အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
Chapter 394: မည်သူမျှ မလိုချင်သောသူ
သူတို့လေးဦး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဆုံမိသွားသည်။ နောက်ဆုံးတွင် အသားညိုညိုနှင့် လီဟိုင်ထန်းမှ အသံကိုနှိမ့်ကာ
"အစ်ကိုရှန်... ကျွန်တော်ပဲ ပြောပြပါ့မယ်"
သူ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး
"နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်မှာ အမျိုးအစား နှစ်မျိုးရှိတယ်… တစ်မျိုးကတော့ အစ်ကိုနဲ့ ခေါင်းဆောင်တို့လိုမျိုး အပြင်လောကကနေ ဆင့်ခေါ်ခံရတဲ့ အစောင့်တပ်သားတွေပေါ့… နတ်ဘုရားနန်းတော်အဆင့် ဒါမှမဟုတ် အရှင်သခင်အဆင့်ကို ရောက်မှသာ အဆင့်မီပြီး ဆင့်ခေါ်ခံရတာပါ"
"ဒါပေမဲ့ တစ်ခါတလေ စစ်ပွဲတွေ အရမ်းပြင်းထန်လာတဲ့အခါမျိုးမှာတော့ သတ်မှတ်ချက် စံနှုန်းတွေကို လျှော့ချပေးတတ်တာမျိုး ရှိပါတယ်" "နောက်တစ်မျိုးကတော့ ကျွန်တော်တို့လိုမျိုး နတ်ဆိုး ပင်လယ်ပြင်မှာပဲ မွေးဖွားကြီးပြင်းလာတဲ့ သာမန်အစောင့်တပ်သားတွေပါ… နတ်ဘုရားအသွင်ပြောင်းအဆင့် ဒါမှမဟုတ် ငွေသရဖူ ဧကရာဇ်အဆင့်ကို ရောက်တာနဲ့ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ထဲကို ဝင်ခွင့်ရပါတယ်"
"ဒါကြောင့် လူတိုင်းက ဆင့်ခေါ်ခံရတဲ့ အစောင့်တပ်သားတွေဟာ ပိုပြီး အစွမ်းထက်တယ်လို့ ယူဆကြတာပေါ့"
လီဟိုင်ထန်းမှ ဆက်၍
"ခေါင်းဆောင်က အစပိုင်းမှာ တော်တော်လေး အလေးပေး ခံခဲ့ရတာပါ… တပ်မှူးကိုယ်တိုင် သူ့ကို လေ့ကျင့်ပေးခဲ့ပြီး ကိုယ်ရံတော်အဖြစ်တောင် ထားခဲ့သေးတယ်"
"ဒါပေမဲ့... ခေါင်းဆောင်ရဲ့ သွေးသရဖူက သူတို့ထင်သလောက် အထင်ကြီးစရာ မကောင်းခဲ့ဘူး… အဆင့် (၆) သွေးသရဖူပဲ ရှိတာလေ"
"ပိုဆိုးတာက သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ အချက်တစ်ခု ရှိနေတာပဲ… သူ့ရဲ့ ကျင့်စဉ်အဆင့်က ပုံမှန်မရှိဘဲ အတက်အကျ အရမ်းများနေတယ်"
"အမြင့်ဆုံးအချိန်မှာ ကောင်းကင်သရဖူ အရှင်သခင်အဆင့်အထိ ရောက်ပေမဲ့ အနိမ့်ဆုံးအချိန်မှာတော့ ငွေသရဖူ အရှင်သခင်အဆင့်မှာတောင် မနည်းထိန်းထားရတဲ့ အခြေအနေမျိုးပါ"
လီဟိုင်ထန်း အားနာသလို ပြုံးလိုက်ရင်း
"အခုဆို နှစ်ပေါင်းငါးရာကျော် ကြာသွားပြီ ဖြစ်ပေမဲ့ သူ့ရဲ့ အဆင့်က အတက်အကျ ဖြစ်နေတုန်းပါပဲ… ကံကောင်းတာတစ်ခုကတော့ အခုနောက်ပိုင်း ငွေသရဖူ အရှင်သခင်အဆင့် ဝန်းကျင်မှာပဲ အနည်းနဲ့အများ ထိန်းထားနိုင်တာပဲ"
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဧကရာဇ်အဆင့်မှ အရှင်သခင်အဆင့်သို့ တက်လှမ်းမည့် ကျင့်ကြံသူ အများစုအတွက် သွေးသရဖူ တစ်ခုကို ပုံဖော်ရန် လိုအပ်သည်။ ကျင့်စဉ် နည်းစနစ် ပိုကောင်းလေလေ၊ ပိုမိုအစွမ်းထက်သော သွေးသရဖူကို ပုံဖော်နိုင်လေလေ ဖြစ်၏။ အနိမ့်ဆုံးမှာ တစ်ထပ်ဖြစ်ပြီး အမြင့်ဆုံးမှာ ကိုးထပ်အထိ ရှိသည်။ ရှန်မိုသည် နတ်ဆင် အကျဉ်းထောင်နှိမ်နင်းရေး ခွန်အားကို ကျင့်ကြံထားသူ ဖြစ်သဖြင့် သွေးသရဖူ ပုံဖော်ရန် မလိုဘဲ ခန္ဓာကိုယ်တွင်းရှိ အမှုန်အမွှားလေးများကို တဖြည်းဖြည်း နိုးထစေရုံသာ ဖြစ်၏။
အရှင်သခင်အဆင့်၏ အဆင့်ခွဲများကိုလည်း သူသိရှိထားပါသည်။ သာမန်အရှင်သခင်၊ ငွေသရဖူအရှင်သခင်၊ ရွှေသရဖူအရှင်သခင်နှင့် ကောင်းကင်သရဖူ အရှင်သခင်ဟူ၍ ရှိကြ၏။ သွေးဝိညာဉ်ကျင့်စဉ် တိုးတက်လာသည်နှင့်အမျှ သွေးသရဖူသည်လည်း အရောင်အမျိုးမျိုး ပြောင်းလဲသွားမည် ဖြစ်သည်။ ၎င်းတို့သည် အဆင့်ငယ်များကို ကိုယ်စားပြု၏။
သူ ရှီတန့်ယွဲ့နှင့် အတူရှိစဉ်က သူ့ အရှိန်အဝါ မတည်မငြိမ်ဘဲ လှုပ်ခတ်နေသည်ကို သူ သတိပြုမိခဲ့သည်။
ယခု လီဟိုင်ထန်း၏ ရှင်းပြချက်ကို ကြားရသောအခါမှ အကြောင်းရင်းကို သဘောပေါက်သွားတော့၏။ ရှီတန့်ယွဲ့၏ ခန္ဓာကိုယ်တွင် တစ်ခုခု ထူးဆန်းနေခြင်းပင်။ ၎င်းသည် မွေးရာပါ ကိုယ်ခံစွမ်းအား၊ ထူးခြားသော ကျင့်စဉ် သို့မဟုတ် သူစားသုံးခဲ့သည့် ထူးဆန်းသော ရတနာတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ကျောက်ရှင်းမှ ဆက်၍
"အဲ့ဒီ ရှားရီလန်က အရင်တုန်းက ခေါင်းဆောင်ရဲ့ လက်အောက်မှာရှိတဲ့ အစောင့်တပ်သား တစ်ယောက်လေ"
