ်သက်နေသည် ။ သို့သော် သူ့ဘေးနားရှိ အစိမ်းရောင်၀တ်စုံဝတ် သက်လတ်ပိုင်း အရွယ်လူက ပြုံးပြသည်။ သူက လဲ့ရှောင်တင်းကိုကြည့်ကာ ဆိုးသွမ်းသော အပြုံးဖြင့်ပြောသည် "ဂိုဏ်းသခင်လဲ့ ၊ ခင်ဗျား ကျုပ်ကိုမသိတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျုပ်ကိုယ်ကျုပ် အရင်မိတ်ဆက်ခွင့်ပြုပါ။ ကျုပ်နာမည်က လီချင်း ဖြစ်ပြီး၊ ကျုပ်က မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်း ဆေးဖက်ဆိုင်ရာခန်းမမှာ အကြီးအကဲ ဖြစ်ခဲ့ဖူးပါတယ်။ "

ဤစကားများပြောပြီးသည်နှင့်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းရှိလူတိုင်းသည် သူတို့ရှေ့တွင် ရှိနေသော အစိမ်းရောင်ဝတ်စုံဝတ် သက်လက်ပိုင်းအရွယ် လူကို ချက်ခြင်း စိုက်ကြည့် နေကြသည်။

ကျန်းရွှန်ရှင်း၏ မျက်လုံးများသည် အံ့သြစွာဖြင့် တောက်ပလာသည်။ လီချင်းဆိုသည့် နာမည်ကို ဟိုးအရင်ကတည်းက သူမ ကြားဖူးသည်။ တိုင်ယွန်တောင်တန်းမှာတုန်းက ချင်ယွင်နှင်ဇောင်ယုတို့က ဒီနာမည်ကို အကြိမ်ပေါင်းများစွာ ပြောဖူးခဲ့သည်။

သို့သော် ထိုအချိန်တွင် လီချင်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်တွင်သာ ရှိနေပုံရသည်။ သူသည် ဇောင်ယုကို ဒဏ်ရာပေးခဲ့ပြီးနောက် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့ သည်။ ယခု သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အစွမ်းမျိုးကို ထပ်မံရရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဒါက သိပ်ပြီး ကြောက်စရာကောင်းမနေဘူးလား။

လီချင်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်းရှိလူတိုင်း၏ အံ့အားသင့်နေသော အမူအရာများ ကြောင့် အလွန်ကျေနပ်နေပုံရသည်။ သူက ပြုံးပြီး ဆက်ပြောသည် "ဒါပေမယ့် အဲဒါက အတိတ်ဖြစ်သွားပါပြီ၊ အခု ကျုပ်က ကောင်းကင်နတ်ဆိုးအဖွဲ့ဝင် တစ်ယောက် ဖြစ်နေပြီ"

"ကောင်းကင်နတ်ဆိုးအဖွဲ့လား!" လဲ့ရှောင်တင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏နောက်မှာရှိနေသည့် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တော်ဝင်အကြီးအကဲသည် ထိတ်လန့်သောအကြည့်ကို ထုတ်ဖော်လာခဲ့ပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သေချာသည်မှာ၊ သူ့နောက်မှာရှိနေသည့် တပည့်တစ်စုကတော့ စိတ်ရှုပ်ထွေးနေသည့် အမူအရာတွေကိုသာ ဖော်ထုတ်နေကြပါသည်။

အင်ပါယာတစ်ခုလုံးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့အစည်းကြီးတစ်ခု၊ ၎င်း၏ဇာစ်မြစ်ကို မည်သူမျှ မသိခဲ့သလို သူ၏အင်အားသည် မည်မျှအစွမ်းထက်သည်ကိုလည်း မည်သူမှ မသိခဲ့ကြပေ။

ဤအဖွဲ့အစည်းကြီးအင်အားသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤအဖွဲ့အစည်းကြီးထဲမှာ ပညာရှင်တွေက တိမ်တွေလိုပင် များပြားလွန်းလှသည်။ ဤအဖွဲ့အစည်းကြီးတွင် ပါဝင်ခွင့်ရသူတိုင်းသည် အလွန် အစွမ်းထက်ပါသည်။

