← Chapters

နဂါးဝိညာဉ် အစောင့်အရှောက်

Vol. 9 Ch. 85

နဂါးဝိညာဉ် အစောင့်အရှောက်

Vol. 9 Ch. 85

ရာသီဥတု ကောင်းမွန်သော နေ့တစ်နေ့၌….

လီချင်းချိုးက ယွမ်လီ၊ ကျောက်ကျိန်းတို့နှင့်အတူ တောင်ထိပ်တွင် ရပ်ပြီး ထွက်ပေါ်လာသော နေမင်းကို မျက်နှာမူထားသည်။ နေထွက်ချိန်၏ ခရမ်းရောင် အလင်းတန်းများက သူတို့သုံးဦး၏ နှလုံးသားကို ငြိမ်းချမ်းမှု ပေးစွမ်းနေသည်။

နံနက်ခင်း ကျင့်ကြံခြင်း ပြီးဆုံးသောအခါ လီချင်းချိုး ထရန် ပြင်လိုက်စဉ် ယွမ်လီက မေးလိုက်သည်ကို ကြားလိုက်ရသည်။

"ဆရာ... ကျွန်တော်က ဟွမ်ယွမ်ကျမ်းစာနဲ့ တကယ်ပဲ ကိုက်ညီရဲ့လား..."

သူ့ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေမှုများ ပြည့်နှက်နေသည်။ လီချင်းချိုး၏ တစ်ဖက်တွင် ထိုင်နေသော ကျောက်ကျိန်းက သူ့ကို ကြည့်နေသော်လည်း မည်သို့ နှစ်သိမ့်ပေးရမည် မသိ ဖြစ်နေသည်။

"ဒါပေါ့... ဒီလောကမှာ ဘယ်သူမှ ဟွမ်ယွမ်ကျမ်းစာကျင့်ကြံဖို့ လုံးဝ မသင့်တော်ဘူးဆိုတာ မရှိပါဘူး... ငါ မင်းရဲ့ အလားအလာကို မြင်တယ်... ဒါပေမဲ့ မင်းရဲ့ နှောင်ဖွဲ့မှုတွေကနေ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု လိုအပ်တယ်... အဲဒီအချိန်ကျရင် မင်း ကောင်းကင်ပေါ် ပျံတက်နိုင်ပြီး ချင်းရှောင်ဂိုဏ်း တစ်ခုလုံးသာမက တစ်ကမ္ဘာလုံးမှာပါ အတောက်ပဆုံး လူသားတစ်ယောက် ဖြစ်လာလိမ့်မယ်..."

"ဒီမယ် ငါ့တပည့်လေး... အရှုံးမပေးနဲ့... မင်းရဲ့ ပါရမီကို ပြန်လည်ပွားယူဖို့ မင်းရဲ့ ဆရာ စောင့်နေတုန်းပဲ..." ဟု စိတ်ထဲတွင် တွေးလိုက်၏။

သူ့အနေနှင့် ယွမ်လီ၏ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုကို နားလည်နိုင်သည်။ ယွမ်လီ၏ ခံစားခွင့်များမှာ တပည့်ရင်း အများစုထက် သာလွန်နေပြီး လီချင်းချိုးနောက်သို့ အမြဲလိုက်နေရသည်။ ကျောက်ကျိန်း၏ ချဲ့ကားလွန်းသော တိုးတက်မှုနှင့် ယှဉ်လျှင် ယွမ်လီ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းမှာ နှေးကွေးသည်ဟု ပြောနိုင်သည်။

ယွမ်လီသာ မူလချီစွမ်းအင်ကို မကျင့်ကြံရသေးလျှင် တကယ်ပင် စိတ်ပျက်အားလျော့သွားလိမ့်မည်။

ဒါပေမဲ့ ဒီလောက်ပါပဲ... ယွမ်လီက မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်အတွက် မျှော်လင့်ချက် မမြင်တော့ဘူး...

