အခန်း (၃၆၆-၃၇၀)
Vol. 25 Ch. 366-370
အခန်း (၃၆၆) မောက်မာသောချီရှောက်ယန်း။
ချီရှောက်ယန်း၏ စကားများသည် ရန်စီချီ၏ နားထဲသို့ အလွန်အမင်း ထိုးဖောက်ကာ ဝင်ရောက်လာခဲ့ပြီး သူမကို ပြင်းပြင်းထန်ထန် ဒေါသထွက်ပေါ်စေသည်။
"ဟမ့် ၊ ငါ မင်းကို ခဏလောက် ဂုဏ်ယူခွင့်ပေးထားဦးမယ်။ နောက်မှ မင်းကို ငါ ဘယ်လို ဆက်ဆံလဲဆိုတာ ကြည့်ရသေးတာပေါ့။" ရန်စီချီသည် သူမ၏ နှလုံးသားထဲ တွင် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"မင်း ဘယ်လိုထင်လဲ၊ မင်း ငါ့နောက်လိုက်နေသမျှ မင်းရဲ့ခင်ပွန်းကိုလည်း နောက်ကနေ လိုက်ပါခွင့်ပြုမယ်လို့ ငါကတိပေးတယ်။" ချီရှောက်ယန်းသည် ရန်စီချီ၏ ခန္ဓာကိုယ်အနှံ့ စူးစူးစိုက်စိုက် ကြည့်ရူးရင်း ယုတ်မာစွာ ပြုံးလိုက်လေသည်။
တကယ်တော့ သူသည် 'ရန်စီချီ'ကို အတင်းအကြပ် သိမ်းပိုက်လို့ ရပါသည်။ ရန်စီချီ၏ ကျင့်ကြံမှုအခြေခံသည် သိုင်းမြို့စားနယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာတွင် သာ ရှိနေပါသေးသည်။ ရန်စီချီသည် သူ၏ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ သို့သော်လည်း သူသည် ရန်စီချီကို ရယူပိုင်ဆုံရုံဖြင့် သူ၏စိတ်ဆန္ဒကို ဖြည့်ဆည်းရန် မလုံလောက်သေးပေ။
သူသည် ရန်စီချီကို သူ၏ရှေ့တွင် ညင်ညင်သာသာ ဒူးထောက်ခိုင်းပြီး ချင်ယွင်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ချင်မိသည်။ ထိုမှသာ သူ၏စိတ်နှလုံးကို အလွန် ကျေနပ်သွားစေမည်။
ချင်ယွင်ကို လွှတ်ပေးလိုက်ဖို့လား၊ ဤအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ချင်ယွင်ကို မြင်နေရခြင်းကပင် ဤကစားပွဲ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ သူ့ကို အရမ်းပျော်သွားအောင် သွားခွင့်ပြုရမှာလား?။
ရန်စီချီသည် ချီရှောက်ယန်း၏ စကားကိုကြားသောအခါ၊ ချီရှောက်ယန်း၏ စကားများ ကို စဉ်းစားနေသကဲ့သို့ သူမ၏မျက်လုံးထဲတွင် ငြင်းဆန်လိုသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"နင်က ငါ့ယောက်ျားကို တကယ်လွှတ်ပေးမှာလား။" ရန်စီချီသည် သူမ၏စိတ်ကို မဆုံးဖြတ်မီ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေဟန် ဆောင်လိုက်သည်။
ချီရှောက်ယန်းသည် ဤမြင်ကွင်းကို မြင်သောအခါ ဝမ်းသာအားရ ပြုံးပြလိုက်သည်။ သူက ရယ်ပြီး "စိတ်မပူပါနဲ့၊ မင်း ငါ့ကိုပျော်အောင်ထားနေသရွေ့ မင်းယောင်္ကျားကို လွှတ်ပေးမယ်" လို့ ကတိပေးတယ်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်က ချက်ချင်း အော်ပြောလိုက်သည် "စီချီ ၊ သူ့ကို ကတိမပေးနဲ့၊ ငါ့ကို စိတ်မပူနဲ့!"
ချီရှောက်ယန်းဆီကို တဟုန်ထိုးပြေးဝင်ပြီး သခင်လေးချီကို တိုက်ခိုက်တော့မည့် အတိုင်း သူ၏လည်ပင်းရှိ သွေးကြောများပင် ဖောင်းကားထွက်လာခဲ့သည်။ သို့သော်လည်း အကြီးအကဲတန်က သူ့ကို ဖိနှိပ်ထားသည်။
"ဟား၊ ဟား၊ မင်းယောက်ျားက သုံးစားမရဖြစ်နေပြီလေ။ တကယ်လို့ နောက်ပိုင်းမှာ သူ့ကို လွှတ်ပေးလိုက်ရင်တောင်မှ သူက သာမန် သေမျိုးတစ်ယောက်ပဲ ဖြစ်လာ လိမ့်မယ်။ သူက မင်းနဲ့ လုံးဝ မထိုက်တန်တော့ဘူး။ မင်း ငါ့နောက်ကို ဘာလို့ မလိုက်ခဲ့တာလဲ။ မင်းရဲ့ကျင့်ကြံမူအခြေခံက ခုန်ပျံကျော်လွှားပြီး တိုးတက်လာရ လိမ့်မယ်လို့ ငါကတိပေးတယ်။" သခင်လေးချီက ဟက်ဟက်ပက်ပက် ရယ်သည်။
ရန်စီချီ၏ လှပသော မျက်နှာသည် အေးစက်သွားသည်။ ချီရှောက်ယန်း၏ စကားတွေက သူ့အတွက် ရွံရှာစရာ ဖြစ်စေပေမယ့် သရုပ်ဆောင်ရန် အတွက်ကြောင့် သူမသည် သဘာဝအတိုင်း ဖျော်ဖြေပေးဖို့ လိုအပ်ပါသည်။
"နင် သူ့ကို တကယ်လွှတ်ပေးမှာလား။ နင် ငါ့ကို မလိမ်ဘူးမလား" ရန်စီချီသည် တမင်တကာ ချီတုံချတုံ ဟန်ဆောင်က မေးလိုက်သည်။
"စိတ်မပူပါနဲ့ကွာ၊ ငါမင်းကို မလိမ်ပါဘူး၊ လာ၊ မြို့ထဲ အတူတူပြန်သွားရအောင်" ချီရှောက်ယန်းက ယုတ်မာစွာပြုံးပြီး ရန်စီချီကို ပွေ့ဖက်ရန် ရှေ့တိုးသွားသည်။
ချီရှောက်ယန်း၏ ရွံ့ရှာစရာဝက်လက်ကို ရှောင်ဖယ်လိုက်ရင်း ရန်စီချီ၏ မျက်လုံးများ သည် ချက်ချင်းပင် အေးစက်သွားသည်။
ရန်စီချီက ရှောင်တိမ်းနေသည်ကို မြင်လိုက်ရလျှင် ချီရှောက်ယန်းသည် သူ၏မျက်နှာ တွင် ဒေါသထွက်သည့် အရိပ်အယောင် ထွက်ပေါ်မလာခဲ့ပါဘူး။ ရန်စီချီ တခဏ အတွင်း လက်ခံနိုင်ဦးမှာ မဟုတ်ဘူးဆိုသည်ကို သူသိထားသည်။ ထို့ကြောင့် သူလည်း အတင်းအကျပ် မလုပ်တော့ပါဘူး။ တစ်ချိန်တည်းမှာပင် သူက သူ၏စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည် "လူမြင်ကွင်းမှာရှိနေတဲ့ ငါ့ရှေ့မှာတော့ ချုပ်တည်းထားသလို ဟန်ဆောင်နေတယ်ပေါ့။ ငါတို့ တည်းခိုခန်းကို ရောက်တဲ့အခါ ဒီသခင်လေးက ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ မင်းကို သိစေချင်တယ်"
ထို့နောက် ချီရှောက်ယန်းသည် ချင်ယွင်နှင့် ရန်စီချီတို့ကို မြို့အတွင်းရှိ တည်းခိုခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
သခင်လေးချီသည် အခန်းကျယ်ကြီးကို ချက်ချင်းတောင်းခံလိုက်ပြီး ချင်ယွင်နှင့် ရန်စီချီ တို့ကို အခန်းဆီ ခေါ်သွားသည်။
အကြီးအကဲတန်ကိုတော့ အောက်ထပ်ဧည့်ခန်းထဲမှာ ထားခဲ့သည်။ မူလက အကြီးအကဲ တန်သည် အနည်းငယ် စိုးရိမ်နေသေးသော်လည်း ချင်ယွင်၏ ကျင့်ကြံမူအခြေခံသည် သုံးစားမရဖြစ်နေပြီး ရန်စီချီ၏ ကျင့်ကြံမူအခြေခံကလည်း သိုင်းမြို့စားနယ်ပယ် တွင်သာ ရှိနေသည်ကို တွေးတောမိသည်။ သူမက သူ၏သခင်လေးကို လုံးဝ ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူလည်း သူ၏သခင်လေးကို အတင်းအကြပ် ပြောမနေတော့ပေ။.
သူ့သခင်လေး၏ ဝါသနာကို သူသိသည်။ သူသည် ကမ္ဘာ့အနှံ့ရှိအလှပိုင်ရှင်လေးများကို စုဆောင်းပြီး ကစားရသည်ကို နှစ်သက်သည်။ ဤအရာသည် မသင့်လျော်ဟု သူခံစားမိသော်လည်း သူ့သခင်လေး၏ နောက်ခံအကြောင်းကို တွေးကြည့်သော အခါတွင် အမျိုးသမီးများနှင့် ကစားရသည်မှာ သူ့အတွက် အန္တရာယ်မရှိနိုင်ပေ။
ထို့အပြင်၊ ဤထျန်းယွန်တိုက်ကြီးတွင်၊ သူ၏သခင်လေးကို ယှဉ်နိုင်သူက လက်ချိုး ရေတွက်လို့ ရပေသည်။
သူအနားမှာ ရှိနေသရွေ့၊ သူ၏သခင်လေးသည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ မိဖုရားနှင့် ကစားချင်သည်ဆိုလျှင်ပင် အလွယ်တကူ ရနိုင်ပါသည်။ ထို့ကြောင့် သူသည် သူ့သခင်လေး၏ လှုပ်ရှားမှုများကို အနှောင့်အယှက် မပေးတော့ချေ။
အသက်ကြီးတန်က သူတို့နောက် လိုက်မလာဘူးဆိုသည်ကို ချင်ယွင်သည် မြင်လိုက်ရ ပြီးနောက် သူ၏ အစီအစဉ်တစ်ဝက် ပြီးဆုံးသွားပြီဆိုသည်ကို သူ သိလိုက်ပါပြီ။ မည်သည့် လှည့်ကွက်မျိုးမျှ ထွက်ပေါ်မလာသရွေ့ ချင်ယွင်သည် ဤချီရှောက်ယန်းကို ချက်ချင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ချီရှောက်ယန်းသည် ချင်ယွင်နှင့် ရန်စီချီတို့ကို အခန်းထဲသို့ ခေါ်သွားကာ ချင်ယွင်ကို တော့ သူ၏ကုတင်ဘေးရှိ ကျောက်တိုင်တစ်ခုမှာ ချည်နှောင်ထား လိုက်သည်။ သူ၏မျက်နှာက ကုတင်ဆီသို့ ဦးတည်နေသည်။ သူလုပ်ရမှာက ချင်ယွင်ကို ချင်ယွင်၏ မိန်းမနှင့် သူကစားနေသည့် မြင်ကွင်းကို ကောင်းကောင်း ကြည့်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ချင်ယွင်၏ရှေ့မှာ ချင်ယွင်၏ ဇနီးနှင့် ကစားရတော့မည်ဆိုသည့် အတွေးက သူ့ကို ထူးဆန်းသည့် တွန်းအားတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
"ချီရှောက်ယန်း၊ နင်က ဘာသဘောလဲ။ ငါ့ယောက်ျားကို လွှတ်ထားဖို့ နင် သဘောမတူ ထားဘူးလား။ နင် သူ့ကို ဘာလို့ ဒီမှာ ချည်ထားတာလဲ။" ယန်စီချီက မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။
ချီရှောက်ယန်းက ရန်စီချီ၏ စကားကိုကြားလျှင် သူက ဆိုးသွမ်းသည့် အပြုံးကို ထုတ်ဖော်ပြီး ပြောသည် "ဟုတ်ပါတယ်၊ ငါ သူ့ကို လွှတ်ပေးမှာပါ။ ဒါပေမယ့် မင်း ငါ့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးပြီးမှလို့ ငါပြောထားတာလေ။ သူ့ကို ဘာလို့ ဒီမှာ ချည်နှောင်ထားရသလဲဆိုတော့၊ သူ့ကိုလည်း ပရိသတ်ဖြစ်ခွင့်ပေးပြီး သူ့မိန်းမက တခြားယောက်ျားတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ ကြည့်ရူလေ့လာခွင့် ရအောင် လို့ပဲ။"
"နင်၊ နင်က တော်တော်အရှက်မဲ့တာပဲ!" ရန်စီချီက စိတ်ဆိုးဟန်ဆောင်ပြီး အော်လိုက် သည်။
"ဟား၊ ဟား၊ ငါက အရှက်မရှိဘူး၊ အဲတော့ ဘာဖြစ်လဲ" ချီရှောက်ယန်းက ဟက်ဟက် ပက်ပက် ရယ်သည်။ ရုတ်တရက် သူ၏မျက်နှာက အေးစက်သွားသည်။ သူက ချင်ယွင်၏ လည်ပင်းကို လက်နှင့်ဆွဲကိုင်လိုက်ပြီး ရန်စီချီကို ကြည့်ပြီး အေးစက်သည့် လေသံဖြင့် ပြောလိုက်သည် "ဟမ့်၊ တကယ်လို့ မင်း နားမထောင်ဘူးဆိုရင် ငါ သူ့ကို လည်ပင်းညှစ်သတ်ပစ်လိုက်မယ်"
ပြောပြီးသည်နှင့် သူက သူ့လက်ကို အစွမ်းကုန်အားထုတ်ကာ ညှစ်လိုက်ပြီး ချင်ယွင်၏ လည်ပင်းကို ချက်ချင်း နီသွားစေသည်။
ရန်စီချီ၏ လှပသော မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမက ခေါင်းကို ဆတ်ဆတ်ခါယမ်းပြီး "နင်ပြောတာမှန်သမျှ ငါ နားထောင်မယ်၊ ငါ နားထောင်ပါ့မယ်။ သူ့ကို မသတ်ပါနဲ့"
ချီရှောက်ယန်းသည် ရန်စီချီ ၏စကားကို ကြားသောအခါ ရူးသွပ်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ သူက ချင်ယွင်၏ လည်ပင်းကို လွှတ်လိုက်ပြီး ကျယ်လောင် စွာ ရယ်မောလိုက်သည် "ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ မင်း ငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးနေသရွေ့ သူ့ကို အသက်ချမ်းသာပေးမယ်လို့ ငါ ကတိပေးတယ်။"
ချီရှောက်ယန်း၏ ရယ်သံက တည်းခိုခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူသည် ရန်စီချီဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ သူ၏မျက်လုံးများထဲတွင် ဝင့်ကြွားမူ အပြည့်ရှိနေသည်။
သို့သော်လည်း သူ၏နောက်ကွယ်ရှိ ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်ကို သူ သတိမထားမိလိုက်ပေ။
ချီရှောက်ယန်းသည် ရန်စီချီနှင့် ခြေတစ်လှမ်းခန့်အကွာ ရောက်ရှိလာစဉ် ရန်စီချီ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးအလွှာက သူမ၏သွယ်လျသော လက်ဖဝါးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
"ဖတ်!"
