အလယ်ပိုင်းကောင်းကင်ဘုံ သိုင်းလောကနှင့် ကုကျိုးနယ် သိုင်းလောက
Vol. 9 Ch. 81
လီချင်းချိုး၏တပည့်ဖြစ်လာပြီးနောက် ကျိယာ၏ ပါရမီ စတင်တောက်ပလာခဲ့သည်။ သူသည် ရံဖန်ရံခါဆိုသလို သိုင်းစင်မြင့်ထက်သို့ တက်ရောက်ကာ အခြားသူများနှင့် ယှဉ်ပြိုင်လေ့ရှိသည်။သူ့ရဲ့ သန်မာလှသော မူလချီစွမ်းအင်ကို အသုံးပြု၍ တိုက်ပွဲများစွာကို အနိုင်ယူခဲ့ပြီး ဂိုဏ်းချုပ်၏ တပည့်ရင်း ဖြစ်ထိုက်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဤအချက်က ဂိုဏ်းသားများကို ဂိုဏ်းချုပ်၏ လူရွေးချယ်မှု မှန်ကန်ကြောင်း နောက်တစ်ကြိမ် လေးစားအားကျသွားစေသည်။ ဂိုဏ်းချုပ် ရွေးချယ်လိုက်သူတိုင်းမှာ တစ်သောင်းတွင် တစ်ယောက်သာ ရှိတတ်သော ပါရမီရှင်များ ဖြစ်နေတတ်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။
နှင်းများ ပိုမိုသည်းထန်စွာ ကျဆင်းလာသော်လည်း လီချင်းချိုးမှာမူ တောင်ပေါ်လမ်းအတိုင်း လျှောက်လှမ်းရင်း စိတ်လက် ကြည်လင်နေသည်။
ဤကာလအတောအတွင်း ကျင့်ကြံပြီးနောက် သူသည် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာအပေါ် ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။ အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာသည် မူလချီစွမ်းအင်ကို တိုးပွားစေရုံသာမက ချီအငွေ့အသက်ကို ဖုံးကွယ်ခြင်း၊ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားခြင်းနှင့် ဝိညာဉ်ချီကို မူလချီအဖြစ် ပြောင်းလဲရာတွင် သာမန်လူထက် အဆများစွာ ပိုမိုမြန်ဆန်စေခြင်းတို့ကိုပါ ပြုလုပ်နိုင်ပေသည်။
ထို့အပြင် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာက သူ့ရဲ့ ဉာဏ်ပညာကို တိုးတက်စေခြင်း မရှိကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။
ဤရှုထောင့်မှ ကြည့်လျှင် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ မရှိလျှင်ပင် ကျိယာကိုယ်တိုင်က ထူးချွန်သော ပါရမီရှင် တစ်ယောက် ဖြစ်နေပေလိမ့်မည်။ သူ့ရဲ့ ပါရမီနှင့် ဉာဏ်ပညာတို့က သာမန်လူထက် များစွာသာလွန်နေသောကြောင့်သာ ဤခန္ဓာကိုယ်ကို ရရှိအောင် ဇွဲနပဲဖြင့် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်တန်ရာ၏။
လီချင်းချိုး တွေးတောရင်းဖြင့် တောင်ပေါ်သို့ ဆက်လက် တက်လာခဲ့သည်။
တောင်ပေါ်သို့ တက်သည့် ကျောက်သားလမ်းသို့ ရောက်သည်နှင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း လူများကို တွေ့နေရစမြဲပင်။
