← Chapters

အခန်း (၂၉၁-၂၉၅)

Vol. 20 Ch. 291-295

အခန်း (၂၉၁-၂၉၅)

Vol. 20 Ch. 291-295

အခန်း (၂၉၁) သတ်ဖြတ်လိုသည့်ဆန္ဒ။

"ဘုန်း!"

ကောင်းကင်ယံမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင် အန္တရာယ်အငွေ့အသက်စွမ်းအင်မှ ဖြစ်ပေါ်လာသော လက်သီးကြီးသည် ချက်ချင်း ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများကြောင့် မြေပြင်ရှိ ကျောက်တုံးများအားလုံး ဇောက်ထိုးမိုးမျှော် ပျံတက်သွား ကာ တောင်ကျချောင်းရေနှင့် ဆူနာမီမုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်ဆီ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ချင်ယွင် နှင့် အနက်ရောင်၀တ်စုံဝတ်အမျိုးသား နှစ်ဦးစလုံးသည် မီတာပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားကြသည်။

"တိုက်စားမူက အရမ်းပြင်းထန်လွန်းတယ်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ယောက် ချက်ချင်းအရိုးဖြူဖြစ်သွားတာ အံ့သြစရာ မရှိတော့ဘူး။" ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး သူ၏ လက်သီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူသည် သူ၏လက်သီးကို နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဖုံးအုပ်ထားခဲ့သော်လည်း ယခုအချိန်တွင် အကြေးခွံများသည် အနက်ရောင် အန္တရာယ်အငွေ့အသက်များကြောင့် လုံးဝပျက်စီးသွားခဲ့ရသည်။

အကယ်၍ ချင်ယွင်သာ စောစောလေးက တိုက်ခိုက်ရာမှာ သူ၏လက်သီး သက်သက်ကိုသာ အသုံးပြုခဲ့မည်ဆိုလျှင် သူ၏လက်ဖဝါးက ရှိတော့မှာတောင် မဟုတ်လောက်ပါဘူး။

ချင်ယွင်သည် အဝေးမှ ပိရှစ်သိုင်းမြို့စားနှင့် တိုက်ခိုက်နေသော လီချင်းကို ကြည့်လိုက် သည်။ လီချင်းသည် ပိရှစ်သိုင်းမြို့စား၏လက်တွင် ဤမျှ ကြာကြာရင်ဆိုင်နိုင်ရခြင်း၏ အကြောင်းရင်းမှာ ဤတိုက်စားမူပြင်းသော ဝိညာဉ်စွမ်းအင်များကြောင့်ဖြစ်နိုင်သည်ဟု သူ့စိတ်ထဲတွင် ချက်ချင်း နားလည်သွားခဲ့သည်။

"ဒါက ဘယ်လို ဝိညာဉ်စွမ်းအင်မျိုးလဲ၊ တကယ်ကို အရမ်းပြင်းထန်လွန်းတယ်" ချင်ယွင်က မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

အဝေးမှ အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ချင်ယွင်၏အတွေးများကို မှန်းဆမိနေပုံရသည်။ သူက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောသည် "မင်းက ထူးဆန်းနေတာလား၊ ငါ့ဝိညာဉ်ရေးစွမ်းအင်မှာ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ တိုက်စားခြင်းစွမ်းအားတွေ ပါဝင်နေရတာလဲလို့ တွေးနေတာလား။"

ချင်ယွင်က တိတ်ဆိတ်နေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ဆက်လက်ရယ်မောပြီး ပြောသည် "မင်းကို အမှန်တိုင်း ပြောပြရမယ်ဆိုရင်လည်း ငါ မင်းကို မကြောက်ပါဘူး၊ ငါတို့မှာ ဒီလို ဝိညာဉ်စွမ်းအင်တွေ ပိုင်ဆိုင်ရတဲ့ အကြောင်းရင်းက အချိန်အတော်ကြာအောင် အစုလိုက် အပြုံလိုက်မြုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုထဲမှ အလောင်းကောင်စွမ်းအင်ကို စုပ်ယူထားလို့ပဲ။ အဲဒီအလောင်းကောင် စွမ်းအင်မှာ တိုက်စားခြင်း စွမ်းအင်တွေ ပါတယ်လို့ ပြောနိုင်တယ်”။

"အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့သင်္ချိုင်းလား?" ချင်ယွင်သည် ချက်ချင်း မျက်မှောင် ကြုတ်လိုက်သည်။

အစုလိုက်အပြုံလိုက်မြုပ်နှံထားသည့်သင်္ချိုင်းဟုခေါ်လို့ရသည့်နေရာသည် လူပေါင်း သောင်းနှင့်ချီသတ်ပြီး ကြီးမားသည့်တွင်းကြီးထဲ ပစ်ချထားသည့် နေရာဖြစ်သည်။ ဤနည်းအားဖြင့်၊ ဤလူသေများသည် အလောင်းကောင် စွမ်းအင်ပမာဏများစွာကို ထုတ်လွှတ်ပြီး အတူတကွ စုစည်းကြမည်ဖြစ်သည်။

ရှေးခေတ်က အချို့သော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများသည် ဤရက်စက် ကြမ်းကြုတ် သော ကျင့်ကြံခြင်းနည်းစနည်ကို ကျင့်ကြံရန်အတွက် အပြစ်မဲ့ သေမျိုးလူသား အမြောက်အမြားကို မကြာခဏ သတ်ဖြတ်လေ့ရှိသည်။

သူ၏ရှေ့မှာရှိနေသည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အခြားလူများ၏ စိတ်ဝိညာဉ်တွေကို စုပ်ယူနိုင်ရုံသာမက ကျင့်ကြံရန်အတွက် ယခုလိုနည်းလမ်းမျိုးကို အသုံးပြုလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ထိုလူသည် လူသားများကြားတွင် နတ်ဆိုးတစ်ဦးဖြစ်သည်။

ယင်းက ချင်ယွင်၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုသောဆန္ဒကို ပို၍ ပြင်းထန် စေသည်။ အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏လက်မှာ အပြစ်မဲ့သွေးတွေ မည်မျှ စွန်းထင်းနေပြီးလဲဆိုသည်ကို သူ တွေးတောင် မတွေးရဲတော့ပေ။

"ဘာလဲ၊ ဒီသေမျိုးပုရွက်ဆိတ်တွေအတွက် လက်စားချေချင်တာလား။" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ရယ်မောလိုက်သည်။

"မိစ္ဆာလမ်းစဉ်နတ်ဆိုးတာအိုက အဆုံးသတ်မှာ တော်ဝင်တာအိုကိုတောင် ရရှိဖို့ မစွမ်းဆောင်နိုင်ပါဘူး။" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် အေးစက်စွာ ပြောလိုက်သည်။

သူသည် ဤစကားလုံးများကို အလွတ်သက်သက် ပြောခြင်းမျိုး မဟုတ်ပေ။ ဤသေမျိုးလူသားတွေ မသိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးသူတစ်ယောက်အနေဖြင့် ဤအကြောင်းနှင့်ပတ်သက်ပြီး သူသည် အရမ်းရှင်းလင်းပါသည်။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများကို ကောင်းကင်နှင့် မြေကြီးတို့က ကျင့်ကြံရန် ခွင့်မပြုကြပေ။ သေမျိုးတို့၏ အသက်ကိုအသုံးပြု၍ ကျင့်ကြံခြင်းဖြင့်၊ ဤသေမျိုးတို့၏ ကမ္မတရားနှင့် ကောင်းကင်ဘုံ၌ရှိသော တာအိုအားလုံးက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ များ၏ မျက်လုံးများထဲတွင် မြင်နေရသည်။ မကောင်းသည့် ကမ္မတရားများပြားလေ၊ အနာဂတ်တွင် ထိုလူရင်ဆိုင်ကြုံတွေ့ရမည့် ကောင်းကင်ကပ်ဘေးဒုက္ခက စွမ်းအား ကြီးမားလေ ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားမည်ဆိုလျှင်ပင် ထိုလူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ပေ။

စင်စစ်၊ အချို့ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်များသည် ကပ်ဘေးဒုက္ခကို အတင်းအကြပ် ဖြတ်ကျော်ရန်အတွက် ကောင်းကင်ဘုံကို အံတုသောနည်းလမ်းများကို အားကိုးပြီး နောက်ဆုံးတွင် ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်များ ဖြစ်လာကြသည်။

အင်မော်တယ်ကမ္ဘာမှာပင် သွေးပင်လယ်နတ်ဆိုး ဧကရာဇ်တစ်ပါးရှိခဲ့သည်။ သူသည် မိစ္ဆာလမ်းစဉ်နတ်ဆိုးတာအို၏ ဧကရာဇ်ဖြစ်ပြီး သူ့ကိုရန်စရန် မည်သူမျှ သတ္တိမရှိပေ။

သို့သော် ၎င်းတို့သည့် အနည်းငယ်သာ ရှိခဲ့သည်။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်သောင်းကြားတွင် ၎င်းတို့အနက်မှ တစ်ယောက်ပင် ပေါ်လာမည်မဟုတ်ပေ။ ထို့ကြောင့် သာမန်မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတဦး၏ ကံကြမ္မာသည် အလွန် သနားစရာကောင်းပေလိမ့်မည်။

"တော်ဝင်တာအိုက ငါ့အတွက် စိတ်ကူးယဉ်ဆန်လွန်းပါတယ်လေ။ ငါလိုချင်တာက မင်းရဲ့စိတ်ဝိညာဉ်ကို ဝါးမြိုပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်လိုက်ဖို့ပဲ။" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သူ၏ရက်စက်သော အပြုံးကို ထုတ်ဖော် လိုက်ရင်း ချင်ယွင်ကို တစ်ဖန်ပြန်၍ ပြေးဝင်သွားပြန်သည်။

ချင်ယွင်သည်လည်း အားနည်းချက်ကို မပြဝံ့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်အလွှာဖြင့် ဖုံးအုပ်ထားပြီး သူက အနက်ရောင်ဝတ်စုံဝတ်အမျိုးသားနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း ဘုန်း !"

သူတို့နှစ်ယောက်ကြားက ထိပ်တိုက်တွေ့ဆုံမူက ကောင်းကင်မိုးကြိုးရင်ပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ကြီးမားသည့်အပေါက်ကြီးတွေ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်မိုးကြိုးတောင်ထွက်၏ ကောင်းကင်မိုးကြိုးရင်ပြင် တစ်ခုလုံးသည် တွင်းကြီးထဲ နစ်ဝင်သွားသလိုပင်။

မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အနီးပတ်ဝန်းကျင်ရှိ တပည့်များသည် တုန်လှုပ် ချောက်ချားသွားကြသည်။ သူတို့၏မျက်လုံးများဖြင့် ချင်ယွင်နှင့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသားတို့ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သူတို့သည် လေထုမှ ပေါက်ကွဲထွက်လာသော ပေါက်ကွဲသံများနှင့်မြေကြီး တစ်ခုလုံး တုန်လှုပ်နေသည် ကိုသာ မြင်နိုင်ကြ၏။

ဘေးတဖက်မှာရှိနေသည့် တော်ဝင်အကြီးအကဲသည်လည်း အံသြသွားသည်။ ချင်ယွင်က သူ့ကို ဘာ့ကြောင့် ဝင်မစွက်ဖက်ခိုင်းလဲဆိုတာ နောက်ဆုံးတော့ သူ နားလည်သွားခဲ့သည်။

ဤအဆင့်တိုက်ပွဲသည် သူကဲ့သို့ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက် လုပ်နိုင်သည့်တိုက်ပွဲတစ်ခု မဟုတ်တော့ သောကြောင့် ဖြစ်သည်။

သို့သော်၊ ချင်ယွင်နှင့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားတိုက်ပွဲကြောင့် လူတိုင်း ထိတ်လန့်သွားသလို တစ်ဖက်မှ တတိယတော်ဝင်အကြီးအကဲသည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ချင်ယွင်သည် အလွန်အစွမ်းထက်သည်ကို မြင်လျှင် လက်စားချေရန် မျှော်လင့်ချက်မရှိဟု သူ ချက်ချင်းခံစားလိုက်ရသည်။ ဤအရာက သူ၏ နှလုံးသားမှာ မလိုလားခြင်းများဖြင့် ပြည့်နှက်လာစေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူသည် ဒဏ်ရာရပြီးနောက် အဝေးမှပင် တိုက်ပွဲကို အာရုံစိုက်နေသော ကျန်းရွှန်ရှင်းကို အမှတ်မထင် ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် ကောက်ကျစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဘုန်း!"

