အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
Chapter 403: နတ်ဘုရားမိုးကြိုးမှ ဖျက်ဆီးခြင်း
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကို ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက် နှင့် လူသား ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသကဲ့သို့ပင် အစောင့်တပ်သားအဆင့်မှ ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရသူများကိုလည်း ကောင်းကင်နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ် နှင့် မြေကမ္ဘာနတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ် ဟူ၍ အတန်းအစား နှစ်မျိုး ခွဲခြားထားလေသည်။ သို့သော်လည်း ကောင်းကင်ဗိုလ်ချုပ် အရေအတွက်မှာ အလွန်ပင် နည်းပါးလှ၏။
ကောင်းကင်အဆင့် စာရင်းတွင် ထိုသို့သော ဗိုလ်ချုပ် ငါးဦးသာ ရှိလေသည်။ ရှန်မို သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သောအခါ ကောင်းကင်အဆင့် စာရင်းတွင် စုစုပေါင်း နာမည် (၂၁) ခုသာ ရှိသည်ကို သတိပြုမိလေသည်။
နာမည်များကို ကြည့်ရုံမျှဖြင့် လူသားမျိုးနွယ်ဝင် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ် အများအပြား မရှိကြောင်း ထင်ရှားနေပြီး ရှစ်ဦးသာ ရှိလေသည်။ ကျန်ရှိသော နေရာများကိုမူ သားရဲမျိုးနွယ်များနှင့် နဂါးမျိုးနွယ်များမှ ခွဲဝေယူထားကြ၏။ ထိပ်ဆုံး ငါးဦးစာရင်းတွင် လူသားနာမည်ဟူ၍ ကျန်းလုံရှန်း တစ်ဦးတည်းသာ ထင်ရှားစွာ ပါဝင်နေပြီး နဂါးမျိုးနွယ် ဗိုလ်ချုပ်မှာလည်း တစ်ဦးတည်းသာ ရှိလေသည်။ သို့သော် သားရဲမျိုးနွယ်မှ ဗိုလ်ချုပ် သုံးဦးအထိ စာရင်းတွင် ပါဝင်နေလေသည်။ ဤကွာဟချက်မှာ အင်အားချင်း မည်မျှ ကွာခြားကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။
"ဟူး... ငါတို့ လူသားမျိုးနွယ်မှာသာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တွေ ပိုများရင် ကောင်းမှာပဲ… သားရဲတွေက သူတို့မှာ ဗိုလ်ချုပ် ပိုများလို့ ငါတို့ လူသားတွေကို တကယ် အထင်သေးကြတာ"
"လွန်ခဲ့တဲ့ အနှစ်တစ်ရာက နတ်ဆိုးတွေ ဝိုင်းတုန်းကဆိုရင် သူတို့က တမင်တကာ ခံစစ်ကို လျှော့ချပြီး နတ်ဆိုးစစ်တပ်ရဲ့ အဓိက အင်အားစုတွေကို ငါတို့ဆီ ရောက်အောင် ဆွဲဆောင်ခဲ့ကြတာ… အဲ့ဒီတုန်းက တောင်ပံနီခံတပ်ဆိုရင် ကျဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်"
လီဟိုင်ထန်းနှင့် အခြားသူများမှာ မကျေမနပ် ဖြစ်စွာဖြင့် ခပ်တိုးတိုး ပြောဆိုနေကြလေသည်။
ရှန်မို၏ အမူအရာမှာ စဉ်းစားတွေးတောနေဟန် ရှိ၏။ ထိုဖြစ်ရပ်အကြောင်းကို သူ အရင်က ကြားဖူးလေသည်။ ထိုစဉ်က နတ်ဆိုးများသည် ကောင်းကင်နတ်ဆိုးကြီး နှစ်ပါး၊ စစ်မှန်သော နတ်ဆိုးသခင် တစ်ထောင်ကျော်နှင့် နတ်ဆိုးအငယ်စား သန်းပေါင်းများစွာကို ထုတ်သုံးခဲ့ခြင်း ဖြစ်၏။ ထိုထိုးစစ်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ပြင်းထန်လှပေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြားမှာ ကမ္ဘာပျက်တော့မည့်အလား ခံစားခဲ့ကြရသည်။
အဆုံးသတ်တွင် ထိုတိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ သားရဲများ ထိန်းချုပ်ထားသော ခံတပ်နှစ်ခုမှာ နတ်ဆိုးလှိုင်းလုံးကြီးများကို လူသားများထံသို့ တမင်တကာ လမ်းကြောင်းလွှဲပေးခဲ့သဖြင့် တောင်ပံနီခံတပ်မှာ အဓိက ပစ်မှတ် ဖြစ်ခဲ့ရလေ၏။ ထိုခံတပ်တွင် အခြေစိုက်သော အစောင့်တပ်သား နှစ်သောင်းကျော်အနက် နှစ်ရာခန့်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ထိုတိုက်ပွဲတွင် ထိုနေရာ၌ အခြေစိုက်သော မြေကမ္ဘာနတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ပင် ကျဆုံးခဲ့ရလေသည်။ ထိုဖြစ်ရပ်မှာ လူသားအစောင့်တပ်သား အများအပြား၏ စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်ပြီး သားရဲဗိုလ်ချုပ်များ ဖြစ်ကြသော လန်မန် နှင့် အာယွမ် တို့အပေါ် နာကျည်းမှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်မှာပင် စွန်းခုံမှ
"မြေကမ္ဘာအဆင့် စာရင်း ပေါ်လာပြီ… ကြည့်ကြဦး"
သူ ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"ဟာ... တပ်ရင်းမှူးကျုံး စာရင်းထဲ ပါလာပြီ… နံပါတ် (၁၉) တဲ့… မိုက်လိုက်တာ”
ကျောက်ရှင်းနှင့် လီဟယ်တို့ သေချာစွာ ကြည့်ရှုရင်း မျက်နှာများ ဝင်းပသွားကြကုန်သည်။
"သူ တကယ်ပဲ (၁၉) ချိတ်တာပဲ… ပြီးခဲ့တဲ့ အခေါက်က သူက နံပါတ် (၂၀) မဟုတ်လား"
ရှီတန့်ယွဲ့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြုံးလျက်
"တပ်ရင်းမှူးကျုံးကတော့ တကယ်ကို အစွမ်းထက်တာပဲ… ဗိုလ်ချုပ်ကျန်းရဲ့ လက်အောက်မှာ အသန်မာဆုံးလူတွေထဲက တစ်ယောက်ပေါ့"
ရှန်မိုလည်း လှည့်ကြည့်လိုက်ရာ မြေကမ္ဘာအဆင့် စာရင်းတွင် ပါဝင်သော နာမည်များသည် ကောင်းကင်အဆင့် စာရင်းထက် ပိုမို သေးငယ်ပြီး အရေအတွက်မှာလည်း များစွာ ပိုများလေ၏။
၁။ သွေးနတ်ဘုရား ခံတပ် — ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ရှီဝူ ၂။ ပန်လုံ ခံတပ် — ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — အောက်ဟုန် ၃။ သွေးနတ်ဘုရား ခံတပ် — ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ယင်းယဲ့ ၄။ ထျန်းကျန်း ခံတပ် — ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ကုတင် ၅။ နဂါးစိမ်း ခံတပ် — ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ထန်ကျန်းမို ... ၁၉။ ရွှေ့ဝူခံတပ် — မြေကမ္ဘာအဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ကျုံးပိုင်စိန့် ...