ဂိုဏ်းသားများနှင့် ဘုရားဖူးများအပြင် တောင်အောက်မှ လယ်သမားများသည်လည်း ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံများကို လာရောက်ပို့ဆောင်ကြသည်။ ချင်းရှောင်ဂိုဏ်းတွင် ကိုယ်ပိုင် လယ်မြေများ ရှိသော်လည်း တောင်ပေါ်သို့ လာရောက်သူ များပြားလာသည်နှင့်အမျှ စားနပ်ရိက္ခာ ထောက်ပံ့မှု မလုံလောက်တော့သဖြင့် ကျန်းယွီချွန်းမှာ တောင်အောက်သို့ ဆင်းကာ လယ်သမားများနှင့် အရောင်းအဝယ် ပြုလုပ်ရလေသည်။
ကျန်းယွီချွန်း ဤသို့ ပြုလုပ်ရခြင်းမှာ တောင်အောက်မှ လယ်သမားများနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန်နှင့် နောင်အနာဂတ်တွင် မြို့တည်ဆောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်သည်။
စီရင်စုမြို့တော် တိုက်ပွဲပြီးနောက် ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း အကြီးအကျယ် ကျော်ကြားလာခဲ့ပြီး နေ့စဉ်နှင့်အမျှ လူများစွာ တက်ရောက်လာကြသည်။ အချို့လူများက ချင်းရှောင်ဂိုဏ်းသားများကို ငွေပေးငှားရမ်းကာ အလုပ်ခိုင်းလိုလာကြသည်။ ယနေ့တွင် ဂျူနီယာမောင်နှမများနှင့် ဤကိစ္စကို ဆွေးနွေးရမည် ဖြစ်သည်။
နာရီဝက်ခန့် ကြာသောအခါ လီချင်းချိုး လင်းရှောင်ဝင်းအတွင်းသို့ ရောက်ရှိလာရာ ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့နှင့် လီစစ်ဖုန်းတို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။ လီစစ်ကျင်၊ ယန်ကျွယ်တိန်နှင့် ကျန်းယွီတို့မှာလည်း အကြာကြီးကတည်းက စောင့်ဆိုင်းနေကြသည်။
ဝေတောက်ကျန့်၏ မှတ်ဉာဏ်များမှတဆင့် တာ့လီမင်းဆက်တွင် အခြားသော ကျင့်ကြံခြင်းဂိုဏ်းများ မရှိကြောင်း အတည်ပြုပြီးနောက် လီချင်းချိုးက ကျန်းကျောက်ရှားကို ပြန်ခေါ်လိုက်ပြီး ဝိညာဉ်ကျောက်တွင်းကို စောင့်ရှောက်ရန် တပည့်ရင်းများကို တာဝန်ပေးအပ်လိုက်သည်။ လီချင်းချိုးက ဝိညာဉ်ကျောက်တွင်း၌ ချင်ယဲ့တို့လို ယုံကြည်စိတ်ချရသည့် တပည့်များကိုလည်း ထားခဲ့လေသည်။
ကျိယာကို ရှုံးနိမ့်ပြီးနောက် ချင်ယဲ့ အကြီးအကျယ် စိတ်ဓာတ်ကျသွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရန်နှင့် ကျင့်ကြံရန်အတွက် အခွင့်အရေးယူကာ ဝိညာဉ်ကျောက်တွင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
လီချင်းချိုး ဝင်လာသည်ကို မြင်သောအခါ လူတိုင်း မတ်တတ်ရပ်လိုက်ကြသည်။
"ထိုင်ကြပါ..."
လီချင်းချိုးက ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့ကြားတွင် ဝင်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။