"တစ်ခါက သူတို့ စစ်ပွဲကနေ အောင်နိုင်ပြီး ပြန်လာတဲ့လမ်းမှာ နတ်ဆိုးအုပ်စုရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံခဲ့ရတယ်… နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများကြီး သေဆုံးခဲ့ရပြီး အရေးကြီးတဲ့ အချိန်မှာပဲ ခေါင်းဆောင်ရဲ့ ကျင့်စဉ်အဆင့်ကလည်း ရုတ်တရက် ထိုးကျသွားခဲ့တာ… အဲ့ဒါကြောင့် ရှားရီလန်က သူ့မျက်နှာတစ်ခြမ်းနဲ့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာပေါ့”
"အဲ့ဒီကတည်းက သူက ခေါင်းဆောင်ကို မုန်းနေတာ… ခေါင်းဆောင်က အပေါ်ယံ နာမည်ပဲရှိပြီး အနှစ်မရှိဘူးလို့ သူ ထင်နေတာလေ"
ရှန်မို နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ ကျင့်ကြံသူတစ်ဦး၏ ကုသနိုင်စွမ်းနှင့် အစွမ်းထက်ဆေးများအရ ဒဏ်ရာများကို ကုသရန် မခက်ခဲပေ။ သို့သော် ရှားရီလန်၏ မျက်နှာသည် ဒဏ်ရာအတိုင်း ကျန်နေခဲ့၏။ သူ့ဘယ်ဘက်လက်သည်လည်း ပြန်မပေါက်လာခဲ့ပေ။
ထိုသို့ဖြစ်ရခြင်းမှာ သူ့ကို ထိခိုက်စေခဲ့သည်မှာ နတ်ဆိုးချီကြောင့်သာ ဖြစ်ရမည်။
ရှန်မို ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။
ထိုသို့ကြည့်လျှင် ရှားရီလန်မှာ အနည်းငယ် အကျိုးအကြောင်း မဆီလျော်သလို ဖြစ်နေ၏။ ရှီတန့်ယွဲ့မှ ရှားရီလန်အပေါ် ဘယ်တော့မှ မာမာထန်ထန် မပြောဆိုခြင်းမှာလည်း အပြစ်မကင်းသလို ခံစားနေရသောကြောင့် ဖြစ်ပေလိမ့်မည်။
ကျောက်ရှင်း ခေါင်းခါလိုက်ရင်း
"ဒီအကြောင်းတွေ ထားလိုက်ပါတော့… အစ်ကိုရှန်… ကျွန်တော်တို့ကို အပြင်လောက တိုက်ကြီးအကြောင်း ပြောပြပါဦး… အဲ့ဒီမှာ ဘယ်လိုမျိုးလဲဟင်"
လီဟိုင်ထန်းကလည်း စိတ်အားထက်သန်စွာဖြင့်
"ဟုတ်တယ် ဟုတ်တယ်… ကျွန်တော်တို့က နတ်ဆိုး ပင်လယ်ပြင်မှာပဲ ကြီးပြင်းလာတာဆိုတော့ အပြင်လောကကြီးက ဘယ်လိုမျိုးလဲဆိုတာ တကယ် သိချင်နေတာ"
စွန်းခုန့်က စိတ်လှုပ်ရှားစွာဖြင့်
"ကျင်းနိုင်ငံက ဘယ်လိုမျိုးလဲဟင်… ကျွန်တော့်အဘိုး ပြောတာတော့ ကျွန်တော်တို့ ဘိုးဘွားတွေက ကျန်းပြည်နယ်က လာတာတဲ့… အဲ့ဒီနေရာက ဘယ်လိုမျိုးလဲ… တကယ်ပဲ ငါးနဲ့ ဆန်ရေစပါး ပေါများတဲ့ အရပ်လား”
လီဟယ်ကလည်း ရှက်ကိုးရှက်ကန်းနှင့်
"အစ်ကိုရှန်… ကျွန်တော့် ဘိုးဘွားတွေက ဝူပြည်နယ်ကပါ… ဝူပြည်နယ်ကရော ဘယ်လိုလဲဆိုတာ ပြောပြလို့ ရမလား”
ရုတ်တရက် လူလေးဦးလုံး ရှန်မို့ထံ ဝိုင်းအုံလာကြသည်။ ရှန်မို မတတ်သာဘဲ ရယ်မောလိုက်ရင်း
"ကောင်းပါပြီ ကောင်းပါပြီ… တစ်ယောက်ချင်းစီ ပြောပြမယ်… မလောကြနဲ့"
"ကျင်းနိုင်ငံကို ပြည်နယ် ကိုးခုနဲ့ ဖွဲ့စည်းထားတယ်… အဲ့ဒါတွေကတော့..."
...
ရှေ့တန်းစစ်တပ်၏ တပ်မှူးတဲအတွင်း။ ကျုံးပိုင်ရှန့်သည် သူ့ဘေးတစ်ဖက်တစ်ချက်တွင် စီတန်းထိုင်နေသော တပ်ရင်းမှူး (၁၆) ဦးနှင့်အတူ ရှိနေသည်။ တပ်ရင်းမှူး (၁၆) ဦးလုံး၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ဖြစ်နေသော်လည်း တစ်ဦးချင်းစီမှာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် အားကောင်းသော ကိုယ်ဟန်များ ရှိကြ၏။ သူတို့ တစ်ဦးချင်းစီ၏ ဘေးတွင် စာရွက်စာတမ်း သုံးစောင်စီ ရှိနေသည်။ ထိုစာရွက်စာတမ်းများသည် လူသုံးဦးနှင့် သက်ဆိုင်သည်။
ဆင့်ခေါ်ခံရသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား သုံးဦးပင်။
"အားလုံး ဖတ်ပြီးကြပြီမဟုတ်လား"
ကျုံးပိုင်ရှန့်မှ တည်ငြိမ်စွာ ပြောသည်။
"အခု ရွေးကြတော့"
သူ့ စကားဆုံးသည်နှင့် ဝက်ဝံတစ်ကောင်ကဲ့သို့ ထွားကြိုင်းသော အမျိုးသားတစ်ဦးက လက်ထောင်လိုက်သည်။
"တပ်မှူး… ကျွန်တော် ဒီ လင်တုန်းထျန်းကို ယူမယ်… ကျွန်တော်တို့ နှစ်ယောက်လုံးက ဝိညာဉ်တော်ဂိုဏ်းကပဲလေ"
ကျုံးပိုင်ရှန့် အနည်းငယ် ခေါင်းငြိမ့်ပြရင်း
"ကောင်းပြီ… လင်တုန်းထျန်းက မင်းလက်အောက်မှာပေါ့"
ခဏအကြာတွင် ပိန်ပိန်ပါးပါးနှင့် သွက်လက်ပုံရသော အမျိုးသားတစ်ဦး လက်ထောင်ကာ
"တပ်မှူး၊ ကျွန်တော်ကတော့ ကျိုးမင်ယီကို ယူပါ့မယ်… သူက လူရိုးလူအေးပုံ ပေါက်လို့ပါ"
ကျုံးပိုင်ရှန့် ခေါင်းငြိမ့်ပြပြန်သည်။
"ကောင်းပြီ"
ထို့နောက်တွင် တိတ်ဆိတ်မှု ကြာရှည်စွာ လွှမ်းမိုးသွား၏။ မည်သူမျှ စကားမပြောကြပေ။ ကျုံးပိုင်ရှန့် မျက်မှောင်ကြုတ်လိုက်ပြီး
"တစ်ယောက် ကျန်သေးတယ်လေ… ဘယ်သူမှ မလိုချင်ကြဘူးလား"
တပ်ရင်းမှူးများသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ခဏအကြာတွင် တပ်ရင်းမှူး တစ်ဦးမှ တိုးညှင်းသောအသံဖြင့်
"တပ်မှူး... ဒီလူက ရှီတန့်ယွဲ့လို ဖြစ်နေမှာကို ကျွန်တော်တို့ စိုးရိမ်နေကြတာပါ..."
