← Chapters

အခန်း (၃၅၆-၃၆၀)

Vol. 24 Ch. 356-360

အခန်း (၃၅၆-၃၆၀)

Vol. 24 Ch. 356-360

အခန်း (၃၅၆) သိုင်းဧကရာဇ်ဟန်ထျန်း။

ချွင်။

ဤသည်မှာ ဓားများအချင်းချင်း ထိပ်တွေ့ဆုံတိုက်မိသော အသံဖြစ်ပြီး ခေါင်းလောင်း သံကဲ့သို့ ထွက်ပေါ်လာသည်။

နတ်ဆိုးဓားစွမ်းအင်သည် အနက်ရောင်လျှပ်စီးစွမ်းအင်နှင့် ထိက်တိုက် တွေ့ဆုံမိတိုင်း ကောင်းကင်ယံမှာ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပါသည်။

ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် သိုင်းဧကရာဇ်ဟန်ထျန်းနှင့် အဆက်မပြတ် ရောယှက်ကာ လေထဲတွင် ပုံရိပ်ယောင်များဖြစ်သည်အထိ ဆက်တိုက်တိုက်နေကြပြီး အောက်ရှိလူတိုင်းကို မှိန်းမောတွေတေသွားစေ ခဲ့သည်။

ချွင်!

နောက်ထပ် ဓားချင်းထိပ်တိုက်တွေ့ဆုံသည့်အသံက ပြင်းထန်စွာ ထွက်ပေါ်လာ ပြန်သည်။

နောက်ဆုံးတွင်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ စွမ်းအားသည် သိုင်းဧကရာဇ် ဟန်ထျန်းထက် နိမ့်ကျပါသေးသည်။ ဤဓားချင်း ထိပ်တိုက်ဆုံတွေ့မူမှ ပြင်းထန်သော စွမ်းအားကြောင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ချက်ချင်းပင် လွင့်ပျံသွားခဲ့ရသည်။ လျှပ်စီးစွမ်းရည် ကိုယ်ပွား၏ခန္ဓာကိုယ်သည် လေထဲတွင် ပေတစ်ရာအကွာထိ ဆုတ်ခွာသွားခဲ့ရပြီး သူ၏ဆေဘာကို ကိုင်ဆောင်ထားသော လက်သည်လည်း ထုံကျင်နေသည်။

"မင်းရဲ့ဆေဘာပညာရပ်က ဒီထက်မပိုတော့ဘူးလား။ မင်းငါ့ကို ဒီလို ဆေဘာပညာရပ် လေးနဲ့ အနိုင်ယူချင်တယ်ဆိုရင်တော့ ရယ်စရာ ဖြစ်လိမ့်မယ်" သိုင်းဧကရာဇ် ဟန်ထျန်းက လှောင်ပြောင်သည်။ ပြောင်ချောသော သူ၏ဦးခေါင်းသည် သူ၏ လက်ထဲတွင်ရှိသောဓားကဲ့သို့ ဖြူစွတ်နေပြီး ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်များ က ဖုံးကွယ်မထားသော သရောင်လှောင်ပြောင်နှင့် အထင်အမြင်သေးမှုများက ထင်ရှားပေါ်လွင်နေသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားချင်ယွင်၏ မျက်နှာသည် အေးစက်နေပြီး သူ၏မျက်လုံး များကလည်း အေးစက်နေသည်။ သူ၏ရှေ့မှာရှိနေသည့် သိုင်းဧကရာဇ်ဟန်ထျန်းသည် တကယ်ကို အစွမ်းထက်၏။ သိုင်းဧကရာဇ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ကျင့်ကြံမူအခြေခံနှင့်အတူ ထက်မြက်သော ဓားနည်းစနစ်ဖြင့် သူ့ကို အနိုင်ယူရန် အလွန်ခက်ခဲသည်။ သို့​သော်​လည်း သူကိုယ်တိုင်ကရော အကြောက်တရား ရှိခဲ့ဖူးပါသလား။

ယနေ့ သူ၏ဆေဘာကို ထုတ်ဖော်ပြီဆိုကတည်းက သူသည် အဆုံးအထိ တိုက်ပွဲဝင် ရလိမ့်သည်။

အနက်ရောင် လျှပ်စီးကြောင်းသည် ပေါက်ကွဲထွက်လာပြီး ဉက္ကာပျံတိုက်ပွဲဝင် ဆေဘာကို ဝန်းရံထားကာ အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်သည့် မိုးကြိုး လျှပ်စီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝှီး!

ဆေဘာသည် ညင်သာစွာ ဝှေ့ယမ်းသွားခဲ့ပြီး ကောင်းကင်သည် မိုးခြိမ်းသံကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။ ဖျက်ဆီးခြင်းဆန္ဒက ဆေဘာအလင်းမှတဆင့် ပျံ့နှံ့သွား ခဲ့သည်။

"မိုးကြိုးပစ်ခွင်းခြင်း ဆေဘာပညာရပ်၏ ပထမဆုံး သိုင်းကွင်း၊ မိုးကြိုးပစ်ခွင်း ကောင်းကင်ဘုံကို ခုတ်ပိုင်းခြင်း။" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်သည်။ ဆေဘာအလင်းမှ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး ဆေဘာသည်လည်း ခုတ်ပိုင်းသွားသည်။ ဆေဘာသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျဆင်းလာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်ကာ သိုင်းဧကရာဇ်ဟန်ထျန်းဆီသို့ တဟုန်ထိုး ကျဆင်းလာသည်။

"ဟမ့်၊ ပန်းပုထွင်းထုထားတဲ့ လှည့်ကွက်လေးတွေကများ။ ဒီနေ့၊ ပြိုင်ဘက်ကင်း အစစ်အမှန် ဓားတာအိုက ဘာလဲဆိုတာ မင်းကို ငါကြည့်ခွင့်ပေးမယ်။"

သိုင်းဧကရာဇ် ဟန်ထျန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ ပါးစပ် ထောင့်စွန်းများသည် မထီမဲ့မြင်ပြုဟန်ဖြင့် တွန့်ကွေးသွားသည်။ ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်ခုက ဓားကို ဖုံးလွှမ်းသွားသည်။ အမှောင်ထု အငွေ့အသက်က အရိုးကိုဝါးမျိုးခံနေရသည့် ငရဲသားများ၏ စိတ်ပျက်အားငယ်ခြင်း အငွေ့အသက်များနှင့်တူပြီး ကြောက်ရွံ့တုန်လှုပ်မူကို ဖြစ်ပေါ်စေသည်။

ဓားချီသည် ထူထပ်သိပ်သည်းလာခဲ့ပြီး ခုတ်ပိုင်းလိုက်သည်နှင့် ကောင်းကင်ဘုံ ကိုသတ်ဖြတ်သည့် အမှောင်ထုကဲ့သို့ ထွက်ပေါ်လာသည်။ အနက်ရောင် ဓားအလင်း သည် မိုးကုပ်စက်ဝိုင်းကို ချက်ချင်း ဖြတ်သွားကာ ချင်ယွင်၏ လျှပ်စီး လင်းလက်နေ သော ဆေဘာအလင်းနှင့် ထိပ်တိုက်ဆုံမိသွားသည်။

"ဘုန်း!"

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးဆေဘာအလင်းနှင့် ဓားချီတို့ ထိပ်တိုက်ဆုံမိသည့်အခါ ချက်ချင်း ပေါက်ကွဲ သွားသည်။ ထိုထိပ်တိုက်တွေ့ဆုံမိ၏ နောက်ဆက်တွဲ ရလာဒ်မှာ သက်ရောက်မူ စွမ်းအင်လှိုင်းများသည် သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ အရပ်မျက်နှာအားလုံးကို ရွေ့လျား သွားခဲ့သည်။ နန်းတော်များသည် အပျက်အစီး များအဖြစ်သို့ လုံးလုံးလျားလျား ပြိုကျသွားကြပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျများကြောင့် ပျက်သုဉ်း သွားခဲ့ရသည်။

"အရမ်းကြောက်စရာကောင်းလွန်းတယ်!"

အဝေးမှာရှိနေသည့် နန်းတော်အစေခံတွေနှင့် မိန်းမစိုးများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခိုက် သူတို့စိတ်နှလုံးတွင် သရဲတစ္ဆေတွေနှင့် နတ်ဘုရားတွေကို မြင်တွေ့ကြရသည့်အလား အဆုံးမရှိ ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေခဲ့သည်။ သူတို့သည် သူတို့ကိုယ်သူတို့ မတော်တဆ ထိခိုက်မိခြင်းမှ ကာကွယ်ရန်နှင့် သနားစရာ ကောင်းသော သေခြင်းမျိုးဖြင့် အဆုံးသတ်ခြင်းတို့မှ ရှောင်ရှားနိုင်ရန်အတွက် အဝေးမှာသာ ပုန်းရှောင်နိုင်ကြသည်။

ဝှီး!

ဤအခိုက်အတန့်တွင် သိုင်းဧကရာဇ်ဟန်ထျန်း၏ ရုပ်အသွင်အပြင်သည် ချင်ယွင်၏ ရှေ့တွင် ထူးထူးခြားခြား ပေါ်လာသည်။

ချင်ယွင်လည်း ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် ဟန့်တားရန်အတွက် သူ၏ ဆေဘာကို အလျင်အမြန် ခုတ်ပိုင်းလိုက်သည်။ သို့သော် သိုင်းဧကရာဇ် ဟန်ထျန်း၏ ဓားသည် ချင်ယွင်တုံ့မူထက်ပင် မြန်ဆန်လွန်းသည်။

"ဟမ့်၊ မင်းရဲ့အမြန်နှုန်းက ငါ့ကို အမှီမလိုက်နိုင်တော့ဘူး။ သေလိုက်တော့!"

သိုင်းဧကရာဇ်ဟန်ထျန်းက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှဓားက ချင်ယွင်၏ ရင်ဘတ်ထဲကို တိုက်ရိုက် ကျရောက်သွားခဲ့သည်။

ထက်ရှသောဓားသည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင် ချပ်ဝတ်နှင့် ထိပ်တိုက်တွေ့ဆုံမိပြီး လှပသောမီးရူးမီးပန်းများ ဖြစ်ပေါ်လာသည်။

သိုင်းဧကရာဇ်ဟန်ထျန်း၏ဓားသည် ချင်ယွင်၏ နဂါးကြေးခွံအနက်ရောင် ချပ်ဝတ်ကို အမှန်တကယ် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ဓားမှထွက်ပေါ်လာသည့်ကြီးမားသော အင်အားသည် ချင်ယွင်ကို လွင့်ထွက် သွားစေခဲ့သည်။

"အယ်? သူ့ ချပ်ဝတ်တန်ဆာကို ထိုးဖောက်ဖို့ အမှန်တကယ် ကျဆုံးခဲ့တာလား။"

သိုင်းဧကရာဇ် ဟန်ထျန်းသည် ချက်ချင်းပင် သက်ပြင်းချကာ အလွန်အမင်း အံ့အားသင့်သော အမူအရာဖြင့် အနောက်သို့ လွင့်ပျံသွားသော ချင်ယွင်ကို ကြည့်လိုက်သည်။

သူ၏ဓားသည် အင်မော်တယ်အဆင့်ဓား မဟုတ်သော်လည်း ၎င်းသည် လျှို့ဝှက်နည်းပညာများဖြင့် သန့်စင်ထားပြီး လူတစ်သောင်းနီးပါး၏ သွေးကို စားသုံးခဲ့သည့် နတ်ဆိုးဓားလည်း ဖြစ်သည်။ ဤသည်မှာ ဓားသည် ဤမျှလောက် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒရှိနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ဓားတစ်ချက် ခုတ်ပိုင်းမူမှထွက်ပေါ်လာသည့် စွမ်းအားသည် အလွန်ကြီးမားပြီး ၎င်းသည် အနှိုင်းမဲ့ ထက်ရှသည်။

သို့သော် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို အပေါက်လေး ပင် ထိုးဖောက်နိုင်စွမ်းမရှိဟု သူ မထင်ထားခဲ့ပေ။ ဤအရာက သိုင်းဧကရာဇ် ဟန်ထျန်း၏ မျက်လုံးများကို ချက်ချင်း လောင်ကျွမ်းစေခဲ့သည်။

"ရတနာတစ်ခု၊ အဲဒါက အင်မော်တယ်အဆင့် ရတနာတစ်ခု ဖြစ်ရမယ်။" သိုင်းဧကရာဇ် ဟန်ထျန်း၏ မျက်လုံးများသည် တောက်လောင်နေသည့် လောဘအလင်းရောင်များနှင့် အတူ ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုနေလေသည်။

သူ့ကို သွေးဆောင်သွားခဲ့ပြီ။ သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ ချပ်ဝတ်တန်ဆာကို သိမ်းယူချင်သွားခဲ့ပြီ။ ဤချပ်ဝတ်တန်ဆာဖြင့်ဆို သူ၏ကာကွယ်ရေးသည် အဆင့်သစ် တစ်ခုသို့ တိုးတက်လာမည် ဖြစ်သည်။

လျှပ်စီးစွမ်းရည် ကိုယ်ပွားချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ အဆက်မပြတ် လွင့်ထွက်နေခဲ့သည်။ ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာ၏ ထိပ်ဖျားသည် မြေပြင်သို့ ထိုးကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။ ထိုမှသာ သူ့ခန္ဓာကိုယ်မှ ခွန်အားများကို ဖယ်ထုတ်နိုင်ခဲ့သည်။ သူသည် ကောင်းကင်ယံမှာရှိနေသည့် သိုင်းဧကရာဇ်ဟန်ထျန်းကို တစ်ဖန်ပြန်ကြည့်ကာ သူ၏ မျက်နှာသည် တုနှိုင်းမရသည့် လေးနက်သော အမူအရာ ပေါ်လွင်နေသည်။

