← Chapters

အခန်း (၃၀၁-၃၀၅)

Vol. 21 Ch. 301-305

အခန်း (၃၀၁-၃၀၅)

Vol. 21 Ch. 301-305

အခန်း (၃၀၁) ဒန်ထျန်းချန်။

ဒန်ဟိုင်သည် စိတ်ပျက်အားငယ်ခြင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ကိုယ်တိုင် ကြုံတွေ့ သွားခဲ့ရသည်ဟု ဆိုနိုင်သည်။

ထိုအချိန်တွင် သူသည် ဥများကွဲအက်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ထိုအသံသည် သူ့နားထဲသို့ ရောက်သွားသောအခါတွင် သူသည် အသက်ရှူကြပ် သွားသလို ပင် ခံစားလိုက်ရသည်။

"မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာပဲ!"

ချင်ယွင်သည် သူ၏စကားကိုကြားပြီးနောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဆဲဖြစ်ကြောင်း အဝေးမှာရှိနေသည့်ပုံရိပ်က မြင်လိုက်ရပြီး သူ၏တစ်ကိုယ်လုံး ချက်ချင်းပင် ဒေါသဖြင့် ပေါက်ကွဲသွားခဲ့ပြီး ချင်ယွင်ဆီသို့ လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ပြင်းထန်သော လက်ဖဝါးလေလှိုင်းသည် တောင်ကျချောင်းရေကဲ့သို့ မြည်ဟီးကာ ချင်ယွင်၏မျက်နှာဆီသို့ တည့်တည့်တိုးဝင်လာရင်း ကြောက်မက်ဖွယ် စွမ်းအင်ကို သယ်ဆောင်လာခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ဖဝါးကို ချက်ချင်း ပုတ်ထုတ်လိုက်သည် ။

"ဘုန်း!"

ပြင်းထန်သော ဝိညာဉ်စွမ်းအင်အတက်အကျလှိုင်းများသည် လှိုင်းလုံးများအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားခဲ့သည်။

ချင်ယွင်၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းပင် ချိုင့်ဝင်သွားပြီး သူ၏ဝတ်ရုံများ တုန်ခါသွားသည်။ သို့သော် သူသည် နောက်ပြန်မဆုတ်ဘဲ ချင်ယွင်ကို တိုက်ခိုက် လိုက်သည့် လူသည် ခြေသုံးလှမ်း နောက်ဆုတ်သွားခဲ့ရသည်။

ချင်ယွင်သည် ထိုလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုလူသည် မျက်နှာရှည်ရှည်နှင့် ထက်ရှသော ပါးစပ်ရှိသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးဖြစ်သည်။ သူ့ရုပ်အသွင်အပြင်က အနည်းငယ် ရုပ်ဆိုးသည်ဟု ဆိုနိုင်သည်။ အဓိကအချက်မှာ သူ့တွင် မုတ်ဆိတ်မွေးရှိသောကြောင့် သူ၏ ရှည်လျားသော မျက်နှာနှင့်ဆိုပါက သူသည် သက်ရှိထင်ရှားရှိနေသည့် ဆိတ်ခေါင်းနှင့်တူလေသည်။

သို့သော် ဤလူ၏ ကျင့်ကြံမူအဆင့်မှာ အားမနည်းလှပေ။ သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင် ရှိနေသည်။ ထိုသို့မဟုတ်ရင် ချင်ယွင်၏ လက်ဖဝါးရိုက်ချက်က သူ့ကို ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားစေရုံလောက်ဖြင့် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။

"သူ့နာမည်က ဖန်ကျင်းတဲ့။ သူက ကောင်းကင်ဆေးစံအိမ်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်တယ်။ သူက ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာတဲ့လူတစ်ယောက်ပဲ။ သူက လူကောင်းတွေကို လှည့်စားပြီး နတ်ဆိုးတစ်ယောက်လိုကြောက်စရာကောင်းတယ်။ သူက ဒန်ထျန်းချန်ရဲ့ လက်ပါးစေတစ်ဦးပဲ။" ဒန်ချီဖန်းက ထပ်ပြောလိုက်သည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖန်ကျင်းကို ကြည့်လိုက်သည်။ ဆေးကလန်သည် ယနေ့တွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်မည့်ပုံပေါ်သည်။

"ကောင်လေး၊ မင်းက ဘယ်သူလဲ၊ မင်းက ဘာလို့ ငါတို့ ကောင်းကင်ဆေးစံအိမ်ရဲ့ သခင်လေးဒန်ကို ထိခိုက်စေရတာလဲ။" ချင်ယွင်၏ လက်ဖဝါးရိုက်မှုကြောင့် ဖန်ကျင်းသည် နောက်ပြန်ဆုတ်သွားရပြီးနောက်တွင် သူသည်ထပ်မံတိုက်ခိုက်ရန် အလျင်စလို မလုပ်တော့ပေ။ ယင်းအစား သူက မျက်လုံးများကို မှေးကျဉ်းပြီး မေးလိုက်သည်။

"ခင်ဗျားတို့ ကောင်းကင်ဆေးစံအိမ်ရဲ့သခင်လေးက ကျုပ်မိန်းမကို အရင်လုယူပြီး ကျုပ်ကို သတ်ပစ်ချင်နေတာလေ။ ကျုပ်က ကျုပ်ကိုယ်ကျုပ် ကာကွယ်ဖို့ပဲ တိုက်ခိုက်ခဲ့တာပါ။" ချင်ယွင်က အပြစ်မရှိဟန်ဆောင်ကာ ပြောလိုက်သည်။

"ဒါဆို ငါ မင်းကို ရပ်ဖို့ပြောတော့ မင်းဘာလို့ မရပ်လိုက်ရတာလဲ" ဖန်ကျင်းက ဆက်၍ တွန့်တက်သည်။

"ကျုပ်ခြေထောက်က မြှောက်ထားပြီးနေပြီလေ။ ဒီတော့ ဒီအတိုင်းကြီး ဆက်မြှောက် ထားလို့ မရတော့ဘူးပေါ့။ ဒါ့အပြင် ခင်ဗျားက ကျုပ်ကို ရပ်ခိုင်းဖို့ ပြောတယ်တဲ့။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကိုပြောတယ်လို့ ကျုပ်မထင်ထားဘူးလေ" ချင်ယွင်က အပြစ်ကင်းဟန် ဆောင်ပြီး ပြောလိုက်သည်။

"မင်း" ဖန်ကျင်းသည် ဒေါသအရမ်းထွက်ပြီး သူ၏တစ်ကိုယ်လုံးပင် တဆတ်ဆတ် တုန်သွားသည်။

သူ၏ဘေးမှာရပ်နေသည့် ဒန်ချီဖန်သည်လည်း ထိတ်လန့်သွားသည်။ သူသည် စိတ်ထဲတွင် ကြိတ်ရယ်မောလိုက်ပြီး ကြိမ်းမောင်းလိုက်သည် "ဒီချင်ယွင်က တကယ်ကို ဓားသိုင်း ပညာရပ်မှာတင် ကျွမ်းကျင်တဲ့လူတစ်ယောက် ဖြစ်ရုံတင်မကဘူး၊ သူက ဒီလိုအရေးမပါတဲ့ အောက်တန်းစားစကားတွေ ပြောရာမှာလည်း အလွန်ကျွမ်းကျင်သူပဲ။"

အကယ်၍ ချင်ယွင်သာ သူ၏နောက်ကွယ်မှာရှိနေသည့် ဒန်ချီဖန်း၏အတွေးတွေကို သိခဲ့မည်ဆိုလျှင်၊ သူသည် ဒန်ချီဖန်းကို ဓားနှင့် အမှန်တကယ် ခုတ်သတ်ကောင်း

ခုတ်သတ်ပစ်နိုင်သည်။

"မျိုးမစစ်ကောင်၊ ဒီနေ့ ငါ့တို့ကောင်းကင်ဆေးစံအိမ်ကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို ငါပြောပြမယ်!" ဖန်ကျင်းသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်ကာ ချင်ယွင်ဆီသို့ ပြေးသွားပြန်သည်။

ဘန်း!

ဖန်ကျင်း၏လက်ဖဝါးမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ကြီးမားသောရွှေလက်ဖဝါးကြီးအဖြစ် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ဦးတည်သွားသည်။

ချင်ယွင်သည် ကောင်းကင်မှ ရွှေလက်ဖဝါးကြီးကို ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ အကြောက်တရား နည်းနည်းလေးမှ မရှိခဲ့ပါဘူး။ သူသည် သူ၏ဆင်ထားသည့် လှည့်ကွက်တစ်ခု အောင်မြင်သွားသကဲ့သို့ သူ၏မျက်နှာမှာ အပြုံးတစ်ခုတောင် ရှိနေပါသည်။

ကောင်းကင်ဆေးစံအိမ်၏ သခင်လေး အရိုက်ခံရပြီးကတည်းက ဤကိစ္စကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်တော့ပေ။ ထို့ကြောင့် ချင်ယွင်က ယခုကိစ္စကို ပိုကြီးစေချင်သည်။ ကိစ္စကြီးလေလေ ပိုကောင်းလေဖြစ်သည်။

ကောင်းကင်ဆေးစံအိမ်၏ စံအိမ်သခင်နှင့် ဆေးကလန်၏ မျိုးနွယ်စုအကြီးအကဲများကို ဆွဲဆောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ဤနည်းဖြင့်သာ ဤကိစ္စကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

"ဘုန်း!"

ချင်ယွင်သည် သာမန်ကာလျှံကာ လက်သီးတချက် ထိုးလိုက်ပြီး မူလက ကြီးကျယ် ခမ်းနားသည့် ရွှေရောင်အငွေ့အသက်ပါဝင့်သည့် လက်ဖဝါးကြီးသည် ချက်ချင်း ကွဲအက် သွားခဲ့ပြီး အဝေးမှာ ပြန့်ကျဲနေသော ရွှေရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

ကောင်းကင်ယံမှာရှိနေသည့် ဖန်ကျင်းသည် အံ့အားသင့်သွားခဲ့သည်။ သူ၏ ရွှေရောင် လက်ဖဝါးကြီးက ယခုလို လွယ်လွယ်ကူကူနှင့် ပြိုကွဲသွားခဲ့ရသည်လား ?။

ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။ သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏ထံမှ ဤလက်ဖဝါးရိုက်ချက်ကို ခံယူဝံ့မည် မဟုတ်ပေ။ စတုတ္တအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ဖြစ်သည့် ဤကလေးက သူ၏ လက်ဖဝါးသိုင်းပညာကို မည်သို့ လွယ်ကူစွာ ချေဖျက်နိုင်ရသနည်း။

"အံ့သြသွားပြီလား?"

ချင်ယွင်၏အသံသည် ဖန်ကျင်း၏နောက်ကွယ်မှ သရဲတစ္ဆေသရဲကဲ့သို့ ထွက်ပေါ်လာသည်။ ဖန်ကျင်းသည် ချက်​ချင်း ထိတ်​လန့်​သွားပြီး လှည့်​ကြည့်လိုက်​သည်​။ ချင်ယွင်က သူ၏ နောက်မှာ ရပ်နေပြီဆိုတာ သူသိလိုက်သည် ။ သူ၏ မျက်နှာက အပြုံးမပျက်ပေ။ သို့သော် ထိုအပြုံးသည် ဖန်ကျင်း၏ မျက်လုံးထဲသို့ ကျရောက်သွားသည်။ အပြုံးက ငရဲပြည်မှ သရဲတစ္ဆေများ၏ အော်သံနှင့် ဝံပုလွေများ၏ အော်သံထက်ပင် ပိုကြောက်စရာကောင်း နေသည်။

"မင်းက လူလား သရဲလား" ဖန်ကျင်းသည် အကြောက်လွန်သွားပြီး စကားပင် ထစ်သွားရသည်။

သို့သော် ချင်ယွင်က ဘာမှပြန်မပြောဘဲ လက်သီးဖြင့်သာ တုံ့ပြန်လိုက်သည်။

"ဘုန်း!"

