အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
Chapter 391: စားသောက်ပျော်ပါးရင်း ကောင်းကင်တာအိုမှ ခေါ်ယူခြင်း
"ဘုန်း!"
မြေပြင်မှ သွေးနီရောင် အလင်းတိုင်ကြီးတစ်ခု ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွား၏။ ထိုအလင်းတိုင်မှာ ခန့်ညားထည်ဝါပြီး ကျယ်ပြောလှသော်လည်း နတ်ဆိုးမျိုးနွယ်များ၏ ယုတ်မာရက်စက်သော အရှိန်အဝါမျိုး လုံးဝမရှိပေ။ ဤအလင်းတိုင် ပေါ်လာသည့် ခဏ၌ တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများသည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ချက်ချင်းရပ်တန့်ကာ ထိုအရပ်မျက်နှာသို့ လှည့်ကြည့်လိုက်မိသည်။ ဤကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေသော လှုပ်ရှားမှုကြီးမှာ တစ်စုံတစ်ယောက် ဧကရာဇ်အဆင့်မှ အရှင်သခင်အဆင့်သို့ တက်လှမ်းအောင်မြင်သွားပြီဖြစ်ကြောင်း ထင်ရှားစွာ ပြသနေခြင်းပင်။
ကနဦးတွင် ကျင့်ကြံသူအများအပြားမှာ ကံကောင်းမှုတစ်စုံတစ်ရာနှင့် ကြုံတွေ့ပြီး နတ်ဆိုးအရှင်သခင် အဆင့်သို့ တက်လှမ်းသွားသည့် အသက်ရှင်ကျန်ရစ်သော နတ်ဆိုးများ ဖြစ်နေမည်ကို စိုးရိမ်မိကြ၏။ သို့သော် ထိုအလင်းတိုင်တွင် နတ်ဆိုးများ၏ ကြမ်းကြုတ်သောအရှိန်အဝါ မပါဝင်ကြောင်း ခံစားမိပြီးနောက်တွင်တော့ အားလုံး သက်ပြင်းချနိုင်တော့သည်။
နတ်ဆိုးမဟုတ်ဘဲ လူသားဖြစ်နေသည်မှာ ကောင်းလှပေ၏။
သို့ဆိုလျှင် ထိုသူမှာ မည်သူနည်း။
နေရာအနှံ့ရှိ ကျင့်ကြံသူများသည် အလင်းတိုင်ထွက်ပေါ်ရာ အရပ်မျက်နှာသို့ စိုက်ကြည့်နေကြသည်။
သူတို့ ယုကျောက်နယ်ကို ခန့်မှန်းမိသွားကြလေ၏။ လူတိုင်း၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ "သူများလား”
"မဖြစ်နိုင်တာ… ဒီလောက်တောင် မြန်လှချည်လား"
ဝိညာဉ်တော်ဂိုဏ်းတွင် လင်းတုံထျန်းတစ်ယောက် ဝမ်းသာအားရဖြင့် ချက်ချင်းထရပ်လိုက်သည်။ ဤကာလအတွင်း သူ နေ့မနားညမနား ကျင့်ကြံခဲ့ပြီး ကံကောင်းမှုအချို့ကြောင့် နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။
"ငါ နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့်ကို ရောက်ပြီ… ရှန်မိုက နတ်ဘုရားအသွင်ပြောင်းခြင်းရဲ့ အထွတ်အထိပ်မှာပဲ ရှိနေဦးမှာဆိုတော့ ငါတို့ကြားက ကွာဟချက်က သိပ်မကြီးတော့ဘူး"
"နောက်ထပ် ဆယ်နှစ်လောက်ပေးရင် ငါ သူ့ကို သေချာပေါက် ကျော်တက်နိုင်ရမယ်”
လင်းတုံထျန်းမှ ခဏတာ ဝမ်းမြောက်သွားမိသည်။
ထိုစဉ်မှာပင် သူသည် ရှင်းပြ၍မရသော ရင်တုန်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထူးခြားမှု ဘာမှမတွေ့ရပေ။ ထိုထူးဆန်းသော ခံစားချက်ကို မေ့ဖျောက်ရန် ခေါင်းခါယမ်းလိုက်စဉ်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ သွေးနီရောင် အလင်းတိုင်ကြီးကို မမျှော်လင့်ဘဲ မြင်လိုက်ရတော့၏။
"အဲ့ဒါက..."
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုသွေးစွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားလိုက်ရသည်။ ထိုသွေးစွမ်းအင် ပိုင်ရှင်ကို သူ မည်သည့်အခါမျှ ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုသွေးစွမ်းအင်မှာ ရှေးဟောင်းအမှောင်ထုထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေ၏။ ၎င်းမှာ ဧကရာဇ်အဆင့်မျှ မဟုတ်ဘဲ ဧကရာဇ်အထက်ရှိ အရှင်သခင်အဆင့် ဖြစ်ပေမည်။
"အဲ့ဒီအလင်းတိုင်က ဘယ်က ထွက်လာတာလဲ”
လင်းတုံထျန်းမှာ ဝိညာဉ်တော်ဂိုဏ်း၏ အမြင့်ဆုံးနေရာသို့ ခုန်တက်သွားသည်။ ထို့နောက် အဝေးကို လှမ်းကြည့်လိုက်သောအခါ ထိုအလင်းတိုင်မှာ ယုကျောက်နယ်မှ လာနေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သူ၏ရင်ထဲတွင် ပို၍ပင် မတည်မငြိမ် ဖြစ်လာသည်။
"ယုကျောက်မှာ သွေးစွမ်းအင်ကျင့်စဉ် ကျင့်တဲ့သူ သိပ်မရှိဘူး"
"ဒါ ရှန်မို ဖြစ်ရမယ်..."
"သူ့ရဲ့ ကျင့်ကြံမှုအရှိန်က ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ”
လင်းတုံထျန်းတစ်ယောက် သူ၏ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။ ငါတို့ နှစ်ယောက်လုံးက ပါရမီရှင်တွေလို့ ဆိုကြပေမဲ့ သူနဲ့ယှဉ်လိုက်ရင် ငါက သာမန်လူတစ်ယောက်လို ဖြစ်နေပါလား။
"ဒါပေမဲ့..."