"ဒီဓားတိုက်ကွက်က သိုင်းဧကရာဇ်ဟန်ထျန်းရဲ့ အစစ်အမှန်ခွန်အား ဖြစ်သင့်တယ်၊ ဟုတ်တယ်မဟုတ်လား၊ သူက ဘယ်လိုလုပ် ဒီလောက် မြန်ဆန်နိုင်ရတာလဲ၊ သူ့ရဲ့စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်။ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ် ရှိနေတဲ့အတွက်ကြောင့်သာ၊ မဟုတ်ရင် စောစောက အဲဒီဓားချက်က ငါ့ကို တချက်တည်းနဲ့ သတ်ဖြတ်သွားမှာတောင် ငါကြောက်မိတယ်။" ချင်ယွင်က ကြောက်လန့်တကြား ပြောလိုက်သည်။

သို့သော် သူလည်း အနည်းငယ် အံ့သြသွားသည်။ မူလက နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်၏ ခုခံအားသည် ထိုမျှလောက် မသန်မာသေးပေ။ ထိုလျှပ်စီးနဂါးငယ်လေး သည် အနက်ရောင်ကပ်ဘေး လျှပ်စီးနှစ်မျိုးလုံးကို မျိုချလိုက်ပြီးနောက် ၎င်း၏ ခုခံအားသည် အင်မော်တယ်အဆင့် ချပ်ဝတ်တန်ဆာများနှင့် နှိုင်းယှဉ်နိုင်လုနီးပါး အားကောင်းလာမည်ဟု သူ မမျှော်လင့်ထားပေ။

သိုင်းဧကရာဇ်တစ်ပါး၏ ဓားဖြင့်ခုတ်ပိုင်းမူက နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်တွင် ခြစ်ရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။ အခုတော့ ၎င်းခြစ်ရာသည်ပင် အလိုအလျောက် ပြုပြင်ပြီးသွားပြီ။ ချပ်ဝတ်တန်ဆာ၏ မျက်နှာပြင်သည် အနက်ရောင် တောက်ပြောင်မှုကို ထုတ်လွှတ်နေဆဲဖြစ်ပြီး မကျော်လွှားနိုင်သည့် ခံစားချက်မျိုးကို ခံစားရစေသည်။

ချပ်ဝတ်တန်ဆာက အလိုအလျောက် ပြုပြင်နိုင်သည်ကို မြင်လိုက်ရသဖြင့် သိုင်းဧကရာဇ်ဟန်ထျန်း၏ မျက်လုံးများသည် ပို၍ပင် ပြင်းထန်လာသည်။

"ဟား၊ ဟား၊ မင်းမှာ ဒီလောက်အဖိုးတန်တဲ့ ရတနာတစ်ခုရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ အဲဒါက တကယ်ကို ကောင်းကင်ဘုံရဲ့ ရတနာတွေကို ဖြုန်းတီး နေတာပဲ၊ အားနည်းတဲ့လူက ဒီလိုရတနာမျိုးနဲ့ လုံးဝ မထိုက်တန်ဘူး။ အဲဒါကို ငါ့ကို လွှဲပေးလိုက်ပါ။ ငါ မင်းကို ရိုးရိုးရှင်းရှင်း သေတဲ့နည်းနဲ့ သေအောင် သတ်ပေးမယ်ကွာ" သိုင်းဧကရာဇ်ဟန်ထျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူသည် ချင်ယွင်၏ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို သူချစ်မြတ်လှသည့် ရတနာတစ်ပါးကို ကြည့်နေသလိုမျိုး ကြည့်နေလေသည်။

"ဟမ့်၊ ခင်ဗျားက ဒီချပ်ဝတ်တန်ဆာကို သိမ်းယူချင်လား အိပ်မက် မက်နေလိုက်ဦး!" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ပေးဖို့မဆိုထားနှင့် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို မည်ကဲ့သို့ ချွတ်ရမလဲဆို သည်ကိုပင် သူ မသိချေ။

သူတွေးလိုက်သည်နှင့် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် ပေါ်လာမည်ကိုသာ သူ သိသည်။ အကယ်၍ ၎င်းချပ်ဝတ်တန်ဆာကို သူ၏ခန္ဓာကိုယ်မှ ချွတ်ပေးလိုလျှင်ပင် အနက်ရောင် လျှပ်စီးနဂါးငယ်လေးက ထွက်ခွာရန် ဆန္ဒမရှိဘူးဆိုလျှင် ချင်ယွင်သည် ၎င်းချပ်ဝတ်တန်ဆာကို ချွတ်ပေးနိုင်မည်မဟုတ်ပေ။

"ဒါဆိုလည်း မင်းကိုသတ်ပြီးမှ ချပ်ဝတ်တန်ဆာကို ငါချွတ်ယူလိုက်မယ်။"သိုင်းဧကရာဇ် ဟန်ထျန်း၏ မျက်လုံးများသည် သွေးဆာနေသော အလင်းရောင်များ ထွက်ပေါ်လာပြီး ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်များက ပြင်းထန်သော သတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာကို သူ၏လက်ထဲတွင် ကိုင်ထားပြီး အနက်ရောင် လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဘန်း!

လေဟာနယ်သည် ရေကဲ့သို့ လှိုင်းထလာသည်။ သိုင်းဧကရာဇ်ဟန်ထျန်း၏ ပုံရိပ်သည် ချင်ယွင်၏ရှေ့တွင် ထူးထူးခြားခြား ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သတ်ဖြတ်လိုသည့် အငွေ့အသက်ထွက်ပေါ်နေသော ထက်ရှသောဓားသည် သူ၏ လည်ပင်းဆီသို့ တိုက်ရိုက် ထိုးစိုက်လာသည် ။

သူ၏အရှိန်သည် အလွန်လျင်မြန်ပြီး ထက်ရှသော ဓားအလင်းသည် အဖြူရောင် လျှပ်စီးလက်သွားသလိုပင်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်သည် လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး သူ၏လည်ပင်းကို ဖုံးအုပ်ထားလိုက်သည်။

ချွန်ထက်သော ဓားသည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ထိမှန်သွားကာ သန့်စင်သည့် သံမဏိအချင်းချင်း ထိခိုက်မိသည့် အသံတစ်ခုထွက်လာသည်။ အကြေးခွံတွေက တိုက်ရိုက် အက်ကွဲသွားခဲ့သည်။

ကြီးမားသည့် အင်အား တိုးဝင်လာမူကြောင့် ချင်ယွင်၏ ပါးစပ်မှ သွေးများ ထွက်လာ သည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏လက်ထဲမှ ဆေဘာအလင်းသည် ရက်စက် ကြမ်းကြုတ်သည့် မိုးကြိုးလျှပ်စီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သိုင်းဧကရာဇ် ဟန်ထျန်း၏ရင်ဘတ်ကို တိုက်ရိုက်ချိန်ရွယ်ပြီး ခုတ်ပိုင်းသွားခဲ့သည်။

သိုင်းဧကရာဇ်ဟန်ထျန်း၏ တုံ့ပြန်မှုသည်လည်း အလွန်လျင်မြန်သည်။ ဤခုတ်ပိုင်းချက်ကို ရှောင်တိမ်းရန်အတွက် သူ၏ လှုပ်ရှားမှုပညာရပ်ကို တိုက်ရိုက် အသုံးပြုသွားသည်။ ကြီးစိုးလွှမ်းမိုးနိုင်စွမ်းရှိသော လျှပ်စီးအလင်းသည် သိုင်းဧကရာဇ် ဟန်ထျန်းကို အနည်းငယ်မျှ မထိခိုက်စေဘဲ သူ၏ရင်ဘတ်ကို ဖြတ်ပိုင်းလုနီးပါး အနေထားဖြင့် ဖြတ်ကျော်သွားခဲ့သည်။

"ဟမ့်၊ မင်းရဲ့ချပ်ဝတ်တန်ဆာကို ငါမထိုးဖောက်နိုင်ဘူးဆိုမှတော့ မင်းကို သေတဲ့အထိ ထိတ်လန့်တုန်လှုပ်အောင် လုပ်ရမှာပေါ့ !"

သိုင်းဧကရာဇ်ဟန်ထျန်း၏ မျက်လုံးများတွင် ရန်လိုမှုအရိပ်အယောင်များ ပေါ်လာပါ သည်။ သူက သူ၏လက်ထဲမှ ဓားကို ချိန်ညှိလိုက်ပြီး ချင်ယွင်ဘက်ကို ခုတ်ပိုင်းခြင်းမျိုး မရှိတော့ပါဘူး။ ယင်းအစား သူက ချင်ယွင်၏ရင်ဘတ်ပေါ် ချိန်ထားရင်း ဓား၏ မျက်နှာပြင်ကို ပြင်းထန်စွာ ပုတ်လိုက်သည်။

ချင်ယွင်သည် သူ၏ရင်ဘတ်ဆီသို့ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု တိုးဝင် လာသည် ကို ချက်ချင်း ခံစားလိုက်ရသည်။ ​သွေး​တွေက ​ဖျန်း​ဖနဲလွင့်စင်သွားပြီး သူ၏တစ်​ကိုယ်​လုံးလည်း ချက်ချင်း လွင့်စင်သွားခဲ့သည်။

အခန်း (၃၅၇) အစစ်အမှန်ဓား။

လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်သည် သူ၏ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ အထူးသဖြင့် သူ၏ အတွင်းပိုင်းအင်္ဂ ါအစိတ်အပိုင်းများ ဖြစ်သည်။ အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများ အားလုံးနီးပါးသည် နေရာမှာရွေ့လျားကုန်ပြီး အက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။

ဤဓားတွင်ပါရှိသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတွင် အမှောင် စွမ်းအင်လည်း ပါရှိနေသည်။ ဓားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကိုသာ ထိမှန် သွားသော်လည်း၊ အမှောင်စွမ်းအင်သည် ချင်ယွင်၏ခန္ဓာကိုယ်ရှိ သံချပ်ကာမှ တစ်ဆင့် တိုက်ရိုက် ပေါက်ကွဲသွားနိုင်သည်။

အကယ်၍ လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ခန္ဓာကိုယ်သည် ဖရိုဖရဲလျှပ်စီးများဖြင့် ဆေးကြောသန့်စင်ထားပြီး သေချာသည့် အဆင့်တစ်ခုထိ ရောက်အောင် မာကြော နေခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤဓားတိုက်ခိုက်မူသည် ချင်ယွင်၏ အသက်ကို ယူဆောင်ရန် လုံလောက်နေပြီ ဖြစ်လောက်သည်။ ဤဓားတိုက်ခိုက်မူက လျှပ်စီး စွမ်းရည် ကိုယ်ပွားဖြစ်သော ချင်ယွင်၏ခန္ဓာကိုယ်ကိုသာ တိုက်ခိုက်ခဲ့သည်ဆိုလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့ပါသည်။

"မင်းရဲ့ခန္ဓာကိုယ်က ဒါကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီဓားတိုက်ခိုက်မူက မင်းကို အမှန်တကယ် မသတ်နိုင်ခဲ့ဘူးပဲ!" သိုင်းဧကရာဇ် ဟန်ထျန်းသည် အပျက်အစီးများကြားတွင် လဲလျောင်းနေသော ချင်ယွင်အား မျက်နှာပေါ်တွင် ကျီစယ်ရယ်မောလိုဟန်ဖြင့် ကြည့်လိုက်သည်.။

ချင်ယွင်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏ နှလုံးသားထဲတွင် မောက်မာမှုများ မြင့်တက်လာသည်။ အဋ္ဌမအဆင့် ကောင်းကင် အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါးက အမှန်တကယ်ပင် သူနှင့် ဤကဲ့သို့ ကစားနေခဲ့သည်. ။ ယင်းက သူ၏စိတ်နှလုံးကို နာကြည်းမှုအပြည့် ဖြစ်ပေါ်စေခဲ့သည်။

"အိုး၊ မင်းက မယုံသေးဘူးလား။ ဘာလဲ မင်း ငါ့ကို သတ်ချင်နေတာလား။" သိုင်းဧကရာဇ်ဟန်ထျန်းသည် ချင်ယွင်၏ မျက်နှာပေါ်ရှိ တင်းမားနေသည့် အမူအရာကို ကြည့်ကာ ရယ်မောစရာ မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည့် အလား အထင်အမြင်သေးဟန်ဖြင့် ရယ်မောလေ၏။

သူသိုင်းဧကရာဇ်ဟန်ထျန်းသည် ဤကမ္ဘာကို အုပ်ချုပ်ခဲ့ဖူးသည်။ သူ့ကို မသတ်ချင် သည့်လူ မည်သူရှိမည်နည်း။ အရင်က သူ့ကို မတွေ့ဖူးသည့်လူ မည်သူရှိမည်နည်း။ သူ၏နာမည်က ဤကမ္ဘာကြီးအနှံ့ ပြန့်နှံ့နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဓားအောက်မှာ သေဆုံးသွားကြသည့် လူတိုင်းဟာ သူ့ကို သရဲတစ္ဆေမြင်သလို ကြောက်လန့်ကြပါသည်။ သေဆုံးတော့မည့်လူ တစ်ယောက်က ဤကဲ့သို့ အမူအရာဖြင့် သူ့ကိုကြည့်သည်မှာ ချင်ယွင်က ပထမဆုံးလူဟုပင် ဆိုနိုင်ပါသည်။ ဤအရာက သိုင်းဧကရာဇ်ဟန်ထျန်းကို သူ၏နှလုံးသားထဲတွင် ကြီးစွာသောပျော်ရွှင်မှုကို ခံစားရစေခဲ့သည်။