ချင်ယွင်သည် သူ၏မြန်နှုန်းမြင့်လျှပ်စီးကိုအသုံးပြုပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနောက်တွင် ပေါ်လာသည်။ သူသည် လက်သီးများကို တင်းတင်း ကြပ်ကြပ်ဆုပ်ကာ အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ နောက်ကျောကို ထိုးလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ဧရာမသံတူကြီးဖြင့် ထိုးခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ရိုက်ကျသွားကာ မြေပြင်၌ ကြီးမားသော အပေါက်ကြီး တစ်ခု ဖန်တီးဖြစ်ပေါ်လာပြီး ဖုန်မှုန့်များ လွင့်ပျံသွားကြသည်။

ချင်ယွင်သည် ရှေ့သို့တဟုန်ထိုးပြေးဝင်သွားပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို လုံးလုံးလျားလျား ကန်ထုတ်ပြီးသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး ပြင်းထန်သော နာကျင်မှုကဲ့သို့ အားနည်းသည့် ခံစားချက်တစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ချင်ယွင်သည် ပေါင်းစပ်ခြင်းက အချိန်စေ့သွားပြီဟု သိလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် လည်း ဤစွမ်းအားကို ခံနိုင်ရည်မရှိသလောက်ပင် ဖြစ်လာသည်။

"ဟား၊ ဟား၊ မင်းခန္ဓာကိုယ်က ဒီပေါင်းစပ်မှုရဲ့ စွမ်းအားကို ခံနိုင်ရည် မရှိသလောက် ဖြစ်လာပြီပဲ" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ရယ်မောပြီး အောက် တွင်းနက်ကြီးထဲမှာရှိနေသော ချင်ယွင်ဆီသို့ ပြေးဝင်လိုက်သည်။

ချင်ယွင်သည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ တိုက်ခိုက်ခြင်းကို ခုခံနိုင်ရန် အတွက် သူ၏ခန္ဓာကိုယ်အတွင်း ပြင်းထန်သော နာကျင်မှုကို တောင့်ခံထားသည်။ သို့သော် သူ့ခန္ဓာကိုယ် ပြင်းထန်သည့်နာကျင်မှုကြောင့် တုံ့ပြန်မှုအရှိန်အဟုန်က တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

"ဟမ့်၊ မင်းရဲ့လက်ရှိအင်အားနဲ့ဆို မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး!" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် လှောင်ပြောင်ပြီး ချင်ယွင်၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးသည်။

ချင်ယွင်က ချက်ချင်း နောက်ပြန်လွင့်ထွက်သွားပြီး မြေပြင်ကို ထိမှန်သွားသည်။

သူ၏ခန္ဓာကိုယ်သည် သူ၏ပေါင်းစပ်မှုကို မထိန်းထားနိုင်တော့ဘဲ သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ကင်းကွာသွားခဲ့သည်။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိတော့။

"ဟား......။ ဟား......၊ အားလုံးပြီးဆုံးသွားပြီ" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် လေထဲတွင်ရပ်ကာ မလှုပ်မရှားနိုင်ဖြစ်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ရက်စက် ကြမ်းကြုတ်လာပြီး ချင်ယွင်ကိုကြည့်သည့်အကြည့်မှာလည်း လုံးဝဗလာဖြစ်နေပြီး အလိုလောဘများဖြင့် ပြည့်နေသည်။

" ချင်ယွင်!" အဝေးမှာရှိနေသည့် ကျန်းရွှန်ရှင်းသည် ချက်ချင်းအော်ပြီး ချင်ယွင်ဆီ ပြေးသွားသည်။

ချင်ယွင်လည်း သူ့မျက်နှာပေါ်တွင် သနားစရာကောင်းသော အပြုံးဖြင့် ကျန်းရွှန်ရှင်းကို လှည့်ကြည့်လိုက်သည်။ စိတ်ပျက်အားငယ်မှုတွေက သူ၏နှလုံးသားထဲကို တိုးဝင်လာစဉ်မှာပင်၊ သူ၏ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားပြီး အော်လိုက်၏ " မဟုတ်ဘူး.............."

ကျန်းရွှန်ရှင်း၏အာရုံစိုက်မှုက ဒဏ်ရာရနေသည့် ချင်ယွင်အပေါ်မှာ လုံးလုံးလျားလျား ကျရောက်နေခဲ့သည်။ သူမသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ အပြေးအလွှား ပြေးသွားသည်ကိုပင် သူမ သတိမထားမိလိုက်ပေ။

ခါးကိုင်းနေသော အဘိုးအို၏ပုံရိပ်သည် သူမနောက်တွင် တိတ်တဆိတ် ပေါ်လာသည်။ မိုးမခအကိုင်းအခက်ဖြင့်ပြုလုပ်ထားသည့် လမ်းလျှောက်တောင်ဝှေးက သူမ၏ နှလုံးသားကို တခဏချင်း ထိုးဖောက်သွားသည်။

ကျန်းရွှန်ရှင်း၏ မျက်နှာသည် မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ရင်ဘတ်မှ နာကျင်မှုက သူမဦးနှောက်ထဲကို ချက်ချင်းရောက်သွားပြီး သူမမျက်နှာက စာရွက်လို ချက်ချင်းဖြူလျော်သွားသည်။ သူမပါးစပ်မှ သွေးများ စီးကျလာသည်။

"ဟီ ဟီ ၊ ငရဲကို သွားလိုက်တော့!"

တတိယတော်ဝင်အကြီးအကဲသည် မိုးမခတောင်ဝှေးကို သူ၏မျက်နှာပေါ်တွင် အလွန် ဆိုးသွမ်းသည့် အမူအရာဖြင့် ဆွဲထုတ်လိုက်သည်။

မိုးမခတောင်ဝှေးကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် ကျန်းရွှန်ရှင်း၏ နှလုံးမှ သွေးစိမ်းရှင်ရှင်ထွက်လာသည်။ ထို့နောက် သူမ၏တစ်ကိုယ်လုံး သနားစရာ ကောင်းသော အကွေ့အကောက်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

"မဟုတ်ဘူး" ချင်ယွင် သည် သူ၏နှလုံးသားအက်ကွဲလုနီးပါး ခံစားလိုက်ရသည်။ မိုးကြိုးလျှပ်စီးငါးခုက တပြိုင်နက်သူ့ကို ထိမှန်သွားသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားပြီး ချင်ယွင်၏ နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။

"ဟား၊ ဟား၊ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာမှတော့ ငါ မင်းကို မင်းရဲ့လက်တွဲအဖော်ဆီ လိုက်ပို့ပေးမယ်" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် လေထဲတွင်ရပ်နေရာမှ ကျယ်လောင်စွာရယ်မောပြီး ချင်ယွင်ဆီသို့ ပစ်ဝင်လာ လေသည်။

"ခင်ဗျားက သေခြင်းတရားကို တောင်းခံနေတာဘဲ!"

ချင်ယွင်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ ချက်ချင်းပင် သူ၏မျက်လုံးထဲတွင် သွေးနီရောင် အလင်းတန်းများ တောက်ပလာသည်။ သွေးနီရောင်အန္တရာယ် စွမ်းအင် အငွေ့အသက် များက မြစ်တစ်စင်းလို တဟုန်ထိုး လွင့်ထွက်နေ၏။ သူ၏အောက်ရှိ မြေပြင်သည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ ကောင်းကင် မိုးကြိုးတောင်ထိပ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။ လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ်စွမ်းအင် အတက်အကျတစ်ခုသည် မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

အခန်း (၂၉၂) ချက်ချင်းအဆုံးသတ်ခြင်း။

" ကျန်းရွှန်ရှင်း မင်းက မိုက်မဲတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ဘာလို့ မင်း ဒီကို လာရတာလဲ။ မင်း ဘာလို့ သတိမထားရတာလဲ။"

ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ နီမြန်းသော မျက်လုံးများမှ စီးကျလာသော အရာများသည် မျက်ရည်များ မဟုတ်ဘဲ နီမြန်းသော သွေးများပင် ဖြစ်လေသည်။

သူ၏ခြေဖဝါးအောက်က မြေပြင်က စတင်ပြိုကျလာသည်။ ကြီးမားလှသော ကျောက်တုံးကြီးများသည် ထိုမျှကြီးမားလှသောအငွေ့အသက်ကြောင့် လေထဲတွင် လွင့်မျောနေသည်။ ပြင်းထန်သည့် သတ်ဖြတ်လိုသောဆန္ဒက တဟုန်ထိုး စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။ ကောင်းကင်မိုးကြိုး တောင်ထိပ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် မှင်သေသေဖြစ်နေကြပြီးကောင်းကင်ယံကို လှုပ်ခါသွားစေသည့်အငွေ့အသက်များပိုင်ဆိုင်ထားသော ချင်ယွင်ကို စိုက်ကြည့်ရင်း အံ့ဩသွားနေကြသည်။ ဝေးကွာမှာတိုက်ခိုက်နေသည့် ပိရှစ်သိုင်းမြို့စားနှင့် လီချင်းတို့၏ တိုက်ပွဲများသည်ပင် ရပ်တန့်သွားပြီးဤမြင်ကွင်းကို ကွက်ခနဲ စိုက်ကြည့် လိုက်ကြသည်။

ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနှင့် ဒေါသတို့သည် လူတိုင်း၏နှလုံးသားထဲတွင် ရောယှက်နေကာ လူတိုင်းကို မွန်းကျပ်သွားစေသည်။

ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ ဖြစ်သော် လည်း ချင်ယွင်အငွေ့အသက်ကြောင့် ဝမ်းနည်းခြင်းနှင့် ဒေါသဖြစ်ခြင်းတို့သည် ၎င်းတို့ ခံစားနိုင်သော အရာများဖြစ်လာကြသည်။

လူတစ်ဦး၏ အငွေ့အသက်သည် အခြားသူများ၏ စိတ်ခံစားမှုကိုပင် ထိခိုက်စေနိုင် သည်။ မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။

ချင်ယွင်ဘက်သို့ ပြေးလာနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ရပ်တန့်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်ကာ ချင်ယွင်ကို စိုက်ကြည့်နေသည်။

"လောင်ကျွမ်းလိုက်တယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်တယ်။"

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက စကားထစ်လု မတတ်ပင်။ သူ၏ ကျင့်ကြံခြင်း နည်းစနစ်ကြောင့် လူတိုင်း၏ စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏စိတ်ဝိညာဉ်သည် သူ့အား အဆက်မပြတ် တောက်လောင်နေသည့် ခံစားချက်ကို ပေးစွမ်းပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေသည်။

ဤအရာသည် ကိုယ့်ကိုယ်သတ်သေသည့် လုပ်ရပ်တစ်ခုဆိုသည်ကို သံသယ ဖြစ်စရာပင် မလိုချေ။ ဤနည်းလမ်းသည် အချိန်တိုအတွင်း အလွန်အစွမ်းထက်သော ခွန်အားကို ရရှိနိုင်သော်လည်း နောက်ဆုံးရလာဒ်မှာ စိတ်ဝိညာဉ်သည် လုံးဝ လောင်ကျွမ်းသွားပြီး ဤကမ္ဘာမြေကြီးမှ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်လိမ့်မည်။

ချင်ယွင်၏ စိတ်ဝိညာဉ်သည် အစစ်အမှန်အင်မော်တယ် နယ်ပယ်တွင် ရှိနေသည်။ သူ၏စိတ်ဝိညာဉ်ကိုလောင်ကျွမ်းပြီး သူထုတ်လွှတ်လိုက်သည့် စွမ်းအားက မည်မျှလောက် ကြောက်စရာကောင်းလိုက်မည်နည်း။ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် အကယ်၍ သူသေဆုံးလျှင်ပင် ၎င်းကို သိကောင်းမှသိပေလိမ့်မည်။

အဝေးမှာရှိနေသည့် တတိယတော်ဝင်အကြီးအကဲသည် သူ၏ခြေထောက်များ အားပျော့စ ပြုလာသည်အထိ ထိတ်လန့်နေပြီ ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် ချင်ယွင်သည် ရှေးဟောင်းငရဲမှ ဆင်းသက်လာသော ပြိုင်ဘက်ကင်း နတ်ဆိုး နတ်ဘုရားတစ်ပါးဖြစ်နေသည်။ ဤသတ်ဖြတ်လိုသည့်ဆန္ဒက သူ့အား ငရဲကြီး ဆယ့်ရှစ်ထပ်အထိ ရောက်ရှိသွားသလို ခံစားစေခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်၏တစ်ကိုယ်လုံး မတ်တတ်ရပ်နေပြီဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် ကြက်သွေးရောင်အန္တရာယ်အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ တောက်လောင်နေသော မီးတောက်မီးလျှံများကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ကအငွေ့အသက်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုလူ၏ရင်ထဲမှာ အလွန်မင်းကြောက်မက်ဖွယ်ခံစားချက်ကို ပေးစွမ်းနေသည်။

ချင်ယွင်၏မျက်လုံးများသည် သွေးများထွက်နေပြီး၊ သွေးမျက်ရည်များက သူ၏ ပါးပြင်ပေါ်သို့ စီးကျကာ ထိုသွေးပျက်ဖွယ်မြင်ကွင်းက လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ် သွားစေသည်အထိပင်။

"မဟုတ်ဘူး၊ မင်းရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းလို့ မရဘူး။ ရပ်လိုက်ပါ၊ အဲဒါက ငါ့ရဲ့အစာအာဟာရလေ" အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ရူးသွပ်သွားကာ ချင်ယွင်ဆီသို့ အပြေးအလွှားပြေးဝင်သွားပြီး သူ့ကို တားရန်ကြိုးစားသည်။

