အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
Chapter 400: လင်းတုန်းထျန်၏ အခွင့်အရေး
"တပ်စုမှူးရှား... ခင်ဗျားစောစောကပြောထားတာ မှတ်မိသေးတယ်မလား"
"ဟုတ်ပါ့ ဟုတ်ပါ့... တပ်စုမှူးရှားက ကတိဖျက်မယ့်လူစားမျိုး မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား"
လီဟိုင်ထန်း၊ စွန်းခုန်နှင့် အခြားသူများမှာ လှောင်ပြောင်သရော်သည့် လေသံများနှင့် ပြောဆိုနေကြသည်။
ရှားရီလန် ရှန်မို့ကို အကဲခတ်သလို ခဏကြည့်လိုက်ပြီးနောက်
"ငါက ကတိဖျက်မယ့်သူ မဟုတ်ဘူး"
သူ အေးစက်စက် ပြောလိုက်သည်။
ထို့နောက် ရှေ့သို့ လျှောက်လာပြီး သူ၏ လက်ပတ်ကို ရှန်မို့ လက်ပတ်နှင့် ခတ်လိုက်သည်။
ခဏအကြာတွင် ရှန်မို၏ လက်ပတ်လေး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ အဆင့်စီ အမှတ်တစ်ခု ရရှိသွားကြောင်း တွေ့လိုက်ရလေ၏။
"မင်း အနာဂတ်မှာလည်း ဒီလိုအစွမ်းမျိုး ဆက်ပြနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
ရှားရီလန် ထိုသို့ ပြောကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
ကြည့်ရသည်မှာ သူ ထိုနေရာတွင် တစ်စက္ကန့်လေးပင် ဆက်မနေချင်တော့သည့်ပုံပင်။
လီဟိုင်ထန်းတို့အဖွဲ့မှာမူ ရှန်မို့အနားသို့ ချက်ချင်း ဝိုင်းအုံလာကြပြီး မျက်လုံးထဲတွင် အားကျလေးစားမှုများ အထင်အရှား ပေါ်လွင်နေသည်။ သူတို့အတွက်တော့ တပ်သားသစ်အဖြစ် အတင်းအကြပ် ခေါ်ယူခံရသည့် 'နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်' တစ်ဦးမှာ သာမန်အစောင့်အကြပ်များထက် သိသိသာသာ ပို၍အစွမ်းထက်နေလေ၏။
ရှီတန့်ယွဲ့မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကြောင့် မျှော်လင့်ထားသလောက် အစွမ်းမပြနိုင်ခဲ့သော်လည်း ရှန်မိုကမူ 'တပ်သားသစ် အစောင့်အကြပ်' ဆိုသည်မှာ မည်သို့ရှိရမည်ဟု အပြည့်အဝ သက်သေပြခဲ့သည်။
သူတို့၏ လေးစားမှုကို ရရှိရန် အမှန်တကယ် ထိုက်တန်သူဖြစ်သည်။
ထိုအချိန်တွင် ရှီတန့်ယွဲ့ မျက်နှာမှာလည်း ဝမ်းသာပီတိဖြစ်မှုကြောင့် နီမြန်းနေ၏။ ရှန်မိုသည် စစ်မှန်သော နတ်ဆိုးအရှင်သခင်တစ်ဦးကို တစ်ကိုယ်တော် သုတ်သင်နိုင်ခဲ့ခြင်းအား မြင်ရသည်မှာ သူကိုယ်တိုင် ကောင်းကင်နတ်ဆိုးကြီး တစ်ကောင်ကို သတ်လိုက်ရသည်ထက်ပင် ပို၍ ဝမ်းသာနေပုံရသည်။
"ဒါဆို တပ်သားသစ် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်တွေမှာ ပြဿနာရှိနေတာ မဟုတ်ဘူးပဲ... ပြဿနာက ငါဖြစ်နေတာ..."
"ငါ အဲဒီတုန်းက သောက်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိ ပင်လယ်နက် နဂါးဂျင်ဆင်းက အခုထိ အစာမကြေသေးဘူးလား မသိဘူး..."
ဝမ်းသာနေသည့်ကြားမှ ရှီတန့်ယွဲ့ မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်မိသည်။ နှစ်ပေါင်းငါးရာပင် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းမှာ ယခုထိ အစာမကြေညက်သေးပေ။ ထိုဆေးဖက်ဝင်အပင်မှာ အဆင့်မည်မျှ ရှိသနည်း။ ဒဏ္ဍာရီလာ သူတော်စင်အဆင့် ဖြစ်နေမလား။
ရှန်မိုနှင့် အခြားသူများသည် ရယ်ရယ်မောမော စကားပြောရင်း စစ်စခန်းဆီသို့ ပြန်လာခဲ့ကြ၏။ လမ်းတစ်ဝက်တွင် အခြားလူအုပ်စုတစ်စုနှင့် ဆုံမိပြန်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် လူအုပ်ကြားထဲတွင် ဝိုင်းရံခံထားရသော လင်းတုန်းထျန်ကို ရှန်မို မြင်လိုက်ရသည်။ လင်းတုန်းထျန်၏ ဘေးတွင် တပ်ရင်းမှူး တစ်ဦးပင် ရှိနေပြီး သူကလည်း ပြုံးရွှင်နေသည်။
"အဲဒီ တပ်ရင်းမှူးက ဘယ်သူလဲ"
ရှန်မို မေးလိုက်သည်။
ရှီတန့်ယွဲ့ တစ်ချက် ကြည့်လိုက်ပြီး
"လင်းယွမ်ရှင်းလေ... သူက တပ်မှူးကျုန်းရဲ့ လက်အောက်မှာ အစွမ်းအထက်ဆုံး တပ်ရင်းမှူးတွေထဲက တစ်ယောက်ပဲ"
"ဪ... မှတ်မိပြီ… သူက ဝိညာဉ်တော်ဂိုဏ်းက လာတာလို့ ပြောဖူးတယ်… လင်းတုန်းထျန်ကလည်း အဲဒီဂိုဏ်းကပဲ ထင်တယ်"
"ဒါကြောင့်လည်း လင်းယွမ်ရှင်းက သူ့ကို သူ့လက်အောက်ထဲ ထည့်ထားတာပေါ့"
ရှန်မို ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တွင် လင်းတုန်းထျန်ကလည်း ရှန်မို့ကို သတိပြုမိသွားပြီး အဝေးမှ ပြုံးကာ နှုတ်ဆက်လိုက်၏။
"စီနီယာရှန်... မတွေ့ရတာ ကြာပြီနော်"
ရှန်မို အသာအယာ ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။ လင်းတုန်းထျန်မှာ ရှန်မိုလည်း ဤစခန်း၌ ရှိနေမှန်း သိသော်လည်း ကျိုးမင်ယီကဲ့သို့ လာရောက်မတွေ့ဆုံခဲ့ပေ။ ငါးရက်ဆက်တိုက် စာတစ်စောင်မျှ သတင်းမပို့ခဲ့ဘဲ ယခုမှ ရုတ်တရက် လာနှုတ်ဆက်ခြင်း ဖြစ်၏။
သူသည် မကြာသေးမီက တိုက်ပွဲတွင် အောင်မြင်မှုအချို့ ရရှိခဲ့သဖြင့် ကြွားချင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းလှသည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
လင်းတုန်းထျန် မပြောရသေးမီ သူ၏ဘေးမှ အစောင့်အကြပ်များက အရိပ်အကဲ သိသိဖြင့် စကားစလာကြ၏။
"ဟိုမှာ တပ်သားသစ် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ် မဟုတ်လား… သူက အရှင်သခင်အဆင့် ပညာရှင်လို့ ကြားဖူးတယ်"
"ဒီတိုက်ပွဲမှာ မင်းတို့ ဘယ်လောက် စွမ်းဆောင်နိုင်ခဲ့လဲ"
နောက်ထပ် အစောင့်အကြပ်တစ်ဦးမှ ရယ်မောရင်း
"ညီအစ်ကိုလင်းက ငါတို့နဲ့အတူ တိုက်ခိုက်ရင်း 'စစ်မှန်သော နတ်ဆိုးအရှင်သခင်' တစ်ဦးကို နှိမ်နင်းနိုင်ခဲ့တယ်လေ"