ချင်ယွင်၏ လက်သီးသည် ဖန်ကျင်း၏ ရင်ဘတ်ပေါ်သို့ ခိုင်မြဲစွာ ကျရောက်သွားသည်။ ဖန်ကျင်းသည် သဲအိတ်ကဲ့သို့ ချက်ခြင်း လွင့်ထွက်သွားသည်။

သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ပါးစပ်က သွေးတွေပြည့်နေပြီး မထနိုင်တော့ပေ။ သူသည် သေလုနီးပါးဖြစ်နေလေပြီ။

ချင်ယွင်သည် သူ့နောက်ကျောကို လက်နှစ်ဖက်ယှက်ကာ လေထဲတွင် ရပ်နေသည်။ လေထဲတွင် လွင့်မျောနေသော အဝတ်အစားများက သူ့ကို အလွန်ချောမောခန့်ညား စေသည်။

ဒန်ချီဖန်း ၏မျက်လုံးများတွင် ဤမြင်ကွင်းသည် ပြိုင်ဘက်ကင်း လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အမူအရာနှင့်တူသည်။ ဤကောင်၏ မျက်နှာပေါ်မှ ကြည်ညိုလေးစားအမူအယာကို မြင်လိုက်ရသဖြင့် သူသည် သူ၏ သခင်ကိုတွေ့လိုက်ရသည့်အလား ဒူးထောက်လုနီးပါးပင် ဖြစ်သွားရသည်။

ပိရှစ်သိုင်းမြို့စားသည် အခြားတစ်ဖက်တွင် သူ့အား အထင်အမြင်သေးစွာ ကြည့်ပြီး ခေါင်းလှည့်လိုက်သည်။ သေချာသည်မှာ သူမသည် ချင်ယွင်၏ ဟန်ပန်အမူအယာကို ဂရုမစိုက်ပေ။

"မိတ်ဆွေလေး၊ မင်းက ငါ့လက်အောက်ငယ်သားတွေကို ဒဏ်ရာရအောင်လုပ်ဖို့ စီစဉ်နေရုံတင်မကဘူး ငါ့သားကိုလည်း ဆေးကလန် နယ်မြေမှာ ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်။ အဲဒါက မသင့်တော်ဘူးလို့ မင်း မထင်ဘူးလား"

ဤအခိုက်အတန့်တွင် အင်အားပြင်းသော ဖိအားတစ်ခုက ချင်ယွင်ဆီသို့ ချက်ချင်း လွှမ်းခြုံသွားသည်။ ၎င်းဖိအားသည် ချင်ယွင်ကိုဖိနှိပ်ကာ ကောင်းကင်မှ ဆင်းသက် လာသော ဧရာမတောင်ကြီးနှင့်တူသည်။ ချင်ယွင်သည် အသက်ပင်မရှူနိုင်ပေ။

ပိရှစ်သိုင်းမြို့စား၏အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများတွင် ထိတ်လန့်သည့်အကြည့်များ ပေါ်လာသည်။

"သိုင်းဧကရာဇ်လား!" ခပ်လှမ်းလှမ်းမှ သူ့ဆီသို့ လျှောက်လာနေသော အသက်လတ်ပိုင်း အရွယ်အမျိုးသားကို ကြည့်ရင်း ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းကင်ဆေးစံအိမ်တွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒန်ချီဖန်း၏ အဆိုအရ၊ ကောင်းကင်ဆေးစံအိမ်တွင် အစွမ်းထက်ဆုံး ကျွမ်းကျင်သူမှာ ကောင်းကင်ဆေးစံအိမ်၏ စံအိမ်သခင်... ဒန်ထျန်းချန် ဖြစ်သည်။ သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် ကျွမ်းကျင်ပညာရှင် ဖြစ်သည်။

သို့သော် ယခုတွင် ဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်ပညာ တစ်ဦးသည် အမှန်တကယ်ပေါ်လာသည်။ ထို့အပြင် သူပြောခဲ့သည့်စကားအရ၊ သူသည် ကောင်းကင်ဆေးစံအိမ်၏ စံအိမ်သခင်, ဒန်ထျန်းချန်ဖြစ်သည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေ နှစ်ခုကို ချက်ချင်း ခန့်မှန်းလိုက်သည်။ တစ်ခုမှာ ဒန်ထျန်းချန်သည် အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့ပြီး သိုင်းဧကရာဇ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ကို တမင်တကာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ နောက်တစ်ချက်မှာ ဒန်ထျန်းချန်သည် မကြာသေးမီကမှ အဆင့်ချိုးဖြတ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ချင်ယွင်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ သိုင်းဧကရာဇ်အဆင့်နှင့် သိုင်းမြို့စားအဆင့်တို့ကြား ကွာဟချက်က အလွန်ကြီးမားပြီး ၎င်းသည် အလွယ်တကူ ဖြည့်စွမ်းနိုင်သည့် အရာမဟုတ်သည်မှာ သေချာပါသည်။

"အဖေ၊ သူတို့ကိုသတ်လိုက်ပါ!" ဒန်ဟိုင်က သူ၏အဖေ ထွက်လာသည်ကို မြင်ရလျှင် သူ၏ မျက်နှာက ဝမ်းသာအားရဖြစ်သည့်ဟန်ပေါ်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက် သည်။

ဒန်ထျန်းချန်သည် ချင်ယွင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း သူ၏ အမူအရာက အေးစက်နေပြီး ဘာမှမထူးခြားပေ။ ခြေလှမ်းတိုင်းတွင် သူသည် ချင်ယွင်၏နှလုံးသားကို နင်းသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါ၀င်နေပုံရသည်။

ချင်ယွင်သည် သူ၏နှလုံးသားကို တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် တက်နင်းသွားသလို ခံစားရတယ်။ သူသည် ခပ်အုပ်အုပ်အသံထွက်ကာ ညီးညူလိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာသည် ။ သူ့တစ်ကိုယ်လုံးလည်း ကောင်းကင်ယံမှ ပြိုလဲကျသွားခဲ့သည်။

"အသက်ဆယ့်ခြောက်နှစ်အရွယ်နဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကို ရောက်နေပြီဆိုတော့ တကယ်ပဲ ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့်၊ တကယ်လို့ မင်းအနေနဲ့ ငါတို့ ကောင်းကင်ဆေးစံအိမ် ပိုင်နက်ထဲမှာ ရိုင်းစိုင်းစွာ ပြုမူချင်တယ်ဆိုရင်တော့ မင်းရဲ့ဒီအရည်အချင်းက လုံလောက်အောင် မပြည့်မှီသေးဘူး၊!"

ဒန်ထျန်းချန်က အေးစက်စွာ ပြောလိုက်သည်။ သူ့အသံသည် ကမ္ဘာကြီး တစ်ခုလုံး ပေါက်ကွဲသွားသလိုပဲ။ ချက်ချင်းပင် ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခု တိုးဝင်လာသည်။ သူသည် ချင်ယွင်ဆီသို့ တည်ငြိမ်စွာနှင့် အလျှင်လိုခြင်းမရှိ လျှောက်လှမ်းသွားနေသည်။

သူသည် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့သတ်ဖြတ်ချင်စိတ်က အရှိန် မြင့်တက်လာခဲ့သည်။ သေချာသည်မှာ သူသည် ချင်ယွင်ကို လုံးဝ သတ်ပစ်ချင်နေသည် ။

ပိရှစ်သိုင်းမြို့စားသည် ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်ရသကဲ့သို့ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူမသည် ချင်ယွင်ရှေ့သို့ ရောက်လာပြီး ထက်ရှသော အပြာရောင် ရေခဲဓားတစ်ချောင်းက သူမလက်ထဲတွင် ပေါ်လာသည်။

သူမကြောင့်ဖြစ်လာသည့်အတွက် ဤကိစ္စကို သူမအနေဖြင့် လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး။ ယခင်က ထိုလူများသည် ချင်ယွင်ကို မခြိမ်းခြောက်နိုင်သောကြောင့် သူမအနေဖြင့် လျစ်လျူရူထားလို့ရခဲ့သည်။ ယခုမူ နောက်ဆုံးတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦး ပေါ်ထွက်လာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"မင်းက ငါ့သားကို နာကျင်အောင်လုပ်ဖို့ သတ္တိတွေရှိနေမှတော့ မင်း ဒီနေ့ အသက်မရှင် နိုင်တော့ဘူး!"

ဒန်ထျန်းချန်သည် အေးစက်စွာ အော်ပြောလိုက်ပြီး ကောင်းကင်မှနေ၍ လက်ဖဝါး တစ်ချက်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

ပိရှစ်သိုင်းမြို့စားက မတုံ့ပြန်ခင်နိုင်မှာပင် သူမတစ်ကိုယ်လုံး ချက်ချင်း နောက်ပြန် လွင့်ထွက်သွားပြီး သူမပါးစပ်ထဲက သွေးတွေ စီးကျလာသည်။

သိုင်းဧကရာဇ်တပါးရှေ့မှာ၊ သူမသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင်မရှိခဲ့ပေ။

အခန်း (၃၀၂) ကောင်းကင်ဆေးစံအိမ်နှင့်တိုက်ပွဲ

ပိရှစ်သိုင်းမြို့စား ဘေးတဘက်သို့ လဲကျသွားပြီး သူမ၏အငွေ့အသက်သည် ချက်ချင်းပင် အားပျော့သွားသည်။ သူမသည် သိုင်းမြို့စားကြီးတစ်ပါးဖြစ်ခဲ့သော်ငြား သိုင်းဧကရာဇ် တစ်ပါး၏ ရှေ့တွင် အားနည်းနေဆဲ ဖြစ်သည်။

ဒန်ချီဖန်း၏ အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ ဒန်ထျန်းချန်သည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်ရန် မမျှော်လင့် ထားသောကြောင့် ဆေးမျှော်စင် ထဲသို့ အမြန်ပြေးသွားခဲ့ရသည်။

ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့ကို သူခေါ်လာခြင်းဖြစ်သည်။ ချင်ယွင်သည် ဒန်ထျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံနေရသောကြောင့် သူသည် ကူကယ်ရာမဲ့ဖြစ်ကာ ထိုင်ပြီးကြည့်ရှုနေရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ချင်ယွင်ကို ကယ်တင်နိုင်မည့်သူမှာ ဆေးမျှော်စင်ရှိ မျိုးနွယ်စုအကြီးအကဲသာဖြစ်သည်။ ယခုအချိန်တွင် ချင်ယွင်သည် သူတို့ မျိုးနွယ်စုအကြီးအကဲကို မခေါ်လာမချင်း ဇွဲရှိရှိဖြင့် တောင့်ခံနိုင်ရန်သာ သူ မျှော်လင့်မိသည်။

ချင်ယွင်သည် အဆုံးမဲ့ ခမ်းနားထည်ဝါမူနှင့်အတူ သတ်ဖြတ်လိုသည့် ဆန္ဒများ ထုတ်လွှတ်နေသည့် သူ၏ရှေ့မှာပေါ်လာသော ဒန်ထျန်းချန်ကိုကြည့်လိုက်ရင်း သူ၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ချက်ချင်း ထွက်ပေါ်လာ သည်။

ပိရှစ်သိုင်းမြို့စားသည် လမ်းတစ်လျှောက်တွင် သူ့အား ဆန့်ကျင်ပြီး လှည့်စားမှု အမျိုးမျိုးကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း၊ ပိရှစ်သိုင်းမြို့စားသည် ယခုလေးတင် သူ့ကို ကာကွယ်ပေးရန်အတွက် သူ၏ရှေ့သို့ဝင်လာခဲ့သည့်အချက်က သူ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

ယခုတော့ ပိရှစ်သိုင်းမြို့စားသည် ဒန်ထျန်းချန်ကြောင့် ဒဏ်ရာရသွားခဲ့ပြီးယင်းက သူ၏ စိတ်ထဲတွင်ရှိသည့် ဒေါသကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖြောင့်ဖြောင့်မတ်မတ် ရပ်လိုက် ပြီးဒန်ထျန်းချန်ကို အေးစက်စွာ ကြည့်နေသည်။ မောက်မာမှုနှင့် သတ်ဖြတ်လိုစိတ်တို့သည် သူ၏မျက်လုံးထဲတွင် ရောယှက်နေသည်။

သူက သိုင်းဧကရာဇ်တပါးဖြစ်တော့ရော ဘာဖြစ်လဲ။ အကယ်၍ သူက သိုင်းဧကရာဇ် တစ်ပါးကို မရိုက်နိုင်ဘူးဆိုရင်တောင် သူ၏ကျောရိုးကိုတော့ ကွေးညွှတ်မထားနိုင်ပါဘူး။

"ဟမ့်၊ အရိုးတွေက တော်တော်မာတယ်ထင်တယ်။ မင်း ငါ့ဆီက ဘယ်နှစ်ကွက်လောက် ခုခံနိုင်မလဲဆိုတာ ငါကြည့်ချင်မိတယ်!"