ရှန်မို ခေါင်းခါယမ်းရုံသာ တတ်နိုင်တော့သည်။ မြေကမ္ဘာအဆင့် စာရင်းတွင် လူသားမျိုးနွယ်၏ အားသာချက်မှာ ပိုမို လျော့နည်းသွားပြီး သားရဲများ၏ လွှမ်းမိုးမှုမှာ ပိုမို ကျယ်ပြန့်လာလေ၏။ ခံတပ်များ အချင်းချင်း အကြားတွင်လည်း အင်အားချင်း အလွန်ပင် ကွာခြားလှသည်ဟု ထင်ရပေသည်။
ရှီတန့်ယွဲ့ သက်ပြင်းချရင်း
"မြေကမ္ဘာအဆင့် စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက်က လစဉ် စီအဆင့် ဂုဏ်ထူးမှတ် (၂၀) ရကြတယ်… ထိပ်ဆုံး (၁၀၀) ထဲ ပါရင်တော့ လစဉ် (၅) မှတ် ရတာပေါ့… ငါတို့လည်း တစ်နေ့ကျရင် အဲ့ဒီ စာရင်းထဲ ပါနိုင်ရင် ကောင်းမှာပဲ"
လီဟိုင်ထန်းတို့အဖွဲ့မှာ ရယ်မောလျက် "ခေါင်းဆောင်ကတော့ အိမ်မက် ကြီးနေပြန်ပြီ… ခေါင်းဆောင်က အခုထိ လူသားအဆင့် စာရင်းထဲမှာပဲ ရှိသေးတာလေ"
ရှီတန့်ယွဲ့မှ
"အိမ်မက်တော့ ရှိရမှာပေါ့… တစ်နေ့ကျရင် တကယ် ဖြစ်လာနိုင်တာပဲ မဟုတ်လား"
သူ ရယ်မောကာ ပြန်ပြောမိလေ၏။
ထိုအချိန်တွင် တတိယမြောက် ရွှေရောင်စာရင်းပေါ်၌ စာသားများ တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများစုမှာ ထိုစာရင်းကိုသာ အာရုံစိုက် ကြည့်ရှုကြသည်။ ၎င်းတို့အတွက် လူသားအဆင့် စာရင်းမှာ အမှန်တကယ် အရေးအကြီးဆုံး ဖြစ်လေသည်။ ကောင်းကင်အဆင့် စာရင်းမှာ ဗိုလ်ချုပ်များအတွက်သာ ဖြစ်ပြီး မြေကမ္ဘာအဆင့် စာရင်းတွင် ပါဝင်ရန်မှာလည်း အနည်းဆုံး မြေကမ္ဘာအဆင့် အစောင့်တပ်သား ဖြစ်ရန် လိုအပ်၏။ သို့သော် လူသားအဆင့် စာရင်းမှာမူ လူသားအဆင့်နှင့် လျှို့ဝှက်အဆင့် အစောင့်တပ်သားများအတွက် ယှဉ်ပြိုင်ရာ စစ်မြေပြင်ပင် ဖြစ်တော့သည်။ စာရင်း အပြည့်အစုံ ပေါ်လာသည့်အခါ အစောင့်တပ်သားများ အံ့သြတကြီး အော်ဟစ်မိကြ၏။
"လူသားအဆင့် စာရင်းရဲ့ နံပါတ်တစ်ကတော့... သူပဲဖြစ်ရမှာပေါ့… ထန်ကျန်းမို ရဲ့ သား ထန်ရှန့်ထင်… ထန်ရှန့်ထင်ကတော့ တကယ့်ကို အံ့မခန်းပဲ… နောက်တစ်နှစ်ဆိုရင် သူ မြေကမ္ဘာအဆင့်ကို တိုးမြှင့်ခံရမယ်လို့ လောင်းရဲတယ်”
"သူ့နာမည်ကလည်း လိုက်ဖက်ပါပေတယ်… သူ့အဖေက သူ့ကို နတ်ဆိုး ပင်လယ်မှာ နတ်ဘုရား လျှပ်စီးနွယ်သလို စွမ်းအားကြီးပြီး မဆုတ်မနစ် တိုက်ပွဲဝင်နိုင်မယ့်သူ ဖြစ်လာအောင် ဒီနာမည် ပေးထားတာလို့ ပြောကြတာပဲ"
"ဗိုလ်ချုပ် တော်တော်များများကတောင် ထန်ရှန့်ထင်ဟာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ် ဖြစ်လာနိုင်တဲ့ ပါရမီ ရှိတယ်လို့ ပြောကြတာ”
ရှန်မိုသည် လီဟိုင်ထန်းတို့ စကားပြောနေသည်ကို တိတ်ဆိတ်စွာ နားထောင်ရင်း လူသားအဆင့် စာရင်းကို အာရုံစိုက်လိုက်၏။
၁။ နဂါးစိမ်း ခံတပ် — လျှို့ဝှက်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ထန်ရှန့်ထင် ၂။ သွေးနတ်ဘုရား ခံတပ် — လျှို့ဝှက်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ရှီမယဲ့ ၃။ ပန်လုံ ခံတပ် — လျှို့ဝှက်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — အောက်ရီ ၄။ လဝန်းဟိန်းသံ ခံတပ် — လျှို့ဝှက်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — လန်ဖော့ ၅။ သွေးနတ်ဘုရား ခံတပ် — လျှို့ဝှက်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား — ဟူရှာ ...
ရှန်မိုသည် စာရင်းကို ဆက်လက် ဖတ်ရှုသွားရာ နံပါတ် (၈၀၅) တွင် ရှီတန့်ယွဲ့ ကို တွေ့ရပြီး နံပါတ် (၉၁၉) တွင် ရှားရီလန် ကို တွေ့ရလေသည်။
ရှန်မိုနှင့် စိန်ခေါ်ပွဲတွင် စီအဆင့် ဂုဏ်ထူးမှတ် (၁) မှတ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ရှားရီလန်၏ အဆင့်မှာ တော်တော်လေး ကျဆင်းသွားကြောင်း ပတ်ဝန်းကျင်မှ ပြောဆိုချက်များအရ သူ သိရှိလိုက်ရ၏။ မြေကမ္ဘာအဆင့် စာရင်းတွင် နာမည် တစ်ရာသာ ရှိသော်လည်း လူသားအဆင့် စာရင်းတွင် နာမည် တစ်ထောင်အထိ ပါဝင်လေသည်။ ထိုစာရင်း၏ နံပါတ် တစ်ထောင်မှာ ကျားဖြူခံတပ်မှ လျှို့ဝှက်အဆင့် အစောင့်တပ်သား တစ်ဦး ဖြစ်ပြီး ရှန်မို မဟုတ်ပေ။
"ငါက အခုမှ ရောက်လာသေးတာဆိုတော့ အမှတ် နည်းနေသေးလို့ စာရင်းထဲ မပါတာ ထင်တယ်"
ရှန်မို ခေါင်းခါယမ်းလိုက်သည်။ သူသည် ရွှေရောင်စာရင်းတွင် မပါဝင်ရခြင်းအပေါ် စိတ်အနှောင့်အယှက် မဖြစ်ပေ။ အမှန်တကယ်တွင် ဤစာရင်းများ ပေါ်လာခြင်းက သူ့ကို ပို၍ပင် တက်ကြွလာစေ၏။ လစဉ်လတိုင်း အလကားအနေဖြင့် ရရှိနိုင်မည့် အခွင့်အရေးကို လက်လွှတ်ရမည်မှာ နှမြောစရာ မဟုတ်ပါလား။
ရွှေရောင်စာရင်းကြီး သုံးခုမှာ ကောင်းကင်ယံ၌ တောက်ပစွာ ဆက်လက် တည်ရှိနေပြီး စာရင်းတွင် ပါဝင်သူတိုင်းမှာ အစောင့်တပ်သားများအကြား ချီးမွမ်းပြောဆိုစရာ ခေါင်းစဉ်များ ဖြစ်လာကြသည်။
ထိုအချိန်မှာပင် နတ်ဆိုးပင်လယ်၏ ကောင်းကင်ယံ၌ မည်းနက်သော တိမ်တိုက်များ ရုတ်တရက် လိပ်တက်လာလေသည်။ ထူထဲမှောင်မိုက်သော တိမ်တိုက်များကြားတွင် ရွှေရောင်အလင်းတန်းများ စုစည်းလာသည်ကို မြင်တွေ့ရ၏။
"လာပြီ… နတ်ဘုရား လျှပ်စီး"