"ဟိုက တပ်သားသစ်အစောင့်အကြပ်... မင်းရဲ့ ကျင့်စဉ်အဆင့်က ညီအစ်ကိုလင်းထက်လည်း မြင့်တယ်… ငါတို့ထက်လည်း မြင့်တယ်ဆိုတော့ မင်းလည်း အနည်းဆုံးတော့ 'စစ်မှန်သော နတ်ဆိုးအရှင်သခင်' တစ်ယောက်လောက် သတ်နိုင်ခဲ့မှာပေါ့ ဟုတ်လား"
အစောင့်အကြပ်များ ရိသဲ့သဲ့နှင့် ပြဿနာရှာရန် စတင်လာကြ၏။
"ကဲ... တော်တော့… တိတ်တိတ်နေကြစမ်း"
တပ်ရင်းမှူး လင်းယွမ်ရှင်းမှ ဟောက်လိုက်သည်။
ထိုအခါမှသာ အစောင့်အကြပ်များ ငြိမ်ကျသွားသော်လည်း ရှန်မို့ကိုမူ လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေကြဆဲပင်။ သူတို့ ရှန်မို့အား အထင်သေးနေကြသည်မှာ သိသာလှ၏။
လီဟိုင်ထန်း၊ စွန်းခုန်နှင့် တခြားသူများမှာ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ် မြို့ရိုးပေါ်မှ လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် အားပါသော အသံတစ်ခုက လိုက်ပါလာ၏။
"ရှန်မိုက သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ 'စစ်မှန်သော နတ်ဆိုးအရှင်သခင်' တစ်ဦးကို တစ်ယောက်တည်း သတ်နိုင်ခဲ့တယ်"
"ပြီးတော့ အဲဒီရန်သူက ကောင်းကင်နတ်ဆိုးကြီး တစ်ပါးရဲ့ မျိုးဆက်တောင် ဖြစ်နေသေးတယ်"
"မင်းတို့ ခန့်မှန်းတာ တော်တော်လေး မှန်သွားတာပဲ"
နင်ထျန်းရင်တစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် မြို့ရိုးပေါ်မှ ဆင်းလာသည်။ သူ့ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။
သူ စကားဆုံးသည်နှင့် လင်းတုန်းထျန်နှင့် တခြားသူများ စွံ့အသွားကြလေသည်။ လင်းယွမ်ရှင်းပင်လျှင် သိသိသာသာ အံ့အားသင့်သွားပုံရ၏။
လူသားမျိုးနွယ်တွင် အရှင်သခင်အဆင့်သည် နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးအရှင်သခင်အဆင့်နှင့် တူညီသည်။ သို့သော် တစ်ဦးချင်း တိုက်ပွဲတွင် လူသားအရှင်သခင် တစ်ဦးအနေနှင့် နတ်ဆိုးအရှင်သခင် တစ်ဦးကို အမှန်တကယ် သုတ်သင်နိုင်ရန်မှာ အလွန်ခက်ခဲလှသည်။ သာ၍ ဆိုးသည်မှာ နင်ထျန်းရင် ပြောသွားသည့်အတိုင်း ကောင်းကင်နတ်ဆိုးကြီး၏ မျိုးဆက် ဖြစ်နေခြင်းပင်။
ထိုသို့သော နတ်ဆိုးမျိုးကို ဘယ်သူ့အကူအညီမှ မပါဘဲ ရှန်မို တစ်ကိုယ်တော် သတ်ပစ်နိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
လင်းတုန်းထျန်၏ မျက်နှာမှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ နင်ထျန်းရင် လိမ်ညာပြောဆိုစရာ အကြောင်းမရှိမှန်း သူနားလည်သည်။ ထိုအောင်မြင်မှုမှာ ရှန်မို၏ စစ်မှန်သော စွမ်းဆောင်ရည်သာ ဖြစ်ပေလိမ့်မည်။
"စီနီယာရှန်လို့ အခေါ်ခံရတာ မဆန်းပါဘူး... ကျင်းနိုင်ငံရဲ့ နံပါတ်တစ်လို့ လူသိများတာ အမှန်ပဲလေ… တကယ်ကို လေးစားစရာပါ"
လင်းတုန်းထျန် အဝေးမှနေ၍ ဦးညွှတ် အရိုအသေပေးလိုက်သည်။
"ကျွန်တော့်ရဲ့ ညီအစ်ကိုတွေက စကားပြော နည်းနည်း ရိုင်းသွားတယ်… စီနီယာ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ရှန်မို အသာအယာ ပြုံးရုံသာ ပြုံးပြပြီး ပြန်ပြောရန် ပျင်းနေမိသည်။ လင်းယွမ်ရှင်းကလည်း နင်ထျန်းရင်အား အဝေးမှ ခေါင်းငြိမ့်ပြကာ ဘာမှမပြောတော့ဘဲ လင်းတုန်းထျန်နှင့် အဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
"ကျင်းနိုင်ငံရဲ့ နံပါတ်တစ် ဟုတ်လား... အာ အစ်ကိုကြီးရှန်… ခင်ဗျားက တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်တာလား"
လီဟိုင်ထန်းတို့အဖွဲ့မှာ မှင်တက်နေကြသည်။ ထိုသို့သော ဘွဲ့ထူးမျိုးမှာ မည်သူမဆို ရနိုင်သည့်အရာ မဟုတ်ပေ။
ရှန်မို အားရပါးရ ရယ်မောလိုက်ပြီး
"အဲဒါ အရင်ကပါကွာ… ဒီ နတ်ဆိုးပင်လယ်မှာတော့ ငါက သာမန် အဝါရောင်အဆင့် အစောင့်တစ်ယောက်ပါပဲ"
နင်ထျန်းရင် ရှန်မို့ကို အနက်အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး
"ကောင်းကင်ဘုံ ဘဏ္ဍာတိုက်က ဆယ်ရက်တစ်ကြိမ် ပေါ်လာတတ်တယ်… မင်း ဒီတစ်ခေါက် တိုက်ပွဲမှာ အမှတ် တော်တော်များများ ရထားမှာပဲ… အဲဒါတွေကို တတ်နိုင်သမျှ မြန်မြန် ခွန်အားအဖြစ် ပြောင်းလဲဖို့ မမေ့နဲ့"
"မင်းသတ်လိုက်တဲ့ နတ်ဆိုးက ကောင်းကင်နတ်ဆိုးကြီးရဲ့ မျိုးဆက်ပဲ… သူ့ရဲ့ ဆရာက မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
ရှန်မို လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်ရင်းမှူး"
နင်ထျန်းရင်လည်း နောက်ဆုံးတစ်ချက် ခေါင်းငြိမ့်ပြကာ သူမ၏ အစောင့်တပ်ဖွဲ့နှင့်အတူ ထွက်ခွါသွား၏။
'ကောင်းကင်ဘုံ ဘဏ္ဍာတိုက်' ဆိုသည်မှာ ကောင်းကင်ဘုံတာအိုမှ စုဆောင်းထားသော ရတနာတိုက်ကြီးဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များသာ ဝင်ရောက်ခွင့်ရှိသည်။ ထိုနေရာတွင် ရှားပါးဆေးဖက်ဝင်အပင်များ၊ နတ်ဘုရားလက်နက်များ၊ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များစွာ ရှိ၏။ အဝါရောင်၊ နက်နဲခြင်း၊ မြေကမ္ဘာ၊ ကောင်းကင် စသည့် အဆင့်အားလုံး ရှိသလို ကောင်းကင်အဆင့်ထက် မြင့်သော သူတော်စင်အဆင့် ပစ္စည်းများပင် ရှိတတ်သည်။ အမှတ်များများ လုံလောက်လျှင် မည်သည့်အရာကိုမဆို လဲလှယ်ယူနိုင်၏။
"လာကြ… စစ်တန်းလျားကို ပြန်ပြီး အောင်ပွဲခံကြစို့" ရှီတန့်ယွဲ့မှ ကျေနပ်အားရစွာ ရယ်မောရင်း ပြောလိုက်သည်။ ရှန်မိုလည်း ပြုံးလျက် ခေါင်းငြိမ့်ပြလေ၏။
...