ဒန်ထျန်းချန်က အေးစက်စွာ ပြောလိုက်သည်။ သိုင်းဧကရာဇ်တပါး၏ ခမ်းနား ထည်ဝါသည့် အငွေ့အသက်က တဟုန်ထိုး လှိမ့်တက်လာခဲ့ပြီး သူ၏ကိုယ်ပေါ်ရှိ ခရမ်းရောင်၀တ်စုံက တဖျပ်ဖျပ်ခတ်ကာ လွင့်တက်လာခဲ့သည်။ သူသည် ကောင်းကင်ယံမှနေ၍ လက်ဖဝါးတစ်ဖက်ကို ရိုက်လိုက်သည်။

ချင်ယွင်၏အကြည့်သည် ချက်ချင်းပင် စူးရှလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူ ခံစားနိုင်သည်။ မမြင်နိုင်သောလက်တစ်စုံက လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

ချင်ယွင်သည်လည်း လုံးဝ တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။ ကြယ်နက်ဓားက သူ၏လက်ထဲတွင် ပေါ်လာပြီး ဓားဆန္ဒသည် ချက်ချင်းပင် ထွက်ပေါ်လာသည်။ ဧကရာဇ်အဆင့် လန်ဖုန် ဓားသိုင်းပညာရပ်၏ ပထမဆုံးသိုင်းကွက်ဖြစ်သည့် ဓားလမင်းသည် လေထဲတွင် ချက်ချင်းပင် အကောင်ထည်ပေါ်လာသည်။

ဓားအလင်းသည် ဇောက်ထိုးကျနေသော ကြယ်မြစ်ကြီးတစင်းကဲ့သို့၊ ကောင်းကင်၌ လပြည့်ညလမင်းကြီးကဲ့သို့၊ အဆုံးမရှိ လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက် တွေ့ဆုံမှု လှိုင်းလုံးများကြောင့် ချင်ယွင်သည် လွင့်ပျံသွားကာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်မထိန်းမီ ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

"အယ်?" ဒန်ထျန်းချန်သည် အံ့အားတသင့် ရေရွတ်လိုက်သည်။ ချင်ယွင်သည် သူ၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယင်းက သူ့ကို အလွန်အံ့သြသွားစေသည်။

ရုတ်တရက် စူးရှပြီးအေးစက်စက်လေလှိုင်းသည် ဒန်ထျန်းချန်၏ ခေါင်းနောက်ဘက်မှ (နောက်စေ့)မှ စူးရှသည့်လေချွန်သံကိုထုတ်ဖော်ရင်း ကြောက်မက်ဖွယ် ကောင်းပြီး၊ ရက်စက်ကြမ်းကြုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့်အငွေ့အသက်တစ်ခုဖြင့် သူ၏ခေါင်းဆီသို့ ပြေးဝင်လာခဲ့သည်။

ဒန်ထျန်းချန်သည် သူ၏လက်ချောင်းကို ဆန့်ထုတ်ရင်း သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့အောက်ရှိ ကြီးမားသော ဓါးကြီးကို ပိတ်ဆို့တားဆီးလိုက်ရင်း သိမ်မွေ့နက်နဲသည့် အလင်းတချက် လင်းလက်သွားခဲ့သည်။

လက်ချောင်းသည် မနှိုင်းယှဉ်နိုင်သည့် သတ္တုဓားဆန္ဒနှင့် ထိပ်တိုက်တွေ့ဆုံသည့်အလား လွမ်းမိုးနိုင်စွမ်း ကြီးမားသောဓားသွားသည် သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်းတန်း ထုတ်လွှတ်နေသော လက်ချောင်းနှင့် ထိပ်တိုက်ဆုံမိ သွားသည်။ သန့်စင်သည့် သံထည်အချင်းချင်း ရိုက်ခတ်လိုက်သည့်အသံမျိုး အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။

"အယ်!"

ချင်ယွင်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို အောင်မြင်စွာ တိုက်ခိုက်ပြီးနောက် ကမန်းကတန်း ပြန်ဆုတ်သွားခဲ့သည်။

"ဟမ်၊ မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ပြီးမှ ထွက်သွားချင်သေးလား"

ဒန်ထျန်းချန်၏ တည်ငြိမ်သော မျက်နှာသည် နောက်ဆုံးတွင် အေးစက်သော အပြုံးကို ပေါ်လွင်စေသည်။ သူ၏အငွေ့အသက်သည် ချက်ချင်းပင် အုံကြွလာခဲ့ပြီး သူ၏ တစ်ကိုယ်လုံးက တစ္ဆေသရဲကဲ့သို့ လှုပ်ရှားသွားကာ လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားက ထိတ်လန့်သွားသည်။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး အနက်ရောင်အလင်းတန်းများ တဖျပ်ဖျပ်ခတ်က လင်းလက်လာသည်။

သို့သော် ဒန်ထျန်းချန်က လှောင်ပြောင်သရော်လိုက်သည်။ သိမ်မွေ့နက်နဲသည့် အဝါရောင် အလင်းတန်းများ ဖုံးအုပ်ထားသော လက်ဖဝါးသည် ချင်ယွင်၏ရင်ဘတ်ပေါ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်းပင် ကျယ်လာပြီး သူ့ရင်ဘတ်ပေါ်ရှိ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် ချက်ချင်း ပေါက်ကွဲသွားသည်။ ဒန်ထျန်းချန်၏ လက်ဖဝါး ရိုက်ချက်အား သူ မခုခံနိုင်ခဲ့ပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ချင်ယွင်အား ရှေးဟောင်း နတ်ဘုရားသားရဲ ဖြစ်သည့် ကောင်းကင်ကွပ်မျက်သူ နတ်ဆိုးနွားရိုင်း၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံရသကဲ့သို့ ခံစားရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိန်းမနိုင် သိမ်းမရဖြစ်ကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲပြီး နောက်သို့ လွင့်ပျံသွားခဲ့ရသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အဝေးမှမြင်လိုက်သောအခါတွင် သူ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။ သိုင်းမြို့စားကျွမ်းကျင်သူနှင့် သိုင်းဧကရာဇ်တစ်ပါး အကြား ကွာဟချက်သည် ကြီးမားလွန်းသည်၊ ၎င်းသည် အလွယ်တကူ ဖန်တီးနိုင်သော အရာမဟုတ်ပေ။

ဤဒန်ထျန်းချန်သည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင် အလွှာတွင်သာ ရှိခဲ့သော်လည်း၊ သူသည် သဘောတရားကိုနားလည်ခြင်း နယ်ပယ်၏ ဒသမအဆင့်ကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ထားဆဲ ဖြစ်ပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေသည်။

"ခုခံတာကို စွန့်လွှတ်လိုက်ပါ။ မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ တကယ်လို့ ငါခန့်မှန်းတာ မမှားရင် မင်းက ဘေဟိုင်သိုင်းမြို့စား ဇူထျန်းယုကိုသတ်ခဲ့တဲ့ ချင်ယွင် ဖြစ်ရမယ်။ မင်းနဲ့အတူရှိနေတဲ့ အမျိုးသမီးက ပိရှစ်သိုင်းမြို့စား ဖြစ်ရမယ်။" ဒန်ထျန်းချန်က ချင်ယွင်ကို လှည့်ကြည့်ကာ မထီမဲ့မြင်ပြုသော အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သွားပြီးနောက် သိုင်းမြို့စားကြီး လေးပါး သည်လည်း သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များထက် သာလွန်ရုံသာ ဖြစ်သည် ။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး ဘာမှမထူးခြား။ သူသည် ကောင်းကင် ဆေးစံအိမ်သခင်၏ စကားကို မတုံ့ပြန်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်ဆေးစံအိမ်သခင်ကို မည်သို့ကိုင်တွယ် ဖြေရှင်းရမလဲဆိုသည်ကို စဉ်းစားနေ သည်။

"ငါ့မှာပြောစရာစကားရှိတယ်။ မင်းက ပါရမီရှင်တစ်ယောက်ပဲ။ တကယ်လို့ မင်းတို့ နှစ်ယောက်စလုံး ငါတို့ရဲ့ကောင်းကင်ဆေးစံအိမ်မှာ ပူးပေါင်းပါဝင်ပြီး တစ်သက်လုံး ငါ့အစေခံအဖြစ်ထမ်းဆောင်ဖို့ ကောင်းကင်တာအိုကို ကတိ သစ္စာပြုမယ်ဆိုရင် မင်းတို့ကို ငါ အသက်ရှင်ခွင့်ပေးမယ်။ ငါ့သားကို ဒဏ်ရာရစေခဲ့တဲ့ကိစ္စကိုလည်း တွယ်ကပ် မနေတော့ဘူး။ မင်းဘယ်လိုထင်လဲ” ဒန်ထျန်းချန်က ပြောသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သလိုဖြစ်သွားရသည်။ ထိုနောက် သူက သရော်ဟန်တချက် ထုတ်ဖော်လိုက်သည်။

ဤဒန်ထျန်းချန်သည် တကယ့်ကို ရည်မှန်းချက်ကြီးမားသူ ဖြစ်သည်။ သူ့သား၏ နံ့သာတိုင်တစ်ချောင်းကိုပင် အဖြတ်ခံခဲ့သည်။ သူ့ကိုသိမ်းသွင်းဖို့အတွက် ယခုလို နှလုံးသားမျိုးကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်ဆေးစံအိမ်သခင်သည် သူ၏အလိုဆန္ဒ ဘယ်တော့မှ ပြည့်ဝတော့မည့် ဟန်မတူပေ။

သို့သော်၊ ချင်ယွင်သည် ဒန်ထျန်းချန်ကို သူ၏သခင်အဖြစ်လက်ခံပြီး အစေခံအဖြစ်နေရန် မည်သို့ ဆန္ဒရှိမည်နည်း။ သေးငယ်သည့် သိုင်းဧကရာဇ်လေးတပါးက သူ၏သခင် ဖြစ်ချင်နေတာလား။ ယင်းက အမှန်တကယ် ရူးသွပ်နေခြင်း ဖြစ်သည်။

"အဖေ ၊ သူ့ကိုသတ်လိုက်ပါ၊ သူ့ကို အသက်ရှင်ဖို့ အခွင့်မပေးနဲ့တော့။ ပြီးရင် သူ့မိန်းမကို သားကို လွှဲပေးပါ" ဒန်ဟိုင်က ဒန်ထျန်းချန်ကို အော်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း!" ဒန်ထျန်းချန်က ဒန်ဟိုင်ကို စိုက်ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။

ဒန်ဟိုင်သည် သူ့အဖေက ဒေါသတကြီးအော်လိုက်သည့်အတွက် ဆက်ပြီးနှောင့်ယှက်ရန် မဝံ့မရဲဖြစ်ကာ သူ၏လည်ပင်းက ချက်ချင်းပင် ငိုက်စိုက်ကျသွားသည်။

ဒန်ထျန်းချန်က ချင်ယွင်ကို တစ်ဖန်ပြန်ကြည့်ပြီး ပြောသည် "မင်း ဘယ်လိုတွေးထားလဲ၊ တစ်ခုက ငါ့ကို မင်းရဲ့အရှင်သခင်အဖြစ် ထမ်းဆောင်ရန် ကောင်းကင်တာအိုကို ကျိန်ဆိုဖို့ပဲ။ နောက်တစ်ခုကတော့ သေခြင်းတရားပဲ။ ဒီလမ်းနှစ်ခုကို ကြိုက်တာရွေးပါ"။

သူပြောပြီးသည်နှင့် ဒန်ထျန်းချန်၏ လက်ဖဝါးမှ သိမ်မွေ့နက်နဲသည့် အဝါရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်က ဒုတိယလမ်းကို ရွေးလိုက်သည်နှင့် သူ၏လက်ဖဝါးက ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ရိုက်ချလိမ့်မည်။

ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် "ခင်ဗျားကို အရှင်သခင်အဖြစ် ထမ်းဆောင်မယ်လို့ ကျုပ် ကတိပေးတယ်၊ ဒါပေမယ့် ကျုပ်မှာ အခြေအနေတစ်ခုတော့ ရှိတယ်"

"ဘယ်လိုအခြေအနေမျိုးလဲ။" ဒန်ထျန်းချန်က မေးသည်။

"ခင်ဗျားသားကို သတ်လိုက်ပါ!" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည် ။

ဒန်ထျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး တုန့်ဆုတ်မှု အရိပ်အမြွက် ပေါ်လာသည်။

သူ၏ဘေးတွင်ရှိသောဒန်ဟိုင်သည် ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူ၏အဖေက သူ့ကို နာကျင်အောင်ရိုက်နှက်ပြီး သတ်ပစ်မှာကို အမှန်တကယ် ကြောက်ရွံ့သွား လေသည်။

"ဟား၊ ဟား ၊ ကျားတွေက အန္တရာယ်များတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ကျားက ပိုပြီး အန္တရာယ်ရှိပုံရတယ်။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်၏စကားကို ဒန်ထျန်းချန်ကြားသောအခါ ဒေါသအရိပ်အယောင်က ချက်ချင်းပင် သူ၏ မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

"မင်းက ငါ့ကိုလိမ်ဖို့တောင် သတ္တိတွေကောင်းနေပါ့လား။ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ ” ဒန်ထျန်းချန်၏ နောက်ကျောတွင် ရိုင်းစိုင်းစွာ ကခုန်နေပြီး သိုင်းဧကရာဇ်တစ်ပါး၏ အငွေ့အသက်များက မြို့ပေါ် လွှမ်းခြုံထားသည့် တိမ်မည်းများကဲ့သို့ ပျံ့နှံ့လာခဲ့သည်။ ထို့နောက် သူသည် ချင်ယွင်၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။

သိမ်မွေ့နက်နဲသည့်အဝါရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် လက်ဖဝါးသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။

သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်းတန်းသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက် အကျလှိုင်းများကို ထုတ်လွှတ်သည်။ အကယ်၍ ဤလက်ဖဝါးဖြင့် ရိုက်ခံလိုက်ရမည် ဆိုလျှင် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးပင် သေဆုံးသွားပေလိမ့်မည်။

ချင်ယွင်၏ မျက်လုံးများတွင် အနက်ရောင်လျှပ်စီးကြောင်းများ လင်းလက်လာသည်။ တဖျပ်ဖျပ် လင်းလက်နေသော အနက်ရောင်လျှပ်စီးကြောင်းသည် တခဏချင်း ထွက်ပေါ် လာသည်။ ပေါက်ကွဲလျှပ်စီးသဘောတရား၏ စတုတ္ထအဆင့်စွမ်းရည်သည် ယခု အခိုက်အတန့်တွင် အသက်ဝင်လာပြီး အကန့်အသတ်မဲ့ ပေါက်ကွဲလိုသည့် ဆန္ဒများဖြင့် ပေါက်ကွဲထွက်လာခဲ့ပါသည်။

သူ၏မျက်လုံးများသည် ချက်ချင်းပင် မည်းမှောင်သွားကာ သူ၏ကြွက်သားများသည် နဂါးဦးချိုများကဲ့သို့ လှုပ်ရှားလာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲစွမ်းအား များဖြင့် ပြည့်နေသည်။ "ဘုန်း!" ချင်ယွင်သည်လည်း အလားတူပင် လက်သီးတချက် ပစ်ထိုးလိုက်ပြီး ဒန်ထျန်းချန်၏ လက်ဖဝါးနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။ ချက်ချင်းပင် ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများသည် မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသော တိမ်များကဲ့သို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး ချင်ယွင်သည်လည်း နောက်ပြန် လွင့်ထွက်သွားသည်။

ဒန်ထျန်းချန်သည်ပင် လေထဲ၌ ခြေလှမ်းအနည်းငယ် လှမ်းပြီး နောက်ပြန် ဆုတ်သွားခဲ့ရသည်။

အခန်း (၃၀၃) ကလေးဆိုးနှင့်တူသောလူအိုကြီး။

"အယ်၊ မင်းက တကယ်ပဲ ငါ့လက်ဖဝါးရိုက်ချက်ကို တွန်းအားပေး ခုခံနိုင်ခဲ့တာလား။ ဒန်ထျန်းချန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည်။

"ဒီကောင်လေးက ဒီနေရာကနေ လုံးဝထွက်သွားလို့မရရဘူး။ သူက သိုင်းမြို့စား နယ်ပယ်ရဲ့ စတုတ္ထအဆင့် ကောင်းကင်အလွှာမှာသာ ရှိသေးပြီး ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်။ တကယ်လို့ သူသာ သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်သွားမယ်ဆိုရင် အနာဂတ်မှာ သိုင်းဧကရာဇ်အဆင့် ဖြစ်တဲ့ငါတောင်မှ သူ့ပြိုင်ဘက် မဟုတ်တော့မှာ သေချာတယ်​။"

ဒန်ထျန်းချန်၏နှလုံးသားထဲသို့ ကြောက်ရွံ့မှု အရိပ်အယောင် ဝင်လာသည်။ ချင်ယွင်၏ အလားအလာသည် သူ့အား ပြင်းထန်သည့် စိတ်ဖိဆီးမူကို ခံစားရစေသည်၊ ထို့ကြောင့် ဤပြင်းထန်သော ဘေးကျပ်နံကျပ်ခံစားချက်က ပုခက်ထဲမှ သူ၏လည်ပင်းကို ထညှစ်နေသည်။

ရလာဒ်အနေဖြင့် ဒန်ထျန်းချန်သည် သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး နောက်တဖန် ပစ်ဝင်သွားပြန်သည်။

ချင်ယွင်သည် မြေတွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသည်။ ဒန်ထျန်းချန်၏ လက်ဖဝါးရိုက်ချက်အား အတင်းအကြပ်ခုခံရန် ပေါက်ကွဲလျှပ်စီး စတုတ္ထအဆင့်၏ ဒေါသပေါက်ကွဲသည့် အခြေအနေကို အသုံးပြုခဲ့သော်လည်း၊ သူနှင့် သိုင်းဧကရာဇ်တစ်ပါး အကြားတွင် ကြီးမားသော ကွာဟချက်ကရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစောပိုင်းက လက်ဖဝါးရိုက်ချက်သည် သူ၏ ဒေါသပေါက်ကွဲသည့် အခြေအနေကို ပြိုကွဲသွားစေခဲ့သည်။

ယခုအချိန်တွင် သူသည် လုံးဝ အားနည်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒန်ထျန်းချန်သည် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာသောအခါတွင် သူ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံသာ တတ်နိုင်ပြီး မလှုပ်နိုင်တော့ပေ။

ဒန်ထျန်းချန်၏ အရှိန်သည် အလွန်လျင်မြန်ပြီး ချင်ယွင်ရှေ့သို့ တခဏချင်း ရောက်လာတော့မည်။ ယခုတစ်ကြိမ်မှာ သူသည် ချင်ယွင်ကို လုံးဝ သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် ပစ်ဝင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူ့လက်ထဲမှ သိမ်မွေ့နက်နဲသည့်အလင်းရောင်သည် သူ၏လက်ဖဝါးတစ်ခုလုံးကို မဖုံးလွှမ်းတော့ပေ။ ယင်းအစား သူ့လက်ချောင်းတွေကို ဓားတစ်ချောင်းအသွင် ဖန်တီးလိုက်သည်။ သူ့လက်ချောင်းများမှ ထက်ရှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းတန်းမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျများသည် လူတစ်ဦး၏ နှလုံးသားကို တုန်လှုပ်သွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဓားအလင်းတန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် လေဟာနယ် တစ်ခုလုံးတွင် ကြောက်မက်ဖွယ် လှိုင်းလုံးများ ထွက်ပေါ်လာသည်။ အဝေးမှပင် လူတစ်ဦး၏ ဦးရေပြားကို ထုံကျင်သွားစေသည့်စူးရှသည့် အငွေ့အသက်ကို ခံစားလို့ရနိုင်သည်။

"ငရဲကိုသွားလိုက်တော့!"

ဒန်ထျန်းချန်က အေးစက်စွာ အော်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဓားလက်ချောင်းသည် ကြွေကျသွားသည့်ကြယ်တစ်ပွင့်နှင့်တူပြီး ချင်ယွင်၏နဖူးကို ချက်ခြင်း ဦးတည်လာခဲ့သည်။ နောက်အခိုက်အတန့်တွင်၊ ချင်ယွင်၏ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်တော့မည်။

ချင်ယွင်သည် ဓားလက်ချောင်းအတွင်းပါရှိသော ပြင်းထန်သည့် စွမ်းအင်အတက်အကျ လှိုင်းများကို ခံစားနိုင်သည်။ သူ၏နှလုံးခုန်သံကိုပင် ပြန်ကြားလိုက်ရသည်။ အကယ်၍ သူ၏အထွတ်အထိပ်အခြေအနေမှာ ဆိုလျှင်ပင် သူသည် ထိုဓားလက်ချောင်းကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။

ဤဒန်ထျန်းချန်က သူ့ကိုသတ်ပစ်ဖို့ ဆုံးဖြတ်ထားသည်ကို မြင်နိုင်ပါသည်။

သို့သော်၊ ချင်ယွင်သည် အိပ်မောကျနေသော ရှေးဟောင်းတာအိုဆရာသခင်ကို နှိုးပြီး သူ့ကို ကယ်တင်ရန် တောင်းဆိုနေချိန်တွင် ကျယ်လောင်သော အော်သံသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း!"

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ရှေ့တွင် အသက်အရွယ်ကြီးရင့်သော ရုပ်အသွင်အပြင် တစ်ခု ရုတ်ချည်းပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျများက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

အိုမင်းနေသည့် လက်မောင်းတဖက်က ဝတ်စုံလက်မောင်းကြားမှ ဆန့်ထွက်လာပြီး ဒန်ထျန်းချန်၏ လက်ချောင်းဓားကို ဖမ်းဆုပ်လိုက်သည်။

ထက်ရှသော လက်ချောင်းဓားသည် ချင်ယွင်၏ မျက်ခုံးကြား တစ်လက်မအကွာတွင် ရပ်သွားတန့်သွားခဲ့သည်။ ၎င်းပေါ်ရှိ ပါးလွှာသည့်ဓားချီသည် ချင်ယွင်၏ အရေပြားကို ထိုးဖောက်သွားပြီး အနီရောင်တောက်တောက် သွေးစွန်းအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဒန်ထျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက် လာသည်။ ရုတ်တရက် တိုက်ခိုက်လာတဲ့ ထိုလူကြီးကို သူ ဂရုမစိုက်ပါဘူး။ သူ၏ လက်ထဲမှဓားချီက နောက်တကြိမ် ပျံ့နှံ့သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ချင်ယွင်ဆီကို တစ်ရှိန်ထိုး ထိုးဖောက်ချင်နေပြန်သည်။

သို့သော်လည်း အဘိုးအိုသည် ဒန်ထျန်းချန်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေပုံရသည်။ သူ အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ချောင်းထိပ်များမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဒန်ထျန်းချန်၏ ဓားချီကို ချက်ခြင်း ဘာမှမကျန်သည့်အထိ တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ကာ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ထိုးတက်လာခဲ့ပြီး ဒန်ထျန်းချန်ကို တန်ပြန်တွန်း ထုတ်လိုက်သည်။

သနားစဖွယ် ချင်ယွင်ခင်ဗျာ သေမင်းတံခါးဝမှ တခဏချင်း လှမ်းထွက်နိုင်ခဲ့သည်။ အကယ်၍ အဘိုးအိုသာ အနည်းငယ် နှေးကွေးသွားပါက သူ့ကို ဓားချီက ထိုးဖောက် သွားပေလိမ့်မည်။

အကယ်၍ သစ်သားစွမ်းရည်ကိုယ်ပွားဖြစ်နေခဲ့လျှင် သူ့ခေါင်းကို ထိုးဖောက်ခံလိုက်ရပါက သူ့ကို ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။

ချင်ယွင်သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော အဘိုးအိုကို အံ့သြသည့် မျက်နှာအမူအယာဖြင့် ကြည့်လိုက်သည်။

အဘိုးအိုသည် ငွေရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး ခါးအနည်းငယ် ကိုင်းနေသော်လည်း သူ၏မျက်နှာသည် ကလေးဘဝသို့ ပြန်ရောက်သွားသကဲ့သို့ နုပျိုနေပါသည်။

သူ၏ ကျင့်ကြံမှုအဆင့်အရ၊ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာဖြစ်သည်မှာ ထင်ရှားသည်။ သို့သော်၊ သူသည် သိုင်းဧကရာဇ် နယ်ပယ်၏ ပထမအဆင့်ကောင်းကင်အလွှာသို့ နှစ်အတော်ကြာ ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာနယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်သည် ဒန်ထျန်းချန်ထက် များစွာပို၍ အစွမ်းထက်ပါသည်။

မှန်းဆရန်ပင်မလိုဘဲ၊ ဤအဘိုးအို၏ ကိုယ်ရေးအချက်အလက်သည် ဒန်ချီဖန်း၏အဘိုး၊ ဆေးကလန်၏ အကြီးအကဲဖြစ်သင့်သည်ကို ချင်ယွင် သိလိုက်သည်။

"ရပ်လို့ပြောနေတာ မင်းမကြားဘူးလား" အဘိုးအိုက ဒန်ထျန်းချန်ကို နောက်ပြန် တွန်းထုတ်လိုက်ပြီးနောက် ချက်ချင်း အေးစက်စွာ အော်လိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး လူတိုင်း၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု ဖြစ်စေသည်။

အဘိုးအို၏ စကားကိုကြားရလျှင် ဒန်ထျန်းချန်သည် ချက်ချင်းပင် နောက်ထပ် မလှုပ်ဝံ့တော့ပေ။ သူသည် ချင်ယွင်ကို အေးစက်စွာကြည့်နေပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် သူက "မျိုးနွယ်စုအကြီးအကဲ၊ ဒီလူက ကျွန်တော့်ရဲ့ ကောင်းကင်ဆေးစံအိမ်မှာ ပြဿနာလာရှာပြီး ကျွန်တော့်ရဲ့ဒန်ဟိုင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ အခု ကျွန်တော့လုပ်ခဲ့သမျှက ကျွန်တော့်ရဲ့သားအတွက် လက်စားချေဖို့ပဲ" ဟုပြောသည်။

"ဟမ့်၊ ငါမသိဘူးလို့ မထင်နဲ့။ ချီဖန်းက ငါ့ကို အားလုံးကို ပြောထားပြီးသား။ မင်းရဲ့သားက သူကို အရင်ရန်စခဲ့တာ ထင်ရှားတယ်၊ ဒါပေမယ့် သူ့အရည်အချင်းက တခြားသူတွေထက် နိမ့်ကျတယ်။ ဒါပေမဲ့ လူဆိုးတစ်ယောက်လို သူက အရင် စောဒကတက်တယ်။ အရာအားလုံးက သူ့အပြစ်တွေချည်းပဲ။ သူ့လုပ်ရပ်တွေက ဘိုးဘေးတွေရဲ့ သွန်သင်ချက်တွေကို ဖောက်ဖျက်ရာ ရောက်ပြီး ယုတ္တိကျကျအရပြောရရင် သူ့ကို တရားဥပဒေစိုးမိုးရေးခန်းမကို လွှဲပေးသင့်တယ်။ အဘိုးအိုသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ အငွေ့အသက်က ဒေါသမထွက်သော်လည်း ပြင်းထန်လှသည်။

ယခုအချိန်တွင် ကွင်းပြင်ထဲမှာ လူအနည်းငယ် စုဝေးနေကြပြီ ဖြစ်သည်။ သူတို့အားလုံး သည် အဖိုးအို၏ မတွန်းနိုင်သည့် ခမ်းနားထည်ဝါမူကို ခံစားနိုင်ကြသည်။

ဒန်ထျန်းချန်၏အမူအရာသည် အလွန်မည်းမှောင်နေ၏။ အဘိုးအိုကို စိုက်ကြည့်ရင်း သူ့သွားကြားထဲမှ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။ "မျိုးနွယ်စုအကြီးအကဲ၊ ကျွန်တော့်ရဲ့ သားက သူထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစားပြီးသွားပြီ။ သူ့ရဲ့ပထမဆုံးပြစ်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး ပြန်လွှတ်ပေးပါ"

မျိုးနွယ်စုအကြီးအကဲ၏ အကြည့်များကလည်း အလားတူ စူးရှသည်။ သူက ဒန်ထျန်းချန်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ဟမ့်၊ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်မယ်။ တကယ်လို့ နောက်တစ်ကြိမ်ရှိလာခဲ့ရင် ငါကိုယ်တိုင် အပြစ်ပေးမယ်။ ထွက်သွားတော့!"

"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူတင်ပါတယ်" ဒန်ထျန်းချန်က ပြန်ပြောလိုက် ရသော်လည်း သူ၏မျက်နှာမှာ လေးစားမှု အရိပ်အယောင် မတွေ့ခဲ့ရပေ။

ထိုစကားကို ပြောပြီးနောက် ဒန်ထျန်းချန်သည် တိုက်ရိုက် ထွက်သွားသည်။ ဒန်ဟိုင်ကိုတော့ ကောင်းကင်ဆေးစံအိမ်၏ လက်အောက်ငယ်သားတွေက သဘာဝအတိုင်း ပြန်သယ်သွားကြသည်။

ဒန်ထျန်းချန်ထွက်ခွာသွားပြီးနောက်တွင် ဤမုန်တိုင်းကြီး၏ အဆုံးသတ်ကို ကြည့်ရှုသူ များလည်း လူစုခွဲသွားကြသည်။

လူတိုင်း လူစုခွဲပြီးနောက် ဆံပင်ဖြူအဘိုးအိုသည် ပြန်လှည့်ကြည့်ကာ တွင်းနက်ကြီးထဲ တွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ ထို့နောက် အဝေးမှာ ဒဏ်ရာအပြင်းအထန် ရထားသည့် ပိရှစ်သိုင်းမြို့စားကို ကြည့်ရင်း အပြုံးနှင့်အတူ ပြောလိုက်သည် "မင်းက ဘေဟိုင်သိုင်းမြို့စားကို သတ်ခဲ့တဲ့ အသက်ဆယ့်ခြောက် နှစ်အရွယ် ချင်ယွင်ပဲလား။"

ချင်ယွင်လည်း ရှိုက်ကြီးတငင် ပြုံးပြီး တုန့်ပြန်လိုက်ရသည် "ဆယ့်ခုနစ်နှစ်ပါခင်ဗျာ!"

ယမန်နေ့ကပဲ ချင်ယွင်သည် သူ၏အသက် ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ ဖြစ်ခဲ့ပါသည်။ တစ်နည်းဆိုရသော် သူသည် မနေ့ကတည်းကပင် အသက် ဆယ့်ခုနစ်နှစ် ရှိနေပြီဖြစ်သည်။

"ဟား၊ ဟား၊ မင်းဟာ ဘေဟိုင်သိုင်းမြို့စားကို သတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်ပါတယ်။ မင်းရဲ့ထူးခြားတဲ့ စွမ်းရည်ကို ငါမြည်းစမ်းကြည့်ချင်မိသေး" ဆံပင်ဖြူအဘိုးအိုက ကျယ်လောင်စွာ ရယ်လိုက်သည်။

ချင်ယွင်လည်း ပြုံးပြလိုက်ရသည်။ ဆေးကလန်၏အကြီးအကဲသည် စကားပြောဆိုရာမှာ အလွန်လွယ်ကူပုံပေါ်ကြောင်း သူတွေ့ရှိခဲ့သည်။

"မင်း မတ်တတ်ရော ရပ်နိုင်သေးရဲ့လား" ဆေးကလန်အကြီးအကဲက ချင်ယွင် ရယ်နေသည်ကို ကြည့်ရင်း စောင့်ဆိုင်းနေသည့် ကလေးငယ်တစ်ယောက်လို ကျီစယ်သည့် သဘောဖြင့် ပြုံးပြလိုက်သည်။

ချင်ယွင်သည် အရှုံးကို မည်သို့ အလွယ်တကူ ဝန်ခံနိုင်မည်နည်း။ အတွေးတစ်ချက်ဖြင့် အဝေးမှ အလင်းတန်းတစ်ခု လွင့်ပျံလာသည်။

ဒဏ်ရာအပြင်းအထန်ရရှိထားခြင်းမရှိသည့် အနက်ရောင်ဝတ်ရုံဝတ် ကိုယ်ပွားသည် ချင်ယွင်၏ တွင်းနက်ကြီးဘေးတွင် ပေါ်လာသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စု ပုံကြမ်းထဲ ကိုထည့်ကာ ဆေးကလန်၏ အကြီးအကဲကြည့်ကာ "ကြည့်စမ်း၊ ကျွန်တော် အခုထနေပြီ မဟုတ်လား" ဟု ပြောလိုဟန်ဖြင့် ပြုံးပြလိုက်သည်။

ဆေးကလန်၏အကြီးအကဲသည် အနက်ရောင်ဝတ်ရုံဝတ် ကိုယ်ပွားကို သူ၏မျက်နှာတွင် အံ့သြသည့်ဟန်ဖြင့် ကြည့်နေ၏။ ထို့နောက် သူက ရယ်မောလိုက်သည် ။

သို့သော် ချင်ယွင်က သူ၏စိတ်ထဲတွင် မကျိန်ဆဲမနေနိုင်တော့ "ခင်ဗျားပုံစံအရ အသက်တစ်ရာကျော်တဲ့ အဘိုးကြီးတစ်ယောက်လို ဖြစ်နေပြီလေ၊ ခင်ဗျားမှာ ဘာလို့ ကလေးတစ်ယောက်လို အကျင့်စရိုက်ရှိနေရတာလဲ။ ခင်ဗျား ရှက်စရာကောင်းတယ်လို့ မခံစားရဘူးလား"

အခန်း (၃၀၄) စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသတင်း။

မတ်တပ်ထရပ်ပြီးနောက် ချင်ယွင်ပထမဆုံးလုပ်သည့်အရာမှာ ပိရှစ်သိုင်းမြို့စား ဘက်သို့ ပြေးသွားပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအားအချို့ ထည့်သွင်းပေးခြင်း ဖြစ်သည်။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ထည့်သွင်းပေးသည့်အသက်စွမ်းအားကို ရရှိပြီးနောက် သူမ၏ဒဏ်ရာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမ၏လှုပ်ရှားမှု များကလည်း ပိုမိုလွယ်ကူပြီး လွတ်လပ်လာခဲ့သည်။

ထိုမြင်ကွင်းက ဘေးဖက်ရှိဆေးကလန်အကြီးအကဲကို အံသြမှင်သက် သွားစေပါသည်။ ဆေးလုံးတွေနှင့်အတူ နှစ်ပေါင်းများစွာအချိန်ကြာအောင် ကုန်ဆုံးခဲ့ပြီးနောက် သူသည် အသွင်ကူးပြောင်းခြင်းနယ်ပယ်ထဲကို သဘာဝအတိုင်း ဝင်ရောက်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် သူသည် ပိရှစ်သိုင်းမြို့စားကို မြင်သည်နှင့် သူမ၏ ကိုယ်အတွင်းအင်္ဂါအစိတ်အပိုင်းများ ဆိုးရွားစွာ ပျက်စီးသွားကြောင်း သိရှိထားပြီး ဖြစ်သည်။

အကယ်၍ တစုံတစ်ယောက်သည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ ဖြစ်သည်ဆိုလျှင်ပင်၊ ထိုလူသည် အစွမ်းထက်သည့် ကုသရေး ဆေးဝါးအမျိုးမျိုးနှင့်အတူ ပူးပေါင်းကုသမည်ဆိုလျှင်ပင် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်သက်သာရန် အနည်းဆုံး ရက်အနည်းငယ် အချိန်လိုအပ်နေပါသေးသည်။

သို့သော်၊ ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ကွဲအက်နေသော ကိုယ်တွင်း အင်္ဂါများ အားလုံးကို ကုသရန်အတွက် အနည်းဆုံး အမွှေးတိုင်တစ်တိုင်ထွန်း ထက်မနည်းသော အချိန်ကိုသာ အသုံးပြုခဲ့သည်။ ဆေးကလန် အကြီးအကဲ၏ အမြင်တွင်၊ ဤအရာသည် အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်သည့် အရာဖြစ်ပေသည်။

ယခင်က ချင်ယွင် အသုံးပြုခဲ့သော အံ့ဖွယ်ကိုယ်ပွားနည်းပညာနှင့် ယှဉ်တွဲလျက် ဆေးကလန် အကြီးအကဲများသည် ဤချင်ယွင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားလိုက်ရသည်။

ပိရှစ်သိုင်းမြို့စား၏ဒဏ်ရာများကို ကုသပြီးနောက် ချင်ယွင်သည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးအကြောင်း သိလိုစိတ်ပြင်းပြလာခဲ့သည်။ သူသည် ထိုဆေးလုံး အကြောင်းကို မေးချင်သော်လည်း ဆေးကလန်၏အကြီးအကဲက သူ့ကို နောက်မှ ပြောဆိုရန် အချက်ပြပြီး တားဆီးလိုက်သည်။

ဆေးမျှော်စင်၏ ပထမထပ်မှ ခြောက်ထပ်အထိကို ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးညွှန်များကို သိမ်းဆည်းရန်အတွက် အသုံးပြုထားပြီး သတ္တမထပ်သည် ဆေးမျိုးနွယ်စု အကြီးအကဲ၏ သီးသန့်နေအိမ်ဖြစ်သည်။

ဆေးကလန် အကြီးအကဲ၏သည် ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့အား ဆေးမျှော်စင်၏ သတ္တမထပ်သို့ ခေါ်ဆောင်လာပြီးနောက် နေထိုင်ရန်စီစဉ်ပြီး ချင်ယွင်အတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးသည်။ ထိုအချိန်ရောက်မှသူက “ပြောပါ၊ မင်း ဘာသိချင်တာလဲ” ဟု မေးလိုက်သည်။

ဒန်ချီဖန်းသည် မျိုးနွယ်စုအကြီးအကဲနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ချင်ယွင်ပြောခဲ့သည့် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကိုလည်း အလွန်စိတ်ဝင်စားနေ သောကြောင့် ဘေးနားတွင်ထိုင်ကာ သူ့အဘိုးပြောသည်ကို နားထောင်ရန် ပြင်ဆင်လိုက်သည်။

"ဆေးအကြီးအကဲ၊ ကောင်းကင်ဆေးစံအိမ်မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ရောင်းချဖို့ရှိမရှိ ကျွန်တော်သိချင်ပါတယ်" မူလက လက်ဖက်ရည်သောက်နေသော ချင်ယွင်သည် သူ၏လက်ဖက်ရည်ခွက်ကို အဆောတလျင်ချကာ ဆေးကလန် အကြီးအကဲ၏ မေးခွန်းကိုကြားသည့်အခါ ချက်ချင်း မေးမြန်းသည်။

ဆေးကလန်၏အကြီးအကဲသည် ချင်ယွင်က သူ့ကို ဆေးအကြီးအကဲဟု တစ်ကြိမ်ပြီး တစ်ကြိမ်ခေါ်နေသောကြောင့် သူ၏မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။ နောက်ဆုံးတွင်၊ သူသည် ရွေးချယ်စရာမရှိသည့်အတွက် ချင်ယွင်က ဆေးအကြီးအကဲဟု ပင် ခေါ်သည်ကို ခွင့်ပြုပေးလိုက်ရသည်။

" စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးလား?" ချင်ယွမ်၏စကားကို ဆေးအကြီးအကဲ ကြားသောအခါ၊ သောက်ထားသည့် လက်ဖက်ရည်ကြမ်းတစ်လုတ်ကို ချက်ချင်း ထွေးထုတ်လိုက်ပြီး ဒန်ချီဖန်၏ မျက်နှာကိုပင် စင်သွားခဲ့သည်။

"ဘာများမှားလို့လဲ?" ချင်ယွင်က တအံ့တသြ မေးလိုက်သည်။ ဆေးအကြီးအကဲက အဘယ်ကြောင့် ဤမျှပြင်းပြင်းထန်ထန် တုံ့ပြန်သည်ကို သူနားမလည်နိုင်ပေ။

"ဘာမှားလို့လဲ ဟုတ်လား၊ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက ဒဏ္ဍာရီလာ အဆင့်သုံး အင်မော်တယ်ဆေးလုံးလေ။ အဲဒါကို လမ်းဘေးမှာချရောင်းတဲ့ ဂေါ်ဖီထုပ်လို့များ ထင်နေသလား။ ငါ့ရဲ့ကောင်းကင်ဆေးစံအိမ်မှာ အဲဒီဆေးလုံးကို ဘယ်လိုလုပ်ရနိုင်မှာလဲ" ဆေးအကြီးအကဲသည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ချင်ယွင်သည်လည်း အနေရခက်ဟန်ဖြင့် ခေါင်းကိုကုတ်လိုက်သည်။ သူပြောတာ မှားမှန်း သူသိပါသည်။ သို့သော် ဆေးအကြီးအကဲသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသည် အဆင့်သုံးအင်မော်တယ်ဆေးလုံးဖြစ်သည်ဟု ပြောလိုက်သည့်အခါတွင် သူ၏မျက်လုံးများ တောက်ပလာခဲ့သည်။

ဆေးအကြီးအကဲသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးသည် အဆင့်သုံး အင်မော်တယ် ဆေးလုံး ဖြစ်ကြောင်းသိနေသောကြောင့်၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးအကြောင်းနှင့် ပတ်သက်ပြီး အသေအချာ သိနေခဲ့သည်ဟု ဆိုလိုပါသည်။ ဆေးညွန်းကို ရနိုင်မည် သို့မဟုတ် ပါဝင်ဆေးပစ္စည်းများကို သိရှိနိုင်မည်ဆိုလျှင်ပင် ချင်ယွင်အတွက် ဤခရီးသည် အချည်းနှီးမဟုတ်ပေ။

"ကောင်လေး၊ မင်းက စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ဘာအတွက် လိုအပ်တာလဲ" ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက သေလွန်သူတွေကို ပြန်လည် အသက်သွင်း ပေးနိုင်တဲ့ အင်မော်တယ်ဆေး တစ်မျိုးဖြစ်ပေမဲ့ သေလွန်သူရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို တော့ နဂိုအတိုင်းရှိနေအောင် သေချာလုပ်ဖို့တော့ လိုအပ်တယ်။ မဟုတ်ရင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူးနော်။ ဒါ့အပြင် ငါတို့သေသွားမှတော့ ငါတို့ရဲ့စိတ်ဝိညာဉ်တွေက မြေအောက်ကမ္ဘာသို့ ပြန်သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက ငါတို့အတွက် သိပ်ပြီးအသုံးမဝင်လှဘူး။" ဆေးအကြီးအကဲက ချင်ယွင်ကို စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်သည် ။

သို့သော် ချင်ယွင်၏အမူအရာမှာ စိတ်လှုပ်ရှားမူများစွာဖြင့် ပြည့်နှက်နေပါသည်။ ဆေးအကြီးအကဲ၏ စကားများသည် ထိုအချိန်တုန်းက သူဖတ်ခဲ့ဖူးသော ဆေးစာ အုပ်များပါ အချက်အလက်အားလုံးနီးပါးနှင့် တူညီနေပါသည်။ ထို့ကြောင့်လည်း သူသည် ကျန်းရွှန်ရှင်းကို ကယ်တင်ရန်အတွက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ကို ချက်ခြင်း စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် ထိုအချိန်တုန်းက သူသည် ပေါ့ပေါ့ပါးပါးလေး တချက်လေးသာ ကြည့်မိခဲ့ပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို မည်သို့ဖော်စပ်ရမလဲ ဆိုသည်ကို သူ ဂရုမစိုက်ခဲ့ မိပေ။ ယင်းက သူ ကောင်းကင်ဆေးစံအိမ်သို့ လာရခြင်း၏အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး ဆေးအကြီးအကဲသည်

သံသယဖြစ်သည့် အမူအယာဖြင့် မေးလိုက်သည် “မင်းက တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့အတွက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရရှိဖို့ ကြိုးစားနေတာလား။

ချင်ယွင်က အလောတကြီး ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဟုတ်တယ်၊ အဲဒါက ကျွန်တော့် မိန်းမအတွက်ပဲ။ ဆေးအကြီးအကဲက စိတ်ဝိညာဉ် ပြန်သွင်းခြင်း ဆေးလုံး အကြောင်း အားလုံးကို ပြောပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"

ဆေးအကြီးအကဲသည် တခဏမျှ အံ့အားသင့်သွားခဲ့သည်။ သူသည် ချင်ယွင်ကို သုံးစက္ကန့်ကြာ စိုက်ကြည့်ပြီးနောက် ပိရှစ်သိုင်းမြို့စားကို ထူးဆန်းသော အကြည့်ဖြင့် လှည့်ကြည့် လိုက်သေးသည်။

ပိရှစ်သိုင်းမြို့စားသည် ချက်ချင်းပင် ရှက်ရွံ့သွားသော်လည်း သူမက မည်သည့် ရှင်းလင်းချက်မျှ မပေးခဲ့ပေ။

ဆေးအကြီးအကဲသည် တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားပုံရပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီလိုအခြေအနေမျိုး ရောက်မှတော့ မင်းကို ငါ မင်းကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ရှေးဟောင်းဆေးစာအုပ်အပိုင်းအစတစ်ခုမှာ ငါတွေ့ရှိခဲ့ရတာ။ အဲဒီစာအုပ်ထဲမှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးရဲ့သန့်စင်ခြင်းနည်းလမ်းကို ဖော်ပြထားခဲ့သည်။ ဒါပေမယ့် ဆေးစာအုပ်က မပြည့်စုံတာကြောင့်၊ ဆေးစာအုပ်မှာ မှတ်တမ်းတင်ထားတဲ့ ပါဝင်ပစ္စည်းက သုံးမျိုးသာရှိခဲ့တယ်။ ဆေးသန့်စင်တဲ့ နည်းလမ်းအပြည့်အစုံက လုံးဝ ပျောက်နေခဲ့တယ်။”

ချင်ယွင်၏ မျက်လုံးများတွင် နောင်တရမှု အရိပ်အယောင်များ ထွက်ပေါ် လာခဲ့သည်။ သို့သော်လည်း သူ့တွင် မူလကတည်းက မျှော်လင့်ထားသည့် စိတ်သဘောထားများလည်း ရှိနေခဲ့ပြီး ဖြစ်သည်။ ပါဝင်သည့်ဆေးပစ္စည်း သုံးမျိုးကိုသိနိုင်ခြင်းသည်ပင် သူ့အတွက် ကြီးမားသော ရိတ်သိမ်းမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်က ချက်ချင်း မေးလိုက်လေသည် “ အဲဒီ ပါဝင်ဆေးပစ္စည်းသုံးမျိုးက ဘာတွေပါလဲ?"

"စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်၊ အစိမ်းရောင်အနန္တသစ်သီး၊ အင်မော်တယ် ကောင်းကင်ဘုံ ရေခဲနှင်းစက်" ဆေးအကြီးအကဲက တုန့်ပြန်ပြောသည် ။ သူ၏မျက်လုံးများက ချင်ယွင်၏ မျက်နှာပြင်မှ ဖြစ်ပေါ်လာသည့်သဲလွန်စ တစုံတရာကို မြင်လိုသည့်အလား ချင်ယွင်ကို စိုက်ကြည့်နေခဲ့သည်။

ချင်ယွင်အနေဖြင့် ထိုစကားများကိုကြားပြီးနောက် လုံးဝ အံ့သြခြင်းမရှိခဲ့ပါဘူး။ တစ်ဖက်တွင်၊ ဒန်ချီဖန်း၏မျက်နှာသည် ဖော်ပြလို့မရသည့် ထိတ်လန့်ဖွယ်အမူအရာကို ထုတ်ဖော်နေလေသည်။

“အစိမ်းရောင်အနန္တသစ်သီး၊ ဒဏ္ဍာရီလာ အင်မော်တယ်သစ်သီး မဟုတ်လား၊ ဒီသေမျိုး ကမ္ဘာမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ နောက်တစ်ခုက အင်မော်တယ် ကောင်းကင်ဘုံရေခဲ နှင်းစက်၊ ဒါကို ကျွန်တော် ကြားတောင်မကြားဖူးဘူး။ နောက်တစ်ခုကတော့ စိတ်ဝိညာဉ်ပြန်သွင်းခြင်း မြက်လား၊ ဒါကိုတော့ ကျွန်တော် ကြားဖူးတယ်။ ဒါပေမယ့် အလွန်ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်တယ်။ ၎င်းကို ရှာဖွေဖို့က လည်း ကောင်းကင်ဘုံကိုတက်ရသည့်အလား ပို၍ပင် ခက်ခဲလိမ့် မယ်။ ဒီပါဝင်ဆေး ပစ္စည်းအားလုံးကို အတူတကွ စုစည်းဖို့က မဖြစ်နိုင်ဘူး။

ဒန်ချီဖန်းသည် သူငယ်စဉ်ကတည်းက ဆေးဖက်ဆိုင်ရာ စာအုပ်အမျိုးမျိုးနှင့် ဆေးစာလိပ် အမျိုးမျိုးတို့ကို ရင်းနှီးကျွမ်းဝင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းများနှင့် ပတ်သက်လျှင် သူသည် ဂရန်းမာစတာလေးတစ်ဦးဟုပင် ယူဆနိုင်သောကြောင့် သူ၏စကားများသည် ရွှေလိုပင် အဖိုးတန်သည်။

ဆေးအကြီးအကဲသည် ဒန်ချီဖန်း၏စကားကို သိသိသာသာ သဘောတူသည်။ ဆေးဖက်ဝင်ပစ္စည်းသုံးမျိုးလုံးကို စုဆောင်းဖို့က မဖြစ်နိုင်ဘူးဟု သူလည်း ထင်သည်။

သို့သော် ချင်ယွင်၏ တည်ငြိမ်သော အမူအရာက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။ ဤပါဝင်ပစ္စည်းသုံးမျိုးကိုကြားပြီးနောက် ချင်ယွင်သည် အဘယ်ကြောင့် ဤမျှ ငြိမ်သက်သွားသည်ကို သူ အလွန်သိချင်နေမိသည်။ ဤချင်ယွင်သည် ပါဝင်ပစ္စည်းများကို လုံးလုံးနားမလည်သောကြောင့် ဖြစ်နိုင်ပါသလား။ ပုံစံကြည့်ရတာ ဒါဘဲဖြစ်သင့်သည်။

ချင်ယွင်သည် စိတ်ထဲတွင် မရယ်မောဘဲ မနေနိုင်တော့။ ဤ အစိမ်းရောင် အနန္တသစ်သီးနှင့် သူ အလွန်ရင်းနှီးဖူးသည်။ ဟိုအတိတ်အချိန်တုန်းကဆိုလျှင် သူသည် အစိမ်းရောင် အနန္တသစ်သီးကို စားစရာသစ်သီးအဖြစ်ပင် စားခဲ့ရသည့် အချိန်မျိုး ရှိခဲ့ဖူးသည်။ အင်မော်တယ် ကောင်းကင်ဘုံရေခဲနှင်းစက်ဆိုရင်လည်း သူ၏မျက်နှာကို ဆေးကြော သန့်စင်ဖို် အသုံးပြုခဲ့ပါသည်။ အင်မော်တယ်ကမ္ဘာမှာပင် အဖိုးမဖြတ်နိုင်ဟု ယူဆထားသည့် ဤအရာများသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ သားတော်တစ်ပါး ဖြစ်သည့် သူ့အတွက်တော့ အလွန်သာမန်ကျသော အသုံး အဆောင်များ ဖြစ်ခဲ့သည်။

သေချာသည်မှာ ၊ ချင်ယွင်က ထိုစကားတွေကို ဆေးအကြီးအကဲနှင့် ဒန်ချီဖန်းတို့အား မပြောခဲ့ပါဘူး။ အကယ်၍ သူသာ ထိုကဲ့သို့ပြောလိုက်မည်ဆိုလျှင် ဆေးအကြီးအကဲက သူ့ကို ခုန်အုပ်ပြီး ရိုက်နှက်ကာ "ကောင်းကင်ဘုံက ပစ္စည်းတွေကို ဆုံးရှုံးအောင် လုပ်တယ်!"ပြောပြီး ဆူပူကျိန်းမောင်းလိမ့်မည်။

သို့သော်၊ ဆေးအကြီးအကဲ၏ နောက်ထပ်စကားများက သူ့အား မငြိမ်မသက် ဖြစ်စေခဲ့ သည်။

"အစိမ်းရောင်အနန္တသစ်သီးနှင့် အင်မော်တယ်ကောင်းကင်ဘုံရေခဲနှင်းစက်အကြောင်း ငါမသိပေမယ့်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကိုတော့ ဘယ်နေရာမှာ ရှိလဲဆိုတာ ငါ ကြားဖူးတယ်။" ဆေးအကြီးအကဲက ပြောသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ သူသည် ဆေးအကြီးအကဲကို အလျင်အမြန်ဆွဲပြီး မေးလိုက်မိသည် “ အဲဒါက ဘယ်နေရာမှာလဲ”။

ဆေးအကြီးအကဲက ပြုံးပြီး ပြောလိုက်လေသည် “ မင်းကို ငါ ပြောပြလို့ရပါတယ်။ ဒါပေမယ့် မင်းအနေနဲ့ အခြေအနေတစ်ခုကိုတော့ သဘောတူပေးရမယ်”။

"ဘယ်လိုအခြေအနေမျိုးလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ဒန်ထျန်းချန်သတ်ဖို့ ငါ့ကိုကူညီပါ" ဆေးအကြီးအကဲက ပြန်ပြောသည်။

ထိုစကားပြောပြီးချိန်မှာတော့ အားလုံးက အံ့ဩသွားကြပါသည်။ အရာအားလုံးကို အေးအေးဆေးဆေး ကြည့်ရူနေသည့် ပိရှစ်သိုင်းမြို့စားတောင်မှ မျက်လုံးပြူးပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။

အခန်း (၃၀၅) ကံကြမ္မာကောင်းဆေးလုံး။

ဒန်ထျန်းချန်ကို သတ်ဖို့လား?။

ဘယ်လိုဟာသမျိုးလဲ! ယခုလေးတင်မှ၊ သူသည် ဒန်ထျန်းချန်၏ ရိုက်နှက်မူကိုခံရပြီး လက်တုံ့ပြန်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်သွားရသည်။ သူသည် အသတ်ခံရ လုနီးပါးပင် ဖြစ်ခဲ့သည်။ ဆေးအကြီးအကဲကိုယ်တိုင် သူ့ကို ကယ်တင်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင် သူ၏ အသက်ကို ဆေးအကြီးအကဲက ကယ်လိုက်ခြင်းဖြစ်သည်။

ယခု ဆေးအကြီးအကဲက ဒန်ထျန်းချန်ကိုသတ်ဖို့ အမှန်တကယ် တောင်းဆိုနေသည်။ ဤအရာက သူ့ကို သေလမ်းရှာခိုင်းနေတာ မဟုတ်ဘူးလား ။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အမူအရာရှိနေပြီး သူ၏ဘေးမှာရှိသည် ပိရှစ်သိုင်းမြို့စားလည်း အံ့သြသွားသည်။

ဆေးအကြီးအကဲက ချင်ယွင်၏ညှိုးငယ်သည့်အမူအရာကိုမြင်ပြီး ဆက်ပြီးရှင်းပြသည် "သူ့ကို အခုသတ်ဖို့ မတောင်းဆိုပါဘူး၊ ငါဆိုလိုတာက မင်းအနေနဲ့ လုံလောက်အောင် သန်မာလာတဲ့အခါ ဒန်ထျန်းချန်ကိုသတ်ဖို့ ကူညီပေးပါ"

"ဒါပေမယ့် ဆေးအကြီးအကဲ ၊ ခင်ဗျားကိုယ်တိုင် ဘာလို့မလုပ်ရတာလဲ၊ သူက သိုင်းဧကရာဇ် နယ်ပယ်ထဲကို အခုမှ ဝင်ရောက်စပဲရှိသေးတယ်၊ ခင်ဗျားကတော့ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ကို ရောက်နေပြီ။ သူက ခင်ဗျားရဲ့ပြိုင်ဘက် မဖြစ်သင့်ဘူးလေ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဆေးအကြီးအကဲက ချင်ယွင်၏အမေးကိုကြားသောအခါတွင် သူသည် သက်ပြင်း အမောကြီးကိုမချဘဲ မနေနိုင်တော့ပေ။ သူက ပြောပြသည် “ဟင်း ၊ ငါက အခု မင်းမြင်နေရတဲ့ အစစ်အမှန် သိုင်းဧကရာဇ်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှ မဟုတ်တော့တာ။ ငါ့ရဲ့ကျင့်ကြံမှုအခြေခံက ပျက်စီးနေတာကြာပြီ။ တကယ်လို့ ငါ အမှန်တကယ် လှုပ်ရှားခဲ့မယ်ဆိုရင်၊ ငါက ဒန်ထျန်းချန်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ပြီးတော့ ငါ့အသက်က သိပ်ကြာကြာ မခံတော့မှာ ငါကြောက်မိတယ်။"

"ဘာ ၊ ဘိုးဘေး၊ ဘိုးဘေးက ဘာဖြစ်နေလို့လဲ" ဒန်ချီဖန်းက ဆေးအကြီးအကဲ သေဆုံးတော့မည်ဟု ကြားလျှင် တုန်လှုပ်ချောက်ချားသော အမူအရာကို ချက်ချင်း ထုတ်ဖော်ပြီး မတ်တပ်ထရပ်ကာ ကမန်းကတန်း မေးလိုက်သည်။

ဆေးအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းပြီး ဒန်ချီဖန်းကို ထိုင်ရန် အချက်ပြလိုက်သည်။

"အဲဒီတုန်းက ငါက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံကို ရှာဖွေနေခဲ့တယ်။ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံမှာ အားကောင်းတဲ့ ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင်ကြောင့် ဒဏ်ရာ ရသွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒဏ်ရာက ပြန်ကောင်းလာပေမယ့် မမြင်နိုင်တဲ့ဒဏ်ရာတွေက ကျန်ရစ်နေခဲ့တယ်။ အခု ငါ့ရဲ့ ကျင့်ကြံမူအစွမ်းကို ငါသုံးလိုက်တာနဲ့ ငါ့ရဲ့ဖုံးကွယ်ထားတဲ့ဒဏ်ရာတွေက ပေါက်ကွဲထွက်ပြီး ငါ့နှလုံးလည်း နည်းနည်းချင်း ပျက်စီးသွားလိမ့်မယ်။"

"အခုလောလောဆယ်မှာ ငါ့နှလုံးထိခိုက်ပျက်စီးမှုက ကန့်သတ်ချက် ပြည့်သွားပြီ။ နောက်တစ်ခါ ထပ်ပြီးတိုက်ခိုက်မယ်ဆိုရင် ငါသေသွားမှာ စိုးရတယ်။ ဒါကြောင့် ဒီနေ့ ငါ့ကို မရိုမသေလုပ်ခဲ့ပေမယ့် သူ့ကို အပြစ်မပေးဘဲ နေခဲ့တာပေါ့။ နောက်ပိုင်း သူပြန်ပြီး အမှတ်ရမိတဲ့အခါ အဲဒါကို သေချာပေါက် သတိထားမိလိမ့်မယ်။" ဆေးအကြီးအကဲက ပြောသည်။

ချင်ယွင်သည် ယခင်က ဒန်ထျန်းချန်က ဆေးအကြီးအကဲအား မထီမဲ့မြင်ပြုခဲ့ကြောင်းကို ရုတ်တရက် သတိလိုက်ရသည်။ ထိုနေရာသို့ရောက်ရှိနေသည့် လူတိုင်း ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း နောက်ဆုံးတွင် ဆေးအကြီးအကဲသည် အရာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရွေးချယ်ခဲ့သည်။ ယင်းက ချင်ယွင်ကို အရမ်းထူးဆန်းသလို ခံစားရစေခဲ့သည်။ ယခု သူစဉ်းစားလိုက်တော့ အရာအားလုံးက အဓိပ္ပါယ်ရှိသွားပါပြီ။

"ဒန်ထျန်းချန်က ရည်မှန်းချက် ကြီးမားသူဖြစ်တယ်။ ကောင်းကင်ဆေးစံအိမ်ကို ချုပ်ကိုင်ပြီးကတည်းက သူက သူရဲ့စွမ်းအားကို လျှို့ဝှက်စွာ စုဆောင်းပြီး ကြီးထွားလာခဲ့တယ်။ အခုလက်တွေ့အနေထားအရ သူ့လက်ထဲမှာ ဆေးကလန်၊ ကောင်းကင်ဆေးစံအိမ်ရဲ့ရာထူးတင် မဟုတ်တော့ဘူး။ ဆေးကလန် တစ်ခုလုံးနီးပါးကို ဒန်ထျန်းချန်တစ်ယောက်တည်းက လွှမ်းမိုးထားတာ။ အရင်တုန်းကတော့ သူက ငါ့ကို ကြောက်တဲ့အတွက် ဆေးကလန်ကို မတိုက်ခိုက်ရဲဘူး။ အခု သူက သိုင်းဧကရာဇ် နယ်ပယ်ကို ဖြတ်ကျော်သွားပြီဆိုတော့ သူ့အစွယ်တွေကို တဖြည်းဖြည်း ထုတ်ဖော် လာနေတယ်။ ဒါက အစပဲရှိသေးတယ်” ဆေးအကြီးအကဲ၏ မျက်နှာပေါ်တွင် ဒေါသများ တိုးလာသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် ယနေ့မှပင် ဒန်ထျန်းချန်ကို တွေ့ဖူးသော်လည်း ဒန်ထျန်းချန်၏ ရည်မှန်းချက်ကို သူခံစားနိုင်ပြီးဖြစ်သည်။ မဆိုထားနှင့် ဆေးကလန်တွင် ကာလအတန်ကြာ နေထိုင်ခဲ့သော ဆေးအကြီးအကဲဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

" မူလကတော့ ဒန်ထျန်းချန်က ငါတို့ကို စတင်မတိုက်ခိုက်ခင် ချီဖန်းနဲ့ သူ့အဖေကို အဝေးကို စေလွှတ်ပြီးမှ ဒန်ထျန်းချန်ကို သတ်ပစ်ဖို့ ငါ စီစဉ်ထားခဲ့တာ။ အခုတော့ ဒန်ထျန်းချန်က သူတို့သားအဖကို သေချာ စောင့်ကြည့်နေပြီ။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို အချိန်အကြာကြီး ဖုံးကွယ်မထားနိုင်မှာ ငါကြောက်မိတယ်။ အဲဒီအချိန် ရောက်ရင်၊ ချီဖန်းနဲ့သူ့အဖေတို့က ဒန်ထျန်းချန်ရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်၊ ဆေးကလန် တစ်ခုလုံးက ဒန်ထျန်းချန်ရဲ့လက်ထဲသို့ ကျရောက်သွား လိမ့်မယ်။ အဲဒါကြောင့်လည်း မိတ်ဆွေလေးချင်ကို အကူညီတောင်းရတာပဲ။ ငါက တကယ်လို့ ဒန်ထျန်းချန်ကို မသတ်နိုင်ခဲ့ဘူး ဆိုရင်တောင် မိတ်ဆွေလေးချင်က ချီဖန်း နဲ့ သူ့အဖေကို ကာကွယ်ပေးပါ။"

ဆေးအကြီးအကဲက အသနားခံတဲ့လေသံဖြင့် ပြောလိုက်သည်။ ပြောပြီးသည်နှင့် ချင်ယွင်ရှေ့မှာ ဒူးထောက်ချတော့မည်။

ချင်ယွင်လည်း ထိတ်လန့်သွားပြီး အလောတကြီး ဆေးအကြီးအကဲကို ကူမပေး လိုက်သည်။

ဒန်ချီဖန်သည်လည်း တုန်လှုပ်သွားပြီးနောက် သူ့ဘိုးဘေးကို အလျင်အမြန်

ထူမပေးလိုက်သည်။

“စိတ်မပူပါနဲ့ ဆေးအကြီးအကဲ။ ဒန်ချီဖန်း နဲ့ သူ့အဖေကို ကာကွယ်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒန်ထျန်းချန်ကို သတ်ဖို့အတွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တတ်နိုင်ရင် သေချာပေါက် လှုပ်ရှားပေးပါ့မယ်" ဟုချင်ယွင်က ကမန်းကတန်း ပြန်ဖြေလိုက်ရသည်။

ဆေးအကြီးအကဲသည် သူ့အသက်ကို ကယ်တင်ခဲ့ဖူးပါသည်။ တစ်နည်းအားဖြင့် ဆေးအကြီးအကဲသည် ချင်ယွင်၏ အသက်ကယ်တင်ရှင် ဖြစ်နိုင်ပါသည်။ ထို့အပြင် ဆေးအကြီးအကဲက စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်၏သတင်းကိုလည်း ပြောပြဦးမည်။ ထိုသတင်းကိုပြောပြမူကပင် ချင်ယွင်အတွက် ကြီးမားသော ကြင်နာမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ချင်ယွင်သည် ကြင်နာမူကို ပြန်လည်ပေးဆပ်တတ်သူ ဖြစ်သည်။ အကယ်၍ ဆေးအကြီးအကဲက စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်နှင့် အလဲလှယ်မလုပ်ခဲ့ဘူးဆိုလျှင်ပင် သူ့ကို အကူညီတောင်းသည်နှင့် အကူအညီအတွက် ချင်ယွင်က သေချာပေါက် အကောင်းဆုံး ပြုလုပ်ပေးမည် ဖြစ်သည်။

ဆေးအကြီးအကဲသည် ချင်ယွင်၏ အာမခံချက်ကို ကြားသောအခါတွင် သူ၏ မျက်နှာပေါ်တွင် ပြုံးရိပ်သမ်းလာသည်။

သူသည် နှစ်တစ်ရာကျော် နေထိုင်လာခဲ့ပြီးဖြစ်ကာ သူ၏စိတ်သည် လုံးဝ ကြည်လင် ပြတ်သားသည်။ ချင်ယွင်က ကူညီမည်ဟု ပြောပြီးကတည်းက သေချာပေါက် ကူညီမည့် လူစားမျိုး ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်က သူ၏စကားကို ပြန်ရုတ်သိမ်းသွားမှာကို သူ မစိုးရိမ်ပါဘူး။

“တော်ဝင်ရန်အင်ပါယာရဲ့ အင်ပါယာနန်းတော်မှာ လျှို့ဝှက်စွာသိမ်းထားတဲ့ စိတ်ဝိညာဉ် ပြန်သွင်းခြင်း မြက်ရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမယ့် ဒီကောလာဟလ စကားတွေက အမှန်လားဆိုတာ ငါလည်း သိချင်မိတယ်။” ဆေးအကြီးအကဲက ဆိုသည်။

"တော်ဝင်ရန်အင်ပါယာနန်းတော်လား?" ချင်ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်သည် ပျောက်ကွယ်တိမ်ကောလုနီးပါး နေရာမျိုးတွင် ပေါက်ဖွားလာပါက ၎င်းကို ရရှိရန် ဖြစ်နိုင်သော်လည်း ၎င်းသည် တော်ဝင်ရန် အင်ပါယာနန်းတော်၌ တည်ရှိနေပါက ၎င်းကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဆေးအကြီးအကဲသည် ချင်ယွင်၏ စိုးရိမ်သည့်အမူအယာကို သတိပြုမိပုံရသည်။ သူက ပြောလိုက်သည်"မကြာခင်မှာပဲ၊ ဧကရာဇ်ဒါယန်းရဲ့ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ ကျင်းပတော့မယ်။ ဒီအဘိုးအိုမှာ ဧကရာဇ်ဒါယန်းအတွက် နှစ်ပေါင်းများစွာ သန့်စင်ထားတဲ့ ဆေးလုံးတွေလည်း ရှိတယ်။ ဧကရာဇ်ဒါယန်းက ခင်မင်ရင်းနှီးမှု အနည်းငယ်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဖြစ်နိုင်ရင် မင်းအတွက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို ငါ တောင်းကြည့် ပေးနိုင်ပါတယ်။"

ချင်ယွင်၏ မျက်လုံးများက အနည်းငယ်တောက်ပဟန်ဖြင့် လင်းလက်သွားပြီးသူက အလောတကြီး ပြောလိုက်သည် "ဒါဆို ကျေးဇူးအများကြီးတင်ပါတယ် ဆေးအကြီးအကဲ!"

ဆေးအကြီးအကဲက ခေါင်းယမ်းကာ ချင်ယွင်ကို ယဉ်ကျေးစရာမလိုကြောင်း အချက်ပြပြီးနောက် တစ်ခုခု ပြောချင်ပုံရသည်။

ချင်ယွင်က သူဆိုလိုရင်းကို နားလည်ပြီးနောက် ပြောလိုက်သည် " စိတ်မပူပါနဲ့ ဆေးအကြီးအကဲ ၊ ဆေးကလန်ကို ကာကွယ်မယ်လို့ ကတိပေးထားပြီး ဖြစ်တဲ့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ ။ တကယ်လို့ ဒန်ထျန်းချန်က ဒန်ချီဖန်း နဲ့ သူ့အဖေကို သတ်ချင်တယ်ဆိုရင် ကျွန်တော့်အလောင်းကို အရင်ဆုံးကျော်သွားမှ သတ်နိုင်ပါလိမ့်မယ်”

ထိုစကားကိုကြားလျှင် ဆေးအကြီးအကဲ၏မျက်နှာက ပြန်ပြီး ပြုံးသွားသည်။ သူ၏ အကြည့်က ချင်ယွင်အပေါ် စူးစူးစိုက်စိုက် ကြည့်ရင်း နူးညံ့သိမ်မွေ့မှု အပြည့်ရှိသည်။

ရုတ်​တရက်​ သူသည် တခုခုကို ​တွေး​နေပုံရသည်​။ ထို့နောက် သူက သူ၏ရင်ခွင်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ပြီး ချင်ယွင်ကို ပေးကာ ပြောလိုက်သည် "ဒါက အဆင့်ရှစ် သိမ်မွေ့နက်နဲ ကံကြမ္မာကောင်းဆေးလုံး တစ်မျိုးပဲ။ စားသုံးပြီးတာနဲ့ မင်းရဲ့ကျင့်ကြံမှုအဆင့်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အဆင့်လေးဆင့် တိုးလာလိမ့်မယ်"

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သည့်အမူအရာ ပေါ်လာသည်။ အဆင့်ရှစ် သိမ်မွေ့နက်နဲ ကံကြမ္မာကောင်းဆေးလုံးလား?

အဆင့်လေးဆင့် မြှင့်တင်နိုင်ခြင်း၏ အဓိပ္ပာယ်မှာ အကယ်၍ ချင်ယွင်သည် ဤဆေးကို သောက်သုံးလိုက်ပါက သူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါလော။

ဤအဖိုးတန်ဆေးပြားသည် သူ့ကို ရည်ရွယ်ထားသည့်အတွက် ချင်ယွင်က ငြင်းဆန်ရန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

"ဘိုးဘေး" ဒန်ချီဖန်းသည်လည်း အံ့သြသည့်အမူအရာကို ထုတ်ပြသည်။ ထိုဆေးလုံးသည် ရှေးဟောင်းခေတ် အပျက်အစီးနယ်မြေတစ်ခုမှ သူ၏ဘိုးဘေးရလာခဲ့သည်ဟု သူ သိထားသည်။ သူ၏ဘိုးဘေးသည် ၎င်းကို ရတနာတစ်ခုအဖြစ် အမြဲသဘောထားပြီး သူ၏ဘေးတွင် ရှိနေခဲ့သည်။ သူက တခြားလူတစ်ယောက်ကို ပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ဆေးအကြီးအကဲက ဒန်ချီဖန်းပြောချင်သည့်စကားကို မပြောရန် တားလိုက်ပါသည်။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည် "ဒီမှာ ဆေးလုံး။ မင်း ဒီဆေးကို သောက်လိုက်တာနဲ့၊ ဒန်ထျန်းချန်နဲ့ ရင်ဆိုင်ရာမှာ မင်းအနေနဲ့ ပိုပြီး ယုံကြည်မှုရှိလာ လိမ့်မယ်။ ဒါက ငါတို့ဆေးကလန်အတွက် ပိုပြီး အကျိုးရှိလေပါပဲ"

ထိုစကားကိုကြားရလျှင် ချင်ယွင်က မငြင်းတော့ပေ။ သူသည် ရှက်ရွံ့တတ်သည့် လူစားမျိုး မဟုတ်ပေ။ သူသည် ထိုဆေးကို အမှန်တကယ် လိုအပ်နေခဲ့သည်။ ထို့ကြောင့် သူသည် အဆင့်ရှစ် သိမ်မွေ့နက်နဲ ကံကြမ္မာကောင်းဆေးလုံးကို ချက်ချင်း လက်ခံလိုက်သည်။

"စိတ်မပူပါနဲ့ ဆေးအကြီးအကဲ ၊ ဒီဆေးလုံးနဲ့ဆို ကျွန်တော် ဒန်ထျန်းချန်ကို သတ်နိုင်မယ်လို့ မပြောဝံ့ပေမယ့် အနည်းဆုံးတော့ ဒန်ထျန်းချန်က ဒန်ချီဖန်းနဲ့ သူ့အဖေကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ အာမခံနိုင်ပါတယ်" ချင်ယွင်က ကျောက်စိမ်းပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။

ဆေးအကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်ပုံစံ ပေါ်လာသည်။ သူသည် ဆေးလုံးက ထိုက်တန်သည်ဟု ချက်ချင်း ခံစားလိုက်ရပါသည်။

All Chapters