အခန်း (၃၄၁-၃၄၅)
Vol. 23 Ch. 341-345
အခန်း (၃၄၁) မိုးကြိုးနတ်ဘုရားလေး၏အစွမ်း။
ချင်ယွင်သည် သူ၏ရှေ့မှာ ရုတ်တရက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို သူ၏မျက်နှာပေါ်တွင် သတိထားနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
မြို့တော်မြောက်ပိုင်းအပြင်ဘက်မှာ နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက အနက်ရောင် ဝတ်စုံဝတ် အမျိုးသားသည် မှောင်ရိပ်ထဲတွင် ပုန်းနေခဲ့သည်။ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျင့်ကြံမူ အခြေခံသည် ချင်ယွင်အတွက် ကြီးမားသောခြိမ်းခြောက်မှု မဟုတ်ပေ။
သို့သော်၊ ချင်ယွင် အမှန်တကယ် ကြောက်လန့်သွားသည့်အရာမှာ နောက်ထပ် ပြေးလာနေသည့် အခြားလူနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် ထိုလူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်မှာရှိနေသည့် သိုင်းဧကရာဇ်တစ်ပါးဖြစ်သော လျူထျန်း ဖြစ်သင့်ပါသည်။ အခြားလူကမူ သဘာဝအားဖြင့် ဂျီကလန်၏ မျိုးနွယ်စုခေါင်းဆောင် ဂျီယန် ဖြစ်လိမ့်မည်။
"ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးပြီး ဂျီကလန်ထဲကနေ ချက်ချင်း ပြေးထွက်သွားသည်။
"ဟမ့် ၊ မင်းက ထွက်ပြေးချင်သေးတာလား" အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်၏နောက်သို့ လိုက်ပါဖမ်းဆီးရန် သူ၏ခန္ဓာကိုယ်ကို အသုံးပြုလိုက်သည်။ သူ၏လက်ထဲတွင် ဓားတို တစ်ချောင်းပေါ်လာပြီး ချင်ယွင်၏ လည်ပင်းဆီသို့ တိုက်ရိုက် ဝှေ့ယမ်း လိုက်သည်။ ဓားတိုသည် အနက်ရောင် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေပြီး သူ့နှလုံးကိုပင် ရင်တုန်စေသည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ချက်ချင်းပေါ်လာပြီး ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် လေထဲတွင် အစိမ်းရောင်လပြည့်ဝန်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲ သွားသည်။ လပြည့်ဝန်း၏ အစွန်းအလွှာများသည် ကြောက်မက်ဖွယ် ဖြတ်တောက်ခြင်း စွမ်းအားများဖြင့် ပြည့်နေသည်။
ချွင်!
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ လက်ထဲမှ ဓားတိုသည် ဓားအလင်းနှင့် ထိပ်တိုက်ဆုံမိပြီး သူ၏ခန္ဓာကိုယ်လည်း ချက်ချင်း ရပ်တန့်သွားသည်။
ချင်ယွင်သည် ထိုအခွင့်အရေးကို အသုံးချကာ သူ၏ကိုယ်ပျောက်နည်းပညာကို အသုံးချပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သူ၏အသိအာရုံ ပြန်ကောင်းလာသည့်အခါ၊ ပတ်ဝန်းကျင်တွင် ချင်ယွင်၏ အရိပ်အယောင်မျှ မရှိတော့ပေ။
"ငါ့လခွမ်းကွာ၊ လွတ်မြောက်သွားသေးတယ်!" အနက်ရောင်ဝတ်စုံဝတ် အမျိုးသား သည် အလွန်ဒေါသဖြစ်နေသည်မှာ ရှင်းလင်းသေချာပြီး ပွစိပွစိဖြင့် ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အနားတွင် အလင်းတန်းနှစ်ခု ပေါ်လာသည်။ ၎င်းတို့မှာ သိုင်းဧကရာဇ်လျူထျန်းနှင့် ဂျီကလန်၏ မျိုးနွယ်စုခေါင်းဆောင် ဂျီယန်တို့ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ?" သိုင်းဧကရာဇ်လျူထျန်းက ပြောလိုက်သည်။
"အဲဒါ ချင်ယွင်ပဲ၊ ဒါပေမယ့် သူ လွတ်မြောက်သွားခဲ့တယ်!" အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အမှန်အတိုင်း ဖြေသည်။
သိုင်းဧကရာဇ်လျူထျန်းက မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြောပေ။
"ဖန်းအာ၊ ယွမ်အာ !"
ထိုအချိန်တွင် ဂျီယန်သည် သူ၏သားနှစ်ယောက် သွေးအိုင်ထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ အလောင်းတွေကလည်း နှစ်ပိုင်းခွဲခြင်း ခံထားရသည်။ သူသည် ဂျီယွမ်နှင့်ဂျီဖန်းတို့၏ အလောင်းများဆီသို့ ပြေးဝင်သွားရင်း အလွန်နာကျင်သော အမူအရာတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။
သူ့သားနှစ်ယောက်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရလို့ ဂျီယန်သည် ဝမ်းနည်းပူဆွေးမှုတွေ ပြည့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
"ချင်ယွင် မင်းကို ငါ သတ်မယ်!"
ဂျီယန်က ရူးသွပ်တော့မည့်အတိုင်း အော်ဟစ်လိုက်သည်။ သူသည် မြေပြင်ပေါ်ရှိ သားနှစ်ယောက်၏ အလောင်းများကို ကြည့်ရင်း မျက်လုံးများက နီရဲနေသည်။
သိုင်းဧကရာဇ်လျူထျန်းသည် ဘေးတွင် ရပ်နေသည်။ သူသည် ဘာမှ ပြန်မပြောသော်လည်း သူ၏မျက်ခုံးများက နက်နဲစွာတွန့်ပြီး မျက်မှောင် ကြုတ်သွားသည်။
မူလက သူသည် ချင်ယွင်ကို မျက်လုံးထဲပင် ထည့်မထားခဲ့ပေ။ ဒါပေမယ့် ယခုအချိန်တွင် သူသည် ချင်ယွင်ကို လျှော့တွက်မိသွားပုံရရသည်။ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို သူတို့၏ မျက်လုံးများရှေ့တွင် အမှန်တကယ် သတ်ပစ်လိုက်ကြောင်း သူ သိလိုက်ရသည်။
ဂျီယွမ်နှင့်ဂျီဖန်းတို့၏ သေဆုံးမှုအတွက် သူ ဂရုမစိုက်ပါ။ ဝမ်းနည်းပူဆွေးနေသည့် ဂျီယန်ကို စိုက်ကြည့်ကာ သူသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် ဆိုသလို သိုင်းဧကရာဇ်လျူထျန်းသည် ရုတ်တရက် သူ၏ခေါင်းကို အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏ ဦးရေပြား ပေါက်ကွဲသွားလောက်သည့် ကြောက်မက်ဖွယ် အငွေ့အသက်က သူ့ဆီသို့ ပြေးဝင်လာခဲ့သည်။
"ဘေးကို ဖယ်စမ်း!" သိုင်းဧကရာဇ်လျူထျန်းက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ပုံရိပ်က ဘေးဘက်သို့ ဆက်၍ ရှောင်သွားခဲ့သည်။
သို့သော် သူစကားပြောခါနီးတွင် အမှောင်အလင်းတစ်ခုက သူ၏ပါးပြင်ကို ပွတ်တိုက်လုနီးပါး ဖြတ်သွားခဲ့ပြီး ၎င်း၏အရှိန်အဟုန်မှာ အလွန်မြန်သည်။
သူသည် ရှောင်တိမ်းနိုင်ခဲ့သော်လည်း လျှပ်စီးနှင့်ဖျက်စီးခြင်း၏ ကြောက်မက်ဖွယ် အငွေ့အသက်များက သူ၏ပါးပြင်ပေါ်တွင် ဒဏ်ရာနက်နက်တစ်ခု ချန်ထားရစ်ခဲ့ပြီး ဒဏ်ရာမှာလည်း မည်းနက်နေသေးသည်။
"အား!"
သနားစဖွယ် စူးစူးရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
မူလက ဒေါသထွက်နေသော ဂျီယန်သည် သိုင်းဧကရာဇ်လျူထျန်း၏ အော်ဟစ် သတိပေးသံကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ အနက်ရောင် အလင်းတန်းတစ်ခုက သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာပြီး သူ့ကို မြေပြင်မှာ သံမှိုဖြင့် ရိုက်နှက်လိုက်သကဲ့သို့ ချက်ချင်း သတ်ဖြတ်သွားခဲ့သည်။
သိုင်းဧကရာဇ်လျူထျန်းသည် ပြန်လှည့်လိုက်ပြီး နှလုံးသားထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှု အပြည့်ဖြင့် မြေပြင်ပေါ်တွင် ကြေကွဲဖွယ်ရာ သေဆုံးသွားသော ဂျီယန်ကို ကြည့်လိုက်လေသည်။
အကယ်၍ သူသည် လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ပါက၊ သူသည်လည်း သေဆုံးသွားပြီ ဖြစ်လိမ့်မည်။
ဤအခိုက်အတန့်တွင်၊ အဆုံးမဲ့ပျက်စီးခြင်း၏ အငွေ့အသက်ကို ထုတ်လွှတ်သော ဤအနက်ရောင်အလင်း၏ မူလအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသည်။ ၎င်းသည် အနက်ရောင်လျှပ်စီးမှ လုံးလုံးလျားလျား ပေါင်းစပ်သိပ်သည်းထားသည့် အမွှေးတပ်ထားသည့် အနက်ရောင်မြှားတစ်ချောင်း ဖြစ်လေသည်။
အနက်ရောင်မြှားသည် တစ်လက်မခန့် အထူရှိပြီး ငါးပေ ရှည်သည်။ ကိုယ်ထည်က တစ်ကိုယ်လုံး မည်းနက်နေပြီး အနက်ရောင်လျှပ်စီးကြောင်းများက ပတ်ပတ်လည်မှာ ဝိုင်းရံထားသည်။ ၎င်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးဖျက်ဆီး၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
"မကောင်းတော့ဘူး!"
သိုင်းဧကရာဇ်လျူထျန်းသည် ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး တစ်စုံတစ်ခု ကို သတိပြုမိသွားပုံရကာ သူ၏ပုံရိပ်သည်လည်း အခန်းအပြင်သို့ အလျှင်အမြန် ပြန်ထွက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ တုံ့ပြန်မှုသည်လည်း အလွန်လျင်မြန်သည်။ သိုင်းဧကရာဇ်လျူထျန်း၏ အော်ဟစ်သံကိုကြားလိုက်ရသည်နှင့် သူသည် ချက်ချင်းပင် နောက်သို့ လိုက်သွားခဲ့သည်။
"ဘုန်း!"
ထိုအချိန်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အနောက်ဘက်ရှိ ခြံဝင်းတစ်ခုလုံးသည် ကောင်းကင်တုန်ခါသွားသည့် ပေါက်ကွဲသံနှင့် အတူ ချက်ချင်း မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့သည်။
သိုင်းဧကရာဇ်လျူထျန်း၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအားများဖြင့် တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ကြောက်မက်ဖွယ် ကောင်းသည့် လျှပ်စီး ပေါက်ကွဲမှုကို ခုခံခဲ့ရသည်။ သို့သော်လည်း အနက်ရောင်၀တ်စုံဝတ် အမျိုးသားသည် ထိုမျှလောက် ကံမကောင်းခဲ့ပေ။ ထိုပေါက်ကွဲမှု လှိုင်းလုံးကြီး ရိုက်ခတ်မူကြောင့် သူ၏တစ်ကိုယ်လုံး ဒဏ်ရာရသွားခဲ့ပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများလည်း စီးကျလာသည်။
ချင်ယွင်သည် ကောင်းကင်ယံရှိ မီတာငါးရာနီးပါးအကွာတွင် ရပ်နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏မျက်လုံးတွေက အလင်းတန်းတွေနှင့်
တောက်ပနေခဲ့သည်။
မူလက သူသည် ထွက်ခွာသွားရန် ရည်ရွယ်ထားသော်လည်း အစောပိုင်းက ရရှိထားသည့် မိုးကြိုးနတ်ဘုရားလေး၏ အစွမ်းကို တွေးကြည့်ရင်း သူ၏လက်က ခဏလောက် ယားယံသွားခဲ့သည်။ သူသည် မြှားတစ်စင်းကိုထုတ်ပြီး ပစ်ကြည့် လိုက်သည်။ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
မြှားတစ်စင်းသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခဲ့ပြီး တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို ဒဏ်ရာရစေကာ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် ဧကရာဇ် တစ်ပါးကိုပင် သတ်ဖြတ်လုနီးပါး ဖြစ်စေခဲ့သည်။ အကယ်၍ ထိုသတင်းတွေသာ ပျံ့နှံ့သွားခဲ့လျှင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည်မှာ သေချာပါသည်။
ချင်ယွင်၏ မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။ မိုးကြိုး နတ်ဘုရားလေး၏ အစွမ်းသည် မိုးကြိုးလှံနှင့်အတူ ပေါင်းစပ်အသုံးပြုပါက ကြီးမားသော စွမ်းအားရှိလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ယခုအချိန်တွင် မိုးကြိုးနတ်ဘုရားလေး၏ အစွမ်းသည် ချင်ယွင်၏ အစွမ်းထက်ဆုံး သော ဝှက်ဖဲတစ်ချပ် ဖြစ်လိမ့်မည်ဟုပင် ထင်ရသည်။
"အင်း…..၊ ရောက်လာပြီဆိုမှတော့ အတိုးများများ စုဆောင်းပြီးမှ ပြန်သွားသင့် ပါတယ် လေ။" ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးက ပျောက်ကွယ် သွားခဲ့ပြီး သူသည် မိုးကြိုးနတ်ဘုရားလေးကို ဆက်လက် ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်၏ ခွန်အားအားလုံးကို သူ၏ခါးနှင့် လက်မောင်း ပတ်ပတ်လည်မှာ စုစည်းထားသည်။
သူ၏လက်ထဲတွင် အနက်ရောင်လျှပ်စီးမြှားရှည်တစ်စင်းက သိပ်သည်းသွားခဲ့သည်။ ညအချိန်ဝယ် အနက်ရောင်လျှပ်စီးကြောင်းသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် အနက်ရောင်နဂါးအရွတ်ဖြင့် ပြုလုပ်ထားသော လေးညှိုးကြိုးကို လက်ချောင်းများဖြင့် ဆုပ်ကိုင်လိုက်ရင်း ခွန်အားကို သူ၏ခါးဆီသို့ ချက်ခြင်းပင် ဖြည့်တင်းပေးလိုက်ပြီး မိုးကြိုးနတ်ဘုရားလေးကို လပြည့်ဝန်း၏ ပုံသဏ္ဍာန်အဖြစ် ဆွဲတင်လိုက်သည်။
မိုးကြိုးနတ်ဘုရားလေးသည် လပြည့်ဝန်းပုံစံ ဆွဲတင်လိုက်သည့်အခါ၊ ချင်ယွင်၏ လက်ထဲရှိ လျှပ်စီးမြှားသည် အံ့အားသင့်ဖွယ် စွမ်းအားကို ထုတ်လွှတ်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျသည် ချက်ချင်းပင် ဂျီကလန်၏ အိမ်စံကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
"မင်းက ချင်ယွင်လား !"
