အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
Chapter 397: ပထမဆုံးတိုက်ပွဲတွင် သင်ယူလေ့လာခြင်း
သေချာကြည့်လိုက်သည့်အခါ ထိုအရာမှာ ဒီရေလှိုင်းတစ်ခုမဟုတ်ဘဲ မည်းနက်နေသော အဆင့်နိမ့်နတ်ဆိုးအုပ်ကြီး ဖြစ်နေမှန်း သိသာလာသည်။ အရေအတွက်အများဆုံးမှာ အဆင့်နိမ့်နတ်ဆိုးစစ်သူကြီးများဖြစ်ပြီး ၎င်းတို့ထက် အနည်းငယ်ပိုသန်မာသူများမှာ အဆင့်နိမ့် နတ်ဆိုးဗိုလ်မှူးများ ဖြစ်ကြ၏။ ထိုစစ်တပ်၏ ရှေ့ဆုံးတွင်မူ စစ်မှန်သောနတ်ဆိုးဘုရင်များနှင့် စစ်မှန်သောနတ်ဆိုးဧကရာဇ်များစွာက ဦးဆောင်လာကြသည်။
ထိုအုပ်စုကြီး၏ နောက်ကွယ်၊ အဝေးတစ်နေရာတွင်မူ အမြင့် ဆယ်ပေခန့်ရှိသော စစ်မှန်သောနတ်ဆိုးအရှင်သခင်တစ်ပါးမှာ နောက်တန်းမှနေ၍ ကွပ်ကဲနေ၏။ သူသည် နတ်ဆိုးစစ်သေနာပတိတစ်ဦးနှင့် တူလှပြီး ရှေ့တန်းသို့ ချက်ချင်းပြေးမတက်ဘဲ နောက်ကွယ်မှနေ၍ စစ်မြေပြင်ကို အကဲခတ်နေခဲ့သည်။
"သူတို့က အရမ်းဝေးသေးတယ်… အခု မလှုပ်ရှားနဲ့ဦး"
ရှီတန့်ယွဲ့ တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ"
လီဟိုင်ထန်းနှင့် အခြားသူများမှာ မိမိတို့၏ စိတ်ဝိညာဉ်လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး စိတ်ကို ထိန်းထားကြ၏။
အနက်ရောင်ဒီရေလှိုင်းကြီးသည် လျင်မြန်စွာ တိုးဝင်လာပြီး လူတိုင်း၏နှလုံးသားထဲတွင် ဖိအားတစ်ခုကို ခံစားလာရစေသည်။ တစ်ချိန်တွင်မူ ကျင့်ကြံသူတစ်ဦးသည် ထိုဖိအားကို မခံနိုင်တော့ဘဲ ရုတ်တရက် ထူးဆန်းစွာ အော်ဟစ်၍ အဝေးရှိ နတ်ဆိုးအုပ်ကြီးထံသို့ သွေးစွမ်းအင်သိုင်းပညာတစ်ခုကို ပစ်လွှတ်လိုက်လေ၏။
ဘုန်း!
ပေထောင်ချီ ရှည်လျားသော သွေးစွမ်းအင်ဓားသွားကြီးတစ်ခုသည် အဆင့်နိမ့် နတ်ဆိုးအုပ်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားသည်။ သို့သော် ၎င်းမှာ တောက်လောင်နေသော မီးပုံထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင်။ တခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွားတော့၏။
သူ၏ အချိန်မတိုင်မီ တိုက်ခိုက်မှုမှာ အချက်ပြတစ်ခုကဲ့သို့ ဖြစ်သွားပြီး အခြားကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်မှုများ စတင်လာကြသည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင်ပညာရပ်များနှင့် သွေးစွမ်းအင်ပညာရပ်များသည် သမုဒ္ဒရာထဲသို့ ကျောက်ခဲပစ်ချသကဲ့သို့ပင် နတ်ဆိုးအုပ်ကြီးထဲတွင် သဲလွန်စမကျန် ပျောက်ကွယ်သွားကြသည်။ အင်အားအကောင်းဆုံး ကျင့်ကြံသူများပင် အဆင့်နိမ့်နတ်ဆိုးဗိုလ်မှူး သုံးလေးကောင်ထက် ပိုမသတ်နိုင်ကြချေ။
ထိုအရာကိုမြင်ပြီး ရှန်မို အနည်းငယ် ခေါင်းယမ်းမိသည်။
စွမ်းအားမှာ နည်းလွန်းနေ၏။ တစ်ချက်တိုက်ခိုက်လျှင် နတ်ဆိုးဗိုလ်မှူး တစ်ကောင်၊ နှစ်ကောင်လောက်သာ သတ်နိုင်ကြသည်။ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်တို့သည် အခြေခံအားဖြင့် နတ်ဆိုးစွမ်းအင်ကို မယှဉ်နိုင်သောကြောင့် နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ရန်အတွက် ပမာဏအဆမတန် များပြားရန် လိုအပ်သည်။ ထိုသို့ပြုလုပ်နိုင်မှသာ အထိရောက်ဆုံး ပျက်စီးမှုကို ဖြစ်စေနိုင်သည်။
သို့သော်လည်း မလာခင်က ရှီတန့်ယွဲ့ ပြောပြခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ်ခန့်က နတ်ဆိုးမျိုးနွယ်စုသည် ရွှေ့ဝူခံတပ်အပါအဝင် ခံတပ်အတော်များများကို အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်က နတ်ဆိုးနှိမ်နင်းရေးတပ်သား အများအပြား သေဆုံးခဲ့ပြီး ထို့ကြောင့် ယခုစစ်ပွဲတွင် ပါဝင်နေသော နတ်ဆိုးနှိမ်နင်းရေးတပ်သား အများစုမှာ ခံတပ်သို့ မကြာသေးမီကမှ ရောက်ရှိလာကြသူများဖြစ်နေ၏။
၎င်းတို့မှာ လူသစ်များသာ ဖြစ်ကြသည်။ လေ့ကျင့်မှုများ ပြုလုပ်ထားသော်လည်း နတ်ဆိုးများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ချိန်တွင် ကြောက်ရွံ့တုန်လှုပ်မှုမှာ ရှောင်လွှဲ၍မရနိုင်ပေ။ ထိုကဲ့သို့ ကစဉ့်ကလျား တုံ့ပြန်မှုများမှာ လုံးဝ ပုံမှန်သာဖြစ်၏။
အဆင့်နိမ့်နတ်ဆိုးအုပ်ကြီးမှာ ကမ်းခြေဆီသို့ ဆက်လက် တိုးဝင်လာနေသည်။ ပေထောင်ချီဝေးကွာသော နေရာမှနေ၍ ရှန်မို ၎င်းတို့၏အရေအတွက်ကို ခန့်မှန်းကြည့်လိုက်သည်။ နင်းထျန်းရင် ပြောခဲ့သလိုပင် နှစ်သိန်းကျော်ခန့် ရှိပေမည်။
"သူတို့ နီးလာပြီ… အခု တိုက်ကြ”
ရှီတန့်ယွဲ့မှ အော်ဟစ်လိုက်၏။
ရှန်မို၊ လီဟိုင်ထန်းနှင့် အခြားသူများလည်း ချက်ချင်း တိုက်ခိုက်ကြလေသည်။
အနီးရှိ လှိုင်းဖြတ်စစ်စင်မြင့်ပေါ်မှ ရှားရီလန်၏ အဖွဲ့သည်လည်း တစ်ချိန်တည်းမှာပင် စတင်တိုက်ခိုက်ကြသည်။
ဘုန်း! ဘုန်း! ဘုန်း!
ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်သိုင်းပညာရပ်များသည် ပေထောင်ချီဝေးသော အကွာအဝေးကို ဖြတ်ကျော်ကာ နတ်ဆိုးများကို တိုက်ရိုက် ထိမှန်သွားသည်။
ရှန်မို၏ ဝိညာဉ်ဖျက်သွေးလှံသည်လည်း တိုက်ခိုက်မှုများစွာထဲတွင် ရောပါသွား၏။
ရှူး!
တိုက်ခိုက်မှုတိုင်းတွင် ၎င်းသည် အဆင့်နိမ့်နတ်ဆိုးတစ်ကောင်၏ ရင်ဘတ်ကို ဖောက်ထွက်ကာ နှလုံးသားကို ထိုးဖောက်သွားသည်။ ဤအဆင့်နိမ့်နတ်ဆိုးများထဲတွင် အသန်မာဆုံးဆိုလျှင်ပင် နတ်ဆိုးဗိုလ်မှူးအဆင့်သာ ရှိကြသည်။
နတ်ဆိုးစွမ်းအင်သည် အခြေခံအားဖြင့် စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်တို့ထက် သာလွန်သော်လည်း အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အဆမတန်ကြီးမားသော စွမ်းအားကို တားဆီးရန် မလုံလောက်ပေ။
ရှူး၊ ရှူး၊ ရှူး!
ဝိညာဉ်ဖျက်သွေးလှံသည် အသိဉာဏ်ရှိနေသကဲ့သို့ပင် နတ်ဆိုးအုပ်ကြီးထဲ၌ ဟိုဟိုဒီဒီ ပျံဝဲကာ တိုက်ခိုက်မှုတိုင်းတွင် အသက်များကို ခြွေယူနေသည်။ နှိုင်းယှဉ်ကြည့်လျှင် လီဟိုင်ထန်းနှင့် အခြားသူများမှာ အစွမ်းမပြနိုင်လှပေ။ ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ နိမ့်ပါးနေပြီး ဧကရာဇ်အဆင့်သာ ရှိသေးသည့်အပြင် တိုက်ပွဲအတွေ့အကြုံလည်း နည်းပါးလှ၏။ ပျမ်းမျှအားဖြင့် နတ်ဆိုးတစ်ကောင်ကို သတ်ရန် တိုက်ခိုက်မှု သုံးကြိမ်ခန့် ပြုလုပ်ရပါသည်။
ရှန်မို နတ်ဆိုးများကို သတ်နေရင်း ရှီတန့်ယွဲ့၏ တိုက်ခိုက်မှုများကို အနီးကပ် လေ့လာနေသည်။ ရှီတန့်ယွဲ့၏ တိုက်ခိုက်ပုံမှာ ထူးခြားလှသည်ကို သူ သတိထားမိလိုက်၏။ သူ၏ တိုက်ခိုက်မှုတိုင်းမှာ အလွန်တရာ ကျစ်လျစ်လှပြီး နတ်ဆိုးတစ်ကောင်ကို စွမ်းအားတစ်ဆဖြင့် သတ်နိုင်လျှင် သူသည် နှစ်ဆကို ဘယ်တော့မှ အသုံးမပြုပေ။
ရှီတန့်ယွဲ့၏ သတ်ဖြတ်ပုံမှာ နွားကို ခွဲစိတ်သည့် ကျွမ်းကျင်သော သားသတ်သမားတစ်ဦးကဲ့သို့ပင် သန့်ရှင်းသပ်ရပ်ကာ ပြတ်သားပြီး တွန့်ဆုတ်မှု အနည်းငယ်မျှမရှိချေ။
ဤနည်းလမ်းသည် စစ်မြေပြင်တွင် သတ်ဖြတ်ရန်အတွက် အထိရောက်ဆုံးဖြစ်ကြောင်း ထင်ရှားလှသည်။
ရှန်မို ကြည့်ရှုရင်းဖြင့် စတင်နားလည်လာသည်။ သူ၏ ကိုယ်ပိုင်တိုက်ခိုက်မှုများသည်လည်း တဖြည်းဖြည်း ပိုမိုရိုးရှင်းလာပြီး စွမ်းအင်ချွေတာမှု ပိုရှိလာ၏။ အစပိုင်းတွင် အနည်းငယ် ကြွားဝါသောပုံစံမျိုး ဖြစ်နေသော်လည်း နောက်ပိုင်းတွင်မူ လုံးဝ သာမန်ကာလျှံကာ တိုက်ခိုက်မှုများ ဖြစ်လာသည်။ သူသည် အမြန်ဆုံးနှုန်းနှင့် အနည်းဆုံး သွေးစွမ်းအင်ကိုသာ သုံး၍ နတ်ဆိုးများကို သတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှီတန့်ယွဲ့ ဤမြင်ကွင်းကို မြင်သောအခါ အလွန် အံ့အားသင့်သွားမိသည်။
'ငါ နတ်ဆိုးနှိမ်နင်းရေးခံတပ်ကို ရောက်တုန်းက ဒီသတ်ဖြတ်နည်းကို တဖြည်းဖြည်း နားလည်လာဖို့ တိုက်ပွဲ ရှစ်ကြိမ်လောက် ဆင်နွှဲခဲ့ရတာ’
'ဒါက သူ့ရဲ့ ပထမဆုံး တိုက်ပွဲပဲ ရှိသေးတယ်… ဒါတောင် သူက ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း နားလည်သွားတာလား’
'သူ့ရဲ့ သိမြင်နားလည်မှုက တကယ်ကို ကြောက်စရာကောင်းတယ်'
ရှီတန့်ယွဲ့ စိတ်ထဲမှ ချီးကျူးမိသည်။ သို့သော် သူ အံ့သြနေသော်လည်း သတ်ဖြတ်မှုစွမ်းရည်မှာမူ လုံးဝ ကျဆင်းမသွားပေ။
ရှန်မိုလည်း တိုက်ခိုက်နေရင်း ပတ်ဝန်းကျင်ကို အမြဲမပြတ် အကဲခတ်နေကာ တွေးနေ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် နတ်ဆိုးပင်လယ် ဆိုသည်မှာ အဘယ်နည်းဟု ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သည်။
နတ်ဆိုးပင်လယ်သည် ကြီးမားသော ကန့်လန့်ဖြတ်တစ်ခုနှင့် တူလှသည်။ အပေါ်ပိုင်းတွင် ကျယ်ပြီး အောက်ခြေသို့ ရောက်လေ ကျဉ်းမြောင်းလေ ဖြစ်သည်။ အတွင်းရှိ နတ်ဆိုးစွမ်းအင်များသည် အချိန်ကြာလာသည်နှင့်အမျှ အနည်ထိုင်သွားကာ ပုရွက်ဆိတ်တွင်းများကဲ့သို့ ရှုပ်ထွေးသော လမ်းကြောင်းများစွာ ဖြစ်ပေါ်နေပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေ၏။ နတ်ဆိုးများကိုယ်တိုင်ပင် ထိုလမ်းကြောင်းများကို မည်သို့သွားရမည်ကို အပြည့်အဝ နားလည်မည်မဟုတ်ပေ။
အချိန်တစ်ခုကြာတိုင်း နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် နတ်ဆိုးပင်လယ်ကို ဦးဆောင်စူးစမ်းကာ မြေပုံများကို ပြန်လည်ရေးဆွဲကြရသည်။