သေးသွယ်သော လက်ဖဝါးသည် ချီရှောက်ယန်း၏ဝမ်းဗိုက်တစ်လျှောက် ချက်ချင်း ထိုးဖောက်သွားပြီး သူ၏ဒန်တန်ကို လုံးလုံး ကွဲအက်သွားစေခဲ့သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချီရှောက်ယန်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ မြင်သူတိုင်း ကို သနားကရုဏာသက်လုနီးပါး ဖြစ်စေသည့် သူ၏ရှေ့ရှိ ပြိုင်ဘက်ကင်း အလှပိုင်ရှင် လေးသည် ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ထို့အပြင် သူမ၏အရှိန်အဟုန်သည် အလွန်လျင်မြန်လွန်းသဖြင့် တုံ့ပြန်ရန် အချိန် အနည်းငယ်မျှပင် မရှိခဲ့ပေ။
ယုတ္တိနည်းအရပြောရလျှင် ဆဌမအဆင့် ကောင်းကင်အလွှာရှိ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးက သခင်လေးချီကို အလစ်ငိုက်တိုက်ခိုက်မူ အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တဖက်လူက ချီရှောက်ယန်းအပေါ် မလှုပ်ရှား နိုင်မီ ထိုလူသည် ချီရှောက်ယန်း၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။
ယခုမူ ရန်စီချီ၏ ခွန်အားသည် သူ့ထက် အားမနည်းလှပေ။ အမှန်တကယ်မှာလည်း သူမသည် သူ၏ဒန်တန်ကို လက်ဖဝါးတစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်ခဲ့သည်။ သူ၏ ဒန်တန်အတွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝိညာဉ်ချီကြောင့် သူ၏ နှလုံးသားထဲတွင် ထိတ်လန့်တကြား အရိပ်အယောင် ဖြစ်ပေါ်လာစေသည်။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး!" ထိုအချိန်တွင် ချီရှောက်ယန်း၏ အနောက်မှ အေးစက်စက် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
မူလက ကျောက်တိုင်မှာ ကြိုးချည်ခံထားသည့် ချင်ယွင်က ကြိုးကို အမှန်တကယ် ချိုးဖြတ်လိုက်ပြီး ချီရှောက်ယန်း၏ နောက်ကို လျှောက်လာသည်။ သူ၏နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ချီရှောက်ယန်းကို တုန်လှုပ်သွားစေခဲ့သည်။
အခန်း (၃၆၇) မင်းကို ငါ ပျံသန်းခိုင်းမယ်။
ချီရှောက်ယန်းက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်သည်"မင်း... မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက ပျက်ဆီးသွားပြီမဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ချင်ယွင်က အဘယ်ကြောင့် ကြိုးကို ချိုးဖြတ်နိုင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သူ နားမလည် နိုင်ခဲ့ပါဘူး။
ထိုကြိုးသည် အစွမ်းထက်သည့် ရတနာတစ်ခု မဟုတ်သော်လည်း သာမာန်ကြိုး တစ်ချောင်းလည်း မဟုတ်ပါချေ။ ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံ ပျက်ဆီးသွားသူ တစ်ယောက်က ထိုကြိုးကို ဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ချင်ယွင်သည် ထိုကြိုးကို ချိုးဖြတ်သွားခဲ့သည်။ ဤအရာက သူ့အတွက် အမှန်တကယ် စိတ်ကူးလို့ မရသည့် အရာဖြစ်သည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ပျက်ဆီးသွားတယ်ဆိုတာ သေချာလို့လား" ချင်ယွင်၏ ပါးစပ်ထောင့်မှာ လှောင်ပြောင်သည့် အမူအရာ ပေါ်လာပြီး သူ၏လက်ချောင်း တစ်ဝိုက်တွင် အစိမ်းရောင် ဝိညာဉ်စွမ်းအင် ခပ်ဖျော့ဖျော့ ရစ်ပတ်လာသည်။ ထို့နောက် ၎င်းသည် လက်ဖဝါးတစ်ခုအသွင် ပြောင်းသွားပြီး ချီရှောက်ယန်း၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်သည်။
ချီရှောက်ယန်းသည် ချင်ယွင်အား ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးပြူးကျယ် အောင်ဖွင့်ကာ စိုက်ကြည့်နေရင်း သူ၏ပါးစပ်က ချက်ချင်းပင် သွေးစွန်းထင်းသွားသည်။
အကြီးအကဲတန်သည် သူ၏ဝိညာဉ်စွမ်းအင်ကိုအသုံးပြုပြီး ချင်ယွင်၏ဒန်တန်ကို သေချာပေါက်ပျက်ဆီးသွားအောင် လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် အဘယ်ကြောင့် ပြန်သုံးနိုင်သည်ကို သူနားမလည်နိုင်ပါ။ ဖြစ်နိုင်တာက သူ၏ဒန်တန်က ပြန်ကောင်း သွားလို့များလား။
သို့သော် အကယ်၍ သူ့မှာ ထူးခြားသည့် ရတနာတစ်ခုခု ရှိမည်ဆိုလျှင်ပင် ပြန်လည် ကောင်းမွန်ရန်အတွက် အနည်းဆုံး ဆယ်ရက်ခန့် အချိန်ယူရဦးမည်။ သို့သော်လည်း ချင်ယွင်၏ ဒန်တန်ပျက်ဆီးသွားသည်မှာ တစ်ရက်ခွဲသာ ရှိသေးသည်။ သူ ဘယ်လိုလုပ် မြန်မြန် ပြန်ကောင်းလာနိုင်မှာလဲ ။
တကယ်တော့ ချင်ယွင်မှာ အသက်သစ်ပင်ရှိနေသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ဒန်တန်သေးသေးလေးကို မဆိုထားနှင့် သူ၏နှလုံးကွဲသွားလျှင်ပင် သူသည် လုံးလုံး ပြုပြင်နိုင်ပါသည်။
"မင်း နားမလည်ဘူး မဟုတ်လား၊ မင်း နားမလည်တာတွေ အများကြီး ရှိသေးတယ်ကွ" ချင်ယွင်က ချီရှောက်ယန်း၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကိုကြည့်ပြီး စိတ်ချမ်းသာ နေလေသည်.။
ချီရှောက်ယန်းသည် သူ့အပေါ် အရှက်တကွဲ ဖြစ်အောင်လုပ်ခဲ့ပြီး သူ၏စိတ်နှလုံးမှာ ဒေါသတွေဖြင့် ပြည့်နေခဲ့သည်။ ဟုတ်ပါသည်။ သူ့ကို ဒေါသထွက်ဆုံးဖြစ်အောင် လုပ်ခဲ့သည့်အရာက ချီရှောက်ယန်းဟာ ရန်စီချီကိုထိဖို့ အမှန်တကယ် အာရုံကျရဲတာ ကိုပါ။ တကယ်ဆို ချီရှောက်ယန်းက အသုံးဝင်နေသေးသည့် အတွက်ကြောင့်သာ။ ထို့သို့ မဟုတ်ပါက ချင်ယွင်သည် သူ့ကို ပွဲချင်းပြီး သတ်ပစ်မိ လိမ့်မည်ဟုပင် ခန့်မှန်းလို့ရ သည်။
ချီရှောက်ယန်းက ခေါင်းညိတ်ပြသော်လည်း သူသည် တစ်ခုခုကို စီစဉ်နေသကဲ့သို့ သူ၏မျက်လုံးများ လှိမ့်ပတ်ကစားနေသည်။
သေချာသည်မှာ။ သူ၏သေးငယ်သည့် ထိုလှုပ်ရှားမှုတွေက ချင်ယွင်၏ မျက်လုံးအောက် မှ မည်သို့ ထွက်မြောက်နိုင်မည်နည်း။
ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး လျှပ်စီးကဲ့သို့ တိုက်ခိုက်လိုက်ကာ ချီရှောက်ယန်း၏ လည်ချောင်းကို တိုက်ရိုက် ဆုပ်ကိုင်ထားလိုက်သည်။
ချီရှောက်ယန်းသည် ချက်ချင်းပင် ပြင်းထန်စွာ နာကျင်မူကို ခံစားလိုက်ရသည်။ သို့သော်လည်း သူ၏လည်ချောင်းက အသံမထွက်နိုင်လောက်အောင်ပင် အသံဝင်နေ လေသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ကြောက်ရွံ့မှုတွေ ပြည့်နှက် နေသည်။ ဤအခိုက်အတန့်ရောက်သာ သူသည် ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားခဲ့ရသည်။
မူလက သူ၏ဒန်တန်သည် ပျက်ဆီးသွားခဲ့သည်။ သူ့စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားပြီး ဒေါသထွက်နေသော်လည်း ကြောက်ရွံ့ထိတ်လန့်မှု မခံစားရပေ။ အကြီးအကဲတန်သည် အောက်ထပ်တွင် ရှိနေသည်ကို သူသိသည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို မသတ်ဝံ့ပေ။ သူ အကူအညီတောင်းနေသမျှ အကြီးအကဲတန်က ချက်ချင်း တက်လာလိမ့်မည်။ သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သူ၏ပန်းသီးကို ကြေမွလိုက်သောကြောင့် သူ့မျှော်လင့်ချက် ဖြတ်တောက်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
ပြီးတော့ အကြီးအကဲတန်က သူ မိန်းမတစ်ယောက်နှင့် ဆော့ကစားနေသည်ကို သိထား သည်။ ထို့ကြောင့် သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ဤအချိန်ကာလအတွင်းမှာ ချင်ယွင်က သူ့အား အကြိမ်ရာနှင့်ချီပြီး သတ်ပစ်ရန် လုံလောက်ပါသည်။ အကယ်၍ မသတ်ခဲ့ရင်တောင် သတ်ပေးရန် တောင်းပန်ရသည့်အထိ နှိပ်စက်ခံရလိမ့်မည်။
ချီရှောက်ယန်း၏ ထိတ်လန့်သော အမူအရာကို မြင်လိုက်ရလျှင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ အေးစက်သော အရိပ်အယောင် ပေါ်လာသည်။ ဤကောင်သည် အရင်က အရမ်းမာနကြီးနေခဲ့တာ မဟုတ်ဘူးလား? သူ၏ရှေ့မှာပင် သူ၏မိန်းမနှင့်အတူ ဆော့ကစားမည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
"ချီရှောက်ယန်း၊ ကျွန်မက ရှင့်ကို သက်သောင့်သက်သာဖြစ်အောင် ဝန်ဆောင်မူ ပေးသင့်တယ်လို့ ရှင်မထင်ဘူးလား"
ထိုအချိန်တွင် ရန်စီချီသည် ရုတ်တရက် ရယ်မောကာ ချီရှောက်ယန်း၏ အနားသို့ လျှောက်သွားသည်။
ချီရှောက်ယန်းသည် ရန်စီချီ၏ လှပနေဆဲ မျက်နှာလေးကို မြင်လိုက်ရသည့်အခါတွင် သူ၏စိတ်ထဲတွင် မည်သည့်ဆန္ဒ အရိပ်အယောင်မျှ မတော့ရှိ။ သူ၏ ခြေထောက်တွေက တုန်နေပြီး စကားပင် မပြောနိုင်ဖြစ်နေသည်.။
ရန်စီချီက လှောင်ပြောင်ပြီး ဆက်ပြောလိုက်သည် " ချီရှောက်ယန်း၊ ရှင်က ကျွန်မကို ရှင်ကို ပြုစုခိုင်းစေချင်တာ မဟုတ်လား ၊ ရှင် ဘာလို့ အခု မလုပ်ရတာလဲ။"
ချီရှောက်ယန်း၏ မျက်လုံးမျက်ဆံများ ပြူးကျယ်လာပြီး လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ သူ၏လည်ချောင်းမှ စူးရှသည့်အသံ တစ်ခုထွက်လာသည်။
"ဟမ့်။ မင်းက ငါ့မိန်းမကို ထိဝံ့တာလား၊ မင်းက ရိုးရိုးရှင်းရှင်း သေခြင်းတရားကို တောင်းခံနေတာ မဟုတ်လား။ ရန်စီချီသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချီရှောက်ယန်း၏ ခြေသလုံးကြွက်သားကို ချက်ချင်း ကန်ထုတ်လိုက်သည်။
"အက်!"