ဆရာ့ရဲ့အားပေးစကားကို ကြားသော်လည်း ယွမ်လီကတော့ ယုံကြည်ရန် ခက်ခဲနေပြီး အတင်း အပြုံးပန်း ဆင်လိုက်ရသည်။

"ကောင်လေး.. ဘာတွေ ပူပန်နေတာလဲ... မင်း အသက်ကခြောက်နှစ်ပဲ ရှိသေးတယ်... ငါတို့ ခြောက်နှစ်တုန်းက မင်းလောက်တောင် မတော်ဘူး... ငါတို့ကို မပြောနဲ့... ဂိုဏ်းကို ကြည့်လိုက်... မူလအားဖြည့်နယ်ပယ်ကို ခြေမချနိုင်ဘဲ ကျင့်ကြံနေတာ ဘယ်နှနှစ် ရှိနေပြီလဲ..."

ဤစကားများက ယွမ်လီ၏ စိတ်ခံစားချက်ကို တိုးတက်လာစေသည်။

"နှောင်ဖွဲ့မှုတွေ..."

ယွမ်လီ တီးတိုး ရေရွတ်လိုက်မိသည်။ တစ်ခါတစ်ရံတွင် သူ့ရဲ့ ကျင့်ကြံမှုကို တိုးတက်မလာအောင် ဖိနှိပ်ထားသော မမြင်ရသည့် အတားအဆီးတစ်ခုကို ခံစားမိနေသည်။

လီချင်းချိုး ဘာမှ ဆက်မပြောတော့ဘဲ သူ့ကို ခေါ်ပြီး တောင်အောက်သို့ ဆင်းလာခဲ့လိုက်သည်။

ကျောက်ကျိန်းက သိုင်းစင်မြင့်သို့ သွားရောက်ယှဉ်ပြိုင်ခွင့် ပြုရန် ဆရာကို မေးလေသည်။

သူသည် ခြောက်နှစ်သားအရွယ်၌ပင် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အလွန် တောက်ပလွန်းနေသည်။

"ခဏလောက် စောင့်ပါဦး... မင်းက ငယ်သေးတယ်... အခြေခံခိုင်မာအောင် အရင် လုပ်ပါ..." ဟု လီချင်းချိုးက ကျောက်ကျိန်းကို တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ကျောက်ကျိန်း၏စိတ်ထဲ၌ အားနည်းသော ပြိုင်ဘက်များကို အနိုင်ယူသည့် စိတ်လှုပ်ရှားမှုတွင် သာယာပြီး ဘဝင်မြင့်သွားမည်ကို သူ စိုးရိမ်မိသည်။

ကျောက်ကျိန်း၏ တစ်ခုတည်းသော အားနည်းချက်မှာ ကြွားဝါရသည်ကို နှစ်သက်ခြင်း ဖြစ်ကြောင်း သူ သိထားသည်။

ဒါ ကောင်းတဲ့အရာ မဟုတ်ဘူး... ပြုပြင်ဖို့လိုတယ်...

"ဘယ်အရွယ်ဆို အဆင်ပြေမလဲ..."

"ဆယ့်နှစ်နှစ်လောက်ဆိုရပြီ ထင်တယ်..."

"ဟင်... ခြောက်နှစ်တောင် လိုသေးတာပဲ..."

"နောက်ထပ် ခြောက်နှစ်နေရင် သိုင်းလောကရဲ့ ပထမနေရာကို တိုက်ရိုက်ဝင်ပြိုင်တာ ပိုမကောင်းဘူးလား..."

"အင်း... ဒါလည်း မဆိုးပါဘူး..."