စူးစမ်းပြီးသား နယ်မြေကို လောလောဆယ်တွင် အလွှာကိုးလွှာအဖြစ် ခွဲခြားထားပြီး အလွန်နက်သော နေရာများမှလွဲ၍ ပင်မလမ်းကြောင်း အများစုကို နတ်ဆိုးများ ထိုးဖောက်မဝင်နိုင်စေရန် နတ်ဆိုးနှိမ်နင်းရေးတပ်သားများက စောင့်ကြပ်ထားကြ၏။ အနည်းငယ်သော နတ်ဆိုးများနှင့် စစ်မှန်သောနတ်ဆိုးများ၏ ရက်အနည်းငယ်ခြားတစ်ခါ ကျူးကျော်မှုမှာ နတ်ဆိုးနှိမ်နင်းရေးတပ်နှင့် နတ်ဆိုးများကြားတွင် အပြန်အလှန် နားလည်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ နတ်ဆိုးနှိမ်နင်းရေးတပ်မှ လေ့ကျင့်မှု လိုအပ်သလို နတ်ဆိုးများကလည်း ထိုနည်းတူပင်။
"ဟမ်…တစ်ခုခုတော့ မှားနေပြီ… တစ်ယောက်ယောက် ငါ့ကို စောင့်ကြည့်နေတယ်"
ရှန်မို၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူ၏ ပုံရိပ်ငယ်အတွင်းရှိ ကိုးဘုံငရဲ ရေခဲမီးတောက်မှာ အကြောင်းရင်းမရှိဘဲ လှုပ်ခတ်သွားသည်။ ၎င်းမှာ သူ့ကို တစ်ခုခု သတိပေးနေသကဲ့သို့ပင်။
ရှန်မို အဆင့်နိမ့်နတ်ဆိုးအုပ်ကြီးထံသို့ လှမ်းကြည့်လိုက်သည်။ ၎င်းတို့မှာ ကြောက်ရွံ့မှုမရှိဘဲ တစ်ကောင်ပြီးတစ်ကောင် တိုးဝင်လာကြပြီး မျက်နှာများမှာ ကြမ်းတမ်းခက်ထန်မြဲပင်။ သူတို့သည် နည်းမျိုးစုံဖြင့် သေဆုံးနေကြ၍ အပေါ်ယံကြည့်လျှင် ထူးခြားမှုမရှိပေ။
ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည်လည်း အနည်းငယ် စိတ်အေးသွားကြသည်။ အကြောင်းမှာ ဤအဆင့်နိမ့်နတ်ဆိုးများသည် အရေအတွက် များပြားသော်လည်း အားနည်းလွန်းသောကြောင့် ဖြစ်၏။ သူတို့ကို သတ်ရသည်မှာ ဟင်းသီးဟင်းရွက် လှီးရသကဲ့သို့ လွယ်ကူလှသည်။ တစ်ချက်၊ နှစ်ချက်နှင့် မသေသော်လည်း လေးငါးချက်ဆိုလျှင် သေချာပေါက် သေကြသည်။ စစ်မှန်သောနတ်ဆိုးဘုရင်များနှင့် စစ်မှန်သောနတ်ဆိုးဧကရာဇ်များကိုပင် တပ်သားအများအပြား စုပေါင်းတိုက်ခိုက်လျှင် အနိုင်ရနိုင်သည်။ ထို့ကြောင့် လူသစ်များပင် တဖြည်းဖြည်း တည်ငြိမ်လာကြသည်။ အချို့ဆိုလျှင် စကားပြောကာ ရယ်မောနေကြလေပြီ။
ရှန်မို သူ၏ ကံကြမ္မာစနစ်ကို ကြည့်လိုက်ရာ စိတ်မအေးမှု အရင်းအမြစ်ကို ချက်ချင်း သိလိုက်ရသည်။
'စစ်မှန်တဲ့ နတ်ဆိုးအရှင်သခင်တစ်ပါးက အဆင့်နိမ့်နတ်ဆိုးတွေကြားထဲမှာ ပုန်းအောင်းပြီး အခွင့်အရေးကို စောင့်နေတာလား'
ရှန်မိုသည် တည်ငြိမ်သော မျက်နှာထားကို ဆက်လက် ထိန်းထား၏။ သေချာပုန်းအောင်းနေသရွေ့ ဤနည်းဗျူဟာမှာ အမှန်ပင် အလွန်ထိရောက်လှသည်။ သို့သော် ရှန်မို သိသွားပြီဖြစ်သောကြောင့် ပြိုင်ဘက်ကို အခွင့်အရေးစောင့်ရင်း ပုန်းအောင်းနေခွင့် ပြုမည်မဟုတ်ချေ။
သူ နတ်ဆိုးအုပ်ကြီးထဲသို့ ဝေ့ဝဲကြည့်လိုက်သည်။ မကြာမီမှာပင် တိုက်ခိုက်မှုများကို ပါးနပ်စွာ အမြဲရှောင်တိမ်းနေသော အောက်တန်းစားနတ်ဆိုးဗိုလ်မှူးတစ်ကောင်ကို တွေ့လိုက်ရ၏။ ဤနတ်ဆိုးမှာ အခြားအဆင့်နိမ့်နတ်ဆိုးဗိုလ်မှူးများထက် အနည်းငယ် ပို၍ အရပ်ရှည်ကာ သန်မာသည်။ သို့သော် နောက်ကွယ်မှ ကွပ်ကဲနေသည့် စစ်မှန်သောနတ်ဆိုးအရှင်သခင်ထက် သိသိသာသာ ပို၍ သေးငယ်သည်။ သူ၏ ဤထူးခြားသော အရွယ်အစားကြောင့်ပင် အဆင့်နိမ့်နတ်ဆိုးများကြား၌ ရည်ရွယ်ချက်ရှိရှိ ပုန်းအောင်းနေကာ တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေသော မြွေဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေခြင်းပင်။
ထိုစဉ်မှာပင် ရှန်မို နောက်ကွယ်မှ ကွပ်ကဲနေသော စစ်မှန်သောနတ်ဆိုးအရှင်သခင် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်ကို သတိထားမိလိုက်၏။ သူ၏ကိုယ်ပေါ်မှ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးမျိုးဆက်လျှို့ဝှက်ပညာရပ် တစ်ခုခုကို အသက်သွင်းလိုက်ပုံရသည်။ နတ်ဆိုးစွမ်းအင်များသည် သူ၏ကိုယ်မှတစ်ဆင့် အဆင့်နိမ့်နတ်ဆိုးတိုင်း၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။ သူ၏ ဟိန်းဟောက်သံမှာ အပြတ်အသတ် တိုက်ခိုက်ရန် အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှ၏။
ဤသွေးမျိုးဆက်ပညာရပ်၏ လွှမ်းမိုးမှုအောက်တွင် အဆင့်နိမ့်နတ်ဆိုးများသည် ချက်ချင်းပင် ပိုမိုရဲတင်းကာ ကြောက်ရွံ့မှု ကင်းမဲ့သွားကြသည်။ ယခင်က တိုက်ခိုက်မှုများကို ရှောင်တိမ်းကြသေးသော်လည်း ယခုမူ နတ်ဆိုးနှိမ်နင်းရေးတပ်သားများနှင့် အကွာအဝေးကို အမြန်ဆုံး လျှော့ချရန် တိုက်ပွဲထဲသို့ တိုက်ရိုက် တိုးဝင်လာကြတော့၏။
ပေတစ်ထောင်! ကိုးရာ! ခုနစ်ရာ! ငါးရာ!
အကွာအဝေးမှာ လျင်မြန်စွာ ကျဉ်းမြောင်းလာသည်။ ဤအကွာအဝေးတွင် စစ်မှန်သောနတ်ဆိုးများသည် တပ်သားများကို တိုက်ခိုက်ရန် နတ်ဆိုးစွမ်းအင်များအား လွှင့်ထုတ်နိုင်နေသည်။
"အား”
နတ်ဆိုးနှိမ်နင်းရေးတပ်သားတစ်ဦးသည် စစ်မှန်သောနတ်ဆိုးဧကရာဇ်တစ်ကောင် လွှင့်ထုတ်လိုက်သော နတ်ဆိုးစွမ်းအင်နှင့် ရုတ်တရက် ထိမှန်သွားသည်။ သူ၏ ညာဘက်လက်တစ်ပြင်လုံးမှာ ပြင်းထန်သော အက်ဆစ်ထဲသို့ ထည့်ထားသကဲ့သို့ တဟုန်းဟုန်း လောင်ကျွမ်းသွား၏။ သူ နာကျင်မှုကို မခံစားနိုင်တော့ဘဲ အော်ဟစ်ကာ ဟိုဟိုဒီဒီ ယောင်ယမ်းတိုက်ခိုက်မိပြီး အနီးနားရှိ တပ်သားများကိုပင် နှောင့်ယှက်မိသွားသည်။ ဤသို့ဖြင့် သူ၏ပတ်ဝန်းကျင်ရှိ သူများ၏ သတ်ဖြတ်မှုစွမ်းရည်ကိုပါ သက်ရောက်မှု ရှိသွားစေလေ၏။ နှောင့်ယှက်မှုတစ်ခုတည်းကပင် ကျယ်ပြန့်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။
ထိုအချိန်တွင် အဆင့်နိမ့်နတ်ဆိုးအုပ်ကြီးမှာ ပိုမိုမြန်ဆန်စွာ တိုးဝင်လာတော့သည်။
Chapter 398: ကောင်းကင်နတ်ဆိုးမျိုးဆက်
ထိုအဆင့်နိမ့်နတ်ဆိုးများသည် (၁၀) စက္ကန့်မျှအတွင်းမှာပင် ပေငါးရာအကွာအဝေးမှ ပေနှစ်ရာအကွာအဝေးအထိ ရောက်ရှိအောင် တိုးကပ်လာကြလေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများစုအတွက်မူ ၎င်းမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခြင်းပင် ဖြစ်တော့သည်။ အဆင့်နိမ့်နတ်ဆိုးများ၏ တိုက်ခိုက်မှုများသည်လည်း တစ်စထက်တစ်စ ပိုမိုပြင်းထန်လာပြီး ကြီးမားလှသော နတ်ဆိုးစွမ်းအင်လုံးများသည် ကျောက်ခဲပစ်စက်မှ ပစ်လွှတ်လိုက်သော ကျောက်တုံးကြီးများကဲ့သို့ ကောင်းကင်ယံမှ တရစပ် ကျဆင်းလာလေ၏။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကြားတွင် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ ရှန်မိုသာ လီဟိုင်ထန်းကို ဘေးသို့ အမြန်ဆွဲမထုတ်လိုက်ပါက သူတို့အုပ်စုအားလုံး ထိုနတ်ဆိုးစွမ်းအင်ဗုံးများ ထိမှန်ကာ အသက်ဘေးနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။
"ညီအစ်ကိုရှန်… ကျေးဇူးတင်ပါတယ်"
လီဟိုင်ထန်းမှ ကျေးဇူးတင်စကား ပြောကြားသော်လည်း ရှန်မိုကမူ ခေါင်းတစ်ချက် ငြိမ့်ပြရုံသာ ပြုလုပ်ပြီး အဆင့်နိမ့်နတ်ဆိုး အုပ်စုကြီးအတွင်း၌ ပုန်းကွယ်နေသော နတ်ဆိုးအစစ်ဆီသို့ အကြည့်ကို စူးစိုက်ထားလေသည်။ ထိုရန်သူသည် သေစေနိုင်လောက်သော တိုက်ကွက်တစ်ခုအတွက် အခွင့်ကောင်းကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ၎င်း၏ ပစ်မှတ်မှာ လီဟိုင်ထန်း သို့မဟုတ် ကျောက်ရှင်းတို့ကဲ့သို့ သာမန်တပ်သားများ မဟုတ်ဘဲ အရှင်သခင်အဆင့်ရှိသော ရှီတန့်ယွဲ့ သို့မဟုတ် ရှားရီလန်တို့သာ ဖြစ်ပေလိမ့်မည်။
ခန့်မှန်းထားသည့်အတိုင်းပင် ခဏအကြာ၌ ရှီတန့်ယွဲ့သည် နတ်ဆိုးစွမ်းအင်လုံးများကို ရှောင်တိမ်းရင်း အနည်းငယ် ဟန်ချက်ပျက်သွားလေ၏။ ပုံမှန်အားဖြင့်မူ ယင်းမှာ အရေးမကြီးသော်လည်း နတ်ဆိုးအစစ်တစ်ဦးကမူ အဆင့်နိမ့်နတ်ဆိုးများကြား အကြာကြီး ပုန်းကွယ်နေခဲ့သည်။ သူသည် ထိုအခွင့်အရေးကို အရယူပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ထက်မြက်လှသော ခရမ်းနက်ရောင် အလင်းတန်းမှာ ကြီးမားသော ဓားကြီးတစ်လက်အဖြစ် ချက်ချင်း အသွင်ပြောင်းသွားပြီး ရှီတန့်ယွဲ့ထံသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချလိုက်လေ၏။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးမှာ ထိုနတ်ဆိုးဓား၏ လမ်းကြောင်းပေါ်တွင် မတော်တဆ ရှိနေခဲ့သည်။ ထိုခဏ၌ပင် သူ ထိုနေရာတွင် တောင့်ခဲသွားပြီး တခြားသူများ လှည့်ကြည့်လိုက်သောအခါတွင်မူ ထိုတပ်သားလေး နှစ်ပိုင်းပြတ်သွားခဲ့ပြီ ဖြစ်သည်။
"သေစမ်း"
နတ်ဆိုးအစစ်မှ နတ်ဆိုးဘာသာစကားဖြင့် အော်ဟစ်ရင်း ရူးသွပ်စွာ ရယ်မောလေ၏။
“နတ်ဆိုးအစစ်သခင်… ဒါ နတ်ဆိုးအစစ်သခင်ပဲ”
"တောက်… အဆင့်နိမ့်နတ်ဆိုးများတွေထဲမှာ နတ်ဆိုးအစစ်တစ်ကောင် ပုန်းနေရတယ်လို့... တော်တော် အရှက်မရှိတာပဲ"
ဝန်းရံနေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ ထိုဓားချက် ရှီတန့်ယွဲ့ဆီသို့ ဦးတည်သွားတော့မှသာ ထိတ်လန့်တကြား အော်ဟစ်ကြကုန်သည်။ ရှီတန့်ယွဲ့၏ မျက်နှာမှာလည်း သေလူတစ်ဦးကဲ့သို့ ဖြူလျော်သွားလေ၏။ ရနတ်ဆိုးအစစ်တစ်ဦးက နတ်ဆိုးအငယ်စားများကြားတွင် ပုန်းအောင်းကာ အခွင့်အရေးကို စောင့်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ပျာပျာသလဲဖြင့် သူ၏ သွေးစွမ်းအင်အားလုံးကို ထုတ်သုံးကာ ခုခံရန် ကြိုးစားသော်လည်း ယင်းမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ အချိန်ဆွဲနိုင်မည်ကို မိမိကိုယ်ကိုယ် ကောင်းစွာ သိရှိနေသည်။ အဆင့်တူ နတ်ဆိုးအစစ်များနှင့် တိုက်ပွဲတွင် အနည်းဆုံး နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား နှစ်ဦးရှိမှသာ ခုခံနိုင်ခြင်း ဖြစ်၏။