လင်းတုံထျန်း၏ အတွေးများ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည်လည်း နတ်ဆိုး ပင်လယ် ရှိကြောင်းကို သိထားလေ၏။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဝိညာဉ်နန်းတော်အဆင့် သို့မဟုတ် အရှင်သခင်အဆင့်သို့ ရောက်ရှိသွားလျှင် ကောင်းကင်ဘုံတာအို၏ ဆင့်ခေါ်ခံရပြီး နတ်ဆိုး ပင်လယ်သို့ ပို့ဆောင်ခြင်းခံရမည်ကိုလည်း သူ သိနေသည်။ ဆိုလိုသည်မှာ... ရှန်မိုသည် အရှင်သခင်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်သောကြောင့် မကြာမီ ထွက်ခွာသွားတော့မည်။
တိုက်ကြီးတစ်ခုလုံး၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ရှန်မို ထွက်သွားတော့မည်။
လင်းတုံထျန်း မျက်နှာမှာ ဝင်းပသွား၏။ ဤသည်မှာ အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါသည်။ ဝိညာဉ်တော်ဂိုဏ်းသည် ကျောက်စိမ်းဂိုဏ်း သိမ်းပိုက်ထားသော နယ်မြေများကို မျက်စိကျနေသည်မှာ ကြာလေပြီ။
အရိပ်မဲ့ဆောင်၊ ထျန်းဟီဂိုဏ်း၊ ချန်းယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်း... စသည့် ဂိုဏ်းအသီးသီးသည်လည်း ဤကမ္ဘာတုန်လှုပ်ဖွယ် မြင်ကွင်းကို တစ်ပြိုင်နက် မြင်တွေ့လိုက်ရသဖြင့် သူတို့၏ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားကြ၏။
အနည်းနှင့်အများဆိုသလို သူတို့အားလုံးမှာ တူညီသောအချက်ကို တွေးမိကြသည်။ တိုက်ကြီး၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ရှန်မို ထွက်ခွာသွားခြင်းသည် အာဏာလွတ်တစ်ခုကို မလွဲမသွေ ဖန်တီးပေးလိမ့်မည်။ ယခင်က ရှန်မို တစ်ဦးတည်းဖြင့် လူအများအပြားကို ရင်ဆိုင်နိုင်ခဲ့ပြီး ရန်သူအားလုံးကို နှိမ်နင်းထားနိုင်ခဲ့သည်။ သို့သော် ရှန်မိုမရှိဘဲနှင့် ကျောက်စိမ်းဂိုဏ်းအနေဖြင့် ဤမျှကျယ်ပြောသော နယ်မြေများကို ကာကွယ်နိုင်ပါဦးမည်လော။ ထို့အပြင် နတ်ဆိုး ပင်လယ်သို့ ပို့ဆောင်ခံရသော လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ မည်သူမျှ တိုက်ကြီးသို့ ပြန်ရောက်လာခြင်း မရှိဖူးပေ။ ဆိုလိုသည်မှာ သူတို့သည် ရှန်မိုကို စိုးရိမ်စရာမလိုဘဲ ကျောက်စိမ်းဂိုဏ်းအား အရေးယူနိုင်ပြီ ဖြစ်သည်။
ချင်းချန်းတောင်တန်းတွင်။
လီကျန်ထောင်း၊ ဟိုင်ချန်းခွန်၊ မူယုံးယွဲ့နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် အရပ်မျက်နှာအနှံ့မှ အပြေးအလွှား ရောက်ရှိလာကြ၏။ ရှန်မိုသည် လေထဲတွင် ဝဲပျံနေရင်း လူတိုင်းကို ကြည့်လိုက်သည်။ အားလုံး၏ အမူအရာမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေကြသည်။
ရှန်မိုမှာ အဆုံးတွင် ကောင်းကင်ဘုံတာအို၏ ဆင့်ခေါ်ခံရမည်ကို သူတို့ သိထားကြသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ရှန်မိုသည် ကျောက်စိမ်းဂိုဏ်း၏ ကျောရိုးကြီး ဖြစ်လာခဲ့ပြီး ယခု သူ ထွက်ခွာသွားတော့မည် ဖြစ်ရာ နယ်မြေအမြောက်အမြားကို ပိုင်ဆိုင်ထားသော ကျောက်စိမ်းဂိုဏ်းသည် အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်မှုများကို ရင်ဆိုင်ရဖွယ် ရှိနေ၏။ အခြားဂိုဏ်းများမှာမူ ကျောက်စိမ်းဂိုဏ်းဆီမှ အသားတစ်တုံး၊ နှစ်တုံးခန့် ဖဲ့ယူနိုင်ရန် သေချာပေါက် ဝမ်းမြောက်နေကြပေလိမ့်မည်။
ရှန်မို တည်ငြိမ်စွာ ပြုံးလိုက်ပြီး
"အားလုံးပဲ မစိုးရိမ်ပါနဲ့… ကျွန်တော် ဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ"
"ဒီစာရင်းထဲမှာပါတဲ့ နတ်ဘုရားအသွင်ပြောင်းခြင်းနဲ့ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေဟာ ထူးချွန်တဲ့ ပါရမီနဲ့ စရိုက်လက္ခဏာရှိကြပြီး အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ကြတဲ့သူတွေပါ"
"တချို့ကိုတော့ ဂိုဏ်းရဲ့ အနာဂတ်မျိုးစေ့တွေအဖြစ် ပျိုးထောင်နိုင်သလို တချို့ကတော့ တိုက်ခိုက်ရေးမှာ သင့်တော်ကြတယ်… ခင်ဗျားတို့ လုပ်ရမှာက သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးဖို့ပါပဲ"
ရှန်မို လက်ဖျောက်တစ်ချက်တီး၍ လီကျန်ထောင်းအား စာရင်းတစ်ခု ပေးလိုက်သည်။ သူ အားလပ်ချိန်များတွင် ထိုလူများ၏ ကံကြမ္မာစနစ်များကို ကြိုတင် စစ်ဆေးကြည့်ရှုထားပြီး ဖြစ်သောကြောင့် လီကျန်ထောင်းအား ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ”
လီကျန်ထောင်း ခိုင်မာစွာ ခေါင်းငြိမ့်ပြ၏။ ဤသည်မှာ အမှန်ပင် တန်ဖိုးရှိလှသည်။ ရှန်မိုမှ ဤလူများသည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နိုင်သည်ဟု ယုံကြည်ထားသဖြင့် သူသည်လည်း ဘာမှစိုးရိမ်စရာမရှိဘဲ ချက်ချင်း အသုံးချနိုင်တော့မည် ဖြစ်သည်။
ရှန်မိုမှ ဆက်၍
"ကျွန်တော် အရင်က ရရှိထားတဲ့ ကျင့်စဉ်တွေ၊ တိုက်ခိုက်ရေးပညာတွေနဲ့ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်… ဒါပေမဲ့ အခုချိန်မှာ ကျွန်တော့်အတွက် မလိုအပ်တော့ပါဘူး"
သူ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး မူယုံးယွဲ့ထံ ကမ်းပေးလိုက်သည်။
"ဆရာမ... ဒါကို ဆရာမကို ပေးခဲ့မယ်"
မူယုံးယွဲ့လည်း လေးနက်စွာဖြင့်
"ဟုတ်ပါပြီ… အဲ့ဒါတွေကို အလဟဿ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်"
ရှန်မို ပြုံးလိုက်၏။
ကျောက်စိမ်းဂိုဏ်းသည် သူ၏ ဒုတိယအိမ်ကဲ့သို့ ဖြစ်နေသဖြင့် မထွက်ခွာမီ အရာအားလုံးကို သေသေချာချာ စီစဉ်ပေးခဲ့ချင်သည်။ ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်း အမြောက်အမြား ပေါ်လာ၏။ ခဏချင်းမှာပင် ၎င်းတို့သည် ရွှေရောင်စာချွန်တော်ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ စာချွန်တော်ပေါ်တွင် ရွှေရောင်စာလုံးများ ပေါ်လာကာ ရှေးဟောင်းဆန်ပြီး ကျယ်ပြောလှသော အသံကြီးလည်း နောက်မှ ကပ်ပါလာသည်။
"လူသား ရှန်မို… အရှင်သခင်အဆင့်ကို တက်လှမ်းအောင်မြင်ပြီးဖြစ်သဖြင့် နတ်ဆိုး ပင်လယ်၌ အစောင့်အရှောက်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်လိုက်သည်။ မနာခံခြင်းကို ခွင့်မပြု။ အမိန့်ကို ဖီဆန်ပါက အစဖျောက်ခြင်း ခံရမည်”
ရှန်မိုက ခပ်သာသာ ရယ်မောရင်း
"အားလုံးပဲ... ကျွန်တော် သွားတော့မယ်"
“ခေါင်းဆောင်ငယ်... ဂရုစိုက်ပြီး သွားပါဦး”
လီကျန်ထောင်း၊ ဟိုင်ချန်းခွန်၊ မိုလင်းရှောင်၊ ဝမ်မူချွမ်၊ မူယုံးယွဲ့နှင့် အခြားသူများမှာ အဝေးမှနေ၍ သူ့ကို ဦးညွှတ် နှုတ်ဆက်ကြလေ၏။ သူတို့၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေကြသည်။
ရှန်မို ပြုံးလိုက်သည်။ သို့သော်လည်း မိုးကုတ်စက်ဝိုင်းဆီတွင် ရွှေရောင်အလင်းတန်းများ ပိုမိုပေါ်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ကောင်းကင်ယံ၌ ရွှေရောင်စာချွန်တော်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
"လူသား လီကျန်ထောင်း… နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သဖြင့် နတ်ဆိုး ပင်လယ်၌ အစောင့်အရှောက်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်လိုက်သည်။ မနာခံခြင်းကို ခွင့်မပြု။ အမိန့်ကို ဖီဆန်ပါက အစဖျောက်ခြင်း ခံရမည်”
“လူသား မိုလင်းရှောင်… နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သဖြင့်..." "လူသား ဝမ်မူချွမ်… နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သဖြင့်..."