သို့သော် ချင်ယွင်က သူ့အားကြည့်ရန် ခေါင်းတချက်သာ လှည့်လိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် တစ်စုံတစ်ယောက်၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။ ပြောမပြနိုင်လောက်သည့် ကြောက်ရွံ့မှု တစ်ခုက သူ၏နှလုံးသားထဲသို့ တဟုန်ထိုးပျံ့နှံ့လာခဲ့သည်။

"အကြည့်တစ်ချက်ကတင် အရမ်းကြောက်ဖို့ကောင်းနေပါပြီ" အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ထွက်ပြေးရန်ပင် စိတ်အားထက်သန်နေသည်။ သို့သော် သူ၏ တစ်ကိုယ်လုံး တောင့်တင်းနေပုံရပြီး လုံးဝမလှုပ်ရှား နိုင်တော့သည်ကို သူ တွေ့ရှိခဲ့သည်။

ချင်ယွင်သည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို လျစ်လျူရှုပြီး တတိယတော်ဝင် အကြီးအကဲကို လှည့်ကြည့်လိုက်သည်။

တတိယတော်ဝင်အကြီးအကဲ၏ မျက်နှာသည် ချင်ယွင်၏အကြည့်ကြောင့် ဖြူဖျော့သွားခဲ့သည်။ ထိုအချိန်တွင် အဆုံးမရှိသော အမှောင်ထုကြီးကသူ့ကို ဖုံးလွှမ်းနေ ပုံရသည်။

ချင်ယွင်သည် တတိယတော်ဝင်အကြီးအကဲ ကို ကြည့်လိုက်ပြီး သူ၏ သွေးနီရောင် မျက်လုံးများက သွေးအေးရောင်အလင်းတချက်နှင့်အတူ လင်းလက်နေသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် တတိယတော်ဝင်အကြီးအကဲ၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

တတိယတော်ဝင်အကြီးအကဲသည် မှင်သေသေဖြစ်သွားသလို မိုးကြိုး ဝိညာဉ်ဂိုဏ်း၏ တပည့်များလည်း မှင်သေသေဖြစ်နေကြသည်။ ချင်ယွင်က သူသည် ဤကမ္ဘာလောက တွင် အကြီးမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး လူတိုင်း၏ဘဝများကို တခဏချင်း ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ခံစားချက်မျိုးသူတို့ကို ပေးနေခဲ့သည်။

“ခင်ဗျားကြီးက သေထိုက်တယ်” ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏လေသံက အရမ်းတည်ငြိမ်နေပုံရပေမယ့် လူအများ၏ စိတ်နှလုံးထဲမှပင် ကြောက်ရွံ့မှုကို ခံစားရစေသည်။

တတိယတော်ဝင်အကြီးအကဲ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ မိုးမခ တောင်ဝှေးကို ကိုင်ထားတဲ့လက်က မလွှတ်ချဘဲ မနေနိုင်တော့။ မိုးမခတောင်ဝှေးက ပြုတ်ကျတော့မည့် အခိုက်မှာ ချင်ယွင်က မိုးမခတောင်ဝှေးကို သူ၏လက်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်သည်။

ကြက်သွေးရောင်အန္တရာယ်အငွေ့အသက်များက မိုးမခတောင်ဝှေးကို ချက်ချင်း လွှမ်းခြုံသွားသည်။ မိုးမခတောင်ဝှေးက တုန်ခါလှုပ်ယမ်းပြီး ချက်ခြင်းထွက်လာသည်။

ချင်ယွင်သည် မိုးမခတောင်ဝှေးဖြင့် တတိယတော်ဝင်အကြီးအကဲ၏ နှလုံးသားဆီသို့ ဖြည်းညှင်းစွာ ထိုးချလိုက်သည်။ သူ၏ လှုပ်ရှားမှုများက အလွန်နှေးကွေးသည်။

သို့သော် တတိယတော်ဝင်အကြီးအကဲ၏ ခန္ဓာကိုယ်သည် လုံးဝမလှုပ်ရှားနိုင်ခဲ့ပေ။ ခန္ဓာကိုယ်မှအဆုံးမဲ့သတ်ဖြတ်လိုသည့်ဆန္ဒများပါဝင်နေပြီး ချင်ယွင် ထိုးစိုက်လိုက်လာ သည့် မိုးမခတောင်ဝှေးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထိုးဝင်လာသည်ကို သူသည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“အား…”

အဆုံးမရှိသည့် အန္တရာယ်အငွေ့အသက်များနှင့်အတူ မိုးမခတောင်ဝှေးသည် တတိယတော်ဝင်အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ တောက်လောင်နေသော မီးလျှံကဲ့သို့ သူ့ခန္ဓာကိုယ်ကို ချက်ချင်းလောင်ကျွမ်း သွားစေပြီး အဆုံးမရှိသည့်နာကျင်မူက သူ၏နဖူးဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းတပည့်များ၏ နှလုံးသားများသည် ဤမြင်ကွင်းကို ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်နေကြသည်။ သို့သော် အဝေးမှာရှိနေသည့် တော်ဝင်အကြီးအကဲများ အပါအဝင် မည်သူမျှ စကားမပြောရဲကြပေ။

မိုးမခတောင်ဝှေးသည် တတိယတော်ဝင်အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်ကာ တတိယတော်ဝင်အကြီးအကဲ၏နှလုံးကို တဖြည်းဖြည်းချင်း ထိုးဖောက် သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ တတိယတော်ဝင် အကြီးအကဲသည် မိုးကြိုးဝိညာဉ်ဂိုဏ်း တစ်ခုလုံးကို ပဲ့တင်ထပ်စေသော ကြေကွဲဖွယ်ငိုကြွေးသံကို ထုတ်လွှတ်လိုက်သည်။

နောက်ဆုံးတွင် တတိယတော်ဝင်အကြီးအကဲသည် သည်းမခံနိုင်တော့ဘဲ သေဆုံးသွားခဲ့သည်။

ချင်ယွင်က သူ့ကို ဒီလိုအလွယ်တကူသေဆုံးသွားခြင်းမျိုးကို ခွင့်မပြုခဲ့ပါဘူး။ သူက တတိယတော်ဝင်အကြီးအကဲ၏ ကောင်းကင်စိတ်ဝိညာဉ် အလွှာလေးကို တိုက်ရိုက် ရိုက်ချလိုက်ပြီး ထိုအထဲမှ စိတ်ဝိညာဉ်အလင်းလုံးလေးတစ်ခုကို တိုက်ရိုက် ဆွဲထုတ်ကာ သူ၏လက်ဖဝါးဖြင့် တိုက်ရိုက် ဖိချေပစ်လိုက်သည်။

လူတိုင်း၏နှလုံးသားများ ခုန်ပေါက်သွားသည်။ ၎င်းသည် တတိယတော်ဝင် အကြီးအကဲ၏ စိတ်ဝိညာဉ်ဖြစ်သင့်သည်ဟု မှန်းဆနေရန်ပင် မလိုချေ။

ဤကိစ္စတွေအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်က ခေါင်းကိုပြန်လှည့်ပြီး အနက်ရောင်ဝတ်ထားသည့် အမျိုးသားကို ကြည့်လိုက်သည်။ အနက်ရောင် ဝတ်အမျိုးသားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ အနက်ရောင် အန္တရာယ် အငွေ့အသက် စွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည် ။ သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ပြေပျောက်စေရန်အတွက် သူသည် အဝေးကို ပြေးသွားသည်။

သို့သော်လည်း ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ထိတ်လန့်တုန်လှုပ်သွားပြီး လှည့်ထွက်ရန် ကြံရွယ်လိုက်သော်လည်း ချင်ယွင်က ကောင်းကင်ယံကို သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံကာ ဖမ်းဆုပ်လိုက်သည်။

ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သေခြင်းတရားဖြင့် လွှမ်းခြုံခံထားရပုံပေါ်ပြီး သူ၏ခြေသလုံးများ တုန်ရီနေသည်။

ချင်ယွင်သည် သူ့ကို အသက်ရှူရန်ပင် အချိန်မပေးတော့။ သူသည် လက်ဖဝါးတဖက်နှင့် တိုက်ရိုက် ရိုက်ချလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ ဦးခေါင်းသည် ချက်ချင်းပေါက်ကွဲသွားကာ သူ၏အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဘန်း!

အလောင်းပြုတ်ကျသံက ကွင်းပြင်အတွင်း နောက်ဆက်တွဲ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပုံရပြီး လူတိုင်း၏နှလုံးသားများကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

မိုးကြိုးဝိညာဉ်ဂိုဏ်း တပည့်များ၏ မေးရိုးများသည် မြေပြင်ပေါ်သို့ ကျလုနီးပါးပင် ဖြစ်နေကြသည်။ (ပါးစပ်ကြီးများကို ကျယ်လောင်စွာ ဟထားကြသည်ဆိုလိုဟန်) ကမ္ဘာကြီးတစ်ခုလုံး ချက်ခြင်းဆိုသလို ငြိမ်သက်သွားသလိုပင် ဤကဲ့သို့ပင်၊ လက်ဖဝါးတစ်ချက် ရိုက်နှက်ခံရပြီး သိုင်းဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သေဆုံးခဲ့ရသည်။

လီချင်းသည် သူ၏တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်မတ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက အေးခဲနေ၏။ ချင်ယွင်က သူ့ကို ရှာတွေ့သွား မည်ကို သူ အရမ်းကြောက်သွားသည်။

သို့သော် ချင်ယွင်က သူ့ကို လှည့်ပင်မကြည့်။ ယင်းအစား သူက ကျန်းရွှန်ရှင်း၏အနားသို့ ရောက်လာသည်။

ဤအခိုက်အတန့်တွင်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းမှလူတိုင်းသည် ချင်ယွင်၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်နိုင်ကြသည်။ ယခုအချိန်မှာ သူ၏မျက်လုံးထဲမှ သွေးမျက်ရည်တွေ စီးကျနေရုံသာမက သူ၏ဒွါရခုနစ်ပေါက်မှလည်း သွေးများ စီးကျနေသည်။ သူ၏အသွင်အပြင်က အလွန် ကြောက်စရာကောင်းနေသည်။

မည်သူမှ စကားမပြောရဲကြသလို မည်သူမှလည်း အသံမထွက်ရဲကြပေ။

ချင်ယွင်က ကျန်းရွှန်ရှင်းကို ကောက်ကိုင်လိုက်ပြီး သွေးရောင်ကင်းမဲ့နေသည့် သူမမျက်နှာကို ပွတ်သပ်လိုက်သည်။ သူမမျက်နှာတွင် အပြုံးအရိပ်အယောင်များ ရှိနေသော်လည်း သူမ၏အပြုံးသည် အလွန်သနားစရာကောင်းသည်။

"လာ၊ အေးအေးဆေးဆေး စကားပြောရအောင်!"

ချင်ယွင်က ကျန်းရွှန်ရှင်းကို တိုးတိုးလေးပြောသည် ။ ထို့နောက် ကျန်းရွှန်ရှင်းကို ကောက်မလိုက်ကာ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အမြင့်ဆုံးနှင့် အမြင့်မြတ်ဆုံး နန်းတော်ရှိရာ ခရမ်းရောင်မိုးကြိုးတောင်ထိပ်ဆီသို့ ဦးတည်သွားရင်း အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှေးအစဉ်အဆက် ဂိုဏ်းခေါင်းများသာ ခရမ်းရောင်မိုးကြိုးနန်းတော်သို့ သွားနိုင်သည်။ ဂိုဏ်းချုပ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဝင်ရောက်ခွင့်မရှိပေ။ သို့သော်လည်း ယခုအချိန်၌ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် မည်သူမျှ သူတို့ကို တားဆီးရန် မားမားမတ်မတ် ရပ်ဝံ့ခြင်းမရှိပေ။

ထို့နောက်တွင်၊ လီချင်းကို အရှင်လတ်လတ်ဖမ်းဆီးရန်အတွက် တော်ဝင် အကြီးအကဲ များနှင့် ပိရှစ်သိုင်းမြို့စားတို့က ပူးပေါင်းလိုက်ကြသည်။ ဤသည်မှာ စစ်ပွဲကြီး၏ အဆုံးသတ်ဖြစ်လေသည်။

အခန်း (၂၉၃) ပြန်လည်ရှင်သန်နိုးထရန်မျှော်လင့်ချက်။

မိုးကြိုးဝိညာဉ်ဂိုဏ်း၊ ခရမ်းရောင်မိုးကြိုးတောင်ထိပ်၊ ခရမ်းရောင်မိုးကြိုးနန်းတော်။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏အလောင်းကို ပွေ့ချီကာ နန်းတော်အ၀င်ဝတွင် ထိုင်နေသည်။ သူ၏မျက်နှာမှာ အပြုံးမပျက်ပေမယ့် သူ၏စိတ်ထဲမှာ အေးစက်မူကိုသာ ခံစားနေရပြီး သူ၏ပုံစံက အလွန် သနားစကောင်းနေသည်။

သူ၏ ဒွါရခုနစ်ပေါက်မှ အဆက်မပြတ် သွေးများထွက်နေသေးပြီး သူသည် သေလုဆဲဆဲ ဖြစ်နေပုံရသည်။