"ကောင်းကင်ဘုံတာအို စာရင်းတွေ ပေါ်တိုင်း ကောင်းကင်ဘုံရဲ့ ဆန္ဒက ကမ္ဘာလောကကို သန့်စင်ဖို့ နတ်ဘုရား လျှပ်စီးတွေကို လွှတ်တာပဲ… ဟဲဟဲ... နတ်ဆိုးတွေ အများကြီး သေပါစေလို့ပဲ ဆုတောင်းရမယ်”
"မင်းကတော့ အိမ်မက် ယောင်နေတုန်းပဲနော်… နတ်ဆိုးတွေက အရင်ကတည်းက သင်ခန်းစာ ရထားပြီးသားလေ… ဒီအချိန်ဆိုရင် သူတို့အားလုံး ရေအောက်ထဲမှာ ပုန်းနေလောက်ပြီ… အဆင့်နိမ့် အကောင်အငယ်လေးတွေလောက်ပဲ ရေတိမ်ပိုင်းမှာ ကျန်နေမှာ"
"ဒါကြောင့်လည်း နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တွေက သူတို့ရဲ့ အမှတ်တွေကို သုံးပြီး ပစ်မှတ်ထားတဲ့ နေရာတွေကို နတ်ဘုရား လျှပ်စီးနဲ့ ပစ်ခတ်ခိုင်းမှ တကယ့်ကို သတ်ပွဲကြီး ဖြစ်လာတာပေါ့"
"ဟုတ်တယ်… အဲ့ဒါကြောင့်လည်း နတ်ဆိုးတွေက သူတို့ရဲ့ ကောင်းကင်နတ်ဆိုးကြီးတွေကို ပင်လယ်ရေပြင် အနီးနားကို လုံးဝ ပေးမလာကြတာ"
လီဟိုင်ထန်းတို့ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြလေသည်။
ရှန်မိုသည် အဝေးသို့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ ရွှေရောင် နတ်ဘုရား လျှပ်စီးကြီးများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး မှောင်မိုက်သော ပင်လယ်ပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်အား မြင်တွေ့ရ၏။ ထိုလျှပ်စီးနှင့် ထိတွေ့သမျှ နတ်ဆိုးတိုင်းမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြကုန်သည်။ အစွမ်းထက်သော ကောင်းကင်နတ်ဆိုးကြီးများပင်လျှင် နတ်ဘုရား လျှပ်စီးကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ ထိုသို့ ပစ်ခတ်မှုမှာ တစ်နာရီခန့် ကြာမြင့်ပြီးနောက် တိမ်တိုက်မည်းကြီးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
လူအုပ်ကြီးမှာ နတ်ဆိုးပင်လယ်၏ ကောင်းကင်ယံကို ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။ ကောင်းကင်ဘုံတာအိုမှ စာရင်းများ ပေါ်ထွက်လာပြီး နတ်ဘုရား လျှပ်စီးဖြင့် သန့်စင်ပြီးပြီ ဖြစ်သဖြင့် ယခုအခါ စစ်မှန်သော အစီအစဉ်ကြီး စတင်တော့မည် ဖြစ်သည်။
ခန့်မှန်းထားသည့်အတိုင်းပင်။
စက္ကန့် (၁၀၀) ခန့် အကြာတွင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသကဲ့သို့ ရှိသော ပေတစ်သောင်း မြင့်မားသည့် ကြီးမားလှသော ရွှေရောင် တံခါးကြီးတစ်ချပ်မှာ ဟင်းလင်းပြင်၌ ပေါ်ထွက်လာလေ၏။
ရှီတန့်ယွဲ့မှ တည်ငြိမ်သော လေသံဖြင့်
"အဲ့ဒါ ကောင်းကင်တာအို ဘဏ္ဍာတိုက်ရဲ့ တံခါးပဲ… အဲ့ဒီအပေါ်ကို အာရုံစူးစိုက်လိုက်ရုံနဲ့ မင်းရဲ့ စိတ်အာရုံကို အတွင်းထဲကို ပို့နိုင်လိမ့်မယ်"
ရှန်မို ခေါင်းငြိမ့်ပြကာ သူ၏ ညွှန်ကြားချက်အတိုင်း ကောင်းကင်တာအို ဘဏ္ဍာတိုက်နှင့် ဆက်သွယ်ရန် စတင်လိုက်ပါတော့၏။
Chapter 404: ရတနာများ ရယူခြင်း
ရှန်မိုသည် ကောင်းကင်ယံသို့ ပေတစ်သောင်းခန့် မြင့်မားစွာ ထိုးတက်နေသော ကြီးမားလှသည့် ရွှေရောင်တံခါးကြီးကို အကြည့်မခွာဘဲ စိုက်ကြည့်နေမိသည်။ အစပိုင်းတွင် သူ ထူးခြားသော ခံစားချက်မျိုး မရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထိုခံစားမှုမှာ ပြင်းထန်လာလေ၏။ သူ ထိုကြီးမားလှသော တံခါးကြီးဆီသို့ ပျံသန်းသွားနေသကဲ့သို့ ဖြစ်စေ၊ သို့မဟုတ် တံခါးကြီးကပင် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသကဲ့သို့ ဖြစ်စေ ခံစားလိုက်ရသည်။
ရုတ်တရက်ပင် စူးရှတောက်ပသော အလင်းတန်းများ ပွင့်ထွက်လာသဖြင့် ရှန်မို ထိုအလင်းဒဏ်ကို မခံနိုင်ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ရ၏။ သူ ပြန်လည်ဖွင့်ကြည့်လိုက်သောအခါ တိမ်တိုက်များအကြားတွင် ရပ်နေသည်အား တွေ့ရလေသည်။ သူ၏ ရှေ့မှောက်တွင် အဆုံးမရှိ ကျယ်ပြန့်လှသော စာရင်းကြီးတစ်ခုလည်း ရှိနေသည်။ မရေမတွက်နိုင်သော အမည်နာမများနှင့် ဝေါဟာရများမှာ မျက်စိကျိန်းမတတ် ဝေဝေဝါးဝါး ဖြတ်သန်းသွားနေကြ၏။
ရှန်မို ဤစာရင်းကို အဆင့်အတန်းအလိုက် ခွဲခြားကြည့်နိုင်မလားဟု စိတ်ကူးလိုက်သည်နှင့် စာရင်းကြီးမှာ ချက်ချင်းပင် လှုပ်ရှားပြောင်းလဲသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် သူတော်စင်အဆင့်၊ ကောင်းကင်အဆင့်၊ မြေကမ္ဘာအဆင့်၊ လျှို့ဝှက်အဆင့်နှင့် အဝါရောင်အဆင့် ဟူ၍ အဆင့်ငါးဆင့် ကွဲပြားသွားလေသည်။ ရှန်မို၏ စိတ်ထဲတွင် အတွေးသစ်များ ထပ်မံပေါ်ပေါက်လာပြီး စမ်းသပ်မှုအချို့ ပြုလုပ်ကြည့်ရာ ဤကောင်းကင်ဘုံ တာအို ဘဏ္ဍာတိုက်သည် သူ၏ စိတ်ဆန္ဒအတိုင်း ချက်ချင်း တုံ့ပြန်နိုင်ပြီး သူရှာဖွေလိုသည်များကို အတိအကျ စစ်ထုတ်ပေးနိုင်ကြောင်း သိရှိလိုက်ရ၏။
"သူတော်စင်အဆင့် ဓားသိုင်းပညာရပ်များ" ဟု သူ စိတ်ထဲမှ ရေရွတ်လိုက်ရာ စာရင်းကြီးမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး တောက်ပသော စာသားများစွာ ဖြတ်သန်းသွားပြီးနောက် သူ၏ ရှေ့မှောက်တွင် စာရင်းငယ်လေးတစ်ခု ပေါ်လာသည်။ ထိုနေရာတွင် ဓားသိုင်းကိုးမျိုးကို ဖော်ပြထားပြီး အမျိုးအစားတိုင်းမှာ ရှန်မို၏ ကျင့်ကြံမှုလမ်းစဉ်နှင့် ကိုက်ညီသော သူတော်စင်အဆင့် ဓားသိုင်းများ ဖြစ်ကြသည်။ သူ အနီးကပ် ကြည့်ရှုလိုက်ရာ အံ့အားသင့်လွန်းသဖြင့် အသက်ပင် ပြင်းပြင်းရှူလိုက်မိသည်။