သူပြောလိုက်သည်နှင့် ကျန်တပ်ရင်းမှူးများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည်။
"ရှန်မိုရဲ့ အစွမ်းအစအစစ်အမှန်က ဘာလဲဆိုတာ ဘယ်သူမှ မသိဘူးလေ… သူက ကံကောင်းလို့ပဲ အရှင်သခင်အဆင့်ကို ရောက်သွားတဲ့သူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
"သူနဲ့ယှဉ်ရင် နတ်ဘုရားနန်းတော်အဆင့် ဒါမှမဟုတ် အရှင်သခင်အဆင့်ကို မရောက်သေးတဲ့ ဆင့်ခေါ်ခံ အစောင့်တပ်သားတွေကို လေ့ကျင့်ပေးရတာက ပိုတန်ဖိုးရှိပါတယ်… အနည်းဆုံးတော့ သူတို့ ဘယ်လို နတ်ဘုရားနန်းတော် ဒါမှမဟုတ် သွေးသရဖူကို ပုံဖော်မလဲဆိုတာကို ကျွန်တော်တို့ ကြိုမြင်နိုင်တာပေါ့"
အခြား တပ်ရင်းမှူး တစ်ဦးမှ စိတ်မရှည်စွာဖြင့်
"တပ်မှူးကျုံး… ကျွန်တော်တို့ ဘယ်လို ခံစားနေရလဲဆိုတာ တပ်မှူး သိမှာပါ"
"ရှီတန့်ယွဲ့ အဲ့ဒီတုန်းက နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ ရေနက်နဂါးဂျင်ဆင်းကို စားသုံးမိလို့ အရှင်သခင်အဆင့်ကို ရောက်သွားပြီး ကောင်းကင်ဘုံတာအိုရဲ့ ရုတ်တရက် ဆင့်ခေါ်ခံရတာလေ… ဒါပေမဲ့ သူ့ရဲ့ သွေးသရဖူက ခြောက်ထပ်ပဲ ရှိတာ… အထင်ကြီးစရာမှ မရှိတာ"
"ကောင်းကင်ဘုံရဲ့ စည်းမျဉ်းအရ ကျွန်တော်တို့က ဆင့်ခေါ်ခံရတဲ့ အစောင့်တပ်သားတွေကို ပထမ ဆယ်နှစ်အတွင်းမှာ အသက်ရှင်နေအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးရမယ်"
"အဲ့ဒီတုန်းက ရှီတန့်ယွဲ့ကို ကာကွယ်ရင်းနဲ့ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲ… ဆင့်ခေါ်ခံရတဲ့ အစောင့်တပ်သားတွေရဲ့ အသက်ပဲ အရေးကြီးတာလား… ကျွန်တော်တို့လို သာမန်အစောင့်တပ်သားတွေရဲ့ အသက်ကကော တန်ဖိုးမရှိဘူးလား"
"ရှန်မို့ အစွမ်းက ဘာလဲဆိုတာ ဘယ်သူမှ မသိဘူး… သူ့ကို ကိုယ့်လက်အောက်မှာ ထားပြီး ဘယ်သူမှ အန္တရာယ်ကို မရင်းချင်ဘူးလေ"
"တခြားသူတွေ ဘာထင်ထင် ဂရုမစိုက်ဘူး… ကျွန်တော် ရှုံ့ယွမ်ရှန်း အပြတ်ပြောမယ်… သူ ကျွန်တော့် တပ်ဖွဲ့ထဲကို ဘယ်တော့မှ မဝင်စေရဘူး"
ထိုတပ်ရင်းမှူးသည် အခြားသူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ တစ်ဆက်တည်း ပြောချလိုက်သည်။ ကျုံးပိုင်ရှန့် ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
"မင်းတို့ စိုးရိမ်တာကို ငါ နားလည်ပါတယ်"
"ဒီလိုလုပ်ရအောင်… သူ့ကို လက်ခံမယ့်သူကို နောက်လာမယ့် ငါးနှစ်အတွင်းမှာ တိုက်ပွဲဝင် ရိက္ခာနဲ့ အသုံးအဆောင်တွေကို ဦးစားပေး ထောက်ပံ့ပေးမယ်"
"အကယ်၍ သူက သုံးနှစ်အတွင်းမှာ စွမ်းဆောင်ရည် ညံ့ဖျင်းနေမယ်ဆိုရင် တပ်ရင်းမှူးက သူ့ကို တခြားတပ်ဖွဲ့ဆီ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုနိုင်တယ်… ဘယ်လိုလဲ"
ကျုံးပိုင်ရှန့်၏ စကားအဆုံးတွင် တပ်ရင်းမှူး (၁၆) ဦး၏ မျက်နှာများ သိသိသာသာ ပြေလျော့သွားကြသည်။ ငါးနှစ်တိုင်တိုင် ဦးစားပေး ရိက္ခာဖြည့်တင်းပေးမည်ဆိုသည်မှာ လုံးဝ ကြီးမားသော အခွင့်အရေးပင်။
"ကျွန်တော် လက်ခံပါ့မယ်… ပြီးခဲ့တဲ့ တိုက်ပွဲကြီးမှာ ကျွန်တော့်တပ်ဖွဲ့က လူအများကြီး ဆုံးရှုံးသွားလို့ အင်အားလိုနေတာနဲ့ အတော်ပါပဲ"
ကြမ်းတမ်းခိုင်မာပြီး ပခုံးကျယ်ကျယ်နှင့် လူတစ်ဦး ရှေ့သို့ ထွက်လာသည်။ ရင်ဘတ်တွင် အနည်းငယ် ဖောင်းကြွနေသော အခုံးသာ မရှိပါက မည်သူမျှ သူ့ကို အမျိုးသမီးဟု ထင်မှတ်ကြမည်မဟုတ်ပေ။ "ကောင်းပြီ နင်းထျန်းရင်… သူက မင်းလက်အောက်မှာပေါ့"
ကျုံးပိုင်ရှန့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရင်း လက်ဝှေ့ယမ်းပြလိုက်သည်။ တပ်ရင်းမှူး (၁၆) ဦးလုံး တဲထဲမှ ပြန်လည် ထွက်ခွါသွားကြ၏။ တပ်မှူးတဲထဲက ထွက်လာချိန်တွင် ရှုံ့ယွမ်ရှန်း ခေါင်းခါ၍
"နင်းထျန်းရင်… မင်းလက်အောက်မှာ ရှီတန့်ယွဲ့ ရှိနေတာတောင် အခု ရှန်မော့ကို ထပ်ယူလိုက်တာလား"
"တကယ်လို့ သူက ရှီတန့်ယွဲ့လို လူမျိုးဖြစ်နေရင် မင်းဆီမှာ ဝန်ထုပ်ဝန်ပိုး နှစ်ခုတောင် ဖြစ်နေမှာပေါ့"
နင်းထျန်းရင် ပြုံးလိုက်ရင်း
"နတ်ဆိုးနှိမ်နင်းရေး ပင်လယ်ပြင်ကို ပထမဆုံး ရောက်လာတဲ့သူတိုင်းက ဝန်ထုပ်ဝန်ပိုးတွေချည်းပါပဲ… ရှီတန့်ယွဲ့အကြောင်း ပြောရရင်တော့ သူက အစွမ်းထက်လာရင်း အရင်က အရှက်ရမှုကို ဆေးကြောချင်နေတာ ငါ သိပါတယ်… နှမြောဖို့ကောင်းတာက... အဲ့ဒီ နှစ်သောင်းသက်တမ်းရှိ ရေနက်နဂါးဂျင်ဆင်းရဲ့ အာနိသင်တွေက သူ့ခန္ဓာကိုယ်မှာ အခုထိ ရှုပ်ထွေးနေတုန်းပဲ"
ရှုံ့ယွမ်ရှန်း ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး ဆက်၍ မမေးတော့ပေ။
Chapter 395: မင်းအဆင့်နဲ့ပဲ ကိုယ်စားပြုတယ်
နောက်တစ်နေ့။
အရုဏ်ဦးအလင်းရောင် ခပ်ဖျော့ဖျော့ စတင်ဖြာကျလာချိန်။
တဲအပြင်ဘက်မှ ဟိန်းထွက်နေသော အသံကျယ်ကြီးတစ်ခုကို ရှန်မို ကြားလိုက်ရသည်။
"အားလုံး ထကြတော့… တပ်မှူးနင်း ရောက်လာပြီ"
တဲအတွင်း၌ ရှိနေသော ရှီတန့်ယွဲ့၊ လီဟိုင်ထန်း နှင့် အခြားသူများမှာ လန့်နိုးသွားကြပြီး အလုအယက် ထရပ်လိုက်ကြ၏။
ရှန်မို ဇဝေဇဝါဖြင့် ခေတ္တရပ်တန့်သွားပြီး "တပ်မှူးနင်းဆိုတာ ဘယ်သူလဲ?"
ရှီတန့်ယွဲ့မှ လေးနက်သောလေသံဖြင့်
“ငါ့ရဲ့ တိုက်ရိုက်အထက်လူကြီး တပ်မှူး နင်းထျန်းယင်းပဲ”
"မင်းလည်း သူ့ရဲ့ လက်အောက်ကို တာဝန်ကျပုံရတယ်"
ရှန်မို စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
သူ ရှီတန့်ယွဲ့နှင့် အခြားသူများနောက်မှ လိုက်၍ တဲအပြင်ဘက်သို့ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များသည် သစ်ပင်ကြီးများကဲ့သို့ မတ်မတ်ရပ်နေကြပြီး လက်တစ်လုံးမျှပင် မလှုပ်ရဲကြချေ။
ဘေးရှိတဲမှ ရှားရီလန်းသည်လည်း သူ၏လူများကို ဦးဆောင်ကာ အနည်းငယ်မျှ ပေါ့လျော့ခြင်းမရှိဘဲ တည်ကြည်စွာ ရပ်နေသည်ကို ရှန်မို တွေ့လိုက်ရသည်။
ဝုန်း!
ခြေသံများ နီးကပ်လာ၏။
မြေပြင်ကြီးပင် တုန်ခါသွားသလို ခံစားလိုက်ရ၏။
မကြာမီ သူတို့ထံသို့ ခြေလှမ်းကျကျဖြင့် လျှောက်လာနေသော ထွားကျိုင်းတောင့်တင်းသည့် လူကောင်ကြီးတစ်ဦးကို ချက်ချင်းပင် မြင်လိုက်ရသည်။
ပုခုံးကျယ်၊ ခါးတုတ်ပြီး အားအင်အပြည့်ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်။
ထိုအရွယ်အစားကြီးမားမှုမှာ လွှမ်းမိုးချုပ်ကိုင်ထားသည့် ဖိအားတစ်ခုကို ပေးစွမ်းနေသည်။
သို့သော်လည်း...