သိုင်းမြို့စားနယ်ပယ်သို့ မရောက်ရှိမီ ကောင်းကင်နတ်ဆိုးအဖွဲ့သို့ တရားဝင် ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသေးကြောင်း ပြောကြသည်ကို ချင်ယွင် သိထားသည်။ ချင်ယွင်ကြုံတွေ့ခဲ့ဖူးသည့် အစိမ်းရောင်ဝတ် ဓားသူတော်စင်လေးနှင့် အဖြူအမည်း အမြွှာညီနောင်နှစ်ဖော်သည် ကောင်းကင်နတ်ဆိုးအဖွဲ့၏ အဆင့်နိမ့် ပုဂ္ဂိုလ်များသာ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးအဖွဲ့ဝင်များ၏ အထက်ပိုင်း ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် ခွန်အား မည်မျှရှိသည်ကို မည်သူမျှမသိပေ။ ၎င်းတို့သည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ကြသည်။

"ငါ့မိုးကြိုးဝိညာဉ်ဂိုဏ်းက၊ မင်းတိုနဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိပါဘူး။ မင်းတို့က ငါတို့ဂိုဏ်းရဲ့ တပည့်တွေကို ဘာလို့ ဒုက္ခပေးနေရတာလဲ။" လဲ့ရှောင်တင်းက အေးစက်စွာ မေးလိုက်သည်။

ထိုအခိုက်တန့်တွင် အခုချိန်ထိ စကားမပြောသေးသည့် အနက်ရောင်ဝတ်ရုံ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည် ကောင်းကင်နတ်ဆိုးအဖွဲ့၏ ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သင့်သည်ဟု သူ သေချာပေါက်သိသည်။

"ဟား ၊ ဟား၊ ရန်ငြိုးရန်စမရှိဘူး၊ အာဃာတမရှိဘူးဟုတ်လား?" လီချင်းက ရယ်မော လိုက်သည်။ သူ၏ရယ်သံက အနည်းငယ် ရူးသွပ်သည်။ ကြောက်စရာကောင်းသော ရယ်မောသံကြောင့် မိုးကြိုးဝိညာဉ်ဂိုဏ်း တပည့်များ၏နှလုံးသားများ အေးခဲသွား စေသည်။

"ကျုပ် ခင်ဗျားတို့ကို ပြောပြပါရစေ။ သခင်တောင်ပံနက်ရဲ့ မျက်လုံးထဲမှာ၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံးနဲ့ ဘိုင်ယွန် စီရင်စုတစ်ခုလုံးက သားသတ်ရုံတွေထက် ဘာမှမပိုဘူး၊ ဟုတ်ပြီးလား? ပြီးတော့ မင်းတို့အားလုံးဟာ သခင်တောင်ပံနက်ရဲ့ မျက်လုံးထဲမှာတော့ သူ့ရဲ့အစာအဟာရတွေပဲ!" လီချင်းက ပြင်းပြင်းထန်ထန် ပြောလိုက်သည် ။

ထိုစကားများပြီးဆုံးသည်နှင့် မိုးကြိုးဝိညာဉ်ဂိုဏ်းရှိလူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွား ကြသည်။

ဘိုင်ယွန်စီရင်စုတစ်ခုလုံးကို သားသတ်ရုံအဖြစ် အသုံးနေတာလား။ လူတိုင်းကို သူ့ရဲ့ အစာအာဟာရအဖြစ် ဆက်ဆံတာလား။

ထိုစကားတစ်ခွန်းတည်းဖြင့်ပင် သူတို့က အလွန်ဆိုးရွားပြီး အလွန်ကြောက်စရာ ကောင်းသည်ဟု ခံစားလာရသည်။

လီချင်းက အေးစက်စွာ ပြုံးနေသေးသည်။ ရက်စက်ကြမ်းကြုတ်သော သူ၏ မျက်နှာသည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူက ဆက်ပြောလိုက်သည် "မကြာသေးခင် လများအတွင်းက ပတ်ဝန်းကျင်မြို့တွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအကြောင်း မင်းတို့ ကြားဖူးသင့်တယ် မဟုတ်လား?"