လူပေါင်းများစွာကို သတ်ပစ်ပြီးနောက် အလွန်မင်း ထိတ်လန့်နေလွန်းသည့် အမူအရာ တွေကို မြင်တွေ့နေရာသည်မှာ အများပြားရှိလာခဲ့ပါပြီး။ ယင်းက သဘာဝအတိုင်း သူ့ကို ငြီးငွေ့လာစေခဲ့သည်။

ရံဖန်ရံခါမှာ ပျော်စရာကောင်းသည့် ဇာတ်ကောင်တစ်ယောက်ကို တွေ့ရှိရခြင်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ကံကြမ္မာနှင့် ဆက်စပ်နေခြင်းကြောင့်သာ။ ထိုသို့မဟုတ်ပါက၊ သူသည် ချင်ယွင်နှင့် အမှန်တကယ် ဆက်ပြီး ကစားချင်ပါသေးသည်။

ချင်ယွင်သည် သိုင်းဧကရာဇ်ဟန်ထျန်း၏ စကားကို ပြန်လည်ချေပခြင်း မပြုခဲ့ပေ။ သူ၏မျက်လုံးထဲမှာ ဒေါသတွေ တိုးလာတယ်။ သိုင်းဧကရာဇ်ဟန်ထျန်း၏ မျက်လုံးများတွင် ကဲ့ရဲ့ရှုံ့ချသော အကြည့်များကို သူ မကြိုက်ပေ။

"ကောင်စုတ်လေး၊ မင်းကို မင်းသွားရမဲ့ လမ်းကြောင်းပေါ် အရောက်ပို့ပေးဖို့ အချိန်တန်ပြီ။ မင်းရဲ့ရတနာတွေကိုတော့ ငါယူလိုက်မယ်။ မင်းကိုသတ်ခဲ့တဲ့ လူက သိုင်းဧကရာဇ် ဟန်ထျန်းလို့ ခေါ်တယ်ဆိုတာကိုလည်း သတိရပါ။"

သိုင်းဧကရာဇ် ဟန်ထျန်းက လှောင်ပြောင်သည်။ သူပြောပြီးသည်နှင့် သူ၏ပုံရိပ်က တဖန် ပျောက်သွားပြန်သည်။ ပြီးသည်နှင့် သူသည် ချင်ယွင်၏ ရှေ့တွင် တဖန် ပြန်ပေါ်လာသည်။ သူ၏လက်ထဲမှ မြင့်မြတ်သောဓားသည် စွမ်းအင်အတက်အကျ လှိုင်းများဖြင့် တုန်ခါနေပြီး တောက်ပနေသည့် ဓားအလင်းအပေါ်မှာ အမှောင် အငွေ့အသက်က တဝဲလည်လည် ရစ်ပတ်နေသည်။

ယခင်တစ်ခေါက်က လှုပ်ရှားမှု အတိုင်းပင်။ သူသည် ဓားကိုယ်ထည်ကို အလျား လိုက်ထားကာ လက်ဖဝါးဖြင့် ရိုက်လိုက်လေသည်။ သို့ပေမယ့် ယခုတစ်ကြိမ် ဓားပေါ်ရှိ စွမ်းအင် အတက်အကျလှိုင်းတွေက အရင်အကြိမ်ကထက် များစွာ ပိုပြင်းထန်လာ သည်။

လျှပ်စီးစွမ်းရည် ကိုယ်ပွားဖြစ်သော ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သည့် အမူအရာ ပေါ်လာသည်။ သူသည် နောက်ဆုတ်လိုက်ချင်သည်။ ဤဓား တိုက်ခိုက်မူသည် အလွန်ကြောက်စရာကောင်းလွန်းသည်။ အကယ်၍ သူသာ ဤဓားချက်ဖြင့် ထိမိသွားမည်ဆိုလျှင် ချင်ယွင်သည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

"ဟမ့်၊ အဲဒါက အသုံးမကျဘူး။ မင်းရဲ့အမြန်နှုန်းက အရမ်းနှေးလွန်းတယ်။"

သိုင်းဧကရာဇ် ဟန်ထျန်းက လှောင်ပြောင်သည်။ သူ၏နှုတ်ခမ်းပေါ်မှ ရက်စက်သည့် အပြုံးက ပို၍ပင် စိတ်လှုပ်ရှားမူ တိုးလာပုံရသည်။ သူသည် ခြေဖဝါးဖြင့် မြေပြင်ကို အသာအယာပုတ်လိုက်သည်နှင့် တစ်ကိုယ်လုံး လိုက်ပါ လွင့်မျောလာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ထက်ရှသောဓားက ချင်ယွင်ဆီသို့ တစ်ဖန်ပြန်၍ ပစ်ဝင်သွားသည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် ရှောင်ရန်အခွင့်အရေး အနည်းငယ်မျှ မရှိပေ။ သိုင်းဧကရာဇ် ဟန်ထျန်း၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းသောကြောင့် ချင်ယွင်သည် တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ဓားကျလာသည်နှင့်အမျှ သူသည် ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံ တတ်နိုင်သည်။

သို့သော် ဤအခိုက်အတန့်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ နောက်ကွယ်မှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်မြှားအလင်းတစ်ခုသည် သိုင်းဧကရာဇ် ဟန်ထျန်း၏ ဓားနှင့်တိုက်ရိုက်ပင် ပြင်းထန်စွာ တိုက်မိသွားသည်။

"ဘုန်း!"

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သိုင်းဧကရာဇ်ဟန်ထျန်းတို့သည် ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ် နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် လွင့်ပျံသွားကြသည်။

သိုင်းဧကရာဇ်ဟန်ထျန်းသည် ပေတစ်ရာအကွာထိ ဆုတ်ခွာသွားခဲ့သည်။ ယခုတစ်ကြိမ်မှာတော့ သူသည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ် လိုက်ပြီးနောက် သူသည် အဝေးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ကောင်းကင်ယံတွင် လေးနှင့်မြှားကိုဆွဲတင်ပြီး သိုင်းဧကရာဇ်ဟန်ထျန်းကို တစ်ဖန် ပြန်၍ ချိန်ရွယ်ထားသည့် ပုံရိပ်တစ်ခု ရှိနေသည်။ ဤပုံရိပ်သည် ချင်ယွင်၏ မူလခန္ဓာ ကိုယ်ဖြစ်ပြီး သူသည် သူ၏ဒဏ်ရာများမှ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ယင်းကို သိုင်းဧကရာဇ်ဟန်ထျန်း မြင်လိုက်သည်နှင့် သူ၏မျက်လုံးများတွင် ဒေါသ အရိပ်အယောင်တွေ ချက်ချင်းပေါ်လာပြီး သူ၏ဓားကိုဆွဲကိုင်ရင်း ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

သူ့အရှိန်အဟုန်က အရမ်းမြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာ အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။ သူ၏လက်ထဲမှ ဓားသည်လည်း ကြောက်စရာ ကောင်းသည့် သတ်ဖြတ်ချင်စိတ်နှင့်အတူ တောက်ပနေသည်။

သို့သော် ချင်ယွင်၏ မူလခန္ဓာကိုယ်သည် ထူးထူးခြားခြား ငြိမ်သက်နေသည်။ သူသည် မိုးကြိုးနတ်ဘုရားလေးကို သူ၏လက်ထဲတွင် လပြည့်ဝန်းအနေထားထိ ဝိုင်းစက်အောင် ဆွဲတင်ထားပြီး ဖြစ်သည်။ အနက်ရောင်လျှပ်စီးကြောင်းမြှားသည် မိုးကြိုးနတ်ဘုရားလေးပေါ်မှာ ဆင်းသက်နေခဲ့ပြီး အဆုံးမရှိသော အဖျက် စွမ်းအားကို ထုတ်လွှတ်နေသည်။

ဝှီး!

သိုင်းဧကရာဇ် ဟန်ထျန်းသည် ချင်ယွင်နှင့် မီတာငါးဆယ်အောက်သာ ကွာဝေးလာ သည်နှင့်အမျှ ချင်ယွင်၏ လေးညှိ့ပေါ်ရှိ လက်သည် ရုတ်တရက် ပြေလျော့သွားခဲ့သည်။

ရှည်လျားသော အနက်ရောင်လျှပ်စီးမြှားသည် ညာဘက်လက်မှ ချက်ချင်း လွတ်ထွက် သွားခဲ့ပြီး အနက်ရောင်အလင်းတန်းတစ်ခုကဲ့သို့ သိုင်းဧကရာဇ် ဟန်ထျန်းဆီသို့ ဦးတည် သွားခဲ့သည်။

သိုင်းဧကရာဇ်ဟန်ထျန်း၏ အမူအရာ ပြောင်းသွားသည်။ သူသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ရပ်တန့်လိုက်ပြီး သူ၏၀တ်ရုံဝှေးယမ်းလိုက်ကာ ဓားတိုက်ကွက် တစ်ခုကို ထုတ်ဖော် လှုပ်ရှားလိုက်သည်။

ဓားထိပ်ဖျားသည် မြှားထိပ်ဖျားနှင့် ထိပ်တိုက်ဆုံမိပြီး ကြီးမားသော ရိုက်ခတ်မှု လှိုင်းလုံးကြီးတစ်ခု ဖြစ်လာခဲ့သည်။

ကြယ်တံခွန်နှစ်စင်း ထိပ်တိုက်တွေ့ဆုံမိသကဲ့သို့ ပြင်းထန်သော သက်ရောက်မူ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနက်ရောင်မြှားပေါ်ရှိ ပေါက်ကွဲခြင်း လျှပ်စီးအငွေ့အသက်ကလည်း ပေါက်ကွဲသွားခဲ့ပြီး လေထဲတွင် အနက်ရောင် မိုးကြိုးလျှပ်စီးမုန်တိုင်းတစ်ခု ချက်ခြင်း ဖြစ်ပေါ်လာသည်။

အောက်မှာရှိနေကြသည့်လူများ အံဩမှင်သက်သွားကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ပင်လျှင် ထိတ်လန့်တုန်လှုပ် သွားသည်။ မိုးကြိုးနတ်ဘုရားလေးသည် ချင်ယွင်၏လက်ထဲတွင် ထိုကဲ့သို့ အစွမ်းမျိုး ပြနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထိုမြှားကို သူတောင် မခုခံနိုင်ဟု သူခန့်မှန်းလိုက် သည်။ ထိုမြှားသည် မည်မျှထိ ကြောက်စရာကောင်းလဲဆိုသည်ကို တွေးကြည့်နိုင် ပါသည်။

သို့သော် သူ့အား ပို၍အံ့သြသွားစေသည်မှာ ချင်ယွင်၏ လက်ထဲတွင် ခရမ်းရောင် ဓားပျော့တစ်ချောင်း ပေါ်လာသည်။ စူးရှသော ဓားအလင်းသည် သူ၏တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ ဓားဆန္ဒသည် ဓားနှင့်လုံးလုံး ပေါင်းစပ်သွားသကဲ့သို့ တခဏချင်းပင် ပေါက်ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် လှပသော လမ်းကြောင်းတစ်ခုအဖြစ် ရေးဆွဲသွားခဲ့ပြီး အနက်ရောင်လျှပ်စီး မိုးကြိုး မုန်တိုင်းအတွင်းမှာရှိနေသည့် သိုင်းဧကရာဇ် ဟန်ထျန်းဆီသို့ တိုက်ရိုက်ပြေး ဝင်ပြီး ဓားဖြင့် ထိုးလိုက်သည်။

ချွင်!