ချီရှောက်ယန်းသည် ချက်ချင်း ဒူးတစ်ဖက် ဒူးထောက်ကျသွားပြီး အရိုးများ ကျိုးသွားကာ သူ့မျက်နှာသည် အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။
အော်ဟစ်ရန် ပါးစပ်ကိုဖွင့်ထားသော်လည်း အသံက မထွက်နိုင်။
ချီရှောက်ယန်းသည် အလွန်နာကျင်နေသည်။ သူ၏ညာဘက်ခြေထောက်က အရိုးတွေ ကျိုးသွားပြီး မတ်တပ်တောင် မထနိုင်တော့ဘူး။
ဂုဏ်သိက္ခာကြီးမားသည့် သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ဖြစ်သော သိုင်းဧကရာဇ်တစ်ပါး၊ ချီကလန်၏ ဂုဏ်သိက္ခာကြီးမားသည့် သခင်လေးသည် ဤလယ်ကွင်းထဲမှာ ကျရှုံးသွားခဲ့ရသည့်အဖြစ်ကို တွေးတောရင်း သူ၏နှလုံးသားသည် မလိုလားအပ်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။သူသည် ချင်ယွင်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်မည်ဟုပင် သူ၏စိတ်ထဲမှာ ကျိန်ဆိုမိသည်။
ချင်ယွင်က သူ့အတွေးတွေကို မည်သို့သိနိုင်မည်နည်း။ သူ၏ပါးစပ်ထောင့်က အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ ချီရှောက်ယန်းသည် အမှန်တကယ် သူ့ကို ကြောက်ရွံ့ခြင်း မရှိဟု သူ ထင်မိသည်။
"ချီရှောက်ယန်း၊ မင်းမျက်လုံးတွေကို ဖွင့်ကြည့်လိုက်စမ်းပါဦး။ ငါဘယ်သူလဲဆိုတာ သိရအောင်" ရန်စီချီက ပြုံးပြုံးလေး ပြောလိုက်သည် ။
ချီရှောက်ယန်းသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ကာ ခေါင်းကို မော့လိုက်လျှင် သူ၏မျက်လုံးတွေ တုနှိုင်းမရအောင်ပင် ထိတ်လန့်သွားသည့် အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
မူလက ကောင်းကင်ဘုံက အင်မော်တယ်တစ်ပါးနှင့်တူသော ရန်စီချီသည် အမှန် တကယ်ပင် ချင်ယွင်၏ ရုပ်ရည်အသွင်အပြင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ သွားပြီး သူမ၏ စိတ်နေစိတ်ထားများပင် ပြောင်းလဲသွားခဲ့လေသည်။
ချီရှောက်ယန်းသည် သူ၏ရှေ့တွင်ရပ်နေသော ချင်ယွင်ကို ကြည့်သောအခါတွင် သူသည် အဖြစ်ပျက်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ကြည့်ရတာ၊ ဤအရာအားလုံးကို ချင်ယွင်မှ အထူးဇာတ်ညွန်း ရေးသားသည်ဟု သူ တွေ့ရှိခဲ့ရသည်။ အစမှအဆုံးထိ ထိုရန်စီချီသည် တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့ပါ။ ထွက်ပေါ်လာသော ရန်စီချီသည်လည်း ချင်ယွင်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
ကိုယ်ပွားနည်းပညာရပ်များသည် တုနှိုင်းမရလောက်အောင် အဖိုးတန်သော်လည်း ကောင်းကင်နဂါးတိုက်ကြီးတွင်မူ အဆန်းမဟုတ်ပေ။ ထို့ကြောင့် ချီရှောက်ယန်းလည်း မအံ့သြတော့ပေ။ သူ အမှန်တကယ် အံ့အားသင့်ခဲ့ရသည်က ချင်ယွင်၏ ရုပ်ပြောင်း ရုပ်လွှဲ နည်းပညာပဲ ဖြစ်သည်။
ဤရုပ်ပြောင်းရုပ်လွှဲနည်းပညာသည် ကောင်းကင်ဘုံကို အံတုနိုင်လွန်းပါသည်။ လူတစ်ဦး၏ ရုပ်ရည်အသွင်အပြင်၊ စိတ်နေစိတ်ထား၊ အငွေ့အသက်နှင့် ကျင့်ကြံမူ အခြေခံတို့ကိုပါ မည်သို့ ပြောင်းလဲနိုင်ရသနည်း။
အမှန်တကယ်တော့၊ ချီရှောက်ယန်းသည် ဤ‘ရန်စီချီ 'ဟုခေါ်သည့် အမျိုးသမီးသည် အမှန်တကယ် မရှိခဲ့ပေ။ အစအဆုံး ချင်ယွင်ဖန်တီးထားသည့် အရာလားဆိုသည်ကိုပင် သူ သံသယ ရှိလာခဲ့သည်။
ချင်ယွင်သည် သဘာဝအားဖြင့် သူတွေးထင်ထားသလောက် ပုံမှန်မဟုတ်ပေ။ သူ၏ကိုယ်ပွားကို သူနှင့်လိုက်ဖက်သည့် မိန်းမတစ်ယောက်ဖြစ်အောင် မည်သို့ လုပ်ထားနိုင်ရသနည်း။ သူက မိန်းမတွေကို အရမ်းလွမ်းနေလို့များလား။
"အချိန်က နီးလာပြီ၊ ထွက်ဖို့အချိန်ရောက်ပြီ။ သိပ်မကြာခင်မှာပဲ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူက အဲဒါကို ရှာဖွေတွေ့ရှိလိမ့်မယ်" ချင်ယွင်က ပြောသည်။
သူစကားပြောပြီးသည်နှင့် သူသည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်သွင်းလိုက်ပြီး ချီရှောက်ယန်းဘက်ကို လှည့်ကြည့်လိုက်သည်။
ချီရှောက်ယန်းက "မင်း ဘာလုပ်ချင်နေတာလဲ" ဟုပြောချင်သည့်အတိုင်း ချင်ယွင်အား မျက်လုံးပြူးကျယ်စွာဖြင့် ချက်ခြင်း စိုက်ကြည့်လိုက်သည်။
ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ ဓားအလင်းတစ်ချက် လင်းလက်သွား ခဲ့ပြီး ချီရှောက်ယန်း၏ ပေါင်ခြံခွကြားကို ဖြတ်သန်းသွားခဲ့သည်။ ချီရှောက်ယန်းသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ သူ၏မျက်နှာသည် ပြင်းထန်သော နာကျင်ခြင်းနှင့်အတူ ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နေသည်။ သူ၏အောက်ပိုင်းကို ငုံ့ကြည့်လိုက်ရင်း သူ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေပြန်သည်။
မိန်းမတွေကို ချစ်မြတ်နိုးသူတစ်ယောက်အတွက်၊ ထိုအရာမရှိတော့ဘူးဆိုလျှင် ဤသည်မှာ အကြီးမားဆုံးသော ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပေသည်။
ချင်ယွင်၏ မျက်လုံးများက လှောင်ပြောင်ရယ်မောဟန် ရှိနေသည်။ သူသည် ဤချီရှောက်ယန်းကို ယခုအချိန် မသတ်နိုင်သေးသော်လည်း၊ သူ့ကို သင်းကွပ်ပြီး အပြစ် မပေးရဘူးဆိုလျှင် ချင်ယွင်သည် မည်ကဲ့သို့ သက်သာရာ ရနိုင်မည်နည်း။
ထို့နောက် ချင်ယွင်သည် ချီရှောက်ယန်းကို ဆွဲကိုင်ကာ ပြတင်းပေါက်မှ ပြေးထွက် သွားသည်။
ဟုတ်ပါသည်။ ချင်ယွင်၏ ခန့်မှန်းချက်ကလည်း မှန်ကန်ပါသည်။ သူ ပြေးထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ယံမှာ ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ် လာခဲ့သည်။
"အတင့်ရင့်လိုက်တဲ့ သူခိုး၊ ငါ့သခင်လေးကို လွှတ်လိုက်စမ်း။" အကြီးအကဲတန်သည် အလင်းတန်းတစ်ခုကဲ့သို့ ချင်ယွင်ဆီကို ပစ်ဝင်လာခံသည်။ သူ၏အရှိန်အဟုန်က ကြောက်စရာကောင်းလွန်းသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ ထိုမြင်ကွင်းကို သူမျှော်လင့်ထားပြီးသား ဖြစ်သည်။
သူက မိုးကြိုးနတ်ဘုရားလေးကို ထုတ်လိုက်ပြီး သတိလစ်နေသော ချီရှောက်ယန်းကို အနက်ရောင် လျှပ်စီးမြှားပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ ထို့နောက် မြှားတစ်စင်းကို အစွမ်းကုန်ဆွဲတင်ကာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။ အနက်ရောင် လျှပ်စီးမြှား၏ဦးဆောင်မူအောက်တွင် ချီရှောက်ယန်းသည် ကောင်းကင်ယံသို့ ပျံသန်း သွားခဲ့သည်။
ချင်ယွင်သည် ထိုမြှားကို ပစ်လွှတ်ပြီးနောက် မိုးကြိုးနတ်ဘုရားလေးအား ချက်ချင်း ရုတ်သိမ်းကာ နဂါးတောင်ပံများကိုဖြန့်ပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
သူ၏သခင်လေးသည် လွင့်ပါသွားသည်ကို မြင်လိုက်ရသဖြင့်၊ အကြီးအကဲတန် သည်လည်း ချင်ယွင်နောက်လိုက်ရန် ဂရုမစိုက် အားတော့ခဲ့ပေ။ သူသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်လျှပ်စီးမြှားနောက်သို့ လိုက်သွားခဲ့လေသည်။
အခန်း (၃၆၈) သိုလှောင်လက်စွပ်။
ချင်ယွင်သည် မရပ်တန့်ခင်အထိ လီတစ်ထောင်နီးပါး ထွက်ပြေးလာခဲ့သည်။ အကြီးအကဲတန်က သူ့ကို လိုက်မမီတော့ဘူးဟု သူယုံကြည်သည်။
အမှန်တကယ်တော့ ချင်ယွင်၏နောက်ဆုံးမြှားသည် အလွန်ကောင်းမွန်ပါသည်။ ၎င်းသည် မြန်နှုန်းမြင့်လျှပ်စီးသဘောတရား သီးသန့်မှ ဖြစ်ပေါ်လာသော လျှပ်စီး မြှားတစ်ခုဖြစ်သည်။ ၎င်းသည် မြှား၏အမြန်နှုန်းကို ကြောက်မက်ဖွယ် ကောင်းသည့် အတိုင်းအတာအထိ ရောက်အောင် ပြုလုပ်နိုင်ပါသည်။ သို့သော် မြှား၏ စွမ်းအား ကတော့ လျှပ်စီးသဘောတရားစွမ်းရည်သုံးရပ် ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော မိုးကြိုး လျှပ်စီးမြှားထက် များစွာအားနည်းပါသည်။
အစောပိုင်းလေးက ချင်ယွင်၏မြှားသည် ချီရှောက်ယန်းကို လုံးဝ မသတ်ဖြတ်နိုင်ရန် အတွက်ဖြစ်သလို သူထွက်ပြေးလွတ်မြောက်ဖို့ အချိန် ဆွဲပေးထားခြင်းလည်း ဖြစ်သည်။
အကယ်၍ သူသည် သခင်လေးချီကိုသတ်ခဲ့ပါက ချီရှောက်ယန်း သေဆုံးကြောင်း အတည်ပြုပြီးသည်နှင့် အကြီးအကဲတန်သည် သူ၏သခင်လေးအတွက် သေချာပေါက် လက်စားချေမည်ဖြစ်ပြီး သူ့ကို လိုက်လံဖမ်းဆီးရန်အတွက် အာရုံစိုက်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ချင်ယွင်သည် မည်မျှပင် လျင်မြန်သည်ဖြစ်စေ သူသည် အကြီးအကဲတန်၏ လက်အောက်မှ လွတ်မြောက် နိုင်မည်မဟုတ်ပေ။