သူတို့သုံးဦး စကားတပြောပြောနှင့် တောင်အောက်သို့ လမ်းလျှောက်ဆင်းလာကြပြီး လင်းရှောင်ဝင်းသို့ ရောက်ရှိလာသည်။ လီချင်းချိုးက တောင်အောက်သို့ တစ်ယောက်တည်း မဆင်းမီ ကျင့်စဉ်ကို လေ့လာရန် ကျောက်ကျိန်းကို ထပ်မံ မှာကြားလိုက်သေးသည်။

မနေ့က တောင်အောက်တွင် တောင်တံခါးအသစ်နှင့် လင်းယုန်ရုပ်တု ပြီးစီးသွားခဲ့ပြီဖြစ်သဖြင့် ညစာစားချိန်တွင် ကျန်းယွီချွန်းက သူ့ကို သွားကြည့်ပြီး အကြံဉာဏ်ပေးရန် ပြောလေသည်။ ပြဿနာ မရှိပါက ကျန်းယွီချွန်းက တာဝန်ယူထားသော လက်သမားများကို တောင်အောက်သို့ ဆင်းခွင့်ပြုတော့မည် ဖြစ်သည်။

တောင်ပေါ်လမ်းအတိုင်း လျှောက်လာစဉ် လမ်းတစ်လျှောက် လူများက လီချင်းချိုးကို နှုတ်ဆက်ကြရာသဖြင့် ပြုံးပြီး ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

လမ်းလျှောက်ရင်း သူသည်လည်း ကျောက်ကျိန်းနှင့်အကျင့်စရိုက် အတော်တူကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

သူလည်း ဟန်ဆောင်ရတာ ကြိုက်ပေမဲ့ တော်တော်လေး ထိန်းထားနိုင်တယ်….

ဧည့်ရိပ်သာတစ်ခုကို ဖြတ်သွားစဉ် လီချင်းချိုး ရပ်တန့်ပြီး ခေါင်းလှည့်ကြည့်လိုက်တော့ တစ်ဝက်ဖွင့်ထားသော အခန်းထဲတွင် လှံရှည် ကိုင်ထားသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ ထိုသူမှာ လီရန်ပင် ဖြစ်သည်။

လီချင်းချိုး တောင်ပေါ်ရောက်ကတည်းက လီရန်နှင့် စကားမပြောဖူးပေ။ သူတို့နှစ်ဦးစလုံး အချင်းချင်း နားလည်မှုရှိသောကြောင့် အဆင်မပြေသော ဆက်ဆံရေးအကြောင်းကို မဖွင့်ဟခဲ့ကြပေ။

ကြည့်ရတာ ချိုင်ယွင်ရှန်းကို ရှုံးနိမ့်သွားတာက သူ့အတွက် ထိုးနှက်ချက်ကြီးဖြစ်သွားပုံပဲ...

လီရန် ချင်းရှောင်ဂိုဏ်းကို ရောက်နေသည်မှာ ကြာပြီဖြစ်ပြီး ချင်းရှောင်ဂိုဏ်းနှင့်အတူ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့သလို ရံဖန်ရံခါ တပည့်များကို သိုင်းပညာ လမ်းညွှန်မှုများ ပေးခဲ့သဖြင့် ချင်းရှောင်ဂိုဏ်းသား တစ်ဝက် ဖြစ်နေပြီဟု ယူဆနိုင်သည်။

တကယ်တော့ လီရန်ကို မမုန်းပါဘူး... လီမိသားစုနဲ့ သိပ်မပတ်သက်ချင်ရုံပါ...

လီရန်၏ ဇွဲနပဲကို မြင်သောအခါ သူ လက်လျှော့သင့်ပြီဟု ခံစားလိုက်ရသည်။

တခြားအရာတွေ ဘေးဖယ်ထားလိုက်ရင် လီရန်ဆိုသူ သိုင်းပညာချန်ပီယံ ဖြစ်လာနိုင်တာက သူ့ရဲ့ ထူးခြားတဲ့ ပါရမီနဲ့ အထူးကံကြမ္မာကြောင့် ဖြစ်ပေလိမ့်မည်။သို့သော်လည်း ချိုင်ယွင်ရှန်းလောက် မတော်တာက သူ့ရဲ့ ကျင့်စဉ်က ဟွမ်ယွမ်ကျမ်းစာထက် အများကြီး နိမ့်ကျနေလို့သာဖြစ်ပေမည်။

ခဏမျှ စဉ်းစားပြီးနောက် လီချင်းချိုး လှမ်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။

"လီရန်..."