သိုင်းဧကရာဇ်ဟန်ထျန်းသည် ရူးလုနီးပါး ဖြစ်သွားခဲ့သည်။ ဤပြင်းထန်သော အနက်ရောင် လျှပ်စီးမိုးကြိုးမုန်တိုင်းသည် သူ့ကို မထိခိုက်စေနိုင်သော်လည်း ၎င်းသည် အမြင်အာရုံဆုံးရှုံးမှုကို များစွာခံစားခဲ့ရသည်။ မူလက သူသည် ဤလျှပ်စီးမိုးကြိုး မုန်တိုင်း၏တိုက်ခိုက်မှုကို တွန်းလှန်ရန်အတွက် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။

ရုတ်​တရက်​ သူ၏ပါးပြင်​တွင်​ နာကျင်​​ပူလောင်သွားသည်​။ သူသည် ကြည့်ပင် မကြည့်တော့ဘဲ သူ့ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဓားဓားချင်း ထိပ်တိုက်ဆုံမိပြီး ပြင်းထန်သည့် ထိပ်တိုက်ဆုံမိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ မူလက အမြင်အာရုံကို ဖုံးလွှမ်းနေသော အနက်ရောင် လျှပ်စီးမိုးကြိုးမုန်တိုင်းသည်လည်း ချက်ခြင်းပင် ပျောက်ကွယ်သွားသည်။

သိုင်းဧကရာဇ်ဟန်ထျန်းသည် လက်ထဲတွင် ဓားရှည်တစ်လက်ကိုင် သူနှင့် ဆန့်ကျင် ဘက် အရပ်မှာရပ်နေသော လူငယ်ကို ကြည့်ရင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ က သူ၏မျက်လုံးထဲတွင် တိုးလာခဲ့သည်။

အစောပိုင်းလေးက ချင်ယွင်၏ဆက်တိုက်တိုက်ခိုက်မှုတွေက သူ့ကို မထိခိုက်စေခဲ့ သော်လည်း ယင်းက သူ့ကိုခေါင်းကိုက်စေခဲ့ပြီး လျှို့ဝှက်ချက် အများပြားလည်း ဆုံးရှုံးခဲ့ရကာ ကြီးကြီးမားမား ခံစားခဲ့ရသည်။ ယင်းက သူ၏စိတ်ထဲတွင် အလွန် မပျော်မရွှင်ဖြစ်နေပြီး ချင်ယွင်မှ ထုတ်လွှတ်သော အငွေ့အသက်ကလည်း သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

သူ၏ပုံစံက လျစ်လျူရှုကာ လုံးဝဂရုမစိုက်သည့် အသွင်အပြင်မျိုးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များကပင် ဖော်ပြ၍မရသည့် လျစ်လျူသည့် အမူအယာ ကို သယ်ဆောင်လာခဲ့သည်။

"ဟမ့်၊ မင်းလည်း ဓားကို သုံးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" သိုင်းဧကရာဇ် ဟန်ထျန်းသည် အေးစက်စွာ ပြောလိုက်ပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ချင်ယွင်နှင့်အတူ ရပ်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်မြဲ အေးစက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်နှင့် သူ၏လက်ထဲတွင်ရှိသော ဓားဆန္ဒတို့သည် တစ်ထပ်တည်း ဖြစ်နေ သည်။ ၎င်းတို့သည် ဤလောကအပေါ် လွှမ်းမိုးကြီးစိုးပြီး မောက်မာမူနှင့်အတူ အထင်အမြင် သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ခင်ဗျားက ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်း ဓားတာအိုသခင်လို့ မခေါ်ဘူးလား၊ ဒါဆိုလည်း အစစ်အမှန်ဓားက ဘာလဲဆိုတာ ကျုပ် ပြပေးဦးမယ်!"

ချင်ယွင်၏ အသံသည် အေးစက်သည်။ သူသည် ဓားကို နှစ်ပေါင်းများစွာ ကြာအောင် နားလည်ဆင်ခြင်ခဲ့သော်လည်းပြီး သူ့ကိုယ်သူ ပြိင်ဘက်ကင်း ဓားတာအိုသခင်ဟု တစ်ခါမှ မခေါ်ဝံ့ခဲ့ပေ။ ရှေးဟောင်းတာအိုဆရာသခင်ပင်လျှင် ကမ္ဘာကြီး၏ ဓားတာအို အပေါ် အထင်မြင်သေးဝံ့ခြင်း ရှိကောင်းမှရှိလိမ့်မည်။ ရေတွင်းထဲမှာရှိသည့် ဖားသူငယ် လေးမျှသာဖြစ်သော သိုင်းဧကရာဇ်ငယ်လေးတစ်ပါးက အမှန်တကယ် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ဓားတာအိုသခင်ဟု ခေါ်ရဲသည်။

ချင်ယွင်၏ ခန္ဓာကိုယ်မှ စူးရှသည့် ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ခေါင်း အထက်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တုန်ခါသွားပုံရသည်။ လေထုနှင့် တိမ်တိုက်များသည် ပြောင်းလဲသွားကြကာ အကန့်အသတ်မဲ့ ဓားဆန္ဒက လူတိုင်း၏ ဦးခေါင်းထက်တွင် မရေမတွက်နိုင်သောဓားများ ချိတ်ဆွဲထားသကဲ့သို့ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ချင်ယွင်ကတော့ သူ၏လက်ထဲမှဓားကို ဓားအင်မော်တယ် တစ်ဦးကဲ့သို့ ဆုပ်ကိုင် ထားပြီး သူ၏အငွေ့အသက်ကလည်း သူ၏လက်ထဲမှာရှိသည့် ဓားနှင့် တစ်သားတည်း ဖြစ်နေကာ စကားလုံးဖြင့် ဖော်ပြလို့မရနိုင်သည့် လွှမ်းမိုးကြီးစိုးခြင်းအငွေ့အသက်ကို ထုတ်လွှတ် နေပါသည်။

အခန်း (၃၅၈) ထပ်ခါထပ်ခါ။

သိုင်းဧကရာဇ် ဟန်ထျန်းသည် ချင်ယွင်၏ အံ့အားသင့်ဖွယ် အငွေ့အသက်ကို မြင်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ သူကိုယ်တိုင်လည်း ဓားကို အသုံးပြုခဲ့ သူ တစ်ဦးဖြစ်သည်။ ချင်ယွင်၏ခန္ဓာကိုယ်မှ လက်ရှိထွက်ပေါ်နေသော အငွေ့အသက် ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း သူ ခံစားနိုင်သည် ။

ဤခွန်အားမျိုးသည် ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများကြောင့် ဖြစ်ပေါ်လာသော စွမ်းအားအမျိုးအစားမဟုတ်ဘဲ နယ်ပယ်တစ်ခု၏ စွမ်းအား ဖြစ်သည်။ ဓားတာအို၏ နယ်ပယ်များကို နားလည်သဘောပေါက်ထားပြီးသော သိုင်းဧကရာဇ်ဟန်ထျန်းသည် ချင်ယွင်၏ ရှေ့တွင် သူနားလည်သဘောပေါက်ထားသော ဓားတာအိုသည် စကားလုံးဖြင့်ပင် လုံးဝဖော်ပြရန် မထိုက်တန်ကြောင်း သူ တွေ့ရှိခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်၏ ဓားဆန္ဒသည် သူ့အား လုံး၀ ကျော်သွားခဲ့ပြီ။ ၎င်းသည် သူ၏ စိတ်နှလုံးထဲတွင် ကိုးကွယ်ဆည်းကပ်လိုမှု အရိပ်အယောင်များပင် ဖြစ်ပေါ်လာစေ သည်။ သာမန်ဆိတ်သုဉ်းခြင်း သားရဲများသည် နတ်ဘုရားသားရဲသွေးမျိုးဆက်ပါသည့် ဆိတ်သုဉ်းခြင်း သားရဲများကို တွေ့မြင်ရသကဲ့သို့ပင်။ သူ၏နှလုံးသားထဲတွင် ရိုသေ လေးစားမှု မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ချေ။ ယခုအချိန်တွင် ချင်ယွင်သည် ဓားလမ်းစဉ် ၏ ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။

ယင်းကြောင့် သိုင်းဧကရာဇ်ဟန်ထျန်းသည် သူ၏စိတ်နှလုံးထဲတွင် မနာလိုမှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးထဲမှာ ဤလူငယ် ပြသထားသည့် အရည်အချင်းနှင့် စွမ်းအားသည် သိုင်းဧကရာဇ်ဟန်ထျန်း၏ အသိဉာဏ်ကို ကျော်လွန်နေပါပြီ။ ဤအခိုက်အတန့်တွင်၊ သိုင်းဧကရာဇ် ဟန်ထျန်းသည် ဧကရာဇ်မင်းမြတ် ထျန်းရှက သူ့ကို အဘယ့်ကြောင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ကို စွန့်လွှတ်ပြီး ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေးတစ်ပါးကို သွားသတ်ခိုင်းရခြင်း၏ အကြောင်းကို နောက်ဆုံး နားလည်သွားခဲ့ပါပြီ။

ဤချင်ယွင်သည် ကြောက်ခမန်းလိလိစွမ်းထက်လွန်းလှသည်။ ဧကရာဇ်မင်းမြတ် ထျန်းရှပင်လျှင် သူ၏စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မူကို ခံစားခဲ့ရသည်။ အကယ်၍ သူသည် တော်ဝင်ရန်ကမ္ဘာကြီးကို သိမ်းပိုက်နိုင်မည်ဆို လျှင်ပင် ထိုထီးနန်းပလ္လင်ကို ငြိမ်းချမ်းစွာ မထိုင်နိုင်မှာကို သူ ကြောက်နေမိသည်။

"သေစမ်း၊ ဒီချင်ယွင်က သေကိုသေရမယ်!" သိုင်းဧကရာဇ်ဟန်ထျန်းက စိတ်လှုပ် ရှားစွာ ပြောလိုက်သည်။ ဤသည်မှာ တစ်စုံတစ်ဦးကို သတ်ရန် အလွန်စိတ်အား ထက်သန်နေသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုခံစားချက်က ပြင်းထန် လွန်းသဖြင့် သူသည် တုန့်ဆိုင်းလိုစိတ်ပင် မရှိတော့ချေ။

ဝှီး!

သိုင်းဧကရာဇ်ဟန်ထျန်းသည် ချက်ချင်းပင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားပြီး ချင်ယွင်ဘက်သို့ ဖြတ်သန်းသွားကာ ခုတ်ပိုင်းလိုက်သည်။ ယခုတစ်ခါတော့ သူသည် စွမ်းအားအကုန် အသုံးပြုထားသည်။ သူ၏လက်ထဲတွင် ရှိနေသည့်ဓားသည် အနှိုင်းမဲ့ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု ပါဝင်နေပုံရပြီး ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားသည်။

ချင်ယွင်သည် သူ့ဆီတဟုန်ထိုးပစ်ဝင်လာသည့် သိုင်းဧကရာဇ်ဟန်ထျန်းရှိရာသို့ လှမ်းကြည့်လိုက်သော်လည်း သူ့စိတ်အခြေအနေသည် တည်ငြိမ်နေသော ရေကဲ့သို့ ငြိမ်သက် တည်ကြည်နေပြီး သူ၏အကြည့်များက ယခင်အတိုင်း ဘာမှမထူးခြားပေ။

အလင်းရောင် လေပြေလေညင်းက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တဝဲလည်လည်နှင့် ရစ်ပတ်နေခဲ့ပြီး စိမ်းပြာရောင်လေစွမ်းအင်သဘောတရားက ဓား၏ အစွန်းများကြားမှာ မပြတ်လှည့်ပတ်နေခဲ့သည်။ ဓားသည် အနည်းငယ် တုန်ခါသည့်အသံ ထွက်ပေါ်လာ သည်။ စူးရှသော ဓားအလင်းတန်းက ဓားမှတဆင့်ထိုးဖောက်ပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေခဲ့သည်။

ချွင်!

ချင်ယွင်သည်လည်း သူ့ဓားကို ခုတ်ပိုင်းလိုက်ရာ မြူနှင်းချောက်နက်ဓားသည် သိုင်းဧကရာဇ် ဟန်ထျန်း၏ လက်ထဲတွင်ရှိသည့် ဓားနှင့် ထိပ်တိုက်ဆုံမိ သွားသည်။

မြူနှင်းချောက်နက်ဓားသည် မူလကတည်းက အနှိုင်းမဲ့ ထက်ရှခဲ့ပြီးဖြစ်ကာ ယခု လေထုဖြတ်တောက်ခြင်း သဘောတရား၏ ထက်ရှမှုကပါ ပံ့ပိုးထားခြင်းဖြင့် ဓား၏ ထက်ရှမူက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သိုင်းဧကရာဇ် ဟန်ထျန်း၏ ဓားရှည်နှင့် ထိပ်တိုက်ဆုံမိပြီးနောက်၊ ဓားသည် သိုင်းဧကရာဇ်ဟန်ထျန်း ၏ဓားရှည်ပေါ်တွင် တိုက်ရိုက်အက်ကြောင်းတစ်ခုကို ဖန်တီးသွားခဲ့သည်။

"ဘာလဲဟ?"

သိုင်းဧကရာဇ်ဟန်ထျန်း အံ့အားသင့်သွားသည်။ သူ၏ဓားသည် အင်မော်တယ်ဓားနှင့် နှိုင်းယှဉ်နိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါတွင် သူ၏ဓားသည် အက်ကြောင်းဖြစ်အောင် ခုတ်ပိုင်းခံလိုက်ရသည်။ ဤအရာသည် အလွယ်တကူ မှန်းဆလို့မရသည့် အရာဖြစ်ပါသည်။

သို့သော်လည်း ချင်ယွင်က သူ့ကို ထိတ်လန့်တုန်လှုပ်နေဖို့ အချိန်နည်းနည်းမှ မပေးခဲ့ ပါဘူး။ ဓားဆန္ဒသည် သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ဓားသည် သူ့စိတ်နှလုံးသား အတိုင်းလိုက်ပါလုပ်ဆောင်ကာ ဓားချက်ရာပေါင်းများစွာက ချက်ချင်းဆိုသလို ပိုင်းဖြတ်လာခဲ့သည်။

သိုင်းဧကရာဇ် ဟန်ထျန်းသည်လည်း ၎င်းဓားချက်များကို အထပ်ထပ် အခါခါ ပိတ်ဆို့ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ချင်ယွင်၏ ဓားဆွဲထုတ်သည့် အမြန်နှုန်းသည် သူ့ထက်ပင် ပို၍မြန်ဆန်ကြောင်း ယခုမှပင် သူသဘော ပေါက်သွားခဲ့ သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သိုင်းဧကရာဇ် ဟန်ထျန်းသည် ချင်ယွင်၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရင်း ထိတ်လန့်သွားသည်။

"ချွင်! ချွင်!"

