အခန်း (၃၁၆-၃၂၀)
Vol. 22 Ch. 316-320
အခန်း (၃၁၆) ရက်စက်ကြမ်းကြုတ်သောမင်းသမီး။
"အယ်၊ လာကြလေ၊ မင်းတို့က ဘာလို့ မဝင်သေးတာလဲ။ နန်းတော်အဝင်ဝမှာ ဘာလို့ ရပ်နေရတာလဲ"
ချင်ယွင်နှင့် အစောင့်တပ်မှူးတို့သည် အငြင်းပွားပြီး ထိပ်တိုက်တွေ့နေကြစဉ် နူးညံ့သည့် အသံက ထွက်ပေါ်လာသည်။ ထို့နောက် လက်သွက်ချက်ချာသော ပုံရိပ်တစ်ခုက ချင်ယွင်ဆီသို့ ခုန်ဆင်းလာခဲ့သည်။
ရောက်ရှိလာသူသည် စားသောက်ဆိုင်တွင် သူတွေ့ဖူးသော ဆယ့်သုံးယောက်မြောက် မင်းသမီးမှလွဲ၍ အခြားသူ မဟုတ်ပေ။
သူမနောက်မှာ ဆံပင်ဖြူ အဘွားကြီးတစ်ယောက်ပါသည်။ ဆံပင်ဖြူ အဘွားကြီး၏ ခြေလှမ်းများသည် မြန်သည်ဟုလည်း မဆိုသာသလို နှေးသည်ဟုလည်းမဆိုနိုင်ပေ။ သူမသည် ဆယ့်သုံးယောက်မြောက် မင်းသမီးနှင့် ခြေတစ်လှမ်းသာ ကွာဝေးသည်။ သူမ၏ မျက်လုံးများသည် တိမ်များကဲ့သို့ ညှို့မှိုင်းနေကာ လူများကို ငိုက်မျဉ်းလိုသည့် ခံစားချက်မျိုး ပေးသည်။ သူမ၏အဝတ်အစားကိုကြည့်ပြီး သူမသည် ဆယ့်သုံးမြောက် မင်းသမီး၏ အစေခံဖြစ်သင့်သည်။
သို့သော် ဤဆံပင်ဖြူအဘွားကြီး၏ ကျင့်ကြံမှုအဆင့်သည် သိုင်းဧကရာဇ် နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ချင်ယွင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
ချင်ယွင်က သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိပါသည်။ အင်ပါယာမိသားစုသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်သည်။ အခြားသော အင်အားစုများအတွက် သိုင်းဧကရာဇ် တစ်ပါးကို မွေးထုတ်ပေးရန်ပင် အလွန်ခက်ခဲပါသည်။ ဤအင်ပါယာ မိသားစုသည် အမှန်တကယ်ပင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် အစေခံအဖြစ် ရှိနေခဲ့သည်။
သို့ရာတွင်၊ ယင်းက ဆယ့်သုံးယောက်မြောက်မင်းသမီးလေးသည် ဧကရာဇ်ဒါယန်း၏ အချစ်တော်ဟု နာမည်ကျော်ကြားမှုအဖြစ်လည်း ရှုမြင်နိုင်ပြီး၊ ဧကရာဇ်မင်းမြတ်သည် အမှန်တကယ်ပင် သူမကို ကာကွယ်ရန်အတွက် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို စီစဉ်ပေးထားသည်။
ဆယ့်သုံးယောက်မြောက် မင်းသမီး၏ထွက်ပေါ်လာမူက လူတိုင်း၏မျှော်မှန်းချက်ထက် ကျော်လွန်သွားခဲ့သည်။ အထူးသဖြင့် တံခါးစောင့်တပ်မှူးသည် သူ၏အမူအရာ ချက်ချင်း ပြောင်းသွားသည်။ သူက ကမန်းကတန်း ဒူးထောက်ပြီး ဦးညွှတ်ကာ "တပ်မှူးဝမ်ချွန်က မင်းသမီး(၁၃)ကို နှုတ်ဆက်ပါတယ်။" ဟု ဂါရဝပြု နှုတ်ဆက်လိုက်ရသည်။
"မလိုဘူး။ မလိုဘူး" ဆယ့်သုံးယောက်မြောက် မင်းသမီးလေးက သူမ၏လက်ကို ဂရုမစိုက်ဟန်ဖြင့် ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ ပြေးသွားခဲ့သည်။ သူမက ချင်ယွင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "နင် ဒီကိုရောက်လာပြီဆိုမှတော့ သွားကြရအောင်။ ငါ့နောက်ကနေ နန်းတော်ထဲ လိုက်ခဲ့!"
ချင်ယွင် အံ့ဩသွားသည်။ သူသည် ဆယ့်သုံးယောက်မြောက် မင်းသမီးကို တစ်ကြိမ်သာ မြင်ဖူးပြီး တွေ့ဆုံမှုမှာလည်း အလွန်အဆင်မပြေသည့် အခြေအနေမျိုး ဖြစ်သည်။
ပိရှစ်သိုင်းမြို့စား၏ အဆိုအရ၊ ဤဆယ့်သုံးယောက်မြောက် မင်းသမီးလေးသည် ရက်စက်ကြမ်းကြုတ်ပြီး စိတ်သဘောထား ဆိုးသွမ်းသူ ဖြစ်သည်။ အခု သူ့ကို ရက်ရက် စက်စက် မဆက်ဆံသင့်ပေဘူးလား။ ယခု သူမက ဘာကြောင့် သူ့ကို အလွန်ရင်းနှီးဟန်ဖြင့် သရုပ်ဆောင်နေရတာလဲ?။
ချင်ယွင်သည် သူမထံမှ အဖြေကိုလိုချင်ဟန်ဖြင့် ပိရှစ်သိုင်းမြို့းစားကို လှည့်ကြည့် လိုက်သော်လည်း ပိရှစ်သိုင်းမြို့စားလည်း ဘာမှနည်းလည်ပုံမရချေ။ (မင်းသမီး(၁၃)ဟု အလွယ်တကူ သုံးနှုန်းပါမည်။)
သို့သော်လည်း မင်းသမီး(၁၃)က သူ့ကို နန်းတော်ထဲသို့ ဆွဲခေါ်ပြီဆိုကတည်းက သူလည်း လှုပ်ရှားစရာမလိုတော့ပေ။ ထို့ကြောင့် ချင်ယွင်သည် သဘာဝအတိုင်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် မင်းသမီး(၁၃)က သူ့ကို နန်းတော်ထဲသို့ ဆွဲခေါ်သည်ကို ခွင့်ပြုလိုက်သည်။
မင်းသမီး(၁၃)က ချင်ယွင်ကို နန်းတော်ထဲကို ဆွဲခေါ်သွားသည်ကို မြင်လိုက်ရလျှင် တပ်မှူး၏ အမူအရာက ချက်ချင်း ပြောင်းသွားသည်။ သူ အမြန်ထရပ်လိုက်ပြီး မင်းသမီး(၁၃)ကို တားလိုက်သည် “မင်းသမီး၊ ဧကရာဇ်မင်းမြတ် ဒါယန်းက အမိန့်ရှိပါ တယ်။ နန်းတော်ထဲကို ဝင်လာသူတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုကို ခံယူရပါမယ်။ ဒီလူက စောစောက စုံစမ်းစစ်ဆေးမှုမှာ မပူးပေါင်းခဲ့ပါဘူး။ သူက …….. ဖြစ်နိုင်ချေ များ…”။
"ဟမ့်၊ ထွက်သွားစမ်း!" မင်းသမီး(၁၃)က တံခါးစောင့်တပ်မှူးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး သူပြောလာမည့်စကားကို တိုက်ရိုက် ကြားဖြတ် အနှောင့် အယှက်ပေး လိုက်သည်။ တံခါးစောင့်တပ်မှူးသည် ကန်ထုတ်ခံရပြီး သူ့အမူအရာက ရှက်ရွံ့နေ သော်လည်း ဒေါသအရိပ်အယောင်ကို ထုတ်မပြဝံ့ပါဘူး။
မင်းသမီး(၁၃)နောက်ကွယ်မှ အဘွားကြီးသည် ရည်ရွယ်ချက်ဘဲ ရှိ၍လား သို့မဟုတ် မရည်ရွယ်ဘဲလား သူ မသိချေ။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်ကို သူတွေ့မြင်လိုက်ရပြီး အကြောက်တရားက ဝင်ရောက်လာကာ သူ၏ နဖူးပေါ်မှ ချွေးအေး များပင် စီးကျလာနေသည်.။
"ဟမ့် ၊ ငါ ထပ်ပြောမယ် ၊ ဒီလူက ငါရှာနေတဲ့လူပဲ၊ သူ့ကို စစ်ဆေးဖို့ မင်းအလှည့် မကျသေးဘူး၊ မင်း ငါ့ကို ထပ်ပြီးတားရင် မင်းကို ငါ အရင်သတ်ပစ်မယ်၊ ပြီးတော့ မင်းက ငါ့ကို မရိုမသေလုပ်တယ်ဆိုပြီး ခမည်းတော်ဧကရာဇ်ထံ အစီရင်ခံမယ်။" မင်းသမီး(၁၃) သည် တံခါးစောင့်တပ်မှူးကို စူးစူးစိုက်စိုက်စိုက် ကြည့်ပြီးနောက် ချင်ယွင်ကို နန်းတော်ထဲသို့ ဆွဲခေါ်သွားသည်။
ပိရှစ်သိုင်းမြို့းစား နှင့် ဆံပင်ဖြူအဘွားအိုတို့သည် သဘာဝအတိုင်း နောက်မှ အနီးကပ် လိုက်သွားကြသည်။
တံခါးတပ်မှူးသည် မင်းသမီး(၁၃)၏ အပြင်းအထန် ပြစ်တင်ရှုတ်ချမူကို ခံရသည်။ သူမကို တားဖို့အတွက် သူ့မှာ မည်ကဲ့သို့ သတ္တိရှိမည်နည်း ။ သူသည် ဘေးမှာရပ်ပြီး ဒေါသကိုလည်း မပြဝံ့ပေ။ သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူသည် ဤကိစ္စကို ဂရုမစိုက်ဘဲ မနေရဲပါဘူး။ သူသည် ဤကိစ္စကို နဝမမင်းသားထံ တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့တိုင်ကြားရုံသာ တတ်နိုင်ခဲ့သည်။
ချင်ယွင်ကို မင်းသမီး(၁၃)က ဆွဲထုတ်သွားပြီးနောက် နန်းတော်တံခါးသုံးခုကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။ တစ်လမ်းလုံးနီးပါး အတားအဆီးမရှိတော့။ ဒီဘွာတော် ဆိုးလေးကို အကာအရံအဖြစ်ရှိနေမှတော့ မည်သူက အမှားလုပ်ဝံ့မည်နည်း။
ဤဘွာတော်ဆိုးလေး၏ စကားများသည် ဟာသတစ်ခု မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။
တစ်ချိန်တုန်းက မင်းသမီး(၁၃)ကို ဒေါသဖြစ်စေခဲ့သည့်အတွက် မင်းသမီး(၁၃) နောက်ကွယ်မှ အဘွားအို၏ သတ်ဖြတ်ခြင်းခံခဲ့ရသော နဝမအဆင့် ကောင်းကင် အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် စစ်သူကြီးတစ်ဦးပင် ရှိခဲ့ဖူးသည်။
ထို့နောက် မင်းသမီး(၁၃) သည် ဤကိစ္စကို တော်ဝင်ရန်ဧကရာဇ်မင်းမြတ်ထံ အစီရင်ခံ သည်။ တော်ဝင်ရန်ဧကရာဇ်မင်းမြတ်သည် မင်းသမီး(၁၃)အား အပြစ်မပေးရုံသာမကဘဲ မင်းသမီး(၁၃)ကို ဒေါသထွက်စေခဲ့သော စစ်သူကြီး၏ မိသားစုတစ်ခုလုံးကိုလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။
ထိုအချိန်မှစ၍ မင်းသမီး(၁၃) ၏ ဂုဏ်သတင်းသည် လုံးဝပျံ့နှံ့သွားခဲ့သည်။ သူတို့ရှေ့မှာရှိသည့် ဤဘွာတော်ဆိုးလေးကို မည်သူကမှ ရန်မစရဲတော့ပါဘူး။ အကယ်၍ သူတို့ သူမကိုတွေ့လျှင်ပင် ရှောင်သွားကြလိမ့်မည်။ အကယ်၍ သူမကို မရှောင်နိုင်ခဲ့လျှင် သူတို့၏ ဘိုးဘေးတွေအလား သူမကိုဆက်ဆံပြီး သူမကို တာဝန်ထမ်းဆောင်ရသည်။ သူမ မပျော်မရွှင်ဖြစ်မည်ကို အလွန် စိုးရိမ်ကြသည်။
ချင်ယွင်သည် မင်းသမီး(၁၃)သို့ လိုက်ပါသွားရင်း နောက်ဆုံးတွင် ဆိတ်ငြိမ်သော အင်ပါယာဥယျာဉ်သို့ ရောက်ရှိလာခဲ့သည်။
ချင်ယွင်သည် သူမ၏ အကူအညီအတွက် မင်းသမီး(၁၃)ကို ကျေးဇူးတင်ကြောင်း စကား ပြောတော့မည့်အခိုက် မင်းသမီး(၁၃)၏ ရုတ်တရက် အေးစက်စက်အော်ပြောသံကို ကြားလိုက်ရသည်။
"အဘွားဝမ်၊ လုပ်လိုက်တော့"။
မင်းသမီး(၁၃)က တိုက်ရိုက် အမိန့်ပေးပြီးနောက် ချင်ယွင်သည် သူ၏နောက်မှ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် လေပြင်းတချက်ကို အရူးအမူး ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရသည်။
"လခွမ်း၊ မင်းရဲ့ ကရုဏာကလည်း အပြောင်းအလဲ မြန်လိုက်တာ!"