မိုးကြိုးဝိညာဉ်ဂိုဏ်း၏တပည့်များသည် ချက်ချင်းပင် တုန်လှုပ်သွားကာ အံ့ဩသော အမူအရာများ ပေါ်လွင်လာသည်။

"ရှင်တို့လုပ်လိုက်တာလား?" ကျန်းရွှန်ရှင်းက အံကြိတ်ကာ မေးလိုက်သည်။

လီချင်းက အထင်သေးစွာ ပြုံးပြီး ပြောသည် "မှန်တာပေါ့၊ ငါတို့လုပ်ခဲ့တာ အတိအကျပဲပေါ့။ အခု သခင်တောင်ပံနက်က သူ့ရဲ့အဆင့်ချိုးဖြတ်မူအတွက် အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ၊ သူ့ကို ကျွေးမွေးဖို့အတွက် အဲဒီပုရွက်ဆိတ်တွေရဲ့ စိတ်ဝိညာဉ်တွေ လိုအပ်နေတယ်လေ"

ဤစကားကြားရလျှင် မိုးကြိုးဝိညာဉ်ဂိုဏ်း၏တပည့်တွေဟာ သူတို့၏ကျောရိုးတွေကို အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ အုံ့မှိုင်းသော အငွေ့အသက်သည် ချက်ချင်းပင် သူတို့ကို လွှမ်းခြုံသွားပုံရပြီး ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကျန်းရွှန်ရှင်း၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေသည်။ အဲဒီအချိန်တုန်းက သူမရွာသည် တရွာလုံးအသတ်ခံရသည်။ ထို့ကြောင့် သူမသည် ယခုကိစ္စကိုလည်း အရမ်းစိုးရိမ်နေခဲ့ပြီး မကြာသေးခင်ကမှ စုံစမ်းစစ်ဆေးခဲ့သေးသည်။

သို့သော် ဤအခိုက်အတန့်တွင် ဘယ်တုန်းကမှ စကားမပြောခဲ့သည့် အနက်ရောင်ဝတ်ရုံဝတ်လူက ရုတ်တရက် ပြောလိုက်သည် "လီချင်း၊ ခုနက စကားပြောခဲ့တဲ့ ကောင်မလေးကို ဖမ်းလိုက်စမ်း။ သူမစိတ်ဝိညာဉ်က အလွန် သန့်စင်တယ်လို့ ငါ ခံစားရတယ်။ အရမ်းအရသာရှိလိမ့်မယ်"

သူ၏အသံက မြေအောက်ငရဲကမ္ဘာက ထွက်လာသည့်အတိုင်းပင်၊ နက်ရှိုင်းပြီး စူးစူးရှရှအက်ကွဲပေါက်ကာ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

အထူးသဖြင့် ကျန်းရွှန်ရှင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမသည် အဆိပ်ပြင်းမြွေ တစ်ကောင်၏ ပစ်မှတ်ထားခံရသလို ကြောက်ရွံ့သွားပုံရသည်။

သူ၏နံဘေးမှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ် အမျိုးသား၏စကားကို ကြားရလျှင် လီချင်းသည် ရိုသေလေးစားသည့် အမူအရာဖြင့် ချက်ချင်းဆိုသလိုပင် တုန့်ပြန်လိုက်သိည် "ဟုတ်ကဲ့ပါ၊ သခင်တောင်ပံနက်!"

ထိုသို့ပြောပြီးနောက် လီကျင်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်းနှင့် အခြားလူများဘက်ကို လှည့်ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်နေပြီဖြစ်သော သူ၏နှုတ်ခမ်းထောင့် သည် ကြီးမားစွာ တွန့်ကွေးသွားလေ၏။

အခန်း (၂၈၅) မောက်မာသောလီချင်း။

ကျန်းရွှန်ရှင်းသည် လီချင်းပြုံးနေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် သူမကျောရိုး တစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရ၏။

"ဟမ့်၊ ငါလဲ့ရှောင်တင်းရှိနေသမျှ မင်းကို ငါ့မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေကို ထပ်ပြီးဒုက္ခပေးခွင့် သေချာပေါက် မပြုတော့ဘူး ။"

မိုးကြိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျန်းရွှန်ရှင်းနှင့် အခြားသူများရှေ့တွင် ရပ်လိုက်သည်။ သူ့အငွေ့အသက်များက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတယ်။ သို့သော်လည်း အနက်ရောင်၀တ်စုံဝတ် လျှို့ဝှက်ဆန်းကြယ်သောလူ၏ တိုက်ခိုက်မူကြောင့် သူသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိထားပြီးဖြစ်ကာ သူ၏ဒဏ်ရာများကလည်း ဆိုးဝါးလှသည်။ သူသည် မထိန်းနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးချောင်းတချက်ဆိုးကာ အန်ထုတ်လိုက်ရ၏။