လူတိုင်း သဲသဲကွဲကွဲ မမြင်နိုင်အောင်ပင် တိုက်ခိုက်မှုတွေက ဆက်တိုက် ဖြစ်ပေါ် နေသည်။ ချင်ယွင်၏ လက်ထဲမှဓားသည် သိုင်းဧကရာဇ်ဟန်ထျန်း၏ ဓားနှင့် အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံနေသည်။ ဓားရိပ်များက ကောင်းကင်ကို ဖုံးလွှမ်းသွား ပြီး ဓားချီကလည်း မိုးသက်မုန်တိုင်းများပမာ လွင့်ပျံနေသည်။ မြေပြင်သည် ချက်ချင်းပင် စိမ်းလန်းသော အသီးအရွက်များဖြင့် ပြည့်နေပြီး တွင်းနက်ကြီးများ တစ်ခု ပြီးတစ်ခု ပေါ်လာသည်။

သိုင်းဧကရာဇ် ဟန်ထျန်းသည် ပို၍ပို၍ပင် ထိတ်လန့်လာသည်။ ချင်ယွင်၏ ဓားဆွဲထုတ်သည့် အမြန်နှုန်းသည် သူ့ထက် မြန်ဆန်သည်။ သူသည် ချင်ယွင်၏ စည်းချက်အတိုင်း လိုက်မမှီနိုင်တော့ပေ။ အကယ်၍ ချင်ယွင်၏ ဝိညာဉ် စွမ်းအင်သည် သူ့ထက် များစွာအားနည်းနေခြင်းကြောင့်သာ မဟုတ်ပါက၊ သူသည် ချင်ယွင်၏ ဓားချက်အောက်မှာ ရှုံးနိမ့်သွားပေလိမ့်မည်။

"လုံလောက်ပြီ!"

သိုင်းဧကရာဇ် ဟန်ထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ အငွေ့အသက်က တဟုန်ထိုး ထိုးကြွလာခဲ့ပြီး သူ၏တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲ ထွက်လာကာ ချင်ယွင်လည်း အဝေးကို လွင့်ထွက် သွားခဲ့ရသည်။

ချင်ယွင်သည် အဝေးခပ်လှမ်းလှမ်းတွင် ရပ်ကာ သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ စောစောလေးက သူ၏တိုက်ခိုက်မှုများသည် ဓားလမ်းစဉ်၌ သိုင်းဧကရာဇ်ဟန်ထျန်း၏ မျက်ကန်းယုံကြည်မှုကို လုံးလုံးလျားလျား ဖြိုခွဲလိုက်ကြောင်း သူသိသည်။

ထိုအချိန်တွင် သိုင်းဧကရာဇ်ဟန်ထျန်းသည် သူ၏လက်ထဲမှ ဓားကို ကြည့်လိုက် သည်။ သူ၏မျက်လုံးများသည် ရန်လိုမှုများနှင့် ပြည့်နေသည်။ ထိုအခိုက်တန့်တွင် သူ၏ ဓားသည် အက်ကြောင်းများဖြင့် ပြည့်နေပြီ ဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြာအောင် လျှို့ဝှက်နည်းပညာရပ်ဖြင့် သန့်စင်ထားခဲ့သော ဤနတ်ဆိုးဓားသည် အနာဂတ်တွင် အင်မော်တယ်အဆင့် ဓားအဖြစ်သို့ပင် ကျော်ဖြတ်နိုင်ချေရှိသည်။ ထို့ကြောင့် သူသည် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

"မင်းရဲ့ဓားရေးစွမ်းရည်က ငါ့ထက်သာလွန်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ခွန်အားက ခွန်အားပဲလေ။ တစ်ခါတလေကျရင် ကျင့်ကြံမူနယ်ပယ်ရဲ့ ကွာခြားချက်ကို ပြန်ပြင်ဖာထေးလို့ မရပါဘူးကွာ။ ငါ့ကို မထီမဲ့မြင်ပြုခြင်းရဲ့ အကျိုးဆက်တွေကို မင်းကို သိစေချင်တယ်။" သိုင်းဧကရာဇ် ဟန်ထျန်း၏ အသံသည် အေးစက်နေပြီး သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီနေသည်။ သူသည် ဒေါသအမျက် ထွက်နေသည်မှာ သိသာထင်ရှားပြီး သူ၏မျက်လုံးများက နီမြန်းလာသည်။

လှိမ့်တက်လာသော သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖုံးလွှမ်းထားသော အနက်ရောင် ဓားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ထက်ဝက်နီးပါးကို ဤဓားများဖြင့် သိမ်းပိုက်ထား သည်။ ဓားတစ်ချောင်းစီတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ ပါရှိသည်။ ဓားတစ်ချောင်းတည်းဖြင့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးကို သတ်ဖြတ်ရန်ပင် လုံလောက်မည်ဟု ယူဆရပြီး ဤနေရာတွင် ဓား အရေအတွက်က ထောင်ပေါင်းများစွာ ရှိနေပါသည်။

ချင်ယွင်၏ မျက်လုံးများသည် လေးနက်မှုအရိပ်အယောင်များ မထွက်ပေါ်ဘဲ မနေနိုင်ပါချေ။ ဤဓားများအတွင်းပါရှိသော ကြောက်မက်ဖွယ် အငွေ့အသက်ကိုလည်း သူခံစားနိုင်သည်။ အကယ်၍ ထိုဓားများသာ ပြုတ်ကျလာမည်ဆိုလျှင် ခုခံဖို့တောင် ခက်ခဲလိမ့်မည်။

ထိုမျှတင်မကသေးပေ။ အကယ်၍ ဤအနက်ရောင်ဓားရှည်များ ကျဆင်းလာသည့် အခါ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတွေက အင်ပါယာ နန်းတော်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားမှာပင် စိုးရိမ်ရသည်။ ထိုအချိန်ရောက် လျှင် အင်ပါယာနန်းတော်တစ်ခုလုံး လုံးဝပျက်စီးသွားမည်ဖြစ်ပြီး နန်းတော်အတွင်းရှိ အိမ်ဖော်များနှင့် မိန်းမစိုးများအားလုံး ပွဲချင်းပြီး သေဆုံးသွားမည် ဖြစ်သည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်တို့သည် ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ ပေါ်လာကြသည်။ သူတို့၏ နှလုံးသားများသည် မလိုလားမူများဖြင့် ပြည့်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရနေခဲ့ပြီး အသုံးမဝင်ပေ။

"မင်းက ငါ့ကို အခုလိုဖြစ်အောင် အတင်းအကြပ် လုပ်ခိုင်းတယ်။ အစတုန်းကတော့ ဒီသိုင်းကွက်ကို မသုံးချင်ခဲ့ပေမယ့် မင်းကိုသတ်ဖို့အတွက် ငါ ဒီသိုင်းကွက်ကိုပဲ သုံးနိုင်တော့တယ်။ မင်းနဲ့အတူတူ မြှုပ်နှံခံရမယ့် လူတွေအများကြီးရှိတော့ မင်း ပျော်ရမှာပါ ။" သိုင်းဧကရာဇ်ဟန်ထျန်းက ရက်စက်သည့် အပြုံးကို ထုတ်ဖော်လိုက် သည်။ သူ၏မျက်လုံးများသည် သွေးဆာနေကာ သူ၏ ချောမွတ်ပြောင်လက်နေသည့် ဦးခေါင်းပြောင်ပြောင်နှင့် ပေါင်းစပ်လိုက်သည့် အခါတွင် အလွန်ရယ်စရာကောင်း နေပုံရသည်။

ချင်ယွင်၏ မျက်ခုံးများက ချက်ချင်း တွန့်သွားသည်။ အနက်ရောင်ဓားများမှ ထွက်ပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများသည် အလွန် ကြောက်စရာကောင်း သည်။ ချင်ယွင်သည် သေမင်း၏အငွေ့အသက် အတက်အကျများကိုပင် အနံ့ခံနိုင်သည်။

"ငါတို့ ဘာလုပ်သင့်လဲ၊ ငါတို့ ဘာလုပ်ရမလဲ?"

ချင်ယွင်သည် အလွန်အမင်းစိုးရိမ်နေပြီး သူ၏ဆရာသခင် ရှေးဟောင်းတာအိုကို ခေါ်ရန်ပင် အဆင်သင့်ဖြစ်နေသည်။

သို့သော် ထိုအချိန်တွင် သူ၏ရင်ဘတ်မှ လှပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏ မျက်နှာသည် ရွှင်လန်းသည့်ပုံစံ ချက်ချင်းပင် ထွက်ပေါ်လာသည်။ ဤအရာက မည်သည့်အရာကို ဆိုလိုသည်ကို သူ သိပေသည်။ ဤမြင်ကွင်းသည် ရင်းနှီးလွန်းလှသည်၊ ၎င်းသည် ပေါင်းစပ်မှု ဖြစ်သည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ ဖုံးလွှမ်းသွားသော အလင်းရောင်အောက်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း စုပ်ယူသွားသည်။ ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စု ပုံကြမ်းတွင်ဝှက်ထားသည့် သစ်သားစွမ်းရည် ကိုယ်ပွားသည်ပင် စုပ်ယူခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် သိသိသာသာ ပြောင်းလဲသွားသည်။

ချင်ယွင်၏ ရုပ်ရည်သည် ပို၍ပင် သေးသွယ်လာသည်။ သူ၏ နဂိုက ချောမော ခန့်ညားသည့် မျက်နှာသည် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ရှိနေပြီး သူ၏ ဖီးနစ်လိုမျက်လုံးများက ပို၍ပင် စူးရှလာသည်။

ဟုတ်ပါသည်၊ အကြီးမားဆုံး ပြောင်းလဲမှုကတော့ သူ၏ဆံပင်တွေ ဖြစ်နေပါသည်။ ဆံပင်တွေက အမှန်တကယ်ပင် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင် ပြောင်းလဲသွားပြီး အလင်းရောင်များဖြင့် တောက်ပနေပါသည်။ ၎င်းသည် အလွန်တောက်ပထည်ဝါသည့် ကျောက်စိမ်းဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်သည် ကြွယ်ဝသည့် အသက်ဓာတ် အငွေ့အသက် များကို ထုတ်လွှတ်နေပါသည်။

သူ၏တစ်ကိုယ်လုံးကို နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်။ သူ၏လက်ထဲမှာ မြူနှင်းချောက်နက်ဓားကို ကိုင်ထားသည်။ သူသည် အင်မော်တယ် ကမ္ဘာရှိ စစ်နတ်ဘုရား ဓားအင်မော်တယ်တစ်ပါးနှင့် တူသည်။ သူ၏ခွန်အားသည် ထူးကဲ၏၊ ဖော်မပြနိုင်လောက်အောင် ကြီးစိုးလွမ်းမိုးနိုင်စွမ်းရှိပြီး ဂုဏ်သိက္ခာများဖြင့် ပြည့်နှက်နေသည်။

နောက်တစ်ဖန် သူ၏ခန္ဓာကိုယ်က မြင့်တက်လာသည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအားသည် စကြဝဠာအတွင်းရှိ အဆုံးမရှိသည့် ကြယ်စင်စုများကဲ့သို့ပင် ခံစားခဲ့ရသည်။

"အား……….!"

ချင်ယွင်သည် မထိန်းနိုင်ဘဲ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော အသံရှည်ကြီးဖြင့် အော်ဟစ်လိုက်သည်။

သူသည် ကောင်းကင်ယံက အနက်ရောင်အန္တရာယ်ဓားများကို တစ်ချက်ကြည့် လိုက်ပြီး သူ့မျက်လုံးထဲမှာ အထင်မြင်သေးသည့်အရိပ်အယောင်တစ်ခု ပေါ်လာပြန်သည်။

အခန်း (၃၅၉) သိုင်းဧကရာဇ်ဟန်ထျန်းသေဆုံးခြင်း။

ချင်ယွင်၏ ပြောင်းလဲမှုသည် လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ ဤအခိုက်အတန့်တွင် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်နှင့် သိုင်းဧကရာဇ်ဘိုင်ဟောက် နှစ်ဦးစလုံးသည် လေထဲတွင်ရှိနေသော ချင်ယွင်ကို လှမ်းကြည့်နေကြသည်။ ချင်ယွင်၏ အသွင်အပြင်နှင့် စိတ်နေသဘောထားသည် ကြီးမားသော ပြောင်းလဲမှု များကို ကြုံတွေ့ခဲ့ရကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ ယင်းက သူတို့အတွက် မယုံနိုင်စရာပင်။

သေချာသည်မှာ၊ သူတို့ကို ထိတ်လန့်စေသည့်အရာက ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် ယခုချိန် ချင်ယွင်နှင့်တိုက်ခိုက်မည်ဆိုလျှင် ချက်ချင်း သတ်ခံရလိမ့်မည်ဟူသည့် အဓိပ္ပါယ်မဲ့သော အတွေးတစ်ခုတောင် ဝင်လာခဲ့မိ သည်။

သိုင်းဧကရာဇ် ဟန်ထျန်းသည် ပြောင်းလဲနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ၏ နဖူးပေါ်မှ မျက်ခုံးတွေက တောင်ကုန်းတွေထက်ပင် ပို၍နက်ရှိုင်းလာသည်။ ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်အတက်အကျ များသည် သူ့အထက်တွင် ရှိနေပြီဖြစ်သည်။ ထိုခံစားချက်က သူ့ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။

ချင်ယွင်က ပေးနေခဲ့သည့် ခံစားချက်က အလွန်ထူးဆန်းလွန်းသောကြောင့် သူသည် ချင်ယွင်ကို ရန်မစသင့်ဘူးဟုပင် အတွေးဝင်လာမိသည်။ လက်တွေ့အနေဖြင့် သူ၏ နည်းလမ်းများသည် ယခုအချိန်အဆုံးမရှိပေ၊ သူ၏ဝှက်ဖဲများသည်လည်း အဆုံးမရှိဟုပင် ထင်ရသည်။

သန်မာသည့် ခွန်အားက ကြောက်စရာမဟုတ်ပေ။ ကြောက်စရာအကောင်းဆုံးက မရေမတွက်နိုင်သော ဝှက်ဖဲများရှိသော လူတစ်ယောက်သည် ထိုလူ၏ နောက်ဆုံး ဝှက်ဖဲကို သင် မသိနိုင်ပေ။ ထိုအရာကမှ အကြောက်စရာ အကောင်းဆုံး ဖြစ်ပါသည်။

ယခုမူ သိုင်းဧကရာဇ်ဟန်ထျန်းသည် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယနေ့တွင် ချင်ယွင် သေဆုံးသွားနိုင်သလို သူဟန်ထျန်း၏ အသက်လည်း ဆုံးရှုံသွားနိုင်သည်။ ထို့ကြောင့် သူသည် သေသည်အထိ တိုက်ပွဲဝင်ရလိမ့်မည်။

"ငရဲကိုသွားလိုက်တော့!"