သို့သော်လည်း အကယ်၍ ချီရှောက်ယန်းသာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့မည် ဆိုလျှင် အကျိုးသက်ရောက်မှုက ကွာခြားသွားပါလိမ့်မသည်။ အကြီးအကဲတန်သည် ချီရှောက်ယန်းကို ဖမ်းမိပြီးနောက်၊ ချင်ယွင်ကို သတ်ဖြတ်ရန်စဉ်းစားမည် မဟုတ်ဘဲ သူ၏သခင်လေးကို မည်သို့ ကုသရမလဲဆိုသည်ကို ချက်ချင်း တွေးမိလိမ့်မည်။ အကြီးအကဲတန်က ချီရှောက်ယန်းကို မသေစေချင်ဘူးဆိုလျှင် ယင်းက သေချာပေါက် မဖြစ်နိုင်သည့် အရာမဟုတ်ပေ။
ထို့ကြောင့် ဤအရာအားလုံးသည် ချင်ယွင်၏ အကြံအစည်တွင်းမှာ ရှိနေပါသည်။ ကစားပွဲအစမှ၊ ချီရှောက်ယန်းကို နှိပ်စက်ခြင်းအလယ်၊ ထွက်ပြေး လွတ်မြောက်ခြင်း အဆုံး ဤအရာအားလုံးသည် သေချာစွာ စီစဉ်ထားခြင်း၏ရလာဒ်ဖြစ်သည်။ သူသည် အရာရာကို သေသေချာချာ စဉ်းစားထားခဲ့သည်။ ထိုသို့မဟုတ်ရင် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို မည်သို့ လှည့်စားနိုင်မည်နည်း။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ အကြီးအကဲတန်သည် သူ၏ သခင်လေးကို ကောင်းကင်နဂါးတိုက်ကြီးသို့ ပြန်လည်ခေါ်ဆောင်ရန် နည်းလမ်းကို စဉ်းစားထားပြီး ဖြစ်နေလိမ့်သည်။
အမှန်တကယ်လည်း ချီရှောက်ယန်း၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေက နည်းနည်းလေး မဟုတ်ပါဘူး။ ချင်ယွင်သည် အနက်ရောင်လျှပ်စီး လက်ဖဝါးဓားကိုအသုံးပြုပြီး ချီရှောက်ယန်း၏ဒန်တန်ကို ခုတ်ပိုင်းခြင်းပင် လုံလောက်နေပါသည်။ အလွန်မင်း အဖိုးတန်သည့် မှော်ဆေးလုံးမရှိဘဲ၊ ပြန်ကောင်းရန်မှာ မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်၊ သူ၏အနက်ရောင်လျှပ်စီးကြောင်းတွင် ပြင်းထန်သော အဖျက်စွမ်းအားတစ်ခု ပါရှိသည်။
သေချာသည်မှာ၊ ချီရှောက်ယန်း၏အောက်ပိုင်းက အရာကတော့ လုံးဝကို သုံးစားမရ ဖြစ်သွားခဲ့ပါပြီ။ အကြောင်းအရင်းက ချင်ယွင်သည် သူ့ကို သင်းကွပ်လိုက်ချိန်မှာ သူအသုံးပြုခဲ့သည့် ဓားအလင်းသည် ရိုးရိုးဓားအလင်း တစ်ခုမဟုတ်လို့ ဖြစ်ပါသည်။ ၎င်းသည် သစ်သား၏ အသက်သဘောတရားစွမ်းရည် များပါ၀င်သော ဓားတစ်လက် ဖြစ်ပြီး အသက်စွမ်းအားကို အကန့်အသတ်မရှိ ဝါးမျိုသွားနိုင်သည်။
အသက်သစ်ပင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်မပြင်းထန်သော်လည်း အထဲမှာ ပါရှိသော အသက်စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။
တစ်နည်းဆိုရသော်၊ သူသည် ထိုအရာအား ပြန်လည်ပေါက်ဖွားစေလိုပါက၊ အစစ်အမှန် အင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ဦးက သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည် ဆောက်ပေးရန် သို့မဟုတ် အင်မော်တယ်အမျိုးစား တတိယအဆင့် မှော်ဆေးလုံးကို ပိုင်ဆိုင်ထားခြင်း မရှိပါက၊ ချီရှောက်ယန်းသည် သူ၏ဘဝတစ်သက်တာတွင် အမျိုးသမီး တစ်ဦးကို ထိနိုင်တော့မည်မဟုတ်ပေ။
ချင်ယွင်က ဤကိစ္စကို မစဉ်းစားတော့ပါဘူး။ ချီရှောက်ယန်းသည် ဤကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။ သူ့အပြစ်က ထိုက်တန်ပါသည်။ သူ့ကို မသတ်ဘဲ ထားခြင်းကပင် သက်သက်သာသာဖြင့် လွှတ်ပေးလိုက်သည်ဟု ယူဆလို့ရသည်။
ချင်ယွင်က သူ၏လက်ကို လှန်လိုက်သည်နှင့် သူ၏လက်ထဲမှာ လက်စွပ်တစ်ကွင်း ပေါ်လာပါသည်။
ဤသည်မှာ ချီရှောက်ယန်းထံမှ သူလုယူခဲ့သော သိုလှောင်လက်စွပ် ဖြစ်သည်။
ထျန်းယွန်တိုက်ကြီးတွင်၊ သူတို့အားလုံးသည် သိုလှောင်အိတ်ကိုသာ အသုံးပြုကြ ရသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းပင်လျှင် သိုလှောင်လက်စွပ် မရှိပေ။ ချီရှောက်ယန်း သည် အခြားသော တိုက်ကြီးတစ်ခုဖြစ်သည့် ကောင်းကင်နဂါးတိုက်ကြီးမှ ဆင်းသက် လာသည်ဟု ချင်ယွင်က ဆုံးဖြတ်ထားခဲ့သည်။
ဟုတ်ပါသည်။ ချင်ယွင်က သိုလှောင်လက်စွပ်ကို သေချာပေါက် မြင်ဖူးပါသည်။ သူသည် ကုဗမီတာတစ်သောင်းကျော်ရှည်သော သိုလှောင်လက်စွပ်ကိုပင် တစ်ချိန်က ပိုင်ဆိုင်ခဲ့ ဖူးပါသည်။ ထို့ကြောင့် သိုလှောင်လက်စွပ်များသည် သူ့အတွက် အဆန်းမဟုတ်ပေ။ ထို့အပြင်၊ သူ၏ကိုယ်ပေါ်မှာရှိနေသည့် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်း ဆိုလျှင် ၎င်းသည် ကမ္ဘာငယ်လေးတစ်ခုနီးပါး တူညီပါသည်။ ထို့ကြောင့် သိုလှောင် လက်စွပ်များသည် သူ့အတွက် အသုံးမဝင်လှပေ။
သေချာသည်မှာ။ ဤသိုလှောင်လက်စွပ်သည် အလွန်အဖိုးတန်သည် ပစ္စည်းတစ်ခု လည်း ဖြစ်ပါသည်။ အကယ်၍ သူ မလိုအပ်ဘူးဆိုလျှင်ပင် ရန်စီချီကို ပေးနိုင်ပါသည်။
"မှန်းစမ်း။ အထဲမှာ ဘာရှိလဲ ကြည့်ရအောင်!" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သိုလှောင်လက်စွပ်များတွင် များသောအားဖြင့် ပိုင်ရှင်များ၏စိတ်ဝိညာဉ် စည်းတံဆိပ် ခတ်နှိပ်ထားသောကြောင့် အခြားသူများ၏ သိုလှောင်လက်စွပ်များကို ခိုးယူရန်ဆို နည်းလမ်းနှစ်ခုသာ ရှိပါသည်။ ပထမတစ်ခုမှာ ပိုင်ရှင်အား တိုက်ရိုက်သတ်ပစ်ရန် ဖြစ်ပြီး သိုလှောင်လက်စွပ်များပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသားများ ပျောက်ဆုံးသွား ကာ ပိုင်ရှင်အသစ်ကို မှတ်မိနိုင်စေမည် ဖြစ်သည်။
အခြားနည်းလမ်းတစ်ခုမှာ သိုလှောင်လက်စွပ်ပေါ်ရှိ စိတ်ဝိညာဉ်အမှတ်အသားကို တိုက်ရိုက် ဖျက်စီးပစ်ရန် ဖြစ်သည်။ အစွမ်းထက်သည့် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ၎င်းပိုင်ရှင်ဟောင်း၏ စိတ်ဝိညာဉ်အမှတ်သားနေရာမှာ ၎င်းပိုင်ရှင် အသစ် ၏ ကိုယ်ပိုင်စိတ်ဝိညာဥ်အမှတ်အသားဖြင့် အတင်းအကြပ် စည်းတံဆိပ်ခတ်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ချီရှောက်ယန်းသည် အသက်ရှင်နေသေးသောကြောင့် ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်အမှတ်အသားအား အင်အားသုံးပြီး ပြင်းပြင်းထန်ထန် ဖျက်ဆီးပစ် ရန်သာ တတ်နိုင်ခဲ့သည်။
ချင်ယွင်ကိုယ်ပွား၏ စိတ်ဝိညာဉ်အဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၌ ရှိနေသောကြောင့် သူသည် ချီရှောက်ယန်း၏ စိတ်ဝိညာဉ်အမှတ်အသားကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
ချင်ယွင်သည် ချီရှောက်ယန်း၏ စိတ်ဝိညာဉ်အမှတ်အသားကို ဖယ်ရှားရန်အတွက် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သိုလှောင်လက်စွပ်ထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက် သည်။
ချီရှောက်ယန်း၏ သိုလှောင်လက်စွပ်သည် နေရာသိပ်မကျယ်ပေ။ ဆယ်ကုဗမီတာ လောက်သာရှိသည်။ သို့သော်လည်း ၎င်းသည် သိုလှောင်အိတ်ထက် များစွာ ကြီးမားသည်။
သိုလှောင်လက်စွပ်ထဲတွင် ကြုံရာကျပန်းပစ်ထည့်ထားသည့် ပစ္စည်းအချို့ စုပုံနေပါသည်။
ဂုဏ်သိက္ခာကြီးမားသည့် ချီကလန်၏ ချီရှောက်ယန်းသည် သူ၏ သိုလှောင် လက်စွပ်တွင် သိမ်းဆည်းထားနိုင်သည့် အရာတစ်ခုမှာ ရတနာတစ်ခုဟု သေချာပေါက် သူထင်မှတ်ထားခဲ့သော်လည်း ချင်ယွင်၏ မျက်လုံးထဲမှာတော့ အမှိုက်တွေသာ ဖြစ်လေသည်။
အဖိုးတန်ဓားရှည်များ၊ ဓားတိုများနှင့် ကျောက်စိမ်းရတနာများသည် ချင်ယွင်အတွက် အသုံးမဝင်လှပေ။
ချင်ယွင်၏မျက်လုံးထဲကို ဝင်ရောက်လာနိုင်သည့်အရာ နှစ်ခုပဲရှိပါသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ အေးစက်စက်အငွေ့အသက်ကို ထုတ်လွှတ်နေသည့် အင်မော်တယ်အဆင့် ဓားတစ်လက်ဖြစ်သည်။ ဤဓားသည် ရန်စီချီအတွက် အလွန်သင့်လျော်သောကြောင့် ချင်ယွင်သည် ရန်စီချီအတွက် ထားခဲ့ရန် ရည်ရွယ်လိုက်သည်။
အထဲမှာ အဆင့်ခုနှစ်၊ သို့မဟုတ် အဆင့်ရှစ်ရှိသည့် သိမ်မွေ့နက်နဲအမျိုးစား ဆေးပြား အချို့လည်း ရှိသည်။ ဟုတ်ပါသည်။ ဒါတွေကလည်း ချင်ယွင်အတွက် သိပ်အသုံး မဝင်ပါဘူး၊ ထိုကြောင့် သူသည် ရန်စီချီကိုသာ အလွယ်တကူ ပေးလိုက်ပါသည်။
သို့သော်လည်း ချင်ယွင်သည် သိုလှောင်လက်စွပ်ထဲတွင် သူလိုချင်သည့်အရာ ဘာတစ်ခုမှမရှိဘူးဟု တွေးတောနေချိန်မှာ သူ၏စိတ်ဝိညာဉ်စွမ်းအားက သိုလှောင် လက်စွပ်ထောင့်မှာရှိနေသည့် မထင်မရှား ကျောက်တုံးတစ်တုံးပေါ် ရုတ်တရက် ကျရောက်သွားခဲ့သည်။