စစ်တန်းလျားတွင် ညဉ့်နက်လာခဲ့ပြီ။
လီဟိုင်ထန်း၊ ကျောက်ရှင်းနှင့် တခြားသူများမှာ မူးယစ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။ အဆင့်နိမ့်နတ်ဆိုးများမှာ ငါးရက်တစ်ကြိမ် တိုက်ခိုက်လေ့ရှိပြီး ယခုပင် နောက်ဆုံးတိုက်ခိုက်မှုကို တွန်းလှန်ပြီးခါစဖြစ်၍ ခဏတာ ငြိမ်သက်နေမည့် အချိန်ဖြစ်သည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်သည် အစောင့်အကြပ်များ၏ အပြုအမူကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်း မရှိပေ။ နတ်ဆိုးများကို ခုခံတိုက်ခိုက်ရာတွင် အနှောင့်အယှက် မဖြစ်သရွေ့ သူတို့ စိတ်ကြိုက် နေထိုင်နိုင်လေ၏။
ရှန်မိုတစ်ယောက် ဟောက်သံများကြားတွင် လဲလျောင်းရင်း သူ၏ လက်ပတ်ကို စိတ်အားထက်သန်စွာ စစ်ဆေးနေသည်။
"အဆင့်စီ တံဆိပ် (၁) ခု... အဆင့်ဒီ တံဆိပ် (၆၆) ခု"
သူ တိုက်ပွဲမှတ်တမ်းများကို သေချာပြန်ကြည့်လိုက်သည်။ ရှားရီလန်နှင့် တခြားသူများ ပြောခဲ့သည့်အတိုင်း နတ်ဆိုးတပ်မှူးငယ် (၅) ကောင်ကို သတ်မှ အဆင့်ဒီ တံဆိပ် (၁) ခု ရရှိခြင်းဖြစ်၏။ အဆင့်နိမ့်သော နတ်ဆိုးစစ်သူကြီးများကို သတ်လျှင်မူ တံဆိပ်ရရှိမှု ပို၍ပင် နှေးကွေးပေလိမ့်မည်။
ရှန်မို မှတ်တမ်းများကို ဆက်လှန်ကြည့်ရင်း နတ်ဆိုးနှင့် တံဆိပ် လဲလှယ်မှုနှုန်းကို တွက်ချက်ကြည့်လိုက်၏။
နတ်ဆိုးစစ်သူကြီးငယ် (၁၀၀) သို့မဟုတ် နတ်ဆိုးတပ်မှူးငယ် (၅) ကောင် သို့မဟုတ် စစ်မှန်သော နတ်ဆိုးဘုရင် (၂) ကောင် သတ်နိုင်မှ အဆင့်ဒီ တံဆိပ် (၁) ခု ရသည်။
စစ်မှန်သော နတ်ဆိုးဧကရာဇ် (၁) ကောင်လျှင် အဆင့်ဒီ တံဆိပ် (၂) ခု ရသည်။
စစ်မှန်သော နတ်ဆိုးအရှင်သခင် (၁) ကောင်မှာမူ အဆင့်ဒီ တံဆိပ် (၁၀) ခုနှင့် ညီမျှ၏။
ရှန်မို ဒီနေ့သတ်ခဲ့သော နတ်ဆိုးမှာ ကောင်းကင်နတ်ဆိုးကြီး မျိုးဆက်ဖြစ်၍ ပို၍ တန်ဖိုးကြီးသည်။ သူ့ကို သတ်လိုက်ရုံဖြင့် အဆင့်ဒီ တံဆိပ် စုစုပေါင်း (၁၅) ခု ရရှိခဲ့သည်။
"နောက်ထပ် (၅) ရက်နေရင် ကောင်းကင်ဘုံ ဘဏ္ဍာတိုက် ပေါ်လာတော့မယ်... အထဲမှာ ဘာတွေရှိမလဲ တကယ် သိချင်နေပြီ"
"ဒါပေမဲ့ အဲဒီမတိုင်ခင်... လင်းတုန်းထျန်ရဲ့ အခွင့်အရေးကိုတော့ ငါ လက်လွှတ်ခံလို့ မဖြစ်ဘူး"
ရှန်မို အသာအယာ ပြုံးလိုက်သည်။
စောစောက သူ တစ်ချက်ကြည့်လိုက်ရုံနှင့် လင်းတုန်းထျန်၏ ကြီးမားသော ကံကောင်းမှုတစ်ခု ရောက်ရှိလာတော့မည်ကို မြင်လိုက်ရ၏။
၎င်းမှာ... ချိတ်ပိတ်ခံထားရသော ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုပင်။
Chapter 401: ခင်ဗျားက အရမ်းအဆင့်မြင့်တာများလား
[နောင်လာမည့် အခွင့်အရေး - ယနေ့မှစ၍ သုံးရက်အကြာတွင် ကောင်းကင်ပြာအဆောင်သို့ သွားရောက်ကာ ကျင့်ကြံဖော်တစ်ဦးနှင့် ဓားသိုင်းပညာရပ်များ ဖလှယ်ဆွေးနွေးမည်။ ထိုစဉ် တိုက်ဆိုင်စွာပင် အနီးနားရှိ အပေါင်ဆိုင်တစ်ခု၌ ချိတ်ပိတ်ထားသော ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်။ လင်တုန်းထျန်းသည် ထိုအပေါင်ဆိုင်သို့ ရောက်ရှိလာပြီး ဓား၏ တည်ရှိမှုကို အာရုံခံမိသွားလိမ့်မည်။ ဆိုင်ရှင်၏ မသိနားမလည်မှုကို အခွင့်ကောင်းယူ၍ သူ ထိုကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသွားပေလိမ့်မည်။]
ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် တစ်ခုပင်တည်း။
ရှန်မိုတွင် ယခုအချိန်အထိ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် တစ်ခုမျှ မရှိသေးပေ။ သူပိုင်ဆိုင်ထားသော ဓားကျမ်းမှာပင် မြေကမ္ဘာ အမြင့်ဆုံး အဆင့်သာ ရှိသေးသည်။ မီးတောက် ကောင်းကင်ဓားကျမ်း သို့မဟုတ် ပူပြင်းသော မြေကမ္ဘာဓားကျမ်း တို့ကို မရရှိသရွေ့ သူသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် အဆင့်အတန်းအတွင်းသို့ အမှန်တကယ် ခြေလှမ်းလှမ်းနိုင်သည်ဟု မဆိုနိုင်ပေ။ ရှန်မိုသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တို့၏ အစွမ်းထက်ပုံကို ကြားဖူးသည်မှာ ကြာလှပြီ ဖြစ်၏။ အကယ်၍ သူသာ ဤကံကောင်းမှုကို ရယူနိုင်ပါက သူ၏ အစွမ်းမှာ အဆမတန် တိုးတက်လာပေလိမ့်မည်။
ရှန်မို တွေဝေမနေတော့ဘဲ စစ်စခန်းမှ ထွက်ခွာခဲ့ပြီး နတ်ဆိုးနှိမ်နင်းရေး ခံတပ်၏ နောက်ကွယ်ရှိ မြို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။ ထိုမြို့များသည် ခံတပ်ကို အမှီပြု၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သူ သိရှိပြီးသား ဖြစ်၏။ လူသားမျိုးနွယ် ထိန်းချုပ်ထားသော ခံတပ်၏ နောက်ကွယ်၌ လူသားများ နေထိုင်သည့် မြို့များ ရှိသကဲ့သို့ နတ်ဆိုးမျိုးနွယ် သို့မဟုတ် နဂါးမျိုးနွယ်တို့ ထိန်းချုပ်ထားသော ခံတပ်များ၏ နောက်ကွယ်၌လည်း ၎င်းတို့ နေထိုင်ရာ မြို့များ ရှိကြလေသည်။ ထိုမြို့များသည် ယပ်တောင်ပုံစံ ဖြန့်ကျက်ထားပြီး နတ်ဆိုးနှိမ်နင်းရေး ခံတပ်နှင့် နီးကပ်လေလေ ပိုမို စည်ကားဝပြောလေလေ ဖြစ်သည်။ ခံတပ်နှင့် ဝေးကွာသွားပါက မြို့များမှာ ပို၍ သေးငယ်ပြီး ခြောက်သွေ့ သွားတတ်ကြသည်။