"..."
လီကျန်ထောင်းတို့အားလုံး လုံးဝ စွံ့အနေကြသည်။
"ငါပါ ဘာလို့ အဆင့်ခေါ်ခံရတာလဲ”
လီကျန်ထောင်း လက်မြန်ခြေမြန်ဖြင့် ထိုစာရင်းကို မူယုံးယွဲ့ထံ အမြန်ကမ်းပေးလိုက်သည်။ ထို့နောက် ကျင့်ကြံမှုအဆင့် နိမ့်နေသဖြင့် ဆင့်ခေါ်ခြင်းမခံရသော ဟိုင်ချန်းခွန်ကို ကြည့်ကာ
"အကြီးအကဲဟိုင်၊ အကြီးအကဲမူယုံး... အခုဆိုရင် ဂိုဏ်းကို ခင်ဗျားတို့ လက်ထဲမှာပဲ အပ်ခဲ့ပါပြီ”
မူယုံးယွဲ့နှင့် ဟိုင်ချန်းခွန်တို့မှာ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
"ဘာတွေလဲ”
ရှူး... ရှူး... ရှူး!
ရှန်မို အပါအဝင် ပုံရိပ်အချို့သည် ရွှေရောင်အလင်းတန်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် အစအနမရှိ ပျောက်ကွယ်သွားပါတော့၏။
"အခုဆိုရင် ကောင်းကင်ဘုံတာအိုရဲ့ ဆင့်ခေါ်တဲ့ စံနှုန်းကို နတ်ဘုရားအသွင်ပြောင်းခြင်း ပြည့်စုံခြင်းအဆင့်အထိ လျှော့ချလိုက်ပြီလား”
ဟိုင်ချန်းခွန် အံ့ဩတကြီး ဖြစ်သွားသည်။
မူယုံးယွဲ့လည်း ခေါင်းခါယမ်းလျက်
"ကျွန်မလည်း သေချာမသိဘူး… ဒါပေမဲ့ ဒီအခြေအနေက ကျွန်မတို့ ကျောက်စိမ်းဂိုဏ်း တစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်လောက်ဘူး"
ဟိုင်ချန်းခွန် ထိတ်လန့်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
"မြန်မြန်... တခြားဂိုဏ်းအားလုံးရဲ့ သတင်းတွေကို စုဆောင်းစမ်း”
သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ထိုမြင်ကွင်းမျိုးသည် ဒေသအသီးသီးရှိ ဂိုဏ်းအသီးသီးတွင်လည်း ဖြစ်ပျက်ခဲ့၏။
လင်းတုံထျန်း၊ ရွှယ်ကျီယီ၊ ထုံယွမ်၊ ဝူယန်လန်၊ ဝမ်လန်၊ ကျိုးမင်ယီနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် သို့မဟုတ် ထိုအထက်သို့ ရောက်ရှိနေသော ကျင့်ကြံသူ အားလုံးမှာ ချက်ချင်းပင် ဆင့်ခေါ်ခြင်း ခံလိုက်ရလေသည်။
ထို့အပြင် တောင်ပင်လယ်ဘုရင်၊ မြောက်ပင်လယ်ဘုရင်နှင့် တပ်သား အမြောက်အမြားမှာလည်း ကောင်းကင်ဘုံတာအို၏ ဆင့်ခေါ်ခြင်း ခံခဲ့ရ၏။ ၎င်းမှာ အစားစားတုန်း၊ သီချင်းဆိုနေတုန်းမှာပင် ကောင်းကင်ဘုံတာအိုမှ အဓမ္မ ဆွဲခေါ်သွားသလိုမျိုး ဖြစ်နေသည်။ သူတို့အနေဖြင့် မိသားစုကိုပင် နှုတ်ဆက်ခွင့် မရလိုက်ကြချေ။
ဤသတင်းသည် တိုက်ကြီးတစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွား၏။ လူအများအပြားမှာလည်း အကြီးအကျယ် စိုးရိမ်လာကြသည်။ ကောင်းကင်ဘုံတာအို၏ ဆင့်ခေါ်သည့် စည်းကမ်းချက်များသည် ယခင်၌ မည်သည့်အခါမျှ ပြောင်းလဲခဲ့ခြင်း မရှိပေ။ ယခုမူ ရုတ်တရက် လျှော့ချလိုက်ပြီ ဖြစ်၍ ရှင်းလင်းသော အဖြေတစ်ခုသာ ရှိပေလိမ့်မည်။
နတ်ဆိုး ပင်လယ်သည် အလွန်အမင်း အခြေအနေ ဆိုးရွားနေပြီ ဖြစ်လေ၏။
Chapter 392: နတ်ဆိုးပင်လယ်သို့ ပထမဆုံး ရောက်ရှိခြင်း
ရှန်မို၏ အသိစိတ်များ တဖြည်းဖြည်း ကြည်လင်လာသည်။ သူ အပြည့်အဝ ပြန်မြင်ရလာသည့်အခါတွင် သူစိမ်းပြင်ပြင် မြေပြင်တစ်ခုပေါ်၌ ရပ်နေမိသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်မှာ ပြန့်ပြူးပြီး အတားအဆီးမရှိ ချောမွေ့နေသည်။ ထိုမြေပေါ်တွင် နေအိမ်အဆောက်အအုံ အမြောက်အမြားလည်း တည်ရှိနေကြ၏။ ထူထဲသော ကျောက်ပြားများ ခင်းထားသည့် လမ်းမများပေါ်တွင် လမ်းသွားလမ်းလာများစွာ သွားလာနေကြပြီး ဤလူများတွင် မတူညီသော ကျင့်ကြံမှုအဆင့်များ ရှိကြလေသည်။ သို့သော် အနည်းဆုံး ခြေတည်အဆင့် ခွန်အား ရှိကြသည်။
သူတို့သည် ရှန်မို၏ ဝေခွဲမရဖြစ်နေသော အမူအရာကို တွေ့သော်လည်း အံ့ဩပုံမရကြပေ။ သူတို့၏ ဝတ်စားဆင်ယင်မှုပုံစံများမှာ ရှေးကျလှပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က အဝတ်အစားများနှင့် ဆင်တူနေသည်။
ထို့အပြင် လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြပြီး အနားယူ ရပ်တန့်နေသူမှာ အလွန်ပင် ရှားပါးလှသည်။
ခဏအကြာတွင် လူနှစ်ဦး ပဋိပက္ခဖြစ်ကာ လက်သီးလက်မောင်းတန်း တိုက်ခိုက်နေကြသည်ကို ရှန်မို မြင်တွေ့လိုက်ရသည်။ ရန်ဖြစ်ရသည့် အကြောင်းရင်းမှာ အလွန်သေးဖွဲလှ၏။
တစ်ယောက် တိုက်ခိုက်ရေးပညာ ကျင့်နေသည်မှာ အခြားတစ်ယောက် ဟင်းသီးဟင်းရွက်လှီးပြီး ထမင်းချက်နေသည်အား အနှောင့်အယှက်ဖြစ်စေသောကြောင့်သာ ဖြစ်သည်။ ထိုလူနှစ်ဦး စတင်တိုက်ခိုက်ကြပြီး မကြာမီမှာပင် ဦးခေါင်းများမှ သွေးများ စီးကျလာတော့သည်။ ဘေးပတ်ဝန်းကျင်မှ လူများကတော့ ဘာမှမဖြစ်သကဲ့သို့ ဂရုမစိုက်ဘဲ လျစ်လျူရှုထားကြသည်။