ထိုကျောက်တုံးသည် လက်သီးဆုပ်အရွယ်မျှသာရှိပြီး ကိုယ်ထည်တစ်ခုလုံးမှာ မှင်ကဲ့သို့ မည်းမှောင်နေပြီး အလင်းရောင်ဖျော့ဖျော့များ ထွက်နေသည်။
ပထမအကြည့်တစ်ချက်မှာဆို ၎င်းကျောက်တုံးသည် မှိန်ဖျော့ဖျော့ အလင်းရောင်မှ လွဲ၍ ၎င်းနှင့်ပတ်သက်ပြီး ဘာမျှမထူးဆန်းပါ။
သို့သော် ချင်ယွင်သည် တုနှိုင်းမရသည့် အဖိုးတန်ရတနာတစ်ခုကို တွေ့လိုက်ရပုံရပြီး သူ၏မျက်နှာမှာ အနှိုင်းမဲ့ စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။
"အခေါင်းပေါက်ကျောက်တွေ။ တကယ်ကို အခေါင်းပေါက်ကျောက်တွေပဲ!"
ချင်ယွင်သည် စိတ်လှုပ်ရှားစွာ ကျောက်တုံးကို အပြင်ထုတ်ပြီး သူ၏လက်ထဲတွင် ကိုင်ထားသည်။ ကျောက်တုံးမှ အေးစက်သည့် အသွင်အပြင်က သူ့ကို စိတ်လှုပ်ရှား စေသည် ။
အခေါင်းပေါက်ကျောက်သည် အစီအရင်အူတိုင်ကို သိပ်သည်းရန်အတွက် သော့ချက် ဖြစ်သည်။ ယခင်က ချင်ယွင် သိပ်သည်းထားခဲ့သော အစီအရင်အူတိုင်သည် ပျက်စီးနေပြီ ဖြစ်သည်။ ယခု သူသည် သူ၏ အစီအရင်ဝင်္ကပါကျင့်ကြံမူအခြေခံကို ပြန်လည်ရယူလိုပါက ဤအခေါင်းပေါက်ကျောက်တုံးကို လိုအပ်သည်။
သို့သော် ချင်ယွင်သည် တော်ဝင်ရန်အင်ပါယာတခွင်လုံးနီးပါး ခရီးလှည့်လည်ခဲ့ပြီး ဤအခေါင်းပေါက်ကျောက်တုံးကို မတွေ့ဖူးပေ။ မူလက သူသည် ကောင်းကင်နဂါး တိုက်ကြီးတွင် သူ၏ကံတရားကို စမ်းသပ်ကြည့်ချင်သော်လည်း ချီရှောက်ယန်းသည် ၎င်းကို သူ့ထံ အမှန်တကယ် ပေးပို့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခုတစ်ခါ ချီရှောက်ယန်း၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်းက ဆိုးရွားသည့်ကိစ္စ မဟုတ်ဘူးဟု ထင်ရပါသည်။ အဆုံးတွင်၊ အခေါင်းပေါက်ကျောက်ကို ရရှိရန်အတွက် ရုပ်ဖျက်လာသည့် ကောင်းချီးတစ်ခုပင် ဖြစ်နေသည်။ ဤအချိန်က တကယ့်ကို ကြီးကျယ်ခမ်းနားသည့် ကြည်နူးစရာ အချိန်အခါဖြစ်သည်။ ဤနည်းဖြင့် ချင်ယွင်၏ကျင့်ကြံမူ သိသိသာသာ တိုးလာနိုင်သည်။
သို့သော်၊ ချင်ယွင်သည် ယခုအချိန်တွင် အစီအရင်အူတိုင်ကို သိပ်သည်းရန် မရည်ရွယ် ထားသေးပေ။ အဘယ်ကြောင့်ဆိုသော် ရန်စီစီအတွက် သူချန်ထားရစ်ခဲ့သည့် အကြာရောင်ကြာပန်းအမှတ်အသားသည် တုံ့ပြန်မှုကို သူ ခံစားမိသောကြောင့် ဖြစ်သည်။ ယင်းက မနီးမဝေးက ရွာလေးမှဖြစ်သည်။
လင်းကျန်းယွန်သည် ရန်စီစီကို ထိုအချိန်တုန်းက ဤရွာတွင်နေထိုင်ရန် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့အပြင် သူ ရန်စီစီနှင့် မတွေ့ရတာ လအတော်ကြာနေပါပြီ။ ချင်ယွင်သည် ယခု သူမဘယ်လိုနေလဲဆိုသည်ကို မသိရသေးသောကြောင့် ရန်စီစီကို အရင်ရှာပြီးသည်အထိစောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် အစီအရင် နှလုံးသားကို သိပ်သည်းရန်အတွက် အချိန်မနှောင်းသေးပါဘူး။ ထို့အပြင်၊ သူသည် အစီအရင်နှလုံးသားကို သိပ်သည်းခြင်းက အချိန်သိပ်ကြာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုရွာလေးဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော် ချင်ယွင် ရွာသို့ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အလွန် ဝမ်းသာသွားခဲ့သည်။
အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ ဧရာမယူနီကွန်းနဂါးကြံ့ကြီးသည် ရွာကို တိုက်ခိုက် နေပါသည်။ ယူနီကွန်းနဂါးကြံ့၏ တိုက်မိမှုကြောင့် တစ်ရွာလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ပုံရိပ်များစွာထဲမှတစ်ခုသည် ဤအဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲကို လောလောဆယ် တိုက်ခိုက်နေသော်လည်း သူသည် ဤသားရဲနှင့် ယှဉ်နိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသည်။ သူသည် ယူနီကွန်းနဂါးကြံ့၏ ကြိမ်ဖန်များစွာ အရိုက်နှက်ခံထား ရသည်။
ဤလူသည် တော်ဝင်စစ်သူကြီး လင်းကျန်းယွန်မှလွဲ၍ အခြားသူမဟုတ်ပေ။ ရန်စီစီ သည် မနီးမဝေးအရပ်တွင် မတ်တပ်ရပ်ကာ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာ အပြည့်ရှိနေပြီး ဤအရာအားလုံးကို ကြည့်နေသည်။
အခန်း (၃၆၉) ဦးချိုနဂါးကြံ့။
အရွယ်ရောက်ပြီးသော ယူနီကွန်းနဂါးကြံ့များသည် အဆင့်ငါးဆိတ်သုဉ်းခြင်းသားရဲများ ဖြစ်ကြသည်။ ၎င်း၏စွမ်းအားသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။
ဦးချိုကြံ့များသည် ပေတစ်ရာမြင့်မားပြီး တောင်ငယ်လေးတစ်ခုကဲ့သို့ ကြီးမားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများမပါရှိသော်လည်း ၎င်း၏အရေပြားသည် အလွန်ထူထပ်ပြီး မာကြောလှသည်။ သာမန် သိုင်းဧကရာဇ်တစ်ပါးပင်လျှင် ဓားတစ် ချက်ထိုးရုံဖြင့် ဒဏ်ရာမရပေ။ ထို့ကြောင့်၊ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်များပင်လျှင် ထိုသို့သော အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲကို ရန်မစချင်ကြပေ။
သို့သော် ဤအဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများသည် များသောအားဖြင့် တောတောင် များတွင်သာ နေထိုင်ကြပြီး အပြင်ထွက်ခဲသည်။ ဤရွာလေးကို အဘယ့်ကြောင့် တိုက်ခိုက်ကြသနည်း။
ရွာလေးတစ်ရွာမှာ ခိုင်ခန့်သည့် ကာကွယ်ရေးအမျိုးစားမျိုး မည်သို့ ပြုလုပ်ထားနိုင် မည်နည်း?။ အကယ်၍ မြို့ကြီးတစ်မြို့၌ ခိုင်ခံ့သောမြို့ရိုးဖြင့် ကာကွယ် ထားမည်ဆို လျှင်ပင် ဤသားရဲများ၏ တိုက်ခိုက်မှုလှိုင်းတစ်ခု, နှစ်ခုကိုသာ ခံနိုင်ရည်ရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဤအရွယ်ရောက်ပြီးသော ဦးချိုနဂါးကြံ့၏ ဝင်ရောက် တိုက်ခိုက်မူကြောင့် ရွာငယ်လေး၏ အိမ်များသည် အကုန်လုံးနီးပါး ပျက်စီးလုလု ဖြစ်ခဲ့ရသည်။
အကယ်၍ လင်းကျန်းယွန်သာ အချိန်မီ မလုပ်လှုပ်ရှားနိုင်ခဲ့ပါက ဤအိမ်များသာမက ရွာရှိလူတိုင်းသည် ဦးချိုနဂါးကြံ့ကြီး၏ ခွာကြီးအောက်မှာ သေဆုံးသွားကြမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် လင်းကျန်းယွန်သည် သူ၏လှံကို တစ်ဖက်တည်းသော လက်ဖြင့်ကိုင်ထားပြီး ဦးချိုနဂါးကြံ့ကို မျက်နှာမူကာ လေထဲတွင် ရပ်နေသည်။
လင်းကျန်းယွန်သည် လက်တစ်လက်တည်းသာ ရှိနေသော်လည်းသူ၏ ခန္ဓာကိုယ်ပေါ်ရှိ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်က လွန်စွာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ထို့အပြင်၊ သူ၏ ကျင့်ကြံမူအခြေခံသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား နယ်ပယ်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
လင်းကျန်းယွန်သည် မျက်လုံးများကို မှေးကျဉ်းထားပြီး သူ့ရှေ့မှာရှိသည့်သားရဲကို ကြည့်လိုက်သည်။ သူ၏နှလုံးသားက ဒေါသတွေနှင့် ပြည့်နေသည်။ သို့သော် သူ၏ရှေ့မှာရှိနေသည့် ဤကောင်ကြီးသည် အစွမ်းထက်လွန်းသည်။ အစောပိုင်းက ထိပ်တိုက်ဆုံခဲ့သည့် လှိုင်းလုံးနှစ်ခုကြောင့် သူ့အတွင်းပိုင်းကို ဒဏ်ရာရစေသည်။ ဤအခိုက်အတန့်တွင် သူသည် ဤနေရာတွင် ခက်ခက်ခဲခဲ ရပ်တန့်နေခဲ့ရသည်။
ဦးချိုနဂါးကြံ့သည် တစ်ဖက်တည်းသောလက်ဖြင့် လေထဲတွင် လှံကိုင်ကာ ရပ်နေသည့် လူသားကို လှမ်းကြည့်နေသည်။ သူ၏နီမြန်းသောမျက်လုံးများက အထင်အမြင်သေး ခြင်းများဖြင့် ပြည့်နှက်နေသည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်လေးတစ်ဦးက သူ၏လမ်းကြောင်းကို ပိတ်ဆို့ဖို့အတွက် သတ္တိတွေ ကောင်းနေခဲ့သည်။ ဤလူသည် အမှန်တကယ်ပင် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်ပေသည်။
သို့သော် လက်တစ်ဖက်တည်းရှိသည့် အမျိုးသားနောက်ကွယ်မှ ကောင်မလေးကို ကြည့်လိုက်တော့ သူ၏မျက်လုံးများသည် တုနှိုင်းမရသည် အလိုလောဘနှင့် ပြည့်နှက်နေသည်။ အကယ်၍ သူသာ ဤကောင်မလေးကို ဝါးမျိုချနိုင်ခဲ့ပါလျှင် အဆင့်ငါးကို ချိုးဖျက်နိုင်ပြီး ဗီဇပြောင်းလဲမှုကို ဖန်တီးနိုင်ကာ နတ်ဆိုးသားရဲ ဖြစ်လာနိုင်ချေရှိသည်ဟု သူ၏အလိုလိုသိသည့် ဗီဇက သူ့ကို ပြောပြနေခဲ့သည်။
ဤသည်မှာ အခွင့်ကောင်းတစ်ခုဖြစ်သည်။ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင် အနေဖြင့်မူ၊ ဤအရာသည် အဆင့်ငါးဆိတ်သုဉ်းခြင်းသားရဲအားလုံးတို့ အိပ်မက်မက်ခဲ့သော အရာတစ်ခု ဖြစ်သည်။
"မူး!"