ရှန်မိုသည် အလွန်အဝေးကြီးအထိ မသွားတော့ဘဲ ရွှေ့ဝူ ခံတပ်၏ နောက်ကွယ်ရှိ အကြီးဆုံးမြို့ ဖြစ်သော ရွှေ့ဝူမြို့သို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။ ထိုမြို့တွင် လိုအပ်သော အဆောက်အအုံ အပြည့်အစုံ ရှိနေသည်။ အားလုံးမှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ အဆင်ပြေစေရန် တည်ဆောက်ထားခြင်း ဖြစ်၏။ နတ်ဆိုးမျိုးနွယ်နှင့် တိုက်ခိုက်ရခြင်းမှာ အစောင့်တပ်သားများအတွက် အလွန် ပင်ပန်းနွမ်းနယ်စေသော အလုပ် ဖြစ်သောကြောင့် နေ့စဉ်ဘဝတွင် ၎င်းတို့၏ တင်းမာနေသော အာရုံကြောများကို လျှော့ချရန် ဖျော်ဖြေမှုများ လိုအပ်လေသည်။ ကောင်းကင်ပြာအဆောင်မှာ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအဆောင်သည် အမျိုးသားများအတွက်သာ မဟုတ်ဘဲ အမျိုးသမီး နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြား ရှိနေသဖြင့် အမျိုးသမီးများကိုလည်း ကြိုဆိုလက်ခံလေသည်။
ရှန်မိုသည် ရွှေ့ဝူမြို့အတွင်းသို့ ဝင်ရောက်လာခဲ့၏။ သူ ဝတ်ဆင်ထားသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ဝတ်စုံမှာ မြို့သူမြို့သားများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။ မြို့သူမြို့သားများသည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ သူ့ကို မြင်သည်နှင့် လေးစားသမှုဖြင့် နှုတ်ဆက်ကြသည်။ ယင်းမှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတို့ ရရှိထားသော အထူးအခွင့်အရေးနှင့် အဆင့်အတန်းပင်။ ရှေ့တန်းမျက်နှာစာတွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ သွေးမြေကျ ခံနေကြသောကြောင့်သာ ၎င်းတို့ အေးချမ်းစွာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။
ရှန်မိုသည် မြို့ထဲတွင် အနည်းငယ် လှည့်လည်ကြည့်ရှုပြီး အစည်ကားဆုံးသော ကောင်းကင်ပြာအဆောင် နေရာများကို ရှာဖွေလေသည်။ နောက်ဆုံးတွင် ရွှေ့ဝူမြို့၏ အရှေ့ဘက်ခြမ်းရှိ အဆောင်တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုအဆောင်၏ အနီးအနားတွင် အပေါင်ဆိုင် တစ်ခု ရှိနေသည်မှာ သူ၏ ကံကြမ္မာစနစ်ပါ ဖော်ပြချက်နှင့် ကွက်တိပင် ဖြစ်သည်။
ရှန်မို အပေါင်ဆိုင်အတွင်းသို့ ဝင်သွားရာ ဆိုင်အတွင်း၌ ဆိုင်ရှင်တစ်ဦးသာ ရှိနေသည်။ ဆိုင်ရှင်သည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦး ဝင်လာသည်ကို မြင်သောအခါ လေးစားစွာဖြင့် ဆီးကြိုနှုတ်ဆက်လေသည်။
"အရှင်... ပစ္စည်းတစ်ခုခု ပေါင်ဖို့ လာတာလားခင်ဗျ… ဒါမှမဟုတ် ရွေးဖို့လား… ဒီဆိုင်လေးကို အထင်မသေးပါနဲ့နော်… တကယ်လို့ သခင့်မှာ ရတနာတွေ ရှိရင် စစ်မှုထမ်း အမှတ်တွေနဲ့ လဲပေးလို့ ရပါတယ်"
ရှန်မို ပြုံးလိုက်ပြီး
"စစ်မှုထမ်းအမှတ် ဟုတ်လား… ခင်ဗျားကလည်း နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ယောက်လား"
ဆိုင်ရှင် ခေါင်းခါလိုက်ပြီး
"မဟုတ်ပါဘူး၊ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ဖြစ်ဖို့ အရည်အချင်းက အရမ်း မြင့်လွန်းပါတယ်… ကျွန်တော်နဲ့တော့ အဝေးကြီးပါ… ဒါပေမဲ့ ဒီဆိုင်က နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အချို့နဲ့ ရေရှည် လက်တွဲထားတာ ရှိသလို ကျွန်တော့်သားကလည်း အစောင့်တပ်သား တစ်ယောက်ပါပဲ… အရောင်းအဝယ် ပြီးသွားတာနဲ့ သူတို့ကို ဖိတ်ခေါ်ပြီး ဂုဏ်ထူးမှတ်တွေ လွှဲပြောင်းပေးဖို့ ကူညီခိုင်းလို့ ရပါတယ်… အခက်အခဲလေး တစ်ခုကတော့ နည်းနည်း အလုပ်ရှုပ်ပြီး အချိန်ယူရတာပါပဲ… အစောင့်တပ်သားတိုင်းက အချိန်တိုင်း အားမနေကြဘူးလေ"
ရှန်မို နားလည်သွားသဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ ပြဿနာရှိလျှင် ဖြေရှင်းနည်း ရှိစမြဲပင် ဖြစ်၏။
ရှန်မိုက ပြုံးလျက်
"ငါ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်ထဲကို မကြာခင်ကမှ ဝင်ထားတာ… ဒါကြောင့် ငါနဲ့ ကိုက်ညီမယ့် စိတ်ဝိညာဉ်လက်နက် တစ်ခုခုကို ရွေးချယ်ချင်လို့ပါ"
ဆိုင်ရှင်ကလည်း ပျာပျာသလဲပင်
"ဒီဘက်ကို ကြွပါ အရှင်"
သူ ရှန်မို့ကို ဆိုင်၏ ဂိုဒေါင်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ ထိုဂိုဒေါင်အတွင်း၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်လက်နက်များကို စနစ်တကျ စီရီထား၏။ အများစုမှာ လျှို့ဝှက်အဆင့်နှင့် မြေကမ္ဘာအဆင့်များ ဖြစ်ကြသည်။
ဆိုင်ရှင်မှ
"စိတ်ကြိုက် ရွေးချယ်ပါနော် တစ်ခုခု သဘောကျရင် ကျွန်တော့်ကို ပြောပါ"
