လူသတ်ပွဲ
Vol. 20 Ch. 276
အခန်း (၂၇၆) လူသတ်ပွဲ
ကျန်းလန် ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။
သူက ခွန်လွန်တောင်ခြေတစ်နေရာရှိ တောအုပ်ထဲတွင် ရောက်ရှိနေပြီး အေးအေးဆေးဆေးပင် လှည့်ပတ်သွားလာနေသည်။
ဤနေရာက ခွန်လွန်တောင်နှင့် အတော်လေး အလှမ်းဝေးသေး၏။
သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားမည်ဖြစ်သောကြောင့် အခြားသူများ သတိမပြုမိစေရန်လူသူမရှိသည့် တောအုပ်ထဲတွင် လမ်းလျှောက်နေခြင်း ဖြစ်သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားပြီးပါက သေရည်ဆိုင်သို့ သွားရန် ဆုံးဖြတ်ထားသည်။ အပြန်တွင်တော့ ခွန်လွန်တောင်မှတပည့်များ စုဝေးကျင့်ကြံလေ့ရှိသည့် ရင်ပြင်ဆီသို့သွားရောက်ပြီး သတင်းများ စုံစမ်းရမည် ဖြစ်သည်။
ဂိုဏ်းတူမောင်နှမများ ပြောဆိုနေကြသည့် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အခြေအနေကို လေ့လာရင်း သူတို့၏ သဘောထားအမြင်များကိုလည်း နားထောင်ရမည် ဖြစ်သည်။
သို့မှသာ များစွာသောအင်အားစုများတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့် နတ်ဘုရားရာထူးများကို မည်သူများ ရရှိပြီလဲဆိုသည့်အကြောင်း တွက်ချက်ခန့်မှန်းနိုင်မည် ဖြစ်၏။
တစ်စုံတစ်ယောက် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိခြင်းက အစပြုခြင်းလား ၊ အဆုံးသတ်ခြင်းလားဆိုသည်ကိုတော့ မည်သူမှ မသိရှိနိုင်ပေ။
ငရဲတံခါးလမ်းလွှဲဖြစ်သည့် ရှေးဟောင်းရေတွင်းပျက်ကြီးအတွင်းမှ အနီရောင်မျက်လုံးများပိုင်ရှင်က "မိုးနဲ့မြေပြိုကျပျက်စီးတော့မည်" ပြောခဲ့ဖူးသည်ကို ကျန်းလန် သတိရလိုက်မိသည်။
သို့ပေသိ ဤကိစ္စများက သူနှင့်အလှမ်းကွာလွန်းလှသည်။
သူက ဆရာဖြစ်သူ၏ စောင့်ရှောက်မှုအောက်တွင် အန္တရယ်ကင်းစွာရှိနေပြီး ထိုသို့သောကိစ္စများနှင့် ပတ်သက်စရာအကြောင်း မရှိသေးပေ။
လမ်းလျှောက်နေရင်း အနောက်ဘက်မှ တန်ခိုးစွမ်းအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
"ဟမ်…"
နောက်လှည့်ကြည့်လိုက်တော့ သစ်ပင်တစ်ပင်အောက်တွင်ရပ်ပြီး သူ့ကို စိုက်ကြည့်နေသူတစ်ယောက်ကို တွေ့လိုက်ရ၏။
စောစောက ထိုသူရှိနေသည်ကို ကျန်းလန် အာရုံမခံခဲ့မိပေ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုသူက ခေသူတော့ မဟုတ်ကြောင်းသိနိုင်သည်။
"တစ်ယောက်တော့ တွေ့ပြီကွ"
ထိုသူက ပြောလိုက်သည်။