ထိုအသံကို ကြားသောအခါ ခြံဝင်းထဲတွင် လှံသိုင်းကျင့်နေသော လီရန် တောင့်ခနဲ ဖြစ်သွားသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ လီချင်းချိုး တံခါးအပြင်ဘက်တွင် ရပ်ပြီး သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"ဂိုဏ်းချုပ်လီ..."

လီရန် မတတ်သာသည့်ဟန်ဖြင့် ပြန်ထူးလိုက်သည်။

ဤသည်မှာ ချင်းရှောင်ဂိုဏ်းသို့ ရောက်လာပြီးကတည်းက လီချင်းချိုးဘက်က သူ့ကို ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းသို့ စရောက်စဉ်ကနှင့် မတူဘဲ လီရန်ကလည်း လီချင်းချိုးကို ဝမ်းကွဲအစ်ကိုအဖြစ် မသတ်မှတ်ရဲတော့ပေ။

ဂိုဏ်းချုပ်က နတ်ဘုရားဝင်စားတာပဲ... မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်မှာလဲ...

အခု ပြန်စဉ်းစားကြည့်ရင် မိစ္ဆာတာအိုဆရာတွေ ကြောက်လန့်ပြီး လီချင်းချိုးကို နိမိတ်မကောင်းတဲ့သူလို့ လွဲမှားယုံကြည်ခဲ့ကြတာက လီချင်းချိုးရဲ့ ကံတရားက အရမ်း ထူးခြားလွန်းလို့ ဖြစ်မယ်...

လီမိသားစုက တကယ် ကံဆိုးတာပဲ... ဒီလို အခွင့်အရေးကောင်းကြီးကို လက်လွှတ်လိုက်ရတယ်...

လီချင်းချိုးက ခြံဝင်းတံခါးဝမှနေ၍ လီရန်ကို လက်ယပ်ခေါ်လိုက်သည်။ လီရန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လှံကို ကောက်ကိုင်ကာ ခြံဝင်းထဲမှ ထွက်လာပြီး လီချင်းချိုးဘေးသို့ လျှောက်သွားလေသည်။

"ငါနဲ့အတူ တောင်အောက်ကို လမ်းလျှောက်လိုက်ချင်လား..."

"လိုက်မယ်လေ..."

လီချင်းချိုး တောင်ပေါ်လမ်းအတိုင်း ဆက်လျှောက်သွားရာ လီရန်လည်း နောက်မှ လိုက်ပါလာသည်။ သူ့ကျောပြင်ကို ကြည့်ရင်း လီရန့် နှလုံးသားထဲ၌ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ရှက်ရွံ့ခြင်း စသော ခံစားချက်များ ရောပြွမ်းနေသည်။

"မင်း စိတ်ရှုပ်ထွေးနေပုံရတယ်..."

လီချင်းချိုးက ရှေ့မှ လျှောက်ရင်း ခေါင်းမလှည့်ဘဲ မေးလိုက်တော့ လီရန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး….

"ကျွန်တော် တကယ်ပဲ စိတ်ရှုပ်ထွေးနေပါတယ်... ကျွန်တော် ငယ်ငယ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့တယ်... မင်းဆက်အတွက် အမှုထမ်းပြီး တာ့လီမင်းဆက်အတွက် ပြည်ပရန်သူတွေကို ရှင်းလင်းပေးချင်ခဲ့တယ်... လူတိုင်း လေးစားအားကျရတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်... ဒါပေမဲ့ အခု ကျွန်တော် ထောက်ခံတဲ့ မင်းဆက်က ကျွန်တော် ထင်ထားသလောက် မကောင်းမှန်း သိလိုက်ရတယ်... စစ်တပ်ထဲ ဆက်ဝင်သင့်မဝင်သင့် ကျွန်တော် မသိတော့ဘူး... ကျွန်တော့်ဝမ်းကွဲညီမက ဒါတွေအားလုံးကို ပြောင်းလဲသင့်တယ်လို့ ပြောပေမဲ့ အဲဒါက ဘယ်လောက် လွယ်လို့လဲ...ဂိုဏ်းချုပ်လီ... ခင်ဗျားကရော ဒီလောကကြီးကို ဘယ်လိုမြင်လဲ…”

သူသည် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရန် စိတ်ပါနေပြီဖြစ်ပြီး မိသားစုထံ ပြန်ချင်စိတ်ပင် မရှိတော့ပေ။

လီချင်းချိုးက …

"လောကကြီးက အခုချိန်မှာ တကယ် မှောင်မိုက်နေပြီး လူတိုင်း အန္တရာယ်နဲ့ ကြုံနေရတယ်... ငါ့မှာ ပိုကောင်းတဲ့ နည်းလမ်းမရှိဘူး... ဒါပေမဲ့ ငါ တစ်ခုတော့ ယုံကြည်တယ်... အဲဒီ လူယုတ်မာတွေကို ဘုရားသခင်က နောက်ဆုံးမှာ ခေါ်သွားလိမ့်မယ် ဆိုတာပဲ... မင်း ဘာလုပ်ရမယ်၊ မင်းရဲ့ လမ်းကြောင်းကို ဘယ်လို စဉ်းစားရမယ် ဆိုတာ ငါ ပြောမပြနိုင်ဘူး... ဒါက မင်းဘဝတစ်လျှောက်လုံး လမ်းပြပေးမယ့် မေးခွန်းတစ်ခုပဲ...ဒါပေမယ့် ငါ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်... မင်း သဘောမပေါက်ရင် မစဉ်းစားနဲ့တော့... သိုင်းပညာ လေ့ကျင့်ဖို့ပဲ အာရုံစိုက်လိုက်... မင်းရဲ့ လှံက နောက်ဆုံးမှာ အဖြေပေးလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ လီရန်၏ မျက်နှာ မည်းမှောင်သွားပြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့်….

"ကျွန်တော် သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပါတယ်... မပျင်းခဲ့ပါဘူး... ဒါပေမဲ့ ကျွန်တော်..."

"ဒါဆို မင်း ချင်းရှောင်ဂိုဏ်းကို ဝင်ချင်လား..."

"ချင်းရှောင်ဂိုဏ်းကို ဝင်ရမယ်..."

လီရန် ခဏတာ ကြောင်အသွားပြီး သူ့နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာသည်။

ချင်းရှောင်ဂိုဏ်းက ယခင်ကနှင့် မတူတော့ပေ။ မင်းမှုထမ်းမျိုးနွယ်များစွာက သူတို့၏ သားသမီးများကို ပို့ဆောင်လိုကြသည်။ သူသည် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရန် အရည်အချင်းပြည့်မီသည်ဟု ခံစားရသော်လည်း လီချင်းချိုး ကိုယ်တိုင် ဖိတ်ခေါ်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ပေ။

ချိုင်ယွင်ရှန်းကို ရှုံးနိမ့်ပြီးကတည်းက လီရန် ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဟု မခေါ်ရဲတော့ပေ။

ရွှယ်ကျင်းကိုပဲ ကြည့်... လီချင်းချိုးသာ ဓားသမားတစ်ဆယ့်သုံးယောက်ထဲဝင်ဖို့ သူ့ကို အထူးတလည် မရွေးချယ်ခဲ့ရင် ကျန်းကျောက်ရှားက ရွှယ်ကျင်းကို အထင်တောင်ကြီးမှာ မဟုတ်ဘူး... လီချင်းချိုးရဲ့ ဆုံးဖြတ်ချက်က အရမ်းမှန်ကန်ကြောင်း သူ သိထားသည်။

"မင်းရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အနာဂတ်မှာ တောင်အောက်ကို ဆင်းသွားလို့ ရတယ်... ပြီးတော့ မင်း ပြန်လာချင်တဲ့အချိန်တိုင်း ပြန်လာလို့ ရတယ်... မင်း ဘယ်ကလာသလဲ ဆိုတာ မမေ့သရွေ့ပေါ့..."