သို့သော် သူ၏ ဘေးတွင် ရှိနေသည်မှာ တိုက်ပွဲအတွေ့အကြုံမရှိသော ရှန်မိုသာ ဖြစ်လေသည်။ ရှန်မိုသည် အရှင်သခင်အဆင့်သို့ ရောက်ရှိနေသော်လည်း သာမန်အဆင့်သာ ဖြစ်ပြီး ငွေရောင်ထိပ်သီး အရှင်သခင် အဆင့်သို့ပင် မနီးစပ်သေးပေ။ ထို့ပြင် ယခုကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ရှန်မိုလည်း ကြောင်သွားမည်မှာ အသေအချာပင်။ ထို့ကြောင့် ရှန်မိုကို အားကိုး၍ မရနိုင်သဖြင့် သူ၏ သေဆုံးမှုမှာလည်း ရှောင်လွှဲ၍ မရနိုင်တော့ပေ။
အဝေးတစ်နေရာမှ ရှားရီလန်သည် ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး သူ၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားလေသည်။ ရှီတန့်ယွဲ့ကြောင့် သူ အရှက်တကွဲ ဖြစ်ခဲ့ရပြီး ဘဝတစ်လျှောက်လုံး ရုပ်ပျက်ဆင်းပျက် နေထိုင်သွားရန် ဖြစ်လာခဲ့ရသည်။ ယခု ရှီတန့်ယွဲ့ သေဆုံးတော့မည် ဖြစ်သဖြင့် ရှားရီလန် အလွန်ပင် ပျော်ရွှင်နေလေသည်။
"အဲ့ဒီတုန်းက မင်းကို ကာကွယ်ဖို့ လူတွေအများကြီး သေခဲ့ရတာ… ဒါပေမဲ့ မင်းကတော့ သူတို့ပေးဆပ်ခဲ့တဲ့ တန်ဖိုးရဲ့ တစ်ဝက်ကိုတောင် မလုပ်ဆောင်နိုင်ခဲ့ဘူး… မင်းက ဟိုးကတည်းက သေသင့်နေတာ”
ရှားရီလန် စိတ်ထဲတွင် ရူးသွပ်စွာ ရယ်မောနေမိ၏။ ပိုဝေးသော နေရာရှိ တခြား တပ်စိတ်မှူးများကလည်း လှမ်းကြည့်နေကြပြီး ရှီတန့်ယွဲ့မှာ လူမကြိုက်သူ ဖြစ်သော်လည်း အခုလို အလွယ်တကူ သေဆုံးရတော့မည်ကို မြင်တွေ့ရ၍ စိတ်မကောင်းဖြစ်နေမိကြသည်။
ထိုအချိန်၌ပင် ရှီတန့်ယွဲ့၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော သားရဲဟိန်းသံများ ပေါ်ထွက်လာလေ၏။ ယင်းမှာ ရှေးဟောင်း ဆင်ဖြူတော်ကြီးများမှ ဟင်းလင်းပြင်ကို ဖျက်ဆီး၍ ထိုးစစ်ဆင်လာသော အသံကြီးနှင့် တူလှပေသည်။ နောက်တစ်စက္ကန့်တွင်မူ သွေးစွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး ပေတစ်ရာကျော် မြင့်မားသော သွေးရောင်လွှမ်းသည့် လူသားပုံစံကြီးအဖြစ် ပေါင်းစည်းသွားကာ ရှီတန့်ယွဲ့၏ ဘေးတွင် ကာကွယ်ပေးသလို ရပ်တည်လိုက်လေသည်။ ၎င်းမှာ "မလှုပ်မယှက် ဘုရင် ခန္ဓာကိုယ်" ပင် ဖြစ်ပါသည်။
ကြီးမားလှသော နတ်ဆိုးဓားကြီး ကျဆင်းလာသည့်အခါ ထိတွေ့သည့် နေရာသည် ရေခဲများ နေပူထဲ၌ အရည်ပျော်သွားသကဲ့သို့ ချက်ချင်း ကွယ်ပျောက်သွားသော်လည်း လတ်ဆတ်သော သွေးစွမ်းအင်များ ချက်ချင်း ပြန်လည် စီးဝင်လာပြီး သွေးရောင်လူသားကြီးကို လျင်မြန်စွာ ပြန်လည် ပြုပြင်ပေးလိုက်လေ၏။ ခဏအတွင်းမှာပင် ယင်းမှာ မမျှော်လင့်ဘဲ အပြန်အလှန် ထိန်းထားနိုင်သော အခြေအနေသို့ ရောက်ရှိသွားလေသည်။ ရှီတန့်ယွဲ့နှင့် ရှားရီလန်တို့ မှင်တက်သွားကြပြီး မရေမတွက်နိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာလည်း အံ့ဩတကြီး ငေးကြည့်နေကြ၏။
နတ်ဆိုးအစစ်သခင် တစ်ဦး၏ ချောင်းမြောင်းတိုက်ခိုက်မှုကို တားဆီးနိုင်သော ဤသွေးစွမ်းအင် ကိုယ်ခံပညာမှာ အဘယ်နည်း။
နတ်ဆိုးအစစ်သခင် ကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။ သူသည် ဤတိုက်ကွက်အတွက် အချိန်အကြာကြီး အားယူခဲ့ရသော်လည်း တားဆီးခံလိုက်ရလေ၏။
ထိုအချိန်တွင် ရှားရီလန်နှင့် တခြားသူများမှာ ဤကိုယ်ခံပညာကို ထုတ်ဖော်လိုက်သူသည် ရှန်မိုဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့သွားကြ၏။ ရှားရီလန် နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားပြီး
"ငါ သူ့ကို တကယ် အထင်သေးခဲ့မိတာပဲ"
ထို့နောက် နတ်ဆိုးဓား အားကုန်သွားပြီး အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားသောအခါ သွေးရောင်လူသားကြီးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ရှီတန့်ယွဲ့ ရှန်မိုကို အံ့သြတကြီး ကြည့်နေမိသည်။
"ချက်ချင်း ဆုတ်ခဲ့တော့… အကုန် ပေါ်သွားပြီ”
နောက်ဘက်မှ အမိန့်ပေးနေသော နတ်ဆိုးအစစ်သခင်မှ အော်ဟစ်လိုက်သော်လည်း ခပ်ပုပု နတ်ဆိုးအစစ်သခင်မှာမူ မဆုတ်ခွာဘဲ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာကာ ရှန်မိုဆီသို့ တိုက်ရိုက် ပြေးဝင်လာလေသည်။ အမိန့်ပေးနေသော နတ်ဆိုးအစစ်သခင်မှာလည်း မျက်မှောင်ကြုတ်၍ အရှိန်မြှင့် လိုက်ပါလာရတော့၏။
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
သူ နတ်ဆိုးဘာသာစကားကို နားမလည်သော်လည်း ၎င်းတို့၏ လေသံနှင့် အမူအရာများကို ကြည့်ခြင်းဖြင့် သတ်ဖြတ်ချင်နေသည်ကို သိရှိနိုင်၏။ ရှန်မိုသည် အစောပိုင်း ခုခံမှုကြောင့် သွေးစွမ်းအင် အများအပြား ကုန်သွားကာ အားနည်းနေလိမ့်မည်ဟု ယူဆထား၍ ဖြစ်သည်။ ရှန်မို၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ လောင်းကြေးကို အနိုင်ယူရန် စဉ်းစားနေစဉ် ယခု နတ်ဆိုးအစစ်သခင် တစ်ဦးမှ ကိုယ်တိုင် လာပို့နေသဖြင့် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