လည်စေ့မရှိ။
ရှန်မို သတိထားမိသွားသည်။
သူ မိန်းမတစ်ယောက်ပဲ။
သူ မအံ့သြဘဲ မနေနိုင်တော့ပေ။
အမျိုးသမီးတစ်ဦးအနေဖြင့် ဤကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ်မျိုးရရှိရန်မှာ အမျိုးသားတစ်ဦးထက် များစွာ ပိုမိုခက်ခဲသည်။
သို့သော် ထိုအချက်ကြောင့်ပင် အောင်မြင်သွားပါက တူညီသော ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည့် အမျိုးသားတစ်ဦးထက် အမျိုးသမီးက ပို၍သာလွန်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မိန်းကလေးများမှာ နည်းစနစ်ပိုင်းတွင် ပို၍ ထူးချွန်ကြသောကြောင့်ပင်။
"ရှန်မို”
နင်းထျန်းယင်း၏ အကြည့်သည် ရှီတန့်ယွဲ့နှင့် အခြားသူများအပေါ်မှ ဖြတ်ကျော်ကာ ရှန်မိုထံတွင် ရပ်တန့်သွားသည်။
"ရှိပါတယ်”
နင်းထျန်းယင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ကောင်းကင်ဘုံတာအိုက မင်းကို စစ်မှုထမ်းဖို့ မခေါ်ခင်မှာ မင်း ဘာဖြစ်ခဲ့လဲဆိုတာ ငါမသိဘူး"
"မင်းက တစ်ချိန်က လူသန်းပေါင်းများစွာရဲ့ အထက်က ခေါင်းဆောင်ဖြစ်ခဲ့တာပဲဖြစ်ဖြစ်… တိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်ပဲဖြစ်ဖြစ်… ဒါမှမဟုတ် ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး"
"ဒီကို ရောက်လာပြီဆိုရင်တော့ မင်းက နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တစ်ယောက်ပဲ…အဆင့်နိမ့် 'အဝါရောင်အဆင့်' နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်ပဲ”
"မင်းရဲ့ စစ်ဘက်ဆိုင်ရာ ရာထူးက မင်းရဲ့ ကိုယ်ရေးအချက်အလက်ကို ကိုယ်စားပြုတယ်”
"မင်းရဲ့ တိုက်ပွဲဝင် အောင်မြင်မှုမှတ်တမ်းတွေကပဲ မင်းရဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုတယ်”
"အခုကစပြီး မင်းက ငါ့လက်အောက်မှာ ရှီတန့်ယွဲ့ ဦးဆောင်တဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ယောက် ဖြစ်သွားပြီ… နားလည်လား”
ရှန်မို လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ "တပ်မှူးနင်း… ကျွန်တော် နားလည်ပါပြီ”
နင်းထျန်းယင်း အနည်းငယ် ခေါင်းငြိမ့်ပြကာ အဖွဲ့ကို ဝေ့ကြည့်လိုက်သည်။
"နောက်ငါးရက်နေရင် နတ်ဆိုးလေးတွေ ဝိုင်းရံတိုက်ခိုက်လာလိမ့်မယ်… ပြီးတော့ အဓိကတိုက်ခိုက်မှုက ငါတို့ရဲ့ ရွှမ်ဝူခံတပ်ကို ထိမှန်လိမ့်မယ်"
"မင်းတို့ထဲက အများစုက နတ်ဆိုးနှိမ်နင်းရေးခံတပ်ကို အခုမှ ရောက်လာကြတာ… တချို့ဆို စစ်မြေပြင်ကို တစ်ခါမှ ခြေမချဖူးသလို၊ နတ်ဆိုးမျိုးနွယ်တွေနဲ့လည်း ရင်မဆိုင်ဖူးကြဘူး"
"နတ်ဆိုးတွေ မရောက်လာသေးခင်မှာ ကိုယ့်ကိုယ်ကိုယ် ပိုသန်မာလာအောင် လုပ်နိုင်သမျှ အကုန်လုပ်ထားကြ… စစ်မြေပြင်မှာ အလွယ်တကူ အသေမခံကြနဲ့"
"ဟုတ်ကဲ့ပါ”
အဖွဲ့သားများ တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ရာ သူတို့၏ အသံများ ဟိန်းထွက်သွားသည်။
နင်းထျန်းယင်းသည် စကားအပို မပြောတော့ပေ။ ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့၏။
သူ့ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဘေးတဲမှ ရှားရီလန်းက လှောင်ပြုံးပြုံးလိုက်သည်။
"ကြည့်စမ်းပါဦး… တပ်မှူးနင်းက လူကောင်းလုပ်ပြန်ပြီ… ဒီအသစ်ရောက်လာတဲ့ စစ်မှုထမ်း နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်ကို လက်ခံလိုက်တယ်ပေါ့”
အနီးအနားရှိ အဖွဲ့ခေါင်းဆောင်အချို့မှာ ရှန်မိုကို အကြည့်ချင်း မတူညီဘဲ လှည့်ကြည့်ကြ၏။
နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် အသစ်တစ်ယောက် ရောက်လာသည့် သတင်းမှာ တစ်ရက်အတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့လေသည်။
သူ မည်သူ့လက်အောက်သို့ ရောက်သွားမလဲဆိုသည်ကိုလည်း လူတိုင်း ခန့်မှန်းနေခဲ့ကြသည်။
သို့သော် နင်းထျန်းယင်းဆီ ရောက်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
ရှန်မိုသည် အရပ်မျက်နှာအနှံ့မှ အကြည့်များကို ခံစားလိုက်ရပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။
ဤလူများမှာ ဝေဖန်စောလွန်းလှသည်။
ရုတ်တရက် ပုံရိပ်တစ်ခုမှ ရှန်မို၏ ရှေ့တွင် ရပ်ကာ အကြည့်များကို ပိတ်ဆို့လိုက်သည်။
"လေ့ကျင့်စရာ မရှိကြဘူးလား"
"နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် အသစ်တစ်ယောက်ကို အနိုင်ကျင့်ရတာ ပျော်စရာကောင်းလို့လား"
ရှီတန့်ယွဲ့ တည်ငြိမ်စွာ ပြောလိုက်သည်။
ရှားရီလန်း ထူးဆန်းစွာ ရယ်မောလိုက်ပြီး
"နောက်ငါးရက်နေရင် ကျင်းပမယ့် ဝိုင်းရံတိုက်ခိုက်မှုကိုပဲ စောင့်ကြည့်ကြရအောင်"
"ရှီတန့်ယွဲ့… လောင်းကြေးထပ်မလား"
"အကယ်၍ ဒီကောင်လေးက သာမန် အရှင်သခင်အဆင့်လောက် စွမ်းဆောင်နိုင်ရင် ငါ သူ့ကို ဒီနေရာမှာတင် ချက်ချင်း တောင်းပန်မယ်… ဘာမေးခွန်းမှ မမေးဘူး… ပြီးတော့ ငါ့ဆီက ဒီအဆင့် တိုက်ပွဲဝင် အောင်မြင်မှုအမှတ် (၂၀) ကိုပါ သူ့ကို ပေးမယ်”
လီဟိုင်ထန်း၊ လီဟယ်၊ စွန်းခုန်၊ ကျောက်ရှင်းနှင့် အခြားသူများမှာ သိသိသာသာ ထိတ်လန့်သွားကြ၏။
ရှန်မိုလည်း မျက်ခုံးပင့်မိသည်။
မနေ့က သူ၏ လက်ပတ်၊ ချပ်ဝတ်တန်ဆာနှင့် အခြားပစ္စည်းများ သွားယူပြီးနောက် တိုက်ပွဲဝင် အောင်မြင်မှုမှတ်တမ်းဆိုသည်မှာ ဘာလဲ၊ ၎င်း၏တန်ဖိုး မည်မျှရှိသလဲဆိုသည်ကို သူ အကြမ်းဖျင်း သိရှိထားပြီးဖြစ်၏။
သူ့လက်ကောက်ဝတ်ရှိ လက်ပတ်မှာ 'နတ်ဆိုးနှိမ်နင်းရေးလက်ပတ်' ဖြစ်ပြီး ကောင်းကင်ဘုံတာအိုမှ သွန်းလုပ်ထားခြင်းဖြစ်သည်။
၎င်းကို မိမိသဘောဖြင့် ချွတ်၍မရဘဲ သေဆုံးမှသာ အလိုအလျောက် ပျက်စီးသွားမည်ဖြစ်လေသည်။
နတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် လက်ပတ်သည် တိုက်ပွဲဝင် အောင်မြင်မှုအမှတ်များကို မှတ်တမ်းတင်ရန်အတွက် နတ်ဆိုးချီများကို အလိုအလျောက် စုပ်ယူမည်ဖြစ်ပါသည်။