"ကောင်စုတ်လေး၊ ငါ အခုမှ အိပ်ပျော်နေတုန်းရှိသေးတယ်၊ ​​ဒါတောင် မင်းက ငါ့အတွက် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်ပြီး အလွန်အကျွံ ကစားနေသေး တာလား၊ မင်း သေချင်နေပြီးလား" ရှေးဟောင်းတာအိုဆရာသခင်၏ ငေါက်ငမ်း အသံက ချင်ယွင်၏နားထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်က ပြုံးလိုက်ပြီး သူ၏နှလုံးသားထဲတွင် နွေးထွေးမှု အရိပ်အယောင် ပေါ်လာသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အတွက် စိတ်ပူနေကြောင်း သူသိသည်။

အရင်က ရှေးဟောင်းတာအိုဆရာသခင် အိပ်ပျော်နေသည်ကို သူ သတိထားမိပြီး သူ့ကို မနှောင့်ယှက်ခဲ့ပေ။ မူလက နောက်ဆုံးအချိန်အထိစောင့်ပြီးမှ သူ့ကို နှိုးရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ကျန်းရွှန်ရှင်းသည် ရုတ်တရက် အသတ်ခံလိုက်ရပြီး သူ့အား ဆင်ခြင်တုံတရား ဆုံးရှုံးသွားစေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ဆရာသခင်ကို မနှိုးခဲ့တော့ပေ။

"မင်း ရယ်နေတုန်းပဲလား။ မင်းရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်သည့်အခါ ရပ်တန့်လို့မရနိုင်ဘူးဆိုတာ မင်းမသိဘူးလား။" ရှေးဟောင်းတာအိုဆရာက ဆက်လက်ဟောက်သည်။

"ကျွန်တော်သိပါတယ်!" ချင်ယွင်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်တော် သိပါတယ် ဟုတ်လား ၊ ဒါတောင်မှ မင်းက ဒီလိုလုပ်နေတုန်းပဲလား။ နောက်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကလည်း လောင်ကျွမ်းနေပြီး။ တကယ်လို့ အဲဒါက မင်းရဲ့ကိုယ်ပွားဖြစ်နေရင် မင်းအနေနဲ့ အဲဒါကို ပြန်လည်အစားထိုးနိုင်သေးတယ်။ ဒါပေမယ့် အစစ်အမှန်ခန္ဓာကိုယ်သေးသွားရင်တော့ မင်းလည်း ပြန်ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။" ရှေးဟောင်းတာအိုဆရာသခင်က ဆက်လက် အပြစ်တင်ပြော ဆိုသည်။

"ကျွန်တော်သိပါတယ်!" ချင်ယွင်သည် သူ့မျက်နှာတွင် အပြုံးမပျက် ရှိနေပြီး သူ၏ အကြည့်များသည် ရင်ခွင်ထဲတွင်ရှိနေသည့် ကျန်းရွှန်ရှင်းဆီသို့ အမြဲတမ်း ကျရောက်နေသည်။

"မင်း..." ရှေးဟောင်းတာအိုဆရာသည် ချင်ယွင်၏ တ၀က်သေနေသည့် အခြေအနေကြောင့် ရူးသွပ်ပေတော့မည်။ "ဘယ်လောက်တောင် မိုက်မဲလိုက်လဲ၊ ငါ မင်းကို အမှန်အတိုင်းပြောပါရစေ၊ ဒီကောင်မလေးက အသက်ရှင်နေသေးတယ်ကွ!"

"ကယ်လို့ရသေးတယ် ဟုတ်လား၊ ဆရာ ဘာပြောလိုက်တာလဲ" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး သူ့မျက်နှာသည် ချက်ချင်းပင် တောက်ပပြီး ပန်းများပွင့်လန်းနေပုံရသည်။

"ဟင်း ၊ မင်းတကယ် အစိုးရိမ်လွန်ပြီးတော့ စိတ်တွေရှုပ်ထွေးနေခဲ့တာ။ ဒီမိန်းကလေးရဲ့ စိတ်ဝိညာဉ်က မလွတ်မြောက်သေးဘူးဆိုတာကို မင်း မတွေ့ဘူးလား" ရှေးဟောင်းတာအိုဆရာသခင်က ပြောပြီး သက်ပြင်းချလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို သတိပေးပြီးနောက်၊ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်စွမ်းအားသည် သူမ သေဆုံးပြီးဖြစ်သော်လည်း ပျောက်ကွယ် မသွားသေးကြောင်း ချင်ယွင်က သိလိုက်ရသည်။

ယုတ္တိဗေဒအရပြောရလျှင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ မချိုးဖြတ်နိုင်မီ၊ သေဆုံးသွားသူတို့၏ စိတ်ဝိညာဉ်များသည် လေထဲသို့ တရွေ့ရွေ့ လွင့်ပျယ်သွားခဲ့ပြီး တော်ဝင်တာအိုဆီသို့ ပြန်သွားကြသည်။

သို့သော်လည်း ကျန်းရွှန်ရှင်းသည် သူမ သေဆုံးပြီးကတည်းက စိတ်ဝိညာဉ်စွမ်းအား တစွန်းတစပင် ထွက်ပေါ်လွင့်ပျယ်သွားခဲ့ခြင်းမရှိသောကြောင့် ယင်းက ချင်ယွင်ကို အံ့အားသင့်စေခဲ့သည်။

"ဆရာ၊ အဲဒါ ဘာဖြစ်နေတာလဲ" ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာ ဆီသို့ အသံ ပို့လွှတ်လိုက်သည်။

"ကောင်စုတ်လေး၊ မင်းက တကယ်ကို မိုက်မဲတာပဲ။ မင်းက ဒီကောင်မလေးကို စိတ်ဝိညာဉ်ပုလဲ မပေးဖူးဘူးလား၊ အဲဒီပုလဲက ဒီကောင်မလေးရဲ့စိတ်ဝိညာဉ်ကို စုပ်ယူပြီး သူမ မသေခင်မှာ ကာကွယ်ပေးခဲ့တာလေ" ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သည်။

ထိုမှသာလျှင် ချင်ယွင်သည် ကျန်းရွှမ်ရှင်း၏အသက်ကို ကယ်တင်ခဲ့သည်မှာ စိတ်ဝိဥာဉ်ပုလဲ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒါက အလွန်ကံကောင်းသည်ဟု ချင်ယွင် ခံစားရသည်။ အကယ်၍ သူသာ စိတ်ဝိညာဉ်ပုလဲကို ကျန်းရွှန်ရှင်းကို မပေးခဲ့ပါက၊ ယခုအချိန်တွင် ကျန်းရွှန်ရှင်းသည် အမှန်တကယ် သေဆုံးသွားမည်ကို သူ ကြောက်နေမိပါသည်။

ယခုအချိန်တွင် ချင်ယွင်၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အသက်ရှင်နေသရွေ့ ကျန်းရွှန်ရှင်း ပြန်လည်ရှင်သန်ရန် နည်းလမ်းရှိလိမ့်မည်။

ချင်ယွင်သည် ကျန်းရွှန်ရှင်းကို ကယ်တင်ရန် နည်းလမ်းကို သိထားသည်။ သူလိုအပ်သည်မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ဖြစ်သည်။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ပြီး ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် သစ်သားစွမ်းရည်ကိုယ်ပွားကို အသုံးပြုနေသမျှကာလ ပတ်လုံး ကျန်းရွှန်ရှင်းကို သူမ၏စိတ်ဝိညာဉ် သူမခန္ဓာကိုယ်ထဲသို့ ပြန်လည် ပေါင်းစည်းရန်အတွက် ကူညီပေးနိုင်မည် ဖြစ်သည်။

သို့သော်၊ ဤ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသည် အင်မော်တယ်ကမ္ဘာမှာသာ အလွန်အသုံးများသည်။ ဤသေမျိုးကမ္ဘာတွင် ထိုဆေးမျိုး ရှိ၊ မရှိ သူမသိသေးပေ။ ထို့ကြောင့် ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို မရှာတွေ့မီ ကျန်းရွှန်ရှင်း၏ အလောင်းကို ဦးစွာထိန်းသိမ်းရန် စီစဉ်လိုက်သည်။

အကယ်၍ သေမျိုးကမ္ဘာမှာ ၎င်းဆေးမျိုးကို ရှာမတွေ့ပါက၊ သူသည် ထိုဆေးကို ရှာဖွေရန် အင်မော်တယ်ကမ္ဘာသို့ သွားရမည်ဖြစ်သည်။ တစ်နေ့တွင် ကျန်းရွှန်ရှင်း သည် ပြန်လည် ရှင်သန်လာမည်ဖြစ်သည်။

ကျန်းရွှန်ရှင်း ပြန်လည်ရှင်သန်လာနိုင်သည်ကို သိလိုက်ရသဖြင့် ချင်ယွင်၏ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ရှင်သန်လိုစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

ကျန်းရွှန်ရှင်း၏နှလုံးနှင့် ခန္ဓာကိုယ်သေဆုံးသွားခြင်းကြောင့် ချင်ယွင်သည် အမှန်တကယ်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရပြီး သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေသည့် လှုပ်ရှားမှုကိုပင် အသုံးပြုခဲ့သည်။

ယခုအချိန်မှာ သူ၏စိတ်ဝိညာဉ်တစ်ဝက်လောက်သည် လောင်ကျွမ်းနေခဲ့ပြီ။ ယခုအချိန်တွင် သူသည် အလွန်အားနည်းသော အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာ သူ၏စိတ်ဝိညာဉ်သည် လုံးဝလောင်ကျွမ်းသွားပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည်လည်း လုံးဝသေသွားလိမ့်မည်။

သို့သော် စိတ်ဝိညာဉ်လောင်ကျွမ်းမူသည် လောင်ကျွမ်းပြီးသည်နှင့် ရပ်တန့်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ သံမဏိလိုခိုင်မာသည့် စည်းမျဉ်းဥပဒေများ ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်သေဆုံးသွားသည်နှင့် ချင်ယွင်တွင် ကျင့်ကြံရန်အတွက် ကိုယ်ပွားနှစ်ခုသာ ရှိတော့မည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်ရောက်လျှင် သူ့အတွက် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို ကျင့်ကြံရန် ဖြစ်နိုင်ခြေမရှိတော့ပေ။

ယင်းကြောင့် ချင်ယွင်သည် ပြင်းထန်သော နောင်တရမှုကို ခံစားရစေသည်။

"ကောင်စုတ်လေး၊ ဘာလဲ မင်း အခု မသေချင်တော့ဘူးလား၊ ဒါက နောင်တရစရာ ကိစ္စဆိုတာ မင်းသိပြီလား"

ချင်ယွင်သည် အဖြစ်မှန်ကို လက်ခံခါနီးတွင် ရှေးဟောင်းတာအိုဆရာ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

ယင်းက ချင်ယွင်၏ မျက်လုံးတွေကို ပြန်လည်လင်းလက်စေသည်။ ရှေးဟောင်းတာအို ဆရာသခင်သည် အကြောင်းပြချက်မရှိဘဲ ဤစကားကို မပြောပါဘူး။ သူပြောပြီ ဆိုကတည်းက သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေခြင်းမှ တားဆီးရန် နည်းလမ်းတစ်ခုရှိနေပြီ ဖြစ်သည်။

"ဆရာသခင်၊ စိတ်ဝိညာဉ်လောင်ကျွမ်းနေတာကို ဘယ်လိုတားဆီးရမလဲဆိုတာ ဆရာ သိထားရမယ် ဟုတ်တယ် မဟုတ်လား။" ချင်ယွင်က သူ၏မျက်နှာကို လျှာဖြင့်သပ်ပြီး မေးလိုက်သည်။

"ဟမ့်၊ ကောင်စုတ်လေး၊ နောက်တစ်ခါ မင်း ဒီလောက်မိုက်မဲတဲ့ လုပ်ရပ်မျိုးလုပ်ရင်ငါ မင်းကို ထပ်မကယ်တော့ဘူး" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ အော်လိုက်သည်။

ထိုစကားကိုကြားရလျှင် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်သည် လောင်ကျွမ်းနေသော သူ၏ စိတ်ဝိညာဉ်ကို ငြိမ်းသတ်နိုင်သည်ကို ချက်ချင်း သိလိုက်သည်။

"ယုတ္တိဗေဒအရပြောရရင်၊ မင်းက မင်းရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်တာနဲ့ မင်းရဲ့ စိတ်ဝိညာဉ် လုံးဝလောင်ကျွမ်းသွားတဲ့အထိ ရပ်တန့်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် ဒါက လုံးဝ သေချာတယ်လို့တော့ မဟုတ်ပါဘူး။တခြားလူတွေက ဒါကို မတားနိုင် ပေမယ့် မင်းကတော့ လုပ်နိုင်တယ်။” ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

"ကျွန်တော်လား ? ကျွန်တော်ကျမှ ဘာလို့လုပ်​နိုင်​တဲ့လူ ဖြစ်​နေရတာလဲ" ချင်ယွင်က ဆက်မေးတယ်။