ချင်ယွင် အံ့သြသွားလေသည်။ သူသည် မည်သည့်အရာကိုမှ ဆက်မတွေးနိုင်ခင်မှာပင် သူ၏ လက်ဖဝါးမှ မိုးပြာရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ သူက ချက်ချင်း လက်ဖဝါးတချက် ရိုက်ထုတ်လိုက်ရပြီး သူ့နောက်မှာ ဆံပင်ဖြူအဘွားကြီး၏ လက်ဖဝါးနှင့် ထိပ်တိုက်ဆုံမိသွားသည်။
"ဘုန်း !"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နှစ်ဖက်စွမ်းအားက အချင်းချင်း တိုက်မိပြီး လေထဲတွင် လှပသော ရေလှိုင်းများကဲ့သို့ ပြန့်ကျဲ သွားခဲ့သည်။
အဘွားကြီး၏ရုပ်အသွင်အပြင်သည် လုံးဝ လှုပ်ရှားသွားခြင်းမရှိဘဲ ချင်ယွင်သည် ခြေလှမ်း ဆယ်လှမ်းထက်ပို၍ နောက်ပြန် ဆုတ်ခဲ့ရသည်။ သူ၏နောက်မှာရှိနေသည့် စင်မြင့်တစ်ခု၏ ကျောက်စာတိုင်ကို ဝင်တိုက်မိသွားသည်။ ကျောက်စာတိုင်သည် ချက်ချင်းဆိုသလို အက်ကွဲကြောင်းတွေနှင့် ဖုံးလွှမ်းသွားခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ပြိုကျသွားခြင်းတော့ မရှိပေ။
"အယ်!" သစ်တုံးကဲ့သို့ တချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ဆံပင်ဖြူအဘွားကြီးသည် နောက်ဆုံးတွင် အလွယ်တကူ အသံထွက်လာခဲ့သည်။ သူမ၏ နဂိုက အုံ့မှိုင်းနေသည့် မျက်လုံးများသည်လည်း အလင်းတစ်ချက်နှင့်အတူ လင်းလက်သွားခဲ့သည်။
သေချာသည်မှာ၊ သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည့် ဤလူငယ်သည် သူမ၏ လက်ဖဝါးရိုက်ခြင်းကို အမှန်တကယ် ခုခံနိုင်လိမ့်မည် ဟု သူမ မျှော်လင့်မထားမိသည်မှာ ထင်ရှားပါသည်။
"မင်းသမီး(၁၃) ၊ ဒါက ဘာသဘောလဲ။" မင်းသမီး(၁၃)နှင့် သူမဘေးနားရှိ အဘွားအိုကို ကြည့်ရင်း ချင်ယွင်၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားသည်။
ပိရှစ်သိုင်းမြို့းစားသည် ဤရုတ်တရက် မြင်ကွင်းကြောင့် အံသြသွားသည်။ သို့သော် သူမ လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူမသည် လျင်မြန်စွာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ချင်ယွင်နှင့် မင်းသမီး(၁၃)ကြားတွင် ရပ်ကာ ပြောလိုက်သည် "မင်းသမီး(၁၃)၊ အဲဒီနေ့က တည်းခိုခန်းမှာ မင်းသမီးကို ကျွန်မတို့က စော်ကားမိခဲ့တယ်။ ဒါပေမယ့် မင်းသမီးက ရုတ်တရက် တိုက်ခိုက်မယ်ဆိုတာ ကျွန်မတို့က မသိခဲ့ဘူးလေ။ အဲဒါကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့တာ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို အများကြီး သက်ညှာပေးပါ မင်းသမီး။"
မင်းသမီး(၁၃)သည် ပိရှစ်သိုင်းမြို့းစား ၏စကားကိုကြားပြီး ပိရှစ်သိုင်းမြို့းစားကို ကြည့်သည်။ ထို့နောက် သူမက ပိရှစ်သိုင်းမြို့စား၏ နောက်ကွယ်မှ ချင်ယွင်ကို စိုက်ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ အဲဒီနေ့က ငါ့ဓားကို သူချိုးလိုက် ပြီး ငါ့ကိုတောင် ဒဏ်ရာရစေခဲ့တယ်၊ ဘာဘဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ သူ့ကို လျော်ကြေး ပေးစေချင်တယ်"
"ကောင်းပြီ၊ မင်းသမီးလေးကို ဓားကောင်းတစ်လက် ကျွန်မ လျော်ပေးမယ်ဆိုရင်ရော ။" ပိရှစ်သိုင်းမြို့စားက ပြုံးပြီး သူမ၏ သိုလှောင်အိတ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ယူ ချင်ခဲ့သည်။
"ဟမ့်၊ အင်ပါယာတစ်ခုလုံးရဲ့ မင်းသမီးလေးတစ်ပါးက ဓားတစ်ချောင်းကို ဂရုစိုက်မှာ တဲ့လား" မင်းသမီး(၁၃)က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆို မင်းသမီးက ဘယ်လို လျော်ကြေးမျိုး ပေးစေချင်တာလဲ" ပိရှစ်သိုင်းမြို့စားက မေးလိုက်သည်။
မင်းသမီး(၁၃)သည် ထူးထူးခြားခြား မျက်လုံးများကို လှိမ့်ပတ် ကစားလိုက်သည်။ တခဏကြာ စဉ်းစားဟန်ဖြင့် မှင်သက်သွားပြီးနောက် သူမနှုတ်ခမ်းထောင့်က ပြုံးကာ ပြောလိုက်လေသည် "ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ နင်က ဆယ့်ငါးရက်လောက် ငါ့အစေခံ လုပ်ရမယ်၊ ငါ့အဖေရဲ့ မွေးနေ့ပြီးရင် နင့်ကို လွှတ်ပေးမယ်”
“မရဘူး” ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာရှိသော သားတော်တစ်ပါး ဖြစ်သည်။ သူသည် အခြားသူတစ်ဦး၏ အစေခံအဖြစ် မည်သို့ လွယ်လွယ်ကူကူနှင့် အဖြစ်ခံနိုင်မည်နည်း။ ဆယ့်ငါးရက် မပြောနှင့် တစ်ရက်လေးတောင်မှ သူ လုံးဝ သည်းမခံနိုင်ပါဘူး။ ထို့အပြင် မင်းသမီး(၁၃)၏ စိတ်နေသဘောထားအရဆို ဤဆယ့်ငါးရက်အတွင်း ချင်ယွင်ကို သူမ မည်သို့ ညှဉ်းပန်းနှိပ်စက်မည်ကို မည်သူမှ မသိနိုင်ပေ။
မင်းသမီး(၁၃)က ချင်ယွင်ပြတ်ပြတ်သားသား ငြင်းဆိုသည်ကို ကြားသောအခါ၊ သူမ၏ လှပသော မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက်ထွက်လာသည်။ သူမအနားမှ ဆံပင်ဖြူအဘွားအိုအား ပြောလိုက်သည် " အဘွားဝမ်၊ သူ့ကို ရိုက်နှက်ဆုံးမပြီး သူ့ခြေထောက်တွေကို ချိုးပစ်လိုက်။ သူဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ဒီမင်းသမီးက ကြည့်ချင်တယ်"
ထိုစကားကိုကြားလျှင် ချင်ယွင်၏မျက်နှာက မောက်မာမှုများ ပြန်ပေါ်လာသည်။
သူချင်ယွင်ကရော သူ၏ဂုဏ်သိက္ခာ ဆုံးရှုံးရတာထက် တိုက်ပွဲအတွင်းမှာ သေရတာကို ပိုကြိုက်သူ ဖြစ်သည်။
အခန်း (၃၁၇) ဆဋ္ဌမမင်းသား။
အဘွားကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အငွေ့အသက် ချင်ယွင်ဆီသို့ တိုးဝင်လာသည်။
သူ၏ရှေ့မှာရှိနေသည့် ဤအဘွားအိုကို လေးနက်သောအမူအရာဖြင့် ကြည့်နေစဉ် ချင်ယွင်၏ ခန္ဓာကိုယ်သည် စိမ်းပြာရွှေရောင် ရောင်စုံအလင်းတန်းများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
စစ်ပွဲကြီးတစ်ခုက စတင်ဖြစ်ပွားတော့မည်။
အမှန်တကယ်တော့ ချင်ယွင်လည်း ဤအဘွားကြီးနှင့် မတိုက်ခိုက်ချင်ပါဘူး။
သူသည် ဤအဘွားကြီး၏ ပြိုင်ဘက် ဟုတ်သည် မဟုတ်သည် အသာထား၊ ဤနန်းတော်ထဲ၌ တိုက်ခိုက်ခြင်းသည် ကြီးမားသော ရုန်းရင်းဆန်ခတ်မူကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ချင်ယွင်အတွက် အလွန်တရာ နစ်နာသွားပေလိမ့်မည်။
သို့သော် ဤ မင်းသမီး(၁၃) ၏ တောင်းဆိုချက်မှာ အလွန် လွန်လွန်းသည်။ သူမအတွက် ဆယ့်ငါးရက် အစေခံဖြစ်ပေးရအောင် သူမက သူ့ကို မည်သူလို့ ထင်နေသနည်း..။
အနီးနားရှိ ပိရှစ်သိုင်းမြို့စားသည်လည်း သူမမျက်နှာပေါ်တွင် စိုးရိမ်သောက ရောက်နေသည့် အမူအယာမျိုး ရှိနေသည်။ ဤသည်မှာ သူမ မမြင်ချင်ဆုံး အခြေအနေ ဖြစ်သော်လည်း ချင်ယွင်၏ စိတ်နေစိတ်ထားကို သူမသိသည်။ သူက ခေါင်းငုံ့ အရှုံးပေးဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဤတိုက်ပွဲကို အခုချက်ချင်း ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မင်းသမီး(၁၃)ကို စိတ်ပြောင်းလဲသွားစေခြင်းပင် ဖြစ်သည်။
ရုတ်တရက် ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများ တောက်ပလာသည်။ သူမက မင်းသမီး(၁၃)ကို ကြည့်ပြီး ပြောလိုက်သည် "မင်းသမီး(၁၃) ၊ မင်းသမီးကို လျော်ကြေးပေးဖို့ နည်းလမ်းကောင်းကို ကျွန်မ စဉ်းစားထားတယ်။ မင်းသမီးကျေနပ်မှာ သေချာပါတယ်"
မင်းသမီး(၁၃) သည် မူလက ချင်ယွင်ကို ဒေါသထွက်နေခဲ့သည်။ ယခု သူမသည် ပိရှစ်သိုင်းမြို့စား၏ စကားကို ကြားလိုက်ရသဖြင့် သူမသည် ချက်ချင်း မယုံကြည်ခဲ့ပေ။ သို့သော်လည်း သူမသည် လှုပ်ရှားတော့မည့် ဘေးနားရှိ အဘွားကြီးအား အရိပ်အမြွက် ပြကာ ပြောလိုက်သည်။
" ဘယ်လိုနည်းလမ်းမျိုးလဲ၊ ဟမ့်..၊ ငါမကျေနပ်ဘူးဆိုရင် သူ့ခြေထောက်တွေကို ချိုးပစ်လိုက်မယ်။ အို၊ မဟုတ်သေးပါဘူး၊ ခြေထောက်သုံးချောင်းနော်"။ (တစ်ချောင်းက ဘာများဖြစ်မလဲဟင်)။
ချင်ယွင်လည်း ပိရှစ်သိုင်းမြို့စားကို အံ့အားသင့်စွာ ကြည့်သည်။ သူ၏ရှေ့တွင် ရှိနေသည့် ဤမင်းသမီးလေးသည် ရက်စက်ကြမ်းကြုတ်ပြီး ဒေါသကြီးလှသည်။ အကယ်၍ သူမကို ကျေနပ်စေချင်သည်ဆိုလျှင် သူ့ကို ရောင်းစားရမှာ မဟုတ်ပေဘူးလား။
သို့သော်လည်း ချင်ယွင်သည် သူ၏ဆုံးဖြတ်ချက်မချမီ ပိရှစ်သိုင်းမြို့စားကို စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။
"ချင်ယွင်က ဆဋ္ဌမမင်းသားရဲ့ ရောဂါကို ကုသပေးနိုင်တယ်လေ။ မင်းသမီး(၁၃)က ဒီလျော်ကြေးကို ကျေနပ်မှု ရှိမရှိ ကျွန်မ သိနိုင်မလား။" ပိရှစ်သိုင်းမြို့စား ပြုံးလိုက်သည်။