၁။ ဟင်းလင်းပြင် နတ်ဆိုးသတ် ဓားအရှင် ကျမ်းစာ- သူတော်စင်အဆင့် အမြင့်ဆုံး -အေအဆင့် အမှတ် (၁၀၀) ၂။ စစ်မှန်သော ဝိညာဉ် အထွတ်အထိပ် နတ်ဘုရား ဓားကျမ်း- သူတော်စင်အဆင့် အမြင့်ဆုံး- အေအဆင့် အမှတ် (၉၈) ၃။ ကြက်သွေးရောင် ကောင်းကင်ခြင်္သေ့ကြီး ဓားသိုင်း- သူတော်စင်အဆင့် အဆင့်မြင့်- အေအဆင့် ဂုဏ်ထူးမှတ် (၉၀) ၄။ ကောင်းကင်ဖြို မြေဖျက် နဂါးကိုးပါး ဓားပညာ- သူတော်စင်အဆင့် အနိမ့်- အေအဆင့် ဂုဏ်ထူးမှတ် (၇၀)။
နည်းပညာတစ်ခုစီတိုင်းအတွက် လိုအပ်သော အမှတ်များမှာ ထိတ်လန့်စရာပင် ဖြစ်သည်။ 'ဟင်းလင်းပြင် နတ်ဆိုးသတ် ဓားအရှင် ကျမ်းစာ' တစ်ခုတည်းအတွက်ပင် အေအဆင့် အမှတ် (၁၀၀) လိုအပ်ရာ ယင်းကို ပြန်လည်တွက်ချက်ပါက ဒီအဆင့် အမှတ် (၁၀) သန်းနှင့် ညီမျှလေသည်။ ထိုပမာဏမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ရှန်မိုသည် အချို့သော နည်းစနစ်များကို အစိတ်အပိုင်းအလိုက် လဲလှယ်နိုင်ကြောင်း သတိပြုမိသော်လည်း အချို့မှာမူ ထိုသို့ လုပ်၍မရပေ။ ဥပမာအားဖြင့် 'စစ်မှန်သော ဝိညာဉ် အထွတ်အထိပ် နတ်ဘုရား ဓားကျမ်း' ကို အပိုင်း (၁၈) ပိုင်း ခွဲခြားထားပြီး အပိုင်းတစ်ခုစီတွင် ဓားကွက် (၁၀) ကွက် ပါဝင်သည်။ ထိုသို့ပင် ဖြစ်လင့်ကစား ဓားကွက် တစ်ကွက်စီအတွက်ပင် အေအဆင့် ဂုဏ်ထူးမှတ် တစ်ဝက်ကျော် လိုအပ်လေသည်။
ရှန်မိုသည် လောလောဆယ်တွင် မည်သည့် ဓားသိုင်းကိုမျှ လဲလှယ်ရန် အစီအစဉ်မရှိသေးသဖြင့် လက်ဝှေ့ယမ်းလိုက်ရာ စာရင်းမှာ ပျောက်ကွယ်သွားတော့၏။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ထပ်မံ ပေါ်လာပြန်သည်။
"ငါ 'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း'ကို လိုချင်တယ်"
ကြီးမားလှသော စာရင်းကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားလေသည်။ ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်သည် 'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း' ကျမ်းကို ရှာဖွေနေသကဲ့သို့ ရှိ၏။ ခဏအကြာတွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။
'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း' — မပြည့်စုံသော လက်ရေးမူ — ကောင်းကင်အဆင့် အဆင့်မြင့် သွေးစွမ်းအင် ကျင့်စဉ် — ဘီအဆင့် အမှတ် (၈၀)။
ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
ဘာဖြစ်လို့လဲ။
ဤဘဏ္ဍာတိုက်တွင်ပင် 'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း' ၏ အပြည့်အစုံ မရှိဘူးလား။
ဖြစ်နိုင်သည်မှာ... ဤကျင့်စဉ်သည် ဤကမ္ဘာမှ ဆင်းသက်လာခြင်း မဟုတ်၍ ဖြစ်နိုင်မလား။
သူ၏ စိတ်ဝင်စားမှုမှာ ပိုမို ပြင်းထန်လာသည်။
ဤသည်မှာ 'နတ်ဆင်အင်အားဖြင့် နှိမ်နင်းခြင်း' သည် သူ မူလက ထင်ထားသည်ထက် ပိုမို အစွမ်းထက်နိုင်ကြောင်းကို ပြသနေ၏။
၎င်းသည် အမှန်တကယ်ပင် သူတော်စင်အဆင့်မှ မြစ်ဖျားခံခြင်း ဖြစ်ပေလိမ့်မည်။ သူ ထိုမပြည့်စုံသော လက်ရေးမူကို သေချာစွာ ကြည့်ရှုလိုက်သည်။ ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်သည် ဤကျင့်စဉ်၏ ပထမဆုံး အလွှာရှစ်လွှာကို ရရှိနိုင်ရန် လမ်းဖွင့်ထား၏။ အလွှာတစ်ခုစီကို သီးခြားစီ လဲလှယ်နိုင်လေသည်။ ပထမအလွှာအတွက် ဘီအဆင့် အမှတ် (၁) မှတ်သာ လိုအပ်သော်လည်း ဒုတိယအလွှာအတွက် (၃) မှတ် လိုအပ်ပြီး အဆင့်မြင့်လာလေလေ ပို၍ များပြားသော အမှတ်များကို တောင်းဆိုလေလေ ဖြစ်၏။ ကောင်းကင်ဘုံတာအိုဆန္ဒ၏ နောက်ပိုင်းအလွှာများသည် ကျင့်ကြံရန် ပိုမို ခက်ခဲပြီး ပို၍ တန်ဖိုးရှိကြောင်း တွက်ချက်ထားခြင်းမှာ ထင်ရှားလှသည်။
"ငါက ပထမ လေးလွှာကို ကျင့်ပြီးသား… ပဉ္စမမြောက် အလွှာကို လဲဖို့ဆိုရင်... ငါ့မှာ ဘီအဆင့် အမှတ် (၁၃) မှတ် လိုတာပဲ"
ရှန်မို ခေါင်းကုတ်လိုက်မိသည်။
ယင်းမှာ အလွန်များပြားသော ပမာဏ ဖြစ်၏။
ဘီအဆင့် (၁၃) မှတ်ကို သူ ဘယ်က ရနိုင်ပါမည်နည်း။
သူ ဆက်လက် ကြိုးစားအားထုတ်ရမည်ဖြစ်သလို ကံကောင်းမှုများကိုလည်း ရှာဖွေရယူလိမ့်မည်။ ထို့နောက် ရှန်မို ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်အတွင်း တစ်ခုပြီးတစ်ခု ရှာဖွေကြည့်ရှုလေသည်။ ကိုးပါးသော ယန် နတ်ဖီးနစ် ကျင့်စဉ်၊ မလှုပ်မယှက် နဂါးမင်း အိုးကြီး၊ တောကန္တာရကြီး၏ မီးထိန်းချုပ်ခြင်း နည်းဗျူဟာ၊ ယင်ယန်စွမ်းအင်နှစ်ပါး ဓားသိုင်း၊ နဂါးအသွင်ပြောင်းခြင်း လျှို့ဝှက်ချက်၊ ငရဲမီး ဖျက်ဆီးခြင်း ကျမ်းစာ၊ နတ်ဘုရား လျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း ကျမ်းစာ။