သိုင်းဧကရာဇ်ဟန်ထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းကင်ယံတွင် ထောင်နှင့်ချီသော အနက်ရောင် အန္တရာယ်စွမ်းအင်များရှိသော ဓားရှည်များသည် ချင်ယွင်ဆီသို့ ချက်ချင်း တဟုန်ထိုး တိုးဝင်သွားကြသည်။ ထိုကြောက်စရာကောင်း သည့် အန္တရာယ်စွမ်းအင်သည် အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိပြီး အရာအားလုံးကို စုတ်ဖြဲပစ်ကာ ချင်ယွင်ကို လုံးလုံးလျားလျား ဝါးမြိုချင်နေပုံရသည်။

ချင်ယွင်က သူ့အပေါ်လွှမ်းခြုံထားသည့် ဓားများကိုကြည့်ပြီး မနေနိုင်ဘဲ အထင်သေး ဟန်ဖြင့် ပြုံးလိုက်မိ၏။

ယခုအချိန်မှာ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားတွေက သူ့ကို ရူးသွပ်စေသည်။ သူ၏ သွေးတွေက ဆူပွက်နေသလို ခံစားရသည်။ သိုင်းဧကရာဇ်ဟန်ထျန်း၏ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းဓားများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ၏မျက်လုံးထဲ တွင်မူ ၎င်းသည် သူ့ကို အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေနိုင်တော့ပေ။

ဓားဆန္ဒက တလိပ်လိပ် လှိမ့်တက်လာခဲ့ပြီး သူသည် သူ၏ဓားဖြင့် သာမန်ကာလျှံကာ တစ်ချက် ခုတ်ပိုင်းလိုက်သည်။ တခဏအတွင်းမှာပင် ဓားအလင်းသည် သူ၏ဓားမှ ပြင်းပြသည့် စိတ်ဆန္ဒနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တဖျပ်ဖျပ် လင်းလက်နေသည့် ကြယ်ရောင်အလင်း မျှင်တန်းများကဲ့သို့ ဓားအလင်း သည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ထိုဓားရှည်များနှင့် ထိပ်တိုက်ဆုံမိသွားသည်။

ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဓားချီသည် ဓားအလင်းနှင့် ထိပ်တိုက်ဆုံမိပြီး ချက်ချင်း ပင် အစိပ်စိပ်မွှာမွှာ ကြေမွသွားကြ၏။ တစ်ချက် တိုက်ခိုက်ခြင်းကိုပင် မခံနိုင်ခဲ့ပေ။

ထောင်ပေါင်းများစွာသော ဓားရှည်များသည် အသက်တစ်ချက်တစ်ရှိုက်အတွင်းမှာပင် လုံး၀ ပျောက်ကွယ်သွားခဲ့ရသည်။

"ဘာလဲ?" သိုင်းဧကရာဇ်ဟန်ထျန်း၏ မျက်နှာသည် တုနှိုင်းမရလောက်အောင် ထိတ်လန့် တုန်လှုပ်သွားသည့်အမူအရာ ပေါ်လာသည်။ ဤသည်မှာ သူ၏ အစွမ်းထက် ဆုံး တိုက်ခိုက်မှုဖြစ်ပြီး ယင်းက အလွယ်တကူ ကြေမွသွားခဲ့ရတာလား။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူးကွ!" သိုင်းဧကရာဇ်ဟန်ထျန်းက ခေါင်းကို တဆတ်ဆတ် ခါယမ်းပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏စိတ်ထဲမှာ သူ၏ရှေ့မှာဖြစ်ပေါ်နေသည့် အမှန်တရားကို မယုံချင်သေးပေ။ သို့သော်လည်း သူသည် ချင်ယွင်ကိုငေးကြည့်ရင်း ကြောက်ရွံ့မှုအရိပ်အယောင်က သူ၏ မသိစိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ။ ခင်ဗျား ပြောခဲ့ဖူးတယ် မဟုတ်လား။ ခွန်အားကသာ အရာအားလုံးကို ချေမှုန်းနိုင်တယ်။ အားနည်းတဲ့သူက အားနည်းမှာပဲလို့။" ချင်ယွင်က သိုင်းဧကရာဇ် ဟန်ထျန်းဆီသို့ တစ်လှမ်းချင်းလှမ်းလာရင်း သရော်ဟန်ဖြင့် ရယ်မော လိုက်သည်။ သူ၏ခြေလှမ်းတိုင်းမှာ အံ့အားသင့်ဖွယ် အငွေ့အသက်များကို သယ်ဆောင်လာကာ ခြေလှမ်းတိုင်းက သိုင်းဧကရာဇ်ဟန်ထျန်းကို နှိပ်လိုက်နေခဲ့ပြီး အသက်ပင် မရှူနိုင်တော့ပေ။

"မလုပ်နဲ့...မလာပါနဲ့!" သိုင်းဧကရာဇ်ဟန်ထျန်းသည် အမှန်တကယ်ပင် ကြောက်လန့် နေခဲ့သည်။ အရင်က လူတစ်ယောက်ကို ယခုလိုမျိုး ဘယ်တုန်းကမှ အလွန်မင်း မကြောက်ရွံ့ဖူးပေ။ ကောင်ကင်နတ်ဆိုးဧကရာဇ်မင်းမြတ် (ဧကရာဇ်မင်းမြတ်ထျန်းရှ) ပင်လျှင် သူသည် ရိုသေလေးစားမှုအနေဖြင့်သာ ခံစားရပြီး ထိုကဲ့သို့ ကြောက်ရွံ့မှုမျိုး တစ်ခါမျှ မခံစားရဖူးချေ။

ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားမှ ဓားအလင်းသည် ဝဲဂယက်ကဲ့သို့ လည်ပတ်နေပြီး အေးစက်သည့် အလင်းတန်းတစ်ခုက တဖျပ်ဖျပ် တောက်ပနေခဲ့ သည်။

"ဖတ်!"

ချင်ယွင်၏ ရုပ်အသွင်အပြင်သည် သိုင်းဧကရာဇ်ဟန်ထျန်း၏ ခန္ဓာကိုယ်ကို တစ္ဆေသရဲ ကဲ့သို့ ပူးကပ်ကာ ဖြတ်ကျော်သွားခဲ့သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ထဲဓား ကလည်း သိုင်းဧကရာဇ်ဟန်ထျန်း၏ လည်ပင်းကို တို့ဟူးလှီးဖြတ်သလို ချက်ခြင်း လှီးဖြတ်သွားသည်။ သူ၏အရှိန်အဟုန်က မြန်လွန်းသည့်အတွက် သူ၏လည်ပင်းမှာ သွေးစွန်းထင်းရာတောင် မကျန်ခဲ့ပါဘူး။

သိုင်းဧကရာဇ်ဟန်ထျန်းသည် မျက်လုံးများကို ပြူးကျယ်ကာ မယုံကြည်နိုင်သော အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။ သူစကားပြောချင်ပေမယ့် သူ့လည်ချောင်းက လုံးဝကို သတိလစ်နေပြီး အသံမထွက်နိုင်တော့ပါဘူး။ သူသည် သူ၏ဦးခေါင်းနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တရွေ့ရွေ့ ခွဲခွာနေသည်ကို ကူကယ်ရာမဲ့ဖြစ်ကာ စောင့်ကြည့်နေ နိုင်တော့သည် ။

"နတ်ဆိုးပဲ!" ဤသည်မှာ နောက်ဆုံးတွင် သိုင်းဧကရာဇ်ဟန်ထျန်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည့် တစ်ခုတည်းသောအတွေး ဖြစ်ပါသည်။ သို့သော်ဤအမှန်တရားကို သူနားလည်လာသောအခါတွင် နောက်ကျနေပြီ ဖြစ်လေသည်။

နောက်ဆုံးတွင် သူ၏ဦးခေါင်းနှင့်သူ၏ခန္ဓာကိုယ် နှစ်ခုစလုံးသည် ကောင်းကင်ယံမှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းလာကာ ဖုန်မှုန့်များ လွင့်စင်သွားကြသည်။

တစ္ဆေပါရမီရှင်သို င်းဧကရာဇ်နှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်တို့၏ မေးစေ့များသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့သည်မှာ ကြာနေပြီ ဖြစ်ပါသည်။ ကောင်းကင်ယံမှာရှိသည့် ချင်ယွင်ကို မော့ကြည့်လိုက်တော့ သူတို့နှလုံးသားက လှိုင်းလေထန်နေသလို ခံစားနေ ရပြီး အချိန်အတော် ကြာသည့်အထိ တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ပေ။

သူတို့သည် ဘာပြောရမှန်း မသိကြသလို သူတို့၏အတွင်းစိတ် အတွေးတွေမှလည်း မည်သို့ထုတ်ပြောရမလဲဆိုသည်ကို မသိကြတော့ပါဘူး။ ချင်ယွင်သည် သိုင်းဧကရာဇ် ကျန်းထျန်ကို သတ်လိုက်ခြင်းသည် သူတို့၏ အသိဥာဏ်ကို ပြန်လည်ဆန်းသစ်စေခဲ့ပါ သည်။ ယခုမူ သူသည် သိုင်းဧကရာဇ်ဟန်ထျန်းကိုပါ ထပ်မံ သတ်ဖြတ်လိုက်ပြီးနောက် သူတို့၏ ဦးနှောက်များသည့် ပုံမှန်အတိုင်း လုံးဝ အလုပ်မလုပ်တော့ဘဲ လုံးဝကို မှင်သက်နေကြပြီး ကြက်သေသေဖြစ်သွားခဲ့ရသည်။

ဧကရာဇ်မင်းမြတ်ထျန်းရှနှင့် ဧကရာဇ်မင်းမြတ်ဒါယန်းတို့သည်လည်း တိုက်ပွဲများကို ရပ်တန့်သွားကြသည်။ သိုင်းဧကရာဇ်ဟန်ထျန်းကို သတ်ဖြတ်ခြင်းသည် သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။ ချင်ယွင်သည် သိုင်းဧကရာဇ်ဟန်ထျန်းကို ဓားဖြင့် ခေါင်းဖြတ်လိုက်သည်ကို မြင်သောအခါ၊ သူတို့၏ မျက်လုံးများသည် တုနှိုင်းမရသည့် ထိတ်လန့်သွားသည့်အမူအရာ ပေါ်လာသည်။

ဧကရာဇ်မင်းမြတ်ထျန်းရှသည် သူ၏နှလုံးသားကို တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းပင် ရှူလိုက်ရသည်။ သူသည် ပြင်းပြင်းထန်ထန် တုန်လှုပ်ချောက်ခြား မူကို မခံစားရဘဲမနေနိုင်တော့။

ဧကရာဇ်မင်းမြတ်ဒါယန်းလည်း အလားတူ ထိတ်လန့်သွားသည်။ သူ၏တစ်ကိုယ်လုံး တွေဝေနစ်မောနေမိသည်။ ထို့အပြင် သူသည် ဧကရာဇ်မင်းမြတ်ထျန်းရှကို လှောင်ပြောင်သရော်ဖို့တောင် မေ့သွားခဲသည်။

သို့သော် သိုင်းဧကရာဇ်ဟန်ထျန်းကို ဓားတစ်ချက်ဖြင့် ခေါင်းဖြတ်သတ်ခဲ့သော ချင်ယွင်သည် ကျဆုံးသွားသော သိုင်းဧကရာဇ်ဟန်ထျန်းကို ကြည့်ပင်မကြည့်ချေ။ ယင်းအစား သူသည် ဧကရာဇ်မင်းမြတ်ဒါယန်းကို မျက်နှာမူထားသည့် ဧကရာဇ် မင်းမြတ်ထျန်းရှအား စိုက်ကြည့်နေသည်။

ဧကရာဇ်မင်းမြတ်ထျန်းရှသည် ချင်ယွင်၏အကြည့်ကို သတိပြုမိပြီး ခက်ထန်သည့် အလင်းရောင်တစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာသည်။

ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှဓားက တုနှိုင်းမရအောင် အစွမ်းထက်သည့် စွမ်းအင်အတက်အကျများနှင့်အတူ ချက်ချင်း အုံကြွလာခဲ့သည်။ သူသည် သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်နှင့် လေထုနှင့် တိမ်တိုက်များကို လွင့်စင် သွားစေပြီး တလှိမ့်လှိမ့်တက်လာနေသော ဓားချီသည် ဧကရာဇ်မင်းမြတ်ထျန်းရှထံ လျင်မြန်စွာ တိုက်ခိုက်လာသည်။