"သေစမ်း"
ခပ်ပုပု နတ်ဆိုးအစစ်သခင်မှ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကြီးမားလှသော တူကြီးတစ်လုံးအဖြစ် ပြောင်းလဲ၍ ထုရိုက်ချလိုက်လေသည်။ ယင်းမှာ သွေးမျိုးဆက် လျှို့ဝှက်ပညာပင် ဖြစ်၏။
ရှီတန့်ယွဲ့ သက်ပြင်းတစ်ချက်ချ၍
"ဒီသွေးမျိုးဆက် လျှို့ဝှက်ပညာက 'နတ်ဆိုးချေမှုန်းတူ' လို့ ခေါ်တယ်… ငါတို့ နှစ်ယောက်လုံး ပေါင်းပြီး ခုခံရင် တားဆီးနိုင်မှာပါ"
သို့သော် သူ စကားပြော၍ မဆုံးမီမှာပင် ခပ်ပုပု နတ်ဆိုးအစစ်သခင်၏ နောက်ဘက်၌ ကြီးမားသော နတ်ဆိုးပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။ ယင်းမှာ ကောင်းကင်နတ်ဆိုးကြီး၏ ပုံရိပ်ယောင်ဖြစ်သဖြင့် ထိုနတ်ဆိုးမှာလည်း ကောင်းကင်နတ်ဆိုးကြီး၏ မျိုးဆက်ဖြစ်ကြောင်း အားလုံး သိရှိသွားပြီး ထိတ်လန့်တကြား ဆုတ်ခွါကုန်ကြ၏။ ကောင်းကင်နတ်ဆိုးကြီး၏ မျိုးဆက်မှာ သာမန် နတ်ဆိုးအစစ်သခင်များထက် များစွာ ပိုမိုသန်မာလေသည်။
ရှီတန့်ယွဲ့သည် ရှန်မိုကို ကယ်တင်ရန် သူ၏ သွေးစွမ်းအင် ခြောက်ထပ်လုံးကို ထုတ်သုံးကာ ရှေ့မှ ကာကွယ်ပေးရန် ပြင်ဆင်လေသည်။ သို့သော် ရှန်မိုမှ
"မင်း တစ်ယောက်တည်း ခုခံစရာ မလိုပါဘူး"
သူ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောကြားပြီး ဝိညာဉ်နှိမ်နင်း သွေးလှံကိုးစင်းကို ထုတ်လွှတ်လိုက်လေသည်။ သွေးလှံကိုးစင်းမှာ လျှပ်စီးကဲ့သို့ ထိုးထွက်သွားပြီး နတ်ဆိုး၏ တူကြီး ကျဆင်းမလာမီမှာပင် ၎င်း၏ ရင်ဘတ်ကို ဖောက်ထွက်သွားကာ နတ်ဆိုးနှလုံးသားကို အစိပ်စိပ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်ပါတော့သည်။ နတ်ဆိုးသွေးများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားလေတော့သတည်း။
Chapter 399: ကျွန်တော့်နာမည် ရှောင်းဖန်ပါ
ဤမြင်ကွင်းသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတိုင်း၏ စိတ်နှလုံးကို အခြေခံမှစ၍ တုန်လှုပ်ချောက်ချားသွားစေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုရန်သူသည် စစ်မှန်သော နတ်ဆိုးသခင်တစ်ဦး ဖြစ်လေသည်။ သူသည် သွေးမျိုးဆက်နည်းဗျူဟာကို ထုတ်ဖော်ခဲ့သည့်အပြင် ကောင်းကင်နတ်ဆိုးကြီး၏ ပုံရိပ်ယောင်ကိုပင် ဆင့်ခေါ်နိုင်ခဲ့သဖြင့် ကောင်းကင်နတ်ဆိုးကြီး၏ တိုက်ရိုက်မျိုးဆက်ဖြစ်ကြောင်း ထင်ရှားလှပေ၏။ သို့သော်ငြားလည်း ထိုကဲ့သို့သော ရန်သူကို ရှန်မိုတစ်ယောက် အလွယ်တကူပင် အမှုန့်ချေ သတ်ဖြတ်ပစ်ခဲ့လေသည်။
ထိုနတ်ဆိုးသခင်မှာ အလွန်အမင်း အားနည်းနေခြင်းလော။ သို့မဟုတ် ရှန်မိုကပင် အံ့မခန်း အစွမ်းထက်နေခြင်းလော။
ရှန်မို၏ အစွမ်းသည် သွေးစွမ်းအားနှင့် နတ်ဆိုးစွမ်းအင်ကြားရှိ အခြေခံကွာခြားချက်ကိုပင် လျစ်လျူရှုနိုင်သည်အထိ အားကောင်းလာပြီး ထိုနတ်ဆိုးသခင်ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်၏။ ရှီတန့်ယွဲ့ အလွန်အမင်း အံ့အားသင့်လွန်းသဖြင့် အချိန်အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်နေတော့သည်။
"မင်း... မင်းက..."
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ တုံ့ပြန်မှုထက် နတ်ဆိုးများ၏ တုန်လှုပ်မှုက ပိုမိုပြင်းထန်လှသည်။ နောက်တန်းမှ အုပ်ချုပ်နေသော နတ်ဆိုးသခင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်သော ဟိန်းဟောက်သံကြီး ထွက်လာ၏။ အဆင့်နိမ့်နတ်ဆိုး တပ်မှူးများ၊ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဧကရာဇ်များ အားလုံးမှာလည်း စိတ်ဓာတ်များ ရုတ်ချည်း ကျဆင်းသွားကြကုန်သည်။ ထိုခပ်ပုပု နတ်ဆိုးသခင်သည် အဆင့်နိမ့်နတ်ဆိုးများကြားတွင် ပုန်းကွယ်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေကြောင်း သိရှိထားကြ၏။ ထိုသို့ပြုလုပ်ခြင်းကြောင့် အစောင့်တပ်သားများထဲမှ အထက်တန်းလွှာ တစ်ဦးဦး ကျဆုံးရတော့မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် အဆုံးသတ်တွင် သေဆုံးသွားသူမှာ ထိုနတ်ဆိုးသခင် ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
"ဆုတ်ခွာကြ… အခုချက်ချင်း ဆုတ်ခွာကြ”
နောက်တန်းမှ နတ်ဆိုးသခင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။
အဆင့်နိမ့်နတ်ဆိုးများသည်လည်း အလောင်းများကို စွန့်ပစ်ကာ ထိတ်လန့်တကြား ထွက်ပြေးကြရတော့သည်။ ထိုနတ်ဆိုးသခင်သည် ရှန်မိုကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ လူသားများ နားလည်နိုင်သော ဘာသာစကားဖြင့် ပြောကြားလေသည်။
"နတ်ဆိုးနှိမ်နင်းရေး တပ်သား... မင်း ငါ့ညီ အန်ကျန်းတန့် ကို သတ်လိုက်တာပဲ… မင်းဟာ ကောင်းကင်နတ်ဆိုးကြီးရဲ့ သားမြေး (၈) ကိုသတ်လိုက်တာပဲ”
"မင်းနာမည်ကို ပြောစမ်း”
"ငါ အန်ကျန်းယွမ် က မင်းကို ထာဝရ မှတ်ထားမယ်”
နောက်တန်းမှ နတ်ဆိုးသခင်သည် အဝေးမှ ဟိန်းဟောက်လိုက်၏။