သူ့အသံက ယောကျ်ားလေးအသံတစ်သံ ဖြစ်၏။
"ကျုပ်က တာအိုရောင်းရင်းကို မေးခွန်းလေး နည်းနည်းလောက် မေးချင်လို့ပါ ၊ ဖြစ်နိုင်မလား… ၊ ဒါနဲ့ စကားမစပ် ကျုပ်က မရှိမှုအာကာသအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပါ"
ကျန်းလန်က ထိုသူကို စိုက်ကြည့်ရင်း…
"မေးပါ…"
သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသအောင်မြင်ထားသည့်အဆင့်ဖြစ်ပြီး မျက်နှာထက်တွင် အနက်ရောင်မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ့နာမည်က ယင်းလီ ဖြစ်၏။
သူက…
"တာအိုရောင်းရင်း… မင်းက ခွန်လွန်တောင်က တပည့်လား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်း"
ကျန်းလန်က တစ်ဖက်လူ မည်သည့်လှုပ်ရှားမှုပြုလုပ်မည်ကို သတိထားနေသည်။
ယင်းလီက ထပ်မေးသည်။
"မင်းက တပည့်ရင်းတစ်ယောက်လား"
ကျန်းလန်က ခေါင်းညိတ်လိုက်ပြန်ရင်း…
"အင်း"
ယင်းလီက အလွန်တရာ နှိမ့်ကျရိုကျိုးသည့်လေသံဖြင့်…
"ဒါဖြင့် မေးပါရစေ ၊ ဆက်ခံသူတပည့်တစ်ယောက်ကို သတ်ဖြတ်ရင် ဘယ်လိုအကျိုးဆက်မျိုးခံစားရနိုင်မလဲ ၊ ကျုပ်ကို ပြောပြနိုင်မလားဗျာ"
ကျန်းလန်က ထိုသူကို တည်ကြည်လေးနက်စွာ ကြည့်လိုက်ရင်း…
"ဘယ်သူမှ မသိအောင် သတ်နိုင်မယ်ဆိုရင်တော့ ဘာအကျိုးဆက်မှ ရှိလာမှာ မဟုတ်ဘူး"
"ဟမ်…"
ယင်းလီက ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ကျန်းလန်က ထိုသို့သောစကားမျိုး ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယင်းလီက သက်ပြင်းတိုးတိတ်ချလိုက်ရင်း…
"ဒါဖြင့် ကျုပ် မင်းကို သတ်ရတော့မယ် ၊ ဒါပေမဲ့ မင်း အသက်နည်းနည်းပိုရှည်နိုင်အောင် ကျုပ် ကြိုးစားပေးပါ့မယ်"
ကျန်းလန် ထိုသူကို ကြည့်လိုက်သည်။
"အသက်နည်းနည်းပိုရှည်နိုင်အောင်" ဆိုသည့်စကားအဓိပ္ပါယ်ကို သူ နားမလည်ပေ။
သို့သော် ထိုသူက အနက်ရောင်ဝတ်ရုံအောက်မှ ဓားတိုတစ်လက်ထုတ်ယူလိုက်ပြီး ပြင်းထန်သည့်လေသံဖြင့် စကားပြောလိုက်သည့်အခါ ထိုစကားအဓိပ္ပါယ်ကို သူ နားလည်သွားရသည်။
"မင်း ကျုပ်ရဲ့ဓားကွက် ဘယ်နှစ်ကွက်လောက်ကို ခံနိုင်မယ်ထင်လဲ"
ကျန်းလန်က…
"အဲဒီလို ဓားတိုလေးနဲ့ဆိုရင်တော့ ဓားကွက်ပေါင်း (၃၀၀၀) လောက် ခံနိုင်လိမ့်မယ်"
"ဟမ်"
ယင်းလီ ထူးဆန်းစွာ ထပ်မံခံစားလိုက်ရသည်။
သို့သော် သူက သိပ်အရေးမစိုက်ဘဲ စကားဆက်ပြောလိုက်သည်။
"ကျုပ်အထင်တော့ မင်း ဓားကွက်ပေါင်း (၁၀၀၀) လောက်ပဲ ခံနိုင်မှာပါကွာ"