သူ ကျင်းနိုင်ငံ တော်ဝင်မိသားစု၏ 'နဂါးကိုးပါး ဧကရာဇ် ကျမ်းစာ' ကိုပင် ရှာဖွေကြည့်ခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ သူ အမည်တပ်နိုင်သမျှသော ကျင့်စဉ် သို့မဟုတ် လက်နက်တိုင်းသည် ကောင်းကင်ဘုံ တာအို ဘဏ္ဍာတိုက်အတွင်း တည်ရှိနေခြင်းပင် ဖြစ်သည်။
"ဒါဆိုရင်... ငါ 'တောက်လောင်သော ကောင်းကင်ဓားကျမ်း' နဲ့ 'ပူပြင်းသော မြေကမ္ဘာဓားကျမ်း' ကို ရနိုင်မလား"
သူ တွေးလိုက်မိရာ မျက်လုံးများ တောက်ပသွားလေ၏။
စာရင်းကြီးမှာ ထပ်မံ ပြောင်းလဲသွားပြီး စာရင်းငယ်တစ်ခု ပေါ်လာသည်။
ကောင်းကင်ဖြို ဓားကျမ်း- ကောင်းကင်အဆင့် အဆင့်မြင့် ဝိညာဉ်လက်နက် — ဘီအဆင့် အမှတ် (၈၉) မှတ်။
သေချာကြည့်လိုက်သောအခါ 'ကောင်းကင်ဖြို ဓားကျမ်း' ကို သီးခြား အတွဲများအဖြစ် လဲလှယ်နိုင်သည်။ ခုတ်ခြင်း စာလုံးကျမ်း၊ မြက် စာလုံးကျမ်း နှင့် အခြား လေးတွဲ ရှိလေသည်။ ဈေးအသက်သာဆုံး ဖြစ်သော 'မြက်စာလုံး ဓားကျမ်း' အတွက် စီအဆင့် အမှတ် (၅) မှတ်သာ ကျသင့်ပြီး ဈေးအကြီးဆုံး ဖြစ်သော 'တောက်လောင်သော ကောင်းကင်ဓားကျမ်း' အတွက် ဘီအဆင့် (၁၉) မှတ် ကျသင့်လေသည်။ 'ပူပြင်းသော မြေကမ္ဘာဓားကျမ်း' မှာလည်း မသက်သာလှပေ။ ဘီအဆင့် (၁) မှတ် ကျသင့်၏။
ထို့ပြင် ဤဘဏ္ဍာတိုက်တွင် ဓားကျမ်း ခြောက်စောင်လုံးကို တစ်ခုတည်းဖြစ်အောင် စနစ်တကျ ပေါင်းစည်းပေးမည့် ဝန်ဆောင်မှုလည်း ရှိပြီး စီအဆင့် ဂုဏ်ထူးမှတ် (၁) မှတ်သာ ပေးရလေသည်။
ရွေးချယ်စရာများစွာကို ကြည့်ရှုပြီးနောက် ရှန်မို၏ မျက်လုံးများ ဝေဝါးလာတော့၏။
ယင်းမှာ အစားအသောက် မှာယူသည့် app များကို တစ်နာရီကျော်ကြာအောင် ကြည့်ရှုပြီးမှ ဘာမှ မမှာဖြစ်သည့် အခြေအနေမျိုးနှင့် တူနေသည်။ အဆုံးသတ်တွင် သူသည် ရတနာ (၂) ခု ရွေးချယ်လိုက်လေ၏။
၁။ ဝိညာဉ်ရတနာ အဆောင်လက်ဖွဲ့ပညာ — ပထမအလွှာ — စီအဆင့် အမှတ် (၁) မှတ် ၂။ နတ်ဘုရား လျှပ်စီး ရေအဆီအနှစ်- ဒီအဆင့် အမှတ် (၆၁) မှတ်။
'ဝိညာဉ်ရတနာ အဆောင်လက်ဖွဲ့ပညာ' မှာမူ ရှင်းပြနေစရာ မလိုပေ။ ယင်းမှာ ဝိညာဉ်ရတနာ ဥပဒေသဂိုဏ်း၏ စစ်မှန်သော အဆောင်လက်ဖွဲ့ အမွေအနှစ် ဖြစ်ပြီး 'ကောင်းကင်ဖြို' ဓားပေါ်ရှိ ချိတ်ပိတ်မှုကို ဖြည်ရန် သော့ချက် ဖြစ်သည်။ စီအဆင့် အမှတ် (၁) မှတ်မှာ အနည်းငယ် ဈေးကြီးသော်လည်း သင့်လျော်သော ဈေးနှုန်းပင်။ 'နတ်ဘုရား လျှပ်စီး ရေအဆီအနှစ်' မှာမူ နတ်ဘုရား လျှပ်စီးသည် ပင်လယ်ရေပြင်ကို ရိုက်ခတ်သည့်အခါ အလွန်အမင်း ပြင်းထန်သော အခြေအနေအောက်တွင် အချိန်တိုအတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်၏။ နတ်ဘုရား လျှပ်စီးဖြင့် သန့်စင်ထားသဖြင့် ဤရေအဆီအနှစ်များသည် အလွန် သိပ်သည်းပြီး နတ်ဘုရား လျှပ်စီး၏ စွမ်းအား အစအနများကိုပင် ဆောင်ကြဉ်းထားလေသည်။ သာမန် အစောင့်တပ်သားများအတွက် ၎င်းကို နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခုခံရန် အသုံးပြုနိုင်သော်လည်း ရှန်မိုအတွက်မူ ယင်းမှာ ပိုမို ကြီးမားသော တန်ဖိုး ရှိလေသည်။ သူ ထိုအရာကို အသုံးပြု၍ 'နတ်ဘုရား လျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း ကျမ်းစာ' ကို လျင်မြန်စွာ ကျင့်ကြံနိုင်မည်ဖြစ်သလို သူ၏ နတ်ဘုရားနန်းတော်ကို စတင် တည်ဆောက်နိုင်မည် ဖြစ်သည်။
ရှန်မို စိတ်ထဲမှ ရည်ရွယ်လိုက်သည်နှင့် ထိုရတနာ (၂) ခု လဲလှယ်ပြီးသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စာရင်းကြီးအတွင်းသို့ ပေါင်းစည်းသွားသည်။
သူ့ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်ကို ပြန်ကြည့်လိုက်သောအခါ ဒီအဆင့် ဂုဏ်ထူးမှတ် အနည်းငယ်သာ ကျန်တော့လေသည်။ သူ သက်ပြင်းတစ်ချက်ချကာ အမှတ်များ ထပ်မံ ရှာဖွေရဦးမည်ဟု တွေးလိုက်မိ၏။
ထို့နောက် ရှန်မို ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်မှ ထွက်ခွာခဲ့လေသည်။ ထိုအခါ သူ့အသိအာရုံလည်း ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရောက်ရှိလာသည်။
ချက်ချင်းပင် သူ့နတ်ဆိုးနှိမ်နင်းရေး လက်ပတ်အတွင်း၌ ပစ္စည်းနှစ်ခု ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ၎င်းတို့ကို အလိုရှိသည့် အချိန်တိုင်း ထုတ်ယူနိုင်သော်လည်း ထိုလက်ပတ်မှာ ယာယီ သိမ်းဆည်းသည့် ကိရိယာသာ ဖြစ်သည်။ ပစ္စည်းတစ်ခုကို အပြင်သို့ ထုတ်ယူပြီးပါက အတွင်းသို့ ပြန်ထည့်၍ မရတော့ပေ။ ယင်းမှာ စစ်မှန်သော ဟင်းလင်းပြင် ရတနာ သို့မဟုတ် ပစ္စည်းသိမ်းဆည်းသည့် ကိရိယာ မဟုတ်ပေ။
ရှန်မို ဘေးဘီသို့ ကြည့်လိုက်ရာ လီဟိုင်ထန်း၊ စွန်းခုံနှင့် တခြားသူများလည်း ဘဏ္ဍာတိုက်မှ ထွက်လာကြပြီး ကျေနပ်အားရစွာ ပြုံးနေကြသည်ကို တွေ့ရ၏။ သူတို့လည်း လိုချင်သည်များကို ရရှိခဲ့ကြသည်မှာ ထင်ရှားသည်။
ရှီတန့်ယွဲ့ ခပ်ဖျော့ဖျော့ ပြုံးလျက်
"မင်းတို့အားလုံး လိုတာတွေ လဲပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ အချိန်ရောက်ပြီ… နတ်ဘုရား လျှပ်စီးက ပင်လယ်ကို သန့်စင်ပေးထားတဲ့ ဒီအချိန်မှာ နတ်ဆိုးတွေက တိုက်ခိုက်ဖို့ မဝံ့ရဲကြသေးဘူး… ဒီအချိန်ကို ကောင်းကောင်း သုံးပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ကြ"