ဧကရာဇ်မင်းမြတ်ထျန်းရှ၏ မျက်လုံးများသည် ထိတ်လန့်သည့် အမူအယာပေါ်လာ သည်။ သူသည် ဤဓားချက်မှ အန္တရာယ်အငွေ့အသက်ကို အမှန်တကယ် ခံစားမိနေ သည်။ ထို့ကြောင့် သူသည် ချင်ယွင်၏ဓားကို တားဆီးရန်အတွက် သတ်ဖြတ်လိုသည့် ဆန္ဒနှင့် သူ့တစ်ကိုယ်လုံးမှစွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

"ဘုန်!"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသည့် နောက်ဆက်တွဲ စွမ်းအင်ရိုက်ခတ်မူများ ကီလိုမီတာ တစ်ရာကျော် အချင်းဝက်အထိ ချက်ချင်းပျံ့နှံ့သွားသည်။ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ထိုဓားချက်တိုက်ခိုက်မူကို ခုခံနိုင်ခဲ့ပြီး ပေတစ်ထောင်အကွာအထိ လွင့်ပျံခဲ့သည်။ သူသည် ချင်ယွင်ကို အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေးတစ်ပါးက သူ့ကို ဓားတစ်ချက်ဖြင့် ပေတစ်ထောင်အကွာထိ နောက်ပြန် ဆုတ်ခိုင်းခဲ့သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ မျက်လုံးများသည် တုနှိုင်းမရသည့် အံ့အားသင့်သည့် အမူအရာတစ်ခု ပေါ်လွင်နေသည်။ သို့သော် သူ့မျက်လုံးထဲတွင် ပြင်းထန်သော ပျော်ရွှင်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ သူက ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည် "ဟား၊ ဟား၊ ထျန်းရှ၊ မင်းကို ငါကိုယ်တိုင် အနိုင်ယူ နိုင်လိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား၊ ဒါပေမယ့် အခု မင်းနဲ့ ငါ ဒီနေ့ ဒီနေရာမှာ အပြတ်ရှင်းလိုက်ရအောင်"။

ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ စကားကိုကြားသည့်အခါ သူ၏မျက်လုံးများသည် ယှဉ်ပြလို့မရသည့် ဒေါသအမျက်ထွက်သည့် အမူအယာ ပေါ်လာသည်။ သူက ချင်ယွင်ဘက်လှည်ပြီး ပို၍ခက်ထန်သည့် အမူအယာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်က ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး သူ၏လက်ထဲမှ ဓားအလင်းကလည်း တောက်လောင်လာပြန်သည်။ သေချာသည်မှာ သူသည် နောက်ထပ် ဓားတစ်ချက်ကို ခုတ်ပိုင်းတော့မည်။

ထိုမြင်ကွင်းကို ဧကရာဇ်မင်းမြတ်ထျန်းရှ မြင်လိုက်သည်နှင့် သူသည် ချက်ချင်း သွားတွေကို တင်းတင်းကြိတ်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီ ပျံသန်းသွားတော့သည်။

ထွက်ပြေးသွားပြီးနောက် ဧကရာဇ်မင်းမြတ်ထျန်းရှသည် အမှန်တကယ် ထွက်ပြေးသွား ခဲ့ခြင်းဖြစ်ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

ဧကရာဇ်မင်းမြတ်ဒါယန်းသည် သဘာဝအတိုင်း ဧကရာဇ်မင်းမြတ်ထျန်းရှကို မလွတ် မြောက်စေချင်ပါ။ အကယ်၍ သူသည် အနာဂတ်ဒုက္ခများကို ဖယ်ရှားလိုပါက ဧကရာဇ်မင်းမြတ်ထျန်းရှကိုပါ သတ်ပစ်ရမည် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် မူလက အံ့အားသင့်ဖွယ်ကောင်းနေသည့် ချင်ယွင်သည် ရုတ်တရက် မျက်လုံးများ မှိတ်သွားပြီး သူ့ခန္ဓာကိုယ်သည် အလင်းရောင်တချက် တောက်ပလာသည်။ သူသည် ပုံရိပ်သုံးခုဖြစ်သွားပြီး ကောင်းကင်ယံမှ တိုက်ရိုက် ပြုတ်ကျသွားသည်။

ထိုမြင်ကွင်းကိုမြင်ရလျှင် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ချင်ယွင်၏ တိုက်ခိုက်မှုက သူ၏ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဆိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ စောစောလေးက ဓားချက်သည် ဧကရာဇ် မင်းမြတ်ထျန်းရှကို ခြိမ်းခြောက်ဖို့ သက်သက်ဖြစ်သည်။

ထိုအရာကို နားလည်ပြီးနောက် ဧကရာဇ်မင်းမြတ်ဒါယန်းသည် သဘာဝအတိုင်း ဧကရာဇ်မင်းမြတ် ထျန်းရှနောက်ကို မလိုက်နိုင်တော့ပါဘူး။ ယင်းအစား သူသည် မြေပြင်ဆီ လဲလျောင်းကာ အမြန်ပြုတ်ကျလာနေသည့် ချင်ယွင်သုံးယောက်လုံးကို မြှောက်ပင့်ပြီး မြေပြင်ပေါ်ပြုတ်ကျနေရာမှ ပြန်တက်သွားစေလိုက်သည်။

ဤတိုက်ပွဲကြီးအတွက် အကြီးမားဆုံး ကူညီပေးသူဟာ ယခုအချိန်မှာတော့ သတိလစ်သွားပါပြီ။ စောစောလေးက ပေါက်ကွဲထွက်လာသည့်စွမ်းအားက သူ့ကို လုံးဝ သတိလစ်သွားစေခဲ့သည်။

အခန်း (၃၆၀) မင်းက အရမ်းကိုငယ်ပါသေးတယ်။

သူ၏အိပ်ယာထဲမှာ ချင်ယွင်သည် တစ်စုံတစ်ယောက်က သူ၏နှာခေါင်းကို ညှစ်လိုက်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ အေးစက်နေသည့် လက်ချောင်း တစ်ချောင်းက သူ၏ပါးပြင်ပေါ်မှာ ညင်သာစွာ ပွတ်ဆွဲနေသည်။

ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏မျက်လုံးများက စူးရှတောက် ပလာသည်။

ချင်ယွင်နှင့် အလွန်ရင်းနှီးပြီး လှပသော မျက်နှာလေးသည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သည့်အမူအရာ ထွက်ပေါ်လာပြီး ထခုန်လိုက်ကာ ထမြေပြင်ပေါ်သို့ လဲကျသွားပြီး ထိတ်လန့်တုန်လှုပ်သည့် အမူအယာရှိနေသည်။

ချင်ယွင်သည် နံဘေးသို့လဲကျသွားသော မင်းသမီး(၁၃)ကိုကြည့်လိုက်ရင်း အများနှင့် မတူတမူထူးခြားသည့် ဤမိန်းကလေးသည် သူ့အိပ်ချိန်ကို အခွင့်ကောင်းယူပြီး သူ့ကို ပေါ့ပေါ့ပါးပါး ဆက်ဆံနေသည်ကို ချက်ခြင်း နားလည်လိုက်သည်။

မင်းသမီး(၁၃)သည် အစားအစာ ခိုးစားသည်ကို လူမိသွားသည့် ကလေးမလေး တစ်ယောက်ကဲ့သို့ ရှက်ရွံ့သွားသည်။ သို့သော်လည်း သူမ၏ ရှက်ရွံ့သည့် အမူအယာ သည် သူမ၏ ပင်ကိုယ်စရိုက်နှင့် လုံး ဝမသက်ဆိုင်ပေ။ သူမက ချက်ချင်းပင် မျက်လုံးကြီးကိုပြူးပြီး ချင်ယွင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်. "နင် ဘာဖြစ်နေ တာလဲ၊ နင့်ကို ရည်ရွယ်ချက်ကောင်းတွေနဲ့ တွေ့ဖို့လာခဲ့တာလေ။ နင် ငါ့ကို လန့်ပြီးသေ အောင် လုပ်နေတာပဲ"။

"ဒါဆိုလည်း မင်းက ဘာလို့ ငါနဲ့အရမ်းနီနီးကပ်ကပ် ရှိနေရတာလဲ" ချင်ယွင်က မကျေမနပ်သည့် အမူအယာဖြင့် မေးလိုက်သည်။

ချင်ယွင်၏ စကားကိုကြားလျှင် မင်းသမီး(၁၃) ၏ မူလမျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။ သူမက တိုးတိုးပြောလိုက်သည် " နင်က ခမည်းတော်ဧကရာဇ် မင်းမြတ်ပြောတဲ့ ဧကရာဇ်မင်းမြတ်ထျန်းရှကို အနိုင်ယူခဲ့သူဆိုတော့ တစ်ချက် လောက်ကြည်ရအောင် ငါ လာခဲ့ရတာပေါ။ ဒါပေမယ့် နင်ရဲ့ အသားအရေက ဒီလောက် ချောမွတ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး ၊ ဒါကြောင့် ငါလည်း မနေနိုင်ဘဲ နင့်ကို ထိကြည့်မိတာပါ ... . . . ”

မင်းသမီး(၁၃)သည် သူမစကားပြောလာလေ သူမ၏အသံသည် ပို၍ပင် ပျော့ပျောင်း လာလေ ဖြစ်သည်။ သူမသည် ချင်ယွင်၏မျက်လုံးများကိုပင် မကြည့်ဝံ့ခဲ့ပေ။

ချင်ယွင်လည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။ မာနကြီးပြီး ကျိုးကြောင်း ဆီလျော်မှုမရှိသော၊ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် မကြောက်ရွံ့တတ်သော ဤမင်းသမီး(၁၃)သည် အမှန်တကယ်ပင် ထိုကဲ့သို့ ရှက်ရွံ့သောအမူအယာ ပေါ်နေခဲ့ သည်။ ဤမြင်ကွင်းသည် အမှန်တကယ်ပင် အနောက်က နေထွက်လာတဲ့သည့် မြင်ကွင်းမျိုး ဖြစ်ပေလိမ့်မည်။

သို့သော် ချင်ယွင်သည် ယခင်က ဤမင်းသမီး(၁၃)၏ မာနကြီးသည့် အသွင်အပြင်ကို တွေးတောရင်း မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။ သူသည် ရှေ့ဆက်မတွေးဝံ့တော့ ဘဲ စကားလမ်းကြောင်း အမြန်ပြောင်းပြီး မေးလိုက်သည် "ငါ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ" ။

မင်းသမီး(၁၃)သည်လည်း ဤအကြောင်းအရာကို ဆက်ပြောချင်စိတ် ရှိဟန်နေ မတူပေ ။ သူမမျက်နှာမှာ တောက်ပသည့်အပြုံးတစ်ခု ပေါ်လာပြီး ပြောသည် "နင်အိပ်နေတာ သုံးရက်, သုံးရက်ရှိပြီ။ ငါ နင့်ကိုတွေ့ဖို့ အကြိမ်ကြိမ်လာခဲ့ပေမယ့် နင် မနိုးသေးဘူး"

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွား နှစ်ယောက် စလုံး သူ၏ဒန်တန်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့ရှိရသည်။ ထိုမှပင် သူလည်း သက်ပြင်းချနိုင်တော့သည်။

မင်းသမီး(၁၃)နှင့် ရိုးရိုးရှင်းရှင်း စကားအနည်းငယ်ပြောပြီးနောက် သူသည် ဤမိန်းကလေးကို ပြန်လွှတ်လိုက်လေ၏။

မင်းသမီး(၁၃) ထွက်သွားသည်နှင့် တပြိုင်နက် ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ချက်ချင်း ဝင်သွားသည်။

ချင်ယွင်သည် သုံးရက်လုံးလုံး ပျောက်ကွယ်နေခဲ့ရာ ရန်စီချီသည် ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် အလွန်အမင်း စိုးရိမ်နေခဲ့သည်။

ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်း၏ နန်းတော်အတွင်းမှာ ပေါ်လာသည်ကို မြင်သည်နှင့် ရန်စီချ်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပွေ့ဖက် လိုက်ပြီး သူမ၏ရင်ခွင်ထဲတွင် သူမလက်မောင်းနှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

ချင်ယွင်သည် ရန်စီချီ၏လက်နှစ်ဖက်ကို ညင်သာစွာ ခွာလိုက်ပြီး သူအဆင်ပြေ ကြောင်း ပြောလိုက်သည်။ ထို့နောက် သူက ရန်စီချီကို ယခင်တိုက်ပွဲတွင် ဖြစ်ခဲ့သမျှကို ပြောပြသည်။ ထိုစကားကိုကြားသည့်အခါ ရန်စီချီ၏လှပသော မျက်နှာသည် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။

အကယ်၍ ဧကရာဇ်မင်းမြတ်ထျန်းရှသာ ယနေ့ ထွက်ပြေးသွားခဲ့ပါက၊ ဤအကျပ် အတည်းကို သဘာဝအတိုင်း ဖြေရှင်းနိုင်ပြီးသားဖြစ်ရာ ရန်စီချီသည် ကောင်းကင်ဘုံကိုး အလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် သဘာဝအတိုင်း ရှိနေရန် မလိုအပ်တော့ပေ။

ဟုတ်ပါသည်၊ ချင်ယွင်က ဆေးအကြီးအကဲနှင့် တခြားသူတွေကိုလည်း ထုတ်ပေးဖို့ မမေ့ခဲ့ပါဘူး။