"ဘာလို့လဲဆိုတော့ မင်းက ဖရိုဖရဲ အစိမ်းရောင်ကြားပန်းရဲ့ ရတနာတစ်ပါးဖြစ်လို့ပေါ့!" ရှေးဟောင်းတာအိုဆရာသခင်က ဆက်ပြောသည် " ဖရိုဖရဲ အစိမ်းရောင် ကြာပန်းက အစွမ်းထက်ဆုံး စိတ်ဝိညာဉ်ရတနာတစ်ခုပဲ။ သူ့မှာ သဘာဝအတိုင်း လောင်ကျွမ်းနေတဲ့ စိတ်ဝိညာဉ်ကို တားဆီးနိုင်တဲ့ နည်းလမ်းရှိပါတယ် "

"အစိမ်းရောင်ကြာပန်းစည်းတံဆိပ်လား၊ ဘာလို့ ငါ မေ့သွားတာလဲ။" ချင်ယွင်သည် ရုတ်တရက် ရိပ်စားမိလာသည်။ ချက်ချင်းပင် သူ၏ရင်ဘတ်ကိုဖွင့်ကာ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ကို ကြည့်လိုက်သည်။

"မှတ်ထား၊ မင်းအသက်ရူတာကို ထိန်းပြီး အာရုံစူးစိုက်လိုက်ပါ။ မင်းရဲ့ ရင်ဘတ်ပေါ်မှာ ရှိနေတဲ့ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အာရုံစူးစိုက်ပြီး သူ့ရဲ့ စွမ်းအားကို ထုတ်လွှတ်ဖို့ မင်းရဲ့ကျန်ရှိနေသေးတဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပါ။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာ သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် လိုက်ပါလုပ်ဆောင် ခဲ့လေသည်။ သေချာသည်မှာ၊ သူ၏စိတ်ဝိညာဉ်စွမ်းအားများ နီးကပ်လာသည်နှင့်အမျှ၊ သူ၏ရင်ဘတ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ချင်ယွင်၏ စိတ်ဝိညာဉ် အခြေအနေသည် အန္တရာယ်ကျရောက်နေပြီဟု ခံစားမိပုံရသည်။ ချင်ယွင်၏ ဦးနှောက်ထဲသို့ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်သည် စိတ်အေးချမ်းမှုကို ချက်ချင်းပင် ခံစားလာရပြီး သူ၏ မူလက လောင်ကျွမ်းနေသော စိတ်ဝိညာဉ်သည်လည်း ဤစွမ်းအားကြောင့် ငြိမ်းသွားခဲ့သည်။

ချင်ယွင်၏ စိတ်ဝိညာဉ်လောင်ကျွမ်းသွားသည်နှင့်အမျှ ပြင်းထန်သော ပင်ပန်းနွမ်းနယ် မှုနှင့် အားနည်းသော ခံစားချက်တို့သည် ချင်ယွင်၏ နှလုံးသားထဲသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။ ထို့နောက် ချင်ယွင်၏ မျက်ခွံများ လေးလံလာပြီး ခေါင်းစောင်းကာ မူးလဲကျသွားလေသည်။

ဤစိတ်ဝိညာဉ်လောင်ကျွမ်းပြီးနောက်၊ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည်လည်း အလွန်အမင်း အားနည်းသွားခဲ့သည်။ သိုင်းဧကရာဇ်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်တစ်ခုအဖြစ်သာ ဖြစ်ကောင်းဖြစ်နိုင်တော့သည်။

'"အင်း၊ မင်းအဖေက အရမ်းအေးစက်ပြီး နှလုံးသားမဲ့လွန်းတယ်၊ ​​မင်းလို စိတ်ခံစားမူလွန်ကဲတဲ့ သားတစ်ယောက်ကို ဘယ်လိုလုပ် မွေးပေးခဲ့တာပါလိမ့်။ ချင်ချင်းဟန်၊ မင်း သူ့ကို သေမျိုးကမ္ဘာထဲကို ပို့လွှတ်လိုက်ခြင်းက မင်းဘဝရဲ့ အကြီးမားဆုံး အမှားများ ဖြစ်နေမလား" ချင်ယွင် မူးမေ့လဲသွားသည်ကို မြင်လျှင် ရှေးဟောင်းတာအိုဆရာသခင်ရှိနေသည့် မြူနှင်းချောက်နက်ဓားဆီက သက်ပြင်း ချသံကို ကြားလိုက်ရသည်။

အကယ်၍ ချင်ယွင်သည် ဤစကားကိုကြားလိုက်ရမည်ဆိုလျှင်၊ ရှေးဟောင်းတာအို ဆရာသခင်သည် သူ၏အဖေနှင့်ပတ်သက်ပြီး တစ်ခါမှ မပြောဖူးသောကြောင့် အလွန်တုန်လှုပ်သွားလိမ့်မည်မှာ သေချာပါသည်။ ရှေးဟောင်းတာအိုဆရာက သူ၏အဖေနာမည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။

သို့သော်၊ ချင်ယွင်သည် အလွန်သတိလစ်နေသည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သောကြောင့် ရှေးဟောင်းတာအိုဆရာ၏စကားကို ကြားရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်တော့ပေ။

အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ ချင်ယွင် နိုးလာသောအခါ သုံးရက်ပင် ရှိနေပြီ ဖြစ်သည်။ သူ၏ဘေးနားတွင် ရူးသွပ်နေသည့် မိန်းမသည် ထူးဆန်းသော အမူအရာဖြင့် သူ့ကိုကြည့်နေသဖြင့် ချင်ယွင်သည် ကြောက်လန့်တကြားဖြစ်ကာ ကုတင်ပေါ်မှ ချက်ချင်းခုန်ဆင်းသွားခဲ့ရသည်။

အခန်း (၂၉၄) ဂိုဏ်းခေါင်းဆောင်။

"ဟေ့ အရူးမ၊ ခင်ဗျား ဘာလုပ်နေတာလဲ၊ ဒါက လူတွေကို သေတဲ့အထိ ကြောက်စရာကောင်းတယ်ဟ။

ချင်ယွင်သည် ရူးသွပ်သည့်မိန်းမ၏အရိပ် လွှမ်းမိုးခံနေရပြီ ဖြစ်သည်။ ပိရှစ်သိုင်းမြို့စား ချဉ်းကပ်လာတိုင်း သူ၏ဆံပင်တွေ အဆုံးထိ ထောင်သွားရသည်။

ပိရှစ်သိုင်းမြို့စားက ချင်ယွင်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ပြီးနောက် သူမက ပြောလိုက်သည် "မင်းကြည့်ရတာ အဆင်ပြေနေပုံရတယ်။ သွားကြရအောင်။ အပြင်မှာ ဟိုကောင်တွေက မင်းကို စောင့်နေကြတယ်"

ထိုစကားပြောပြီးသည်နှင့် ပိရှစ်သိုင်းမြို့စားက ချင်ယွင်ကို လျစ်လျူရှုပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ချင်ယွင် အံ့ဩသွားသည်။ ပိရှစ်သိုင်းမြို့စားသည် သူ့ကို ထူးထူးခြားခြား စိုက်ကြည့်နေသည်ကို သူ အမြဲလိုလို ခံစားမိလာရသည်။

ဒါပေမယ့် ကြည့်မှန်ရှေ့မှာ သူ့ကိုယ်သူလှမ်းကြည့်လိုက်တော့ သူသည် ကြောက်လန့်တကြား ထခုန်လုနီးပါးပင် ဖြစ်သွားရသည်။

ယခုအချိန်တွင် သူ့မျက်နှာသည် သွေးများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် သူ၏မျက်နှာပေါ်ရှိ သွေးများသည် ခမ်းခြောက်နေပြီဖြစ်သည်။ အရောင်က အနီရောင်မှ အနက်ရောင်ပင် ပြောင်းသွားသည်။ ပုံစံကြည့်ရတာ အလွန်ကြောက်စရာ ကောင်းနေပုံရသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား သူ့ကို အဘယ်ကြောင့် ထူးဆန်းစွာ ကြည့်နေသည်ကို နားလည်သွားခဲ့သည်။ သူသည် တံခါးဝမှ မထွက်မီ မျက်နှာကို ဆေးကြောသန့်စင်ရန် ရေကူးကန်သို့ အမြန်ပြေးခဲ့သည်။ ထို့နောက် အဝတ်သန့်သန့် တစုံကို ဝင်ဆင်လိုက်သည်။

တံခါးအပြင်ဘက်တွင် မိုးကြိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်းတင်း၊ တော်ဝင်အကြီး အကဲတိုင်ရှန် နှင့် တော်ဝင်အကြီးအကဲရှင်းယွန်တို့သည် စိုးရိမ်တကြီး အမူအယာဖြင့် အချိန်အကြာကြီး လေးလေးစားစား စောင့်နေကြသည်မှာ ထင်ရှားသည်။

ချင်ယွင် မူးလဲပြီးသတိမေ့သွားပြီးနောက် သူ့ကို ခရမ်းရောင်မိုးကြိုးနန်းတော်မှ ပိရှစ်သိုင်းမြို့စားနှင့် အခြားသူများမှ ဘေးခန်းရှိ အခန်းတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။ မမျှော်လင့်ဘဲ၊ ချင်ယွင်သည် သုံးရက်တိုင်တိုင် သတိလစ်သွားခဲ့ပြီး လဲ့ရှောင်းတင်းနှင့် အခြားသူများမှာ သုံးရက်လုံးလုံး အိမ်ပြင်တွင် ရှိနေခဲ့သည်။

ချင်ယွင်တံခါးမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးသုံးဦးသည် ချက်ချင်း လျှောက်လှမ်းလာကြသည်။

"ဖတ်!"

သူတို့သုံးယောက်လုံး ဒူးထောက်ထိုင်လိုက်ကြသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားပြီး သူ့တို့ကိုကူညီထခိုင်းရန် အလျင်အမြန် သွားလိုက်သည်။

သို့သော် ချင်ယွင်က သူတို့ကို ဘယ်လောက်ပဲ ကူညီထခိုင်းခဲ့ပါစေ သူတို့ သုံးယောက်စလုံး မထကြပေ။

"အကြီးအကဲချင် ၊ ငါတို့မိုးကြိုးဝိညာဉ်ဂိုဏ်းအတွက် အန္တရာယ်တွေကို သုတ်သင် ရှင်းလင်းပြီး ကယ်တင်ပေးခဲ့တဲ့ အကြီးအကဲချင်ရဲ့အကူအညီကို ကျေးဇူးတင်ပါတယ်၊ ငါတို့မိုးကြိုးဝိညာဉ်ဂိုဏ်းက အကြီးအကဲချင်အပေါ် ပြစ်မှားမိခဲ့ကြတယ်။ ဒီသစ္စာဖောက် တတိယတော်ဝင်အကြီးအကဲက ထွက်သွားပြီးနောက် အကြီးအကဲချင်ရဲ့ ဇနီးကို သတ်ခဲ့တဲ့အတွက် အကြီးအကဲချင်အနေနဲ့ ခွင့်လွှတ်ပေးမယ်လို့ ငါတို့မျှော်လင့်ပါတယ် ." တော်တင်အကြီး အကဲရှင်းယွန်က အပြစ်ကိုဖော်ပြပြီး ပြောသည် ။

" အကြီးအကဲချင် ၊ တကယ်လို့ အကြီးအကဲချင် အပြစ်တင်ချင်ရင် ကျုပ်ကိုပဲ အပြစ်တင်ပါ။ ကျုပ်က ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီတာဝန်ကို အပြည့်အ၀ယူဖို့ ဆန္ဒရှိပါတယ်။ ကျန်တဲ့ဂိုဏ်းဝင်တွေကို လွှတ်ပေဖို့ အကြီးအကဲချင်ကို မေတ္တာရပ်ခံ ပါတယ်။" လဲ့ရှောင်းတင်းက ကမန်းကတန်း ပြောလိုက်သည်။

"ဒီအဘိုးကြီးကလည်း မိုးကြိုးဝိညာဉ်ဂိုဏ်းအတွက် အပြစ်ကိုခံယူဖို့ ဆန္ဒရှိနေပါတယ်။" တော်ဝင်အကြီးအကဲ ရှင်းယွန်ကလည်း ပြောသည်။

ချင်ယွင်သည် စိုးရိမ်ထိတ်လန့်နေကြသည့် ဂိုဏ်းအကြီးအကဲသုံးဦးကို ကြည့်လိုက် သည်။ ထို့နောက် သူသည် ဘာကိုမှမမြင်ဟန်ဆောင်နေသော ပိရှစ်သိုင်းမြို့စားကို ကြည့်လိုက်ပြန်သည်။ “ဂိုဏ်းခေါင်းဆောင်၊ တော်ဝင်အကြီးအကဲတို့၊ ခင်ဗျားတို့ သုံးယောက်စလုံး မတ်တပ်ရပ်ကြပါ၊ မိုးကြိုးဝိညာဉ်ဂိုဏ်းကို ကျွန်တော် အပြစ်မတင်ပါဘူး။ ကျန်းရွှန်ရှင်းကို တတိယတော်ဝင်အကြီးအကဲက သတ်ပစ်လိုက်တဲ့ သူ့အတွက် သူကိုယ်တိုင်အပေါ်မှာပဲ အကြွေးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းကို အပြစ်မတင်ပါဘူး။ ဒါ့အပြင် ရွှန်ရှင်းကို ကယ်တင်နိုင်ဖို့ အခွင့်အရေးလည်း ရှိသေးတာမို့ ခင်ဗျားတို့ မတ်တပ်ရပ်သင့်ပါတယ်!" သူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