နင်းထျန်းယင်း ပြောသကဲ့သို့ပင် တိုက်ပွဲဝင် အောင်မြင်မှုမှတ်တမ်းများသည် နတ်ဆိုးပင်လယ်၏ ငွေကြေးဖြစ်၏။
ဒီအဆင့် မှတ်တမ်းများသည် မြေအဆင့် ရတနာများနှင့် ဆက်စပ်နေသည်။
ဒီအဆင့် မှတ်တမ်း (၂၀) သည် ထိပ်တန်း မြေအဆင့် ရတနာ နှစ်ခုနှင့် လဲလှယ်ရန် လုံလောက်၏။
ရှန်မိုကဲ့သို့ အသစ်ရောက်လာသူတစ်ဦးအတွက် ဒီအဆင့် မှတ်တမ်း (၂၀) သည် ငြင်းမရနိုင်သော လာဘ်လာဘကြီးတစ်ခုပင်။
ရှားရီလန်းမှ ရှန်မိုနှင့် အခြားသူများ၏ မျက်နှာရိပ်မျက်နှာကဲကို သတိထားမိသွားပြီး ထူးဆန်းသော အပြုံးဖြင့် ရယ်မောလိုက်သည်။
"ဒါပေမဲ့ ဒီကောင်လေးက အရှင်သခင်အဆင့်မှာ ရှိသင့်ရှိထိုက်တဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ရင်တော့ ရှီတန့်ယွဲ့… မင်း ငါ့ကို စီအဆင့် အမှတ်တစ်ခု ပေးရမယ်နော်”
နတ်ဆိုးပင်လယ်၏ မှတ်တမ်းစနစ်မှာ ဆယ်ဂဏန်းစနစ် မဟုတ်ဘဲ ရာဂဏန်းစနစ်ဖြစ်သည်။
ယေဘုယျအားဖြင့် စီအဆင့် မှတ်တမ်းတစ်ခုရရန် ဒီအဆင့် မှတ်တမ်း တစ်ရာနှင့် လဲလှယ်ရ၏။
သိသာသည်မှာ ရှားရီလန်း၏ လောင်းကြေးသည် ရှန်မိုကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ရှီတန့်ယွဲ့ကိုသာ ပစ်မှတ်ထားခြင်းဖြစ်လေသည်။
"ခေါင်းဆောင်… ဒီလောင်းကြေးကို လက်မခံပါနဲ့… ဒါက လုံးဝ မတရားဘူး”
လီဟိုင်ထန်းမှ အလောတကြီး ပြောလိုက်၏။
ကျောက်ရှင်း နှာခေါင်းရှုံ့ကာ
"ဟုတ်တယ်… တစ်ရာနဲ့ နှစ်ဆယ်လား… ဘယ်သူ့ကို ငတုံးလို့ ထင်နေတာလဲ”
"ပြီးတော့ စီအဆင့် မှတ်တမ်းတွေက ဒီအဆင့်ထက် အများကြီး ပိုရှားတယ်”
လီဟယ်လည်း ဝင်၍
"ညီအစ်ကို ရှန်မိုမှာ အစွမ်းရှိရင်တောင် အဲဒါကို ပြသနိုင်ဖို့ မသေချာဘူး… တားဆီးနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်လေ"
စွန်းခုန်မှ ခပ်တိုးတိုးဖြင့်
"အဲဒီအပြင် သူက အရှင်သခင်အဆင့် စွမ်းဆောင်ရည်ဆိုတာ ဘာလဲလို့ တိတိကျကျ မပြောထားဘူး… အဲဒါက ကွက်လပ်တစ်ခုပဲ"
ရှန်မို စဉ်းစားလိုက်သည်။
သူ့ကိုယ်သူ ယုံကြည်မှုတော့ အပြည့်ရှိ၏။
ဒီအဆင့် မှတ်တမ်း (၂၀) ကို အလကား လက်လွှတ်ရမည်ဆိုပါက နှမြောစရာကောင်းလှပါသည်။
သို့သော် သူရှုံးပါက ထိုဆုံးရှုံးမှုသည် ရှီတန့်ယွဲ့အပေါ်သို့ ကျရောက်လိမ့်မည်။
ရှန်မိုအနေဖြင့် ထိုသို့မလုပ်ရက်ပေ။
ရှီတန့်ယွဲ့ ပြန်မပြောခင်မှာပင် ရှန်မို အဝေးမှနေ၍ ရှားရီလန်းအား လှမ်းခေါ်လိုက်သည်။
"ငါ မင်းရဲ့ လောင်းကြေးကို လက်ခံတယ်… ဒါပေမဲ့ လောင်းကြေးပမာဏကို ပြောင်းရမယ်"
"လောင်းကြေးက စီအဆင့် အမှတ်တစ်ခု အတူတူ ဖြစ်ရမယ်”
"အကယ်၍ ငါက သာမန် အရှင်သခင်အဆင့်အတိုင်း စွမ်းဆောင်နိုင်ရင် မင်းရှုံးမယ်… ပြီးတော့ ငါ့ကို စီအဆင့် အမှတ်တစ်ခု ပေးရမယ်"
"ငါ မစွမ်းဆောင်နိုင်ရင် ငါရှုံးမယ်… ပြီးတော့ ငါက မင်းကို စီအဆင့် အမှတ်တစ်ခု ပေးမယ်"
ရှားရီလန်း မှင်တက်သွား၏။ သူ့နောက်မှ နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်များလည်း အံ့ဩသွားကြလေသည်။
ထို့နောက် သူတို့ ဝါးလုံးကွဲ ရယ်မောကြတော့၏။
"ဟားဟားဟား… ကောင်လေး… မင်းကတော့ စကားကြီးစကားကျယ် ပြောတတ်သားပဲ”
"စီအဆင့် အမှတ်တစ်ခု ဟုတ်လား… အဲဒါရဖို့ ဘယ်လောက်ကြာလဲဆိုတာ မင်းသိလား”
"ပျမ်းမျှအားဖြင့် ဒီအဆင့် အမှတ်တစ်ခုရဖို့ နတ်ဆိုးလေး (၅) ကောင်ကို သတ်ရတယ်… စီအဆင့် မှတ်တမ်းတစ်ခုရဖို့ဆိုရင် မင်း နတ်ဆိုးလေး အကောင် (၅၀၀) ကို သတ်ရမှာ”
ရှားရီလန်းက နှာခေါင်းရှုံ့လျက်
"ကောင်လေး အခု မင်းဆီမှာ စီအဆင့် အမှတ် တစ်ခုတောင် မရှိဘူးလေ… ငါ မင်းနဲ့ မလောင်းဘူး"
ရှီတန့်ယွဲ့သည် ရှန်မို၏ ယုံကြည်မှုရှိသော မျက်နှာပေးကို ကြည့်ပြီး သူ၏ ငယ်စဉ်ဘဝကို ရုတ်တရက် သတိရသွား၏။
သူ ကောင်းကင်ဘုံတာအိုကြောင့် စတင်စစ်မှုထမ်းရစဉ်ကလည်း ယခုကဲ့သို့ပင် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။
ရှီတန့်ယွဲ့မှ ပြတ်သားစွာ ပြောလိုက်၏။
"ရှန်မိုဆီမှာ မရှိပေမဲ့ ငါ့ဆီမှာ ရှိတယ်… ငါ သူ့ကို ခဏချေးပေးမယ်"
"ရှားရီလန်း… အခု ကျေနပ်ပြီလား”
ရှားရီလန်း မျက်တောင်ခတ်လိုက်မိပြီးမှ အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းပြီလေ… သိပ်ကောင်းတာပေါ့… ဒါဆို သဘောတူပြီ”
"ဒီက အဖွဲ့ခေါင်းဆောင်တွေ အကုန်လုံး ကြားတယ်နော် ရှီတန့်ယွဲ့… အချိန်တန်မှ စကားမဖျက်နဲ့ဦး”
ရှီတန့်ယွဲ့ တည်ကြည်စွာဖြင့်
"စိတ်မပူပါနဲ့… ငါ ရှီတန့်ယွဲ့ဆိုတာ ကတိဖျက်မယ့်လူ မဟုတ်ဘူး"
"ဒါပေမဲ့ အရှင်သခင်အဆင့် စွမ်းဆောင်ရည်ဆိုတာ ဘာလဲလို့ မင်း ခုထိ ရှင်းရှင်းလင်းလင်း မပြောရသေးဘူး"
"အချိန်တန်ရင် မင်းစကားပဲ အတည်ဖြစ်နေမှာ မဟုတ်လား”
ရှားရီလန်း ပြုံးလိုက်၏။
"စိတ်အေးအေးထားပါ… ငါက အဲဒီလောက်အထိ အရှက်မရှိတဲ့လူ မဟုတ်ပါဘူး”
"စံနှုန်းတစ်ခု သတ်မှတ်ကြရအောင်… နောက်ငါးရက်နေရင် ဖြစ်မယ့် တိုက်ပွဲမှာ ဘယ်သူ့အကူအညီမှ မပါဘဲ သူက နတ်ဆိုးစစ်စစ် တစ်ကောင်ကို သတ်နိုင်ရင် အဲဒါကို သာမန် အရှင်သခင်အဆင့် စွမ်းဆောင်ရည်လို့ သတ်မှတ်မယ်"
ရှီတန့်ယွဲ့ ရှန်မိုကို လှည့်ကြည့်လိုက်၏။
ရှန်မိုမှာလည်း ဘာကန့်ကွက်မှုမှ မရှိကြောင်း အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ရှီတန့်ယွဲ့မှလည်း
"ကောင်းပြီ… သဘောတူတယ်"
ရှားရီလန်း နှာခေါင်းရှုံ့ကာ
"အဲဒီနေ့ကို ငါ စောင့်နေမယ်”
သူ ထိုသို့ပြောပြီး လှည့်ထွက်သွားတော့သည်။
Chapter 396: နတ်ဆိုးများအား ရင်ဆိုင်ခြင်း
တခြားသော အဖွဲ့ခေါင်းဆောင်များလည်း နှာခေါင်းရှုံ့ခြင်း၊ ခေါင်းခါခြင်းများ ပြုလုပ်ကာ လူစုခွဲသွားကြသည်။
သူတို့ကတော့ ရှီတန့်ယွဲ့နှင့် ရှန်မိုတို့မှာ ရှားရီလန်၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားပြီဟု ထင်မြင်နေကြလေ၏။
စီအဆင့် အမှတ်ဆိုသည်မှာ မည်သို့ပင်ဖြစ်စေ နည်းပါးသော ပမာဏမဟုတ်ပေ။
"ဟူး... ခေါင်းဆောင်… အစ်ကိုရှန်..."