လီဟိုင်ထန်းတို့အဖွဲ့ အထပ်ထပ် ခေါင်းငြိမ့်ပြကြ၏။
ရှန်မိုလည်း သူ၏ တဲသို့ ပြန်လာခဲ့သည်။ နတ်ဘုရား လျှပ်စီးဖြင့် သန့်စင်ပြီးတိုင်း နတ်ဆိုးများသည် အနည်းဆုံး ဆယ်ရက်ခန့် ငြိမ်သက်နေတတ်ကြသည်။ သို့သော် နောက်တစ်ကြိမ် တိုက်ခိုက်လာလျှင်မူ အဆင့်နိမ့် နတ်ဆိုးအငယ်စားများသာမက နတ်ဆိုးအစစ်များကိုပါ ပိုမို ခေါ်ဆောင်လာကြပြီး ပိုမို ပြင်းထန် ရက်စက်သော စစ်ပွဲကြီးကို ဖန်တီးကြပေလိမ့်မည်။
ရှန်မို 'ဝိညာဉ်ရတနာ အဆောင်လက်ဖွဲ့ပညာ' ကို ဖြန့်ကာ သေချာစွာ ဖတ်ရှုလေ၏။ မကြာမီတွင် သူသည် ထိုမပြည့်စုံသော စာလိပ်ကို ပိတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။ သူ၏ မျက်လုံးများ မှိတ်ထားသော်လည်း သူ၏ လက်ချောင်းများမှာမူ ဟင်းလင်းပြင်၌ ပုံစံများကို ရေးဆွဲနေသကဲ့သို့ လှုပ်ရှားနေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ လက်ချောင်းများ လှုပ်ရှားမှုမှာ ပိုမို မြန်ဆန်လာ၏။ နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို လှုပ်ခတ်စေပြီး လေထုထဲ၌ ပေါက်ကွဲသံငယ်များပင် ထွက်ပေါ်လာလေသည်။
ထိုအခါမှ ရှန်မို၏ မျက်လုံးများ ပွင့်လာပြီး ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေတော့၏။
"ငါ နားလည်သွားပြီ”
"ဒီ ဝိညာဉ်ရတနာ အဆောင်လက်ဖွဲ့ပညာက တကယ်ကို နက်နဲတာပဲ… အခုဆိုရင် ငါ 'ကောင်းကင်ဖြို' ဓားပေါ်က ပထမဆုံး ချိတ်ပိတ်မှုကို ဖြည်နိုင်ပြီ”
မှတ်ချက် - ဤကမ္ဘာတွင် နတ်ဆိုးများနှင့် သားရဲများသည် မူလမြစ်ဖျားခံရာ တူညီကြသော်လည်း သားရဲများကိုမူ နတ်ဆိုးသွေးမျိုးဆက်နှင့် အခြားသော မျိုးဗီဇများ ပေါင်းစပ်ရာမှ ပေါက်ဖွားလာသော အဆင့်နိမ့် ကပြားများအဖြစ် သတ်မှတ်ကြသည်။
Chapter 405: ဓားဝိညာဉ် ကျီလင်း
ရှန်မိုသည် လေးလံလှသော ကတ္တရာစေးရောင် ဓားကြီးကို ထုတ်ယူလိုက်သည်။ သူ ပထမအလွှာ ချိတ်ပိတ်မှုကို သေချာစိုက်ကြည့်နေမိသည်။
ထင်ထားသည့်အတိုင်းပင်။
တစ်ချိန်က နက်နဲ၍ ဝေဝါးခဲ့သော ပုံစံများသည် ယခုအခါတွင်မူ ရှင်းလင်းလွယ်ကူသွားခဲ့ပြီ ဖြစ်၏။
ရှန်မိုမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ထိုပုံစံများကို တစ်လွှာချင်း ခွာထုတ်ကာ ခွဲခြမ်းစိတ်ဖြာနေလေသည်။ နှစ်နာရီ တိတိ သူ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေခဲ့၏။ သူ့မျက်ဝန်းတို့သည် ချိတ်ပိတ်မှု၏ မျဉ်းကြောင်းများအတိုင်း လိုက်ပါစီးဆင်းနေသည်။ တစ်ခါတစ်ရံ အပေါ်သို့၊ တစ်ခါတစ်ရံ အောက်သို့။ တစ်ခါတစ်ရံ ဘေးတိုက် ရွေ့လျားသွားတတ်သည်။ အချိန်အတန်ကြာသော် သူ ရုတ်တရက် အကြည့်လွှဲလိုက်ရ၏။ သူ့လိုလူမျိုးပင်လျှင် ချိတ်ပိတ်မှု ပုံစံကို ပြင်းပြင်းထန်ထန် ခွဲခြမ်းစိတ်ဖြာရသည်မှာ စိတ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းနွမ်းနယ်စေသည်။ သို့သော်လည်း ရရှိလာသော တန်ဖိုးမှာမူ အတိုင်းအဆမရှိ ကြီးမားလှပေ၏။
"ဒီလိုကိုး… ဒါက ဝိညာဉ်ရတနာ စစ်မှန်သောဂိုဏ်းရဲ့ မဟာလျှို့ဝှက်ဝိညာဉ် ချိတ်ပိတ်မှု သုံးပါးပဲ"
"ရှားပါးပြီး ထူးဆန်းတဲ့ စိတ်ဝိညာဉ်လက်နက်တွေကို ချိတ်ပိတ်ဖို့ သီးသန့်သုံးတာပဲ… ဒီလက်နက်တွေက ခြွင်းချက်မရှိ အလွန်ပြင်းထန်တဲ့ ဖျက်ဆီးအား ရှိကြပေမဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိတယ်… ဒါတွေကို မိစ္ဆာကျင့်ကြံသူတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ လက်ထဲ မရောက်သွားအောင် ဝိညာဉ်ရတနာ စစ်မှန်သောဂိုဏ်းက ချိတ်ပိတ်ထားခဲ့တာပဲ"
ရှန်မို အသက်ကို ပြင်းပြင်းရှူထုတ်ကာ ပြုံးလိုက်သည်။ ယခုအခါ သူ ပထမဆုံး ချိတ်ပိတ်မှုကို ဖြည်နိုင်ပြီ ဖြစ်၏။ ရှန်မို သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ ထိပ်ဖျားတွင် စိတ်ဝိညာဉ်စွမ်းအင်များ တိုးလျှံလာလေသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးသားကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင် ချည်မျှင်လေးများ ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် သက်ရှိများအလား သွက်လက်ချက်ချာနေကြသည်။
ရှန်မို၏ လက်ချောင်း ဆယ်ချောင်းသည် လျင်မြန်စွာ ကပြလှုပ်ရှားနေပြီး ခဏချင်းမှာပင် ထိုချည်မျှင်များသည် ရှုပ်ထွေးနက်နဲသော ပုံစံတစ်ခုကို ဖော်ဆောင်လိုက်၏။ မကြာမီ ထိုပုံစံသည် ပထမဆုံး ချိတ်ပိတ်မှုပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။
'ဖောက်'
လေထုထဲတွင် အက်ကွဲသံဖျော့ဖျော့ တစ်ခု ပဲ့တင်ထပ်သွားသကဲ့သို့ ရှိသည်။ ရှန်မို သေချာကြည့်လိုက်သောအခါ 'ကောင်းကင်ဖြို' ဓားမျက်နှာပြင်ပေါ်ရှိ ပထမဆုံး ချိတ်ပိတ်မှု ပုံစံသည် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်၏။
'ဝီ... ဝီ...'
မည်းနက်လေးလံသော ဓားကြီးမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာလေသည်။
'ချွင်... ချွင်... ချွင်...'
ဓားသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရှန်မိုလည်း ချက်ချင်းပင် လက်လှမ်း၍ 'ကောင်းကင်ဖြို' ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေ၏။
အရှင်သခင်အဆင့်၏ ကြီးမားလှသော ခွန်အားများ ပွင့်ထွက်လာပြီး သူ၏ ကြွက်သားများ ရုန်းကြွလာကာ 'ကောင်းကင်ဖြို' ဓား လွတ်ထွက်မသွားအောင် အတင်းအကျပ် ထိန်းချုပ်ထားရသည်။
ဆူညံလှသော ဓားသံများမှာမူ တဲအတွင်း၌သာ ပိတ်မိနေလေ၏။ ဤတဲတွင် အခြေချမီကပင် ရှန်မို အစီအရင် အမျိုးမျိုးကို ပြုလုပ်ထားခဲ့ပြီး အသံလုံခြင်းမှာ ထိုအစီအရင်များ၏ လုပ်ဆောင်ချက် တစ်ခုမျှပင်။
ထိုကဲ့သို့သော ဓားသံများမှာ အစီအရင်၏ ကန့်သတ်မှုကို လုံးဝ ဖောက်ထွက်နိုင်စွမ်း မရှိပေ။
'ကောင်းကင်ဖြို' ဓားသည် ရှန်မို၏ လက်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်လည်း ခဏအကြာတွင်မူ သူ၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိသွားဟန်ဖြင့် ငြိမ်သက်သွားတော့၏။
ရှန်မို သူ၏ စိတ်ဝိညာဉ်အာရုံကို လွှတ်တင်၍ 'ကောင်းကင်ဖြို' ဓားအတွင်းရှိ ဝိညာဉ်ကို ထိတွေ့ကြည့်သည်။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်လာပြီဆိုလျှင် ဝိညာဉ်တစ်ခု ပါဝင်နေမည်မှာ အသေအချာပင်။ သို့သော်လည်း သုံးထပ်ချိတ်ပိတ်မှုအောက်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သဖြင့် ထိုဝိညာဉ်၏ ဉာဏ်ရည်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေလိမ့်မည်။
ယခင်ကဲ့သို့ အထွတ်အထိပ် အဆင့်ကို ပြန်မီနိုင်မလားဆိုသည်မှာ မသေချာပေ။
ရှန်မို၏ စိတ်ဝိညာဉ်အာရုံသည် 'ကောင်းကင်ဖြို' ဓား၏ အတွင်းပိုင်းသို့ ဝင်ရောက်သွား၏။ အတွင်းပိုင်းမှာ ကတ္တရာစေးကဲ့သို့ မှောင်မိုက်နေပြီး အလင်းအစအနပင် မရှိပေ။ ထိုစဉ် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အမျိုးသမီး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ့ခန္ဓာကိုယ်ထဲကို မင်းက ဝင်ရဲတယ်ပေါ့… သေချင်နေတာပဲ”
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကို ခွဲပစ်နိုင်လောက်အောင် ပြင်းထန်သော ဓားဆန္ဒတစ်ခု တိုးထွက်လာပြီး မိုးကြိုးသံအလား ဟိန်းဟောက်ကာ ရိုက်ခတ်လာလေ၏။
ရှန်မို မျက်ခုံးအနည်းငယ် ပင့်လိုက်သော်လည်း မရှောင်တိမ်းပေ။ သူ ထိုနေရာမှာပင် ရပ်မြဲရပ်ကာ ဓားဆန္ဒကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
'ဝုန်း'
ပြင်းထန်သော ဓားဆန္ဒသည် ရှန်မို၏ မျက်ခုံးနှစ်ခုကြား တည့်တည့် ထိမှန်သွားသော်လည်း အောက်သို့ ဆက်လက် ဆင်းသက်မသွားပေ။
ထိုအမျိုးသမီး အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်း မရှောင်ဘူးလား"
ရှန်မို ပြုံးလျက်
"မင်း ငါ့ကို မသတ်ရဲပါဘူး"
ထိုအမျိုးသမီးမှာ အံကြိတ်လျက်
"ဘယ်သူက မသတ်ရဲဘူး ပြောလဲ”
ရှန်မို တည်ငြိမ်စွာဖြင့်
"ဝိညာဉ်ရတနာ စစ်မှန်သောဂိုဏ်းက ပျက်စီးသွားတာ ကြာလှပြီ… အမွေအနှစ်တွေလည်း ပြတ်တောက်ကုန်ပြီ… မင်း ငါ့ကို သတ်လိုက်ရင် ကျန်နေတဲ့ ချိတ်ပိတ်မှု နှစ်ခုကို ဘယ်သူက ဖြည်ပေးမှာလဲ"
ထိုအမျိုးသမီး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အချိန်အတန်ကြာမှ သူ၏ ငွေသွားလေးများကို တင်းတင်းကြပ်ကြပ် ကြိတ်လိုက်ဟန်ဖြင့်
"ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်… လောလောဆယ်ပေါ့"
သူ အေးစက်စွာ ပြောလေသည်။
ရှန်မို ခပ်ဖျော့ဖျော့ ပြုံးလိုက်မိ၏။ ဤသည်မှာ အခွင့်အရေးတစ်ခုကို လမ်းခုလတ်မှ ဖြတ်လုယူခြင်း၏ ဘေးထွက်ဆိုးကျိုး ဖြစ်ပေလိမ့်မည်။ အကယ်၍ လင်တုန်းထျန်းသာ ဤအခွင့်အရေးကို ရခဲ့ပါက 'ကောင်းကင်ဖြို' ဓား၏ ဝိညာဉ်မှာ ချစ်ခင်ယုယစွာဖြင့် ကြိုဆိုနေပေလိမ့်မည်။
ယခုကဲ့သို့ စမ်းသပ်မှုများ ရှိနေလိမ့်မည် မထင်ချေ။
"ကောင်းကင်ဖြို... ငါ့ကိုပြောစမ်း… မင်းမှာ ဘာစွမ်းရည်တွေ ရှိလဲ"
ရှန်မို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
အမျိုးသမီးမှာ နှာခေါင်းရှုံ့လျက်
“'ကောင်းကင်ဖြို' ဆိုတာ ဒီဓားရဲ့ နာမည်ပဲ… ငါ့နာမည်က 'ကောင်းကင်ဖြို' မဟုတ်ဘူး"
"ဒါဆို မင်းနာမည်က ဘာလဲ"
ရှန်မိုက အေးအေးဆေးဆေး မေးလိုက်ပြန်၏။
အမျိုးသမီး ထပ်မံ နှာခေါင်းရှုံ့ရင်း
"ငါ့သခင်ကလွဲလို့ ကျန်တဲ့သူတွေဟာ ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး”
ရှန်မိုက ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆိုလည်း ကောင်းပြီလေ… နောက်ဆို မင်းကို ခွေ့ဟွာလို့ပဲ ခေါ်တော့မယ်"
အမျိုးသမီး ခဏတာ မှင်တက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်တော့သည်။
"ဘာခွေ့ဟွာလဲ… တော်တော် ဆိုးတဲ့နာမည်ပဲ… ငါ့နာမည်က ကျီလင်းလို့ ခေါ်တယ်”
ရှန်မို ပုခုံးတွန့်ပြကာ
"အင်းလေ... မင်း အခုလေးတင် ပြောလိုက်တာ မဟုတ်လား… ဘာလို့ အဲ့ဒီလောက် အော်နေရတာလဲ"
"..."