မကြာမီမှာပင် တိုက်ခိုက်သူနှစ်ဦးလုံး ဒဏ်ရာရသွားကြပြီး သူတို့၏ ဆွေမျိုးများမှ အသီးသီး လာရောက်ဆွဲခေါ်သွားကြသဖြင့် ထိုပြဇာတ်ကြီး ပြီးဆုံးသွားတော့သည်။
"အို… မင်းက လူသစ်နဲ့ တူတယ်… အခုလေးတင် ရောက်တာလား”
ရှန်မို၏ နောက်ဘက်မှ သြဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်မို သေသေချာချာ ကြည့်လိုက်သည့်အခါ အရပ် ဆယ်ပေခန့် မြင့်မားပြီး ကြွက်သားအမြောင်းမြောင်းနှင့် ထွားကျိုင်းသော ကတုံးလူသန်ကြီး တစ်ဦး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူသည် ခရမ်းရောင်သန်းသော အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ရင်ဘတ်ချပ်ဝတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကျားခေါင်းပုံကို ထွင်းထုထား၏။ သူ ငြိမ်ငြိမ်လေး ရပ်နေလျှင်ပင် အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေလေသည်။ ရှန်မို ခံစားမိသည်မှာ ဤလူသည်လည်း သူကဲ့သို့ပင် သွေးစွမ်းအင်ကျင့်စဉ်ကို ကျင့်ကြံသူဖြစ်ပြီး အရှင်သခင်အဆင့် ရောက်ရှိနေသူဖြစ်၏။
ထိုကတုံးစစ်သည်တော်ကြီး ရှေ့သို့ တိုးလာပြီး သူ၏ ဦးခေါင်းကြီးမှာ ရှန်မို၏ မျက်နှာနှင့် ကပ်လုနီးပါး ဖြစ်သွားသည်။
"မင်းက နှစ်ပေါင်း ရာချီအတွင်းမှာ ကောင်းကင်ဘုံတာအိုရဲ့ ဆင့်ခေါ်ခြင်းကို ခံရတဲ့ တစ်ဦးတည်းသော ကျင့်ကြံသူပဲ… ပြောစမ်းပါဦး… အခု ကျင်းနိုင်ငံရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
ရှန်မို နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး
"ကျင်းနိုင်ငံက အခြေအနေ ကောင်းပါတယ်… နတ်ဆိုးနိုင်ငံတော်လည်း မရှိတော့ဘူး… ပြည်သူတွေလည်း အေးအေးချမ်းချမ်း နေထိုင်နေကြပါတယ်"
ကတုံးစစ်သည်တော်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး
"ဘာ… နတ်ဆိုးနိုင်ငံတော် မရှိတော့ဘူး ဟုတ်လား" သူ အသံကို ချက်ချင်းနှိမ့်လိုက်ပြီး
"ရှူး... အဲ့ဒါ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် အဲ့ဒီစကားတွေကို အသံကျယ်ကျယ် လျှောက်မပြောနဲ့… မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်"
သူ သတိပေးသည်။
ရှန်မိုမှာ ဝေခွဲမရဖြစ်သွားသော်လည်း ချက်ချင်း ပြန်မမေးသေးပေ။ ယင်းအစား အခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။
"ကျွန်တော် ကောင်းကင်ဘုံတာအိုရဲ့ ဆင့်ခေါ်ခြင်းကို ခံရတုန်းက နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့်နဲ့ အထွတ်အထိပ်ရောက်နေတဲ့ ကျင့်ကြံသူ တချို့လည်း ဆင့်ခေါ်ခံရပါတယ်… သူတို့ရော ဘယ်မှာလဲ"
ကတုံးစစ်သည်တော်ကြီးမှာ မျက်ခုံးပင့်လိုက်ပြီး
"အခုဆိုရင် နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းနဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေကိုတောင် ဆင့်ခေါ်နေပြီလား"
သူက လက်ကို ဝှေ့ယမ်းလိုက်ကာ
"သူတို့ ဆင့်ခေါ်ခံရရင်တော့ နတ်ဆိုး ပင်လယ်မှာပဲ ရှိနေမှာပါ… ကောင်းကင်ဘုံတာအိုက သူတို့ရဲ့ ဘေးကင်းမှုကို အာမခံထားတာမို့လို့ စိတ်ချလို့ရပါတယ်" "ဒါပေမဲ့ နတ်ဆိုး ပင်လယ်က အတိုင်းအဆမရှိ ကျယ်ပြောလှတယ်… သူတို့ ဒီ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ထဲမှာ ရှိချင်မှ ရှိမှာ"
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့… အနှေးနဲ့အမြန်တော့ မင်း သူတို့နဲ့ တွေ့ရမှာပါ"
နတ်ဆိုးနှိမ်နင်းရေး ခံတပ်။
တစ်ခုထက်မက ရှိတာလား။
ရှန်မို၏ သံသယများ ပို၍ ကြီးထွားလာသည်။ တိုက်ကြီးပေါ်တွင် နတ်ဆိုး ပင်လယ်နှင့် ပတ်သက်သည့် အချက်အလက်များ အလွန်နည်းပါးလှသဖြင့် အဖြေရရန် အရာအားလုံးကို မေးမြန်းနေရခြင်း ဖြစ်၏။
"ကောင်းကင်ဘုံတာအို မင်းကို ပို့လိုက်တဲ့နေရာက နည်းနည်း လွဲနေတယ်… သီအိုရီအရဆိုရင် မင်းကို နတ်ဆိုးနှိမ်နင်းရေး ခံတပ်ထဲ တိုက်ရိုက် ပို့ရမှာ… အနည်းဆုံးတော့ အစောင့်အရှောက် တပ်စခန်းထဲကိုပေါ့"
ကတုံးစစ်သည်တော်ကြီးမှ ခေါင်းကုတ်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် ငါ့နောက်ကို လိုက်ခဲ့ပါ… ငါ မင်းကို အဲ့ဒီကို ခေါ်သွားပေးမယ်"
ရှန်မို ခေါင်းငြိမ့်ပြပြီး
"ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
ကတုံးစစ်သည်တော်ကြီး ပြုံးလျက်
“ငါတို့အားလုံးလည်း အောက်ခြေအဆင့် အစောင့်အရှောက်တွေကနေ စခဲ့တာပဲလေ… ကူညီတာက သဘာဝကျပါတယ်"
စကားပြောနေရင်း သူ မိုးထိလုနီးပါး မြင့်မားလှသော အဝေးမှ ဧရာမ တံတိုင်းကြီးဆီသို့ ညွှန်ပြလိုက်သည်။
"အဲ့ဒါကို မြင်လား… အဲ့ဒါ ငါတို့ရဲ့ လိပ်နက်ခံတပ်ပဲ… အမြင့်ပေ ထောင်ကျော်ရှိတယ်"
ရှန်မိုသည် ကောင်းကင်ယံသို့ ထိုးထွက်နေသော ဧရာမ ခံတပ်ကြီးကို ကြည့်ကာ အံ့ဩသွားမိသည်။ သူတို့နှစ်ဦးသည် လိပ်နက်ခံတပ်ဆီသို့ ဦးတည်သွားရင်း လမ်းတစ်လျှောက် စကားပြောသွားကြ၏။
ဤသို့ဖြင့် ရှန်မိုသည် ကတုံးစစ်သည်တော်ကြီး၏ အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏အမည်မှာ ရှီတန့်ယွဲ့ ဖြစ်ပြီး လက်ရှိတွင် လိပ်နက်ခံတပ်၏ နက်နဲအဆင့် အစောင့်အရှောက် တစ်ဦးဖြစ်သည်။
ကောင်းကင်ဘုံတာအိုမှ ဆင့်ခေါ်ခံရသူအားလုံးသည် အစောင့်အရှောက် အဖြစ်မှ စတင်ရသည်။ အစောင့်အရှောက်များကို အဆင့် လေးဆင့် ခွဲထား၏။
အဝါ၊ နက်နဲ၊ မြေ နှင့် ကောင်းကင်တို့ ဖြစ်သည်။ အဆင့်တက်ရန်အတွက် နတ်ဆိုးများကို ရဲရဲဝံ့ဝံ့ သတ်ဖြတ်ပြီး စစ်မှုထမ်းကောင်း အမှတ်များ စုဆောင်းရ၏။ အစောင့်အရှောက်များ၏ အထက်တွင် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များ ရှိပါသည်။ သို့သော် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များမှာ အလွန်ပင် ရှားပါးလှသည်။ ဗိုလ်ချုပ်တစ်ဦးစီသည် နတ်ဆိုးနှိမ်နင်းရေး ခံတပ်တစ်ခုစီ၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ထူးထူးခြားခြား အစွမ်းထက်သော နတ်ဆိုးများက ခံတပ်ကို လာရောက်တိုက်ခိုက်မှသာ သူတို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ကြသည်။
မကြာမီမှာပင် ရှီတန့်ယွဲ့၏ လမ်းညွှန်မှုဖြင့် ရှန်မိုတစ်ယောက် ခံတပ်အောက်ခြေရှိ အစောင့်အရှောက် တပ်စခန်းသို့ ရောက်ရှိလာသည်။ ဤစစ်စခန်းမှာ အလွန်ကျယ်ဝန်းလှပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာလည်း စုံလင်လှသည်။ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်ဆိုင်များ… ဆောင်ကြာမြိုင်များပင် ရှိသေးသည်။
ရှန်မို အစောပိုင်းက ရောက်ခဲ့သည့် နေရာထက်ပင် များစွာ ပို၍ စည်ကားသာယာလှသည်။ သူ မျက်ခုံးပင့်လိုက်မိ၏။ ဤအဆောက်အအုံများသည် စစ်စခန်းကို အခြေပြုပြီး တည်ဆောက်ထားခြင်း ဖြစ်ပုံရသည်။
"ရောက်ပြီ… ဒါက နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်စခန်းပဲ"
ရှီတန့်ယွဲ့ ပြုံးလျက်
"မင်းက နတ်ဆိုးနှိမ်နင်းရေး အစောင့်အဖြစ် တာဝန်ပေးအပ်ခံရတာဆိုတော့ ဒီနေ့ တာဝန်ကျနေတဲ့ တပ်မှူးဆီမှာ မှတ်ပုံတင်ရမယ်"
ရှန်မိုက ခေါင်းငြိမ့်ပြ၏။
သူတို့နှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် တပ်စခန်း၏ အဝင်ဝသို့ ရောက်ရှိလာသည်။ အဝင်ဝတွင် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ဦး အစောင့်ကျနေသည်။ သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပြင်းထန်လှ၏။ သူတို့၏ မျက်လုံးလေးလုံးမှာ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသော အကြည့်များဖြင့် ဝေ့ကြည့်နေကြသည်။ ၎င်းမှာ မည်သည့် ပြဿနာရှာမည့်သူကိုမဆို တားဆီးရန် လုံလောက်လှ၏။ ရှီတန့်ယွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအထဲတွင်... မထီမဲ့မြင်ပြုသည့် အရိပ်အယောင်လေးပင် ပါနေသေးသည်။
"ညီအစ်ကိုရှီ… ဒီနေ့ မင်း တာဝန်နားတဲ့ရက် မဟုတ်လား… တပ်စခန်းမှာ ဘာလာလုပ်တာလဲ" "ဟုတ်ပါ့ ညီအစ်ကိုရှီ… ငါတို့က တစ်လမှ တစ်ရက်ပဲ နားရတာ… အဲ့ဒီအချိန်ကို တန်ဖိုးထားသင့်တယ်လေ… ဆောင်ကြာမြိုင် သွားပြီး ပျော်ပါးလိုက်ပါဦး”
ထိုသူနှစ်ဦး တခိခိ ရယ်မောကြသည်။
ရှီတန့်ယွဲ့လည်း အားရပါးရ ရယ်မောလိုက်ကာ
"ငါ ဒီနေ့ နားရမှာပါ… ဒါပေမဲ့ အရက်ကလေး နည်းနည်းသောက်ပြီး လမ်းလျှောက်လာတုန်း ဒီကောင့်ကို လမ်းလယ်ခေါင်မှာ ရပ်နေတာ တွေ့လို့လေ"
"သူက ကောင်းကင်တာအိုရဲ့ ဆင့်ခေါ်ခံရတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်သစ်ပဲ… သူ့ကို ပို့လိုက်တဲ့နေရာက နည်းနည်း ပြဿနာရှိနေတာနဲ့ ငါပဲ တပ်စခန်းကို တိုက်ရိုက် ခေါ်လာပေးလိုက်တာ"
ထိုအခါမှသာ အစောင့်နှစ်ဦးတို့ ရှန်မိုကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ သူ့ဆီတွင် ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။ ထို့ကြောင့် သူတို့၏ အကြည့်များကို ပြန်လွှဲလိုက်ကြ၏။
"ညီအစ်ကိုရှီကတော့ တကယ်ကို သဘောကောင်းတာပဲ"
ရှီတန့်ယွဲ့ လက်ယမ်းပြကာ
"ဒီနေ့ ဘယ်တပ်မှူး တာဝန်ကျလဲ"
ဘယ်ဘက်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်မှ
“တပ်မှူး ကျန့်ပိုင်ရှန့်ပါ"
ရှီတန့်ယွဲ့ ခေါင်းငြိမ့်ပြ၍
"ကောင်းပါပြီ… ဒါဆို ငါ သွားလိုက်ဦးမယ်"
ရှန်မိုလည်း နောက်မှ လိုက်သွား၏။
သူတို့နှစ်ဦး နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်စခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ရှန်မိုသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရ၏။
ဤနေရာရှိ လေထုထဲတွင်ပင် ပြင်းထန်ပြီး တိုက်ခိုက်လိုစိတ်ပြည့်နေသော စွမ်းအင်များဖြင့် ပြည့်နှက်နေပုံရသည်။ လူတိုင်းတွင် ကျစ်လျစ်သော ကြွက်သားများနှင့် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်များ ရှိကြသည်။ စိတ်ဝိညာဉ်စွမ်းအင်ကိုသာ အာရုံစိုက်ပြီး ခန္ဓာကိုယ် လေ့ကျင့်မှုကို လျစ်လျူရှုထားကြသည့် ကျင်းနိုင်ငံရှိ ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားနေလေ၏။
ရှီတန့်ယွဲ့ သူ၏ အကြည့်ကို သတိပြုမိပြီး ရယ်မောလိုက်သည်။
"အံ့ဩသွားတယ်မလား"
"ငါ ပြောပြမယ်… ဒီက နတ်ဆိုးနှိမ်နင်းရေး အစောင့်အများစုဟာ သွေးစွမ်းအင်ကျင့်စဉ်ကို အတိုင်းအဆတစ်ခုအထိ ကျင့်ကြံထားကြတယ်"
"မင်းလည်း ကျင့်ကိုကျင့်ရမယ်… မဟုတ်ရင် စစ်မြေပြင်က နတ်ဆိုးစွမ်းအင်တွေကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်းကတော့ သန်မာပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပုံရပါတယ်… သွေးစွမ်းအင်ကျင့်စဉ် ကျင့်ထားတယ်မလား”
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။
"အဲ့ဒါ ကောင်းတာပေါ့… မင်း အသက်ရှင်နှုန်း ပိုမြင့်တာပေါ့"
ရှီတန့်ယွဲ့က ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း ပြောသည်။ ရှန်မို၏ ပါးစပ်မှာ အနည်းငယ် လှုပ်ခတ်သွား၏။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တွေရဲ့ အသက်ရှင်နှုန်းက... အဲ့ဒီလောက်တောင် နိမ့်တာလား။
"ကြည့်လိုက်… အဲ့ဒါ တပ်မှူးရဲ့ တဲပဲ"
ခဏမျှ လမ်းလျှောက်ပြီးနောက် ရှီတန့်ယွဲ့သည် ရှေ့မှ ခန့်ညားလှသော တဲကြီးကို ပြုံးလျက် ညွှန်ပြ၏။
ရှန်မိုလည်း ခေါင်းငြိမ့်ပြ၏။
"တပ်စိတ်မှူးရှီ… ဘာကိစ္စရှိလို့လဲ”
တဲအဝင်ဝရှိ စစ်သားနှစ်ဦးမှာ စကားအပိုမပြောဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
ရှီတန့်ယွဲ့မှ အခြေအနေကို ရှင်းပြလိုက်လေ၏။
"တပ်စိတ်မှူးရှီ… အပြင်မှာ ခဏစောင့်ပါ… မင်းကတော့... တစ်ယောက်တည်း အထဲဝင်သွားလိုက်"
စစ်သားတစ်ဦးမှ ရှန်မိုကို ညွှန်ပြကာ ပြောလိုက်သည်။ ရှန်မို ကြောက်ရွံ့ခြင်းမရှိပေ။ သူက ခေါင်းငြိမ့်ပြပြီး ယုံကြည်ချက်ရှိရှိဖြင့် တဲအတွင်းသို့ လှမ်းဝင်သွားပါတော့သည်။
Chapter 393: တပည့်တွေကို မကာကွယ်နိုင်ဘဲ ဘယ်လိုဆက်လုပ်မှာလဲ
တဲအတွင်းပိုင်း အခင်းအကျင်းမှာ အလွန်ရိုးရှင်းလှသည်။ ဘေးတစ်ဖက်တစ်ချက်တွင် လက်နက်စင် နှစ်တန်းစီရှိနေပြီး ဓား၊ လှံ၊ ပုဆိန်၊ ချိတ်၊ ခွ စသည့် လက်နက်ဆယ့်ရှစ်မျိုးစလုံး စုံစုံလင်လင် ရှိနေ၏။
အရှေ့တည့်တည့်တွင် စားပွဲအကြီးစားတစ်ခု ရှိပြီး ၎င်းနောက်ကွယ်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးမှာ စာရွက်စာတမ်းများကို အာရုံစိုက်ဖတ်ရှုနေလေ၏။ ထိုသူ၏ ထိုင်ခုံနောက်ဘက်တွင်မူ နတ်ဆိုးပင်လယ် မြေပုံအကြီးကြီးတစ်ခု ချိတ်ဆွဲထားသည်။
ခြေသံကြားရသောအခါ ထိုလူလတ်ပိုင်းအမျိုးသားမှာ ခေါင်းမော့မကြည့်ဘဲ လှမ်းမေးလိုက်သည်။
"ကောင်းကင်ဘုံတာအိုရဲ့ စုဆောင်းခံရတဲ့ နတ်ဆိုး နှိမ်နင်းရေးတပ်သားသစ်လား… မင်းနာမည် ဘယ်သူလဲ"
"ရှန်မိုပါ"
"ဘယ်ကလာတာလဲ"
"ကျင်းနိုင်ငံ၊ ယုကျောက်နယ်၊ ကျောက်စိမ်းဂိုဏ်းကပါ"
"အော်... ကျောက်စိမ်းဂိုဏ်းလား… တစ်ခါမှမကြားဖူးပါဘူး… နောက်မှပေါ်လာတဲ့ ဂိုဏ်းဖြစ်မယ်… မင်းရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ"
"အရှင်သခင်အဆင့်ပါ"
ထိုအခါမှသာ လူလတ်ပိုင်းအမျိုးသားက စာရွက်စာတမ်းများလှန်နေခြင်းကို ရပ်တန့်လိုက်ပြီး ရှန်မိုကို အခိုက်အတန့်မျှ သေချာစိုက်ကြည့်လာသည်။
"မင်းက သွေးချီကျင့်စဉ်ကို ကျင့်တာလား"
"ဟုတ်ကဲ့"
"မဆိုးပါဘူး… နောက်ဆုံးတော့ စိတ်ဝိညာဉ်စွမ်းအင်ကျင့်စဉ်တွေကျင့်ပြီး ဘာမှအသုံးမကျတဲ့လူတွေထဲက မဟုတ်တဲ့သူ တစ်ယောက်ပါလာပြီပဲ"
လူလတ်ပိုင်းအမျိုးသားမှ တည်ငြိမ်စွာပင် ဆက်ပြောသည်။
"ငါ့နာမည်က ကျန့်ပိုင်ရှန့်… ဒီရွှမ်ဝူခံတပ်ရဲ့ ရှေ့တန်းစစ်ကြောင်းမှူးပဲ… ကောင်းကင်ဘုံတာအိုရဲ့ လူသစ်စုဆောင်းမှု မလုပ်ဖြစ်တာ ရာစုနှစ်ပေါင်းများစွာ ကြာပြီ… မင်းက ပထမဆုံးပဲ… အခုခေတ် ကျင်းနိုင်ငံက ကျင့်ကြံသူတွေက ဒီလောက်တောင် အားနည်းသွားကြတာလား… ဒီလောက်ကြာတဲ့အထိ နတ်ဘုရားနန်းတော်အဆင့်ကို တက်နိုင်တဲ့သူ တစ်ယောက်မှမရှိဘဲ အရှင်သခင်အဆင့်အထိပဲ ရောက်ကြတော့တာလား"