လီချင်းက အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။ သူသည် လဲ့ရှောင်တင်း၏ ဖြူဖျော့သော မျက်နှာကိုကြည့်ပြီး ပြောလိုက်သည် "ခင်ဗျားရဲ့လက်ရှိခွန်အားက ကျုပ်တို့ကို တားဆီးနိုင်တုန်းပဲလို့ ထင်နေတာလား၊ သခင်တောင်ပံနက်ကို မပြောနဲ့၊ ကျုပ်တစ်ယောက်တည်းတောင်မှ ခင်ဗျားတို့အားလုံးကို သေသည်အထိ အလွယ်တကူ ဖိနှိပ်နိုင်တယ်။ "

လဲ့ရှောင်တင်းသည် နာကျင်နေသော ရင်ဘတ်ကို ဖုံးအုပ်ထားပြီး သူ၏မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူက သူ၏နောက်မှာရှိနေသည့် ကျိုးယုကို တံဆိပ်ပြားတစ်ခု ပေးပြီး တိုးတိုးပြောလိုက်သည်"မိုးကြိုးဝိညာဉ်တောင် ကမ္ဘာငယ်လေးရဲ့ တော်ဝင်အကြီးအကဲ သုံးယောက်ကို မြန်မြန် အကြောင်းကြား လိုက်ပါ။ မိုးကြိုးဝိညာဉ်ဂိုဏ်းက အန္တရာယ်ရှိနေတဲ့ကြောင်း သူတို့ကို ပြောပြပြီး သူတို့ကို အမြန်ကယ်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါ"။

ကျိုးယုသည် ခေါင်းညိတ်လိုက်ပြီး မိုးကြိုးဝိညာဉ်တောင် ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ဦးတည်ပြေးသွားကာ အလင်းတန်းတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းသွားခဲ့သည်။

ယခုအခါ ကျိုးယု၊ ဘိုင်ချီဟန်၊ ကျန်းရွှန်ရှင်းနှင့် ချင်ရွှန်းရွှန်းအားလုံးသည် သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့အနက် ကျိုးယု၏ ကျင့်ကြံခြင်းအဆင့်မှာ အနှေးကွေးဆုံး ဖြစ်ပြီး သူ၏ ကျင့်ကြံမှု အဆင့်မှာ သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ ဖြစ်သည်။ ဘိုင်ချီဟန်နှင့် ချင်ရွှန်းရွှန်း နှစ်ယောက်စလုံးသည် သိုင်းမြို့စားနယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေခဲ့ကြသည်။

ကျန်းရွှန်ရှင်းသည် ချင်ယွင်သင်ပေးထားသည့် အင်မော်တယ်အဆင့် ကျင့်ကြံခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားသောကြောင့်၊ သူမ၏ တိုးတက် ကြီးထွားမှုနှုန်းက အလျင်မြန်ဆုံး ဖြစ်သည်။ သူမသည် ဘိုင်ချီဟန်နှင့် ချင်ရွှန်းရွှန်းတို့ကိုပင် ကျော်ဖြတ်ကာ သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့သည်။ သူမသည် သိုင်းမြို့စားနယ်ပယ်၏ ပဥ္စမအဆင့် ကောင်းကင်အလွှာနှင့် ခြေတစ်လှမ်းသာ ဝေးတော့ပြီး မိုးကြိုးဝိညာဉ်ဂိုဏ်း ၏ နံပါတ်တစ်တပည့်ပင် ဖြစ်နေပြီဖြစ်သည်။

လီချင်းသည် ကျိုးယုထွက်ခွာသွားသည်ကို သဘာဝအတိုင်း မြင်ခဲ့သော်လည်း သူ့ကို တားဆီရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ၏အမြင်အရဆို သခင်တောင်ပံနက် ကွင်းပြင်ထဲမှာ ရှိနေသရွေ့ အကယ်၍ သူတို့ စစ်ကူတောင်း မည်ဆို လျှင်ပင် ဘာများထူးခြားသွားမည်နည်း။ နောက်ဆုံးတော့ သူတို့အားလုံး သေဆုံးကြမှာပင် ဖြစ်သည်။