လီဟိုင်ထန်းနှင့် ကျန်သုံးယောက်မှာ သက်ပြင်းသဲ့သဲ့ ချလိုက်ကြ၏။
သူတို့ကိုယ်တိုင်လည်း ရှန်မိုနှင့် ရှီတန့်ယွဲ့တို့ အနည်းငယ် စိတ်စောသွားသည်ဟု ခံစားနေရသည်။
ရှန်မို၏ စိတ်ထဲတွင်မူ နတ်ဆိုးမျိုးနွယ်စုနှင့် ပတ်သက်သည့် အချက်အလက်များအား ပြန်လည် စဉ်းစားနေမိ၏။
ဤအချက်အလက်များမှာ ရှီတန့်ယွဲ့၊ လီဟိုင်ထန်းနှင့် အခြားသူများ မနေ့ညက စကားစမြည်ပြောရင်း သူနှင့် မျှဝေခဲ့သည့် အသေးစိတ်အချက်များဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုကို သွေးနှောမှုအလိုက် မြင့်မြတ်သောအဆင့်နှင့် နိမ့်ကျသောအဆင့်ဟူ၍ ခွဲခြားထား၏။
အနိမ့်ဆုံးမှာ အဆင့်နိမ့်နတ်ဆိုးများ ဖြစ်ကြသည်။
အဆင့်နိမ့်နတ်ဆိုးများသည် သာမန်လူသားများ၏ အရွယ်အစားခန့်သာ ရှိကြပြီး သူတို့၏ နိမ့်ကျသော သွေးနှောမှုကြောင့် အလွန်ဆုံး နတ်ဆိုးတပ်မှူး အဆင့်အထိသာ တက်လှမ်းနိုင်သည်။
သို့သော်လည်း အဆင့်နိမ့်နတ်ဆိုးများသည် အံ့ဩစရာကောင်းလောက်အောင် မျိုးပွားနှုန်း မြန်ဆန်လှသဖြင့် နတ်ဆိုးမျိုးနွယ်စု၏ အမြောက်စာများအဖြစ် အသုံးတော်ခံရသည်။
အရေအတွက် လုံလောက်စွာရှိနေသရွေ့ အဆင့်နိမ့်နတ်ဆိုး အုပ်စုကြီးမှာ အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင် ရှိနေနိုင်ပါသည်။
အဆင့်နိမ့်နတ်ဆိုးများ၏ အထက်တွင်မူ စစ်မှန်သောနတ်ဆိုးများ ရှိသည်။
ထိုအမည်မှာ "နတ်ဆိုးမျိုးနွယ်စု၏ စစ်မှန်သောအဖွဲ့ဝင်များ" ဟု အဓိပ္ပာယ်ရ၏။
စစ်မှန်သောနတ်ဆိုးများသည် များသောအားဖြင့် နတ်ဆိုးမျိုးနွယ်စုအတွင်း အလယ်အလတ်မှ အဆင့်မြင့်အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြသည်။
သူတို့၏ ဉာဏ်ရည်မှာ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေတတ်သည့် အဆင့်နိမ့်နတ်ဆိုးများထက် များစွာ သာလွန်လေ၏။
သူတို့သည် အရှင်သခင်အဆင့်နှင့် ညီမျှသော နတ်ဆိုးသခင် အဆင့်အထိ ကျင့်ကြံနိုင်သည်။
အကယ်၍ စစ်မှန်သောနတ်ဆိုးတစ်ဦးမှ စစ်ပွဲတွင် သိသာထင်ရှားသော စွမ်းဆောင်ရည်များ ပြသနိုင်လျှင် ပိုမိုအစွမ်းထက်သော နတ်ဆိုးတစ်ဦးထံမှ နတ်ဆိုးသွေးကို ဆုလာဘ်အဖြစ် ရရှိနိုင်ပြီး သူတို့၏ သွေးနှောမှုကို ပိုမိုစင်ကြယ်စေနိုင်လေ၏။
ထိုသို့အောင်မြင်သွားပါက စစ်မှန်သောနတ်ဆိုးတစ်ဦးမှာ ပိုမိုကြီးမြတ်သော ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ပိုမိုကြီးမြတ်သော ကောင်းကင်နတ်ဆိုး အဆင့်သို့ ရောက်ရှိပါက သူတို့ကို နတ်ဆိုးမျိုးနွယ်စု၏ အမာခံ အထက်တန်းလွှာများအဖြစ် သတ်မှတ်၏။
ပိုမိုကြီးမြတ်သော ကောင်းကင်နတ်ဆိုး တစ်ဦးစီသည် ဂိုဏ်းတစ်ခု၏ စစ်မှန်သော တပည့်ရင်းတစ်ဦးနှင့် တူညီသည်။
သူတို့သည် လူသားကျင့်ကြံသူများနှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် စစ်မြေပြင်သို့ ထွက်ပေါ်လာခဲလှ၏။
များသောအားဖြင့် သူတို့သည် လက်အောက်ခံ စစ်မှန်သောနတ်ဆိုးများကို ဦးဆောင်ပြီး လူသားကျင့်ကြံသူများ မဝင်ရောက်နိုင်အောင် အရေးကြီးသော လျှို့ဝှက်နယ်မြေများကို စောင့်ကြပ်လေ့ရှိပါသည်။
ပိုမိုကြီးမြတ်သော ကောင်းကင်နတ်ဆိုးများတွင် သွေးနှောမှု ကန့်သတ်ချက်များ မရှိတော့သဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်မှာလည်း ကန့်သတ်ချက်မရှိပေ။
နတ်ဆိုးစွမ်းအင်ကို လုံလောက်စွာ စုပ်ယူနိုင်သရွေ့ မိမိတို့၏ အဆင့်ကို အကန့်အသတ်မရှိ တိုးမြှင့်နိုင်လေသည်။
ပိုမိုကြီးမြတ်သော ကောင်းကင်နတ်ဆိုးများ၏ အထက်တွင်မူ ဒဏ္ဍာရီလာ မသေနိုင်သော နတ်ဆိုးများ ရှိသည်။
နတ်ဆိုးပင်လယ်တွင် စွဲမြဲစွာ ရှိနေသော ဒဏ္ဍာရီတစ်ခုအရ အနက်ရှိုင်းဆုံးသော တစ်နေရာတွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ရုပ်အလောင်းရှိသည်ဟု ဆိုကြသည်။
နတ်ဆိုးပင်လယ်အတွင်း ပျံ့နှံ့နေသော ကျယ်ပြောလှသည့် နတ်ဆိုးစွမ်းအင်များမှာ ထိုမသေနိုင်သော နတ်ဆိုးထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်ဟု ပြောကြ၏။