ရှန်မို ဘာမှပြန်မပြောမိပေ။ အကယ်၍ ကျီဖျင်သာ အသက်ရှင်နေသေးလျှင် နတ်ဘုရားနန်းတော်အဆင့် တက်လှမ်းနိုင်သည့် အခွင့်အရေး ရှိကောင်းရှိနိုင်သော်လည်း နှမြောစရာပင်။ အတိတ်ကို ပြန်ကြည့်လျှင်လည်း အလားအလာရှိသည့် ကျင့်ကြံသူများစွာ ရှိခဲ့သော်လည်း အားလုံးနီးပါးမှာ ဂိုဏ်းတွင်းပဋိပက္ခများ သို့မဟုတ် နတ်ဆိုးမျိုးနွယ်စုများ၏ လုပ်ကြံမှုကြောင့်သာ သေဆုံးခဲ့ရ၏။
ကျန့်ပိုင်ရှန့်မှ စာရွက်တစ်ရွက် လှမ်းပစ်ပေးလိုက်သည်။
"ဒါကို ဖြည့်လိုက်… တစ်ခုချင်း မေးနေရတာ အလုပ်ရှုပ်လို့"
ရှန်မို ထိုစာရွက်ကိုကြည့်လိုက်ရာ မေးခွန်းများစွာ ပါဝင်နေသည်ကို တွေ့ရသည်။ အစပိုင်းတွင် နာမည်နှင့် အသက်ကဲ့သို့ အခြေခံအချက်အလက်များသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျင့်စဉ်နှင့် တိုက်ခိုက်ရေးပညာရပ်များကိုပါ မေးမြန်းထား၏။
သူ မျက်မှောင်ကြုတ်သွားသည်။ ဤအချက်များသည် လျှို့ဝှက်ထားရမည့် အရေးကြီးသော အချက်များ ဖြစ်သောကြောင့်ပင်။
"မင်း အသေးစိတ် မပြောချင်ရင်လည်း အကြမ်းဖျင်းပဲရေးပါ… လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတာပဲလေ"
ကျန့်ပိုင်ရှန့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စစ်ကြောင်းမှူးကျန့်"
ရှန်မို ခေါင်းငြိမ့်ပြ၏။
ခဏအကြာတွင် ရှန်မို စာရွက်ဖြည့်ပြီးနောက် ကျန့်ပိုင်ရှန့်ထံ ပြန်ပေးလိုက်သည်။ ကျန့်ပိုင်ရှန့် ခပ်မြန်မြန်ပင် ဖတ်ကြည့်လိုက်သော်လည်း ထူးခြားသည့်အချက် တစ်စုံတစ်ရာ မတွေ့ရပေ။
"အခုလောလောဆယ် နေရာတိုင်းမှာ လူလိုနေတယ်… မင်းကို ဘယ်နေရာပို့မယ်ဆိုတာတော့ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး… ခဏနေရင် တပ်မှူးတွေကို ခေါ်ပြီး မင်းဘယ်သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်မယ်"
ရှန်မို နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ ကျန့်ပိုင်ရှန့်မှာ သစ်သားတိုကင်ပြားတစ်ခုကို ပစ်ပေးလိုက်ပြန်၏။
"ဒါကိုယူပြီး ထောက်ပံ့ရေးဌာနမှာ လက်ပတ်၊ ချပ်ဝတ်တန်ဆာနဲ့ လက်နက် သွားထုတ်ချေ… တစ်စုံပဲရမယ်နော်… ပျက်စီးသွားရင် စစ်မှုထမ်းရမှတ်နဲ့ အသစ်လဲရမှာ"
ထိုသို့ပြောပြီးနောက် ရှန်မို့ကို ထွက်သွားရန် လက်ယမ်းပြလိုက်သည်။ ရှန်မိုလည်း ဦးညွှတ်ကာ လှည့်ထွက်လာခဲ့၏။
ကျန့်ပိုင်ရှန့်မှာ ရှန်မို၏ ကျောပြင်ကိုကြည့်၍ သူဖြည့်ထားသည့် အချက်အလက်များကို တစ်ချက်ပြန်ကြည့်ကာ ခေါင်းခါလိုက်မိသည်။
"ရာစုနှစ်ပေါင်းများစွာကြာမှ လူတစ်ယောက်လာတာဆိုတော့ တစ်ခုခု ထူးထူးခြားခြား ဖြစ်လိမ့်မယ်လို့ ထင်ထားတာ… ဒီလူက သိပ်ပြီး အစွမ်းထက်ပုံမရပါလား… အင်း... စောင့်ကြည့်ရမှာပေါ့… သူ တစ်ခုခု ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်"
ခဏအကြာတွင် ကျန့်ပိုင်ရှန့် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟူး... နတ်ဆိုးနှိမ်နင်းရေးတပ်သားတွေက နည်းသထက်နည်းလာပြီး နတ်ဆိုးမျိုးနွယ်တွေက ပိုပိုပြီး အင်အားတောင့်တင်းလာတယ်… ငါတို့ သူတို့ကို တကယ်ပဲ ဆက်ပြီး နှိမ်နင်းထားနိုင်ပါဦးမလား"
ဤကဲ့သို့ စိတ်ဓာတ်ကျစရာ အတွေးများသည် ခဏသာဖြစ်ပြီး သူ ချက်ချင်းပင် ဖယ်ရှားလိုက်သည်။ တာဝန်များ ပုံနေသည်ဖြစ်ရာ ဝမ်းနည်းနေရန် အချိန်မရှိပေ။
ရှန်မို တဲအပြင်ဘက်သို့ ထွက်လာသောအခါ ရှီတန့်ယွဲ့ စောင့်နေဆဲပင်။
"ဟေး... ထွက်လာပြီလား… စစ်ကြောင်းမှူးကျန့်က မင်းကို ချက်ချင်း တာဝန်မပေးသေးဘူးမလား"
ရှန်မို ခေါင်းငြိမ့်ပြ၏။ ရှီတန့်ယွဲ့ ခပ်ဖွဖွပြုံးကာ
"အခု တပ်ခွဲတိုင်းမှာ လူလိုနေတာ… စိတ်မပူနဲ့… မနက်ဖြန်ထက် နောက်မကျဘဲ မင်း တာဝန်ကျမယ့်နေရာ သိရလိမ့်မယ်… လာ... ငါ့နေရာကို အရင်သွားနားရအောင်… ငါ မင်းကို မေးစရာတွေ အများကြီးရှိသေးတယ်"
နှစ်ယောက်သား ခဏတာ လမ်းလျှောက်လာပြီးနောက် စစ်စခန်း၏ အရှေ့တောင်ဘက်သို့ ရောက်လာသည်။ ထိုနေရာတွင် စစ်သားလေးဦးမှာ စကားတပြောပြောနှင့် ဖဲကစားနေကြသည်။ ရှီတန့်ယွဲ့ကို မြင်သည်နှင့် သူတို့မှာ ဖဲချပ်များကို အလန့်တကြား သိမ်းဆည်းကာ ပြုံးဖြီးဖြီးနှင့် မတ်တပ်ထရပ်ကြ၏။
"တပ်ကြပ်ကြီး… ပြန်လာပြီလား"
"ဟုတ်တယ် ဆရာ… အားလပ်ရက် ယူထားတာ မဟုတ်ဘူးလား"
"ကျွန်တော်တို့ အားလုံး ဆရာ့ကို လွမ်းနေတာ… အခုလို ပြန်လာမယ်လို့ မမျှော်လင့်ထားဘူး ဟားဟား..."
ရှီတန့်ယွဲ့မှာ မဲ့ပြုံးပြုံးလိုက်ပြီး
"ငါ့ကို လာဖားမနေနဲ့… အကုန်ထုတ်ပေးလိုက်စမ်း… ငါမရှိတုန်း အပျော်အပါးမလုပ်ဘဲ လေ့ကျင့်နေဖို့ ပြောခဲ့တယ်မလား"
ထိုလေးဦးမှာ ချက်ချင်းပင် ညှိုးငယ်သွားပြီး သူတို့ကိုယ်တိုင်လုပ်ထားသည့် ဖဲချပ်များအား မတတ်သာဘဲ အပ်လိုက်ရသည်။
"ကဲ... မိတ်ဆက်ပေးမယ်… ဒီကောင်လေးက ကောင်းကင်ဘုံတာအိုရဲ့ စုဆောင်းခံရတဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်သားသစ် ရှန်မိုတဲ့"
ထိုလေးယောက်မှာ ရှန်မိုသည် ကောင်းကင်ဘုံတာအို၏ စုဆောင်းခံရသူဖြစ်ကြောင်း သိလိုက်ရသောအခါ မျက်လုံးအဝိုင်းသားနှင့် စိတ်ဝင်တစား ကြည့်လာကြ၏။
"မိုက်လိုက်တာ… ကောင်းကင်ဘုံတာအိုရဲ့ စုဆောင်းခံရတဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ”
"ဟေ့ကောင်... ငါတို့ ဆရာကလည်း အဲ့ဒီလို စုဆောင်းခံရတဲ့သူပဲလေ… မင်းဦးနှောက်က ဘယ်ရောက်နေတာလဲ"
"အော်... ဟုတ်သားပဲ… မေ့သွားလို့..."
"ညီလေး… မင်းက အရမ်းငယ်သေးတာပဲ… အသက်ဘယ်လောက်ရှိပြီလဲ"
"ဟေး... ကျွန်တော်က လီဟိုင်ထန်းပါ… မီးသွေးလို မည်းနက်တဲ့သူလို့ အဓိပ္ပာယ်ရတယ်"
"ကျွန်တော်က လီဟယ်… ဒီနှစ်ယောက်က စွန်းခုန်နဲ့ ကျောက်ရှင်း”
ရှန်မိုမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူတို့၏ စူးစမ်းသော အကြည့်များကြားတွင်ပင် အလိုက်သင့် စကားပြောပေးလိုက်သည်။
စကားပြောရင်းနှင့်ပင် ရှန်မို တစ်ခုသိလိုက်ရသည်မှာ ကောင်းကင်ဘုံတာအို၏ တိုက်ရိုက်စုဆောင်းခံရသူများသည် ဤနတ်ဆိုးပင်လယ်တွင် အလွန်ရှားပါးကြောင်း ဖြစ်၏။ နတ်ဆိုးနှိမ်နင်းရေးတပ်သား အများစုမှာ ခံတပ်အပြင်ဘက်ရှိ မြို့များမှ ရွေးချယ်ခံရသူများ ဖြစ်သည်။ ထိုမြို့များတွင် နေထိုင်သူများမှာမူ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်ဘုံတာအိုကြောင့် ပါလာသူများ သို့မဟုတ် တပ်သားဟောင်းများ၏ မျိုးဆက်များ ဖြစ်ကြ၏။
ထိုအခါမှ ရှန်မို သဘောပေါက်သွားတော့သည်။ ကုန်းမြေအနှံ့အပြားတွင် လူများ အမြဲတစေ ပျောက်ဆုံးနေရခြင်းမှာ အမှန်စင်စစ် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ကောင်းကင်ဘုံတာအိုမှ ခေါ်ဆောင်သွားခြင်း ဖြစ်ပေသည်။ ကောင်းကင်ဘုံတာအိုမှာ ထိုသူတို့၏ အတိတ်မှတ်ဉာဏ်များကိုလည်း ဖျက်ဆီးပစ်လေ့ရှိသောကြောင့် ပျောက်ဆုံးသွားသူများသည် မည်သည့်နေရာသို့ ရောက်သွားသည်အား မည်သူမျှ မသိနိုင်ခြင်း ဖြစ်လေ၏။
ထိုစဉ် ဘေးကပ်လျက်တဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ရှီတန့်ယွဲ့ မင်း လမ်းဘေးကနေ ကောင်းကင်တာအိုဆီက စုဆောင်းခံရတဲ့ တပ်သားတစ်ယောက် ခေါ်လာတယ်ဆို… ဘယ်လိုပုံစံလဲ… ငါတို့ကိုလည်း ပြဦးလေ”
ရှန်မို လှမ်းကြည့်လိုက်ရာ ကတုံးနှင့် ဗလတောင့်တောင့် လူတစ်ဦး လက်တန်းကို မှီ၍ ခနဲ့ပြုံး ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ထိုသူတွင် ညာဘက်လက်တစ်ဖက်သာရှိပြီး ဘယ်ဘက်လက်အင်္ကျီစမှာ အလွတ်ကြီး တွဲလောင်းကျနေ၏။
ထို့ထက်ပို၍ ထူးခြားသည်မှာ သူ၏ မျက်နှာဖြစ်သည်။ မျက်နှာ၏ ဘယ်ဘက်ခြမ်းတစ်ခုလုံး၌ မီးလောင်ရာမှ ပြန်ကျက်ထားသော အသားမာများကဲ့သို့ ရှုံ့တွနေပြီး မြင်ရသူကို စိတ်မသက်မသာ ဖြစ်စေသည်။
သူစကားပြောလိုက်သည်နှင့် ရှီတန့်ယွဲ့ဘက်မှ စစ်သားလေးဦးတို့ ချက်ချင်း ငြိမ်ကျသွားပြီး ထိုသူကို ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"ငါ့ကို အဲ့ဒီလို မကြည့်နဲ့"
"ရှီတန့်ယွဲ့ကိုယ်တိုင်ကလည်း ကောင်းကင်တာအိုရဲ့ စုဆောင်းခံရတဲ့သူပဲမလား… ဒါပေမဲ့ သူတောင် သူ့လူတွေကို မကာကွယ်နိုင်ခဲ့ဘူး… အခုလည်း နောက်ထပ် စုဆောင်းခံရတဲ့သူတစ်ယောက် ထပ်ရလာပြန်ပြီပေါ့… နောက်ဆို သူ့ကို ကာကွယ်ရင်း မင်းတို့ထဲက ဘယ်နှစ်ယောက်များ ထပ်သေဦးမလဲ မသိဘူး"
ထိုကတုံးလူကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ရယ်မောလိုက်သည်။ ရယ်လိုက်သောအခါ ရှုံ့တွနေသော မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားလေ၏။
ရှီတန့်ယွဲ့မှ အေးစက်စွာပင်
"ရှားရီလန်… ငါတို့တပ်ခွဲအကြောင်း မင်းဝင်ပါဖို့ မလိုဘူး"
ရှားရီလန် အော်ဟစ်ရယ်မောကာ
"ကောင်းပြီလေ… နောက်ရက်အနည်းငယ်နေရင် နတ်ဆိုးငယ်တွေရဲ့ တိုက်ခိုက်မှု လာတော့မယ်… မင်းရဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်သားတွေက လူသစ်တွေချည်းပဲဆိုတော့ ဘယ်နှစ်ယောက် အသက်ရှင်မလဲ ကြည့်ကြသေးတာပေါ့"
သူ ထိုသို့ပြော၍ တဲအတွင်းသို့ လှည့်ဝင်သွားသည်။
ရှန်မိုမှာ ဇဝေဇဝါဖြစ်လျက်
"ခင်ဗျားနဲ့ အဲ့ဒီ ရှားရီလန်ဆိုတဲ့လူက..."
ရှီတန့်ယွဲ့ သက်ပြင်းအရှည်ကြီးချလိုက်ကာ
"ငါ... ငါ တစ်ယောက်တည်း ခဏလောက် နေပါရစေဦး"
ထိုသို့ပြောပြီး သူ၏တဲအတွင်းသို့ ဝင်သွားတော့သည်။ ရှန်မိုမှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားကာ
"ခင်ဗျားတို့ လေးယောက်ရော ပြောပြလို့ရမလား… ဘာတွေဖြစ်နေတာလဲ"