"လီချင်း၊ သူတို့ကို အမြန်ဖယ်ရှာပြီး အဲဒီကောင်မလေးကို ဖမ်းလိုက်။” အနက်ရောင် ဝတ်စုံဝတ် လျို့ဝှက်ဆန်းကြယ်သောလူထံမှ အသံတစ်ချက် ထွက်ပေါ်လာပြန်သည်။ သူ၏အသံတွင် စိတ်မရှည်ခြင်းနှင့် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဘေးမှာရပ်နေသည့် လီချင်းသည်ပင် ရုတ်တရက် သူ၏ကျောရိုးတလျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူအား အလျင်အမြန် တုန့်ပြန်ပြောလိုက်သည် “ဟုတ်ကဲ့ပါ”။

ထိုစကားကို ပြောပြီးနောက်တွင် သူသည် နောက်ထပ်စကားလုံးများဖြင့် အချိန်ဖြုန်းတီးပစ်ရန် မဝံ့ရဲတော့ပေ။ သူသည် လဲ့ရှောင်တင်းနှင့် အခြားသူများဘက်ကို လှည့်ကြည့်ကာ ပြုံးပြရင်း သူတို့ဆီသို့ ပြေးသွားခဲ့သည်။

ဤမြင်ကွင်းက လဲ့ရှောင်တင်း၏ မျက်လုံးထဲသို့ သဘာဝအတိုင်း ဝင်ရောက်လာခဲ့ သည်။ သူတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူနှင့် ပတ်သက်ပြီး လီချင်း၏ကြောက်ရွံ့မှုကို ခံစားနိုင်ကြသည်။ နဝမအဆင့် ကောင်းကင် အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည်ပင် အလွန်ကြောက်ရွံ့ နေခဲ့သည်။ ဤလူ၏အစွမ်းက မည်မျှအထိ ကြောက်စရာကောင်းနေသနည်း။

သို့သော်၊ လဲ့ရှောင်တင်းသည် ဤမေးခွန်းများကို စဉ်းစားရန် အချိန်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် လီချင်းသည် သူ့ဆီသို့ တဖန် တဟုန်ထိုး ပြေးဝင်လာနေသေး သောကြောင့် ဖြစ်သည်။

လဲ့ရှောင်တင်းက အော်ဟစ်မာန်သွင်းလိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းက သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ခရမ်းရောင် အလင်းဖြင့် နှစ်ခြင်းခံနေပုံရသည်။ သူ၏လက်ဖဝါးများသည် ချက်ချင်းပင် လက်သီးဆုပ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ဘက်သို့ တဟုန်ထိုး ပြေးဝင်လာနေသော လီချင်းဆီသို့ ပစ်လွှတ်လိုက်သည်။

လီချင်းက အထင်မြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏လက်ဖဝါးမှ ကြက်သွေးရောင်တောက်ပနေသော အလင်းတန်းတစ်ခု တဟုန်ထိုး ထွက်ပေါ်လာ သည်။ ဤအခိုက်အတန့်တွင် အဆုံးမရှိသော မကောင်းဆိုးဝါး အငွေ့အသက် တစ်ခုက ထွက်ပေါ်လာသည်။ သူသည် လဲ့ရှောင်တင်း၏ လက်သီးကို တိုက်ရိုက် ရိုက်ချလိုက်သည်။

"ဘုန်း!"

လက်သီးများ အချင်းချင်း ထိပ်တိုက်ဆုံမိသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်လှိုင်းအကျတစ်ခု ချက်ချင်း ပျံ့နှံ့သွားပြီး အရပ်ရပ်သို့ ပြန့်ကျဲ သွားခဲ့သည်။

လဲ့ရှောင်တင်းသည် မူလကတည်းက ဒဏ်ရာ ပြင်းထန်နေပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် လီချင်း၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။

ချက်ခြင်းဆိုသလိုပင် သူ၏ရင်ဘတ်သည် တုန်ခါသွားခဲ့ပြီး ပါးစပ်က သွေးတွေ ထွက်ကြလာသည်။ သူသည် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားရ၏။

လီချင်း၏ပုံရိပ်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လဲ့ရှောင်တင်း၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

"ဂိုဏ်းခေါင်းဆောင်လား? ဟမ့်၊ ဒီလောက်ပဲလား !" လီချင်းသည် သူ၏ ကြက်သွေးရောင်လက်ဖဝါးဖြင့် လဲ့ရှောင်တင်း၏ ရင်ဘတ်ကို ထပ်မံ ထိုးနှက်ရင်း လှောင်ပြောင်ပြောလိုက်သည်။

"အား!"