ဦးချိုကြံ့သည် သူ၏နှာခေါင်းမှ ကြီးမားသော အဖြူရောင်အခိုးအငွေ့နှစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏ရှေ့ခွာတွေက မြေပြင်ပေါ်ကို ဆောင့်လိုက်ပြီး မြေပြင် တစ်ခုလုံး လှုပ်ခါသွားသည်။ လင်းကျန်းယွမ်ကို သရုပ်ပြနေသကဲ့သို့ သူ၏နဖူးပေါ်ရှိ အနက်ရောင်ဦးချိုကို ပြင်းထန်စွာ လှုပ်ယမ်းနေခဲ့သည်။
"ဟမ့်၊ ငါသေရင်တောင် စီစီကို နာကျင်ခွင့်မပြုနိုင်ဘူး!" လင်းကျန်းယွန်သည် သူ၏ လက်ထဲတွင်လှံကို ကိုင်ထားသည်။ သူ၏အသံက အရပ်မျက်နှာအသီးသီးကို ပဲ့တင်ထပ်ပြီး တုန်လှုပ်သွားစေသည်။
ထို့နောက် သူသည် လေထဲတွင် လှံတစ်ချက်ထိုးစိုက်လိုက်ပြီး လေထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေကာ ဦးချိုနဂါးကြံ့ဆီသို့ လျင်မြန်စွာ ပြေးဝင်ပြီး ထိုးစိုက်လိုက်လေသည်။
ဤမြင်ကွင်းကို အောက်ခြေရွာသားများက မြင်သောအခါတွင် သူတို့၏ မျက်လုံးများ သည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့သည် လင်းကျန်းယွန် အနိုင်ရမည် ဟု မျှော်လင့်ထားကြသည်။ ထိုသို့မဟုတ်ပါက သူတို့အားလုံး သေဆုံးကြလိမ့်မည်ဟု တွေးထားကြသည်။
သို့သော်လည်း လင်းကျန်းယွန်သည် အလွန်အားနည်းနေသေး၏။ သူ၏လှံသည် ဦးချိုနဂါးကြံ့ကို မထိုးဖောက်ရသေးခင်မှာ လူရောလှံပါ ဦးချိုနဂါးကြံ့၏ ဦးချိုကြောင့် လွင့်ထွက်သွားလေသည်။
ဦးချိုနဂါးကြံ့၏ ဦးချိုသည် လင်းကျန်းယွန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ ချက်ချင်းပင် လွင့်စင်သွားလေသည်။ သူမရပ်တန့်နိုင်မီ ပေတစ်ထောင်အကွာအထိ ပစ်လွင့်ခံခဲ့ရ သည်။
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း သူ၏ပါးစပ်ထဲမှသွေးများကို ထွေးထုတ်ကာ သူ၏မျက်လုံးများက မကျေမနပ် ဖြစ်နေသည်။
"ဦးလေး!"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရန်စီစီက ချက်ချင်း အော်ဟစ်ပြီး လင်းကျန်းယွန်ဆီကို ပြေးသွားတော့မည်။
ဦးချိုနဂါးကြံ့သည် လင်းကျန်းယွန်ကို လွင့်ပျံစေပြီးနောက် လင်းကျန်းယွန်ကို လျစ်လျူ ရှုကာ ရန်စီစီကို ကြည့်လိုက်သည်။ သူ၏ကြီးမားသောခန္ဓာကိုယ်သည် ရန်စီစီဆီသို့ ပြေးလာသည်။
လင်းကျန်းယွန်သည် ဦးချိုနဂါးကြံ့ အဝေးမှာရှိနေသည့် ရန်စီစီဆီသို့ ပြေးလာသည်ကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် တုနှိုင်းမရသော ထိတ်လန့်သည့် အမူအရာ ပေါ်လာသည်။ သူသည် ရန်စီစီကို ကယ်တင်ရန် အပြေးအလွှား ရုန်းကန်ကြိုးစားခဲ့သော်လည်း သူ၏ဒဏ်ရာက မတ်တပ်တောင် ထမရပ်နိုင်သည်အထိ ပြင်းထန်လွန်းသည်။
"စီစီ ပြေး !" လင်းကျန်းယွန်သည် နောက်ဆုံး အသက်ပြင်းပြင်းရူပြီး အော်ပြောရုံသာ တတ်နိုင်တော့သည်။
ရန်စီစီသည် သူ့ဦးလေး၏အော်သံကိုကြားသောအခါ တစ်ခုခုမှားနေပြီဟု သူမ သိလိုက် သည်။ သူမသည်လည်း နောက်ကို လှည့်ကြည့်လိုက်သည်။ သူမသည် အလွန် ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဦးချိုနဂါးကြံ့၏ ကြီးမားသောခန္ဓာကိုယ်သည် ရန်စီစီဆီသို့ ပြေးလာနေသည်။ ၎င်း၏ ခွာလေးခုသည် မြေပြင်ပေါ်သို့ နင်းဖြတ်သွားသည်နှင့် မြေပြင်တစ်ခုလုံး တုန်လှုပ် သွားစေသည်။ နေရာတော်တော်များများဆို တိုက်ရိုက်ကွဲသွားသည်။
ရန်စီစီ၏ မျက်နှာက ပြာနှမ်းသွားသည်။ သူမသည် သာမာန်သေမျိုး မိန်းကလေး တစ်ဦးသာဖြစ်ပြီး ကျင့်ကြံမူအခြေခံ အနည်းငယ်မျှပင် မရှိပေ။ သူမသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံသြမှင်သက်သွားခဲ့ရသည်။
ဦးချိုနဂါးကြံ့သည် ရန်စီစီနှင့် မီတာရာပေါင်းများစွာသာ ဝေးသည်။ ထိုမျှလောက် အကွာအဝေးသည် ဘာမှမဟုတ်တော့သည့်အတွက် ရန်စီစီရှေ့ကို မြန်မြန်ရောက်သွား ခဲ့သည်။
ဦးချိုနဂါးကြံ့သည် သူ၏ပါးစပ်ကြီးကို ဖွင့်ပြီး ရန်စီစီကို အရူးအမူး မျိုချလိုက်သည်။
"မဟုတ်ဘူး!" လင်းကျန်းယွန်သည် နှလုံးကွဲမတတ် အော်ဟစ်လိုက်ရင်း ရူးသွပ်လု ဆဲဆဲ ဖြစ်နေသည်။ သူ၏နဖူးပေါ်ရှိ သွေးကြောများပင် ပေါက်ကွဲ ထွက်တော့မည်။
သို့သော် သူသည် မတ်တပ်ပင် မရပ်နိုင်ဘဲ မြေပြင်ပေါ်မှာသာ လှဲနေနိုင်သေးသည်။ ရန်စီစီသည် ဦးချိုနဂါးကြံ့၏ ဝါးမျိုခြင်းခံရတော့မည်ကို ကူရာမဲ့ဖြစ်ကာ စောင့်ကြည့် နေခဲ့ရသည်။
ထိုအချိန်တွင် ရန်စီစီသည် အလွန်ထိတ်လန့်သွားပြီး သူမနှလုံးခုန်ဖို့ပင် မေ့သွားခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးသည် ထိတ်လန့်သွားကာ ငိုကြွေးရန်ပင် မေ့လျော့သွား ခဲ့သည်။
အဝေးမှာရှိနေသည့် ရွာသားတွေ အားလုံး မျက်လုံးမှိတ်ထားပြီး မည်သူမှပင် မကြည့်ဝံ့ကြပေ။ ဤကောင်မလေးကို ဧရာမသားရဲကြီး မျိုချနေသည်ကို တွေ့မြင်ရ မှာ အရမ်းကြောက်နေကြပါသည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားသလိုပင်။ လူတိုင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူတို့အားလုံးကို အံ့အားသင့်စေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
လူငယ်တစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ကြီးကို မြေပြင်ပေါ်သို့ ပြင်းပြင်း ထန်ထန် နင်းချေ လိုက်လေ၏။
လူတိုင်းလူတိုင်း သူတို့၏နှလုံးသားတွေ ခုန်ပေါက်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံးသည် လူငယ်ကိုကြည့်ကာ သူတို့စိတ်နှလုံးထဲ တုန်လှုပ် ခြောက်ခြား နေကြသည်။
"ဘုန်း!"
နောက်ထပ် လက်သီးထိုးသံတချက် ထွက်ပေါ်လာသည်။
ဦးချိုနဂါးကြံ့ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ဧရာမကျောက်တုံးကြီးတစ်ခု ကဲ့သို့ လွင့်ပျံသွားခဲ့ပြီး အကွာအဝေးသို့ ကျဆင်းသွားကာ ပြင်းထန်သည့် ခွန်အား ကြောင့် ပေရာပေါင်းများစွာအထိ လွှင့်ထွက်သွားခဲ့ရသည်။
"ဒါ……. ဒါက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား...?"