ယခု သူတို့ ဆွေးနွေးရမည့်အရာမှာ ချင်းရှောင်ဂိုဏ်း၏ ဖွဲ့စည်းပုံအကြောင်း ဖြစ်သည်။ ဤကိစ္စမှာ အရေးတကြီး လိုအပ်နေပြီး မစီမံဘဲထားပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။
အားလုံး ထိုင်ပြီးကြသောအခါ လီချင်းချိုးက သူတို့၏ အမြင်များကို တစ်ယောက်ချင်းစီ မေးမြန်းလေသည်။ ကျန်းယွီမှာ ရာထူးကြီးကြီးမားမား မရှိသော်လည်း သူတို့ သတ်မှတ်လိုက်သော ဖွဲ့စည်းပုံကို အသေးစိတ် မွမ်းမံရန်နှင့် စာအုပ်ထဲတွင် မှတ်တမ်းတင်ရန်အတွက် အဓိက ရောက်ရှိနေခြင်း ဖြစ်သည်။
သူတို့ ဤကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီး ယခုအကြိမ်တွင် အပြီးသတ် ဆုံးဖြတ်လိုက်ကြသည်။
နာရီဝက်ခန့် ကြာသောအခါ လီချင်းချိုးက ဂိုဏ်း၏ ဖွဲ့စည်းပုံကို အတည်ပြုလိုက်သည်။ နောက်ပိုင်းတွင် ၎င်းကို "ခန်းမကြီး ၇ ခု" ဟု အမည်ပေးခဲ့သည်။
ကုန့်လင်ခန်းမ(ဝိညာဉ်ထိန်းချုပ်ရေးခန်းမ)က ဂိုဏ်းသားစာရင်းနှင့် လူအင်အား ခွဲဝေမှုကဲ့သို့သော ကိစ္စရပ်များကို တာဝန်ယူရသည်။ ၎င်း၏ ခန်းမသခင်မှာ ကျန်းယွီချွန်း ဖြစ်သည်။
ကျီဖှာခန်းမ(စည်းကမ်းထိန်းသိမ်းရေးခန်းမ)က ဂိုဏ်းချုပ်၏ စည်းမျဉ်းများကို အကောင်အထည်ဖော်ရန်နှင့် အဖွဲ့ဝင်အားလုံး၏ အပြုအမူနှင့် နေထိုင်မှုပုံစံများကို ကြီးကြပ်ရန် တာဝန်ရှိသည်။ ၎င်း၏ ခန်းမသခင်မှာ ရွှီနင်း ဖြစ်သည်။
ချွမ်းကုန်းခန်းမ(ကျင့်ကြံခြင်းခန်းမ) သည် ဂိုဏ်းအတွင်းရှိ သိုင်းပညာ အရင်းအမြစ်အားလုံးကို စီမံခန့်ခွဲရန်နှင့် ကျမ်းစာမျှော်စင်ကို ကြီးကြပ်ရန် တာဝန်ရှိသည်။ နောက်ပိုင်းတွင် ဝိညာဉ်ဆေးပင်များလည်း ပါဝင်လာမည် ဖြစ်သည်။ ခန်းမသခင်မှာ လီစစ်ကျင် ဖြစ်သည်။
ရှီးလျန့်ခန်းမ(အတွေ့အကြုံရှာဖွေရေးခန်းမ)က တာဝန်များကို လက်ခံရန်နှင့် ဖြန့်ဝေရန် တာဝန်ရှိပြီး လီစစ်ဖုန်းက ဦးဆောင်မည်ဖြစ်သည်။
ထျန်းကုန်းခန်းမ(ကောင်းကင်လက်မှုပညာခန်းမ) သည် လက်နက်ကိရိယာ ထုတ်လုပ်ခြင်း၊ တည်ဆောက်ရေးနှင့် အခြား ဆက်စပ်ကိစ္စရပ်များကို တာဝန်ယူမည်။ နောက်ပိုင်းတွင် အစီအရင်နှင့် ဆေးဖော်စပ်ခြင်းတို့ကိုပါ လွှဲပြောင်းယူရမည် ဖြစ်သည်။ ကုန့်လင်ခန်းမသခင် ကျန်းယွီချွန်းကပင် ဤနေရာများကို တွဲဖက်တာဝန်ယူမည်ဖြစ်ပြီး သင့်တော်သောသူများကို နောက်မှ ရွေးချယ်မည် ဖြစ်သည်။
ကွမ်းယွမ်ခန်းမ(ဆက်ဆံရေးတိုးချဲ့မှုခန်းမ)သည် သံတမန်ရေးရာနှင့် ဂိုဏ်းအတွင်းရှိ အမျိုးမျိုးသော လှုပ်ရှားမှုများကို တာဝန်ယူသည်။ အနာဂတ်တွင် ဂိုဏ်းအတွင်း သိုင်းပြိုင်ပွဲများကိုလည်း ကျင်းပပေးရမည်။ ခန်းမ၏ စီမံခန့်ခွဲမှုနှင့် အကဲဖြတ်စနစ်ကို အချိန်နှင့်တစ်ပြေးညီ ချိန်ညှိရန် လိုအပ်သည်။ ခန်းမသခင်မှာ ယန်ကျွယ်တိန် ဖြစ်သည်။