ရှန်မို စိတ်ဝင်တစားဖြင့်
"ငါ စိတ်ဝိညာဉ်လက်နက် တစ်ခုခုကို ယူပြီး ထွက်ပြေးသွားမှာ ခင်ဗျား မကြောက်ဘူးလား"
ဆိုင်ရှင်မှာ ရယ်မောရင်း
"ကြည့်စမ်း... သခင်က အခုမှ တပ်ထဲ ဝင်ထားတာ ဆိုတော့လည်း မဆန်းပါဘူး… အကယ်၍ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ယောက်က အဲ့ဒီလို လုပ်ရဲရင် ခံတပ်က အပြစ်ပေးဖို့တောင် မလိုပါဘူး… သူတို့ ဝတ်ထားတဲ့ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်ကနေ အမှတ်တွေ အလိုအလျောက် နှုတ်ယူသွားမှာပါ… ဒါကြောင့် မြို့တွေထဲမှာ အစောင့်တပ်သားတွေ ပြစ်မှုကျူးလွန်တာ အလွန် ရှားပါတယ်"
ရှန်မို နားလည်သွားကာ ခေါင်းငြိမ့်ပြလေ၏။
ယင်းမှာ အလွန် လိမ္မာပါးနပ်သော စနစ်ပင် ဖြစ်သည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် သာမန်လူများထက် အစွမ်းထက်ပြီး အဆင့်အတန်း မြင့်မားကြသဖြင့် အကယ်၍ ကန့်သတ်ချက်များသာ မရှိပါက ၎င်းတို့မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားကြပေလိမ့်မည်။
ရှန်မို၏ အကြည့်မှာ စိတ်ဝိညာဉ်လက်နက် အမျိုးမျိုးပေါ်သို့ ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို ရှာတွေ့သွားလေသည်။
၎င်းမှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော မည်းနက်သည့် ဓားကြီးတစ်လက် ဖြစ်သည်။ ထူထဲပြီး ခန့်ညားထည်ဝါလှကာ လေးလံသော အရှိန်အဝါများ ပြည့်နှက်နေလေသည်။ ကောင်းကင်မှ ကျဆင်းလာသော ဥက္ကာခဲတစ်ခုဖြင့် သွန်းလုပ်ထားသကဲ့သို့ပင် ရှိသည်။
ရှန်မိုသည် ရှေ့သို့ တိုးသွားကာ ဓားလက်ကိုင်ကို ဆုပ်ကိုင်ပြီး အားစိုက်စရာ မလိုဘဲ အလွယ်တကူ မလိုက်လေသည်။ ဆိုင်ရှင်မှာ သိသိသာသာ အံ့အားသင့်သွားပြီး
"ဒီဓားက ပုံမှန်ထက် ပိုလေးတာကို အရှင်က အသာလေး မလိုက်နိုင်တာလား"
ရှန်မို ဇဝေဇဝါဖြင့်
"ဒါက တကယ်ပဲ အဲ့ဒီလောက် လေးလို့လား"
ဆိုင်ရှင်မှ
"ဒီဓားက နည်းနည်း ထူးဆန်းတယ်ခင်ဗျ… မြေကမ္ဘာအဆင့် အလတ်စား စိတ်ဝိညာဉ်လက်နက် ဖြစ်ပေမဲ့ မြေကမ္ဘာအဆင့် အမြင့်ဆုံးတွေထက်တောင် ပိုလေးနေသလိုပဲ… ခံတပ်က တပ်ရင်းမှူး အချို့တောင် ဒီကို လာပြီး ကြည့်ဖူးကြတယ်… ဒါပေမဲ့ ဘယ်သူမှ မ,မနိုင်ကြဘူး"
ရှန်မို စိတ်ဝင်စားသွားပြီး
"ဘယ်သူတွေလဲ"
"နင်ထျန်းရင်၊ ရှုံယွမ်ရှန်းနဲ့ လင်ယွမ်ရှင်း တို့လို နာမည်ကြီး တပ်ရင်းမှူးတွေပေါ့… သူတို့ရဲ့ ကျင့်စဉ်အဆင့်က အနည်းဆုံး ရွှေရောင်ထိပ်သီး အရှင်သခင် အဆင့်မှာ ရှိကြတာ… ဒါတောင် သခင်က ဒီဓားကို အသာလေး မနိုင်တယ်ဆိုတော့... သခင်က အရှင်သခင် အထွတ်အထိပ်အဆင့်က ပညာရှင် တစ်ယောက်များလား"
သူ ပြောရင်း ထိတ်လန့်တကြား ဖြစ်သွားလေသည်။
ရှန်မို လက်ကာပြလျက်
"ငါက ခွန်အား အနည်းငယ် ပိုရှိရုံပါ"
သူ ရယ်မောကာ ပြန်ပြောလိုက်သည်။
သူသည် သာမန် အရှင်သခင်အဆင့်သာ ဖြစ်သော်လည်း ကျင့်ကြံထားသော နည်းစနစ်မှာ 'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း' ဖြစ်သည်။ သူ ပထမဆုံး အလွှာ လေးလွှာကိုသာ ရရှိထားသော်လည်း ယင်းမှာ ကောင်းကင်အဆင့် အဆင့်အတန်း ရှိလေ၏။ ဤသွေးစွမ်းအင်အခြေခံ ကျင့်စဉ်၏ စွမ်းအားမှာ ရှန်မို မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသဖြင့် သူ၏ ကာယခွန်အားမှာ တခြား ကျင့်ကြံသူများထက် သာလွန်နေခြင်းမှာ သဘာဝပင် ဖြစ်သည်။
"ဆိုင်ရှင်... ဒီဓားအတွက် အမှတ် ဘယ်လောက် ပေးရမလဲ"
ရှန်မိုမှ မေးလိုက်သည်။
ဆိုင်ရှင် အလေးအနက် စဉ်းစား၍
"ပုံမှန်တော့ ဒီအဆင့် (၁၀) မှတ် တောင်းဖို့ စိတ်ကူးထားတာပါ… ဒါပေမဲ့ သခင်က ဒီလောက် အစွမ်းထက်တဲ့ ပညာရှင် တစ်ဦး ဖြစ်နေတော့ ကျွန်တော် လျှော့ပေးပါ့မယ်… ခြောက်မှတ်... ဒီအဆင့် (၆) မှတ် ပေးပါတော့"
ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။ ဤဆိုင်ရှင်မှာ အတော်လေး လည်လေသည်။ ဈေးလျှော့ပေးခြင်းဖြင့် ရင်းနှီးမှုကို တည်ဆောက်ရန် ကြိုးစားနေခြင်း ဖြစ်၏။
ဆိုင်ရှင်မှ
"ဒီမှာ ခဏစောင့်ပါ သခင်… ကျွန်တော် ခံတပ်က လူတစ်ယောက်သွားခေါ်လိုက်ဦးမယ်"
ရှန်မိုကို ဆိုင်နောက်ဘက်ရှိ အဆောင်တစ်ခုတွင် ဧည့်ခံကျွေးမွေးပြီး အမြန် ထွက်သွားလေသည်။
ရှန်မို (၁၅ မိနစ်) ခန့် စောင့်ဆိုင်းပြီးနောက် ခြေသံများကို ကြားလိုက်ရ၏။ ၎င်းမှာ ရှန်မို တစ်ခါမှ မမြင်ဖူးသော တပ်စိတ်မှူး တစ်ဦး ဖြစ်သည်။ ထိုလူမှာ အရပ်ရှည်ပြီး လက်တံရှည်ကာ ပြုံးရွှင်သော မျက်နှာ ရှိလေ၏။
“နေကောင်းလား... ငါက ရှန့်ရှင်း ပါ… တပ်ရင်းမှူး ရှုံယွမ်ရှန်းရဲ့ လက်အောက်က တပ်စိတ်မှူး တစ်ယောက်ပေါ့"
ရှန်မို ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ရှန်မို ပါ… တပ်ရင်းမှူး နင်ထျန်းရင် လက်အောက်က တပ်စိတ်မှူး ရှီတန့်ယွဲ့ ဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ယောက်ပါ"