လဲ့ရှောင်တင်းသည် မီးတောက်မီးလျှံလောင်ကျွမ်းသွားကဲ့သို့ သူ၏ရင်ဘတ်တစ်ခုလုံး ပူလောင်သည့်နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ပူလောင်သော ဝေဒနာကြောင့် ဝမ်းနည်းဖွယ် ဟစ်အော်သံများ ဆက်တိုက် ထွက်ပေါ် လာခဲ့ရသည်။

"ဂိုဏ်းခေါင်းဆောင်ကို လွှတ်လိုက်စမ်း!" တော်ဝင်အကြီးအကဲ ရှင်းယွန်သည် ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားနေသော အကြည့်နှင့်အတူ ဒေါသကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လဲ့ရှောင်တင်းကို ကယ်တင်လိုသော လီချင်ထံ ပြေးသွားခဲ့သည်။

သို့သော် သူ၏ကျင့်ကြံမူအဆင့်သည် သိုင်းမြို့စားနယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ သူ၏စွမ်းအားက အမှန်တကယ်ကို နိမ့်ကျ လွန်းနေသည်။ လီချင်းက သူ့ကို လှည့်ပင်မကြည့်ပေ။ သူသည် သူ၏ ဝတ်စုံလက်မောင်းလက်ကို တိုက်ရိုက်ဝှေ့ယမ်းလိုက်ပြီး တော်ဝင်အကြီးအကဲ ရှင်းယွန်ကို လွှင့်ထွက်သွားစေ၏။ တော်ဝင်အကြီးအကဲရှင်းယွန်သည် အဝေးမှာ ရှိနေသည့်စင်မြင့်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် ဂိုဏ်းခေါင်းဆောင် ဖမ်းခံရပြီး တော်ဝင်အကြီးအကဲကြီးလည်း တစ်ချက်လှုပ်လိုက်ရုံဖြင့် လွင့်ထွက်သွားသည်ကို တွေ့လိုက်သောအခါတွင် သူတို့အားလုံး၏ မျက်နှာများသည် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။ သူတို့၏ မျက်နှာများသည် ကြောက်ရွံ့ခြင်း မှသည် ပြာနှမ်းလာကြပြီး သူတို့ခြေသလုံးများသည်ပင် အားနည်းပြီး ပျော့ခွေလာ ကြကာ သူတို့၏နှလုံးသားထဲတွင် ကြံမိကြံရာ စွတ်လုပ်လိုသည့် ခံစားချက်များပင် တိုးဝင်လာကြသည်။

ကျန်းရွှန်ရှင်း၊ ချင်ရွှန်းရွှန်း နှင့် ဘိုင်ချီဟန်တို့၏ အမူအရာများသည် အလွန် လေးနက်နေပါသည်။ လီချင်းသည် လဲ့ရှောင်တင်း၏လက်ကို ကိုင်ထားသည်ကို ကြည့်ရင်း သူတို့၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း မဆင်မခြင်လှုပ်ရှားမူမျိုး ပြုမူဝံ့ခြင်းမရှိပေ။

အကယ်၍ ယခုအချိန် သူတို့ရှေ့တက်သွားမည်ဆိုလျှင် တော်ဝင်အကြီးအကြီးကဲ့သို့ပင် မီးပုံထဲ ဝင်တိုးသည့် ပိုးဖလံတစ်ကောင်ကဲ့သို့သာ အဆုံးသတ်သွားလိမ့်မည်။

လီချင်းသည် လက်တစ်ဖက်ဖြင့် လဲ့ရှောင်တင်းကို လေထဲမှာ မြှောက်လိုက်ပြီး နောက်တစ်ဖက်ကို လဲ့ရှောင်တင်း၏ ရင်ဘတ်ပေါ်တွင် တင်လိုက်သည်။ အနီရောင်မိစ္ဆာ အငွေ့အသက်များက လဲ့ရှောင်တင်း၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် ဝင်ရောက် လာနေသည်။

လဲ့ရှောင်တင်းသည် သူ့ခန္ဓာကိုယ်ထဲသို့ အနီရောင်မိစ္ဆာစွမ်းအင်များ စီးဆင်းနေပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးပစ်နေသည်ကို သူခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးသည် အင်းဆက်ပိုးမွှားကိုက်ခံရပြီး မီးတောက်မီးလျှံများ လောင်ကျွမ်း တောက်လောင်ကဲ့သို့ နာကျင်မူကို ခံစားနေရသည်။