သိုင်းဧကရာဇ်လျူထျန်းသည် အကွာအဝေးတွင် လေးတစ်လက်နှင့်မြှားကို ပစ်လွှတ်နေသော ချင်ယွင်ကို အကြည့်တချက်ဖြင့်ပင် မြင်လိုက်ရပြီး သူ၏မျက်လုံးများက ဒေါသအမျက် ပေါက်ကွဲထွက်လာသည်။
အနက်ရောင်ဝတ်စုံဝတ် သိုင်းဧကရာဇ်သည် အံ့အားသင့်နေသည့် အမူအရာ ထွက်ပေါ်နေသည်။ ချင်ယွင် ထွက်သွားပြီဟု သူထင်ခဲ့သော်လည်း ချင်ယွင်က အဝေးမှာ ပုန်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဖြစ်နိုင်တာက စောစောလေးက ထိုထိတ်လန့်တုန်လှုပ်ဖွယ် မြှားကို သူ ပစ်လိုက်တာများလား။
ချင်ယွင်က ရယ်မောလိုက်သည်။ သူ၏နေရာတွေကို ရှာဖွေတွေ့ရှိသွားမည် ဖြစ်ကြောင်း သဘာဝကျကျ သူ သိပါသည်။
သို့သော် ယခုအချိန်တွင် သူ၏အာရုံစူးစိုက်မူအားလုံးသည် ဤမြှားပေါ်တွင် ရှိနေလေ သည်။ ယခင်ကမြှားကို သိုင်းဧကရာဇ်လျူထျန်းက သတိမထားမိသောကြောင့် သူသည် အခွင့်ကောင်းယူနိုင်ခဲ့သည်။ သို့ပေမယ့် ယခုအချိန်မှာ သိုင်းဧကရာဇ်လျူထျန်းက သူ့ကို ရှာတွေ့သွားခဲ့ပြီးဖြစ်ကာ ချင်ယွင်သည် သိုင်းဧကရာဇ်လျူထျန်းကို မြှားတစ်စင်း နှင့် သတ်ပစ်ဖို့က မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် သိုင်းဧကရာဇ်လျူထျန်းကို မြှားဖြင့် မပစ်ခဲ့ တော့ပေ။ ယင်းအစား သူသည် သိုင်းဧကရာဇ်လျူထျန်း အနားတွင် ဒဏ်ရာ အပြင်းအထန်ရနေပြီဖြစ်သော အနက်ရောင်ဝတ်စုံဝတ် သိုင်းဧကရာဇ်ကို မြှားဖြင့် ချိန်ရွယ်လိုက်သည်။
ဝှီး!
ချင်ယွင်သည် သူ၏လက်ချောင်းများကို ဖြေလျော့လိုက်သည်။
မိုးကြိုးနတ်ဘုရားလေးပေါ်တွင် တင်ထားသော အနက်ရောင်လျှပ်စီးမြှားသည် ချက်ချင်းပင် လေးညှို့ကြိုးမှ ထွက်သွားပြီး အမှောင်ညတွင် အလွန်လျင်မြန်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိလေဟာနယ် သည် ထိုးဖောက်ခံလိုက်ရပုံပေါ်ပြီး ပြင်းထန်သောလှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။
မီတာရာချီအကွာအဝေးကို တခဏချင်း ဖြတ်သွားခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် သိုင်းဧကရာဇ်၏ မျက်လုံးများသည် အဆုံးစွန် အထိ ပြူးကျယ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်ချီသည် တခဏအတွင်း မြင့်တက်လာခဲ့ပြီး ထူထပ်သည့် ဝိညာဉ်ချီအကာကွယ် အလင်းဒိုင်းများကို ဖွဲ့စည်း လိုက်သည်။
သို့သော် ဤလျှပ်စီးမြှားသည် သေမင်းနတ်ဘုရားထံမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှင့် တူသည်။ ၎င်းသည် ဤဝိညာဉ်စွမ်းအင်အလင်းဒိုင်းလွှားများမှ တဆင့် ချက်ချင်း ထိုးဖောက်ဝင်ရောက်ကာ အနက်ရောင်ဝတ်စုံဝတ် သိုင်းဧကရာဇ်၏ မျက်ခုံးနှစ်ခုများကြားရှိနေရာကို ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် သိုင်းဧကရာဇ်သည် ပွဲချင်းပြီး သေဆုံးသွားကာ သူ၏ အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သိုင်းဧကရာဇ်လျူထျန်းသည် ဤဖြစ်စဉ်ကို မြင်သောအခါ ထိတ်လန့်သွားသည်။ စောစောက သူသည် ထိုအဖော်ကို ကယ်တင်ရန် မစဉ်းစားမိခြင်း မဟုတ်ပေ။ သို့သော် မြှားက မြန်လွန်းသည်။ မြန်ဆန်လွန်းသဖြင့် သူ့အဖော်ကို အချိန်မီ မကယ်တင်နိုင်ခဲ့ပေ။ သူ့အဖော် အသတ်ခံရချိန်တွင် သူသည် ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"ဘုန်း!"
ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ဂျီစံအိမ်၏ အနောက်ဘက်ရှိ ခြံဝင်းတစ်ခုလုံးသည် မီတာတစ်ထောင်နီးပါးရှိသော တွင်းကြီးတစ်ခုအဖြစ်သို့ ပြိုကျသွားသည်။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက် သူသည် ညဉ့်အမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဤညတွင် ဂျီကလန်နှင့် ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့တို့ ဆိုးဆိုးရွားရွား ထိုးနှက်ခံ ခဲ့ရသည်။ သိုင်းဧကရာဇ်လေးပါးသည် တစ်ညအတွင်းမှာပင် ချင်ယွင်၏လက်တွင် အားလုံး သေဆုံးခဲ့ကြသည်။
အခန်း (၃၄၂) အဋ္ဌမမင်းသား၏အဖြစ်ဆိုး ၊
ချင်ယွင်၏ ဆူဆူညံညံ နှောင့်ယှက်ဖျက်ဆီးမူကြောင့် ဂျီစံအိမ်သည် နားနားနေနေ မရှိတော့ဘဲ တရစပ် လှုပ်ရှားလာရတော့သည်။
မူလက တံခါးပိတ်ကျင့်ကြံနေသော ဧကရာဇ်မင်းမြတ်ထျန်းရှလည်း သတိထားမိ သွားသည်။
ဂျီစံအိမ်၏ အနက်ရှိုင်းဆုံးအရပ်ရှိ ခြံဝင်းတစ်ခုအတွင်းမှာ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ရာဇပလ္လင်ပေါ်တွင် ထိုင်နေကာ ကြောက်ရွံ့ထိတ်လန့်စွာ မတ်တပ် ရပ်နေ သော သိုင်းဧကရာဇ်လျူထျန်းကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးတွေက ဒေါသများဖြင့် ပြည့်နှက်နေသည်။
"စောစောက မင်း ဘာပြောလိုက်တာလဲ။ မင်း ပြောခဲ့တာကို ပြန်ပြောစမ်း။" ဧကရာဇ်မင်းမြတ်ထျန်းရှက အမျက်ဒေါသကို အလွန်အမင်း မျိုသိပ်ထားပုံရသည့် လေသံဖြင့် ပြောလိုက်သည်။
သိုင်းဧကရာဇ်လျူထျန်းသည် ထိုစကားကို ကြားသောအခါ ကြောက်ရွံ့သည့် အမူအယာက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ဤတစ်ကြိမ်တွင် အမှန်တကယ် စိတ်ဆိုးနေကြောင်း သူသိသည်။
ဧကရာဇ်မင်းမြတ်၏ ဒေါသသည် အလွန်ကြောက်စရာ ကောင်းသည်။ ဧကရာဇ် မင်းမြတ်၏ ဒေါသကို ခံနိုင်ရည်ရှိရန် သူ့မှာ သတ္တိမရှိပေ။
ဧကရာဇ်မင်းမြတ်နှင့် ဆန့်ကျင်ဘက်လုပ်ခဲ့သည့် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က အရှင်လတ်လတ် သန့်စင်ခဲ့သည်ကို သူကိုယ်တိုင်တွေ့မြင်ခဲ့ဖူးပြီး ထိုသိုင်းဧကရာဇ်၏ စိတ်ဝိညာဉ်သည် ခုနစ်ရက်မှ လေးဆယ့်ကိုးရက်အထိ လောင်ကျွမ်းနေခဲ့သည်။
သို့သော်လည်း ယခု ဧကရာဇ်မင်းမြတ် မိန့်တော်မူလာသည့်အခါ သူသည် မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။ သူက တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည် "အခုလေးတင်ပဲ ချင်ယွင်က ဂျီယွမ်၊ ဂျီဖန်း၊ ဂျီယန်နဲ့ ကြေးခွံနက်တို့ကို သတ်ဖြတ်သွားခဲ့တယ်... ပြီးတော့ သူ လွတ်သွားပြီ..."
"အမှိုက်ပဲ!"