လဲ့ရှောင်တင်းနှင့် အခြားသူများသည် ချင်ယွင်၏ စကားကိုကြားသောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ရွှင်လန်းလာကြသည်။ သူတို့က " ကျန်းရွှန်ရှင်း အသက်ရှင်သေးသလား" ဟု အလျင်စလိုမေးလိုက်ကြသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

ကျန်းရွှန်ရှင်း၏ရုပ်ခန္ဓာကိုယ်နှင့် ကျန်းရွှန်ရှင်း၏စိတ်ဝိညာဉ်ပါရှိသောပုလဲကို ချင်ယွင်မှ ဖယ်ထုတ်ထားပြီး ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲရှိ အလုံခြုံဆုံး နေရာတွင် ထားရှိထားသည်။

သူမ၏ခန္ဓာကိုယ်ကို အသက်သစ်ပင်၏ ထူးခြားသောအသက်စွမ်းအင်အရည်၌ စိမ်ထားသည်။ သူမခန္ဓာကိုယ်သည် အနှစ်တစ်သောင်းကြာအောင် မပုပ်မသိုးနိုင်ရုံ သာမက အသက်ဓာတ်ကိုပါ ထာဝစဉ် ထိန်းသိမ်းထားနိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကိုရှာတွေ့သည်နှင့် ရွှန်ရှင်းကို ချက်ချင်းပြန်လည်အသက်သွင်းနိုင်မည် ဖြစ်သည်။

ကျန်းရွှန်ရှင်း၏နှလုံးသားသည် ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်ရှိ၏။ ထိုကြောင့် ချင်ယွင်သည် သဘာဝအတိုင်း ဝမ်းနည်းနေတော့မည်မဟုတ်ပေ။ ယင်းအစား မိုးမခပွင့်တွေမှာ ဖုံးကွယ်ထားသည့် ပျော်ရွှင်မှုမျိုး သူ့မှာရှိနေသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်ကို မြင်လျှင် လဲ့ရှောင်းတင်းနှင့် တခြား လူများသည် အံ့သြပျော်ရွှင်သည့် အမူအရာတွေကို ထုတ်ဖော်လာကြသည်။ ကျန်းရွှန်ရှင်းကို ကယ်တင်ရန်အတွက် ချင်ယွင်က ကောင်းကင်ဘုံကို အန်တုနိုင်သည့် မည်ကဲ့သို့ နည်းလမ်းမျိုးကို အသုံးပြုခဲ့သည်ကို သူတို့ မသိသော်လည်း ကျန်းရွှန်ရှင်း ပြန်လည်ရှင်သန်နိုင်ခြင်းသည် သူတို့အတွက် အရမ်းကောင်းသည့် ကိစ္စဖြစ်သည် ။

သို့သော်လည်း ဤကိစ္စနှင့်ပတ်သတ်ပြီး နောက်ထပ်ပြဿနာမရှာတော့ဟု ကတိပြုပြီးနောက်၌ပင် လဲ့ရှောင်တင်းနှင့် အခြားသူများသည် မတ်တပ်ထလာမည့် အရိပ်အယောင်များ မပြသသေးကြောင်း ချင်ယွင် တွေ့ရှိခဲ့သည်။ ယင်းက သူ့ကို အလွန်ထူးဆန်းစေသည်။ ထို့အပြင် သူတို့၏ အဆင်မပြေသော အမူအရာများကို ကြည့်ရင်း ပြောစရာ တစ်ခုခု ရှိနေပုံပေါ်သည်။

"ဂိုဏ်းခေါင်းဆောင်လဲ့ ခင်ဗျား ပြောစရာရှိရင် ပြောသာပြောပါ။ ပြီးတော့ မတ်တပ်ထပြီး စကားပြောပါ။ ကျုပ်ရှေ့မှာဒီလို ဒူးထောက်နေတာ သိပ်တော့ အဆင်မပြေဘူး" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။

သူသည် ဧည့်သည်အကြီးအကဲအဖြစ် ခန့်အပ်ခံရပြီး မိုးကြိုးဝိညာဉ်ဂိုဏ်းတစ်ခုလုံးကို ကယ်တင်ခဲ့သော်လည်း လဲ့ရှောင်တင်းနှင့် အခြားသူများ၏ ဒူးထောက်ခြင်းသည် ချင်ယွင်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သေးသည်။

ဤလူသုံးယောက်၏သက်တမ်းက သူ့ထက် အများကြီး ပိုကြီးသည်။ ဤလူသုံးဦး၏ ပေါင်းစပ်အသက်သည် သူ့အသက်ထက် ဆယ်ဆကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အကယ်၍ ဤလူသုံးယောက်က သူ၏ရှေ့မှာ ဒူးထောက်နေကြမည်ဆိုလျှင် ဒါက သူတို့ အသက်ကို စွန့်လွှတ်လိုက်ခြင်းပင် မဟုတ်ပါလား။

ချင်ယွင်၏စကားကိုကြားလျှင် လဲ့ရှောင်တင်းက တွန့်ဆုတ်မနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည် "အကြီးအကဲချင်၊ ကျုပ်တို့က အကြီးအကဲချင်ကို မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်စေချင်တယ်!"

ထိုစကားကိုကြားရလျှင် ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားပြီး သူ့ကိုယ်သူပင် မေးမိသည် “မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့လား?

အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးသည် ဂိုဏ်းတစ်ခု၏ ဦးဆောင်သူဖြစ်သည်။ ထို့နောက် သူသည် သူ့အသက်ထက် အဆပေါင်းများစွာ ကြီးသော သက်ကြီးရွယ်အိုအုပ်စုတစ်စုကို ဦးဆောင်နေခဲ့သည်။ ဒါက နောက်ပြောင် နေတာလား?

ချင်ယွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ဘေးတွင် ရပ်နေသော ပိရှစ်သိုင်းမြို့စားကို ကြည့်လိုက်သည်။ ဤရူးသွပ်သည့်မိန်းမသည် ဤအကြောင်းအရာကို သိထားပြီးသား ဖြစ်၍ သူ၏ဟာသကို စောင့်မျှော်နေသည်မှာ ထင်ရှားသည်။

မည်သို့ပင်ဆိုစေကာမူ ချင်ယွင်သည် ဂိုဏ်းခေါင်းဆောင်လုပ်မည် မဟုတ်ပေ။

ဒါက အဓိပ္ပာယ်မရှိပေ၊ သူ့မှာ လုပ်စရာကိစ္စတွေ အများကြီးရှိနေတုန်းပင်၊ သူ့ကို မိုးကြိုးဝိညာဉ်ဂိုဏ်းက မည်သို့ ချည်နှောင်ထားနိုင်မှာလဲ။ ထို့ကြောင့် ချင်ယွင်သည် ငြင်းဆန်ရန် အလျင်အမြန် ပြင်ဆင်လိုက်သော်လည်း လဲ့ရှောင်တင်း၏ နောက်ထပ်တင်ပြချက်ကြောင့် သူ့ကိုယ်သူ သေသည်အထိလောင်ကျွမ်းရန် လောင်စာအဖြစ် အသုံးပြုလိုက်ချင်သည်။

"အကြီးအကဲချင်၊ အကြီးအကဲချင်မှာ လုပ်စရာကိစ္စတွေ အများကြီး ကျန်နေသေး တာကို ငါတို့ သိပါတယ်၊ ဒါကြောင့် အကြီးအကဲချင်က မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့ သဘောတူထားလိုက်တာနဲ့ ကျုပ်က ဒုဂိုဏ်းချုပ်ဖြစ်လာပြီး အကြီးအကဲတွေနဲ့အတူ ဂိုဏ်းကိုဦးဆောင်ပြီးအုပ်ချုပ်ပါ့မယ်။" လဲ့ရှောင်းတင်းက ပြောသည်။

တော်ဝင်အကြီးအကဲရှင်းယွန်နှင့် တော်ဝင်အကြီးအကဲတိုင်ရှန်တို့ နှစ်ယောက် စလုံးကလည်း ခေါင်းညိတ်ပြကြပြီး သူတို့၏မျက်နှာများသည် မျှော်လင့်ချက် အပြည့်ဖြင့် သူ့ကို ကြည့်နေကြသည်။

ချင်ယွင်သည် သူတို့၏ အသွင်အပြင်ကို မြင်သောအခါ ဘာပြန်ပြောရမှန်းမသိတော့ပေ။ သူတို့ကို ငြင်းပယ်ရန်အတွက် မူလက သူပြင်ဆင်ထားခဲ့သော အကြောင်းပြချက်မှာ လဲ့ရှောင်းတင်း၏စကားများကြောင့် ချက်ချင်း ပြန်လည် ရုတ်သိမ်းရမည့်ပုံပေါ်သည်။

နောက်ဆုံးတွင်၊ လဲ့ရှောင်တင်းနှင့် အခြားသူများ၏ မေတ္တာရပ်ခံမှုကြောင့် ချင်ယွင်သည် နောက်ဆုံးတွင် အမည်ခံဂိုဏ်းခေါင်းဆောင်အဖြစ် သဘောတူ လက်ခံခဲ့သည်။

ကံကောင်းထောက်မစွာပင်၊ ဤဂိုဏ်းခေါင်းဆောင်သည် ဈေးဆိုင်ပိုင်ရှင် တစ်ဦးအနေဖြင့်သာ ဖြစ်သည်။ သူ၏နာမည်ကို ချိတ်ထားရုံကလွဲပြီး တခြားဘာမှ လုပ်စရာမလိုပေ။

သေချာသည်မှာ၊ ချင်ယွင်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်လာပြီးကတည်းက သူ့အတွက် ဘာမှမလုပ်ဘဲနေလို့ မရတော့သည်မှာ သဘာဝအတိုင်း ဖြစ်လာရသည်။

ထို့ကြောင့် ချင်ယွင်သည် လဲ့ရှောင်တင်း၊ တော်ဝင်အကြီးအကဲများအတွက် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းပညာရပ်အနည်းငယ်နှင့် ဧကရာဇ်အဆင့် သိုင်းပညာရပ် အနည်းငယ်ကို တိုက်ရိုက်ပစ်ချပေးခဲ့သည်။ ထို့အပြင် ဇူဇီဝမ်ထံမှ သူသိမ်းဆည်းလာခဲ့ သည့် အင်မော်တယ်အဆင့်ဓားကိုလည်း လဲ့ရှောင်းတင်းအား ဂိုဏ်းနှိမ်နင်းရေး ရတနာအဖြစ် ပေးခဲ့သည်။ (ဂိုဏ်းနှိမ်နင်းရေးရတနာဟူသည် အန္တရာယ်ပေါ်မှ ထုတ်သုံးရသည့် ရတနာဟူလို)

လဲ့ရှောင်တင်း၊ တော်ဝင်အကြီးအကဲတိုင်ရှန်နှင့် တော်ဝင်အကြီးအကဲရှင်းယွန်တို့သည့် ဤဧကရာဇ်အဆင့်သိုင်းပညာရပ်များနှင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်း နည်းပညာ ရပ်များကိုပင် မြင်သောအခါတွင် သူတို့၏မေးရိုးများပင် မြေပြင်ပေါ်သို့ ပြုတ်ကျ လုနီးပါး ဖြစ်သွားကြသည်။ ချင်ယွင်သည် သူ၏အင်မော်တယ် ဓားကို ထုတ်ယူ လိုက်သောအခါတွင် သူတို့သည် ပို၍ပင် တုန်လှုပ်သွားကြသည်။

အင်မော်တယ်ဓားကို ဒီအတိုင်းပဲ ပေးခဲ့တာလား။ ဧကရာဇ်အဆင့် သိုင်းပညာနှင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းပညာများလည်း ပါသေးသည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် အင်မော်တယ်သင်္ချိုင်းကို တူးဖော်ပြီး အတွင်းမှ ရတနာများ အားလုံးကို ခိုးယူလာခဲ့သလားဟုပင် သူတို့သည် အမှန်တကယ် သံသယဖြစ်ခဲ့ကြသည်။

သေချာသည်မှာ၊ ဤသိုင်းပညာရပ်များကို ချင်ယွင်က ခိုးယူခဲ့တာ မဟုတ်ပါဘူး။ ယင်းအစား၊ ၎င်းတို့ကို ရှေးဟောင်းတာအိုဆရာထံမှ ချင်ယွင်ရယူခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့နောက် ချင်ယွင်က သူ၏စိတ်ထဲမှာ မှတ်မိသမျှ အရာအားလုံးကို တစ်ညလုံး လက်ရေးမူဖြင့် ကူးယူလိုက်ခြင်း ဖြစ်သည်။

မူလကတော့ ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်ဆီမှာ တောင်းဆိုသောအခါ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ကို မပေးချင်ခဲ့ပေ။ နောက်ဆုံးတွင် ချင်ယွင်က သူငြင်းလို့မရသည့် အရာတစ်ခုကို ပြောလိုက်ပါသည်။ ထိုမှသာ ရှေးဟောင်းတာအို ဆရာသခင်က သူ့ကို ရက်ရောစွာ ထုတ်ပေးခဲ့ခြင်း ဖြစ်လေသည်။