လင်းစိုင်ခန်းမ(ဝိညာဉ်ဘဏ္ဍာရေးခန်းမ) သည် မင်္ဂလာနယ်မြေအတွက် ရရှိနိုင်သော နေရာအရေအတွက်နှင့် ဝိညာဉ်ကျောက်တုံး စာရင်းအင်းများ အပါအဝင် ဂိုဏ်း၏ ဘဏ္ဍာရေးကို တာဝန်ယူရမည်။ ခန်းမသခင်မှာ လီတုန်းယွဲ့ ဖြစ်သည်။
ခန်းမတစ်ခုစီတွင် ဒုတိယခန်းမသခင် တစ်ဦးနှင့် အကြီးအကဲ နှစ်ဦး ရှိနိုင်ပြီး တပည့် ၁၅ ဦးအထိ ခေါ်ယူခွင့်ရှိသည်။
ခန်းမကြီး ၇ ခုမှ တပည့်များ၏ လစာမှာ တစ်လလျှင် ကြေးပြား ၅ တွဲမှ ၁၀ တွဲအထိ ဖြစ်သည်။ အကြီးအကဲများမှာ ကြေးပြားအတွဲ ၅၀ မှ ၇၀ အထိ ရရှိကြသည်။ ခန်းမသခင်များနှင့် ဒုတိယခန်းမသခင်များ၏ လစာမှာ ကြေးပြားအတွဲ ၁၀၀ မှ ၂၀၀ ကြား ဖြစ်လေသည်။
ကြေးပြားတစ်တွဲလျှင် ကြေးဒင်္ဂါး တစ်ထောင်နှင့် ညီမျှသည်။ လက်ရှိကာလတွင် ကြေးဒင်္ဂါးဆယ်ပြားဆိုလျှင် ဆန်တစ်ပြည် ဝယ်၍ရသည်။
ဤသည်မှာ လောကီဆန်သော ခံစားခွင့်များသာ ဖြစ်သည်။ အနာဂတ်တွင် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆေးပင်များကိုပါ လစဉ်လစာတွင် ထည့်သွင်းပေးမည် ဖြစ်သည်။
သို့သော်လည်း ဤလစာပမာဏကပင် အရာရှိများစွာ၏ လစာထက် များပြားနေသဖြင့် တပည့်များကို စိတ်လှုပ်ရှားစေရန် လုံလောက်နေပေပြီ။
လီချင်းချိုးက ဂိုဏ်း၏ ကုသိုလ်မှတ်စနစ်ကိုလည်း စဉ်းစားနေသည်။ အဘယ်ကြောင့်ဆိုသော် မကြာမီကာလတွင် ချင်းရှောင်ဂိုဏ်းက လောကီကန့်သတ်ချက်များမှ ကင်းလွတ်သွားမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ငွေကြေးဟူသည် အဓိပ္ပာယ်မရှိတော့ဘဲ ဝိညာဉ်ကျောက်တုံးများကသာ ငွေကြေးအသစ် ဖြစ်လာလိမ့်မည်။
သို့သော် အဝေးကြီးထိ တွေးထားသည်များကို ရင်ထဲ၌သာ သိမ်းထားလိုက်သည်။ အသံထွက် ပြောလိုက်ပါက ပြဿနာ ဖြစ်လာနိုင်သဖြင့် လက်ရှိတွင် ဂိုဏ်း၏ အခြေခံဖွဲ့စည်းပုံ တည်ဆောက်ပြီးသည်နှင့် လုံလောက်ပြီဟု ယူဆထားသည်။
ခန်းမကြီး ၇ ခုကို တည်ထောင်ပြီးနောက် ကျန်းယွီက စာရွက်စာတမ်းများ ရေးသားကာ ကျန်းယွီချွန်းက စစ်ဆေးပြီး နောက်တစ်နေ့ မနက်စောစောတွင် ဂိုဏ်းတစ်ခုလုံး သိရှိစေရန် ကြေညာချက် ထုတ်ပြန်လိုက်သည်။ တပည့်များက ခန်းမတစ်ခုစီအတွက် စည်းကမ်းစာအုပ်များကို အသုတ်လိုက် ရေးသားကြရမည် ဖြစ်သဖြင့် အချိန်မရွေး ဖတ်ရှုနိုင်ကြမည် ဖြစ်သည်။
ခန်းမကြီး ၇ ခု ပေါ်ပေါက်လာသည်နှင့် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
တပည့်များမှာ သူတို့တွေ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနေကြမှန်း မသိကြပေ။ သူတို့ တောင်ပေါ်တက်လာခြင်းမှာ အသက်ရှည်ရန် မဟုတ်ဘဲ မိသားစုကို ထောက်ပံ့နိုင်ရန်နှင့် မိဘများကို စောင့်ရှောက်နိုင်ရန်အတွက် ပညာရပ်တစ်ခုခု တတ်မြောက်လို၍သာ ဖြစ်သည်။ ယခု တောင်ပေါ်တွင် သိုင်းပညာသင်ရင်း ငွေရှာနိုင်ပြီ ဆိုသောအခါ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
တောင်ပေါ်တွင် ငွေများစွာ မလိုအပ်လျှင်ပင် သူတို့၏ မိသားစုထံသို့ ပြန်လည်ပေးပို့နိုင်ပေသည်။
လစဉ်လစာကို ကြေညာလိုက်သည်နှင့် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လိုသူ အရေအတွက် သိသိသာသာ တိုးလာခဲ့သည်။ သူတို့၏ စိတ်ထဲတွင် ချင်းရှောင်တောင်ပေါ်၌ နေထိုင်ခြင်းက တောင်အောက်သို့ ဆင်းသွားခြင်းထက် အလားအလာ ပိုကောင်းသည်ဟု ယူဆလာကြသည်။
ဂိုဏ်းဘက်ကလည်း တပည့်များ၏ အတိတ်က စွမ်းဆောင်ရည်များအပေါ် မူတည်၍လည်း ငွေကြေး ချီးမြှင့်မည် ဖြစ်သည်။ တပည့်များက ကုန့်လင်ခန်းမသို့ သွားရောက်၍ ကုသိုလ်မှတ်တမ်း စာရွက်စာတမ်း လျှောက်ထားနိုင်ပြီး ထိုစာရွက်စာတမ်းဖြင့် လင်းစိုင်ခန်းမတွင် ငွေသွားရောက် ထုတ်ယူနိုင်လေသည်။
ဤအချိန်တွင် ချင်းရှောင်ဂိုဏ်း၏ ဘဏ္ဍာငွေများ စတင် လည်ပတ်လာပြီ ဖြစ်သည်။ ငွေကြေးများစွာ သုံးစွဲလိုက်ရပုံ ပေါက်သော်လည်း တပည့်များ၏ စိတ်အားထက်သန်မှု မြင့်တက်လာခြင်းက ဂိုဏ်းအတွက် အကျိုးအမြတ် ပိုမိုရရှိစေလိမ့်မည်။
ရှီးလျန့်ခန်းမက ပြင်ပလူများအတွက် ပထမဆုံး ဖွင့်လှစ်ပေးလိုက်သော ဌာနဖြစ်ပြီး ချင်းရှောင်ဂိုဏ်းသားများကို ငှားရမ်းလိုသူများ ဝိုင်းအုံလာကြသည်။ သို့သော် ချင်းရှောင်ဂိုဏ်းက တာဝန်အားလုံးကို လက်မခံပေ။ ရှီးလျန့်ခန်းမက တပည့်များကို တင်းကျပ်စွာ စစ်ဆေးပြီးမှသာ မကောင်းမှု တိုးပွားစေမည့် ကိစ္စများနှင့် အမည်မသိ အန္တရာယ်များပါဝင်သော ကိစ္စများတွင် မပါဝင်စေရန် တားဆီးထားသည်။
ခန်းမကြီး ၇ ခု သတင်း ပြန့်နှံ့သွားသောအခါ ဧည့်သည်များစွာက ချင်းရှောင်ဂိုဏ်း တကယ့်ကို တိုးတက်တော့မည်ဟု ပြောဆိုနေကြလေသည်။
"ခန်းမကြီး ၇ ခုရဲ့ အာဏာခွဲဝေမှုက တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်... ဂိုဏ်းသားတွေ များလာတာနဲ့အမျှ အာဏာခွဲဝေဖို့ လိုအပ်လာတာပဲ... မဟုတ်ရင် ပြဿနာတက်ဖို့ လွယ်တယ်..."ဟု ကျူးယန်က တီးတိုး ချီးကျူးလိုက်သည်။
သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စုရှီးလင်က မရယ်ဘဲ မနေနိုင်တော့ချေ။
"သခင်မလေး... ကျွန်မတို့ ဒီမှာနေတာ နှစ်တွေအများကြီး ကြာနေပြီ... ဘာလို့ ချင်းရှောင်ဂိုဏ်းထဲ မဝင်တာလဲ..."
ကျူးယန်က ပြုံးလိုက်ပြီး….
"ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းကို အနိုင်ယူပြီး ပြည်သူတွေကို ကယ်တင်ခဲ့တာဆိုတော့ တကယ်ကို ဝင်သင့်တဲ့ ဂိုဏ်းပါ... ဒါပေမဲ့ ကျွန်မတို့က ဝင်ချင်ပါတယ်လို့ တဲ့တိုးကြီး ပြောဖို့ မသင့်တော်ဘူး... သူတို့ လက်ခံမခံ ဆိုတာထက် အဲဒီလိုလုပ်တာက ကိုယ့်ဂုဏ်ကိုယ် ဖော်သလို ဖြစ်နေလိမ့်မယ်... ဒီလိုလုပ်... ရှင် တောင်အောက်ကို ဆင်းပြီး ကျွန်မရဲ့ စာအုပ်တွေနဲ့ သိုင်းကျမ်းတွေကို ယူလာခဲ့... ချင်းရှောင်ဂိုဏ်းကို လှူလိုက်မယ်... ပြီးတော့ ကျွန်မ ကျူးယန် ချင်းရှောင်ဂိုဏ်းကို ဝင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းလွှင့်လိုက်..."
စုရှီးလင် အံ့သြသွားသည်။ သခင်မလေး ဤမျှအထိ အားစိုက်ထုတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤသည်မှာ သူမ၏ နာမည်ဂုဏ်သတင်းကို ချင်းရှောင်ဂိုဏ်းထံ ပုံအောပေးလိုက်ခြင်းနှင့် တူညီနေသည်။
သို့သော် ကျူးယန်က လောကီအရှုပ်အထွေးများနှင့် ဂုဏ်ူးဂုဏ်ပြိုင်မှုများကို ငြီးငွေ့နေပြီဖြစ်သဖြင့် သူမ မကန့်ကွက်တော့ပေ။
သခင်နှင့် အစေခံတို့ ခေတ္တမျှ စကားပြောပြီးနောက် စုရှီးလင်သက ပစ္စည်းများ သိမ်းဆည်းရန် သူမ၏ အခန်းသို့ ပြန်သွားလေသည်။
ထိုနှစ်၏ ကြမ်းတမ်းသော ဆောင်းရာသီကပင် ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မတားဆီးနိုင်ခဲ့ပေ။
နှစ်ကုန်ခါနီးတွင် ချင်းရှောင်ဂိုဏ်း၏ တပည့်အရေအတွက် ၄၅၀ အထိ ရောက်ရှိလာပြီး တားဆီးမရနိုင်သော တိုးတက်မှု အရှိန်အဟုန်ကို ပြသနေသည်။
လူများလာသည်နှင့်အမျှ နွေဦးပွဲတော်သည်လည်း သဘာဝကျစွာပင် ပိုမိုစည်ကား သိုက်မြိုက်လာသည်။
စုရှီးလင် ပြန်ရောက်လာပြီးနောက် သူမနှင့် ကျူးယန်တို့ လီချင်းချိုးကို သွားရောက်တွေ့ဆုံကာ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လိုကြောင်း ပြောကြားပြီး သူတို့၏ အဖိုးတန် စာအုပ်များကို ပေးအပ်လိုက်ကြသည်။
လီချင်းချိုးကလည်း ငြင်းပယ်ခြင်း မရှိပေ။ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာသော တပည့်သစ်များက သိုင်းပညာ သင်ယူရုံသာမက စာပေပါ လေ့လာကြရသည်။ တောင်ပေါ်တွင် ဆရာအချို့ ငှားရမ်းထားပြီး ဖြစ်သော်လည်း လုံလောက်မှု မရှိသေးချေ။
ကျူးယန်က ထင်ရှားကျော်ကြားသော ပညာရှင်တစ်ဦး ဖြစ်ပြီး သူမ ပါဝင်လာခြင်းက စာပေပညာရှင်များစွာကို ဆွဲဆောင်နိုင်လိမ့်မည်။ ထို့အပြင် စာအုပ်ဟူသည် မည်မျှရှိရှိ မများလွန်းလှပေ။ တာ့လီမင်းဆက်တွင် ကောင်းမွန်သော စာအုပ်များက တန်ဖိုးကြီးမားပြီး မင်းမှုထမ်း မျိုးနွယ်ကြီးများစွာတို့က စာပေအမွေအနှစ်များကြောင့်သာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ ကျောင်းမနေဖူးကြဘဲ စာမတတ်ကြချေ။