သို့သော်လည်း ပင်လယ်၏ အစွန်းကုန်နက်ရှိုင်းသော နေရာတွင် နတ်ဆိုးစွမ်းအင်များမှာ အလွန်သိပ်သည်းလွန်းသဖြင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ ထိုနေရာသို့ ပေါ့ပေါ့တန်တန် သွားရောက်ရန် မဝံ့ရဲကြပေ။
မသေနိုင်သော နတ်ဆိုးများ အမှန်တကယ် တည်ရှိခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးချေ။
နောက်ငါးရက်အကြာတွင် တိုက်ခိုက်လာမည့်သူများမှာ စစ်မှန်သောနတ်ဆိုးများ ဦးဆောင်သည့် အဆင့်နိမ့်နတ်ဆိုးများ ဖြစ်လိမ့်မည်။
နတ်ဆိုးမျိုးနွယ်စု၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်၊ နှောင့်ယှက်ခြင်းနှင့် အင်အားချည့်နဲ့အောင် ပြုလုပ်သည့် နည်းဗျူဟာများမှတစ်ဆင့် နတ်ဆိုးနှိမ်နင်းရေးခံတပ်၏ အသက်ရှင်သန်နေသော အင်အားစုများကို တတ်နိုင်သမျှ လျော့ပါးသွားအောင် ပြုလုပ်ရန် ဖြစ်သည်။
တစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်လျှင် အရင်းကျေပြီး၊ တစ်ဦးကို သတ်နိုင်လျှင် အမြတ်ရသည်ဟု မှတ်ယူကြ၏။
ထိုမျှလောက်ပင် ရိုးရှင်းလှပါသည်။
စွန်းခုန်မှ ခပ်တိုးတိုးဖြင့်
"အစ်ကိုရှန်က နတ်ဆိုးမျိုးနွယ်စုနဲ့ တစ်ခါမှ မရင်ဆိုင်ဖူးသေးဘူးနော်… သူတို့ကို သတ်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ မသိသေးဘူး"
"နတ်ဆိုးစွမ်းအင်ရဲ့ အနှစ်သာရက ကျွန်တော်တို့ စိတ်ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် သွေးစွမ်းအင်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"
"အဆင့်နိမ့်နတ်ဆိုးတွေတောင် အံ့ဩစရာကောင်းလောက်အောင် ခိုင်မာတဲ့ ဇီဝစွမ်းအား ရှိကြတယ်လေ… အဲဒါကြောင့် သူတို့ကို ချက်ချင်းသေအောင် သတ်ဖို့ဆိုတာ ခက်ခဲတယ်"
"စစ်မှန်တဲ့နတ်ဆိုးတွေမှာဆိုရင် ပိုပြီးထူးဆန်းတဲ့ သွေးနှောမှု နည်းစနစ်တွေ ရှိကြတယ်"
"အကယ်၍ ခင်ဗျားက ပိုကြီးမြတ်တဲ့ ကောင်းကင်နတ်ဆိုးတစ်ဦးရဲ့ မျက်နှာသာပေးခြင်းခံရတဲ့ စစ်မှန်တဲ့နတ်ဆိုးတစ်ဦးနဲ့ တွေ့ရင် သူတို့ရဲ့ သွေးနှောမှုနည်းစနစ်တွေက ပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ်"
"ပြိုင်ဘက် သုံးလေးယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ဖို့ဆိုတာ သူတို့အတွက် ကလေးကစားစရာလိုပဲ"
စွန်းခုန် ပြောပြီးနောက် လီဟယ်၊ လီဟိုင်ထန်းနှင့် ကျောက်ရှင်းတို့ကလည်း ခိုင်မာစွာ ခေါင်းငြိမ့်ထောက်ခံကြသည်။
ရှီတန့်ယွဲ့မှာ တည်တည်ကြည်ကြည်ဖြင့်
"နောက်ရက်အနည်းငယ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားကြ… နတ်ဆိုးမျိုးနွယ်စုရဲ့ သွေးနှောမှုနည်းစနစ်တွေက များသောအားဖြင့် သူတို့ရဲ့ မျိုးစိတ်ပေါ် မူတည်ပြီး ခြေရာခံနိုင်တဲ့ ပုံစံတွေ ရှိတတ်တယ်”
"မင်းတို့က သူတို့ကို ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာ မှတ်မိနေသရွေ့တော့ အောင်မြင်ဖို့ အနည်းဆုံး ၉၀ ရာခိုင်နှုန်း သေချာတယ်"
ရှန်မို အာရုံစိုက်လိုက်၏။
သူသည် နတ်ဆိုးများနှင့် ပတ်သက်၍ လုံးဝ အတွေ့အကြုံမရှိသူတော့ မဟုတ်ပေ။
ထို့အပြင် သူ့တွင် ကိုးဘုံငရဲ ရေခဲမီးတောက်ကဲ့သို့သော အသုံးတော်ခံဖဲချပ်လည်း ရှိနေသည်။
အကယ်၍ သူ ခက်ခဲသော နတ်ဆိုးတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင် ထိုမီးတောက်ကို ထုတ်လိုက်သည်နှင့် မည်သည့်နတ်ဆိုးမဆို နာခံသွားရမည်ဖြစ်၏။
သို့သော်လည်း ရှန်မိုက ထိုမီးလျှံကို ပေါ့ပေါ့တန်တန် ထုတ်ပြရန် အစီအစဉ်မရှိပေ။
နတ်ဆိုးမျိုးနွယ်စုအတွက်မူ ၎င်းမှာ သူတို့၏ သဘာဝရန်သူပင် ဖြစ်ပါသည်။
အကယ်၍ သူသာ ၎င်းကို ထုတ်ဖော်ပြသလိုက်လျှင် နတ်ဆိုးများ၏ အဆုံးမရှိသော လိုက်လံတိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
ရှန်မို ထိုမျှလောက်အထိ မိုက်မဲသူ မဟုတ်ချေ။
...