ထိုအကြောင်းပြချက်ကလည်း အရမ်းကို ရိုးရှင်းပါသည်။ ချင်ယွင်က ယင်းစကားကို တိုက်ရိုက် ပြောပြခဲ့သည် "ကျွန်တော်က မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့သခင် ဖြစ်လာပြီဆိုမှတော့ ဆရာက ကျွန်တော်ရဲ့ဆရာသခင်ဖြစ်တာကြောင့် ဒီတပည့်ရဲ့ မိုးကြိုးဝိညာဉ်ဂိုဏ်းကလည်း ဆရာသခင်ရဲ့တပည့်တွေ မဟုတ်ပေဘူးလား၊ ဆရာသခင်ရဲ့ အင်မော်တယ်ဧကရာဇ်ဆိုတဲ့မျိုးဆက်ကို ပြန်ကြည့်လိုက်ပါဦး။ အနာဂတ်မှာ ဆရာသခင်ရဲ့ မြေးတပည့်တွေမှာ သင့်တော်တဲ့ကျင့်ကြံခြင်း နည်းပညာရပ်တွေရှိမှာ မဟုတ်တော့ဘူး။ ဒါဆို ဆရာသခင်အနေနဲ့ ရှက်စရာ မကောင်းပေဘူးလား"။

သေချာသည်မှာ၊ ချင်ယွင်၏ဤလှုပ်ရှားမှုက ရှေးဟောင်းတာအိုဆရာသခင်၏ အားနည်းချက်ကို တိုက်ရိုက်ထိမှန်စေသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် အလွန်လေးစားသွားသည်။ ထို့ကြောင့် ကျင့်ကြံခြင်းနည်းပညာရပ်များကို ချက်ချင်း ထုတ်ကာ အားလုံးကို ချင်ယွင်ထံ ပစ်ပေးလိုက်တော့သည်။

အဆုံးတွင် ချင်ယွင်သည် ရာနှင့်ချီသော ကျင့်ကြံခြင်းနည်းပညာရပ်များမှ အတော်အတန်ကောင်းမွန်သည့် အနည်းငယ်ကိုသာ ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ကူးယူကာ လဲ့ရှောင်တင်းထံ အပ်နှံလိုက်သည်။

အကယ်၍ လဲ့ရှောင်တင်း တစ်ယောက်သာ ရှေးဟောင်းတာအိုဆရာသခင်သည် မိုးကြိုး ဝိညာဉ်ဂိုဏ်းအတွက် ရာနှင့်ချီသော ဧကရာဇ်အဆင့်သိုင်းပညာ သို့မဟုတ် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းပညာရပ်များ ချန်ထားခဲ့သည်ကို သိပါက၊ သူသည် ချင်ယွင်ကို သေသည့်အထိ လည်ပင်းညှစ်သတ်မည်လား မပြောတတ်ပေ။

အခန်း (၂၉၅) သိုင်းမြို့စားဘိုင်ယွန်၏နောက်ခံ။

ချင်ယွင်သည် ဆိုင်ရှင်တစ်ဦးဖြစ်သော်လည်း သူသည် နောက်သုံးရက်အတွင်း ပျင်းရိပြီး အချောင်ခိုနေလို့မရပေ။

ယခုအချိန်တွင် သူ၏တပည့်များအပါအဝင် မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် လူတစ်ရာကျော် သာ ကျန်တော့သည်။ သူသည် သွေးသစ်ပြန်လောင်းရသည်။

ထို့ကြောင့် ချင်ယွင်သည် ဘိုင်ချီဟန်၊ ကျိုးယု နှင့် အခြားလူများကိုခေါ်ပြီး ၎င်းတို့အားလုံးကို ဂိုဏ်း၏အကြီးအကဲများအဖြစ် ရာထူးတိုးပေးကာ တပည့်အသစ်များ စုဆောင်းရန် တာဝန်ပေးခဲ့ရသည်။

ထို့နောက် ချင်ယွင်သည် ရူးသွပ်နေသည့်မိန်းမကို လှည့်စားရန် လှည့်ကွက် မျိုးစုံကို အသုံးပြုခဲ့သည်။ နောက်ဆုံးတွင် သူသည် ဤရူးသွပ်နေသည့်မိန်းမနှင့် ဆက်ဆံရေး ထူထောင်နိုင်ရန်အတွက် ဧကရာဇ်အဆင့် ဓားသိုင်းပညာရပ်ကို အသုံးပြုပြီး သူမကို မိုးကြိုးဝိညာဉ်ဂိုဏ်းရှိ ဧည့်သည်အကြီးအကဲတစ်ယောက် ဖြစ်လာစေခဲ့သည်။

နောက်ပိုင်းတွင် ချင်ယွင်သည် ချင်ရွှန်းရွှန်းတစ်ယောက်တည်းကိုသာ ခေါ်တွေ့ပြီး သူမအား အင်မော်တယ်အဆင့် လျှပ်စီးစွမ်းရည်ကျင့်ကြံခြင်း နည်းစနစ်တစ်ကို ပေးခဲ့သည်။

ချင်ရွှန်းရွှန်းကတော့ ဘာမှ မထူးခြားသေးပေ။ ချင်ယွင်၏ ကျင့်ကြံခြင်း နည်းစနစ်ကို လက်ခံပြီးနောက် သူမသည် ကျေးဇူးတင်စကား အေးစက်စွာ ပြောပြီး ထွက်ခွာသွားခဲ့ သည်။

ချင်ယွင်သည် ဤကိစ္စအတွက် အလွန်အားကိုးရာမဲ့နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

အမှန်တော့၊ သူသည် ချင်ရွှန်းရွှန်း၏ခံစားချက် အပြောင်းအလဲများကို ခံစားနိုင်သည်။

ချင်ရွှန်းရွှန်း၏ အကြည့်များသည် အေးစက်နေသေးသော်လည်း သူမ မရည်ရွယ်ဘဲ ထုတ်ဖော်ခဲ့သည့် ဝမ်းနည်းမှုအရိပ်အယောင်ကို ချင်ယွင် မြင်တွေ့နိုင်သည်။

အကြောင်းအရာများစွာကို တွေ့ကြုံရပြီးနောက် ချင်ယွင်သည် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူ မဟုတ်တော့ပေ။ ထို့ကြောင့် ဘာကိုဆိုလိုသည်ကို သဘာဝကျကျ သူ သိခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ကျန်းရွှန်ရှင်းက ရှိနေပြီဖြစ်သည်။ ရန်စီချီလည်းရှိသေးပြီး သူ၏အစ်မဖြစ်သူ လျူရန်ယွင်ရှိသေးသည်။ သုံးယောက်ရှိနေပြီ ဖြစ်သည့်အတွက် လုံလောက်ပါပြီ။ သူသည် သူတပါးကို မထိခိုက်စေ ချင်တော့ပေ။

မဖြစ်သင့်သည့် ခံစားချက်မျိုးသည် အချိန်ကာလ၏ တိုက်စားဖြတ်သန်းမှုနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မျှော်လင့်ပါသည်။

ထို့နောက် ချင်ယွင်သည် မိုးကြိုးဝိညာဉ်မြို့သို့သွားကာ သူ၏တပည့်ဇောင်ယုကို တွေ့ဆုံခဲ့သည်။ သူသည် ရူးသွပ်နေသည့်မိန်းမအား သူ၏ ချီစွမ်းအင်လမ်းကြောင်းများ ပိတ်ဆို့ခြင်းကို ကူညီပေးရန် တောင်းဆိုခဲ့သည်။

ထိုအချိန်တုန်းက လီချင်းသည် ဇောင်ယုအပေါ် ချီစွမ်းအင်လမ်းကြောင်းများ ပိတ်ဆို့ခြင်းနည်းစနစ်ကို အသုံးပြုသောအခါ၊ သူသည် သိုင်းသခင်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိနေခဲ့ပြီး ၎င်းကိုဖွင့်လှစ်ရန်အတွက် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ တစ်ဦးသာ သူ လိုအပ်သည်။

လီချင်းအတွက်၊ ချင်ယွင်သည် ကောင်ကင်နတ်ဆိုးအဖွဲ့အကြောင်းကို ပိုမိုသိရှိလိုသော ကြောင့် သူ၏အသက်ကို ကယ်တင်ထားခဲ့သည်။ သို့သော်လည်း လီချင်းသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ၏စိတ်ဝိညာဉ်တွင် ကန့်သတ်မှုအချို့ကို ဖြစ်ပေါ်စေပြီး ပြာအဖြစ်တိုက်ရိုက်ပြောင်းလဲကာ လွင့်စင်သွားပုံရသည်။

ဤအရာသည် အခြားသူများ၏စိတ်ဝိညာဉ်ကို ထောင်သွင်းအကျဉ်းချရန် အသုံးပြုသည့် မိစ္ဆာလမ်းစဉ် နည်းလမ်းတစ်ခုဖြစ်ကြောင်း ချင်ယွင်သိသည်။ ထို့ကြောင့် သူတို့၏ လျှို့ဝှက်ချက်များကို အခြားလူများအား ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်တော့ပေ။ ထုတ်ဖော်ပြောဆိုမိသည်နှင့် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲပြီး လွင့်စင်သွား လိမ့်မည်။

ချင်ယွင်သည် ကောင်ကင်နတ်ဆိုးအဖွဲ့သည် သူတို့၏ လက်အောက်ငယ်သားများအား သူတို့၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းမှ ကာကွယ်ရန် ဤကဲ့သို့သော မကောင်းသောနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူသည် ကောင်ကင်နတ်ဆိုးအဖွဲ့ နှင့်ပတ်သက်သည့် အချက်အလက်ကို မရရှိသောကြောင့် ချင်ယွင်သည် လက်လျော့ရန်မှတပါး ရွေးချယ်စရာမရှိပေ။ သို့သော် သူသည် ကောင်ကင်နတ်ဆိုးအဖွဲ့ကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြန်တွေ့ရလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

ဤကိစ္စအားလုံးပြီးဆုံးပြီးနောက် ချင်ယွင်သည် ဘိုင်ယွန်မြို့တော်ကို သွားရန်ပြင်ဆင် သည်။ ရူးသွပ်နေသည့်မိန်းမသည် ချင်ယွင်နောက်သို့ လိုက်ရန် သဘာဝကျကျ ရွေးချယ်ခဲ့သည်။

မူလက ဇောင်ယုသည် ချင်ယွင်၏နောက်သို့ လိုက်ချင်သော်လည်း ချင်ယွင်က သူ့ကို သွေးသစ္စာခံကြေးစားအဖွဲ့သို့သွားပြီး အဖွဲ့ကို စီမံခန့်ခွဲရန် တောင်းဆိုခဲ့သည်။

ယခုအချိန်တွင်၊ ဇောင်ယု၏ရုပ်ခန္ဓာကိုယ်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦးထက် အားမနည်းတော့ပေ။ သူ၏ တိုးတက်မှု နှုန်းက အံ့အားသင့်စရာဟု ဆိုနိုင်ပါသည်။ ဟုတ်ပါသည်၊ ဤအရာက သူ၏ ကြိုးစားအားထုတ်မှုနှင့် ခွဲခြားထားလို့တော့ မရပါဘူး။

ယခုအခါတွင် ချီစွမ်းအင်လမ်းကြောင်းများပိတ်ဆို့ခြင်း နည်းစနစ်ကို ဖယ်ရှား လိုက်ပြီးဖြစ်ရာ သူ၏စွမ်းအားသည် အလွန်တိုးလာနိုင်သည်။ သွေးသစ္စာခံ ကြေးစားအဖွဲ့ကို သူသည် သက်တောင့်သက်သာ ဦးဆောင်နိုင်ပါလိမ့်သည်။

သေချာသည်မှာ၊ ချင်ယွင်ထွက်သွားသည်နှင့် ရှောင်ဟေး ရှောင်ဟောင်နှင့် ရှောင်ဟွာ (စိန်လေး)တို့ကိုလည်း သူနှင့်အတူ ခေါ်သွားခဲ့ပါသည်။

အနက်လေး(ရှောင်ဟေး) နှင့် အနီလေး(ရှောင်ဟောင်)တို့သည် အမှန်တကယ်ပင် သန္ဓေပြောင်းသွေးမျိုးဆက်ကိုပိုင်ဆိုင်သည့် ဆိတ်သုဉ်းခြင်းသားရဲများအဖြစ် ပြောင်းလဲ သွားခဲ့သည်။ သူတို့၏ တိုးတက်မှုနှုန်းက အလွန်မြန်ဆန်လွန်းသည်။ သူတို့သည် အဆင့်သုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်လေးကို မကျော်ဖြတ်နိုင်သေးဘူးဆိုရင်တောင် သူတို့သည် သိပ်မကြာခင်မှာ ချိုးဖြတ်နိုင်လိမ့် မည်။