ရှန့်ရှင်း အနည်းငယ် အံ့အားသင့်သွားပြီး
"ရှီတန့်ယွဲ့ ဟုတ်လား… သူက တပ်သားသစ်တွေထဲမှာ အစွမ်းက မရေမရာ ဖြစ်နေတဲ့လူလေ… မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် သူ့လက်အောက်မှာ နေရတာ အလဟဿ ဖြစ်နေမှာပေါ့"
ရှန်မို ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။ ထိုအခါ ရှန့်ရှင်း ဆက်မမေးတော့ဘဲ သူ၏ လက်ကောက်ဝတ်ကို မြှောက်ပြလေသည်။
ရှန်မိုလည်း သူ၏ လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး ၎င်းတို့၏ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်နှစ်ခု ထိတွေ့သွားကာ ဒီအဆင့် အမှတ် (၆) မှတ်ကို လွှဲပြောင်းပေးလိုက်လေသည်။
ထို့နောက် သူ ရှန့်ရှင်းနှင့် ဆိုင်ရှင်တို့အား နှုတ်ဆက်ကာ ချိတ်ပိတ်ထားသော ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ကို ကောက်ယူ၍ ထိုနေရာမှ ထွက်ခွါခဲ့ပါတော့သည်။
Chapter 402: ကောင်းကင်အဆင့်စာရင်းဝင်သူများ
ရှန်မို ထွက်ခွာသွားပြီးနောက် ရှန့်ရှင်း အသံကိုနှိမ့်၍ ပြောလိုက်သည်။
"အဖေ... အဖေက ပါရမီရှင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ယောက်နဲ့ ဆုံနေတာလို့ ထင်နေတာ… တကယ်တော့ သူ ဖြစ်နေတာကိုး"
ဆိုင်ရှင်မှာ လန့်သွားပြီး
"မင်း သူ့ကို သိလို့လား"
ရှန့်ရှင်း ခေါင်းငြိမ့်ပြလျက်
"သူ့အကြောင်း ကြားဖူးပါတယ် .. ဒီရက်ပိုင်း စခန်းထဲမှာ သူ့အကြောင်း ပြောနေကြတာတွေ အများကြီးပဲ"
"ဘာဖြစ်လို့လဲ… သူက အသုံးမကျလို့လား"
ရှန့်ရှင်း ခပ်တိုးတိုး ကပ်ပြော၏။
"အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး… ကျွန်တော် သိတာကတော့ တပ်ရင်းမှူး (၁၆) ယောက်လုံးက သူ့ကို ငြင်းပယ်နေကြတာပဲ… ဘယ်သူမှ သူ့ကို သူတို့လက်အောက်မှာ မထားချင်ကြဘူး… ရှီတန့်ယွဲ့ ရဲ့ အခြေအနေကြောင့် သူတို့အားလုံးက စိုးရိမ်စိတ် လွန်ကဲနေကြတာလေ… ဒီလူကလည်း ရှီတန့်ယွဲ့လို ဖြစ်လာမှာကို ကြောက်နေကြတာ"
ဆိုင်ရှင် ခေါင်းငြိမ့်ပြကာ
"သြော်... အဲ့ဒီလိုလား… ဒါဆိုရင် ငါက အရှုံးပေါ်သွားတာပေါ့… ငါ သူ့ကို လေးဆယ်ရာခိုင်နှုန်းတောင် လျှော့ပေးလိုက်တာ… မင်းကပဲ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါဦး ဆိုလို့…နောင်တစ်ချိန် အကူအညီ လိုနိုင်မလားလို့လေ" သူ ညည်းတွားနေမိသည်။
ရှန့်ရှင်းမှ
"ကိစ္စမရှိပါဘူး… ဒီအဆင့် အမှတ် နည်းနည်းပဲဟာ… အလဟဿ ဖြစ်သွားလည်း ဖြစ်ပါစေပေါ့… မနေ့ကတင် နတ်ဆိုးတွေ ဝိုင်းတာကို ခံခဲ့ရသေးတယ်… တခြား အစောင့်တပ်သားတွေကို သူ့ရဲ့ တိုက်ပွဲစွမ်းရည်အကြောင်း မေးကြည့်လိုက်ရင် မကြာခင် သိရမှာပါ"
သူ့သားမှ ပြန်လည်နှစ်သိမ့်လေသည်။
ဆိုင်ရှင်လည်း
"ကောင်းပြီ… သွားမေးကြည့်လိုက်ဦး"
ရှန့်ရှင်းသည် နတ်ဆိုးနှိမ်နင်းရေး ခံတပ်သို့ ပြန်ရောက်သောအခါ သူ၏ ရဲဘော်များအား ရှာဖွေလေသည်။
"မင်းက ဘာဖြစ်လို့ သူ့အကြောင်း မေးနေတာလဲ"
အနီးရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးမှ ပြန်မေးမြန်းလေသည်။
ရှန့်ရှင်း ရယ်မောရင်း
"ဒီအတိုင်း သိချင်လို့ပါပဲ… လူတွေ ပြောတာတော့ ရှန်မိုက အရှင်သခင်အဆင့်ကို ရောက်နေပြီ… အစွမ်းကလည်း တည်ငြိမ်နေပြီ ဆိုပေမဲ့ သူက သွေးသရဖူ ဘယ်နှစ်ထပ်အထိ စုစည်းနိုင်ခဲ့လဲ ဆိုတာတော့ မပြောဘူးလေ"
ထိုအစောင့်တပ်သားမှ ထူးဆန်းသော အပြုံးတစ်ခုဖြင့်
“သူ့မှာ သွေးသရဖူ ဘယ်နှထပ်ရှိလဲ ဆိုတာတော့ ငါမသိဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက နတ်ဆိုးတွေ ဝိုင်းတုန်းက သူ ဘယ်လို စွမ်းဆောင်ခဲ့လဲ ဆိုတာတော့ ကောင်းကောင်းကြီး သိတယ်"
"ဘယ်လိုလဲ"
ထိုအစောင့်တပ်သားမှာ တည်ငြိမ်စွာဖြင့်
"သူက ဘယ်သူ့ကိုမှ အားမကိုးဘဲ နတ်ဆိုးအစစ်သခင် တစ်ဦးကို တစ်ကိုယ်တည်း သတ်ပစ်လိုက်တာ… ပြီးတော့ အဲ့ဒီ နတ်ဆိုးအစစ်သခင်က ကောင်းကင်နတ်ဆိုးကြီးရဲ့ မျိုးဆက်ဖြစ်ပြီး အလွန်အစွမ်းထက်တဲ့ သွေးမျိုးဆက် လျှို့ဝှက်ပညာ ရှိတယ်ဆိုတာကို တပ်ရင်းမှူး နင်ထျန်းရင် ကိုယ်တိုင် အတည်ပြုပေးခဲ့တာ"
ရှန့်ရှင်းမှာ ထိတ်လန့်သွားပြီး
"ဘာ… မဖြစ်နိုင်တာ"
အခြားတပ်သားမှ ပုခုံးတွန့်ပြ၍
"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ… ဒါ အမှန်ပဲလေ… အစောင့်တပ်သား တော်တော်များများလည်း မြင်လိုက်ကြတယ်… ဒီသတင်းက ပျံ့နေတာ ကြာလှပြီ၊ မင်း မကြားတာပဲ နေမှာပါ"
ရှန့်ရှင်း၏ မျက်နှာမှာ သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
"ဘာဖြစ်လို့လဲ"
အစောင့်တပ်သားမှ ပြန်မေးရာ ရှန့်ရှင်း တံတွေးကို ခက်ခဲစွာ မျိုချရင်း
"ဘာမှမဟုတ်ပါဘူး... တော်သေးတာပေါ့… ငါ သူ့ကို အထင်သေးတဲ့ အမူအရာမျိုး မပြခဲ့မိလို့..."