ပြောပြီးသည်နှင့် သူက စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
တစ်ဖက်လူက တိုက်ခိုက်တော့မည်ဆိုသည်နှင့် ကျန်းလန်က စေတနာဖြင့် သတိပေးစကားဆိုလိုက်သည်။
"မင်းမှာ ကျုပ်ကိုမေးဖို့ အရေးကြီးတဲ့မေးခွန်းတွေ ရှိသေးလား"
"အရေးကြီးတဲ့မေးခွန်း ဟုတ်လား"
ယင်းလီက ပြန်မေးရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ တစ်စုံတစ်ခုကို သတိရသွားပြီး…
"ကျုပ်လူတွေ ရောက်လာကြတော့မယ် ၊ ကျုပ်တို့အားလုံးဝိုင်းတိုက်ကြရင် မင်း ဘယ်လိုမှ ပြေးမလွတ်ပါဘူးကွာ"
ကျန်းလန်မျက်ခုံးများကို အသာတွန့်ချိုးလိုက်သည်။
ရန်သူများစွာ သူ့အနားသို့ ချဉ်းကပ်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။ ထို့နောက် သစ်ပင်များနောက်မှ လူရိပ်များ စတင်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သစ်ပင်တိုင်း၏နောက်ကွယ်တွင် ရန်သူများ ပုန်းအောင်နေကြပြီး လူအချို့က နတ်လူသားမျိုးနွယ်များ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။
သို့သော် ထိုသူများက နတ်လူသားမျိုးနွယ်များ မဟုတ်သည်မှာ သေချာသည်။
မြေအောက်နတ်ဆိုးတွေလား ၊ ဒါမှမဟုတ် ချီလင်မျိုးနွယ်တွေလား။
ခဏမျှလေ့လာပြီးနောက် မြေအောက်နတ်ဆိုးများဖြစ်ကြောင်း ကျန်းလန် သိရှိသွားသည်။
မြေအောက်နတ်ဆိုးများက အဘယ့်ကြောင့် နတ်လူသားမျိုးနွယ်များကဲ့သို့ ဝတ်ဆင်ထားကြပါသနည်း။ သူတို့က နတ်လူသားမျိုးနွယ်များကို အပြစ်လွှဲချပြီး အကောက်ကြံရန် ကြိုးစားနေသည်လား။
သို့သော်…
တောင်သခင်များက ငတုံးများ မဟုတ်ကြပေ။
ကျန်းလန်ပင် ထိုသူများကို မြေအောက်နတ်ဆိုးများဖြစ်ကြောင်း သိရှိလျှင် တောင်သခင်များဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ယင်းလီက…
"စိတ်မပူပါနဲ့ ၊ မင်း သေလမ်းသွားတဲ့အခါ အထီးမကျန်နိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ ကျုပ်တို့က ခွန်လွန်တောင်က တပည့်ရင်းတွေအများကြီးကို သတ်ဖြတ်ပစ်ဖို့ ရည်ရွယ်ထားလို့ပဲ"
"အိုး… ဟုတ်လား"
ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
မြေအောက်နတ်ဆိုးများအားလုံး စုစုပေါင်း အယောက် (၃၀၀) ခန့်ရှိသည်။ သို့သော် သူတို့ထဲမှ တန်ခိုးစွမ်းအားအမြင့်မားဆုံးသူသည်ပင် လူသားအင်မော်တယ် မဖြစ်သေးပေ။
ကောင်းလိုက်တဲ့သတ္တိ။
မြေအောက်နတ်ဆိုးများအားလုံးထွက်လာတော့မှ ကျန်းလန်က ခပ်ဖြည်းဖြည်းလေသံဖြင့်…