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး
"ငါ့နာမည်က ရှောင်းဖန်ပါ"
သူ အလေးအနက် ပြန်လည်ဖြေကြားလေသည်။ အန်ကျန်းယွမ်သည် ထိုနာမည်ကို ရေရွတ်ရင်း မျက်လုံးများမှာ အမုန်းတရားများဖြင့် ပြည့်လျှံနေသည်။
"ရှောင်းဖန်... ငါ မှတ်ထားမယ်… မင်းရဲ့ သေနေ့က လာတော့မှာပါ”
သူ ထိုသို့ပြောဆိုကာ နောက်သို့လှည့်၍ မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။ နတ်ဆိုးများသည်လည်း ရေကျချိန် လှိုင်းလုံးများကဲ့သို့ပင် ဆုတ်ခွာသွားကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
လီဟိုင်ထန်း ဇဝေဇဝါဖြင့်
"ညီအစ်ကိုရှန်... ခင်ဗျားနာမည်က ရှန်မို မဟုတ်ဘူးလား… ဘာလို့ ရှောင်းဖန်လို့ ပြောလိုက်တာလဲ"
စွန်းခုန်မှ လီဟိုင်ထန်း၏ ခေါင်းကို ပုတ်လိုက်ပြီး "ငတုံးလေး... ညီအစ်ကိုရှန်က သူ့ကို လှည့်စားလိုက်တာလေ… နတ်ဆိုးတွေက နာမည်အရင်း သိရင် ကျိန်စာတိုက်တတ်လား ဘယ်သူသိမှာလဲ"
ထိုအခါမှ လီဟိုင်ထန်း သဘောပေါက်သွားပြီး "ညီအစ်ကိုရှန်... ခင်ဗျား တကယ်ကို သတိကြီးတာပဲ”
သူ လက်မထောင်ပြလေသည်။
ခံတပ်၏ အထက်ပိုင်းတွင်မူ နင်ထျန်းရင်နှင့် ရှုံယွမ်ရှန်းတို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ အဝေးသို့ မျှော်ကြည့်နေကြသည်။ ၎င်းတို့၏ ဘေးတွင် အထူးအစွမ်းထက်သော ကိုယ်ရံတော်တပ်သား အချို့လည်း ရှိနေကြလေ၏။ ဤအမြင့်မှကြည့်ပါက ပတ်ဝန်းကျင်ရှိ နတ်ဆိုး ပင်လယ်ကို အုပ်စီးကြည့်နိုင်ပြီး တပ်သားများနှင့် နတ်ဆိုးများအကြား တိုက်ပွဲအခြေအနေကို ချက်ချင်း သုံးသပ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် တိုက်ပွဲထဲသို့ ဆင်းမည်လော သို့မဟုတ် အထက်မှ ဆက်လက် စောင့်ကြည့်မည်လော ဆိုသည်ကို လျင်မြန်စွာ ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။
သူတို့ စောင့်ကြည့်နေခြင်းမှာ အောက်ခြေတပ်သားများ၏ အသက်ကို လျစ်လျူရှုခြင်းကြောင့် မဟုတ်ဘဲ နတ်ဆိုးမျိုးဆက်သစ်များထဲမှ ပေါ်ထွက်လာသော ပါရမီရှင်များကိုလည်း ရှာဖွေနေခြင်း ဖြစ်လေ၏။
နတ်ဆိုးများမှာ ပါရမီရှိသော အစောင့်တပ်သားများကို ပစ်မှတ်ထားသကဲ့သို့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကလည်း နတ်ဆိုးများ၏ ထွန်းသစ်စကြယ်ပွင့်များကို ပစ်မှတ်ထားကြလေသည်။ ထိုအချိန်တွင် အရှေ့ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ နင်ထျန်းရင် လှည့်ကြည့်လိုက်သောအခါ လူငယ်အစောင့်တပ်သား အချို့ စုပေါင်းကာ နတ်ဆိုးအစစ်သခင် တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဝိညာဉ်တော်ဂိုဏ်းမှ တပည့်ဖြစ်သူ လင်တုန်းထျန်း ပင်။
ရှုံယွမ်ရှန်း မျက်ခုံးပင့်ကာ
"ဉာဏ်ကောင်းပြီး စွမ်းဆောင်ရည် ရှိတာပဲ… မဆိုးပါဘူး… အဲ့ဒီတုန်းက ငါ ဘာလို့ သူ့ကို ငါ့လက်အောက်ထဲ အရောက် မခေါ်ခဲ့မိပါလိမ့်"
နင်ထျန်းရင်မှ အားရပါးရ ရယ်မောရင်း
"မင်းက လင်ယွမ်ရှင်း ရဲ့ လက်ထဲကနေ သူ့ကို လုနိုင်မယ် ထင်လို့လား… သူက ဝိညာဉ်တော်ဂိုဏ်းကလေ… လင်တုန်းထျန်းရဲ့ ဘိုးဘေးဆိုလည်း မမှားဘူး"
ရှုံယွမ်ရှန်း ခေါင်းကုတ်လျက်
"ဟုတ်ပါရဲ့... ငါ မယှဉ်နိုင်ပါဘူး… နှမြောစရာပဲ..."
၎င်းတို့ စကားပြောပြီးသည်နှင့် အနောက်ဘက်မှလည်း အံ့သြသံများ ထွက်ပေါ်လာပြန်သည်။ ၎င်းတို့ အာရုံစိုက်ကြည့်လိုက်သောအခါ ဒဏ်ရာအပြင်းအထန် ရထားသော ကျိုးမင်ယီကို အစောင့်တပ်သား အချို့ ကယ်ထုတ်လာသည်ကို တွေ့ရ၏။ ကျိုးမင်ယီ၏ ဘေးတွင် နတ်ဆိုးဧကရာဇ် အချို့၏ အလောင်းများ လဲလျောင်းနေလေသည်။ ကျိုးမင်ယီသည် သူ၏ ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် သုံးကာ ဟန့်တားပေးပြီး သူ၏ ရဲဘော်များအတွက် အချိန်ဆွဲပေးခဲ့ခြင်းမှာ ထင်ရှားလှသည်။
နင်ထျန်းရင်မှ
"တကယ်လို့ ကျိုးမင်ယီသာ သူတို့ကို အချိန်မီ မတားနိုင်ခဲ့ရင် အဲ့ဒီ နတ်ဆိုးဧကရာဇ် သုံးယောက်က စစ်ကြောင်းကို ဖောက်ထွက်ပြီး တပ်သားတွေကြားမှာ သောင်းကျန်းကြမှာ အသေအချာပဲ… သူက လူအများကြီးရဲ့ အသက်ကို သွယ်ဝိုက်ပြီး ကယ်တင်ခဲ့တာပဲ"
သူ အဖန်ဖန် ချီးကျူးနေမိသည်။ ရှုံယွမ်ရှန်းကလည်း
"ငါတို့ ခေါ်ခဲ့တဲ့ တပ်သားသစ် နှစ်ယောက်လုံး တော်တော်လေး စွမ်းဆောင်နိုင်ကြတာပဲ"
"ဒါနဲ့ မင်းခေါ်လာတဲ့ တစ်ယောက်ကရော… သူ ဘာလို့ ခုထိ ပေါ်မလာသေးတာလဲ"
နင်ထျန်းရင် အောက်ခြေတိုက်ပွဲပြင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှန်မိုကို ရှာတွေ့သွားလေသည်။
"ဟိုမှာလေ… ဟိုဘက်မှာ… နေပါဦး... ဒါ ဘာကြီးလဲ… အဆင့်နိမ့်နတ်ဆိုးအနောက်မှာ နတ်ဆိုးသခင်တစ်ယောက် ပုန်းနေတာပဲ”
သူ့ အမူအရာမှာ ပြောင်းလဲသွားပြီး လေသံမှာလည်း တည်ကြည်သွားလေ၏။ နတ်ဆိုးသခင်တစ်ဦးမှ အဆင့်နိမ့်နတ်ဆိုးများကြား ပုန်းအောင်းကာ ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် အလွန်ပင် အရှက်မရှိသော လုပ်ရပ် ဖြစ်သည်။