ရွာသားများအားလုံး အထူးသဖြင့် သူတို့သည် အစွမ်းထက်သည်ဟု အများအားဖြင့် ကိုယ့်ကိုယ်ကိုထင်မြင်နေကြသော မုဆိုးများသည် အံသြသွားကြသည်။ သူတို့ မျက်လုံး တွေ ပြူးကျယ်သွားကာ မေးရိုးတွေက မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
သို့သော်လည်း ယခုအချိန်တွင် ကယ်တင်ခြင်းခံထားသော ရန်စီစီက တုံ့ပြန်လာခဲ့ပြီး သူမ၏ရှေ့တွင် ဖြောင့်တန်းစွာရပ်နေသော အသွင်အပြင်ကို ကြည့်နေလေသည်။ "အစ်ကိုကြီး!" ဟုအော်ရင်း သူမမျက်နှာမှာ ရင်ခုန် စိတ်လှုပ်ရှားသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် ရန်စီစီ၏ အော်ဟစ်သံကို ကြားသောအခါ၊ သူသည် ထိုကောင်မလေး ဆီကို လှည့်ကြည့်လိုက်သည်။ သူ၏နှလုံးသားက ချက်ချင်း နွေးထွေးလာကာ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ရင်ခွင်ထဲသို့ ထိုကောင်မလေးကို ဆွဲယူပွေ့ဖက်လိုက် သည်။
ရန်စီစီသည် ချင်ယွင်ကို ထပ်မံမြင်လိုက်ရသည့်အခါ စောစောလေးက မရဏတံခါး အဝမှာ လျှောက်လှမ်းခဲ့ရသည့်အဖြစ်ကိုတွေးမိရင်း သူမ၏ မျက်ရည်များက မထိန်းနိုင် ဘဲ စီးကျလာလေသည်။
ချင်ယွင်သည် ထိုကောင်မလေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ ဤကောင်မလေး သည် ယခင်ကထက် အများကြီး အရပ်ပိုရှည်လာသည်ကို သူတွေ့ခဲ့ရသော်လည်း သူမခန္ဓာကိုယ်က အများကြီး အားနည်းနေပုံပေါ်ပါသည်။ သူ့စိတ်ထဲတွင် မနေနိုင်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူသည် အတော်လေး နောက်ကျနေပြီး ဤကောင်မလေးကို ဝမ်းနည်းမူများစွာကို ခံစားစေခဲ့ရသော်လည်း အချိန်မီ ရောက်လာပါသေးသည်။
အကွာအဝေးတွင် လင်းကျန်းယွမ်သည် အလွန်ဝမ်းနည်းနေပြီဖြစ်သည်။ ရုတ်တရက် ချင်ယွင်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။ သူ့မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်အမူအယာ ပေါ်လာသည်။ ချင်ယွင်က ဦးချိုနဂါးကြံ့ကြီးကို လွင့်ထွက် သွားအောင် ထိုးထုတ်လိုက်သည်နှင့် လင်းကျန်းယွန်၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုတွေက ပို၍ပင် ပြင်းထန်လာခဲ့ပါသည်။
"မူး!"
သို့သော် ထိုအချိန်တွင် ဦးချိုနဂါးကြံ့ကြီးသည် မြေပြင်ပေါ်မှ ကုန်းရုန်းထကာ ပျံသန်းလာသောလူကို လှမ်းကြည့်လိုက်သည်။ သူ၏နီရဲသောမျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဒေါသတကြီးဟောက်သံနှင့်အတူ ချင်ယွင်ဆီသို့ တစ်ဖန် ပြေးလာခဲ့သည်။
ချင်ယွင်သည် ဦးချိုနဂါးကြံ့ ပြေးလာသည်ကို မြင်လိုက်သောအခါတွင် သူ၏ မျက်လုံးထဲ တွင် သတ်ပစ်လိုသော အရိပ်အယောင် ပေါ်လာသည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ မင်းက ငါ့ညီမကို ကြောက်လှန့်အောင် ခြောက်လှန့်ရဲတယ် ပေါ့။ ဒီနေ့ မင်းသေရမယ်!"
ချင်ယွင်၏အသံက တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်နေပြီး သူသည် ရန်စီစီကို လွှတ်ပေး လိုက်ပြီး မြေပြင်ကိုတစ်ချက်ဆောင့်နင်းကာ အဆုံးမရှိသော ပြင်းထန်သော အငွေ့အသက်နှင့် အတူ ဦးချိုနဂါးကြံ့ကြီးဆီသို့ တဟုန်ထိုး ပစ်ဝင်သွားခဲ့သည်။
အခန်း (၃၇၀) ရူးသွပ်သွားသောဦးချိုနဂါးကြံ့ကြီး။
"ဘုန်း!"
တောင်ပြိုကျလုနီးပါး ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာသည်။
ဧရာမတုန်ခါမူကြီးကြောင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွား ခဲ့ရသည်။
ချင်ယွင်သည် ဦးချိုနဂါးကြံ့၏ ဦးချိုကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး မြေပြင်ပေါ် ပစ်လှဲချလိုက်သည်။ မြေပြင်သည် ပေါက်ကွဲသွားပြီး ဧရာမဦးချိုနဂါးကြံ့ကြီးကို အတင်းအကြပ် ရပ်တန့်နိုင်ခဲ့ကာ တောင်ငယ်တစ်ခုပြိုကျသွားသကဲ့သို့ ပြင်းထန်သည့် တုန်ခါသံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရွာသားများ အံသြသွားကြသည်။ ဤမျှကြီးမားသော ဆိတ်သုဉ်းခြင်းသားရဲကြီးသည် အစောပိုင်းလေးက မည်မျှ အစွမ်းထက်ခဲ့သနည်း။
မြို့တစ်မြို့တောင် ၎င်း၏ပြင်းပြင်းထန်ထန် ဝင်ဆောင့်မူကို အကြိမ်အများအပြား ခုခံနိုင်မည်မဟုတ်ပေ။ လူသားတစ်ဦးသည် ၎င်းကို လက်ဗလာဖြင့် ရပ်တန့် နိုင်ခဲ့သည်။ ယင်းက စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။
အဝေးမှာလဲလျောင်းနေသည့် လင်းကျန်းယွန်လည်း မျက်လုံးပြူးကျယ်သွားသည်။ သူသည် ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်နေမိသည်။ သူ၏မျက်လုံးများက တုနှိုင်းမရသော ထိတ်လန့်တုန်လှုပ်သည့် အမူအရာကို ပေါ်လွင်စေသည်။
ဤဆိတ်သုဉ်းခြင်းသားရဲသည် မည်မျှအားကောင်းသည်ကို ဤရွာသားများ မသိနိုင်သော်လည်း နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ရှိ သိုင်းမြို့စား အဆင့် တစ်ဦးအနေဖြင့် ဤနတ်ဆိုးသတ္တဝါကြီးသည် မည်မျှ ကြောက်စရာကောင်း သည်ကို သူ ရှင်းရှင်းလင်းလင်း သိပါသည်။
ဤအဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲသည် ၎င်း၏ခွန်အားနှင့် ကာကွယ်ရေးတွင် လူသိများသည်။ အကယ်၍ ချင်ယွင်သည် ၎င်းကို လက်ဗလာဖြင့် တားဆီးနိုင်ခဲ့ပါက၊ သူ၏ခန္ဓာကိုယ်သည် ဘယ်လောက်ထိ ကြောက်စရာကောင်းနေသနည်း။
"မူး!"
ဦးချိုနဂါးကြံ့ကြီးက ဟိန်းဟောက်သည်။ သူ့ကို လူသားသေးသေးလေး တစ်ယောက်က တားဆီးလိုက်သည့်အတွက် အလွန် ဒေါသထွက်သွားပုံရသည်။ သူ၏ခွာလေးခုသည် မြေပြင်ကို အဆက်မပြတ် တူးနေကာ သူ၏ရှေ့မှ လူသားကို လွင့်ထွက်သွား စေရန်အတွက် ဆက်လက်တွန်းအားပေးလိုသည်။ သို့သော် မည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပါစေ၊ သူ၏ရှေ့တွင်ရှိသော ဤလူသားသည် ဧရာမတောင်ကြီးတစ်ခုကဲ့သို့ တောင့်တင်း ကြံ့ခိုင်ပြီး မတုန်မလှုပ် ဖြစ်နေသည်။
ချင်ယွင်သည် ဒေါသတကြီးဖြစ်နေသော ဦးချိုနဂါးကြံ့ကိုကြည့်ရင်း အထင်သေးသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။ ယခုအခါတွင် သူ၏ရုပ်ခန္ဓာခွန်အားသည် ဆဋ္ဌမ မြောက် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး၏ စွမ်းအား အပြည့် တိုက်ခိုက်မူနှင့် ယှဉ်နိုင်နေပြီ။ ထို့ကြောင့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏အစွမ်းသာသာရှိသော ဦးချိုနဂါးကြံ့တစ်ကောင်ကို တားဆီးရန် အတွက် သဘာဝအတိုင်း သိပ်အားစိုက်စရာ မလိုအပ်တော့ပေ။
"ဟမ့်၊ မင်းက တောထဲမှာ ကောင်းကောင်းနေရမှာ။ ဒါဆို ငါလည်း မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းက ထွက်လာပြီး မကောင်းမှုလုပ်နေတယ်။ ဒီနေ့ မင်း အသက်ရှင်ဖို့ မစဉ်းစားနဲ့" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့လက်မောင်းမှ ကြွက်သားတွေက ဖောင်းကားထွက်လာသည်။ သူ၏လက်မောင်းမှ တဆင့် ပေါက်ကွဲ ထွက်လာသည့် ခွန်အားက ယူနီကွန်းဦးချိုနဂါးကြံ့၏ ဦးချိုကို တိုက်ရိုက် လှုပ်ရှားလာ သည်။
ဦးချိုနဂါးကြံ့၏ခွာလေးခုသည် မြေပြင်မှ စတင်ကြွတက်လာခဲ့ပြီး တဖြည်းဖြည်း မြင့်တက်လာသည်။ ထို့နောက် ပေနှစ်ရာရှည်သည်အထိ ကြီးမားလှသော ဦးချိုနဂါး ကြံ့ကြီးသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် အပြင်းအထန် မြှောက်ပင့်ထားခံလိုက်ရပြီး ၎င်း၏ဦးချိုက အောက်စိုက်နေကာ ကောင်းကင်နှင့် မြေကြီးကြားမှာ ထောင်မတ် နေလေသည်။
ဤမြင်ကွင်းကို ရွာသားများအားလုံး မြင်လိုက်ရသည့်အခါ သူတို့သည် အသက်ပြင်းပြင်း ရှူပြီး ချင်ယွင်ကို ရိုသေလေးစားသည့်အမူအယာဖြင့် ကြည့်ကြသည်။
"သူက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးဖြစ်တယ်။ ကောင်းကင်နတ်ဘုရား ဆင်းသက်လာခဲ့ပြီ။"
တစ်စုံတစ်ယောက်က လှမ်းအော်လိုက်လျှင် ရွာသူရွာသားအားလုံး၏ မျက်နှာတွေက ချက်ချင်းပဲ ရိုသေကိုင်းရှိုင်းသွားကြသည်။ သူတို့အားလုံး မြေပြင်ပေါ်တွင် ဒူးထောက် ကာ ချင်ယွင်ရှိရာဆီသို ဦးတည်ပြီး ဒူးထောက်လိုက်ကြသည်။
"ဘုန်း!“
နောက်ထပ် ကျယ်လောင်သည့် ဆူညံပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ဦးချိုကြံ့ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ချင်ယွင်က မြေပြင်ပေါ်သို့ အပြင်း အထန် ပစ်ရိုက်ချလိုက်သည်။ မြေပြင်တစ်ခုလုံး ချက်ခြင်းပေါက်ကွဲသွားကာ အနှိုင်းမဲ့ ကြီးမားသော တွင်းနက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ မြေပြင်တစ်ခုလုံးသည် မြေငလျင် လှုပ်သကဲ့သို့ ဆက်တိုက်ဆိုသလို တုန်ခါနေ၏။
ဦးချိုနဂါးကြံ့ကြီးသည် ချင်ယွင်၏ ကိုင်ပေါက်ခြင်းကြောင့် မိန်းမောတွေဝေသွားခဲ့ပြီး သနားစရာကောင်းသည့်အော်သံဖြင့် အော်ဟစ်လေသည်။
သို့သော် သူ၏အသားအရည်က အရမ်းကို ထူထပ်ပြီးမာကြောသည်။ ပြုတ်ကျခြင်းက သူ့ကို နာကျင်စေသော်လည်း ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