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိလဲဆိုတာ မင်းတို့ မသိသေးဘူးနော်"
ထိုအခါမှ ယင်းလီက သတိရသွားဟန်ဖြင့်…
"အာ… ဟုတ်သားပဲ ဟုတ်သားပဲ ၊ လင်းစမ်းပါဦး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
ကျန်းလန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း…
"အစစ်အမှန်အင်တော်တယ် အောင်မြင်ထားတဲ့အဆင့်"
"ဟမ်"
ယင်းလီ အံ့သြမှင်တက်သွားသည်။
"ကလန်"
သူ့လက်ထဲမှဓားတိုလေး မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး ကျောက်တုံးများဖြင့် ရိုက်ခတ်မိသွားသည်။
"ဝှစ်"
တောအုပ်တစ်ခုလုံး မမြင်ရသည့်ထိုးနှက်ချက်တစ်ခု ခံစားလိုက်ရဟန် ရှိသည်။
အသက်တစ်ချက်ရှူမျှအကြာတွင် ကျန်းလန် တောအုပ်အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထို့နောက် သေရည်ဆိုင်သို့ မသွားရောက်တော့ဘဲ ခွန်လွန်တောင်ရှိရာသို့ ထွက်ခွာသွားတော့သည်။
ခွန်လွန်တောင်ရှိ တပည့်များစုဝေးကျင့်ကြံသည့် ရင်ပြင်နေရာတွင် ပျက်သုဉ်းတစ်စပြငလောကကြီးအကြောင်း အခြေအနေများကို နားထောင်ရဦးမည် မဟုတ်ပါလား။
တောအုပ်ငယ်ကတော့ ကျန်းလန်၏ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့လေသည်။ လေပြေတစ်ချက်ပင် မတိုက်ခတ်ဘဲ အစွန်းဆုံထိ တိတ်ဆိတ်နေခြင်း ဖြစ်၏။
ကျန်းလန်ထွက်ခွာသွားသည်နှင့် တောအုပ်ထဲမှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
"ဘုန်း"
အဆုံးမရှိသည့် သွေးမြူမှုံများ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး တောအုပ်တစ်ခုလုံး သွေးနီရောင်ဖုံးလွှမ်းသွားသည်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။
ဤမျှကြီးမားသည့် တိုက်ခိုက်သတ်ဖြတ်မှုကြီးကို ခွန်လွန်တောင်ကလည်း သိရှိမည်ပင်။
မြေအောက်နတ်ဆိုးများက တပည့်ရင်းများကို အဘယ့်ကြောင့် သတ်ဖြတ်လိုရပါသနည်း။ အကြောင်းရင်းကို ကျန်းလန် သိရှိခြင်းမရှိသလို သိရှိအောင်ကြိုးစားရန်လည်း အစီအစဉ် မရှိပေ။
ဤဖြစ်ရပ်ကို ခွန်လွန်တောင် သိရှိသွားသည်နှင့် ခိုင်မာသည့် လှုပ်ရှားမှုအချို့ကို သဘာဝကျကျ ပြုလုပ်ပေလိမ့်မည်။ ကျန်းလန်အနေနှင့် အရေးစိုက်စရာ မလိုတော့ပေ။
ကျန်းလန် ခွန်လွန်တောင်သို့ပြန်ရောက်လာခဲ့သည်။ သူက အဝေးဆီမှ နဝမတောင်ထွတ်ကို လှမ်းကြည့်လိုက်၏။
