ကျန်းဟူမှ ဖယ်ရှားခြင်း
Vol. 9 Ch. 86
ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် လီရန် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ သူက လှံရှည်ကို ဆွဲယူ၍ ရှေ့သို့ ပြေးထွက်သွားပြီး လီချင်းချိုးကို လျင်မြန်စွာ ကျော်ဖြတ်သွားလေသည်။
ရှီးမြစ်ကမ်းဘေးသို့ ရောက်သောအခါ လေထဲသို့ ခုန်တက်၍ ကိုယ်ဖော့ပညာကို အသုံးပြုကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူမှာ အဝေးမှ တောအုပ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
လီချင်းချိုးက မျက်နှာမကောင်းတော့သော လက်သမားဆရာများကို ကြည့်၍ ပြုံးလိုက်ပြီး…
"တောင်တံခါးဝနဲ့ ကျောက်ရုပ်တုတွေကို ငါ သဘောကျတယ်... မင်းတို့ သွားလို့ရပြီ..."
ထိုသို့ ပြောပြီးနောက် လီရန် ပြေးထွက်သွားရာ လမ်းကြောင်းအတိုင်း လှမ်းလျှောက်လိုက်သော်လည်း ခြေလှမ်းများက မမြန်ဆန်လှချေ။
အခြားတစ်ဖက်တွင်မူ...
လီရန် တောအုပ်ထဲတွင် လျင်မြန်စွာ ရွေ့လျားနေပြီး အကြည့်များ စူးရှနေကာ ဒေါသများကို ဖုံးဖိမထားနိုင်ပေ။
ရွှစ်……
ထိုစဉ် လေတိုးသံတစ်ခု ရှေ့မှ ထွက်ပေါ်လာသဖြင့် မြှားကို ရှောင်တိမ်းရန် ခေါင်းငုံ့လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် လေးသမားကို လှမ်းမြင်လိုက်ရသည်။
ထိုလူက မုဆိုးကဲ့သို့ ဝတ်ဆင်ထားသော်လည်း မျက်နှာကို အမည်းရောင် အဝတ်စဖြင့် စည်းနှောင်ထားသည်။ သူက သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်၍ လေးကို ဆွဲထားသော်လည်း ပထမမြှားချက် လွဲချော်သွားသောအခါ တချိုးတည်း လှည့်ထွက်ပြေးတော့သည်။ ထိုသူ၏ ကိုယ်ဖော့ပညာက လီရန်ထက် မနိမ့်ကျချေ။ သူက တောင်ပေါ်မှ မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်များကြားတွင် လျင်မြန်စွာ ခုန်ကူးပြေးလွှားနေသည်။
လီရန် မိုင်အနည်းငယ်ခန့် လိုက်ဖမ်းသော်လည်း အကွာအဝေးကို မချုံ့နိုင်ဖြစ်နေသည်။ အသည်းအသန် ဖြစ်လာသောအခါ သူက ရုတ်တရက် လှံရှည်ကို ပစ်လွှတ်လိုက်သည်။သို့သော်လည်း ထိုလူ၏ နောက်စေ့တွင် မျက်လုံးပါနေသကဲ့သို့ ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ရာ လှံရှည်မှာ သစ်ပင်ပင်စည်တွင် စိုက်ဝင်သွားတော့သည်။
လီရန်က ထိုသစ်ပင်ကြီးကို ကျော်ဖြတ်သွားရင်း ခုန်တက်၍ လှံကို ပြန်ဆွဲနုတ်ကာ ဆက်လက် လိုက်ဖမ်းလေသည်။
သို့သော်လည်း သူ့ရဲ့ ချီစွမ်းအင်နှင့် အတွင်းအားတို့မှာ အကန့်အသတ်မရှိ သုံးနိုင်သည် မဟုတ်ချေ။ သူ မောဟိုက်လာသည်နှင့်အမျှ ဒေါသများလည်း လျော့ကျသွားသည်။
သို့သော် သူ အရှိန်လျှော့လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်လူကပါ အရှိန်လျှော့လိုက်ပြီး သူ့ကို ပြန်လှည့်ကြည့်လာသဖြင့် ဒေါသများ ပြန်လည် တောက်လောင်လာရသည်။ တစ်ဖက်လူက မျက်နှာဖုံး တပ်ထားသော်လည်း သူ့ကို လှောင်ပြောင်သည့် အပြုံးမျိုး ပြုံးနေသည်ဟု ခံစားနေရသည်။
လီရန် အံကြိတ်လိုက်မိသည်။ သူ တကယ် မမီနိုင်တော့ဘူးဆိုသည်ကို မယုံကြည်နိုင်ပေ။
သူက ထိုလူကို စိုက်ကြည့်၍ နှစ်မိုင်ခန့် ထပ်မံ လိုက်ဖမ်းပြီးနောက် ရုတ်တရက် ထိုလူ သစ်ပင်ပေါ်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
သူတို့ နှစ်ယောက်ကြား အကွာအဝေး ငါးကျန်ခန့်သာ လိုတော့သည့်အခါ အရှိန်လျှော့၍ သတိကြီးစွာဖြင့် တိုးကပ်သွားသည်။
သစ်ပင်များ အုပ်ဆိုင်းနေသော နေရာကို ဖြတ်သန်းသွားပြီးနောက် ကွင်းပြင်တစ်ခု၌ ထိုလူ လဲကျနေသည်ကို တွေ့လိုက်ရပြီး ထိုလူ၏ အောက်တွင် သွေးများ ပျံ့နှံ့နေသည်။
"ဘာဖြစ်သွားတာလဲ..."
လီရန် မျက်မှောင်ကြုတ်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသည်။ တစ်ဖက်လူ ခြေချော်ကျသည်ဟု သူ မယုံကြည်ပေ။
သူ စိတ်လှုပ်ရှားနေစဉ်မှာပင် အဝေးမှ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
"ဒါ ငါတို့ရဲ့ သိုင်းစာမေးပွဲ ပထမရတဲ့သူ မဟုတ်လား... ဘာလို့ ခွေးတစ်ကောင်လို အမောဆို့နေရတာလဲ..."
လီရန် လှည့်ကြည့်လိုက်သောအခါ ချုံပုတ်များကြားမှ လူရိပ်သုံးခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ လမ်းလျှောက်လာသူ နှစ်ယောက်ကို သူ မှတ်မိသည်။
ကျန်းကျောက်ရှားနှင့် လီစစ်ဖုန်း….
ထိုစဉ်က သူသည် ဤလူနှစ်ယောက်နှင့်အတူ သိုင်းပညာညီလာခံသို့ သွားရောက်ခဲ့ပြီး အတူတကွ ဖြတ်သန်းခဲ့ကြသဖြင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။ ကျန်းကျောက်ရှားတို့အဖွဲ့ ကောင်းကင်ဓားဂိုဏ်း၏ ချုံခိုတိုက်ခိုက်ခြင်း ခံရပြီး သေဆုံးသွားပြီဟု ကောလဟာလများ ကြားခဲ့ရသဖြင့် ကောင်းကင်ဓားဂိုဏ်းကို သူကိုယ်တိုင် သွားရောက် ပြဿနာရှာခဲ့သေးသည်။ ထိုသို့ ပြုလုပ်ရန်အတွက် မိသားစုအင်အားကိုပင် အသုံးပြုခဲ့သည်။
ယခု သူ့ကို လှောင်ပြောင်လိုက်သူမှာ လီစစ်ဖုန်း ဖြစ်သည်။
လီရန်က အားကျမခံ ပြုံးလိုက်ပြီး….
"မင်းတို့ သူ့ကို သတ်လိုက်တာလား..."
"ထွက်ပြေးနိုင်တဲ့ စွမ်းရည်ကို ဖျက်ဆီးလိုက်ရုံပါ... သူ့ကို တောင်ပေါ် ခေါ်သွားကြမယ်..."
ကျန်းကျောက်ရှားက အေးစက်သော အမူအရာဖြင့် ပြောလိုက်လေသည်။ ကျန်းကျောက်ရှားအနေနှင့် လီရန်အပေါ် မုန်းတီးမှု မရှိချေ။ သူ့ဘက်က စတင် စကားပြောလာခြင်းကိုက လီရန်ကို မိတ်ဆွေအဖြစ် သတ်မှတ်ထားကြောင်း ပြသနေခြင်းပင်။
လီရန်က ခေါင်းညိတ်လိုက်ပြီး ကျန်းကျောက်ရှားတို့၏ နောက်မှ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ကြည့်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"သူက ဘယ်သူလဲ..."
"မမေးသင့်တာတွေ မမေးနဲ့လေ..." ဟု လီစစ်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
ထိုအခါ လီရန် ချက်ချင်း သဘောပေါက်သွားခဲသည်။ထို့ကြောင့် အကြည့်လွှဲလိုက်ပြီး ယခုလေးတင် မြှားဖြင့် ပစ်ခဲ့လူ၏ မျက်နှာဖုံးကို ဆွဲခွာကြည့်လိုက်ပြီးနောက် ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။
"မင်းတို့ တောင်အောက်ဆင်းနေတာ ဘယ်လောက်ကြာပြီလဲ..."
လီရန်နှင့် လီစစ်ဖုန်းတို့ ယှဉ်တွဲ လျှောက်လာရင်း လီရန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"နှစ်ဝက်ကျော်လောက်ရှိပြီ... ငါတို့ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းခဲ့လဲဆိုတာ မင်း မသိပါဘူးကွာ... တိုက်ပွဲတွေ မရေမတွက်နိုင်အောင်ကြုံခဲ့ရတာများ ပုံပြင်ရေးလို့တောင် ရတယ်..."
လီစစ်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်ရာ လီရန် ပို၍ စိတ်ဝင်စားသွားသည်။
လူလေးယောက် ပါဝင်သော အဖွဲ့ ဆက်လက် ထွက်ခွာလာကြပြီး မကြာမီ လီချင်းချိုးနှင့် ဆုံတွေ့ကြသည်။
"ဂိုဏ်းချုပ်... ကျွန်တော် တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပါပြီ..."
လီစစ်ဖုန်းက ရယ်မောလျက် လီချင်းချိုးအနားသို့ အမြန် တိုးကပ်သွားလေသည်။သူ့ရဲ့ အရပ်အမောင်းက လီချင်းချိုးနှင့် မတိမ်းမယိမ်း ရှိသော်လည်း ဂိုဏ်းချုပ်၏ ရှေ့တွင်မူ ဘယ်တော့မှ မကြီးပြင်းလာမည့် ကလေးတစ်ယောက်လို ဖြစ်နေတတ်သည်။
"ကောင်းပြီ... အတူတူ ပြန်ကြတာပေါ့... လမ်းကြုံတုန်း တောင်တံခါးဝ အသစ်ကို လိုက်ပြမယ်..."
လီချင်းချိုးက ပြုံး၍ ပြောလိုက်ရင်း ကျန်းကျောက်ရှားကို တစ်ချက်ကြည့်လိုက်ရာ ကျန်းကျောက်ရှားက စကားမပြောဘဲ ခေါင်းအနည်းငယ်သာ ညိတ်ပြလိုက်သည်။
ထို့နောက် သူတို့အားလုံး ချင်းရှောင်တောင်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြလေသည်။ လီချင်းချိုးက လီစစ်ဖုန်းအား လွန်ခဲ့သော ခြောက်လတာ ကာလအတွင်း သူတို့ ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ပြောပြခိုင်းလေသည်။
လီစစ်ဖုန်းက လီရန်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်တော့ လီချင်းချိုးက
"သူက ချင်းရှောင်ဂိုဏ်းထဲ ဝင်ပြီးသားပါ... ငါ့တပည့်အရင်းအဖြစ် လက်မခံရသေးပေမဲ့ သူ့ကို အဓိကထားပြီး ပျိုးထောင်သွားဖို့ စိတ်ကူးထားတယ်... သူက ယုံကြည်ရတဲ့သူပါ..."
လီချင်းချိုး၏ စကားကြောင့် လီရန်ခင်မျာ နက်ရှိုင်းစွာ ခံစားသွားရပြီး ကျေးဇူးတင်ရှိမှုကို မည်သို့ ထုတ်ဖော်ပြသရမည် မသိ ဖြစ်နေရှာသည်။
ထိုစကားကို ကြားပြီးနောက် လီစစ်ဖုန်းက လွန်ခဲ့သော ခြောက်လအတွင်း ဖြစ်ပျက်ခဲ့သမျှကို စတင် ပြောပြတော့သည်။
လီချင်းချိုးက ဆေးလုံးဖော်စပ်သော မိသားစုနှင့် ပတ်သက်သည့် နက်ရှိုင်းသော အာဃာတတရားက လက်ရှိ ဧကရာဇ်နှင့် သက်ဆိုင်နေသည်ဟု ခန့်မှန်းမိသောကြောင့် လီရန်ကို ဤအကြောင်းအရာများ ကြားသိစေလိုခြင်း ဖြစ်သည်။ လီရန်ကို နန်းတွင်းနှင့် ပတ်သက်ပြီး လုံးဝ စိတ်ပျက်သွားစေချင်ပြီး ဤကမ္ဘာလောက၏ သဘောတရား အစစ်အမှန်ကို နားလည်စေချင်သည်။
လီရန်က သူ ဘာမှ နားမလည်ကြောင်း ပြောဆိုထားသော်လည်း လက်တွေ့တွင်မူ စိတ်ကူးယဉ် အိပ်မက်များ ရှိနေသောကြောင့် နာကျင်နေရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ့အနေနှင့် သိုင်းပညာကို ကြိုးစားသင်ယူပြီး ဧကရာဇ်ကို ဖြုတ်ချရန် နည်းလမ်း ရှာဖွေသင့်ပေသည်။
"ချန်မိသားစုကို လင်းချွမ်က ချွေ့မိသားစု ဖမ်းသွားတာ... သူတို့ကို အကျပ်ကိုင်ပေမဲ့ သူ့အဖေက ငြင်းဆန်လိုက်တော့ မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတယ်... ဒီမိန်းကလေးကိုတော့ ချွေ့မိသားစု ငှားထားတဲ့ သိုင်းသမားတွေက တောင်ပေါ် ဖမ်းခေါ်သွားကြတယ်... နောက်မှ သိရတာက သူက ချန်မိသားစုထဲမှာ အကျွမ်းကျင်ဆုံး ဆေးဖော်စပ်သူ ဖြစ်နေတော့ သူ့ကို အတင်းအဓမ္မ ဆေးဖော်ခိုင်းကြတာပဲ... ပြီးတော့ ချွေ့မိသားစုက အစတုန်းက ဧကရာဇ်အတွက် အလုပ်လုပ်ပေးတာ... ဒါပေမဲ့ သူတို့ကိုယ်တိုင်က သစ္စာဖောက်ဖို့ ကြံစည်ပြီး ချန်မိန်းကလေးကို ဝှက်ထားကြတာလေ..."
လီစစ်ဖုန်းက ဧကရာဇ်အကြောင်း ထည့်ပြောလိုက်သောအခါ လီရန်၏ မျက်နှာထားက ချက်ချင်း ရုပ်ဆိုးသွားတော့သည်။
ကျန်ရှိသော ဇာတ်လမ်းမှာ သူတို့ ချန်မိန်းကလေးကို မည်သို့ ရှာတွေ့ခဲ့ကြောင်း၊ မည်သို့ တိုက်ခိုက်ခဲ့ကြောင်းနှင့် လိုက်လံ ဖမ်းဆီးသူများလက်မှ မည်သို့ လွတ်မြောက်ခဲ့ကြောင်းတို့ ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းကို မထိခိုက်စေရန်အတွက် သူတို့တွေ ပြည်နယ်သုံးခုကို ဖြတ်ကျော်၍ အဝေးကြီး ကွေ့ပတ်သွားခဲ့ရပြီး လမ်းတစ်လျှောက်တွင် လိုက်လံဖမ်းဆီးသူများစွာကို သတ်ဖြတ်ခဲ့ရသည်။
လီချင်းချိုးက သူ့နောက်မှ ချန်မိန်းကလေးကို လှည့်ကြည့်ပြီး …
"ချန်မိန်းကလေး... ချင်းရှောင်ဂိုဏ်းကို ဝင်ချင်လား... မင်းနဲ့ မင်းအဖေအတွက် ဒီထက်ပိုကောင်းတဲ့နေရာရှိမှာ မဟုတ်ဘူး... ငါ ချင်မိသားစုကို လူလွှတ်ပြီး မင်းအဖေကို သွားခေါ်ခိုင်းလိုက်မယ်..."
ချန်မိန်းကလေးမှာ အသက် ၁၆၊ ၁၇ နှစ်ခန့်သာ ရှိပုံရသည်။ သူမက ပိန်ပိန်ပါးပါးနှင့် သေးကွေးပြီး ရုပ်ရည်မှာလည်း ထူးခြားမှု မရှိလှချေ။ သူမ၏ အသားအရေက အနည်းငယ် ညိုသည်။ သူမက နောက်ဆုံးမှ လိုက်ပါလာပြီး ကြောက်ရွံ့နေပုံ ရနေသည်။
လီချင်းချိုး၏ မေးခွန်းကို ကြားသောအခါ သူမက ခေါင်းအမြန်ညိတ်ပြီး အခြားစကား မဆိုဘဲ သဘောတူကြောင်းသာ အသံပြုခဲ့သည်။
လီချင်းချိုးက ပြန်လှည့်လိုက်ပြီး လီစစ်ဖုန်းကို ဆက်ပြောခွင့်ပြုလိုက်ကာ တာအိုမျိုးဆက်စနစ်ကို ဖွင့်ကြည့်လိုက်သည်။
ချန်မိန်းကလေး၏ အမည်ရင်းမှာ ချန်ဟွေ့လန် ဖြစ်ပြီး အသက် ၁၇ နှစ် ရှိပြီ ဖြစ်သည်။ သူမ၏ ပါရမီမှာ သာမန်သာ ဖြစ်သော်လည်း နားလည်သဘောပေါက်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည်။ သူမတွင်လည်း ထူးခြားသော ကံကြမ္မာတစ်ခုလည်း ရှိနေသည်။
[ဆေးဖော်စပ်ခြင်းပါရမီ - ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သော နားလည်သဘောပေါက်နိုင်စွမ်း အနည်းငယ် ပိုင်ဆိုင်သည်။]
ပါရမီ အနည်းငယ်...
လီချင်းချိုး မအံ့သြသော်လည်း အနည်းငယ် ဝမ်းသာမိသည်။
မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ ချင်းရှောင်ဂိုဏ်းအတွက် ဆေးဖော်စပ်ခြင်း လမ်းကြောင်းကို ခင်းပေးနိုင်မည့်သူ တစ်ဦး ရှိလာပြီ ဖြစ်သည်။
ညမမှောင်မီ လီချင်းချိုးနှင့် အဖွဲ့သားများ တောင်ပေါ်သို့ ရောက်လာကြသည်။ လီစစ်ဖုန်းက ချန်ဟွေ့လန်ကို နေရာချပေးရန် ခေါ်သွားပြီးနောက် လီချင်းချိုးက လုပ်ကြံသတ်ဖြတ်သူကို တောင်နောက်ကျောဘက်သို့ တစ်ယောက်တည်း ခေါ်သွားကာ ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြုလိုက်သည်။
ထိုညနေတွင် လီချင်းချိုးက ခန်းမသခင်များ အားလုံးနှင့် ထျန်းကုန်းခန်းမ၏ ဒုတိယခန်းမသခင်တို့ကို ဆင့်ခေါ်လိုက်သည်။ ကျူးယန်ကိုလည်း ဖိတ်ကြားထားသေးသည်။
ကျူးယန်က ချင်းရှောင်ဂိုဏ်းအပေါ် အလွန် သစ္စာရှိပြီး သူမ၏ ကိုယ်ရံတော် ဆုရှီးလင်သည်လည်း ချင်းရှောင်ဂိုဏ်းနှင့် လက်တွဲ၍ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ပေးနေသူ ဖြစ်သည်။ သူမက ဧကရာဇ်ကို ဆန့်ကျင်နေပြီ ဖြစ်သဖြင့် လီချင်းချိုးက ဤကိစ္စကို သူမကိုပါ အသိပေးရန် ရည်ရွယ်ထားသည်။
လီချင်းချိုးက ဦးစွာ ကျန်းယွီချွန်းအား ချန်ဟွေ့လန်၏ အခြေအနေကို မိတ်ဆက်ခိုင်းလိုက်သည်။ ခန်းမသခင်များက တိတ်ဆိတ်စွာ နားထောင်နေကြပြီး ထိုကဲ့သို့သော ကြေကွဲဖွယ် ဇာတ်လမ်းမျိုးကို ထူးဆန်းသည်ဟု မထင်မှတ်ကြပေ။
"ချန်မိန်းကလေးက ဆေးလုံးဖော်စပ်တဲ့ မိသားစုကပဲ... နောက်ပိုင်းကျရင် ထျန်းကုန်းခန်းမထဲ ဝင်လိမ့်မယ်..."
လီချင်းချိုးက ပြောပြီးသောအခါ ကျူးယန်ကို ကြည့်လိုက်သည်။
ကျူးယန်မှာ ဒုတိယခန်းမသခင် ဖြစ်သော်လည်း ခန်းမသခင် အစစ်အမှန်၏ အာဏာကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူမက ကန့်ကွက်စရာ မရှိသဖြင့် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီကိစ္စကို အပြင်ကို မပေါက်ကြားစေနဲ့... အားလုံး ချန်မိန်းကလေးကို ကာကွယ်ပေးရမယ်... တစိမ်းလူတွေ သူ့နား ကပ်လာတာ တွေ့ရင် သတိထားကြ..."
လီချင်းချိုးက စားပွဲရှည်တစ်လျှောက် ဝေ့ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်ရာ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ကျူးယန်အနေဖြင့် လီချင်းချိုးက သူမအား ဤအစည်းအဝေးသို့ ဖိတ်ကြားခြင်းက စမ်းသပ်မှုလား၊ စစ်မှန်သော ယုံကြည်မှုလား ဆိုသည်ကို မခွဲခြားနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူမကိုယ်သူမ ချင်းရှောင်ဂိုဏ်းနှင့် တစ်သားတည်း ဖြစ်လာပြီဟု ခံစားလိုက်ရသည်။
"ဒုတိယကိစ္စကတော့ ဒီနေ့ တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်... ငါသာ သိုင်းပညာ မကောင်းခဲ့ရင် အဲဒီမြှားက ငါ့ခေါင်းကို ဖောက်ထွက်သွားလောက်ပြီ..." ဟု လီချင်းချိုးက ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် ယန်ကျွယ်တိန်တို့အားလုံး ဒေါသထွက်သွားကြပြီး လီချင်းချိုး၏ အခြေအနေကို စိုးရိမ်တကြီး မေးမြန်းကြတော့သည်။
လီချင်းချိုးက သူတို့အားလုံး ငြိမ်သက်သွားစေရန် လက်ကာပြလိုက်ပြီး….
"ငါ့သိုင်းပညာကို မင်းတို့ သိကြတာပဲ... အခု ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ဆွေးနွေးရမယ်..."
ထိုအခါ ယန်ကျွယ်တိန်က "ဘယ်သူ ခိုင်းတာလဲ သိရအောင် သူ့ကို စစ်ဆေးမေးမြန်းဖို့ လိုမလား..."
"ငါ စုံစမ်းပြီးပြီ... သူ့နောက်ကွယ်မှာ ရှိနေတာက တုန်းလင်းစီရင်စုက ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ကိုးပါးအကြွင်းမဲ့ဂိုဏ်းပဲ... လုပ်ကြံသူက ကိုးပါးအကြွင်းမဲ့ဂိုဏ်းကိုယ်စား လုပ်ဆောင်ပေးတာ..."
"ဂိုဏ်းချုပ်ရဲ့ အမိန့်အရ လုပ်ဆောင်တာဆိုတော့ ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ဘာလို့ ငါတို့ကို ပစ်မှတ်ထားလဲဆိုတာတော့ သူတို့ မသိကြဘူး..."
ယန်ကျွယ်တိန်က မျက်မှောင်ကြုတ်လိုက်ပြီး…
"ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို ဂုဏ်သတင်းကြီးပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းလို့ သတ်မှတ်လို့ရတယ်... သူတို့က အဖြူရောင်လမ်းစဉ်ဂိုဏ်းတွေနဲ့ အရမ်း ရင်းနှီးတာ..."
လီချင်းချိုးက ကျူးယန်ကို ကြည့်၍ …
"ခန်းမသခင်ကျူး... ခင်ဗျားက ကျွန်တော်တို့ထက် လောကအကြောင်း ပိုသိမှာပါ... ကျွန်တော်တို့ ဘာလုပ်သင့်တယ် ထင်လဲ..."
ထိုအခါ ကျန်သူများအားလုံး ကျူးယန်ဘက်သို့ အာရုံရောက်သွားကြသည်။
မျက်နှာတွင် ပုဝါပါးလေးစည်းနှောင်ထားသော ကျူးယန်၏ မျက်နှာထားက တည်ငြိမ်နေသည်။
"လုပ်ကြံသူကို ခေါ်သွားပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်တောင် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး... သူတို့ဘက်က လှည့်ကွက်တွေ သေချာပေါက် သုံးလာလိမ့်မယ်... ကျွန်မတို့တွေက ဘယ်လို ကာကွယ်မလဲ၊ ဘယ်လို ပြန်တိုက်ခိုက်မလဲ ဆိုတာပဲ စဉ်းစားဖို့ လိုတယ်... ဂိုဏ်းချုပ် လိုအပ်ရင် ကျွန်မ ဒါမှမဟုတ် ကျူးမိသားစုကနေတစ်ဆင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းပေးလို့ ရပါတယ်..."
ထိုစကားများက လူတိုင်းကို သဘောကျသွားစေပြီး နာမည်ကျော် ပညာရှင်တစ်ဦး၏ အရေးပါမှုကို နားလည်သွားစေသည်။
လီချင်းချိုးက ခေါင်းခါလိုက်ပြီး…
"အလုပ်ရှုပ်လွန်းတယ်... ငါ့အစီအစဉ်ကတော့ ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို မျိုးဖြုတ်ပစ်မယ်..."
ထိုစကားများက ကျူးယန်၏ မျက်နှာထားကို ပြောင်းလဲသွားစေရုံသာမက စိတ်လှုပ်ရှားသွားသော လီစစ်ဖုန်းမှလွဲ၍ ကျန်သူအားလုံးကို လန့်ဖျပ်သွားစေသည်။
"သေချာ မစုံစမ်းဘဲနဲ့ သတ်ဖြတ်ပွဲ စတင်မယ်ဆိုတာကတော့ နည်းနည်း..."
ယန်ကျွယ်တိန် အနည်းငယ်တုံ့ဆိုင်းနေသည်။
လီချင်းချိုးက ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြုခဲ့သဖြင့် သူ့မှတ်ဉာဏ်က လိမ်ညာမည် မဟုတ်ချေ။ သို့သော် ဤအရာကို လူတိုင်းကို ရှင်းပြ၍ မရနိုင်ပေ။
"ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို လုံးဝ မျိုးဖြုတ်ပစ်မယ်လို့ဆိုလိုတာ မဟုတ်ဘူး... သူတို့ ဆက်လက် ရပ်တည်လို့ မရတော့တဲ့ အခြေအနေထိ ရောက်အောင် လုပ်ပစ်ရမယ်... ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို အရင် သတ်ကြ..."
".တကယ်လို့ တစ်ယောက်ယောက်က တားဆီးလာရင် အကုန် သတ်ပစ်လိုက်... ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ဘာလို့ ငါတို့ကို ရန်စလဲဆိုတာ ငါ ဂရုမစိုက်ဘူး... သူတို့ လက်ဦးမှု ရယူမှတော့ ပေးဆပ်ရမှာပဲ..."
"တစ်ယောက်ယောက်က သူတို့ကို အသုံးချပြီး လုပ်ကြံတာ ဖြစ်နေရင်တောင် နောက်ကွယ်က လူကို ကြောက်ရွံ့သွားအောင် ငါ လုပ်ပြမယ်..."
ယန်ကျွယ်တိန်က တစ်စုံတစ်ခု ပြောချင်သော်လည်း မပြောဖြစ်ဘဲ ရပ်တန့်သွားသည်။
လီစစ်ကျင်က…
"စီနီယာအစ်ကို... တကယ်လို့ အမှန်တရားကို အများပြည်သူ သိအောင် ထုတ်မပြောဘဲ သိုင်းလောကကသာ သိသွားရင် ငါတို့ကို မိစ္ဆာလမ်းစဉ် လိုက်သူတွေလို့ မထင်သွားကြဘူးလား..."
လီချင်းချိုးက ရယ်မောလိုက်ပြီး…
"ချင်းရှောင်ဂိုဏ်းက ဖြောင့်မတ်မှန်ကန်ပါတယ်လို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး... ငါတို့ ကောင်းမှုကုသိုလ် လုပ်လို့ရတယ်... ဒါပေမဲ့ ငါတို့ကိုယ်ငါတို့ ပိုပြီး ကာကွယ်ရမယ်... တကယ်လို့ ဒီနေ့ လုပ်ကြံသူက ငါ့အစား တခြားတပည့်တစ်ယောက်ကို တိုက်ခိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ..."
လူတိုင်း တိတ်ဆိတ်သွားကြသည်။ အကယ်၍ တပည့်တစ်ဦးဦးသာ ချင်းရှောင်တောင်ခြေ၌ သေဆုံးခဲ့လျှင် ကြီးလေးသော ကိစ္စဖြစ်လာပြီး ဂိုဏ်းသားများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
"ကျွန်တော် သွားမယ်..." ဟု ကျန်းကျောက်ရှားက တိုတိုတုတ်တုတ် ပြောလိုက်လေသည်။
လီချင်းချိုးက ခေါင်းခါလိုက်ပြီး …
"ဒီတစ်ခါ တခြားသူတွေကို လွှတ်လိုက်မယ်... ရွှယ်ကျင်း ဦးဆောင်သွားလိမ့်မယ်... သူ့နောက်လိုက်ဖို့ ငါ ကိုယ်တိုင် ဂိုဏ်းတွင်းတပည့် ၁၂ ယောက်ကို ရွေးပေးမယ်..."
"နှစ်မကုန်ခင် ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို ဖယ်ရှားပစ်ချင်တယ်..."
"ဘယ်လို သဘောရလဲ..."