မျက်စိတစ်မှိတ်အတွင်း ငါးရက် ကုန်လွန်သွားခဲ့၏။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများအတွက် ပေးသော အစားအစာမှာ အမှန်တကယ် ကောင်းမွန်လှကြောင်း ရှန်မို သိရှိခဲ့သည်။
၎င်းတွင် သွေးစွမ်းအင်နည်းစနစ်များ ကျင့်ကြံရာ၌ အထူးသင့်လျော်သည့် ကြွယ်ဝသော သက်စောင့်အနှစ်သာရများ ပါဝင်၏။
ထို့အပြင် နတ်ဆိုးနှိမ်နင်းရေးခံတပ်၏ အောက်ခြေတွင် ရှိနေသော အစွမ်းထက်သည့် ကောင်းကင်အဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအစဉ်ကြောင့် ဝိညာဉ်စွမ်းအင်နည်းစနစ်များကို ကျင့်ကြံခြင်းမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လှသည်။
ဤငါးရက်အတွင်း သူခံစားရသည့် တိုးတက်မှုမှာ ယခင်က အနည်းဆုံး တစ်လကြာ ကျင့်ကြံမှုနှင့် ညီမျှနေသည်။
သူ၏ နတ်ဘုရားနန်းတော်အတွက် အခြေခံတည်ဆောက်မှု အရှိန်မှာလည်း သိသိသာသာ တိုးတက်လာခဲ့၏။
ထို့အပြင် ရှန်မို လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပျင်းတစ်မနေခဲ့ပေ။
လေ့ကျင့်ပြီးချိန်များတွင် သူ စစ်တန်းလျားတဝိုက် လှည့်ပတ်သွားလာလေ့ရှိသည်။
ဤသို့ဖြင့် အခြားသော စုဆောင်းခံထားရသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား နှစ်ဦးအကြောင်းကို သူ သိရှိခဲ့ရ၏။
တစ်ဦးမှာ ကျိုးမင်ယီ ဖြစ်ပြီး နောက်တစ်ဦးမှာ အံ့ဩစရာကောင်းလောက်အောင်ပင် လင်းတုန်းထျန် ဖြစ်နေသည်။
လင်းတုန်းထျန်နှင့် ကျိုးမင်ယီတို့မှာ အလွန်တန်ဖိုးထားခြင်း ခံရ၏။
အကြောင်းမှာ သူတို့နှစ်ဦးစလုံး နတ်ဘုရားနန်းတော်အဆင့် မရောက်ရှိသေးသောကြောင့် တပ်မှူးများစွာက သူတို့ကို ပြုစုပျိုးထောင်၍ရသော ပါရမီရှင်များအဖြစ် မြင်ကြသောကြောင့် ဖြစ်နိုင်သည်။
ရှန်မိုကဲ့သို့ အရှင်သခင်အဆင့် ရောက်ရှိနေပြီဖြစ်သော သူတစ်ဦးအတွက်မူ အကယ်၍ အဆင့်တက်လှမ်းသည့် နည်းလမ်း မှားယွင်းနေခဲ့လျှင် သဘာဝကျစွာပင် အားနည်းချက်များစွာ ပါလာနိုင်သည်ဟု ထင်မြင်ကြလေ၏။
ရှန်မို ကျိုးမင်ယီနှင့် မကြာခဏ ဆုံခဲ့သည်။
ကျိုးမင်ယီမှာ ရိုးသားသော လူတစ်ယောက်ဖြစ်ပြီး သူ၏ သဘောထားမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း သူ သိလိုက်၏။
ကျိုးမင်ယီကမူ ရှန်မိုကို စစ်တန်းလျားအတွင်းရှိ သတင်းစကားများနှင့် အတင်းအဖျင်းများကို ဂရုမစိုက်ဘဲ မိမိကိုယ်တိုင်သာ အာရုံစိုက်ထားရန် ပြောကာ နှစ်သိမ့်ပေးခဲ့သေးသည်။
လင်းတုန်းထျန်နှင့် ပတ်သက်လျှင် သူသည် ရှန်မိုမှာ ရွှေ့ဝူခံတပ် စစ်တန်းလျား၌ ရှိနေသည်အား သေချာပေါက် သိသော်လည်း လာရောက်ရှာဖွေခြင်း မရှိပေ။
ရှန်မိုကမူ ဤအရာကို ဂရုမစိုက်။
တင်းမာသော ဆက်ဆံရေးမှာ ပုံမှန်သာ ဖြစ်ပါသည်။
ထို့ကြောင့် အခွင့်အလမ်းများကို ဆက်လက်ရယူရန် ပို၍ပင် လွယ်ကူစေသည်။
...
ဝုန်း!
တံခါးကြီးများ မြည်ဟည်းသံနှင့်အတူ ပွင့်သွားသည်။
ထိုအခါ ကျယ်ပြောပြီး ပြန့်ပြူးသော အနက်ရောင် သမုဒ္ဒရာကြီး ထွက်ပေါ်လာ၏။
၎င်းမှာ နတ်ဆိုးပင်လယ်ပင်။
ကမ်းခြေတစ်လျှောက်တွင် ရေမျက်နှာပြင်ပေါ်၌ လွင့်မျောနေသော တိုက်ပွဲဝင်စင်မြင့်များစွာ ရှိနေသည်။
၎င်းတို့မှာ လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်များ ဖြစ်ကြသည်။
"သွားကြစို့… လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်တွေပေါ် တက်ဖို့ အချိန်တန်ပြီ”
ရှီတန့်ယွဲ့မှ ရှန်မို၏ ပုခုံးကို ပုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ"
ရှန်မို ခေါင်းငြိမ့်ပြ၏။
"မင်းတို့ လေးယောက်လည်း လိုက်ခဲ့ကြ"
ရှီတန့်ယွဲ့မှ လီဟိုင်ထန်းတို့ဘက်သို့ လှည့်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ”
ခြောက်ယောက်ပါသော သူတို့ အဖွဲ့သည် အခြားအဖွဲ့များကဲ့သို့ပင် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်တစ်ခုပေါ်သို့ အလျင်အမြန် တက်လိုက်ကြသည်။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတိုင်းမှာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိကြပေ။
ထို့ကြောင့် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်များသည် အထူးသဖြင့် အရေးကြီးလှ၏။
သို့သော်လည်း တစ်ချက်ကြည့်ရုံဖြင့် ဤစင်မြင့်များမှာ အားလုံးနီးပါး ဟောင်းနွမ်းစုတ်ပြတ်နေကြောင်း ရှန်မို သတိထားမိသည်။
အများစုမှာ အကြိမ်ကြိမ် ပြန်ဖာထားရပြီး မနည်းထိန်းထားရသော အခြေအနေတွင် ရှိနေ၏။
၎င်းတို့မှာ ကျောက်စိမ်းပင်လယ်မြို့ကို အရှေ့ပင်လယ် ရေနတ်ဆိုးများ ကျူးကျော်စဉ်က အသုံးပြုခဲ့သော အသစ်စက်စက် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်များနှင့် လုံးဝမတူပေ။
နတ်ဆိုးပင်လယ်အတွင်းရှိ တိုက်ပွဲဝင် ပစ္စည်းကိရိယာများမှာ သနားစရာကောင်းလောက်အောင်ပင် ဟောင်းနွမ်းနေသည်မှာ သိသာလှ၏။
အသစ်သုံးနှစ်၊ အဟောင်းသုံးနှစ်၊ ပြန်ဖာပြီး နောက်ထပ်သုံးနှစ် ဆိုသကဲ့သို့ပင်။
အဖွဲ့သားများသည် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်ပေါ်သို့ တက်ကာ အဝေးသို့ မျှော်ကြည့်ရင်း အသင့်အနေအထားဖြင့် ရပ်နေကြသည်။
"ရှေ့ကို အရမ်းမတိုးနဲ့… ပြီးတော့ ကမ်းခြေနဲ့လည်း အရမ်းမဝေးစေနဲ့”
ရှီတန့်ယွဲ့ လေးလေးနက်နက် ပြောလိုက်သည်။
"နတ်ဆိုးပင်လယ် တစ်ခုလုံးက နတ်ဆိုးနယ်မြေ ဖြစ်တယ်… အကယ်၍ ငါတို့ ခံတပ်နဲ့ အရမ်းဝေးသွားရင် ငါတို့ရဲ့ ခန္ဓာကိုယ်တွေက နတ်ဆိုးစွမ်းအင်ရဲ့ တိုက်စားမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
"ဒါ့အပြင် နတ်ဆိုးနယ်မြေထဲမှာ သဘာဝ စိတ်ဝိညာဉ်စွမ်းအင်ဆိုတာ မရှိသလောက်ပဲ… စိတ်ဝိညာဉ်စွမ်းအင် ပြန်ဖြည့်ဖို့က ပိုတောင် ခက်ခဲသေးတယ်"
"အဲဒါကြောင့် သွေးစွမ်းအင်နည်းစနစ် ကျင့်ကြံသူတွေက ဒီနေရာမှာ အသာစီးရတာပေါ့"
ရှန်မို စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်ပြသည်။
၎င်းမှာ ကျိုးကြောင်းဆီလျော်လှ၏။
စိတ်ဝိညာဉ်စွမ်းအင် ကျင့်ကြံသူများသည် ပြန်လည်ကောင်းမွန်ရန် သဘာဝ စိတ်ဝိညာဉ်စွမ်းအင်ကို အားကိုးရသည်။ သို့မဟုတ်ပါက ဆေးလုံးများကို အသုံးပြုရ၏။
သို့သော် သွေးစွမ်းအင်နည်းစနစ် ကျင့်ကြံသူများမှာမူ သက်စောင့်အနှစ်သာရကို ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးများသာ လိုအပ်ပါသည်။
နှစ်မျိုးစလုံးမှာ ဆေးလုံးများ ဖြစ်ကြသော်လည်း သက်စောင့်အနှစ်သာရအတွက် ဆေးလုံးများမှာ ဖော်စပ်ရန် ပိုမိုရိုးရှင်းလေ၏။
"သူတို့ လာနေပြီ”
ထိုအချိန်တွင် ရှီတန့်ယွဲ့ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး ရှေ့သို့ ညွှန်ပြလိုက်သည်။
ရှန်မို အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ငြိမ်သက်ပြီး အသက်မဲ့နေသော ပင်လယ်ပြင်တွင် လှိုင်းဂယက်များ ရုတ်တရက် ထလာသည်ကို ချက်ချင်း မြင်လိုက်ရ၏။
ထို့နောက်တွင် ဒီရေလှိုင်းများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ကမ်းခြေသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
လူသားနှင့် နတ်ဆိုးတို့၏ စစ်ပွဲသည် ယခုပင် စတင်တော့မည် ဖြစ်လေသည်။