“မင်း ငါ့ကို သတ်ပစ်လိုက်” လဲ့ရှောင်းတင်းက အရူးတစ်ယောက်လို အော်ပြောလိုက်၏။

ယခုဆိုလျှင် သူ၏ဘဝသည် သေခြင်းထက် ပိုဆိုးသည်ဟု သူ အမှန်တကယ် ခံစားမိသည်။ ဤလီချင်း၏ ဝိညာဉ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြေမွသွားသလိုမျိုး ပြင်းထန်စွာ တိုက်စားသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို တိုက်စားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော နာကျင်မှု သည် သူ့အသက်ရှင်ရန်အတွက် အမှန်တကယ် နာကျင်လွန်းလှသည်။

သို့သော်လည်း လီချင်းသည် ၎င်းထံမှ အဆုံးမဲ့ ပျော်ရွှင်မှုကို ခံစားရပုံပေါ်သည်။ သူ၏ မျက်နှာမှာ ရက်စက်ယုတ်မာပြီး ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လဲ့ရှောင်တင်း၏နားအနားကပ်ကာ တိုးတိုးပြောလိုက်သည် “ စိတ်မပူပါနဲ့” ကျုပ်က ခင်ဗျားကို မသတ်ပါဘူး။ ဒီမှာရှိနေကြတဲ့ခင်ဗျားတို့အားလုံးက သခင်တောင်ပံနက်ရဲ့ အစာအာဟာရတွေဖြစ်လာရမှာလေ။ ခင်ဗျားတို့သေသွားမယ်ဆိုရင် ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်တွေကို သခင်တောင်ပံနက်က စားမှာမဟုတ်တော့ဘူး"

ထိုစကားပြောပြီးသည်နှင့် လီချင်းက အထင်သေးဟန်ဖြင့် ပြုံးကာလဲ့ရှောင်တင်းကို အမှိုက်ပစ်သလိုမျိုး ဘေးကိုလွှင့်ပစ်လိုက်သည်။

ယခုအချိန်တွင် လဲ့ရှောင်တင်းသည် အလွန်နာကျင်နေပြီ ဖြစ်သည်။ ပထမမျိုးဆက် ဂိုဏ်းခေါင်းဆောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တုန်တုန်ယင်ယင်ဖြင့် အဆက်မပြတ် တုန်ခါနေသည်။

လီချင်းသည် ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ၏နှလုံးသားထဲတွင် အဆုံးမဲ့ ကျေနပ်မှုကို ခံစားလိုက်ရသည်။ ထိုမှသာ သူက လှည့်ပြီး မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တပည့်များဆီသို့ လှည့်ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူ၏အကြည့်တွေက ကျန်းရွှန်ရှင်းအပေါ် ကျရောက်သွားခဲ့သည်။

ကျန်းရွှန်ရှင်းသည် သူမနောက်ကျောကို လေပြင်းတိုက်ခတ်လာသကဲ့သို့ အေးစိမ့်မူကို ချက်ချင်း ခံစားလိုက်ရသည်။ အေးစက်နေသော ချွေးများက သူမနောက်ကျောမှ ထွက်ကျလာပြီး သူမလက်ထဲမှဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဘေးအနီးနားရှိ ဘိုင်ချီဟန်နှင့် ချင်ရွှန်းရွှန်းတို့သည်လည်း တူညီသော ကြောက်ရွံ့ ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ သို့သော် သူတို့သည် နောက်ဆုတ်သွားခြင်း မရှိခဲ့ပေ။ ယင်းအစား သူတို့သည် လက်ထဲတွင်ရှိသည့် လက်နက်များကို ကိုင်ထားကြီးပြီး ကျန်းရွှန်ရှင်း၏ နံဘေးမှာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်လိုက်ကြသည်။

ဝှီး!

ထူးဆန်းပြီး မှောင်မိုက်သောလေထုသည် တိုက်ခတ်သွားကာ လီချင်း၏ရုပ်အသွင် သည် ကျန်းရွှန်ရှင်း၏ရှေ့တွင် တစ္ဆေသရဲကဲ့သို့ ထွက်ပေါ်လာသည်။

ချင်ရွှန်းရွှန်း နှင့် ဘိုင်ချီဟန်နှစ်ယောက်လုံး အံ့သြသွားကြသော်လည်း သူတို့သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ လက်ထဲတွင်ရှိသော ဓားနှင့် ကြာပွတ်တို့က လီချင်းကို ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။

"ဘန်း!" "ဘန်း!"