ဦးချိုနဂါးကြံ့ကြီးလည်း ချင်ယွင်၏ခွန်အားသည် မည်မျှထိတ်လန့်စရာ ကောင်းသည်ကို သဘောပေါက်သွားသည်။ သူသည် မြေပြင်မှ ပြန်ထပြီး တောင်တန်းဆီသို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
ဦးချိုနဂါးကြံ့ကြီးက ထွက်ပြေးလွတ်မြောက်လိုကြောင်း ချင်ယွင်က မြင်သောအခါ သူ၏ပါးစပ်ထောင့်က သရော်ဟန် ထွက်ပေါ်လာသည်။ သို့သော် သူက နောက်က လိုက်ပါသွားခြင်းမရှိခဲ့ပေ။ ယင်းအစား သူက ပြုံးပြီးပြောလိုက်သည် "ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ဒီကောင်ကြီးကို မင်းတို့အတွက် ထားလိုက်မယ်" ။
ရွာသားတွေကတော့ ကောင်းကင်နတ်ဘုရားက ဤဆိတ်သုဉ်းခြင်းသားရဲကြီးကို ဒီအတိုင်း ထွက်ပြေးလွတ်မြောက်ခွင့် ပေးလိုက်ပြီလားဟု တွေးနေကြတုန်းပင်။
သို့သော် ထိုအခိုက်အတန့်တွင် သူတို့သည် ထွက်ပြေးချင်စိတ်ပင် ဖြစ်ပေါ်လာသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှစ်ခုသည် လူတိုင်း၏ အမြင်အာရုံထဲတွင် ရုတ်တရက် ပေါ်လာကြသည်။ စပါးအုံးမြွေတစ်ကောင်နှင့် မျောက်ဝံတစ်ကောင်သည် ဖြစ်သည်။ သူတို့သည် ဦးချိုနဂါးကြံ့ကြီးလောက်တော့ မကြီးမားပေ။
ဧရာမမျောက်ဝံဖြူသည် အမြင့်ပေတစ်ရာခန့်ရှိပြီး ၎င်း၏ကိုယ်ခန္ဓာသည် မြင့်မားသော တောင်ကုန်းတစ်ခုလိုပင် ကြံ့ခိုင်သည်။ သူ၏တစ်ကိုယ်လုံးက နှင်းတွေလို ဆွတ်ဆွတ်ဖြူနေပြီး သူ၏အမွှေးတွေက နေရောင်အောက်မှာ ပိုးသားဖြူတွေလို တလက်လက် တောက်ပနေသည်။
ရွှေရောင်သူငယ်အိမ်များက ဖော်မပြနိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို သယ်ဆောင်လာပြီး လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားစေသည်။
စပါးအုံးဖြူကြီးတစ်ကောင်လည်း ရှိသေးသည်။ သူ၏တစ်ကိုယ်လုံးသည် အဖြူရောင် နှင်းများကဲ့သို့ ဖြစ်သော်လည်း သူ၏အဖြူရောင်အကြေးခွံများက မထိုးဖောက်နိုင်သည့် ခံစားချက်ကို ပေးစွမ်းသည်။ အကယ်၍ ခန္ဓာကိုယ်ကို ကျုံ့ထားရာမှ တပြိင်နက် ဆန့်ထုတ်လိုက်မည်ဆိုလျှင် အနည်းဆုံး ပေရာနှင့်ချီ အကွာအဝေးတွင် ပြန့်ကားသွား လိမ့်မည်။ သူသည် နောက်ဆုံးလက်ကျန် မြွေစာကိုနှင့်မျိုချလိုက်ပြီး သူ၏ အေးစက်သော မျက်လုံးများက လူအများကို ကြောက်ရွံ့ တုန်လှုပ်စေမည် ဖြစ်သည်။
ထိုသားရဲနှစ်ကောင်ကို ကြည့်လိုက်ရုံဖြင့် ထိုရွာသားများသည် သူတို့၏ ခြေထောက်များ ချိနည့်သွားသလို ခံစားလိုက်ရပြီး နှလုံးသားများမှာလည်း ထိတ်လန့် ခြောက်ခြား နေကြသည်။
"ဂါး……!" ချီ……..။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် တစ်ချိန်တည်းတွင် ဟိန်းဟောက်လိုက်ကြသည်။ သူတို့သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲမှာ နေရသည်မှာ ငြီးငွေ့နေပြီမို့ အပြင်ထွက်ပြီး လှုပ်ရှားရခြင်းကြောင့် သဘာဝအတိုင်း အရမ်းစိတ်လှုပ်ရှားနေကြသည်။
ချင်ယွင်ပင် တခြားဘာမှ ထပ်ပြောစရာ မလိုတော့။ ဤအဖော်ကြီး နှစ်ကောင်သည် ဦးချိုနဂါး ကြံ့ကြီးဆီသို့ အမြန်ပြေးသွားကြသည် ။
မူလက ထွက်ပြေးလွတ်မြောက်ခဲ့သောကြံ့ကြီးသည် သူ၏နောက်မှ ရုတ်တရက် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် တစ်ချက် လှည့်ကြည့်လိုက်တော့ မြေပြင်ပေါ် ပစ်လဲကျလုနီးပါးဖြစ်သွားရသည်။
အဖြူလေးနှင့် ရွှေလေးနှစ်ဦးစလုံးသည် နတ်ဘုရားသားရဲများ၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။ ဆိတ်သုဉ်းခြင်းသားရဲတို့တွင် ထိုအရာသည် ဘုရင်အဆင့် ဖြစ်တည်မှု ဖြစ်သည်။ အလွန်ရှားပါးသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံး အမှန်တကယ် ရောက်ရှိနေပြီလေ။ ယူနီကွန်းဦးချိုနဂါးကြံ့ကြီးက မကြောက်နိုင်ဘူးလို့ ခင်ဗျား ထင်ပါသလား။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ ဖိအားများက သူ၏နှလုံးသားထဲတွင် အကန့်အသတ် မရှိသော ကြောက်ရွံ့မှုကို ခံစားရစေပြီး သူသည် အဝေးမှာရပ်နေသည့် လူသားကို အလွန်အမင်း ကြောက်လန့်သည့် အမူအယာဖြင့် ကြည့်နေမိသည်။
ဦးချိုနဂါးကြံ့ကြီး၏ ဉာဏ်ရည်ဉာဏ်သွေးက နိမ့်ကျခြင်းမရှိပေ။ နတ်ဘုရားသားရဲ များ၏ သွေးမျိုးဆက်များပိုင်ဆိုင်သော ဤဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို ချင်ယွင်မှ ဆင့်ခေါ်ထားကြောင်း သဘာဝကျကျ သူ သိလိုက်သည်။ နတ်သားရဲ သွေးမျိုးဆက်များပါသော ဆိတ်သုဉ်းခြင်းသားရဲများသည် များသောအားဖြင့် အလွန် မောက်မာကြပြီး ထိုလူသားသည် ၎င်းတို့ကိုပင် ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဤလူသားက မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။
သို့သော်၊ ဦးချိုနဂါးကြံ့ကြီးသည် ဤအကြောင်းကိုစဉ်းစားရန် အချိန်ပိုမရခဲ့။ ရှောင်ကျင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဦးချိုနဂါးကြံ့ကြီး၏ ခေါင်းကို တိုက်ရိုက် ထိုးလိုက်လေသည်။
ရှောင်ကျင်း၏ ခွန်အားသည် တုနှိုင်းမရလောက်အောင် ကြီးမားနေပြီ ဖြစ်သည်။ ဦးချိုနဂါးကြံ့ကြီးသည် သူ၏လက်သီးချက်ဖြင့် ချက်ချင်းပင် ခေါင်းမူးဝေသွားသည်။
ရှောင်ဘိုင်လည်း ထိုအချိန်မှာ ရောက်ရှိလာသည်။ စပါးအုံးမြွေအမြီးသည် ဧရာမ ကြာပွတ်ကြီးတစ်ချောင်းအလား ဦးချိုနဂါးကြံ့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ တစ်ချိန်က ကြေးနီရောင်အရေခွံနှင့် သံမဏိအရိုးကဲ့သို့ ဖြစ်ခဲ့ သော ဦးချိုနဂါးကြံ့၏ ခန္ဓာကိုယ်ပေါ်ရှိ အရေခွံများပင် ချက်ချင်း ပေါက်ကွဲသွားသည်။ အရေခွံပေါက်ကွဲမူနှင့်အတူ သနားစရာကောင်းသည့် ဟိန်းဟောက်သံ ထွက်ပေါ်လာ သည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ အားသာချက်များသည် ဦးချိုနဂါးကြံ့ထက် သာလွန် သည်။ ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က အတူတူ ပြန်လှုပ်ရှားလိုက်ပြန်သည်။ ဤဦးချိုနဂါးကြံ့ကြီးသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ပေ။
သိပ်မကြာခင်မှာ ဦးချိုနဂါးကြံ့ကြီးသည် သွေးအိုင်တွင် လဲကျသွားပြီး ပြန်မထနိုင် တော့ပေ။
ရှောင်ကျင်းသည် ဦးချိုနဂါးကြံ့ကြီးကို အဝေးမှ ဖြည်းညှင်းစွာ ဆွဲယူလိုက်သည်။ သူ၏ အသွင်အပြင်က အောင်ပွဲရ စစ်ဗိုလ်ချုပ်တစ်ယောက်လိုပင်။ သူသည် ရဲရင့်ပြီးရင်း ရဲရင့်လာခဲ့သည်။ သူသည် သူ့ခြေဖဝါးဖြင့် မြေပြင်ပေါ်ကို တမင်တကာ ဆောင့်နင်း လိုက်ပြီး ကောင်းကင်ကြီးက တဟီးဟီးတုန်ခါအသံများ ထွက်ပေါ်လာသည်။
ရွာသားတွေကတော့ ကြောက်လန့်ထိတ်လန့်နေကြပါပြီ။ မျောက်ဝံကြီးနှင့် စပါးအုံး မြွေကြီးတို့သည် သူတို့ဆီသို့ လျှောက်လာသည်ကိုမြင်လျှင် သူတို့အားလုံး အသက်ရှုကြပ်ပြီး စကားမပြောဝံ့ကြပေ။ သို့သော် သူတို့သည် နှလုံးသားထဲတွင် ဆက်လက် ဆုတောင်းနေမိသည်။
ချင်ယွင် ပြုံးလိုက်မိသည်။ ရှောင်ကျင်းသည် ကလေးသာသာ ရှိသေးသည်။ သူသည် ခန္ဓာကိုယ်ကြီးကြီးမားသည့်အပြင် ရိုင်းစိုင်းပြီး ရက်စက်ကြမ်းကြုတ်သည်။ ရှောင်ဘိုင် ကတော့ ယခင်ကထက် ပိုမိုရင့်ကျက်လာပုံရသည်။
သို့သော်လည်း ရှောင်ဘိုင်ပဲဖြစ်ပါစေ ရှောင်ကျင်းပဲ ဖြစ်ပါစေ ချင်ယွင်အနေဖြင့် သူတို့၏ ကြီးထွားမှုကို မျှော်လင့်နေပါသည်။ သူတို့၏အထွတ်အထိပ် အခြေအနေတွေ က ဘယ်လိုဖြစ်လာမလဲ၊ သူတို့ဘိုးဘေးတွေနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိမရှိ သူ မြင်ချင်နေ မိသည်။
"ဒီဆိတ်သုဉ်းခြင်းသားရဲကြီးကို မင်းတို့ကိုယ်ဘဲ ဂရုစိုက်လိုက်တော့။ စကားမစပ်၊ ဒီဦးချိုကိုတော့ ငါ့အတွက် ချန်ထားလိုက်ဦး။ ကျန်တာကိုတော့ အချင်းချင်း ဝေမျှလိုက်တော့။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာကြီး!" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့က ကမန်းကတန်း ပြန်ဖြေ လိုက်ကြပြီး သူတို့၏ အသံများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဤဦးချိုနဂါးကြံ့သည် ရတနာတစ်ခု မဟုတ်သော်လည်း သူ၏ခန္ဓာကိုယ်ရှိ အသွေးအသားတွင် အစွမ်းထက်သည့် စွမ်းအားများပါရှိသည်။ ဆိတ်သုဉ်းခြင်း သားရဲများအတွက်မူ ၎င်းသည် အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။
ချင်ယွင်က တစ်ခုခုကိုတွေးနေပုံရပြီး အစိမ်းရောင်ကြာပန်းစည်းတံဆိပ် နေရာ အတွင်းမှ အနက်လေးနှင့် အနီလေးကိုလည်း ထုတ်လွှတ်ပေးလိုက်သည်။
ရှောင်ဟေး နှင့် ရှောင်ဟောင်တို့ ပေါ်လာသည်နှင့် တပြိုင်နက် ဦးချိုနဂါးကြံ့ကြီးဆီ ဦးတည် ပြေးသွားကြသည်။
ထို့ကြောင့် ဆိတ်သုဉ်းခြင်း သားရဲလေးကောင်သည် ဦးချိုနဂါးကြံ့ကြီးကို စားသောက် ဝါးမျိုနေသည့်မြင်ကွင်းက ရွာသားများ၏ ဦးရေပြားများကိုပင် ထုံကျင်သွားစေသည်။