အခန်း (၃၂၆-၃၃၀)
Vol. 22 Ch. 326-330
အခန်း (၃၂၆) ရှေးဟောင်းတာအိုညွန်ကြားပေးခြင်း။
ပြီးနောက် သူတို့သည် ချင်ယွင်အား သဘာဝအတိုင်း တုန်းယန်နန်းတော်ဆီသို့ ခေါ်ဆောင် သွားခဲ့ကြသည်။
ပိရှစ်သိုင်းမြို့စား နှင့် အခြားသူများသည် ချင်ယွင် ဘေးကင်းပြီး အကောင်း ပကတိရှိနေသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းချမိကြသည်။
မင်းသမီး(၁၃)ဆို ချင်ယွင်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။ ထင်ရှားသည်မှာ၊ သူမသည် ချင်ယွင်ကို ဤမျှကြီးမားသောပြဿနာကို ဖြစ်စေခဲ့သည့်အတွက် အပြစ်တင်နေပုံရသည်။
ဆဋ္ဌမမင်းသားသည် ဤကိစ္စနှင့်ပတ်သက်ပြီး ခေါင်းကိုက်နေသော်လည်း သူတို့သည် နဝမမင်းသားနှင့် အမြဲတမ်း သဘောထားကွဲလွဲနေသောကြောင့် ချင်ယွင်ကို အပြစ်မတင်ပေ။
ပိရှစ်သိုင်းမြို့စား နှင့် ပတ်သက်၍မူ ချင်ယွင်က သိုင်းမြို့စားချင်းယွန်ကို သူသတ်ခဲ့ကြောင်း ပြောပြပြီးနောက် သူမ၏ မျက်လုံးများက ခံစားချက် အရိပ်အမြွက် ဖော်ပြလာ သော်ခဲ့လည်း သူမ၏မျက်နှာပေါ်ရှိ အမူအရာအရ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
ဧကရာဇ်မင်းမြတ် ဒါယန်း ပြန်လာပြီးနောက် သူကွပ်မျက်ခံရမည်ကို သူမ စိုးရိမ်နေကြောင်း ချင်ယွင်သိသည်။ နောက်ဆုံးတွင် ချင်ယွင်သည် ဧကရာဇ်မင်းမြတ် ဒါယန်း၏ သားတော်တစ်ပါးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားကို စိတ်သက်သာရာရစေရန်အတွက် မည့်သည့် နှစ်သိမ်းစကား မှမပြောတော့ပေ။ ယင်းအစား သူသည် သူ၏အခန်းဆီကို တိုက်ရိုက် ပြန်လာခဲ့သည်။
အမှန်တကယ်တော့ သူလည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်။ သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပြီး ဧကရာဇ်မင်းမြတ်ဒါယန်း ပြန်လာပြီးနောက် သူ၏ ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက်ကို စောင့်ဆိုင်းနေရသည်။
သို့သော် သူသည် ငြိမ်သက်စွာထိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေမည် မဟုတ်ပေ။ ဧကရာဇ်မင်းမြတ်က သူ့ကို အမှန်တကယ် အပြစ်ပေးချင်သည် ဆိုလျှင် သူသည် သေခြင်းတရားကို ထိုင်စောင့်နေမှာတော့ မဟုတ်ပါဘူး။
သေချာသည်မှာ ထွက်ပြေးလွတ်မြောက်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်ပါဘူး။ ဟုတ်ပါသည်။ သိုင်းဧကရာဇ်ဘိုင်ဟောက်၊ ဆံပင်ဖြူအဘွားအိုတို့နှင့်အတူ ချင်ယွင်သည် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပါသည်။
အကယ်၍ သူခန့်မှန်းချက် မမှားဘူးဆိုလျှင်၊ သူတို့က ယခုအချိန်အတွင်းမှာ ချင်ယွင်ကို သေချာစောင့်ကြပ်နေမှာ ဖြစ်ပြီး သူ့ကို တုန်းယန် နန်းတော်မှ သေချာပေါက် ထွက်သွားခွင့်ပြုမှာ မဟုတ်ပါဘူး။
အင်ပါယာတပ်ဖွဲ့၏ တပ်မှူးကြီးယုချန်းဆိုရင်လည်း တုန်းယန်နန်းတော်ကို သေချာပေါက် စောင့်ကြည့်နေပါလိမ့်မည်။ သူသည် ချင်ယွင်ကို ဤနန်းတော်မှ ထွက်ပြေး လွတ်မြောက်သွားစေမည် မဟုတ်သည်မှာ သေချာသည်။
သိုင်းဧကရာဇ်သုံးပါးက သူ့ကို စောင့်ကြည့်မူနှင့်အတူ ချင်ယွင်သည် နတ်ဘုရား အသွင်ပြောင်း ပညာရပ်ကို အသုံးမပြုမချင်း ရှောင်ပြေးနိုင်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် ထွက်ပြေးတိမ်းရှောင်မည့်အစား တုန်းယန်နန်းတော်မှာ အေးအေးချမ်းချမ်း နေနိုင်သည်။
ချင်ယွင်အခန်းထဲဝင်လာပြီးနောက် သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လျှပ်စီးစွမ်းရည် သဘောတရားကို ဆက်လက်ပြီး နားလည်ဆင်ခြင်လိုက်သည်။
ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းသည် အဓိကစွမ်းရည်ကိုးပါးအပြင် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်း၏ ပိုင်ရှင်ဖြစ်သူ ချင်ယွင်သည် အခြားလေဟာနယ် နေရာများကိုလည်း အလွယ်တကူ ဖွင့်နိုင်သည်။
နောက်ဆုံးအကြိမ်မှာ ကျန်းရွှန်ရှင်း သေဆုံးပြီးကတည်းက ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ အလောင်းကို သိမ်းဆည်းရန်အတွက် အထူးနန်းတော်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ပင်မခန်းမအတွင်းမှာ, ချင်ယွင်၏ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရန်စီချီကို သတိပြန်ရလာစေရန်အတွက် သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအား ကို သူ အသုံးပြုခဲ့သည်။
ရန်စီချီသည် သတိလစ်မေ့မြောရာမှ နိုးလာပြီး ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
ချင်ယွင်သည် ရန်စီချီ၏ ခေါင်းလေးကို ထိတွေ့ပွတ်သပ်လိုက်လိုက်ပြီး သူ၏စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသည် ။
ထို့နောက် သူတို့နှစ်ဦး အချိန်အတော်ကြာ စကားစမြည် ပြောကြသည်။ ချင်ယွင်သည် လည်း ထိုကာလအတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို ရန်စီချီအား ပြောပြခဲ့သည်။
ထိုအချိန်ကာလအတွင်း ချင်ယွင်ကြုံတွေ့ခဲ့ရသည့် အရာများကို ရန်စီချီ ကြားသော အခါတွင် သူမ၏တောက်ပသောမျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
အထူးသဖြင့် ချင်ယွင်သည် ကျန်းရွှန်ရှင်းအတွက် သူ့စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းစေခဲ့ သည်ဟု ကြားသောအခါတွင် သူမ၏နှလုံးသားသည် ပြင်းပြင်းထန်ထန် ရှုပ်ထွေးသွားခဲ့ပြီး တုန်လှုပ်သွားကာ အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော် ချင်ယွင်သည် နန်းတော်အတွင်း၌ နဝမမင်းသားနှင့် သိုင်းမြို့စားချင်းယွန်တို့ကို သတ်ခဲ့ကြောင်းနှင့် သိုင်းဧကရာဇ်တစ်ပါး၏ လက်ဖဝါးနှစ်ချက် ရိုက်နှက်ခံရမူကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သည်ကို ကြားလိုက်ရ သောအခါတွင် သူမ၏စိတ်ထဲတွင် စိတ်ပျက်စရာများ လုံးဝပျောက်ကွယ်သွားပြီး သူမစိတ်ထဲတွင် စိတ်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေဖြင့်သာ ပြည့်နှက်နေခဲ့သည်။
သူမသည် ချင်ယွင်၏ နှလုံးသားထဲတွင်ရှိနေသည့် ဘက်မလိုက်သော အချစ်ကို ခံစားနိုင်ပါ သည်။ ချင်ယွင်တွင် အမျိုးသမီးတစ်ဦးတည်းသာ ရှိလိမ့်မည်ဟုလည်း သူမ မျှော်လင့်ခဲ့ပေ။ သူမသည် ချင်ယွင်၏နှလုံးသားထဲမှာ နေရာတစ်နေရာကို သိမ်းပိုက်ထားနိုင်ဖို့အတွက်သာ သူမ မျှော်လင့်ထားခဲ့သည်။
မူလက ချင်ယွင်သည် အခြားမိန်းမများရှိလာပြီးနောက် သူမကို ထပ်ပြီးမချစ်တော့မည်ကို အနည်းငယ် စိုးရိမ်နေသေးသည် ။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သူမအတွက်ဆို အသက်ပင် စွန့်နိုင်သည်ဟု ကြားသိရလျှင် သူမစိတ်ထဲမှာရှိနေသည့် စိုးရိမ်ပူပန်မှုများ လုံးလုံးလျားလျား ပျောက်ကွယ် သွားခဲ့သည်။ ပျော်ရွှင်မှုများသာရှိတော့သည်။
တခဏအကြာတွင် ရန်စီချီ၏ တောင်းဆိုချက်အရ ချင်ယွင်သည် ရန်စီချီကို ကျန်းရွှန်ရှင်း ကို တွေ့ရန်အတွက် ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
မိုးကြိုးဝိညာဉ်ဂိုဏ်းမှစပြီး ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ အလောင်းကို ရေခဲအခေါင်းဖြင့် ဤနေရာတွင် ထိန်းသိမ်းထားခဲ့ပြီး ကျန်းရွှန်ရှင်း၏ အသက်ဓာတ်တက်ကြွမှုကို ထိန်းသိမ်းနိုင်ရန် အတွက် အသက်သစ်ပင်၏ အသက်စွမ်းအားအရည်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် လက်ရှိ ကျန်းရွှန်ရှင်းသည် အိပ်နေသည့်ပုံစံနှင့် ထူးမခြားနားပေ။
ရန်စီချီသည် ကျန်းရွှန်ရှင်းကို "စိတ်မပူပါနဲ့၊ ငါ မင်းအတွက် ချင်ယွင်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်" ဟုပြောနေသည့်အလား သူမမျက်လုံးများတွင် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေလေသည်။
ချင်ယွင်သည် ဘေးတဖက်တွင် ရပ်လိုက်ပြီး ရန်စီချီက ကျန်းရွှန်ရှင်းကို လက်ခံနိုင်သည့် လှုပ်ရှားမူများကို တွေ့မြင်နေရသည်။ မူလက ချင်ယွင်သည် ကျန်းရွှန်ရှင်းနှင့် ရန်စီချီတို့ကြား အပေါက်အကြားရှိလာမည်ကို စိုးရိမ်သောကြောင့် တွေ့ဆုံခွင့် မပြုခဲ့ပေ။
ယခုတော့ သူသည် အရာရာတိုင်းကို အတွေးလွန်နေပုံရသည်။ ကျန်းရွှန်ရှင်းပဲဖြစ်ဖြစ် ရန်စီချီပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်စလုံးသည် သူမတို့၏ နှလုံးသားထဲမှာ အလွန် ကြင်နာတတ်သော မိန်းကလေးတွေဖြစ်ပြီး သူမတို့၏တစ်ခုတည်းသော ဆန္ဒက ချင်ယွင်၏ ဘေးအနားမှာ ရှိနေရရုံဖြင့်ပင် လုံလောက်နေပါသည်။
ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် ချင်ယွင်နှင့် ရန်စီချီတို့ ပလံသင့်နေရုံရှိသေး၊ ချင်ယွင်၏အခန်းထဲတွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ရှေးဟောင်းတာအိုဆရာသခင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို အမှန်တကယ် လာတွေ့ခဲ့ပြီး ဤအချိန်အတောအတွင်း ချင်ယွင်ကို သင်ခန်းစာတစ်ခု သင်ပေးလိုသည်ဟု ပြောကြားခဲ့သည်။
ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ သူသည် ရှေးဟောင်း တာအိုဆရာသခင်၏ တပည့်ဖြစ်လာပြီးကတည်းက၊ ရှေးဟောင်းတာအိုဆရာသခင်သည်
သူ့အား အသက်အန္တရာယ်မှ လွတ်မြောက်စေရန်အတွက်သာ ကူညီပေးမည်ဟု အမြဲတမ်း သဘောတူညီ ချမှတ်ခဲ့သည်။ သူသည် သူပြန်လည်အိပ်မပျော်ခင် ချင်ယွင်အတွက် ဓားသိုင်းပညာရပ်နဲ့ ဆေဘာပညာရပ်တွေကို ရံဖန်ရံခါ ပစ်ချပေးတတ်သည်။
ယခု သူက ချင်ယွင်ကို ချက်ခြင်းကြီး သင်ပေးချင်လာသည်ဆိုတော့ သူ မည်သို့ မအံ့ဩဘဲ နေမည်နည်း။
အခန်းထဲမှာ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်စဉ် မြူနှင်းချောက်နက်ဓားက ချင်ယွင်၏ ရှေ့တွင် လွင့်မျောနေသည်။
"ပြောစမ်းပါဦး၊ မင်း အခု ဘယ်အတိုင်းအတာအထိ ကျင့်ကြံပြီးနေပြီလဲဆိုတာ" ရှေးဟောင်းတာအို ဆရာသခင်၏အသံက ထွက်ပေါ်လာသည်။
"အခုအချိန်မှာ၊ ကျွန်တော့်ရဲ့ လေစွမ်းရည် သဘောတရားသုံးခုနဲ့ လျှပ်စီးစွမ်းရည် သဘောတရားသုံးခုစလုံးဟာ ပဉ္စမအဆင့်ကို ရောက်နေပါပြီ။ အသက်သစ်ပင်ရဲ့ အသက်သဘောတရားကတော့ သတ္တမအဆင့်ကို ရောက်နေပါပြီ။" ချင်ယွင်က ပြန်ဖြေသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ထိုစကားကိုကြားပြီးနောက် ခေတ္တတိတ်ဆိတ်သွားပြီး
ပြောသည် "သစ်သားစွမ်းရည်ကိုယ်ပွားက သိမ်မွေ့နက်နဲနယ်ပယ်ကို အမြန်ဆုံး ရောက်ရှိရန်အတွက် ဆက်လက်ပြီး နားလည်ဆင်ခြင်ပါ။ တကယ်လို့ မင်းသား ကြိုးကြိုးစားစား ကျင့်ကြံလိုက်မယ်ဆိုရင် အချိန်ရောက်တာနဲ့ မင်းက သိုင်းဧကရာဇ် နယ်ပယ်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ရောက်ရှိဖို့အတွက် သစ်သားစွမ်းရည်ရဲ့ အသက် သဘောတရားကို ငှားရမ်းအသုံးပြုနိုင်တယ်. ။ အခြားသဘောတရားနှစ်ခုအတွက်ကတော့၊ မင်းရဲ့ မူလလမ်းကြောင်းအတိုင်း လိုက်ပါကာ ပေါင်းစပ်ခြင်းလမ်းစဉ်နဲ့ နားလည် သဘောပေါက်မူ လမ်းစဉ်ကိုပဲ ဆက်လျှောက်လှမ်းပါ။”
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဤအရာသည် သူတွေးနေသည့်အတိုင်း အတိအကျ ဖြစ်သည်။ သူနားလည်ဆင်ခြင်ထားခဲ့သည့် သဘောတရားစွမ်းရည် သုံးမျိုးထဲမှ တစ်ခုသည် သိမ်မွေ့နက်နဲနယ်ပယ်ကို ရောက်သည်နှင့်၊ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ (သဘောတရားစွမ်းရည်သုံးခုဟူသည်= လေစွမ်းရည်သဘောတရား၊ မိုးကြိုးလျှပ်စီး စွမ်းရည်သဘောတရား၊ သစ်သားစွမ်းရည်သဘောတရားတို့ ဖြစ်ပါသည်။ ထိုသုံးခုထဲမှ တစ်ခုကို သိမ်မွေ့နက်နဲနယ်ပယ်အထိ ရောက်အောင် နားလည်ဆင်ခြင်နိုင်သည်နှင့် သိုင်းဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်.)
လေစွမ်းရည်သဘောတရားနှင့် လျှပ်စီးစွမ်းရည်သဘောတရားတို့သည် သဘောတရား စွမ်းရည် သုံးခုစလုံးကို တစ်ပြိုင်တည်း နားလည်ရန် လိုအပ်သောကြောင့် ၎င်းတို့အပေါ် နားလည်နိုင်စွမ်းအမြန်နှုန်းသည် အလွန်နှေးကွေးမည် ဖြစ်သည်။ သစ်သားစွမ်းရည် သဘောတရားကသာ သိမ်မွေ့နက်နဲနယ်ပယ်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်နိုင်မှာ ဖြစ်သည်။
"နောက်တစ်ခု၊ ဒီအချိန်အတွင်းမှာ မင်းကို ဓားနဲ့ ဆေဘာပညာတွေအပေါ်မှာ နားလည် သဘောပေါက်နိုင်စွမ်းရှိအောင် ငါ သင်ပေးမယ်။ မင်းဘယ်လောက် သင်ယူနိုင်လဲဆို တာကတော့ မင်းရဲ့ ကိုယ်ပိုင်ဥာဏ်စွမ်းအပေါ်မှာ မူတည်တယ်။" ရှေးဟောင်းတာအို၏ အသံက မြူနှင်းချောက်ဓားထဲမှ ထွက်ပေါ်လာပြန်သည်။
ထိုစကားများကိုကြားရလျှင် ချင်ယွင်၏မျက်နှာက ချက်ချင်းပင် စိတ်အားတက်ကြွသည့် အမူအယာ ပေါ်လာသည်။ ရှေးဟောင်းတာအိုဆရာသခင်ဆိုတာက ဘယ်လိုလူမျိုးလဲ?။
သူသည် တစ်ချိန်တုန်းက အင်မော်တယ်ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သည်။ ဓားတာအိုနှင့် ဆေဘာတာအိုအကြောင်းကို သူနားလည် သဘောပေါက်မှုသည် အင်မော်တယ်ကမ္ဘာတွင်ပင် ရှားပါးသော တည်ရှိမှုတစ်ခုလည်း ဖြစ်ပေသည်။
ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ ဓားသိုင်းပညာရပ်နှင့်ပတ်သက်ပြီး သင်ယူရန် အချိန်အတော်ကြာကတည်းက တွေးတောခဲ့သော်လည်း ရှေးဟောင်းတာအို ဆရာသခင်သည် သူအား သင်ကြားရန် အမြဲတွန့်ဆုတ်နေခဲ့သည်။ ယခုဆိုလျှင် ရှေးဟောင်းတာအိုဆရာသခင်သည် နောက်ဆုံးတွင် သူ၏ပညာရပ်များကို သင်ကြား ပေးလိုစိတ် ရှိလာခဲ့ပြီး သင်ကြားပေးမည့် အရာတွေကလည်း ဓားတာအိုနှင့် ဆေဘာတာအိုတို့ ဖြစ်လေသည်။ ယင်းက ချင်ယွင်အတွက် ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်သည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ အတွေးများကို မြင်နေပုံရသည်။ လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရလျှင် သူက ချက်ချင်းပင် အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ မင်းက အခု ဒီလောက် အန္တရာယ်ကြီးတဲ့ အခြေအနေမျိုးမှာ ရှိမနေခဲ့ရင် မင်းကို ဒီအရာတွေ သင်ပေးဖို့အတွက်နဲ့ ငါ့အိပ်ချိန်ကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်ပါ့မလဲ"
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ရှက်ရွံ့သွားသော်လည်း သူ၏နှလုံးသားကတော့ လှုပ်ရှားသွားလေသည်။
အခန်း (၃၂၇) ကောင်းကင်ဘုံကိုအံတုခြင်းအဓိပ္ပာယ်။
ရှေးဟောင်းတာအိုသည် ချင်ယွင်၏ ဓားသိုင်းပညာရပ်နှင့် ဆေဘာပညာရပ်များကို လေ့ကျင့်ပေးမည်ဟု ရုတ်တရက် ပြောဆိုခဲ့ပြီး ယင်းက ချင်ယွင်ကို အလွန် ပျော်ရွှင်စေခဲ့ သည်။
သို့သော် ချင်ယွင်သည် မကြာမီပင် မရယ်ဘဲ မနေနိုင်သည့်အတွက် တဟားဟား ရယ်မောလိုက်ရသည်။ ရှေးဟောင်းတာအိုဆရာသခင်၏ နည်းလမ်းများသည် ရိုးရှင်း လွန်းသဖြင့် မယုံနိုင်စရာပင် ဖြစ်နေသည်။
ပထမတစ်ခုက ဆေဘာပညာရပ် ဖြစ်သည်။ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင် ဆေဘာပညာရပ် အသုံးပြုသည်ကို မြင်ပြီးနောက် အပြင်းအထန် သက်ပြင်းချလိုက်သည်။ ချင်ယွင်၏ ဆေဘာပညာရပ်တွင် ဆေဘာဆန္ဒ အရိပ်အယောင်မျှပင် မရှိသေးကြောင်း သူက ပြောဆိုသည်။ ယင်းက အမှန်တကယ် အမှိုက်ဖြစ်နေခဲ့သည်။
ဆေဘာပညာရပ်သည် အလွန်လွှမ်းမိုး ကြီးစိုးနိုင်စွမ်း ရှိသည်။ ဆေဘာဆန္ဒမရှိဘဲ တစ်စုံတစ်ယောက်ကို မည်ကဲ့သို့ သတ်ဖြတ်နိုင်မည်နည်း။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကို ဧကရာဇ်အဆင့် ဆေဘာပညာရပ်ဖြစ်သည့် မိုးကြိုးပစ်ခွင်းခြင်း ဆေဘာပညာရပ် တစ်အုပ်ကို ပစ်ချပေးလိုက်ပြီး ချင်ယွင်ကို သူ့ဘာသာသူ ကစားခွင့်ပေးလိုက်သည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ထိုဆေဘာပညာရပ်ကို လက်ဖြင့်ကိုင်ကာ ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ဝင်ရောက်ရန်မှလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။ သူသည် ဤဆေဘာပညာရပ်ကို တိတ်တဆိတ် လေ့ကျင့်ပြီး သူ၏ ကိုယ်ပိုင်ဆေဘာဆန္ဒကို အမြန်ဆုံး အကောင်အထည်ဖော်ရန် မျှော်လင့်ခဲ့သည်။
“ဆရာသခင် ကျွန်တော့်ကို ဆေဘာပညာရပ်တွေကို သင်မပေးဘဲ ဓားသိုင်းပညာတွေကို သင်ပေးတာက ပိုမကောင်းဘူးလား” ချင်ယွင် မေးကြည့်မိသည့် မေးခွန်းဖြစ်ပါသည်။
သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်က ကောင်းပါသည်တဲ့။ သူက ချင်ယွင်၏ လက်ရှိဓားဆန္ဒက အရမ်းနုနယ်လွန်းသည်ဟု ချင်ယွင်ကို ပြောပြခဲ့ပါသည်။ သူသည် သူ၏ ဓားသိုင်းပညာရပ်၏ အပြင်းထန်ဆုံးစွမ်းအားကို ပြသနိုင်ရန်အတွက် အမှန်တကယ် တိုက်ပွဲဝင်ရန် လိုအပ်နေပါသေးသည်။ ရှေးဟောင်းတာအိုဆရာသခင် သူ့အတွက် ချမှတ်ပေးထားသည့် တကယ့် တိုက်ခိုက်ရေး ပစ်မှတ်ကတော့ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါး ဖြစ်သည့် ယုချန်ပဲ ဖြစ်ပါသည်။
ယုချန်းကို ဓားသိုင်းပညာလေ့ကျင့်ရန်အတွက် ချင်ယွင်ကို ရှာခိုင်းခြင်းသည် သေခြင်း တရားကို အမှန်တကယ် တောင်းခံနေခြင်း မဟုတ်ပါလား။
ယခုလေးတင် ချင်ယွင်သည် ယုချန်းနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုလူ၏စွမ်းအားသည် သာမန် မဟုတ်ပေ။
ချင်ယွင်သည် ယုချန်း၏ သုံးခုမြောက် လက်ဖဝါးရိုက်ကို အသက်ရှင်လျက် ခုခံနိုင်မည် မဟုတ်ပေ။ အမှန်တကယ်ဆို အကယ်၍ ယုချန်းသည် သူ၏စွမ်းအားရှိသမျှကို အကုန်အသုံးပြုခဲ့မည်ဆိုလျှင် ချင်ယွင်သည် အသက်ရှင်လျက် သူ၏ သိုင်းကွက် တစ်ကွက်ကိုပင် ခုခံနိုင်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့်၊ ရှေးဟောင်း တာအိုဆရာသခင်သည် သူ့ကို သေခြင်းတရားကို အမှန်တကယ် တောင်းခံခိုင်းနေသည်ဟုပင် သူ ခံစားရသည်။
သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်ကို သူဘေးမှာရှိနေသည့်အတွက် သေချာပေါက် မသေစေရဟု ကတိပေးထားပါသည်။
အဆုံးတွင် ချင်ယွင်သည် မယုံကြည်သော်လည်း ရှေးဟောင်းတာအိုဆရာသခင်၏ တိုက်တွန်းတောင်းဆိုမှုကို သဘောတူလိုက်ပါသည်။
ချင်ယွင်သည် ဓားသိုင်းပညာရပ်လေ့ကျင့်ရန် ယုချန်းကို ရှာတွေ့လိုပါက သူသည် တုန်းယန်နန်းတော်မှ ထွက်ခွာသွားရမည် ဖြစ်သည်။
သို့သော်၊ တုန်းယန်နန်းတော်ဘေးတမှာ သိုင်းဧကရာဇ်အဆင့်ရှိ ရောင်းရင်းကြီး နှစ်ဖော်သည် ချင်ယွင်ကို အချိန်တိုင်း စိုက်ကြည့်နေကြပြီး ချင်ယွင်၏ ခြံဝင်းကို အလှည့်ကျ စောင့်ကြပ်နေပါသည်။
ချင်ယွင်သည် နတ်ဘုရားအသွင်ပြောင်းပညာရပ်ကို အသုံးပြုမည်ဆိုလျှင်ပင် ခြံဝင်း အတွင်းသို့ ဝင်ထွက်သွားရန် လိုအပ်နေပါသေးသည်။ ဤရောင်းရင်းကြီး နှစ်ဖော်သည် သူ့ကို သတိပြုမိနိုင်ပါသေးသည်။
ကံကောင်းထောက်မစွာ၊ ဤနေရာတွင် သူ၏ရှေးဟောင်းတာအိုဆရာသခင်နှင့် အတူရှိနေ သည်။ သူသည် ချင်ယွင်ပတ်ပတ်လည် တစ်ဝိုက်တွင် မည်သူမှ သူ့ကို မမြင်နိုင်စေရန် အတွက် သူ၏အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကို ပုံပျက်ပြီး တွန့်လိမ် သွားစေသည့် အလင်းရောင်အဖြစ် အသုံးပြုထားသည်။ ယင်းက သူသည် ကိုယ်ပျောက်ပညာရပ်ကို အသုံးပြုထားသကဲ့သို့ပင် ဖြစ်သည်။
ထို့အပြင် ချင်ယွင်သည် သူ၏အငွေ့အသက်ကို လုံးဝပျောက်ကွယ်စေရန်အတွက် နတ်ဘုရားအသွင်ပြောင်း ပညာရပ်ကို အသုံးပြုထားသည်။
ချင်ယွင်သည် အကယ်၍ ဤရောင်းရင်းကြီးနှစ်ယောက်ရှေ့တွင် ရပ်နေလျှင်ပင် ထိုလူနှစ်ယောက်သည် သူ့ကို မတွေ့နိုင်တော့ပေ။
ဤနည်းဖြင့် ချင်ယွင်သည် တုန်းယန်နန်းတော်သို့ လွတ်လပ်စွာ ၀င်ထွက် သွားလာနိုင် သည်။ တုန်းယန်နန်းတော်တွင် သူ၏ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့သမျှ ချင်ယွင်သည် တုန်းယန်နန်းတော်မှ ထွက်သွားပြီဖြစ်ကြောင်း မည်သူမျှ သံသယရှိမည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် သိုင်းဧကရာဇ်ဘိုင်ဟောက်ရှေ့မှာပင် တုန်းယန် နန်းတော်မှ တိုက်ရိုက် ထွက်လာခဲ့သည်။ သို့သော်လည်း သိုင်းဧကရာဇ်ဘိုင်ဟောက်သည် တူညီသည့် အနေထားတိုင်း ရှိနေဆဲဖြစ်ပြီး ယင်းကချင်ယွင်ကို ချက်ချင်းပင် သက်တောင့်သက်သာ ရှိစေခဲ့သည်။
ချင်ယွင်သည် လူအများနှင့် သုံးမီတာအကွာဝေးတွင်ရှိနေသမျှ သူ၏ရုပ်အသွင်အပြင်ကို ထုတ်ဖော်ခံရလိမ့်မည် မဟုတ်ကြောင်း ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်အား ပြောပြထားသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အောက်တွင်၊ သိုင်းဧကရာဇ် နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်ရှိနေသည့် တော်ဝင်ရန် ဧကရာဇ်မင်းမြတ်သည်ပင်လျှင် သူ့ကို ရှာမတွေ့နိုင်ပေ။
အကယ်၍ ဧကရာဇ်ဒါယန်း ပြန်ရောက်လာပြီး သူ့အား သေဒဏ်ပေးခဲ့လျှင်ပင် ချင်ယွင်သည် ဘေးကင်းစွာဖြင့် လွတ်မြောက်နိုင်မည် ဖြစ်သည်။
ရှေးဟောင်းတာအိုဆရာသခင်၏နည်းလမ်းဖြင့် ချင်ယွင်သည် နန်းတော်တစ်ခုလုံးကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သည်။
ဒီလိုနည်းလမ်းမျိုးက ထွက်ပြေးလွတ်မြောက်နိုင်ပေမယ့် လုပ်ကြံသတ်ဖြတ်ရာမှာ အသုံးပြုအတွက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာသည်နှင့်အမျှ သုံးမီတာအကွာအဝေးအတွင်းမှာ ပြီးပြည့်စုံသည့် ကာကွယ်ရေး အလွှာကို ဖန်တီးထားနိုင်ပြီး ပြိုင်ဘက်က လုံးဝမသတ်ဖြတ် နိုင်ပါဘူး။
ယခုညသည် တိမ်တွေကင်းစင်ပြီး လရောင်ကလည်း ဝင်းလက်တောက်ပနေပါသည်။
ယုချန်းသည် သူနေထိုင်ရာ နန်းတော်ထဲမှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေရင်းဖြင့် သူ၏ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို အာရုံခံစားနိုင်သည်။
ရုတ်တရက် သူသည် မျက်လုံးများပွင့်လာပြီး မျက်လုံးများဆီမှ စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
မိန်းမစိုးဝတ်စုံ ၀တ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ သတိမထားမိခင်မှာပင် သူ၏အခန်းထဲတွင် တိတ်တဆိတ် ပေါ်လာသည်။
အရေးကြီးဆုံးအချက်က သူသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ အငွေ့အသက်ကို အမှန်တကယ် အာရုံမခံစားနိုင်ခဲ့ခြင်း ဖြစ်သည်။
"မင်းက ဘယ်သူလဲ?" ယုချန်းက ချက်ခြင်းပင် သတိထားဟန်ဖြင့် မေးလိုက်သည်။
အသက်လတ်ပိုင်းအရွယ် မိန်းမစိုးဝတ်စုံ ၀တ်ဆင်ထားသော ဤလူသည် သူ့ကို အလွန် ထူးဆန်းသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့သည် ။ ဤလူသည် မည်သူမှ သတိမထားမိဘဲ သူ၏အခန်းထဲတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။ ဧကရာဇ်မင်းမြတ် ဒါယန်းမှလွဲ၍ နန်းတော်တစ်ခုလုံးတွင် အခြားမည်သူမျှ ထိုသို့ မလုပ်နိုင်ပေ။
သို့သော် မိန်းမစိုးဝတ်စုံ၀တ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားက စကားမပြောပေ။ ယင်းအစား အေးစက်သည့် အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်မှာ ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲတွင် အနက်ရောင် သံမဏိဓားတစ်ချောင်း ပေါ်လာပြီး ယုချန်းဆီသို့ ထိုးလိုက်လေသည်။
ယုချန်းသည် သူ၏မျက်လုံးများကို မှေးကျဉ်းထားသည်။ အနက်ရောင်ဓားမှ ထုတ်လွှတ် သော အငွေ့အသက်သည် ပြင်းထန်သော်လည်း ယုချန်း၏ မျက်လုံးများထဲတွင်တော့ ခြိမ်းခြောက်မှု လုံးဝ မရှိခဲ့ပေ။
သို့သော် ပြိုင်ဘက်၏ ကျင့်ကြံခြင်းအခြေခံကို သူမမြင်နိုင်ဟု တွေးတောရင်းယုချန်းသည် သူ၏စွမ်းအားကို ထိန်းချန်ထားခြ င်းမရှိပေ။ သူ၏လက်ထဲမှာ ခရမ်းရောင်လျှပ်စီး စွမ်းအင်က တဖျစ်ဖျစ် လင်းလက်လာပြီး အနက်ရောင်သံမဏိဓားကို သူ၏လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
တခဏအတွင်းမှာပင် ခရမ်းရောင်လျှပ်စီးက လင်းလက်လာသည်။ ဓားကိုင်ထားသည့် လူလတ်ပိုင်းအရွယ် မိန်းမစိုးသည် လုံးလုံးလျားလျား ခုခံနိုင်စွမ်းမရှိဘဲ အခန်းထဲမှ လွင့်ထွက် သွားခဲ့လေသည်။
ယုချန်းသည် သူတို့နောက်ကို ချက်ချင်းလိုက်သွားခဲ့သော်လည်း အပျက်အစီးတွေနှင့် အန်ထားသည့် သွေးစတွေမှလွဲပြီး တံခါးအပြင်ဘက်မှာ မည်သူမှ မရှိတော့ပါဘူး။
ယင်းက ယုချန်းအား စိတ်ဓာတ်ကျစေသည်။ ထိုလူထူးလူဆန်းသည် သဲလွန်စမရှိဘဲ ရောက်ရှိလာခဲ့ပြီး ထူးထူးခြားခြား ပျောက်ကွယ်သွားအောင် မည်သို့ လုပ်ဆောင်နိုင် ရသနည်း။ မြေပြင်ပေါ်မှာရှိနေသည့် သွေးအိုင်ကြောင့်သာမဟုတ်လျှင် ယုချန်းသည် စိတ်အာရုံချောက်ခြားခြင်းဖြစ်နေသည်ဟု တွေးမိပေလိမ့်မည်။
ယခုအချိန်တွင် ချင်ယွင်သည် ခေါင်မိုးပေါ်တွင် ထိုင်နေပြီး သူ၏ဒဏ်ရာများကို ကုသရန် သူ၏အသက်စွမ်းအားကို အဆက်မပြတ် စုစည်းနေခဲ့သည်။
အစောပိုင်းလေးက အသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် သဘာဝအတိုင်း နတ်ဘုရားအသွင် ပြောင်းခြင်းပညာရပ်ဖြင့် ရုပ်ဖျက်ထားသော ချင်ယွင် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ယုချန်းကို သဘာဝအတိုင်း သူ၏ဓားသိုင်းပညာရပ် လေ့ကျင့်အဖော်ဖြစ် သွားရောက်ရှာဖွေခြင်း ဖြစ်သည်။ သို့သော် ယုချန်းသည် အလွန်အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင်သည် တစ်ချက်လေးသာ တိုက်ခိုက်ခဲ့ရပြီး ဒဏ်ရာရရှိ သွားခဲ့သည်။
သို့သော်လည်း ချင်ယွင်၏ ပြန်လည်ကုစားနိုင်စွမ်း အလွန်အစွမ်းထက်သည်။ လက်ဖက်ရည်တစ်ခွက်သောက် အချိန်အတောအတွင်းမှာ သူ၏ဒဏ်ရာတွေက လုံးဝ ပျောက်ကင်းသွားခဲ့သည်။
"ဟမ့်၊ ခင်ဗျားဆီကနေ တစ်ချက်လေးတောင် မခုခံနိုင်ဘူးလို့ ကျုပ်မယုံဘူး" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားကာ ယုချန်းဆီသို့ ထပ်မံပြေးဝင်သွားခဲ့သည်။
ယုချန်းသည် အသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် ထူးထူးခြားခြား ပျောက်ကွယ်သွား ပုံနှင့် ပတ်သက်ပြီး မူလကကတည်းက စိတ်ဓာတ်ကျနေခဲ့သည်။ သူသည် ရုတ်တရက်ပင် ပြင်းထန်သည့် ဓားဆန္ဒတစ်ခုက သူ့ဆီပြေးလာနေတာကို ခံစားလိုက်ရသည်။
သူသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဓားအလင်းသည် လက်ဖဝါးပုံရိပ်နှင့် ထိပ်တိုက်ဆုံမိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ခု ထွက်လာသည်။
အဝေးမှာရှိနေသည့် အိမ်တစ်လုံး ပြိုကျသွားသည်။ ယုရှန်းသည် မိန်းမစိုးဝတ်စုံ ဝတ်စားထားသော ရုပ်အသွင်အပြင်က နောက်သို့ လွင့်ပျံသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ထိုပုံရိပ်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ပို၍ပင် ထူးဆန်းသည့်အရာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤမိန်းမစိုးဝတ်စုံဝတ် အမျိုးသားသည် သူ၏ရှေ့တွင် ပေါ်လာသည့်အချိန်တိုင်း သူ၏ဓားဖြင့် လုပ်ကြံတိုက်ခိုက်ခဲ့သော်လည်း အကြိမ်တိုင်းမှာ သူ၏လက်ဖဝါးကြောင့် လွင့်ထွက်သွားရပြီး ပျောက်ကွယ်သွားတတ်သည်။
ချင်ယွင်သည် အကြိမ်ပေါင်းများစွာ ပေါ်လာသည်နှင့်အမျှ ဤထူးဆန်းသောလူ၏ စွမ်းအားမှာ အမှန်တကယ် မသန်မာကြောင်း ယုချန်းသည် တဖြည်းဖြည်း သတိထား သိရှိလာခဲ့သည်။ ထိုဓားမှထုတ်လွှတ်သော ဓားချီသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် အများဆုံးဖြစ်ပြီး ၎င်းစွမ်းအားလေးက သူ့ကို လုံးဝ မထိခိုက်စေနိုင်ပေ။
သို့သော် ယုချန်းသည် ထူးဆန်းနေခဲ့သည်။ ဤအသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် ဒဏ်ရာရသွားတိုင်း လက်ဖက်ရည်တစ်ခွက်သောက်အချိန်အတောအတွင်း သူ၏ရှေ့မှာ ပြန်ပေါ်လာတတ်သည်။ ထို့အပြင် သူက မည်သည့်စကားမှမပြောဘဲ သူ၏ဓားဖြင့် တစ်ကွက်ပြီး တစ်ကွက် တိုက်ရိုက် တိုက်ခိုက်ပြီးနောက် တိုက်ရိုက် ပျောက်ကွယ်သွား ခဲ့သည်။ ယင်းက အလွန်အမင်း ထူးဆန်းလွန်းနေပါသည်။
ဤထူးဆန်းသော အဖြစ်အပျက်မျိုးသည် သုံးရက်နှင့် ညလုံးလုံး ရှိနေခဲ့သည်။ ယုချန်းသည် မည်မျှပင် စိတ်ထားကောင်းနေပါစေ သူသည် ဒေါသအနည်းငယ် ထွက်လာခဲ့သည်။ သို့ပေမယ့် ထိုလူကို ရင်ဆိုင်ရန် နည်းလမ်းမရှိဖြစ်နေသည်။
ဤအသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် ငွေရောင်စိတ်ဝိညာဉ်နောက်ကို လိုက်နေသည့် တစ္ဆေတစ်ကောင်လို ဖြစ်နေသည်။
ယုချန်းအနေဖြင့်ဆို အမှန်တကယ် ဒေါသဖြစ်ချင်စရာပင်။ အသက်လတ်ပိုင်းအရွယ် အမျိုးသား ပြန်ပေါ်လာသည့်အကြိမ်တိုင်း သူ့ကို တိုက်ရိုက်သတ်ပစ်ဖို့ စောင့်စားနေခဲ့ သော်လည်း သူ့ပြိုင်ဘက်၏စွမ်းအားသည်လည်း တဖြည်းဖြည်းဖြင့် တိုးတက် လာပုံပေါ်သည်ကို သူတွေ့ရှိလိုက်ရသည်။
ထိုလူ၏လက်ထဲမှ ဓားချီသည် ပိုပိုပြီး ပြင်းထန်လာကာ ဓားဆန္ဒကလည်း ပို၍ပင် အကန့်အသတ်မရှိ ဖြစ်လာခဲ့သည်။
အဆုံးတွင် သူသည် အကယ်၍ သူ၏စွမ်းအားအားလုံးကို အသုံးပြု၍ တိုက်ခိုက်မည် ဆိုလျှင်ပင် တစ်ဖက်လူကို လှုပ်ရှားနိုင်စွမ်း မရှိသလောက် ဖြစ်လာသည်ကို အံ့အားသင့်စွာ တွေ့ရှိရလေသည်။
ယခုအချိန်တွင် ယုချန်းသည် မည်မျှပင် တုံးအနေသည်ဖြစ်စေ လူလတ်ပိုင်းအရွယ် မိန်းမစိုး၏ တကယ့်ရည်ရွယ်ချက်ကို သူနားလည်သွားခဲ့သည်။ တစ်ဖက်လူက သူ့ဓားဆန္ဒကို ပိုပြီးသန့်စင်စေဖို့အတွက် သူ့ကိုလေ့ကျင့်ဖော်အဖြစ် အသုံးပြုခဲ့တာ ထင်ရှားနေပါပြီ။
အခန်း (၃၂၈) ထက်ရှသောဓားသွေးကျောက်တုံးကြီး၏အကြောက်တရား။
ဝှီး။
ဓားအလင်းတန်းတစ်ခုသည် ရေတံခွန်ကဲ့သို့ ဇောက်ထိုးကျကာ ချိတ်ဆွဲထားသည့် အလား ယုချန်းဘက်သို့ ခုန်ဆင်းလာခဲ့သည်။ ၎င်းဓားအလင်းမှ ထုတ်လွှတ်သော စူးရှသည့် စွမ်းအင်အတက်အကျ လှိုင်းများသည် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကိုပင် ချက်ချင်းသတ်ပစ်ရန် လုံလောက်ပါသည်။
"တော်လောက်ပြီ။ ဒီတစ်ခါတော့ မင်းကို ငါသတ်ရမယ်!" ယုချန်းက ဟိန်းဟောက် လိုက်သည်။
သူ၏ရှေ့မှာရှိနေသည့် ဤလူလတ်ပိုင်းအရွယ် မိန်းမစိုးသည် သူ့ကို ရူးသွပ်လုနီးပါး ဖြစ်အောင်လုပ်နေပြီး ဤအကောင်သည် သူ့ကို လေးရက်လေးညလုံးလုံး စိတ်ဒုက္ခပေးကာ နှိပ်စက်နေခဲ့သည်။
ဤလေးရက်အတွင်းမှာ ဤအကောင်သည် ခွေးရူးတစ်ကောင်လို အကြိမ်တစ်ထောင် နီးပါး သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ယုချန်းဆိုသည့် သူသည် မည်မျှပင် စိတ်ရှည် နေပါစေ သူသည် ပြိုလဲလုနီးနီး ဖြစ်နေပါပြီ။
ယုချန်း၏ သူ့လက်ဖဝါးအတွင်းမှာ မိုးကြိုးများက အသံမစဲ တဟုန်ထိုး မြည်ဟီးနေပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးစွမ်းအားက သူ၏လက်ဖဝါးမှာ ပျံ့နှံ့သွားခဲ့သည်။
သူသည် သူ၏သတ်ဖြတ်လိုသည့် ဆန္ဒကို လုံးလုံးလျားလျား ပိုင်းဖြတ်ထားပြီး ဖြစ်ကာ အခြားလူ၏ ကိုယ်ရေးအချက်အလက်ကို ရှာဖွေရန် စိတ်ကူးကိုလည်း ပယ်ချထားသည်။ သူ၏ရှေ့မှာရှိနေသည့် လူလတ်ပိုင်းအရွယ်မိန်းမစိုးကို သူသည် အပြီးတိုင် သုတ်သင် ပစ်ချင်မိသည်။
"ဘုန်း!"
ဓားအလင်းသည် ယုချန်း အမှတ်မထင်တိုက်ခိုက်လိုက်သည့် လျှပ်စီးကြောင်း စက်ဝန်း ပြတ်နှင့် ထိပ်တိုက်တွေ့ဆုံမိကာ ကျယ်လောင်သည့် မြည်ဟီးသံတစ်ချက် ထွက်ပေါ်လာသည်။ ဓားအလင်းသည် မည်သည့်အစအနမျှ မရှိသည်၏အဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့ရသည်။
"ငရဲကိုသွားလိုက်တော့!"
ယုချန်းသည် ချင်ယွင်ရှေ့သို့ ချက်ခြင်းရောက်လာပြီး သူ၏လျှပ်စီးလက်ဖဝါးက တစ်ချက်တည်း သတ်ပစ်လိုဟန်ဖြင့် ချင်ယွင်၏လည်ပင်းကို တိုက်ရိုက်ဝှေ့ယမ်းပြီး ရိုက်ချလိုက်သည်။
သူ၏ဓားဆန္ဒက တဟုန်ထိုး ပျံ့နှံ့လာသည်နှင့်အမျှ ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အပြုံးအရိပ်တစ်ခု ပေါ်လာသည်။
ပြင်းထန်လှသည့် အရှိန်အဟုန်မျိုးလည်းမရှိ၊ ထိတ်လန့်တုန်လှုပ်စရာမြင်ကွင်း ဖြစ်သည့် သဲများနှင့် ကျောက်တုံးများ၊ တိုက်ခတ်နေသောလေပြင်းနှင့် ရွှေ့လျားနေသည့် တိမ်တိုက်များ မရှိသော်လည်း၊ ယခုအချိန်တွင် ချင်ယွင်၏လက်ထဲမှ ဓားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျကို ထုတ်လွှတ်နေပါသည်။
စူးရှမူ၊ အထူးသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် မျက်လုံးကန်းသွားလောက်သည့် ဓား၏ အစွန်းပေါ်ရှိ အလင်းတန်း၏ စူးရှမူသည် ယုချန်းသည်ပင်လျှင် သူ၏စိတ်ထဲ၌ စိုးရွံ့ထိတ်လန့်မှုကို ခံစားရသည်။
ချွင်!
ချင်ယွင်သည် သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ဓားက ယုချန်း၏လက်ဖဝါးရိုက်ချက်နှင့် ပြင်းထန်စွာ ဆုံတွေေ့သွားခဲ့သည်။
ဓားအလင်းသည် မိုးကြိုးလျှပ်စီးနှင့် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိသွားသည်။ ဓားစွမ်းအင် သည် လျှပ်စီးကြောင်းများနှင့် ထိပ်တိုက်တွေ့မိပြီး နေရာအနှံ့ ပြန့်ကျဲသွားလေသည်။ ဓားအလင်း ကျရောက်သွားသည့် နေရာတိုင်းတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့ လေသည်။
လူနှစ်ယောက်ဝိုင်းဖက်မှ ပတ်မိသည့် သစ်ပင်ကြီးတစ်ပင်ဆိုလျှင် ဓားချီအလင်းနှင့် ထိမှန်ပြီး နှစ်ခြမ်းကွဲသွားသည်။
သို့သော် ချင်ယွင်သည် ယုချန်း၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။ ကြောက်မက်ဖွယ် ကောင်းသည့် လျှပ်စီးကြောင်း၏ လျင်မြန်ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် ချင်ယွင်၏ လက်ရှိ ဓားအလင်းသည် ပြိုကွဲသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးသည်လည်း လွင့်ထွက် သွားခဲ့ပြန်သည်။
"ဟမ့် ၊ ဒီတစ်ခါတော့ မင်းကို ငါ လွတ်မြောက်ခွင့်မပြုဘူး"
ယုချန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး နောက်ကနေ အနီးကပ် လိုက်ပါသွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဤအခိုက်အတန့်တွင် ကြယ်ဓားသည် သူ၏လက်ထဲတွင် လှပသော အလင်းရောင်တစ်ခု နှင့်အတူ ထွက်ပေါ်လာသည်။
"ဓားလမင်းက ကောင်းကင်ယံမှာ ရှိနေတယ်!"
ဓားက ချက်ချင်း ခုတ်ပိုင်းသွားသည်နှင့် ဓားအလင်းသည် လေထဲတွင် လခြမ်းကွေးလ တစ်စင်း ထွက်ပေါ်လာသည့်အလား လေထဲတွင် ဆယ်မီတာ ရှည်သည့် လခြမ်းကွေးပုံ သဏ္ဍာန်ရှိ ဓားအလင်းက ချက်ချင်း ထွက်ပေါ်ပြီး ရေးဆွဲသွားခဲ့သည်။
လခြမ်းကွေးဓား အလင်းစက်ဝိုင်းပြတ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်ခြင်း စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် ယုချန်းကို အပြင်းအထန် ဖောက်ထွင်းဝင်ရောက်သွားသည့် ဧရာမ မိုးမခသစ်ရွက် ဓားမောက်ရှည်ကြီး တစ်ချောင်းနှင့် တူနေ၏။ ထက်မြက်သော ဓားဆန္ဒ၏ ပံ့ပိုးမှုအောက်တွင်၊ ၎င်းဓားအလင်း သည် အနှိုင်းမဲ့ ထက်ရှလာလေသည်။ ပတ်ဝန်းကျင်လေထုသည်ပင် ကွဲအက်သွားသော လေဟာနယ်တစ်ခု ဖြစ်လာပုံရသည်။
ယုချန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤဓားချက်ကို ပေါ့ပေါ့ဆဆ မခုခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် သူ၏လက်ထဲတွင် ခရမ်းရောင်လျှပ်စီး လင်းလက်နေသည့် ဆေဘာတစ်ချောင်းကို ချက်ခြင်း သိပ်သည်းလိုက်သည်။
သူသည် သိပ်သည်းထားသည့် ခရမ်းရောင်လျှပ်စီးဆေဘာဖြင့် ထိုဓားအလင်းကို အလျားလိုက် တားဆီးပိတ်ဆို့လိုက်သည်။
ချွင်!
လခြမ်းကွေးအသွားရှိသည့် ဓားအလင်းစက်ဝန်းပြတ်သည် ဧရာမပုဆိန်ကြီးကဲ့သို့ ခရမ်းရောင်လျှပ်စီး လင်းလက်နေသည့်ဆေဘာကို ထိမှန်သွားသည်။ ကြောက်မက် ဖွယ်ကောင်းသည့် စွမ်းအင်ရိုက်ခတ်မှုကြောင့် ယုချန်း၏ ခန္ဓာကိုယ်သည် တခဏတာ ရပ်သွားခဲ့သည်။ ထက်ရှသော ဓားချီသည် ဓားအလင်းစက်ဝန်းပြတ်ပေါ်တွင် တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ယုချန်း၏ရှုပ်ထွေးနေသော ဆံပင်များကို တိုက်ရိုက် ဖြတ်တောက် ပစ်လိုက် သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ခြေဖဝါးအောက်ရှိ နန်းတော် ပြိုကျသွားခဲ့သည်။ လခြမ်းကွေး ဓားအလင်း၏ တန်ပြန်သက်ရောက်မူကြောင့် ယုချန်း၏ လျှပ်စီး လင်းလက်နေသည့် ဆေဘာသည် အဝေးသို့ လွင့်ထွက်ပြီး ပျက်ပြယ်သွားခဲ့သည်။
ကံကောင်းထောက်မစွာပင်၊ ဤဒေသရှိ လူများသည် သူတို့ဘဝ၏ လက်ကျန်သက်တမ်း အတွက် ထွက်ခွာသွားကြပြီး ဖြစ်သည်။ မဟုတ်လျှင် သူတို့သည် သေကြေပျက်ဆီးမူကို အကြီးအကျယ် ကြုံတွေ့ရလိမ့်မည်။
"သောက်အရေးမပါတာ!"
ယုချန်းက ကျယ်လောင်စွာ အော်လိုက်ပြီး ခရမ်းရောင်လျှပ်စီးကြောင်း ချက်ခြင်း ထွက်ပေါ်လာကာ လခြမ်းကွေး ဓားအလင်းစက်ဝိုင်းပြတ်ကို ဖြိုခွင်းလိုက်သည်။
ထို့နောက် ယုချန်းသည် အသက်လတ်ပိုင်းအရွယ် မိန်းမစိုး၏ ရုပ်အသွင်အပြင်ကို အလျင်အမြန် ရှာဖွေလိုက်သည်။ သို့သော် ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်နေပြီး ငှက်တစ်ကောင်ကိုပင် မမြင်တွေ့ရတော့ပေ။
ယုချန်းသည် ဤတစ်ကြိမ်မှာလည်း လွတ်မြောက်သွားကြောင်း သိလိုက်ရသဖြင့် သူ ချက်ခြင်း စိတ်ဆိုးသွားသည်။
"မင်း ငါ့လက်ထဲမှာ အဖမ်းမခံရပါစေနဲ့ဆုတောင်းထား ၊ ဒီလိုမှမဟုတ် မင်းကို အစိတ်စိတ် အမြွှာမြွှာ အပိုင်းပိုင်းဖြတ်ပစ်မယ်!" ယုချန်းသည် အရူးအမူး ကျိန်းဝါးလိုက်ပြီး သူ၏ စိတ်နှလုံးကို ပျက်စီးစေသည့်အထိ သတ်ဖြတ်လိုသည့် ဆန္ဒများ ထွက်ပေါ်နေလေသည်။
ယုချန်းအနေဖြင့်မူ၊ သူသည် တိုက်ပွဲအကြီးအငယ် အမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။ သူသည် ဒဏ်ရာရခဲ့သည့် အချိန်တွေရှိခဲ့သလို လက်တုံ့ပြန်ဖို့ပင် ခွန်အားမရှိသည့် အချိန်မျိုးတွေလည်း ရှိခဲ့ဖူးပါသည်။ သို့သော် ယခင်က ဤမျှလောက် ဝမ်းနည်းမူကို မခံစားခဲ့ရဖူးပေ။ အမှန်တကယ်တော့ သူသည် ထက်ရှသည့် ဓားသွေးကျောက်တုံးလို သဘောထားခံနေရပြီး ထပ်ခါတလဲလဲ သွေးခံနေရသည်။
အရေးအကြီးဆုံးကတော့ သူ့ကို လာရောက်တိုက်ခိုက်သူသည် သန်မာမှုမရှိပေသော်လည်း သူ၏ ထူးဆန်းသော ရုပ်အသွင်အပြင်နှင့် အစွမ်းထက်သည့် ခုခံနိုင်စွမ်းကို အားကိုးခြင်းအားဖြင့် သူ၏လက်ထဲမှ အကြိမ်ကြိမ်အခါခါ လွတ်မြောက်နိုင်နေခြင်း ဖြစ်သည်။
ရုတ်တရက် ယုချန်းသည် ကောင်းကင်ယံမှ ကျလာသော ဆံပင်မျှင်များကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများက ယှဉ်ပြလို့မရသော အံ့အားသင့်သွားသည့် အမူအရာကို ပေါ်လွင်စေသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြုတ်ကျလာနေသောဆံပင်များသည် ယုချန်း၏ လက်ထဲသို့ ပြန်ဝင်လာသည်။
ယုချန်းသည် သူ့လက်ထဲမှ ဆံပင်ပြတ်တွေကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲမှာ ဒေါသတွေက တဖြည်းဖြည်း ပြေပျောက်သွားပြီး သူ၏တစ်ကိုယ်လုံးလည်း တည်ငြိမ်သွားသည် ။ သို့သော် သူသည် ကြောက်ရွံ့မှု၏နောက်ကွယ်တွင် ပြင်းထန်သော ခံစားချက်တစ်ခုလည်း ရှိလာခဲ့သည်။
လွန်ခဲ့သောလေးရက်ကဆိုလျှင် အသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် ယုချန်း ဂရုစိုက်စရာပင် မလိုဘဲ လက်ညှိုးတစ်ချက်ဝှေ့ယမ်းရုံဖြင့် အစိတ်စိတ် အမြွာမြွာ ကြေကွဲသွားနိုင်သည်။
ယခုမူ အသက်လတ်ပိုင်းအရွယ် မိန်းမစိုး၏ဓားသည် သူ၏လက်နှစ်ဖက်လုံးကိုပင် အသုံးပြုရသည်အထိ တွန်းအားပေးနိုင်ခဲ့ပြီး သူ၏ဆံပင်အမျှင်များကိုပင် ဖြတ်တောက်နိုင်ခဲ့သည်။ ဤအရာက ယုချန်းကို အဆုံးမဲ့ ထိတ်လန့်သွားစေခဲ့သည်။
အကြိမ်တစ်ထောင်နီးပါး တိုက်ခိုက်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်မူသည် စွမ်းအားကွာဟချက်ကြောင့် တိုတောင်းလွန်းလှပြီး အသက်လတ်ပိုင်း အရွယ် မိန်းမစိုးသည် တိုးတက်နေသည်ဟု ခံစားမိသော်လည်း တိုးတက်မှုမှာ သိသာထင်ရှားခြင်း မရှိခဲ့ပေ။
သို့သော် ယခု ဤနောက်ဆုံးတိုက်ပွဲကို ပထမအကြိမ်တုန်းက တိုက်ခိုက်မူနှင့် နှိုင်းယှဉ် ကြည့်လျှင် တိုးတက်မှုမှာ သိသာထင်ရှားလာခဲ့ပါသည်။
လေးရက်အတွင်းမှာပင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကွမ်းကျင့်သူတစ်ဦးသည် ဓားတစ်ချက်တိုက်ခိုက်မူဖြင့် ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ရှိ သိုင်းဧကရာဇ်တစ်ပါးဖြစ်သည့် သူ၏ ဆံနွယ်အမျှင်များကို ဖြတ်တောက် နိုင်သည်အထိ ခြိမ်းခြောက်နိုင်ခဲ့သည်။
ယင်းတိုးတက်မူအရ အသက်လတ်ပိုင်းအရွယ် မိန်းမစိုးက သူ့ကို တစ်လမပြည့်ခင် ဒါမှမဟုတ် တစ်လခွဲလောက်အတွင်းမှာပင် အနိုင်ရနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပေ ဘူးလား။
ဒါက ဘယ်လောက်တောင် ကြေက်ခမန်းလိလိ ဖြစ်လိုက်လဲ။
ဤအကြောင်းကို ဆက်တွေးကြည့်ရင်း ယုချန်းလည်း အနည်းငယ်ကြောက်သွားခဲ့သည် ။
"မဖြစ်သေးပါဘူး၊ ဧကရာဇ်မင်းမြတ်ပြန်လာရင် ဒီကိစ္စကို သူ့ဆီ သတင်းပို့ရမယ်။ နန်းတော်ထဲမှာ ပုန်းကွယ်နေတဲ့ မွန်းစတားတစ်ကောင်တော့ ရှိနေပြီ၊ ဒါက ကြောက်စရာ ကောင်းလွန်းတယ်။" ယုချန်းလည်း သူ့ကိုယ်သူ တွေးနေမိသည်။
ယခုအချိန်သည် ဧကရာဇ်မင်းမြတ်၏ မွေးနေ့မတိုင်မီ ဆယ်ရက်သာကျန်တော့သည်။ ဤဆယ်ရက်အတွင်း ဧကရာဇ်မင်းမြတ်ဧကရာဇ် ပြန်ကြွလာမည်ဖြစ်သည်။ ထိုအချိန်တွင် အင်အားစုအားလုံးသည် ဧကရာဇ်မင်းမြတ်အား အရိုအသေပေးရန် အင်ပါယာနန်းတော်သို့ ရောက်ရှိလာကြမည် ဖြစ်သည်။
ယုချန်းသည် ထုံးစံအတိုင်း ထွက်ခွာမသွားသေးဘဲ အသက်လတ်ပိုင်းအရွယ် မိန်းမစိုး ပြန်ပေါ်လာသည်ကို လေထဲတွင် ရပ်နေရင်း စောင့်မျှော်နေသည်။
လက်ဖက်ရည်တစ်ခွက်သောက်လောက်သည့် အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့ သော်လည်း အသက်လတ်ပိုင်းအရွယ် မိန်းမစိုးကတော့ ထူးထူးခြားခြား ပြန်ပေါ် မလာတော့ပေ။
"သူ လက်လျှော့လိုက်ပြီလား ။ ဒါမှမဟုတ် ထွက်သွားတာများလား"
ယုချန်း အံ့ဩသွားသည်။ တစ်နာရီနီးပါးကြာအောင် သူ စောင့်နေခဲ့သော်လည်း အသက်လတ်ပိုင်းအရွယ် မိန်းမစိုးသည် နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ပေ။
သူသည် ကူကယ်ရာမဲ့ဖြစ်ပြီး အင်ပါယာနန်းတော်၏ ကိစ္စအဝဝတွေကို ကိုင်တွယ်ဖြေရှင်းရန် ထွက်ခွာသွားခဲ့ရပါသည်။ ဤကာလတွင် သူကိုယ်တိုင် များစွာဒုက္ခ ခံစားခဲ့ရရုံသာမက အင်ပါယာနန်းတော်အတွင်ရှိ နန်းတွင်းသူနန်းတွင်းသားတွေလည်း များစွာ ခံစားခဲ့ရပါသည်။ နန်းတော်အစေခံများနှင့် မိန်းမစိုးများအားလုံးသည် ထိတ်လန့် တုန်လှုပ် သွားကြသည်။
မိန်းမစိုးဟန်ဆောင်ကာ ယုချန်းကို ဓားရေးလေ့ကျင့်ရန် ရှာဖွေခဲ့သည့် ချင်ယွင်ကမူ လက်ရှိတွင် သူသည် နန်းတော်အထက် မီတာတစ်သောင်းကျော်အကွာရှိ လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေပါသည်။
ဤတစ်ကြိမ်တွင် သူသည် ယုချန်းနှင့်အတူ ဓားပညာဆက်လက် မလေ့ကျင့်ရခြင်း၏ အကြောင်းရင်းမှာ သူ အဆင့်ဖြတ်ကျော်ခါနီး ဖြစ်သောကြောင့် ဖြစ်သည်။
ဤပြင်းထန်သော တိုက်ပွဲကာလ ပြီးဆုံးနောက်၊ သူ၏ကျင့်ကြံမူ အခြေခံသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။
ဟုတ်ပါသည်၊ ဤအရာက အရေးကြီးဆုံးအရာတော့ မဟုတ်ပါဘူး။ အဓိက အရေးကြီးဆုံး အချက်မှာ ချင်ယွင်သည် ဤအချိန်အတောအတွင်း ဓားဆန္ဒကို အချိုးကျ ရောစပ်ပြီးနောက် သူ၏ဓားဆန္ဒသည် တစ်ဆို့သွားပြီဟု ခံစားလိုက်ရ ခြင်းဖြစ်သည်။ သူ၏ စိတ်ထဲတွင် ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်များစွာ စုစည်းလာခဲ့သည်။
ယခု သူလုပ်ရမည့်အရာမှာ ထိုအသိဥာဏ်အားလုံးကို မီးဖိုထဲသို့ ပစ်ချလိုက်ပြီး နောက်ဆုံး အနှစ်သာရကို ထွက်လာစေရန်အတွက် အာရုံခံစုစည်းရန် ဖြစ်ပေသည်။
အခန်း (၃၂၉) ကောင်းကင်ဘုံကိုးခု၌ လှည့်လည်သောဓား
ချင်ယွင်သည် ယခုအချိန်အတွင် မီတာတစ်သောင်းမြင့်မားသည့် တိမ်ပင်လယ် ပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး သူ၏ စိတ်သည် ထူးထူးခြားခြား သိမ်မွေ့နက်နဲသည့် နားလည်ဆင်ခြင်မူ အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲတွင် ဓားနှင့် ဓားအော်သံများသာ ရှိတော့သည်။ တော်ဝင် တာအို၏ ပဲ့တင်ထပ် ရိုက်ခတ်အသံများက ဧရာမခေါင်းလောင်းကြီးကို ရိုက်ခတ်သံကဲ့သို့ သူ၏ စိတ်ထဲတွင် အဆက်မပြတ် မြည်ဟီးနေလေသည်။
“ဓားဆိုတာ ဘာလဲ။”
ထိုအကြောင်းကို သူ စဉ်းစားနေပါသည်။
ဓားသည် စစ်သည်တော်တစ်ရာ၏ ဘုရင်ဖြစ်ပြီး ဓားသည် သတ်ဖြတ်ဖို့အတွက် ထက်ရှသော လက်နက်တစ်ခု ဖြစ်သည်။ ဒါပေမယ့် ဤအဖြေမျိုးသည် သူလိုချင်သည့် အဖြေမျိုး မဟုတ်ပေ။
သူသည် ဓား၏အနှစ်သာရနှင့် ဓား၏အခြေခံအကျဆုံး ဖြစ်တည်မှုကို ရှာဖွေလိုခဲ့သည်။
“အစစ်အမှန် ဓားဆိုတာ ဘာလဲ” ယင်းကို သူနားလည်မှသာလျှင် အစစ်အမှန် ဓားဆန္ဒက ဘာလဲဆိုတာကို သူနားလည်နိုင်မှာပါ။
ကြယ်နက်ဓားသည် ချင်ယွင်၏ ဒူးပေါ်တွင် ပေါ်လာသည်။ ချင်ယွင်သည် သူ၏ မျက်လုံးများကို မဖွင့်ပေ။ ယင်းအစား သူသည် သူ၏သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ ကြယ်နက်ဓားကို လှမ်းရိုက်လိုက်သည်။
ဓား၏အသွားမှ ဓားအရိုးအထိ၊ ထိုမှတဆင့် ဓားဖျားအထိ၊ ချင်ယွင်သည် ကြယ်နက် ဓားပေါ်ရှိ ပုံစံတစ်လက်မချင်းစီတိုင်းကို လက်လွှတ်မခံဘဲ အာရုံခံစားနေခဲ့သည်။
ချင်ယွင်၏လက်ချောင်းများသည် ကြယ်နက်ဓားသွားပေါ်သို့ ညင်သာစွာ လျှောကျ လာသည်နှင့် အမျှ ကြယ်နက်ဓား၏အသွင်အပြင်သည် ချင်ယွင်၏ စိတ်ထဲတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။
ဤသည်မှာ ချင်ယွင်၏ စိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသော ဓားပုံစံဖြစ်ပြီး၊ ချင်ယွင်၏ လက်ထဲရှိ ကြယ်နက်ဓားနှင့် အတူတူပင် ဖြစ်ပါသည်။
ချင်ယွင်၏ လက်ချောင်းများသည် နောက်ဆုံးတွင် ဓားထိပ်ဖျားသို့ ရောက်ရှိသွားသော အခါတွင် သူ၏စိတ်ထဲတွင် သူ၏ဆန္ဒအတိုင်း ဖွဲ့စည်းထားသော ဓားသည် လုံးလုံးလျားလျား ဖြစ်ပေါ်လာခဲ့ပါသည်။
ထိုအချိန်တွင် ကြယ်နက်ဓားသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်လောင်သည့် ဓားအော်သံကို အော်ဟစ်လိုက်၏။ ကလေးတစ်ယောက်သည် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည့် မိဘများကို ပြန်တွေ့ရသကဲ့သို့ပင်။ ယင်းက ပျော်ရွှင်ကျေနပ်မူနှင့်အတူ စိတ်လှုပ်ရှားမူကိုလည်း ဖြစ်ပေါ်စေသည်။
ချင်ယွင်သည် ဓားနှင့်ဆက်သွယ်ပြီးနောက် ဓားမှထုတ်လွှတ်နေသည့် ခံစားချက်များကို ခံစားသိရှိနေသည့်အလား အလွန်အံ့ဩစရာကောင်းသည့် အခြေအနေတွင် ရှိနေပါသည်။
ထိုအချိန်တွင်၊ ဓားသည် သူ၏မျက်လုံးထဲတွင် အသက်မဲ့နေသည့် အသေကောင် မဟုတ်တော့ဘဲ အသိဥာဏ်ရှိသည့် သတ္တဝါ ဖြစ်လာပါသည်။
ဓားသည် ရယ်မောလိမ့်မည်၊ ဓားသည် ဝမ်းနည်းလိမ့်မည်၊ ဓားသည် ဒေါသထွက်ပါ လိမ့်မည်။
စိတ်ခံစားမှုမျိုးစုံသည် သူ၏စိတ်ထဲသို့ ပျံ့နှံ့သွားပြီး ဓား၏ အစစ်အမှန်အဓိပ္ပါယ်ကို သူသည် တဖြည်းဖြည်း နားလည်လာခဲ့ပါသည်။
အချို့ဓားများသည် သတ်ဖြတ်ရန်အတွက် ဖြစ်ပြီး၊ အချို့ဓားများသည် လူများကို ကယ်တင်ရန် ဖြစ်ကာ၊ အချို့ဓားများကတော့ လောကအကျိုးအတွက် ဖြစ်သည်။ ဤအရာ အားလုံးကို “အစစ်အမှန်ဓားဆန္ဒ”ဟုခေါ်ပြီး ဓားကိုသုံးသည့် လူတစ်ယောက်၏ စိတ်ဆန္ဒအပေါ်မှာ မူတည်နေပါသည်။
ဤသဘောတရားကို နားလည်ထားမှသာလျှင် သင့်လက်ထဲမှာရှိနေသည့် ဓားကို ကောင်းကောင်း အသုံးချပြီး အပြည့်အဝ ကစားနိုင်မှာ ဖြစ်ပါသည်။
ဉာဏ်အလင်းတစ်ချက်က သူ့ကို ရုတ်တရက် ထိုးထွင်းသိမြင်မူဉာဏ်အမြင်ကို ပွင့်သွားစေခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏ရုပ်အသွင်အပြင်သည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားသည်။ သူသည် ကောင်းကင်ဘုံကိုးခု၏ တိမ်တိုက်များ ပေါ်တွင် ရပ်နေသော ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ကြယ်နက်ဓားကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
လွမ်းမိုးကြီးစိုးနိုင်ခြင်းက ဘာလဲ ။ ထက်ရှပြတ်သားမူက ဘာလဲ။ ထာဝရတည်မြဲခြင်းက ဘာလဲ။
အစစ်အမှန်ဓားဆန္ဒဆိုတာ အဲဒီအရာတွေထဲက တစ်ခုမှ မဟုတ်ပါဘူး။
“ဒီဓားဆန္ဒရဲ့ အဓိပ္ပါယ်က အရာအားလုံးဟာ ငါ့သဘောဆန္ဒ အတိုင်းပါပဲ။”
“ငါ ငိုလိုက်မယ်ဆိုရင် ငါ့ဓားဆန္ဒက ကောင်းကင်ဘုံကိုးဆင့်မှာ ဝမ်းနည်းခြင်း တေးသံစဉ်တွေလို ပဲ့တင်ထပ်နေရမယ်။”
“ငါပြုံးလိုက်တဲ့ အခါတိုင်း ငါ့ရဲ့ဓားဆန္ဒက အဆုံးမဲ့ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို၊ ရဲရင့်ပြီး သူရဲကောင်း ဆန်နေရမယ်”
“အဲဒီအခိုက်အတန့်မှာ တကယ်လို့ ငါက ဒီကမ္ဘာလောကကြီးကို အုပ်စိုချင်တယ် ဆိုရင် ငါ့ရဲ့ဓားဆန္ဒက ငါ့ရဲ့လက်တွေဖြစ်လာပြီး ဒီကမ္ဘာလောကကြီးကလည်း ငါ့ဥစ္စာ ဖြစ်လာရမယ်”။
"ချွင်!"
ချင်ယွင်သည် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ပြီး သူ၏မျက်လုံးများသည် အေးစက်ပြီး မောက်မာဟန်ဖြင့် ကြီးစိုးလွန်းနေသည်။
ရုတ်တရက် ကြယ်နက်ဓားမှ မောက်မာသည့်ဓားဆန္ဒက ထွက်ပေါ်လာပြီး တိမ်ပင်လယ်ကို ဖြတ်သန်းသွားသည့် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကီလိုမီတာထောင်သောင်းမကကျယ်ဝန်းသည့် ကောင်းကင်ယံရှိ တိမ်ပင်လယ်ကြီးတွင် ဓားတစ်ချက်ဖြင့် ထိုးဖောက်သွားပြီးနောက် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ထင်ရှားဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ကြီးသည် တစ်စုံတစ်ယောက်ကြောင့် ကွဲထွက်သွားပုံရသည်။
"ဘာဖြစ်နေတာလဲ၊ ဘာလို့ ငါ့ကို ဒူးထောက်စေဖို့အတွက် တွန်းအားပေးမူမျိုး ရှိနေတယ်လို့ ခံစားနေရတာလဲ"
အင်ပါယာမြို့တော်ရှိ လူတိုင်းသည် ဤဓားချက်ကို ခံစားခဲ့ရသည်။ သူတို့အားလုံးသည် မီတာတစ်သောင်းမြင့်သော ကောင်းကင်ယံကို စူးစူးဝါးဝါး စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ရိုသေလေးစားသည့် အမူအယာများ ဖြစ်ပေါ်လာကြသည်။
ထိုအချိန်တွင်၊ ကမ္ဘာကြီးကို အုပ်စိုးလိုသည့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်သည် လူတိုင်း၏ နှလုံးသားကို လွှမ်းခြုံသွားခဲ့ပြီး ၎င်းတို့ကို အလိုအလျောက် ကိုးကွယ်ဆည်းကပ်လိုသည့် အရိပ်အယောင်ကို ဖြစ်ပေါ်စေခဲ့သည်။
သူတို့သည် ကောင်းကင်ယံရှိ တိမ်ပင်လယ်၌ အက်ကွဲကြောင်းကြီးကို မြင်သောအခါ သူတို့နှလုံးသားများ တုန်လှုပ်ခြောက်ခြားပြီး အံ့ဩမှင်သက်သွားကြသည်။
"ကောင်းကင်ဘုံကိုးဆင့်ထဲမှာ အင်မော်တယ်တစ်ယောက်များ ရှိနေသလား"
"ဒီတိမ်ပင်လယ်ကြီးက အဲဒီအင်မော်တယ်ရဲ့ဓားကြောင့် အက်ကွဲသွားတာလား?"
"စောစောလေးက ထွက်ပေါ်လာတဲ့ အဲဒီမြင့်မြတ်တဲ့ အငွေ့အသက်ကရော အဲဒီအင်မော်တယ်ရှိတဲ့ နေရာကနေ ဆင်းသက်လာတာလား။"
အင်ပါယာမြို့တော်ရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အစောပိုင်းက ဓားချက်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး သူတို့အားလုံး၏ စိတ်နှလုံးကို ရိုသေလေးစားမှု ဖြစ်စေခဲ့သည် ။
သူတို့သည် သိပ်အဝေးကြီးမှာ ရှိမနေခဲ့ဘူးဆိုလျှင် သူတို့အားလုံး ဒူးထောက် အရိုအသေ ပေးကြလိမ့်မည်။
အင်ပါယာနန်းတော်အတွင်း၌၊ ယုချန်သည် ကောင်းကင်ကြီး၏ မီတာတစ်သောင်း အမြင့်ရှိအရပ်ကို ခေါင်းမော့ကြည့်လိုက်ရင်း သူ့နှလုံးသားသည် အံ့အားသင့်သွားလေသည်။
ထိုအခိုက်တန့်အတွင် သူသည် သူ၏နှလုံးသားထဲမှ အရိုအသေပေးလိုသည့် အရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်တော့။ ဒီခံစားချက်က သူ ဧကရာဇ်မင်းမြတ် ဒါယန်းရှေ့မှာ ရပ်နေသလို ခံစားရသည်။
သို့သော် အကြည့်တချက်ဖြင့်ပင် မီတာတစ်သောင်းအထက် ကောင်းကင်ယံတွင် မည်သည့်အရာမျှ မရှိသည်ကို သူမြင်လိုက်ရသည်။
ဖြတ်သွားဖြတ်လာ တာအိုသခင်တစ်ပါးက ဤနေရာမှ ဖြတ်သန်းသွားချိန်တွင် သာမန်ကာလျှံကာ ဓားတစ်ချက် ခုတ်ပိုင်းသွားလေသလားဟုပင် သူ သံသယဝင်မိသည်။
တစ်ချိန်တည်းမှာပင် သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် တုန်းယန်နန်းတော်ရှိ ဆံပင်ဖြူ အဘွားအိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့လည်း ထိုဓားချက်ကို စောစောလေးက ခံစားလို့ရခဲ့သည်။ ထိုဓားချက် လင်းလက်သွားသည့် အခိုက် ရှေးဟောင်းရေတွင်းများကဲ့သို့ တည်ငြိမ်နေသည့်သူတို့၏ ခံစားချက်များသည် လှုပ်ခတ်သွားခဲ့သည် ။
သူတို့အားလုံး ခေါင်းမော့ပြီး ဓားဆန္ဒထွက်ပေါ်လာရာ ကောင်းကင်ယံကို မျှော်ကြည့်ကြပြီး သူတို့၏နှလုံးသားများသည် ဖော်မပြနိုင်တဲ့ ထိတ်လန့်မှုတွေနှင့် ပြည့်နှက်နေပါသည်။
သို့သော်လည်း ဤစွမ်းအင်အတက်အကျ လှိုင်းများအားလုံးကို ဖြစ်ပေါ်စေသော ချင်ယွင်သည် အနည်းငယ်မျှ ရပ်တန့်ရန် အသိစိတ်မရှိသေးပေ။ ဤအခိုက်အတန့်တွင် သူသည် မြူနှင်းချောက်နက်ဓားကို ထုတ်ယူပြီး တိမ်ပင်လယ်ပေါ်တွင် လွမ်းမောခြင်း ဓားအမျှင်တန်းသိုင်းကွက်ကို စတင်အသုံးပြုခဲ့သည်။
ချင်ယွင်၏စိတ်အခြေအနေသည် ဝမ်းနည်းဖွယ်ကောင်းသည့် ခံစားချက်အာရုံထဲ စီးမျောဝင်ရောက်သွားပုံသည်။ အမေ၊ အစ်မနှင့် ကျန်းရွှန်ရှင်းတို့၏ ရုပ်အသွင်အပြင်များက သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တဟုန်ထိုး တလှိမ့်လှိမ့် မြင့်တက်လာသည့် ဒီရေလှိုင်းကဲ့သို့ လွမ်းမောတောင့်တခြင်းသည် သူ့နှလုံးသားထဲမှာ လွင့်ပျံလာခဲ့သည်။
အဆုံးမဲ့တောင့်တခြင်း စိတ်ဆန္ဒသည် ဓားဆန္ဒမှ ထုတ်လွှတ်လာခဲ့ပြီး ကောင်းကင်ယံ၏ တိမ်ပင်လယ်ကြီးကို အပိုင်းပိုင်းဖြတ်သန်းကာ သွယ်လျသောကြိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထူထပ်သိပ်သည်းသည့် တောင့်တခြင်း အငွေ့အသက်ကျဆင်းလာကာ အင်ပါယာမြို့တော် တစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားခဲ့သည်။
လူတိုင်း၏ စိတ်ခံစားချက်များသည် ဤဓားဆန္ဒကြောင့် သက်ရောက်သွားပုံရပြီး တောင့်တသည့် ခံစားချက်များက သူတို့၏နှလုံးသားထဲတွင် ပေါ်လာသည်။
"ငါ ဘာလို့ အရမ်းငိုချင်လာရတာလဲ။ ငါ အမေ့ကို လွမ်းလိုက်တာ"
"ငါလည်း အတူတူပဲ၊ ငါ့မိသားစု၊ ငါ့မိန်းမနဲ့ ကလေးတွေကို ဘာလို့ ရုတ်တရက်ကြီး သတိရ လာရတာလဲ"
"ငါလည်း ငိုချင်နေပြီကွာ။ အဖေ့ကို မတွေ့ရတာ တော်တော်ကြာပြီကွ၊ အဲဒီအချိန်တုန်းက ကျင့်ကြံဖို့ဆိုပြီး အိမ်ကထွက်ပြေးလာခဲ့တာ။ အခု ငါ အိမ်ပြန်ချင်နေတယ်"
လမ်းမတွေပေါ်မှာ၊ နန်းတော်ထဲမှာ ရှိနေကြသည့် လူတိုင်း၏ စိတ်ခံစားမှုတွေက ချဲ့ကားပြောဆိုနေပုံရသော်လည်း သူတို့၏နှလုံးသားထဲမှာတော့ ပြင်းပြသည်ဆန္ဒကို ခံစားလိုက်ရသည်။
အင်ပါယာနန်းတော်ရှိ သိုင်းဧကရာဇ်ဘိုင်ဟောင်နှင့် ဆံပင်ဖြူအဘွားအိုတို့ပင်လျှင် သူတို့၏ နှလုံးသားထဲမှာ ဝမ်းနည်းကြေကွဲမှုကို မထင်မရှားခံစားလိုက်ရသေးသည်။ ဤအခိုက်အတန့်တွင် သူတို့၏အတိတ်က အမှတ်ရစရာတွေက တဟုန်ထိုး ပွင့်ထွက်လာ ခဲ့သည်။။ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံပြီးသည့် နောက်မှာတော့ သူတို့၏ မိတ်ဆွေ အဟောင်းတွေလည်း ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဤအကြောင်းကို တွေးလိုက်မိတိုင်း စိတ်ထဲမှာ ဝမ်းနည်းမှုတွေက ပို၍ပင် ပြင်းထန်လာခဲ့သည်။
အင်ပါယာမြို့တော်ကြီး တစ်ခုလုံးထက် ကောင်းကင်ယံမှာ ဝမ်းနည်းငိုကြွေးသံများ ပဲ့တင်ထပ်နေသည်။ အင်ပါယာမြို့တော်ကြီးတစ်ခုလုံး ဝမ်းနည်းကြေကွဲစရာမြို့အဖြစ် ချက်ချင်း ပြောင်းသွားသလိုပင်။
သို့သော်လည်း ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော တရားခံသည် သူ့ကိုယ်ပိုင် ဝမ်းနည်းကြွေကွဲခြင်း အခြေအနေမှာ နှစ်မြုပ်နေဆဲဖြစ်သည်။ သူသည် သူ့မိခင်၊ သူ၏အစ်မနှင့် ကျန်းရွှင်ရှင်းတို့အတွက် တမ်းတမှုအားလုံးကို သူ၏လက်ထဲတွင် ဓားများအဖြစ် ပြောင်းလဲကာ ကောင်းကင်ဘုံကိုးခုလုံးကိုပင် ဖြန့်ကျဲနေသော ဓားမိုးများအဖြစ် ပြောင်းလဲရွာသွန်းနေလေသည်။
အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်သည် ပြင်းထန်သောဝမ်းနည်းမှုအခြေအနေမှ အသိအာရုံများ ပြန်လည်ရရှိလာခဲ့သည်။ သူသည် သူ၏လက်ထဲမှာ ဓားကိုကိုင်ထားရင်း ရပ်လိုက်ပြီး သူ၏မျက်လုံးများ၏ နက်ရှိုင်းသည့်နေရာမှဝမ်းနည်းမှုအရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံသူများနှင့် သာမန်အောက်ခြေလူတန်းစား သေမျိုးများသည် နောက်ဆုံးတွင် ငိုကြွေးခြင်းကို ရပ်တန့်နိုင်ခဲ့သော်လည်း သူတို့၏နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော ဝမ်းနည်းပူဆွေးမှုသည် အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။
သူ ရုတ်တရက် လွမ်းမောတောင့်တမှုကြောင့် အင်ပါယာမြို့သူမြို့သားများအားလုံးသည် သူနှင့်အတူ လွမ်းမောတမ်းတခြင်း၏ ဝမ်းနည်းခြင်းအခြေအနေထဲသို့ ကျရောက်သွားခဲ့ ရသည့် အကြောင်းကို ချင်ယွင်တစ်ယောက် မသိခဲ့ပေ။
အကယ်၍ သူသိခဲ့မည်ဆိုလျှင် ထိုအခြေအနေမှ ချက်ခြင်း ဖောက်ထွက်ပြီး အသံထွက်အောင် ရယ်မောနေမိလိမ့်မည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်းမှ အကျိုးများစွာ ရရှိခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ဓားဆန္ဒသည် သူအလိုရှိသမျှကို လုပ်ဆောင်နိုင်သည့် ကြီးမြတ်သော ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ထက်ပို၍ မြင့်သည့် စိတ်ကူးယဉ် ဓားတာအိုစွမ်းအင်အောက်သာ နိမ့်ကျတော့သည်။
အခုအချိန်မှာ သူသည် ယုချန်းကို မသတ်နိုင်သေးဘူးဆိုလျှင်ပင် သူ၏လက်ထဲမှာ ဓားရှိနေပါက တိုက်ကွက်ပေါင်း ရာဂဏန်းလောက်အထိ ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။
အခန်း (၃၃၀) ကပ်ဘေးဒုက္ခနှစ်ခုကို ဖြတ်ကျော်ကြခြင်း။
ချင်ယွင်သည် သူ၏ဓားဆန္ဒမှာ အဆင့်ချိုးဖြတ်ပြီး မကြာမီတွင်၊ သူ၏ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းသည်လည်း သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူ၏သစ်သားစွမ်းရည်ကိုယ်ပွားသည် သစ်သားစွမ်းရည်၏ အသက် သဘောတရားကို ပြီးပြည့်စုံခြင်းနယ်ပယ်အထိ နားလည်နိုင်သည်နှင့် ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ချက်ချင်း ဝင်ရောက်နိုင် မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူ၏ စွမ်းအားသည် အတိုင်းအတာတစ်ခုအထိ ခုန်တက်သွားမည်မှာ သေချာပါသည်။
နောက်ဆုံးမှာတော့ သစ်သားစွမ်းရည်ကိုယ်ပွားသည် အသက်သစ်ပင်ဖြစ်သည်၊ သစ်သား စွမ်းရည်သဘောတရားအပေါ် နားလည်သဘောပေါက်မှုသည် အခြားသူများထက် များစွာပို၍ အားကောင်းသည်။ ယခုအခါ သစ်သားစွမ်းရည် ကိုယ်ပွားသည် သစ်သား စွမ်းရည် အသက်သဘောတရား၏ အဋ္ဌမအဆင့်သို့ ရောက်ရှိသွားပြီးဖြစ်သဖြင့် ပြီးပြည့်စုံသောနယ်ပယ်သို့ မကြာမီပင် ရောက်ရှိနိုင်ပေတော့မည်။
ချင်ယွင်သည် မူလက ယုချန်းနှင့်အတူ သူ၏ဓားသိုင်းကို စမ်းသပ်ကြည့်ချင်သော်လည်း ထိုအချိန်တွင် ရှောင်ဘိုင်၏အသံက သူ့စိတ်ထဲတွင် ကြားလာရမည်ဟု သူ မမျှော်လင့် ထားပေ။
"ဆရာကြီး၊ ကျွန်တော် အဆင့်ချိုးဖြတ်မှု တစ်ခု ပြုလုပ်ရမယ်။ ကျွန်တော့်ရဲ့ ကောင်းကင် ကပ်ဘေးဒုက္ခက မကြာခင်စတော့မယ်။" ရှောင်ဘိုင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ အသံဖြင့် ပေးပို့လိုက်သည်။
ချင်ယွင်သည်လည်း ချက်ချင်းပင် ဝမ်းသာသွားသည်။ ရှောင်ဘိုင်သည် အဆင့်လေး၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း ဆိတ်သုဉ်းခြင်းသားရဲများသည် အဆင့်ချိုးဖြတ်ကျော်ရန် အမြဲတမ်း အချိန်အတော်ကြာခဲ့သည်။
မူလက ချင်ယွင်သည် ရှောင်ဘိုင်အဆင့်ဖြတ်ကျော်ရန် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လကြာမည်ဟု ထင်ထားခဲ့သော်လည်း ထိုမျှလျင်မြန်စွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာအားလုံးသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကြောင့် ဖြစ်ပုံရသည်။
ရှောင်ဘိုင်က သူ့ကိုဆရာကြီးဟုခေါ်ရသည့် အကြောင်းအရင်းကတော့ ချင်ယွင်၏ တောင်းဆိုမှုကြောင့် ဖြစ်သည်။ ရှောင်ဘိုင်သည် သူနှင့်အတူ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး လူတစ်ဦးနှင့် မြွေတစ်ကောင်တို့ကြား ဆက်ဆံရေးရှိလာခဲ့သည်။ သူသည် သူ့ကို “သခင်ဟု” အမြဲတမ်း ခေါင်းမာမာဖြင့် ခေါ်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ချင်ယွင်က ရှောင်ဘိုင်ကို သူ့ကို ဆရာကြီးဟုခေါ်ရန် ဆုံးဖြတ်ပေးခဲ့သည်။
သို့သော် ယခုအချိန်အတွင် အနည်းငယ် အခက်အခဲရှိနေခဲ့သည်။ ဤမြို့သည် အင်ပါယာ နန်းမြို့တော်၏ တော်ဝင်မြို့တော်ဖြစ်နေသည်။ ထို့ကြောင့် ဤအင်ပါယာမြို့တော် အတွင်းမှာ ကပ်ဘေးဒုက္ခကို မဖြတ်ကျော်နိုင်ပေ။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ စိတ်ထဲတွင် နောက်ထပ် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်၊ ကျွန်တော် အဆင့်ချိုးဖြတ်မှုတစ်ခု လုပ်ရမယ်။ ကျွန်တော်လည်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်ပါတယ်" ရှောင်ကျင်း၏အသံက ကလေးငယ် တစ်ယောက်လို နုပျိုနေတုန်း ဖြစ်သည်။
"ဘာ။ မင်းလည်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်နေတာလား။" ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်အောင်ဖွင့်ပြီး ပြောလိုက်သည်။
"အင်း!" ရှောင်ကျင်းက ပြန်ပြောသည် ။
ချင်ယွင်၏ စိတ်ထဲတွင် ချက်ချင်းပင် အနက်ရောင်လိုင်းများ ပြည့်နှက်သွားပြီး ဘာမှမရှိသလို ခံစားလိုက်ရသည်။ ဤကိစ္စကို သူတို့က တိုင်ပင်များ ထားကြလေသလား။ သူတို့နှစ်ယောက် ကပ်ဘေးဒုက္ခကို အတူတူဖြတ်ကျော်ကြသည့်အခါ ဘာတွေများ ဖြစ်လာမလဲ။
ကံကောင်းထောက်မစွာပင်၊ အနက်လေး နှင့် အနီလေးတို့သည် အဆင့်သုံး၏ အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သောကြောင့် အဆင့်ချိုးဖြတ်မှုလက္ခဏာမပြနိုင်သေးပေ။ သို့မဟုတ်ပါက၊ ဆိတ်သုဉ်းခြင်းသားရဲလေးကောင်သည် ကပ်ဘေးဒုက္ခကို အတူတကွ ဖြတ်ကျော်သောအခါ ထိုမြင်ကွင်းသည် အံ့မခန်းဖြစ်သွားပေလိမ့်မည်။
ချင်ယွင်သည် ပတ်၀န်းကျင်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် အင်ပါယာမြို့တော်၏ မြောက်ဘက်ပိုင်းတွင် ရှေးဟောင်းသစ်တောတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် တွန့်ဆုတ်ခြင်းမရှိ ထိုရှေးဟောင်းသစ်တောဆီသို့ သွားတော့သည်။
ချင်ယွင်သည် ဤရှေးဟောင်းတောသို့ ရောက်ပြီးနောက် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို လွှတ်ပေးလိုက်သည်။
သူသည် မည်မျှဝေးကွာသည့် အရပ်ထိ သွားရောက်ပါစေ၊ အလွန်ကြီးမားသည့် အုံကြွမှုတွေက အင်ပါယာမြို့တော်တစ်ခုလုံးကို သက်ရောက်မှုရှိနေမှာကို သိထားပြီး ဖြစ်ကာ အင်ပါယာမြို့တော်အတွင်းရှိ ကျွမ်းကျင်သူများကို အချက်ပေးသလိုဖြစ်မှာကို သိထားသောကြောင့် သူသည် အဝေးကြီးကို မသွားခဲ့တော့ပေ။
မျှော်လင့်ထားသလိုပဲ၊ ဤကောင်ကြီးနှစ်ကောင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဤကမ္ဘာကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့သည်။ တိမ်မည်းတွေက သူတို့အပေါ်ကို ချက်ချင်း ဖိနှိပ်ကျလာပြီး ကောင်းကင်ယံမှာ တဖြည်းဖြည်း စုရုံးလာကြ သည်။
ကြီးမားသောဖိအားသည် ကီလိုမီတာ တစ်ရာခန့် အချင်းဝက်နီးပါးကို လွှမ်းခြုံထားသည်။
၎င်းအခြင်းအရာကိုမြင်သည်နှင့် တစ်စုံတစ်ယောက်သည် ကပ်ဘေးဒုက္ခခံနေရသူများမျာ အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။ ထို့အပြင် ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ဝေးကွာလွန်းလှသည်။ သို့သော် မိုးခြိမ်းသံများ ပြည့်နှက်နေသည့် တိမ်တိုက်များသည် တစ်ခုနှင့်တစ်ခု ထပ်လုလုနီးပါး ဖြစ်နေပြီး ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများက ပေါင်းစပ်နေကာ နိုင်းယှဉ်ပြလို့မရနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို ဖန်တီးပေးနေသည်။
ဤအခိုက်အတန့်တွင် အင်ပါယာမြို့တော်ရှိ လူတိုင်းသည် ဤကြောက်မက် ဖွယ်ကောင်း သော ဖိအားကို ခံစားခဲ့ရသည်။ သူတို့အားလုံးသည် ရောက်သည့် နေရာမှာ ရပ်လိုက်ကြပြီး သိပ်မဝေးကွာလှသည့် ကောင်းကင်ယံရှိ တိမ်မည်းကြီးများကို ကြည့်ကာ သူတို့၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ကပ်ဘေးဒုက္ခကို ဘယ်သူတွေ ဖြတ်ကျော်နေတာလဲ။ ဧကရာဇ်မင်းမြတ် ဒါယန်းကိုယ်တိုင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်နေတာများ ဖြစ်နိုင်မလား"
"မင်း မျက်စိကန်းနေတာလား။ ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးနှစ်ခုဆိုတာ ရှင်းလင်း နေတာပဲလေ။ ဧကရာဇ်မင်းမြတ်ဒါယန်းက တစ်ယောက်တည်းကွ။ သူက ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးနှစ်ခုကို တစ်ချိန်တည်းမှာ ဘယ်လိုလုပ် ဆင့်ခေါ်နိုင်ပါ့မလဲ။"
"ကပ်ဘေးဒုက္ခတိမ်တိုက် နှစ်ခု၊ ကပ်ဘေးဒုက္ခတိမ်တိုက်နှစ်ခု ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
အင်ပါယာမြို့တော်သည် ဆွေးနွေးမှုများ ပြည့်နှက်နေပြီး အချို့သော ကျွမ်းကျင် ပညာရှင်များသည် နံရံများပေါ်သို့တက်ကာ ရပ်တန့်ပြီး ကြည့်ရှုနေကြသည်။
"ရွှီး……..!" "ဂါး……….!"
ထိုအချိန်တွင် အဝေးမှကျယ်လောင်သော ဟိန်းဟောက်သံနှစ်ခု ထွက်ပေါ်လာသည်။
"ဒါက စပါးအုံးမြွေအမျိုးအစား ဆိတ်သုဉ်းခြင်းသားရဲနဲ့ မျောက်ဝံအမျိုးအစား ဆိတ်သုဉ်းခြင်း သားရဲတွေရဲ့ ဟိန်းဟောက်သံပဲ!" အတွေ့အကြုံရှိသူအချို့က ချက်ချင်းပင် ကောက်ချက်ချကြသည်။
"အင်ပါယာမြို့တော်အနီးမှာ ဘာကြောင့် ဆိတ်သုဉ်းခြင်းသားရဲတွေ ရှိနေတာလဲ။" တစ်စုံတစ်ယောက်က ချက်ချင်းပင် စိတ်ထဲမှာ မေးခွန်းထုတ်လာသည်။
သို့သော် မည်သူမျှ သူ့ကို အဖြေမပေးနိုင်ပေ။
အင်ပါယာမြို့တော်အတွင်းမှာ ရှိနေကြသည့် မွန်းစတားအိုကြီးများသည် ပင်မခန်းမ ဆောင်၏ တံစက်မြိတ်ထိပ်ဖျားပေါ်တွင် ရပ်တန့်နေကြသည်။ သူတို့သည့် ကောင်းကင်ယံမှ ကြီးမားလှသည့် ကပ်ဘေးဒုက္ခတိမ်တိုက်နှစ်ခုကို ကြည့်ရင်း သူတို့၏မျက်ခုံးတွေက တင်းကျပ်စွာ တွန့်နေကြသည်။
ဝှီး!
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ယုချန်း၏ အနားတွင် ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ?" သိုင်းဧကရာဇ်ဘိုင်ဟောက်က မေးသည်။
ယုချန်းက မျက်မှောင်ကြုတ်ကာ ပြောသည် " အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်က မြို့တော်မြောက်ပိုင်းရဲ့ အပြင်ဘက်မှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော် နေကြတယ်။ တစ်ကောင်က စပါးအုံးမြွေ အမျိုးအစား ဆိတ်သုဉ်းခြင်း သားရဲဖြစ်ပြီး နောက်တစ်ကောင်ကတော့ မျောက်ဝံအမျိုးအစား ဆိတ်သုဉ်းခြင်း သားရဲဖြစ်တယ်။ ၎င်းတို့ နှစ်ကောင်စလုံးက နတ်ဘုရားသားရဲတွေရဲ့ သွေးမျိုးဆက်ကိုပိုင်ထားတဲ့ သန္ဓေပြောင်းသားရဲတွေ ဖြစ်လိမ့်မယ်။"
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ထိုစကားကိုကြားသောအခါ မြောက်အရပ်သို့ မျှော်ကြည့်ရင်း သူ၏မျက်ခုံးများက တွန့်သွားခဲ့သည်။
"အင်ပါယာမြို့တော်မှ ကီလိုမီတာထောင်ချီ အဝေးမှာရှိနေသည့် ဆိတ်သုဉ်းခြင်းသားရဲကို မောင်းထုတ်ခြင်း မခံရပေဘူးလား။ အဆင့်လေး အထွတ်အထိပ်ရှိ နတ်ဘုရားသားရဲ သွေးမျိုးဆက်ပိုင်ဆိုင်တဲ့ ဆိတ်သုဉ်းခြင်းသားရဲက ဘာကြောင့် ရုတ်တရက် ပေါ်လာရ တာလဲ။ ဒါ့အပြင်၊ ဆိတ်သုဉ်းခြင်းသားရဲ နှစ်ကောင်တောင် ဖြစ်နေသေးတယ်။” သိုင်းဧကရာဇ်ဘိုင်ဟောက်က တအံ့တသြမေးသည်။
ယုချန်းလည်း ခေါင်းယမ်းပြလိုက်သည်။ ယခုအချိန် အင်ပါယာမြို့တော်မှာ ဖြစ်ပျက်ခဲ့တာတွေက သူ့ကို ခေါင်းကိုက်စေသည်။
အရင်ဆုံး၊ နဝမမင်းသားသည် သတ်ဖြတ်ခံခဲ့ရသည်။ ပြီးနောက် သူသည် လျှို့ဝှက်ဆန်း ကြယ်သော မိန်းမစိုးနှင့် လေးရက်နှင့် လေးညကြာအောင် အလုပ်ရှုပ်နေခဲ့ရသည်။ ထို့နောက်၊ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်တစ်ဦးသည် အစွမ်းထက်သော ဓားဆန္ဒကို အသုံးပြုခဲ့သည်။ ယခုလည်း လျှို့ဝှက်ဆန်းကြယ်သည့် ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေပြန်ပြီလား။
အင်ပါယာမြို့တော်အတွင်းမှာ ကြီးကြီးမားမားဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်မှန်သမျှသည် မြို့တော်အတွင်းမှာရှိနေကြသည့် မွန်းစတားအိုကြီးများအား အလားတူပင် ခံစားခဲ့ရစေ သည်။
အမှန်တကယ်တော့၊ ဤအဖြစ်ပျက်အားလုံးသည် ချင်ယွင်ကြောင့်ဖြစ်ပေါ်လာမှန်း သူတို့ မသိကြပါဘူး။
"နန်းတော်စောင့်ကြပ်နေခဲ့။ ငါသွားကြည့်လိုက်မယ်။" သိုင်းဧကရာဇ်ဘိုင်ဟောက်က ပြောလိုက်သည်။
"ဒါဆိုလည်း အကြီးအကဲကျိ ထွက်သွားလိုက်ပါ" ယုချန်းက သူ့ကို ချက်ချင်း ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။ သူ့မှာတာဝန်ရှိနေပြီး အင်ပါယာမြို့တော်ကို ထားသွားခဲ့လို့မရပေ။
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် မည်သည့်စကားမျှမပြောတော့ဘဲ အလင်းတန်းအဖြစ် ပြောင်းလဲကာ မြောက်ဘက်အရပ်ဆီကို ဦးတည်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အဋ္ဌမမင်းသားရှိနေသည့် နန်းတော်အတွင်း၌ အဋ္ဌမမင်းသားသည် ကောင်းကင်ယံ၌ ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးနှစ်ခုကို ကြည့်ရင်း သူ့မျက်လုံးများတွင် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာနေသည်။
"ဒီအကောင်တွေက နတ်သားရဲရဲ့သွေးမျိုးဆက်ပါ အဆင့်လေး အထွတ်အထိပ် ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ဆိုတာ သေချာရဲ့လား" အဋ္ဌမမင်းသားက မေးလိုက်သည်။
သူ့နောက်က ၀တ်စုံနက်ကြီးက “ အဋ္ဌမမင်းသား ၊ စိတ်မပူပါနဲ့၊ အဲဒီကောင်တွေက ရှားရှားပါးပါး သန္ဓေပြောင်း ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ပဲ။ အခု အဆင့်လေးရဲ့ အထွတ်အထိပ်မှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာဆိုတော့ အဆင့်ငါးကို ဖြတ်ကျော် ဝင်ရောက်နိုင်တော့မယ် လို့ဆိုလိုတာပဲ။ ဒီကောင်တွေရဲ့ အလားအလာက ကြီးမားလွန်းတာကြောင့် အနာဂတ်မှာ နတ်ဆိုးအဆင့်အထိတောင် ဖြတ်ကျော် သွားနိုင်တယ်။"
"နတ်ဆိုးသားရဲအဆင့်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နဲ့ မညီမျှဘူးလား?" အဋ္ဌမ မင်းသားလေး၏ မျက်လုံးများတွင် အလင်းရောင်သည် ပို၍ပင်ပြင်းထန်လာပြီး သူ၏လေသံမှာပင် တုန်တုန်ယင်ယင် ဖြစ်နေလေသည်။
"အနက်ရောင်ဝတ်၊ ခင်ဗျားက သားရဲထိန်းချုပ်နည်းတွေကို သိတယ်လို့ မပြောဘူးခဲ့ ဘူးလား၊ ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို ကျွန်ပြုနိုင်မလား" အဋ္ဌမမင်းသားက ဆက်မေး လိုက်သည်.။
"ဟီး၊ ဟီး၊ ပုံမှန်မဟုတ်ပေမယ့် ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတယ်။ သူတို့ မသေရင်တောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေနိုင်သေးတယ်။ အဲဒီအချိန်ရောက်ရင် သူတို့ကို ကျွန်ပြုဖို့က သိပ်ကို လွယ်ကူသွား လိမ့်မယ်။ “ အနက်ရောင်ဝတ်ရုံဝတ်လူက ရယ်မောလိုက်သည်။
"အိုး၊ ဒီလိုဆိုမှတော့ ခင်ဗျားက ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ဆီကို သွားပြီးဘာလို့ ကျွန်အမြန် သွားပြီးမပြုသေးတာလဲ။ သူတို့နဲ့ဆိုရင် ငါတို့မှာ နောက်ထပ် အစွမ်းထက်တဲ့ လက်ထောက် အကူနှစ်ယောက်ရှိလာမှာ မဟုတ်ဘူးလား" အဋ္ဌမမင်းသားသည် ပြင်းထန်သောအလိုဆန္ဒဖြင့် ပေါက်ကွဲထွက်လာသည်။
အစွမ်းထက်သည့် အဆင့်ငါးဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို ထိန်းချုပ်နိုင်တော့မည်ဟု တွေးတောရင်း အဋ္ဌမမင်းသားသည် ခုခံနိုင်စွမ်းမရှိသည့် တွန်းအားကိုပင် ခံစားရစေသည်။
"အဋ္ဌမမင်းသား၊ စိတ်မပူပါနဲ့။ လင်းမိသားစု၊ ဖန်မိသားစုနဲ့ ဂျီမိသားစုတို့က သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း စေလွှတ်လိုက်ကြလိမ့်မယ်။ သူတို့အချင်းချင်း သေတဲ့အထိ အရင်တိုက်ကြပါစေဦး၊ ပြီးတော့မှ ပုစဉ်းရင်ကွဲလေးတွေကို ဖမ်းဖို့ ကျွန်တော် ရှိခိုးကောင်ကို လွှတ်လိုက်ပါ့မယ်။" ဝတ်ရုံအနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် တခစ်ခစ်ရယ် မောကာ အနက်ရောင်မီးခိုးများအသွင်ပြောင်းပြီး မြောက်ဘက် မြို့ပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။
ယခုအချိန်တွင် ရှောင်ကျင်း နှင့် ရှောင်ဘိုင်တို့သည် မြို့တော်မြောက်ဘက် အပြင်ဘက်အရပ်ရှိ တောအုပ်အတွင်းမှာ အဆင့်တက်မူ၏ နောက်ဆုံးအခြေအနေသို့ ဝင်ရောက်လာကြသည်။
ကောင်းကင်ယံ၌ လျှပ်စီးကပ်ဘေးဒုက္ခသည် စတင် ပေါက်ဖွားလာပုံရသည်။ မိုးခြိမ်းသံတွေက တဒိန်းဒိန်း မြည်ဟီးနေပြီး မိုးကြိုးလျှပ်စီးက အချိန်မရွေး ကျရောက်လာ နိုင်သည်။
စာစဉ် (၂၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။