မည်သည့်တောင်သခင်မှ ငတုံးများ မဟုတ်ကြပေ။ လည်လွန်းသဖြင့် အသားကိုစားရုံသာမက အရိုးကိုပါ မချန်ကြသူများ ဖြစ်သည်။
ခွန်လွန်တောင်၏ လုပ်ရပ်များအားလုံးက တေင်သခင်များ၏ စိတ်နေစိတ်ထားအပေါ်တွင်သာ မူတည်သည်။
နဂါးမျိုးနွယ်များ၏ဖြစ်ရပ်က ဥပမာပင် ဖြစ်၏။
သူတို့အနေဖြင့် ခွန်လွန်တောင်က သဘောမတူဘဲ အဋ္ဌမမင်းသားကို ပြန်ခေါ်သွားချင်သည်ဆိုပါက အရှင်လတ်လတ် အရေခွံစုတ်ခံရမည် ဖြစ်သည်။
ထို့အတူ ကျောက်စိမ်းရေကန်နတ်ဘုရားမကိုလည်း ခွန်လွန်တောင်မှ သဘောမတူဘဲ ပြန်ခေါ်သွားရန်မှာ မဖြစ်နိုင်ပေ။
ခွန်လွန်တောင်က အလွန်တရာ အင်အားကြီးမားလွန်းသည်။ သို့သော် ဘယ်တော့မှ မဆင်မခြင် ပြုလုပ်လေ့မရှိဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိရန် ဆွေးနွေးညှိနှိုင်းလေ့ ရှိသည်။
ဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် သူကတော့ လုန်ယွိနှင့် လက်ထပ်ရန် စတေးခံလိုက်ရသည်ပေါ့လေ။ သူက ခွန်လွန်တောင်အတွက် စတေးခံတစ်ယောက်ဖြစ်ကြောင်း ကျန်းလန် အမြဲတမ်း စဉ်းစားမိလေ့ရှိသည်။
ထို့နောက် တပည့်များစွာ စုဝေးကျင့်ကြံလေ့ရှိကြသည့် ရင်ပြင်ဆီသို့ ကျန်းလန် ရောက်ရှိလာသည်။
တပည့်တစ်ယောက်က…
"နောက်ဆုံးရသတင်းကွ… မြေအောက်နတ်ဆိုးတွေနဲ့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေ တိုက်နေကြပြီတဲ့"
အခြားတပည့်တစ်ယောက်က…
"ကျုပ်လည်း အဲဒီသတင်းကြားတယ် ၊ သူတို့တွေ ဘာတွေလုပ်နေလဲဆိုတာ နားကိုမလည်ဘူး"
"တိုက်ပွဲက အတော်ပြင်းထန်တယ်တဲ့ ၊ နှစ်ပေါင်း ဘယ်လောက်ကြာမလဲတော့ မသိဘူး ၊ ဘာလို့ တိုက်ခိုက်နေကြမှန်းလည်း မသိဘူး"
"ဘာလို့တိုက်ခိုက်နေလဲဆိုတာတော့ ဘယ်သူမှ မသိဘူး ၊ နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေလည်း အတူတူပဲလေ ၊ အခု နှစ်ပေါင်း (၁၀၀)ကျော်ကြာနေတာတောင် ဆက်ပြီး တိုက်ခိုက်နေကြတုန်းပဲ"
"နတ်လူသားမျိုးနွယ်တွေက သူတို့ ရည်ရွယ်ချက် ပြီးဆုံးသွားတာတောင်မှ ထွက်ခွာမသွားကြသေးဘူး ၊ ဝူထုန်တောင်ကလည်း တိုက်ပွဲရှုံးနိမ့်တယ်သာ ပြောတာ တောင့်ခံထားတုန်းပဲ"
"ဘာကြောင့်မှန်းမသိပေမယ့် ဝူထုန်တောင်က ဇာမဏီမျိုးနွယ်တွေကိုကြည့်ရတာ တစ်ခုခု မူမမှန်သလိုပဲ"
"မဟုတ်ဘူး ၊ လောလောဆယ် ကျုပ်ကြားတာတော့ ဝူထုန်တောင်က နတ်လူသားမျိုးနွယ်တွေကို ပြန်ပြီး ဖိနှိပ်လာတယ်တဲ့ ၊ ကြည့်ရတာ ထူးခြားတဲ့ပုဂ္ဂိုလ်အချို့ ဝင်ရောက်လာပုံရတယ် ၊ မကြာခင် နတ်လူသားမျိုးနွယ်တွေ သူတို့ကို ဝိုင်းထားတာကို ထိုးဖောက်ထွက်နိုင်တော့မယ် ထင်တယ်"