"ဘာ ၊ ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ရောဂါကို ကုသပေးနိုင်တာလား" မင်းသမီး(၁၃) သည် အံ့အားသင့်သော အမူအရာကို ထုတ်ပြသည်။ သို့သော်လည်း သူမက သေချာသည့် လေသံဖြင့် အလျင်အမြန် ငြင်းဆိုလိုက်သည် " မဖြစ်နိုင်ပါဘူး၊ ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ ရောဂါက ငါ့ခမည်းတော် ဧကရာဇ်မင်းမြတ်တောင်မှ မကုသနိုင်တဲ့ အရာတစ်ခုပဲ။ ငါ့ခမည်းတော် ဧကရာဇ်မင်းမြတ်က ဒီကမ္ဘာကြီးမှာ နာမည်ကြီးတဲ့ ဆေးတွေကို ရှာဖွေခဲ့ပေမယ့် ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ ရောဂါကို မကုသနိုင်သေးဘူး။ ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ ရောဂါကို သူက ဘယ်လိုလုပ် ကုသပေးနိုင်မှာလဲ
"
'"ဒါမျိုးတော့ တထက်ချ ပြောလို့မရပါဘူး ။ ချင်ယွင်မှာ သူ့ရဲ့ဒဏ်ရာတွေကို အချိန်တိုလေး အတွင်းမှာ ကုသပေးနိုင်တဲ့ အလွန်အစွမ်းထက်ပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပါတယ်။ သူက ဆဋ္ဌမမင်းသားကို ကူညီပေးနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မင်းသမီး(၁၃)က အဲဒါကို မကြိုးစားချင်ဘူးလား။ ?" ပိရှစ်သိုင်းမြို့စားက ပြောသည်။
"တကယ်လား?" မင်းသမီး(၁၃) က သံသယစိတ်ဖြင့် မေးသည်။ သူမက မေးခွန်း ထုတ်လိုက်သည့်အလား ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြောစရာစကား အနည်းအကျဉ်းသာ ရှိပါတော့သည်။
မူလက ပိရှစ်သိုင်းမြို့စားသည် အကြံကောင်းတစ်ခု ရလာသည်ဟု သူထင်ထားခဲ့ သော်လည်း ဆဋ္ဌမမင်းသား၏ရောဂါကို ကုသပေးရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူသည် သူမဒဏ်ရာကို နှစ်ကြိမ်ကုသပေးရုံဖြင့် သူမအမြင်မှာ သူက အံ့ဖွယ်သမားတော် တစ်ဦးအဖြစ် အမှန်တကယ် ပြောင်းလဲခဲ့တာလား။
အသက်သစ်ပင်မှ ပံ့ပိုးပေးထားသည့် အသက်စွမ်းအားသည် ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန်အတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိသော်လည်း ၎င်းသည် အရာအားလုံးကို ကုသနိုင်စွမ်းရှိသည့် နတ်ဆေးမဟုတ်ပေ။
၎င်းသည် သည် ဆေးအကြီးအကဲ၏ လျှို့ဝှက်ဒဏ်ရာများကို ကုသပေးနိုင်ဆဲ ဖြစ်သော် လည်း မိစ္ဆာဆန်သည့် မှော်အတတ်ပညာရပ်များ သို့မဟုတ် ထူးဆန်းသည့် အဆိပ်များကို အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။
ဥပမာအနေဖြင့်၊ ရန်စီချီ၏မိ ခင်သည် ထိုအချိန်တုန်းက ထိတွေ့ခံစားခဲ့ရသည့် မီးပိုး အဆိပ်သည် သူ၏ အသက်စွမ်းအားဖြင့် မချေဖျက်နိုင်သည့် မှော်ဆန်သည့် ရောဂါတစ်ခု ဖြစ်သည်။
ထို့အပြင် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဆဋ္ဌမမင်းသားအတွက် မရေမတွက်နိုင်သော အဖိုးတန် ဆေးဝါးများကို ရှာဖွေခဲ့သည်ဟု မင်းသမီး(၁၃) က ပြောခဲ့သော်လည်း ထိရောက်မှုမရှိသေးပေ။ ဆဋ္ဌမမင်းသား၏ နာမကျန်းဖြစ်မူက သူ့အပေါ်ယံ သူ၏ ဒဏ်ရာတွေလောက် မရိုးရှင်းဘူးဟု ထင်ရပါသည်။
ထို့ကြောင့် ပိရှစ်သိုင်းမြို့စား၏ စကားများသည် အနည်းငယ် အလျင်စလို ဖြစ်နေလွန်း သည်။
သို့သော်၊ ပိရှစ်သိုင်းမြို့စားသည် ထိုစကားများကို ပြောပြီးပြီ ဖြစ်သောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း စင်ပေါ်ကိုတက်ပြီးနောက် ဖြိုဖျက်နိုင်မည် မဟုတ်တော့ပေ။
"ဒဏ်ရာအများစုကို ကုသပေးနိုင်တဲ့ ထူးခြားတဲ့စွမ်းအားကို ငါတကယ် နားလည် သဘောပေါက်ထားပါတယ်။ ဆဋ္ဌမမင်းသားရဲ့ ရောဂါကိုတော့ ငါတစ်ခါမှ မမြင်ဖူးသေးဘူး၊ ဒါကြောင့် ကုသနိုင်ပါတယ်ဆိုပြီး အလောတကြီး ကောက်ချက် မချရဲသေးဘူး။" ချင်ယွင်က မယုတ်မလွန် ပြောလိုက်ရသည်။
ထိုသို့ပြောပြီးနောက်၊ သူသည် ပိရှစ်သိုင်းမြို့စားကို "ကြောက်စရာကောင်းသည့် နတ်ဆိုးမ၊ ကိုယ့်အဖွဲ့ရဲ့ အသင်းဖော်ကို တကယ်ရောင်းစားရက်တယ်" ဟု ပြောချင်သည့်အလား စိုက်ကြည့်လိုက်လေသည်။
ပိရှစ်သိုင်းမြို့စားသည် ဘာမှမသိသလိုဟန်ဆောင်နေ၏။ သူမသည် မြင်းသေ တစ်ကောင်ကို အသက်ရှင်နေသည့် မြင်းတစ်ကောင်အလား ဟန်ဆောင်ထားကာ မြင်းဆရာဝန် တစ်ယောက်ကို ကုသခိုင်းနေခဲ့သည်။ (dead horse as a living horse doctor) (Chinese people often say sima dang huoma yi when they are making a desperate last attempt to rescue a hopeless situation). မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေတစ်ခုကို ကယ်တင်ဖို့ နောက်ဆုံး အသည်းအသန်ကြိုးစားချိန်မှာ တရုတ်လူမျိုးတွေက sima dang huoma yi လို့ ပြောလေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ မြင်းသေတစ်ကောင်ကို အသက်ရှင်နေသေးသည့်အတိုင်း ဆေးကုသရန် ” ဖြစ်သည်။ (အားလုံးနားလည်ရန်အတွက်ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါသည်)။
ချင်ယွင်သည် အားကိုးရာမဲ့နေခဲ့သည်။ ယခုအချိန်တွင် သူသည် အသက်ရှင်နေသော မြင်းဆရာဝန်ကဲ့သို့ သေဆုံးသွားနိုင်သည်။ အကယ်၍ မင်းသမီး(၁၃)၏ အစေခံ အဘွားကြီးကို အမှန်တကယ် တိုက်ခိုက်ခဲ့ပါက ရလာဒ်ကလည်း ပိုကောင်းလာမည် မဟုတ်ပေ။ ထိုသို့တိုက်ခိုက်လိုက်မည်ဆိုလျှင် ချင်ယွင်သည် သေဆုံးသွားနိုင်ဆဲ ဖြစ်သည်။ ဆဋ္ဌမမင်းသား၏ ရောဂါကို ကုသကြည့်နိုင်သေးသည်။ တောက်ပသည့် မျှော်လင့်ချက်အလင်းတန်းတစ်ခု ရှိကောင်းရှိလာနိုင်တယ်။
မင်းသမီး(၁၃)သည်လည်း ချက်ချင်း ဆုံးဖြတ်ချက်မချခဲ့ပေ။ ယင်းအစား သူမဘေးနားက အဘွားကြီးကို ကြည့်ပြီး သူမထင်မြင်ချက်ကို တောင်းဆိုနေပုံရသည်။
"မင်းသမီး၊ သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါ။ တကယ်လို့ သူက ဆဋ္ဌမမင်းသားကို တကယ် ကုသနိုင်တယ်ဆိုရင် သူက ငါတို့ ကျန်းမိသားစုရဲ့ ကျေးဇူးရှင်ပဲလေ။ တကယ်လို့ သူမတတ်နိုင်မှ သတ်ပစ်မယ်ဆိုရင်လည်း အချိန် နောက်မကျသေးပါဘူး" အဘွားကြီးက အသံအိုကြီးဖြင့် ပြောလိုက်သည်။
မင်းသမီး(၁၃)က ခေါင်းညိတ်ပြပြီး ချင်ယွင်ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ " တကယ်လို့ ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ ရောဂါကို နင် ကုသနိုင်သရွေ့ ငါက နင့်အပေါ်မှာ အခက်အခဲဖြစ်အောင် လုပ်မှာမဟုတ်တော့ဘူး။ တကယ်လို့ ငါ့ကို နင့်ရဲ့အစေခံ ဖြစ်စေချင်ရင်တောင် ငါကျေကျေနပ်နပ်ကြီး ဖြစ်ပေးမယ်။ ဒါပေမယ့် နင် ငါ့ဆဋ္ဌမအစ်ကိုတော်ရဲ့ ရောဂါကို မကုသနိုင်ဘူးရင်တော့၊ နင့်ကို ငါ သတ်ပစ်မယ်"
ချင်ယွင်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ သူ ကုသနိုင်ခြင်း ရှိမရှိကတော့ သူ၏ကံကောင်းခြင်းပေါ်သာ မူတည်တော့သည်။
သို့သော် သူ၏စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။ ရက်စက်ကြမ်းကြုတ်သည့် ဤမင်းသမီး(၁၃) ၏နှလုံးသားတွင် ဤဆဋ္ဌမမင်းသား၏ အဆင့်အတန်းသည် နက်ရှိုင်းစွာ တည်ရှိ နေပုံရသည်။ ဆဋ္ဌမမင်းသားအတွက်ဆို သူမသည် သူ၏အစေခံ ဖြစ်ရန်ပင် ဆန္ဒရှိနေသည်မှာ အလွယ်တကူ စိတ်ကူးမယဉ်နိုင်သည့် အရာဖြစ်သည်။
ထို့နောက် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် ဆဋ္ဌမမင်းသားနေထိုင်ရာ အရှေ့ပိုင်းနေ နန်းတော်ဆီသို့ မင်းသမီး(၁၃)နောက်မှ လိုက်ပါလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နဝမမင်းသားရှိနေသည့် အနောက်ယွမ်နန်းတော်၌ နဝမမြောက် မင်းသားသည် မြင့်မာသည့်ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ သူ့ရှေ့တွင် ဒူးထောက်နေသော တပ်မှူးကို ညို့မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် ကြည့်နေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်.။
နဝမမင်းသား၏ ဘယ်ဘက် အနိမ့်ပိုင်းကျသော ထိုင်ခုံတွင် သိပ်သည်းသည့် ယင်ချီကို ပိုင်ဆိုင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုလူသည် ထိုနေ့တုန်းက ဝမ်ယွီမြို့မှ ထွက်ပြေးလွတ်မြောက်ခဲ့သော သိုင်းမြို့စားချင်းယွန် ဖြစ်လေသည်။
"ချင်ယွင်ကို မင်းသမီး(၁၃)က ခေါ်သွားတယ်လို့ မင်း ပြောလိုက်တာလား။" နဝမမင်းသားက တံခါးစောင့်တပ်မှူးကို အေးစက်စွာ ကြည့်ပြီး သူ၏မျက်ခုံးပင့်ကာ ပြောလိုက်လေသည်။
တံခါးစောင့်တပ်မှူး၏ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားပြီး အလျင်စလို ပြောလိုက်သည် " ဟုတ်ကဲ့ပါ၊ အရှင်မင်းသား၊ အရှင်မင်းသား ညွှန်ကြားတဲ့ အတိုင်း ကျွန်တော် လုပ်ခဲ့ပါတယ်၊ ဒါ့အပြင် ချင်ယွင်ကို တိုက်ခိုက်ဖို့အထိလည်း တွန်းအား ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီး(၁၃)က ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။ မင်းသမီး(၁၃)ရဲ့ ဒေါသကိုလည်း အရှင်မင်းသား သိပါတယ်။ သူမကို ဘယ်သူက တားရဲမှာလဲ?"
"ဒါဆို မင်းက အမှားအယွင်း တစ်ခုခုကိုများ လုပ်ခဲ့သေးလား" နဝမမင်းသားက စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။ သူ၏အေးစက်သော မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ပေါ်လာပါသည်။
တံခါးအစောင့်တပ်မှူး၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားကာ သနားညှာတာရန် တောင်းပန်လိုက်သည် "ဒီအမိုက်မဲလေးက ကိုယ့်အမှားကို သိသွားပါပြီ၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် နဝမမင်းသား"
"ဟမ့်၊ မင်းက အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး၊ တာဝန်ကိုလည်း အချောင်ခိုပြီး ပျက်ကွက်ချင်သေးတယ်" နဝမမင်းသားက အေးစက်စွာ ပြောလိုက်လေသည်။
ချက်ချင်းပင် သူ၏ရုပ်အသွင်က ထိုင်ခုံမှ မြောက်တက်သွားကာ တပ်မှူး၏ မျက်နှာကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ သနားစဖွယ်တပ်မှူးသည် စိတ်မချမ်းမြေ့ဖွယ် အော်သံကိုပင် မထုတ်ဖော်နိုင်မီ သေဆုံးသွားခဲ့ရသည်။
"ဟား၊ ဟား၊ နဝမမင်းသားလေးဟာ သိုင်းမြို့စားနယ်ပယ်ရဲ့ သတ္တမအဆင့် ကောင်းကင်အလွှာကနေ တစ်လခွဲအတွင်းမှာပဲ သိုင်းမြို့စားနယ်ပယ်ရဲ့ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ ဖြတ်ကျော်သွားခဲ့ပြီပဲ။ ကြည့်ရတာ နဝမမင်းသားလေးရဲ့ ယင်ယန်ပြောင်းလဲခြင်း နှစ်မွှာကျင့်စဉ်ကို ပြောင်းလဲကျင့်ကြံခြင်းက ဉာဏ်ပညာရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပုံရတယ်။ " သိုင်းမြို့စားချင်းယွန်က သူ၏ ထိုင်ခုံမှ ထရပ်ပြီး ပြောလိုက်လေသည်။
နဝမမင်းသားက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည် " အခုလိုကောင်းမွန်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ရှာဖွေပြီး ငါ့အတွက် အိုးပေါင်းများစွာကို ရှာဖွေပေးခဲ့တဲ့ ဦးလေးချင်းယွန်ရဲ့ ကျေးဇူးတွေကြောင့်ပါ။ မဟုတ်ရင် ကျန်းအာက သိုင်းမြို့စားနယ်ပယ်ရဲ့ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ကို အခုလို မြန်မြန်ဆန်ဆန်နဲ့ ရောက်လာမှာ မဟုတ်ပါဘူး။ " (ဤနေရာ၌ “အိုး”ဟူသောအသုံးနှုန်းသည် cauldron ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။
"ဟား....၊ဟား……။ သိုင်းမြို့စားချင်းယွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်နှာမှာ နွေဦးလေပြည်များ တိုက်ခတ်နေလေသည်။
ရုတ်တရက် သိုင်းမြို့စားချင်းယွန်က ပြောလိုက်သည် " နဝမမင်းသားလေး၊ ထိပ်တန်း အဆင့် အိုးနှစ်လုံးကို ကျွန်တော် ရှာတွေ့ထားတယ်။ တကယ်လို့ နဝမမင်းသားလေးကသာ သူမတို့ကို နှစ်မွှာကျင့်စဉ်လေ့ကျင့်ဖို့အတွက် ဖမ်းဆီးနိုင်ခဲ့ရင် ဒီသုံးရက်အတွင်းမှာ နဝမမင်းသားလေးဟာ သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာ သေချာပါတယ်။"
"အိုး.. ထိပ်တန်းအဆင့် အိုးနှစ်လုံးလား?" နဝမမင်းသား၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအယာ ပေါ်လွင်စေသည်။
အခန်း (၃၁၈) ထိပ်တန်းအဆင့်အိုး
"ထိပ်တန်းအဆင့် အိုးနှစ်လုံးလား?" နဝမမင်းသားက အံ့သြစွာ မေးလိုက်သည်။
သူသည် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာမှ သိုင်းမြို့စား နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ တစ်လခွဲအတွင်း ဖြတ်ကျော်သွားခဲ့ သော်လည်း သိုင်းမြို့စားနယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာမှ သိုင်းမြို့စား နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ဖြတ်ကျော်ရန်အတွက် တစ်လခွဲခန့် လိုအပ်နေသေးသည်။ ယခု သူသည် အိုးကောင်းကောင်း တစ်လုံးလိုအပ်နေ လေပြီ။
ဤအိုးအမျိုးအစားသည် အမျိုးသမီးတိုင်း လုပ်ဆောင်နိုင်သော အရာမဟုတ်ပေ။ ယင်းအစား တိကျသေချာသည့် ကျင့်ကြံမူအဆင့် သတ်မှတ်ထားသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး လိုအပ်၏။ ထို့အပြင် ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့် မြင့်မားလေ၊ သူ့အတွက် ပိုကောင်းလေ ဖြစ်သည်။
ထို့အပြင် နဝမမင်းသားသည် ပြုစုမူကောင်းသည့် လိမ္မာပါးနပ်သော အရသာကို မြည်းစမ်းပြီး ဖြစ်သောကြောင့် အလှမယ်လေးတွေ သို့မဟုတ် အပျိုမိန်းမမျိုးတွေကို မလိုချင်တော့ပေ။
ထို့ကြောင့် နဝမမင်းသားသည် ဤအိုးများကိုလည်း သာမာန်အိုးများ၊ အဆင့်မြင့်အဆင့် အိုးများနှင့် ထိပ်တန်းအဆင့်အိုးများဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
၎င်းတို့အနက် သာမန်အိုးများသည် ပျမ်းမျှအလှတရားနှင့် ကျင့်ကြံမူအဆင့် ပျမ်းမျှရှိသည့် အမျိုးသမီးများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့်၊ နဝမမင်းသားသည် အခြားအိုးများကို အမှန်တကယ် ရှာမတွေ့ဘူးဆိုလျှင်ပင် ထိုအိုးများကို ထိတွေ့ခဲလှသည်။
အဆင့်မြင့်အဆင့်အိုးများသည် ထူးချွန်ထက်မြက်သည့် ကျင့်ကြံမူအဆင့် နှင့် အလှပိုင်ရှင် များ ဖြစ်ကြပြီး ထိုကဲ့သို့အိုးများကို ရှာဖွေရန် အတော်လေး ခက်ခဲပြီး ၊ အကယ်၍ ၎င်းတို့ကို ရှာတွေ့မည်ဆိုလျှင်ပင် ထိန်းချုပ်နိုင်ဖို့ကလည်း အလွန်ခက်ခဲပါသည်။
ထိပ်တန်းအဆင့် အိုးတစ်လုံးအတွက်ဆိုလျှင် ကျင့်ကြံမှုအခြေခံနှင့် အလှတရား နှစ်ခုစလုံး သည် သဘာဝအတိုင်း ထိပ်တန်းအဆင့်မှာ တည်ရှိနေရလိမ့်မည်။ သို့သော် ထိုသို့သော အမျိုးသမီးမျိုးသည် အလွန်ရှားပါသည်။ နဝမမင်းသားကိုယ်တိုင် ထိုကဲ့သို့အိုးမျိုးကို ရှာချင်နေလျှင်တောင် လွန်စွာ ခက်ခဲနေပါသေးသည်။
ယခု သိုင်းမြို့စားချင်းယွန်က ထိပ်တန်းအဆင့်ရှိသည့် အိုးနှစ်လုံးရှိသည်ဟူသော စကားကို သူကြားလိုက်ရသည့်အခါ မည်ကဲ့သို့ မအံ့သြဘဲ နေနိုင်မည်နည်း။
သိုင်းမြို့စားချင်းယွန်သည် နဝမမင်းသားလေး၏ အံ့အားသင့်ပြီး သိချင်စိတ် ပြင်းပြသည့် အမူအရာကို မြင်သောအခါ၊ သူက ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးပြီး ပြောလိုက်လေသည် “တစ်ယောက်ကတော့ ပိရှစ်သိုင်းမြို့စားပဲ"
"ပိရှစ်သိုင်းမြို့စားလား?" နဝမမင်းသား ယန်ဂျွန်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် ယခင်ကဆို အင်ပါယာမှ အသိအမှတ်ပြုထားသော အလှပိုင်ရှင် တစ်ယောက် ဖြစ်သည်။ သူမသည် အသက်သုံးဆယ်ကျော်ပေမယ့် သူမ၏ ဆွဲဆောင်မှုများကတော့ ထင်ရှားရှိနေဆဲ ဖြစ်သည်။ သူမ၏ကျင့်ကြံမှုအပြင် သူမ၏ ရုပ်အသွင်အပြင်ကလည်း အသက်နှစ်ဆယ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ထူးမခြားနားပေ။ ထို့အပြင် သူမသည် အရင်ကထက်စာရင် ရင့်ကျက်ပြီး ကျက်သရေရှိရှိဖြင့် ဆွဲဆောင်နိုင်စွမ်း ရှိလာခဲ့သည်။
မကြာသေးမီကမှ မိန်းမပျိုလေးမျိုးစုံကို မြည်းစမ်းခဲ့ဖူးသည့် နဝမမင်းသားသည် ပို၍ ချစ်စရာကောင်းသော ပိရှစ်သိုင်းမြို့စားကဲ့သို့ အမျိုးသမီးတစ်ဦးသည် သူ့အတွက် ပို၍ ဆွဲဆောင်မှုရှိသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
'"ကောင်းပြီ၊ ငါ ဒီပိရှစ်သိုင်းမြို့စားကို သေချာပေါက် ရရမယ်။ ဒီပိရှစ်သိုင်းမြို့စား ကုတင်ပေါ်ရောက်ရင် ဘယ်လိုရှုခင်းမျိုး ရှိလာမလဲဆိုတာ ငါကြည့်ချင်မိတယ်။ ဟား...၊ ဟား....၊" နဝမင်းသားယန်ဂျွန်က ကျယ်လောင်စွာ ရယ်မောလေ၏။
သိုင်းမြို့စားချင်းယွန်သည် နဝမမင်းသားယန်ဂျွန်၏ စကားကိုကြားသောအခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
"ဒါဆို နောက်ထပ် ထိပ်တန်းအဆင့်အိုးက ဘယ်သူလဲ။" နဝမင်းသားယန်ဂျွန်က ဆက်မေးလိုက်လေသည်။
သိုင်းမြို့စားချင်းယွန်က ထူးထူးခြားခြား ပြုံးပြီး ပြောသည် "နောက်ထပ် ထိပ်တန်း အဆင့်အိုးပိုင်ရှင်ကတော့ ရန်စီချီလို့ ခေါ်တယ်!"
"ရန်စီချီလား? ဦးလေးက ချင်ယွင်ရဲ့ မိန်းမ၊ သိုင်းမြို့စားဘိုင်ယွန်ရဲ့ တပည့်မကို ဆိုလိုတာလား။" နဝမင်းသားယန်ဂျွန်က မျက်မှောင်ကြုတ်ကာ မေးသည်။
"မှန်ပါတယ်!" သိုင်းမြို့စားချင်းယွန်က ပြုံးပြီး ပြန်ဖြေသည်။
"ဟမ့်၊ ဦးရီးတော်ချင်းယွန်၊ ကျုပ်က နဝမမင်းသားနော်၊ တခြားသူတွေဆီက စားကြွင်းစားကျန်တွေကို ဘယ်တော့မှ မစားရဘူးဆိုတာ ဦးရီးတော်မေ့သွားတာလား၊ ဒီရန်စီချီက ချင်ယွင်ရဲ့ မိန်းမမှန်း သိသာပါတယ်။ သူမရဲ့ ကျင့်ကြံမှုအခြေခံနဲ့ ရုပ်ရည်က တော်တော်ကောင်းပေမယ့် သူမက ထိတွေ့ဖူးပြီးသား ဖြစ်နေပြီ။ ဦးရီးတော်ချင်းယွန်က ချင်ယွင်ရဲ့ စားကြွင်းစားကျန်တွေကို ကျုပ်ကို စားစေချင်တာလား။" နဝမမင်းသားလေးက အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။
သို့သော် သိုင်းမြို့စားချင်းယွန်၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲသေးပေ။ "နဝမမင်းသား၊ စိတ်မပူပါနဲ့။ ဆုံးဖြတ်ချက်မချခင် ဒီဦးရီးတော်ရဲ့စကားကို အရင်ဆုံးအောင် နားထောင်ကြည့်ပါဦး။"
"ဟမ့်၊ ဒါဆိုလည်း ကျုပ်ကိုပြောပြပါ။ ဦးရီးတော် ကျုပ်ကို ဆွဲဆောင်ဖို့ ဘာအကြောင်း ပြချက်တွေသုံးနိုင်မလဲဆိုတာ ကျုပ်ကြည့်ချင်တယ်" နဝမင်းသားယန်ဂျွန်က အေးစက်စွာ အော်ပြောလိုက်သည်။
"ဒီရန်စီချီက ဒဏ္ဍာရီလာ ရှန်းတန်ယင်အအေးခန္ဓာကိုယ်ပိုင်ရှင်ပဲ!" သိုင်းမြို့စား ချင်းယွန်က ပြုံးလိုက်လေသည်။
"ရှန်းတန်ယင်အအေးခန္ဓာကိုယ်လား?" နဝမမင်းသားက အံ့သြစွာ မေးလိုက်သည်။
"မှန်ပါတယ်။ ရှန်းတန်ယင်အအေးခန္ဓာကိုယ်လို့ခေါ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ပြက္ခဒိန် နှစ်အရ "လ"နှစ်မှာ မွေးဖွားကြတယ်။ နောက်ပြီး အမျိုးသမီးလည်း ဖြစ်ရမယ်။ ဒီလို မိန်းမမျိုးတွေ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သဘာဝအတိုင်း အေးတဲ့အတွက် သူမတို့ကို ရှန်းတန် ယင်အအေးခန္ဓာကိုယ်ပိုင်ရှင်တွေလို့ ခေါ်ကြတာ" သိုင်းမြို့စားချင်းယွန်က ပြောလိုက်လေသည်။
"အဲတော့ ဘာဖြစ်သလဲ?" နဝမမင်းသားယန်ဂျွန်သည် ဝေခွဲမရ ဖြစ်နေဆဲပင်။
သိုင်းမြို့စားချင်းယွန်က ခေါင်းယမ်းလိုက်လေသည်။ သူက ဆက်ပြီး ရှင်းပြပါသည် " နဝမမင်းသားလေး အခုကျင့်ကြံနေတဲ့ကျင့်စဉ်ကို ယင်ယန်ပြောင်းလဲခြင်း နှစ်မွှာကျင့်စဉ် လို့ ခေါ်ရတဲ့အကြောင်းအရင်းက “မီးပြင်းအိုးကျင့်ကြံမူနှင့်အတူ ယန်ချီကိုအားဖြည့်ပေးဖို့ အတွက် ယင်ချီကို စုပ်ယူရိတ်သိမ်းနိုင်လို့ပဲ။ မီးပြင်းအိုးထဲမှာ ယင်ချီတွေ ပိုပြီးများပြားလေ ယင်ချီကို ပိုမိုစုပ်ယူနိုင်လေ ဖြစ်ပြီး ကျင့်ကြံမူ အခြေခံကလည်း ပိုမြန်ဆန်လာလေပဲ။ ရန်စီချီရဲ့ ရှန်းတန် ယင်အအေးခန္ဓာကိုယ်မျိုးဟာ သူမရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ယင်ချီက ထိပ်တန်းအဆင့်ရှိတဲ့ မီးပြင်းအိုးများထက်တောင် အဆတစ်ရာ ပိုများတာပေါ့။"။။
“အဆတစ်ရာတောင် ပိုများတာလား” နဝမမင်းသား၏ မျက်လုံးများသည် ပြူးကျယ်လာခဲ့ ပြီး သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အပူလှိုင်းများ ပေါက်ကွဲထွက်လာလေသည်။
အကယ်၍ သူသာ ရန်စီချီ၏ ခန္ဓာကိုယ်ရှိ အအေးစွမ်းအင်ယင်ချီကို စုပ်ယူနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံမှုအခြေခံသည် တခဏအတွင်း အလွန်မင်း တိုးတက်လာမည်ဖြစ်ကာ သူ့ကို သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်သို့ပင် ရောက်ရှိအောင် တိုက်ရိုက် ကူညီပေးနိုင်လိမ့်မည်။
ထိုအခိုက်တန့်တွင် နဝမမင်းသားသည် ရန်စီချီက အပျိုဟုတ်မဟုတ် မည်ကဲ့သို့ ဂရုစိုက် နိုင်တော့မည်နည်း၊ အဘယ့်ကြောင့်ဆို ရှန်းတန်ယင်အအေးခန္ဓာကိုယ်က သူ့အတွက် အလွန်အမင်း ဆွဲဆောင်မူရှိသွားသောကြောင့် ဖြစ်ပါသည်။
အနီးနားမှာရှိနေသည် သိုင်းမြို့စားချင်းယွန်သည် နဝမမင်းသားယန်ဂျွန်၏ မျက်လုံးထဲမှာ လောင်ကျွမ်းနေသည့် အလင်းရောင်ကို မြင်လိုက်ရပြီးနောက် သူ၏မျက်နှာပေါ်မှာ ဆိုးညစ်သည့်အပြုံးက ပေါ်လွင်လာလေသည်။
နဝမမင်းသားအား ဤ "ယင်ယန်ပြောင်းလဲခြင်းနှစ်မွှာကျင့်စဉ်"ကို သူပေးအပ်လိုက်ရ သည့် အကြောင်းရင်းမှာ နဝမမင်းသား၏ နှစ်သက်မူကို ခံရစေရုံတင်မက ချင်ယွင်ကို လုံးလုံးလျားလျား တိုက်ခိုက်နိုင်ရန်အတွက် နဝမမင်းသားက ရန်စီချီကို ရှာဖွေစေလိုသည့် ဇာတ်ကွက်တစ်ခုကို ရေးဆွဲရန်လည်း ဖြစ်သည်။
ဤအရာအားလုံးသည် သူ၏အစီအစဥ်ထဲမှာ ရှိနေပါသည်။ နဝမမင်းသား၏ အကျင့်စရိုက် အရ သူ့အပိုင်ပစ္စည်းကို အခြားလူများ ညစ်ညမ်းအောင်လုပ်တာ ခွင့်မပြုနိုင်ပါဘူး။ ထို့ကြောင့် သူသည် ချင်ယွင်ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
အမှန်တကယ်လည်း သိုင်းမြို့စားချင်းယွန်၏ခန့်မှန်းချက်က မှန်ကန်ပါသည်။ ရန်စီချီက ရှန်းတန် ယင်အအေးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်ဟု သူပြောလိုက်သည့် အခိုက်တွင် နဝမမင်းသား ယန်ဂျွန်သည် ရန်စီချီက သူ့အပိုင်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။ တစ်ချိန်တုန်းက သူမကို ညစ်ညမ်းစေခဲ့သော ချင်ယွင်သည် သူ၏မျက်လုံးများတွင် သဘာဝအတိုင်း သူမကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်သည်။
"နဝမမင်းသားလေး ၊ ဒီထိပ်တန်းအဆင့်အိုးနှစ်လုံးက ဒီနန်းတော်ထဲမှာ ရှိနေပြီးသားပါ။ ဒါပေမယ့် ပိရှစ်သိုင်းမြို့စားကတော့ ချင်ယွင်နဲ့ဖြစ်ပြီး အခုသူမက မင်းသမီး(၁၃)နဲ့အတူ ရှိနေပါတယ်။ သူမအတွက် လှုပ်ရှားဖို့က အခက်အခဲ ရှိနိုင်ပါတယ်။ ရန်စီချီဘေးမှာတော့ သိုင်းမြို့စားဘိုင်ယွန်ပဲ ရှိတယ်။ သိုင်းမြို့စားချင်းယွန်က ဆက်ပြောနေပြီး သူ့ရဲ့ ရှည်လျားပြီး ကျဉ်းမြောင်းသည့် မျက်လုံးများတွင် အနှိုင်းမဲ့ ကောက်ကျစ်ပြီး ယုတ်မာရက်စက်သည့် အငွေ့အသက်များဖြင့် လင်းလက် တောက်ပနေလေသည်။
နဝမမြောက်မင်းသား ယန်ဂျွန်က ပြုံးပြီး ပြောလိုက်သည် "ဟမ့်၊ ဒီလိုဆိုရင် ရန်စီချီကို အရင် ဖမ်းလိုက်ရအောင်။ ပိရှစ်သိုင်းမြို့စားအတွက်တော့ ဟီး၊ ဟီး၊ အဲဒါကို ငါ သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ရောက်အောင် ဖြတ်ကျော်ဖို့အတွက် သိမ်းထားရတော့မှာပဲ ။"
"ဟမ့်, ချင်ယွင် ၊ ချင်ယွင်၊ မင်းက ငါ့သားကို သတ်ခဲ့တယ်။ ဒီနေ့ မင်းမိန်းမနဲ့ ဘယ်လို ကစားမလဲဆိုတာ စောင့်ကြည့်နေလိုက်။ ငါနဲ့ဘေဟိုင်သိုင်းမြို့စားကို စော်ကားခဲ့တဲ့ အကျိုးဆက်တွေကို မင်းကို သိစေချင်တယ်။ မင်း ငါ့ကို မသတ်ချင်ခဲ့ဘူးလား။ အဆုံးသတ်မှာ မင်းမိန်းမ ဒီကုတင်ပေါ်ကနေ အသက်ရှင်လျက်လွတ် မြောက်နိုင်မလား ဆိုတာ ငါ ကြည့်ချင်မိတယ်။" သိုင်းမြို့စားချင်းယွန်သည် သူ့စိတ်ထဲတွင် အေးစက်စွာ အော်ပြော လိုက်မိသည်။
နံဘေးတွင်ရှိသော နဝမမင်းသားကတော့ သူ၏ ကျင့်ကြံမူအဆင့်ကို ဖြတ်ကျော် ရန်အတွက်သာ စိတ်ကူးယဉ်ထဲတွင် နှစ်မျောနေခဲ့သည်။ ရုတ်တရက် သူသည် တစ်စုံတရာကို သတိရသွားပုံရပြီး သိုင်းမြို့စားချင်းယွန်ကို ပြောလိုက်သည် "ထိပ်တန်းအဆင့် မီးပြင်းအိုးနှစ်ခုရှိနေမှတော့ ဧကရာဇ်ကျောင်းတော်မှ လီရှီကို ဆက်ပြီး စောင့်ကြည့်နေစရာ မလိုအပ်တော့ဘူး။ ဒီတော့ ဒီည သူမကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်။ ဟား၊ ဟား၊ ဟား။"
ထိုစကားပြောပြီးနောက် နဝမမင်းသား ယန်ဂျွန်သည် ရယ်မောကာ ခန်းမထဲမှ ထွက်သွား ခဲ့သည်။ တစ်ဖက်တွင် သိုင်းမြို့စားချင်းယွန်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ သူက နဝမမင်းသား၏ နောက်ကျောကို လှည့်ကြည့်ကာ အထင်သေးဟန်ဖြင့် ပြုံးရင်း ပြောလိုက်သည် "ယင်ယန်ပြောင်းလဲခြင်းနှစ်မွှာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် နဝမမင်းသားရဲ့ ပင်ကိုစရိုက်က ပိုပြီး နတ်ဆိုးဆန် လာပုံရတယ်။ ဟား၊ ဟား၊ ဟား၊ ဒါပေမယ့် ဒါကလည်း သူ့ကို ပိုပြီးထိန်းချုပ်နိုင်ဖို့ နည်းလမ်းကောင်းပဲ" သိုင်းမြို့စား ချင်းယွန်သည် ကျယ်လောင်စွာ ရယ်မောပြီး ခန်းမကြီးထဲမှ ထွက်ခွာသွားလေသည်။
လီရှီဟု အမည်ရသည့်အမျိုးသမီးကတော့ ထိုနေ့တုန်းက အနှစ်တစ်ထောင် ရေခဲပုလဲကို ကိုင်ဆောင်ခဲ့သည့် အမျိုးသမီးမှလွဲ၍ တခြားလူမဟုတ်ပါဘူး။
အခန်း (၃၁၉) အနှစ်သာရဝါးမြိုခြင်းမှော်အစွမ်း။
သိုင်းမြို့စားချင်းယွန်၏ ဂရုတစိုက် ပုံဖော်မူအောက်မှာ နဝမမင်းသားသည် ရန်စီချီနှင့် ပိရှစ်သိုင်းမြို့စားတို့ကို ပစ်မှတ်ထားပြီး ဖြစ်သည်ကို ချင်ယွင် တစ်ယောက် မသိရှာသေး ပါဘူး။ ယခုအချိန်တွင် သူသည် မင်းသမီး(၁၃) ၏ ဓားစာခံအဖြစ် ချုပ်နှောင်ခံရမူနှင့်အတူ ဆဋ္ဌမမင်းသား၏ အရှေ့ပိုင်းနေနန်းတော်သို့ ရောက်ရှိလာခဲ့သည်။
ဧကရာဇ်မင်းမြတ်ဒါယန်းတွင် သားသမီး စုစုပေါင်း ဆယ့်သုံးပါးရှိသော်လည်း အများစုမှာ ငယ်ရွယ်စဉ်မှာပင် သေဆုံးခြင်း သို့မဟုတ် ခရီးလှည့်လည်သွားစဉ် လုပ်ကြံ သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးသွားကြပြီ။
ယခုအချိန်တွင် ဆဋ္ဌမမင်းသား၊ အဋ္ဌမမင်းသားနှင့် နဝမမင်းသားတို့သာ ရှိပါတော့သည်။ သူတို့မှာ အငယ်ဆုံးဖြစ်သည့် မင်းသမီး(၁၃)လည်းရှိသေးသည်။
သေချာသည်မှာ၊ အပြင်ပကမ္ဘာမှာ လှည့်ပတ်သွားလာနေရသည့် မင်းသမီး(၁၀) ရန်စီစီလည်း ရှိပါသေးသည်။
ဤသည်မှာ အင်ပါယာမိသားစုနှင့်သာ သက်ဆိုင်ပါသည်။ သူတို့၏အဆင့်အတန်း မြင့်မားလာလေလေ၊ သူတို့သည် ပို၍ ဆန်းကြယ်လေပင် ဖြစ်သည်။
ချင်ယွင်သည် မူလက ဤအင်ပါယာမိသားစု၏ အာဏာလွန်ဆွဲမူ မုန်တိုင်းကြား မပါဝင်ချင် သော်လည်း ယင်းကို ဘာမှမလုပ်ဘဲ ရှောင်လွှဲနိုင်မည့်အရာ မရှိကြောင်း သိသာထင်ရှား လာပါသည်။
ဥပမာအနေဖြင့်၊ ယခုအချိန်တွင်၊ ချင်ယွင်သည် ဆဋ္ဌမမင်းသားကို ဆေးကုရန်အတွက် ဆဋ္ဌမမင်းသား၏ အရှေ့ပိုင်းနေနန်းတော်သို့ လာရောက်ရန် မင်းသမီး(၁၃)၏ ခြိမ်းခြောက်မူကို ခံနေခဲ့ရသည်။
အရှေ့ပိုင်းနေ နန်းတော်သို့ လာရာလမ်းခရီးတွင် ပိရှစ်သိုင်းမြို့စားက ချင်ယွင်ကို ရှင်းပြသည်။
ထို့ကြောင့် ဤဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့သည် မောင်နှမများ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် သူတို့၏မိခင်နှင့် ကိုယ်လုပ်တော်သည် တူညီသည့် လူတစ်ယောက်တည်း ဖြစ်သည်။ သူတို့သည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ အချစ်ဆုံး ကိုယ်လုပ်တော် ကျင်းကွေ့ဖေး၏ သားသမီးများ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ဒါယန်းသည် ကျင်းကွေ့ဖေးအပေါ် အရမ်းတုန်နေအောင် ချစ်သောကြောင့် သူသည် ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့ အပေါ်မှာလည်း အလွန်တုန်နေအောင်ချစ်သည်။
ထို့အပြင် ဆဋ္ဌမမင်းသား၏ စိတ်နေသဘောထားသည် နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တလည်း ဖြောင့်မတ်ကာ၊ သူ၏ကျင့်ကြံမှု ပါရမီစွမ်းရည်ကလည်း အလွန် မြင့်မားသည်။ သူသည် အသက်ဆယ်နှစ်သားအရွယ်တွင် သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ပြီး အသက်ဆယ့်လေးနှစ်တွင် သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော် သွားခဲ့သည်။ သူသည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ အမြင်မှာ အလွန်ရေပန်းစားခဲ့သည်။
ဧကရာဇ်မင်းမြတ်ဒါယန်းသည် တစ်ချိန်က သူ့ကို အိမ်ရှေ့မင်းသား၊ နောင်ဧကရာဇ် အဖြစ်ပင် ခန့်အပ်လိုခဲ့သည်။
သို့သော် ကောင်းသောအချိန်များသည် ကြာရှည်မခံတတ်ပေ။ ဆဋ္ဌမမင်းသားသည် အသက်ဆယ့်လေးနှစ်အရွယ်တွင် သိုင်းမြို့စား နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက် ပြီးနောက် ရုတ်တရက် ပြင်းထန်သောရောဂါတစ်ခု ဖြစ်ပွားခဲ့သည်။ သူ၏ ကျင့်ကြံမှုအခြေခံသည် ကျင့်ကြံခြင်းလမ်းစဉ်မှ သွေဖယ်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်တောင်မှ အားနည်းလာခဲ့ပြီး ယခုဆို သူသည် မြေပြင်ပေါ်မှာ လမ်းလျှောက်ဖို့တောင် ခက်ခဲနေပြီလေ။
အချို့ကတော့ ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုလို့ဟု ဆိုကြပြီး အချို့ကတော့ ဆဋ္ဌမမင်းသားကို မနာလိုသည့်လူများက လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဆိုကြပါသည်။
သို့သော်လည်း ဧကရာဇ်မင်းမြတ်ဒါယန်းတောင်မှ ထိုကိစ္စနှင့်ပတ်သက်သည့် မည်သည့် အထောက်အထားမျှ မပြသနိုင်ခဲ့ပေ။ သူသည် ဆဋ္ဌမမင်းသားလေး၏ ထူးဆန်းသော ရောဂါကို ကုသရန်အတွက် မရေမတွက်နိုင်သော နည်းလမ်းများနှင့်အတူ မရေမတွက်နိုင်သည့် စိတ်ဝိညာဉ်ဆေးများကိုလည်း စမ်းသပ်ခဲ့ပြီးဖြစ်ကာ ကျရှုံးခဲ့သည်။
နောက်ဆုံးတွင်၊ ဧကရာဇ်မင်းမြတ်ဒါယန်းသည် ကူရာမဲ့ဖြစ်ပြီး လက်လျော့လိုက်ရကာ အကြွေးတင်နေသည်ဟု တွေးနေသော်လည်း တွန့်ဆုတ်သွားခဲ့ရသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းသည် အပြစ်ရှိသမျှအတွက် မင်းသမီး(၁၃) အပေါ် ပြန်လည်ပေးဆပ်ခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မင်းမြတ်ဒါယန်းသည် မင်းသမီး(၁၃) လုပ်သမျှကို လိုက်လျော ပေးခဲ့သည်။
ပိရှစ်သိုင်းမြို့စား၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချင်ယွင်သည် ဇာတ်လမ်းဖြစ်စဉ် တစ်ခုလုံးကို နားလည်သွားခဲ့သည်။
အရှေ့ပိုင်းနေနန်းတော်ရှိ ပန်းခြံတစ်ခုအတွင်းမှာ ဆဋ္ဌမမင်းသားသည် ကုလားထိုင် ပေါ်တွင် လဲလျောင်းနေပြီး နေရောင်အောက်တွင် နေစာလှုံနေသည်။ သူ၏မျက်လုံးတွေကို အနည်းငယ်မှိတ်ထားပြီး သူ၏မျက်နှာက ငြိမ်သက်နေသော်လည်း ဖြူဖျော့နေသည်။
ဆဋ္ဌမမင်းသား၏ ဘေးတွင် အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရပ်နေသည်။ သူသည်လည်း ထိုကဲ့သို့ပင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေ၏၊ သူ၏ အငွေ့အသက် များကိုလည်း လုံးဝထိန်းချုပ်ထားကာ ရိုးရှင်းပြီး မည်သည့် တန်ဆာဆင်ထားမျိုးမှလည်း မရှိပေ။
ထိုနေ့တုန်းက တုလုံကျွန်းအမာခံ ခံတပ်စခန်းတွင် ထွက်ပေါ်လာခဲ့သည့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးဖြစ်သည့် ထိုအဖြူရောင်ဝတ်စုံဝတ်အဖိုးအိုအား ချင်ယွင်က ချက်ချင်း မှတ်မိလိုက်သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်ဘိုင်ဟောက်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သိုင်းဧကရာဇ်ဘိုင်ဟောက်သည်လည်း ချင်ယွင်ကို အံ့သြနေသည့် မျက်နှာအမူအယာဖြင့် ကြည့်နေသည်။ အထူးသဖြင့် ချင်ယွင်၏ ကျင့်ကြံမှုအခြေခံကို သူမြင်လိုက်သောအခါတွင် သူ၏မျက်လုံးများသည် အံ့အားသင့်မှုက ပို၍ပြင်းထန်လာသည်။
အမာခံ ခံတပ်ကျွန်းတွင် ချင်ယွင်ကို မြင်တွေ့ရစဉ် အချိန်တုန်းက ချင်ယွင်သည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဝင်ရောက်စသာ ရှိပါသေးသည်။
နှစ်လမပြည့်မီတွင်၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယလိုမျိုး ကျင့်ကြံမှုအရှိန်အဟုန်က ကြောက်စရာ ကောင်းလွန်းသည်ဟုသာ ဖော်ပြနိုင်ပါတော့သည်။ ထို့ကြောင့် ဂုဏ်သိက္ခာပြည့်ဝသည့် သိုင်းဧကရာဇ်တစ်ပါး ဖြစ်သည်ဆိုလျှင်ပင် သူသည် အလွန်တုန်လှုပ်သွားခဲ့ရသည်။
ဟုတ်ပါသည်၊ သူက ချင်ယွင် အဘယ့်ကြောင့် ဤနေရာမှာပေါ်လာရသနည်း။သူက အဘယ့်ကြောင့် ပိရှစ်သိုင်းမြို့စား၊ မင်းသမီး(၁၃) တို့နှင့်အတူ ရှိနေရသနည်း။ ဤအကြောင်း ပိုသိချင်နေခဲ့ပါသည်။
"အစ်ကိုကြီး။ ရန်အာက အစ်ကိုကြီးကိုတွေ့ဖို့ ရောက်လာပါပြီ။" မင်းသမီး(၁၃)သည် ဆဋ္ဌမမင်းသားကို မြင်လိုက်သည့်အခိုက်တွင် သူမ၏မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ် အမူအရာတစ်ခု ပေါ်လာသည်။ သူမသည် ဆဋ္ဌမမင်းသား၏ ရင်ခွင်ထဲသို့ ကြောင်မလေးတစ်ကောင်လို တိုးဝင်သွားခဲ့သည်။
ဆဋ္ဌမမင်းသားသည် မင်းသမီး(၁၃)၏ အသံကို ကြားသောအခါ မျက်လုံးများ ပွင့်လာလေသည်။ သူ၏မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။ သူက မင်းသမီး(၁၃)၏ ခေါင်းကို ပွတ်သပ်ပြီး ပြောသည် "မင်း အစ်ကိုကြီးကို လာတွေ့တာ ရက်ပိုင်းလောက်ပဲ သေးတယ်လေ၊ မင်းက ဒီက အစ်ကိုကြီးကို မေ့သွားပြီလို့ ထင်နေခဲ့တာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း နန်းတော်ထဲကနေ ခိုးထွက်သွားတယ်လို့ ငါ ကြားပါတယ်။ ငါ့မှာ သေမတတ်စိုးရိမ်နေရတာတော့ မင်း မသိဘူးမလား.။ နောက်တစ်ခါဆို ခွင့်မပြုဘူးနော်။"
ဆဋ္ဌမမင်းသား၏ စကားကိုကြားသောအခါ မင်းသမီး(၁၃)သည် သူမ၏လျှာလေးကို ပြူတစ်တစ် ထုတ်လိုက်သည်။ သူမက တင်းမာစွာ ပြုံးပြီး "ငါ့အစ်ကိုကြီးကို ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ၊ အစ်ကိုကြီးက အမြဲတမ်း အစ်ကိုကြီးအဖြစ် ရှိနေမှာပဲ"ဟု ပြောလိုက်သည်။
"လူဆိုးမလေး၊ အပြောကတော့ ချိုနေတာပဲ။" ဆဋ္ဌမမင်းသားသည် မင်းသမီး(၁၃)၏ နှာခေါင်းလေးကို ညစ်လိုက်ရင်း ပြုံးနေသည်။ သူ၏မျက်နှာမှာ ချိုမြိန်သော အပြုံးများဖြင့် ပြည့်နေသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဘေးတွင်ရပ်နေသော ဆံပင်ဖြူအဘွားကြီးတို့သည် ဤမြင်ကွင်းကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်ကြသည်။
ဤမြင်ကွင်းက အရမ်းကိုနွေးထွေးသည်ဟု ချင်ယွင် ခံစားရသည်။ သူသည် ယခင်က ရက်စက်ကြမ်းကြုတ်သော မင်းသမီး(၁၃)နှင့်ပတ်သက်ပြီး အတွေးသစ် အမြင်သစ်များကိုလည်း ရရှိခဲ့ပြီး သူမအပေါ် အထင်အမြင်ကောင်းတွေ ရှိလာခဲ့သည်။
"အယ်၊ ဧည့်သည်တွေ ရှိနေတာပဲ။ ဒီနှစ်ယောက်က ဘယ်သူလဲ။" ဆဋ္ဌမမင်းသားသည် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စား ကို ညွှန်ပြရင်း ကုလားထိုင်ပေါ်မှ မတ်တတ်ထရန် ရုန်းကန် ကြိုးစားလိုက်သည်။
မင်းသမီး(၁၃)သည် ဆဋ္ဌမမင်းသား၏ အမေးကိုကြားသောအခါ၊ သူမသည် ချက်ချင်းပင် နှုတ်ခမ်းကို ထော်ပြီး ပြောသည် “ဒီအမျိုးသမီးကတော့ သိုင်းမြို့စားကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ပိရှစ်သိုင်းမြို့စားပဲ။ ကျန်တစ်ယောက်ကတော့ သူ့နာမည်က ချင်ယွင်တဲ့၊ ထိပ်တန်း ခွေးမကြီး တစ်ကောင်ပေါ့။"
ချင်ယွင်သည် မင်းသမီး(၁၃)၏ မိတ်ဆက်စကားကို ကြားသောအခါတွင် ခါးသီးသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။ ဤမင်းသမီး(၁၃)သည် အမှန်ပင် ကလေးတစ်ယောက်မျှသာ ဖြစ်ပါသည်။
နောက်ဆုံးတွင် ဆဋ္ဌမမင်းသားသည် အသက်နှစ်ဆယ့်လေးနှစ်ရှိပြီ ဖြစ်ပြီး သူ့ညီမ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် ထိုစကားကို ကြားသောအခါတွင် သူ့ညီမနှင့် ချင်ယွင်ဟုခေါ်သော ထိုလူငယ်ကြားတွင် နားလည်မှု လွဲမှားခြင်းမျိုး ရှိနေသည်ကို သိလိုက်သည်။
ထို့ကြောင့် သူက ချက်ချင်းပြုံးပြီး "ငါရန်ရူက မင်းတို့နှစ်ယောက်ကို ကြားဖူးပါတယ်။ ပိရှစ်သိုင်းမြို့စားရဲ့ ကျင့်ကြံမှုနဲ့ အလှတရားတွေက အင်ပါယာထဲမှာ ပြိုင်ဘက်ကင်း ဖြစ်တယ်လို့ ငါ ကြားဖူးတယ်။ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့ တကယ်ကို အသိအမှတ် ပြုထိုက်ပါပေတယ်။"
"ဆဋ္ဌမမင်းသားက ကျွန်မကို မြှောက်ပင့်နေတာပါ!" ပိရှစ်သိုင်းမြို့စားက ယဉ်ကျေးသော အပြုံးဖြင့် ပြန်ပြောသည်။
ဆဋ္ဌမမင်းသားက ခေါင်းညိတ်ပြပြီး အပြုံးနှင့်အတူ ချင်ယွင်ဘက်ကို လှည့်ကြည့် လိုက်သည် "ဒီညီလေးက ဘေဟိုင်သိုင်းမြို့စားကို သတ်ဖို့အတွက် တစ်မြို့လုံးရဲ့ ဓားတွေကို ငှားရမ်းခဲ့တဲ့ ပါရမီရှင်လူငယ် ချင်ယွင်ပဲ။ ဟုတ်တယ်မလား... ? ငါ့ညီမလေးက ငယ်ငယ်ကတည်းက အလိုလိုက်ထားတော့ သူမရဲ့အကျင့်ကနည်းနည်းတော့ ရိုင်းစိုင်းတယ်။ သူမက မင်းကို အပြစ်လုပ်မိတယ်ဆိုရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"
"မင်းသား၊ မင်းသားက ဘာတွေပြောနေတာလဲ၊ အရင်က နန်းတော်အဝင်တံခါးဝမှာ မင်းသမီး(၁၃)က ကျွန်တော့်ကိုတောင် ကူညီပေးခဲ့ပါတယ်" ချင်ယွင်က ပြောလိုက်ရသည်။
ဤဆဋ္ဌမမင်းသားသည် သူ့အား အလွန်ကောင်းမွန်သည့် ခံစားချက်ကို ပေးသည်။ သူသည် မင်းသားတစ်ပါး ဖြစ်ခဲ့သော်ငြားလည်း မင်းသားတစ်ပါး၏ မောက်မာဝင့်ကြွားသည့် လေသံမျိုး မရှိပေ။ သူသည် ယဉ်ကျေးပြီး အခြားသူများကိုလည်း ကျိုးနွံသည်။
"မှန်ပါလေ၊ ငါ အရင်က သူ့ကို ကူညီခဲ့တယ်" မင်းသမီး(၁၃)သည် မူလက သူမအစ်ကို၏ သူမမကောင်းကြောင်း ပြောသည့်စကားကြောင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ယခု ချင်ယွင်၏ စကားကိုကြားလိုက်ရသည့်အခါ သူမသည် ချက်ချင်းပင် ဂုဏ်ယူ သွားလေသည်။
ဆဋ္ဌမမင်းသားသည် ကူရာမည့်သည့် အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ချင်ယွင်၏ ပါးစပ်ထောင့်တွင်လည်း ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"မင်းတို့နှစ်ယောက်က အရှေ့ပိုင်းနေနန်းတော်ကို ဘာအတွက် ရောက်လာကြလဲ ငါသိနိုင်မလား" ဆဋ္ဌမမင်းသားက မေးလိုက်သည်။
ချင်ယွင်က ပြန်ဖြေခါနီးမှာပဲ၊ သူ၏ဘေးမှာရှိနေသည့် မင်းသမီး(၁၃)က အရင်ဆုံး ပြောလိုက်သည်"သူက အစ်ကိုကြီးရဲ့ရောဂါကို ကုသနိုင်ပြီလို့ ပြောခဲ့တယ် !"
မင်းသမီး(၁၃)က ချင်ယွင်ကို လက်ညှိုးထိုးပြပြီး ပြောသည်။
ထိုစကားပြောပြီးသည်နှင့် လူတိုင်းက ချင်ယွင်ကို ချက်ချင်း ကြည့်ကြသည်။
အထူးသဖြင့် လူအိုကြီး သိုင်းဧကရာဇ်ဘိုင်ဟောက် ဖြစ်သည်၊ သူ၏ စူးရှသော မျက်လုံး အစုံသည် ချင်ယွင်ကို ထိုးဖောက်ပြီး မြင်လိုသည့်အတိုင်း ချင်ယွင်ကို စူးစိုက် ကြည့်နေသည်။
ဆဋ္ဌမမင်းသားသည် နှိုင်းပြလို့မရသည့် အံ့အားသင့်သော အမူအရာကိုလည်း ထုတ်ဖော် လာသည်။ သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက် အလင်းတန်းတစ်ခု ပေါ်လာသော် လည်း မကြာမီမှာပင် ဤမျှော်လင့်ချက် အလင်းတန်းများသည် စိတ်ပျက်လက်ပျက် ဖြစ်ဟန်ဖြင့် ပျက်သုဉ်းသွားခဲ့သည်။
"မေ့လိုက်ပါတော့၊ ငါ မကျန်းမမာဖြစ်နေတာ ဆယ်နှစ်ရှိပြီ။ တုန်အင်ပါယာရဲ့ နာမည်ကျော် ဆေးဘုရင်တောင်ကြားက ဆေးဘုရင်ကတောင် လက်လျော့ ထားရတယ်။" ဆဋ္ဌမမင်းသားက သက်ပြင်းချပြီး ပြောလိုက်သည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်က ရုတ်တရက် ပြောလိုက်သည် "ဆဋ္ဌမမင်းသားက မကျန်းမမာ ဖြစ်နေတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က 'အနှစ်သာရကို ဝါးမျိုခြင်း' လို့ခေါ်တဲ့ မှော်မန္တာန်စာလုံးတစ်ခုကို ရေးချထားလို့ပဲ"
ထိုစကားပြောပြီးသည်နှင့် လူတိုင်းက ချင်ယွင်ကို မျက်လုံးမျက်ဆံပြူးကာ စိုက်ကြည့် နေကြလေသည်။
အခန်း (၃၂၀) အဆိပ်ဖြေဆေး။
"အနှစ်သာရကိုဝါးမျိုခြင်းမှော်ပညာရပ်လား… ?"
ဆဋ္ဌမမင်းသားလေးသည် ထိုစကားလုံးများကို ထပ်ခါထပ်ခါရေရွတ်ရင်း သူ၏မျက်နှာက ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။
သိုင်းဧကရာဇ် ဘိုင်ဟောက်နှင့် ဆံပင်ဖြူအဘွားအိုတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ချင်ယွင်ကို အံ့ဩစွာ ကြည့်နေကြသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ထိုကဲ့သို့သော စကားလုံးကို တစ်ခါမျှ မကြားဖူးကြပေ။
မင်းသမီး(၁၃)က ရိုးရိုးတန်းတန်းတွေးကာ ပြောလိုက်သည်"ငါ့အစ်ကိုက နာမကျန်း ဖြစ်တာ မဟုတ်ဘူး မှော်မန္တာန်စာလုံးကြောင့်လို့ နင် ဘာလို့ ပြောနိုင်ရတာလဲ။ ငါ့ခမည်းတော် ဧကရာဇ်မင်းမြတ်က စစ်ဆေးပြီးသွားပြီ။ ငါ့အစ်ကိုရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအင် ဘာတစ် မှမရှိဘူး"
ချင်ယွင်သည် မင်းသမီး(၁၃)၏မေးခွန်းကို တိုက်ရိုက်မဖြေပါ။ ယင်းအစား သူက ဆဋ္ဌမမြောက် မင်းသားကို ကြည့်ပြီး ဆက်မေးလိုက်သည် " ဆဋ္ဌမမင်းသား၊ မင်းသား အသက်ဆယ့်လေးနှစ်ကတည်းက မင်းသားရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ စတင်လျော့ပါးသွားခဲ့ပြီ မဟုတ်လား" ဒါ့အပြင် မင်းသားရဲ့ ရုပ်ခန္ဓာကိုယ်ကလည်း ခွန်အားမဲ့လာပြီး မင်းသားရဲ့ အသက်ဓာတ်တွေကတောင် အဆက်မပြတ် အဝေးကို စီးဆင်းပြီး လွင့်ပျယ်နေတယ်"
"ဟုတ်တယ်!" ဆဋ္ဌမမင်းသားက ခေါင်းညိတ်ပြလိုက်သော်လည်း ဤအရာသည် လူတိုင်းသိပြီးသား ကိစ္စမို့ ချင်ယွင်ပြောတာကို မအံ့သြကြတော့ပါဘူး။
အခြားလူတွေက ချင်ယွင်ကို သံသယစိတ်ဖြင့် ကြည့်ကြသည်။
သို့သော်လည်း ချင်ယွင်က ပြောသည် "မှန်ပါတယ်။ ဒီလို အနှစ်သာရကိုဝါးမျိုးခြင်း မှော်ပညာရပ်ဟာ ရှေးခေတ်မှော်ဆရာတွေရဲ့ အရက်စက်ဆုံး မှော်ပညာတွေထဲက တစ်ခုပဲ။ ဒီလိုမှော်မန္တာန်မျိုးကို ဝိညာဉ်ချီစာလုံးကို အသုံးပြုပြီး စီရင်ရတာမ ဟုတ်ဘဲ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို အသုံးပြုပြီး စီရင်ရတာဖြစ်ပါတယ်။ ."
"၎င်းမှော်မန္တာန်အစီအရင်ဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အမှတ်မထင် ဝင်ရောက် သွားတာနဲ့ အဲဒီလူရဲ့ အရိုးတွင်းခြင်ဆီအထိ နက်ရှိုင်းတဲ့နေရာအထိ ဝင်ရောက်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဝိညာဉ်စွမ်းအင်နှင့် အရေးကြီးတဲ့ အနှစ်သာရ တို့ကို အဆက်မပြတ် စုပ်ယူနေလိမ့်မယ်။ လူတစ်ယောက်ရဲ့ အသက်ဓာတ်နှင့် ကျင့်ကြံခြင်းအခြေခံတို့ကို လုံးဝ ကုန်ခမ်းသွားသည် အထိ စုပ်ယူနေလိမ့်မယ်။ နောက်ဆုံး အဲဒီလူရဲ့ အရေးကြီးတဲ့ အနှစ်သာရနဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးသွားတာနဲ့ အဲဒီမှော်ပညာရှင်ဟာ ဒီစွမ်းအင်ကိုယူပြီး သူ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေအတွက် အသုံးပြုလိမ့်မယ်။" ချင်ယွင်က ရှင်းပြသည်။
"ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ မှော်မန္တာန်လဲ။ ဒါက လူ့အသက်နဲ့ အနှစ်သာရတွေကို ဆေးလုံးတွေ သန့်စင်ဖို့အတွက် ဆေးဖက်ဝင်ပစ္စည်းအဖြစ် လုံးလုံး အသုံးပြုနေတာ မဟုတ်ဘူးလား။" ပိရှစ်သိုင်းမြို့စားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မှန်ပါတယ်။ အဲဒါကြောင့် ဒီအနှစ်သာရကို ဝါးမျိုးခြင်းမှော်မန္တာန်စာလုံးကို လူသားဆေးလုံး သန့်စင်ခြင်းပညာရပ်' လို့ ခေါ်ကြတာပေါ့။ ချင်ယွင်က ပြောသည်။
" လူသားဆေးလုံး သန့်စင်ခြင်းပညာရပ်လား? နာမည်ကို နားထောင်မိရုံဖြင့် ဆံပင်တွေတောင် အဆုံးထိတောင်စေတယ်!" မင်းသမီး(၁၃)က မထိန်းနိုင်သည်အထိ တုန်လှုပ်သွားသည်။
ဆဋ္ဌမမင်းသားက ခေါင်းငုံ့ပြီး စဉ်းစားနေသည်။ သူ့အပေါ် ယခုလိုရက်စက်သည့် မှော်မန္တာန်စာလုံးတွေကို မည်သူက လုပ်ကြံခဲ့လဲဆိုသည်ကို သူတွေးနေသည်မှာ ထင်ရှားပါ သည်။
ချင်ယွင်က ဆက်ပြောသည် "ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ သက်တမ်းနဲ့ အနှစ်သာရကို စုပ်ယူဖို့အတွက်ဆို သုံးနှစ်ကနေ ငါးနှစ်လောက်သာ ကြာပါတယ်။ ဒါပေမယ့် ဆဋ္ဌမမင်းသားဟာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဆေးဝါးမျိုးစုံကို အချိန်အတော်ကြာအောင် စားသုံးခဲ့ရပြီး ခန္ဓာကိုယ်ထဲမှာ သာမန်လူတွေနဲ့မတူတဲ့ ထူးခြားတဲ့ အနှစ်သာရနဲ့ အသက်ဓာတ်တွေကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်နေတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ မင်းသားက ဆယ်နှစ်နီးပါး တောင့်ခံပြီး ရပ်တည်နိုင်ခဲ့တာပဲ။ ကျွန်တော်ခန့်မှန်းတာ မမှားရင် ဆဋ္ဌမမင်းသားက အသက်သစ်သီးကိုတောင် စားသုံးဖူးမယ် ထင်တယ် ”
ဆဋ္ဌမမင်းသားက ခေါင်းညိတ်ပြသည်။
ချင်ယွင် ပြုံးလိုက်သည်။ ဆဋ္ဌမမင်းသားကို မြင်လိုက်ရသည့်အချိန်မှာပင် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ထဲမှ အသက်သစ်ပင်၏ အရိပ်အယောင်ကို သူခံစားလိုက်ရသည်။
တစ်ချိန်တုန်းက အသက်သစ်သီးကို လာရောက်ယူငင်ခဲ့သည့်လူသည် ဧကရာဇ် မင်းမြတ်ဒါယန်း ဖြစ်ကြောင်း သူ့ကို အမှတ်ရသွားစေသော်လည်း ၎င်းသည် ဆဋ္ဌမမင်းသား၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆဋ္ဌမမင်းသားအပေါ် ဧကရာဇ်မင်းမြတ်ဒါယန်း၏ ချစ်ခြင်းမေတ္တာသည် အမှန်တကယ် မရိုးရှင်းဟု ထင်ရသည်။
"ဒါဆို ဒီနည်းပညာရပ်ကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းရှိလား" ဘေးမှာရပ်နေသည့် သိုင်းဧကရာဇ် ဘိုင်ဟောက်က နောက်ဆုံး စကားပြောလာသည်။
ဆဋ္ဌမမင်းသား၏ မျက်လုံးများတွင် ဝင်းလက်တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ သူသည် ပုံမှန်အခြေအနေအတိုင်း ပြန်မဖြစ်ချင်ဟု ပြောမည်ဆိုလျှင် အတုအယောင်ပင် ဖြစ်ပါလိမ့်မည်။ သူသည် ပုံမှန်လူတစ်ယောက် ပြန်ဖြစ်လာဖို့ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ အကယ်၍ သူသည် ကျင့်ကြံနိုင်ခြင်း မရှိဘူးဆိုရင်တောင် တစ်နေ့လုံး အိပ်ယာထဲမှာ လှဲနေတာထက် စာရင် သာမန်သေမျိုးတစ်ယောက် ဖြစ်လာခြင်းက ပိုကောင်းပါသေးသည်။
သို့သော် အချိန်တွေကြာလာသည်နှင့်အမျှ ကုသမူခံယူချိန်မှာ မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပြီး မပျောက်ကင်းသည့်အခါ စိတ်ပျက်စရာများ စုပုံလာခဲ့သည်။ အဆိုပါ စိတ်ပျက်မှုများသည် နောက်ဆုံးတွင် စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယခုလည်း ပထမတော့ ချင်ယွင်က သူ့ကို ကုသပေးမည်ဆိုသည့်သတင်းကိုကြားရလျှင် သူသည် မည်သည့်မျှော်လင့်ချက်မှ မထားတော့ပေ။ သို့သော် ချင်ယွင်က ထိုစကားကို ပြောပြီးနောက် သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက် မီးတောက်များက တောက်လောင် လာပြန်သည်။
အားလုံးက ချင်ယွင်ကို မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လှမ်းကြည့် နေကြသည်။
ချင်ယွင်သည် ခဏတာ အံ့အားသင့်သွားပြီး နောက်ဆုံးတွင် တုန့်ပြန်လိုက်သည် "ဟုတ်ကဲ့... !"။
ချင်ယွင်ထံမှ စကားတစ်ခွန်း ထွက်ပေါ်လာပြီးနောက် ရောက်ရှိနေသူ လူအားလုံး အထူးသဖြင့် မင်းသမီး(၁၃) နှင့် ဆဋ္ဌမမင်းသားတို့သည် ကြည်နူးဖွယ်အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။ သူတို့သည် လွန်စွာ စိတ်လှုပ်ရှားနေကြ၏။
သို့သော် ချင်ယွင်၏ နောက်စကားက သူတို့သည် တိမ်တိုက်များပေါ်မှ တွင်းနက်ကြီး၏ အောက်ခြေအထိ ပြုတ်ကျသွားသလို ခံစားရစေခဲ့သည်။
"ဒါပေမယ့် ငါမလုပ်နိုင်ဘူး၊ အနည်းဆုံးတော့ အခု မလုပ်နိုင်သေးဘူး။" ချင်ယွင်က သက်ပြင်း ချလိုက်သည်။
ဆဋ္ဌမမင်းသား၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တင်းမာသွားသည်။ မင်းသမီး(၁၃) သည် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒများ ပါဝင်နေသည့် အကြည့်ဖြင့် မီးပွင့်တော့မတတ် စူးစူးဝါးဝါး ကြည့်နေသည်။ ထိုနောက် သူမက ဆံပင်ဖြူ အဘွားကြီးအား အလျင်အမြန် ပြောလိုက်သည် "အဘွားဝမ်၊ သူ့ကို သတ်လိုက်ပါ... !"
သေချာသည်မှာ၊ ဆံပင်ဖြူအဘွားကြီးက တချက်လေးမှ မလှုပ်ခြားပေ။ ယင်းအစား သူမက ဘေးအနားမှာ ရပ်နေသည်။
ဆံပင်ဖြူအဘွားကြီး မလှုပ်မယှက်ရပ်နေသည်ကို မင်းသမီး(၁၃)က မြင်သည့်အခါတွင် သူမသည် အလျင်စလို ထပ်မံ အော်ပြောလိုက်ချင်သော်လည်း ဘေးနားရှိ သိုင်းဧကရာဇ်ဘိုင်ဟောက်က တားဆီးလိုက်သည်။
"မင်း စောစောလေးက အခု မလုပ်နိုင်သေးဘူးလို့ ပြောလိုက်တာလား။ ဆိုလိုတာက မင်းက ဒီမှော်မန္တာန်စာလုံးတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ သိတယ်ပေါ့" သိုင်းဧကရာဇ်ဘိုင်ဟောက်က ချင်ယွင်ကိုကြည့်ကာ မေးလိုက်သည်။
'"ဟုတ်ပါတယ်၊ ဒီမှော်မန္တာန်စာလုံးတွေကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကျွန်တော် သိပါတယ်။ ရှေးစာအုပ်တစ်အုပ်မှာ ကျွန်တော် တစ်ခါဖတ်ဖူးတယ်။ ဒီမှော်မန္တာန် စာလုံးတွေကို ဖွင့်ဖို့ နည်းလမ်းနှစ်ခုရှိတယ်။ တစ်ခုကတော့ မင်းသားရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို မှော်မန္တာပညာရှင် ကိုယ်တိုင်က ပြန်ထုတ်ယူဖို့ပဲ။ " ချင်ယွင်က ပြောသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက် က ခေါင်းခါလိုက်ပြီး ပြောသည် " ဒီမှော်မန္တာန်ပညာရှင်က ဒီမှော်မန္တာန် စာလုံးတွေကို မင်းသားဆီမှာ အသုံးချပြီးကတည်းက သူက မင်းသားကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာ သိသာပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို သူက ဘယ်လိုလုပ် ပြန်ထုတ်ပေးနိုင်မှာလဲ"
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဒီပထမနည်းလမ်းက မဖြစ်နိုင်ဘူးဆိုတာ သိသာပါသည်။
"ဒုတိယနည်းလမ်းကရော ဘာလဲ" သိုင်းဧကရာဇ်ဘိုင်ဟောက်က ဆက်မေးသည်။
ချင်ယွင်က ပြောပြသည် "ဒုတိယနည်းလမ်း အမျိုးအစားကတော့ အလွန်အစွမ်းထက်တဲ့ စိတ်ဝိညာဉ်စွမ်းအားရှိသူ လူတစ်ယောက်ကို လိုအပ်တယ်။ သူက မင်းသားရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို ရှာဖွေပြီး ထုတ်ယူ ဖယ်ရှားပစ်ဖို့ပဲ"
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းသည် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ကို အကြိမ်များစွာ စစ်ဆေးခဲ့ပြီး ဖြစ်ကာ ထူးထူးခြားခြား မည်သည့်အရာမျှ မတွေ့ခဲ့ရကြောင်း သူသိသည်။ တစ်နည်းဆိုရသော် ဧကရာဇ်မင်းမြတ်ဒါယန်း၏ စိတ်ဝိညာဉ်စွမ်းအားသည် ဆဋ္ဌမ မင်းသား၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။
"စိတ်ဝိညာဉ်စွမ်းအားက အတိအကျ ဘယ်အဆင့်အထိဆို ရှာဖွေတွေ့ရှိနိုင်မလဲ" သိုင်းဧကရာဇ် ဘိုင်ဟောက်သည် မနေနိုင်တော့ဘဲ ဆက်မေးလိုက်ရသည်။
ချင်ယွင်က " တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် " ဟု ပြန်ဖြေသည်။
"တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်လား?" သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဆံပင်ဖြူ အဘွားကြီး နှစ်ယောက်စလုံး အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်လာ ကြသည်။
တော်ဝင်ရန်အင်ပါယာကြီးတစ်ခုလုံးတွင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင် ပညာရှင် တစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် ဆဋ္ဌမမင်းသားကို ကယ်တင်ရန်မှာ မဖြစ်နိုင် သလောက်ပင်။
ဆဋ္ဌမမင်းသားသည်လည်း စိတ်ပျက်လက်ပျက်ဖြစ်သည့် အမူအယာဖြစ်ပေါ်နေသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူကို မည်သည့်နေရာမှာ ရှာတွေ့ နိုင်မည်နည်း။ အကယ်၍ ရှာတွေ့မည်ဆိုလျှင်ပင် သူ၏ခမည်းတော်တောင်မှ ဖိတ်ခေါ်လို့ မရလောက်ပေ။
ယခုအချိန်တွင် မင်းသမီး(၁၃) သည် မည်သည့်ပြဿနာမှ မရှာတော့ပေ။ သူမ၏ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာနေပြီး ဆဋ္ဌမမင်းသားအား နာခံမှုရှိရှိဖြင့် နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်က ထပ်ပြောလိုက်သည် “တကယ်တော့၊ ကျွန်တော့်မှာ ဆဋ္ဌမမင်းသားကို ကယ်တင်ဖို့ နည်းလမ်းရှိပါသေးတယ်၊ ဒါပေမယ့် ပစ္စည်းတစ်ခုခုတော့ လိုတယ်”
"ဘာပစ္စည်းလဲ၊ ငါတို့မှာရှိနေသရွေ့ နင့်ကို ငါ ပေးမယ်။" မင်းသမီး(၁၃) က ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူ၏မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားရသည့် အရိပ်အယောင်တစ်ခု ပေါ်လာပါသည်။ သို့သော် ကျန်းရွှန်ရှင်း
အကြောင်း တွေးလိုက်သောအခါတွင် သူ၏အပြစ်ရှိသည့် ခံစားချက်များ ပျောက်ကွယ်သွားပြီး ပြောလိုက်သည် " စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက် !"
"စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်လား၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်က မင်းသားကို ကယ်တင်နိုင် တာလား။" သိုင်းဧကရာဇ်ဘိုင်ဟောက်က သတိကြီးစွာထားကာ ပြောလိုက်သည်။
ချင်ယွင်လည်း ခေါင်းညိတ် ပြလိုက်သည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်လည်း တခဏလောက်ကြာအောင် စဉ်းစားပြီး နောက်ဆုံး ပြောလိုက်သည် "နန်းတော်ထဲမှာ တကယ်ပဲ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက် တစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဧကရာဇ်မင်းမြတ်မင်းဆီ သတင်းပို့ပြီး ဆုံးဖြတ်ချက်ချဖို့ တောင်းဆိုရမယ် "
မင်းသမီး(၁၃)သည် သူမအစ်ကိုကြီးကို ကယ်တင်နိုင်သည်ဟု ကြားသောအခါ ၊ သူမသည် "ဘယ်လို သတင်းကောင်းမျိုးလဲ။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို ခမည်းတော် ဧကရာဇ်မင်းမြတ်ထံမှ ငါသေချာပေါက် ရအောင်ယူရမယ်"ဟု ကမန်းကတန်း ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် လျင်မြန်စွာ ပြေးထွက်သွားလေသည်။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
အမှန်တကယ်တော့၊ ဆဋ္ဌမမင်းသားကို ကယ်တင်ရန်အတွက် စိတ်ဝိညာဉ် ပြန်သွင်းခြင်းမြက်ကို အသုံးပြုရန် မလိုအပ်ပါ။ သူ့အစစ်အမှန် ခန္ဓာကိုယ်၏ မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားသော်လည်း သူ့ကိုယ်ပွား၏ စိတ်ဝိညာဉ်သည် ပျက်စီးသွားခြင်း မရှိပေ။ ထို့ကြောင့်၊ သူသည် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ရှာဖွေရန်အတွက် သူ့ကိုယ်ပွား၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ပါသည်။
စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်နှင့် ပတ်သက်၍ကား ချင်ယွင်သည် သဘာဝအတိုင်း အခြေအနေအရ ဆွဲဆောင်သည့်အနေဖြင့် အသုံးပြုလိုက်ခြင်းသာ ဖြစ်ပါသည်။