ယခုအခါ ဆေးအကြီးအကဲ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် သစ်သားစွမ်းရည် ကိုယ်ပွား၏ ကုသမူကြောင့် လုံးဝပျောက်ကင်းသွားသဖြင့် သူတို့သည် ကြံ့ခိုင်မှုများ အပြည့်အဝ ပြန်လည်ရရှိလာခဲ့သည်။ သူတို့သည် ဆေးစံအိမ်သို့ပြန်လာပြီး ဆေးကလန်ကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားကြသည်။

ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဤကြီးမားသော အနှောက်အယှက်ကြီး ဖြစ်ပြီးနောက်၊ အင်ပါယာမြို့တော်ရှိ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ အကုန် သေဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီ။ ဆေးကလန်၏ သိုင်းဧကရာဇ်နှစ်ပါးဖြစ်သော ဆေးအကြီးအကဲနှင့် ဒန်ထျန်းယုတို့အနေဖြင့် ဆေးကလန်ကို ပြန်လည်တည်ဆောက် ရန် မခက်ခဲနိုင်ပေ။

ဒန်ချီဖန်းက ချင်ယွင်၏နောက်ကို လိုက်ပါချင်သော်လည်း ချင်ယွင်က သူ သိုင်းဧကရာဇ် နယ်ပယ်ကို ဖြတ်ကျော်ပြီးမှသာ နောက်တစ်ကြိမ် ပြန်လာရှာ မည်ဟုသာ ပြောခဲ့ပါ သည်။

ဒန်ချီဖန်းသည် သူ၏စိတ်ထဲတွင် မလိုလားသော်လည်း ချင်ယွင်၏စကားကို နားမထောင်လို့မရပေ။ သူသည် တိတ်တဆိတ် ခေါင်းညိတ်ကာဖြင့် ဒန်ထျန်းယု၊ အခြားသူများနှင့်အတူ ထွက်သွားခဲ့သည်။

ဆေးကလန်အဖွဲ့ဝင်များကို စေလွှတ်ပြီးနောက် ချင်ယွင်သည် ဧကရာဇ်မင်းမြတ် ဒါယန်းကို ရှာဖွေရန်အတွက် ရန်စီချီကို ခေါ်ဆောင်လာခဲ့သည်။ ယခုအခါ သူသည် အင်ပါယာမြို့တော်၏ ကိစ္စများ ပြေလည်သွားပြီဖြစ်သဖြင့် ဧကရာဇ်မင်းမြတ် ထျန်းရှသည်လည်း အချိန်တိုအတွင်း ပြန်လာတော့မည်မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင် သည် သဘာဝအတိုင်း အင်ပါယာမြို့တော်မှ ထွက်ခွာရန် ရွေးချယ်ခဲ့သည်။

သူသည် ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်ကို ရန်စီစီထံ လွှဲပေးရဦးမည်။ သူသည် အချိန်တော်တော်လေးကြာအောင် ဆွဲမိထားပြီးဖြစ်သည်။ ရန်စီစီသည် နောက်ဆုံးသတ်မှတ်ရက်သို့ ရောက်ရှိလာတော့မည်ဟု ခန့်မှန်းထားသောကြောင့် ချင်ယွင်သည် သူမကို အမြန်ဆုံး ရှာဖွေရတော့မည်။

ချင်ယွင်ထွက်သွားမည့် အကြောင်းကို ဧကရာဇ်မင်းမြတ်ဒါယန်းက ကြားသည့် အခါတွင် သူက အင်ပါယာနန်းတော်မှာ နေထိုင်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။ ချင်ယွင်သည် တော်ဝင်မိသားစုတွင် ပူးပေါင်းပါဝင်ပြီး အင်ပါယာ၏ စောင့်ရှောက်သူ ဖြစ်လာရန် သူမျှော်လင့်ခဲ့သော်လည်း ချင်ယွင်က ငြင်းဆိုခဲ့သည်။

ချင်ယွင်သည် အာဏာကို စိတ်မဝင်စားဘူးဟု မပြောလိုသော်လည်း အကယ်၍ ချင်ယွင်က စိတ်ဝင်စားသည်ဆိုလျှင်ပင် သူသည် တခြားလူတစ်ဦး၏ လက်အောက်ခံ လုပ်ဖို့ ဆန္ဒမရှိပါဘူး။

ဧကရာဇ်မင်းမြတ်ဒါယန်းသည်လည်း ချင်ယွင်၏ အတွေးများကို နားလည်ပုံရသည်။ သူက မနေချင်တော့သည်ချင်ယွင်ကို သက်ပြင်းတစ်ချက်ချပြီး ထွက်ခွာခွင့် ပေးရုံသာ တတ်နိုင်ခဲ့ပါသည်.။

သို့သော် ဧကရာဇ်မင်းမြတ်ဒါယန်းသည်လည်း ဇဝနဉာဏ်လျင်မြန်ထက်မြက်သူ တစ်ဦး ဖြစ်သည်။ ချင်ယွင်ကို လက်အောက်ခံအဖြစ် ထိန်းချုပ်ရန် မစွမ်းနိုင်ဘူး ဆိုကတည်း က ရန်သူဖြစ်လာရန်လည်း ခွင့်မပြုနိုင်ခဲ့ပေ။ ထို့ကြောင့် မထွက်ခွာမီ ချင်ယွင်ကို တံဆိပ်ပြားတစ်ခုပေးခဲ့သည်။ ထိုတံဆိပ်ပြားသည် သူ့ကို ကိုယ်စားပြုသည်။ တံဆိပ်ပြားကို မြင်ရခြင်းသည် သူနှင့်ချင်ယွင်တို့ကြား ဆက်ဆံရေးကို ပိုပြီးနီးကပ် စေရန်အတွက် ဧကရာဇ်မင်းမြတ်တစ်ပါးကို မြင်လိုက်ရသလိုပင် သတ်မှတ်နိုင်သည့် အာဏာရှိပေသည်။

မူလကတော့ ချင်ယွင်သည် လက်မခံချင်ခဲ့ပါဘူး။ သူ့အတွက် ယခုလို အရာမျိုးက ကြက်နံရိုးတစ်ချောင်းနှင့် ဘာမှထူးမခြားနားပေ။ သို့သော်လည်း ဧကရာဇ်မင်းမြတ် ဒါယန်း၏ အသွင်အပြင်ကိုကြည့်ပြီး အကယ်၍ သူလက်မခံလျှင် ဧကရာဇ်မင်းမြတ် ဒါယန်း၏ သံသယစိတ်များကို လှုံ့ဆော်ရာရောက်နိုင်သောကြောင့် သူ လက်ခံခဲ့သည်။

ထို့နောက် ချင်ယွင်သည် ဧကရာဇ်ဒါယန်းအား နှုတ်ဆက်ကာ ရန်စီချီနှင့်အတူ ထွက်ခွာရန် ပြင်ဆင်သည်။

ချင်ယွင်ထွက်သွားတော့မည့်အကြောင်း မင်းသမီး(၁၃)သိသည်နှင့် အပြေးအလွှား ရောက်ချလာပြီး ချင်ယွင်ကို ဒေါသတကြီးကြည့်ကာ ပြောတော့သည် "နောက်ဆုံး အကြိမ်တုန်းက နင်နဲ့ငါ အလောင်းအစားမှာ ငါရှုံးသွားခဲ့ပြီ။ နင်က ငါ့အစ်ကိုကို ကယ်ခဲ့ပေးတယ်၊ ငါက နင့်ရဲအစေခံ တောင်ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်ဆိုတော့ အခု အရှုံးကို ငါ ဝန်ခံချင်တယ်။"။

ချင်ယွင်သည် မင်းသမီး(၁၃)၏ အမူအယာကို မြင်သောအခါ၊ ဤကောင်မလေး မည်သည့် အရာတွေးနေမှန်း မသိတော့ပေ။ သူက ဆိုးဝါးသည့်ပုံစံဖြင့် တမင်တကာ မင်းသမီး(၁၃)ကို စိုက်ကြည့်ရင်း ပြောလိုက်သည် "မင်းက ငါ့အစေခံဖြစ်ချင်တောင်​ ငယ်လွန်း​​သေးတယ်၊ ​ ဘာမှလုပ်​လို့ မရဘူး။ နောက်နှစ်​အနည်းငယ်လောက်ကြာမှ ပြောရင် ပို​ကောင်းလိမ့်တယ်​!"။

သူသည် မင်းသမီး(၁၃)အား ပြန်လည်ချေပရန် အချိန်မပေးတော့ဘဲ ရန်စီချီကို လက်ဆွဲကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ် သွားတော့သည်။

မင်းသမီး(၁၃)သည် ချင်ယွင်၏စကားကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ချင်ယွင်၏မျက်လုံးများ ထူးဆန်းမူများဖြင့် ပြည့်နှက်နေသည်ဟု သူမ အမြဲတမ်း ခံစားမိ၏။ ထို့ကြောင့် သူမသည် သူမကိုယ်သူမ မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်မိသည်။ သူမကိုယ်သူမ မကြည့်မိတာကမှ ကောင်းပါလိမ့်ဦးမည်။ သူမသည် ချင်ယွင်ကို ကြည့်လိုက်သောအခါတွင် သူမသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ပျောက်ကွယ် သွားသည့် ကောင်းကင်ယံကြီးကိုသာ မြင်လိုက်ရတော့သည် " ချင်ယွင် ၊ နင်က အယုတ်တမာကောင် တစ်ယောက်ပဲ။ နင့်အဒေါ်ရဲ့ ရင်ဘတ်ကို သေးတယ်လို့ ပြောရဲ တယ်ပေါ့။ နောက်တစ်ခါ ငါ နင့်ကိုတွေ့တာနဲ့ နင့်အဒေါ်ရဲ့ ရုပ်ရည်အသွင်အပြင်က ဘယ်လောက် ကြည့်လို့ကောင်းလာလဲဆိုတာ နင့်ကို သေချာပြဦးမယ်"။

သို့သော် သူမသည် ဤစကားလုံးများကို ကြွေးကြော်နေချိန်မှာ မင်းသမီး(၁၃)သည် နောင်တ ရသွားသည်။ အကယ်၍ နောက်တစ်ကြိမ် သူမက တခြားသူကို တွေ့ခွင့်ပေး လိုက်မည်ဆို သူက သူမအပေါ် အခွင့်ရေးယူသွားမှာ မဟုတ်ဘူးလား။

ယခုစကားမျိုးကို သူမပါးစပ်ကနေ ပြောမိသွားတာလား။?

ဟုတ်ပါသည်၊ မင်းသမီး(၁၃)သည် ဘေးပတ်ပတ်လည်ကို လှည့်ပတ် ကြည့်လိုက်တော့ မိန်းမစိုးတွေနှင့် နန်းတွင်းအစေခံတွေက ပါးစပ်ကြီးတွေဖြဲပြီး သူမကို စိုက်ကြည့် နေကြသည်ကို တွေ့လိုက်ရလေသည်။ မင်းသမီး(၁၃)၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာပြီး သူမ၏မျက်နှာကို ဖုံးအုပ်ကာ ထွက်ပြေးသွားတော့သည်။

ကောင်းကင်ယံတွင် ချင်ယွင်နှင့် ရန်စီချီတို့ ဘေးချင်းကပ်ကာ ပျံသန်းသွားကြသည်။

"ယောင်္ကျား၊ နင်က ပိုပိုပြီးဆိုးလာတာကို ငါတွေ့နေရတယ်နော်။ နင်က အရွယ်မရောက်သေးတဲ့ မိန်းကလေးကိုတောင် အနိုင်ကျင့်ရက်တယ်။" ရန်စီချီ ပြုံးလိုက်သည်။

ချင်ယွင်က မျက်ခုံးပင့်လိုက်ပြီး သူ၏မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာသည်။ သူက "ဒါပဲလား။ ငါက တခြားကောင်မလေးကိုတောင် အနိုင်ကျင့်မှတော့ မင်းကိုရော ဘာလို့ အနိုင်မကျင့်ရမှာလဲ"

ထိုစကားကိုပြောပြီးနောက် ချင်ယွင်၏လက်သည် ရန်စီချီ၏ခါးဆီသို့ အလွန်အမင်း မရိုးသားသည့်အမူအယာဖြင့် ဆွဲကုတ်လိုက်ပြီး ယန်စီချီ၏ ညုညတုတုအသံက ချက်ချင်းပင် ဆွဲဆွဲငင်ငင် ထွက်ပေါ်လာသည်။

"နင်က ကောင်းလည်းကောင်းတယ်၊ ဆိုးလည်းဆိုးတယ်၊ သိလား။ ငါတို့က လေထဲမှာ ရှိနေတုန်းပဲလေ။" ရန်စီချီက မျက်နှာနီရဲနေပြီး ရှက်သွေးဖြာကာ ပြောလိုက်သည်.။

"ဒါဆိုလည်း ကောင်းပြီလေ။ အလုပ်ကိစ္စလုပ်ဖို့ အရင်ဆုံး နေရာတစ်ခု သွားရှာရ အောင်" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရန်စီချီကို ပွေ့ဖက်ကာ အောက်မှာ ရှိနေသည့်မြို့ဆီသို့ ဦးတည်သွားတော့သည်။

ရန်စီချီ၏ မျက်နှာသည် ချင်ယွင်၏ရင်ဘတ်မှာ ဖိကပ်ထားပြီး သူမ၏ မျက်နှာသည် စက်စက်ယိုလုနီးပါး နီရဲနေပါသည်။ ချင်ယွင်ပြောသည့် 'လေးနက်သည့်လုပ်ငန်း'၏ ဆိုလိုရင်းကို သူမသည် သဘာဝကျကျ နားလည်သွားပြီးနောက် သူမစိတ်တွေက ယိမ်းယိုင်သွားသည် ။

စာစဉ် (၂၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters