← Chapters

ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်

Vol. 9 Ch. 83

ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်

Vol. 9 Ch. 83

"ခင်ဗျားတို့ ချင်မိသားစုက ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးလား..." ကျန်းယွီချွန်းက နားမလည်နိုင်စွာ မေးလိုက်သည်။

ချင်ကျွယ်ဆီမှ သတင်းကို ကြားပြီးနောက် သူ စိတ်ဝင်စားသွားသည်။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်က ချင်းရှောင်ဂိုဏ်းအတွက် ဆေးဖော်စပ်ခြင်းအရာ၌ ပါရမီရှိသူများကို လိုအပ်ကြောင်း အကြိမ်ကြိမ် ပြောဖူးပြီး ဆေးဖော်စပ်တတ်သည့် မှော်ဆရာများ ရှိလျှင် စောင့်ကြည့်ထားရန် မှာကြားထားသောကြောင့် ဖြစ်သည်။

သို့သော် တကယ်တမ်း ဆေးဖော်စပ်တတ်သူ မများလှချေ။ အများစုမှာ လိမ်လည်လှည့်ဖြားသူများသာ ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကျန်းယွီချွန်းလည်း ဤကိစ္စကို လက်လျှော့လိုက်သည်။

အခု ကြည့်စမ်း... အလကား ရောက်လာတာပဲ...

ချင်ကျွယ်က မဲ့ပြုံး ပြုံးလိုက်ပြီး….

"ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်ကို ပစ်မှတ်ထားတဲ့ အင်အားစုတွေက ကျွန်တော်တို့ ချင်မိသားစု ကိုင်တွယ်နိုင်တဲ့ အရာလို့ ခင်ဗျား ထင်နေလား... ကျွန်တော်တို့ သေသေချာချာ စဉ်းစားပြီးပြီ... ချင်းရှောင်ဂိုဏ်းကပဲ ဒီကိစ္စကို ကိုင်တွယ်နိုင်မယ်လို့ ခံစားရတယ်... ဒါ့အပြင် ချင်းရှောင်ဂိုဏ်းက တာအိုဂိုဏ်းဆိုတော့ ဆေးဖော်စပ်ခြင်းကို စိတ်ဝင်စားမှာပဲ..."

ကျန်းယွီချွန်း ချက်ချင်း သဘောမတူသေးသလို လီချင်းချိုး၏ လိုအပ်ချက်ကိုလည်း ထုတ်မပြောပေ။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး …

"သူ့သမီးကို ဘယ်သူ ဖမ်းသွားတာလဲ သိလား..."

လင်းချွမ်ဒေသက ချွေ့မိသားစု...

ချင်ကျွယ်၏ မျက်နှာထား တည်ကြည်သွားပြီး ထိုစကားလုံး လေးလုံးကိုသာ ပြောလိုက်သည်။

လင်းချွမ်ဒေသက ကျင်းထျန်းတွင် တည်ရှိကာ ကျန်းယန်မြို့တော် အတွင်း၌ မရှိသော်လည်း ကြွယ်ဝသော သမိုင်းအမွေအနှစ်များ ရှိသည်။ထိုဒေသ၌ လွန်ခဲ့သော မင်းဆက်လေးဆက်တွင် ဝန်ကြီးချုပ်များနှင့် စစ်သူကြီးများ ထွက်ပေါ်ခဲ့ဖူးသဖြင့် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသည့် ထင်ရှားသော မင်းမှုထမ်းမျိုးနွယ် ဖြစ်သည်။

ယနေ့ခေတ်တွင် လင်းချွမ်၌ လီ၊ ထန်၊ ချွေ့နှင့် ချိုက် ဟူ၍ အဓိက မင်းမှုထမ်းမျိုးနွယ်ကြီး လေးခု ရှိသည်။ လေးခုစလုံးက နိုင်ငံတော် တည်ထောင်မှုအပေါ် ကျေးဇူးရှိခဲ့ကြပြီး သူတို့၏ အာဏာက ဧကရာဇ်၏ ဆွေမျိုးများထက်ပင် သာလွန်ပေသည်။

ချွေ့မိသားစု အမည်ကို ကြားသောအခါ ကျန်းယွီချွန်း မျက်မှောင်ကြုံလိုက်မိသည်။

ချွေ့မိသားစု၏ အာဏာက သာမန်လူများ ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့တွင် ကမ္ဘာ့ပြည်နယ်တိုင်းနှင့် ဒေသတိုင်း၌ အကိုင်းအခက်များ ရှိကြသည်။ သူတို့ကို ရန်စမိခြင်းက တကယ့်ကို ကြီးလေးသော ကိစ္စပင်။

"ဒီကိစ္စကို ကျွန်တော်တို့ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးဖို့ လိုတယ်..."ဟုသာ ကျန်းယွီချွန်းက လေးနက်စွာ ပြောလိုက်သည်။

ချင်ကျွယ်လည်း ဒီကိစ္စနှင့်ပတ်သတ်ပြီး ကန့်ကွက်စရာ မရှိပေ။

စကားအနည်းငယ် ထပ်ပြောပြီးနောက် နှစ်ယောက်သား ကုန့်လင်ခန်းမမှ အတူထွက်လာခဲ့ကြသည်။

ကျန်းယွီချွန်း လင်းရှောင်ဝင်းတွင် လီချင်းချိုးကို စောင့်နေခဲ့ရာ ညနေပိုင်းအထိ ကြာမြင့်သွားသည်။ လီချင်းချိုး ပြန်ရောက်လာပြီးနောက် သူ ချက်ချင်း စကားမပြောသေးပေ။ ညစာစားပြီးမှသာ နှစ်ယောက်သား အတွင်းသို့ ဝင်၍ စကားပြောကြသည်။

ထိုင်ပြီးသောအခါ ကျန်းယွီချွန်းက ချင်ကျွယ် ပြောခဲ့သည်များကို ပြန်ပြောပြလေသည်။

"ငါတို့ လက်ခံသင့်တယ်လို့ မင်း ထင်လား..."

ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်က မသေဆေးကို ဖော်စပ်နိုင်ချင်မှ ဖော်စပ်နိုင်လိမ့်မည်။ ပါရမီရှင် ဖြစ်ခြင်းသည် အောင်မြင်နိုင်ခြေ ပိုများခြင်းကိုသာ ဆိုလိုသည်။

ကျန်းယွီချွန်းက ….

"လက်ခံသင့်ပါတယ်... ချွေ့မိသားစုက အင်အားကြီးပေမဲ့ ဒီလောကမှာ အကျိုးစီးပွားအတွက်ဆိုရင် တိုက်ခိုက်ရမှာပဲ... ဒါ့အပြင် ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်က လက်ရှိမှာ တစ်ခုတည်း ရှိတာ... ကျွန်တော်တို့ လက်လွှတ်လိုက်ရင် နောက်ထပ် ဘယ်နှစ်နှစ် စောင့်ရမလဲ မသိဘူး... ဒါမှမဟုတ် နောက်ထပ် ရှိချင်မှ ရှိတော့မှာ..."

"..."

"ကျွန်တော်တို့ ထည့်စဉ်းစားရမယ့် တစ်ခုတည်းသော အချက်က ချွေ့မိသားစုက ကိုယ့်အကျိုးစီးပွားအတွက် လုပ်တာလား... ဧကရာဇ်အတွက် လုပ်တာလား ဆိုတာပဲ... ကုကျိုးစီရင်စုမှာ နတ်ဆိုးဂိုဏ်း ရှုံးနိမ့်ပြီးနောက်ပိုင်း ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်လည်း အလိုက်ခံနေရတယ်... ဒါ တိုက်ဆိုင်မှုလို့ မထင်ဘူး... ဒီကိစ္စကို လက်ခံရင်တောင် ကိုယ့်အထောက်အထားကို ဖော်ပြလို့ မဖြစ်ဘူး..."

လီချင်းချိုးသည်လည်း ဤဖြစ်ရပ်၏ အချိန်ကာလက ဧကရာဇ်နှင့် သက်ဆိုင်နိုင်သည်ဟု ခံစားမိသည်။

"ဒါဆို မင်း စီစဉ်လိုက်ပါ... တကယ်လို့ ဧကရာဇ်ရဲ့ လက်ချက်သာဆိုရင် ငါတို့ ဝင်ပါတာက အပြစ်မဲ့တဲ့ လူအများကြီးကို ကယ်တင်ရာ ရောက်နိုင်တယ်... ဒီကိစ္စအတွက် တပည့်တွေ အများကြီး မလွှတ်နိုင်ဘူး... တတိယဂျူနီယာညီလေးကို ဦးဆောင်ခိုင်းလိုက်... ဒါပေမဲ့ သူ့ရဲ့ ဓားသမားတစ်ဆယ့်သုံးယောက်ကို ခေါ်သွားလို့ မဖြစ်ဘူး... အရမ်း ထင်ရှားလွန်းတယ်..."ဟု လီချင်းချိုးက တွေးတွေးဆဆဖြင့် ပြောဆိုလိုက်သည်။

ကျန်းယွီချွန်းကလည်း ခေါင်းညိတ်ပြီး ….

"ကျွန်တော် ဆဋ္ဌမဂျူနီယာညီလေးကို ထည့်ပေးလိုက်ဖို့ စိတ်ကူးထားတယ်... သူ တာဝန်ပိုယူရမယ့် အချိန်ရောက်ပြီ... သူလည်း ဆယ့်ရှစ်နှစ် ပြည့်တော့မယ်... သူ့သိုင်းပညာကလည်း မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရောက်နေပြီ... စတုတ္ထအဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး..."

လီချင်းချိုး ကန့်ကွက်စရာ မရှိပေ။ လီစစ်ဖုန်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသည်မှာ သေချာသလို ကျန်းကျောက်ရှားလည်း ပါသွားမည် ဖြစ်သည်။

ရှီးလျန့်ခန်းမမှာ တစ်နေကုန် ပျင်းနေမယ့်အစား ဒီကောင်လေး အပြင်ထွက်ပြီး အတွေ့အကြုံယူတာ ကောင်းတယ်...

ကိစ္စပြီးပြတ်သွားသောအခါ ကျန်းယွီချွန်း ထွက်သွားပြီး ကျန်းကျောက်ရှားနှင့် လီစစ်ဖုန်းတို့ကို တစ်ယောက်ချင်းစီ အကြောင်းကြားရန် ပြင်ဆင်လေသည်။

နောက်တစ်နေ့ မနက်တွင် ကျန်းကျောက်ရှားနှင့် လီစစ်ဖုန်းတို့ ရုပ်ဖျက်ကာ ချင်ကျွယ်နောက်သို့ လိုက်ပါသွားကြပြီး မည်သူ့ကိုမျှ အနှောင့်အယှက် မပေးခဲ့ကြပေ။

လီချင်းချိုးကလည်း ကျန်းကျောက်ရှားတို့ကို အလွန် စိတ်ချနေသည်။ တစ်ခုတည်းသော အန္တရာယ်မှာ သူတို့၏ အထောက်အထား ပေါက်ကြားသွားနိုင်ခြင်းသာ ဖြစ်သည်။

အကယ်၍ ပေါက်ကြားသွားလျှင်လည်း လာသမျှကို ရင်ဆိုင်ရုံသာ ရှိသည်။

ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းကို အနိုင်ယူပြီး နတ်ဆိုးဧကရာဇ်ကိုပင် သတ်ဖြတ်ခဲ့သည်။ ဤလုပ်ရပ်များက ချင်းရှောင်ဂိုဏ်းကို ဧကရာဇ်၏ ဆန့်ကျင်ဘက်တွင် ရောက်ရှိစေခဲ့သည်။ သို့သော် ချင်းရှောင်ဂိုဏ်းက အလွန်ကျော်ကြားပြီး တရားမျှတမှု၏ အရှိန်အဝါကို ရရှိထားသဖြင့် ဧကရာဇ်ဘက် ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားရဲခြင်း မရှိပေ။ ထို့အစား ချင်းရှောင်ဂိုဏ်းကို ချီးကျူးဂုဏ်ပြုကာ ကမ္ဘာလောကကို သူ့ရဲ့ ဉာဏ်ပညာကြီးမားကြောင်း ပြသခဲ့ရသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူများက ဤကိစ္စကို မေ့လျော့သွားကြသောအခါ ဧကရာဇ်က ချင်းရှောင်ဂိုဏ်းကို သေချာပေါက် အရေးယူလိမ့်မည်။

လီချင်းချိုး လုပ်နိုင်သည်မှာ ချင်းရှောင်ဂိုဏ်းကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။

ထို့ကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်မည့် တပည့်တစ်သုတ်ကို မွေးထုတ်ပေးရန် စီစဉ်ထားသည်။

လီချင်းချိုးက ချန်ချန်းဟိုင်၊ ရွှယ်ကျင်း၊ ချိုင်ယွင်ရှန်း၊ လျူယန်နှင့် အခြားသူများ ကြီးပြင်းလာမည်ကို စောင့်မျှော်နေသည်။

ကျင့်ကြံမှုအဆင့် အလွန်မြင့်စရာ မလိုပေ၊ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိလျှင်ပင် သိုင်းလောက တစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်နေပြီ ဖြစ်သည်။

နွေနှင့် ဆောင်း ကုန်ဆုံးသွားပြီး နှစ်ဝက်အတွင်း ချင်းရှောင်ဂိုဏ်းတွင် မည်သည့် ပြဿနာမျှ မကြုံတွေ့ခဲ့ရပေ။

ထိုနှစ်တွင် လီချင်းချိုးမှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံး ဂျူနီယာညီမလေး လီစစ်ကျင်မှာ ၁၆ နှစ် ရှိပြီဖြစ်သည်။

ချင်းရှောင်ဂိုဏ်းသားများပ ငယ်ရွယ်ပုံပေါက်နေဆဲ ဖြစ်သော်လည်း အတိတ်နှင့် ယှဉ်လျှင် ရိုးအခြင်းများ ပျောက်ကွယ်သွားပြီး ရင့်ကျက်မှု ပိုမို ပြသလာပြီ ဖြစ်သည်။

ဝိညာဉ်တစ်ထောင်သစ်ပင် အောက်တွင် လီချင်းချိုးနှင့် ဝူမန်အာတို့ ယှဉ်ပြိုင်နေကြပြီး လီတုန်းယွဲ့နှင့် ချိုင်ယွင်ရှန်းတို့က လေ့ကျင့်ရင်း တိုက်ပွဲကို ကြည့်ရှုနေကြသည်။

ဝူမန်အာက မကြာသေးမီကပင် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုအခါ ကောင်းကင်ဘုံကိုးခုမျိုးဆက်လက်ဝါးကို ထုတ်သုံးလိုက်သောအခါ အလွန်အမင်း အစွမ်းထက်လှသည်။ ၁၀ ပေအကွာတွင်ရပ်နေသော လီတုန်းယွဲ့နှင့် အခြားလူများပင် စူးရှသော လေပြင်းကို ခံစားနေကြရသည်။

လီတုန်းယွဲ့က လက်ရှိတွင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်၌သာ ရှိနေသည်။ သူမ၏ တိုးတက်မှုမှာ သိပ်မမြန်လှသော်လည်း သိုင်းလောကတွင် ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ သူမ၏ အစွမ်းကို ထုတ်ပြရန် အခွင့်အရေး မရသေးခြင်းသာ ဖြစ်သည်။

ထူးခြားသော ကျင့်ကြံခြင်း ပါရမီရှိသည့် ချိုင်ယွင်ရှန်းကလည်း ယခုအခါ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက အရည်အချင်းဖြင့် တပည့်ရင်း ဖြစ်လာမည့် အခွင့်အရေးကို ရရှိခဲ့ပြီး ဝိညာဉ်တစ်ထောင် မင်္ဂလာနယ်မြေတွင် ကျင့်ကြံခွင့် ရရှိခဲ့သည်။

ဝိညာဉ်တစ်ထောင် မင်္ဂလာနယ်မြေက လျှို့ဝှက်ချက် မဟုတ်သော်လည်း တပည့်ရင်းများသာ ကျင့်ကြံခွင့် ရှိပြီး အားလုံးအတွက် လွတ်လပ်စွာ ဝင်ထွက်ခွင့် မရှိပေ။ တစ်လလျှင် တစ်ကြိမ်၊ တစ်ရက်သာ အခွင့်အရေး ရှိပြီး ဝိညာဉ်ကျောက်တွင်းနှင့် ဝိညာဉ်တစ်ထောင် မင်္ဂလာနယ်မြေ နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။

ထိုနေရာသို့ ရောက်ဖူးပြီး ဝိညာဉ်ချီ၏ အစွမ်းထက်မြက်မှုကို ခံစားဖူးသည်နှင့် တပည့်ရင်းများ ပိုမိုကြိုးစား တိုက်ခိုက်ရန် စိတ်အားထက်သန်လာကြသည်။

ချိုင်ယွင်ရှန်းက ကြီးစိုးမောက်မာသော ဝူမန်အာကို ကြည့်ရင်း တိတ်တဆိတ် တုန်လှုပ်နေမိသည်။ ဝူမန်အာ တိုက်ခိုက်သည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဝူမန်အာနှင့် တွေ့သောအခါ သူက ပြုံးနေတတ်ပြီး အန္တရာယ်ကင်းမည့်ပုံ ပေါက်နေသည်။ တိုက်ပွဲတွင် ဤမျှ ကွဲပြားသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးကတည်းက သူမ၏ သိုင်းပညာသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ သူမ ကိုယ့်ကိုကိုယ် အလွန်သန်မာနေပြီဟု ခံစားရပြီး ပထမတန်းစား သိုင်းပညာရှင် တစ်ဦးအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။ သို့သော် ဝူမန်အာ၏ ကောင်းကင်ဘုံကိုးခုမျိုးဆက်လက်ဝါးကို ကြည့်လိုက်သောအခါ လက်ဝါးတစ်ချက်ပင် ခံနိုင်မည်မဟုတ်ဟု ခံစားလိုက်ရသည်။

ဂိုဏ်းချုပ်ကို ပြန်ကြည့်လိုက်ရာ တည်တည်ငြိမ်ငြိမ်ပင် ဝူမန်အာ၏ အားပြင်းသော လက်ဝါးရိုက်ချက်ကို လွယ်ကူစွာ ခံယူနေလေသည်။

ဝူမန်အာ၏ လှုပ်ရှားမှုများမှာ ထက်မြက်ပြီး လျင်မြန်နေသော်လည်း လီချင်းချိုးမှာမူ နှေးကွေးနေပုံရသည်။ ဤခြားနားချက်ကပင် ပို၍ နှေးကွေးသော လီချင်းချိုးကို ပိုမိုတည်ငြိမ်ပုံ ပေါက်စေပြီး မတုန်လှုပ်နိုင်သော အရှိန်အဝါကို ပေးစွမ်းနေသည်။

လီချင်းချိုးက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ မရောက်သေးသော်လည်း အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာက သူ့ကို ခွန်အားအကြီးအကျယ် တိုးပွားစေခဲ့သည်။ ဝူမန်အာကို ကိုင်တွယ်ရန် အစွမ်းကုန် ထုတ်သုံးစရာပင် မလိုဘဲ အလွန်လွယ်ကူနေသည်။

အကွက် သုံးရာခန့် ဖလှယ်ပြီးနောက် လီချင်းချိုးက ညာလက်ဝါးကို လှန်လိုက်ရာ မြန်ဆန်လွန်းသဖြင့် အရိပ်များ ကျန်ရစ်ခဲ့ပြီး ဝူမန်အာကို မျက်စိပြာသွားစေသည်။ ချက်ချင်းပင် ရင်ဘတ်ကို ရိုက်ပုတ်လိုက်သလို ခံစားလိုက်ရပြီး မြင်ကွင်းများ လည်သွားလေသည်။

ဝူမန်အာခင်မျာ လီချင်းချိုး၏ လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး ၁၀ ပေအကွာရှိ မြက်ခင်းပြင်ပေါ်သို့ ကျသွားသည်။

လီတုန်းယွဲ့က မျက်မှောင်ကြုတ်ပြီး …

"ဂိုဏ်းချုပ်... ပဉ္စမဂျူနီယာညီလေးကိုတိုက်ခိုက်တာ သိပ်လက်လွန်မနေဘူးလား..."

ငယ်စဉ်ကတည်းက သူမ အသနားဆုံး လူမှာ ဝူမန်အာ ဖြစ်သည်။ ဝူမန်အာက ဉာဏ်ရည် မမီသဖြင့် အနိုင်ကျင့်ခံရမည်ကို သူမ အမြဲ စိုးရိမ်ခဲ့သည်။ လီစစ်ဖုန်းဆိုသော ကောင်လေးက ဝူမန်အာကို အနိုင်ကျင့်ရသည်ကို နှစ်သက်သည်။

လီချင်းချိုးက ရယ်မောပြီး….

"စိတ်မပူပါနဲ့... သူက အသားမာပါတယ်... မနာပါဘူး..."

ဝူမန်အာက မြက်ခင်းပြင်ပေါ်မှ ထလာပြီး မျက်နှာထား ပြောင်းလဲသွားကာ ခေါင်းကုတ်လျက် လီတုန်းယွဲ့ကို ပြုံးပြလိုက်သည်။

"စတုတ္ထစီနီယာအစ်မ... ကျွန်တော် ဘာမှမဖြစ်ပါဘူး..."

လီချင်းချိုးက ဝူမန်အာကို ကြည့်ပြီး ….

"ဒီနေ့ ယှဉ်ပြိုင်တာ ဒီမှာပဲ ရပ်လိုက်မယ်... မင်း ဆက်လေ့ကျင့်ချင် လေ့ကျင့်တော့..."

ဝူမန်အာသည် တိုက်ခိုက်ရေးတွင် တကယ့်ကို ပါရမီပါသည်။ သူသည် သိပ်မလိမ္မာသော်လည်း တိုက်ပွဲတွင် မူလချီစွမ်းအင်ကို ဘယ်တော့မှ အလဟဿ မဖြစ်စေပေ။ဒါဟာလည်း သူ့ရဲ့ ဗီဇစိတ် ဖြစ်ပုံရပြီး ပါရမီဟုသာ သတ်မှတ်နိုင်သည်။ သာမန်လူများ ဤသို့ မလုပ်နိုင်ကြပေ။

"ဟုတ်ကဲ့..."

ဝူမန်အာ ပြန်ဖြေလိုက်ပြီး လီတုန်းယွဲ့တို့ဘက်သို့ လျှောက်သွားရင်း ရင်ဘတ်ကို ပွတ်လိုက်ရာ ကြည့်ရသလောက် သက်သာပုံ မရပေ။

ဒီလောက် နာကျင်မှုကို မခံစားရတာ ကြာပြီပဲ...

လီချင်းချိုး လေချွန်လိုက်ရင်း မြှားတစ်စင်းကဲ့သို့ လေထဲသို့ ခုန်တက်လိုက်သည်။ထိုအခါ ကြီးမားသော သတ္တဝါကြီး တစ်ကောင် တောအုပ် တစ်ဖက်ခြမ်းမှ ပျံသန်းလာပြီး လီချင်းချိုးကို ကျောပေါ်တင်၍ မိုးကုတ်စက်ဝိုင်းဆီသို့ သယ်ဆောင်သွားလေသည်။

လီချင်းချိုး ရှောင်ပါးကို ဆင့်ခေါ်သည်ကို ချိုင်ယွင်ရှန်း မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း လီချင်းချိုး၏ ကိုယ်ဖော့ပညာကို အံ့သြနေမိဆဲပင်။

ပေါ့ပါးသော ခုန်ပျံမှုဖြင့် ဤမျှ မြင့်မားစွာ ခုန်တက်နိုင်ပြီး လွယ်ကူနေပုံရသည်။

သူမစိတ်ထဲ၌ လီချင်းချိုးကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး လီချင်းချိုးလို လူတစ်ယောက် ဖြစ်ချင်နေသည်။

လီချင်းချိုး ထွက်သွားပြီးနောက် လီတုန်းယွဲ့က ချိုင်ယွင်ရှန်းနှင့် ကျီဖှာခန်းမ အကြောင်း ပြောဆိုပြီး သူမ၏ အမြင်ကို မေးမြန်းလေသည်။

လီချင်းချိုးက ချိုင်ယွင်ရှန်းကို ကျီဖှာခန်းမ၏ ခန်းမသခင်အဖြစ် ပြုစုပျိုးထောင်မည့် အစီအစဉ်ကို ဂျူနီယာမောင်နှမများနှင့် ကြိုတင် ပြောဆိုထားပြီး ဖြစ်သည်။

လီချင်းချိုး၏ အမြင် မမှားနိုင်သောကြောင့် မည်သည့် ဂျူနီယာမောင်နှမကမျှ မကန့်ကွက်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားလုံး ချိုင်ယွင်ရှန်းအပေါ် မျှော်လင့်ချက် ကြီးကြီးထားခဲ့ကြသည်။

“ ခန်းမသခင်ရွှီက ကျင့်ကြံဖို့ပဲ အလုပ်များနေတယ်... ပြီးတော့ တခြား တပည့်တွေကလည်း ဂိုဏ်းတူချင်း ဆက်ဆံရေးကို အရမ်း ဂရုစိုက်ကြတယ်... အမှားကြီး မဟုတ်ရင် မသိချင်ယောင် ဆောင်နေကြတာ... ဂိုဏ်းက အခုချိန်မှာ သဟဇာတဖြစ်နေပုံ ရပေမဲ့ ဒါက အပေါ်ယံပဲလို့ ကျွန်မ ထင်တယ်..."ဟု ချိုင်ယွင်ရှန်း လေးနက်စွာ ပြောလိုက်သည်။

ထိုအခါ လီတုန်းယွဲ့က မျက်နှာထား တည်ကြည်သွားပြီး မေးမြန်းလိုက်သည်။

"ပြဿနာ အတိအကျကို ပြောပါဦး..."

ချိုင်ယွင်ရှန်းက သူမ တွေ့ရှိထားသော ပြဿနာများကို ချက်ချင်းပင် ထုတ်ပြောလိုက်သည်။

ချင်းရှောင်တောင်ခါးပန်းရှိ သိုင်းစင်မြင့် တစ်ဝိုက်တွင် လူပေါင်းများစွာ စုရုံးနေကြပြီး စင်မြင့်ပေါ်မှ လူနှစ်ယောက်ကို ကြည့်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။

အသက် ၂၀ အရွယ် ရွှယ်ကျင်းက စင်မြင့်ပေါ်တွင် ရပ်နေပြီး သူ့ရှေ့မှ ၁၃ နှစ်အရွယ် ကျိယာကို ကြည့်ကာ ဖိအားများ ခံစားနေရသည်။

သူသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤနေရာတွင် ကျိယာကို ရင်ဆိုင်နေရချိန်၌ မသေချာမရေရာ ဖြစ်နေမိသည်။

ဓားသမားတစ်ဆယ့်သုံးယောက်၏ ခေါင်းဆောင်အနေဖြင့် ရွှယ်ကျင်းက အခြားတပည့်များနှင့် မတူသော ခံစားခွင့်များကို ရရှိထားပြီး လစဉ် ၁၀ ရက်ကျော် မင်္ဂလာနယ်မြေ သို့မဟုတ် ဝိညာဉ်ကျောက်တွင်းတွင် အချိန်ကုန်ဆုံးနိုင်သည်။ သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မသေမျိုးလမ်းစဉ်အတွက် သူ့ရဲ့ ပါရမီမှာလည်း ထူးချွန်လှသည်။ ဂိုဏ်းတစ်ခုလုံးကို ကြည့်လျှင် သူ့ကို ယှဉ်နိုင်သူ ရှားပါးသည်။

သူသည် ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့ပြီး ဂိုဏ်းချုပ်၏ မျှော်လင့်ချက်များနှင့် ထိုက်တန်အောင် နေထိုင်ခဲ့သည်။ သူ့အကြောင်း ပြောကြလျှင် လူအများက သူ့ကို ပါရမီရှင်ဟု ထင်ကြသည်။

ယခင်က ရှုံးနိမ့်ဖူးသော ချင်ယဲ့ကို ကျော်တက်နိုင်ခဲ့သော်လည်း ယခုအခါ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်နှင့် ရင်ဆိုင်နေရသည်။

ကျိယာ... ဒီကောင်လေးက ဂိုဏ်းချုပ် စီရင်စုမြို့တော်မှာ ကယ်တင်ခဲ့တဲ့ ကောင်လေးပဲ... သူက ဂိုဏ်းချုပ်ရဲ့ ပဉ္စမမြောက်တပည့်... နှစ်ဝက်ကျော် လေ့ကျင့်ပြီးတော့ မူလအားဖြည့်နယ်ပယ် တတိယအဆင့်ကို ရောက်ရှိနေပြီ… လက်ရှိမှာ ချင်းရှောင်ဂိုဏ်းရဲ့ အတောက်ပဆုံး ပါရမီရှင် ဖြစ်နေပြီ….

တပည့်များစွာက ဤပြိုင်ပွဲကို စိတ်ဝင်စားကြပြီး ယခုအချိန်အထိ လူများ ဆက်လက် ရောက်ရှိလာနေဆဲ ဖြစ်သည်။

သိုင်းပညာချန်ပီယံ လီရန်ပင်လျှင် ကျောက်လင်းလုံနှင့်အတူ ရောက်ရှိလာသည်။

"ဝမ်းကွဲအစ်ကို... အခုထိ မပြန်သေးဘူးလား... ဒီမှာပဲ အချိန်ကုန်နေရင် မိသားစုကို ရှင်းပြရ ခက်နေလိမ့်မယ်..." ဟု ကျောက်လင်းလုံက လီရန်ဘေးမှ လျှောက်ရင်း တီးတိုး မေးလိုက်သည်။

သူမ၏ အကြည့်က သိုင်းစင်မြင့်ပေါ်ရှိ လူနှစ်ယောက်အပေါ် ကျရောက်နေပြီး သူတို့နှင့် အလွန် ရင်းနှီးသည်။

ရွှယ်ကျင်း သိုင်းစင်မြင့်ပေါ် တက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ရွှယ်ကျင်း၏ လျင်မြန်သော တိုးတက်မှုမှာ အံ့သြဖွယ်ကောင်းပြီး ယခုအခါ သူမထက် မနိမ့်ကျနိုင်ကြောင်း ခံစားလိုက်ရသည်။

ပြီးတော့ ကျိယာ... ဒီကောင်လေးက ငယ်ရွယ်ပေမဲ့ သူ့ရဲ့ စွမ်းရည်က နက်ရှိုင်းလွန်းလို့ သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။

All Chapters