စိန်လေးအတွက်တော့ သူ၏ကျင့်ကြံမူသည် အလွန်နည်းသော်လည်း သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနိုင်သည့် အလားအလာမှာ အကန့်အသတ်မရှိပေ။ ချင်ယွင်သည် သူ၏ အစီအရင်ကျင့်ကြံမူလမ်းစဉ်ကို ပြန်လည် ကျင့်ကြံနိုင်သရွေ့၊ ဤမပြည့်မစုံဖြစ်နေသည့် အစီအရင်ကို ပြုပြင်ပေးပြီး စိန်လေး၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ကူညီပေးနိုင်သည်။ ထိုအချိန်ရောက်လျှင် စိန်လေး၏ ခွန်အားသည် အစစ်အမှန် အင်မော်တယ်တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည် ။

ဤသုံးရက်အတွင်း၊ ချင်ယွင်သည်လည်း မိုးကြိုးဝိညာဉ်ဂိုဏ်းသည် အဆင့်တစ် အစီအရင်မှော်ဆရာ တော်ဝင်အကြီးအကဲတစ်ဦးရှိကြောင်း နားလည်ခဲ့သည်။

သို့သော် သူ့ဆီမှာလည်း အခေါင်းပေါက်ကျောက်တုံးများ မရှိပေ။ သူ အခေါင်းပေါက် ကျောက်တုံးများကို ရရှိခဲ့ရသည့် အကြောင်းရင်းမှာလည်း ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခုတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အဆုံးတွင် ချင်ယွင်သည် သူ၏ အစီအရင် ကျင့်ကြံမူလမ်းစဉ် ပြန်လည်ကျင့်ကြံရန်စိတ်ကူးကို ယာယီလက်လျော့ရုံမှ လွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။

မိုးကြိုးဝိညာဉ်ဂိုဏ်းမှ ဘိုင်ယွန်မြို့သို့သွားရန်အတွက် ခြောက်ရက်ခန့် လိုအပ်သော် လည်း မိုးပြာမြူနှင်းငှက်ကိုစီးပြီးသွားပါက သုံးရက်သာလိုသည်။ ထို့ကြောင့် ချင်ယွင်နှင့် ရူးသွပ်နေသည့်မိန်းမတို့သည် မိုးပြာမြူနှင်းငှက်ကို ဘိုင်ယွန်မြို့သို့ တိုက်ရိုက် စီးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ရူးသွပ်နေသည့်မိန်းမသည် ချင်ယွင်ကို မနှောင့်ယှက်ခဲ့ပေ။ ယင်းအစား ချင်ယွင် သူမကိုပေးခဲ့သည့် ဓားသိုင်းပညာကို လေ့ကျင့်ရန် ကြိုးစားနေခဲ့ သည်။ ယင်းက ချင်ယွင်ကို ပိုပြီးအေးချမ်းစေခဲ့သည်။

သုံးရက်တာအချိန်က မြန်ဆန်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်နှင့် ရူးသွပ်နေသည့် မိန်းမတို့သည် ဘိုင်ယွန်မြို့သို့ အချိန်မီရောက်ရှိခဲ့သည်။ ထို့နောက် ချင်ယွင်က မိုးပြာမြူနှင်းငှက်ကို သူ့ဘာသာသူ ဂိုဏ်းဆီပြန်သွားရန် ခွင့်ပြုလိုက်သည်။

"အရူးမ၊ ခင်ဗျားပြောတော့ သိုင်းမြို့စားချင်းယွန်နဲ့ သိုင်းမြို့စားဘိုင်ယွန်တို့ နှစ်ယောက် စလုံးမှာ “ရန်” ဆိုတဲ့ မျိုးရိုးနာမည် ပါကြတယ်ဆို။ သူတို့ရဲ့ ဆက်ဆံရေးအခြေအနေက ဘယ်လိုလဲ။" ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စား တို့သည် ဘိုင်ယွန်မြို့၏မြို့သခင် စံအိမ်ဆီသို့ လမ်းလျှောက်လာရင်း ချင်ယွင်က သူ၏ဘေးနားမှာရှိနေသည့် ပိရှစ်သိုင်းမြို့စားကို မေးလိုက်သည်။

အမှန်တကယ်လည်း သူသည် ဤမေးခွန်း၏အဖြေကို အမြဲ သိချင်နေခဲ့သည်။ မျိုးရိုး အမည် “ရန်” သည် တော်ဝင်ရန်အင်ပါယာဧကရာဇ်မင်းမြတ်၏ မျိုးရိုးနာမည်ဖြစ်ပြီး သိုင်းမြို့စားဘိုင်ယွန် နှင့် သိုင်းမြို့စားချင်းယွန်တို့ နှစ်ယောက်စလုံးသည်လည်း “ရန်”ဟူသော မျိုးရိုးနာမည် ရှိကြသည်။ သူတို့၏ မျိုးရိုးအမည်များမှ တဆင့် သိသာထင်ရှားသည်မှာ သူတို့နှစ်ဦးစလုံးသည် တော်ဝင်မိသားစုမှဖြစ်ပြီး ညီအစ်ကိုများ ဖြစ်သင့်သည်။

သို့သော်၊ တုလုံကျွန်းသို့ နောက်ဆုံးအကြိမ် သူသွားရောက်လည်ပတ်စဉ်အခါတုန်းက သိုင်းမြို့စားဘိုင်ယွန် နှင့် သိုင်းမြို့စားချင်းယွန်တို့အကြား တစ်စုံတစ်ရာ မှားယွင်းနေ ပုံပေါ်ကြောင်း၊ သို့မဟုတ် ၎င်းတို့နှစ်ဦးသည် သူစိမ်းများကဲ့သို့ ဖြစ်နေကြောင်း ချင်ယွင်တွေ့ရှိခဲ့ရသည်။ ယင်းက ချင်ယွင်ကို အလွန်ထူးဆန်းသလို ခံစားရစေသည်။

"သူတို့က ဝမ်းကွဲညီအစ်ကိုတွေပဲ ။" ပိရှစ်သိုင်းမြို့စားက တိုတိုတုတ်တုတ် ပြန်ပြောသည် ။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ သူမှန်းဆထားသည့်အတိုင်း သိုင်းမြို့စား ချင်းယွန်နှင့် သိုင်းမြို့စားဘိုင်ယွန်တို့သည် ညီအစ်ကိုများ ဖြစ်နေကြသည်။

"ဒါဆို အခု သူတို့ ဆက်ဆံရေးက ဘာလို့ တင်းတင်းမာမာ ဖြစ်နေရတာလဲ" ချင်ယွင်က ဆက်မေးသည်။

ပိရှစ်သိုင်းမြို့စားက မျက်မှောင်ကြုတ်ပြီး ပြောသည် " သိုင်းမြို့စားချင်းယွန်က သူတို့အဖေကို သတ်ခဲ့တဲ့အတွက်ကြောင့်ပဲ"

ချင်ယွင် အနည်းငယ် ထိတ်လန့်သွားပြီး မေးလိုက်သည် "အဖေကို ပြန်သတ်တာလား?"

ပိရှစ်သိုင်းမြို့စားက ခေါင်းညိတ်ပြီး ပြောသည် "အဲဒီတုန်းက သူတို့ရဲ့အဖေ၊ ဧကရာဇ် ဒါယန်းရဲ့ တတိယဦးလေးရန်ရှင်းထျန်က ပုန်ကန်ခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနဲ့ အတူ ဒါယန်းအင်ပါယာရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက်ဖို့ ဦးဆောင်ခဲ့တယ်။ သူက မြို့တော်ကိုတောင် တိုက်ခိုက်တော့မှာ။ ထီးနန်းကို တစ်ဟုန်ထိုး တိုက်ခိုက် သိမ်းပိုက်တော့မှာ ဖြစ်ပေမယ့်နောက်ဆုံးမှာတော့ သူ၏သားရန်ချင်းယွန်က သူ့ကို သတ်လိုက်တဲ့အတွက် ပုန်ကန်မှုက ပျက်ဆီးသွားခဲ့တယ်။”။ (ဧကရာဇ်ဒါယန်းသည် တော်ဝင်ရန်အင်ပါယာဟုဆိုလိုခြင်းဖြစ်ပါသည်။ နာမည်မဟုတ်ပါ)။

ချင်ယွင်က မှင်တက်သွားခဲ့ရသည်။ ဆိုတော့ သူတို့ကြားအထဲမှာ အဲဒီလို ဇာတ်လမ်းမျိုး ရှိနေတယ်ပေါ့။

အမှန်တကယ်တော့ အင်ပါယာတစ်ခုသည် ဧကရာဇ်မင်းမြတ်၏ စွမ်းပကားတစ်ခု တည်းအတွက်ကြောင့် တည်ရှိနေသည် မဟုတ်ပေ။ ဧကရာဇ်ဒါယန်းသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ သူသည် စစ်သည်ပေါင်းတစ်သိန်းကို မည်သို့ခုခံနိုင်မည်နည်း။

"ရန်ဘိုင်ယွန်က မူလကတည်းက ဤအရေးအခင်းအတွင်းမှာ ဘက်မလိုက်တဲ့ ကြားနေအဖွဲ့ဖြစ်ပြီး ရန်ချင်းယွန်က အင်ပါယာဘက်သို့ ကူးပြောင်းသွားခဲ့တယ်။ ဒါကြောင့်လည်း ရန်ချင်းယွန်က သူ့အဖေကို ပြန်သတ်ခဲ့တာပဲ။ ရန်ဘိုင်ယွန်က သူ့အဖေ အတွက် လက်စားချေခြင်း မပြုခဲ့ပေမယ့် ရန်ချင်းယွန်ရဲ့ သူ့အဖေကိုသတ်တဲ့ လုပ်ရပ်များကိုတော့ သည်းမခံနိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်က ထပ်ပြီး မဆက်ဆံတော့ဘူး။" ပိရှစ်သိုင်းမြို့စားကပြောသည်။

ချင်ယွင် အံ့သြသွားသည်။ သိုင်းမြို့စားဘိုင်ယွန်တွင် ထိုသို့သောနောက်ခံ ရှိနေလိမ့် မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် ဤကိစ္စသည် ထိုမျှမရိုးရှင်းကြောင်း သူအမြဲတမ်းခံစားမိသည်။ သိုင်းမြို့စားဘိုင်ယွန်၏ အကျင့်စရိုက်အရ သူသည် အဘယ့်ကြောင့် ကြားနေရန် ရွေးချယ်ရသနည်း ။

သို့သော်လည်း ချင်ယွင်သည် ဤကိစ္စကို ဆက်လက်စုံစမ်းရန်ဆန္ဒ မရှိတော့ပေ။ နောက်ဆုံးတော့ ဤအရာသည် သိုင်းမြို့စားဘိုင်ယွန်၏ မိသားစုကိစ္စ ဖြစ်သည်။ သူ ဆက်မမေးချင်တော့ပါ။ သိုင်းမြို့စားဘိုင်ယွန်က သူ့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဤကြင်နာမှုများကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရပေမည်။

အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့သည် သိုင်းမြို့စားဘိုင်ယွန် သိုင်းမြို့စားစံအိမ်သို့ ရောက်ရှိလာသည်။ အိမ်တော်ထိန်းသည် ချင်ယွင်ကို မြင်ဖူးပြီးသား ဖြစ်သည့်အတွက် သူတို့ဟာ ချင်ယွင်အပေါ် သဘာဝအတိုင်း အလွန် ယဉ်ကျေးပျူငှာကြသည်။

သို့သော်လည်း ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန် အကြောင်းကို မေးမြန်းသော အခါတွင် သိုင်းမြို့စားဘိုင်ယွန်သည် ဧကရာဇ်ဒါယန်း၏ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ပွဲတွင် ပါဝင်ရန်အတွက် မြို့တော်သို့ ပြန်ရောက်ပြီး မကြာမီတွင် အင်ပါယာ မြို့တော်သို့ သူထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

ရန်စီချီသည် သိုင်းမြို့စားဘိုင်ယွန်နှင့်အတူ တော်ဝင်မြို့တော်သို့ လိုက်သွားပုံရသည်။ သိုင်းမြို့စားဘိုင်ယွန်သည် ရန်စီချီကို ဤနေရာတွင် တစ်ယောက်တည်းထားခဲ့ရမည်ကို စိတ်ပူနေပုံရသောကြောင့် သူမကို ခေါ်သွားခဲ့သည်။ ချန်မင်ရှီအတွက်မူ သူမသည် ပန်းတစ်ရာဂိုဏ်းသို့ ပြန်သွားပုံရသည်။

သို့သော် ချင်ယွင်သည် အနည်းငယ်စိုးရိမ်သွားခဲ့သည်။ အင်ပါယာမြို့တော်သည် အဋ္ဌမမင်းသားနှင့် နဝမမင်းသားတို့၏ နယ်မြေဖြစ်သည်။ ယင်းကြောင့် ချင်ယွင်သည် ရန်စီချီ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်သွားခဲ့သည်။

သူသည် ကျန်းရွှန်ရှင်းကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ ယခုအခါ ရန်စီချီကို မည်သည့် မတော်တဆမှုမျိုးမှ မဖြစ်မြောက်စေချင်တော့ပေ။

"သွားရအောင်၊ အင်ပါယာမြို့တော်ကို သွားရအောင်!" ချင်ယွင်က ချက်ချင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် ပိရှစ်သိုင်းမြို့စားကိုဦးဆောင်ကာ အင်ပါယာမြို့တော်သို့ ဦးတည်သွားတော့သည်။

All Chapters