သူ့ရင်ထဲတွင် အကြီးအကျယ် သက်ပြင်းချမိလေသည်။ တော်သေးသည်မှာ သူသည် စိတ်ထဲရှိသမျှကို မျက်နှာပေါ် မထုတ်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ရှန်မိုကို စော်ကားမိသွားနိုင်ပြီး ယင်းမှာ သူ၏ အနာဂတ်အတွက် လုံးဝ ကောင်းကျိုးပေးမည် မဟုတ်ပေ။
'ငါ သူ့နဲ့ ရင်းနှီးအောင် နည်းလမ်းရှာမှ ဖြစ်မယ်'
ရှန့်ရှင်း စိတ်ထဲတွင် ကြံစည်လေသည်။
'မဟုတ်သေးဘူး… ဒီလို အဆက်အသွယ်မျိုးက စောစောစီးစီး လုပ်ထားမှ ဖြစ်မှာ… အခုပဲ သွားမှ!'
ရှန့်ရှင်းသည် ရှီတန့်ယွဲ့၏ တဲသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ရှန်မိုကို ရှာဖွေလေသည်။ ရှန်မိုမှာ အံ့အားသင့်သွားပြီး
"အရောင်းအဝယ် ကိစ္စက ပြီးသွားပြီ မဟုတ်လား… ဘာလို့ ပြန်လာတာလဲ"
ရှန့်ရှင်း ရယ်မောလျက်
"နေကောင်းရဲ့လားခင်ဗျာ… ကျွန်တော့်အဖေက မှားသွားလို့ပါ… အဲ့ဒီပစ္စည်းရဲ့ မူလဈေးက (၁၀) မှတ် မဟုတ်ဘဲ (၇) မှတ်တည်း ဖြစ်နေတာ… အဲ့ဒါကြောင့် အဖေက အရှင့်ဆီကို အမှတ် (၂) မှတ် ပြန်ပေးခိုင်းလိုက်လို့ပါ"
ရှန်မို ငြင်းဆိုရန်ပင် အချိန်မရလိုက်ဘဲ ရှန့်ရှင်းသည် သူ၏ လက်ပတ်ကို ထိကပ်ကာ (၂) မှတ်ကို ချက်ချင်းပင် လွှဲပြောင်းပေးလိုက်လေသည်။
ရှန်မိုသာမက လီဟိုင်ထန်း၊ ကျောက်ရှင်းနှင့် တခြားသူများလည်း မှင်တက်သွားကြသည်။
"အဲ့ဒါ တပ်ရင်းမှူး ရှုံယွမ်ရှန်း လက်အောက်က တပ်စိတ်မှူး ရှန့်ရှင်း မဟုတ်လား… သူက ဘာဖြစ်လို့ ညီအစ်ကိုရှန်ကို ဂုဏ်ထူးမှတ်တွေ လာပေးနေတာလဲ… ဘာတွေ ဖြစ်ကုန်တာလဲ… ညီအစ်ကိုရှန် ရှင်းပြပါဦး”
လီဟိုင်ထန်းတို့ တစ်သိုက် လှမ်းအော်မိကြသည်။ ဂုဏ်ထူးမှတ် ဆိုသည်မှာ အလွန် အဖိုးတန်လှရာ မည်သူက အလကား သက်သက် လာပေးပါမည်နည်း။
ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။ ရှန့်ရှင်းသည် သူ့ကို မျက်နှာချိုသွေးနေခြင်း ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်၏။ ဤလူမှာ တကယ်ကို ပါးနပ်သူ ဖြစ်ပေသည်။
"မင်းတို့လည်း ရှန်မိုရဲ့ အစွမ်းမျိုး ရှိလာတဲ့အခါ အမှတ်တွေ လာပေးမယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်… အခုတော့... သွားအိပ်ကြတော့"
ရှီတန့်ယွဲ့မှ ထူးဆန်းစွာ ရယ်မောရင်း ပြောလိုက်သည်။ လေးယောက်သားမှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။
မိမိ၏ တဲအတွင်းသို့ ပြန်ရောက်သောအခါ ရှန်မိုသည် ချိတ်ပိတ်ထားသော ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်သည်။ ဓားလက်ကိုင်ပေါ်တွင် ခန့်ညားထည်ဝါသော ကောင်းကင်ဖြို ဟူ၍ ရှေးဟောင်းစာလုံးကြီး ရှိနေသည်။ ဓားလက်ကိုင်၊ ဓားပြားနှင့် ဓားဦးဖျားတို့တွင် ထူးဆန်းသော ပုံစံများ ရှိနေပြီး ထိုပုံစံများကပင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်၏ အစွမ်းသတ္တိကို ချိတ်ပိတ်ထားခြင်း ဖြစ်၏။ အစွမ်းကို ပိတ်ထားသော်လည်း ထိုဓားမှာ အံ့အားသင့်ဖွယ် လေးလံလှသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြားကိုပင် အံ့သြသွားစေနိုင်သော အလေးချိန်မျိုး ဖြစ်သည်။
ရှန်မို 'ကောင်းကင်ဖြို' ဓားကို မလိုက်ပြီး အသာအယာ ဝှေ့ယမ်းကြည့်၏။ နာမည်အတိုင်းပင် ဤဓားကြီးသည် ကောင်းကင်ကို ခွဲထွက်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိသည်။ ချိတ်ပိတ်ထားသည့် အခြေအနေမှာပင် မြေကမ္ဘာအဆင့် အလတ်စား စိတ်ဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်နိုင်လေသည်။ ဓားကို ကိုင်ထားစဉ်အတွင်း ဓားအတွင်း၌ ကောင်းကင်နှင့် မြေကြီးကို စိန်ခေါ်လိုသည့် မခံမရပ်နိုင်သော ဓားဝိညာဉ်၏ ဆန္ဒကို ရှန်မို အနည်းငယ် ခံစားမိနေသည်။
"ဒါတွေက အဆောင်လက်ဖွဲ့ အမှတ်အသားတွေနဲ့ တူတယ်"
ရှန်မို တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဆေးဖော်စပ်ခြင်းပညာတွင် ကျွမ်းကျင်သော်လည်း အစီအရင်များနှင့် အဆောင်လက်ဖွဲ့များတွင်မူ အားနည်းချက် ရှိနေသေး၏။ အစီအရင်ပညာမှာ လူသိနည်းသော်လည်း တတ်ကျွမ်းသူ ရှိနိုင်သေးသည်။ သို့သော် အဆောင်လက်ဖွဲ့ပညာမှာမူ သယ်ဆောင်ရလွယ်သော အစီအရင်ငယ်လေးများကဲ့သို့ ဖြစ်ပြီး ပိုမို ခက်ခဲလှသည်။ ယင်းမှာ ထူးကဲသော အာရုံခံစားမှုနှင့် မှန်ကန်သော ပညာအမွေအနှစ် လိုအပ်လေသည်။ ဝိညာဉ်ရတနာ ဥပဒေသဂိုဏ်း ပျက်စီးသွားကတည်းက ဤတိုက်ကြီးတွင် အဆောင်လက်ဖွဲ့ပညာမှာ အလွန် ရှားပါးသွားခဲ့သည်။