စာဖတ်ခြင်းက စိတ်ကို ကျယ်ပြန့်စေပြီး ဉာဏ်ပညာကို တိုးတက်စေသည်။ လီချင်းချိုးအတွက် ဖန်တီးနိုင်စွမ်း ရှိသော ထိုးထွင်းသိမြင်နိုင်သည့် စိတ်ဓာတ်ပိုင်ရှင်များကို လိုအပ်နေသည်။
ချင်းရှောင်ဂိုဏ်းနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့သော ကျော်ကြားသည့် ပညာရှင်တစ်ဦးက ဂိုဏ်းသို့ ရောက်လာသည်နှင့် စာအုပ်များနှင့် သိုင်းကျမ်းများစွာကို လက်ဆောင်ပေးခဲ့သလို၊ သိုင်းလောက၏ နယ်ပယ်တစ်ခုသို့ ရောက်ရှိနေသော ကျွမ်းကျင်သူလည်း ပါလာသဖြင့် ကျူးယန်က လီချင်းချိုး၏ လေးစားမှုကို ရထိုက်ပေသည်။
ထို့ကြောင့် လီချင်းချိုးက ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ကျူးယန်ကို ထျန်းကုန်းခန်းမ၏ ခန်းမသခင်အဖြစ် ခန့်အပ်လိုက်သည်။ ကျန်းယွီချွန်းမှာ ခန်းမနှစ်ခုလုံးကို တစ်ပြိုင်နက် ကိုင်တွယ်ရန် အလုပ်များလွန်းသဖြင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။
ထိုနေ့မှာပင် လီချင်းချိုးက ကျန်းယွီချွန်းကို သတင်းဖြန့်ခိုင်းလိုက်သည်။ ဂိုဏ်းသားများမှာ ထွေထွေထူးထူး မခံစားရသော်လည်း တောင်ပေါ်ရှိ ဘုရားဖူးများမှာမူ အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ကျော်ကြားသော ပညာရှင်တစ်ဦး ဖြစ်လာရန် ပါရမီတစ်ခုတည်းနှင့် မလုံလောက်ဘဲ ဂုဏ်သိက္ခာရှိသော နောက်ခံမျိုးရိုးလည်း ရှိရန် လိုအပ်သည်။ ကျူးမိသားစုက ကမ္ဘာကျော် မင်းမှုထမ်းမျိုးနွယ်ကြီး တစ်ခုဖြစ်သည်။ ကျူးမိသားစုက ချင်းရှောင်ဂိုဏ်းကို ထောက်ခံလိုက်ခြင်းသည် အခြားသော မင်းမှုထမ်းမျိုးနွယ်များကိုလည်း စိုးရိမ်စိတ်များ ဘေးဖယ်ကာ လာရောက် ရင်းနှီးမြှုပ်နှံစေလိမ့်မည်။
ခန်းမကြီး ၇ ခုအတွက် လီချင်းချိုး ပေးထားသော မြင့်မားသည့် လစာငွေများကို မအံ့သြပါနှင့်။ ၎င်းသည် ချင်းရှောင်ဂိုဏ်းအတွက် ငွေကြေး အနည်းငယ်မျှသာ ဖြစ်သည်။ လက်ရှိတွင် ချင်းရှောင်ဂိုဏ်းအား ငွေလာပေးလိုသူများ အလွန်များပြားနေပေသည်။
နွေဦးပွဲတော် ပြီးသွားသောအခါ ချင်းရှောင်ဂိုဏ်းတွင် ပျော်ရွှင်ဖွယ်ရာ အခါသမယတစ်ခုကို ကျင်းပနေသည်။
ကျန်းယန်မြို့တော်မှ အရာရှိတစ်ဦး ရောက်ရှိလာပြီး တပည့်များနှင့် ဘုရားဖူးများစွာ၏ ရှေ့မှောက်တွင် ဧကရာဇ်၏ အမိန့်တော်ကို ဖတ်ကြားလေသည်။ ဧကရာဇ်က ချင်းရှောင်ဂိုဏ်း၏ လုပ်ရပ်များကို သိရှိပြီး ချင်းရှောင်ဂိုဏ်းအား ကုကျိုးစီရင်စု၏ နံပါတ်တစ်ဂိုဏ်းအဖြစ် သတ်မှတ်ကာ ရွှေတုံး တစ်သောင်း ဆုချီးမြှင့်လိုက်သည်။