ဧကရာဇ်မင်းမြတ်ထျန်းရှက ဟိန်းဟောက်လိုက်ပြီး သူ၏ဘေးမှာရှိနေသည့် ကျောက်စိမ်း စားပွဲပေါ်ကို သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ကျောက်စိမ်း စားပွဲသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။
ဧရာမအမှောင်ထုအငွေ့အသက်က သိုင်းဧကရာဇ် လျူထျန်းအပေါ် ချက်ချင်း ဖိနှိပ်လာခဲ့သည်။ သိုင်းဧကရာဇ်လျူထျန်းသည် သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလို ခံစားရသည်။ လူတိုင်းသည် ခပ်အုပ်အုပ် ညည်းတွားသံများ ထွက်ပေါ်လာပြီး နောက်ပြန် လွင့်ထွက်သွားကြသည်။ သူတို့၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးထွက်လာသည်။ သူတို့သည် မြင့်မားသည့်ထိုင်ခုံပေါ်တွင် မတ်တပ် ရပ်နေသော ဧကရာဇ်မင်းမြတ်ထျန်းရှကို ကြည့်ရင်း သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ဒီလက်အောက်ငယ်သားက သေထိုက်ပါတယ်၊ ဒီလက်အောက်ငယ်သားက သေထိုက်ပါတယ်။" သိုင်းဧကရာဇ်လျူထျန်းသည် ဆောလျင်စွာ ခေါင်းငုံ့ပြီး သူ၏အပြစ်ကို ဝန်ခံလိုက်သည်။
ဧကရာဇ်မင်းမြတ်ထျန်းရှသည် လျစ်လျူရှုထားသည့် အမူအရာဖြင့် ခေါင်းကို လှည့်လိုက်သည်။ သူသည် ဂျီကလန်၏ ခေါင်းဆောင်ထိုင်ခုံပေါ်တွင် ရပ်နေကာ သူ၏ အငွေ့အသက်များသည် လှိုင်းလုံးများကဲ့သို့ တဟုန်းဟုန်း ထိုးတက်နေသည်။ အနက်ရောင်ဆံပင်များက သူ၏နောက်ကျောပေါ်မှာ ရိုင်းစိုင်းစွာ ကခုန်နေချိန်တွင် သူ၏ကိုယ်ပေါ်ရှိ အနက်ရောင်၀တ်ရုံသည် တဖျပ်ဖျပ်ဖြင့် လှုပ်ယမ်းနေသည်။ သူ အလွန်ဒေါသထွက်နေမှန်း သိသာသည်။
ဘေးမှာရပ်နေသည့် သိုင်းဧကရာဇ်ကျန်းထျန်က ထိုမြင်ကွင်းကိုမြင်ပြီး အမြန်ထွက်ကာ ပြောလိုက်သည် "ဧကရာဇ်မင်းမြတ် စိတ်အေးအေးထားပါ၊ ဧကရာဇ်မင်းမြတ် စိတ်အေးအေးထားပါ၊ အခုက လူတွေကို အသုံးချရမယ့် အချိန်ရောက်နေပါပြီ။ တကယ်လို့ ဧကရာဇ်မင်းမြတ်က လျူထျန်းကို သတ်လိုက်ရင်တောင် အသုံးမဝင်ပါဘူး။ အခုအချိန်မှာ အရေးအကြီးဆုံးက ချင်ယွင်ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်း တစ်ခုကို စဉ်းစားဖို့ပါပဲ။”
ထိုသို့ပြောပြီးနောက် သိုင်းဧကရာဇ်ကျန်းထျန်သည် သိုင်းဧကရာဇ်လျူထျန်းကို မျက်စောင်းထိုးကာ ကောင်းကောင်းပြောရန် အချက်ပြလိုက်သည်။
သိုင်းဧကရာဇ်လျူထျန်းလည်း ချက်ချင်း သဘောပေါက်သွားပြီး "ဧကရာဇ်မင်းမြတ်၊ ဒီလက်အောက်ငယ်သားက ချင်ယွင်ကို သေချာပေါက်သတ်ဖြတ်ပြီး သူ့အပြစ်တွေ အတွက် ပြန်ပေးဆပ်ခိုင်းပါ့မယ်"
ဧကရာဇ်မင်းမြတ်ထျန်းရှသည် သိုင်းဧကရာဇ်လျူထျန်း၏ စကားကိုကြားသောအခါ၊ သူသည် သိုင်းဧကရာဇ် လျူထျန်းဘက်သို့ လှည့်ပြီး အေးစက်စွာ အော်ပြော လိုက်သည် "ဟမ့်၊ ရန်အင်ပါယာရဲ့ ဧကရာဇ်နန်းတော်ကို ငါတို့မတိုက်ခိုက်ခင် အချိန်နှစ်ရက်ပဲ ကျန်တော့တယ်။ ဒီနှစ်ရက်အချိန်ကို အသုံးပြုပြီး ချင်ယွင်ကို ငါ့အတွက် ဖယ်ရှားပေး ရမယ်။ ဒီလိုမှမဟုတ်ရင်လည်း မင်း သူ့ကို ငါနဲ့တွေ့ဖို့ ဖမ်းခေါ်လာခဲ့ပါ။
"ဟုတ်ကဲ့ပါ၊ ဒီလက်အောက်ငယ်သားက ဒီတာဝန်ကို ပြီးမြောက်စေမှာ သေချာပါ တယ်။" သိုင်းဧကရာဇ်လျူထျန်းက အလျင်စလို ပြန်ဖြေလိုက်ပြီး သူ၏မျက်လုံးတွေက သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် လင်းလက်သွားသည်။ "ဟမ့် ၊ ချင်ယွင်၊ မင်းက ငါ့ကို အရမ်းကို နာကျင်စေခဲ့တယ်။ ငါ မင်းကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင်လုပ်ပစ်ရမယ်။ မင်းက ပုန်းအောင်းတဲ့နေရာမှာ သိပ်တော်နေတယ် မဟုတ်ဘူးလား။ တခြားသူတွေ ကတော့ ဆေးကလန်နဲ့ မင်းရဲ့ဆက်ဆံရေးအကြောင်းကို မသိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါက ဒါကို ကောင်းကောင်း သိထားတယ်ကွ။ တကယ်လို့ ဆေးကလန်သာ ငါ့လက်ထဲမှာ ရောက်လာခဲ့ရင် မင်း အသေခံဖို့ လာမလာ ငါ သိချင်ပါသေးတယ်”။
သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်ကို ဆွဲဆောင်ရန်အတွက် ဆေးကလန်ကို အသုံးပြုပြီး ရောက်လာသည်နှင့် ထွက်ပြေးလွတ်မြောက်ရန် အခွင့်မပေးဘဲ သူ့ကို ချက်ချင်း သတ်ပစ်ရန် စိတ်ကူးထားသည်။
ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဘေးတွင် ဒူးထောက်နေသော သိုင်းဧကရာဇ် လျူထျန်းကို ဂရုမစိုက်တော့ပေ။ ယင်းအစား သူက သိုင်းဧကရာဇ်ကျန်းထျန် ဘက်ကို လှည့်ပြီး မေးလိုက်သည်"ဟန်ထျန်း ဘယ်တော့ ရောက်လာမှာလဲ"
သိုင်းဧကရာဇ်ကျန်းထျန်သည် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ မေးခွန်းကို ကြားသည့်အခါ၊ ချက်ချင်း တုန့်ပြန်ဖြေလိုက်သည် "သခင်ဟန်ထျန်းက မနက်ဖြန် ရောက်နိုင်မယ်လို့ ပြောထားတဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ်၏ ပွဲကြီးအတွက် သူ သေချာပေါက် လက်လွတ်ခံမှာ မဟုတ်ပါဘူး။"
"အင်း၊ ဟန်ထျန်းက အပြေးအလွှား လာနေပြီဆိုမှတော့ ဒီကိစ္စကို မေ့လိုက် ကြရအောင်။ ဧကရာဇ်မင်းမြတ် ဒါယန်းကလွဲပြီး တစ္ဆေပါရမီရှင် သိုင်းဧကရာဇ် တစ်ပါးလောက်သာ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်လိမ့်မယ်။ တခြား ကြောက်စရာ ဘာမှမရှိတော့ဘူး။"
ဧကရာဇ်မင်းမြတ်ထျန်းရှက ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်တွေလည်း တော်တော် လေး သက်သာရာရသွားပြီး သူ၏ပါးစပ်ထောင့်က ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က၊ ယခင် တော်ဝင်ရန်ဧကရာဇ်သည် တာအို အငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်သို့ ကံကောင်းထောက်မပြီး ဖြတ်ကျော်နိုင်သွားခဲ့သည်။ ထို့ကြောင့် သူလည်း ရှုံးနိမ့်ခဲ့ရသည်။ ယခု ထိုအဘိုးအိုသည် ဤတိုက်ကြီးမှ ထွက်ခွာသွားပြီ ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာတွင် မည်သူက သူဧကရာဇ်မင်းမြတ် ထျန်းရှကို တားဆီးနိုင်တော့မည်နည်း။
ချင်ယွင်ကိုမူ၊ ဧကရာဇ်မင်းမြတ် ထျန်းရှသည် သူ့ကို ဘယ်တုန်းကမှ မျက်စိထဲ ထည့်မထားခဲ့ပေ။ ဂျီယွမ်နှင့်ဂျီဖန်းတို့ကို သူ့ကို အသက်ရှင်လျှက် ဖမ်းဆီးခိုင်းရသည့် အကြောင်းရင်းမှာ ချင်ယွင်သည် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်မှာပင် သူသည် အဘယ်ကြောင့် ပထမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် တွင်ရှိနေသည့် သိုင်းဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ခြင်း၏ အကြောင်းကို သူ သိချင်သောကြောင့် ဖြစ်သည်။
ယခုမူ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ရုတ်တရက် စိတ်ဝင်စားမှု မရှိတော့ပေ။ ချင်ယွင်သည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင်၊ သူ၏ မျက်လုံးထဲမှာ ယင်းက မလုံလောက်မူ မရှိသေးပေ။ သူက ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သေးသည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းမြတ် ဒါယန်း၏ မြေအောက်နန်းတော်တွင် ချင်ယွင် သည် ဧကရာဇ်ဒါယန်းနှင့် တစ်ဖန်တွေ့ဆုံခဲ့သည်။
ချင်ယွင်၏ ပန်းတိုင်က အလွန်ရိုးရှင်းပါသည်။ ထုံးစံအတိုင်း၊ သူသည် ဂျီစံအိမ်ရှိ လက်ရှိ အခြေအနေကို ဧကရာဇ်မင်းမြတ် ဒါယန်းနှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ထံ အကြောင်းကြားမည် ဖြစ်သည်။
ချင်ယွင်သည် ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့မှ သိုင်းဧကရာဇ်လေးပါးကို သတ်ဖြတ် ခဲ့ကြောင်း ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကြားသော အခါ၊သူတို့၏ မျက်နှာများသည် ထိတ်လန့်သော အမူအရာများ ထင်ရှားပေါ် လာစေသည်။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်သုံးပါးနှင့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးတို့သည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေသည့် သိုင်းမြို့စားအဆင့် လူငယ်တစ်ဦ၏ အမှန်တကယ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယင်းက သူတို့အတွက် အလွယ်တကူ ယုံကြည် တွေးတောလို့ မရသည့် အရာဖြစ်သည်။
သို့သော် ချင်ယွင် ပြန်ပို့လာသော သတင်းအချက်အလက်အရ သူတို့သည်လည်း အခြေအနေ အလွန်မင်း ကောင်းမွန်ခြင်းမရှိဟု ခံစားလာရသည်။
ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါး၊ သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါးနှင့် ဧကရာဇ်မင်းမြတ် ထျန်းရှကိုယ်တိုင်၊ ဤဖွဲ့စည်းမှုသည် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်ကြောင့် သိုင်းဧကရာဇ်လေးပါး သေဆုံးသွားခဲ့သော်လည်း သိုင်းဧကရာဇ် အရေအတွက်က တဖက်နှင့်တဖက် ကွာဟသွားခဲ့သော်လည်း သူတို့၏ စွမ်းအားသည် နိမ့်ကျနေဆဲ ဖြစ်သည်။
တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသည်နှင့် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဧကရာဇ် မင်းမြတ် ထျန်းရှကို တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရမည်မှာ သေချာပါသည်။ သဘာဝအတိုင်း၊ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ဖြစ်သော သိုင်းဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သို့သော်လည်း ကျန်ရှိနေသေးသည့် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် တွင်ရှိနေသည့် သိုင်းဧကရာဇ်တစ်ပါးသည် ကျန်ရှိနေသည့် သိုင်းဧကရာဇ်များကို ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ် မင်းမြတ် ဒါယန်းဘက်မှ အနိုင်ရရန် အခွင့်အလမ်းမှာ မဖြစ်နိုင်သလောက် နည်းပါးလှ သည်။
ချင်ယွင်သည် ဤအချက်ကို သဘာဝကျကျ သိသော်လည်း ဧကရာဇ်မင်းမြတ် ဒါယန်းကို ကူညီမည်ဟု ကတိပြုထားသောကြောင့် ယခုအချိန်တွင် သူသည် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
ဤအရာက သူ့ပုံစံမဟုတ်ပါဘူး။ ယခုအချိန်တွင် သူလုပ်နိုင်သမျှသည် ဤတိုက်ပွဲ ကြီးကို ကြိုဆိုရန်အတွက် အတတ်နိုင်ဆုံး ကျင့်ကြံရန် ဖြစ်သည်။
ချင်ယွင်သည် ဤအချက်အလက်များကို ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်တို့ကို တင်ပြပြီးနောက် သူထွက်ခွာလာခဲ့သည်။ ဟုတ်ပါသည်၊ သူသည် အဋ္ဌမမင်းသားကိုလည်း ဧကရာဇ်မင်းမြတ်ဒါယန်းရှေ့မှာ ပစ်ချလိုက်ပြီး ဂျီစံအိမ်မှာ သူထွက်ပေါ်လာသည့်အကြောင်းကို ဧကရာဇ်မင်းမြတ် ဒါယန်းကို ပြောပြခဲ့ပါသည်။
ဧကရာဇ်ဒါယန်းသည် ဤစကားကို ကြားသောအခါ သဘာဝအတိုင်း ဒေါသထွက်ပြီး တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကို စုံစမ်းစစ်ဆေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် သူထွက်သွားပြီး သိပ်မကြာခင်မှာပင် အဋ္ဌမမင်းသားသည် ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့နှင့် အမှန်တကယ်ပူးပေါင်းခဲ့ပြီး မကောင်းဆိုးဝါးကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံနေဆဲဖြစ်ကြောင်း အကြောင်း ပြန်လာခဲ့သည်။
ဧကရာဇ်ဒါယန်းသည် ထိုစကားကိုကြားပြီးနောက် ချက်ချင်းပင် ဒေါသ အမျက်ထွက်ကာ နာကျင်ခံစားရမူ ဝေဒနာကို တိုက်ရိုက်သည်းခံပြီး အဋ္ဌမမင်းသားကို ထိုနေရာမှာပင် သတ်ပစ်ခဲ့သည်။
သနားစဖွယ်အဋ္ဌမမင်းသားသည် သူ၏ခမည်းတော်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ သည်။
ယင်းနှင့်ပတ်သက်ပြီး ချင်ယွင်သည် လုံးဝ မအံ့သြခဲ့ပေ။ အဋ္ဌမမင်းသားကို သူ ပြန်ခေါ်လာချိန်မှစ၍ အဋ္ဌမမင်းသား၏ အဆုံးသတ်ကို သူသိပါသည်။
ဧကရာဇ်မင်းမြတ်ဒါယန်း၏ နှလုံးသားတွင် ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့သာ အဖိုးတန်ဆုံး သားသမီးများ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့ နှစ်ဦးအား တိုက်ခိုက်လာမူကို ရှောင်ရှားရန်အတွက် အဋ္ဌမမင်းသားနှင့် နဝမမင်းသားတို့၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက်ပင် ရန်စီစီကို ငါးစာအဖြစ် အသုံးပြုကတည်းက ယင်းမှာ ထင်ရှားနေပါသည်။
ဧကရာဇ်ဒါယန်းသည် ဧကရာဇ်မင်းမြတ်ကောင်းတစ်ဦး ဖြစ်နိုင်သော်လည်း သူသည် ဖခင်ကောင်းတစ်ဦး မဟုတ်သည်မှာ သေချာပါသည်။
အခန်း (၃၄၃) သဘောတရားကို ထိုးထွင်းသိမြင်မူ ပြီးပြည့်စုံခြင်း။
ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ အိပ်ယာခန်းမမှ ထွက်လာ ပြီးနောက်၊ သူသည် မြို့တော်မြောက်ဘက်သို့ ဦးတည်သွားကာ ရှောင်ကျင်းနှင့်ရှောင်ဘိုင်တို့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သည့် တောအုပ်ဆီသို့ ဦးတည်သွားခဲ့သည်။
ထိုသစ်တောကြီးဖုံးလွှမ်းသော ဧရိယာသည် ဆိတ်သုဉ်းခြင်းရှေးဟောင်း သစ်တောနှင့် တိုင်ယွန်တောင်တန်းတို့ကဲ့သို့ မကျယ်ဝန်းသော်လည်း ဧရိယာမှာ အနည်းဆုံး ဟက်တာ ငါးသန်းအထိ လွှမ်းခြုံထားဆဲ ဖြစ်သည်။ ထို့ကြောင့် အလွန်ကြီးမားသော သစ်တောကြီးဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် ဤသစ်တောဆီကို လာခဲ့ရသည့် အကြောင်းရင်းကတော့ ချင်ယွင်သည် သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအားကို အရူးအမူး စုပ်ယူနိုင်ရန်အတွက် ဤသစ်တောကြီးကို အသုံးပြုလိုတာကြောင့် ဖြစ်ပါသည်။
ယခုအချိန်မှာ သူ့သစ်သားစွမ်းရည်ကိုယ်ပွား၏ သစ်သားစွမ်းရည် အသက်သဘော တရားသည် နဝမအဆင့်မှာ တစ်ဆို့နေပြီဟု သူ ခံစားနေရသည်။ သူသည် ကြီးမြတ်သောပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။ သူသည် ကြီးမြတ်သောပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သည်နှင့်၊ ချင်ယွင်သည် သစ်သားစွမ်းရည်၏ အသက်စွမ်းရည်သဘောတရားကို အသုံးပြုပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သို့သော် ဒသမအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခြင်းသည် သိုင်းမြို့စားကြီး လေးပါး အတွက်ပင် အလွန်ခက်ခဲပါသည်။ သူတို့အတွက် နဝမအဆင့်ကို ရောက်ရှိရန် အတွက်ပင် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရပါသည် ချင်ယွင်အတွက် အချိန်တိုလေး အတွင်းမှာ နဝမအဆင့်ကိုရောက်ရှိနေခြင်းကပင် အလွန် ရှားပါးနေပါပြီ။
ထို့ကြောင့် ချင်ယွင်သည် ယခုအချိန်တွင် သစ်သားစွမ်းရည်ကိုယ်ပွားကို သူ၏ အသက်စွမ်းရည်အတွက် ဤသစ်တောကြီးကို ဝါးမျိုခွင့်ပြုကာ သူ့အား အဆင့် ဖြတ်ကျော်နိုင်ရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပါသည်၊ ဤသစ်တောကြီးသည် အင်ပါယာမြို့တော်နှင့် အလွန် နီးကပ်သော ကြောင့်၊ သစ်တော်အတွင်းမှာရှိနေသည့် ဆိတ်သုဉ်းခြင်း သားရဲအားလုံးနီးပါးကို နှင်ထုတ်ထားပြီး ဖြစ်သည်။ အကယ်၍ သေးငယ်သည့် တိရစ္ဆာန်တွေသာ မရှိတော့ဘူး ဆိုလျှင် အခြေခံအားဖြင့် တခြားသက်ရှိ သတ္တဝါတွေလည်း မရှိတော့ပါဘူး။
ဤနည်းဖြင့် ချင်ယွင် ဝါးမျိုလိုက်သော အသက်ဓာတ်သည် အခြေခံအားဖြင့် အပင်များနှင့် အသီးအရွက်များ၏ ရှင်သန်မှုအသက်ဓာတ်သာ ဖြစ်လိမ့်မည်။ အကယ်၍ ယင်းက မိုးကောင်းကင်ကို ထိခိုက်ပျက်ဆီးစေမည်ဆိုလျှင်ပင် ထိခိုက်ပျက်စီးမှုက နည်းပါးသွားပါလိမ့်မည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် နက်ရှိုင်းသော သစ်တောကြီးအတွင်းရှိ မြက်ခင်း ပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် သူ၏ပင်မကိုယ်ခန္ဓာ အဖြစ်သို့ တိုက်ရိုက် မပြောင်းလဲဘဲ ပတ်ဝန်းကျင်ရှိ အပင်များ၏ အသက် စွမ်းအားကို လူသားအသွင်ဖြင့် စတင် စုပ်ယူလိုက်သည်။
အစိမ်းရောင်အလင်းတန်းများသည် ပိုးစုန်းကြူးများကဲ့သို့ပင် ချုံပုတ်များနှင့် သစ်ပင်များမှ ထွက်ပေါ်လာပြီး သစ်သားစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်ဆီသို့ ပျံသန်းသွားကြသည်။ နောက်ဆုံးတွင်၊ အစိမ်းရောင်အလင်းအားလုံးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။
အဆုံးမရှိသည့်အစိမ်းရောင်အလင်းတန်းများသည် ချင်ယွင်၏ ကိုယ်ခန္ဓာကို အစိမ်းရောင် ရောင်စုံအလင်းအလွှာဖြင့် ဖုံးအုပ်ထားပုံရပြီး သစ်သားစွမ်းရည်ကိုယ်ပွား ၏ ခန္ဓာကိုယ်ပေါ်ရှိ အသက်အငွေ့အသက်များသည်လည်း တဖြည်းဖြည်း ပိုမို သိပ်သည်းလာသည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် ချုံပုတ်များအတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ သူ၏မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး အသက်စွမ်းအင် ၏ သိပ်သည်းလှသော အငွေ့အသက်ကို စိတ်နှလုံးဖြင့် အကြွင်းမဲ့ နားလည် သဘောပေါက်အောင် ဆင်ခြင်နေပါသည်။
ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်သည် ရန်စီချီနှင့်အတူ လိုက်ပါပြီး ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းတွင် နေထိုင်ကာ သူ၏ပတ်ဝန်းကျင်ရှိ အခြေအနေများကို သတိထား စောင့်ကြည့်နေသည်။
ကီလိုမီတာ တစ်ရာအကွာအဝေးအတွင်းရှိ အပင်များနှင့် သစ်ပင်များသည် ညှိုးနွမ်းစ ပြုလာသည်။ အဆုံးမဲ့အသက်စွမ်းအားသည် သစ်သားစွမ်းရည် ကိုယ်ပွားဖြစ်သော ချင်ယွင်ဆီသို့ တိုးဝင်နေကာ အစိမ်းရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မူလကစိမ်းလန်းစိုပြေနေသော သစ်တောကြီး၏ အသီးအရွက်များသည် တဖြည်းဖြည်း ညှိုးနွမ်းစပြုလာပြီး မီးခိုးရောင်နှင့် ဟောင်းနွမ်း ခြောက်သွေ့သည့် အသွင်အပြင်သို့ ပြောင်းလဲလာသည်။ အဆုံးမှာ စိမ်းလန်းစိုပြေသည့် အရိပ်အယောင်တောင် မရှိတော့ပေ။
ထိုမြင်ကွင်းကိုမြင်လျှင် မြင်သည့်သူတိုင်း အံ့သြမိမှာ သေချာပါသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ သစ်သားစွမ်းရည်ကိုယ်ပွားတွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာခဲ့သည်။ သူ၏ နဂိုကအနက်ရောင် ဆံပင်များသည် နောက်ပိုင်းတွင် အစိမ်းဖျော့ဖျော့အရောင်မှ ကျောက်စိမ်းကဲ့သို့ ကြည်လင်လာကာ တဖြည်းဖြည်း စိမ်းရောင်သမ်းလာသည်။
သစ်သားစွမ်းရည်ကိုယ်ပွား၏ စိတ်နေစိတ်ထားသည်လည်း တဖြည်းဖြည်း စတင် ပြောင်းလဲလာသည်။ သူ၏တစ်ကိုယ်လုံးသည် ထူထပ်သည့် အသက် အငွေ့အသက်များ ထုတ်လွှတ်နေပြီး တကယ့်ကို မွှေးကြိုင်သည့် ရနံ့ကိုပင် ထုတ်လွှတ်နေသည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် အသက်စွမ်းအား၌ နှစ်မြှုပ်ထားဆဲ ဖြစ်ပြီး၊ အသက်နိယာမများကို အလွန်အမင်း နားလည်ဆင်ခြင်ကာ သဘောပေါက် နေပါသည်။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး အသက်စွမ်းရည်သဘောတရားအပေါ် ချင်ယွင်၏ နားလည်သဘောပေါက်မှုက အစပိုင်းကထက်စာရင် ပို၍ ရှင်းလင်း လာခဲ့သည်။
ရုတ်တရက် ချင်ယွင်သည် ရုတ်တရက် ထိုးထွင်းသိမြင်မူ ဉာဏ်အလင်းတစ်ချက် လင်းလက် သွားပုံရသည်။ သူ၏မျက်လုံးများသည် ရုတ်တရက်ပွင့်လာခဲ့ပြီး သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။
"ငါ နားလည်သွားပြီ၊ ငါ နားလည်သွားပြီ။ အသက်ဆိုတာ ရှိရှိသမျှ အရာအားလုံးရဲ့ အခြေခံ အုတ်မြစ်ပဲ။ ဒီကမ္ဘာထဲမှာရှိတဲ့ အရာအားလုံးက အသက်ရှိကြတယ်။ တောမီးက မလောင်ကျွမ်းနိုင်ဘူးဆိုရင် နွေဦးလေပြေ လေညင်းကလည်း မတိုက်နိုင်ပါ ဘူး။ အသက်က ပြန်လည်ဝင်စားပြီး ထာဝရ ရှင်သန်နေနိုင်တယ်။ ဒါက အသက်ရဲ့ အနှစ်သာရ စစ်စစ်ပဲ။"
ချင်ယွင်၏ နှလုံးသားသည် စေ့စပ်သေချာစွာ ဉာဏ်အလင်းရသွားခဲ့ပြီး ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် အသက်စွမ်းရည် သဘော တရားသည် နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် တခဏအတွင်း သိမ်ငယ်သွားပုံရပြီး သူ၏ အငွေ့အသက်သည်ပင် ရှေးဆန်ပြီး ရိုးရှင်းသည့်ပုံစံ ဖြစ်လာခဲ့သည်။
ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စု ပုံကြမ်းအတွင်းရှိ၊ ချင်ယွင်၏ အစစ်အမှန် သည်ပင် တက်ကြွလန်းဆန်သည့် အမူယာများ ထွက်ပေါ်နေသည်။
သစ်သားစွမ်းရည်ကိုယ်ပွား၏ သဘောတရားအပေါ် ထိုးထွင်းသိမြင်မူဉာဏ်အမြင် ပြီးပြည့်စုံသွားသောကြောင့် သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် သိုင်းဧကရာဇ်နယ်ပယ် သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။
ယခုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် သိုင်းဧကရာဇ် တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းကို ဖြန့်ကျက်လိုက်သည်နှင့် သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ လုံးလုံးလျားလျား တက်လှမ်းနိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် သူအလိုရှိသရွေ့ သူသည် သိုင်းဧကရာဇ် နယ်ပယ်သို့ အချိန်မရွေး နေရာမရွေး ဝင်ရောက်နိုင်သည် ။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် တုံ့ဆိုင်းသွားခဲ့သည်။ ချင်ယွင်သည် ပြဿနာ ဖြစ်လာနိုင်သည်ဟု ယူဆထားသောကြောင့် သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရန် အစီအစဉ်မရှိသေးပေ။
သူ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်လိုက်သည်နှင့် သူသည် လျှပ်စီးကပ်ဘေး ဒုက္ခကို ချက်ချင်း ဆွဲခေါ်နိုင်မည် ဖြစ်သည်။
သူနောက်ဆုံးအကြိမ် သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်ခဲ့စဉ်တုန်းက သူသည် ဒြဗ်စင်ခြောက်ပါးကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ရပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်.။
ယခုတစ်ကြိမ်တွင် သူသည် ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခ သို့မဟုတ် ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခကိုပင် ဆွဲခေါ်နိုင်ဖွယ်ရှိသည်။ ထိုအချိန်ရောက် လျှင်၊ ၎င်းကပ်ဘေးဒုက္ခသည် အလွန်ကြောက်စရာ ကောင်းပေလိမ့်မည်။ အကယ်၍ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါက သစ်သားစွမ်းရည်ကိုယ်ပွားဖြင့် မြန်မြန် ဆန်ဆန် ပြန်လည်ကုစားနိုင်သည်ဟု ပြောလို့တော့ရပါသည်။
သို့သော်လည်း အကယ်၍ သူသည် ထိုအချိန်တုန်းကကဲ့သို့ သတိလစ် မေ့မြောသွားပါက ချင်ယွင်သည် ကပ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအချိန်တွင် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ လက်အောက်ငယ်သားများက သူ့ကို ပွဲချင်းပြီး သတ်ပစ်မည်မှာ သေချာပါသည်။
ဤအရာသည် ချင်ယွင် မမြင်လိုသော အရာဖြစ်သည်။ ထို့အပြင် ချင်ယွင်၏ နှလုံးသားထဲတွင် အလွန်ရူးသွပ်သော အတွေးတစ်ခုလည်း ရှိနေပါသည်။ အကယ်၍ ထိုအတွေးအတိုင်းသာ သူအောင်မြင်ခဲ့မည်ဆိုလျှင် ဖြစ်ပေါ်လာတော့မည့် စစ်ပွဲကြီး၏ရလာဒ်ကိုပါ ပြောင်းပြန် ဖြစ်သွားစေနိုင်သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်မည့် အစီအစဉ်ကို လက်လျော့လိုက်ပြီး အင်ပါယာနန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ပျံသန်းရန်အတွက် 'ကိုယ်ပျောက်နည်းပညာ'ကို အသုံးမပြုခဲ့ပေ။ ယင်းအစား သူသည် ခြေကျင်လမ်းလျှောက်ရန် ရွေးချယ်ခဲ့သည်။ စစ်ပွဲကြီး မဖြစ်မီက အင်ပါယာမြို့တော်၏ အသွင်အပြင်ကို သူ ကောင်းကောင်းကြီး ကြည့်ရူချင်မိသည်။
သဘက်ခါ တိုက်ပွဲကြီးက ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အင်ပါယာမြို့တော်ကြီးသည် ခမ်းနားထည်ဝါပြီး သန့်ရှင်းစင်ကြည်မူ ရှိကောင်းမှ ရှိနိုင်ပေတော့မည်.။
မကြာသေးမီက အင်ပါယာမြို့တော်သည် အလွန်အမင်း အသက်ဝင်စည်ကား နေခဲ့ပါသည်။ ဧကရာဇ်မင်းမြတ်၏ မွေးနေ့ကျရောက်တော့မှာ ဖြစ်သည့်အတွက် အလွှာပေါင်းစုံမှ ကျင့်ကြံသူအသီးသီးသည် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရန် အင်ပါယာ မြို့တော်သို့ ရောက်ရှိလာကြောင်း ကြားသိရသည်။ ထို့ကြောင့် အင်ပါယာမြို့တော်သည် အလွန်စည်ကားနေပြီး ကြွယ်ဝချမ်းသာသည့် မြို့တော်ကြီးအဖြစ်သို့ ရောက်ရှိလုနီးပါး ဖြစ်လာခဲ့ရသည်။
လမ်းမများပေါ်တွင် လူများပြည့်နေပြီး စားသောက်ဆိုင်များနှင့် တည်းခိုခန်းများ အားလုံးလည်း ပြည့်နေကြပြီ။ စီးပွားရေးလုပ်ငန်းများ အားလုံးလည်း အရမ်းကောင်းကို ကောင်းမွန်ကြသည်။
ချင်ယွင်သည် လူအုပ်ကြားတွင် လမ်းလျှောက်လာပြီး လမ်းဘေးဆိုင်များ၏ အော်ဟစ်သံကို နားထောင်သည်။ သူသည် သွားလာလှုပ်ရှားနေသော လူများကို ကြည့်ကာ သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။
ယခုအခါ တော်ဝင်ရန်အင်ပါယာသည် ပြင်းထန်သော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ဤလူများသည် မသိနားမလည်သော အခြေအနေတွင်ပင် ရှိနေဆဲဖြစ်ကာ သွားလာနေထိုင် လှုပ်ရှားနေကြဆဲ ဖြစ်သည်။
သို့သော် ဤသည်မှာလည်း ကောင်းမွန်သည့် အရာဖြစ်ပေသည်။ အကယ်၍ သူတို့ အမှန်တရားကို သိလိုက်သည်နှင့်တပြိုင်နက် ထိတ်လန့်သွားကြပြီး သူတို့၏ နှလုံးသားများလည်း အက်ကြောင်းထသွားမည် ဖြစ်ပါသည်။ အကယ်၍ ဧကရာဇ် မင်းမြတ်ဒါယန်းသည် ထိုတိုက်ပွဲတွင် မရှုံးနိမ့်ဘူးဆိုလျှင်ပင် ကမ္ဘာကြီးသည် အရင်ဆုံး ကမောက်ကမ ဖြစ်သွားပေဦးမည်။
အကယ်၍ ဤအရပ်သားတွေ သိခဲ့လျှင်တောင် သူတို့သည် ဧကရာဇ်မင်းမြတ် ထျန်းရှကို မည်သို့ ခုခံနိုင်မည်နည်း။
ဤအဆင့်တိုက်ပွဲသည် သာမန်လူများ ပါဝင်နိုင်သည့်အရာ မဟုတ်တော့ပေ။ ထို့ကြောင့် ဤကိစ္စကို လူသိရှင်ကြား မဖော်ပြခြင်းသည် ဧကရာဇ်မင်းမြတ် ဒါယန်း၏ ဉာဏ်ပညာရှိသည့် ဆုံးဖြတ်ချက်ဖြစ်သည်။
ချင်ယွင်သည် လမ်းမကြီးပေါ်တွင် အချိန်အတော်ကြာအောင် လမ်းလျှောက် လာခဲ့သည်။ ဤအခြေအနေကို သူနားလည်ပြီးနောက် ချက်ချင်းပင် ငြီးငွေ့လာကာ ထွက်ခွာသွားရန် အရှိန်မြှင့်လိုက်သည်။
သို့သော် ယခုအခိုက်အတန့်တွင် လမ်းဘေးရှိ လူနှစ်ဦးသည် နှစ်ကိုယ်ကြား ပြောနေသည့် စကားများက ချင်ယွင်၏ ခြေလှမ်းများကို လုံးဝရပ်တန့်သွား စေခဲ့သည်။
"အယ်၊ မင်းကြားပြီးလား ဆေးကလန် တစ်ခုခုဖြစ်သွားပြီဆိုတာကို!"
"ငါကြားလိုက်တယ်။ အခုလိုကြီးကြီးမားမား အဖြစ်ပျက်ကြီးကို ဘယ်လိုလုပ် ငါ မကြားဘဲနေမလဲ။ ဆေးကလန်တစ်ခုလုံး သတ်ဖြတ်ခံလိုက်ရတယ်လို့ ငါကြားတယ်။ အဲဒီမြင်ကွင်းက တကယ့်ကို ကြေကွဲစရာပဲ။"
"မှန်ပါ။ ဘယ်နေရာကြည့်ကြည့် နေရာတိုင်းမှာ အလောင်းတွေကြီးပဲတဲ့။ မြင်ရုံနဲ့တင် အရမ်းကြောက်ဖို့ကောင်းတယ်။ ဆေးကလန်ကို ထိရဲရအောင် ဘယ်သူက ဒီလောက် သတ္တိကောင်းနေရတာလဲ"
"အယ်၊ ဘယ်သူက အတိအကျ သိမှာလဲ၊ သူက အလွန်အစွမ်းထက်တဲ့ လူတစ်ယောက်လို့ ငါကြားထားတယ်။ တစ်ချို့လူတွေ ပြောတာတော့ ဆေးကလန်က အရင်က နှင်ထုတ်လိုက်တဲ့ ဒန်ထျန်းချန်တဲ့။ သူက အခု လက်စားပြန် ချေဖို့ ရောက်လာတာတဲ့။"
လမ်းသွားလမ်းလာများ၏ စကားများသည် ချင်ယွင်၏ နားထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။
" ဒန်ထျန်းချန်လား? သိုင်းဧကရာဇ်လျူထျန်းလား?"
ချက်ချင်းပင် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွားကာ ဆေးကလန်ဆီသို့ လျင်မြန်စွာ ဦးတည် သွားတော့သည်။
အခန်း (၃၄၄) ဒန်ချီဖန်း၏စိတ်စွမ်းအား
အင်ပါယာမြို့တော်ရှိ ဆေးကလန်၏စံအိမ်သည် သေမျိုးကမ္ဘာတွင် အပြစ်ဒဏ်ခံရသည့် နေရာအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်။
အလောင်းများသည် မြေပြင်ပေါ်တွင် နေရာအနှံ့ပြန့်ကျဲနေသည်။ ၎င်းတို့ထဲတွင် သိုင်းမြို့စားအဆင့်သို့ ရောက်ရှိခဲ့ကြသည့် ကောင်းကင်ဆေးစံအိမ်မှ အကြီးအကဲ များအပြင် ကျင့်ကြံခြင်းမရှိသည့် သာမန်အစေခံများနှင့် အိမ်ဖော်များပါ ပါဝင်သည်။
ဆေးကလန်တစ်ခုလုံးတွင် လူရာပေါင်းများစွာ သေဆုံးသွားကြပြီး ၎င်းတို့ တစ်ဦးချင်းစီသည် အလွန်ကြောက်စရာကောင်းသည့် ပုံစံဖြင့် သေဆုံးသွားကြသည်။ သူတို့၏ အရေပြားတွေက ပုပ်ပွနေကြပြီး မျက်နှာတွေက ကြောက်ရွံ့ထိတ်လန့်သည့် အမူအယာဖြင့် ပြည့်နေကာ အနံ့အသက်ဆိုးတွေလည်း ထွက်ပေါ်နေသည်။
ဆေးကလန် တစ်ခုလုံးသည် အဆုံးမဲ့ နာကြည်းမှု အငွေ့အသက်များနှင့်အတူ သေဆုံးခြင်း အငွေ့အသက်များဖြင့်ပါ ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်တွင် လူခြောက်ဦးသည် ဆေးထိုးမျှော်စင်ရှေ့ရှိ ရင်ပြင်မှာ စုစည်းနေကြသည်.။ လူငါးယောက်ကို အတူ ပူးကပ်နေကြသည်။ သူတို့သည် ဆေးကလန်၏ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ဆေးအကြီးအကဲ၊ ဒန်ထျန်းယု နှင့် ဒန်ချီဖန်းတို့လည်းပါဝင်သည်။ ကျန်နှစ်ယောက်မှာ ဒန်ချီဖန်း၏ ကိုယ်ရေးကိုယ်တာ အိမ်ဖော်မလေးများ ဖြစ်သည်။
အိမ်ဖော်မလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြပြီး သူမတို့၏ ခန္ဓာကိုယ်များသည် အဆက်မပြတ် တုန်ယင်နေကာ အဝေးမှာရှိနေသည့် နတ်ဆိုးကောင်ကို ကြည့်ပင် မကြည့်ရဲပေ။
သူမတို့မျက်လုံးထဲမှာတော့ ထိုလူသည် ငရဲမှထွက်လားပြီးနောက် လူ့အသက်များကို ရိတ်သိမ်းရန်အတွက် ဤနေရာကို ရောက်ရှိလာသည့် နတ်ဆိုးတစ်ပါး ဖြစ်ပေသည်။
တစ်ဖက်တွင်မူ၊ ဒန်ချီဖန်းသည် ဤရင်းနှီးသောမျက်နှာကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် ဒေါသနှင့်အတူ မကျေမနပ်မူများဖြင့် ပြည့်နှက်နေသည်။ ဆေးကလန်တစ်ခုလုံးကို ကာကွယ်ပေးရန်အတွက် သူ့စွမ်းအားက လုံလောက်မူ မရှိတာကြောင့် သူ့ကိုယ်သူပင် မုန်းတီးနေခဲ့မိသည်။ ထို့ကြောင့် သူသည် နောက်မှာ တိတ်တဆိတ်သာ ရပ်နေနိုင်သည်။
ဒန်ထျန်းယုသည်လည်း ဒဏ်ရာအပြင်းအထန် ရထားနေပါပြီ။ သူ၏ရှေ့မှာရှိသည့် ဤလူသည် သိပ်ကို အစွမ်းထက်လွန်းသည်။ ထိုလူသည် အလွန်အစွမ်းထက် လွန်းသဖြင့် သူသည် နည်းနည်းလေးမှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ယခုလေးတင် သူသည် ရှေ့မှာရှိနေသည့် ထိုလူဆီသို့ ပြေးဝင်သွားခဲ့ပြီး တစ်ဖက်က သူ့ကို လက်ဖဝါးတစ်ချက်ရိုက်ကာ လွင့်ထွက်သွားစေခဲ့သည်။
သူ၏ဘေးမှာရပ်နေသည့် ဆေးအကြီးအကဲလည်း ဒဏ်ရာအပြင်းအထန်ရထားခဲ့သည်။ သူသည် ပြိုလဲခါနီးနီး ဖြစ်နေပြီး မတ်တပ်တောင် မရပ်နိုင်တော့ပါဘူး။ သို့သော် သူသည်လည်း ဒေါသတကြီးဖြစ်သည့် အမူအယာဖြင့် သူ၏ရှေ့မှာရှိနေသည့်လူကို ကြည့်နေသည်။
သိုင်းဧကရာဇ်လျူထျန်းသည် လေထဲတွင်ရပ်ကာ သူ၏ရှေ့မှာရှိနေသည့် ပုရွက်ဆိတ်ငါးကောင်အား သဘောကျသ ည့်အရိပ်အယောင်ဖြင့် ကြည့်နေသည်။
မူလက သူသည် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသော်လည်း ယခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု စတင်ရန်အတွက် သူသည် ဆေးကလန်သို့ သူ ရောက်ရှိလာခဲ့သည်။ အခုမှ သူသည် ပို၍ သက်တောင့် သက်သာရှိလာသည်ဟု ခံစားလိုက်ရသည်။
သူ၏ရှေ့မှာရှိနေသည့် အပေါင်းအဖော်ငါးယောက်ကို သူသတ်မရသည့် အကြောင်းရင်းက ချင်ယွင်ကို ဆွဲဆောင်ဖို့အတွက် သူတို့ကို အသုံးပြုချင်တာကြောင့် ဖြစ်သည်။ ချင်ယွင်နှင့် ဆေးအကြီးအကဲသည် ကောင်းမွန်သော ဆက်ဆံရေး ရှိထားကြောင်း သူသိသည်၊ ထို့ကြောင့် ချင်ယွင်သည် ဆေးကလန်တွင် တစ်ခုခု ဖြစ်သွားသည်ကို သိရှိပါက၊ သူသည် အလျင်အမြန် ရောက်လာမည်ဖြစ်သည်။
အိမ်ဖော်မလေး နှစ်ယောက်ကတော့ ခြွင်းချက်ဖြစ်သည်။ သူသည် ကြောက်လန့် တကြား ဖြစ်နေသည့် လူများကိုကြည့်ပြီး ဖြည်းဖြည်းချင်း သတ်ပစ်ချင်သည်။ ဤနည်းဖြင့် သူသည် သူ၏စိတ်ထဲတွင် ကြီးစွာသော ကျေနပ်မှုနှင့်အတူ စိတ်ပျော်ရွှင်မှု ကို ရရှိနိုင်သည်။
ဝှီး!
သိုင်းဧကရာဇ်လျူထျန်း သူ၏ပါးစပ်ကိုဖွင့်ပြီး အိမ်ဖော်နှစ်ယောက်ထဲက တစ်ယောက်ကို ဆွဲစုပ်ယူလိုက်သည်။
"မဟုတ်ဘူး ။ မဟုတ်ဘူး !"
အိမ်ဖော်မလေးသည် အရူးအမူးအော်သည်။ နောက်ဆုံးတော့၊ သူမသည် သိုင်းဧကရာဇ် လျူထျန်း၏ ကြောက်မက်ဖွယ်ကောင်းသော စုတ်ယူမှုစွမ်းအားကို တွန်းလှန်နိုင်စွမ်း မရှိသည့် သာမန် သေမျိုးတစ်ဦးသာ ဖြစ်ပါသည်။ သူမကို သိုင်းဧကရာဇ်လျူထျန်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား နိုင်သည် ။
ဒန်ထျန်းယု နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများသည် ဒေါသများ ထွက်ပေါ်နေပါသည်။ သို့သော် သူတို့သည် စွမ်းအားမဲ့ နေခဲ့သည်။ ယခုအချိန်မှာ သူတို့သည် ဒဏ်ရာ အပြင်းအထန်ရနေပြီ ဖြစ်ပြီး တိုက်ခိုက်ဖို့ အင်အားမရှိတော့ပါဘူး။ အကယ်၍ ယခုအချိန် သူတို့တက်သွားမည်ဆိုလျှင်လည်း သေဆုံးမှာဘဲ ဖြစ်သည်။
"မလုပ်နဲ့...ကျွန်မကို မသတ်ပါနဲ့။"
အဖမ်းခံရသည့် အိမ်ဖော်မလေးသည် မျက်ရည်လှည်ချွဲဖြင့် ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေပြီး သူမသည် အလွန် ထိတ်လန့် ကြောက်ရွံ့နေပုံရသည်။
သိုင်းဧကရာဇ် လျူထျန်းသည် အလွန်ရက်စက်ကြမ်းကြုတ်သော အပြုံးကို ထုတ်ဖော် လိုက်သည်။ အထူးသဖြင့် သူသည် အခြားသူများ၏ ကြောက်ရွံ့မှုကို အလွန် နှစ်သက်သည်။
"စိတ်မပူပါနဲ့ကွာ၊ ငါ မင်းကို မသတ်ပါဘူး!" သိုင်းဧကရာဇ်လျူထျန်းက ရူးကြောင်ကြောင် အမူအယာဖြင့် အားပါးတရ ရယ်မောလိုက်သည်။
သို့သော် သူ၏လက်က အိမ်ဖော်မလေး၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင် ထားဆဲ ဖြစ်သည်။ သူ၏လက်ထဲတွင် အနက်ရောင်အလင်းတန်းများ ထွက်ပေါ် လာသည်။ ထို့နောက်တွင် အလွန်နာကျင်ပြီး ထိတ်လန့်သောအမူအရာသည် အိမ်ဖော်မလေး၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူမ၏ နဂိုက ဖြူဝင်းနေသည့် အသားအရေပေါ်တွင် အမည်းစက်များ ပေါ်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာ သည်။
အိမ်ဖော်မလေးသည် ပုပ်ပွနေသည့်အလောင်းအဖြစ် ပြောင်းလဲသွားကာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။
"ဟား......၊ ဟား.......!"
သိုင်းဧကရာဇ်လျူထျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ အိမ်ဖော်မလေး၏ အလောင်းကို တိုက်ရိုက်လွှင့်ပစ်လိုက်ပြီး အသက်ကို လုံးဝ လျစ်လျူရှုထားသည်။
ဒန်ချီဖန်း၏ နှလုံးသားထဲတွင် အဆုံးမဲ့ဒေါသများ တိုးဝင်လာသည်နှင့်အမျှ ဒေါသမီးလျှံများက တောက်လောင်သွားခဲ့သည်။
သိုင်းဧကရာဇ် လျူထျန်း၏ သတ်ဖြတ်ခြင်းတွင် ပျော်ရွှင်နေသည့် ပုံပန်းသဏ္ဍာန်ကြောင့် သူ၏ရင်တွင်း၌ တုနှိုင်းမရသည့် မုန်းတီးမှုများကို ခံစားလာရ သည်။
သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်နေပြီ ဖြစ်သော်လည်း ၎င်းသည် လုံးဝ အသုံးမဝင်ခဲ့ပေ။ အကယ်၍ တစ်ဖက်လူက အသက်ရူ လေတစ်ချက် မှုတ်ထုတ်လိုက်လျှင်ပင် သူသည် အဝေးကို လွင့်ထွက်သွားနိုင်သည်။
"မင်းအလှည့်ပေါ့!" သိုင်းဧကရာဇ်လျူထျန်းက ကျန်နေသည့် အိမ်ဖော်မလေးကို လက်ညှိုးထိုး ပြပြီး ရက်စက်စွာ ပြုံးပြသည်။ ထိုကဲ့သို့ပြောပြီးသည်နှင့် သူသည် အိမ်ဖော်မလေးကို ဆွဲစုပ်ယူချင်လာသည်။
"တော်လောက်ပြီ!"
ဤအခိုက်အတန့်တွင် ဒန်ချီဖန်း၏ နှလုံးသားထဲတွင် လောင်ကျွမ်းနေသည့် ဒေါသသည် နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့သည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး သိုင်းဧကရာဇ်လျူထျန်းဆီကို အရူးအမူး ပြေးဝင်သွား တော့သည်။
" ချီဖန်း........!"
ဆေးအကြီးအကဲနှင့် ဒန်ထျန်းယုတို့သည် ထိတ်လန့်သွားကြသည်။သို့သော်လည်း သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရထားကြပြီး မလှုပ်ရှားနိုင်ခဲ့ကြပေ။ ဒန်ချီဖန်း ထွက်ခွာသွားသည်ကို သူတို့သည် ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေနိုင်တော့သည်။
သိုင်းဧကရာဇ် လျူထျန်းသည် သူ့ဆီပြေးဝင်လာသည့် ဒန်ချီဖန်းအား အထင်အမြင် သေးသည့် အကြည့်ဖြင့် ကြည့်နေသည်။ သေးငယ်သည့် ပထမအဆင့် ကောင်းကင် အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်လေးတစ်ဦးက သူ့ကို တိုက်ခိုက်ဖို့ သတ္တိရှိနေခဲ့သည်။
"ဟမ့်၊ ကိုယ့်ခွန်အားကို ဘယ်လိုတိုင်းတာရမှန်းမသိတဲ့ ပုရွက်ဆိတ်လေး တစ်ကောင် ကများ၊ ချင်ယွင်အတွက်ကြောင့်သာ မဟုတ်ရင် မင်းတို့အားလုံးကို ငါသတ်ခဲ့တာ ကြာလှပြီ။ ငါက အခုအချိန်အထိ ဘယ်လိုလုပ် စောင့်နေနိုင်မှာလဲ" သိုင်းဧကရာဇ် လျူထျန်းက အေးစက်စွာ အော်ပြောလိုက်ပြီး ဒန်ချီဖန်း၏ဓားကို ဖမ်းဆုပ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"ဖျစ်……!"
အနှိုင်းမဲ့ မာကြောလှသည့် သိမ်မွေ့နက်နဲသံမဏိဓားသည် သိုင်းဧကရာဇ် လျူထျန်း၏ လက်ထဲတွင် တိုက်ရိုက် ကွဲကြေသွားခဲ့သည်။
ဒန်ချီဖန်းသည်လည်း ထိတ်လန့်တုန်လှုပ်သည့် အမူအရာ ပေါ်လာသည်။ သို့သော် လည်း သူသည် နောက်ကျသွားပြီ ဖြစ်သည်။ သိုင်းဧကရာဇ် လျူထျန်း၏ ကြောက်စရာကောင်းသော လက်သည် ဒန်ချီဖန်း၏လည်ပင်းကို ချက်ချင်းပင် တိုက်ရိုက်ဆွဲကိုင်လိုက်ရာ ချက်ခြင်းဆိုသလို မလှုပ်ရှားနိုင်တော့ပေ။
"ကောင်လေး၊ မင်းက ချင်ယွင်ရဲ့တပည့်ဖြစ်တယ်လို့ ငါကြားမိပါတယ်၊ မင်းရဲ့ဆရာက ဘယ်မှာလဲဆိုတာ မင်းသိလား" သိုင်းဧကရာဇ်လျူထျန်းက သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးဖြင့် မေးလိုက်သည်။
"ငါ့ဆရာကို ငါ သစ္စာမဖောက်ဘူး" ဒန်ချီဖန်းက သူ၏လည်ချောင်းမှ အသံကုန် ညှစ်ထုတ်ပြီး ပြောလိုက်ရင်း သိုင်းဧကရာဇ်လျူထျန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
"အို၊ မင်းမှာ မာကြောတဲ့ ကျောရိုးတွေရှိနေတာပဲ၊ မင်းရဲ့အရိုးတွေ ဘယ်လောက် မာကျောလဲဆိုတာ ငါကြည့်ချင်မိတယ်" သိုင်းဧကရာဇ်လျူထျန်းက အထင်အမြင်သေး ဟန်ဖြင့် ပြောလိုက်သည်။
သူ၏လက်ထဲမှ ယင်နတ်ဆိုးချီသည် ဒန်ချီဖန်း၏ ခန္ဓာကိုယ်ဆီသို့ သူ၏လက်ဖဝါး တဆင့် စီးဆင်းသွားပြန်သည်။
ယင်နတ်ဆိုးချီသည် ဒန်ချီဖန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ဒန်ချီဖန်း၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်မှ ဖော်မပြနိုင်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူသည် အင်းဆက် ထောင်ပေါင်းများစွာ အကိုက်ခံနေရသလို ခံစားရပြီး သူ၏တစ်ကိုယ်လုံးသည် အလွန် နာကျင်နေပါသည်။
"မျိုးမစစ်ကောင်၊ မင်းရဲ့ဆရာဘယ်မှာလဲဆိုတာ ငါ့ကိုပြောပြစမ်း" သိုင်းဧကရာဇ် လျူထျန်းက မေးသည်။
"ငါ...ဘာ!" ဒန်ချီဖန်းသည် တံတွေးအမြှုပ် တစ်လုတ်ကို အပြင်းအထန် ထွေးထုတ် လိုက်သည်။
"ဒါဆိုလည်း သွားသေလိုက်တော့ကွာ!" သိုင်းဧကရာဇ်လျူထျန်းသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားသည်။
"ချီဖန်း!" ဆေးအကြီးအကဲသည် သိုင်းဧကရာဇ်လျူထျန်း၏ သတ်ဖြတ်လိုသည့် ဆန္ဒကို မြင်သောအခါ၊ ဒန်ချီဖန်းကို ကယ်တင်လိုဇောဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိထား သော်လည်း သိုင်းဧကရာဇ် လျူထျန်းထံ ချက်ချင်း ပြေးသွားခဲ့သည်။
ဒန်ချီဖန်းသည် ဆေးကလန်တွင် တစ်ခုတည်းသော သွေးရင်းမျိုးဆက် အမွေဆက်ခံသူ ဖြစ်ပြီး ဒန်ချီဖန်း ဘာမှဖြစ်လို့မရပေ။
"ခင်ဗျားက အထူးအပါးနားမလည်တဲ့ လူအိုကြီးတစ်ယောက်ပါပဲ။"
သို့သော် သိုင်းဧကရာဇ်လျူထျန်းသည် ဆေးအကြီးအကဲကို အထင်အမြင် သေးစွာဖြင့် စိုက်ကြည့်နေသည်။ အေးစက်စက် နှာခေါင်းရှုံသံနှင့်အတူ သူသည် သူ၏ ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းပြီး ပြေးဝင်လာသည့် ဆေးအကြီးအကဲဆီ ပစ်ဝင်လိုက်သည်။ သူသည် ဆေးအကြီးအကဲကို ရိုက်ချလိုက်သည်။ ဆေးအကြီးအကဲသည် သွေးများ အန်ထွက်လာပြီး ပြန်ပင်မထနိုင်တော့ပေ။
"ချီဖန်း!" ဒန်ထျန်းယု၏ မျက်နှာသည်လည်း နိုင်းယှဉ်လို့မရသည့် ဒေါသအမျက် ထွက်နေသည့် အမူအယာက ထင်ရှားလာသည်။ သူသည် အလျင်စလို ပြေးဝင်သွားချင်သော်လည်း ခြေတစ်လှမ်းမျှ မရွေ့နိုင်သည်ကို တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင်၊ ဒန်ထျန်းယုသည် အလွန်ဆိုးရွားသော အခြေအနေ တစ်ခုထဲ့သို့ ကျရောက်တော့မည်ဖြစ်ကာ သူ့ခန္ဓာကိုယ်ရှိ အသက်စွမ်းအင်သည် တဖြည်းဖြည်း လျော့နည်းလာကာ သေခါနီးနီးအနေထားထိ ရောက်ရှိလာပြီ ဖြစ်သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင်၊ အနက်ရောင် အလင်းတန်းတစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်လာခဲ့ပြီး
ကောင်းကင်ယံကို အလျင်အမြန် ဖြတ်သန်းလာကာ သိုင်းဧကရာဇ်လျူထျန်း၏ လက်မောင်းဆီသို့ ပြေးဝင်သွားခဲ့သည်။
"အယ်!"
သိုင်းဧကရာဇ်လျူထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤကြောက်စရာကောင်း သော အငွေ့အသက်ကြောင့်ပင် သူသည် သတိလက်လွတ် မပြုမူဝံ့တော့ပေ။
ထို့ကြောင့် သူသည် ဒန်ချီဖန်းအား သူပစ်ချလိုက်ပြီး ပြေးဝင်လာသည့်မြှားကို အကျဉ်းအကြပ်ထဲမှ ရှောင်ထွက်လိုက်ကာ လေထဲတွင်ရှိနေသည့် မျက်နှာပေါ်တွင် အေးစက်သည့် အပြုံးပိုင်ရှင်ကိုလူငယ်ကို စိုက်ကြည့်လိုက်သည်။
"ချင်ယွင်၊ နောက်ဆုံးတော့ မင်းကိုယ်မင်း ကိုယ်ထင်ပြဖို့ ဆန္ဒရှိပြီပေါ့။ ငါ မင်းကို စောင့်နေတာ ကြာလှပြီ!"
အခန်း (၃၄၅) ကောင်းကင်တာအိုမှာ မျက်လုံးတွေရှိတယ်။
ချင်ယွင်ထွက်ပေါ်လာသည်ကို မြင်သည်နှင့် သိုင်းဧကရာဇ်လျူထျန်းသည် ဆိုးသွမ်းသော အပြုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
သူ၏ထင်မြင်ချက်က မှန်ကန်ပေသည်။ ဆေးကလန် တစ်ခုခုဖြစ်သွားပြီ ဆိုသည်ကို ချင်ယွင်ကြားသိသရွေ့ သူသည် အမြန်ပြေးလာမှာ သေချာပါသည်။ ချင်ယွင် ပေါ်လာသည်နှင့်အမျှ သူ့ကိုသတ်နိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်ထားသည်။
သိုင်းဧကရာဇ်လျူထျန်း၏စကားကို ချင်ယွင်ကြားသည့်အခါ၊ သူ၏ရှေ့မှာရှိနေသည့် အရာအားလုံးသည် သိုင်းဧကရာဇ်လျူထျန်းက သူထွက်ပေါ်လာစေရန် ဆွဲဆောင်ဖို့ အတွက် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း သူသိလိုက်ပြီ။ သို့သော် အလောင်းများကို မြေပြင်အနှံ့ ပြန့်ကျဲနေသည်ကို သူ မြင်လိုက်ရသည့် အခါသူ၏နှလုံးသားသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ ခုန်ပေါက်သွားခဲ့သည် ။
" သိုင်းဧကရာဇ်လျူထျန်း ၊ ခင်ဗျားက ကျုပ်ကို ဆွဲဆောင်ဖို့အတွက်နဲ့ အသက် ပေါင်းများစွာကို ထိခိုက်စေခဲ့တယ်၊ ခင်ဗျားရဲ့ကံကြမ္မာကောင်းခြင်းတွေ ရောထွေးသွား ပြီး ခင်ဗျား ဘယ်တော့မှ ပြန်လည်မကုစားနိုင်တော့မှာကို မကြောက်ဘူးလား?" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးထဲမှာ သတ်ချင်စိတ်တွေ ပြည့်နှက်နေသော်လည်း သိုင်းဧကရာဇ် လျူထျန်းကို မည်ကဲ့သို့ကိုင်တွယ်ရ မလဲဆိုသည်ကို တွေးနေမိသည်။
"ဟား၊ ဟား၊ ကံကြမ္မာအနှောင်အဖွဲ့ အတားအဆီးတွေလား? ရယ်စရာကောင်း လိုက်တာကွာ။ ငါသိုင်းဧကရာဇ်လျူထျန်းက ငါ့ဘဝတစ်လျောက်လုံး လူတွေ မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ်။ ငါ့လက်တွေက သွေးတွေနဲ့ စွန်းထင်းနေခဲ့တာ ကြာလှရောပေါ့။ တကယ်လို့ သေမျိုးကမ္ဘာမှာ ကံကြမ္မာအနှောင်အဖွဲ့ အတားအဆီး တွေသာ ရှိခဲ့မယ်ဆိုရင် အခုအချိန်အထိ ငါ ဘယ်လိုလုပ် ရှင်သန်နေထိုင်နိုင်မှာလဲ။ ဒီကမ္ဘာကြီးက အမြဲတမ်းဆိုသလို ကျွမ်းကျင်သူတွေနဲ့ ပြည့်နေခဲ့တယ်။ အရာအားလုံးက စွမ်းအားအပေါ်မှာပဲ မူတည်တယ်” ။ သိုင်းဧကရာဇ်လျူထျန်းသည် ရယ်စရာအကောင်းဆုံး ပျက်လုံးကြီးကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ဖြစ်ပြီး ခေါင်းခါယမ်းလိုက်မိသည်။ တော်ဝင် တာအို ဟူသည် သဘာဝတရား၊ ကံကြမ္မာစက်ဝန်းနှင့် ဤလောက၌ တည်ရှိနေသမျှ အရာအားလုံး၏ ပြန်လည်ဝင်စားခြင်းတို့ပင် ဖြစ်သည်။ အင်မော်တယ် ဧကရာဇ်များ ပင်လျှင် ကောင်းကင်တာအိုကို မထီမဲ့မြင် မပြုရဲကြပေ။ သေမျိုးများသည် ကောင်းကင်တာ မရှိဟုတွေးထင်ပြီး လျစ်လျူရူထားကြသည်။ ယင်းသည် တကယ့်ကို အမြင်ကျဉ်းသည့် ပုရွက်ဆိတ်တစ်ကောင်၏ အမြင် ဖြစ်သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်လျူထျန်းကို ဘာမှ မပြောတော့ပေ။ သူတို့ မိုးကုပ်စက်ဝိုင်း တွေက မတူသကြလို သူတို့မြင်ဖူးသ ည့်ကမ္ဘာကြီး၏ အရွယ်အစားကလည်း မတူကြပေ။ ဤအရာသည်ပင် ချင်ယွင်သည် ထျန်းယွန်တိုက်ကြီးမှာ ရှိနေကြသည့် ကျင့်ကြံသူအားလုံးထက် သာလွန်နေရသည့် အခြေခံအကျဆုံး အကြောင်းပြချက် တစ်ခုလည်း ဖြစ်ပါသည်။ သိုင်းဧကရာဇ်လျူထျန်းအား ကောင်းကင်တာအိုအကြောင်း ပြောခြင်းသည် ကျွဲပါးစောင်းတီးဆိုသလိုမျိုးဖြစ်နေပြီး ထို့ထက်အပိုပြော၍လည်း အသုံးမဝင်ပေ။
"ဟမ့်၊ ဧကရာဇ်မင်းမြတ် ထျန်းရှရှေ့မှာ မင်းက ငါ့ကို အရှက်ရစေခဲ့တယ်။ ဒီနေ့ မင်းကို ငါသတ်ရမယ်။ တကယ်လို့ မင်း ထွက်ပြေးဖို့ သတ္တိရှိရင်တော့ ဟီး၊ ဟီး၊ သူတို့ထဲက တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။" သိုင်းဧကရာဇ် လျူထျန်းက ဒန်ထျန်းယု နှင့် အခြားသူများကို လက်ညှိုးထိုးပြပြီး သူ၏မျက်နှာပေါ်တွင် သွေးဆာနေသော အပြုံးဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် သေလုမျောပါး ဒဏ်ရာရထားသော ဒန်ထျန်းယု၊ ဆေးအကြီးအကဲနှင့် ဒန်ချီဖန်းတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲမှာရှိနေသည့် အေးစက်မှု က ပို၍ပင် အေးစက်လာခံသည်။ ယနေ့တိုက်ပွဲကြီးသည် ရှောင်လွှဲ၍ မရတော့ပေ။
"ဟမ့်။ ချင်ယွင်၊ သေလိုက်တော့!" သိုင်းဧကရာဇ်လျူထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ကို ဖိနှိပ်လာခဲ့ သည်။
ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး၏ အငွေ့အသက်သည် တခဏချင်း ထွက်ပေါ်လာသည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်သည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ထူထပ် သိပ်သည်းသည့် အန္တရာယ်အငွေ့အသက်သည် အနက်ရောင် လက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ဆီသို့ ဖြတ်သန်းသွားသည်။
ချင်ယွင်၏ မျက်လုံးများက လေးနက်သောအမူအရာ ပေါ်လာသည်။ ဤအနက်ရောင် အန္တရာယ်အငွေ့အသက်သည် ကြောက်မက်ဖွယ် အမှောင်ထု၏ အငွေ့အသက်ကို ထုတ်လွှတ်နေကာ လူများတို့၏ စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်ကို ခံစားရစေသည်။ ထို့အပြင်၊ ၎င်းသည် အလွန်အမင်းပြင်းထန်သည့် တိုက်စားခြင်း စွမ်းအင်များ ပါဝင်နေပြီး သူတောင်မှ ထိပ်တိုက်မရင်ဆိုင်ဝံ့ပေ။
ဝှီး!
ချင်ယွင်၏ လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာခဲ့ပြီး မုန်တိုင်းကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓားဆန္ဒနှင့်အတူ ချက်ချင်းပင် ခုတ်ပိုင်းလိုက်သည်။
ဓားချီသည် တခဏချင်းပင် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီးကြီးမားလှသည့် အနက်ရောင် အန္တရာယ်အငွေ့အသက် လက်ဖဝါးကြီးကို တိုက်ရိုက် လွှမ်းခြုံသွားသည်။
အနက်ရောင် အန္တရာယ်အငွေ့အသက် လက်ဖဝါးကြီးသည့် ဓားတစ်ချက်ဖြင့် ထက်ခြမ်းကွဲသွားပြီး လေထဲမှာ လွင့်ပျယ်ပြီး ပျောက်ကွယ်သွားခဲ့သည်။
"ဟမ့်၊ အဲဒါက အသုံးမဝင်ဘူး။ မင်းရဲ့ ခွန်အားက အားနည်းလွန်းတယ်။ သေလိုက်တော့!"
သိုင်းဧကရာဇ်လျူထျန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ချင်ယွင်ရှေ့တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ ကြောက်မက်ဖွယ် အမှောင်စွမ်းအင် အတက်အကျလှိုင်း များပါဝင်နေသည့် သူ့လက်ဖဝါးက ချင်ယွင်၏ ရင်ဘတ်ကို လျှပ်စီးလက်သလို ထိမှန်သွားခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သို့သော် သိုင်းဧကရာဇ်လျူထျန်း၏ အရှိန်အဟုန်သည် မြန်လွန်းသည်။ သူ့မှာ တုံ့ပြန်ဖို့ အချိန်တောင် မရှိခဲ့ပါဘူး ၊ သူသည် လက်ဖဝါးရိုက်ချက် ထိမှန်ပြီး လွင့်ထွက်သွားခဲ့သည် ။
"ဘုန်း!"
ချင်ယွင်၏ ခန္ဓာကိုယ်သည် ကျောက်တုံးကြီးတစ်ခုလို ပြင်းထန်စွာ မြေပြင်ပေါ်သို့ ပစ်ကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု တိုက်ရိုက်ဖန်တီး ဖြစ်ပေါ်လာခဲ့သည်။
ချင်ယွင်သည် အပျက်အစီးများထဲသို့ ပြုတ်ကျသွားခဲ့သည်။ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုက သူ့အား တစက်စက် နာကျင်ကိုက်ခဲသည့်ဝေဒနာကို ခံစားရစေသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သို့သော် ချင်ယွင်သည် ခေါင်းကိုက်ရဆုံးအရာမှာ သူ၏ရင်ဘတ်သည် အမှန် တကယ်ပင် မည်းနက်သွားခြင်း ဖြစ်သည်။ ထူထပ်သိပ်သည်းသည့် အန္တရာယ်အငွေ့ အသက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ယိုယွင်းပျက်ဆီး သွားစေသလိုမျိုး သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ကံကောင်းထောက်မစွာပင်၊ ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို ကျင့်ကြံထားခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအင်သည် ဤကြောက်မက်ဖွယ် ကောင်းသည့် အန္တရာယ်အငွေ့အသက်စွမ်းအင်ထက် များစွာသာလွန်သည်။ ထို့ကြောင့် ဤအန္တရာယ်အငွေ့အသက်စွမ်းအင်များ ပြန့်နှံ့တော့မည့်အချိန်တွင် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်သည် ၎င်းတို့ကိုတိုက်ရိုက်ဝါးမျိုးလိုက်သည့်အလား ၎င်းအနှစ်သာရကို လုံးဝစုပ်ယူသွားသည်။
နဂိုက ယောင်ယမ်းနေသည့် အရေပြားသည်လည်း အသက်စွမ်းအားဖြင့် ကုသပေး ကာ နဂိုပုံမှန်အတိုင်း တောက်ပြောင်လာခဲ့သည် ။
သို့သော်လည်း ချင်ယွင်သည် အံ့သြတုန်လှုပ်သွားရသည်။ အကယ်၍ သူ့မှာ ရှေးဟောင်း ခေတ် အစိမ်းရောင်ကြာပန်းပညာရပ်နှင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အစွမ်းထက်သည့် အသက်စွမ်းအားသာ မရှိခဲ့ဘူးဆိုလျှင် သူသည် သိုင်းဧကရာဇ် လျူထျန်း၏ လက်ဖဝါးရိုက်ချက်ကြောင့် ကြီးမားသည့် ဆုံးရှုံးမှုကြီးကို ခံစားရပါလိမ့် မည်။
အကယ်၍ သူ့နေရာမှာ အခြားသော ကျင့်ကြံသူတစ်ဦးဖြစ်ပါက သိုင်းဧကရာဇ် လျူထျန်းနှင့်အဆင့်တူ ကျွမ်းကျင်ပညာရှင်ဖြစ်လျှင် ဤအန္တရာယ်အငွေ့အသက် ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။
"အယ်? မင်းက ငါ့ယင်နတ်ဆိုးချီနဲ့ အရိုက်ခံရပြီးတာတောင် အမှန်တကယ် အဆင်ပြေနေတယ်ပေါ့၊ မျိုးမစစ်ကောင်လေး၊ မင်းမှာအဖိုးတန်ကုစားနိုင်တဲ့ ရတနာတွေများ ရှိနေသလား" ချင်ယွင် အမှန်တကယ် မတ်တတ်ပြန်ထလာသည်ကို မြင်လိုက်ရသည့်အခါ သိုင်းဧကရာဇ်လျူထျန်းသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
သေးငယ်သည့် နဝမအဆင့် ကောင်းကင်အလွာ အထွပ်အထိပ်ရှိ သိုင်းမြို့စား အဆင့်တစ်ဦးသည် သူ၏လက်ဖဝါးရိုက်ချက်ကြောင့် အမှန်တကယ် ကောင်းမွန် နေပါသည်။ ယင်းက အမှန်တကယ် တွေးကြည့်လို့မရနိုင်သည့် အရာဖြစ်သည်။ သူသည် အဆင့်တူပြိုင်ဘက်များစွာကို သတ်ဖြတ်ရန်အတွက် သူ၏ ယင်နတ်ဆိုးချီကို အသုံးပြုခဲ့သော်လည်း ယခုအခါ နဝမအဆင့် ကောင်းကင်အလွာ အထွပ် အထိပ်ရှိ သိုင်းမြို့စားအဆင့်တစ်ဦး အပေါ်မှာ အမှန်တကယ် ထိရောက်မှု မရှိခဲ့ပေ။ ထို့ကြောင့်၊ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ချင်ယွင်တွင်အဖိုးတန် ပြန်လည်ကုစားရေး ရတနာတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
"တကယ်ကို နာကျင်ရတယ်။ ဒီဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးရဲ့ ကျင့်ကြံမူအခြေခံက တကယ့်ကို သန်မာလွန်းပါတယ်။" ချင်ယွင်သည် သူ့ရင်ဘတ်ကိုလက်ဖြင့်အုပ်ရင်း တွင်းနက်ထဲမှ မတ်တပ်ထရပ်ကာ သူ့မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်နေသည်။
သူ၏အသက်စွမ်းအားသည် အဆက်မပြတ် ပြန်လည်ကုစားနိုင်သော်လည်း သိုင်းဧကရာဇ် လျူထျန်း၏ လက်ဖဝါးသည် သူ၏နံရိုးဆယ်ချောင်းကို ကွဲကြေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အဆင့်အထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်ကို သိထားရမည်ဖြစ်သည်။ သူ၏အရိုးတွေဖြစ်စေ အရေပြားဖြစ်စေ အနှိုင်းမဲ့ မာကြောလွန်းသည်။ ယခုအချိန်တွင် နဝမအဆင့် ကောင်းကင်အလွာ အထွပ်အထိပ်ရှိ သိုင်းမြို့စားအဆင့်တစ်ဦးသည် ထိုနေရာတွင်ရပ်နေပြီး သူ့ကိုတိုက်ခိုက်မည်လျှင်ပင်၊ ထိုလူသည် သူ့ကို ဒဏ်ရာအနာတရ မဖြစ်စေနိုင်တော့ပေ။
သို့သော်လည်း သိုင်းဧကရာဇ်လျူထျန်း၏ လက်ဖဝါးက သူ့ကို ခုခံရန် အစွမ်းအစ ကင်းမဲ့စေခဲ့သည်။
"ကြည့်ရတာ ငါ ဒီအကွက်ကိုပဲ အသုံးပြုနိုင်တော့မယ်။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ မူလကတော့ သူသည် အစစ်မှန် တိုက်ပွဲကြီး စတင်တော့မည့်အချိန်တွင် ဤအကွက်ကို အသုံးပြုရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင် ၎င်းကိုအသုံးပြုရန်မှ လွဲ၍ သူ့မှာ ရွေးချယ်စရာ မရှိဟုတော့ ထင်ရသည်။
"ဟမ့်၊ မင်း တစ်ကြိမ်ပြန်ကောင်းလာရင်တောင် မင်း ငါ့ရဲ့တိုက်ခိုက်မှုတွေကို ဘယ်နှစ်ကြိမ် ခံနိုင်ရည်ရှိလဲဆိုတာ ငါကြည့်ချင်မိတယ်" ချင်ယွင်သည် အမှန်တကယ် ကောင်းမွန်လာသည်ကို မြင်လိုက်ရလျှင် သိုင်းဧကရာဇ်လျူထျန်းသည် လေးနက်သော အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့သည်။
ဧကရာဇ်မင်းမြတ်က သူ့အား အမိန့်ပေးထားသည်။ ဘာပဲဖြစ်ဖြစ် ချင်ယွင်သည် ဒီတစ်ခါ သေကိုသေရမည် ဖြစ်သည်။
ရလာဒ်အနေဖြင့် သူသည် အလွန်လျင်မြန်သော အနက်ရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲကာ ချင်ယွင်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်မှာတော့ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအင် အတက်အကျလှိုင်းတွေက အရင်ကထက် ပိုကြောက်စရာကောင်းလာသည်။
"ဟုတ်လား?"
ဤအခိုက်အတန့်တွင် ချင်ယွင်သည် သိုင်းဧကရာဇ်လျူထျန်းအား ကောက်ကျစ်သည့် အပြုံးနှင့်အတူ ခေါင်းမော့ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို ချက်ခြင်း ဖြန့်ကျက်လိုက်သည်။ ချက်ချင်းပင်၊ ချင်ယွင်သည် တွင်းနက်ကြီး အဖြစ် ပြောင်းလဲသွားပုံရပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အရူးအမူး ဝါးမျိုချတော့သည်။ တခဏအတွင်းမှာပင်၊ သူ၏ဦးခေါင်းထက်မှာ ကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီး ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် များကလည်း ချက်ချင်း မြင့်တက်လာခဲ့သည်။
"အယ်?"
သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်၏ ထူးဆန်းသော လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ သူသည် ရှေ့ကို ဆက်မတက်တော့ဘဲ ဝိညာဉ်စွမ်းအင် ဝဲဂယက် အလယ်မှာရှိနေသည့် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ချင်ယွင်သည် ဝိညာဉ်စွမ်းအင်ကို ဆက်လက်စုပ်ယူခဲ့ပြီး သူ၏ဒန်တန်သည် မြေကြီး ပြိုကျစေလောက်သည့် အပြောင်းအလဲများကို ခံစားနေရသည်။
မူလက မြစ်တစ်စင်းနှင့်တူသော သူ၏ဝိညာဉ်စွမ်းအင်ရေကန်သည် အဆပေါင်းသောင်း နှင့်ချီ၍ ချဲ့ထွင်လာခဲ့ကာ အကန့်အသတ်မရှိသည့် ဝိညာဉ်ပင်လယ်ကြီးအဖြစ် ဖြစ်ပေါ်လာသည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း သိုင်းဧကရာဇ် တစ်ပိုင်းနယ်ပယ်မှ သိုင်းဧကရာဇ်နယ်ပယ်သို့ မြင့်တက်လာခဲ့သည်။
"ဟား၊ ဟား၊ မင်းက ကောင်းကင်ကိုတောင်အန်တုနိုင်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုတော့မယ်လို့ ငါထင်ခဲ့တာ။ ဒီတော့ ဒါက သိုင်းဧကရာဇ်နယ်ပယ်ကို အဆင့်ချိုးဖြတ်မူ တစ်ခုပဲပေါ့။ ဒီတော့ မင်းအနေနဲ့ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ရင်ရော ဘာဖြစ်လာမှာလဲ။ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူးလေ။"
သိုင်းဧကရာဇ်လျူထျန်းသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ စောစောလေးက ချင်ယွင်ကြောင့်ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအင် ဝဲဂယက်က သူ့ကို အလွန်ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့ပြီး သူသည် မိုက်မိုက် ကန်းကန်း မပြုမူဝံ့ တော့ပေ။ ချင်ယွင်သည် သူ၏ကျင့်ကြံမူအခြေခံကို အဆင့်ချိုးဖြတ်နေခြင်းသာ ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲတွင် အထင်အမြင် သေးသွားသလို ခံစားလိုက်ရသည်။
“သေမျိုးတွေရဲ့ ကံကြမ္မာကို ခင်ဗျား မကြောက်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ဒီနေ့တော့ ကောင်းကင်တာအိုမှာ မျက်လုံးတွေရှိတယ်ဆိုတာကို ခင်ဗျားကိုယ်တိုင် သိစေရမယ်”
ထို့အပြင် ချင်ယွင်၏ ပါးစပ်ထောင့်များမှ တောက်ပသည့်အပြုံးကို ထုတ်ဖော်ကာ သူသည် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်လေသည်။ သူသည် လေထုထဲသို့ လှမ်းတက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ သန့်စင်မြင့်မြတ်သည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ တိမ်တိုက်များသည် ချင်ယွင်နှင့် သိုင်းဧကရာဇ် လျူထျန်းတို့၏ ခေါင်းများအထက်တွင် စုစည်းနေပါသည်။ ကြောက်စရာကောင်းသည့် ဖိအားတစ်ခုက ချင်ယွင်နှင့် င်းဧကရာဇ်လျူထျန်တို့ကို ချက်ခြင်း ဖိနှိပ်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ရလျှင် သိုင်းဧကရာဇ်လျူထျန်းသည် အလွန်တုန်လှုပ် ခြောက်ခြား နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။ သူသည် အလွန်အမင်း ကြောက်ရွံ့နေသည့် အမူအရာတစ်ခုကို ထုတ်ပြပြီး ပြောသည် "ကောင်းကင်ကပ်ဘေး ဒုက္ခကြီး... ကောင်းကင်ကပ်ဘေး ဒုက္ခတစ်ခုက ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲ။"
စာစဉ် (၂၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။