လီချင်းချိုးက တိုးတိုးလေး ပြောလိုက်ပြီး အနီးအနားရှိ တောအုပ်ထဲတွင် သူ့ကို ဦးညွှတ်နေသော တပည့်နှစ်ယောက်ကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

လီရန် ရပ်တန့်လိုက်ပြီး ဝတ်ရုံကို မကာ လှေကားထစ်များပေါ်တွင် ဒူးထောက်လိုက်ပြီး လီချင်းချိုး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ လေးနက်သော အသံဖြင့်….

"တပည့်လီရန်... ချင်းရှောင်ဂိုဏ်းကို ဝင်ပါရစေ... ဂိုဏ်းချုပ်ရဲ့ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်..."

လီချင်းချိုး လှည့်ကြည့်လိုက်ပြီး ခေါင်းခါကာ ရယ်မောလိုက်ပြီး…

"မြန်မြန်ထ... ငါ မင်းကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး..."

လီရန် ပြုံးလိုက်ပြီးနောက် ထကာ လီချင်းချိုးနောက်သို့ အမြန်လိုက်ပါသွားလေသည်။

ချင်းရှောင်ဂိုဏ်းသို့ ဝင်ရန် လီချင်းချိုး၏ ဖိတ်ခေါ်ခြင်း ခံရပြီးနောက် သူ့စိတ်ဓာတ်များ ချက်ချင်း တက်ကြွလာသည်။ ဤအရာက သူ့ထံတွင် ပါရမီရှိသေးကြောင်း ပြသနေသဖြင့် အခြားမည်သည့်အရာကမျှ သူ့ကို ဤမျှ အားပေးနိုင်မည် မဟုတ်ပေ။

လီချင်းချိုး တောင်အောက်သို့ ဆက်ဆင်းလာရင်း တစ်ချိန်တည်းမှာပင် လီရန်၏ ပုံရိပ်ကို ရှာဖွေရန် တာအိုမျိုးဆက်ဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။

[ အမည် - လီရန် ]

[ ကျား/မ - ကျား ]

[ အသက် - ၂၃ နှစ် ]

[ သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၉၁/၈၆ (အများဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်း ပါရမီ - အထူးကောင်းမွန်သည် ]

[ ဉာဏ်ပညာ - အထူးကောင်းမွန်သည် ]

[ ကံကြမ္မာ - နဂါးဝိညာဉ် အစောင့်အရှောက်၊ အနှိုင်းမဲ့ သစ္စာတရား ]

[ နဂါးဝိညာဉ် အစောင့်အရှောက် - ဤသူ၏ ဘိုးဘေးတစ်ဦးသည် စစ်မှန်သော နဂါး၏ အသားကို စားခဲ့ဖူးသဖြင့် ၎င်း၏ ဝိညာဉ် ပူးကပ်ခြင်း ခံခဲ့ရသည်။ ဤပူးကပ်မှုက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ ရောက်ရှိသည်နှင့် ဤဝိညာဉ်သည် တဖြည်းဖြည်း... နယ်ပယ်မြင့်လာသည်နှင့်အမျှ နဂါးဝိညာဉ် စွမ်းအားကို ဆက်တိုက် ရရှိလာမည် ဖြစ်သည်။ ]

[ အနှိုင်းမဲ့ သစ္စာတရား - သူတို့အပေါ် ကောင်းမွန်ခဲ့ဖူးသူများအပေါ် အကြွင်းမဲ့ သစ္စာရှိသည်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက ရန်သူ မည်မျှ အစွမ်းထက်သည်ဖြစ်စေ၊ အခြေအနေ မည်မျှ အန္တရာယ်များသည်ဖြစ်စေ နောက်ပြန်ဆုတ်မည် မဟုတ်ပေ။ ]

ဘုရားရေ...