"နေဦး… အဲ့ဒါ ကောင်းကင်နတ်ဆိုးကြီးရဲ့ မျိုးဆက်နဲ့ တူတယ်… ကြည့်စမ်း… သူ သွေးမျိုးဆက်နည်းဗျူဟာကို သုံးလိုက်တဲ့အခါ ကောင်းကင်နတ်ဆိုးကြီးရဲ့ ပုံရိပ်ယောင်တောင် ပေါ်လာတယ်”
ရှုံယွမ်ရှန်းမှ အော်ဟစ်လိုက်သည်။
နင်ထျန်းရင် ပိုမို စေ့စေ့စပ်စပ် ကြည့်ရှုကာ မျက်မှောင်ကြုတ်လိုက်မိ၏။ နတ်ဆိုးသခင်တစ်ဦး ချောင်းမြောင်းတိုက်ခိုက်သည်မှာပင် ယုတ်မာလှပြီ ဖြစ်သော်လည်း ၎င်းမှာ အစွမ်းထက်သော ကောင်းကင်နတ်ဆိုးကြီး၏ မျိုးဆက် ဖြစ်နေခြင်းက ပို၍ ဆိုးရွားလှသည်။
"မဖြစ်ဘူး… ငါ အောက်ဆင်းပြီး သူတို့ကို ကယ်မှဖြစ်မယ်… မဟုတ်ရင် အစောင့်တပ်သား အနည်းဆုံး ဆယ်ယောက်လောက် သေကုန်လိမ့်မယ်"
နင်ထျန်းရင် စိုးရိမ်တကြီးဖြင့် အောက်သို့ ခုန်ဆင်းရန် ပြင်လေသည်။ လက်ရှိတွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်မှာ လူအင်အား အလွန်နည်းပါးနေ၏။ တပ်သားသစ်များ ဖြစ်လင့်ကစား အကြောင်းမဲ့ သေဆုံးသွားခြင်းကို ခွင့်မပြုနိုင်ပေ။ သူတို့ကို ကယ်တင်ရမည် ဖြစ်သော်လည်း ထိုအချိန်မှာပင် ရှုံယွမ်ရှန်း၏ အံ့သြတကြီး အော်ဟစ်သံကို ကြားလိုက်ရလေ၏။
"သူ သေသွားပြီ”
နင်ထျန်းရင်မှာ ကြောင်အသွားပြီး ပြန်မေးလိုက်သည်။
"ဘယ်သူ သေတာလဲ"
ရှုံယွမ်ရှန်း၏ မျက်လုံးများ ပြူးကျယ်နေပြီး
"အဲ့ဒီ နတ်ဆိုးအစစ်သခင်လေ… ရှန်မိုက သူ့ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာ"
နင်ထျန်းရင် အောက်သို့ အမြန် ငုံ့ကြည့်လိုက်ရာ ခပ်ပုပု နတ်ဆိုးအစစ်သခင်မှာ ပင်လယ်ထဲသို့ လဲကျသွားသည်မှာ အမှန်ပင် ဖြစ်နေသည်။ ၎င်း၏ ရင်ဘတ်တွင် အပေါက်ငယ် ကိုးပေါက် ပေါက်နေပြီး နတ်ဆိုးသွေးများ စီးကျကာ အသက်မရှိတော့သည်မှာ ထင်ရှားလှသည်။
"သူ တကယ်ပဲ သေသွားပြီ..."
နင်ထျန်းရင်မှာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိသည်။ သူကိုယ်တိုင်ပင် ရွှေရောင်ထိပ်သီး အရှင်သခင်အဆင့် ရှိသော်လည်း နတ်ဆိုးအစစ်သခင် တစ်ဦးကို တစ်ချက်တည်းနှင့် သတ်ရန်မှာ ချောင်းမြောင်းတိုက်ခိုက်မှု မဟုတ်ပါက အစွမ်းကုန် ကြိုးစားရလိမ့်မည်။ သို့သော် ရှန်မိုမှာမူ ထိုနတ်ဆိုးနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
"သူက သာမန် အရှင်သခင်အဆင့်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဆိုးကြီးရဲ့ မျိုးဆက်ကို သတ်နိုင်ရတာလဲ"
ရှုံယွမ်ရှန်းမှာ ယခုထိ မယုံနိုင်ဘဲ ဖြစ်နေလေသည်။ နင်ထျန်းရင် သက်ပြင်းတစ်ချက်ချကာ ရုတ်တရက် ပြုံးလိုက်လေ၏။ သူ့ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်နှင့် ထိုအပြုံးမှာ အနည်းငယ် ထူးဆန်းနေသော်လည်း
"ဒီရှန်မိုက တကယ် အစွမ်းရှိတာပဲ… မင်းတို့အားလုံး သူ့ကို အထင်သေးခဲ့ကြတာ"
ရှုံယွမ်ရှန်း ခေါင်းငြိမ့်ကာ
"ဟုတ်ပါတယ်… သူက ဒီလို အစွမ်းမျိုးကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ငါ အရင်က ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းဖို့ အသင့်ပဲ"
သို့သော် ခဏအကြာတွင် သူ ခေါင်းပြန်ခါရင်း
"ဒါပေမဲ့ ခဏတာ အစွမ်းပြတာက ဘာမှမဟုတ်ပါဘူး… အရင်က ရှီတန့်ယွဲ့လည်း ဒီလိုပဲ မဟုတ်လား… အစပိုင်းမှာတော့ တောက်ပခဲ့ပြီး အမှတ်တွေ အများကြီး ရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လုံးဝ သာမန်လူ ဖြစ်သွားတာပဲ… သူ့အစွမ်းနဲ့ဆိုရင် ငါတို့လို တပ်ရင်းမှူးအဆင့်ကို ရောက်နေသင့်ပြီ… အခုထိ အောက်ခြေ တပ်စိတ်မှူးအဆင့်မှာတင် ပိတ်မိနေတုန်း… ရှန်မိုကိုလည်း အဲ့ဒီလိုမျိုး မဖြစ်စေချင်ဘူး"
နင်ထျန်းရင် ခပ်ဖျော့ဖျော့ ပြုံးကာ
"ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့… အချိန်က အဖြေပေးပါလိမ့်မယ်"
ရှုံယွမ်ရှန်း လက်ဝှေ့ယမ်းလျက်
"ဆုတ်ခွာဖို့ ခေါင်းလောင်းတီးလိုက်တော့… နတ်ဆိုးတွေ အများကြီး ထွက်ပြေးကုန်ပြီ… ငါတို့ တပ်သားတွေကို နတ်ဆိုးစွမ်းအင် တိုက်စားမှုကြားမှာ ဆက်ပြီး အပင်ပန်းမခံစေနဲ့တော့"
နင်ထျန်းရင် ခေါင်းညိတ်၍ သူ၏ ကိုယ်ရံတော်များကို အချက်ပြလိုက်လေသည်။
ဒေါင်—ဒေါင်—ဒေါင်!
ဆုတ်ခွာရန် ခံတပ်ကြီးဆီမှ နားကွဲလုမတတ် ခေါင်းလောင်းသံကြီး ပဲ့တင်ထပ်သွားလေသည်။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်များကို မောင်းနှင်၍ ကမ်းခြေသို့ ပြန်လာကြ၏။
သူတို့အားလုံး ရယ်မောပျော်ရွှင်စွာဖြင့် ခံတပ်အတွင်းသို့ ပြန်ဝင်လာကြလေသည်။ သို့သော် ယခုအကြိမ်တွင်မူ ထွက်ခွာစဉ်ကနှင့် မတူတော့ပေ။ လူအများစုမှာ ရှန်မိုကို လေးစားသမှု၊ ကြောက်ရွံ့သမှုတို့ဖြင့် ကြည့်နေကြ၏။
မည်သူ့ကိုမျှ အားမကိုးဘဲ နတ်ဆိုးအစစ်သခင် တစ်ဦးကို တစ်ကိုယ်တည်း သတ်ဖြတ်နိုင်ခဲ့ခြင်းဖြင့် ရှန်မိုသည် သူ၏ အစွမ်းကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် စစ်မှန်သော အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေ၏။