"မင်း ကိုယ်ထင်မပြတော့ဘူးလား… ဘယ်လောက်အထိ ပုန်းနေဦးမှာလဲ"
ရှန်မို ပတ်ဝန်းကျင် အမှောင်ထုထဲသို့ ကြည့်ကာ မေးလိုက်သည်။
အမျိုးသမီးမှ
"ကိုယ်ထင်မပြဘူး"
ရှန်မို ခဏမျှ စဉ်းစားပြီးနောက်
"မင်းရဲ့ သခင်က ဘယ်သူလဲ… ဝူကျူလား"
အမျိုးသမီး လှောင်ပြုံးပြုံးလျက်
"မင်းက ခန့်မှန်းတာ တော်တော်တော့ ပါးနပ်သားပဲ… ငါ့သခင်က ငါ့ကို ပြန်လာခေါ်မှာ အသေအချာပဲ… ဒီကမ္ဘာငယ်လေးက ငါ့ရဲ့ ပြည့်စုံတဲ့ ဖြစ်တည်မှုကို ထိန်းထားနိုင်ဖို့ အရမ်း သေးငယ်လွန်းတယ်"
ရှန်မို ရယ်မောလျက်
"ဝူကျူက မင်းကို စွန့်ပစ်သွားခဲ့တာရော မဖြစ်နိုင်ဘူးလား… ဖြစ်နိုင်တာက သူ အခုဆို ပိုကောင်းတဲ့ စိတ်ဝိညာဉ်လက်နက် တစ်ခုခုကို ရှာတွေ့နေလောက်ပြီ"
ကျီလင်း ခဏတာ မိန်းမောသွားပြီး
"မဖြစ်နိုင်တာ… လုံးဝ မဖြစ်နိုင်ဘူး… ငါက ငါ့သခင် ငယ်ငယ်ကတည်းက သူ့နောက်ကို လိုက်ခဲ့တာ… သူ ငါ့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး"
ရှန်မို လက်ကာပြလျက် ထိုအကြောင်းအရာကို ဆက်မပြောလိုတော့ပေ။
"ငါ့ရဲ့ ပထမဆုံး မေးခွန်းကို မင်း မဖြေရသေးဘူး… မင်းမှာ ဘာစွမ်းရည်တွေ ရှိလဲ"
ကျီလင်းမှာ မာန်တက်နေဆဲဖြစ်ပြီး ဘာမှ မပြောပေ။ ရှန်မို အေးစက်စွာ ရယ်မောမိ၏။
"မင်းရဲ့ အဆင့်အတန်းကို မင်း သိထားပါ… အခု မင်းက အစေခံ၊ ငါက သခင်… အခုအချိန်မှာ ကျန်နေတဲ့ ချိတ်ပိတ်မှု နှစ်ခုကို ဖြည်ပေးနိုင်တဲ့သူက ငါတစ်ယောက်တည်းပဲ ရှိတာ… မင်းရဲ့ ဝိညာဉ် ပြန်လည် နိုးထလာဖို့ဆိုတာ ငါက မင်းဆီကို သွေးစွမ်းအင်တွေ ထည့်ပေးဖို့ လိုအပ်တယ်"
ကျီလင်း စွံ့အနေ၏။
ခဏအကြာတွင်မှ မလိုလားဟန်ဖြင့် ပြောလာတော့သည်။
"ငါ သွေးစွမ်းအင်တွေကို စုပ်ယူပြီး သွေးအဆီအနှစ်အဖြစ် သန့်စင်ပေးနိုင်တယ်… ဒီစွမ်းအားက စိတ်ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် သွေးစွမ်းအင်တွေထက် အများကြီး ပိုသန်မာတယ်… အဲ့ဒါက နတ်ဆိုးစွမ်းအင်တွေကို တန်ပြန်နိုင်တယ်"
ရှန်မို မျက်ခုံးပင့်လိုက်မိပြီး စိတ်ဝင်စားသွား၏။
ဤသည်မှာ အမှန်ပင် ကောင်းမွန်သော စိတ်ကူး ဖြစ်သည်။
သွေးစွမ်းအင်ကို သွေးအဆီအနှစ်အဖြစ် ပြောင်းလဲကာ နတ်ဆိုးစွမ်းအင်ကို တန်ပြန်ခြင်း။
ဤစွမ်းအားရှိလျှင် ရှန်မိုတစ်ယောက် နတ်ဆိုးများနှင့် တိုက်ခိုက်ရာတွင် သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို အလွန်အကျွံ အသုံးပြုနေစရာ မလိုတော့ပေ။
"သွေးအဆီအနှစ် တစ်ယူနစ်ရဖို့ သွေးစွမ်းအင် ဘယ်လောက် သုံးရလဲ"
ရှန်မို ထပ်မံ မေးမြန်းလိုက်သည်။
"၁၀၀ ကို ၁ ယူနစ်ပဲ… သန့်စင်မှု တစ်ကြိမ်လုပ်ဖို့ တစ်ရက် အပြည့်ကြာတယ်"
ကျီလင်းမှာ သူ့ ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် ခပ်တိုးတိုး ပြောလေသည်။
"'ကောင်းကင်ဖြို' ထဲမှာ သွေးအဆီအနှစ် ၁၀ ယူနစ်အထိ သိမ်းထားနိုင်တယ်"
ရှန်မို အလွန် ဝမ်းသာသွား၏။
ယင်းမှာ အလွန်ထူးခြားသော သတင်းကောင်းပင် ဖြစ်သည်။ ယခုဆိုလျှင် သူ နတ်ဆိုးများနှင့် တိုက်ခိုက်ရန် အရေးကြီးသော လက်နက်တစ်ခုကို ပိုင်ဆိုင်သွားလေပြီ။ ဤနည်းဖြင့် သူ၏ အမှတ်များ အဆမတန် တိုးတက်လာပေလိမ့်မည်။
"ကောင်းပြီ… အခုပဲ သွေးအဆီအနှစ် သန့်စင်တာကို စတင်လိုက်တော့"
ရှန်မို ခေါင်းငြိမ့်ပြကာ သူ၏ သွေးစွမ်းအင်များကို ဓားဝိညာဉ်ထံသို့ တက်ကြွစွာ ပေးပို့လိုက်လေသည်။ ကျီလင်းလည်း သဘောတူကာ မည်သည့် လှည့်ကွက်မျှ မသုံးဘဲ သွေးအဆီအနှစ်ကို စတင် သန့်စင်ပေး၏။
ရှန်မို အသက် ပြင်းပြင်းရှူလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် နတ်ဘုရား လျှပ်စီး ရေအဆီအနှစ်ကို ထုတ်ယူသန့်စင်ကာ 'နတ်ဘုရား လျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း ကျမ်းစာ' ကို ကျင့်ကြံလေသည်။
နတ်ဘုရား လျှပ်စီး ရေအဆီအနှစ်၏ အကူအညီဖြင့် ကျင့်စဉ်တိုးတက်မှုနှုန်းမှာ သိသိသာသာ မြန်ဆန်လာ၏။ ထို့အပြင် နတ်ဆိုးပင်လယ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ ကုန်းမကြီးပေါ်ထက် ပိုမို သိပ်သည်းနေသည်။
နောက်တစ်လအတွင်းမှာပင် ရှန်မို သူ၏ နတ်ဘုရားနန်းတော်အတွက် အခြေခံကို ခိုင်မာစွာ ချမှတ်နိုင်ခဲ့သည်။ ယင်းမှာ သူ အဆင့်အသစ်သို့ ပထမဆုံး ခြေလှမ်း လှမ်းလိုက်ပြီ ဖြစ်ကြောင်း ပြသနေ၏။
"'နတ်ဘုရား လျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း ကျမ်းစာ' ကို စစ်မှန်သော မီးတောက်ဆရာကြီးက နတ်ဆိုးမျိုးနွယ်တွေကို တန်ပြန်ဖို့ သီးသန့် ဖန်တီးခဲ့တာ… ငါသာ နတ်ဘုရားနန်းတော်အဆင့် ရောက်သွားရင် ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေမှာ နတ်ဘုရား လျှပ်စီးရဲ့ အားတွေ ပါလာလိမ့်မယ်… အဲ့ဒါက နတ်ဆိုးစွမ်းအင်တွေကို တွန်းလှန်ဖို့ လုံလောက်မှာပဲ”
"အဲ့ဒီအခါကျရင် ငါ့မှာ နတ်ဘုရား လျှပ်စီးအားရော သွေးအဆီအနှစ်ပါ ရှိနေမှာဆိုတော့ နတ်ဆိုး အရှိန်အဝါတွေကို တန်ပြန်ဖို့ နည်းလမ်း နှစ်မျိုးတောင် ရှိသွားပြီ”
ရှန်မို ပြုံးလိုက်မိသည်။ ဤကျင့်စဉ်နှစ်ခုသည် သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ ရရှိနိုင်သည့် အဆင့်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်၏။ ထိုရတနာများနှင့်အတူ သူ့အမှတ် စုဆောင်းမှုကို သေချာပေါက် အရှိန်မြှင့်တင်နိုင်တော့မည် ဖြစ်လေသည်။