အခုမှ စိတ်ပြောင်းပြီး တပည့်လက်ခံလိုက်ရင် နောက်ကျသွားမလား...

ဒီသိုင်းပညာချန်ပီယံမှာ အထင်ကြီးစရာ အရည်အချင်းတွေရှိတယ်လို့ လီချင်းချိုး သံသယ ဝင်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ တကယ် မြင်လိုက်ရတဲ့အခါ အံ့သြသွားမိသည်။

"နှစ်ခုစလုံး အထူးကောင်းမွန်သည်" ဖြစ်နေခြင်းက ကျိယာနှင့် အဆင့်တူ ဖြစ်စေသည်။ ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကို ကြည့်လျှင် ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ကျောက်ကျိန်းတို့သာ ပါရမီ သို့မဟုတ် ဉာဏ်ပညာ အပိုင်း၌ သူ့ထက် တစ်ဆင့်သာကြသည်။

အရေးကြီးဆုံးမှာ လီရန့်ထံတွင် နဂါးဝိညာဉ် အစောင့်အရှောက် ရှိနေခြင်း ဖြစ်သည်။

ဤကံကြမ္မာ ဖော်ပြချက်အပေါ် အခြေခံ၍ နဂါးဝိညာဉ်က လီရန်ကို ပိုမိုကြီးမားသော စွမ်းအား ပေးစွမ်းနိုင်သဖြင့် ကျင့်ကြံခြင်းနယ်ပယ်နှင့် ယှဉ်လျှင် တိုက်ခိုက်စွမ်းရည်ကို သတ်မှတ်ရန် ခက်ခဲစေသည်။

လီရန့်အပေါ် လီချင်းချိုး၏ အမြင် လုံးဝ ပြောင်းလဲသွားသည်။

တောင်အောက်ကို မဆင်းနဲ့တော့... ဒီနေ့ကစပြီး ချင်းရှောင်ဂိုဏ်းမှာပဲ နေတော့...

လီချင်းချိုး ထိုစကားလုံးများကို အသံထွက် ပြောလုနီးပါး ဖြစ်သွားသည်။

သူက တပည့်တွေကို ပြုစုပျိုးထောင်ပေးပြီး သူတို့ ချင်းရှောင်ဂိုဏ်းမှာ ဆက်နေဖို့ သဘာဝကျကျ မျှော်လင့်ရုံပါ... ဒါပေမဲ့ သာမည အရည်အချင်းရှိပြီး မသေမျိုးဖြစ်ဖို့ မျှော်လင့်ချက်မရှိတဲ့ တပည့်တွေကိုတော့ သူ လွှတ်ပေးလိုက်မှာပါ...

ချင်းရှောင်ဂိုဏ်းသို့ တရားဝင် ဝင်ရောက်ပြီးနောက် လီရန် ပိုမို တက်ကြွလာပြီး တစ်ချိန်က စိတ်ဓာတ်တက်ကြွခဲ့သော သိုင်းပညာချန်ပီယံ ပြန်ဖြစ်လာခဲ့သည်။

လီချင်းချိုးက သူ့အား ချင်းရှောင်ဂိုဏ်း၏ ထူးခြားသော သိုင်းပညာများကို လက်ဆင့်ကမ်းမည်ဟု ကြားသိရသောအခါ သူ အလွန် စိတ်လှုပ်ရှားသွားပြီး စိုးရိမ်ပူပန်မှုလည်း ဖြစ်မိသည်။

"ကျွန်တော် အခုမှ ဝင်တာလေ... လျှို့ဝှက်သိုင်းကျမ်းတောင် ရတော့မလို့လား... ဘယ်လိုလုပ် ကျွန်တော့်ကို ဒီလောက် ယုံကြည်ရတာလဲ..."ဟု လီရန်က ကြောက်ရွံ့စွာ မေးလိုက်သည်။

"မင်းက အခုမှ ဝင်တယ်လို့ ပြောပေမဲ့ တောင်ပေါ်မှာနေတာ ဘယ်လောက်ကြာပြီလဲ... ပြီးတော့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ငါ ယုံတယ်... ငါ့ရဲ့ လျှို့ဝှက်သိုင်းပညာတွေကို မင်းဆီ လက်ဆင့်ကမ်းလိုက်ရင် မင်းက ချင်းရှောင်ဂိုဏ်းကို သေချာပေါက် ပိုပြီး ကျေးဇူးဆပ်မှာပါ..."

လီချင်းချိုး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ရာ သူ့ဘက်ကပို၍ ဂရုမစိုက်လေ လီရန် ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။

ကျန်ရှိသော ခရီးတစ်လျှောက်လုံးတွင် လီရန်က လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း သူ မျိုသိပ်ထားခဲ့သမျှကို ဖွင့်ပြောချင်နေပုံရသဖြင့် လီချင်းချိုးခင်မျာ လီစစ်ဖုန်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

တစ်နာရီကြာပြီးနောက်…..

သူတို့ ခြေလှမ်း မြန်မြန် လှမ်းခဲ့သော်လည်း တောင်ခြေသို့ ယခုမှပင် ရောက်ရှိသည်။

ချိုက်မိသားစုမှ ငှားရမ်းထားသော လက်သမား ရှစ်ယောက်စလုံး တောင်တံခါးရှေ့တွင် အနားယူနေကြသဖြင့် တောင်ပေါ်မှ လီချင်းချိုးတို့ ဆင်းလာသည်ကို မြင်သောအခါ သူတို့ အမြန် ထလိုက်ကြသည်။

တောင်တံခါးက တောင်၏ အရှေ့တွင် ရှိပြီး နောက်ဘက်တွင် ထူထပ်သော တောအုပ်နှင့် ရှေ့ဘက်တွင် မြေပြန့်လွင်ပြင်ရှိကာ ဘေးတွင် ရှီးမြစ် ရေစီးသံ သဲ့သဲ့ ကြားနေရသည်။

နှစ်ဇောင် (ပေ ၂၀ ခန့်) နီးပါး မြင့်သော ကျောက်စိမ်းလင်းယုန် ရုပ်တုကြီးက အလွန် မျက်စိပသာဒ ဖြစ်ပြီး ဖြန့်ကားထားသော အတောင်ပံများနှင့်အတူ အလွန် ကြီးစိုးသော ကိုယ်ဟန်အနေအထားကို ပြသနေသည်။

လီချင်းချိုး နတ်လင်းယုန် ရုပ်တုအနီးသို့ ရောက်ရှိလာပြီး ရုပ်တုနှင့် တောင်တံခါးကို အရှေ့မှ ကြည့်လိုက်ပြီးနောက် လက်သမားပညာရှင်များ၏ လက်ရာမြောက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လီရန်လည်း လီချင်းချိုးဘက်သို့ လျှောက်သွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ့အကြည့်များ ရုတ်တရက် တစ်နေရာသို့ ရောက်သွားပြီး အကြည့်များ စူးရှသွားသည်။

"သတိထား…”ဟု လီရန် အမြန် လှမ်းအော်လိုက်သည်။

သူ စကားတစ်ခွန်း ပြောလိုက်ရုံ ရှိသေး လီချင်းချိုးက လက်ကို မြှောက်ကာ နောက်ကျောဘက်မှ တိုက်ခိုက်လာသော မြှားကို လက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်ဖမ်းလိုက်သည်ကို တွေ့လိုက်ရသည်။ လီချင်းချိုး၏လှုပ်ရှားမှုက မြှား၏ လှုပ်ရှားမှုကို ကြိုတင် သိမြင်နေသကဲ့သို့ပင်။

All Chapters