နတ်ဆိုးနှိမ်နင်းရေး ခံတပ်တွင် အခြေအနေ မည်သို့ ရှိမည်ကို သူ သိချင်နေမိ၏။ ရှီတန့်ယွဲ့တို့က ကောင်းကင်တာအို ဘဏ္ဍာတိုက်တွင် မည်သည့် ရတနာမျိုးကိုမဆို လဲလှယ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။ ထိုနေရာတွင် အဆောင်လက်ဖွဲ့များ ရှိသင့်ပေ၏။
“ဒါမှမဟုတ်... ဝိညာဉ်ရတနာ ဥပဒေသဂိုဏ်းရဲ့ အမွေအနှစ်တောင် ရှိနေမလား"
သူ တွေးမိသောအခါ မျက်လုံးများ အရောင် တောက်ပသွားသည်။ အကယ်၍ ထိုအမွေအနှစ်ကို ရရှိပါက 'ကောင်းကင်ဖြို' ဓားပေါ်ရှိ သုံးထပ်ချိတ်ပိတ်မှုကို သူ ဖြည်နိုင်ပေလိမ့်မည်။ ဤကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်သည် လင်တုန်းထျန်း၏ အဓိက အခွင့်အရေးများထဲမှ တစ်ခု ဖြစ်လေသည်။ ၎င်း၏ အရေးပါမှုမှာ လင်တုန်းထျန်း ယခင်က ရရှိခဲ့သော 'ရှစ်မျက်နှာ စစ်သူကြီး ကျမ်းစာ'နှင့်ပင် တန်းတူညီမျှလှသည်။
"နောက်ရက်အနည်းငယ်မှာ ဆင်းသက်လာမယ့် ကောင်းကင်တာအို ဘဏ္ဍာတိုက်ကိုပဲ စောင့်ရမှာပေါ့"
ရှန်မိုက ပြုံးလျက် တွေးလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်။
မရေမတွက်နိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ မျှော်လင့်တကြီး စောင့်စားမှုအောက်တွင် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။ ပထမဆုံး ပေါ်ထွက်လာသည်မှာ ဘဏ္ဍာတိုက် မဟုတ်ဘဲ ကြီးမားလှသော ရွှေရောင် ဂုဏ်ထူးဆောင် စာရင်းကြီး သုံးခု ဖြစ်၏။
၎င်းတို့မှာ - ၁။ ကောင်းကင်အဆင့် စာရင်း ၂။ မြေကမ္ဘာအဆင့် စာရင်း ၃။ လူသားအဆင့် စာရင်းတို့ ဖြစ်ကြသည်။
ဤစာရင်းကြီး သုံးခုကို ကောင်းကင်ဘုံတာအို၏ အလိုအရ စုစည်းထားခြင်း ဖြစ်သည်။ ယင်း၏ ရည်ရွယ်ချက်မှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကို နတ်ဆိုးများ သတ်ဖြတ်ရန်နှင့် အမှတ်များ ရှာဖွေရန် တွန်းအားပေးခြင်း ဖြစ်သည်။ အကယ်၍ ထိုစာရင်းတစ်ခုခုတွင် ပါဝင်နိုင်ပါက လစဉ် အမှတ်များကို အလိုအလျောက် ရရှိမည် ဖြစ်သည်။ မည်သူက အခမဲ့ရမည့် ဂုဏ်ထူးမှတ်ကို မလိုချင်ဘဲ နေပါမည်နည်း။
"ကြည့်စမ်း ကြည့်စမ်း… ကောင်းကင်အဆင့် စာရင်းမှာ နာမည်တွေ ပေါ်လာပြီ… ရွှေ့ဝူခံတပ်က ဗိုလ်ချုပ် ကျန်းလုံရှန်း ပါလာပြန်ပြီ… သူ တစ်ဆင့်တက်သွားတာ အခု နံပါတ် (၃) တောင် ရောက်သွားပြီ”
"ဟား... တကယ်လား… ဗိုလ်ချုပ်ကျန်းကတော့ ကြမ်းလိုက်တာ"
"ဟဲဟဲ... ငါတို့ ရွှေ့ဝူခံတပ်က ဗိုလ်ချုပ်ကျန်းလို လူမျိုး ပါနေတော့ ငါတို့တွေ မျက်နှာပွင့်တာပေါ့”
ရှန်မို၏ ဘေးတွင် လီဟိုင်ထန်းနှင့် အခြားသူများမှာ ကောင်းကင်အဆင့် စာရင်းကို ညွှန်ပြလျက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။ ၎င်းတို့၏ မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေသည်။ ရှန်မိုလည်း လှည့်ကြည့်လိုက်၏။
ပြီးခဲ့သော ရက်ပိုင်းက လီဟိုင်ထန်းတို့ တစ်သိုက်သည် ဤစာရင်းကြီး သုံးခုအကြောင်းကို အတောမသတ် ပြောခဲ့ကြသဖြင့် ထိုစာရင်းတွင် မည်သို့ ပါဝင်နိုင်ကြောင်း သူ သိရှိပြီးသား ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်အဆင့် စာရင်းတွင် မည်သို့သော လူများ ပါဝင်နေသနည်းဟု သူ သိလိုစိတ် ပြင်းပြနေမိ၏။
ကောင်းကင်အဆင့် စာရင်းတွင် ပါဝင်ရန်အတွက် အနည်းဆုံး နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်အဆင့် ရှိရမည် ဖြစ်သည်။ လက်ရှိတွင်တော့ နာမည်အနည်းငယ်သာ ပေါ်ထွက်လာသေးသည်။ ရှန်မိုသည် စာရင်းကို အာရုံစိုက်ကြည့်လိုက်ရာ
၁။ သွေးနတ်ဘုရား ခံတပ် — နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ် — ရှီထျန်း ၂။ ပန်လုံ ခံတပ် — နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ် — အောက်ကွမ်း ၃။ ရွှေရင်အေး ခံတပ် — နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ် — ကျန်းလုံရှန်း ၄။ လဝန်းဟိန်းသံ ခံတပ် — နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ် — လန်မန် ၅။ ထျန်းကျန်း ခံတပ် — နတ်ဆိုးနှိမ်နင်းရေး မြေကမ္ဘာဗိုလ်ချုပ် — အာယွမ် ၆။ ...
အစရှိသည်ဖြင့် မြင်တွေ့လိုက်ရပါတော့သတည်း။