"အဲဒီလောက်တိုက်နေမှတော့ အဲဒီအုပ်စု (၂)စုလုံး မျိုးပြုတ်သွားမှာ စိုးရတယ်"
"ဒါကတော့ နတ်မိစ္ဆာတွေလည်း ဆက်တိုက် တိုက်ခိုက်နေကြတာပဲလေ ၊ အခုတော့ နတ်မိစ္ဆာတွေနဲ့ တစ္ဆေတိုင်းပြည် တိုက်ပွဲမှာ တစ္ဆေတိုင်းပြည်ဘက် အသာစီးရနေတယ်တဲ့"
"တစ္ဆေတိုင်းပြည်ဆိုမှ သတိရတယ် ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအကြောင်း မင်းတို့တွေ ကြားလိုက်ကြသေးလား"
ကျန်းလန် : "…………"
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" အကြောင်း ရောက်လာသည့်အခါ ကျန်းလန်က ထွက်မသွားဘဲ ဆက်လက်နားထောင်နေခဲ့သည်။
"ကျုပ်ကြားတာတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက တစ္ဆေတိုင်းပြည်ကို စောင့်ရှောက်နေတဲ့သူဆိုပဲကွ ၊ နတ်မိစ္ဆာတွေနဲ့တိုက်ပွဲမှာ တစ္ဆေတိုင်းပြည်ဘက်က အသက်ရှူချောင်သွားတာ အဲဒီနတ်ဘုရားက ကူညီလို့တဲ့"
"ငါလေး တစ္ဆေတိုင်းပြည်မှာ အတော်လေး နာမည်ကြီးနေတာပဲ" ဟု ကျန်းလန်တွေးလိုက်သည်။
ထိုစဉ် တပည့်တစ်ယောက်က ပြောလိုက်၏။
"ပိုပြီးကြောက်စရာကောင်းတာက အဲဒီ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ကျုပ်တို့ ခွန်လွန်တောင်ကတဲ့ကွ"
"အဲဒီသတင်းတော့ တစ်ခါမှ မကြားဖူးဘူး ၊ သတင်းအသစ်လား"
"ဘယ်သိနိုင်မလဲ… ၊ ကဲ တခြားအကြောင်း ပြောရအောင် ၊ ချီလင်မျိုးနွယ်တွေကလည်း အရှေ့ဘက်စွန့်ပစ်နယ်မြေတစ်ခုလုံး လှည့်လည်ပြီး ဘယ်သူ့ကိုတိုက်ခိုက်ရမလဲ ရှာဖွေနေတယ်တဲ့ ၊ အဲဒီသတင်း အမှန်လားဆိုတာ သိချင်နေတာ"
"အရှေ့ဘက်ပိုင်းက အရမ်းဝေးလွန်းတော့ သတင်းတွေက နှေးတယ် ၊ သေသေချာချာ မသိနိုင်ဘူး"
စကားများကို နားထောင်ပြီး ကျန်းလန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤသတင်းများအရဆိုလျှင် နေရာအနှံ့တိုက်ပွဲတွေ ဖြစ်နေသည်ပဲ။
အင်အားစုများအားလုံးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့် နတ်ဘုရားရာထူးကို ရှာဖွေရန်အတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသူများမှာ နတ်မိစ္ဆာများနှင့် ခွန်လွန်တောင်သာလျှင် ရှိသည်။
နဂါးများကတော့ ဆက်လက်တိုက်ပွဲဝင်ခြင်း မရှိသည့်တိုင် နတ်ဘုရားရာထူးတစ်ခု ရရှိထားပြီးပြီလား ၊ မရရှိသေးဘူးလား ဆိုသည်က ပြောရန်ခက်သည်။
သို့သော် သူတို့အနေဖြင့် နတ်မိစ္ဆာများလောက်တော့ လျှင်မြန်နိုင်မည် မဟုတ်ပေ။