သို့သော် အရာအားလုံးသည် အချည်းနှီးဖြစ်ခဲ့ရသည်။ ချင်ရွှန်းရွှန်းနှင့် ဘိုင်ချီဟန်တို့၏ တိုက်ခိုက်မှုများသည် လီချင်းပေါ်မကျရောက်မီတွင် လီချင်း၏ လက်နှစ်ဖက်ဖြင့် တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး သူတို့နှစ်ယောက်စလုံး လွင့်ပျံသွားခဲ့ကြသည်။

ကျန်းရွှန်ရှင်းသည် သူမအပေါင်းအဖော်များ လွင့်ပျံသွားသည်ကို တွေ့လိုက်ရသော အခါတွင် သူမလက်ထဲမှ ဓားသည် စူးရှထက်မြက်သည့် ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လီချင်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။

"ဒါက ဘာမှအသုံးမကျဘူး။ မိန်းကလေး၊ နာခံမူရှိရှိနဲ့ သခင်တောင်ပံနက်ရဲ့ အစာအာဟာရ ဖြစ်လာလိုက်ပါ!"

လီချင်း၏ ရက်စက်သော အပြုံးသည် ငရဲမှတွားသွားတက်လာသော သရဲတစ္ဆေနှင့် တူပေသည်။ သူက ကျန်းရွှန်ရှင်းဆီမှထွက်ပေါ်လာသည့် မှုန်မှိုင်းအေးစက်သည့် ဓားအလင်းတန်းကို ကြည့်ပြီး သူ၏လက်ဖဝါးဖြင့် ရိုက်ခွဲလိုက်ကာ အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားခဲ့သည် ။

ထို့နောက် ကြက်သွေးရောင်ယင်ချီလက်ဖဝါးက ကျန်းရွှန်ရှင်း၏ ဝမ်းဗိုက်ကို ရိုက်ချလိုက်ပြီး သူမကို လွင့်ထွက်သွားစေခဲ့သည်။

ကျန်းရွှန်ရှင်းသည် နံဘေးသို့ လဲကျသွားပြီး သူမ၏အနီရောင်နှုတ်ခမ်းတစ်စုံကြားမှ သွေးများ ထွက်ကျလာသည်။ သူမသည် လီချင်းကို အနှိုင်းမဲ့ ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေသည်။

လီချင်း၏ အရှိန်အဟုန်က အလွန်မြန်ဆန်ပြီး သူ၏ ခွန်အားကလည်း အလွန် ပြင်းထန်သည်။ သူမသည် ရိုးရိုးရှင်းရှင်းပင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိခဲ့ပေ။

ဝှီး! လီချင်းသည် သူ၏စွမ်းအားကို နောက်တကြိမ်အသုံးပြုလိုက်ပြီး ကျန်းရွှန်ရှင်းဆီသို့ ပြေးဝင်သွားခဲ့သည်။ သို့သော်၊ကျန်းရွှန်ရှင်းသည် မတ်တပ်ရပ်ရန် ခွန်အားပင် မရှိတော့ပေ။

" ချင်ယွင်၊ နင်ပြန်လာတာကို မစောင့်နိုင်တော့မှာ ငါကြောက်မိတယ်။ ချင်ယွင် နင့်ကို ချစ်တယ်။ နှုတ်ဆက်ခဲ့ပါတယ်!" ကျန်းရွှန်ရှင်းက သနားစရာစဖွယ် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ သူမသည် မျက်လုံးများကိုမှိတ်ပြီး မျက်ရည်နှစ်စီးကြောင်း နှစ်ခုက သူမပါးပြင်ပေါ် စီးကျလာသည်။ သူမလက်ထဲရှိဓားက သူမလည်ပင်းကို သုတ်သင် ပစ်လိုက်တော့မည်။

အကယ်၍ သူမသေဆုံးသွားခဲ့ရင်တောင်မှ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် ဝတ်စုံဝတ်အမျိုးသားရဲ့လက်ထဲမှာ သူမ၏စိတ်ဝိညာဉ်ကို အသက်ဆက်ပြီးရှင်နေဖို့ မလိုလားပါဘူး။

စာစဉ် (၁၉) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters