အခန်း (၃၀၆-၃၁၀)
Vol. 21 Ch. 306-310
အခန်း (၃၀၆) အင်ပါယာမြို့တော်သတိထားမိခြင်း။
ထို့နောက်တွင် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စား တည်းခိုခန်းသို့ မပြန်တော့ပေ။ ယင်းအစား သူတို့သည် ဆေးကလန်မှာနေဖို့ ရွေးချယ်လိုက်ကြသည်။
ယခုအချိန်တွင် ဒန်ထျန်းချန်သည် ချင်ယွင်ကိုသတ်ရန် စိတ်ဝင်စားနေပြီ ဖြစ်သည်။ အကယ်၍ ချင်ယွင်သည် ဆေးကလန်မှ ထွက်ခွာသွားမည်ဆိုလျှင်၊ ဆေးအကြီးအကဲ၏ ဟန့်တားမှုမရှိဘဲ၊ သူသည် ဒန်ထျန်းချန်၏ ကြားဖြတ်ဟန့်တားမှုကို ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့်၊ ချင်ယွင်သည်လည်း ဆေးကလန်တွင်နေနိုင်ပြီး ဤကံကြမ္မာကောင်းခြင်း ဆေးလုံးကို စားသုံးနိုင်သည်။ ဤနည်းအားဖြင့်၊သူသည် ဒန်ထျန်းချန်ကို တွန်းလှန်ခုခံရန် ခွန်အားရှိလာနိုင်သူဟု ယူဆနိုင်သည်။
ချင်ယွင်သည် ဆေးမျှော်စင်မှ ထွက်လာပြီးနောက်၊ ဒန်ချီဖန်းသည် သူမထွက်ခွာမီ ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့အတွက် အတော်လေး သီးသန့်ဆန်သည့် အိမ်တစ်လုံးကို စီစဉ်ပေးခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ချင်ယွင်သည် သူမ၏ ဒဏ်ရာ တစ်ဝက်ကျော်ကို သက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးခဲ့သော်လည်း သူမသည် ဒဏ်ရာမှ အပြည့်အဝ ပြန်လည်မသက်သာသေးပေ။ ထို့ကြောင့် သူမသည် ဒဏ်ရာတွေကို ကုသဖို့ သူမအခန်းကို ပြန်သွားခဲ့သည်။
ချင်ယွင်သည် သူ့အခန်းထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး ပြတင်းပေါက်တွေကို ပိတ်ကာ ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထိုနောက်မှသာ ဆေးအကြီးအကဲက သူ့ကိုပေးခဲ့သည့် ကံကြမ္မာကောင်းဆေးလုံးကို သူ၏ရင်ခွင်မှ ထုတ်ယူလိုက်သည်။
ကံကြမ္မာကောင်းဆေးလုံးသည် အဆင့်ရှစ် သိမ်မွေ့နက်နက်ဆေး အမျိုးအစားဖြစ်သည်။
အင်ပါယာမိသားစုအတွက်ပင် အဆင့်ရှစ် သိမ်မွေ့နက်နက်ဆေး အမျိုးအစားသည် တုနှိုင်းမရလောက်အောင် အဖိုးတန်သည့် တည်ရှိမှုများ ဖြစ်သည်။ အကယ်၍ ထိုမင်းညီမင်းသားများသည်ပင် ကြီးကျယ်သည့် အထောက်ပံ့အကူအညီးများ မပေးနိုင်ပါက အဆင့်ရှစ် သိမ်မွေ့နက်နက်ဆေးမျိုးကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ယခု ဆေးအကြီးအကဲသည် ဤအဆင့်ရှစ် သိမ်မွေ့နက်နက်ဆေးကို ချင်ယွင်အား ပေးခဲ့သောကြောင့် သူ၏အသားကို ဖြတ်တောက်ခြင်းနှင့်မခြား နာကျင်ရသည်မှာ သံသယရှိစရာပင် မလိုချေ။ ထို့ကြောင့် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ဤကြင်နာမှုကို သေချာပေါက် အမှတ်ရနေပေလိမ့်မည်။
ချင်ယွင်က ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ ချက်ချင်းပင် ပုလင်းထဲမှ ဆေးရနံ့ ကြွယ်ဝသည့် ဆေးလုံးတစ်လုံး ထွက်လာသည်။ ၎င်းသည် ပုလင်း၏ အဝတွင် သေးငယ်သည့် ဆေးတိမ်တိုက်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ဆေးရနံ့က အခန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ ဤဆေးတိမ်တိုက်သည် အင်မော်တယ်ဆေးလုံးများ၏ ထူးခြားသော သင်္ကေတဖြစ်ပြီး၊ ဤအဆင့်ရှစ် သိမ်မွေနက်နဲဆေးသည် ထိုကဲ့သို့ သေးငယ်သော ဆေးလုံးတိမ်တိုက်၏ ဖြစ်တည်စ အဆင့်ကို ဖန်တီးနိုင်ခဲ့သည်။ ဤကံကြမ္မာကောင်းဆေးလုံးသည် သာမန်အဆင့်ရှစ် မှော်ဆေးလုံးတစ်ခု မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် အဆင့်ရှစ် မှော်ဆေးလုံးများ၏ အထွက်အထိပ်အဆင့်တွင် ဖြစ်သင့်ပြီး ၎င်းသည် အဆင့်ကိုး မှော်ဆေးလုံးနှင့်ပင် အကန့်အသတ်မရှိ နီးကပ်နေပါသည်။
ယင်းက ချင်ယွင်ကို စိတ်လှုပ်ရှားစေသည်။ ယခုအချိန်တွင်၊ သူသည် သိုင်းမြို့စား နယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေသည်။ အကယ်၍ သူသာ ဤဆေးကို သောက်လိုက်မည်ဆိုလျှင် သိုင်းမြို့စားနယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ ဖြတ်ကျော်သွားနိုင်မှာ သေချာပါသည်။ သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ရောက်ရန်ပင် သူ အစွမ်းကုန် ကြိုးစားနိုင်လိမ့်မည်။
သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်ရန်အကြောင်း သူတွေးလိုက်သည့်အခါ သူ၏ခွန်အားသည် သိသိသာသာ တိုးလာပါလိမ့်မည်။ ၎င်း၏ ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းဖြစ်စေ သို့မဟုတ် သူ၏ရုပ်ခန္ဓာကိုယ်ဖြစ်စေ သူသည် အဆင့်အသစ်တစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးနှင့်ပင် တိုက်ခိုက်နိုင်ချေရှိလာမည် ဖြစ်သည်။
ချင်ယွင်သည် အချိန်မဖြုန်းတော့ပေ။ သူသည် ကံကြမ္မာကောင်းဆေးလုံးကို သူ၏ လက်ထဲမှတဆင့် ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်ကာ မျိုချလိုက်သည်။
ကံကြမ္မာကောင်းဆေးလုံးသည် ရေခဲလိုအေးစက်သည့် ဆေးဖြစ်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ထဲကို စတင်ဝင်ရောက်လာချိန်မှာပင် အနည်းငယ် အေးစက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ဆေးစွမ်းအင်က ချက်ချင်း ပေါက်ကွဲစ ပြုလာသည်။ အရိုးထဲအထိ အေးစက်နေသည့် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
"ဘယ်လောက်တောင် အေးစက်လိုက်လဲ!"
ချင်ယွင်သည် အဖြူရောင်ချီတစ်လုံးကို ထွေးထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။ သူသည် ဤအေးစက်နေသောချီကို တန်ပြန်ရန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ထုတ်လိုက်ရသည်။
သို့သော် သူသည် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို လွန်ကဲစွာ ဖြန့်ကျက်ထားသော်လည်း ကံကြမ္မာကောင်းဆေးလုံးမှ ထုတ်လွှတ်သော အအေးဓာတ်က ချင်ယွင်၏ သွားများကိုပင် တဂတ်ဂတ် တုန်လှုပ်စေသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က သူ၏ ရိုးတွင်းခြင်ဆီထဲသို့ ထိုးဖောက်ဝင်ရောက်လုနီးပါးဖြစ်ပြီး အရိုးထဲ ထိုးဖောက်ထားသည့်အလား နာကျင်မှုကို ခံစားရစေသည်။
ချင်ယွင်၏ ဆံပင်တွေမှာတောင် အေးခဲနေပြီး အခန်းတစ်ခုလုံး၏ အပူချိန်က ကြောက်စရာ ကောင်းလောက်အောင် နိမ့်ဆင်းကျသွားခဲ့သည်။
သို့သော်၊ ကံကြမ္မာကောင်းဆေးလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ဖန်တီးထားသော်လည်း ဆေး၏အကျိုးသက်ရောက်မှုက ပုံမှန်ဆေးများကဲ့သို့ မကောင်းလှပေ။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ပျံ့နှံ့လာသည်နှင့်အမျှ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်စွမ်းအင်သည် ဝိညာဉ်စွမ်းအင်အဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားပြီး ချင်ယွင်၏ ဒန်တန်နှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံးဆီသို့ စီးဆင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ဒန်တန်သည် ရေလွှမ်းမိုးခြင်းမှလွတ်မြောက်ရန် အတွက် အဆို့ရှင်ကို ဖွင့်ထားလိုက်ပုံရပြီး သူ၏ ဝိညာဉ်စွမ်းအင်များသည် မြစ်တစ်စင်းကဲ့သို့ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ယခုအချိန်တွင် သူ၏ဒန်တန်ထဲရှိ ကြာပန်းရေကန်သည် အဆက်မပြတ် ပြောင်းလဲနေ သည်။ ဝိညာဉ်ရေကန်၏ ဧရိယာသည် အဆက်မပြတ် ကျယ်ပြန့်လာနေပြီး ရေကန် အတွင်းရှိ ကြာပန်းသည် လျင်မြန်စွာ ကြီးထွားလာကာ ပြန်လည်ညှိုးနွမ်းပြီး ပြန်လည် ကြီးထွားလာနေသည်။
ဒန်တန်တစ်ခုလုံးသည် အင်မော်တယ်ကမ္ဘာရှိ မြင့်မြတ်သောနယ်မြေတစ်ခုကဲ့သို့ ဝိညာဉ်ချီ တိမ်များသည် မြူခိုးတိမ်တိုက်များကဲ့သို့ ပြည့်နေသည်။
"ဘုန်း!"
ကျိုးပြတ်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းအသံသည် စတုတ္တအဆင့် ကောင်းကင်အလွှာကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် သိုင်းမြို့စားနယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားသည့်ချင်ယွင်ဆီမှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ချီကဆက်ပြီး မြင့်တက်လာနေသည်။ များမကြာမီပင် ချင်ယွင်သည် သိုင်းမြို့စားနယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ တစ်ဖန်ရောက်ရှိသွားပြန်သည်။ မကြာခင်မှာဘဲ သူသည် နောက်တကြိမ် အဆင့်ဖြတ်ကျော်ပြီး သိုင်းမြို့စားနယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ တက်လှမ်း နိုင်တော့မည်။
သူ၏ဒန်တန်တွင် ဖြစ်ပျက်နေခဲ့သော ကြီးမားသည့်ပြောင်းလဲမှုများအပြင် ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း အံ့ဩဖွယ်အပြောင်းအလဲများကို ကြုံတွေ့နေရသည်။
အအေးစွမ်းအင်မှ ပြောင်းလဲလာသော ဝိညာဉ်စွမ်းအင်၏ အစိတ်အပိုင်းအချို့သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များက အရူးအမူး ဝါးမြိုသွားခဲ့သည်။ ဤဆဲလ်များသည် ၎င်းတို့၏ အစာစားချင်စိတ်ကို အကြီးအကြယ် ဖွင့်လှစ်ပေးကာ ဤဝိညာဉ်စွမ်းအင်ကို အရူးအမူး ဝါးမြိုသွားသလိုပင်ဖြစ်နေသည်။
ချင်ယွင်၏ မျက်ခုံးကြားရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် တဖျပ်ဖျပ် လင်းလတ်နေရာမှ ယခုအခိုက်တန့်တွင် ပျောက်ကွယ်သွားသည်။ သူ၏ အငွေ့အသက် သည်လည်း သူအသက်ရှုနေသည့်အလား ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။ သို့သော် ဤအငွေ့အသက်များ မြင့်တက်လာသည်နှင့်အမျှ ချင်ယွင်၏ အငွေ့အသက်သည် အချိန်တိုင်း ဆက်လက်ပြီး မြင့်တက်နေပါသည်။
ချင်ယွင်၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်းချင်း မိုးပြာရွှေရောင် ရောင်စုံအလင်းအလွှာဖြင့် ဖုံးလွှမ်းသွားပုံရ၏။ သူ၏တစ်ကိုယ်လုံးကို ရောင်စုံအလင်းတန်းများဖြင့် ဖုံးလွှမ်းထားပြီး ပြန်လည်ဝင်စားလာသည့် ဗုဒ္ဓတပါးကဲ့သို့ပင် ဖြစ်နေသည်။ သို့သော်၊ ဗုဒ္ဓ၏အရောင်သည် ရွှေရောင်ဖြစ်ပြီး၊ ချင်ယွင်၏ကိုယ်ပေါ်ရှိ ရောင်စုံအလင်းသည် မိုးပြာရွှေရောင် ဖြစ်လေသည်။
ရောင်စုံအလင်းတန်းများသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာသည်နှင့်အမျှ သူ၏အရေပြားသည် ပို၍ကြည်လင်ပြီးရင်း ကြည်လင်လာပုံရသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် သဘာဝတရားကြီးထဲ ပြန်လည်ရောက်ရှိ သွားသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ကြာပန်းကဲ့သို့ မွှေးရနံ့များကို စတင်ထုတ်လွှတ်လာလေသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သည့် ပြောင်းလဲမှုများစွာကို ကြုံတွေ့နေရသည်။
သတ္တမအဆင့် ကောင်းကင်အလွှာ၊ အဋ္ဌမအဆင့်ကောင်းကင်အလွှာ၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်။
ချင်ယွင်၏အငွေ့အသက်က ဆက်လက်မြင့်တက်နေပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ကံကြမ္မာကောင်းဆေးလုံးသည်လည်း တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။
နောက်ဆုံးတွင်၊ ချင်ယွင်သည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာနှင့် ခြေတစ်လှမ်းအကွာတွင် ကံကြမ္မာကောင်းဆေးလုံးသည် နောက်ဆုံးတွင် လုံး၀ ကုန်ဆုံးသွားခဲ့သည်။
"ဟင်း ၊ ခြေတစ်လှမ်းအကွာ လိုသေးတာလား" ချင်ယွင်က ဝမ်းနည်းစွာ ပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့က သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာကို ကျော်ဖြတ်ရမယ်။"
ချင်ယွင်သည် အနည်းငယ် မကျေမနပ် ဖြစ်နေသည်။ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်း ပညာရပ်ကို အထွတ်အထိပ်အထိ ရောက်အောင် ဖြန့်ကျက်လိုက်သည့် အချိန်တွင် အခန်းတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် ချင်ယွင်ဆီသို့ အရူးအမူး တိုးဝင်လာခဲ့သည်။
ချင်ယွင်နေထိုင်ရာ အိမ်အထက်တွင် ဝိညာဉ်စွမ်းအင်၏ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များသည် ချင်ယွင်နေထိုင်ရာ အိမ်ဆီသို့ တဟုန်ထိုးလှိမ့်တက်လာသည့် ဒီရေလှိုင်းများကဲ့သို့ မြင့်တက်လာခဲ့သည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် အလွန်ကြောက်စရာကောင်းသည်။ ဤအခိုက်အတန့်တွင် ဆေးကလန်တစ်ခုလုံးနှင့် အင်ပါယာမြို့တော်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် ချင်ယွင်၏အိမ်ဆီသို့ တိုးဝင်လာခဲ့ကြသည်။
ဆေးကလန်တစ်ခုလုံးရှိကျွမ်းကျင်သူများသည် ဤအခိုက်အတန့်တွင် ချက်ချင်း ထိတ်လန့် သွားကြသည်။ ဝိညာဉ်စွမ်းအင်များစုဝေးရာ ဦးတည်ရာအရပ်ဆီသို့ လူတိုင်း ကြည့်ကြ သည်။
ပိရှစ်သိုင်းမြို့စားသည် သူနှင့် အလွန်နီးကပ်သည့် နေရာတွင်ရှိနေသောကြောင့် ပထမဆုံး အထိတ်တလန့် ဖြစ်သွားရသည်။ ယခင်က သူမသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ဒဏ်ရာများကို ကုစားရန် ကျင့်ကြံမှုများ ပြုလုပ်နေခဲ့ သော်လည်း သူမအနီးတစ်ဝိုက်ရှိ ဝိညာဉ်စွမ်းအင်များ ခြောက်သွေ့သွားသည်ကို ရုတ်တရက် သိလိုက်ရသည်။ သူမသည် ဝိညာဉ်စွမ်းအင်၏ တစွန်းတစကိုပင် မစုပ်ယူနိုင်တော့ပေ။
ထို့နောက် ကြီးမားသော တုန်လှုပ်ချောက်ချားမှုတစ်ခုက သူမဘေးခန်းမှ ထွက်ပေါ်လာသည်။ သူမသည် စူးစမ်းချင်စိတ်ဖြင့် အခန်းထဲက ထွက်လာပြီး သူမကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ချင်ယွင်၏ အိမ်အထက် ကောင်းကင်ယံတွင် ကြီးမားသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်၏ ဒီရေလှိုင်းသည် အဆက်မပြတ် ကျယ်ပြန့် လာနေခဲ့သည်။
ချီအငွေ့ရည်ဖွဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် ဝိညာဉ်စွမ်းအင် ဖိအားကြီး သည် ချင်ယွင်၏အိမ်ကို တိုက်ရိုက် ဖြိုခွင်းသွားခဲ့သည်။ အိမ်တစ်ခုလုံး တခဏချင်း ပြိုကျသွားခဲ့ပြီး၊ ဤအဖြစ်အပျက်အားလုံး၏ နောက်ကွယ်က တရားခံကတော့ ဖြစ်ပျက်တွေကို သတိထားမိပုံ မပေါ်ပါဘူး။ သူသည် အပျက်အစီးများ ကြားတွင် တင်ပျဉ်ခွေထိုင်နေ၏။
ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်စီးကြောင်းသည် အဆုံးမရှိ ဝိညာဉ်စွမ်းအင်စီးကြောင်းနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စုစည်းလာခဲ့သည်။
"သူက အင်ပါယာမြို့တော်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေတော့မှာ မဟုတ်ဘူးလား။" ပိရှစ်သိုင်းမြို့စားသည် အလွန်အံ့သြသွားသည်။ အပျက်အစီးများ ကြားထဲတွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်ကို ကြည့်ရင်း သူမသည် မှင်သက်နေမိသည်။
ဟုတ်ပါသည်၊ ချင်ယွင်ကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုတွေကြောင့် လူအများပြားကို ဆွဲဆောင်ခဲ့ပါသည်။ အလင်းတန်းများသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ချင်ယွင်ဆီသို့ ပျံသန်းသွားနေကြသည်။
အခန်း (၃၀၇) လေနှင့်တိမ်များကိုပြောင်းလဲခြင်း။
ကောင်းကင်ဆေးစံအိမ်နှင့် ဆေးကလန်တို့သည် မူလကတည်းက တူညီသော အင်အားစုချင်း ဆက်သွယ်ထားသောကြောင့် ကောင်းကင်ဆေးစံအိမ်၏ ဌာနချုပ်ကို လည်း ဆေးကလန်ထဲတွင် တည်ဆောက်ထားသည်။
ဆေးကလန်ထဲမှာ လှုပ်ရှားမှု တစ်ခုခုဖြစ်သည်နှင့် ကောင်းကင်ဆေးစံအိမ် တစ်ခုလုံးသည် ချက်ခြင်း သတိထားမိလိမ့်မည်။ ချင်ယွင်သည် ဤမျှကြီးမားသော လှုပ်ရှားမှုကြီးတစ်ခုကို ပြုလုပ်ပြီးသည့်နောက် ကောင်းကင်ဆေးစံအိမ်၏ အာရုံကို မည်သို့ မဆွဲဆောင်နိုင်ဘဲ နေမည်နည်း။
"ဘာဖြစ်နေတာလဲ၊ ဝိညာဉ်စွမ်းအင်ရဲ့ လှိုင်းလုံးကြီးက ဘာလို့ ရှိနေတာလဲ"
ကောင်းကင်ဆေးစံအိမ်မှ ကျွမ်းကျင်ပညာရှင်များသည် ကောင်းကင်ယံရှိ ကြီးမားလှသော ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။ သူတို့အားလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်စွမ်းအင် ဝဲဂယက်တည်ရှိရာဆီသို့ ဦးတည်သွားကြသည်။
ကောင်းကင်ဆေးစံအိမ်ရှိ စင်မြင့်တစ်ခုထက်တွင် ဒန်ထျန်းချန်သည် လက်နှစ်ဖက် နောက်ကျောပစ်ကာ ရပ်နေပြီး ကောင်းကင်ယံရှိ ကြီးမားလှသော ဝိညာဉ်စွမ်းအင် ဝဲဂယက်ကို ကြည့်ရင်း သူ၏မျက်လုံးများက အေးစက်ပြီး အုံ့မှိုင်းသည့် အလင်းရောင်ဖြင့် တောက်ပနေသည်။
"ဒါက ချင်ယွင်ကြောင့် ဖြစ်လာတာလား" ဒန်ထျန်းချန်သည် မျက်မှောင်ကြုတ်ကာ ဂုဏ်သိက္ခာရှိသော သူ၏မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
ယခင်ကတည်းက၊ ဆေးစံအိမ်၏နောက်ဖေး ဝါးတောအုပ်ထဲတွင် သပ်ရပ်သည့် အိမ်တစ်လုံးရှိပြီး ၎င်းအိမ်ကို ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့အား တည်းခိုရန် ပေးထားကြောင်း လက်အောက်ငယ်သားအချို့က သူ့ထံ သတင်ပို့ထားပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ ဤဝိညာဉ်စွမ်းအင်ဝဲဂယက်၏ ဗဟိုချက်သည် ဝါးတောအုပ်ထဲတွင်ရှိသည့် သပ်ရပ်သည့် အိမ်တစ်လုံး၏ အထက်တွင်ရှိနေသည်။
ယင်းကြောင့် ချင်ယွင်သည် ဤအရာအားလုံးကို ဖြစ်ပေါ်စေသူဟု ဒန်ထျန်းချန်ကို သံသယဖြစ်စေခဲ့သည်။
ပိရှစ်သိုင်းမြို့စားအတွက်တော့ မဖြစ်နိုင်ပေ။ သူမသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားမည်ဆိုလျှင်ပင် ထိုမျှကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်ရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒန်ထျန်းချန်တွေးနိုင်သမျှက ထူးဆန်းနေသည့် ချင်ယွင် ဖြစ်လေသည်။
"မဟုတ်ဘူး၊ ဒီ ချင်ယွင်က သေကိုသေရမယ်၊ မြန်မြန်သေလေ ပိုကောင်းလေပဲ။ မဟုတ်ရင် သူက ငါ့ရဲ့အစီအစဉ်ကြီးမှာ အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်လာလိမ့်မယ်။"
ဒန်ထျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။ အကယ်၍ ယခုတစ်ခါ ဆေးအကြီးအကဲက သူ့ကိုတားခဲ့မည်ဆိုလျှင်ပင် ချင်ယွင်ကို သတ်ရန်အတွက် သူ၏ စွမ်းအားရှိသမျှကို အသုံးပြုပြီး သတ်ပစ်မည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤချင်ယွင်က သူ့အတွက် အလွန်ဆိုးဝါးသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့ပြီး သူ၏အကြံအစည်ကြီးကို ဖျက်စီးပစ်ဖို့ပင် ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဆေးမျှော်စင်၏ ခုနစ်ထပ်မြောက်ခေါင်မိုးပေါ်မှာ ဆေးအကြီးအကဲသည် ကောင်းကင်ယံရှိ ဝိညာဉ်စွမ်းအင်၏ ကြီးမားသော ဝဲဂယက်ကြီးကို မျှော်ကြည့်နေသည်။ သူ၏မျက်လုံးများက အံ့အားသင့်နေသည့် အကြည့်များကို ထုတ်ဖော်ထားသော်လည်း သူ၏မျက်ခုံးများက နက်နက်ရှိုင်းရှိုင်း တွန့်နေခဲ့သည်။ (မှက်မှောင်ကြုတ်နေသည်ဟုဆိုလိုပါသည်)
ယခုအချိန်တွင်၊ ဆေးကလန်သည် အဆိုးရွားဆုံးသော အခိုက်အတန့် ဖြစ်နေပါပြီ။ သူတို့သည် လေဒဏ်မိုးဒဏ်များကို လုံးဝ မခုခံနိုင်တော့ပေ။ ချင်ယွင်သည် သူ၏ ကျောထောက်နောက်ခံအဖြစ် လောင်းကြေးထပ်ထားခဲ့သည်။ သို့သော်လည်း သူသည် သူ၏ မျှော်လင့်ချက်အားလုံးကို ချင်ယွင်အပေါ်တွင်သာ ထားခြင်းမျိုးတော့ မဟုတ်ပေ။
သူ အမှန်တကယ် မျှော်လင့်ချက်ထားသည့်လူက ဒန်ချီဖန်း၏အဖေ၊ ဆေးကလန်၏ ခေါင်းဆောင် ဒန်ထျန်းယုဖြစ်သည်။
ဆေးကလန်မှလူများသည် ကျင့်ကြံမှုအပိုင်းမှာ မကျွမ်းကျင်သော်လည်း၊ ဆေးကလန်တွင် အခြားအင်အားစုများမှာ မရှိသည့် သိမ်မွေ့နက်နဲဆေးလုံး များပြားစွာရှိနေသောကြောင့် ဆေးကလန်၏ ကလန်ခေါင်းဆောင် ဒန်ထျန်းယုသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက ရောက်ရှိနေပြီ ဖြစ်သည်။
မကြာသေးခင်ကမှ၊ ဒန်ထျန်းယုသည် သိုင်းဧကရာဇ်နယ်ပယ်သို့ထံ ဖြတ်ကျော်မည့် အရိပ်အယောင်များ ပြသလာသောကြောင့် သူသည်တံခါးပိတ်ကာ တကိုယ်တော် ကျင့်ကြံနေခဲ့သည်။
ဆေးအကြီးအကဲ၏ ထင်မြင်ချက်အရ၊ ဒန်ထျန်းယုသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့် ဒန်ထျန်းချန်သည် ဆေးကလန်ကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။
ဤနည်းအားဖြင့် ဆေးကလန်နှင့် ကောင်းကင်ဆေးစံအိမ်တို့သည် ၎င်းတို့၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းနိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကန့်သတ်ထားနိုင်ပါ လိမ့်မည်။ ထို့နောက် ကောင်းကင်ဆေးစံအိမ်၏ စွမ်းအားကို ဖြည်းဖြည်းချင်း ဖိနှိပ်ပြီး အားနည်းသွားစေမည်။
ထို့ကြောင့် ဤအချိန်ကာလအတွင်း သူသည် မည်သည့်အရာကိုမျှ ထပ်မံ မဖြစ်စေလိုတော့ပေ။ ဒန်ထျန်းယုသည် ဘေးကင်းစွာဖြင့် တည်တည်ငြိမ်ငြိမ် အဆင့်ဖြတ်ကျော်နိုင်ရန် သူ မျှော်လင့်ထားသည်။
ယခင်က သူသည် အခြားအရာများ ကြီးကြီးမားမားမဖြစ်လာစေရန် ချင်ယွင်ကိုသာ ကယ်တင်ခဲ့သော်လည်း ယခုအခါတွင် ချင်ယွင်သည် ဤမျှကြီးမားသော ရုတ်ရုတ်သဲသဲ အဖြစ်အပျက်မျိုး ထပ်မံပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခုအချိန်မှာတော့ ဆေးအကြီးအကဲသည် ချင်ယွင်ကို ကံကြမ္မာကောင်း ဆေးလုံး ပေးလိုက်သည်မှာ မှန်လား မှားလားဟုပင် သံသယဖြစ်နေပါပြီ။
"ဟင်း ၊ မေ့လိုက်ပါလေ၊ ဒီနေ့ ငါ အသက်စွန့်ရရင်တောင် ဆေးကလန်ကို သေတဲ့အထိ ကာကွယ်ဖို့ ကျိန်ဆိုထားဆဲပါပဲ။" ဆေးအကြီးအကဲသည် သက်ပြင်းမချဘဲ မနေနိုင်ပေ။ သူသည် ဝါးတောအတွင်းရှိ ကျက်သရေရှိသည့် အိမ်လေးဆီသို့ ဦးတည်ကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
မုန်တိုင်းတစ်ခု ထပ်မံပေါက်ကွဲတော့မည် ဖြစ်သော်လည်း တရားခံသည် မျက်လုံး မှိတ်ထားဆဲဖြစ်ကာ အပျက်အစီးများကြားထဲတွင် ရှိနေသေးသည်။
ချင်ယွင်သည် လက်ရှိတွင် သူ၏အဆင့်ချိုးဖြတ်မူ၏ အရေးပါသောအဆင့်တွင် ရှိနေပြီး သူ၏ အဆင့်ချိုးဖြတ်မူအပေါ် လုံးဝ အာရုံစိုက်ထားသည်။ ပြင်ပကမ္ဘာမှာ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို သူ ဘာမှ မသိခဲ့ပေ။
ပိရှစ်သိုင်းမြို့စားသည် ကျွမ်းကျင်ပညာရှင်များစွာ၏ အရှိန်အဟုန်ဖြင့် အနီးကပ်လာသည်ကို ခံစားရသောကြောင့် စိုးရိမ်သောကအခြေအနေတွင် ရှိနေခဲ့သည်။
၎င်းတို့ထဲမှ တစ်ဦးသည် အလွန်အားကောင်းသည့် အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူမ ခန့်မှန်းသာမမှားလျှင် ထိုအငွေ့အသက်ပိုင်ရှင်သည် ဒန်ထျန်းချန် ဖြစ်ရမည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဒန်ထျန်းချန်၏ ရုပ်အသွင်အပြင်သည် ဝါးတောအုပ်၏ သပ်ရပ်ထည်ဝါသည့် နေအိမ်ဝန်းအတွင်း အလင်းတန်းများ ဖြတ်သွားသကဲ့သို့ ပေါ်လာသည်။
ဒန်ထျန်းချန်သည် ပိရှစ်သိုင်းမြို့စားကို အေးစက်စွာ ကြည့်လိုက်ပြီး အပျက်အစီးများ ကြားထဲတွင် ထိုင်နေသော ချင်ယွင်ကို နောက်ဆုံးတွင် လှည့်ကြည့် လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် မိုးပြာရွှေရောင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသည်။ စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများက ရေလှိုင်းများကဲ့သို့ ပျံ့နှံ့နေသည်။
သူ၏ဦးခေါင်းထက်တွင် ကြီးမားသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ် လာနေပြီး လေဆင်နှာမောင်းကဲ့သို့ စုစည်းကာ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဒန်ထျန်းချန်၏ မျက်လုံးတွေက ချက်ချင်း အေးစက်သွားခဲ့သည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်း များသည် သိုင်းမြို့စားနယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု သူခံစားလိုက်ရပြီး မကြာမီ သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော် သွားနိုင်တော့မည် ဖြစ်သည်။
သူသည် ယခင်က ချင်ယွင်ပြသခဲ့သည့် စွမ်းအားကို အမှတ်ရစေသည်။ ယင်းစွမ်းအားသည် သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်သာ ရှိသော်လည်း သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် စွမ်းအားဖြစ်နေသည်။ အကယ်၍သူသာ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော် သွားပါက သူ မည်မျှလောက် အစွမ်းထက်လာလိမ့် မည်နည်း။
ဒန်ထျန်းချန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။ ဤအခိုက်အတန့်တွင် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ စွမ်းအားများ ထွက်ပေါ်လာသည်။ သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်းတန်းသည် သူ့လက်ကို ချက်ချင်းဖုံးလွှမ်းသွားပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ပိရှစ်သိုင်းမြို့စား၏ အမူအယာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်၏ ရှေ့မှာ ချောမောလှပသည့် ရုပ်အသွင်အပြင်တစ်ခု ပေါ်လာသည်။ သူမ၏ လက်ထဲတွင် အပြာရောင်ရေခဲဓားတစ်လက်က ရှိနေပြီဖြစ်သည်။ ထက်မြက်သော အပြာရောင်ရေခဲဓားအလင်းသည် ဒန်ထျန်းချန်ဆီသို့ ဦးတည်သွားပြီး ကမ္ဘာပေါ်ရှိ ရေလှိုင်းများကို ဆွဲငင်နေပုံရသည်။
ဒန်ထျန်းချန်၏ မျက်လုံးများတွင် သရော်လှောင်ပြောင်မှု အရိပ်အယောင် ပေါ်လာသည်။ သူက လုံးဝ ရပ်တန့်ခြင်းမရှိပေ။ သူက ရေလှိုင်းကဲ့သို့ ဓားအလင်းတန်းကို ကြည့်လိုက်၏။ သူက လက်ဖဝါးတချက် အသာအယာ ရိုက်ထုတ်လိုက်သည် ။ ထိုဓားချက်သည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးကို ပြင်းပြင်းထန်ထန်ပင် ဒဏ်ရာရစေလောက်သည်။ ဓားချက်သည် ချက်ခြင်းပြိုကျလာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးထဲသို့ လွင့်ပျယ်သွားခဲ့ရသည်။
ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများတွင် ခါးသီးမှု အရိပ်အယောင် ပေါ်လာသည်။ သူမနှင့် ဒန်ထျန်းချန်တို့အကြား ကွာဟချက်က အနည်းငယ်မျှသာမဟုတ်ပေ။ သို့သော် သူမသည် လက်မလျှော့ခဲ့ပေ။ သူမလက်ထဲမှ ထက်ရှသော ဓားအလင်းသည် ဓားအလင်းတန်းအလွှာ အတားအဆီးများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီး ဒန်ထျန်းချန်ကို အတားအဆီးထဲ မ၀င်နိုင်အောင် ဟန့်တားထားသည်။
သို့သော် ဒန်ထျန်းချန်၏ ခွန်အားသည် ပြင်းထန်လွန်းသည်။ သူ၏မျက်လုံးထဲမှာ ထိုဓားအလင်းများဖြင့် ဖွဲ့စည်းထားသည့် အတားအဆီးများသည် စက္ကူနှင့်တူနေသည်. သူသည် သူ၏လက်ချောင်းများကို ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ပြီး ဤအတားအဆီးများကို ဘာမှမရှိသည်၏အဖြစ်သို့ လုံးဝပြောင်းလဲ ပစ်လိုက်သည်။
"ဟမ့်၊ သိုင်းမြို့စားကြီးလေးပါးဆိုတာလည်း ဒီထက်ဘာမှ မပိုပါဘူး!" သူသည် ပိရှစ်သိုင်းမြို့စား၏ ရှေ့တွင် ပေါ်လာစဉ် ဒန်ထျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု တောက်ပလာသည်။
အဝါရောင် သိမ်မွေ့နက်နဲသည့်အလင်းရောင်ဖြင့် ဖုံးအုပ်ထားသော လက်ဖဝါးသည် ပိရှစ်သိုင်းမြို့စား၏ဝမ်းဗိုက်ကို ရိုက်ချလိုက်ပြီး သူမကို လွင့်ထွက်သွားစေခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် ခြံဝင်းနောက်ဘက်ရှိ ဝါးတောအုပ်ထဲတွင် ချက်ချင်း ပြန်ကျ သွားသည်။ သူမပါးစပ်က သွေးတွေ စီးကျလာပြီး ဒဏ်ရာက မသက်သာလှပေ။
ဒန်ထျန်းချန်သည် ပိရှစ်သိုင်းမြို့စားကို လှည့်ပင်မကြည့်တော့။ ယင်းအစား သူ၏ အကြည့်တွေက ချင်ယွင်အပေါ်ကို ဆက်ပြီး ကျရောက်သွားသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ပင် သိပ်သည်းလာသည်။ သေချာသည်မှာ၊ သူသည် နောက်အခိုက်အတန့်တွင် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားနိုင် တော့မည်မှာ ထင်ရှားသည်။
"သေလိုက်စမ်း ချင်ယွင် " ဒန်ထျန်းချန်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏လက်က သိမ်မွေ့နက်နဲသည့် အလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပနေပြီး ဓားအလင်းတန်း တစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။
ဓားအလင်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးတွင် ချက်ချင်း ပေါ်လာသည်။ ထက်ရှသော ဓားအလင်းသည် ချင်ယွင်၏ နဖူးဆီသို့ တိုက်ရိုက် ပစ်ဝင်သွားသည်။
"ဟမ့်, ဒန်ထျန်းချန်, မင်းမျက်လုံးထဲမှာ ငါ့လို မျိုးနွယ်စုအကြီးအကဲ တစ်ယောက်ရော ရှိသေးလား"
ထိုအချိန်တွင် ကျယ်လောင်သောအော်သံသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာပြီး မူလက ချင်ယွင်ကို တိုက်ခိုက်နေသည့် ဓားအလင်းသည် ချက်ချင်း ပေါက်ကွဲသွားသည်။
ဆေးအကြီးအကဲ၏ ရုပ်အသွင်အပြင်သည် ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး ဒန်ထျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
အခန်း (၃၀၈) ဒန်ထျန်းချန်အဆွယ်ထုတ်ပြခင်း။
"ဟမ့်၊ မျိုးနွယ်စုအကြီးအကဲက အသက်ကြီးနေပုံရတယ်။ အပြင်လူကို ကာကွယ်ဖို့ အတွက်၊ သူ့မြေးကိုတောင် လျစ်လျူရှုထားခဲ့တယ်။"
ဒန်ထျန်းချန်သည်လည်း ဆေးအကြီးအကဲကို ဒေါသတကြီး ကြည့်နေသည်။ သူသည် ဆေးအကြီးအကဲကို လေးစားမှုမပြရုံသာမက သူ၏မျက်လုံးများတွင် ရန်လိုစိတ်များပင် ပြည့်နှက်နေသည်။
ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်သည့်အခါတွင် သူတို့၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။
၎င်းတို့အားလုံးသည် ကောင်းကင်ဆေးစံအိမ်၏ လက်အောက်ခံဖြစ်ကြပြီး ဒန်ထျန်းချန်၏ အမိန့်ကိုနာခံခဲ့ကြသော်လည်း ဆေးအကြီးအကဲ၏ ဂုဏ်သိက္ခာသည် ဆေးကလန် နှင့် ကောင်းကင်ဆေးစံအိမ် နှစ်ခုစလုံးတွင် အလွန်ခမ်းနားထည်ဝါသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
နောက်ဆုံးတွင်၊ ဆေးအကြီးအကဲသည် သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီး ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာခဲ့ပြီ ဖြစ်သည်။ ဒန်ထျန်းချန်သည် သိုင်းဧကရာဇ်နယ်ပယ်ကို မကြာသေးမီကမှ ဖြတ်ကျော်ခဲ့ခြင်းဖြစ်ပြီး ယခု ဆေးအကြီးအကဲကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခြင်းသည် သူတို့၏အမြင်တွင် အလွန်မိုက်မဲသည့် ရွေးချယ်မှုတစ်ခုဖြစ်သည်။
ဒန်ထျန်းချန်သည် မျက်လုံးများကို မှေးကျဉ်းထားပြီး ဆေးအကြီးအကဲကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ဆေးအကြီးအကဲသည် တစ်ခုခုမှားယွင်းနေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။
လက်ရှိဆေးအကြီးအကဲ နှင့် သခင်လေးတို့သည် သူတို့၏ ယခင်ခေါင်းမာမှုများ ပျောက်ဆုံး သွားသလိုပင်။ အတိတ်တုန်းကဆို သူသာ မကျေနပ်မှုအရိပ်အယောင်ကို ထုတ်ဖော်ဝံ့သည်နှင့် ဆေးအကြီးအကဲ၏ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရမည် ဖြစ်သည်။
သို့သော် ယနေ့ညနေပိုင်းတွင် သူသည် မလေးစားသည့် အမူအယာကို ထုတ်ဖော် ပြောဆိုခဲ့သေးသည်။ ဆေးအကြီးအကဲသည် အမှန်တကယ်ပင် လုံးဝတုံ့ပြန်ခြင်းမရှိခဲ့ပေ။ ယင်းက ဤအရာနှင့်ပတ်သက်ပြီး ထူးဆန်းသည့်အရာတစ်ခုခု ရှိသင့်သည်ဟု သူ့ကို ခံစားရစေသည်။ ထို့ကြောင့်၊ သူသည် ဆေးအကြီးအကဲ မည်ကဲ့သို့တုံ့ပြန်မည်ကို သိရှိနိုင်ရန် ယခုလေးတင် လူသိရှင်ကြား စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
"ဒန်ထျန်းချန်၊ မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ် ပြောရဲရတာလဲ။" ဆေးအကြီးအကဲက ဒေါသတကြီး ဟောက်လိုက်သည်။ ဒန်ထျန်းချန်ကို ကြည့်သည့် သူ၏ အကြည့်များက ဒေါသနှင့် ပြည့်နေသည်။ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်အဆင့်တပါး၏ အငွေ့အသက်က ဒန်ထျန်းချန်ဆီသို့ ချက်ချင်း ပျံ့လွင့်သွားခဲ့သည်။
ဒန်ထျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အလောတကြီး ပြောလိုက်သည် "ထျန်းချန်က မဝံ့ရဲပါဘူး။ စောစောလေးက ထျန်းချန်ဟာ စိတ်မရှည်သလို ဖြစ်မိပြီး မျိုးနွယ်အကြီးအကဲကို စော်ကားမိသွားတာပါ၊ ခွင့်လွှတ်ပါ မျိုးနွယ်စုအကြီးအကဲ"
"ဟမ့်၊ မင်းမှားမှန်းသိပြီဆိုမှတော့ မင်း ထွက်သွားတော့။ ဒီချင်ယွင်က ငါ့ဧည့်သည်ပဲ။ မင်း သူ့ကို ထပ်ပြီး တိုက်ခိုက်ဝံ့ရင် မင်းအပေါ် မယဉ်ကျေးတဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့။" ဆေးအကြီးအကဲသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ဝတ်စုံလက်မောင်းများကို ဝှေ့ယမ်းကာ ဒန်ထျန်းချန်ကို ထွက်သွားရန် အချက်ပြလိုက်သည်။
ပတ်ဝန်းကျင်မှ လူတွေလည်း အံ့အားသင့်သွားကြ၏။ ယခုလိုမျိုး ပြီးဆုံးသွားတာလား။
ဆေးအကြီးအကဲ၏ အကျင့်စရိုက်အရ၊ ဒန်ထျန်းချန်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်သည် မဟုတ်ပါလော။ ဘယ်လိုဖြစ်ပြီး ကျိန်းမောင်းရုံလောက်နှင့် လွှတ်ပေးလိုက်ရတာလဲ။ ဆေးအကြီးအကဲဟာ သူ၏ဒေါသကို အရှိန်မြှင့်ဖို့ အခက်အခဲ ကြုံနေရပြီလား။
ဒန်ထျန်းချန်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ချင် လင်းလက်သွားခဲ့သည်။ ယခင်တုန်းကတော့ ဆေးအကြီးအကဲသည် ကျားကြီးတစ်ကောင် ဖြစ်ပြီး ကျူးကျော်မှု မှန်သမျှကို သည်းမခံနိုင်ဘူးဆိုသည့် ခံစားချက်ကို ပေးခဲ့သည်။ ယခုမူ ဆေးအကြီး အကဲသည် သွားများမရှိသော ကျားတစ်ကောင်နှင့် တူနေသည်။ ဟိန်းဟောက်နေ သေးသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသည့် ယခင် အငွေ့အသက်မျိုးကို သူ မပိုင်ဆိုင်နိုင်တော့ပေ။
ရုတ်တရက် ဒန်ထျန်းချန်သည် တစ်ခုခုကို နားလည်သွားပုံရပါသည်။ ဆေးအကြီးအကဲကို ကြည့်သည့် သူ၏အကြည့်များက လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။
"မင်းက ဘာလို့ ထွက်မသွားသေးတာလဲ။ ငါ့အပြစ်ပေးမူကို ခံယူချင်လို့လား" ဆေးအကြီးအကဲက ဒန်ထျန်းချန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်လိုက်သည်။
သို့သော်လည်း ဒန်ထျန်းချန်သည် ခြေတစ်လှမ်းမျှပင် မရွေ့ဘဲ သူ၏နေရာတွင် ရှိနေခဲ့သည်။
ယင်းကို ဆေးအကြီးအကဲ မြင်သည့်အခါ သူသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲကို ဝင်လာခဲ့သည်။
"မင်းကို ငါထွက်သွားဖို့ပြောနေတာ မင်းမကြားဘူးလား" ဆေးအကြီးအကဲက အော်ဟစ် လိုက်ပြီး သူ၏ဦးရေပြားဆီကို ဖမ်းဆုပ်ထားဟန် ပြုလိုက်သည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တပါး၏ အထွတ်အထိပ်ဖိအားသည် ဒန်ထျန်းချန်ကို ဆက်လက် ဖိအားပေးလာခဲ့သည်။
သို့သော် ဒန်ထျန်းချန်သည် ဘာမှမကြားရသလိုပင် လှည့်ကြည့်နေသေးသည်။
ဆေးအကြီးအကဲသည် အလွန်ဒေါသ ထွက်နေသော်လည်း သူသည် မလှုပ်သေးပေ။
ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဆေးစံအိမ် အကြီးအကဲများ၏ မျက်လုံးများ ထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့အားလုံး တုနှိုင်းမရအောင်ပင် အံ့သြသွားကြပြီ ယင်း၏ သဘောတရားကို တဖြည်းဖြည်း နားလည်လာကြသည်။
ထိုအချိန်တွင် ဒန်ထျန်းချန်သည် ရုတ်တရက် ထရပ်ကာ ချမ်းအေးသော အပြုံးဖြင့် ဆေးအကြီးအကဲကို ကြည့်လိုက်သည်။ "မျိုးနွယ်စုအကြီးအကဲ၊ ထျန်းချန်က သိုင်းဧကရာဇ်နယ်ပယ်ကို မကြာသေးမီကမှ ဖြတ်ကျော်ထားခဲ့တာ။ ကျွန်တော်က အများကြီး တိုးတက်လာပေမယ့် လုံလောက်အောင် မသန်မာသေးဘူးလို့ ခံစားရဆဲပဲ။ ကျွန်တော်က မျိုးနွယ်စုအကြီးအကဲနဲ့လက်ရည်စမ်းပြီး အကြံဥာဏ်တောင်းခံချင်လို့ပါ။"
ဒန်ထျန်းချန်၏ စကားများသည် သံသယမရှိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်သည်မှာ သေချာပါသည်။ ကောင်းကင်ဆေးစံအိမ်ရှိ လူတိုင်းသည် ဆေးအကြီးအကဲကို ကြည့်ပြီး သူ မည်သို့ တုံ့ပြန်လာမလဲဟူသည်နှင့် သူ၏ ကျင့်ကြံမှုသည် သူတို့၏စိတ်ထဲတွင် ထင်ထားသည်ထက် အမှန်တကယ် နိမ့်ကျခြင်းရှိမရှိကို သိရှိလိုသည့်အလား ကြည့်နေကြတော့သည်။
ထိုအချိန်တွင် ဆေးအကြီးအကဲ၏ မျက်နှာသည် ဖြူလျော့သွားသည်။ သူ့မှာ ပုန်းကွယ်နေသည့် ရောဂါအဟောင်း ရှိနေသည်။ ယခုလေးပင် သူသည် ချင်ယွင်ကို ကယ်တင်ရန်အတွက် သူ၏ကျင့်ကြံခြင်း ပညာရပ်ကို ပြင်းပြင်းထန်ထန် အသုံးချခဲ့ရပြီး သူ၏ ခန္ဓာကိုယ် ခံနိုင်ရည်ရှိသည့် အရေးကြီးသောအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသည် ယခုတစ်ကြိမ် ထပ်မံတိုက်ခိုက်ပါက၊ သူ၏နှလုံးသည် ပြင်းထန်စွာ ပျက်စီးသွားနိုင်သည်။
ထိုအချိန်ရောက်လျှင် သူ့မှာ ဒဏ်ရာဟောင်းရှိနေသည့်အကြောင်းကို သေချာပေါက် ဖော်ထုတ်ခံရမည် ဖြစ်သည်။ ရည်မှန်းချက်ကြီးသော ဤဝံပုလွေဒန်ထျန်းချန်သည် သူအား ဖယ်ရှားရန်အတွက် ဤအခွင့်အရေးကို သေချာပေါက် အသုံးချလိမ့်မည်။ သူ၏ အကာအကွယ်မပါဘဲ ဒန်ထျန်းယုသည် တံခါးပိတ် ကျင့်ကြံရတော့မည်။ ဆေးကလန် တစ်ခုလုံးကိုပင် ဤဒန်ထျန်းချန်က လုံးလုံးလျားလျား ဖျက်ဆီးပစ်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
မူလက သူသည် ဒန်ထျန်းချန်ကို တဖန်ပြန်ခြောက်လှန့်ရုံသာ တွေးထားသော်လည်း ဤဒန်ထျန်းချန်သည် အလွန်ယုတ်မာပြီး ကောက်ကျစ်လိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ပေ။ အမှန်တကယ်ပင် သူ့ကို စုံစမ်းဖို့ ထပ်ခါထပ်ခါ ကြိုးစားနေခဲ့သည်။ ဤအခြေအနက ဆေးအကြီးအကဲကို သူ၏ကိုယ်ပိုင်ခြေထောက်ပေါ် မရပ်နိုင်တော့သလို ချက်ခြင်း ခံစားရစေသည်။
"ဟမ့်၊ မင်းက ရည်မှန်းချက် ကြီးမားလွန်းတယ်။ မင်း သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးရုံပဲ ရှိသေးတယ်။ ဒါတောင် မင်းရဲ့ကျင့်ကြံမှုကို ထပ်ပြီး မြှင့်တင် ချင်နေပြီ လား။ မင်းရဲ့ ကျင့်ကြံမူအခြေခံနယ်ပယ်ကို တည်ငြိမ်အောင် ပြန်သွားလုပ်သင့်တယ်။ အဲဒီအချိန်ရောက်ရင် မင်းရဲ့ ခွန်အားက ထပ်ပြီး တိုးမြှင့်လာလိမ့်မယ်။" ဆေးအကြီးအကဲ သည် အနည်းငယ် မလုံမလဲ ဖြစ်နေသော်လည်း၊ သူသည် တင်းမာဟန် ဆောင်နေရဆဲ ဖြစ်သည်။
ကံမကောင်းစွာပဲ၊ ဒန်ထျန်းချန်က ငြင်းဆန်နေတုန်းဖြစ်သည်။ ဆေးအကြီးအကဲက တိုက်ခိုက်ရန် ငြင်းဆိုလေ၊ သူ၏ခန့်မှန်းချက်က ပိုသေချာလေဟု ယူဆလေ ဖြစ်သည်။
ဆိုလိုသည်မှာ၊ ဆေးအကြီးအကဲသည် ပြင်းထန်သော ဒဏ်ရာအချို့ရရှိထားသည် သို့မဟုတ် သူ၏စွမ်းအားသည် အလွန်ပျက်စီးသွားခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူသည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သဖြင့် သူ၏ကျင့်ကြံမူ ဆုတ်ယုတ်သွားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ဤကိစ္စကို ယနေ့ ရှင်းရှင်းလင်းလင်း နားမလည်မချင်း သူ ထွက်ခွာသွားမည် မဟုတ်တော့ပေ။
"မျိုးနွယ်စုအကြီးအကဲ၊ အခြေအနေကဒီလိုဆိုမှတော့ ထျန်းချန်က အကြီးအကဲ လှုပ်ရှားအောင် တွန်းအားပေးရတော့မှာပဲ!" ဒန်ထျန်းချန်၏ နှုတ်ခမ်းထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်းတန်းသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တပါး၏ ကျင့်ကြံမှုစွမ်းအားက အထွတ်အထိပ်ရောက်သည်အထိ ရုတ်ခြည်း ထွက်ပေါ်လာခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဆေးအကြီးအကဲဆီသို့ ပြေးဝင်သွားခဲ့သည်။
ဆေးအကြီးအကဲ၏ ကျင့်ကြံမူအဆင့်သည် နောက်ပြန်ဆုတ်ယုတ်သွားခြင်း ရှိမရှိ သူ သေချာမသိသောကြောင့် ယခုတစ်ကြိမ် တိုက်ခိုက်မူမှာ သူ၏စွမ်းအားကို လုံး၀ ထိန်ချန်မထားခဲ့ပါဘူး။
ဆေးအကြီးအကဲသည် ဒန်ထျန်းချန်က အမှန်တကယ် အပြင်းအထန် တိုက်ခိုက်လာခဲ့ သည်ကို မြင်သောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပြောင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာရှိနေသည့် ဖုံးကွယ်နေသော ဒဏ်ရာအဟောင်းများကို ဂရုမစိုက်နိုင် တော့ဘဲ သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ချီကို အပြင်းအထန် ဖြန့်ထုတ်လိုက်သည့်အတွက် သူ၏အငွေ့အသက် တစ်ခုလုံးက ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့သည်။
"ဘုန်း!"
ဆေးအကြီးအကဲ၏ လက်ဖဝါးသည် ဒန်ထျန်းချန်နှင့် တိုက်ရိုက်ပင် ထိပ်တိုက်တွေ့ ဆုံသွားသည်။
ပြင်းထန်သော ဝိညာဉ်စွမ်းအင်များသည် မုန်တိုင်းကဲ့သို့ လှည့်ပတ်သွားသည်။ ကောင်းကင် ဆေးစံအိမ်မှ အကြီးအကဲများသည်ပင် ဤကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင် မုန်တိုင်းကို တွန်းလှန်ရန် သူတို့၏ဝိညာဉ်ချီများကို ဖြန့်ကျက်လိုက် သော်လည်း ဤပြင်းထန်သော မုန်တိုင်းကြောင့် ဒဏ်ရာရရှိသွားဆဲဖြစ်သည်။
ဒန်ထျန်းချန်၏ ခန္ဓာကိုယ်သည် ထိုအချိန်တွင် အနောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူ၏ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီး မီတာသုံးထောင် ရှည်သော ခြေစွပ်ရာကြောင်းများ ကျန်ရစ်ခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။
ဒန်ထျန်းချန်သည် အဝေးမှပင် ဆေးအကြီးအကဲကို မျက်လုံးများပြူးကျယ်စွာဖွင့်ပြီး စိုက်ကြည့်နေသည်။ သူက ပါးစပ်ထဲမှ သွေးတွေကို ထွေးထုတ်လိုက်ပြီး သူ၏စိတ်ထဲ တွေးလိုက်သည် "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူအိုကြီးရဲ့ ခွန်အားက အရမ်းလျှော့ မသွားခဲ့သလို သူ၏ဒေါသကလည်း တကယ်ကို တိုးလာခဲ့တယ်။ ငါခန့်မှန်းတာများ မှားနေပြီလား။
အနီးအနားရှိ ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲများလည်း မှင်တက်သွားကြသည်။ ဆေးအကြီးအကဲသည် သိသိသာသာ အစွမ်းထက်သော်လည်း အဘယ်ကြောင့် လှုပ်ရှားမူကို ငြင်းဆိုနေရသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"အလို!"
ဒန်ထျန်းချန် ထွက်ခွာသွားခါနီးတွင် ခန်းမတစ်ခုလုံး ရှင်းရှင်းလင်းလင်း ကြားရသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းပင်၊ လူတိုင်းသည် ၎င်းတို့၏မျက်နှာပေါ်တွင် တုနှိုင်းပြလို့မရသည့် အံ့အားသင့်သော အမူအရာများပေါ်လာကြပြီး ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည့် ဆေးအကြီးအကဲကို ကြည့်လိုက်ကြသည်။
ဆေးအကြီးအကဲသည် မထိန်းနိုင်တော့ဘဲ ပါးစပ်မှ သွေးများထွက်လာခဲ့သည်။ သူ၏ အငွေ့အသက်သည်လည်း ချက်ခြင်းပင် အားနည်းသွားခဲ့သည်၊ သူ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ တည်ငြိမ်စွာပင် မရပ်နိုင်တော့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာ ဒန်ထျန်းချန်၏ မျက်လုံးတွေက ဝင်လက်တောက်ပ လာခဲ့သည်။ သူက မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည် "ဟား၊ ဟား၊ ခင်ဗျားကြီးက နောက်ခြေတစ်လှမ်းလောက်ပဲ ဆုတ်ရလိမ့်မယ်လို့ ကျုပ်ထင်ခဲ့တာ။ ခင်ဗျား ဒီလောက် ဒဏ်ရာကြီးမားနေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထား ခဲ့ဘူး။ ခင်ဗျားရဲ့ ရုပ်အသွင်အပြင်ကို ကြည့်ပြီး ခင်ဗျား အသက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲများသည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် သူတို့စိတ်နှလုံးထဲတွင် ရှိနေသည့် ဆေးအကြီးအကဲအပေါ် ကြောက်ရွံ့မှုသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဆေးအကြီးအကဲကို ကြည့်သည့် သူတို့၏အကြည့်များက သေခါနီး အဘိုးအို တစ်ယောက်ကို ကြည့်နေကြသလိုမျိုးပင်။
ဆေးအကြီးအကဲ၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဒန်ထျန်းချန်ကို လုံးလုံးလျားလျား သတ်ပစ်ရန်အတွက် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုချင်သော်လည်း သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် မထိန်းနိုင်ဘဲ သွေးများ အန်ထွက်လာ ခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်ဝတ်ရုံသည်ပင် ချက်ချင်းအနီရောင်ဆိုးသွားပြီး သူ၏အငွေ့အသက်သည်လည်း ချက်ချင်းပင် ပို၍ပင် ညို့နွမ်းလာသည်။
ဒန်ထျန်းချန်၏ မျက်လုံးများသည် ယခုအချိန်တွင် စိတ်အားတက်ကြွမူများဖြင့် ပြည့်နှက်နေသည်။ သူသည် ဤအဘိုးကြီးနှင့် ရင်မဆိုင်မှီ အချိန်အတိုင်း အတာ တစ်ခုအထိ စောင့်ရမည်ဟု မူလက ထင်ထားခဲ့သော်လည်း ဤအဖိုးကြီးသည် အမှန်တကယ် နာမကျန်းဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ အမှန်တကယ်ပင် အလွန် အံ့သြစရာကောင်းလှသည်။
"ဟာဟား၊ ဒန်ချန်ရှန်း၊ ခင်ဗျား ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ကျုပ် မမျှော်လင့် ထားခဲ့ဘူး။ ဟိုတုန်းက ခင်ဗျား ကျုပ်ကို ရိုက်နှက် ကြိမ်းမောင်းခဲ့ဖူးတယ်။ ခင်ဗျားမှာ ကောင်းတဲ့ အမူအယာမျိုး တစ်ခါမှ မတွေ့ခဲ့ရဘူး။ အခု ခင်ဗျား ကျုပ်လက်ချက်နဲ့ သေရလိမ့်မယ်လို့ မမျှော်လင့်ထားဘူးမဟုတ်လား။ ခင်ဗျား သေသွားတာနဲ့ ဆေးကလန်မှာ ကျုပ်ကို ဘယ်သူက တားနိုင်မှာလဲ။ ကောင်းကင်ဘုံက ကျုပ်ကို ကူညီပေးနေခဲ့တယ်!"
ဒန်ထျန်းချန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ၏ ရိုင်းစိုင်းသည့် ရယ်မောသံက ဆေးကလန် တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
အခန်း (၃၀၉) ခင်ဗျားပျော်တာစောလွန်းသေးတယ်။
ဒန်ထျန်းချန်၏ ရယ်မောသံက ဆေးကလန်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မလွတ်မြောက်မီ အချိန်အတော်ကြာအောင် စည်းတံဆိပ် ပိတ်ခံထားရသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှင့်တူသည်။ သူ၏ တစ်ကိုယ်လုံးသည် အလွန်အမင်း ရူးသွပ်သည့်အနေအထားသို့ ကျရောက်သွားခဲ့သည်။
"ဂုဏ်ယူပါတယ်၊ ကောင်းကင်ဆေးစံအိမ်သခင်၊ စံအိမ်သခင်က ဆေးကလန်ရဲ့ အရှင်သခင် တပါးဖြစ်သွားခဲ့လေပြီ!"
အကြီးအကဲများသည် ထိုမြင်ကွင်းကိုမြင်သည့်အခါ၊ အလျင်စလို ဒူးထောက်ကာ ဂုဏ်ပြု နေကြပြီး သူတို့၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ယခုအချိန်အတွင် ဆေးအကြီးအကဲသည် ထိုသို့မလုပ်ဆောင်နိုင်တော့ဘဲ ဆေးကလန် တစ်ခုလုံး၏ အရှိန်အဟုန်လည်း ပျောက်ဆုံးသွားသည်ဟု ဆိုနိုင်ပါသည်။ ဆေးကလန်တစ်ခုလုံးတွင် မည်သူမျှ ဒန်ထျန်းချန်ကို မတားဆီးနိုင်တော့ပေ။ အကယ်၍ သူတို့သည် ယခုအချိန်မှ ဒူးထောက်အညံ့မခံလျှင် မည်သည့်အချိန်ရောက်မှ ဒူးထောက် အညံ့ခံမည်းနည်း။
ဆေးကလန်၏ခေါင်းဆောင်ဖြစ်သည့်, ဒန်ထျန်းယုကိုလား။
သူသည် ဆယ်နှစ်ကျော်အချိန်ကြာအောင် အဆင့်မချိုးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ယခုအချိန်မှာ သူအဆင့်ချိုးဖြတ်နိုင်မည်ကို မည်သူက ယုံကြည်လိမ့်မည်နည်း။
"ဟား၊ ဟား၊ ဟား။ ကောင်းတယ်။ မင်းတို့ ငါ့နောက်လိုက်နေသမျှ မင်းတို့ကို ကောင်းကောင်း ဆက်ဆံမယ်လို့ ငါ ကတိပေးတယ်။" ဒန်ထျန်းချန်က သူ့ ထိန်းချုပ်မူအောက်မှာ ရှိနေသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဆေးအကြီးအကဲ၏အမူအရာသည် ယခုအချိန်အခိုက်အတန့်တွင် အလွန် မည်းမှောင် နေပါသည်။ ဒန်ထျန်းချန်၏ ကျေနပ်အားရနေသော စိတ်နေသဘောထားကို ကြည့်ပြီး သူ့စိတ်ထဲတွင် ဒေါသမပေါက်ကွဲဘဲ မနေနိုင်တော့။ သူဒေါသကြီးလေလေ သူ၏ဒဏ်ရာတွေက ပို၍ ပြင်းထန်လာလေ ဖြစ်သည်။
"ဆေးအကြီးအကဲ၊ ခင်ဗျား စိတ်မဆိုးပါနဲ့။ ကျန်တာ ကျုပ်တာဝန်ထားလိုက်ပါ!"
ထိုအချိန်မှာပင် လက်တစ်ဖက်က ဆေးအကြီးအကဲ၏ ပခုံးပေါ် ရုတ်တရက် ရောက်လာခဲ့ သည်။ ထို့နောက် သူ၏နားထဲတွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဆေးအကြီးအကဲလည်း အံ့သြတကြီးဖြင့် ခေါင်းလှည့်ကြည့်လိုက်လျှင် အပျက်အစီးတွေ ကြားမှာ တင်ပျဉ်ခွေထိုင်နေသည်ချင်ယွင်ဆိုသည်ကို သိလိုက်ရသည်။ ယခုအချိန်တွင် သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။
"ဒါပေမယ့်…"
ဆေးအကြီးအကဲက စကားပြောခါနီးမှာ ချင်ယွင်က သူ့ကို ပြုံးပြပြီး "စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပါတယ်"
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ဆေးအကြီးအကဲ၏ပခုံးကို နောက်တစ်ကြိမ် ပုတ်လိုက်ပြီး ထူထပ်သော အသက်စွမ်းအင်က သူ၏လက်မောင်းမှတဆင့် ဆေးအကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စီးဆင်းသွားခဲ့သည်။
ဆေးအကြီးအကဲ၏ ပြင်းထန်စွာ ပျက်စီးနေသော နှလုံးခုန်သည် ဤအခိုက်အတန့်တွင် အမှန်တကယ် သက်သာသွားသည့် လက္ခဏာများ ပြသခဲ့ပြီး သူ၏ဒဏ်ရာများသည်လည်း ချက်ချင်း သက်သာသွားခဲ့သည်။
ဆေးအကြီးအကဲ၏မျက်နှာသည် အံ့အားသင့်သွားသည့်အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ချင်ယွင်က သူ၏ခန္ဓာကိုယ်ထဲကို ထိုအသက်စွမ်းအားဖြင့် မိတ်ဆက်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အစွမ်းထက်သည့် တက်ကြွမှုကို ခံစားလိုက်ရသည်။
"ဒါက ပိရှစ်သိုင်းမြို့စားကို ကုသတုန်းက သူသုံးခဲ့တဲ့ စွမ်းအားဖြစ်မလား။" ဆေးအကြီးအကဲ အံ့သြသွားသည်။
ချင်ယွင်သည် ဆေးအကြီးအကဲ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းပြီးနောက် သူ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဒန်တျန်းချန်က ချင်ယွင်ကို သတိထားမိသည်။ သို့သော် ယခင်ကလို ပျော်ရွှင်မှုများက သူ့ရင်ထဲတွင် စွဲမြဲနေသေးသည်။ သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အထင်အမြင်သေးမူ ရှုံ့ချမှုတွေ ပြည့်နှက်နေသည်။
" ချင်ယွင် ၊ တကယ်လို့ အခု မင်း ငါ့ဆီမှာအရှုံးပေးမယ်ဆိုရင် မင်းအရင်ကပြုမူခဲ့တဲ့ မလေးစားမှုတွေကို ငါခွင့်လွှတ်ပေးလို့ရတယ်။ မင်းဘယ်လိုထင်လဲ" ဒန်ထျန်းချန်က ချင်ယွင်ကိုကြည့်ကာ ပြုံးလိုက်သည်။
ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ဒန်ထျန်းချန်၏မေးခွန်းကို ပြန်မဖြေခဲ့။ ယင်းအစား ဒဏ်ရာတွေဖုံးလွှမ်းပြီး ဝါးတောထဲမှာ လဲလျောင်းနေသည့် ပိရှစ်သိုင်းမြို့စားကို ကြည့်ရန် သူ၏ ခေါင်းကိုလှည့်လိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးများသည် မျဉ်းကြောင်း တစ်ခုကဲ့သို့ ကျဉ်းမြောင်းသွားကာ ထိုအခိုက်တန့်တွင် သတ်ဖြတ်လိုသည့် ဆန္ဒများက တဟုန်းဟုန်းတောက်နေသည့် မီးတောက်မီးလျှံကဲ့သို့ လောင်ကျွမ်းနေလေသည်။
နောက်ဆုံးတွင် ချင်ယွင်က ဒန်ထျန်းချန်ကို ကြည့်ပြီး ပြောလိုက်သည် "ခင်ဗျား ပျော်တာ စောလွန်းနေသေးတယ်!"
ဒန်ထျန်းချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးစက်သွားကာ သူ၏ မျက်လုံးများတွင် အကန့်အသတ်မရှိ သတ်ဖြတ်လိုသည့်ဆန္ဒများ နောက်ကြိမ် ရှိလာပြန်သည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"
ဒန်ထျန်းချန်က အော်ပြောလိုက်ပြီး သူ၏ရုပ်အသွင်အပြင်က ချက်ချင်း ပျောက်သွားသည်။
"ဟမ့်၊ မင်းက အရှုံးပေးဖို့ ငြင်းဆန်နေမှတော့ သွားသေလိုက်တော့!"
ထို့နောက်အခိုက်အတန့်တွင်၊ ဒန်ထျန်းချန်၏ရုပ်အသွင်အပြင်သည် ချင်ယွင်၏ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။ ဓားချီသည် သူ့လက်ချောင်းထိပ်များမှ တလှိမ့်လှိမ့် တက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်း တန်းတစ်ခုသည် ချင်ယွင်၏လည်ပင်းသို့ တိုက်ရိုက် ပစ်လွှတ်သွားခဲ့သည်။
ဒန်ထျန်းချန်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းကြောင့် ချင်ယွင်၏ ၀တ်စုံက တွန့်ကြေသွားခဲ့သည်။ သူ့လည်ပင်းကို ဓားအလင်းက ဖြတ်သွားတော့မည်ကို ကြည့်နေရင်း ချင်ယွင်သည် တောင်တစ်တောင်ကဲ့သို့ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။
ချွင်!
ဓားအလင်းသည် ချင်ယွင်နှင့် သုံးလက်မမျှသာ အကွာအဝေးရောက်တွင် ချင်ယွင်က ရုတ်တရက် လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းပေါ်တွင် မိုးပြာရွှေရောင်အလင်းက တောက်ပလာသည်။
သိမ်မွေ့နက်နဲသည့် အဝါရောင်အလင်းတန်းကို ထုတ်လွှတ်နေသော ဒန်ထျန်းချန်၏ ဓားအလင်းသည် ချင်ယွင်၏လက်ချောင်းနှင့် ထိပ်တိုက် ဆုံမိသွားခဲ့သည်။ ယင်းက အမှန်တကယ်ပင် သူ၏လက်ချောင်းကို ဖြတ်တောက်ခြင်း မရှိဘဲ ဒဏ်ရာသဲလွန်စပင် မကျန်ခဲ့ပေ။ သန့်စင်ထားသည့် သံမဏိအချင်းချင်း ထိပ်တိုက်ဆုံမိသကဲ့သို့ အသံမျိုးတောင် ထွက်ပေါ်လာခဲ့သည်။
"မဖြစ်နိုင်ဘူးမလား?" ဒန်ထျန်းချန်သည် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ဝိညာဉ်ချီဓားလက်ချောင်းကို ဒဏ်ရာတစ်စုံတစ်ရာမှမရှိဘဲ ချင်ယွင်၏ လက်ချောင်းက ပိတ်ဆို့တားဆီးထားသည်။ ဤအရာသည် အမှန်တကယ်ပင် တွေးကြည့်လို့မရသည့် အရာဖြစ်သည်။
သို့သော်လည်း မလှုပ်မယှက် ရပ်နေသော ချင်ယွင်က ပြုံးကာ ပြောသည် "မဖြစ်နိုင်ဘူး ဆိုတာ ဘာမှမရှိဘူး!"
ထို့နောက် ချင်ယွင်၏ တစ်ကိုယ်လုံး ချက်ခြင်း လှုပ်ရှားသွားကာ သူ၏အရေပြားသည် အရောင်စုံ အလင်းတန်းများဖြင့် လင်းလက်တောက်ပနေပုံရသည်။ တခဏအတွင်းမှာပင် သူက တင်းတင်းကျပ်ကျပ် ဆုပ်ထားသည့် လက်သီးဖြင့် ဒန်ထျန်းချန်၏ ရင်ဘတ်ပေါ်ကို ထိုးချလိုက်သည်။
"ဖျစ် ဖျစ်!"
အရိုးအက်ကွဲသံက ပြတ်ပြတ်သားသား ထွက်ပေါ်လာပြီး ယင်းအသံက လူတိုင်း၏နားထဲ ပေါက်ကွဲထွက်လာသည့် မိုးခြိမ်းသံကဲ့သို့ ခံစားရစေသည်။
လူတိုင်း မှင်တက် အံ့ဩနေကြသည်။ အထူးသဖြင့် ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲများဖြစ်သည်။ သူတို့၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ရှေ့မှ ဤလူငယ်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် တွင်သာ ရှိသေးသည်။ ကောင်းကင်ဆေးစံအိမ်သခင်အပေါ် အစောပိုင်းလေးက သူတို့အမြင်အရ ဤလူငယ်သည် ကောင်းကင်ဆေးစံအိမ်သခင်၏ သတ်ဖြတ်မူကို ချက်ချင်းခံရလိမ့်မည်ဟု သူတို့တွေးထားကြသည်။ သို့သော် ဤလူငယ်သည် ကောင်းကင်ဆေး စံအိမ်သခင်၏ လက်ချောင်းဓားကို ပိတ်ဆို့တားဆီးနိုင်ရုံသာမက ကောင်းကင်ဆေးစံအိမ်သခင်၏ အရိုးများကိုပါ တစ်ချက်တည်းဖြင့် ချိုးပစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ လက်သီးထိုးချက် တစ်ခုသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ အရိုးများကို ထိုးဖောက်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြနိုင်ပေ။
အကယ်၍ သူတို့ကိုယ်ပိုင် မျက်စိဖြင့်သာ မမြင်ခဲ့ဖူးဆိုရင် ပြောသည့်လူကို အရူးဟု အပြစ်တင်ကြိမ်းမောင်းကြသည်မှာ သေချာပါသည်။
သို့သော်လည်း နောက်မြင်ကွင်းက သူတို့ကို ပို၍ပင်တုန်လှုပ်သွားစေပြီး သူတို့၏ အောက်မေးရိုးများပင် မြေပြင်ပေါ် ပြုတ်ကျသွားကြသည်။
ချင်ယွင်သည် မိုးပြာရွှေရောင် ရဟန္တာတပါးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူသည် နောက်ကိုလွင့်ပျံတော့မည့် ဒန်ထျန်းချန်၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး သူ၏ ဝမ်းဗိုက်ထဲကို ဒူးဖြင့် ပြင်းပြင်းထန်ထန် တိုက်ချလိုက်သည်။
"ဒါက ပိရှစ်သိုင်းမြို့စား အတွက်ပါ။" ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေခဲ့သည်။
ဒန်ထျန်းချန်၏သူငယ်အိမ်များသည် ချက်ချင်း ပြူးကျယ်သွားကာ သူသည် ပါးစပ်မှ သွေးတပွက် ချက်ချင်း အန်ထုတ်လိုက်ရသည်။
"ဘုန်း!" ချင်ယွင်က ဒန်ထျန်းချန်၏နောက်ကျောကို နောက်ထပ် အမြောက်ဆံအလား လက်သီးတချက် ကြွေးလိုက်ပြန်သည်။
"ဒါက ဆေးအကြီးအကဲအတွက်!"
ဒန်ထျန်းချန်၏ ခါးသည် ချက်ခြင်း ကွေးညွတ်သွားကာ သူ၏တစ်ကိုယ်လုံးသည် အောက်ဖက် မြေပြင်သို့ ပြင်းထန်စွာ ပစ်ရိုက်သွားသည်။
ဒန်ထျန်းချန်သည် ရူးသွပ်တော့မည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့်လေးက သူလိုဂုဏ်သိက္ခာကြီးမားသည့် သိုင်းဧကရာဇ်တစ်ပါးကို အမှန်တကယ် စော်ကားနေခဲ့သည်။
ဤပြင်းထန်သော အရှက်ခွဲခံရမူက သူ့ကို ရူးသွပ်သွားစေသော်လည်း ချင်ယွင်၏ လက်မှ ထွက်ပေါ်လာသော စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကြောင့် သူသည် ခံနိုင်ရည်မရှိသော ခံစားချက်မျိုးပင် ခံစားလာရသည်။
အဝေးမှာရှိနေသည့်ဆေးအကြီးအကဲသည်လည်း အံ့အားသင့်သွားသည်။ မူလက ချင်ယွင်၏ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ အဆင့်ဖြတ်ကျော်မှု သည် ဒန်ထျန်းချန်အတွက် သေချာပေါက် ပြိုင်ဘက်မဟုတ်ဟု သူထင်ခဲ့သည်၊ သို့သော် ယခုအခါတွင်၊ ချင်ယွင်သည် ဒန်ထျန်းချန်ကို အရူးအမူး တိုက်ခိုက်နေသည်။
"ဒီနောက်ဆုံး တိုက်ကွက်က ငါ့အတွက်ပဲ!"
ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ တောက်ပနေသည့် မိုးပြာရွှေရောင် အလင်းက သူ၏လက်သီးမှ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည်လည်း ဥက္ကာပျံကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး ဒန်ထျန်းချန်ကို မြေပြင်ကြီးဝင်သွားသည် အထိ အပြင်းအထန် ထိုးချလိုက်သည်။
မြေပြင်တစ်ခုလုံး ချက်ချင်းပြိုကျပြီး မီတာရာပေါင်းများစွာ ကျယ်သည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ရောက်ရှိလာကြသူအားလုံး အလွန်အံ့သြသွားကြသည်။ သူတို့သည် စစ်နတ်ဘုရား တပါးကဲ့သို့ တွင်းကြီးထက်မှာ လွင့်မျောနေသည့် လူငယ်ကို စူးစူးစိုက်စိုက် ကြည့်နေကြပြီး သူတို့၏ နှလုံးသားများသည် ဖော်မပြနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါ…”
ဆေးအကြီးအကဲလည်း အံသြသွားသည်။ ချင်ယွင်၏ ရုပ်အသွင်အပြင်ကို ကြည့်ရင်း သူ့ရှေ့မှလူငယ်ကို သူလျှော့တွက်ထားမိကြောင်း သူတွေ့ရှိခဲ့သည်။
သို့သော် ချင်ယွင်သည် အနည်းငယ်မျှ စိတ်ချလက်ချ နေခြင်းမရှိသေးပေ။ သူက ဒန်ထျန်းချန်ကို ငုံ့ကြည့်ရင်း သူ၏မျက်နှာက တုနှိုင်းမရသည့် လေးနက်သော အမူအရာတွေကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မည်ကဲ့သို့ အလွယ်တကူ ရှုံးနိမ့်နိုင်မည်နည်း။
ဟုတ်ပါသည်။ ထိုအချိန်တွင် မြေကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်စ ပြုလာသည်။
ထိုနေရာမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် အရူးအမူး ထိုးတက် လာခဲ့သည်။ တဟုန်းဟုန်းတောက်နေသောအငွေ့အသက်သည် အပျက်အစီးများကို ဖြတ်ကျော်သွားကာ တွင်းနက်ကြီးထဲတွင် ကြီးမားသော သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ စေသည်။
ဒန်ထျန်းချန်သည် တွင်းနက်ကြီးထဲမှ ထလာခဲ့သည်။ သူ၏ဆံပင်တွေ လုံးဝ ရှုပ်ပွနေပြီး မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် အနေအထားမျိုးမှာ ရှိနေသည်။ သို့သော်လည်း ယခုအချိန်တွင် သူ၏မျက်နှာသည် သွေးဆာရက်စက်မှုကို ပို၍ပင် ထင်ရှားစေသည်။ သူက ချင်ယွင်ကို အော်ပြောလိုက်သည်" ချင်ယွင် ၊ ငါ့နှလုံးသားထဲက အမုန်းတရားတွေကို ဖွင့်ထုတ်ဖို့အတွက် မင်းကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်တယ်!"
ဟိန်းဟောက်သံက မြောက်ပိုင်း မြို့တော်တစ်ခုလုံးကို ပဲ့တင်ထပ်ကာ တုန်လှုပ် သွားပုံရသည်။
အခန်း (၃၁၀) သိုင်းဧကရာဇ်တပါး၏ပေါက်ကွဲလက်သီး။
သိုင်းဧကရာဇ်တစ်ပါး၏အငွေ့အသက်သည် ခြံဝင်းတစ်ခုလုံးကို ဖြတ်ကျော်ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိဝါးတောများ၊ သဲများနှင့် ကျောက်တုံးများ လွင့်စင်ကာ ကောင်းကင်ပြင်အနှံ့ သစ်ရွက်များလည်း လွင့်ပျံသွားကြသည်။
ချင်ယွင်သည် လေထဲတွင်ရပ်နေကာ တွင်းနက်ကြီးထဲမှ မြင့်တက်လာသည့် ဒန်ထျန်းချန်ကို ငုံ့ကြည့်နေပြီး သူ့မျက်လုံးများက ဘယ်သောအခါမှ ယိမ်းယိုင်သွားခြင်း မရှိခဲ့ပေ။ (ချီတုံချတုံမဖြစ်ဘဲ ယုံကြည်မူအပြည့်ရှိသည်ဟုဆိုလို)
ဤအဆင့်ချိုးဖြတ်မှုက သူ့ကို ကြီးစွာသည့် ရိတ်သိမ်းမှုကို ရရှိစေခဲ့သည်။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားပုံ ရသည်။ ယခုအချိန်မှာ သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေပါပြီ။ ၎င်းသည် သာမန်အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများနှင့်ပင် လုံးဝ မသက်ဆိုင်တော့ပေ။
သူ့အရေပြား၏ မာကြောမှုသည်လည်း ထိတ်လန့်တုန်လှုပ်ဖွယ် အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။ ၎င်းသည် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ်လုနီးပါး ဖြစ်နေပါသည်။ ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့် သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်ပစ္စည်းအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ဤသာမန်ကျွမ်းကျင်သူများသည် ချင်ယွင်ကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် အစောပိုင်းလေးက ဒန်ထျန်းချန်သည် သူ၏ပြိုင်ဘက်အပေါ် အထင်သေးမူကို ချင်ယွင်က အခွင့်ကောင်းယူကာ အခြေအနေကို မိမိရရဖမ်းဆုပ်ပြီး တိုက်ခိုက်လာသည့် အခါတွင် သူ့မှာ တုံ့ပြန်ရန်ခွန်အား လုံးဝမရှိတော့ပေ။
သို့သော်လည်း သိုင်းဧကရာဇ်တစ်ပါး သန်မာနေရခြင်း၏ အကြောင်းရင်းမှာ သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုကြောင့် မဟုတ်ဘဲ ပြည့်စုံသော သဘော တရားစွမ်းရည်များအပေါ် ထိုးထွင်းသိမြင်မူ ဉာဏ်အလင်းကို ဖမ်းဆုပ် ထားနိုင်ခြင်း ကြောင့် ဖြစ်ပြီး သူ၏ရှေ့ရှိ ဒန်ထျန်းချန်သည် သတ္တု၏ မာကျောမှု သဘောတရားကို လုံးလုံး ဆုပ်ကိုင်ထားသည်။
ချင်ယွင်၏ နောက်ဆုံး လက်သီးချက်သည် လေးလံပြီးပြင်းထန်ပုံရသော်လည်း ဒန်ထျန်းချန်ကို ထိခိုက်စေခြင်း မရှိခဲ့ပေ။
သူလဲကျသွားသည့်အခိုက်တွင်၊ ဒန်ထျန်းချန်သည် သူ့တစ်ကိုယ်လုံးကို ရွှေ၏မာကျောမူ အလွှာဖြင့် ဖုံးအုပ်ထားပြီး သူ၏တကိုယ်လုံးကို လုံးလုံးလျားလျား ရစ်ပတ်ထားသည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို အမှန်တကယ် မထိခိုက်စေနိုင်ခဲ့ပေ။
ထိုအချိန်တွင် ဒန်ထျန်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် သဘောတရားစွမ်းရည်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ္တု အငွေ့အသက်သည် ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ ခမ်းနား ထည်ဝါသော ကြယ်ရောင်မြစ်တစ်စင်းကဲ့သို့ သူ၏ပတ်ဝန်းကျင်တစ်လျှောက် ရွှေရောင်အလင်းတန်းများ ခမ်းနားထည်ဝါစွာ လင်းလက်တောက်ပနေသည်။
"ဒီနေ့ မင်းကို သတ်မယ်"
ဒန်ထျန်းချန်၏မျက်နှာသည် အလွန်ရက်စက်ကြမ်းကြုတ်နေ၏။ သူ၏ဆံပင်များက ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ၏ ၀တ်ရုံများသည် သွေးများဖြင့် စွန်းထင်းနေသည်။ သူသည် လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေဟာနယ်ထဲသို့ လှမ်းဝင် လိုက်သည်။
သူ့ခြေဖဝါးအောက်က လေထုက ရွှေရောင်လှိုင်းများနှင့်အတူ တသိမ့်သိမ့် လှုပ်ရှား နေပုံရပြီး သူ့ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ချင်စိတ်က ယခုအချိန်မှာ ကွင်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
"ဒါက သိုင်းဧကရာဇ်တစ်ပါးရဲ့ အစစ်အမှန် စွမ်းအားလား? ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ!" ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲများသည် ရွှေရောင် တိမ်တိုက်များပေါ် လျှောက်လှမ်းနေပုံရသော ဒန်ထျန်းချန်ကို ကြည့်ပြီး သူတို့ မျက်နှာများပေါ်တွင် ရိုသေလေးစားမှု ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင်၊ ဒန်ထျန်းချန်မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်သည် သူတို့၏အသက်ကို ဒန်ထျန်းချန်၏ လက်ထဲတွင် ဆုပ်ကိုင် ခံထားရသကဲ့သို့ ခံစားလာရသည်။ အကယ်၍ ဒန်ထျန်းချန်သာ ဆန္ဒရှိမည်ဆို သူတို့အားလုံးသည် လုံးလုံး ကြေမွသွားလိမ့်မည်။
ချင်ယွင်သည် လေထဲတွင်ရပ်နေကာ သူ၏ခန္ဓာကိုယ်သည် မိုးပြာရွှေရောင် ရောင်စုံ အလင်းတန်းများဖြင့် တောက်ပနေဆဲ ဖြစ်သည်။ သတ်မှတ်ထားသည့် အဆင့်သို့ ရောက်သောအခါတွင် ဤမိုးပြာရွှေရောင် ရောင်စုံအလင်းရောင်သည် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲစေတတ်သော စွမ်းအားများ ရှိနေပုံရသည်။ ယခုအချိန်တွင်၊ သူသည် လူယောင်ဆောင်ထားသည့် အဆင့်ငါးဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
"ဟမ့်၊ ဒီနေ့ သိုင်းဧကရာဇ်နယ်ပယ်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရအောင်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့်ဆန္ဒများ ထွက်ပေါ်လာပြီး အလင်းတန်း တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ဒန်ထျန်းချန်ဆီသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ချင်ယွင်၏ မိုးပြာရွှေရောင်လက်သီးသည် ဒန်ထျန်းချန်မှ ဖန်တီးထားသော ရွှေရောင် တံတိုင်းထဲသို့ ပြင်းထန်စွာ ရိုက်ချိုးလိုက်သည် ။ ရွှေရောင်တံတိုင်းကြီးသည် ချက်ချင်းပင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသော်လည်း ပြိုကွဲသွားခြင်းမရှိခဲ့ပေ။
"ဟား၊ ဟား၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့ရွှေရောင်အလင်းတန်းကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့သေခြင်းတရားကို နာခံပြီး စောင့်နေလိုက်တော့!" ဒန်ထျန်းချန်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ချက်ခြင်း ပေါ်လာသည်။ သူ့လက်ထဲတွင် ကြီးမားသော ရွှေဓားကြီးတစ်ချောင်း ပေါ်လာပြီး ချင်ယွင်ဆီသို့ အညှာအတာကင်းမဲ့စွာ ခုတ်ပိုင်းလိုက်သည်။
ချွင်!
ချင်ယွင်၏ လက်သီးသည် ရွှေဓားကြီးနှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး ခေါင်းလောင်းသံ ကဲ့သို့ ကြောက်စရာကောင်းသော သက်ရောက်မှုအသံကို ဖြစ်စေသည်။
ဒန်ထျန်းချန်၏ဧရာမဓားကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည် ။
"ဘုန်း!"
ချင်ယွင်သည် နောက်တစ်ကြိမ် ထပ်မံထိုးလိုက်သော်လည်း လေထဲတွင် သိပ်သည်းထားသည့် ရွှေရောင်တံတိုင်းကြီး၏ ပိတ်ဆို့တားဆီးမူကို ခံထားရဆဲဖြစ်ပြီး ဒန်ထျန်းချန်ကို အနည်းငယ်မျှ မထိခိုက်နိုင်ပေ။
သေချာသည်မှာ၊ ဒန်ထျန်းချန်၏လက်ထဲမှ ရွှေဓားကြီးသည်လည်း ဆက်တိုက် ဝှေ့ယမ်း နေသော်လည်း ချင်ယွင်ကို ထိခိုက်စေခြင်း မရှိနိုင်သေးပေ။ ယခုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်အမင်းထူးခြားသည့် အနေထားမျိုးဖြစ်နေပြီး ဒန်ထျန်းချန်၏ ရွှေဓားကြီးကပင် ချင်ယွင်ကို လုံးဝမထိခိုက်စေနိုင်ခဲ့ပေ။
ထို့ကြောင့် သူတို့နှစ်ဦးသည် အချင်းချင်း တိုက်ခိုက်နေကြသော်လည်း နှစ်ဖက်စလုံးက တစ်ဖက်နှင့်တဖက် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။
တစ်ဖက်မှာ သူ၏ခန္ဓာကိုယ်သည် စိန်တုံးကဲ့သို့ ခိုင်ခံ့မာကြောနေပြီး နောက်တစ်ဖက် မှာတော့ စိန်အလင်းအကာကွယ်က သူ့ကို ဒဏ်ရာလုံးဝမရအောင် စွမ်းဆောင်ပေးထားခြင်း ဖြစ်နေသည်။
" ချင်ယွင် မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်ပါ။ မင်းရဲ့ခန္ဓာကိုယ်က သန်မာသလား၊ ငါ့ရဲ့ဓားကပဲ မာကြောသလား ငါကြည့်ချင်မိတယ်" ဒန်ထျန်းချန်က အော်ပြောလိုက်သည်။
ထိုအချိန်မှာ သူ့လက်ထဲမှဓားကြီးသည် တုန်ခါသွားသည်။ ၎င်းသည် ချက်ချင်းပင် လေထဲတွင် ပိုကြီးလာပြီး ပေတစ်ရာရှည်သော ဓားရှည်ကြီးတစ်ချောင်း ဖြစ်လာသည်။ ဧရာမဓားရှည်ကြီးသည် ကြီးမားသော ရွှေရောင်ဂျင်ကြီးကဲ့သို့ လေထဲတွင် လျင်မြန်စွာ လှည့်ပတ်သွားသည်။
ဧရာမဓားကြီးသည် ရွှေတောင်ကြီးနှင့်တူပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
ဓားကြီး၏ဓားသွားသည် လေထုကိုပွတ်တိုက်ကာ လှပသည့် မီးပန်းမီးရူး တစ်ခု ဖြစ်လာသည်။ ဓားကြီး၏ချွန်ထက်သော ထိပ်ဖျားသည် ချင်ယွင်ဆီသို့သာ ပျံသန်းသွားခဲ့ပြီး၊ ၎င်းသည် သူ့ကို မြေကြီးပေါ်တွင် သံမှိုဖြင့် အသေရိုက်နှက်ထားလိုသည့် အတိုင်း ပျံသန်းသွားခဲ့လေသည်။
ချင်ယွင်သည် ဧရာမဓားကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရ သည်။ ဤအခိုက်အတန့်တွင် သူ့ကိုယ်ပေါ်ရှိ မိုးပြာရွှေရောင် အလင်းတန်းများသည် သူ၏ လက်ဖဝါးပေါ်သို့ ချက်ခြင်းပင် စုစည်းရောက်ရှိလာသည်။
ထိုနောက် လူတိုင်းသည် အလွန်ပြောဆိုလို့ရသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက် ရပါသည်။ ချင်ယွင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေဓားကြီးထိပ်ကို တားဆီးပိတ်ဆို့ကာ ပြတ်သားစွာဖြင့် ရိုက်ထုတ်လိုက်သည်။
ဧရာမရွှေဓားကြီးသည် သူ၏လက်ဖဝါးရိုက်ချက်အောက်တွင် လျင်မြန်စွာ လည်ပတ် သွားပြီး တောက်ပသည့် မီးပွားမီးလျှံများ တစ်ခုပြီးတစ်ခု ဖန်တီးထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်နှာပေါ်တွင် နာကျင်သောအမူအရာ တစ်ခုပေါ်လာသည်။ ကြီးမားသော ဖိအားကြောင့် သူ၏ခြေထောက်များပင် အနည်းငယ် ကွေးညွတ်သွားရသည်။ သို့သော်လည်း ဧရာမဓားကြီးသည် အရူးအမူး လှည့်ပတ်နေသေးသည်။ ဓား၏ ချွန်ထက်သော ထိပ်ဖျားသည် လောင်ကျွမ်းနေပြီး ကြက်သွေးရောင်အနီရောင်သတ္တုက ချင်ယွင်၏ လက်ဖဝါးကို ပွတ်တိုက်သွားသည်။
"ဟား၊ ဟား၊ ငရဲကိုသွားလိုက်တော့ချင်ယွင်!" ဒန်ထျန်းချန်သည် ကျယ်လောင်စွာ ရယ်မောပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
သူ၏လက်ထဲတွင် ရွှေရောင်ဓားရှည်တစ်ချောင်းကို သိပ်သည်းကာ ချင်ယွင်၏ မျက်လုံးများဆီသို့ ထိုးလိုက်သည်။
မှန်ပါသည်၊ ချင်ယွင်၏အသားအရေည် မည်မျှပင် မာကျောနေပါစေ သူ၏မျက်လုံးတွေက အမြဲတမ်း အကာကွယ်မဲ့ ဖြစ်နေသည်မို့ သူ၏ရည်ရွယ်ချက်က ချင်ယွင်၏ မျက်လုံးတွေကို ဓားဖြင့်ထိုးပြီး ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ဖို့ ဖြစ်သည်။
စူးရှသော ဓားအလင်းသည် ချင်ယွင်၏ မျက်လုံးများဆီသို့ တိုက်ရိုက် ကျရောက်လာသည်။ ထက်ရှသောဓားချီသည် ချင်ယွင်၏မျက်လုံးများကို နာကျင်စေသည်။
"အား!"
ချင်ယွင်က အော်လိုက်သည်။ ပေါက်ကွဲလျှပ်စီးစွမ်းရည် သဘောတရား၏ စတုတ္ထအဆင့် ဒေါသပေါက်ကွဲသည့် အခြေအနေသည် တခဏအတွင်း အသက်ဝင်လာသည်။ လင်းလက်နေသော အနက်ရောင်လျှပ်စီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ကိုယ်ပေါ်ရှိ မိုးပြာရွှေရောင် ရွှေရောင်စုံ အလင်းတန်း များသည် ချက်ချင်းပင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် သူ၏မျက်လုံးများလည်း မည်းမှောင်သွားသည်။ သို့သော် အနက်ရောင် အတွင်း၌ ရွှေရောင်သူငယ်အိမ်ရှိနေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
"ဘုန်း!"
ချင်ယွင်သည် သူ၏လက်များကို ချက်ခြင်းပင် ခွန်အားစိုက်ထုတ်လိုက်ပြီး ကောင်းကင်ယံတွင် လျင်မြန်စွာ လည်ပတ်နေသော ဧရာမရွှေဓားကြီးသည် ချက်ချင်းပင် ကြေမွ ပေါက်ကွဲသွားလေသည်။ ထို့နောက် သူသည် ဒန်ထျန်းချန်သိပ်သည်းပြီး သူ့ဆီထိုးစိုက်လာသော ရွှေရောင်ဓားကို ဖမ်းဆုပ် ကိုင်လိုက်သည်။
"ဖျစ်၊ ဖျစ်!"
ရွှေဓားသည် ချင်ယွင်၏လက်ဖြင့် ချက်ချင်းပင် ကျိုးသွားသည်။
"အယ်!"
ဒန်ထျန်းချန်၏မျက်နှာသည် အံ့အားသင့်သည့်ဟန်ပန် ချက်ချင်းထွက်ပေါ်လာသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်၏ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။ အနက်ရောင်နှင့် ရွှေရောင်အလင်းတန်းများ လင်းလက်တောက်ပနေသည့် သူ၏လက်သီးက ဒန်ထျန်းချန်တကိုယ်လုံးကို ပျံ့နှံ့သွားသည့် ကြီးမားသော စွမ်းအင်ပမာဏကို ထုတ်လွှတ်လိုက်သည်။
"ဟား၊ ဟား၊ မင်းက ငါ့ရဲ့အကာအကွယ် ရွှေရောင်အလင်းတန်းကို ဖြတ်ကျော်နိုင်မှာတဲ့လား" ဒန်ထျန်းချန်က ကျယ်လောင်စွာ ရယ်မောပြီး ရွှေရောင်တံတိုင်း တစ်ခုကို ဖန်တီးရန် သူ၏ ရွှေစွမ်းရည်ကို အသုံးပြုလိုက်သည်။
"ဟုတ်လား?"
ချင်ယွင်က ရယ်မောလိုက်ရင်း ရွှေရောင်အလင်းတန်းတံတိုင်းထဲသို့ ကြောက်မက်ဖွယ် ခွန်အားပါဝင်သည့် သူ၏လက်သီးကို ထိုးဖောက်လိုက်သည်။
"ဘုန်း ဘုန်း !"
ရွှေရောင်အလင်းတန်းတံတိုင်းက ချက်ခြင်း ပြိုကျသွားသည်။
ထိုအချိန်တွင် ဒန်ထျန်းချန်၏ မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။
သို့သော် သူ၏မျက်နှာပေါ်ရှိ မယုံကြည်နိုင်သည့်အမူအရာ လုံး၀ ဖြစ်ပေါ်မလာသေးခင် ချင်ယွင်၏ လက်သီးသည် ဧရာမတောင်ကြီးပြိုကျသလိုမျိုး သူ၏ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်သည်။
ဒန်ထျန်းချန်၏ရင်ဘတ်သည် ချက်ချင်းပင် ထိုးဖောက်သွားခဲ့ပြီး ချင်ယွင်၏ လက်သီးသည် ဒန်ထျန်းချန်၏ ခန္ဓာကိုယ်မှတဆင့် တိုက်ရိုက်ထိုးဖောက်ကာ အပြင်ထွက်သွားသည်။
"ဘယ်လို...ဘယ်လိုဖြစ်နိုင်မှာလဲ"
ဒန်ထျန်းချန်၏သူငယ်အိမ်များသည် အလွန်အမင်း ပြူးကျယ်လာပြီး သူ၏မျက်နှာသည် အလွန်အမင်းနာကျင်မူနှင့်အတူ အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။