ထို့အပြင် အရာရှိက "ကုကျိုးစီရင်စု၏ နံပါတ်တစ်ဂိုဏ်း" ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကိုလည်း သယ်ဆောင်လာပြီး အရာရှိ၏ ပြောစကားအရ ထိုစာသားကို ရေးသားသူမှာ လက်ရှိ ဧကရာဇ်ကိုယ်တိုင် ဖြစ်ကြောင်း သိရသည်။
ဤစကားကို ကြားပြီး ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ ဘေးမှ ကြည့်ရှုသူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
အရာရှိများကို ဧည့်ခံရန် တာဝန်ယူထားသော ကျန်းယွီချွန်းက ချက်ချင်းပင် ဦးညွှတ်ကာ ဧကရာဇ်၏ ကျေးဇူးတော်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။ သူသည် ဧကရာဇ်ကို မုန်းတီးသော်လည်း ချင်းရှောင်ဂိုဏ်းအတွက် ပြဿနာ မဖြစ်စေရန် လူအများရှေ့တွင် ယဉ်ကျေးစွာ ပြုမူရလေသည်။
"ငါက ကျင်းဝူအစောင့်တပ်က ကောကျီယန်ပဲ... ငါ အသက်သုံးနှစ်ကတည်းက သိုင်းကျင့်လာတာ အခုဆို နှစ်ပေါင်းသုံးဆယ် ရှိပြီ... ချင်းရှောင်ဂိုဏ်းအကြောင်း ကြားဖူးတယ်... ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်း သိုင်းပညာကို ပိုင်ဆိုင်ထားတယ်ဆိုလို့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ချင်တယ်... မိတ်ဆွေချင်း ယှဉ်ပြိုင်ကြမယ်လေ... အသက်အန္တရာယ် မထိခိုက်စေရဘူး... ကျင်းထျန်း သိုင်းလောကနဲ့ ကုကျိုးစီရင်စု သိုင်းလောက ဘယ်လောက်ကွာခြားလဲ ဆိုတာ သိချင်ရုံ သက်သက်ပါ..."
ခရမ်းရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသ ရုတ်တရက် ရှေ့သို့ ထွက်လာပြီး လူရာပေါင်းများစွာ ကြားနိုင်လောက်သည့် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းယွီချွန်း ထိုလူကို စောစောကတည်းက သတိထားမိသည်။ ထိုလူ၏ စွမ်းရည်မှာ နက်ရှိုင်းလွန်းသဖြင့် လျစ်လျူရှုထား၍ မရနိုင်ပေ။
ထင်ထားသည့်အတိုင်းပင် ထိုလူ ထွက်လာခဲ့လေပြီ။
ထိုစကားများကြောင့် ပွက်လောရိုက်သွားကြသည်။ ဧကရာဇ်၏ ဆုလာဘ် ပေးအပ်ပြီးကာစ ရှိသေးသည်၊ တစ်စုံတစ်ယောက်က ချင်းရှောင်ဂိုဏ်းချုပ်ကို စိန်ခေါ်လာပြီ။ ဒါ ဘာသဘောလဲ။
လူအများစုက ကျင်းဝူအစောင့်တပ် အကြောင်း မကြားဖူးကြသော်လည်း နာမည်ကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်ပုံရသည်။
ကောကျီယန်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်က…
"လီချင်းချိုး ဘယ်မှာလဲ..."